← Chapters

အခန်း (၂၀၆၉-၂၀၇၀)

Vol. 147 Ch. 2069-2070

အခန်း (၂၀၆၉-၂၀၇၀)

Vol. 147 Ch. 2069-2070

အခန်း(၂၀၆၉)

သစ်သားဝိညာဥ်နတ်မျိုးနွယ်စု၏ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခန်းထဲတွင် ကျန်းချန်သည် အရာအားလုံးကို စီစဥ်ပြီးနောက် မဟာနဂါးနန်းတော်ကို တိုက်ရိုက် ထုတ်ယူကာ အတွင်းထဲသို့ လှမ်းဝင်လိုက်သည်။

မဟာနဂါးနန်းတော်သည် သူတော်စင်နဂါးဘုရင် ဖန်တီးခဲ့သော လက်နက်တစ်ခု ဖြစ်ရုံသာမက သူတော်စင်နဂါးဘုရင်၏ အမွေအနှစ်များအားလုံး သိမ်းဆည်းထားသော ဘဏ္ဍာတိုက် တစ်ခုဆိုလည်း မမှားပေ။

ယခုတစ်ကြိမ်တွင် ကျန်းချန်သည် သစ်သားဝိညာဥ်နတ်မျိုးနွယ်စုတွင် အချိန်အတော်ကြာ နေထိုင်ရန် ရည်ရွယ်ထားခဲ့ပြီး မဟာနဂါးနန်းတော်၏ အရင်းအမြစ်များကို အသုံးပြုကာ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန် ရည်ရွယ်ထားခဲ့သည်။

ကျန်းချန်က မဟာနဂါးနန်းတော်ထဲသို့ ဝင်ရောက်ပြီး သိပ်မကြာမီမှာပင် မဟာနဂါးနန်းတော်၏ ဗဟိုရင်ပြင်သို့ ရောက်ရှိလာခဲ့သည်။

“နန်းတော်ဝိညာဥ်ရဲ့ အရှိန်အဝါကိုလည်း မခံစားမိပါလား.. ကြည့်ရတာ မဟာနဂါးနန်းတော်ရဲ့ နန်းတော်ဝိညာဥ်က အခုထိ အိပ်စက်နေတုန်းပဲ ထင်တယ်”

ကျန်းချန်က တိတ်တဆိတ် ခေါင်းခါရမ်းကာ ရေရွတ်လိုက်သည်။

ပြီးခဲ့သည့် တစ်ခေါက်က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ သွားရောက်စဥ်ကတည်းကပင် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်သည် တစ်စုံတစ်ရာသောအကြောင်းကြောင့် နှစ်ချိုက်စွာ အိပ်စက်သွားခဲ့ပြီး ယခုအချိန်အထိ နိုးထမလာသေးပေ။

ထိုကိစ္စနှင့် ပတ်သက်၍ ကျန်းချန် အတိအကျ မသိသော်လည်း ယင်းသည် ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ သွားရောက်ခဲ့ခြင်းနှင့် သက်ဆိုင်နေမည်မှာ အသေအချာပင် ဖြစ်၏။

ဆိုရလျှင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ လက်နက်ဝိညာဥ်သည်လည်း ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေ အတွင်းသို့ ဝင်ရောက်ခွင့်မရခဲ့ပေ။

ထို့ကြောင့် မဟာနဂါးနန်းတော်၏ နန်းတော်ဝိညာဥ်သည်လည်း ၎င်းကဲ့သို့ပင် အခက်အခဲ တချို့နှင့် ကြုံတပုံရ၏။

သို့သော်လည်း မဟာနဂါးနန်းတော်၏ ပိုင်ရှင်တစ်ဦးအနေဖြင့် ကျန်းချန်သည် နန်းတော်ဝိညာဥ်က အိပ်စက်နေရုံသာဖြစ်ပြီး အန္တရာယ်မရှိကြောင်း ခံစားမိ၍ အလွန်အမင်း စိတ်ပူပန်မနေတော့ပေ။

ယခုတစ်ကြိမ် မဟာနဂါးနန်းတော် ထံသို့ သူလာရောက်ရသည့် အကြောင်းအရင်းမှာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်အတွက် မဟာနဂါး နန်းတော်၏ အရင်းအမြစ်များကို အသုံးပြုလိုခြင်းကြောင့်သာ ဖြစ်၏။

သူတော်စင်နဂါးဘုရင် တည်ထောင်ထား‌သော နတ်ဘုရင်အဆင့်အင်အားစု အနေဖြင့် မဟာနဂါးနန်းတော်တွင် ကျင့်ကြံခြင်း အရင်းအမြစ်များစွာ ရှိရုံသာမက မဟာနဂါးနန်းတော်၏ တပည့်များ ကျင့်ကြံရန် အတွက် ရတနာများစွာလည်းရှိသည်။

ကျန်းချန်က သူ၏ နတ်အသိစိတ်အာရုံဖြင့် မဟာနဂါးနန်းတော် တစ်ခုလုံးကို လျင်မြန်စွာ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက်တွင် ကြီးမားလှသော နန်းဆောင်တစ်ခုကို သတိပြုမိလိုက်သည်။

ထိုနန်းဆောင်၏ အတွင်းတွင် အလွန်အမင်း ရှင်းလင်းနေခဲ့သည်။

ကျန်းချန်၏ အကြည့်က နန်းတော်၏ နံရံရှိ ဧရာမ ဖောင်းကြွပန်းချီတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။

ထိုဖောင်းကြွပန်းချီမှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အလွန်အမင်း ခန့်ညားသော ဓားသမားတစ်ဦးကို သရုပ်ဖော်ရေးဆွဲထားခြင်း ဖြစ်ပြီး ထိုဓားသမား၏ ခန္ဓာကိုယ်ကနေ ရှေးခေတ်မှ ဆင်းသက်လာသည့် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

ကျန်းချန်က ဖောင်းကြွပန်းချီကားကို တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ရင်သပ်ရှုမောဖွယ် ဓားလမ်းစဥ်စွမ်းအားများကို ခံစားမိခဲ့သည်။

သူ၏ လက်ရှိစွမ်းအားဖြင့်ပင် ထိုဓားလမ်းစဥ် စွမ်းအား၏ ဖိအားအောက်တွင် စိတ်နှလုံး တုန်လှုပ်သွားခဲ့၏။

“တကယ်ကို ကြောက်စရာကောင်းတဲ့ ဓားလမ်းစဥ်ပါလား.. ဒီဖောင်းကြွပန်းချီနဲ့ ဆွဲထားတဲ့ အဖြူရောင်ဝတ်စုံဝတ် ဓားသမားက ရှေးခေတ် ဒါမှမဟုတ် အဲဒီထက်စောတဲ့ ခေတ်က ဓားသမား တစ်ယောက်ပဲ ဖြစ်ရမယ်”

ကျန်းချန်က တအံ့တသြဖြစ်ကာ စိတ်ထဲကနေ မှတ်ချက်ချလိုက်သည်။

ဤဖောင်းကြွပန်းချီကားချပ်သည် ဓားလမ်းစဥ်ကို အထူးပြုသည့် နတ်ဘုရင်၏ ဖောင်းကြွပန်းချီကားချပ် ဖြစ်ပြီး ဓားလမ်းစဥ်၏ စွမ်းအားများ ခပ်‌ဖျော့ဖျော့ ကျန်ရှိနေဆဲဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်သာ ထိုဖောင်းကြွပန်းချီကို လေ့လာ၍ ကျင့်ကြံမည် ဆိုလျှင် ဓားလမ်းစဥ်တွင် ပိုမိုမြင့်မားသော အဆင့်အထိ ကျင့်ကြံနိုင်မည်မှာ သေချာသလောက်ပင်။

“မဟာနဂါးနန်းတော်မှာ ဒီလို ဆန်းကြယ်တဲ့ ဖောင်းကြွပန်းချီမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး”

သူ၏ရှေ့ရှိ ဖောင်းကြွပန်းချီကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူတော်စင်နဂါးဘုရင်သည် ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စုဝင် ဖြစ်ပြီး မဟာနဂါးနန်းတော် ကဲ့သို့ လက်နက်ကို ဖန်တီးနိုင်စွမ်း ရှိသော်လည်း နတ်ဘုရင်အဆင့်၏ မဟာလမ်းစဥ် စွမ်းအားများ ပါဝင်နေသော ဤဖောင်းကြွပန်းချီကို ဖန်တီးရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

သူ၏ ရှေ့မှ ဖောင်းကြွပန်းချီသည် သူတော်စင်နဂါးဘုရင်က အခြားနေရာ တစ်နေရာမှ ရရှိလာပြီး မဟာနဂါးနန်းတော်ထဲတွင် ထားရှိခဲ့ခြင်းသာ ဖြစ်ရပေမည်။

ထို့အပြင် ကျန်းချန်၏ မဟာနဂါးနန်းတော်ကို ထိန်းချုပ်ထားမှုအရ ယခု သူမြင်တွေ့နေရသည့် နန်းဆောင် ကဲ့သို့ မဟာနဂါးနန်းတော် အတွင်း၌ နန်းဆောင်ကိုးခု ရှိမှန်း သတိပြုမိခဲ့သည်။

ထိုနန်းဆောင်များတွင်လည်း နတ်ဘုရင်အဆင့်၏ လမ်းစဥ်စွမ်းအားများ ပါဝင်နေသည့် ဖောင်းကြွပန်းချီများ ရှိနေနိုင်ခြေ အလွန်များ၏။

“သူတော်စင်နဂါးဘုရင်က ဒီဖောင်းကြွပန်းချီကားတွေကို ဘယ်နေရာကနေ ရလာခဲ့သလဲ မသိဘူး”

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူ၏ စိတ်နှလုံးထဲတွင် အလွန်အမင်း အံ့သြတုန်လှုပ်နေခဲ့၏။

မဟာနဂါးနန်းတော်ကို ဖန်တီးခဲ့သည့် သူတော်စင်နဂါးဘုရင်သည် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကို သစ္စာဖောက်ဝံ့သည့် အပြင် သူထင်ထားသည်ထက်ပင် ပို၍ လေးနက်နေဟန် ရှိ၏။

ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ထိုအကြောင်းများကို ဆက်လက် မစဥ်းစားတော့ဘဲ ခန်းမဆောင်၏ အလယ်တွင် တင်ပျဥ်ခွေ၍ ထိုင်ကာ ဖောင်းကြွပန်းချီကားပေါ်ရှိ နတ်ဘုရင်၏ ဓားလမ်းစဥ်ကို နားလည်သဘောပေါက်ရန် စတင်ကျင့်ကြံခဲ့သည်

သူ၏ ဓားကမ္ဘာစွမ်းအားသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဤဖောင်းကြွပန်းချီကားနှင့် အဆ ၁၀၀ စနစ်၏ အထောက်အပံ့ဖြင့်သာ ဆိုလျှင် ပြီးပြည့်စုံသော အဆင့်သို့ တက်လှမ်းရန်မှာ အလွန်တရာပင် လွယ်ကူသောကိစ္စ မဟုတ်ပါလား။

“ဒင်.. သင်က နတ်ဘုရင်ရဲ့ ဓားလမ်းစဥ်ကို ကြည့်ရှူပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ”

“ဒင်.. သင်က ဓားကမ္ဘာ လမ်းစဥ် စွမ်းအား အတွေ့အကြုံရမှတ် ၆၆၆၆၆၆လုံးကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်က နတ်ဘုရင်ရဲ့ ဓားလမ်းစဥ်ကို ကြည့်ရှူပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ”

“ဒင်.. သင်က ဓားကမ္ဘာ လမ်းစဥ် စွမ်းအား အတွေ့အကြုံရမှတ် ၆၆၆၆၆၆လုံးကို အဆ ၁၀၀ ရရှိပါတယ်”

“..............”

“ဒင်.. သင့်ရဲ့ ဓားကမ္ဘာ လမ်းစဥ်စွမ်းအားက ပြီးပြည့်စုံသောအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ”

ကျန်းချန်က နတ်ဘုရင်အဆင့်၏ ဓားလမ်းစဥ်ကို နားလည်သဘောပေါက်အောင် ကျင့်ကြံခြင်းဖြင့် လဝက် မပြည့်မီမှာပင် ဓားကမ္ဘာလမ်းစဥ်၏ စွမ်းအားကို ပြီးပြည့်စုံသော အဆင့် အထိ ကျင့်ကြံနိုင်ခဲ့သည်။

ဓားကမ္ဘာလမ်းစဥ်၏ စွမ်းအားကို ပြီးပြည့်စုံသော အဆင့် အထိ ကျင့်ကြံပြီးနောက်တွင် ကျန်းချန်သည် ဤနန်းဆောင်၌ အချိန်မဖြုန်းတော့ဘဲ နောက်ထပ် နန်းဆောင်တစ်ခု ဆီသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့သည်။

ထိုနန်းဆောင်ရှိ ဖောင်းကြွပန်းချီမှာ လျှို့ဝှက်ဆန်းကြယ်သော မီးပင်လယ် အတွင်း၌ ဝင့်ကြွားစွာ ရပ်နေသည့် အမျိုးသား တစ်ဦး၏ ပန်းချီကားချပ် ဖြစ်၏။

ထိုအမျိုးသား၏ နီရဲသော ဆံပင်များသည် လေထဲတွင် ဝှေ့ယမ်းနေခဲ့ပြီး ထိုအမျိုးသားသည် မီးဘုရင်တစ်ပါးနှင့်ပင် ဆင်တူလှ၏။

အကယ်၍ သာမန် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူသာ ဤ ဖောင်းကြွပန်းချီကို ကြည့်မိလျှင် ၎င်း၏ နတ်ဝိညာဥ်ပင်လျှင် တစစီ လောင်ကျွမ်းခြင်း ခံရပေလိမ့်မည်။

“ဒါက မီးလမ်းစဥ်ကို အထူးပြုတဲ့ နောက်ထပ် နတ်ဘုရင်တစ်ပါးရဲ့ ဖောင်းကြွပန်းချီကားချပ်ပဲ.. ကြည့်ရတာ နန်းဆောင်ကိုးခု စလုံးက ငါမှန်းဆထားသလိုပဲ ထင်တယ်”

ဖောင်းကြွပန်းချီကားထဲမှ မီးဘုရင်ကို ကြည့်ရင်း ကျန်းချန်သည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထို့နောက်တွင် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး တုံ့ဆိုင်းမနေတော့ဘဲ ဖောင်းကြွပန်းချီကားပေါ်ရှိ နတ်ဘုရင်အဆင့်၏ မီးလမ်းစဥ် စွမ်းအားကို နားလည်သဘောပေါက်အောင် ကျင့်ကြံခဲ့သည်။

“ဒင်.. သင်က နတ်ဘုရင်ရဲ့ မီးလမ်းစဥ်ကို ခံစားပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ”

“ဒင်.. သင်က မီးကမ္ဘာ လမ်းစဥ် စွမ်းအား အတွေ့အကြုံရမှတ် ၆၆၆၆၆၆ကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်က နတ်ဘုရင်ရဲ့ မီးလမ်းစဥ်ကို ခံစားပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ”

“ဒင်.. သင်က မီးကမ္ဘာ လမ်းစဥ် စွမ်းအား အတွေ့အကြုံရမှတ် ၆၆၆၆၆၆ကို အဆ ၁၀၀ ရရှိပါတယ်”

“...............”

ကျန်းချန်၏ မီးကမ္ဘာလမ်းစဥ် စွမ်းအားသည် အဆင့်မြင့်အဆင့်သို့သာ ရောက်ရှိနေသေးပြီး အထွတ်အထိပ် အဆင့်သို့ မရောက်ရှိသေးပေ။

ထို့ကြောင့် အချိန်အတော်ကြာကတည်းက အထွတ်အထိပ်အဆင့်သို့‌ ရောက်ရှိနေသည့် ဓားကမ္ဘာလမ်းစဥ် စွမ်းအားထက် သိသိသာသာပင် အားနည်းနေခဲ့သည်။

ဤအကြောင်းကြောင့်ပင် ကျန်းချန်သည် ယခုတစ်ကြိမ်ကျင့်ကြံရာတွင် ဓားကမ္ဘာလမ်းစဥ် စွမ်းအားကို ကျင့်ကြံစဥ်ကထက် အချိန်ပိုပေးခဲ့ရ၏။

မီးကမ္ဘာလမ်းစဥ်၏ စွမ်းအားကို အထွတ်အထိပ် အဆင့်သို့ ရောက်ရန် ဆယ်ရက်ကျော်အချိန်ယူခဲ့ရပြီး ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရန် တစ်လနီးပါး ထပ်မံ အချိန်ယူခဲ့ရသည်။

မီးကမ္ဘာလမ်းစဥ်၏ စွမ်းအား ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် ကျန်းချန်သည် နောက်ထပ် နန်းဆောင်တစ်ခု ဆီသို့ ဆက်လက် ဝင်ရောက်ခဲ့သည်။

ထိုနန်းဆောင်ရှိ ဖောင်းကြွပန်းချီမှာ ပျက်စီးခြင်း အလင်းများဖြင့် လွှမ်းခြုံနေသော မိုးကြိုးကို ထိန်းချုပ်ထားသည့် မိုးကြိုးနတ်ဘုရားနှင့် ဆင်တူသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ကျန်းချန်က ထိုနန်းဆောင်တွင် တစ်လကျော်ကြာ နေထိုင်ပြီးနောက် မိုးကြိုးကမ္ဘာ လမ်းစဥ်၏ စွမ်းအားကို ပြီးပြည့်စုံသောအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။

ကျန်ရှိနေသော အချိန်များတွင် ကျန်းချန်သည် မဟာနဂါးနန်း‌တော် အတွင်း၌သာ အချိန်ပြည့်နီးပါး နေထိုင်ခဲ့ပြီး ဖောင်းကြွပန်းချီကားများ ပေါ်မှ နတ်ဘုရင်အဆင့်၏ မဟာလမ်းစဥ် စွမ်းအားများကို နားလည်သဘောပေါက်အောင် ကျင့်ကြံနေခဲ့သည်။

ဤသို့ဖြင့် နှစ်နှစ်နီးပါး အချိန်ကုန်လွန်သွားပြီးနောက်တွင် အသက်လမ်းစဥ် ကမ္ဘာ့စွမ်းအားနှင့် ဝိညာဥ်လမ်းစဥ် ကမ္ဘာ့စွမ်းအား တို့မှ လွဲ၍ ကျန်းချန်၏ အခြားသော ကမ္ဘာ့စွမ်းအားရှစ်ခု စလုံးသည် ပြီးပြည့်စုံသော အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။

သို့‌သော်လည်း မဟာနဂါးနန်းတော်တွင် အသက်လမ်းစဥ်နှင့် ဝိညာဥ်လမ်းစဥ် အတွက် သက်ဆိုင်သော ဖောင်းကြွပန်းချီ ကားချပ်များ မရှိပေ။

ထို့ကြောင့် ကျန်းချန် အနေဖြင့် ထိုစွမ်းအားနှစ်ခုကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံလိုလျှင် အခြားသောနည်းလမ်းတစ်ခုကိုသာ ရှာဖွေရပေတော့မည်။

အခန်း(၂၀၆၉)ပြီး၏။

အခန်း(၂၀၇၀)

မဟာနဂါးနန်းတော်တွင် နတ်ဘုရင်၏ မဟာလမ်းစဥ် စွမ်းအားများ ပါဝင်သော ဖောင်းကြွပန်းချီများ ရှိသည့် နန်းဆောင်ကိုးခု ရှိသည်။

ထိုဖောင်းကြွပန်းချီ ကိုးခုအနက် ဖျက်ဆီးခြင်းလမ်းစဥ်၏ မဟာစွမ်းအား ပါဝင်သော ဖောင်းကြွပန်းချီမှ လွဲ၍ ကျန်ရှိသော ဖောင်းကြွပန်းချီ ရှစ်ခုရှိ နတ်ဘုရင်လမ်းစဥ် စွမ်းအားများကို ကျန်းချန်သည် နားလည်သဘောပေါက်အောင် ကျင့်ကြံခဲ့ပြီးပြီ ဖြစ်သည်။

ဆိုရလျှင် လွန်ခဲ့သော နှစ်နှစ်အတွင်း ကျန်းချန်သည် ထိုဖောင်းကြွပန်းချီကားများကို အသုံးပြု၍ လမ်းစဥ် ရှစ်ခု၏ ကမ္ဘာ့စွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ နားလည်သဘောပေါက်အောင် ကျင့်ကြံနိုင်ခဲ့သည်။

“အသက်လမ်းစဥ်ရဲ့ကမ္ဘာ့စွမ်းအားနဲ့ ဝိညာဥ်လမ်းစဥ်ရဲ့ကမ္ဘာ့စွမ်းအားပဲ လိုအပ်တော့တယ်”

ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အသက်လမ်းစဥ်၏ ကမ္ဘာ့စွမ်းအားနှင့် ပတ်သက်၍ ကျန်းချန်သည် အနည်းငယ်မျှပင် မပူပန်ခဲ့ပေ။

အကြောင်းရင်းမှာ သူ့ထံတွင် အသက်သစ်ကိုင်း တစ်ခက် ရှိနေသောကြောင့်ပင်။

အသက်သစ်ပင်သည် နတ်ဘုရားနယ်မြေ၏ အထူးခြားဆုံးနတ်သစ်ပင်သုံးပင် အနက် တစ်ပင်ဖြစ်သည်။

ထိုကြောင့် အသက်သစ်ကိုင်းတွင် ပါဝင်နေသော အသက်စွမ်းအားသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ ထိန်းချုပ်နိုင်သော အသက်လမ်းစဥ် စွမ်းအားထက်ပင် သာလွန်နေခဲ့သည်။

ဤနှစ်များအတွင်း အသက်သစ်ကိုင်း၏ အထောက်အပံ့ကြောင့် ကျန်းချန်၏ အသက်လမ်းစဥ် အပေါ် တိုးတက်လာမှုသည် တစ်ခါမှ ရပ်တန့်မသွားခဲ့ပေ။

ယခုအခါတွင် ကျန်းချန်၏ အသက်လမ်းစဥ် ကမ္ဘာ့စွမ်းအားသည် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

ဆိုရလျှင် ဖောင်းကြွပန်းချီကား မရှိလျှင်ပင် အသက်လမ်းစဥ်ကမ္ဘာ့စွမ်းအားသည် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရန်မှာ အချိန်ကြာမြင့်တော့မည် မဟုတ်ချေ။

ထို့ကြောင့် ကျန်းချန်အတွက် နောက်ထပ် လုပ်ဆောင်ရန်လိုအပ်သည်မှာ ဝိညာဥ်လမ်းစဥ်၏ ကမ္ဘာ့စွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ မြှင့်တင်ရန်သာ ဖြစ်သည်။

ဝိညာဥ်လမ်းစဥ် ကမ္ဘာ့စွမ်းအားသည် ကျန်းချန် စုစည်းထားသော ကမ္ဘာ့စွမ်းအားများထဲတွင် ကျင့်ကြံရန် အခက်ခဲဆုံး ကမ္ဘာ့စွမ်းအား ဆိုလည်း မမှားပေ။

ဆိုရလျှင် ဝိညာဥ်လမ်းစဥ်ကမ္ဘာ့စွမ်းအားသည် ကျန်းချန်၏ လမ်းစဥ် ၁၀ပါး အနက် အားအနည်းဆုံးဖြစ်ကာ အလယ်အလတ် အဆင့်တွင် အမြဲတစေ ရှိနေခဲ့သည်။

ကျန်းချန်က မဟာနဂါးနန်းတော်ကို စူးစမ်းစွာ ရှာဖွေခဲ့သော်လည်း ဝိညာဥ်လမ်းစဥ် ကမ္ဘာ့စွမ်းအားကို အထောက်အပံ့ပြုနိုင်မည့် မည်သည့် အရင်းအမြစ်ကိုမှ ရှာမတွေ့ခဲ့ပေ။

မဟာနဂါးနန်းတော်တွင် ကိုယ်ခံပညာ အမွေအနှစ်များစွာ ရှိသော်လည်း ဝိညာဥ်လမ်းစဥ်နှင့် ပတ်သက်၍ လုံးဝမရှိသည်မှာ ထင်ရှားနေ၏။

“ကြည့်ရတာ ဝိညာဥ်လမ်းစဥ်ကို အ‌ထောက်အကူ ပြုနိုင်မဲ့ ရတနာအချို့ကို ရှာဖွေဖို့ လိုအပ်ပြီ ထင်တယ်”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ကျန်းချန်သည် မဟာနဂါးနန်းတော်ထဲကနေ ပျောက်ကွယ်သွားခဲ့သည်။

မဟာနဂါးနန်းတော်တွင် ဝိညာဥ်လမ်းစဥ်ကို အဆင့်မြှင့်တင်ရန် အရင်းအမြစ်များ မရှိသောကြောင့် သူ့အနေဖြင့် ဤနေရာတွင် ဆက်နေရန် အဓိပ္ပါယ် မရှိတော့ပေ။

သူက မဟာနဂါးနန်းတော်တွင် နှစ်နှစ်တိုင်တိုင် ကျင့်ကြံခဲ့ပြီဖြစ်ရာ သူ့ဆရာ ကူရွှယ်သောင်း၏ အခြေအနေကို ကြည့်ရှုရန် မဟာနဂါးနန်းတော်ကနေ ထွက်လာခဲ့သည်။

မဟာနဂါးနန်းတော်ထဲကနေ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် ကူရွှယ်သောင်း၏ အခန်းဆီသို့ တိုက်ရိုက်ပင်သွားရောက်ခဲ့သည်။

“ကျန်းချန်.. မင်းထွက်လာပြီလား”

ရုတ်တရက် ရောက်လာသော ကျန်းချန်ကို မြင်လျှင် ကူရွှယ်သောင်း၏ နံဘေးတွင် စောင့်ကြပ်နေသော လီကျန့်၏ မျက်ဝန်းတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်ကို မတွေ့ရသည်မှာ နှစ်နှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။

ဤအချိန်အတွင်း ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်က လုံးဝ ပြောင်းလဲသွားခြင်း မရှိသော်လည်း ကျန်းချန်၏ အရှိန်အဝါသည် သိသိသာသာပင် ပိုမို အားကောင်းလာသည်ကို လီကျန့်ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

ကျန်းချန်က လီကျန့်ကို ခေါင်းညိတ်ပြလိုက်ပြီး သူ့ဆရာ ကူရွှယ်သောင်းကို လှမ်းကြည့်လိုက်သည်။

ထိုအခါ ငြိမ်သက်စွာ လဲလျောင်းနေသော ကူရွှယ်သောင်းကိုမြင်လျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“စီနီယာလီ.. ကျွန်တော့်ဆရာရဲ့ခန္ဓာကိုယ်ထဲက အသက်ဝါးမျိုဖျက်ဆီးခြင်း လက်ဝါးသိုင်း စွမ်းအားကို ဖယ်ရှားပြီးပြီ မဟုတ်လား.. ကျွန်တော့်ဆရာက ဘာလို့ နိုးမထလာသေးတာလဲ”

“မစိုးရိမ်ပါနဲ့”

လီကျန့်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် ဒါက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရင်အဆင့် နည်းစနစ် ဖြစ်တဲ့ အိပ်မက်ဝိညာဥ် နည်းစနစ်ကို ကျင့်ကြံနေတဲ့ အခြေအနေပဲ.. မင်းဆရာ ကူရွှယ်သောင်း နိုးထလာတာနဲ့ မင်းဆရာရဲ့ ခွန်အားက သိသိသာသာကြီး တိုးတက်လာလိမ့်မယ်”

“ဒါဆိုလည်း ဆရာ့ကို ဆက်ပြီး ဂရုစိုက်ပေးဖို့ စီနီယာလီကို အကူအညီ တောင်းဆိုပါရစေ.. ကျွန်‌တော် သစ်သားဝိညာဥ်နတ်မျိုးနွယ်စုဆီကနေ ခဏလောက် ထွက်သွားမလို့ စဥ်းစားထားတယ်”

ဆရာဖြစ်သူ ထံတွင် မည်သည့်ပြဿနာမှ မရှိသလို တစ်ခဏတာအတွင်း နိုးထလာဦးမည် မဟုတ်သောကြောင့် ကျန်းချန်သည် သူ၏ ဝိညာဥ်လမ်းစဥ် ကမ္ဘာ့စွမ်းအားကို မြှင့်တင်ပေးမည့် ရတနာအား ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

ကျန်းချန်၏ စကားကို ကြားလျှင် လီကျန့်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။

“မင်းက သစ်သားဝိညာဥ်နတ်မျိုးနွယ်စု ဆီကနေ ထွက်သွားတော့မလို့လား”

ကျန်းချန်က ဖုံးကွယ်မထားဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ် စီနီယာလီ.. ကျွန်တော် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုဆီ သွားဖို့ စီစဥ်ထားတယ်”

မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေထဲတွင် အရင်းအမြစ်ပေါများစွာ ပိုင်ဆိုင်သော မျိုးနွယ်စုများသည် မဟာနတ်မျိုးနွယ်စုရှစ်စု ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရှာ မရှိပေ။

ဆိုရလျှင် မဟာနတ်မျိုးနွယ်စု ရှစ်စု ထဲတွင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် ဝိညာဥ်လမ်းစဥ်ကို အထူးပြု ကျင့်ကြံသော မျိုးနွယ်စုဖြစ်သည်။

ထိုကြောင့် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ဝိညာဥ်လမ်းစဥ် ကျင့်ကြံရာ၌ အထောက်အကူ ပေးနိုင်သည့် အရင်းအမြစ်များ အရှိဆုံး မျိုးနွယ်စုမှာ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသာ ဖြစ်၏။

လီကျန့်က ခဏလောက် စဥ်းစားပြီးနောက် ကျန်းချန်ကို အလေးအနက် သတိပေးလိုက်သည်။

“မဟာနတ်မျိုးနွယ်စု ရှစ်စုမှာ နတ်ဘုရင်အဆင့် ကျင့်ကြံသူတွေ မရှိတော့ပေမဲ့ သူတို့တွေက နတ်ဘုရင်အဆင့် အမွေအနှစ်တွေရှိတဲ့ ရှေးဟောင်း မျိုးနွယ်စုကြီးတွေပဲ မင်းအနေနဲ့ အထူးတလှယ် သတိထားဖို့ လိုအပ်တယ်”

“စီနီယာလီ စိတ်မပူပါနဲ့.. ကျွန်တော့်မှာ ကိုယ်ပိုင်အစီအစဥ် ရှိပါတယ်”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် လီကျန့်၏ ရှေ့ကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ တားမြစ်နယ်မြေရှိ နန်းတော်တွင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် နန်းတော်အလယ်ရှိ ရုပ်ထုကို တရိုတသေ ပြောလိုက်သည်။

“ဘိုးဘေး.. ကျွန်တော့်ကို ဘာလို့ အခေါ်လွှတ်လိုက်တာလဲ ဆိုတာ သိပါရစေ”

ရုပ်တု ထံကနေ အနည်းငယ် စိတ်လှုပ်ရှားနေသော အသံတစ်သံသည် ခန်းမထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

“ဝိညာဥ်ဖျက်ဆီး.. မင်း ငါ့အတွက် ခန္ဓာကိုယ်တစ်ခု အမြန်သွားရှာပါ.. အနည်းဆုံး အဲဒီ ခန္ဓာကိုယ်က အထွတ်အထိပ်ကောင်းကင်နတ်ဘုရား အဆင့် ပါရမီရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ် ဖြစ်ရမယ်”

ထိုစကားကိုကြားလျှင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ မျက်ဝန်းထဲ၌ ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ဘိုးဘေး အောင်မြင်သွားပြီလား”

“အင်း လွန်ခဲ့တဲ့ နှစ်နှစ်က ငါ လျှို့ဝှက်နည်းစနစ် တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်.. မင်းသာ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားအဆင့် ခန္ဓာကိုယ်တစ်ခု ရှာဖွေပေးမယ်ဆိုရင် ငါ့ရဲ့ဝိညာဥ်ကို အချိန်အတိုင်းအတာ တစ်ခုတော့ ထိန်းသိမ်းထားနိုင်ပါလိမ့်မယ်”

လွန်ခဲ့သော နှစ်နှစ်ခန့်က သက်စောင့်ဝိညာဥ် သစ်သီးကို ရယူရန် ကြိုးပမ်းမှု ကျရှုံးပြီးနောက်တွင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ဘိုးဘေးသည် သူ၏ မူလအစီအစဥ်ကို ပြောင်းလဲခဲ့ရသည်။

သူ၏ မူလအစီအစဥ်မှာ သူ၏ ဝိညာဥ်ကို အထွတ်အထိပ်အခြေအနေသို့ အရင် ပြန်လည် ရောက်ရှိအောင် ပြုလုပ်ပြီးမှ ခန္ဓာကိုယ်ကို တစ်ခါတည်း ဖန်တီးလိုခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုအစီအစဥ်သည် အဟန့်အတားများနှင့် ကြုံတွေ့ကာ မထင်မှတ်ဘဲ ပျက်စီးသွားခဲ့သည်။

ထို့ကြောင့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ဘိုးဘေးသည် ဤနှစ်နှစ်အတွင်း လျှို့ဝှက်နည်းစနစ် တစ်ခုကို ဖန်တီးကာ ခန္ဓာကိုယ်တစ်ခုကို ဦးစွာသိမ်းပိုက်ရန် ပြင်ဆင်နေခဲ့ခြင်းပင်။

ထိုအချိန်သို့ရောက်လျှင် သူ၏ အထွတ်အထိပ်ကာလ ခွန်အားကို မထုတ်ဖော်နိုင်လျှင်ပင် အနည်းဆုံးတော့ နတ်ဘုရင်အဆင့်၏ စွမ်းအားအချို့ကို ထုတ်ဖော်နိုင်မည် ဖြစ်ကာ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေထဲတွင် ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။

ထိုကဲ့သို့ စွမ်းအားဖြင့်ဆိုလျှင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုကို ရှင်းလင်းကာ သက်စောင့်ဝိညာဥ် သစ်သီးကို အေးအေးလူလူ သိမ်းပိုက်နိုင်မည် ဖြစ်သည်။

သက်စောင့်ဝိညာဥ်သစ်သီးသည် သူ၏ ဝိညာဥ်ကို အပြည့်အဝ ပြန်လည် ကောင်းမွန်လာစေနိုင်၏။

ဝိညာဥ် ပြန်လည် ကောင်းမွန်လာသည်နှင့် အမျှ ခန္ဓာကိုယ်ကို ပြန်လည် ဖန်တီးကာ သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိလာနိုင်သည် မဟုတ်ပါလား။

သူဖန်တီးထားသော လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ခန္ဓာကိုယ်ကို သိမ်းပိုက်ခြင်းသည် သူ၏ ဝိညာဥ်အပေါ် သက်ရောက်မှု တချို့ ရှိနိုင်သော်လည်း ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု ဘိုးဘေးသည် ထိုမျှလောက်ကို ဂရုမစိုက်နိုင်တော့ပေ။

အနက်ရောင်မြူတောထဲရှိ ဝိညာဥ် ထက်ဝက်ကျော်သည် ကျန်းချန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်၍ ဝိညာဥ်များကို ထပ်မံ မွေးမြူလျှင် မည်မျှကြာမြင့်မည်ကို မည်သူမှ မသိနိုင်ချေ။

ထိုအတွက်ကြောင့် သူ၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိလိုလျှင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ သက်စောင့်ဝိညာဥ် သစ်သီးကိုသာ အရယူရန် ရှိတော့သည်။

ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် သူ့အတွက် သက်စောင့်ဝိညာဥ် သစ်သီးကို အရယူပေးရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

ထို့ကြောင့်လည်း ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ဘိုးဘေးသည် ယာယီအားဖြင့် ခန္ဓာကိုယ် တစ်ခုကို သိမ်းပိုက်ကာ သက်စောင့်ဝိညာဥ် သစ်သီးကို ရယူရန်အတွက် သစ်သားဝိညာဥ်နတ်မျိုးနွယ်စု ဆီသို့ ကိုယ်တိုင်သွားရန်မှ တစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

“ဘိုးဘေး.. မဟာကောင်းကင်နတ်ဘုရား အဆင့်ထက် သာလွန်တဲ့ အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့် ခန္ဓာကိုယ်မှ ဖြစ်မှာလား”

ဘိုးဘေး၏ စကားကိုကြားလျှင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

အထွတ်အထိပ် ကောင်းကင်နတ်ဘုရားများသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် အလွန်တရာ ရှားပါးသော ပါရမီရှင်များ ဖြစ်ကြသည်။

မဟာနတ်မျိုးနွယ်စု ရှစ်စုမှာပင် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား ကျင့်ကြံသူ ရှားပါးလှ၏။

ကြယ်နှစ်ပွင့် အရှင် အဆင့်သို့ တူဟယ် ထိုးဖောက်သွားပြီးနောက်တွင် သူတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၌ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားအဆင့် ပါရမီရှင် မရှိတော့ပေ။

အခြားသော မဟာနတ်မျိုးနွယ်စု ရှစ်စုတွင်လည်း အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အနည်းငယ်သာရှိသည်။

ထို့အပြင် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားများသည် မျိုးနွယ်စုများ၏ ကာကွယ်မှုကို ရရှိထားသော အစောင့်အရှောက်ခံ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ထို့ကြောင့် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါးကို ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုဆီ ဖမ်းဆီးလာရန်မှာ လွယ်ကူသော အလုပ် မဟုတ်ပေ။

အခန်း(၂၀၇၀)ပြီး၏။

All Chapters