အခန်း (၂၀၆၇-၂၀၆၈)
Vol. 147 Ch. 2067-2068
အခန်း(၂၀၆၇)
လဲ့ကျောင်းကောင်းကင်အရှင်က ကျန်းချန်ကို ကြည့်ကာ ထိတ်လန့်နေခဲ့သည်။
ကျန်းချန်သည် သူတော်စင်ကောင်းကင် နတ်ဘုရားအဆင့်ကို ကျော်လွန်နေပြီး လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားသော အနှိုင်းမဲ့ ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည်။
သို့ရာတွင် သူသည်လည်း ကြယ်တစ်ပွင့် ကောင်းကင်အရှင်တစ်ပါး ဖြစ်သည်။
သူ၏ ကြယ်တစ်ပွင့် ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် ခွန်အားဖြင့် ဆိုလျှင် ကျန်းချန်ကို ရင်ဆိုင်ရန် မခက်ခဲလောက်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းတွင် ကျန်းချန်၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
လဲ့ကျောင်းသည် ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု၏ နတ်ဘုရင်အဆင့် လက်နက်ဖြစ်သော ကောင်းကင်ဝါးမျိုတူကို ထုတ်သုံးခဲ့သည့်တိုင် ကျန်းချန်သည်လည်း နတ်ဘုရင်အဆင့်မှော်လက်နက်ကို ထုတ်သုံးပြီး သူ့ကို အလွယ်တကူ အနိုင်ယူလိုက်သည်။
ကျန်းချန် အသုံးပြုခဲ့သော နတ်ဘုရင်အဆင့် မှော်လက်နက်သည် သူတို့ ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု၏ နတ်ဘုရင်အဆင့် မှော်လက်နက်ထက် မသာလွန်မှန်း လဲ့ကျောင်း စိတ်နှလုံးထဲတွင် ကောင်းစွာ သိထားခဲ့သည်။
ဆိုရလျှင် ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု၏ နတ်ဘုရင်အဆင့် နတ်လက်နက် ဖြစ်သော ကောင်းကင်ဝါးမျိုတူကို ရှေးခေတ်ကာလက ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု၏ နတ်ဘုရင်အဆင့် မျိုးနွယ်စုခေါင်းဆောင်က လွဲလျှင် မည်သူမှ မထိန်းချုပ်နိုင်ခဲ့ပေ။
လဲ့ကျောင်း ကောင်းကင်အရှင်သည် ကောင်းကင်ဝါးမျိုရေနဂါး မျိုးနွယ်စု၏ လက်ရှိခေတ်ကာလ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သော်လည်း လျှို့ဝှက်နည်းလမ်း တချို့ဖြင့်သာ ကောင်းကင်ဝါးမျိုတူကို ထိန်းချုပ်နိုင်ခဲ့သည်။
ထို့ကြောင့် သူက ကောင်းကင်ဝါးမျိုတူ၏ တကယ့်စွမ်းအင်အစစ်အမှန်ကို မထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း တစ်ဖက်မှ ကျန်းချန်ကမူ နတ်ဘုရင်အဆင့်လက်နက်ကို လုံးဝ ထိန်းချုပ်နိုင်ပုံရပြီး နတ်ဘုရင်အဆင့်လက်နက်၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ခဲ့သည်။
“ဝုန်း..”
လဲ့ကျောင်း ကောင်းကင်အရှင် ထိတ်လန့်နေသော အချိန်မှာပင် မဟာနဂါးနန်းတော်ကနေ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး လေထုထဲရှိ မိုင်ပေါင်းထောင်ချီကို တုန်ခါသွားစေခဲ့ကာ ကြောက်မက်ဖွယ်စွမ်းအားများကို သယ်ဆောင်၍ လဲ့ကျောင်း ကောင်းကင်အရှင် ဆီသို့ ရိုက်ခတ်လာခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် လဲ့ကျောင်း ကောင်းကင်အရှင်၏ မျက်နှာ အမူအရာသည် ပြောင်းလဲသွားခဲ့ပြီး မဟာနဂါးနန်းတော်၏ စွမ်းအားနှင့် ထိပ်တိုက် ရင်ဆိုင်ရန် အတွက် ကောင်းကင်ဝါးမျိုတူကို နောက်တစ်ကြိမ် လှုံ့ဆော်လိုက်၏။
“ဝုန်း..”
နတ်ဘုရင်အဆင့် လက်နက်နှစ်ခုက လေထုထဲတွင် ထိပ်တိုက်ဆုံတွေ့သွားခဲ့ပြီး မဟာလမ်းစဥ်၏ စွမ်းအားများပါဝင်နေသော ကြောက်မက်ဖွယ် အဖျက်စွမ်းအင် မုန်တိုင်းသည် ကောင်းကင်ယံတွင် တိုက်ခတ်သွားခဲ့ကာ သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ အထက်ကောင်းကင်ယံ တစ်ခုလုံးကို ဖရိုဖရဲ ဖြစ်သွားစေခဲ့သည်။
သို့သော်လည်း လဲ့ကျောင်း ကောင်းကင်အရှင်သည် ကျန်းချန်၏ ပြိုင်ဘက် မဟုတ်သလို ကောင်းကင်ဝါးမျိုတူ၏ စွမ်းအားကိုလည်း အပြည့်အဝ မထုတ်ဖော်နိုင်
သောကြောင့် ကျန်းချန်၏ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပေ။
သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ကာ ပေပေါင်းများစွာ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့သည်။
ကျန်းချန်က နောက်ပြန် လွင့်စင်သွားသော လဲ့ကျောင်း ကောင်းကင်အရှင်ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး လဲ့ကျောင်းကောင်းကင်အရှင်ကို အသက်ရှုဖို့ပင် အခွင့်အရေးမပေးခဲ့ပေ။
သူက ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ထပ်မံဖော်ထုတ်လိုက်ပြီး ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ဖြင့် လဲ့ကျောင်း ကောင်းကင်အရှင်ကို တိုက်ရိုက်ပင် ဖိနှိပ်လိုက်သည်။
ထိုအချိန်မှာပင် လဲ့ကျောင်း ကောင်းကင်အရှင်၏ ခန္ဓာကိုယ်ကနေ အနက်ရောင် အလင်းများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံရှိ မိုင်ပေါင်းထောင်ချီကို လွှမ်းခြုံထားသော ကောင်းကင်ဝါးမျို ရေနဂါးအဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့သည်။
ယင်းနောက်တွင် နတ်နဂါးမြို့တော် ပန်းချီကားလိပ်နှင့် ကောင်းကင်ဝါးမျို ရေနဂါးသည် ထိပ်တိုက် ဆုံတွေ့သွားပြီး ကျန်းချန်၏ နတ်နဂါးမြို့တော် ပန်းချီကားလိပ်သည် ကောင်းကင်ဝါးမျို ရေနဂါးကို အပြင်းအထန်ပင် ရိုက်ချပစ်လိုက်သည်။
ဤအချိန်တွင် နေနှင့်လက ဗြောင်းဆန်သွားခဲ့ပြီး ကမ္ဘာကြီးပင် ပြိုကျလုမတတ် ဖြစ်သွားခဲ့သည်။
ကောင်းကင်ဝါးမျို ရေနဂါးက မိုင်သောင်းချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့ပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်သည် လေထုထဲတွင် ဧရာမအနက်ရောင် တွင်းပေါက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်စေခဲ့ပြီး ထိုအနက်ရောင်တွင်းပေါက် ထဲသို့ ကျရောက်သွားခဲ့သည်။
အရာအားလုံး ပျောက်ကွယ်ပြီး ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါတွင် လူတိုင်း၏ အကြည့်သည် လေထုထဲရှိ တစ်နေရာသို့ ကျရောက်သွားခဲ့၏။
လေထုထဲတွင် နဂါးသွေးများနှင့် အရိုးများက ကောင်းကင်ယံတစ်ခုလုံး ပြည့်နှက်နေခဲ့ပြီး သွေးမိုးများ ကဲ့သို့ ရွာကျလာခဲ့သည်။
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး ကောင်းကင်ယံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါး ကဲ့သို့ သူ၏ ပတ်ဝန်းကျင်တွင် တောက်ပသော အလင်းရောင်များဖြင့် ပြည့်နှက်နေခဲ့၏။
“လဲ့ကျောင်း ကောင်းကင်အရှင် ရှုံးနိမ့်သွားပြီလား”
လူတိုင်းက လေထုထဲမှ မြင်ကွင်းကို ကြည့်ကာ မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
လဲ့ကျောင်း ကောင်းကင်အရှင်သည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲတွင် အင်အားအကောင်းဆုံး ဖြစ်သော ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်ပြီး ကြယ်တစ်ပွင့်ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်ကာ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ နံပါတ်(၁) ကျင့်ကြံသူလည်း ဖြစ်သည်။
ထိုကဲ့သို့ ပြိုင်ဘက်ကင်းပုဂ္ဂိုလ် တစ်ယောက်ကိုပင် ကျန်းချန်သည် အနိုင်ရခဲ့ပါသလော။
“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဒီကလေးက တကယ့်ကို ကောင်းကင်ကို ဆန့်ကျင်လွန်းတဲ့ပါရမီရှင် တစ်ယောက်ပဲ”
လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်ကိုကြည့်ရင်း လီကျန့်၏ နှလုံးသားထဲတွင် တအံ့တသြ ရေရွတ်လိုက်မိသည်။
ရွှယ်ရွှမ်း အဖွဲ့အစည်းနှင့် ရင်ဆိုင်ခဲ့သော တိုက်ပွဲအကြောင်းကို ကြားသိရပြီးနောက်တွင် ကျန်းချန်၏ စွမ်းရည်သည် သူ မှန်းဆထားသည်ထက်ပင် ကျော်လွန်နေမှန်း လီကျန့် သိထားခဲ့သည်။
သို့သော်လည်း လဲ့ကျောင်း ကောင်းကင်အရှင် ကဲ့သို့ ပုဂ္ဂိုလ်မျိုးပင် ကျန်းချန်၏ လက်ထဲတွင် အလွယ်တကူ သတ်ပစ်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကူရွှယ်သောင်းက ထိုကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်နေသော တပည့်မျိုးကို မည်သည့်နေရာက ရှာလာခဲ့မှန်း သူ တကယ် နားမလည်နိုင်တော့ချေ။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းသည် တစ်ချိန်က ၎င်းတို့၏ နတ်ဘုရားသားတော် ဖြစ်ခဲ့သော ကူရွှယ်သောင်းကိုပင် ရင်ဆိုင်ရခက်ခဲနေခဲ့ပြီ ဖြစ်သည်။
ယခုအခါတွင်မူ ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် ကြယ်တစ်ပွင့်ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်ကိုပင် သတ်ဖြတ်နိုင်သည့် ကူရွှယ်သောင်း၏ တပည့်တစ်ယောက်ပါ ထပ်တိုးလာခဲ့ချေပြီ။
အကယ်၍ ကျန်းချန်သာ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်သွားခဲ့လျှင် နတ်ဘုရင်အဆင့် ကျင့်ကြံသူများပင် ကျန်းချန်ကို အလွယ်တကူ အနိုင်ရနိုင်တော့မည် မဟုတ်ဟု သူတွေးမိခဲ့သည်။
ဤအတိုင်းသာဆိုလျှင် ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်း၏ အနာဂတ်သည် လှပနိုင်တော့မည် မဟုတ်ပေ။
လူတိုင်း၏ ထိတ်လန့်တကြား အကြည့်အောက်မှာပင် ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေရင်း သူ့ရှေ့ရှိ နေရာလွတ် အက်ကွဲကြောင်းကို တည်ငြိမ်စွာ ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
“လဲ့ကျောင်း ကောင်းကင်အရှင်.. ဟန်ဆောင်မနေနဲ့တော့.. မင်းမသေသေးဘူး ဆိုတာ ငါသိတယ်.. မင်းဘာသာထွက်လာမလား ဒါမှမဟုတ် ငါက မင်းကို ခေါ်ထုတ်ရမလား”
ကျန်းချန်၏ စကားသံအဆုံးမှာပင် နေရာလွတ်အက်ကွဲကြောင်းထဲကနေ ဆန်းကြယ်သော အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဥက္ကာပျံတစ်ခု ကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်းသွားကာ ချင်းမူတောင်တန်း၏ အပြင်ဘက်ကို တိုက်ရိုက်ပင် ပျံသန်းသွားခဲ့သည်။
ကျန်းချန်က ထိုအနက်ရောင် အလင်းတန်းကို ဖမ်းဆီးရန်အတွက် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ မိုင်ထောင်ချီ နေရာလွတ်သည် သံပြားတစ်ခုကဲ့သို့ ချက်ချင်းပင် တောင့်တင်းသွားခဲ့သည်။
“ဒုန်း..”
အနက်ရောင်အလင်းသည် မမြင်နိုင်သော အတားအဆီးကို ဝင်တိုက်မိသွားခဲ့ပြီး ပေရာချီ အကွာအဝေးအထိ နောက်ပြန်လွင့်စင်သွားခဲ့သည်။
ထိုအခါ ခပ်ရေးရေး အနက်ရောင်ပုံရိပ် တစ်ခုကို အားလုံးက မြင်လိုက်ရ၏။
ထိုအနက်ရောင်ပုံရိပ်မှာ တခြားသူ မဟုတ်ပေ။
ကျန်းချန် အစောပိုင်းက သတ်ဖြတ်ခဲ့သည့် လဲ့ကျောင်းကောင်းကင်အရှင်ပင် ဖြစ်သည်။
“ကျန်းချန်.. သက်စောင့်ဝိညာဥ်သစ်သီးက မင်းအပိုင်ဆိုတာ ငါလက်ခံတယ်.. ငါတို့ရဲ့တိုက်ပွဲကို ဒီမှာပဲ ရပ်လိုက်ကြရအောင်.. မင်းက အစွမ်းထက်ပေမဲ့လည်း ငါတို့ ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုက မင်းလုပ်ချင်တိုင်း လုပ်လို့ရတဲ့ မျိုးနွယ်စုမဟုတ်ဘူး.. မင်းငါ့ကို အတင်းအကျပ် ဖိအားပေးရင် ငါမင်းနဲ့ သူသေကိုယ်သေ ရင်ဆိုင်ရလိမ့်မယ်”
လဲ့ကျောင်း ကောင်းကင်အရှင်က ထိုစကားကို ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ ထိတ်လန့်နေခဲ့သည်။
အစောပိုင်းက သူ၏ မူလခန္ဓာကိုယ်ကို ထုတ်ဖော်ပြီး ကြယ်တစ်ပွင့် ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် ခွန်အားကို အပြည့်အဝ အသုံးချခဲ့သော်လည်း ကျန်းချန်ကို မယှဥ်နိုင်ခဲ့ပေ။
ယခုအခါ သူက ဝိညာဥ် အခြေအနေတွင်သာ ရှိနေပြီ ဖြစ်ရာ ကျန်းချန်၏ ပြိုင်ဘက် မည်သို့မှ မဖြစ်နိုင်တော့ပေ။
သူ၏ လက်ထဲတွင် ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု၏ ဝှက်ဖဲတချို့ ရှိနေသေးသော်လည်း ဝိညာဥ် အခြေအနေဖြင့် အလွယ်တကူ အသုံးပြု၍ မရနိုင်ချေ။
အကယ်၍ သူ၏ဝှက်ဖဲဖြင့် ကျန်းချန်ကို သတ်နိုင်ခဲ့လျှင်ပင် ယင်းသည် သူ့အတွက် သေလမ်းတစ်လမ်းသာ ရှိပေလိမ့်မည်။
“ထွက်သွားစမ်း”
ကျန်းချန်က လဲ့ကျောင်း ကောင်းကင်အရှင်ကို စူးရှစွာ စိုက်ကြည့်၍ မောင်းထုတ်လိုက်သည်။
သူက လဲ့ကျောင်း ကောင်းကင်အရှင်နှင့် ဆက်လက် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ပေ။
ဤခရီးစဥ်တွင် သူ၏ အဓိက ရည်ရွယ်ချက်မှာ သက်စောင့်ဝိညာဥ် သစ်သီးကို ရယူဖို့ပင် မဟုတ်ပါလော။
သက်စောင့်ဝိညာဥ် သစ်သီး သူရယူမည်ကို လဲ့ကျောင်းကောင်းကင်အရှင် မတားဆီးတော့သည် ဖြစ်ရာ ကျန်းချန်သည်လည်း လဲ့ကျောင်း ကောင်းကင်အရှင်ကို တကူးတက သတ်ဖြတ်နေမည် မဟုတ်တော့ပေ။
မည်သို့ပင် ဖြစ်စေကာမူ ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စုလရှစ်စုထဲတွင် အင်အားကောင်းသော မျိုးနွယ်စုဖြစ်သည်။
၎င်းတို့ထံတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ မရှိသော်လည်း ခိုင်မာသော အခြေခံအုတ်မြစ်များ ရှိ၏။
သူက ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုကို မကြောက်ရွံ့သော်လည်း အကယ်၍ လဲ့ကျောင်း ကောင်းကင်အရှင်ကို သတ်ဖြတ်လိုက်လျှင် ကောင်းကင်ဝါးမျို ရေနဂါး မျိုးနွယ်စုနှင့် အဆုံးစွန်အထိ အမုန်းပွားနိုင်ပြီး ယင်းသည် သူ့အတွက် အခက်အခဲများစွာကို ဖြစ်ပေါ်လာစေမည် မဟုတ်ပါလား။
လဲ့ကျောင်း ကောင်းကင်အရှင်က မည်သည့်စကားကိုမှ မပြောတော့ဘဲ အနက်ရောင်အလင်းတန်း အဖြစ်သို့ တိုက်ရိုက်ပြောင်းလဲကာ ထွက်ခွာသွားခဲ့သည်။
ဤအချင်းအရာကို မြင်လျှင် ကျန်းချန်သည် လေထုထဲကနေ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့၏။
ထို့နောက်တွင် သူ၏ မောက်မာသော အသံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
“သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံးစလုံးက င့ါအပိုင်ပဲ.. သဘောမတူတဲ့သူ ရှိရင် ရှေ့ထွက်ပြီး ကန့်ကွက်နိုင်တယ်”
အခန်း(၂၀၆၇)ပြီး၏။
အခန်း(၂၀၆၈)
ကျန်းချန်၏ အေးစက်စက်စကားသံက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့ရာ ရင်ပြင်တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
မဟာနတ်မျိုးနွယ်စု ရှစ်စုမှ လူများအပါအဝင် အားလုံးသည် လုံးဝကို တိတ်ဆိတ်နေခဲ့ကြသည်။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ နံပါတ်(၁) ကျင့်ကြံသူဖြစ်သော လဲ့ကျောင်း ကောင်းကင်အရှင်ပင်လျှင် ကျန်းချန်၏ အလွယ်တကူ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး မူလခန္ဓာကိုယ်ဖြစ်သော ကောင်းကင်ဝါးမျို ရေနဂါးခန္ဓာကိုယ် ပင်လျှင် အစိတ်စိတ်အမွှာမွှာ ကွဲကြေကာ အဆုံးသတ်တွင် အရှုံးပေးရန် ရွေးချယ်ခဲ့ရသည်။
သူတို့သာ ကျန်းချန်နှင့် သက်စောင့်ဝိညာဥ်သစ်သီး အတွက် ယှဥ်ပြိုင်ဖို့ ရွေးချယ်ခဲ့မည် ဆိုလျှင် ယင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် မည်ကဲ့သို့ ကွာခြားပါမည်နည်း။
မည်သို့မှ စကားပြန်မပြောသည်ကို မြင်လျှင် ကျန်းချန်သည် ချင်းမူ ကောင်းကင်အရှင် ထံသို့ ကြည့်ကာ ပြောလိုက်သည်။
“ချင်းမူ ကောင်းကင်အရှင်.. အခု ကျွန်တော့်ဆီကနေ သက်စောင့်ဝိညာဥ်သစ်သီးကို လုယူမဲ့သူ မရှိတော့တဲ့ အတွက် ကျွန်တော့်ကို သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံး စလုံး ပေးလို့ရပြီလား”
“သခင်လေးကျန်းချန် သက်စောင့်ဝိညာဥ် သစ်သီးတွေ အပြည့်အဝ ရင့်မှည့်ဖို့အတွက် အချိန်သုံးရက်လောက် ယူရဦးမယ်.. သခင်လေး အနေနဲ့ ဘာမှ မစိုးရိမ်ဘဲ သစ်သားဝိညာဥ်နတ်မျိုးနွယ်စု ဆီမှာ သုံးရက်လောက် နေထိုင်ပေးပါ.. အချိန်တန်ရင် သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံးကို ငါ ကိုယ်တိုင် ပေးအပ်ပါ့မယ်”
ချင်းမူ ကောင်းကင်အရှင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ကျန်းချန်ကို ပြုံးပြ၍ ပြောလိုက်သည်။
ဤတစ်ကြိမ် သက်စောင့်ဝိညာဥ် သစ်သီး အတွက် တိုက်ပွဲသည် ချင်းမူ ကောင်းကင်အရှင် မျှော်လင့်ထားသည်ကိုပင် လုံးဝ ကျော်လွန်သွားခဲ့၏။
ကျန်းချန်က တစ်ကိုယ်တော် စွမ်းရည်ဖြင့် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ တစ်ခုလုံးကို ဖိနှိပ်လိုက်ပြီး လဲ့ကျောင်းကောင်းကင်အရှင်ကိုပင် အညံ့ခံအောင် ပြုလုပ်နိုင်ခဲ့ရာ ချင်းမူကောင်းကင်အရှင် အနေဖြင့် ကျန်းချန်ကို သက်စောင့်ဝိညာဥ်သစ်သီး မပေးအပ်ရန် အကြောင်းပြချက် လုံးဝမရှိတော့ပေ။
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင်တော့ ခေါင်းဆောင်ချင်းမူ ကိုပဲ အနှောင့်အယှက်ပေးရတော့မယ်”
ကျန်းချန်က လဲ့ကျောင်းကောင်းကင်အရှင်ကို အနိုင်ယူ၍ သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံး စလုံးကို အရယူနိုင်ခဲ့ခြင်းသည် ဤတစ်ကြိမ် သက်စောင့်ဝိညာဥ် သစ်သီး အတွက် ပြိုင်ပွဲလုံးဝ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင် ဖြစ်၏။
သူတို့အနေဖြင့် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုတွင် ဆက်နေရန် အကြောင်းမရှိတော့သည်ကို သိလျှင် မဟာနတ်မျိုးနွယ်စုရှစ်စု အပါအဝင် လူတိုင်းသည် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုဘက်တွင်မူ အကြီးအကဲတစ်ဦးသည် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“မမျှော်လင့်ဘဲ သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံးစလုံးကို အဲဒီကောင်လေး ယူသွားခဲ့ပြီ.. အခု ငါတို့ ဘာဆက်လုပ်ကြမလဲ”
“အရင်ပြန်ကြစို့.. သက်စောင့်ဝိညာဥ်သစ်သီးက အဲဒီကောင်လေးရဲ့ လက်ထဲကို ရောက်သွားပြီ ဆိုတော့ ငါတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု အနေနဲ့ ရရှိဖို့ မဖြစ်နိုင်တော့ဘူး.. ငါတို့ဘိုးဘေးရဲ့ ဝိညာဥ်ကို ပြန်လည်ကုစားဖို့ အတွက် အခြားနည်းလမ်းတွေကိုပဲ စဥ်းစားရတော့မယ်”
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီးနောက်တွင် ပျံသန်းနိုင်သော မှော်ရတနာကို ချက်ချင်းဆိုသလို လှုံ့ဆော်ကာ ချင်းမူ တောင်တန်းကနေ ထွက်ခွာသွားခဲ့သည်။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေမှ လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြပြီး နောက်တွင် ကျန်းချန်နှင့် သူ့အဖော်များသည်လည်း ချင်းမူ ကောင်းကင်အရှင်၏ စီစဥ်မှုအောက်တွင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၌ နေထိုင်ခဲ့ကြသည်။
ဤသို့ဖြင့် သုံးရက် ဟူသော အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ယနေ့တွင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ အလယ်ဗဟိုရှိ မြင့်မားလှသော ရှေးဟောင်း သစ်ပင်ကြီးကနေ ရုတ်တရက် တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။
ထို့နောက်တွင် ချက်ချင်းဆိုသလို ခမ်းနားထည်ဝါသော အသက်စွမ်းအင် အရှိန်အဝါများသည် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ အထက်ကောင်းကင်ယံ တစ်ခုလုံးကို ချက်ချင်းဆိုသလိုပင် ဖုံးလွှမ်းသွားခဲ့သည်။
ကျန်းချန်က ရှည်ရှည်ဝေးဝေး တွေးနေစရာပင် မလိုအပ်ဘဲ ဤအချင်းအရာက သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ သက်စောင့်ဝိညာဥ် သစ်သီး ရင့်မှည့်သွားသည့် လက္ခဏာဖြစ်ကြောင်း သိလိုက်သည်။
သက်စောင့်ဝိညာဥ် သစ်သီးထံမှ အသက်စွမ်းအားများကို ခံစားမိသော်လည်း ကျန်းချန်သည် စိတ်မလောခဲ့ပေ။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည့် ချင်းမူ ကောင်းကင်အရှင် အပေါ်တွင် ကျန်းချန်၏ အမြင်သည် အတော်လေး ကောင်းမွန်ခဲ့သည်။
ထို့အပြင် လွန်ခဲ့သော သုံးရက်က သူပြသခဲ့သော စွမ်းရည်အရဆိုလျှင် ချင်းမူ ကောင်းကင်အရှင်သာ ငတုံး မဟုတ်သ၍ ကတိဖျက်ရဲမည် မဟုတ်ချေ။
တကယ်တမ်းလည်း ကျန်းချန် မျှော်လင့်ထားသည့် အတိုင်းပင် သက်စောင့်ဝိညာဥ် သစ်သီး ရင့်မှည့်ပြီး မကြာမီမှာပင် ချင်းမူ ကောင်းကင်အရှင်သည် ကျန်းချန်တို့ တည်းခိုနေသည့် နေရာသို့ ကိုယ်တိုင် ရောက်လာခဲ့ပြီး သက်စောင့်ဝိညာဥ်သစ်သီး နှစ်လုံးကို ပေးအပ်ခဲ့သည်။
ထိုအခါ သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံးကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
သက်စောင့်ဝိညာဥ် သစ်သီး၏ ပုံသဏ္ဌာန်နှင့် အရွယ်အစားသည် မက်မွန်သီးနှင့် အလွန်တရာ ဆင်တူပြီး သစ်သီးတစ်ခုလုံးသည် ဖန်သားကဲ့သို့ ကြည်လင်နေကာ ခမ်းနားထည်ဝါသော အသက်စွမ်းအား အရှိန်အဝါများ ထုတ်လွှတ်နေခဲ့၏။
သက်စောင့်ဝိညာဥ် သစ်သီးကို ဤအတိုင်း ငြိမ်ငြိမ်လေးထားထားလျှင်ပင် ၎င်း၏ အသက်စွမ်းအားများသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားမည် ဖြစ်ပြီး သေဆုံးနေသော အပင်များကိုပင် ပြန်လည် ရှင်သန်လာစေရန် လုံလောက်မည်ဖြစ်၏။
“နတ်ဘုရင်အဆင့် ကျင့်ကြံသူရဲ့သက်တမ်းကို တိုးမြှင့်ပေးနိုင်တဲ့ ရတနာ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တာပဲ.. ဒီသစ်သီးက တကယ်ကို အံ့သြဖို့ကောင်းတယ်”
ကျန်းချန်သည် စိတ်နှလုံးထဲတွင် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။
သက်စောင့်ဝိညာဥ် သစ်သီး နှစ်လုံးကို ရရှိပြီးသောအခါတွင် ကျန်းချန်သည် တုံ့ဆိုင်းမနေခဲ့ဘဲ တစ်လုံးကို သူ့ဆရာရွှယ်သောင်း စားသုံးရန် ပေးလိုက်ပြီး ကျန်တစ်လုံးကိုမူ ကျီလင်ဝေ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
“အစ်ကိုကျန်းချန်.. ကျေးဇူးတင်ပါတယ်”
သူမ လက်ထဲရှိ သက်စောင့်ဝိညာဥ်သစ်သီးကို ကြည့်ရင်း ကျီလင်ဝေ၏ လှပသော မျက်လုံးလေးတွင် စိတ်လှုပ်ရှားသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဤတစ်ကြိမ် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ ခရီးစဥ်တွင် ကျီလင်ဝေသည် သက်စောင့်ဝိညာဥ် သစ်သီးကို ရရှိရန် မျှော်လင့်ချက် သိပ်မရှိခဲ့ပေ။
သို့သော်လည်း ကျန်းချန်နှင့် ဆုံတွေ့ခဲ့ရပြီးနောက်တွင် သူမသည် သက်စောင့်ဝိညာဥ် သစ်သီးကို မမျှော်လင့်ဘဲ အလွယ်တကူပင် ရရှိခဲ့သည်။
သက်စောင့်ဝိညာဥ် သစ်သီးဖြင့် ဆိုလျှင် သူမတို့၏ ဘိုးဘေးကို ကုသနိုင်မည် ဖြစ်ပြီး ကပ်ဘေးကနေ လွတ်မြောက်နိုင်တော့မည် မဟုတ်ပါလား။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
“အားနားနေစရာ မလိုပါဘူး.. ဒါက ဘာမဟုတ်တဲ့ ကိစ္စလေးပါပဲ”
ကျီလင်ဝေက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
“အစ်ကိုကျန်းချန်.. အခု သက်စောင့်ဝိညာဥ် သစ်သီး ရပြီဆိုတော့ ကျွန်မ ကျီမျိုးနွယ်စု ဆီကို ချက်ချင်းပြန်ဖို့ စီစဥ်ထားတယ်.. အစ်ကို ကျန်းချန်မှာ နောက်ထပ် ဘယ်လို အစီအစဥ် ရှိလဲ သိပါရစေ”
“ငါ့မှာ ဖြေရှင်းစရာ ကိစ္စတချို့ ရှိသေးတယ်.. ဒါကြောင့် လောလောဆယ်တော့ မင်းနဲ့အတူ ကျီမျိုးနွယ်စုဆီ မလိုက်နိုင်သေးဘူး”
ကျန်းချန်က ခဏမျှ စဥ်းစားပြီးမှ ပြောလိုက်သည်။
“ငါ့ရဲ့ကိစ္စတချို့ကို ဖြေရှင်းပြီးတာနဲ့ မင်းကို လာရှာဖို့ ကျီမျိုးနွယ်စုဆီကို ငါလာခဲ့မယ်”
“ကောင်းပါပြီ အစ်ကိုကျန်းချန်.. ဒါဆို ကျွန်မ ကျီမျိုးနွယ်စုဆီကပဲ အစ်ကိုကျန်းချန်ကို စောင့်နေတော့မယ်”
ကျီလင်ဝေက ခေါင်းညိတ်ပြလိုက်ပြီးနောက်တွင် ကျန်းချန်ကို ကျီမျိုးနွယ်စု၏ တည်နေရာအား အတိအကျ ပြောပြကာ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုကနေ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ကျီလင်ဝေက ကောင်းကင်နတ်ဘုရား တတိယအဆင့်သာ ရှိ၍ သူမ တစ်ယောက်တည်း သက်စောင့်ဝိညာဥ်သစ်သီးနှင့် အတူ ကျီမျိုးနွယ်စုဆီ ပြန်သွားမည်ကို ကျန်းချန် စိတ်မချနိုင်ခဲ့ပေ။
ထို့ကြောင့် သူက နံဘေးရှိ လိပ်အိုကြီးကို ကြည့်ကာ ပြောလိုက်သည်။
“လိပ်အိုကြီး မင်းလည်းအားနေတာပဲ.. ငါ့ကိုယ်စား လင်ဝေကို ကျီမျိုးနွယ်စု အထိ လိုက်ပို့ပေးပါဦး”
လိပ်အိုကြီးသည် နတ်ရွှေလိပ်မျိုးနွယ်စု၏ သွေးမျိုးဆက် ဖြစ်သည့် ဆန်းကြယ်သော သားရဲတစ်ကောင် ဖြစ်သည်။
သူက မြေကမ္ဘာအရှင် အထွတ်အထိပ်အဆင့်သာ ရှိသော်လည်း သာမန် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများပင် သူ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
အကယ်၍ လိပ်အိုကြီးသာ လိုက်ပါစောင့်ရှောက်မည် ဆိုလျှင် ကျန်းချန် အနေဖြင့် ကျီလင်ဝေ အတွက် စိတ်ချသွားမည်ဖြစ်၏။
လိပ်အိုကြီးက ကျန်းချန်ကို မကျေမနပ် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ငါက ဘာလို့ သူ့ကို လိုက်ပို့ပေးရမှာလဲ”
ထိုစကားကို ကြားလျှင် ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။
“ကျီလင်ဝေရဲ့ကျီမျိုးနွယ်စုက ရှေးခေတ်ကတည်းကနေ ဆင်းသက်လာတဲ့ ရှေးဟောင်းမျိုးနွယ်စု တစ်ခုပဲ.. ကျီမျိုးနွယ်စုဆီမှာ နတ်ရွှေလိပ် မျိုးနွယ်စုနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ ရှိကောင်းရှိနိုင်တယ်”
ကျန်းချန်၏ စကားကိုကြားလျှင် လိပ်အိုကြီး၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် လိပ်အိုကြီးသည် လက်ဖဝါး အရွယ်အစားရှိ လိပ်ကလေးအဖြစ်သို့ ပြောင်းလဲသွားကာ ကျီလင်ဝေ၏ ပခုံးပေါ်သို့ ခုန်တက်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“ကောင်းပြီလေ ငါသူ့ကို ကျီမျိုးနွယ်စုဆီ လိုက်ပို့ပေးမယ်”
[ဟားဟား မင်းလိုလိပ်အိုကြီးက ငါ့စကားကို မနာခံဘဲနေလို့ရမယ်ထင်နေလား]
ကျန်းချန်က နှုတ်ခမ်းကို မသိမသာ တွန့်ကွေးလိုက်ပြီး မဲ့ပြုံးပြုံးကာ စိတ်ထဲကနေ ရေရွတ်လိုက်သည်။
ထို့နောက် သူက ကျီလင်ဝေကို ပြုံး၍ ပြောလိုက်သည်။
“လင်ဝေ.. လမ်းခရီးမှာ အစစအရာရာ သတိထားပါ”
“ဟုတ်ကဲ့ အစ်ကိုကျန်းချန်.. ဒါဆို ကျွန်မ ကျီမျိုးနွယ်စုဆီ ပြန်နှင့်တော့မယ်နော်”
ကျီလင်ဝေက ကျန်းချန်ကို ကျေးဇူးတင်စကား ပြောကာ နှုတ်ဆက်ပြီးနောက်တွင် လိပ်အိုကြီးနှင့် အတူ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုကနေ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
ကျီလင်ဝေ ထွက်ခွာသွားပြီးနောက်တွင် ကျန်းချန်သည် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုကနေ ထွက်သွားရန် အလောမကြီးခဲ့ပေ။
သူ့ဆရာ ကူရွှယ်သောင်းသည် သက်စောင့်ဝိညာဥ် သစ်သီးကို စားသုံးခဲ့သော်လည်း နိုးထလာရန် အချိန်အတော်ကြာဦးမည်ဖြစ်သည်။
ထို့ကြောင့် သူက သူ့ဆရာ နိုးထသည်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်၏။
ထို့အပြင် ကျန်းချန်တွင် နောက်ထပ် အစီအစဥ် ရှိပြီး ယင်းမှာ လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ မြှင့်တင်၍ နယ်မြေနတ်ဘုရား အဆင့်ကို အမြန်ဆုံး ထိုးဖောက်နိုင်ရန်ပင် ဖြစ်၏။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် ကျင့်ကြံရန်အတွက် အလွန်တရာ ကောင်းမွန်သော နေရာကောင်းတစ်ခု ဖြစ်သည်။
ထို့ကြောင့် သူ့အနေဖြင့် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုတွင် ဆက်လက် နေထိုင်ပြီး နယ်မြေနတ်ဘုရား အဆင့်အထိ ကျင့်ကြံရန်မှာ အလွန် ကောင်းမွန်သော ရွေးချယ်မှုပင် မဟုတ်ပါလော။
အခန်း(၂၀၆၈)ပြီး၏။