← Chapters

အခန်း (၂၀၆၁-၂၀၆၂)

Vol. 147 Ch. 2061-2062

အခန်း (၂၀၆၁-၂၀၆၂)

Vol. 147 Ch. 2061-2062

၂၀၆၁)

နျိုထျန်းကန်းသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ ထိပ်တန်းပါရမီရှင် ဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှ၏။

တူဟယ် စုစည်းထားသော ပါရမီရှင် လူငယ်များသည် နျိုထျန်းကန်း၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိခဲ့ကြပေ။

ရင်ပြင်ပတ်ပတ်လည်ရှိ လူတိုင်းသည် နျိုထျန်းကန်းက ကျန်းချန်ကို လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်ကို မြင်လျှင် ကျန်းချန်ကို ကရုဏာသက်စွာဖြင့် တိတ်တဆိတ် ခေါင်းခါရမ်းလိုက်ကြသည်။

ဤပုံအတိုင်းဆိုလျှင် နောက်ထပ် ပါရမီရှင် လူငယ်တစ်ဦးသည်လည်း နျိုထျန်းကန်း၏ တိုက်ခိုက်မှုကြောင့် တိုက်ခိုက်ရေးကွင်းပြင်ပသို့ လွင့်စင်သွားတော့မည် မဟုတ်ပါလော။

အဆုံးသတ်တွင် ၎င်းတို့၏ တိုက်ခိုက်မှုသည် တစ်သားတည်း မဖြစ်ခဲ့ကြပေ။

ပါရမီရှင် ဒါဇင်ပေါင်းများစွာ၏ ပူးပေါင်းတိုက်ခိုက်ရေးစွမ်းအားသည် တကယ်တမ်းတွင် နျိုထျန်းကန်းကို ယှဥ်ပြိုင်ရန် လုံလောက်၏။

ထို့ကြောင့်လည်း တိုက်ပွဲအတွင်း အားနည်းချက်များစွာ ထွက်ပေါ်လာခဲ့ပြီး နျိုထျန်းကန်းသည် ထိုအားနည်းချက်များကို အမိအရ ဆုပ်ကိုင်ကာ ၎င်းတို့ကို ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်၏။

“မင်းက တခြားသူတွေကို တိုက်ခိုက်လို့ရရဲ့သားနဲ့ ဘာလို့ ငါ့ကိုမှ လာတိုက်ရတာလဲ”

သူ့ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သော နျိုထျန်းကန်းကို မြင်လျှင် ကျန်းချန်သည် မဲ့ပြုံးပြုံးကာ ပြောလိုက်၏။

မူလက ကျန်းချန်သည် ထောင့်တစ်နေရာတွင်သာ ဆက်လက်ရှိနေပြီး ပရိသတ်အဖြစ် ယာယီနေလိုခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် နျိုထျန်းကန်းက သူ့ကို လာရောက် တိုက်ခိုက်နေပြီဖြစ်ရာ တိုက်ပွဲကို စောစောစီးစီး အဆုံးသတ်ရန် ဆုံးဖြတ်လိုက်တော့သည်။

ကျန်းချန်က နျိုထျန်းကန်း၏ လက်သီးချက်ကို အသေအချာ စူးစိုက်ကြည့်လိုက်သည်။

ထို့နောက်တွင် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်၍ တန်ပြန် တိုက်ခိုက်လိုက်သည်။

ထိုလက်သီးချက်သည် သာမန် လက်သီးချက် တစ်ချက်ဟုသာ ထင်ရပြီး နျိုထျန်းကန်း၏ လက်သီးချက်နှင့် ဆုံတွေ့သွားခဲ့သည်။

“ဝုန်း..”

ထိုအချိန်တွင် ကြည့်ရှုနေကြသော ပရိသတ်အားလုံးသည် တုန်လှုပ်သွားကြသည်။

မရေမတွက်နိုင်သော လူများသည် ထိုမြင်ကွင်းကို မှင်တက်စွာ ကြည့်နေခဲ့ကြပြီး မှင်တက်ရာကနေ အချိန်အတော်ကြာ ရုန်းမထွက်နိုင် ဖြစ်နေခဲ့ကြသည်။

တိုက်ခိုက်ရေးကွင်း၏ ထောင့်တစ်နေရာတွင် တိတ်တဆိတ်ရှိနေခဲ့သော အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် နျိုထျန်းကန်းကို အလွယ်တကူပင် လွင့်စင်သွားစေလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။

နျိုထျန်းကန်းသည် ရောင်စုံနတ်နွား မျိုးနွယ်စု၏ နတ်ဘုရားသားတော်တစ်ပါး ဖြစ်ပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အစွမ်းအထက်ဆုံး ပါရမီရှင်သုံးဦး အနက် တစ်ဦးဖြစ်သည်။

ယခုအခါတွင်မူ ၎င်းသည် နာမည်ပင် မရှိသော ကောင်လေးတစ်ဦး၏ လက်သီးချက်ဖြင့် နောက်သို့ လွင့်စင်သွားခဲ့ရချေပြီ။

“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး နျိုထျန်းကန်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်ကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့သည်။

“ဒီကောင်လေးက ဘယ်သူလဲ.. ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ”

လူတိုင်းက မှင်တက်ရာကနေ သတိပြန်ဝင်လာသော အခါတွင် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ရေရွတ်လိုက်ကြသည်။

ဤအနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် အလွန်တရာပင် စွမ်းအားကြီးမားပြီး ရောင်စုံနတ်နွား မျိုးနွယ်စုမှ နတ်ဘုရားသားတော် နျိုထျန်းကန်းကိုပင် လက်သီးချက် တစ်ချက်တည်းဖြင့် လွင့်စင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ယင်းက နျိုထျန်းကန်း၏ ပေါ့ဆမှုကြောင့် ဖြစ်သည်ဟု ဆိုနိုင်သော်လည်း အမှန်တကယ်တွင် အံ့သြဖွယ်ရာကောင်းလှ၏။

အကယ်၍ အခြားသော ပါရမီရှင်များသာ ထိုကောင်လေးနှင့်ပူးပေါင်းတိုက်ခိုက်ခဲ့လျှင် နျိုထျန်းကန်းသည် အကြီးအကျယ်ဒုက္ခတွေ့ရလိမ့်မည် မဟုတ်ပါလော။

“ဒီကောင်လေးက သက်စောင့်ဝိညာဥ်သစ်သီး အတွက် လာရောက် တိုက်ခိုက်နေတာပဲ”

ပြိုင်ပွဲကို ကြည့်ရှုနေသည့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သော ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် ထိုမြင်ကွင်းကိုမြင်လျှင် မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

သူ၏ စကားကိုကြားလျှင် နံဘေးမှ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ အကြီးအကဲ တစ်ဦးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်က အဲဒီကောင်‌လေးကို သိလို့လား.. အဲဒီကောင်လေး ပေါ်လာတာက တူဟယ် အတွက် အထောက်အကူ အများကြီး ဖြစ်စေမယ်ထင်တယ်”

ထိုစကားကိုကြားလျှင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် ခေါင်းခါရမ်းလိုက်သည်။

“ဒီတစ်ကြိမ် သက်စောင့်ဝိညာဥ်သစ်သီး အတွက် တိုက်ပွဲမှာ နတ်မျိုးနွယ်စု သုံးစုက မျှော်လင့်ချက် မရှိတော့သလို ငါတို့ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုအတွက်လည်း မျှော်လင့်ချက်မရှိသလောက် ဖြစ်သွားခဲ့ပြီ”

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။

“အဲဒီကောင်လေးက ကျန်းချန်ပဲ.. သူတော်စင် ကောင်းကင်နတ်ဘုရားအဆင့်ကို ကျော်လွန်သွားတဲ့ အနှိုင်းမဲ့ပါရမီရှင်တစ်ယောက်ပေါ့”

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ လူများသည် ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်၏ စကားကိုကြားလျှင် မျက်နှာအမူအရာများ အကြီးအကျယ် ပြောင်းလဲသွားခဲ့ကြသည်။

လွန်ခဲ့သော လဝက်ခန့်က ကျန်းချန်သည် မျိုးနွယ်စုတစ်ရာရှေးဟောင်းမြို့တော်ရှိ ရွှယ်ရွှမ်းအဖွဲ့အစည်းသို့ တစ်ကိုယ်တော် ကျူးကျော်ခဲ့ပြီး ကောင်းကင်အရှင်အဆင့်ကျင့်ကြံသူ ငါးပါးကို တစ်ဦးတည်း ရင်ဆိုင်တိုက်ခိုက်ကာ ၎င်းတို့အနက် နှစ်ဦးကို သတ်ဖြတ်၍ ရွှယ်ရွှမ်း အဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့သည်။

သူတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ပင်လျှင် ကျန်းချန်နှင့် ရင်ဆိုင်ရာ၌ အဆုံးသတ်တွင် ရှုံးနိမ့်သွားခဲ့ရသည်။

ယခုအခါတွင် ကျန်းချန် ဟူသော နာမည်သည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ တစ်ခုလုံးတွင် ဟိုးဟိုး ကျော်ကြားနေခဲ့ပြီဖြစ်၏။

သူတို့က ကျန်းချန်ကို တစ်ခါမှ မမြင်ဖူးသော်လည်း အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းသည့် နတ်ဆိုးဆန်သောပါရမီရှင် တစ်ဦးအဖြစ် သတ်မှတ်ထားခဲ့ကြသည်။

ကျန်းချန်၏ စွမ်းအားဖြင့်သာဆိုလျှင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ နံပါတ်(၁)အင်အားစု အဖြစ် လူသိများသည့် ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ပင်လျှင် ယှဥ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

ကျန်းချန်ကဲ့သို့ ပါရမီရှင်တစ်ဦး အတွက် သက်စောင့်ဝိညာဥ်သစ်သီးကို ရရှိရန် တိုက်ပွဲဝင်ရန်မှာ အလွန်တရာ လွယ်ကူလွန်းနေလိမ့်မည် မဟုတ်ပါလော။

“မျိုးနွယ်စုခေါင်းဆောင်.. ကျန်းချန် ပေါ်လာတာက ဆိုးရွားတဲ့ကိစ္စတစ်ခုလို့လည်း တပ်အပ် ပြောလို့မရဘူး.. သူက သက်စောင့်ဝိညာဥ်သစ်သီး အတွက် ပြိုင်ပွဲမှာ ပါဝင်ခဲ့ရင်တောင် သက်စောင့်ဝိညာဥ် သစ်သီးတစ်လုံးကိုပဲ ရနိုင်လိမ့်မယ်.. သူက မျိုးနွယ်စုသုံးစုရဲ့ နတ်ဘုရား သားတော်တွေကို အနိုင်ယူလိုက်ရင် ကျန်ရှိတဲ့ သက်စောင့်ဝိညာဥ် သစ်သီးက ကျွန်တော်တို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု အတွက် ဖြစ်လာပါလိမ့်မယ်”

အကြီးအကဲထံမှ ထိုစကားကို ကြားသော်လည်း ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် ဘာစကားမှ ပြန်မပြောခဲ့ပေ။

သူ၏ စိတ်ထဲတွင် ထိုမျှလောက် အကောင်းမမြင်နိုင်ခဲ့ပေ။

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် ကျန်းချန်နှင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသဖြင့် ကျန်းချန်နှင့် ဆက်ဆံရေးမကောင်းမွန်ပေ။

ထို့ကြောင့် ကျန်းချန်က ထိပ်တန်း မျိုးနွယ်စုသုံးစု၏ နတ်ဘုရားသားတော်များကို အနိုင်ယူခဲ့လျှင်ပင် ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုကို ကျန်ရှိသည့် သက်စောင့်ဝိညာဥ် သစ်သီးအား အလွယ်တကူ ရယူခွင့်ပေးလိမ့်မည် မဟုတ်ချေ။

“ဟားဟား ဘုရားသခင်က ငါ့ကို အမှန်တကယ် အကူအညီပေးနေတာပဲ.. ရှဝူယန် မင်းတို့ နတ်မျိုးနွယ်စုသုံးစု အနေနဲ့ ဒီတစ်ကြိမ် သက်စောင့်ဝိညာဥ် သစ်သီးတွေကို ခွဲဝေယူဖို့ ကံပါမလာဘူးထင်တယ်”

ထိုမြင်ကွင်းကို ကြည့်ကာ တူဟယ်က ဝင့်ကြွားသော အမူအရာဖြင့် ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။

ရှဝူယန်၏ မျက်နှာက အလွန်အမင်း အကျည်းတန်သွားခဲ့၏။

လွန်ခဲ့သော နှစ်သန်းပေါင်း များစွာကတည်းကပင် မဟာနတ်မျိုးနွယ်စုရှစ်စုတွင် သူတို့ နတ်မျိုးနွယ်စု သုံးစုကို အခြားသောနတ်မျိုးနွယ်စု ငါးစုသည် နှိုင်းယှဥ်၍ မရခဲ့ကြပေ။

ထို့ကြောင့်လည်း ရှဝူယန်တို့ သုံးဦးသည် သူတို့ကိုသူတို့ အလွန်အမင်း အထင်ကြီးခဲ့ကြပြီး အခြားသော နတ်မျိုးနွယ်နွယ်စုမှ နတ်ဘုရားသားတော်များကို မျက်လုံးထဲ၌ပင် မထည့်ခဲ့ကြပေ။

ယခုတစ်ကြိမ် သက်စောင့်ဝိညာဥ် သစ်သီးအတွက် တိုက်ပွဲတွင် သူတို့သုံးဦး ပူးပေါင်းလိုက်သည်နှင့် တိုက်ခိုက်ရေးကွင်းထဲမှ ပါရမီရှင်များကို ရှင်းထုတ်ရန်မှာ အလွန်တရာ လွယ်ကူသော ကိစ္စဟု ရှဝူယန် မူလက ထင်မှတ်ထားခဲ့သည်။

သို့သော်လည်း ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ နတ်ဘုရားသားတော် တူဟယ်သည် အခြားသော အင်အားစုများ၏ နတ်ဘုရားသားတော်များနှင့် ပူးပေါင်းကာ သူတို့အား ရင်ဆိုင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယခုအခါ သူတို့၏မျက်လုံးထဲတွင် ပုရွက်ဆိတ်များကဲ့သို့ မှတ်ယူထားသော ပြိုင်ပွဲဝင်များထဲ၌ နျိုထျန်းကန်းကိုပင် လက်သီးချက် တစ်ချက်တည်းဖြင့် နောက်ဆုတ်သွားနိုင်အောင် လုပ်ဆောင်နိုင်သူ ရှိနေခဲ့ချေပြီ။

“ကောင်လေး မင်းရဲ့အင်အားက ဘယ်ဆိုးလို့လဲ.. ငါတို့နဲ့အတူ သက်စောင့်ဝိညာဥ် သစ်သီးအတွက် ယှဥ်ပြိုင်ဖို့ အရည်အချင်းရှိတယ်.. မင်းနဲ့ငါတို့သုံးဦး ပူးပေါင်းပြီး အခြားသူတွေကို အရင် ရှင်းထုတ်လိုက်ရအောင်.. ပြီးမှပဲ ငါတို့လေးယောက် တရားမျှမျှတတ ယှဥ်ပြိုင်ကြတာပေါ့”

ရှဝူယန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး ကျန်းချန်ကို ချက်ချင်းပင် စည်းရုံးလိုက်သည်။

ထိုစကားကိုကြားလျှင် ကျိယွိလုံနှင့် နျိုထျန်းကန်း တို့သည်လည်း ကန့်ကွက်ခြင်း မရှိခဲ့ကြပေ။

သူတို့က ရှဝူယန်၏ စကားကို တိတ်တဆိတ် သဘောတူလိုက်ကြခြင်း ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

ထိုကောင်လေး ပေါ်ထွက်လာခြင်းသည် သူတို့၏ အစီအစဥ်ကို ပျက်စီးသွားစေခဲ့သည်။

ထို့ကြောင့် ထိုကောင်လေးကို သူတို့ဘက်သို့ အရင်ဆွဲခေါ်ကာ သူတို့ရှေ့မှ အခြေအနေကို ဦးစွာ ဖြေရှင်းရလိမ့်မည် မဟုတ်ပါလော။

“ညီနောင်.. အဲဒီသုံးကောင်ရဲ့လှည့်စားမှုကို မခံနဲ့.. မင်းသာ သူတို့သုံးယောက်နဲ့ ပူးပေါင်းလိုက်ရင် သက်စောင့်ဝိညာဥ်သစ်သီးကို ရရှိဖို့ ခက်ခဲသွားလိမ့်မယ်”

ရှဝူယန်တို့ သုံးဦးက ကျန်းချန်ကို စည်းရုံးသွားမည်ကို တူဟယ်က ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ခဲ့ပေ။

ထို့ကြောင့် သူက အလျင်အမြန်ပင် ကျန်းချန်ကို ဖျောင်းဖျလိုက်သည်။

“မင်းရဲ့အစွမ်းနဲ့ဆိုရင် ငါတို့ကို ကူညီပြီး သူတို့ သုံးယောက်ကို အနိုင်ယူလိုက်တာနဲ့ သက်စောင့်ဝိညာဥ် သစ်သီး တစ်လုံးကို သေချာပေါက် ရရှိမှာပါ”

ရှဝူယန်တို့သုံးဦးက အစွမ်းထက်ကြသဖြင့် ကျန်းချန်သည် ၎င်းတို့နှင့် ပူးပေါင်းခဲ့လျှင်ပင် ရှဝူယန်တို့ ထံကနေ သက်စောင့်ဝိညာဥ်သစ်သီး တစ်လုံး ရရှိရန်မှာ ဘယ်တော့မှ ဖြစ်နိုင်တော့မည်မဟုတ်ချေ။

အကယ်၍ ကျန်းချန်သာ သူတို့နှင့် ပူးပေါင်းပြီး ရှဝူယန်တို့သုံးဦးကို အနိုင်ယူလိုက်လျှင်မူ ကျန်းချန်၏ စွမ်းရည်သည် ကျန်ရှိနေသော လူများထဲတွင် အကောင်းဆုံး ဖြစ်သောကြောင့် သက်စောင့်ဝိညာဥ် သစ်သီးတစ်လုံးကို ရရှိရန် အခွင့်အရေးသည် သံသယဖြစ်ဖွယ်ရာမရှိ များပြားလာလိမ့်မည် ဖြစ်သည်။

ဤအချိန်တွင် ငတုံး မဟုတ်သရွေ့ မှန်ကန်သော ရွေးချယ်မှုကို ရွေးချယ်နိုင်လိမ့်မည်ဟု တူဟယ် ယုံကြည်ထားခဲ့သည်။

“တော်ကြစမ်း မင်းတို့တွေ ဘာမှ လေကုန်ခံမနေနဲ့တော့”

ကျန်းချန်က သူ၏လက်ကို ဝှေ့ယမ်းကာ အေးအေးဆေးဆေးပြောလိုက်သည်။

“ကဲ ငါအချိန်မဖြုန်းချင်ဘူး.. အားလုံးပဲ အတူတူ တက်လာခဲ့ကြ.. စိတ်မရှိပါနဲ့.. သစ်သားဝိညာဥ်နတ်မျိုးနွယ်စုရဲ့ သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံးစလုံးကို ငါလိုချင်တယ်”

အခန်း(၂၀၆၁)ပြီး၏။

အခန်း(၂၀၆၂)

ကျန်းချန်၏ စကားကိုကြားလျှင် ပရိသတ်အားလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။

မူလက လူအများစုသည် ကျန်းချန်က တူဟယ်တို့နှင့် ပူးပေါင်းကာ ရှဝူယန်တို့သုံးဦးကို တိုက်ခိုက်‌ရေးကွင်းကနေ အရင်ဖယ်ရှားရန် ရွေးချယ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။

အဆုံးသတ်တွင် ရှဝူယန်တို့ သုံးဦးသည် ပြိုင်ပွဲဝင်အားလုံးထဲတွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူများ ဖြစ်ကြသည်။

အကယ်၍ ထိုအစွမ်းထက်သော ပြိုင်ဘက်သုံးဦးသာ မရှိတော့လျှင် ကျန်းချန်အတွက် သက်စောင့်ဝိညာဥ် သစ်သီးကို ရယူရန်မှာ သံသယဖြစ်ဖွယ်ရာမရှိ ပို၍လွယ်ကူသွားလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ကျန်းချန်၏နှုတ်ကနေ ဤမျှမောက်မာသော စကားများကို ပြောထွက်လာလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။

သိထားရမည့်အချက်မှာ ယခုတစ်ကြိမ် ကျင်းပသည့် သက်စောင့်ဝိညာဥ်သစ်သီး အတွက် တိုက်ပွဲတွင် မျိုးနွယ်စုတစ်ရာတောရိုင်းနယ်မြေရှိ အင်အားစု အများအပြားသည် သူတို့မျိုးနွယ်စု၏ အထူးချွန်ဆုံး ပါရမီရှင်တပည့်များကို စေလွှတ်ထားကြခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရလျှင် တိုက်ခိုက်ရေးကွင်းထဲ၌ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ ထိပ်တန်းပါရမီရှင် တပည့်ဒါဇင်ပေါင်းများစွာကို စုဝေးထားခြင်း ဖြစ်သည်။

အထူးသဖြင့် မဟာနတ်မျိုးနွယ်စု ရှစ်စုမှ နတ်ဘုရားသားတော်တစ်ဦးချင်းစီတိုင်းသည် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ထားသော ကြယ်နှစ်ပွင့် ကောင်းကင်အရှင်များ ဖြစ်ကြပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူနှင့်ပင် နှိုင်းယှဥ်နိုင်ကြသည်။

ထိုအထဲတွင် ရှဝူယန်တို့ သုံးဦးသည် ကြယ်နှစ်ပွင့်အရှင်အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေကြပြီး ကြယ်နှစ်ပွင့်မြေကြီးအရှင် အဆင့်နှင့် အလှမ်းမဝေးတော့ပေ။

ထိုသုံးဦးအနက် တစ်ဦးစီသည် ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှင့်ပင် ယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းအားများကို ပိုင်ဆိုင်ထားကြပြီး မဟာနတ်မျိုးနွယ်စု ရှစ်စု၏ မျိုးနွယ်စုခေါင်းဆောင်များပင် ၎င်းတို့ကို အလွယ်တကူ အနိုင်ယူနိုင်ကြလိမ့်မည် မဟုတ်ပေ။

ယခုအခါတွင်မူ ကျန်းချန်သည် သူတစ်ယောက်တည်းဖြင့် တိုက်ခိုက်ရေးကွင်းထဲရှိ ပါရမီရှင်အားလုံးကို စိန်ခေါ်လိုက်ပြီဖြစ်၏။

တိုက်ခိုက်ရေးကွင်းထဲမှ လူငယ် ပါရမီရှင်များသည်လည်း ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် အံ့အားသင့်သွားကြသည်။

ကျန်းချန်က ထိုစကားမျိုးကို ပြောဆိုလိမ့်မည်ဟု သူတို့ လုံးဝမမျှော်လင့်ထားခဲ့ကြပေ။

အထူးသဖြင့် ရှဝူယန်တို့ သုံးဦး၏ မျက်နှာအမူအရာသည် အလွန်အမင်း အကျည်းတန်သွားခဲ့ကြသည်။

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ ထိပ်တန်းပါရမီရှင်များအနေဖြင့် သူတို့သည် အမြဲတစေ အခြားသူများကိုသာ အထင်သေးခဲ့ကြပြီး ကျန်းချန် ကဲ့သို့ သူတို့ကို အထင်အမြင်သေးဝံ့ခြင်းမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။

“ဒီကောင်လေးက ကိုယ့်ကိုယ်ကိုယ် အတော်လေး အထင်ကြီးနေတဲ့ပုံပဲ.. စောစောက ငါပေါ့ဆသွားမိတာကို မင်းကိုယ်မင်း ပြိုင်ဘက်ကင်း ကျင့်ကြံသူလို့များ ထင်နေတာလား”

နျိုထျန်းကန်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် လူသတ်အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

သူ၏ မျက်နှာက ခက်ထန်နေခဲ့ပြီး ရွှေရောင် ဓားတစ်လက်သည် လေထဲကနေ သူ၏ လက်ထဲ၌ ပေါ်လာခဲ့သည်။

သူ၏လက်ထဲမှ ရွှေရောင်ဓားသည် ပြိုင်ဘက်ကင်းနတ်ဓားတစ်လက် ကဲ့သို့ အလွန်တရာ အားကောင်းပြီး လွှမ်းမိုးနိုင်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့၏။

“သေစမ်း”

“ဝုန်း.. ဝုန်း.. ဝုန်း..”

နျိုထျန်းကန်းက ကြုံးဝါးလိုက်ပြီး ရွှေရောင်ဓားဖြင့် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

နျိုထျန်းကန်းက ကြောက်မက်ဖွယ်ဓားချက်ကို ထုတ်ဖော်လိုက်သည်နှင့် ကောင်းကင်ကိုပင် ဆုတ်ဖြဲနိုင်လောက်သော ဓားအလင်း ၉၉ခုသည် လေထုကို ထိုးဖောက်သွားခဲ့သည်။

ဓားအလင်း တစ်ခုစီတိုင်းတွင် အလွန်အမင်း လွှမ်းမိုးနိုင်သော စွမ်းအားများ ပါရှိပြီး သာမန် နယ်မြေနတ်ဘုရားများကို အလွယ်တကူ သတ်ဖြတ်ရန် လုံလောက်၏။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး သူ၏ လက်ကို အသာအယာ မြှောက်လိုက်ရာ သူ၏ ပတ်ပတ်လည်ရှိ မီတာတစ်ရာ ဧရိယာတစ်ခုလုံးကို အကာအကွယ် အလွှာ တစ်ခုက ချက်ချင်းပင် ဖုံးအုပ်သွားခဲ့သည်။

နျိုထျန်းကန်း၏ ဓားအလင်း ၉၉ခုသည် ထိုအကာအကွယ်အလွှာပေါ်သို့ ကျရောက်သွားသောအခါတွင် လုံးဝ အဟောသိကံ ဖြစ်သွားခဲ့ရသည်။

ဆိုရလျှင် အလွန်တရာ အစွမ်းထက်သော ဓားအလင်း ၉၉ခုစလုံးသည် ကျန်းချန်၏ ခန္ဓာကိုယ် အနီးအနားသို့ပင် မချဥ်းကပ်နိုင်ခဲ့ကြပေ။

ထိုမြင်ကွင်းကိုမြင်လျှင် လူအများအပြားသည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။

ကျန်းချန်က ရောင်စုံနတ်နွားမျိုးနွယ်စုမှ နတ်ဘုရားသားတော် နျိုထျန်းကန်းကို လွင့်စင်အောင် လုပ်ဆောင်နိုင်ခဲ့သည်မှာ နျိုထျန်းကန်း ပေါ့ဆသွားသောကြောင့်သာ ဖြစ်မည်ဟု သူတို့ မူလက ထင်ခဲ့ကြသည်။

ထိုကောင်လေး၏ ခွန်အားသည် သူတို့ ထင်မှတ်ထားသည်ထက်ပင် များစွာ ပိုမို အားကောင်းနေပုံရ၏။

သို့သော် ယခုအခါတွင် နျိုထျန်းကန်းဘက်မှ အစွမ်းကုန် တိုက်ခိုက်ခဲ့သည့်တိုင် အားသာချက် တစ်စုံတစ်ရာ မရှိသည်ကို သူတို့ တွေ့လိုက်ကြရ၏။

“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့.. နောက်ထပ် တစ်ကွက်ကို ရင်ဆိုင်လိုက်”

နျိုထျန်းကန်းက ဒေါသတကြီး ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

မကြာမီမှာပင် သူ၏ လက်ထဲမှ ရွှေရောင်ဓားရှည်သည် ရောင်စုံအလင်းများ ဖြာထွက်နေသော ဓားဘီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုဓားဘီးက အရာအားလုံးကို ကြွေမွပျက်စီးသွားစေနိုင်သော အစွမ်းထက် စွမ်းအားများကို သယ်‌ဆောင်ကာ ကျန်းချန် ဆီသို့ ပျံသန်းလာခဲ့၏။

နျိုထျန်းကန်း၏ ထိုတိုက်ကွက်ကို မြင်လျှင် လူတိုင်းသည် တုန်လှုပ်သွားခဲ့ကြသည်။

နျိုထျန်းကန်းသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ ထိပ်တန်း ပါရမီရှင်သုံးဦး အနက် တစ်ဦးဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှပေသည်။

ဆိုရလျှင် ထိုတိုက်ကွက်သည် အလွန်တရာပင် အစွမ်းထက်လွန်းပြီး ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ အများစုသည်ပင် ထိုဓားချက်နှင့် ရင်ဆိုင်ရလျှင် အပြင်းအထန် ဒဏ်ရာရရှိသွားလိမ့်မည် ဖြစ်၏။

သို့‌သော်လည်း လူတိုင်း၏ ထင်မြင်ချက်ကို ကျော်လွန်ကာ ကျန်းချန်သည် နေရာမှာပင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

သူက လက်တစ်ဖက်ကို အသာအယာ မြှောက်ကာ လက်ညှိုးမှ ဓားစွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့် သူ့ထံသို့ ဦးတည်လာသော ရောင်စုံဓားဘီးသည် လေထုထဲတွင် “ဝုန်းခနဲ” ပေါက်ကွဲထွက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် နျိုထျန်းကန်းသည်လည်း ပေရာချီအကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

“သိပ်ကို ကြောက်ဖို့ကောင်းတဲ့ ခွန်အားပဲ"

"တကယ်ကို ကြောက်စရာပဲ.. ဒီကောင်လေးမှာ ကောင်းကင်နတ်ဘုရားအဆင့်ရဲ့ အရှိန်အဝါပဲ ရှိပြီး နယ်မြေနတ်ဘုရားရဲ့ အရှိန်အဝါ မရှိတာကို မင်းတို့တွေ သတိထားမိကြလား”

“ဘယ်လို.. ဒီကောင်လေးက ကောင်းကင်နတ်ဘုရားတစ်ပါးလား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အသက်ရှူမှားမတတ်ပင် ဖြစ်ကုန်ကြသည်။

ထိုကောင်လေးသည် ကောင်းကင်နတ်ဘုရား အဆင့်၏ ခွန်အားဖြင့် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ ထိပ်တန်းပါရမီရှင် ဖြစ်ပြီး ကြယ်နှစ်ပွင့် ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သော နျိုထျန်းကန်းကို အနိုင်ယူလိုက်သည်။

ယင်းမှာ အမှန်တကယ်ပင် မဖြစ်နိုင်လွန်းရာ ကျလွန်းနေခဲ့၏။

“ရောင်စုံနတ်နွား မျိုးနွယ်စုက နတ်ဘုရားသားတော်ရဲ့ အစွမ်းက ဒီလောက်ပဲလား.. နွားလားမျိုးနွယ်စုရဲ့ မျက်နှာကို ထောက်ထားပြီး မင်းကို ငါလွှတ်ပေးလိုက်မယ်”

ထိုစကားကို ပြောဆိုပြီးနောက်တွင် ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါရပ်နေခဲ့သည်။

သူ၏ မောက်မာသော စကားသံသည် ပရိသတ်အားလုံး၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

ကျန်းချန်၏ မောက်မာလွန်းသော စကားများကို ကြားလျှင် တိုက်ခိုက်ရေးကွင်းထဲမှ ပါရမီရှင်များ၏ မျက်နှာအမူအရာများသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“ကောင်လေး မင်းက အရမ်းကိုမောက်မာလွန်းတယ်.. ငါ့ရဲ့ တိုက်ကွက်ကို မြည်းစမ်းကြည့်လိုက်ဦး”

ထိုအချိန်တွင် ခရမ်းရောင်ဝက်ဝံ မျိုးနွယ်စုမှ ကျိယွိလုံက ရှေ့ထွက်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကနေ အလွန်တရာ တောက်ပသော ခရမ်းရောင် အလင်းများ ထွက်ပေါ်လာခဲ့ပြီး သူ၏ အသွင်အပြင်သည် ခရမ်းရောင်နေမင်း ကဲ့သို့ ဖြစ်နေခဲ့သည်။

ထို့နောက်တွင် သူက ခရမ်းရောင်ပင်လယ်ကို ထုတ်ဖော်ကာ ကျန်းချန်ကို ဖိနှိပ်လိုက်၏။

ဤတစ်ကြိမ်တွင်လည်း ကျန်းချန်သည် လက်ညှိုးမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်ရာ ကျိယွိလုံ၏ ခရမ်းရောင်ပင်လယ်သည် ချက်ချင်းပင် ထက်ပိုင်း ပြတ်တောက်သွားခဲ့သည်။

ထိုမျှနှင့် မပြီးသေးဘဲ ကျန်းချန်၏ ဓားအလင်းသည် ကျိယွိလုံထံသို့ တိုးဝင်လာခဲ့သည်။

ကျိယွိလုံက ထိတ်လန့်သွားခဲ့ပြီး သူ၏ နယ်မြေနတ်ဘုရား အရင်းအမြစ် စွမ်းအားကို အလျင်အမြန် လုပ်ဆောင်ကာ ခရမ်းရောင်အလွှာတစ်ခုကို ဖန်တီး၍ သူ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားလိုက်သည်။

သို့သော်လည်း ခရမ်းရောင် အကာအကွယ်အလွှာသည် ဓားအလင်းကို မတားဆီးနိုင်ခဲ့ဘဲ ဓားအလင်း၏ စွမ်းအားအောက်တွင် ကြေမွပျက်စီးသွားခဲ့သည်။

ထို့နောက်တွင် ကျိယွိလုံသည် မျက်နှာဖြူဖျော့သွားပြီး ပေရာချီ အကွာအဝေး အထိ လွင့်စင်သွားခဲ့သည်။

လက်ချောင်းတစ်ချောင်း လှုပ်ရှားလိုက်ရုံဖြင့်ပင် ခရမ်းရောင်ဝက်ဝံ နတ်မျိုးနွယ်စုမှ နတ်ဘုရားသားတော် ကျိယွိလုံသည် ရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်၏။

ဤအချိန်တွင် ဧရာမရင်ပြင် တစ်ခုလုံးသည် တစပြင်နှယ် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။

လက်ချောင်းတစ်ချောင်းတည်းဖြင့် ကျိယွိလုံကို အနိုင်ယူပြီးနောက်တွင် ကျန်းချန်သည် ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ ဝင့်ကြွားစွာရပ်နေခဲ့ပြီး ရှဝူယန်နှင့် အခြားသူများကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

“အရမ်းကို အားနည်းလွန်းတာပဲ.. အားလုံးပဲ တစ်ခါတည်း တက်လာခဲ့ကြစမ်းပါ”

ထိုအချိန်တွင် ရှဝူယန်သည် ကျန်းချန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ပြီးမှ လေးနက်စွာ ပြောလိုက်သည်။

“ငါ့ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် မင်းက မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်မှာ သိပ်မကြာခင်ကစပြီး နာမည်ကျော်ကြားလာခဲ့တဲ့ ကျန်းချန်ပဲ ဖြစ်ရမယ်.. ဒီနေ့ လူကိုယ်တိုင်တွေ့ရတော့မှပဲ မင်းက အလကား ကျော်ကြားနေတာ မဟုတ်မှန်း သိရတော့တယ်”

မကြာသေးမီက ကျန်းချန်ဟု အမည်ရသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးသည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တွင် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ ငါးပါးကို အနိုင်ယူခဲ့သည်။

ထိုသတင်းက မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ပျံ့နှံ့သွားခဲ့ပြီး ကျန်းချန် ဟူသော ကောင်းကင်နတ်ဘုရားသည် အလွန်တရာပင် နာမည် ကျော်ကြားသွားခဲ့သည်။

ထိုအချိန်က ရှဝူယန်သည် ထိုသတင်းကို မယုံကြည်ခဲ့ပေ။

ကျန်းချန်က ကောင်းကင်နတ်ဘုရား အဆင့်၏ ခွန်အားဖြင့် နျိုထျန်းကန်းနှင့် ကျိယွိလုံ တို့ကို တစ်ဦးပြီးတစ်ဦး အလွယ်တကူ အနိုင်ယူပြလိုက်သောအခါတွင်မူ ရှဝူယန်သည် မယုံကြည်၍ မရတော့ပေ။

သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်မှ နာမည်ကျော် ကောင်းကင်နတ်ဘုရား ဖြစ်သည်မှာ သေချာသလောက်ပင်။

“ဘယ်လို.. ဒီအနက်ရောင်ဝတ်စုံဝတ် လူငယ်လေးက ကျန်းချန်ဖြစ်နေတာလား”

ရှဝူယန်၏ စကားကိုကြားလျှင် ရင်ပြင်ရှိ လူတိုင်း၏ မျက်နှာအမူအရာသည် အကြီးအကျယ်‌ ပြောင်းလဲသွားခဲ့ကြသည်။

အခန်း(၂၀၆၂)ပြီး၏။

All Chapters