တပည့်ရင်းများအားလုံး လက်တွဲဖော်ရရှိသွားခြင်း
Vol. 11 Ch. 106
"မပြောချင်ရင်လည်း မပြောနဲ့လေ။ ညီမလေးက ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ"
ပိုင်လီတုန်းကျွင်းသည် သူမ ဒေါသထွက်နေသည့်ကြားမှပင် လီကျန့်ယီ၏ ပန်းကန်ထဲသို့ ဟင်းများ ထည့်ပေးနေသည်ကို သတိထားမိလိုက်၏။
သူသည် စိတ်ထဲမှ ကြိတ်၍ ရေရွတ်လိုက်သည်မှာ "ဟန်ယီက မပြောပြရင်လည်း လီကျန့်ယီကို မေးလို့မရဘူးလား" ဟူ၍ပင်။ ထိုသို့တွေးမိပြီးနောက် ပိုင်လီတုန်းကျွင်းသည် ရယ်လျက် လီကျန့်ယီ၏ ပုခုံးကို ပုတ်ကာ "ညီအစ်ကိုလီ... မင်းနဲ့ ငါ့ညီမလေး ဘယ်လိုများ တွဲဖြစ်သွားကြတာလဲဆိုတာ ပြောပြလို့ရမလား" ဟု မေးမြန်းလိုက်သည်။
"အဓမ္မ သိမ်းပိုက်လိုက်တာ"
လီကျန့်ယီသည် စကားလုံး လေးလုံးတည်းဖြင့် ရိုးရိုးရှင်းရှင်းပင် ဖြေလိုက်၏။
"ဟမ်"
"အချစ်ကို အဲဒီလို အဓမ္မ လုပ်လို့ရလို့လား" ပိုင်လီတုန်းကျွင်း၏ မျက်လုံးများ ဝိုင်းသွားသည်။
သူသာမက ထိုနေရာတွင် ရှိနေကြသော လော့ရွှေနှင့် လီချန်းရှန်တို့ပင်လျှင် လီဟန်ယီလေးကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ လီဟန်ယီသည် လူတိုင်းက သူမကို ဝိုင်းကြည့်နေသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး " အဓမ္မ လုပ်တဲ့သူက ယီယီလို့ ဆရာတို့က ဘာလို့ မထင်ကြတာလဲ" ဟု မေးလေသည်။
"ဟန်ယီ... မင်း လီကျန့်ယီရဲ့ လည်ပင်းကို ဓားနဲ့ထောက်ပြီး မင်းကို လက်ထပ်ဖို့ အတင်းအကျပ် ခိုင်းခဲ့တဲ့ ဖြစ်ရပ်ကို ငါတို့ မှတ်မိနေသေးတယ်လေ" လီချန်းရှန်နှင့် အခြားသူများက ပြိုင်တူပြောလိုက်ကြ၏။
လီဟန်ယီ: "..."
ထိုစကားများကို ကြားလိုက်ရသောအခါ သူမသည် အတိတ်က လုပ်ခဲ့မိသော မိုက်မဲသည့် လုပ်ရပ်များကို ပြန်လည် အမှတ်ရသွားပြီး ချက်ချင်းပင် မျက်နှာနီမြန်းသွားကာ "အဲ့ဒါ လုံးဝ မဟုတ်ပါဘူး၊ ယီယီကပဲ ကျွန်မကို သဘောကျတယ်လို့ အရင်ပြောခဲ့တာပါ၊ အဓမ္မ လုပ်တာမျိုး လုံးဝ မရှိခဲ့ပါဘူး၊ ယီယီက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ" ဟု အော်ဟစ်လိုက်တော့သည်။
"တကယ်လား၊ သခင်လေးလီ... မင်းကပဲ ငါ့ညီမလေးကို အရင်ဖွင့်ပြောခဲ့တာလား" ပိုင်လီတုန်းကျွင်းက စပ်စုလိုစိတ်ဖြင့် လီကျန့်ယီကို ထပ်မံကြည့်ကာ မေးပြန်၏။
လီကျန့်ယီသည် မရဏဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး ပိုင်လီတုန်းကျွင်း၏ လည်ပင်းတွင် ထောက်လိုက်ကာ "ကျွန်တော်ကို ချစ်တယ်လို့ ဖွင့်ပြောပါ" ဟု ပြောလိုက်သည်။
ပိုင်လီတုန်းကျွင်း: "..."
ပိုင်လီတုန်းကျွင်းသည် မရဏဓား၏ ဓားသွားကို ဂရုတစိုက် ဖယ်ထုတ်လိုက်ပြီး "နားလည်ပါပြီ။ သခင်လေးလီနဲ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် အကုန်သိသွားပါပြီ"ဟု ပြောလိုက်၏။
ပိုင်လီတုန်းကျွင်းသည် သူ၏ လှပသော ညီမလေးကို ကြောက်ရွံ့ထိတ်လန့်သော မျက်ဝန်းများဖြင့် လှမ်းကြည့် လိုက်မိသည်။ အမှန်အတိုင်း ပြောရလျှင် သူသည် သာမန်အခြေအနေမျိုးတွင် ဤညီမလေးကို နောက်တစ်ကြိမ် မစနောက်ရဲတော့ပေ။ နတ်ဓားရှင်တစ်ယောက်တောင် သူမကို မအောင်နိုင်လျှင် ပိုင်လီတုန်းကျွင်းအနေဖြင့် မည်သို့ ပြိုင်ဆိုင်နိုင်ပါမည်နည်း။ ဤသည်မှာ ကိုယ့်သေတွင်းကို ကိုယ်ရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
"ဟမ်..စီနီယာအစ်ကိုက ဘာကို သိသွားတာလဲ၊ အစ်ကို သိတာတွေကဘာလဲ"
"ယီယီ ပြောသလိုမျိုး မဟုတ်ပါဘူး။ ကျွန်မက သူ့လည်ပင်းကို ဓားနဲ့ထောက်ပြီး အတင်းအကျပ် ဖွင့်ပြောခိုင်းခဲ့တာ မဟုတ်ပါဘူး" လီဟန်ယီသည် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်လိုက်သည်။
"ဒါပေမယ့် ညီအစ်ကိုလီက ကျွန်တော့်ကို အဲဒီလို လိမ်ပြောမှာ မဟုတ်ပါဘူး..." ပိုင်လီတုန်းကျွင်းသည် လီကျန့်ယီ ရှိရာဘက်သို့ ပိုတိုးကပ်သွား၏။
"ဟမ်.. စီနီယာအစ်ကိုက ယီယီ ပြောတာကိုပဲ ယုံနေတာလား၊ ကျွန်မတကယ်ပဲ သူ့လည်ပင်းကို ဓားနဲ့ မထောက်ခဲ့ပါဘူး" လီဟန်ယီမှာ အနည်းငယ် ပျာယာခတ်သွားသည်။
"ဓားနဲ့တော့ မထောက်ပါဘူး... ဒါပေမယ့် ဟန်ယီ မင်းရဲ့ စကားလုံးတွေက လည်ပင်းကို ဓားနဲ့ထောက်တာထက်တောင် ပိုကြောက်ဖို့ ကောင်းနေတာ" လီကျန့်ယီသည် လီဟန်ယီ၏ ရက်စက်သော စကားလုံးများကို ပြန်လည် အမှတ်ရသွားကာ ကျောချမ်းသွားရသည်။
ပိုင်လီတုန်းကျွင်းက စပ်စုပြန်သည်။ "ဟင်..ဘာတွေ ပြောခဲ့လို့လဲ၊ တကယ်လို့ ကျွန်တော်ရဲ့ ရွဲ့ယောင်က နောက်ပိုင်းမှာ အဲဒီလို ပြောလာရင် ကျွန်တော် ကြိုတင် ပြင်ဆင်ထားလို့ ရတာပေါ့" ဟူ၍ ဖြစ်၏။
"သိချင်လား" လီကျန့်ယီက ပိုင်လီတုန်းကျွင်းကို လှမ်းကြည့်လိုက်သည်။
"သိချင်တာပေါ့၊ သိချင်တာပေါ့" ပိုင်လီတုန်းကျွင်းက စိတ်အားထက်သန်စွာ ခေါင်းငြိမ့်ပြသည်။
လီကျန့်ယီသည် ကြက်ပေါင်းကို တစ်ကိုက် ကိုက်လိုက်ပြီးနောက် လှောင်ပြုံးပြုံးကာ "သိချင်တာလား၊ မပြောပြဘူးဗျာ" ဟု ပြောလိုက်ပြီ လီကျန့်ယီသည် သူဘာသာ ဆက်လက် စားသောက်နေလိုက်သည်။ ပိုင်လီတုန်းကျွင်းမှာမူ လုံးဝ ဆွံ့အသွားရရှာ၏။
"သခင်လေးလီက ကျွန်တော်တို့က ညီအစ်ကို အရင်းအချာလိုပဲ မဟုတ်လား၊ မိန်းမတွေကို ကိုင်တွယ်တဲ့ နည်းလမ်းကောင်းတွေကို ဝေမျှသင့်တာပေါ့" ပိုင်လီတုန်းကျွင်းက စိတ်ပျက်လက်ပျက် အမူအရာဖြင့် လီကျန့်ယီကို ကြည့်လိုက်သည်။
"အို... မိန်းမကို ကိုင်တွယ်တဲ့ နည်းလမ်းလား၊ ကျွန်မ ရှင်နဲ့ လက်တောင် မထပ်ရသေးဘူးနော်" ရွဲ့ယောင်က ဘေးမှနေ၍ ပိုင်လီတုန်းကျွင်းကို စူးစူးဝါးဝါး ကြည့်လိုက်၏။
"အဲဒါက... အနာဂတ်မှာ ဖြစ်လာမှာ မဟုတ်လား" ပိုင်လီတုန်းကျွင်းက အရှက်မရှိ ပြုံးလျက် ပြောလိုက်သည်။
"ဟွန့်" ရွဲ့ယောင်က ပိုင်လီတုန်းကျွင်းကို မျက်စောင်းထိုးလိုက်ပြီး ဂရုမစိုက်တော့ပေ။
"ဒါနဲ့ စစ်ကုန်းချန်ဖုန်း ဘယ်မှာလဲ" လီကျန့်ယီသည် စစ်ကုန်းချန်ဖုန်း ရွှေလမြို့တော်သို့ ရောက်နေလောက်ပြီ ဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။
"ပိုင်ဟွာလော့က မိန်းကလေးဖုန်းကို သွားကြိုနေတယ်လေ" လီချန်းရှန်က ပြန်ဖြေလိုက်၏။
ထို့နောက် သူက ပိုင်လီတုန်းကျွင်းနှင့် လီဟန်ယီတို့ကို အဓိပ္ပာယ်ပါပါ ကြည့်လျက် "အခုကြည့်ရတာ ငါ့ရဲ့ တပည့်တွေ အားလုံးက ကိုယ့်လက်တွဲဖော် အသီးသီးကို ရှာတွေ့သွားကြပြီ ထင်တယ်" ဟု ပြောလေသည်။
"ဟုတ်ကဲ့၊ ဆရာခြေရာကို တပည့်တွေက နင်းကြတာပါ" ပိုင်လီတုန်းကျွင်းက မြှောက်ပင့်လိုက်သည်။
"ဆရာက ဘယ်လိုလဲ၊ တပည့်ကလည်း အဲဒီလိုပဲပေါ့" လော့ရွှေက ပိုင်လီတုန်းကျွင်းကို မရိုးသားသော အမူအရာဖြင့် ကြည့်လိုက်ပြီးမှ ရွဲ့ယောင်ဘက်သို့ လှည့်ကာ "ရွဲ့ယောင်... မင်း တုန်းကျွင်းကို အနီးကပ် စောင့်ကြည့်ထားတာ ပိုကောင်းမယ်နော်၊ မဟုတ်ရင် သူ မင်းကွယ်ရာမှာ တခြား မိန်းကလေး ဘယ်နှစ်ယောက်နဲ့ သွားတွေ့နေမလဲ မသိနိုင်ဘူး" ဟု မှာလိုက်၏။
ရွဲ့ယောင်က ခေါင်းအသာအယာ ငြိမ့်ကာ "ဟုတ်ကဲ့ပါ အကြီးအကဲလော့၊ ကျွန်မ စောင့်ကြည့်ထားပါ့မယ်"ဟု ကတိပေးလိုက်သည်။
ပိုင်လီတုန်းကျွင်း: "..."
မြှောက်ပင့်ဖို့ ကြိုးစားတာက ပြောင်းပြန် အကျိုးသက်ရောက်သွားရပြီ။
ဆရာ... ဆရာက ဘာတွေများ လုပ်ခဲ့လို့လဲ၊ ကျွန်တော်က မြှောက်ပင့်ပေးတာကို ဘာလို့ ကျွန်တော်ပဲ အပြစ်တင်ခံရတာလဲ၊ ပိုင်လီတုန်းကျွင်းမှာ စိတ်ထဲမှ မကျေမနပ် ဖြစ်နေသည်။
သို့သော်လည်း သူသည် အပြင်ထုတ် မပြောရဲဘဲ ရွဲ့ယောင်ကို ပြုံး၍သာ ကြည့်ကာ "စိတ်ချပါ ရွဲ့ယောင်၊ ငါ ပိုင်လီတုန်းကျွင်းက မင်းအပေါ်မှာပဲ လုံးဝ သစ္စာရှိမှာပါ" ဟု ရိုးသားသည့်မျက်နှာဖြင့် ပြောလိုက်သည်။
"အို... ဘယ်သူက ရှင့်ဆီက သစ္စာရှိမှု့ကို တောင်းလို့လဲ၊ ကျွန်မက ရှင်နဲ့ လက်ထပ်မယ်လို့ ဘယ်တုန်းကမှ သဘောမတူခဲ့ပါဘူး" ရွဲ့ယောင်က မျက်စောင်းထိုးလိုက်ပြန်သည်။
....
ညနေခင်း။
လီဟန်ယီနှင့် လီကျန့်ယီတို့သည် အတူတကွ ဓားသိုင်း လေ့ကျင့်နေကြသည်။ယနေ့သည် ပုံမှန်အတိုင်းပင် ဓားသိုင်းကို ဝီရိယရှိရှိ လေ့ကျင့်ရမည့် နေ့တစ်နေ့ ဖြစ်သော်လည်း မျှော်လင့်မထားဘဲ စစ်ကုန်းချန်ဖုန်းသည် ပိုင်ဟွာလော့မှ ပြိုင်ဘက်ကင်း အလှမယ် ဖုန်းချူးယွီကို ခေါ်ဆောင်လာသည်။
"စီနီယာအစ်မ"
မိမိထက်ပင် ငယ်ရွယ်သော မိန်းကလေးကို ကြည့်ကာ စစ်ကုန်းချန်ဖုန်းသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ ခေါ်လိုက်ရ၏။
"ဟွန့်.. ဆရာက ကျွန်မကို ဂိုဏ်းထဲ အရင်လက်ခံခဲ့တာ၊ ဒါကြောင့် ကျွန်မက မင်းရဲ့ စီနီယာအစ်မပဲ၊ ဘာလို့ စီနီယာအစ်မလို့ ခေါ်ဖို့ ဒီလောက်တောင် ဝန်လေးနေရတာလဲ" ဓားလေ့ကျင့်နေသော လီဟန်ယီလေးက နှာခေါင်းရှုံ့လိုက်သည်။
"ဆရာကလည်း တကယ်ပါပဲ၊ ဟန်ယီကို တပည့်အဖြစ် လက်ခံချင်ရင် ကျွန်တော့်ကို အရင် လက်ခံပေးလို့ မရဘူးလား" စစ်ကုန်းချန်ဖုန်းသည် စိတ်ထဲမှ ရေရွတ်လိုက်ပြီးမှ ပြုံးလျက် "စီနီယာအစ်မက အရမ်းသဘောကောင်းတာပဲ။ စီနီယာအစ်မရဲ့ စောင့်ရှောက်မှု့ကို ခံရတာ ကျွန်တော်အတွက် ဂုဏ်ယူစရာပါပဲ" ဟု ပြောလိုက်ရသည်။
"အဲ့လိုမှပေါ့" လီဟန်ယီသည် ဓားကို ချလိုက်ပြီး မြင်းပေါ်မှ အလှမယ်ကို ကြည့်လိုက်၏။
သူမသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ၊သူမ၏ ရင်ခွင်ထဲတွင်လည်း ကလေးငယ်တစ်ဦးကို ချီထားသေးသည်။
"ဖေဖေက ပိုင်ဟွာလော့ကို မကြာခဏ သွားတတ်တာ အံ့သြစရာ မဟုတ်တော့ဘူး၊ အစ်မဖုန်းက တကယ်ကို လှတာပဲ"
"ဒါနဲ့ အစ်မဖုန်း... အစ်မက ဘယ်လိုလုပ်ပြီး ဒီအူကြောင်ကြောင် မောင်လေးနဲ့ လက်ထပ်ဖို့ အလှည့်စား ခံလိုက်ရတာလဲ၊ ပြီးတော့... ပြီးတော့ကလေးတောင် ရှိနေပြီလား" ဖုန်းချူးယွီ၏ ရင်ခွင်ထဲမှ ကလေးငယ်ကို မြင်သောအခါ လီဟန်ယီ၏ လှပသော မျက်ဝန်းများမှာ ဝိုင်းစက်သွားရသည်။
"ဒါက... ဒါက... စီနီယာအစ်မ၊ ကျေးဇူးပြုပြီး ထပ်မမေးပါနဲ့တော့၊ အဲဒါက... ရှက်စရာကြီးပါ..." စစ်ကုန်းချန်ဖုန်းသည် ဖုန်းချူးယွီနှင့် သူတို့၏ အချစ်ဇာတ်လမ်းကို လီဟန်ယီအား မပြောရဲပေ။
" တတိယညီလေးက အောက်က၊ အစ်မဖုန်းက အပေါ်က ဖြစ်နေတာပဲ၊ ဒါက ဟန်ယီရေ မင်းငါ့အပေါ်ထားတဲ့ သဘောထားနဲ့တူပါတယ်" ရှက်နေသော စစ်ကုန်းချန်ဖုန်းကို ကြည့်ကာ လီကျန့်ယီက ရုတ်တရက် ဝင်ပြောလိုက်၏။
စစ်ကုန်းချန်ဖုန်း "..."
လီကျန့်ယီကို ကြည့်ကာ စစ်ကုန်းချန်ဖုန်းမှာ အံ့အားသင့်သွားပြီး
"စီနီယာအစ်မက ဘယ်လိုလုပ်လိုက်တာလဲ၊ သခင်လေးလီက စီနီယာအစ်မနဲ့ တကယ်ပဲတွဲနေတာလား၊သခင်လေးလီက စီနီယာအစ်မရဲ့ ဓားအောက်မှာ ကျရှုံးသွားတာလား"
"တတိယမောင်လေး... မင်း စကားကို ကောင်းကောင်း မပြောတတ်ဘူးလား၊ ဒါက မင်းရဲ့ စီနီယာအစ်မရဲ့ ဆွဲဆောင်မှု့ကြောင့် ဆိုတာ ထင်ရှားနေတာပဲ 'စီနီယာအစ်မရဲ့ ဓားအောက်မှာ' ဆိုတာက ဘာစကားလဲ"
လီဟန်ယီသည် မကျေမနပ်ဖြစ်ကာ စစ်ကုန်းချန်ဖုန်းကို ဓားဖြင့် ချိန်လိုက်သည်။
စစ်ကုန်းချန်ဖုန်း "..."
အခုမှပဲ ကျွန်တော် နားလည်သွားပါပြီ။ ဒါက ဒုတိယ စီနီယာအစ်မရဲ့ အချစ်နည်းလမ်း ဖြစ်ရမယ်။