← Chapters

သေခြင်းတရားကို ရင်ဆိုင်၍ အသက်ရှင်နေသေးသော ဝမ်သခင်

Vol. 11 Ch. 110

သေခြင်းတရားကို ရင်ဆိုင်၍ အသက်ရှင်နေသေးသော ဝမ်သခင်

Vol. 11 Ch. 110

"အချစ် ဟုတ်လား"

"ဝမ်သခင်... ခင်ဗျား သွားပြီး အလှူခံတာကမှ ပိုသင့်တော်ပါလိမ့်မယ်"

ချင်းချန်တောင်မှ နာမည်ပျက်ဖြင့် ကျော်ကြားသော ဤတာအိုဝတ်စုံဝတ်ကို မည်သည့်အမျိုးသမီးကမှ စိတ်ဝင်စားရဲလိမ့်မည်ဟု လီကျန့်ယီ က မထင်‌ပေ။ သူသည် ရုပ်ရည်မဆိုးသော်လည်း သူ၏ ဂုဏ်သိက္ခာကိုမူ သူကိုယ်တိုင်ပင် ဖျက်ဆီးထားပြီး ဖြစ်သည်။

"ဘာလို့လဲ၊ ကျွန်တော် အလှူခံတာနဲ့ အချစ်နဲ့က ပဋိပက္ခဖြစ်နေတယ်လို့ သခင်လေးလီ ထင်နေတာလား" ဝမ်ရိရှင်းက နှိမ့်ချကာ ပညာလိုလားသော ဟန်ပန်ဖြင့် မေးလိုက်၏။

"ဒါက ပဋိပက္ခဖြစ်ရုံတင် မကဘူး။ သိုင်းလောကမှာ အိမ်ထောင်ဖက် ရှာဖွေနိုင်ခွင့်ကို လုံးဝ ဆုံးရှုံးသွားတာလို့တောင် ပြောလို့ရတယ်" လီကျန့်ယီက မျက်စောင်းထိုးလိုက်သည်။

ပိုင်ရှောင်တန်၏ နံနက်ခင်းသတင်းစာထဲတွင် ဝမ်ရိရှင်း၏ သတင်းများမှာ အလွန်ပင် စိတ်ဝင်စားဖို့ကောင်းလှ၏။ သိုင်းလောကထဲရှိ လူတိုင်းမှာ ဝမ်ရိရှင်းက မည်သူဖြစ်သည်၊ ဘာတွေလုပ်ခဲ့သည်ကို သိရှိနေကြပြီ ဖြစ်သည်။ သို့မဟုတ်ပါက လွန်ခဲ့သောရက်က နံနက်ခင်းသတင်းစာ၏ မျက်နှာဖုံးတွင် ဝမ်ရိရှင်း ပါလာစရာ အကြောင်းမရှိပေ။

"တကယ်လား၊ ဘာလို့ ကျွန်တော်ကျတော့ ဘာမှ မခံစားရပါလိမ့်" ဝမ်ရိရှင်းက အလွန်အမင်း စိတ်ပျက်သွားသည့်ဟန်ဖြင့် မေးလေသည်။

"ဟဲဟဲ... စီနီယာအစ်ကိုက သတိမမူမိတာမဟုတ်ဘူး၊ အစ်ကိုက အဲ့ဒါကို ကျင့်သားရနေပြီလေ" ဟု ဘေးမှ ကျောက်ယုကျန်းက လှောင်ပြောင်လိုက်၏။

"အဲဒါ တကယ်လား" ဝမ်ရိရှင်းက လူတိုင်းကို လှည့်ကြည့်လိုက်သည်။

လူတိုင်းက တစ်ညီတစ်ညွတ်တည်း "ဟုတ်တယ်" ဟု ပြန်ဖြေကြလေသည်။

"အင်း... ဒါဆိုရင်တော့ နောင်ကျရင် ကျွန်တော် အလှူပဲ ခံရတော့မှာပေါ့၊ အချစ်နဲ့ကတော့ ကံမပါဘူးလို့ပဲ သတ်မှတ်ရတော့မယ်"

အဆုံးတွင်မူ ငါသည် မိန်းမဗိုလ်တစ်ယောက် ဖြစ်လာရန် ကံပါလာသူ မဟုတ်ပါလော။

"နောက်ဆုံးတော့လည်း လူဟာ အရာအားလုံးကို တစ်ပြိုင်နက် မပိုင်ဆိုင်နိုင်ပါဘူးလား" ဝမ်ရိရှင်းက ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်ပြန်သည်။

လီကျန့်ယီ "..."

လူတိုင်း "..."

"ကဲ... စီနီယာအစ်ကို အရှက်ခွဲတာ တော်လောက်ပြီ။ အခု ပါးစပ်ပိတ်ထားဖို့ အချိန်ရောက်ပြီ" ကျောက်ယုကျန်းက လူထင်ပေါ်အောင် လုပ်တတ်သော ဝမ်ရိရှင်းကို ဘေးသို့ ဆွဲခေါ်သွားတော့သည်။

သူ၏ မိတ်ဆွေဟောင်း၏ သမီးမှာ လှပပြီး အရပ်ရှည်သော အမျိုးသမီးငယ်တစ်ဦးအဖြစ် ကြီးပြင်းလာသည်ကို မြင်သောအခါ လျူယဲ့က စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်မိသည်။ "ဟန်ယီ... မင်း တကယ်ကို ကြီးလာပြီပဲ"

"နေကောင်းလား စီနီယာအစ်ကို လျူယဲ့" လီဟန်ယီက ပြုံး၍ နှုတ်ဆက်လိုက်၏။

"စီနီယာအစ်ကို... အစ်ကိုကြီးလို့ ခေါ်ရမှာ မဟုတ်ဘူးလား" လျူယဲ့မှာ မှင်တက်သွားရသည်။

"ကျွန်မရဲ့ ဆရာက လီချန်းရှန်လေ" မိန်းကလေးငယ် လီဟန်ယီက နောက်ပြောင်သော အမူအရာဖြင့် ပြုံးလိုက်၏။

"ဆရာလီပေါ့၊ သူက တကယ်ပဲ ကျီးရှားကျောင်းတော်က ငါတို့ တပည့်တွေကို ပစ်ပယ်ပြီး ရွှေလမြို့တော်ကို လာပြီး ပိုင်လီတုန်းကျွင်းနဲ့ ဟန်ယီကို တပည့်အဖြစ် လက်ခံလိုက်တာပဲ" လီချန်းရှန်ကို ပြန်တွေ့ရမည်ကို တွေးမိကာ လျူယဲ့မှာ စိတ်လှုပ်ရှားသကဲ့သို့ သက်ပြင်းလည်း ချမိသည်။

"ဟုတ်တယ်၊ ပြီးတော့ ကျွန်မတို့ရဲ့ တတိယ ညီငယ် စစ်ကုန်းချန်ဖုန်းလည်း ရှိသေးတယ်" ဟု လီဟန်ယီက ပြုံးလျက် ပြောသည်။

"ဟင်း... ငါ့ရဲ့ အဆင့်အတန်းက ရုတ်တရက်ကြီး နိမ့်ကျသွားတာပဲ။ ကောင်းပြီလေ... ညီမလေးလို့ပဲ သတ်မှတ်ရမှာပေါ့" လျူယဲ့က ထိုအဖြစ်မှန်ကို မတတ်သာဘဲ လက်ခံလိုက်ရတော့သည်။

သို့သော် ဘေးတွင် ရပ်နေသော ရင်လော့ရှားကမူ လက်မခံနိုင်ပေ။

"ဒါဆို... ဒါဆိုရင် ညီမဟန်ယီက ကျွန်မရဲ့ အဒေါ် ဖြစ်သွားတာပေါ့"

"ရဲတင်းလှချည်လား၊ ငါ့ကို 'ညီမဟန်ယီ လို့ ဘယ်လိုများ ခေါ်ရဲတာလဲ၊ ငါ့ရဲ့ ယီယီတစ်ယောက်ပဲ အဲဒီလို ခေါ်ခွင့်ရှိတာ"

"မင်း ငါ့ကို '‌ ဒေါ်လေး' လို့ ကောင်းကောင်းမွန်မွန် မခေါ်ချင်ဘူးလား" လီဟန်ယီသည် ရင်လော့ရှား ငယ်စဉ်က သူမ၏ အစ်မဖြစ်ချင်ခဲ့သော ဆန္ဒကို ပြန်လည်အမှတ်ရကာ ချက်ချင်းပင် ရန်လိုစွာပြောလိုက်သည်။

ရင်လော့ရှားထက် သူမက အသက်ကြီးသော်လည်း ရင်လော့ရှားက သူမကိုယ်သူမ သိုင်းလောကတွင် အတွေ့အကြုံ ပိုများကြောင်းနှင့် ပိုမိုသိမြင်ကြောင်း အခိုင်အမာ ပြောဆိုကာ အစ်မဖြစ်ချင်နေခဲ့ခြင်း ဖြစ်သည်။

မင်းရဲ့ စီနီယာက မင်းရှေ့မှာပဲ ရှိနေတာကို မသိဘူးလား၊ ရင်လော့ရှား... မင်းက ညီမလေး အဆင့်ပဲ ရှိပါသေးတယ်။

"ဟွန့်...စိတ်တောင်မကူးနဲ့" ရင်လော့ရှားက သူမ၏ လက်နှစ်ဖက်ကို ပိုက်ကာ ခေါင်းကို မော့လျက် ထောင်ထောင်လွှားလွှား ပြောလိုက်၏။

သိသာသည်မှာ သူမသည် လီဟန်ယီကို သူမ၏ စီနီယာအဖြစ် အသိအမှတ်ပြုရန် အစီအစဉ်မရှိခြင်းပင်။

"မခေါ်ဘူးပေါ့၊ ငါ ဒီနေ့ ငါ့စီနီယာအစ်ကိုအတွက် တပည့်တွေကို ဆုံးမပြမယ်" လီဟန်ယီက မျက်မှောင်ကြုတ်ကာ မိုးစက်နာခံဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

"ဟွန့်.. ဘယ်သူက ဘယ်သူကို ကြောက်နေလို့လဲ" ရင်လော့ရှားကလည်း သူမ၏ ကြာပွတ်ရှည်ကို ထုတ်လိုက်ကာ မခန့်လေးစား မျက်နှာဖြင့် ပြန်ပြောလိုက်၏။

အမျိုးသမီးနှစ်ဦးမှာ တိုက်ခိုက်တော့မည့်ဟန် ပြင်နေစဉ်မှာပင် လျူယဲ့နှင့် လီကျန့်ယီတို့က တစ်ယောက်စီကို ဆွဲခေါ်သွားကြသည်။

အမျိုးသမီးနှစ်ဦး စိတ်အေးသွားပြီးနောက် လီကျန့်ယီက လူတိုင်းကို ချန်းစန်းတောင်ရှိ သစ်ရွက်မိုးတဲလေးအတွင်း၌ ဆက်လက် စကားပြောဆိုရန် ဖိတ်ခေါ်လိုက်သည်။

သစ်ရွက်မိုးတဲလေးမှာ အလွန်မကျယ်ဝန်းဘဲ စတုရန်းမီတာ (၄၀) သို့မဟုတ် (၅၀) ခန့်သာ ရှိသော်လည်း ဧည့်သည်အချို့ကို လက်ခံရန်အတွက်မူ လုံလောက်သည်။

"သခင်လေးလီ... ခင်ဗျားနဲ့ မိန်းကလေးလီက များသောအားဖြင့် ဒီမှာပဲ နေတာလား" ဝမ်ရိရှင်းက မီးဖိုအနီးတွင် ထိုင်ကာ လက်များကို နွေးအောင် လုပ်ရင်း မေးလိုက်သည်။

"ယီယီနဲ့ ကျွန်မနဲ့က အတူမနေပါဘူး"

လီကျန့်ယီ မဖြေကြားမီမှာပင် ရှက်ရွံ့နေသော လီဟန်ယီက ခေါင်းခါယမ်းကာ ပြောလိုက်၏။

"ဟေး... မိန်းကလေးလီ၊ ဟန်မဆောင်ပါနဲ့တော့။ မိန်းက‌လေးနဲ့ သခင်လေးလီတို့ရဲ့ အချစ်ဇာတ်လမ်းကို မိန်းကလေးရဲ့ စီနီယာအစ်ကိုက ကျွန်တော်တို့ကို ပြောပြပြီးပါပြီ" လီဟန်ယီ မျက်နှာနီမြန်းသွားသည်ကို မြင်သောအခါ ပိုင်လီတုန်းကျွင်း ပြောခဲ့သည်မှာ အမှန်ဖြစ်ကြောင်း ဝမ်ရိရှင်း သိလိုက်ရသည်။

သူ၏ မိတ်ဆွေကောင်း လီကျန့်ယီသည် သူ၏ ကံပါလာသော ဖူးစာရှင်နှင့် တကယ်ပင် ဆုံတွေ့ခဲ့ပြီ ဖြစ်ပုံရသည်။

"ကျွန်မ ပြောပြီးပြီပဲ... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ယီယီနဲ့ အတူမနေရ‌ သေးဘူး" လီဟန်ယီက ထပ်လောင်း အလေးပေး ပြောလိုက်သည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ... သခင်လေးလီနဲ့ အတူမနေဘူးပေါ့" ဝမ်ရိရှင်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ လီဟန်ယီမှာ ရှက်ရွံ့နေပြီး ဝန်မခံချင်သေးခြင်းသာ ဖြစ်သည်ဟု သူက တွေးမိနေခြင်း ဖြစ်၏။

ဝမ်ရိရှင်း ဘာတွေးနေသည်ကို လီကျန့်ယီက သဘာဝအတိုင်း သိရှိသဖြင့် တည်တည်တံ့တံ့ပင် ပြောလိုက်သည် ။"ဝမ်သခင်... ဟန်ယီနဲ့ ကျွန်တော်က လက်မထပ်ရသေးဘူးလေ။ ဒါကြောင့် သဘာဝအတိုင်း အတူမနေကြပါဘူး၊ဒီနေ့ ချန်းစန်းတောင်မှာ ဟန်ယီနဲ့ ကျွန်တော်က ဓားပညာ လေ့ကျင့်နေကြတာပါ။ ဒီတဲလေးက ယာယီ အနားယူတဲ့ နေရာလေးပါပဲ။ ဒီညတော့ မြို့တော်ဝန် စံအိမ်မှာပဲ အနားယူကြမှာ"

"ဪ... ဒါမျိုးလား" ဝမ်ရိရှင်း၏ အပြုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ အဆုံးတွင်မူ လော့ယန်လုနှင့် ဖြစ်ပျက်ခဲ့သည့် အတွေ့အကြုံများအရ အမျိုးသမီးများသည် သူတို့၏ ဂုဏ်သိက္ခာကို အလွန်အလေးထားကြောင်း သူ သိရှိထားပြီး ဖြစ်သည်။

လီကျန့်ယီနှင့် လီဟန်ယီတို့မှာ အတူမနေကြသေးသဖြင့် သူတို့၏ ဆက်ဆံရေးကို သူက လေးစားမှု့ ပေးရပေမည်။

"ဟုတ်တယ်၊ အဲဒါပဲ" ဝမ်ရိရှင်းက လျှာအရိုးမရှိ စကားပြောခြင်းကို ရပ်တန့်သွားသည်ကို မြင်သောအခါ လီကျန့်ယီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ထို့နောက် သူက သတိပေးချက်တစ်ခုကို ထပ်လောင်း ပြောလိုက်၏။

"ဒါနဲ့ ဝမ်သခင်... ခင်ဗျားနဲ့ ခင်ဗျားရဲ့ ညီလေးက အခု ချင်းချန်တောင်ရဲ့ နတ်ဘုရားဆရာတွေထဲမှာ ပါဝင်နေပြီလို့ ကျွန်တော် ကြားတယ်။ ဒါက အရင်လို မဟုတ်တော့ဘူး။ အခု ခင်ဗျားတို့ရဲ့ အပြောအဆိုနဲ့ အပြုအမူတွေက ချင်းချန်တောင်ကို ကိုယ်စားပြုနေတာ။ ဒါကြောင့် ဝမ်သခင် အနေနဲ့ နောင်ကျရင် ပိုပြီးတော့ ထိန်းထိန်းသိမ်းသိမ်း နေသင့်တယ်"

"ဒါပေါ့ ဒီတစ်ခေါက် ရွှေလမြို့တော် ခရီးစဉ် ပြီးသွားရင် ကျွန်တော် တောင်ပေါ်ကနေ ဆင်းဖြစ်တော့မှာ မဟုတ်ပါဘူး" ဝမ်ရိရှင်းက အနည်းငယ် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဟေး... ကျွန်တော်က ခင်ဗျားကို အနေအထိုင် ဆင်ခြင်ဖို့ ပြောတာပါ ဝမ်သခင်။ တောင်ပေါ်ကနေ လုံးဝ မဆင်းတော့ဘူးလို့ ပြောလောက်အောင်အထိ သတိထားခိုင်းတာ မဟုတ်ပါဘူး။ ခင်ဗျားက တကယ်ကို ခေါင်းမာတဲ့လူပဲ" လီကျန့်ယီက အနည်းငယ်‌တွေဝေစွာ ပြောလိုက်၏။

"ဟဲဟဲ... သခင်လေးလီက ကျွန်တော့်ကို ချစ်နေသေးမှန်း ကျွန်တော် သိသားပဲ" ဝမ်ရိရှင်းက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်ပြန်သည်။

လီကျန့်ယီ - "..."

"တော်ပြီ... ခုနက ပြောတာကို ငါ ပြန်ရုပ်သိမ်းတယ်" လီကျန့်ယီက မျက်စောင်းထိုးလိုက်၏။

ထို့နောက် သူသည် လူတိုင်းကို လက်ဖက်ရည် တစ်ခွက်စီ ငှဲ့ပေးကာ သိုင်းလောကအနှံ့ လှည့်လည်စဉ် ကြုံတွေ့ခဲ့ရသော ထူးဆန်းအံ့သြဖွယ် ဇာတ်လမ်းများကို နားထောင်နေတော့သည်။

လျူယဲ့နှင့် ရင်လော့ရှားတို့၏ ခရီးစဉ်များမှာ အတော်အတန် ပုံမှန်ရှိသော်လည်း၊ ကျောက်ယုကျန်းနှင့် ဝမ်ရိရှင်းတို့ကမူ တကယ်ပင် ထင်ရှားသူများ ဖြစ်ကြရာ သူတို့ ရောက်လေရာတွင် တစ်ခုခု အမြဲ ဖြစ်ပျက်လေ့ရှိပေသည်။

ဥပမာအားဖြင့်... ထျန်ချီမြို့သို့ ပထမဆုံးအကြိမ် သွားသောအခါ မင်းသားရှစ်ပါး စစ်ပွဲနှင့် ကြုံခဲ့ရခြင်း၊ ရှို့ရွှေစံအိမ်သို့ သွားသောအခါ လော့မိသားစု၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံရခြင်း၊ ဝူရွှမ်းမြို့သို့ သွားသောအခါ စုန့်ယန်ကို ဓားထုတ်လာအောင် ဆွပေးခဲ့ခြင်းနှင့် လဲ့မိသားစု သို့ သွားသောအခါ လဲ့မိသားစု၏ မိုးကြိုးပစ်ခတ်မှု့များကို ခံခဲ့ရခြင်း အတိုချုပ်ပြောရလျှင် ဝမ်ရိရှင်းနှင့် ကျောက်ယုကျန်းတို့၏ သိုင်းလောက အတွေ့အကြုံများမှာ သေခြင်းနှင့် ရှင်ခြင်းကြား တစ်ကြိမ်ပြီးတစ်ကြိမ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပြီး၊ ယနေ့အထိ သူတို့ အသက်ရှင်နေခြင်းမှာ တကယ်ပင် ထူးခြားအံ့သြဖွယ် ကောင်းလှသည်။

"ဝမ်သခင်နဲ့ ကျောက်သခင်တို့က တကယ်ကို ကျွန်တော်တို့အတွက် စံပြပုဂ္ဂိုလ်တွေပါပဲ၊ ကျွန်တော် တကယ်ကို လေးစားမိပါတယ်" လီကျန့်ယီသည် သူ၏ ရှေ့တွင် အသက်ရှင်လျက် ရပ်နေနိုင်သော ထိုလူနှစ်ဦးကို အထူးပင် လေးစားသမှု့ပြုလိုက်သည်။

"အို... ဒါက မပြောပလောက်ပါဘူး" ဝမ်ရိရှင်းက ဂရုမစိုက်ဟန်ဖြင့် လက်ဝေ့ယမ်းကာ ပြော၏။

လီကျန့်ယီ ထိုအမူအရာကို မြင်သောအခါ သူကို လက်သီးဖြင့် ထိုးချင်စိတ် ပေါက်သွားသော်လည်း၊ လာသမျှလူမှာ ဧည့်သည်များ ဖြစ်သဖြင့် ကြင်နာစွာပင် လွှတ်ပေးလိုက်တော့သည်။

"သခင်လေးလီ... အခု ကျွန်တော်တို့ရဲ့ ဇာတ်လမ်းတွေကို ကြားပြီးပြီဆိုတော့ ခင်ဗျားရဲ့ ဇာတ်လမ်းကိုလည်း ပြောပြသင့်တယ် မဟုတ်လား"

"ဥပမာအားဖြင့်... ခင်ဗျား တကယ်ပဲ ဒီလို ကြမ်းတမ်းတဲ့ အမျိုးသမီးကို ကြိုက်တာလား၊ ညီမလေး..." ဝမ်ရိရှင်းနှင့် စကားပြောပြီးနောက် ရင်လော့ရှားက လီကျန့်ယီကို စပ်စုသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။

All Chapters