အခန်း (၂၀၆၃-၂၀၆၄)
Vol. 147 Ch. 2063-2064
အခန်း(၂၀၆၃)
မကြာသေးမီက မျိုးနွယ်စုတစ်ရာရှေးဟောင်းမြို့တော်တွင် ကျန်းချန်ဟု အမည်ရသည့် ထူးကဲသော ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခဲ့သည်။
၎င်းက ကောင်းကင်နတ်ဘုရား အဆင့်ဖြင့်ပင် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများကို အနိုင်ယူကာ ရွှယ်ရွှမ်းအဖွဲ့အစည်းကိုလည်း ခေါင်းငုံ့စေခဲ့သည်။
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည့် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင် ပင်လျှင် ကျန်းချန်၏ လက်ထဲတွင် ရှုံးနိမ့်ကာ ဆုတ်ခွာသွားခဲ့ရ၏။
ဤကိစ္စသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ တစ်ခွင်လုံးတွင် ပျံ့နှံ့နေခဲ့ပြီးပြီ ဖြစ်သည်။
ထို့ကြောင့် ရင်ပြင် ပတ်ပတ်လည်ရှိ လူတိုင်းသည် ကျန်းချန်ဟူသော နာမည်ကို ကြားလိုက်ရုံဖြင့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ခြင်း ဆိုလည်းမမှားပေ။
ယင်းကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှင်သည် သစ်သားဝိညာဥ်မျိုးနွယ်စုထံမှ သက်စောင့်ဝိညာဥ်သစ်သီးကို လုယူရန် ရောက်ရှိလာလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးမိခဲ့ကြပေ။
ယခုအခါ လူတိုင်းသည် ကျန်းချန်က အဘယ်ကြောင့် ပါရမီရှင် အားလုံးကို တစ်ဦးတည်း ရင်ဆိုင်ရန် ရဲဝံ့နေရသနည်းဆိုသည်ကို အဆုံးသတ်တွင် နားလည်သွားခဲ့ကြသည်။
ကျန်းချန်၏ ခွန်အားဖြင့်သာ ဆိုလျှင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုမှ ခေါင်းဆောင်များပင် ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ရာ လူငယ် ပါရမီရှင်များနှင့် ရင်ဆိုင်ရခြင်းသည် ကလေး ကစားသလိုပင် ဖြစ်နေလိမ့်မည်မဟုတ်ပါလား။
ကျန်းချန်က ရှဝူယန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်တယ်.. ငါက ကျန်းချန်ပဲ.. မင်း ငါနဲ့ သက်စောင့်ဝိညာဥ်သစ်သီးကို လုယူဖို့ ဆန္ဒရှိသေးလား”
“မင်းက စွမ်းအားကြီးတာ မှန်ပေမဲ့ ငါတို့ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရဲ့ ပါရမီရှင်တွေက မင်းအနိုင်ကျင့်ချင်တိုင်းကျင့်လို့ရမဲ့သူတွေ မဟုတ်ဘူး”
ရှဝူယန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
“တစ်ဦးချင်း တိုက်ခိုက်မယ် ဆိုရင်တော့ ငါတို့ထဲက ဘယ်သူကမှ မင်းရဲ့ ပြိုင်ဘက်ဖြစ်နိုင်မှာ မဟုတ်ဘူး.. ဒါပေမဲ့ ငါတို့အားလုံး စုပေါင်းပြီး တိုက်ခိုက်မယ် ဆိုရင်တော့ မင်းကို မယှဥ်နိုင်စရာ ဘာအကြောင်းမှမရှိဘူး”
မဟာနတ်မျိုးနွယ်စု ရှစ်စု၏ နတ်ဘုရားသားတော်များသည် ကြယ်နှစ်ပွင့်အရှင်များ ဖြစ်ကြပြီး ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူများနှင့်ပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိကြသည်။
အထူးသဖြင့် ရှဝူယန်၊ ကျိယွိလုံနှင့် နျိုထျန်းကန်းတို့ သုံးဦးသည် ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများနှင့်ပင် ယှဥ်နိုင်စွမ်း ရှိကြပြီး မျိုးနွယ်စုခေါင်းဆောင်များနှင့်ပင် သိပ်မကွာခြားလှပေ။
အခြားသော ပါရမီရှင်များကို ထည့်မတွက်ဘဲ သူတို့ ခုနစ်ဦး ပူးပေါင်းလိုက်လျှင်ပင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ပြိုင်ဘက် မရှိသလောက် ဖြစ်၏။
ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်ပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ နံပါတ်(၁) ကျင့်ကြံသူဟု ကျော်ကြားသော လဲ့ကျောင်း ပင်လျှင် သူတို့ခုနစ်ဦး၏ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။
“ကောင်းပြီလေ ဒါဆိုလည်း စလိုက်ကြတာပေါ့”
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ခပ်ယဲ့ယဲ့ပင် ပြောလိုက်သည်။
“အားလုံးပဲ သက်စောင့်ဝိညာဥ် သစ်သီးကို ရချင်သေးတယ်ဆိုရင် ငါနဲ့အတူ တိုက်ခိုက်ကြစို့”
ရှဝူယန်က ကြုံးဝါးလိုက်ပြီး သူ၏ ခန္ဓာကိုယ် အတွင်းမှ အဆုံးမဲ့ဝါးမျိုခြင်း စွမ်းအားများ ပါဝင်နေသည့် နယ်မြေနတ်ဘုရားမူလရင်းမြစ်စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
“ဝုန်း.. ဝုန်း.. ဝုန်း..”
တစ်ချိန်တည်းမှာပင် ကျိယွိလုံနှင့် နျိုထျန်းကန်းတို့ အပြင် အခြားသော နတ်ဘုရားသားတော် လေးဦးသည်လည်း တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။
နတ်ဘုရားသားတော် ခုနစ်ဦး ပူးပေါင်းလိုက်သောခွန်အားသည် ကမ္ဘာပျက်မတတ်ပင် ပြင်းထန်လှ၏။
ကောင်းကင်ယံတွင် ဓားအလင်းများနှင့် ရောင်စုံအလင်းတန်းများစွာ ဖြစ်ပေါ်လာခဲ့သည်။
နတ်ဘုရားသားတော် ခုနစ်ပါးသည် နတ်ဘုရင်အဆင့်နည်းစနစ်များကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။
ယင်းနောက်တွင် ထိုနည်းစနစ်များမှ ထုတ်ဖော်လိုက်သော စွမ်းအားများသည် ထိတ်လန့်ဖွယ်ရာ စွမ်းအင်မုန်တိုင်း အဖြစ်သို့ ပေါင်းစည်းသွားခဲ့သည်။
ထိုစွမ်းအင်မုန်တိုင်းသည် တိုက်ခိုက်ရေးကွင်းပြင်၏ အကာအကွယ် အစီအရင်ကိုပင် တုန်ခါသွားစေခဲ့ပြီး ကျန်းချန်ထံသို့ ဦးတည်သွားခဲ့သည်။
ဤမြင်ကွင်းကိုမြင်လျှင် လူတိုင်းသည် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။
ရှဝူယန်နှင့် အခြားသော နတ်ဘုရားသားတော်များ ပေါင်းစပ်ထားသော စွမ်းအားသည် အမှန်တကယ်ပင် အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
အကယ်၍ တိုက်ခိုက်ရေးကွင်းတွင်သာ နတ်ဘုရင်အဆင့် ကျင့်ကြံသူ စီရင်ထားသည့် အစီအရင် အတားအဆီး မရှိခဲ့လျှင် ဤနတ်ဘုရားသားတော် ခုနစ်ဦး၏ တိုက်ကွက်တစ်ကွက်တည်းဖြင့်ပင် သစ်သားဝိညာဥ် မျိုးနွယ်စု တစ်ခုလုံးသည် ပြာပုံအတိ ဖြစ်သွားနိုင်ပေသည်။
“ဟားဟား သိပ်ကောင်းတယ်...ဒီလိုမျိုး တစ်ပြိုင်တည်းတိုက်တော့ ငါ့အတွက် အချိန်မကုန်တော့ဘူးပေါ့”
ကျန်းချန်၏ တိုက်ခိုက်လိုစိတ်များက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ထိုခဏတွင် သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို သက်တန့်ရောင်အလင်းတန်းများက လွှမ်းခြုံသွားခဲ့သည်။
ယင်းနောက်တွင် ကျန်းချန်သည် စွမ်းအင်မုန်တိုင်း အတွင်းသို့ တိုးဝင်သွားခဲ့၏။
ရှဝူယန်တို့ ခုနစ်ဦး ပူးပေါင်း၍ ထုတ်ဖော်ထားသော စွမ်းအားသည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်ရှိ ရွှယ်ရွှမ်းအဖွဲ့အစည်းမှ ကောင်းကင်အရှင်ငါးပါး၏ ပူးပေါင်းစွမ်းအားထက် များစွာ သာလွန်ပြီး ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုထက်ပင် မနိမ့်ကျပေ။
“ဝုန်း..”
ကျန်းချန်က စွမ်းအင်မုန်တိုင်း အတွင်းသို့ တိုးဝင်သွားပြီးနောက်တွင် သူ၏ လက်သီးချက်များကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် စွမ်းအင်မုန်တိုင်းကြီးသည် သူ၏ လက်သီးချက်များဖြင့် အပေါက်များ ဖြစ်သွားခဲ့၏။
“မကောင်းတော့ဘူး”
ရှဝူယန်နှင့် အခြားသူများ၏ မျက်နှာများသည် ချက်ချင်း ဆိုသလို ဖြူဖျော့သွားခဲ့သည်။
သူတို့ တုံ့ပြန်ရန် အချိန်မရခင်မှာပင် ကျန်းချန်၏ လက်သီးချက်များသည် သူတို့ထံသို့ ရောက်ရှိလာခဲ့၏။
ရှဝူယန် အပါအဝင် နတ်ဘုရားသားတော် သုံးဦးသည် ကျန်းချန်၏ လက်သီးချက်ဖြင့် နောက်သို့ လွင့်စင်သွားခဲ့ပြီး ၎င်းတို့ထက် အနည်းငယ် အားနည်းသော တူဟယ်နှင့် တခြားသူများသည် မျက်နှာများ ဖြူဖျော့ကာ ပေရာချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
“တကယ်ပဲ လမ်းစဥ် ၁၀မျိုးရဲ့ ကမ္ဘာ့စွမ်းအားပါလား”
ရှဝူယန် စိတ်ထဲကနေ အထိတ်တလန့် ရေရွတ်လိုက်သည်။
ကျန်းချန်သည် ရှေးဟောင်းမြို့တော်မှ တိုက်ပွဲအပြီးတွင် တစ်ဟုန်ထိုး ကျော်ကြားလာခဲ့ပြီး ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို ချိုးဖျက်ကာ လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။
ထိုသတင်းကို ကြားစဥ်က ရှဝူယန်သည် ထိုကောလဟာလကို လှောင်ရယ်ခဲ့မိသည် အထိပင်။
နတ်ဘုရားနယ်မြေ စတင် ဖြစ်ပေါ်လာချိန်မှစ၍ ကောင်းကင်နတ်ဘုရား အဆင့်တွင် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သည် အမြင့်ဆုံးအဆင့် ဖြစ်သည်။
ပါရမီရှင်များစွာ ပေါ်ထွက်ခဲ့သော ရှေးခေတ်ကာလတွင်ပင် ယင်းသံမဏိ ဥပဒေသကို မည်သူမှ မချိုးဖျက်နိုင်ခဲ့ပေ။
ဤလောကတွင် မည်သို့သော ပါရမီရှင်က သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ထက် သာလွန်သော အဆင့်ကို ရောက်နိုင်ပါမည်နည်း။
သို့သော်လည်း ယခုအခါတွင်မူ ရှဝူယန်သည် ကျန်းချန်၏ ခန္ဓာကိုယ်မှ လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ပြီး ထိုကောလာဟလမှာ အမှန်တကယ်ပင် ဖြစ်ကြောင်း ယုံကြည်လိုက်ရတော့သည်။
ဤလောကတွင် ကောင်းကင်နှင့်မြေကြီး၏ နိယာမအချုပ်အနှောင်များကို ချိုးဖျက်ကာ ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို ကျော်လွန်သွားသော ပါရမီရှင်တစ်ဦး ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ထိုကဲ့သို့ ပါရမီရှင် ဖြစ်နေ၍သာ ကောင်းကင်နတ်ဘုရားအဆင့်ဖြင့် ကောင်းကင် အရှင် အများအပြားကို အနိုင်ယူနိုင်ခြင်း ဖြစ်သည် မဟုတ်ပါလော။
“ဟားဟား ငါ့ရဲ့လက်သီးချက်ကို ထပ်ပြီး မြည်းကြည့်လိုက်ဦး”
ကျန်းချန်က လှောင်ရယ်လိုက်ပြီး တုနှိုင်းမဲ့ စစ်ဘုရင်တစ်ပါးနှယ် နတ်ဘုရားသားတော် ခုနစ်ပါး ထံသို့ ပြေးဝင်သွားခဲ့သည်။
လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားများ ပါဝင်နေသော လက်သီးချက်များသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီး လက်သီးချက် တစ်ချက်စီတိုင်းတွင် နတ်ဘုရားသားတော်များသည် သွေးအန်ကာ နောက်သို့ ဆုတ်သွားခဲ့ရသည်။
အဆုံးသတ်တွင် ရှဝူယန် အပါအဝင် အခြားသော နတ်ဘုရားသားတော်များသည် သူတို့၏ မူလ သားရဲခန္ဓာကိုယ်များကို ဖော်ထုတ်ကာ ကျန်းချန်ကို တိုက်ခိုက်ကြတော့၏။
လေထုထဲတွင် နဂါးနက်တစ်ကောင်၊ ပေရာချီမြင့်မားသော ဝက်ဝံတစ်ကောင်၊ ရောင်စုံအလင်းတန်းများ ထွက်ပေါ်နေသော နွားတစ်ကောင် အစရှိသဖြင့် သားရဲများကို အားလုံးက မြင်တွေ့လိုက်ရသည်။
နတ်ဘုရားသားတော် ခုနစ်ပါးသည် သူတို့၏ မူလ သားရဲခန္ဓာကိုယ်များကို ဖော်ထုတ်ကာ ကျန်းချန်ကို အစွမ်းကုန်တိုက်ခိုက်ခဲ့ကြချေပြီ။
ကျန်းချန်ကလည်း သူ၏ နတ်ခန္ဓာပုံရိပ်ကနေ ထွက်ပေါ်လာသော လူသားဧကရာဇ်ဓားကို ကိုင်စွဲကာ ကောင်းကင်နှင့်မြေကြီးကိုပင် ပိုင်းဖြတ်နိုင်လောက်သည့် ဓားချက်တစ်ချက်ကို ဝှေ့ယမ်းလိုက်သည်။
“ဝုန်း..”
လေထုတစ်ခုလုံးက ပေါက်ကွဲထွက်သွားပြီ နေနှင့်လပင် ဗြောင်းဆန်သွားခဲ့သည်။
ကမ္ဘာပျက်တော့မည့်အလား ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းများသည် တိုက်ပွဲစစ်မြေပြင်ကို ဗဟိုပြုကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့၏။
ထိုအဖျက်စွမ်းအင်မုန်တိုင်းကြောင့် တိုက်ခိုက်ရေးကွင်း၏ အတားအဆီးများပင် ပြိုကွဲလုနီးပါး တုန်ခါသွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည့် ချင်းမူ ကောင်းကင်အရှင်သည် မျက်နှာပျက်ယွင်းသွားခဲ့ပြီး အသက်ဓာတ်စွမ်းအားများကို ထုတ်လွှတ်နေသည့် မှော်ရတနာ တစ်ခုကို အလျင်အမြန် ထုတ်ယူကာ တုန်ခါနေသော အစီအရင်ကို အလျင်အမြန် ထိန်းချုပ်လိုက်ရ၏။
“ဒီကောင်လေးတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက တကယ်ကိုကြောက်စရာပဲ.. ဒီတစ်ကြိမ် သက်စောင့်ဝိညာဥ် သစ်သီး လုပွဲက ဒီလောက်အထိ အကြိတ်အနယ် ရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ချင်းမူ ကောင်းကင်အရှင်က သက်ပြင်းချကာ စိတ်ထဲကနေ ရေရွတ်လိုက်သည်။
မဟာနတ်မျိုးနွယ်စု ရှစ်စုမှ နတ်ဘုရားသားတော်များသည် ကောင်းကင်အရှင်များနှင့်ပင် ယှဥ်ပြိုင်နိုင်သော ပါရမီရှင်များ ဖြစ်ကြပြီး တစ်ဦးချင်းစီသည် အလွန်အမင်း မာန်မာနကြီးကြသူများ ဖြစ်ကြသည်။
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ထိုမာနကြီးသော နတ်ဘုရားသားတော် ခုနစ်ပါးလုံးသည် ပူးပေါင်းတိုက်ခိုက်ရသည့် အခြေအနေသို့ ရောက်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
နတ်ဘုရားသားတော် ခုနစ်ပါးနှင့် ကျန်းချန်တို့၏ တိုက်ပွဲသည် မျိုးနွယ်စုခေါင်းဆောင် ရှစ်ဦး၏ တိုက်ပွဲထက်ပင် ပိုမိုပြင်းထန်နေခဲ့၏။
အကယ်၍ သူသာ နတ်ဘုရင်အဆင့် မှော်ရတနာဖြင့် တိုက်ခိုက်ရေးကွင်း၏ အကာအကွယ် အစီအရင်ကို အချိန်မီ မထိန်းချုပ်နိုင်ခဲ့လျှင် သစ်သားဝိညာဥ်မျိုးနွယ်စု တစ်ခုလုံးသည် တိုက်ပွဲ၏ အရှိန်အဟုန်ကြောင့် ပျက်စီးသွားလောက်ပြီ ဖြစ်သည်။
အခန်း(၂၀၆၃)ပြီး၏။
အခန်း(၂၀၆၄)
ကျန်းချန်နှင့် နတ်ဘုရားသားတော်ခုနစ်ပါး ထိပ်တိုက်ဆုံတွေ့ပြီးနောက်တွင် ထိတ်လန့်ဖွယ်ရာ စွမ်းအင်မုန်တိုင်းသည် တိုက်ခိုက်ရေးကွင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ထိုကဲ့သို့ ထိတ်လန့်ဖွယ်စွမ်းအင်မုန်တိုင်းဖြင့် ရင်ဆိုင်ရလျှင် ကျန်ရှိသော ပါရမီရှင်များသည် ဖြူဖျော့သော မျက်နှာများဖြင့် တိုက်ခိုက်ရေးကွင်းပြင်သို့ ထွက်ပြေးသွားခဲ့ကြသည်။
သက်စောင့်ဝိညာဥ်သစ်သီးသည် ကမ္ဘာပေါ်တွင် ရှားပါးသော အနှိုင်းမဲ့ သစ်သီးတစ်ခု ဖြစ်ပြီး သူတို့ ဝင်ရောက်ယှဥ်ပြိုင်နိုင်သည့်အရာ မဟုတ်ပေ။
အကယ်၍ သူတို့သာ တိုက်ခိုက်ရေးကွင်းထဲ ဆက်လက်ရှိနေမည်ဆိုလျှင် ကျန်းချန်၏ နတ်ဘုရားသားတော်တို့၏ တိုက်ပွဲမှ ဖြစ်ပေါ်လာသော နောက်ဆက်တွဲ စွမ်းအင်များသည် သူတို့ကို အမှုန့်အဖြစ် ခြေပစ်ရန် လုံလောက်ကြောင်း သူတို့ကောင်းစွာ သိထားကြသည်။
ထိုအကြောင်းကြောင့်လည်း လျင်မြန်စွာဖြင့် တိုက်ခိုက်ရေးကွင်းပြင်သို့ ထွက်ပြေးသွားခဲ့ကြခြင်းပင်။
သိပ်မကြာခင်မှာပင် ရှဝူယန် ဦးဆောင်သော နတ်ဘုရားသားတော် ခုနစ်ပါးသည် ပေထောင်ချီ အကွာအဝေးသို့ လွင့်စင်သွားကြသည်။
“ဖူး..”
ရှဝူယန်၊ ကျိယွိလုံနှင့် နျိုထျန်းကန်းတို့ သုံးယောက်သည် လည်ချောင်းထဲတွင် ချိုမြိန်သော အရသာကို ခံစားလိုက်ရပြီး သွေးတစ်လုတ်စီကို ပါးစပ်ကနေ အန်ထုတ်လိုက်ရသည်။
ကျန်လေးဦးမှာ သူတို့ထက်ပင် ပိုမို ထိခိုက်ဒဏ်ရာ ရရှိနေခဲ့ပြီး ကျန်းချန်၏ လက်ချက်ဖြင့် ခန္ဓာကိုယ် တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သည်။
“ဒီကောင်လေးက တကယ်ကို အစွမ်းထက်လွန်းတာပဲ”
တိုက်ပွဲကို ကြည့်ရှုနေကြသော လူတိုင်းသည် ဤမြင်ကွင်းကို အထိတ်တလန့်ဖြင့် ကြည့်နေခဲ့ကြသည်။
မဟာနတ်မျိုးနွယ်စု ရှစ်စုတွင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုမှလွဲလျှင် ကျန်ရှိသည့် နတ်မျိုးနွယ်စု ခုနစ်စုမှ နတ်ဘုရားသားတော်များသည် ကျန်းချန်ကို ပူးပေါင်း၍ ရင်ဆိုင်ခဲ့သော်လည်း ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
ကျန်းချန်က စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ပင် ရှဝူယန် တို့ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။
“သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံးစလုံးက ငါ့အတွက်ပဲ.. သဘောမတူတဲ့လူ တက်လာခဲ့”
ကျန်းချန်၏ စကားကိုကြားလျှင် နတ်ဘုရားသားတော် ခုနစ်ပါး၏ မျက်နှာများသည် အလွန်တရာပင် အကျည်းတန်သွားခဲ့သည်။
သူတို့သည် မဟာနတ်မျိုးနွယ်စု ရှစ်စုတွင် မွေးဖွားလာသူများ ဖြစ်ကြပြီး ပါရမီထူးကဲသော ကျင့်ကြံသူများ ဖြစ်ကြသည်။
သို့သော်လည်း ယနေ့တွင် သူတို့ နတ်ဘုရားသားတော် ခုနစ်ပါး ပူးပေါင်းခဲ့သည့်တိုင် ကျန်းချန် တစ်ဦးတည်း၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။
ဤအခိုက်အတန့်တွင် သူတို့၏ ဂုဏ်သိက္ခာနှင့် အောင်မြင်မှုအားလုံးသည် ကျန်းချန်ကြောင့် လုံးဝ ပျက်စီးသွားခဲ့ရချေပြီ။
သူတို့က မကျေနပ်သော်လည်း အလွန်တရာ အစွမ်းထက်သည့် ကျန်းချန်နှင့် ဆက်လက် ရင်ဆိုင်နေမည်ဆိုလျှင် အရှက်ကွဲရုံသာ ရှိပေလိမ့်မည် မဟုတ်ပါလော။
“မင်းရဲ့စွမ်းအားက ပြိုင်ဘက်ကင်းပါပဲ.. ငါတို့တွေ အရှုံးပေးပါတယ်”
အဆုံးသတ်တွင် ရှဝူယန်သည် မာန်ချလိုက်ပြီး ခေါင်းကိုငုံ့ကာ ပြောလိုက်သည်။
သူ၏ မျက်နှာထက်တွင် ခါးသီးသော အမူအရာများဖြင့် ပြည့်နှက်နေခဲ့၏။
မဟာနတ်မျိုးနွယ်စု ရှစ်စုတွင် နံပါတ်(၁) မျိုးနွယ်စု ဖြစ်သော ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု၏ နတ်ဘုရားသားတော် ဖြစ်သောကြောင့် ရှဝူယန်သည် သူ့ကိုယ်သူ အမြဲတစေ အထင်ကြီးခဲ့ပြီး ကမ္ဘာပေါ်တွင် အထူးချွန်ဆုံး ပါရမီရှင် တစ်ဦးဟု ထင်မှတ်ခဲ့သည်။
ယနေ့တိုက်ပွဲတွင် ရှဝူယန်သည် တောင်တစ်တောင်ထက် နောက်တစ်တောင်က မြင့်မားသည် ဟူသော အဆိုအမိန့်ကို နားလည်သွားခဲ့သည်။
ကျန်းချန် ကဲ့သို့ ကောင်းကင်ကို အဆုံးစွန် ဆန့်ကျင်နေသည့် ပါရမီရှင် ရှေ့တွင် သူကဲ့သို့ နတ်ဘုရားသားတော်သည် ဘာဆိုဘာမှ မဟုတ်ပေ။၊
ရှဝူယန် အရှုံးပေးသည်ကို မြင်လျှင် ကျန်းချန်သည် ၎င်းတို့ကို လျစ်လျူရှုလိုက်ပြီး သစ်သားဝိညာဥ် နတ်မျိုးနွယ်စုမှ ချင်းမူ ကောင်းကင်အရှင်ကို ကြည့်လိုက်သည်။
“ချင်းမူ ကောင်းကင်အရှင် သူတို့တွေ အရှုံးပေးသွားကြပြီဆိုတော့ ကျွန်တော့်ကို သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံး ပေးလို့ရပြီလား”
ထိုစကားကို ကြားလျှင် ချင်းမူ ကောင်းကင်အရှင်သည် ခေါင်းကိုက်မလိုပင် ဖြစ်သွားခဲ့သည်။
ဤတစ်ကြိမ်ပြိုင်ပွဲတွင် နတ်ဘုရားသားတော် ခုနစ်ပါးလုံးကို တစ်ဦးတည်းဖြင့် အနိုင်ယူကာ သက်စောင့်ဝိညာဥ် သစ်သီး နှစ်လုံးကို တစ်ဦးတည်း သိမ်းပိုက်ချင်သည့် ကျန်းချန် ကဲ့သို့ နတ်ဆိုးတစ်ဦး ပေါ်ထွက်လာလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။
ချင်းမူ ကောင်းကင်အရှင်သည် ထိုကဲ့သို့ ပြဿနာမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု မစဥ်းစားထားခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံးကို ထုတ်ပေးရမည်ဖြစ်ပြီး မည်သူက အပိုင်ရသည်ဖြစ်စေ သူတို့အတွက် ဘာမှ ထူးခြားသွားမည် မဟုတ်ပေ။
သို့သော်လည်း သူ့အနေဖြင့် ကျန်းချန်ကို သက်စောင့်ဝိညာဥ် သစ်သီး နှစ်လုံးစလုံးအား ပေးအပ်ချင်လျှင်ပင် မလွယ်ကူနိုင်မှန်း သူကောင်းစွာ သိထားခဲ့သည်။
“ဟားဟား ကောင်လေး.. ပြိုင်ပွဲရဲ့ စည်းမျဥ်းအရ ပြိုင်ပွဲဝင်တစ်ယောက်က သက်စောင့်ဝိညာဥ် သစ်သီး တစ်လုံးကိုပဲ ရရှိနိုင်တယ်.. မင်းရဲ့ခွန်အားက ပြိုင်ပွဲဝင်တွေထဲမှာ အထူးချွန်ဆုံးဖြစ်ပေမဲ့ သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံးစလုံးကိုတော့ တစ်ဦးတည်း သိမ်းပိုက်ခွင့်မရှိဘူး”
ချင်းမူ ကောင်းကင်အရှင် တွေဝေနေသော အချိန်မှာပင် တိုက်ခိုက်ရေးကွင်း၏ အထက်ကနေ လှောင်ရယ်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် အခိုက်အတန့်မှာပင် အနက်ရောင်ပုံရိပ် တစ်ခုသည် လေထဲကနေ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။
ထိုလူသည် ထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး အနက်ရောင်မိုးကြိုး အလင်းတန်းများသည် ပတ်ပတ်လည်တွင် ဝိုင်းရံနေခဲ့ကာ သူ၏ ခန္ဓာကိုယ်ကနေလည်း ထိတ်လန့်ဖွယ်ရာ သွေးညှီနံ့များ ပျံ့နှံ့နေခဲ့သည်။
ထိုလူ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အသက်ရှူရကြပ်လာသလိုပင် ခံစားလာရ၏။
ထိုလူက တခြားလူမဟုတ်ဘဲ ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည့် လဲ့ကျောင်း ကောင်းကင်အရှင် ဖြစ်ပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ နံပါတ်(၁) ကျင့်ကြံသူလည်း ဖြစ်သည်။
ယခုအခါ လဲ့ကျောင်း ကိုယ်တိုင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပြီး လဲ့ကျောင်းသည် ကျန်းချန်ကို သက်စောင့်ဝိညာဥ် သစ်သီး အလွယ်တကူ ရရှိစေချင်ပုံ မရပေ။
သူ၏အရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“ခင်ဗျားက မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရဲ့ နံပါတ်(၁) ကျင့်ကြံသူ ဖြစ်တဲ့ ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုခေါင်းဆောင် လဲ့ကျောင်း ကောင်းကင်အရှင်လား”
ထိုလူ၏ အရှိန်အဝါက ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ထက်ပင် ပိုမိုအားကောင်းသောကြောင့် ကျန်းချန်သည် ထိုလူ မည်သူမည်ဝါ ဖြစ်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။
ထိုကဲ့သို့ အရှိန်အဝါမျိုးသည် ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်မှ လွဲလျှင် အခြားမည်သူ့ထံတွင် ရှိနိုင်ပါမည်နည်း။
“ဟုတ်တယ်.. ငါက လဲ့ကျောင်းပဲ”
လဲ့ကျောင်း ကောင်းကင်အရှင်က အေးစက်စက် ပြောလိုက်သည်။
“မင်းအနေနဲ့ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေက ပါရမီရှင်အများအပြားကို ဖိနှိပ်ပြီး သက်စောင့်ဝိညာဥ်သစ်သီး တစ်လုံး ရယူသွားတာကို ငါကန့်ကွက်စရာ မရှိဘူး.. ဒါပေမဲ့ သက်စောင့်ဝိညာဥ်သစ်သီး နှစ်လုံးစလုံးကို သိမ်းပိုက်ချင်နေတာကတော့ လွန်လွန်းသွားပြီ”
“ခင်ဗျား ပါးစပ်ထဲ ရှိတာတွေ လျှောက်ပြောမနေစမ်းနဲ့.. ပြိုင်ပွဲရဲ့ စည်းမျဥ်းအရ တိုက်ခိုက်ရေးကွင်းထဲမှာ နှစ်ယောက် ကျန်ရင်တော့ တစ်ယောက်ကို တစ်လုံးစီရမယ်.. ဒါပေမဲ့ အခုတိုက်ခိုက်ရေးကွင်းထဲမှာ ငါတစ်ယောက်ပဲ ကျန်တော့တာ ဆိုတော့ သက်စောင့်ဝိညာဥ်သစ်သီး နှစ်လုံးစလုံးက ငါနဲ့ပဲ သက်ဆိုင်တယ်”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်က လဲ့ကျောင်းကို ခပ်စိမ်းစိမ်း ကြည့်လိုက်သည်။
“ဘာလဲ ခင်ဗျားဆီမှာ ကန့်ကွက်ပိုင်ခွင့် ရှိလို့လား”
“ငါခုနက မင်းကို ပြောတဲ့အတိုင်းပဲ မင်းအနေနဲ့ သက်စောင့်ဝိညာဥ်သစ်သီး တစ်လုံးကိုပဲ ယူသွားခွင့် ရှိတယ်”
လဲ့ကျောင်း ကောင်းကင်အရှင်က ခက်ထန်သော အမူအရာဖြင့် ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ထိတ်လန့်ဖွယ်ရာကောင်းသောအရှိန်အဝါသည် ပတ်ဝန်းကျင်တွင် လွှမ်းခြုံသွားခဲ့၏။
“အကယ်၍ မင်းက စည်းမျဥ်းတွေကို ချိုးဖောက်ပြီး ဇွတ်တရွတ် လုပ်နေမယ်ဆိုရင်တော့ အကြီးက အငယ်ကို အနိုင်ကျင့်တယ် ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့.. မင်းကို ငါ သက်ညှာနေမှာ မဟုတ်ဘူး”
ထိုမြင်ကွင်းကိုမြင်လျှင် ချင်းမူ ကောင်းကင်အရှင်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“တကယ်လို့ မင်းတို့ နှစ်ယောက် တိုက်ခိုက်မယ်ဆိုရင် လေထုထဲမှာ သွားတိုက်ကြပါ.. ငါ့ရဲ့ တိုက်ခိုက်ရေးကွင်းက မင်းတို့နှစ်ယောက်ရဲ့ ဒဏ်ကို ခံနိုင်မှာ မဟုတ်လောက်ဘူး”
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ တိုက်ခိုက်ရေးကွင်း၏ အထက်ရှိ လေထုထဲတွင် ပေါ်လာခဲ့သည်။
“လဲ့ကျောင်း ကျုပ်တို့ တိုက်ခိုက်ကြစို့.. ကျုပ် ခင်ဗျားကို အပြတ်ပြောထားမယ်.. သစ်သားဝိညာဥ် နတ်မျိုးနွယ်စုရဲ့ သက်စောင့်ဝိညာဥ်သစ်သီး နှစ်လုံးစလုံးက ကျုပ် ကျန်းချန်ရဲ့ အပိုင်ပဲ.. ကျုပ်ကို တားရဲတဲ့ ဘယ်သူမဆို သတ်ပစ်မယ်”
ထိုအခိုက်အတန့်တွင် လဲ့ကျောင်း ကောင်းကင်အရှင်၏ ခန္ဓာကိုယ်ကနေ အနက်ရောင် မိုးကြိုးအလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့ပြီး လဲ့ကျောင်း ကောင်းကင်အရှင်သည် လေထုထဲရှိ ကျန်းချန်နှင့် မျက်နှာချင်းဆိုင်တွင် ပေါ်လာခဲ့သည်။
လဲ့ကျောင်းက လူသတ်ငွေ့များ လွှမ်းခြုံနေသော အကြည့်ဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
“ကောင်လေး.. မင်းငါ့လက်ထဲမှာ သေဖို့သာ ပြင်ထားလိုက်တော့”
“ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်း”
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်ရာ ကောင်းကင်ယံတွင် ခုနစ်စဥ်ကြယ်သည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ခုနစ်စဥ်ကြယ်မှ ကြယ်ဓားစွမ်းအင်သည် လဲ့ကျောင်း ကောင်းကင်အရှင် ထံသို့ သက်ရောက်လာခဲ့သည်။
“ဝုန်း..”
လေထုထဲတွင် ပေါက်ကွဲသံများ ဖြစ်ပေါ်လာခဲ့ပြီး ကမ္ဘာတစ်ခုလုံးသည် အရောင်ပြောင်းသွားခဲ့သည်။
နေနှင့်လပင် ဗြောင်းဆန်သွားခဲ့ပြီး ကောင်းကင်ကြီးသည်ပင် ကျန်းချန်၏ ကြယ်ဓားစွမ်းအင်ကြောင့် နှစ်ခြမ်းကွဲသွားမလို ဖြစ်နေခဲ့သည်။
လဲ့ကျောင်း၏ အရှိန်အဝါသည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည့် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ထက် များစွာပို၍ အားကောင်းနေခဲ့၏။
ထို့ကြောင့် ကျန်းချန်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ စတင် တိုက်ခိုက်သည်နှင့် နတ်ဘုရင်အဆင့် နည်းစနစ် ဖြစ်သော ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်းကို အသုံးပြုလိုက်ခြင်း ဆိုလည်းမမှားပေ။
ကျန်းချန်၏ နတ်ဘုရင်အဆင့်ဓားသိုင်းကို မြင်လျှင် လဲ့ကျောင်း ကောင်းကင်အရှင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
ယင်းနောက်တွင် သူ၏ ကျောဘက်ကနေ အနက်ရောင် မိုးကြိုးအလင်းတန်းများ လွှမ်းခြုံနေသည့် ပေပေါင်း သောင်းချီ မြင့်မားသော နဂါးတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံသို့ ပျံတက်ကာ ကျန်းချန်၏ ကြယ်ဓားစွမ်းအင်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။
အခန်း(၂၀၆၄)ပြီး၏။