ပညာရှိဟူသည် အလျှော့ပေးတတ်ရမည်
Vol. 11 Ch. 108
ညဉ့်နက်လာသည်နှင့်အမျှ ပုရစ်များ၏ အော်မြည်သံမှာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပျံ့လွင့်နေသည်။ မြို့စားမင်း၏ စံအိမ် ဧည့်ခန်းမဆောင်အတွင်း၌မူ လူများဖြင့် ပြည့်နှက်နေ၏။
ပိုင်လီတုန်းကျွင်းနှင့် ရွဲ့ယောင်တို့ ပြန်ရောက်လာပြီး စစ်ကုန်းချန်ဖုန်းနှင့် ဖုန်းချူးယွီတို့ကို မြင်သောအခါ ပိုင်လီသုန်းကျွင်းက ပြောလိုက်သည်။
"ညီလေး.. ငါတို့ စစ်သူကြီးလဲ့နဲ့အတူ ပိုင်ဟွာလော့ကို သွားတုန်းက မင်းက ရှက်တတ်တဲ့ လူငယ်လေးပဲ ရှိသေးတာ။ သုံးရက်အတွင်းမှာပဲ ငါတို့ထက်အရင် သမီးတစ်ယောက် ရနေလိမ့်မယ်လို့ လုံးဝ မထင်ထားမိဘူး။ မင်း တကယ်ကို ပြောင်းလဲသွားတာပဲ"
"အို... စီနီယာ အစ်ကိုကြီးရယ်၊ အဲဒါကို ထပ်မပြောပါနဲ့တော့။ အရင်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားမိရင်တောင် ရှက်ဖို့ကောင်းနေစဲပါ" ဟု စစ်ကုန်းချန်ဖုန်းက မျက်နှာနီမြန်းစွာဖြင့် ပြောလေသည်။
"အခုမှ ရှက်ပြနေတာလား" ပိုင်လီတုန်းကျွင်းက စနောက်လိုက်ပြီး "ရှက်တယ် ဟုတ်လား၊ အဲ့ဒါဆို သမီးတစ်ယောက်ကို ဘယ်လိုများ ခေါ်လာနိုင်ခဲ့တာလဲ"
"မင်းနဲ့ မိန်းကလေးဖုန်းတို့ နှစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ မင်းရဲ့ မူလသဘာဝအစစ်က ပေါ်လာတာပဲ မဟုတ်လား"
"စီနီယာ အစ်ကိုကြီး... လျှောက်မပြောပါနဲ့၊ မူလသဘာဝအစစ်က ပေါ်လာတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ၊ အဲဒါကို ပညာရှိဟူသည် အလျှော့ပေးတတ်ရမည်လို့ ခေါ်တာပါ" စစ်ကုန်းချန်ဖုန်းသည် အမြဲတစေ အလိုလိုက်တတ်သူ ဖြစ်သဖြင့် ဖုန်းချူယွီကဲ့သို့ အစပြု လှုပ်ရှားလာသည့် အလှလေးနှင့် ရင်ဆိုင်ရသောအခါ မငြင်းပယ်နိုင်ခဲ့ပေ။
အဆုံးတွင်မူ သူသာငြင်းခဲ့ရင် တိရစ္ဆာန်ထက်ပင် ပို၍ ဆိုးရွားသည့် အခြေအနေရောက်မည် မဟုတ်ပါလော။
"အို... ပညာရှိက အလျှော့ပေးတတ်တယ် ဟုတ်လား၊ မင်း ပြောပုံအရဆိုရင် မိန်းကလေးဖုန်းက ဦးဆောင်သူလုပ်ခဲ့ရတာပဲ" ပိုင်လီတုန်းကျွင်းက ပြုံးပြီးဝိုင်တစ်ငုံ သောက်လိုက်၏။
"ဟုတ်တယ်လေ... အဲဒီတုန်းက ရှင် တကယ် အလိုရှိနေခဲ့တာပဲကို။ ဒါပေမဲ့ ရှင်က လိုချင်တဲ့ စိတ်သာရှိပြီး သတ္တိမတော့မရှိဘူး" ဖုန်းချူးယွီက ပိုင်လီတုန်းကျွင်း၏ စကားကို ထောက်ခံလိုက်သည်။
"ကဲ... ကျွန်တော်နဲ့ ချူးယွီအကြောင်း ပြောတာ ရပ်ကြရအောင်၊ အဲ့ဒီတုန်းက ကျွန်တော့်ရဲ့ ရှုပ်ထွေးတဲ့ ကိစ္စတွေထဲမှာ ခင်ဗျားတို့အားလုံး ပါဝင်ခဲ့ကြတာပဲ မဟုတ်လား၊ ဒုတိယစီနီယာအစ်မ အကြောင်းကိုပဲ ပြောကြရအောင်"
ဒုတိယ စီနီယာအစ်မနှင့် သခင်လေးလီတို့ မည်သို့ ပေါင်းစည်းသွားကြသည်ကို စစ်ကုန်းချန်ဖုန်း အလွန် စိတ်ဝင်စားနေမိသည်။
"သခင်လေးလီက ငွေဖြုန်းတတ်တဲ့ မိန်းကလေးတွေကိုပဲ ကြိုက်တယ်လို့ သိုင်းလောကမှာ ကောလာဟလ ထွက်နေတာ မဟုတ်လား၊ ဘယ်လိုဖြစ်ပြီး ဒုတိယ စီနီယာအစ်မနဲ့ ရုတ်တရက်ကြီး ဖြစ်သွားရတာလဲ..." စစ်ကုန်းချန်ဖုန်းသည် စားသောက်နေကြသော လီကျန့်ယီနှင့် လီဟန်ယီတို့ကို ကြည့်ကာ မေးလိုက်သည်။
ပိုင်လီတုန်းကျွင်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "ညီလေး.. မမေးနဲ့တော့ သတိထားဦး၊ ဒုတိယ ညီမရဲ့ ဓားက လူရွေးတာ မဟုတ်ဘူးနော်"
ထိုစကားကို ကြားသောအခါ စစ်ကုန်းချန်ဖုန်းက ခေါင်းခါယမ်းလိုက်ပြီး "ဒုတိယ စီနီယာအစ်မရဲ့ ဓား ထက်ပုံကိုတော့ ကျွန်တော် သိတာပေါ့"
သို့သော် သခင်လေးလီ၏ ဓားကရော မထက်မြက်ဘဲ နေမည်လော၊
လီဟန်ယီသည် သူမ၏ အလှတရားကို အသုံးပြု၍ လီကျန့်ယီအပေါ် သြဇာလွှမ်းမိုးလိုလျှင် လီကျန့်ယီဘက်ကလည်း စိတ်ဝင်စားမှု ရှိနေရပေမည်။ သို့မဟုတ်ပါက လီဟန်ယီသည် နတ်ဘုရားမတစ်ပါးကဲ့သို့ လှပနေစေကာမူ လီကျန့်ယီ၏ နှလုံးသားကို သိမ်းပိုက်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
"ဒါနဲ့ ငါ မေးချင်တာက သခင်လေးလီက ဒုတိယ အစ်မအပေါ်မှာ ဘယ်အရာကို ချစ်မိသွားတာလဲ"
စစ်ကုန်းချန်ဖုန်း မေးလိုက်သည်နှင့် လူတိုင်း၏ အကြည့်မှာ လီကျန့်ယီနှင့် လီဟန်ယီတို့ဆီသို့ ရောက်ရှိသွားကြသည်။ မိန်းကလေးငယ် လီဟန်ယီမှာ ရှက်သွေးဖြာသွားကာ စစ်ကုန်းချန်ဖုန်းတို့နှင့်အတူ လီကျန့်ယီကိုသာ ဝိုင်းကြည့်နေတော့သည်။
ဖိအားများအားလုံးမှာ လီကျန့်ယီအပေါ်သို့ ကျရောက်လာခဲ့၏။
"ငါက ဟန်ယီအပေါ် ဘယ်အရာကို ချစ်မိသွားစေတာလဲ ဟုတ်လား" လီကျန့်ယီက ရေရွတ်လိုက်ပြီးနောက် "အဲဒါကတော့ ဟန်ယီက ငါ့အပေါ် ထားတဲ့ ကြင်နာမှု့တွေနဲ့ ငါ့ကို လက်ထပ်ဖို့ သူမရဲ့ မဆုတ်မနစ် ကြိုးစားမှုတွေကြောင့်ပါပဲ။ ဟန်ယီရဲ့ ဇွဲလုံ့လနဲ့ စေတနာကို ကြည့်ပါဦး၊ဟန်ယီဟာ ငါ့ တစ်သက်လုံး ကာကွယ်ပေးသွားရမယ့် အမျိုးသမီးတစ်ယောက်လို့ ငါ ခံစားမိတယ်"
"ဟုတ်တယ်... အဲဒါပဲ"
လီကျန့်ယီ စကားပြောပြီးနောက် စပ်စုလိုနေကြသော လူအုပ်ကြီးကို ပြန်ကြည့်လိုက်သည်။
"ပြောရရင်တော့ ဒုတိယ ညီမက တကောက်ကောက်လိုက်ခဲ့ တာကြောင့် သခင်လေးလီက ဒုတိယ ညီမကို ချစ်သွားတာပေါ့" ဟု ပိုင်လီတုန်းကျွင်းက ပြောလိုက်သည်။
နောက်တစ်စက္ကန့်တွင် လီဟန်ယီ၏ မိုးစက်နာခံဓားမှာ ပိုင်လီတုန်းကျွင်း၏ ဦးခေါင်းပေါ်တွင် ဝဲပျံနေသဖြင့် ပိုင်လီတုန်းကျွင်းမှာ ထိတ်လန့်သွားရ၏။
"မောင်လေး... ငါတို့ အစ်ကိုကြီးအတွက် အဲ့ဒီစကားရဲ့ အဓိပ္ပာယ်ကို ထပ်ပြောပြလိုက်ပါဦး" လီဟန်ယီက စစ်ကုန်းချန်ဖုန်းကို မျက်စိတစ်ဖက်မှိတ်ပြကာ ပြောလိုက်သည်။
စစ်ကုန်းချန်ဖုန်းမှာ အတွေ့အကြုံ ရှိသူပီပီ ချက်ချင်းပင် မြှောက်ပင့်ပြောဆိုတော့သည် ။"စီနီယာ အစ်ကိုကြီး ပြောတာက တကယ်ကို ရိုင်းလွန်းပါတယ်"
" ဒုတိယ စီနီယာအစ်မ လုပ်ခဲ့တာကို တကောက်ကောက် လိုက်တယ်လို့ ခေါ်သလား။အဲ့ဒါကို စစ်မှန်တဲ့ အချစ်အတွက် မယိမ်းမယိုင် ဆက်ကပ်အပ်နှံမှု့နဲ့ ဇွဲလုံ့လလို့ ခေါ်တာပါ။ဒုတိယ စီနီယာအစ်မရဲ့ စွဲမြဲတဲ့ ချစ်ခြင်းမေတ္တာသာ မရှိရင် သခင်လေးလီနဲ့ ဘယ်လို ပေါင်းဖက်နိုင်ပါ့မလဲ။ဒါကြောင့် ဒုတိယ စီနီယာအစ်မနှင့် သခင်လေးလီတို့၏ ဇာတ်လမ်းမှာ အချစ်ကို ရှာဖွေရာတွင် ဇွဲရှိရန်၊ သစ္စာရှိရန်နှင့် မြဲမြံစွာ ချစ်မြတ်နိုးရန် လိုအပ်ကြောင်း သင်ခန်းစာပေးနေခြင်းပဲ၊ဒါက ချီးကျူးဂုဏ်ပြုသင့်သည့် အချစ်ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်တယ်"
ပိုင်လီတုန်းကျွင်း "..."
အချစ်ဇာတ်လမ်းတွေ ဘာတွေ လာမလုပ်နဲ့၊ ခေါင်းပေါ်က ဓားကမှ တကယ့် အချစ်ဇာတ်လမ်း အစစ်ပါပဲ။
ပိုင်လီတုန်းကျွင်းက ခဏတာ ညည်းတွားပြီးနောက် ရယ်မောကာ ပြောလိုက်သည်။"ညီလေး ပြောတာ မှန်တယ်၊ အစ်ကိုကြီးကအပေါ်ယံကို ကြည့်ပြီး ဒုတိယ ညီမကို စိတ်ဆိုးအောင် လုပ်မိတာပါ"
"ဒုတိယ ညီမလေး... မင်းရဲ့ ချစ်ခြင်းမေတ္တာအတွက် အစ်ကိုကြီးက တောင်းပန်ပါတယ်၊ ဒီတစ်ကြိမ်တော့ ငါ့ကို ကရုဏာသက်ပြီး ခွင့်လွှတ်ပေးပါဦး"
"ဟွန့်..နောက်တစ်ခါ ထပ်လုပ်ရဲ လုပ်ကြည့်လေ၊ ယီယီကို ခိုင်းပြီး ရှင့်ကို ရိုက်ခိုင်းလိုက်မယ်" လီဟန်ယီသည် သူမ၏ မိုးစက်နာခံဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်ပြီး လီကျန့်ယီကို မှီကာ ချိုသာစွာ ပြုံးပြလိုက်သည်။
သူမကို ကြည့်ရင်း ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့မှာ သူမသည် နူးညံ့သိမ်မွေ့သော အမျိုးသမီးငယ်လေးတစ်ဦးသာ ဖြစ်သည်ဟု ခံစားနေရသည်။ သို့သော်... ထိုအရာမှာ အပေါ်ယံသာ ဖြစ်၏။လီဟန်ယီ၏ ကျင့်ကြံမှုအဆင့်မှာ သူတို့ထက် မြင့်မားနေသဖြင့် သူတို့မှာ ငြိမ်ကုတ်နေကြရသည်။
လီကျန့်ယီသည် အားကိုးထိုက်သော လီဟန်ယီကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။အဓိက အကြောင်းရင်းမှာ ပြတ်သားသော လီဟန်ယီက သူကို ထူးခြားသော ခံစားချက်ကို ပေးစွမ်းနိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် လီဟန်ယီသည် သန်မာသကဲ့သို့ နူးညံ့သိမ်မွေ့သည့် အချိန်လည်း ရှိသည်။
ထို့ကြောင့် ဟန်ယီတစ်ယောက်တည်းမှာပင် အလှတရား နှစ်မျိုးကို ပိုင်ဆိုင်ထားသည့် မိန်းမလှ နှစ်ယောက်နှင့် လက်ထပ်လိုက်ရသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။ ဤသည်မှာ အလွန်ပင် တန်လှသည်။
...
နောက်တစ်နေ့တွင် ဓားနှလုံးဂူဗိမာန်မှ ပညာဖလှယ်ရေး ကျောင်းသား လီကျန့်ယီသည် ရွှေလမြို့တော်သို့ ရောက်ရှိနေသည်မှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်သည်။ သူသည် လီဟန်ယီနှင့်အတူ ပျော်ပျော်ပါးပါး လည်ပတ်ခဲ့ပြီးနောက် သူ၏ ဓားပညာ ပိုမိုတိုးတက်စေရန် ကြိုးစားအားထုတ်ရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"ဟန်ယီ... ငါ ချန်းစန်းတောင်ကို သွားပြီး ဓားကျင့်မလို့။ အဲဒီနေရာက တိတ်ဆိတ်တယ်"
မနက်စာ စားပြီးနောက် လီကျန့်ယီသည် ကျီရွှယ်ကို ချီကာ ချန်လော့နှင့် ကစားနေသော လီဟန်ယီကို ကြည့်၍ ပြောလိုက်သည်။
"ဒါဆို... ကျွန်မလည်း လိုက်မယ်လေ" လီဟန်ယီသည် ချက်ချင်းပင် ကျီရွှယ်ကို ချလိုက်ပြီး လီကျန့်ယီနှင့်အတူ ချန်းစန်းတောင်သို့ လိုက်ပါရန် ပြင်ဆင်တော့သည်။
"ကောင်းပြီလေ" လီကျန့်ယီက အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
ထို့နောက်တွင် သူတို့နှစ်ဦးမှာ ချန်းစန်းတောင်သို့ ဦးတည် ထွက်ခွာသွားကြတော့သည်။ထိုအခြင်းအရာကို မြင်သောအခါ မြို့တော်ဝန် စံအိမ်ဝင်းအတွင်းရှိ ပိုင်လီတုန်းကျွင်းနှင့် စစ်ကုန်းချန်ဖုန်းတို့က "ဒီဇနီးမောင်နှံက မနက်စောစောစီးစီး နှစ်ယောက်တည်း ရှိချင်နေကြတာလား၊တကယ့်ကို အရှက်မရှိကြဘူးပဲ"ဟု ပြောနေကြသည်။
"တုန်းကျွင်း... မင်း ဘာတွေ ပြောနေတာလဲ၊ ဟန်ယီနဲ့ ယီယီက တကယ်ပဲ ဓားပညာ သွားကျင့်ကြတာပါ" လီချန်းရှန်က စစ်ကုန်းချန်ဖုန်းကို မျက်စောင်းထိုးကာ ပြောလိုက်ပြီး "မင်းတို့လည်း အမြန်သွားပြီး ကျင့်ကြံကြတော့။ မဟုတ်ရင် သူတို့နှစ်ယောက်ကို မယှဉ်နိုင်ဘဲ နေလိမ့်မယ်"
"ဟုတ်ကဲ့ပါ" ပိုင်လီတုန်းကျွင်းမှာ မချိပြုံးဖြင့် ကျင့်ကြံရန် ထွက်သွားတော့သည်။
"ဒါနဲ့.. မင်းလည်း မင်းရဲ့ အရည်အချင်းတွေကို လျော့မသွားစေနဲ့ဦး၊ သွားပြီး ကျင့်ကြံတော့၊ မဟုတ်ရင် နောင်ကျရင် မင်းရဲ့ သမီးနဲ့ ဇနီးကို ဘယ်လို ကာကွယ်ပေးမလဲ" ပိုင်လီတုန်းကျွင်းကို ဆုံးမပြီးနောက် လီချန်းရှန်က စစ်ကုန်းချန်ဖုန်းကို ကြည့်ကာ ပြောလိုက်ပြန်သည်။
"ဟုတ်ကဲ့ပါ ဆရာ" စစ်ကုန်းချန်ဖုန်းသည်လည်း ပိုင်လီတုန်းကျွင်း နောက်သို့ ချက်ချင်း လိုက်သွားလေသည်။
သူတို့ ထွက်သွားသည်ကို ကြည့်ရင်း လီချန်းရှန်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည် ။"ဘယ်သူမှ ယီယီလောက် ဝီရိယ မရှိကြဘူး၊ ပညာဖလှယ်ရေး ကျောင်းသား ဖြစ်နေတာတောင် ယီယီက ဓားကျင့်ကြံဖို့ မပျက်ကွက်ဘူး၊သူက တကယ့်ကို စည်းကမ်းရှိတာပဲ"
"နှမြောစရာကောင်းလိုက်တာ... ငါတို့ကြားမှာ ဆရာတပည့် ရေစက် မပါလာခဲ့ဘူး"