သုံးနှစ်ကြာလည်း ငါ့ ရဲ့ဓားက ထက်အုန်းမှာပါ
Vol. 11 Ch. 103
ပိုင်လီတုန်းကျွင်းကို အားပေးစကား ပြောပြီးနောက် လီကျန့်ယီသည် ချစ်စဖွယ်ကောင်းသော ကျီရွှယ်လေးကို ရင်ခွင်ထဲချီလျက် ရွဲ့ယောင်ကို လှမ်းကြည့်လိုက်၏။
သူသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ "မာရ်နတ်ဂိုဏ်းအခုလို လုပ်ရပ်မျိုး လုပ်တာ မကောင်းဘူး။ တကယ်လို့ အောင်မြင်သွားရင်တော့ ထားလိုက်ပါတော့" ဟု ပြောလိုက်သည်။
"ဒါပေမယ့် တကယ်လို့ ကျရှုံးခဲ့ရင်တော့ မာရ်နတ်ဂိုဏ်း ပေးဆပ်ရမယ့် တန်ဖိုးက အရာအားလုံး ဖြစ်သွားလိမ့်မယ်၊ ဒါကြောင့် ကျွန်တော့်ရဲ့ အကြံပြုချက်ကတော့ အလယ်ပိုင်းဒေသမှာ ရှိတဲ့ မာရ်နတ်ဂိုဏ်းရဲ့ အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ဖို့ပါပဲ။ အကြီးအကဲလီ တစ်ယောက် မြောက်ပိုင်းလီမှာ မရှိတော့ရင်တောင် ကျွန်တော် ရှိနေသေးတယ်"
" ကျွန်တော်က အလယ်ပိုင်းဒေသရဲ့ ဓားနှလုံးဂူဗိမာန် ဂိုဏ်းဝင်တစ်ယောက်လည်း ဖြစ်တယ်။ ဒါကြောင့် ကျွန်တော် ရှိနေသရွေ့တော့ မာရ်နတ်ဂိုဏ်းရဲ့ လျှို့ဝှက်အကြံအစည်တွေဟာ ကျရှုံးဖို့ပဲ ရှိတယ်၊ ပေးဆပ်ရမယ့် တစ်ခုတည်းသော တန်ဖိုးက လူတွေရဲ့အသက်တွေပဲ ဖြစ်လိမ့်မယ်"
"သခင်လေးလီ၊ ကျေးဇူးပြုပြီး ဟိုဘက်ကို ခဏလောက် သွားပြီး စကားပြောရအောင်" လီကျန့်ယီ၏ ရုတ်တရက် ပြောသောစကားကြောင့် ရွဲ့ယောင် မျက်မှောင်ကြုတ်သွားရသည်။
မိုရှီရွန်နှင့် ဇီယူကျီတို့၏ သတင်းပေးပို့ချက်များကြောင့် မာရ်နတ်ဂိုဏ်း ဘာတွေလုပ်နေသည်ကို သူမ ကောင်းကောင်းသိသည်။
သို့သော် ပိုင်လီတုန်းကျွင်းနှင့် တွေ့ဆုံပြီးနောက်ပိုင်းတွင် သူမသည် မာရ်နတ်ဂိုဏ်း၏ အစီအစဉ်များကို စတင်ရွံ့ရှာလာခဲ့၏။ အကယ်၍ သူမသည် ပိုင်လီတုန်းကျွင်းနှင့် မတွေ့ခဲ့ပါက ဖခင်ဖြစ်သူ ရွဲ့ဖုန်းချန်၏ အမိန့်အတိုင်း မြောက်ပိုင်းလီကို လက်စားချေရန် ကြိုးပမ်းမိပေလိမ့်မည်။
"ဟူး... နေရာရွှေ့လိုက်ရုံနဲ့တော့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး"
လီကျန့်ယီသည် ချစ်စဖွယ် ကလေးငယ်လေးကို ချီလျက် ရွဲ့ယောင်နောက်သို့ လိုက်သွားသည်။ တိတ်ဆိတ်သော နေရာတစ်ခုသို့ ရောက်သောအခါ ရွဲ့ယောင်က "သခင်လေးလီ၊ မြောက်ပိုင်းလီက ကျွန်မတို့ရဲ့ ပေချွဲကို ဖျက်ဆီးခဲ့တယ်၊ ဒါက နိုင်ငံကို ဖျက်ဆီးခဲ့တာပါ" ဟု ပြောသည်။
"ကျွန်မရဲ့ အဖေနဲ့ သူလူတွေက မြောက်ပိုင်းလီကို လက်စားချေဖို့ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး၊ ကျွန်မ... ကျွန်မလည်း လက်စားချေဖို့ စဉ်းစားခဲ့ဖူးပါတယ်၊ ဒါပေမယ့် အခု မြောက်ပိုင်းလီရဲ့ အခြေအနေက အရမ်းကောင်းနေတယ်၊ ပြည်သူတွေက အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်နေကြရသလို ပေချွဲရဲ့ မူလလူမျိုးစုတွေကလည်း မာရ်နတ်ဂိုဏ်းမှာ ဒုက္ခရောက်နေကြရပေမယ့် အနည်းဆုံးတော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေကြတယ်။ ဒါကြောင့် ကျွန်မကတော့ လက်စားချေဖို့ မလိုချင်တော့ဘူး၊ အဖေနဲ့ တခြားလူတွေကတော့ ကျွန်မလိုမျိုး လက်လျှော့ဖို့ ခက်ခဲလိမ့်မယ်လို့ ထင်တယ်။ ဒါကြောင့် သခင်လေးလီလို အမြော်အမြင်ရှိသူက ကျွန်မ ဘာလုပ်သင့်လဲဆိုတာကို လမ်းညွှန်ပေးနိုင်မလား"
"အရမ်းရိုးရှင်းပါတယ်၊ မြောက်ပိုင်းလီအပေါ် လက်စားချေဖို့ စိတ်ကူးကို စွန့်လွှတ်လိုက်ရုံပါပဲ" လီကျန့်ယီ၏ အဖြေမှာ ပြောင်းလဲခြင်း မရှိပေ။
"ဒါပေမယ့် ကျွန်မရဲ့ အဖေတို့က လက်မလျှော့ရင် ဘာဖြစ်လာမလဲ" ရွဲ့ယောင်က နောက်ဆက်တွဲ အကျိုးဆက်ကို သိလိုသည်။
"မြောက်ပိုင်းလီရဲ့ ဧကရာဇ်က ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်မိသားစုပဲ ဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ဘူး။ ဒါပေမယ့် ပေချွဲကသာ ဟိုတုန်းက မြောက်ပိုင်းလီလိုမျိုး ဖြစ်ချင်တယ်ဆိုရင်တော့ အလယ်ပိုင်းဒေသရဲ့ အင်အားစုတစ်ခုအနေနဲ့ ကျွန်တော် လုံးဝ သဘောမတူနိုင်ဘူး။ ဒါကြောင့် မိန်းကလေးရွဲ့ရဲ့ အဖေ အစီအစဉ်တွေသာ နောက်ဆုံးမှာ ကျရှုံးသွားခဲ့ရင် မြောက်ပိုင်းနယ်စပ်မှာ ကျန်ရှိနေတဲ့ ပေချွဲအကြွင်းအကျန်တွေ ကတည်ရှိတော့မှာ မဟုတ်ဘူး" ဟု လီကျန့်ယီက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"တည်ရှိတော့မှာ... မဟုတ်ဘူးလား..." ရွဲ့ယောင်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားသည်။သို့သော် သူမလည်း အကြောင်းရင်းကို နားလည်သည်။ မြောက်ပိုင်းလီ စစ်တပ်သည် သူမ၏ ဖခင်နှင့် အကြီးဆုံးမင်းသမီး ရှိနေခြင်းကြောင့် မြောက်ပိုင်းနယ်စပ်က မြောက်ပိုင်းလီကို အရှေ့ဘက်စစ်ဆင်ရေးကို ဆင်နွှဲရန် ကြံစည်နေခြင်းဖြစ်သည်။
ထို့ကြောင့် မြောက်ပိုင်းနယ်စပ်၏ လက်စားချေလိုစိတ်မှာ မပျောက်ကွယ်သေးသရွေ့ မြောက်ပိုင်းလီက ထိုကျန်ရှိနေသော ပေချွဲလူမျိုးများကို မည်သို့ ဆက်လက် အသက်ရှင်ခွင့် ပေးပါမည်နည်း။
"ဒါက ကျွန်တော် နောက်ဆုံးပြောပြချင်ပါပဲ၊ မိန်းကလေးရွဲ့ သေချာစဉ်းစားပါ။ ဒါ့အပြင် မိန်းကလေးရွဲ့က ပေချွဲရဲ့ လက်စားချေရေး အစီအစဉ်ကနေ ထွက်ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ကိုယ့်အသက်ကို လွယ်လွယ်နဲ့ အန္တရာယ် မပြုသင့်ဘူး။ အဲ့ဒါက နောက်ဆုံးမှာ ကိုယ့်ရဲ့ ပျက်စီးခြင်းကိုပဲ ဦးတည်သွားလိမ့်မယ်။ အောင်မြင်ဖို့ လုံးဝ အခွင့်အလမ်းမရှိတဲ့ လက်စားချေရေး အစီအစဉ်အတွက်နဲ့တော့ မတန်ဘူး"
လီကျန့်ယီသည် ကောင်းကင်တက်မျှော်စင် ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် ကျောင်းတော်မှ အကြီးအကဲလီသည် မာရ်နတ်ဂိုဏ်း၏ အရှေ့ဘက်စစ်ဆင်ရေးအတွက် အတားအဆီး မဟုတ်တော့သည့်တိုင် ပိုင်လီတုန်းကျွင်း၊ လီဟန်ယီ၊ စစ်ကုန်းချန်ဖုန်းနှင့် သူတို့ ရှိနေဦးမည် ဖြစ်သည်။ ထို့ကြောင့် အကြီးအကဲလီ မပါဝင်သည့်တိုင် မာရ်နတ်ဂိုဏ်း၏ အရှေ့ဘက်သို့ လက်စားချေစစ်ဆင်ရေး ဆင်နွှဲမည့် အစီအစဉ်မှာ အောင်မြင်နိုင်ခြေ လုံးဝ မရှိပေ။
"ဒါဆိုရင် ကျွန်မ အဖေကို ဖျောင်းဖျဖို့ ယွဲ့လန်မြေကို ပြန်သွားလိုက်ပါဦးမယ်" ရွဲ့ယောင်သည် ပိုင်လီတုန်းကျွင်းကို နှုတ်ဆက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
"စာတစ်စောင် ပို့လိုက်ရင် ရပါတယ်။ ကိုယ်တိုင်သွားဖျောင်းဖျရင် အောင်မြင်ဖို့ ခက်ခဲတဲ့အပြင် ကိုယ်တိုင်ပါ အကျဉ်းချခံရနိုင်တယ်။ ဒါကြောင့် ပြန်မသွားတာ ပိုကောင်းတယ်" ဟု လီကျန့်ယီက အကြံပေးလိုက်၏။
ရွဲ့ယောင်မှာ ခဏမျှ တုံ့ဆိုင်းနေပြီးမှ "ကောင်းပါပြီ" ဟု ဖြေလိုက်သည်။
........
ထိုသို့ပြောပြီးနောက် လီကျန့်ယီက မြို့စားအိမ်တော်သို့ ပြန်လာတော့သည်။ချစ်စဖွယ် ကလေးငယ်လေးကို ချီလျက် လီကျန့်ယီသည် လီချန်းရှန်၏ လမ်းညွှန်မှု့အောက်တွင် ဓားပညာ လေ့ကျင့်နေသော လီဟန်ယီလေးကို သွားရောက်ရှာဖွေလိုက်သည်။
"ဟန်ယီ၊ မင်းရဲ့ ' အေးခဲ ရေငြိမ်ဓားသိုင်း' အပေါ် နားလည်မှု့က အဆင့်သစ်တစ်ခုကို ရောက်နေပြီပဲ။ မင်းရဲ့ ပါရမီက မင်းရဲ့ စီနီယာအစ်ကိုထက် မနိမ့်ဘူးလို့ ငါ ထင်တယ်" လီချန်းရှန်က လီဟန်ယီ ဓားလေ့ကျင့်နေသည်ကို ကြည့်ကာ အလွန်ကျေနပ်စွာ ပြောဆိုလိုက်၏။
"ဆရာ၊ ကျွန်မ ဘယ်တော့ ယီယီကို အနိုင်ရမှာလဲ" လီဟန်ယီလေးက လီကျန့်ယီကို လှမ်းကြည့်ကာ နောက်ပြောင်ပြီး မေးလိုက်သည်။
"ပိုပြီး ကြိုးစားပေါ့" လီချန်းရှန်က မရေမရာ အဖြေပေးလိုက်သည်။
"ဟုတ်ကဲ့ ဆရာ၊ ကျွန်မ ဆရာကို စိတ်မပျက်စေရပါဘူး" လီဟန်ယီလေးမှာ လီချန်းရှန်၏ ဆိုလိုရင်းကို နားမလည်ဘဲ တကယ်သာ ကြိုးစားလျှင် လီကျန့်ယီကို အလှဲထိုးနိုင်မည်ဟု ထင်ကာ ဓားကို ပို၍ပင် ဝီရိယရှိရှိ လေ့ကျင့်လေတော့သည်။
ထိုအခါ လီကျန့်ယီမှာ မရယ်ဘဲ မနေနိုင်ဘဲ ခေါင်းခါရင်း ပြောလိုက်သည်။ "ဟန်ယီ၊ မင်းက တကယ်ကို ချစ်စဖွယ်ကောင်းလောက်အောင် အူကြောင်ကြောင်နိုင်တာပဲ။ အကြီးအကဲလီက ပိုကြိုးစားပါလို့ ပြောတာက မင်း အဲဒီမေးခွန်းကို ဘယ်အချိန်မှာပဲ မေးမေး သူရဲ့ အဖြေက အမြဲတမ်း 'ပိုကြိုးစားပါ' ပဲ ဖြစ်နေမှာမို့လို့ပဲ"
"မယုံပါဘူး၊ ဆရာက ကျွန်မကို ဘယ်တော့မှ မလိမ်ဘူး" ဓားလေ့ကျင့်နေသော လီဟန်ယီက မျက်လုံးလေးများ မှေးကာ ကြိုးစားပမ်းစား ဆက်လေ့ကျင့်နေလေသည်။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ... ဆရာက တပည့်လိမ္မာလေးကို ဘယ်လိုလုပ် လိမ်မှာလဲ" လီချန်းရှန်က အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ခေါင်းကို အမြန်ငြိမ့်ပြလိုက်သည်။
ထို့နောက် သူက စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် "ဟန်ယီ၊ ငါထင်တာတော့ သခင်လေးလီက မင်း အရမ်းကြိုးစားလို့ သူထက် ကျော်လွန်သွားမှာကို ကြောက်နေတာ ဖြစ်မယ်၊ တပည့်သာ သူထက်အစွမ်းထက်သွားရင် သူက လက်ဖွာတဲ့ မိန်းကလေးကို ထပ်ရှာလို့မရတော့ဘူးလေ၊ဒါကြောင့် သူက တပည့်ကို ဓားမလေ့ကျင့်အောင် အားလျှော့စေချင်လို့ ပြောတာဖြစ်လိမ့်မယ်"ဟု ချက်ကျလက်ကျ ပြောလိုက်သည်။
လီကျန့်ယီ: "..."
တကယ်ကို ပါးနပ်တဲ့ အပြစ်ပုံချနည်းပါပဲ။
ဒါပေမယ့် ဟန်ယီက ကျွန်တော့်ရဲ့ အနာဂတ်ဇနီးပဲ။ သူမ ဓားပညာ ဘယ်လောက်တော်တော် သူမက ကျွန်တော့်ရဲ့ ဖြုန်းတီးတတ်တဲ့ ဇနီးလေးပဲ ဖြစ်နေမှာပါ။ ဒါကြောင့် အဲဒီ ဖြုန်းတီးတတ်တဲ့ မိန်းမ ဆိုတဲ့ အပြစ်ပုံချနည်းက ကျွန်တော့်ဆီမှာ အလုပ်မဖြစ်ဘူး။
"ဆရာ စိတ်မပူပါနဲ့။ ကျွန်မ ယီယီကို အနိုင်ရတာနဲ့ သူကို ဆရာဆီမှာ တပည့်ခံခိုင်းစေရမယ်"
"ကျွန်မရဲ့ ဓားတွေက တကယ့်ကို ထက်တယ်" လီဟန်ယီက မျက်လုံးလေးများ မှေးလျက် ပြောလိုက်သည်။
လီကျန့်ယီ: "..."
ကောင်းပါပြီ၊ ကောင်းပါပြီ... မင်းရဲ့ ဓားတွေက တကယ်ကို လိမ္မာကြောင်း ငါ သိပါတယ်၊ဒါပေမယ့် သုံးနှစ်ကြာပြီးတဲ့ချိန်မှာတောင် ငါ့ ရဲ့ ဓားက ထက်မြက်နေတုန်းပဲ။ အဲဒီကျမှ ဘယ်သူက ပိုနာခံမလဲဆိုတာ ကြည့်ကြတာပေါ့။
"ကောင်းပြီ၊ ကောင်းပြီ... ဒါဆိုရင် ဟန်ယီ မင်းရဲ့ ဓားကို သုံးပြီး သခင်လေးလီကို လိမ္မာအောင် လုပ်ပြီး၊ ငါ့ဆီမှာ တပည့်လာခံစေမဲ့ နေ့ကို ငါ စောင့်နေမယ်နော်" လီချန်းရှန်က သူ၏ မုတ်ဆိတ်ကို အသာအယာ သပ်ကာ အလွန်ကျေနပ်သွားပုံရသည်။
"အင်း"
လီဟန်ယီသည် ဓားလေ့ကျင့်မှု့ကို အဆုံးသတ်လိုက်သည်။ ဓားလေ့ကျင့်ပြီးနောက် သူမသည် လီကျန့်ယီ၏ အနားသို့ ခပ်သွက်သွက် လျှောက်လာပြီး ကျီရွယ်၏ ပါးကို ညစ်လိုက်သည်။
"ကျီရွှယ်လေး၊ အစ်ကိုယီက ညီမလေးကို အရသာရှိတာတွေ သွားဝယ်ပေးလား"
"အစ်ကိုယီက ကျီရွှယ်လေးအတွက် ချိုမြိန်တဲ့ ဆီးသီးယိုချောင်းတွေ ဝယ်ပေးတယ်၊ အစ်မ ဟန်ယီ... ဆီးသီးယိုချောင်းတွေက တကယ်စားကောင်းတာနော်" ကျီရွယ်လေးက သူမ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ရင်း ချိုသာစွာ ပြုံးပြသည်။
"ဟုတ်လို့လား" လီဟန်ယီက လီကျန့်ယီကို လှမ်းကြည့်လိုက်သည်။
လီကျန့်ယီသည် အင်္ကျီလက်ထဲမှ ဆီးသီးယိုချောင်း တစ်ချောင်းကို အမြန်ဆွဲထုတ်လိုက်ပြီး "ရော့၊ ဟန်ယီ မင်းအတွက်လည်း မမေ့ပါဘူး" ဟု ပြော၏။
"အင်း..အဲ့လိုမှပေါ့" လီဟန်ယီသည် ပြုံးလျက် ဆီးသီးယိုချောင်းကို ယူကာ အခွံခွာပြီး အနီရောင် ဆီးသီးတစ်လုံးကို ကိုက်စားလိုက်သည်။ "အွန်း ချိုလည်းချိုတယ်၊ ချဉ်လည်းချဉ်တယ် အရသာနှစ်မျိူးပေါင်းစပ်ထားတာပဲ"
ထို့နောက် သူမသည် ကျန်နေသော ဆီးသီးယိုချောင်းကို လီကျန့်ယီ၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်ကာ "ယီယီ၊ မင်းလည်း တစ်ကိုက်လောက် စားကြည့်ဦး" ဟု ပြောသည်။
"ငါက သူများစားပြီးသားကို မစားဘူး" လီကျန့်ယီက မာနကြီးစွာဖြင့် ခေါင်းကို လွှဲလိုက်သည်။
"ယီယီ... စားမှာလား၊ မစားဘူးလား" လီကျန့်ယီက သူမကို အထင်သေးဝံ့သည်ကို မြင်သောအခါ လီဟန်ယီ၏ ဆီးသီးယိုချောင်း ကိုင်မထားသော အခြားလက်တစ်ဖက်မှာ လီကျန့်ယီ မသိလိုက်မီမှာပင် သူ၏ လက်မောင်းကို ထိလိုက်သည်။
လီဟန်ယီ၏ လက်ကလေးက အသားအနည်းငယ်ကို လိမ်ဆွဲလိုက်သောအခါ လီကျန့်ယီသည် ပြုံးလျက် လီဟန်ယီ၏ လက်ထဲမှ ဆီးသီးယိုချောင်းကို တစ်ကိုက် ကိုက်လိုက်ရတော့သည်။ "ဟန်ယီ၊ငါ စားလိုက်ပြီနော်၊ အမြန်လွှတ်တော့"