← Chapters

ချစ်သက်သေတည်စေသည့် အနမ်း

Vol. 10 Ch. 98

ချစ်သက်သေတည်စေသည့် အနမ်း

Vol. 10 Ch. 98

"သမီးက ဘာမှ ကန့်ကွက်စရာမရှိပါဘူး"

အမှန်အတိုင်းပြောရလျှင် လီရှင်းယွဲ့သည်လည်း လီကျန့်ယီကို သူမ၏ သမီးဖြစ်သူနှင့် နီးစပ်စေချင်သည်။ သို့သော် လီကျန့်ယီ အမြဲပြောနေတတ်သည့် 'အသုံးအဖြုန်းကြီးသော မိန်းမဆိုး' ဟူသည့် ကိစ္စကတော့ သူမအတွက် စိုးရိမ်စရာ အတားအဆီးတစ်ခု ဖြစ်နေဆဲပင်။

အကယ်၍ နောင်တစ်ချိန်တွင် လီကျန့်ယီသည် ထိုသို့သော မိန်းမမျိုးနှင့် တကယ်ဆုံခဲ့လျှင် သူမ၏ သမီးလေး ဘယ်လိုဖြစ်သွားမည်နည်း။

သူမသည် အမျိုးသားများ မယားအများအပြား ယူသည့်စနစ်ကို လုံးဝမနှစ်သက်ပေ။ ဟန်ယီမှာ တရားဝင်ဇနီး ဖြစ်လာမည် ဆိုသော်လည်း မယားပြိုင်ထားရှိခြင်းကို သူမအနေဖြင့် လက်မခံနိုင်ပါချေ။ လီကျန့်ယီသည် လူကောင်းတစ်ယောက် ဖြစ်သော်လည်း ရရှိထားသည့်အရာထက် မရရှိသေးသည့် အရာကို ပိုမိုတောင့်တနေမည်ကို သူမက စိုးရိမ်နေခြင်း ဖြစ်၏။

"အဖေ... ယီယီနဲ့ ဟန်ယီတို့ တွဲတာကို ကျွန်မ မကန့်ကွက်ပါဘူး၊ ဒါပေမဲ့ ယီယီက ကျွန်မရဲ့ ဟန်ယီတစ်ယောက်တည်းကိုပဲ လက်ထပ်ရမယ်နော်"

မယားငယ်ထားဖို့ဆိုတာ စဉ်းတောင်မစဉ်းစားစေချင်ပါ။ သူမ၏ သမီးလေးက သူမ၏ ခင်ပွန်းဖြစ်သူ တခြားမိန်းကလေးတစ်ယောက်ကို ပွေ့ဖက်ထားသည်ကို ကြည့်နေရမည့် အဖြစ်မျိုးကို သူမ လုံးဝအဖြစ်မခံနိုင်ပေ။

"ဒါကတော့ ပြဿနာမရှိပါဘူး။ ရှင်းယွဲ့ရယ်... အဖေက ဘယ်လိုလူမျိုးလဲဆိုတာ သမီးသိသားပဲ၊ ငါ့မြေးမလေးကို နစ်နာအောင် ဘယ်တော့မှ အဖြစ်မခံပါဘူး” လီဆူးဝမ်က သမီးဖြစ်သူ၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။

"ဒါဆို အဖေပဲ ယီယီနဲ့ သွားစကားပြောကြည့်ပေးပါဦး။ သူ သဘောတူတယ်ဆိုရင်တော့ ကျွန်မ သူတို့ကို ခွင့်ပြုပေးပါ့မယ်" လီရှင်းယွဲ့က စိတ်သက်သာရာရစွာဖြင့် အဖေဖြစ်သူကို ကြည့်ကာ ပြော၏။ လီဆူးဝမ်က ပြုံးရွှင်စွာဖြင့် သူ၏ မုတ်ဆိတ်ရှည်ကြီးကို သပ်လိုက်ရင်း "ကောင်းပြီလေ၊ ဒါဆိုရင်တော့ အားလုံးပြီးပြတ်သွားပြီပေါ့" ဟု ရယ်ကာပြောလိုက်၏။

ထိုစဉ် လဲ့ဝူကျဲကို ချီထားသော လဲ့မုန့်ရှားက လေးနက်သော မျက်နှာထားဖြင့် "အဖေနဲ့ ရှင်းယွဲ့တို့ကတော့ လုပ်ချင်ရာလုပ်နေကြတာပဲ၊ ဖခင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ရဲ့ သဘောထားကိုကော မမေးကြတော့ဘူးလား" ဟု ဝင်ပြော၏။

"ဩော်... ဒါဆို မေးရတာပေါ့၊ သမီးဖြစ်သူ ဟန်ယီရဲ့ မျိုးရိုးနာမည်က ဘာလဲ" ဟု လီဆူးဝမ်က မေးလိုက်ရာ လဲ့မုန့်ရှားက "လီ ပါခင်ဗျ" ဟု အပြစ်ကင်းစင်စွာ ဖြေရှာသည်။

"ဒါဆိုရင် ပြီးတာပဲလေ၊ လီ မျိုးရိုးပဲဟာကို... လဲ့ မျိုးရိုးဖြစ်တဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ" ဟု လီဆူးဝမ်က လက်ကာပြကာ ထွက်သွားတော့သည်။ မိမိသမီးကို ဇနီးဖြစ်သူ၏ မျိုးရိုးအမည်ပေးထားသော ဖခင်တစ်ယောက်ကို သူက ဂရုမစိုက်နိုင်ပါ။ ထို့ပြင် လဲ့မုန့်ရှားသည် သူ၏ သမီးဖြစ်သူက သူထက် လီကျန့်ယီကို ပို၍ ဂရုစိုက်နေသည်ကိုပင် မသိရှာပေ။

"သမီးလေးက အရွယ်ရောက်လာပြီဆိုတော့ လက်ထပ်ရမှာပဲလေ၊ ငါတို့က အနားမှာ အမြဲတမ်း ဆွဲထားလို့မှ မရတာ" လီရှင်းယွဲ့က ခင်ပွန်းဖြစ်သူကို နှစ်သိမ့်ပေးလိုက်၏။ လဲ့မုန့်ရှားက သက်ပြင်းချရင်း "ဟုတ်ပါတယ်၊ ယီယီက ငါ့ သမီးလေးကို မနှိပ်စက်ဖို့ပဲ မျှော်လင့်ရတာပါပဲ" ဟု ပြောသည်။

"သူကတော့ လုပ်ရဲမှာ မဟုတ်ပါဘူး၊ တကယ်လို့ သူသာ သမီးလေးကို သစ္စာဖောက်ရဲရင် ကျွန်မကတော့ သူကို အရှင်ထားမှာ မဟုတ်ဘူး" လီရှင်းယွဲ့က အေးစက်စွာ ပြောလိုက်ကာ ထို့နောက် သူမ၏သားလေးကို ကြည့်ကာ "လဲ့ဝူကျဲ... သားရဲ့ အစ်မကို တခြားလူက ခိုးသွားတော့မယ်၊ အဲ့ဒီလူက လူဆိုးကြီးဆိုပေမဲ့ သူကို 'ယောက်ဖ' လို့ ခေါ်ရမယ်နော်" ဟု သင်ပေး‌သေးသည်။ သားဖြစ်သူကမူ ဘာမှနားမလည်ဘဲ ခေါင်းလေးကို ဟိုရမ်းဒီရမ်း လုပ်နေတော့၏။

.....

သုံးရက်ခန့် ကြာပြီးနောက်။

နှစ်သစ်ကူး အချိန်အခါသို့ ရောက်ရှိလာသည်နှင့်အမျှ ဓားနှလုံးဂူဗိမာန် တစ်ခုလုံးမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ လီကျန့်ယီနှင့် လီဟန်ယီတို့သည် လီဆူးဝမ်ကို ကူညီကာ အလှဆင်ခြင်းများ ပြုလုပ်ကြပြီး တစ်ဗိမာန်လုံးကို မီးအိမ်နီများနှင့် ကော်ဇောနီများဖြင့် ဝေဝေဆာဆာ ပြင်ဆင်ထားကြ၏။ ကြည့်ရသည်မှာ မင်္ဂလာပွဲတစ်ခုနှင့်ပင် ဆင်တူနေသည်။

"ဟန်ယီ... ငါတို့နှစ်ယောက် လက်ထပ်တော့မယ့် ပုံစံမျိုး မပေါက် နေဘူးလား" ဟု လီကျန့်ယီက အလှဆင်ရင်း လီဟန်ယီကို ပြုံးလျက် မေးလိုက်သည်။

"အိပ်မက်မက်မနေနဲ့" လီဟန်ယီက နှုတ်ခမ်းလေးစူကာ ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြော‌သည်။

"ဟန်ယီရယ်... အရင်က ငါ့ကို ဓားနဲ့ချိန်ပြီး လက်ထပ်ပါလို့ အတင်းပြောခဲ့တဲ့ သတ္တိတွေ ဘယ်ရောက်ကုန်ပြီလဲ" ဟု လီကျန့်ယီက စနောက်လိုက်ရာ သူမက "အဲ့ဒါက ငယ်ငယ်တုန်းက ပြောခဲ့တာလေ၊ အခုတော့ အတည်မဖြစ်တော့ဘူး" ဟု ငြင်းဆိုလေသည်။

"တကယ်လား... ဒါဆိုရင်လည်း တခြားမိန်းကလေးတစ်ယောက် သွားရှာရမှာပေါ့" ဟု လီကျန့်ယီက ပြောလိုက်ရာ လီဟန်ယီက မျက်မှောင်ကြုတ်ပြီး လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း "နင်... ရဲရင် စမ်းကြည့်လေ" ဟု ခြိမ်းခြောက်လိုက်သည်။

"ဟားဟား... ဟန်ယီရယ်၊ မင်းက အရမ်းဆိုးတာပဲ၊ ငါ နဲ့လည်း လက်မထပ်ဘူး၊ တခြားလူရှာတာလည်း ခွင့်မပြုဘူးဆိုတော့ တကယ်ဆိုးတဲ့ မိန်းမပဲ" ဟု လီကျန့်ယီက ရယ်မောလိုက်၏။

"ဟွန့်... ယီယီ၊ ဒီကို အခုချက်ချင်းလာခဲ့"

လီဟန်ယီသည် လီကျန့်ယီ၏ လက်ကိုဆွဲကာ လူလစ်ရာသို့ ခေါ်ဆောင်သွားသည်။ ထို့နောက် သူမသည် ခြေဖျားလေးထောက်ကာ လီကျန့်ယီ၏ ပါးကို "ဖတ်" ကနဲ မြည်အောင် နမ်းလိုက်ပြီး "တခြားမိန်းကလေးတွေနဲ့ မပတ်သက်ရဘူးနော်" ဟု ရှက်ရှက်ဖြင့် ပြောလိုက်တော့သည်။

"ဒါဆို... ဒါက ငါတို့ရဲ့ စေ့စပ်တဲ့ အနမ်းပေါ့" လီကျန့်ယီက သူမကို ဖက်ကာ ပြုံးလျက် မေးလိုက်၏။

"မဟုတ်ပါဘူး... နမ်းတောင် မနမ်းရသေးတာကို" ဟု သူမက ငြင်းဆိုသည်။

"ဒါဆို နှုတ်ခမ်းချင်း နမ်းကြည့်ကြမလား" လီကျန့်ယီက သူမ၏ နှုတ်ခမ်းနီနီလေးကို စိုက်ကြည့်ရင်း မေးလိုက်ရာ လီဟန်ယီက ရှက်ရှက်ဖြင့် တွန်းထုတ်ကာ "နင် တကယ် အိပ်မက်မက်နေတာပဲ" ဟု ပြောပြီး ပြေးထွက်သွားသည်။

သူမ၏ မျက်နှာလေးမှာ ပန်းသီးတစ်လုံးကဲ့သို့ နီမြန်းနေသည်ကို မြင်သောအခါ အဖိုးဖြစ်သူ လီဆူးဝမ်က အံ့ဩသွား၏။ "ဟန်ယီ... နင့်မျက်နှာက ဘာလို့ ဒီလောက်တောင် နီနေရတာလဲ" ဟု မေးရာ ဟန်ယီက "ရာသီဥတုက ပူလို့နေမှာပါ" ဟု လိမ်ညာပြောလိုက်သည်။ လီဆူးဝမ်က အပြင်ကကျနေသော နှင်းပွင့်များကို ကြည့်ကာ ဆွံ့အသွားတော့သည်။

"ဩော်... ယီယီကို ရှင်းယွဲ့မှာလိုက်တဲ့ ကိစ္စ မေးဖို့ မေ့နေတာပဲ" လီဆူးဝမ်က တွေးကာ လီကျန့်ယီထံ သွားလိုက်သည်။

"ယီယီ... အန်တီလီက မင်း နောင်တစ်ချိန်မှာ ဟန်ယီတစ်ယောက်တည်းကိုပဲ လက်ထပ်ရမယ်လို့ ပြောခိုင်းလိုက်တယ်။ မင်း အဲ့ဒီလို လုပ်နိုင်ပါ့မလား" ဟု မေးလိုက်ရာ လီကျန့်ယီက မဆိုင်းမတွပင် "စိတ်မပူပါနဲ့ အဖိုး၊ ကျွန်တော် လုပ်နိုင်ပါတယ်" ဟု ကတိပေးလိုက်၏။

All Chapters