မမေးသင့်သည်ကို မမေးပါနှင့်
Vol. 11 Ch. 105
ရွှေလမြို့တော်သို့ ရောက်ရှိပြီး ဒုတိယမြောက်နေ့။
လီကျန့်ယီ မျက်နှာသစ်ပြီးသည်နှင့် ချစ်စဖွယ် ကလေးငယ်လေး၏ ပတ်ချွဲခြင်းကို ချက်ချင်း ခံနေရသည်။
"အစ်ကိုယီယီ... ကျီရွှယ်လေးနဲ့ ကစားပေးမလားဟင်"
ထိုကလေးမလေးသည် လီကျန့်ယီနောက်သို့ တကောက်ကောက် လိုက်နေတတ်၏။
လီကျန့်ယီက ဇဝေဇဝါဖြင့် "ဘာလို့ အစ်မ ဟန်ယီနဲ့ သွားမကစားတာလဲ" ဟု မေးလိုက်၏။
"အစ်မ ဟန်ယီက... ဓားသိုင်း လေ့ကျင့်ချင်လို့တဲ့" ကျီရွယ်လေးသည် မြို့စားအိမ်တော် အပြင်ဘက်သို့ လက်ညှိုးထိုးပြသည်။
"အစ်မတော် ဟန်ယီက ဓားကျင့်ဖို့ လိုအပ်တယ်ဆိုရင် အစ်ကိုယီယီကရော ဓားကျင့်ဖို့ မလိုဘူးလို့ ဆိုလိုတာလား" လီကျန့်ယီက ပြန်မေးလိုက်သည်။
ထိုမေးခွန်းကြောင့် ကလေးမလေးမှာ မှင်သက်သွားပြီး နားလည်းသွားသည့်ပုံဖြင့် "ဒါဆို... ဒါဆိုလည်း အစ်ကိုကြီး ဓားကျင့်ပေါ့၊ ကျီရွှယ်လေးကတော့ ဘွားဘွားဆီ သွားကစားတော့မယ်" ဟု ဆိုကာ လော့ရွှေရှိရာဘက်သို့ လမ်းလျှောက်ထွက်သွားတော့သည်။
ထိုမြင်ကွင်းကို မြင်သောအခါ လီကျန့်ယီသည် ကလေးမလေးကို အမြန်ပွေ့ချီလိုက်ပြီး ပြော၏။ "ကျီရွှယ်လေး၊ မင်းရဲ့ ဘွားဘွားက အခန်းထဲမှာ မရှိဘူး။ သူမက အစ်မ ဟန်ယီ ဓားကျင့်တာကို သွားကြည့်နေတာ ဖြစ်ရမယ်။ အစ်ကိုယီက ဘွားဘွားဆီ လိုက်ပို့ပေးမယ်လေ"
"ဟုတ်ကဲ့..." ကလေးမလေးသည် လီကျန့်ယီ၏ ရင်ခွင်ထဲတွင် ငြိမ်သက်နေပြီး ချစ်စဖွယ် ခေါင်းညိတ်ပြသည်။
လီကျန့်ယီသည် သူမ၏ နူးညံ့သော ပါးပြင်လေးကို အသည်းယားစွာ ညစ်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ကျီရွယ်လေးရဲ့ ပါးပြင်လေးက တော်တော် နူးညံ့တာပဲ"
ထိုစကားကို ကြားသောအခါ ကျီရွယ်လေးသည် သူမ၏ လက်ဖဝါးလေးကို လီကျန့်ယီ၏ ပါးပေါ်သို့ တင်လိုက်ပြီးနောက် မျက်လုံးလေးများ ဝိုင်းသွားကာ "အစ်ကိုယီယီရဲ့ ပါးပြင်လေးကလည်း တော်တော် နူးညံ့တာပဲ" ဟု ပြန်ပြောသည်။
"ဟက် ... ကျီရွယ်လေး၊ မင်းက တကယ် ချစ်ဖို့ကောင်းတာပဲ" လီကျန့်ယီသည် ထိုကလေးမလေးကို ကြည့်ကာ စိတ်နှလုံးများ အရည်ပျော်သွားရသည်။
......
လီကျန့်ယီသည် ကလေးမလေးကို ခေါ်ဆောင်၍ ကောင်းကင်တက်မျှော်စင်သို့ ရောက်ရှိလာသည်။ ကောင်းကင်တက်မျှော်စင်၏ အမြင့်ဆုံးထပ်တွင် ပိုင်လီတုန်းကျွင်းသည် ဝီရိယရှိရှိ ကျင့်ကြံနေဆဲ ဖြစ်ပြီး ၁၆ ထပ်မြောက်တွင်မူ လီချန်းရှန်သည် လီဟန်ယီကို ဓားသိုင်း လမ်းညွှန်ပေးနေသည်။
လီဟန်ယီသည် ကောင်းကင်ဖြတ်သန်းခြင်းအဆင့်သို့ ရောက်ရှိရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သဖြင့် လီချန်းရှန်က သူမကို ပို၍ အာရုံစိုက်ပေးနေသည်။မြေကမ္ဘာလွတ်မြောက်ခြင်းအဆင့်မှကောင်းကင်ဖြတ်သန်းခြင်းအဆင့်သို့ ကူးပြောင်းခြင်းမှာ အဆင့်ကြီးတစ်ခုကို ကျော်ဖြတ်ရခြင်း ဖြစ်ရာ အနီးကပ် စောင့်ကြည့်နေရန် လိုအပ်ပေးသည်။
လော့ရွှေမှာမူ ပိုင်လီတုန်းကျွင်းနှင့် လီဟန်ယီတို့ကို ဓားသိုင်းပညာအချို့ သင်ကြားပေးရန် ၁၅ ထပ်နှင့် ၁၆ ထပ်ကြားတွင် မကြာခဏ အတက်အဆင်း လုပ်နေရသည်။ လော့ရွှေသည် ပြိုင်ဘက်ကင်း နတ်ဓားရှင်တစ်ဦး၏ မျိုးဆက်ဖြစ်သည့်အားလျော်စွာ သူမ၏ ကိုယ်ပိုင်အစွမ်းမှာလည်း အထူးပင် အားကောင်းလှသည်မှာ သံသယ ရှိစရာ မလိုပေ။
"ဘွားဘွား... ဘွားဘွား..."
ကလေးမလေးသည် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လော့ရွှေကို မြင်သောအခါ မျက်လုံးလေးများ တောက်ပသွားပြီး လှမ်းခေါ်လိုက်သည်။
"ကျီရွှယ်လေး၊ ဘွားဘွားက မင်းကို မြင်တိုင်း ဘာလို့ ဒီလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲလို့ အမြဲ တွေးနေမိတယ်"
လော့ရွှေသည် လီကျန့်ယီ၏ ရင်ခွင်ထဲမှ ငွေရောင်ဆံပင်လေးနှင့် ကလေးငယ်လေးကို မြင်သောအခါ၊ ကလေးငယ်များတွင်သာ ရှိတတ်သော ဖြူစင်ရိုးသားသည့် မျက်ဝန်းလေးများကို တွေ့သောအခါ သူမ၏ ရင်ခွင်ထဲသို့ မနေနိုင်စွာပွေ့ချီလိုက်ပါတော့သည်။
"အင်း... ဘွားဘွားလည်း ချစ်ဖို့ကောင်းပါတယ်" ကလေးမလေးက မျက်လုံးလေးများ ဝိုင်းလျက် လိုက်ပြော၏။
" ဟုတ်လို့လား၊ ဒါဆို ကျီရွှယ်လေးကရော အစ်မ ဟန်ယီကို ချစ်ဖို့ကောင်းတယ်လို့ ထင်လား" လော့ရွှေက ဓားကျင့်နေသော လီဟန်ယီကို လက်ညှိုးထိုးပြကာ မေးလိုက်၏။
"အစ်မ ဟန်ယီလည်း ချစ်ဖို့ကောင်းပါတယ်" ကျီရွယ်လေးက သူမ၏ လက်ကလေးများကို လှုပ်ယမ်းကာ အော်ပြောလိုက်သည်။
"ဟီး... ကျီရွယ်လေးရယ် မွ ...မွ" ကလေးက အလွန်ချစ်စရာကောင်းလွန်သဖြင့် သူမက နမ်းလိုက်သည်။
ကလေးမလေးကို လော့ရွှေက ခေါ်ဆောင်သွားစဉ်မှာပင် လီကျန့်ယီသည်လည်း သူ၏ ဓားသိုင်းကို စတင်လေ့ကျင့် တော့သည်။ အဓိက ရည်ရွယ်ချက်မှာ အခွင့်အရေးရတိုင်း မိမိ၏ အစွမ်းကို မြှင့်တင်ရန်ပင် ဖြစ်သည်။
ထို့ကြောင့် လီကျန့်ယီသည် လီဟန်ယီနှင့်အတူ နာရီပေါင်းများစွာ ဓားသိုင်း လေ့ကျင့်ခဲ့ကြသည်။ သူတို့ နေ့လယ်စာ စားရန် ပြင်ဆင်နေချိန်မှာပင် တစ်စုံတစ်ယောက်က ကောင်းကင်တက် မျှော်စင်ကို လာရောက် စိန်ခေါ်လေသည်။ ထိုသူမှာ တန်ဂိုဏ်းမှ လူတစ်ဦး ဖြစ်နေသည်။
"တန်ဂိုဏ်းက လူတွေ ထပ်ရောက်လာပြန်ပြီ"
နေ့လယ်စာ စားရန် ပြင်ဆင်နေကြသော အဖွဲ့ထဲမှ လီချန်းရှန်သည် လီကျန့်ယီကို လှမ်းကြည့်လိုက်၏။
"ဟုတ်တယ်၊ ကျွန်မတို့ သူတို့ကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ပြီးပြီ၊ ဒါပေမယ့် သူတို့က ရွှေလမြို့တော်ရဲ့ မဟာမိတ်အဖွဲ့ထဲ ဝင်ချင်နေတုန်းပဲ" လော့ရွှေကလည်း စိတ်ပျက်ဟန်ဖြင့် ပြောသည်။တန်ဂိုဏ်း အကြီးအကဲမှာ အရှက်မရှိဘဲ အတင်းတိုးဝှေ့နေခြင်းဟု သူမတွေးနေမိ၏။
"သူတို့က အဲဒီလို နည်းလမ်းနဲ့ပဲ ဓားနှလုံးဂူဗိမာန်မှာတုန်းက ရွှေလမြို့တော်ရဲ့ မြေပုံကို ရခဲ့တာ။ အခု အဲဒီနည်းလမ်းကိုပဲ သုံးပြီး ရွှေလမြို့တော်ထဲ ဝင်ချင်နေကြတာလား"
မရိုးသားသောစိတ် သဘာဝရှိသည့် တန်ဂိုဏ်းသည် ရွှေလမြို့တော် မဟာမိတ်ထဲသို့လည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။
"ဆက်ပြီး ငြင်းလိုက်ပါ" လီကျန့်ယီက ကောင်းကင်တက်မျှော်စင်ကို စိန်ခေါ်ရန် တက်လာနေသော တန်ဂိုဏ်း၏ ဒုတိယဂိုဏ်းချုပ် တန်လျောင်ဟွမ်ကိုငုံ့ ကြည့်ကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ တုန်းကျွင်း... မင်းပဲ ကိုင်တွယ်လိုက်" လော့ရွှေက ပိုင်လီတုန်းကျွင်းကို လှမ်းကြည့်ကာ တန်ဂိုဏ်းနှင့် ရင်ဆိုင်ရန် စေခိုင်းလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာကတော်"
ပိုင်လီတုန်းကျွင်းသည် တန်လျောင်ဟွမ်ကို ဧည့်ခံရန် တိုက်ရိုက် သွားလိုက်ပြီး လော့ရွှေနှင့် အခြားသူများမှာမူ ထိုနေရာ၌ပင် ရှိနေကြကာ ပိုင်လီတုန်းကျွင်း၏ စွမ်းဆောင်ရည်ကို ကြည့်လိုကြသည်။
ရွှေလမြို့တော်၏ အနာဂတ်မှာ သူတို့အပေါ်တွင်သာ မူတည်နေသည် မဟုတ်ပါလား။ ထို့ကြောင့် ယခုအချိန်တွင် ပိုင်လီတုန်းကျွင်း၏ အရည်အချင်းကို စမ်းသပ်ကြည့်ရန် အကောင်းဆုံးပင် ဖြစ်၏။
"ချန်းရှန်၊ ခိုးနားထောင်ဖို့ ပြင်ထားဦး" လော့ရွှေက လီချန်းရှန်ကို လှမ်းကြည့်လိုက်သည်။
လီချန်းရှန်: "..."ငါ့ရဲ့ ဘဝမှာ ဒီလိုနေ့ရောက်လာမယ်လို့မထင်ခဲ့ဘူး။
သူသည် တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။
......
ကောင်းကင်တက်မျှော်စင် ၁၅ ထပ်တွင် ပိုင်လီတုန်းကျွင်းသည် တန်ဂိုဏ်းမှ တန်လျောင်ဟွမ်နှင့် ရင်ဆိုင်နေရသည်။
"သခင်လေး ပိုင်လီ၊ တန်ဂိုဏ်းက ရွှေလမြို့တော်ရဲ့ မြို့စားကြီးကို လာရောက် ဂါရဝပြုတာပါ" တန်လျောင်ဟွမ်သည် ပိုင်လီတုန်းကျွင်းမှာ ယခုအခါ ရွှေလမြို့တော်၏ စီနီယာတပည့်ကြီး ဖြစ်နေသည်ကို သိထားသဖြင့် အတော်ပင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံလေသည်။ သူသည် လီချန်းရှန်၏ တပည့် ဖြစ်သည်။
"ကျွန်တော်ရဲ့ ဆရာကတော်နဲ့ အခြားသူတွေက ဒုတိယဂိုဏ်းချုပ်တန် ရွှေလမြို့တော်ကို ဘာလို့ လာတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အခု ရွှေလမြို့တော်မှာ မဟာမိတ် အင်အားစုတွေ လုံလောက်နေပြီ ဖြစ်သလို ရွှေလမြို့တော်က 'သိုင်းလောက'က အင်အားစုတွေကို စုစည်းပြီး နန်းတော်ရဲ့ အာရုံစိုက်မှုကို မခံယူချင်ပါဘူး"
"ဒါကြောင့် ဒုတိယဂိုဏ်းချုပ်တန်၊ ကျေးဇူးပြုပြီး ပြန်လှည့်ပါ" ပိုင်လီတုန်းကျွင်းသည် မည်သို့မျှ ကြောက်ရွံ့ခြင်း မရှိဘဲ တန်လျောင်ဟွမ်ကို တိုက်ရိုက်ပင် ပြန်ခိုင်းလိုက်သည်။
"သခင်လေး ပိုင်လီ၊ ကျွန်တော် သိချင်တာက ရွှေလမြို့တော်က ဘာလို့ ကျွန်တော်တို့ တန်ဂိုဏ်းအပေါ် ဒီလောက်အထိ ငြင်းနေရတာလဲ ဆိုတာပါပဲ။ ကျွန်တော်တို့ တန်ဂိုဏ်းက သိုင်းလောကမှာ ပထမတန်းစား အင်အားစုတစ်ခု ဖြစ်တယ်ဆိုတာ ခင်ဗျား သိသင့်ပါတယ်" တန်လျောင်ဟွမ်သည် တန်ဂိုဏ်းက ရွှေလမြို့တော်သို့ လာတိုင်း ဘာကြောင့် အမြဲတမ်း ငြင်းပယ်ခံနေရသည်ကို နားမလည်နိုင် ဖြစ်နေသည်။
"ဘာလို့လဲဆိုတော့ ရွှေလမြို့တော်ရဲ့ မဟာမိတ် အင်အားစုတွေက လုံလောက်နေလို့ပါပဲ" ပိုင်လီတုန်းကျွင်းက မနိမ့်မမြင့်သော လေသံဖြင့် အလေးအနက် ပြောလိုက်သည်။
"ကောင်းပါပြီ၊ ကျွန်တော် နားလည်ပါပြီ" တန်လျောင်ဟွမ်သည် ရွှေလမြို့တော်၏ တန်ဂိုဏ်းအပေါ် အမြင်စောင်းနေမှု့ကို အာရုံခံမိ၏။ရွှေလမြို့တော်က တန်ဂိုဏ်းကို အကြိမ်ကြိမ် ငြင်းပယ်နေရသည့် ထိုအမြင်စောင်းမှု့မှာ ဘာဖြစ်သည်ကိုမူ သူ နားမလည်သေးပေ။
ထို့ကြောင့် ရွှေလမြို့တော်သို့ ထပ်မံလာရောက်ခြင်းမှာ ပညာရှိရာ မရောက်ဟု သူ ခံစားလိုက်ရသည်။ ထပ်မံ မလာရောက်မီ ရွှေလမြို့တော်၏ တန်ဂိုဏ်းအပေါ် အမြင်စောင်းနေမှု့၏ အကြောင်းရင်းကို အရင်စုံစမ်းရန် ပိုကောင်းပေလိမ့်မည်။
တန်လျောင်ဟွမ် ထွက်ခွာသွားသည်နှင့် ပိုင်လီတုန်းကျွင်းသည် လီချန်းရှန်၏ အနားသို့ ပြန်လာကာ သက်ပြင်းချလျက် "နောက်တစ်ခါ တန်ဂိုဏ်းက ထပ်လာဦးမလား မသိဘူး" ဟု ရေရွတ်နေ၏။
"လာဖို့ ကြာဦးမှာပါ" လီကျန့်ယီသည်လည်း အောက်ထပ်မှ စကားဝိုင်းကို ခိုးနားထောင်ထားပြီး ဖြစ်ရာ တန်လျောင်ဟွမ်သည် ရွှေလမြို့တော်က တန်ဂိုဏ်းကို ဘာကြောင့် မဟာမိတ်အဖြစ် လက်မခံသည်ကို စုံစမ်းစစ်ဆေးလိမ့်မည်ဟု တွေးလိုက်မိသည်။
သို့သော်လည်း တန်ဂိုဏ်းဝင်များသည် ထိုအကြောင်းရင်းကို သိဖို့မဖြစ်နိုင်ကြပေ။ သူသည် လီချန်းရှန်နှင့် လော့ရွှေကိုသာ ပြောပြထားခဲ့ခြင်း ဖြစ်ပြီး အခြားသူများမှာ ဘာမှမသိကြပေ။ ထို့ကြောင့် သူက စုံစမ်းမည်ဆိုလျှင် မည်သည့်နေရာမှ စတင်၍ စုံစမ်းပါမည်နည်း။
.....
မြို့စားအိမ်တော်၏ ဧည့်ခန်းမ။
ယနေ့ နေ့လယ်စာမှာ အမြဲတမ်းလိုပင် အရသာ ရှိသည့်ဟင်းများချက်ပြုတ်ထားသည်။ လော့ရွှေ၏ ချက်ပြုတ်မှု့ စွမ်းရည်မှာ သူ၏ အနာဂတ် ယောက္ခမ လီရှင်းယွဲ့ထက်ပင် မနိမ့်ကျပေ။ ထို့ကြောင့် ဧည့်ခန်းမအတွင်း စားသောက် နေသူများသည် လော့ရွှေ ပြင်ဆင်ထားသော အစားအစာများကို မြင်သောအခါ စိတ်ကြည်လင်နေကြပြီး အရက်သောက်ကာ ပျော်ရွှင်စွာ စကားပြောနေကြသည်။
"ဟန်ယီ၊ မင်းနဲ့ ယီယီ ဘယ်လိုလုပ်ပြီး တွဲဖြစ်သွားတာလဲ" ပိုင်လီတုန်းကျွင်းက လီဟန်ယီလေးကို စပ်စုသည့်လေသံဖြင့် မေးလိုက်သည်။
အဓိက ကိစ္စမှာ သိုင်းလောကရှိ လူတိုင်းက လီကျန့်ယီသည် ဖြုန်းတီးတတ်သော အမျိုးသမီးများကို နှစ်သက်သည်ဟု သိထားကြခြင်းပင်။ ထိုသို့ဆိုလျှင် သူသည် ရွှေလမြို့တော်သို့ ပြန်ရောက်ပြီးနောက် လီဟန်ယီနှင့် မည်သို့ တွဲဖြစ်သွားပါသနည်း။
"စီနီယာအစ်ကို၊ မမေးသင့်တာကို မမေးနဲ့နော်" လီဟန်ယီသည် လီကျန့်ယီ၏ ပန်းကန်ထဲသို့ ငါးတစ်တုံး ထည့်ပေးလိုက်ပြီးနောက် မျက်လုံးလေးများ မှေးကာ ပိုင်လီတုန်းကျွင်းကို တင်းမာစွာ ကြည့်လိုက်သည်။
ပိုင်လီတုန်းကျွင်း"..."သိချင်ရုံလေးပါ ညီမလေး၊အဲ့လို မကြည့်ပါနဲ့။သူ၏ ညီမလေးက ဘာလို့ဒေါသထွက်နေသည်ကို သူအနေနှင့်နားမလည်နိုင်ပေ။