ကလေးကိုချီပြီး ကောင်းကင်တက်မျှော်စင်ကို တက်ခြင်း
Vol. 11 Ch. 102
ကောင်းကင်တက်မျှော်စင်။
ဆီးသီးယိုချောင်းကို တမြုံ့မြုံ့စားနေသော ကျီရွှယ်လေးကို ပွေ့ချီထားသည့် လီကျန့်ယီသည် ကောင်းကင်တက်မျှော်စင်၏ ပထမထပ်သို့ ရောက်ရှိလာသည်။
"တစ်ယောက်ယောက်က မျှော်စင်ကို တက်ဖို့ ကြိုးစားနေတာလား၊ ဒါတောင် ကလေးတစ်ယောက်ကို ချီထားသေးတယ်"
"ဝိုး... ဒီလူက တော်တော်သတ္တိရှိတာပဲ၊ ကလေးကိုခေါ်ပြီး အခက်အခဲတွေကို စိန်ခေါ်မလို့လားမသိဘူး"
လီကျန့်ယီ ကောင်းကင်တက်မျှော်စင်ရှေ့သို့ ရောက်လာသည်နှင့် မျှော်စင်အပြင်ဘက် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေကြသော လက်ဖက်ရည်သောက်သူများမှာ စတင်ဆွေးနွေးငြင်းခုံ ကြသည်။
လီကျန့်ယီကို ကြည့်ရသည်မှာ ငယ်ရွယ်နေသေးသောကြောင့် ကလေးတစ်ယောက်ကို ပွေ့ချီလျက်နှင့် ဤမျှော်စင်ကို မည်သို့ ဖြတ်ကျော်နိုင်မည်နည်းဟု သူတို့က သံသယဝင်နေကြခြင်း ဖြစ်သည်။
သူတို့က လီကျန့်ယီသည် ကလေးကိုသုံးပြီး ဓားစားခံအနေဖြင့် သုံးနေသည်ဟု ထင်မှတ်နေစဉ်မှာပင် လီကျန့်ယီသည် ပေါ့ပါစွာပင် အေးဆေးလျှောက်လှမ်းနေပြီ ကောင်းကင်တက် မျှော်စင်၏ ဒသမထပ်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။ထိုမြင်ကွင်းက အောက်ထပ်တွင် ဝိုင်းဖွဲ့ပြောဆိုနေကြသော လက်ဖက်ရည်သောက်သူများကို မှင်သက်သွားစေသည်။
'"အဲ့တာ ဘယ်သူလဲ၊ သူက ပုန်းခိုးနေတဲ့ ဆရာတစ်ပါးပဲထင်တယ်"
"ငါ လက်ဖက်ရည်တစ်ငုံ သောက်လိုက်ရုံပဲရှိသေးတယ်၊ အဲ့လူကက ကလေးလေးကို ချီပြီး ဆယ်ထပ်မြောက်အထိ ရောက်သွားပြီလား"
"ဒါ... ဒါ ဘယ်သူ့တပည့်လဲ၊ အရမ်းတော်ပြီး ချောလည်းချောသေးတယ် ငါ့နှလုံးသားတောင် အရည်ပျော်ကုန်ပြီ"
"ဟေ့လူ... သူက ကလေးတောင် ရနေပြီဗျ၊ ခင်ဗျားလို လူအိုကြီးကို သူက ပြန်ကြိုက်မှာမဟုတ်ဘူး"
"တောက်.. ငြင်းမနေကြနဲ့တော့.. ကလေးချီပြီး မျှော်စင်တက်နေတဲ့ ကောင်လေးက အခုဆို ၁၅ ထပ်ကိုတောင် ရောက်နေပြီ"
ကောင်းကင်တက်မျှော်စင် အပြင်ဘက်မှ ကြည့်နေသူများသည် အစပိုင်းတွင် လီကျန့်ယီကို ဟန်ပြသူတစ်ဦးဟု ထင်မှတ်ခဲ့သော်လည်း ယခုမူ ကလေးကို ချီလျက် အခက်အခဲများကို ကျော်ဖြတ်နေသော
လီကျန့်ယီကြောင့် အားလုံးဆွံ့အသွားသည်။
ကောင်းကင်တက်မျှော်စင်တွင် စုစုပေါင်း ၁၅ ထပ်ရှိ၏။
ဆီးသီးယိုချောင်းကို တမြုံ့မြုံ့စားနေသော ကျီရွယ်လေးကို ပွေ့ချီထားသည့် လီကျန့်ယီသည် ရပ်နေသော ပိုင်လီတုန်းကျွင်းနှင့် ရွဲ့ယောင်တို့ကို တွေ့ရတော့၏။
ဤအချိန်တွင် ပိုင်လီတုန်းကျွင်းမှာ မြေကမ္ဘာလွတ်မြောက်ခြင်း အဆင့်၏ အလယ်အလတ်အဆင့်တွင်သာ ရှိနေသေးသဖြင့် လီဟန်ယီထက် အဆင့်ငယ်တစ်ခု နိမ့်နေပြီး ကောင်းကင်ဖြတ်သန်းခြင်းအဆင့်ရှိသော အကြီးအကဲတစ်ဦးကို စိန်ခေါ်နေခြင်း ဖြစ်သည်။
မွေးရာပါ ကျင့်ကြံခြင်းသွေးကြောပိုင်ရှင် ဖြစ်သည့်အားလျော်စွာ ပိုင်လီတုန်းကျွင်းသည် သူ၏ မြေကမ္ဘာလွတ်မြောက်ခြင်း အလယ်အလတ်အဆင့် စွမ်းအားဖြင့် 'အနောက်ပိုင်းဓားတေးသွား' ကို အသုံးပြုကာ ကျင့်ကြံမှုအဆင့် ကွာခြားချက်ကို ကျော်လွှားနိုင်ခဲ့ပြီး ကောင်းကင်ဖြတ်သန်းခြင်း အဆင့်ရှိ အကြီးအကဲနှင့် ရင်ပေါင်တန်း တိုက်ခိုက်နိုင်သည်။
"ဟမ် အကြီးအကဲဝမ်၊ ဒီတစ်ခါတော့ ကျွန်တော် ဒီ ၁၅ ထပ်ရဲ့ အစောင့်အရှောက်တွေကို ဖြတ်ကျော်ပြပါ့မယ်"
ပိုင်လီတုန်းကျွင်းသည် စွမ်းအင်များကို စုစည်းကာ သူ၏ အတွင်းအားအားလုံးကို အသုံးပြု၍ 'အနောက်ပိုင်းဓားတေးသွား' ကို ထပ်မံထုတ်ဖော်လိုက်ရာ ကောင်းကင်တက်မျှော်စင် ၁၅ ထပ်မြောက်ရှိ အစောင့်အရှောက်အကြီးအကဲကို နောက်ဆုံးတွင် အနိုင်ယူနိုင်သွားသည်။
"ဟူး....နောက်ဆုံးတော့ ပြီးသွားပြီ..."
"နောက်ဆုံးတော့... ငါလည်း ငါ့ရဲ့ ဂျူနီယာညီမလေးလိုပဲ ရွှေလမြို့တော်ထဲကို ဝင်နိုင်ပြီ"
ထိုအချိန်တွင် ပိုင်လီတုန်းကျွင်းမှာ ပင်ပန်းနွမ်းနယ်နေသော်လည်း သူ၏ မျက်နှာထက်မှ ပျော်ရွှင်မှုကိုမူ့ ဖုံးကွယ်ထား၍ မရပေ။
"တုန်းကျွင်း၊ သခင်လေးလီ ရောက်လာပြီ" ရွဲ့ယောင်က မြေပြင်ပေါ်တွင် ထိုင်၍ အနားယူနေသော ပိုင်လီတုန်းကျွင်းကို ကြည့်ကာ ပြောလိုက်သည်။
"သခင်လေးလီ ဟုတ်လား"
ပိုင်လီတုန်းကျွင်းသည် တစ်စုံတစ်ခုကို သတိရသွား၏။ သခင်လေးလီဆိုသည်မှာ မည်သူနည်း၊ သခင်လေးလီသည် ပိုင်လီမိသားစု၏ ကယ်တင်ရှင်ဟုပင် ဆိုနိုင်ပေသည်။ အကယ်၍ လီကျန့်ယီက ဧကရာဇ်ထိုက်အန်ကို အတင်းအကျပ် သေခိုင်းစေခဲ့ခြင်း မရှိပါက ဧကရာဇ်သည် ပိုင်လီမိသားစုကို ဒုက္ခပေးရန် ပို၍ပင် စိတ်ပိုင်းဖြတ်ထားပေလိမ့်မည်။
ပိုင်လီမိသားစုမှာ မကြောက်ရွံ့သော်လည်း ဧကရာဇ်၏ အခွင့်အာဏာအောက်ရှိ အရိပ်အဖွဲ့၏ ရန်ကိုမူ အမြဲတမ်း ခံနိုင်ရည်မရှိနိုင်ပေ။ ထိုကဲ့သို့သော လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့၏ ပစ်မှတ်အမြဲဖြစ်နေရခြင်းမှာ ပိုင်လီမိသားစုအတွက် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
"သခင်လေးလီက ရွှေလမြို့တော်ကို ဘာကိစ္စနဲ့ လာတာလဲခင်ဗျာ" ပိုင်လီတုန်းကျွင်းသည် အလျင်အမြန် ထရပ်လိုက်ပြီး ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် လီကျန့်ယီထံသို့ လျှောက်လှမ်းလာသည်။
"မင်္ဂလာပါ စီနီယာအစ်ကို ပိုင်လီ၊ ကျွန်တော်က ဓားနှလုံးဂူဗိမာန်နဲ့ ရွှေလမြို့တော်ကြားက ပညာရေးဖလှယ်သည့် ကျောင်းသားအဖြစ် လာတာပါ"
"မြို့စားကြီးရဲ့ အမိန့်အရ စီနီယာအစ်ကိုရဲ့ အရည်အချင်း ဘယ်လောက်ရှိလဲဆိုတာကို စမ်းသပ်ဖို့ ကျွန်တော် ရောက်လာတာပါ"
"ဒါကြောင့် ကျွန်တော်က ကောင်းကင်တက်မျှော်စင်ရဲ့ ၁၆ ထပ်မြောက် အစောင့်အရှောက်ပဲ ဖြစ်ပါတယ်"
"စီနီယာအစ်ကိုရဲ့ လမ်းညွှန်မှု့ကို ခံယူပါရစေ"
လီကျန့်ယီသည် ချစ်စဖွယ် ကျီရွှယ်လေးကို လက်တစ်ဖက်ဖြင့် ပွေ့ချီထားပြီး ကျန်လက်တစ်ဖက်ကိုမူ ယဉ်ကျေးစွာ ဆန့်ထုတ်ကာ ပိုင်လီတုန်းကျွင်းကို အရင်တိုက်ခိုက်ရန် ဖိတ်ခေါ်လိုက်သည်။
ပိုင်လီတုန်းကျွင်း: "..."
"ငါ... ငါက အခုလေးတင် ကောင်းကင်တက်မျှော်စင် ၁၅ ထပ်မြောက်က အကြီးအကဲကို မနည်းအနိုင်ယူထားရတာ၊ အခု နန်းတော်ရဲ့ နံပါတ်တစ်ပညာရှင် ကျို့ရှင်းကို သတ်ခဲ့တဲ့ လီကျန့်ယီကို ငါ့ဆီ လွှတ်လိုက်တာလား"
"ဒါက မတရားဘူးလို့ မထင်ကြဘူးလား"
"ဂျူနီယာညီလေး ကျန့်ယီ၊ မင်းရဲ့ စီနီယာအစ်ကိုကို မျက်နှာသာ နည်းနည်းပေးလို့ မရဘူးလား၊ ငါ့ကို အားနည်းနည်းပဲထည့်ပြီး တိုက်ပါလား" ပိုင်လီတုန်းကျွင်းက အပြုံးဖြင့် လီကျန့်ယီကို ကြည့်ကာ အကူအညီတောင်းသည်။
"အဲဒါတော့ မရဘူး စီနီယာအစ်ကို၊ အစ်ကိုသာ ဒီလိုလုပ်နေရင် မိန်းကလေးရွဲ့က ထွက်သွားလိမ့်မယ်" လီကျန့်ယီက ဘေးတွင်ရှိနေသော ရွဲ့ယောင်ကို လှမ်းကြည့်ကာ နောက်ပြောင်လိုက်သည်။မိန်းကလေးအများစုသည် သန်မာသည့် ယောင်္ကျားကိုသာ သဘောကျကြသည်မဟုတ်လော။
"ဟူး... ကောင်းပါပြီ၊ ငါတော့ အရိုက်ခံရတော့မှာပဲ..." ပိုင်လီတုန်းကျွင်း သက်ပြင်းချလိုက်သည်။ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ လီကျန့်ယီကို စတင်တိုက်ခိုက်လိုက်၏။ သူ၏ လက်ထဲရှိ ဓားမှာ အဆင့်လေးဆင့်ရှိသော နတ်နန်းတော်ဓား 'မြူမတင်သောဓား'ပင် ဖြစ်သည်။ ၎င်းကို မိန်ကျယ်နန်းတော်မှ ဓားပညာရှင်ကြီးက သွန်းလုပ်ပေးထားခြင်း ဖြစ်သည်။
"ဓားကောင်းတစ်လက်ပဲ"
လီကျန့်ယီသည် ထိုဓားကို မြင်လိုက်ရသည့် ခဏမှာပင် သူ၏ ကျောပေါ်ရှိ 'မရဏဓား' က တုံ့ပြန်လာသည်။ ကာလရှည်ကြာစွာ ငြိမ်သက်နေခဲ့သော မရဏဓားသည် ချက်ချင်းပင် ဓားအိမ်ထဲမှ ထွက်လာတော့၏။
ဓားကို ဆွဲထုတ်လိုက်သည်နှင့် လှပကာ မရေမတွက်နိုင်သည့် ခေါင်ရမ်းပန်းလေးများက ဓားကို ဝန်းရံသွားလေသည်။ ထိုဓားသည် အာရုံကိုဆွဲဆောင်နိုင်သောအစွမ်း ရှိသကဲ့သို့ ခေါင်ရမ်းပန်းလေးများမှာလည်း အလွန်ပင် ဆွဲဆောင်မှု့ ရှိသည်။
"ဒါက နန်းတော်ရဲ့ မိန်းမစိုးကျို့ရှင်းကို သတ်ခဲ့တဲ့ ဓားလား၊ တကယ်ကို ဓားကောင်းတစ်လက်ပဲ"
ပိုင်လီတုန်းကျွင်းသည် သူ၏ မြူမတင်သောဓားကို ကိုင်ဆွဲကာ ရွှေလမြို့တော်တွင် ကျင့်ကြံနေခဲ့သည်မှာ ကြာပြီဖြစ်ရာ သူ၏ တိုက်ခိုက်ရေး အတွေ့အကြုံမှာလည်း တိုးတက်လာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ကျားသစ်တစ်ကောင်ကဲ့သို့ လျင်မြန်စွာ ဓားကို ဆွဲထုတ်ကာ လီကျန့်ယီ၏ ရှေ့သို့ ရောက်ရှိလာသည်။
သို့သော် လီကျန့်ယီက ပိုင်လီတုန်းကျွင်း၏ အခြေခံဓားပညာမှာ မခိုင်မာသေးသည်ကို တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။
"ဒီဓားချက်က ပုံစံပဲရှိပြီး အနှစ်သာရမပါဘူး၊ ခြုံကြည့်မယ်ဆိုရင် အားနည်းလွန်းတယ်" လီကျန့်ယီသည် လက်တစ်ဖက်ဖြင့် မရဏဓားကို ကိုင်ကာ ပိုင်လီတုန်းကျွင်း၏ ဓားချက်ကို တစ်ချက်တည်းဖြင့် ပယ်ဖျက်လိုက်သည်။
ထို့နောက် သူက "ဒါကမှ စံပြဓားပညာပဲ" ဟု ပြောလိုက်ပြီး လီကျန့်ယီ၏ ဓားကိုကိုင်ထားသော လက်မှာ ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားပြီး အလွန်မြန်သည့်အရှိန်ဖြင့် ဓားချက်ထုတ်လိုက်သည်။ ပိုင်လီတုန်းကျွင်း မတုံ့ပြန်နိုင်သည့်အချိန်မှာပင် လီကျန့်ယီ၏ ဓားသွားမှာ ပိုင်လီတုန်းကျွင်း၏ နဖူးရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ပိုင်လီတုန်းကျွင်းသည် သူရှေ့ရှိ မရဏဓားကို ကြည့်ကာ ချွေးများ ပျံနေလေပြီ။ ချွေးစက်များမှာ သူ၏ မျက်နှာပေါ်သို့ စီးကျလာသည်။ ကောင်းကင်တက်မျှော်စင် ၁၅ ထပ်မြောက်ရှိ အကြီးအကဲနှင့် အချိန်အကြာကြီး လက်ရည်စမ်းခဲ့ရပြီးနောက် ယခုကဲ့သို့ ဓားသွားဖြင့် ချိန်ရွယ်ခံရပြီး ရှုံးနှိမ့်ရမည်ဟု သူမမျှော်လင့်ထားပေ။
"သခင်လေးလီ၊ ခင်ဗျားက နန်းတော်ရဲ့ ထိပ်တန်းပညာရှင် ကျို့ရှင်းကိုတောင် သတ်နိုင်တဲ့သူပဲ။ ကျွန်တော်လို သိုင်းလောကထဲ အခုမှ စဝင်တဲ့သူက ခင်ဗျားကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ" ပိုင်လီတုန်းကျွင်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး စီနီယာအစ်ကို၊ အစ်ကို့ရဲ့ ပြိုင်ဘက်ကကျွန်တော် မဟုတ်ဘူး။ စီနီယာအစ်ကိုက အနည်းဆုံး ဟန်ယီထက်တော့ ပိုတော်ရမယ်၊ ရွှေလမြို့တော်ရဲ့ စီနီယာအစ်ကို ဖြစ်ပြီးတော့မှ ဂျူနီယာညီမလေးထက် ညံ့နေလို့ ဘယ်ဖြစ်မလဲတဲ့၊အဲ့ကြောင့် အကြီးအကဲလီက ကျွန်တော်ကို လက်ရည်လာစမ်းဖို့ လွှတ်လိုက်တာပါ" လီကျန့်ယီက ရှင်းပြလိုက်သည်။
"ဟန်ယီလား၊ ကျွန်တော်က ညီမလေးထက် ညံ့တယ်လို့ ဘယ်သူပြောလဲ၊ကျွန်တော် မှတ်မိသလောက် ဟန်ယီ ရွှေလမြို့တော်ကနေ ထွက်သွားတုန်းက သူမရဲ့ ကျင့်ကြံမှုအဆင့်က ကျွန်တော်နဲ့အတူတူ မြေကမ္ဘာလွတ်မြောက်ခြင်း အလယ်အလတ်အဆင့်ပဲလေ၊ ကျွန်တော်က သူမကို ဘယ်လိုလုပ် ရှုံးမှာလဲ" ပိုင်လီတုန်းကျွင်းက အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
"တောင်းပန်ပါတယ် စီနီယာအစ်ကို၊ ဟန်ယီက အခုဆို ကောင်းကင်ဖြတ်သန်းခြင်းအဆင့် ကို ရောက်တော့မှာ၊ ဒါကြောင့် စီနီယာအစ်ကိုက အများကြီးကြိုးစားဖို့ လိုတယ်"လီကျန့်ယီက လီဟန်ယီအတွက် ဂုဏ်ယူစွာ ပြောလိုက်၏။
"ဂျူနီယာညီမလေးက ကောင်းကင်ဖြတ်သန်းခြင်းအဆင့်ကို ရောက်တော့မယ် ဟုတ်လား၊ အဲ့ဒါ မဖြစ်နိုင်တာ"
"ကျွန်တော်က နေ့တိုင်း ကောင်းကင်တက်မျှော်စင်မှာ ကျင့်ကြံနေတာ၊ ဘယ်လိုလုပ်ပြီး ကျွန်တော်ရဲ့ ကျင့်ကြံမှု့အဆင့်က ညီမလေးထက် နိမ့်နေရတာလဲ"ပိုင်လီတုန်းကျွင်းမှာ အတော်လေး ဇဝေဇဝါ ဖြစ်သွားရသည်။
"ရုတ်တရက် အသိဉာဏ်ပွင့်သွားခြင်းရဲ့ အကျိုးသက်ရောက်မှု့က သာမာန် ကျင့်ကြံနေတာထက် အများကြီး ပိုထိရောက်တယ်၊ ဒါကြောင့် ဟန်ယီရဲ့ လက်ရှိအဆင့်က စီနီယာအစ်ကိုထက် သာနေတာ သဘာဝပါပဲ" ဟု လီကျန့်ယီက ရှင်းပြလိုက်သည်။
"ရုတ်တရက်... အသိဉာဏ်ပွင့်သွားတာလား" ပိုင်လီတုန်းကျွင်း မျက်လုံးများ ပြူးသွားကာ သက်ပြင်းချလိုက်ပြီး "အဲ့ဒီလို အသိဉာဏ်ပွင့်တဲ့သူက ဘာလို့ ငါ ဖြစ်မလာခဲ့တာလဲ၊ အဲ့ဒီလိုသာဆိုရင် ငါလည်း သိုင်းလောကမှာ ဟိုးဟိုးကျော် နာမည်ကြီးနေမှာပေါ့"
"အခု ကြိုးစားရင်လည်း နောက်မကျသေးပါဘူး၊ ဒါကြောင့် စီနီယာအစ်ကို၊ ကြိုးစားရမယ်နော်" လီကျန့်ယီသည် သူ၏ မရဏဓားကို အိမ်ထဲသို့ ပြန်ထည့်ကာ အားပေးစကား ပြောလိုက်သည်။
"ကောင်းပါပြီ... ကောင်းပါပြီ..." ပိုင်လီတုန်းကျွင်းသည် လီကျန့်ယီ ပြောသည်မှာ မှန်ကန်ကြောင်း ခံစားရသည်။ သူသည် စီနီယာအစ်ကို ဖြစ်ပါလျက် ညီမလေးထက် မည်သို့ ညံ့နေနိုင်ပါမည်နည်း။ထို့ကြောင့် သူသည် ယခင်ကထက် ပိုမိုကြိုးစားပြီး ကျင့်ကြံရန်သာ ရှိပေတော့သည်။