← Chapters

စီနီယာအစ်ကိုကို ရိုက်ပေးမယ်

Vol. 11 Ch. 101

စီနီယာအစ်ကိုကို ရိုက်ပေးမယ်

Vol. 11 Ch. 101

ရွှေလမြို့တော်။

လီဟန်ယီနှင့် လီကျန့်ယီတို့သည် ကောင်းကင်တက်မျှော်စင်ကို ဖြတ်ကျော်ကာ ရွှေလမြို့တော်အတွင်းသို့ တိုက်ရိုက်ဝင်ရောက်လာခဲ့ကြသည်။ ထိုအချိန်တွင် ပိုင်လီတုန်းကျွင်းသည် လီချန်းရှန်ထံမှ သိုင်းပညာများကို သင်ယူနေပြီး ရွဲ့ယောင်က သူ့အနားတွင် ပြုစုစောင့်ရှောက်ပေးနေသည်။

ဆရာဖြစ်သူ၏ ဇနီးဖြစ်သော လော့ရွှေမှာမူ အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးကို ရင်ခွင်ထဲတွင် ပွေ့ချီထားသည်။ ထိုကလေးငယ်၏ ငွေရောင်ဆံနွယ်များမှာ သူမကို ထူးခြားစွာ ချစ်စဖွယ်ကောင်းနေစေ၏။ ကလေးငယ်လေးသည် လီကျန့်ယီနှင့် လီဟန်ယီတို့ကို မြင်သောအခါ ပျော်ရွှင်သွားသည်။

"အစ်မ ဟန်ယီ"

ငွေရောင်ဆံပင်နှင့် ကလေးငယ်လေးသည် လီဟန်ယီကို မြင်သည်နှင့် ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

"အို... ကျီရွှယ်လေးက အရင်နှစ်ကထက်တောင် ကြီးလာပြီပဲ"

လီဟန်ယီသည် ကျီရွှယ်လေးအနားသို့ ခပ်သွက်သွက် လှမ်းသွားပြီး ကလေးမလေး၏ ပါးပြင်နုနုလေးကို လက်ဖြင့် ပွတ်သပ်လိုက်သည်။

"ဟုတ်ပကွယ်၊ ကျီရွှယ်လေးက အခုဆို တော်တော်လေး ဆိုးနေပြီ" လော့ရွှေက ပြုံးလျက် ပြောလိုက်၏။

"ဟုတ်လို့လား၊ ဆိုးတဲ့ ကျီရွှယ်လေးကို ရိုက်ပြီးဆုံးမရမယ်" လီဟန်ယီက ကျီရွှယ်၏ နူးညံ့သော ပါးပြင်လေးကို ဆွဲညစ်လိုက်သည်။

"ကျီ... ကျီရွှယ်လေးက လိမ္မာပါတယ်" ကျီရွှယ်လေးက သူမ၏ အပြစ်ကင်းစင်သော မျက်လုံးဝိုင်းလေးများဖြင့် ကြည့်ကာ တိုးတိုးလေး ပြောသည်။

"ဟုတ်ပါပြီ၊ လိမ္မာတဲ့ ကလေးလေးပဲ" လီဟန်ယီ၏ လှပသော မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာပြီး ကောင်မလေးကို ကျေနပ်အောင်ပြောပေးလိုက်သည်။

"ဒါနဲ့ ကျီရွှယ်လေး၊ ဒါက ဘယ်သူလဲဆိုတာ မှတ်မိသေးလား"

လီဟန်ယီက ဘေးတွင် ရပ်နေသော လီကျန့်ယီကို ညွှန်ပြလိုက်သည်။ ကျီရွယ်လေးသည် လီကျန့်ယီကို သေချာစိုက်ကြည့်နေပြီး မြင်ဖူးသလိုလို ရှိသော်လည်း မည်သူမှန်း မသိဖြစ်နေသည်။

"အစ်မ ဟန်ယီ၊ ဒီအစ်ကိုက မြင်ဖူးသလိုလိုရှိပေမယ့်... သူက ဘယ်သူလဲဆိုတာ သမီး မမှတ်မိတော့ဘူး" ကျီရွှယ်လေးက ခေါင်းခါရင်း ပြောသည်။ကျီရွှယ်နှင့် လီကျန့်ယီတို့ အတူတူရှိတုန်းက သူမ အသက် လပိုင်းသာရှိသေးသော ကလေးတစ်ယောက်သာ ဖြစ်သောကြာင့်ပင်။

"ဟေး ဟေး... ဒါက ကျီရွှယ်လေး ငယ်ငယ်တုန်းက ချီပေးခဲ့တဲ့ အစ်ကို ယီယီ လေ" ကျီရွှယ်လေးမှာ မမှတ်မိနိုင်ဖြစ်နေသည်ကို မြင်သောအခါ လီဟန်ယီက ပြုံးလျက် သတိပေးလိုက်ရသည်။

"အစ်ကို ယီယီ"

ကျီရွှယ်လေးသည် မည်သူမှန်း သိသွားသောအခါ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ သူမသည် လီကျန့်ယီကို အချီခံချင်သဖြင့် လက်ကလေးနှစ်ဖက်ကို ဆန့်တန်းပေးသည်။ ထိုမျှ ချစ်စဖွယ်ကောင်းသော ကလေးမလေးကို လီကျန့်ယီက ငြင်းပယ်ရန် စိတ်မကူးဘဲ ရင်ခွင်ထဲသို့ ပွေ့ချီလိုက်ပြီး လီဟန်ယီကဲ့သို့ပင် ကျီရွှယ်၏ ပါးပြင်နုနုလေးကို အသည်းယားစွာပွတ်သပ်‌မိသည်။

"အစ်ကိုယီ၊ ကျီရွှယ်လေး သကြားလုံး စားချင်တယ်" ကျီရွယ်လေးမှာ သူမ၏ ပါးပြင်ကို ပွတ်သပ်ခံနေရသည်ကို ဂရုမစိုက်ဘဲ လီကျန့်ယီကို အစားအစာသာ တောင်းသည်။

"ကောင်းပါပြီ၊ ခဏနေရင် အစ်ကိုယီက ကျီရွှယ်လေးကို ဈေးဝယ်လိုက်ပို့မယ်နော်" ဟု လီကျန့်ယီက ကတိပေးလိုက်သည်။

ထိုအချိန်တွင် လီချန်းရှန်သည် ပိုင်လီတုန်းကျွင်းကို ကျင့်စဉ်များ သင်ကြားပေးပြီးနောက် မြို့စားအိမ်တော်သို့ ရောက်ရှိလာ၏။ လီကျန့်ယီသည် ရွှေလမြို့တော်သို့ ရောက်ရှိနေသည်ကို မြင်သောအခါ သူ၏ အစွမ်းကို စစ်ဆေးကြည့်လိုက်၏။

"မင်းက ငါ့ရဲ့ အဆင့်ကို မမီသေးပေမယ့်၊ အခုအဆင့်နဲ့ဆိုရင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်နေပြီပဲ" လီချန်းရှန်သည် ချုပ်နှောင်မဲ့အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော လီကျန့်ယီကို ကြည့်ကာ ကျေနပ်စွာ ပြောလိုက်သည်။

"ကျွန်တော်က ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တာ မှန်ပေမဲ့ အကြီးအကဲလီလိုမျိုး ပျံသန်းသွားလာနိုင်ဖို့ကတော့ အလှမ်းဝေးပါသေးတယ်" ဟု လီကျန့်ယီက နှိမ့်ချစွာ ပြန်ပြောသည်။

သူ့တွင် အဆင့်ကျော် တိုက်ခိုက်နိုင်သော သိုင်းကျမ်းများ ရှိနေသော်လည်း ဆန်းကြယ်နတ်ခရီးအဆင့်၏ စွမ်းအားမှာ ထိုအောက်အဆင့်များနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။

ထိုအဆင့်သို့ အမှန်တကယ် ရောက်ရှိမှသာ ကမ္ဘာပေါ်တွင် မည်သည့်အရာကိုမျှ ကြောက်စရာမလိုဘဲ ရဲရဲဝံ့ဝံ့ နေထိုင်နိုင်မည် ဖြစ်သည်။ အကြောင်းမှာ မိမိနှင့် နီးစပ်သူတစ်ဦးဦး အန္တရာယ်ရှိပါက စိတ်အာရုံတစ်ခုတည်းဖြင့် သူတို့အနားသို့ ချက်ချင်း ရောက်ရှိနိုင်သောကြောင့် ဖြစ်သည်။

"အသက် ၁၄ နှစ်နဲ့ ချုပ်နှောင်မဲ့အဆင့်ရဲ့ ပြည့်စုံခြင်းအဆင့်ကို ရောက်နေတာတောင် မကျေနပ်သေးဘူးလား၊ ၁၄ နှစ်နဲ့ ဆန်းကြယ်နတ်ခရီးအဆင့်ကို တက်လှမ်းချင်နေတာလား" လီချန်းရှန်က လီကျန့်ယီကို ကြည့်ကာ မျက်လုံးလှန်လိုက်သည်။

"လူဆိုတာ ရည်မှန်းချက်မြင့်မြင့်တော့ ထားရမှာပေါ့" လီကျန့်ယီက ရိုးသားစွာ ပြောသည်။

"အဲဒါလည်း ဟုတ်တာပါပဲ။ ခဏနေရင် ငါ့တပည့် ပိုင်လီတုန်းကျွင်းနဲ့ သွားပြီး လက်ရည်စမ်းကြည့်ပါလား၊ သူကို တက်ကြွလာအောင် ရိုက်နှက်ပေးလိုက်စမ်းပါ၊ မဟုတ်ရင် ဟန်ယီကတောင် သူထက် သာတော့မယ်" လီချန်းရှန်က သူ၏ တပည့်ဖြစ်သူကို တွန်းအားတစ်ခုခုပေးဖို့လိုနေသည်ဟု တွေးမိသောကြောင့် လီကျန့်ယီကိုအကူအညီတောင်းလိုက်၏။

"ပြဿနာမရှိပါဘူး၊ ကျွန်တော်က ကျွန်တော်ရဲ့ စီနီယာအစ်ကိုကို ကောင်း‌ကောင်းရိုက်နှက်ပါမယ်" လီကျန့်ယီသည် ရင်ခွင်ထဲမှ ကျီရွယ်လေး၏ ပါးကို ညစ်ရင်း ဝန်မလေးဘဲ ပြောချလိုက်သည်။

"မင်းရဲ့ စီနီယာအစ်ကိုကို ရိုက်မယ် ဟုတ်လား၊ မင်းက ငါ့တပည့်လည်း မဟုတ်ဘဲနဲ့ ဘယ်လိုလုပ်ပြီး သူက မင်းရဲ့ စီနီယာအစ်ကို ဖြစ်မှာလဲ" လီချန်းရှန်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

ထိုစဉ် လီဟန်ယီလေးမှာ ရှက်ကိုးရှက်ကန်းဖြင့် ဆရာ၏ဇနီး လော့ရွှေကို ဖက်ထားသည်။ လော့ရွှေသည် လီဟန်ယီ၏ မျက်နှာလေး နီမြန်းနေသည်ကို မြင်သောအခါ ဘာဖြစ်နေသည်ကို ချက်ချင်း ရိပ်မိသွားတော့သည်။

"ဟန်ယီ၊ သမီးနဲ့ သခင်လေးလီက တကယ်ကို နတ်ဖက်တဲ့ စုံတွဲပါပဲ၊ ဒါပေမယ့် သခင်လေးလီက သမီးကို တကယ်ပဲ သဘောကျတာလား" လော့ရွှေက သူမရင်ခွင်ထဲမှ မိန်းကလေးကို သံသယဖြင့် ကြည့်ကာ မေးလိုက်သည်။

"ဆရာမ... ကျွန်မအမေနဲ့ အဘိုးက ကျွန်မကို ယီယီနဲ့ အတူရှိဖို့ သဘောတူပြီးသားပါ..." လီဟန်ယီ၏ အသံမှာ အလွန်တိုးညှင်းနေပြီး သူမ၏ မျက်နှာမှာလည်း ညနေခင်း နေဝင်ချိန် ဆည်းဆာရောင်ကဲ့သို့ နီမြန်းနေ၏။

"ဒါဆို ဟန်ယီက တကယ်ပဲ သခင်လေးလီနဲ့ တွဲနေတာပါ့" လော့ရွှေ၏ လှပသော မျက်လုံးများမှာ ဝိုင်းစက်သွားသည်။ ဤသည်မှာ အားလုံးက ဝမ်းသာရမည့် အိမ်ထောင်ရေးတစ်ခုပင် ဖြစ်၏။

"အင်း" လီဟန်ယီသည် ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ မျက်နှာမှာ ထပ်မံ နီရဲသွားပြန်သည်။

"တော်လိုက်တဲ့ လူလေးပဲ၊ မင်းက ငါ့ရဲ့ ဒုတိယတပည့်ရဲ့ လက်တွဲဖော်ဖြစ်သွားကိုး" လီချန်းရှန်သည် လီဟန်ယီ၏ စကားကို ကြားပြီးနောက် ဘာဖြစ်နေသည်ကို နောက်ဆုံးတွင် နားလည်သွားသည်။

ထို့နောက် သူက ကျေနပ်အားရသော အမူအရာဖြင့် "မင်း အရင်က ငါ့တပည့်ဖြစ်ဖို့ ငြင်းခဲ့ပေမယ့် အခုတော့ ငါ့တပည့်နဲ့ တွဲနေပြီဆိုတော့ မင်းကလည်း ငါ့တပည့် ဖြစ်သွားပြီ မဟုတ်လား" ဟု ပြောလိုက်၏။

"တပည့်တစ်ဝက်က တပည့်အစစ် မဟုတ်ပါဘူး..." လီချန်းရှန် ဤမျှ ပျော်ရွှင်နေသည်ကို မြင်သောအခါ လီကျန့်ယီက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်း ငါ့ကို ဆရာလို့ ခေါင်းစဉ်တပ်ပြီး ခေါ်ရမှာပဲ မဟုတ်လား" လီချန်းရှန်က ရင်ဘတ်ကို ကော့ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။

"နှမြောစရာပဲ၊ ကျွန်တော်ကတော့ အကြီးအကဲလီလို့ပဲ ခေါ်တတ်တယ်" လီကျန့်ယီက အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်သည်။

"တောက် ...မင်း ငါ့ကို ဆရာလို့ ခေါ်လို့မရဘူးလား၊ ဟိုစာအုပ်ကြီး ရှဲ့ရွမ်လိုမျိုး အတွေးအခေါ်တွေ လွဲမနေစမ်းပါနဲ့" လီချန်းရှန်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ ကမ္ဘာပေါ်တွင် နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်ပါလျက် ငြင်းပယ်ခံရပေါင်းများသဖြင့် သူအတော်ပင် ‌စိတ်တိုနေမိသည်။

"မရပါဘူး" လီကျန့်ယီက ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။ အကယ်၍ သူသာ ဆရာဟု ခေါ်လိုက်ပါက လီချန်းရှန်၏ ဆန္ဒအတိုင်း မြောက်ပိုင်းနယ်စပ်တွင် အစောင့်အရှောက်အဖြစ် သွားရောက် တာဝန်ထမ်းဆောင် ရပေလိမ့်မည်။ သူက အသက် ၁၄ နှစ်သာ ရှိသေးပြီး ဘဝ၏ အကောင်းဆုံးအချိန်များ ကျန်ရှိနေသေးရာ မြောက်ပိုင်းနယ်စပ်တွင် အစောင့်အရှောက်လုပ်ရန် အလွယ်တကူ အလှည့်စားခံမည် မဟုတ်ပေ။ ထို့ကြောင့် ဤကမ္ဘာတွင် နေထိုင်ရသည်ကို ငြီးငွေ့လာမှသာ ထိုကိစ္စကို စဉ်းစားမည်ဟု ဆုံးဖြတ်ထားသည်။

"အင်း... ငါ့မှာ သခင်လေးလီနဲ့ ဆရာတပည့် ရေစက် မပါလာဘူး ထင်ပါရဲ့" လီချန်းရှန်က လီကျန့်ယီ၏ ငြင်းဆိုမှု့ကြောင့် စိတ်ပျက်စွားရေရွတ်လိုက်သည်။

သို့သော် လီကျန့်ယီက လီချန်းရှန်ကိုလျစ်လျူရှုကာ ကျီရွှယ်လေးကို ချီအပြီး မြို့စားနန်းတော်မှ ထွက်ခွာသွားလေသည်။

"ကျီရွှယ်လေး၊ ဆီးသီးယိုချောင်း စားမလား၊ ဒါမှမဟုတ် လိမ္မော်နံ့ သကြားလုံးလား၊သကြားရုပ်လေးတွေ‌လား"ဟု မေးလိုက်၏။

"အစ်ကိုယီ၊ သမီး အားလုံးစားချင်တယ်" ကျီရွှယ်လေးက သူမ၏ မျက်လုံးဝိုင်းလေးများဖြင့် လီကျန့်ယီကို ကြည့်ကာ ပျော်ရွှင်စွာ ပြောသည်။

လီကျန့်ယီက လက်ယမ်းပြလိုက်ပြီး "မရဘူး၊ ကလေးတွေ သကြားလုံး အများကြီးစားရင် သွားကျိုးတတ်တယ်" ဟု ပြော၏။

"အော်... ဒါဆိုရင်... ကျီရွှယ်လေး ဆီးသီးယိုချောင်း စားမယ်၊ ဆီးသီးယိုချောင်းအကြီးကြီးရချင်တယ် အဲ့ဒါမှကျီရွှယ်လေး အကြာကြီး စားလို့ရမှာ" ခဏမျှ စဉ်းစားပြီးနောက် ကျီရွှယ်လေးက ရွေးချယ်လိုက်သည်။

"ကောင်းပြီ၊ ဒါဆို ကျီရွှယ်လေးအတွက် ချိုမြိန်တဲ့ ဆီးသီးယိုချောင်း သွားဝယ်ကြစို့" လီကျန့်ယီသည် ကျီရွှယ်လေးကို ချီကာ ဆီးသီးယိုရောင်းသည့် ဆိုင်ဘက်သို့ သွားလိုက်သည်။ဆီးသီးယိုချောင်း အနည်းငယ် ဝယ်ပြီးနောက် လီကျန့်ယီသည် ကျီရွယ်ကို ချီကာ ကောင်းကင်တက်မျှော်စင် ရှေ့သို့ ရောက်လာသည်။

ပိုင်လီတုန်းကျွင်းသည် လီချန်းရှန်၏ လမ်းညွှန်မှု့ကို ခံယူနေစဉ် ရွှေလမြို့တော်ရှိ အဆင့်မြင့်ကျင့်ကြံသူ အကြီးအကဲများနှင့် လက်ရည်စမ်းနေသည်ဟု သူ ကြားသိခဲ့ရသည်။

All Chapters