အခန်း (၂၉၇၁-၂၉၇၅)
Vol. 152 Ch. 2971-2975
Chapter 2971
ရှားဟိုကျွင်း၏မျက်နှာသည်လည်း ဖြူရော်နေသည်။
ရှားဟိုအိမ်တော်၏ လေ့ကျင့်ရေးစင်မြင့်ပေါ်တွင် သူ လုယွီအား စိန်ခေါ်ရန် ကြိုးစားခဲ့သည်ကို ရှားဟိုကျွင်းက အမှတ်ရနေဆဲပင်။
ထိုအချိန်တုန်းက လုယွီသည် သူ၏စိန်ခေါ်မှုကို ငြင်းဆန်ခဲ့သည်။လုယွီက အကယ်၍ သူ လှုပ်ရှားလိုက်ပါက လက်သီးတစ်ချက်တည်းဖြင့် ရှားဟိုကျွင်းကို သတ်ဖြတ်နိုင်ကြောင်း ပြောဆိုသွားခဲ့လေ၏။
ရှားဟိုကျွင်းသည် ထိုစကားကိုကြားချိန်တွင် လုယွီသည် သူ့ကိုယှဥ်ပြိုင်မတိုက်ခိုက်ဝံ့သဖြင့် အကြောင်းပြချက်ရှာသည်ဟုပြောဆိုကာ လှောင်ပြောင်သရော်ခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ အလွန်နုံအခဲ့ပုံရသည်။
ထိုအချိန်ကတည်းက လုယွီသည် သူ့အား မျက်လုံးထဲပင် ထည့်ပုံမရချေ။
ယခုလက်ရှိချိန်တွင် ကြည့်ရသလောက် လုယွီသည် သူ့အား အလေးအနက်ထားရန် လိုအပ်ပုံမရပေ။ကျောင်းတော်ငါးကျောင်း၏တပည့်ခေါင်းဆောင်နေရာများသည် သာမာန်လူများ ရရှိနိုင်သည့်အရာမျိုးမဟုတ်ချေ။စီနီယာတပည့်အများစုပင်လျှင် ထိုနေရာကို မရရှိနိုင်ပေ။
ထိုပြင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များ၏မျက်နှာအမူအယာများကို ကြည့်ခြင်းအားဖြင့် သူတို့ထံတွင် မည်သည့်စိတ်မကျေမနပ်ဖြစ်မှုမျိုးမျှ ရှိနေပုံမရချေ။လုယွီသည် သူ၏ကိုယ်ပိုင်ခွန်အားဖြင့် တခြားသူများ၏ရိုသေလေးစားမှုကို ရရှိထားပုံရသည်။
မုဖေးပိုင်သည် သူ၏လက်ချောင်းများ တုန်ရီလာသည်ကို ခံစားလိုက်ရ၏။
သူသည် တော်ဝင်ကျောင်းတော်မှ တပည့်တစ်ယောက်ဖြစ်သော်လည်း ကျောင်းတော်၏မြောက်မြားစွာသော စီနီယာတပည့်များအနက်မှ တစ်ယောက်သာဖြစ်သည်။
တိုက်ခိုက်ရေးစာမေးပွဲကို ဖြတ်ကျော်နိုင်ရန်မှာ သူ့အတွက် မလွယ်ကူလှချေ။သူသည် ကျောင်းတော်အသီးသီးမှ တပည့်ခေါင်းဆောင်များကို ယှဥ်ပြိုင်နိုင်ရန်မှာ လွန်စွာအလှမ်းကွာဟသည်။
မည်မျှထိ ရယ်ရွှင်ဖွယ်ကောင်းနေသနည်း...သူသည် ခွန်အားအရယှဥ်ပြိုင်ပါက လုယွီကို လွယ်လင့်တကူ ချေမွှဖျက်ဆီးနိုင်မည်ဟု သူ မူလက တွေးထင်ခဲ့သည်။
ယခုကြည့်ရသည်မှာ ထိုအရာများအားလုံးသည် သူသည် လူပြက်တစ်ယောက်သက်သက်သာ ဖြစ်သွားရုံပင်။
သူတို့သုံးယောက်သည် လူအုပ်ကြီး၏အကြားတွင် မတ်တတ်ရပ်နေသည်။သို့ရာတွင် သူတို့သည် နှစ်ပေါင်းများစွာကြာအောင် အေးစိမ့်နေသော ရေခဲလှိဏ်ဂူကြီးအတွင်းသို့ ရောက်ရှိနေသည့်အလား သူတို၏နံဘေးပတ်ဝန်းကျင်၏အပူရှိန်သည် ရေခဲမှတ်အောက် ကျဆင်းနေပေ၏။
အကယ်၍ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်ခေါင်းဆောင်ကို သူတို့ လှောင်ပြောင်ခဲ့ကြသည်ကို ကျောင်းတော်တပည့်များသာ သိရှိသွားပါက သူတို့ကို မည်သိုဆက်ဆံကြမည်နည်း...
"စီနီယာအကိုမု...ငါတို့ ဘာလုပ်သင့်လဲ"
လုံယွင်ရှန်း၏အသံက တုန်ရီနေသည်။သူမသည် အမှန်တကယ်ကိုပင် ထိတ်လန့်ကြောက်ရွံနေမိသည်။
တပည့်ခေါင်းဆောင်....ဤသည်က ရိုးရှင်းသောအဆင့်အတန်းတစ်ခု မဟုတ်ချေ။
ထိုအဆင့်အတန်း၏နောက်တွင် ကျောင်းတော်၏ဂုဏ်သိက္ခာကို ကိုယ်စားပြုနေသဖြင့် တစ်စုံတစ်ယောက်မှ အပြစ်ပြု၍ရသောသူမျိုးမဟုတ်ချေ။
ချင်လုရှန်းသည် တော်ဝင်ကျောင်းတော်၏ယခင်တပည့်ခေါင်းဆောင်ကို ပြောင်ပြောင်တင်းတင်း ရန်စစော်ကားဝံ့ခြင်းမှာ သူကိုယ်တိုင်သည်လည်း အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ရွေးချယ်ခံဖြစ်နေသောကြောင့် တပည့်ခေါင်းဆောင်နေရာနှင့် အဆင့်အတန်းတူညီနေသောကြောင့်ပင်။
ထိုပြင် ချင်လုရှန်းသည် သူ၏ကိုယ်ပိုင်ခွန်အားဖြင့် တော်ဝင်ကျောင်းတော်၏တပည့်ခေါင်းဆောင်ကို အနိုင်ယူနိုင်ခဲ့သည်။တော်ဝင်ကျောင်းတော်မှတပည့်များသည် ကူကယ်ရာမဲ့ဖြစ်နေသော်လည်း ချင်လုရှန်းကိုမြင်တွေ့ချိန်တွင် လေးလေးစားစား ဆက်ဆံရသည်။
သိုရာတွင် သူတို့ကမူ မတူကွဲပြားပေ၏။
သူတို့၏အဆင့်အတန်းဖြင့် အကယ်၍ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များသာ ဤကိစ္စကို သိရှိသွားပါက လုယွီ၏ညွှန်ကြားချက်မရှိလျှင်ပင် ထိုတပည့်များသည် သူတိုအား လုံးလုံးလျားလျား ချေမွှဖျက်ဆီးပေလိမ့်မည်။
တော်ဝင်စာမေးပွဲ၏ သမိုင်းစဥ်တလျှောက်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် အောက်ဆုံးအဆင့်၌ရှိနေသော်လည်း ကျောင်းတော်ငါးကျောင်းအနက်မှတစ်ကျောင်းဖြစ်သဖြင့် သူတို့၏ခွန်အားကို လျှော့တွက်၍မရချေ။တော်ဝင်နန်းတွင်း၌ ယခင်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်ဟောင်းများ ရှိနေလေရာ သူတို့ကို လွယ်လင့်တကူ ချေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။
ထိုသို့တွေးတောမိချိန်တွင် မုဖေးပိုင်သည် ကူကယ်ရာမဲ့စွာဖြင့် သူ၏စိတ်နှလုံးသားအတွင်းမှဒေါသများ မြင့်တက်လာသည်။သူက နောက်သို့လှည့်ကာ ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်၏။
"မင်းက ငါ့ကိုမေးတယ်...ငါက ဘယ်သူ့ကို မေးရမှာလဲ...အစကတည်းက ငါ့ကို သွေးထိုးခဲ့တာ မင်းတို့ မဟုတ်ဘူးလား...သူက သာမာန်ဧည့်သည်တစ်ယောက်လို့ ဘယ်သူက ပြောခဲ့တာလဲ...ထွက်သွားကြ...ငါနဲ့ဝေးဝေးမှာနေစမ်း"
အကယ်၍ ထိုလူနှစ်ယောက်မှနေ၍ လုယွီသည် သာမာန်ဧည့်သည်တစ်ယောက်ဟု သူ့အား မပြောဆိုခဲ့ပါက သူ မည်သည်ကြောင့် လုယွီကို အပြစ်ပြုမိမည်နည်း...
လုံယွင်ရှန်းနှင့်ရှားဟိုကျွင်းတို့က အလျှင်အမြန် နောက်ဆုတ်လိုက်ကြ၏။
သူတို့သည် မုဖေးပိုင်၏ဒေါသကို မဆွဝံ့သဖြင့် နံဘေး၌ပုန်းအောင်းနေလိုက်ကြသည်။
ထိုအကြောင်းကို သူတို့ တွေးတောမိလေလေ ပို၍ဒေါသထွက်လာလေလေပင်။သူတို့၏မျက်လုံးအကြည့်များက လုယွီပေါ်သို့ စူးစိုက်၍ ကျရောက်နေသည်။
လုံယွင်ရှန်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"ငါ ဒါကို မယုံကြည်နိုင်ဘူး.. တပည့်ခေါင်းဆောင်တစ်ယောက်ဖြစ်လာရအောင် သူ့ဆီမှာ ဘာအရည်အချင်းမျိုးရှိလဲဆိုတာ ငါ စောင့်ကြည့်အုံးမယ်"
ရှားဟိုကျွင်းသည် မည်သည့်စကားမျှမဆိုသော်လည်း သူ၏မျက်လုံးအကြည့်က လုယွီထံတွင် အခိုင်အမာကျရောက်နေသည်။
သူတို့သည် လုယွီ၏အရည်အချင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုပေ၏။ထိုအချိန်ကျမှသာ သူတို့ လက်လျှော့အရှုံးပေးနိုင်ပေမည်။
Chapter 2972
လုယွီသည် သူတို့၏အကြည့်များကို အနည်းငယ်မျှပင် သတိပြုမိခြင်းမရှိချေ။
သူသည် ထိုကဲ့သို နိမ့်ကျသည့်အကျင့်စရိုက်ရှိသူများကို ဂရုစိုက်နေရန် မလိုအပ်ပေ။
"မင်း ဘယ်အချိန်တုန်းက တော်ဝင်မြိုတော်ကို ရောက်လာတာလဲ"
လုယွီက လီစစ်၏ရှေ့သို လျှောက်လှမ်းသွားကာ မေးမြန်းလိုက်၏။
လီစစ်က အပြုံးနှင့်ပြောဆိုသည်။
"ငါတို့က စာပေစာမေးပွဲမစခင် ငါးရက်လောက်အလိုမှာ ရောက်လာခဲ့တာ...မင်းက ကျန်းအိမ်တော်မှာနေနေတယ်လို့ ငါ ကြားထားတယ်...ဒါကြောင့် ငါတို့က မင်းကို မနှောက်ယှက်တော့တာ...လုရှီက စာပေစာမေးပွဲမှာ ပထမနေရာကို ယူနိုင်ခဲ့တယ်...ဒါက ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွက် တကယ့်ကို ဂုဏ်ယူစရာပဲ"
"အမှန်ပဲ...ဒီတစ်ကြိမ်မှာ လုရှီရဲ့စာပေစွမ်းရည်က တခြားပါရမီရှင်တွေအများကြီးကို ဖိနှိပ်ထားနိုင်ခဲ့တယ်...ဒီတစ်ကြိမ်မှာတော့ ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က အောက်ဆုံးအဆင့်မှာ ရှိမနေမှာသေချာတယ်"
"လုရှီတင်မကဘူး...စီနီယာအကိုလီစစ်ရဲ့အဆင့်ကလည်း မြင့်မားတယ်...ငါတို့ကျောင်းတော်က အရင်နဲ့မတူတော့ဘူး"
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များသည် လုယွီကိုမြင်တွေ့ချိန်တွင် စိတ်လှုပ်ရှားနေကြသည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များသည် ကျောင်းတော်ငါးကျောင်းအကြား၌ လှောင်ပြောင်သရော်ခံရမှုများကို ယခင်ကကြုံတွေ့ခဲ့ရသည်။ခွန်အားအနည်းဆုံးကျောင်းတော်သည် ထိုကဲ့သို့ဆက်ဆံခံရသည်မှာ ထူးဆန်းသောကိစ္စတစ်ရပ် မဟုတ်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်တွင်မူ ယခင်နှင့် ကွဲပြားခြားနားသွားလေပြီ။
လုယွီသည် စာပေစာမေးပွဲတွင် ပထမနေရာကို ရရှိခဲ့သဖြင့် ထိုလှောင်ပြောင်သရော်မှုများအားလုံး လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ထပ်မံ၍ လှောင်ပြောင်သရော်ဝံ့သော မည်သူမဆို လူပြက်တစ်ယောက်သာ ဖြစ်သွားပေမည်။
စာပေစာမေးပွဲ၏ပထမနေရာကို ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်တစ်ယောက်က ရရှိခဲ့သည်။တခြားသူများ မည်သို့ပြောဆိုနေပါစေ အဆင့်သတ်မှတ်ချက်ကို ရှင်းလင်းစွာ ရေးသားဖော်ပြထားပြီးဖြစ်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် လှောင်ပြောင်သရော်ဝံ့ပါက ထိုလူ၏အင်အားစုပင်လျှင် ပထမနေရာကို ရယူနိုင်ခဲ့သလောဟု ပြန်လည်ချေပခြင်း ခံရပေမည်။
"ဒါက မင်းတိုအားလုံးရဲ့ အားပေးမှုတွေကြောင့်ပါ"
လုယွီက ရုတ်တရက် ပြောဆိုလိုက်ကာ သူ၏အသံသည် တည်ငြိမ်အေးချမ်းပြီး အင်အားပြည့်ဝနေပေ၏။
ထိုအသံတွင် မေးခွန်းထုတ်ရန်မလိုသော ဖိအားအရှိန်အဝါမျိုး ပါဝင်နေသကဲ့သိုပင်။ဤသည်က ရှေးဟောင်းခေတ်ကာလမှအင်မော်တယ်များ၏ စကားလုံးများတွင် ကောင်းကင်နှင့်မြေပြင်အကြားမှ ဥပဒေသများ ရောယှက်ပါဝင်နေခြင်းနှင့်တူညီကာ ပတ်ဝန်းကျင်ရှိ ဖရိုဖရဲဖြစ်နေသောအသံများအားလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေသည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များသည် သူတို့၏စကားပြောဆိုနေမှုများအားလုံးကို ရပ်တန့်လိုက်ကာ လုယွီ၏နောက်တွင် နာခံရိုကျိုးစွာဖြင့် မတ်တတ်ရပ်နေကြ၏။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏အသံကို ကြားမိသော မည်သူမဆို သူတို၏စိတ်နှလုံးသားအတွင်းမှ မွန်းကြပ်နေမှုများနေရာတွင် တည်ငြိမ်အေးချမ်းမှုများက အစားထိုးဝင်ရောက်လာခြင်းကို ခံစားမိသည်။
လုယွီ၏အသံနည်းစနစ်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များကိုသာမက အနီးပတ်ဝန်းကျင်ရှိလူများကိုလည်း တည်ငြိမ်အေးချမ်းသွားစေသည်။
ဤအသံနည်းစနစ်သည် နတ်ဘုရားနဂါးဟိန်းသံနှင့် ကွဲပြားခြားနားပေ၏။ဤသည်က သနားကြင်နာမှုနှင့်ပြည့်စုံပြီး အစွမ်းထက်သော ဗုဒ္ဓတစ်ပါး၏အသံနှင့်တူညီသည်။
တခြားသူများသည် လုယွီကိုမြင်တွေ့ချိန်တွင် သူ၏မျက်နှာကို ရင်းနှီးမှုမရှိဟုသာ သူတို့အားလုံးက တွေးတောမိကြသည်။လုယွီသည် တပည့်ခေါင်းဆောင်တစ်ယောက်ဖြစ်သည့်အပြင် စာပေစာမေးပွဲ၌ပထမရထားသူဟု သိရှိသည့်တိုင် သူနှင့်ပတ်သတ်၍ မကောင်းမြင်သောမှတ်ချက်တချို့ ရှိနေဆဲပင်။သို့ရာတွင် လုယွီသည် ရိုးရှင်းသောစကားတစ်ခွန်းဖြင့် လူအများကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရ၏။ထို့ကြောင့် လူတိုင်းသည် လုယွီကို ပို၍သတိထားကာ စောင့်ကြည့်နေကြတော့သည်။
"ဒါဆို မင်းက ဆရာသခင်လုပေါ့...ငါက နက်နဲသိမ်မွေ့ကြယ်တာရာကျောင်းတော်က ကျန်းပေါင်ရှင်း...မင်းက ငါတို့ကျန်းမိသားစုအပေါ်မှာ ကျေးဇူးရှိတယ်...ဒါပေမယ့် တိုက်ခိုက်ရေးစာမေးပွဲမှာတော့ မင်းရဲ့ကိုယ်ပိုင်အရည်အချင်းပေါ်မှာပဲ မူတည်လိမ့်မယ်"
မလှမ်းမကမ်းတွင်ရှိနေသည့် ရွှေသရဖူဆောင်းထားသော လူငယ်တစ်ယောက်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ပြောဆိုသည်။
ဤသည်က နက်နဲသိမ်မွေ့ကြယ်တာရာကျောင်းတော်၏တပည့်ခေါင်းဆောင်ပင်။
ကျောင်းတော်ငါးကျောင်းလုံး၏နောက်ကွယ်တွင် သူတော်စင်များ၏နောက်ခံရှိနေကာ နက်နဲသိမ်မွေ့ကြယ်တာရာကျောင်းတော်ကို တည်ထောင်ခဲ့သူမှာ စာပေသူတော်စင်ကျန်းဟောင်ဖြစ်သည်။
နက်နဲသိမ်မွေ့ကြယ်တာရာကျောင်းတော်၏ ယခုနှစ်အတွက် တပည့်ခေါင်းဆောင်မှာ ကျန်းပေါင်ရှင်းပင်။
သူသည် ငယ်ရွယ်စဥ်ကတည်းက အလွန်အမင်းထူးခြားသော ပါရမီအရည်အချင်းကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။သူသည် လေ့ကျင့်ရန်အတွက် စစ်တပ်အတွင်းသို့ဝင်ရောက်ကာ တိုက်ပွဲအကျိုးဆောင်ရမှတ်များကို စုဆောင်းပြီးလေပြီ။သူသည် စစ်ဗိုလ်ချုပ်အဆင့်သို့ ရောက်ရှိပြီးနောက် နက်နဲသိမ်မွေ့ကြယ်တာရာကျောင်းတော်သို့ ဝင်ရောက်ခဲ့ကာ တစ်ချက်တည်းဖြင့် တပည့်ခေါင်းဆောင် ဖြစ်လာခဲ့လေ၏။
"အမှန်ပဲ...တိုက်ခိုက်ရေးစာမေးပွဲအတွင်းမှာ အရာရာတိုင်းက ကိုယ်ပိုင်စွမ်းအားပေါ်မှာပဲ မူတည်တယ်"
လုယွီကလည်း တုံပြန်သည့်အနေဖြင့် ဂါရဝပြုနှုတ်ဆက်လိုက်သည်။
ကျန်းပေါင်ရှင်းက အပြုံးနှင့်ပြောဆိုသည်။
"မင်းရဲ့လမ်းညွှန်မှုအောက်မှာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကတပည့်တွေရဲ့ အရည်အချင်းတွေ အလျှင်အမြန် တိုးတက်လာတယ်လို့ ငါ ကြားထားတယ်...မင်းနဲ့ငါကြားမှာ စည်းမျဥ်းတစ်ခု ချမှတ်ကြမလား...နောက်ကျရင် ငါတို့ကျောင်းတော်တွေရဲ့ တပည့်တွေအချင်းချင်း လက်ရည်စမ်းကြရအောင်...မင်း ဘယ်လိုသဘောရလဲ"
Chapter 2973
ပတ်ဝန်းကျင်နေရာတဝိုက်မှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။
ကျောင်းတော်နှစ်ခုကြား လက်ရည်စမ်းခြင်းသည် ကိစ္စငယ်တစ်ခုဖြစ်သော်လည်း ကျောင်းတော်အချင်းချင်း မဟာမိတ်ဖွဲ့လိုသော ရည်ရွယ်ချက်မျိုးပါဝင်နေသည်။
ကျောင်းတော်ငါးကျောင်းဟု စုရုံး၍ခေါ်ဆိုသော်လည်း အမှန်အားဖြင့် ကျောင်းတော်အချင်းချင်း ယှဥ်ပြိုင်နေကြ၏။သူတို့သည် သူတို့၏သက်ဆိုင်ရာ ကျောင်းတော်အင်အားကို ထိန်းသိမ်းစောင့်ရှောက်ကြသည်။တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်သည်မှလွဲ၍ ကျောင်းတော်အချင်းချင်း တိုက်ခိုက်မှုချင်းဖလှယ်လေ့မရှိချေ။
ဤကဲ့သို့ကမ်းလှမ်းခဲ့ခြင်းမှာ ကျန်းပေါင်ရှင်းသည် သံလွင်ခက်ကမ်းလိုက်ခြင်းပင်။အကယ်၍ ကျောင်းတော်နှစ်ကျောင်းသာ အချင်းချင်း ထိတွေ့ဆက်ဆံမှုရှိသွားပါက ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ တစ်ယောက်၏အားနည်းချက်ကို တစ်ယောက်မှထောက်ပြနိုင်ကာ ကျောင်းတော်နှစ်ခုလုံးမှ တပည့်များ၏စွမ်းအားများ အလျှင်အမြန် မြင့်တက်လာပေမည်။
ဤသည်က အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသော သတင်းတစ်ခုဖြစ်သဖြင့် တခြားကျောင်းတော်မှ တပည့်များပင် မတည်ငြိမ်ကြတော့ချေ။
ထိုကိစ္စကို စံသတ်မှတ်ချက်များကို ချိုးဖောက်သည့်လုပ်ရပ်ဟု ယူဆနိုင်သည်။နက်နဲသိမ်မွေ့ကြယ်တာရာကျောင်းတော်သည် လုယွီကို မည်သည်ကြောင့် မြင့်မြင့်မားမားတွေးတောထားသည်ကို သူတို့အားလုံး မသိကြချေ။သူတို့သည် လုယွီကို မျက်နှာသာပေးလိုသဖြင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်နှင့် နက်နဲသိမ်မွေ့ကြယ်တာရာကျောင်းတော် လက်ရည်စမ်းရန်ကိုပင် ကမ်းလှမ်းခဲ့သည်။
တစ်ခုသိထားရမည့်အချက်မှာ နက်နဲသိမ်မွေ့ကြယ်တာရာကျောင်းတော်၏အင်အားသည် ကျောင်းတော်ငါးကျောင်းအနက် ထိပ်ဆုံးနေရာ၌ ရပ်တည်နေခြင်းပင်။အကယ်၍ ကျောင်းတော်နှစ်ကျောင်းသာ အမှန်တကယ် မဟာမိတ်ဖွဲ့လိုက်ပါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ပို၍အကျိုးအမြတ်ရရှိပေမည်။
"ဒီကိစ္စက အဆင်ပြေပါတယ်...ငါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ကိုယ်စား သဘောတူတယ်"
လုယွီသည် ဤရည်ရွယ်ချက်ကောင်းကို ငြင်းဆန်မည်မဟုတ်ချေ။
ကျန်းပေါင်ရှင်းထံတွင် ဤကဲ့သို့ ကြီးမားသောကိစ္စမျိုးကို ဆုံးဖြတ်ချက်ချနိုင်သော အခွင့်အာဏာမျိုး ရှိပုံမရချေ။ဤကိစ္စ၏နောက်ကွယ်တွင် ကျန်းမိသားစုမှ တစ်စုံတစ်ယောက် ရှိနေပေလိမ့်မည်။
သို့ရာတွင် ကျန်းမိသားစုသည် ဤကဲ့သိုကိစ္စမျိုးကို ရည်ရွယ်ချက်မရှိဘဲ လုပ်ဆောင်မည်မဟုတ်ကြောင်း လုယွီက ခန့်မှန်းမိသည်။ကျန်းမိသားစု ဤကဲ့သို ပြုလုပ်ခဲ့ရသော အကြောင်းအရင်းမှာ ကျန်းချန်မှနေ၍ ခရမ်းလျှပ်စီးဝံပုလွေကို ဖမ်းဆီးခဲ့သည့်ကိစ္စကို ပြေငြိမ်းစေခြင်းကြောင့်ပင်။
လုယွီသည် တပည့်ခေါင်းဆောင်သက်သက် မဟုတ်ချေ။ယခုလက်ရှိချိန်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ကျောင်းအုပ်ကြီး ဖူကျစ်ရွှယ် ရှိမနေသည့်အပြင် လက်ထောက်ကျောင်းအုပ် ထျန်းပိုယန်သည်လည်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည်။ပိုင်မင်ဟန်တစ်ယောက်တည်းကသာ နောက်ကွယ်မှနေ၍ အရေးကိစ္စဟူသမျှကို စီမံအုပ်ချုပ်နေရလေ၏။
လုယွီ၏လက်ရှိနာမည်ဂုဏ်သတင်းဖြင့် သူသည် ဤဆုံးဖြတ်ချက်ကို ချပိုင်ခွင့်ရှိသည်။
"ဟမ့်....တိုက်ခိုက်ရေးစာမေးပွဲက စတင်တော့မယ်...ကျောင်းတော်နှစ်ကျောင်းရဲ့တပည့်ခေါင်းဆောင်နှစ်ယောက်ကတော့ အတော်လေး စိတ်အေးလက်အေး ရှိနေကြပုံပဲ"
ရှထန်ကန်းက နံဘေးဘက်မှနေ၍ သရော်တော်တော် ပြောဆိုသည်။
သူသည် လုယွီကို အလွန်ရိုင်းပျစွာ ဆက်ဆံနေခဲ့သည်။
တော်ဝင်မြိုတော်အတွင်းရှိ လမ်းများအကြားတွင် ကောလဟာလများ ပျံ့နှံနေခဲ့သည်။ထိုကောလဟာလမှာ စာပေစာမေးပွဲ၏ပထမနေရာရရှိသူသည် မူလက ရှထန်ကန်းဖြစ်သည်ဟုပင်။အိမ်ရှေ့စံမင်းသားပင်လျှင် ကိုယ်တိုင်ကိုယ်ကျလာရောက်၍ ရှထန်ကန်း၏အဖြေလွှာကို စစ်ဆေးခဲ့သည်။သို့ရာတွင် ကျန်းရွှမ်စဲသည် အိမ်ရှေ့စံမင်းသားကိုပင် မျက်နှာသာမပေးဘဲ လုယွီကို ပထမရသူအဖြစ် အတင်းအကြပ်ပြောင်းလဲသတ်မှတ်ခဲ့သည်။
ပထမနှင့်ဒုတိယဟူသည်မှာ အဆင့်တစ်ဆင့်သာ ကွာခြားပုံရသော်လည်း ရလဒ်မှာမူ အလွန်ကွဲပြားခြားနားသည်။
ရှထန်ကန်းသည် မူလက သူ၏ပါရမီအရည်အချင်းကြောင့် အလွန်မောက်မာဝံ့ကြွားနေသူဖြစ်သည်။သို့ရာတွင် အဆုံးသတ်၌ သူသည် လုယွီ၏ရိုက်ချခြင်းကို ခံလိုက်ရရာ မည်သည်ကြောင့် သူ ဒေါသမထွက်ဘဲနေမည်နည်း။
"ငါတို့က အခုထိ တိုက်ခိုက်ရေးကွင်းပြင်ထဲကို မရောက်သေးဘူး...တိုက်ခိုက်ရေးစာမေးပွဲ ဖြေဆိုမယ့်နေရာကို မရောက်သေးသရွေ့ ငါတို့ဘာလုပ်သင့်တယ်ဆိုတာ မင်း ညွှန်ပြပေးနေဖို့ မလိုအပ်ဘူး...မင်းကိုယ်မင်းသာ ဂရုစိုက်နေစမ်း"
လုယွီက အေးစက်စက်အော်ငေါက်လိုက်ရာ သူ၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်ပေ၏။
ထိုအော်သံသည် ရှထန်ကန်း၏စိတ်အတွင်းတွင် ခေါင်းလောင်းကြီးတစ်လုံး တီးခတ်လိုက်သကဲ့သို့ မြည်ဟီးသွားသဖြင့် သူ ကြက်သေသေသွားသည်။ဤအချိန်အခိုက်အတန့်တွင် သူ လုယွီ၏စကားကိုငြင်းဆန်ရန် စကားလုံးရှာမတွေ့ချေ။ထိုကြောင့် သူက အေးစက်စက်နှာတစ်ချက်မှုတ်ကာ လျစ်လျှူရှုလိုက်၏။
တခြားသူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လုယွီသည် အရှိန်အဝါအရ ရှထန်ကန်းကိုဖိနှိပ်နိုင်ကြောင်း သူတို့အားလုံး သိရှိလိုက်ရသဖြင့် အံ့အားသင့်တုန်လှုပ်သွားကြသည်။
တော်ဝင်ကျောင်းတော်၏တပည့်ခေါင်းဆောင်ဖြစ်သည့်အပြင် ရှမိသားစု၏ပါရမီရှင်တစ်ယောက်လည်းဖြစ်သော ရှထန်ကန်းသည် အရှိန်အဝါချင်းယှဥ်ကြည့်ပါက လုယွီထက် အနည်းငယ်အားနည်းနေသည်။
"ကောင်းတယ်...အဲ့ဒီကောင်က ဒီလိုမျိုးပဲ ဆက်ဆံခံရသင့်တယ်...အဲ့ဒီရှထန်ကန်းဆိုတဲ့ကောင်က အမြဲတမ်းမောက်မာဝံ့ကြွားနေတာ...သူက အရမ်းမောက်မာနေတာကြောင့် သူ့ရဲ့နှာခေါင်းကတောင် မိုးကောင်းကင်ကိုထိတော့မယ်...ငါက သူ့ကို ကြည့်မရလို့ရှာနေတာ ကြာလှပြီ"
ချင်လုရှန်းက ရုတ်တရက် ဝါးလုံးကွဲရယ်မောကာ ပြောဆိုသည်။
သူနှင့် တခြားကြယ်မြစ်များမှရွေးချယ်ခံများသည် တိုက်ခိုက်ရေးစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် တခြားကျောင်းတော်သားများ၏ရှေ့တွင် မတ်တတ်ရပ်ရန် အရည်အချင်းပြည့်မီသည်။
ရှထျန်ကန်း သူ့စကားနှင့်သူ အရှက်ရသွားသည်ကို မြင်တွေ့ချိန်တွင် ချင်လုံရှန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။သူသည် ရှထန်ကန်း၏သုန်မှုန်နေသော မျက်နှာအမူအယာကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
Chapter 2974
"တိုက်ခိုက်ရေးစာမေးပွဲ စတင်ပြီ...ယှဥ်ပြိုင်မယ့်သူတွေအားလုံး အစီအစဥ်တကျ ဝင်ရောက်မယ်...တကယ်လို အစီအစဥ်တကျမဝင်ဘဲ ပြဿနာရှာတဲ့သူရှိရင် ချွင်းချက်မရှိ အသတ်ခံရမယ်"
ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသောအသံတစ်သံက စစ်ရေးကွင်းပြင်၏အလယ်ဗဟိုမှ ထွက်ပေါ်လာသည်။ထိုအသံကို ငါးမိုင် ခြောက်မိုင်ခန့်အကွာကပင် အသာအယာကြားနိုင်ပေ၏။
ဤသည်က စစ်ရေးကွင်းပြင်ကို စောင့်ကြည့်ရန် တာဝန်ယူထားရသော တော်ဝင်စစ်တပ်မှစစ်ဗိုလ်ချုပ်ပင်။
ဤအော်ဟစ်သံကြောင့် ကျောင်းတော်များအများစု ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့အနက်မှတချို့၏ ပြောင်ချော်ချော်အတွေးများအားလုံး လွင့်ပြယ်သွားကာ အလေးအနက်ထားစပြုလာသည်။ဆူညံပွက်လောရိုက်နေသောမြင်ကွင်းတစ်ခုလုံး ရုတ်တရက် သုသာန်တစပြင်ကဲ့သို တိတ်ဆိတ်ငြိမ်သက်သွားသည်။
လုယွီနှင့်တခြားတပည့်ခေါင်းဆောင်များက ရှေ့ဆုံးမှဦးဆောင်၍ ကွင်းပြင်အတွင်းသို့ ဝင်လိုက်ကြ၏။လူများအားလုံး၏တံဆိပ်ပြားများကို စစ်ဆေးပြီးနောက် အတွင်းသို့ ဝင်ခွင့်ပြုလိုက်သည်။
စစ်ရေးကွင်းပြင်အတွင်းသို့ ဝင်ရောက်ပြီးနောက် သူတို့အားလုံးသည် ပတ်ဝန်းကျင်နေရာတဝိုက်သည် လွန်စွာကျယ်ဝန်းသည်ကို တွေ့မြင်လိုက်ရ၏။မူလက သူတို့၏ပတ်ဝန်းကျင်တွင် မြင့်မားသော အဆောက်အအုံများနှင့် ပြည့်နှက်နေသော်လည်း ယခုလက်ရှိချိန်၌ အကန့်အသတ်မဲ့သော တိုက်ခိုက်ရေးကွင်းပြင်အဖြစ် ပြောင်းလဲသွားသည်။
"ဒါဆိုရင် အထဲမှာ လေဟာနယ်နယ်မြေတစ်ခု ရှိနေတာပဲ"
လုယွီက သူတို့သည် သီးသန့်လေဟာနယ်နယ်မြေတစ်ခုအတွင်းသို့ ရောက်ရှိသွားကြောင့် ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်လိုက်သည်။
အစွမ်းထက်သောနယ်မြေသခင်တချိုနှင့်ဝင်္ကပါပညာရှင်တချို့သည် နည်းလမ်းအမျိုးမျိုးကိုအသုံးပြု၍ သီးသန့်လေဟာနယ်နယ်မြေကို ဖန်တီးနိုင်စွမ်းရှိသည်။
ဤလေဟာနယ်နယ်မြေအတွင်းရှိ ဥပဒေသများသည် ပြင်ပလောကနှင့် ကွဲပြားခြားနားပေ၏။ပြင်ပမှကြည့်လျှင် သာမာန်ခြံဝန်းတစ်ခုနှင့် တူညီပုံရသော်လည်း တစ်စုံတစ်ယောက်သည် အတွင်းသို့ဝင်လိုက်ချိန်တွင် တခြားကမ္ဘာလောကတစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်ရာ အတော်အသင့် လျှို့ဝှက်ဆန်းကြယ်သည်။
တိုက်ခိုက်ရေးကွင်းပြင်၏နံဘေးပတ်လည်တွင် စစ်အလံများကို တစ်မီတာအကွာစီတိုင်းတွင် စိုက်ထူထားကာ လေထုအတွင်း၌ တဖျတ်ဖျတ်လူးလွန့်နေသည်။
ဤသည်က အလှပြထားရုံသက်သက် မဟုတ်ချေ။ဤနေရာ၌ အသုံးပြုထားသော စစ်အလံအများစုသည် တာယွီအင်ပါယာ၏တော်ဝင်စစ်တပ်မှ အသုံးပြုခဲ့သော အစစ်အမှန်စစ်အလံများဖြစ်သည်။ထိုစစ်အလံများသည် မြောက်မြားစွာသော သတ်ဖြတ်ခြင်းများကို ဖြတ်ကျော်ခဲ့ရသဖြင့် တချို့အလံများသည်လဲဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးနေကာ တချို့အလံများသည် သွေးများစွန်းထင်းနေပေ၏။
ဤစစ်အလံများကို တာယွီတော်ဝင်စစ်တပ်အတွင်းရှိ ထူးချွန်သောစစ်ရေးအောင်မြင်မှုရရှိခဲ့သော တပ်ရင်းများမှ ပို့ဆောင်ထားခြင်းဖြစ်သည်။ထိုစစ်အလံအမြောက်အများ စုဝေးမိချိန်တွင် ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက ပတ်ဝန်းကျင်နေရာတဝိုက်၌ ပျံ့နှံနေသည်။
တိုက်ခိုက်ရေးကွင်းပြင်၏အလယ်ဗဟိုတွင် မြင့်မားသောကျောက်တုံးစင်မြင့်တစ်ခုရှိနေကာ ထိုအရာပေါ်၌ လူအမြောက်အများ ထိုင်နေသည်။ထိုစင်မြင့်၏ဘေးတစ်ဖက်တစ်ချက်တွင် တော်ဝင်စစ်တပ်မှစစ်သားများ မတ်တတ်ရပ်နေကြကာ သူတို့အားလုံးသည် အရပ်ရှည်ပြီး တုတ်ခိုင်သန်မာသည်။
လုယွီသည် ထိုစင်မြင့်ပေါ်တွင်ထိုင်နေသော လူများ၏မျက်နှာများကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။
အလယ်ဗဟိုတွင် ထိုင်နေသူမှာ ဤတစ်ကြိမ်ကျင်းပသော စာပေစာမေးပွဲ၏စာစစ်အကြီးအကဲဖြစ်သည့် စာပေနှင့်ယဥ်ကျေးမှုဌာန၏အမတ်ကြီးကျန်းရွှမ်စဲပင်။
သူ၏ဘေးတစ်ဖက်တစ်ချက်တွင် စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးနှင့် စစ်တပ်ငါးတပ်၏အုပ်ချုပ်ရေးရုံးတော်များမှ အုပ်ချုပ်သူအရှင်များရှိနေသည်။ဤသည်က တော်ဝင်စာမေးပွဲ၏တိုက်ခိုက်ရေးယှဥ်ပြိုင်ပွဲဖြစ်သဖြင့် လက်ထောက်စစ်ဆေးရေးမှူးများအနေဖြင့် စစ်တပ်အရာရှိများရှိနေရန် လိုအပ်သည်။
"အမတ်ကြီး...တိုက်ခိုက်ရေးစာမေးပွဲအတွက် လူပေါင်း ၃၁၉၂၇ယောက် ယှဥ်ပြိုင်မှာကို အတည်ပြုပြီးပါပြီ"
လက်ထောက်အရာရှိတစ်ယောက်က နံဘေးဘက်မှနေ၍ သတင်းပို့သည်။
ကျန်းရွှမ်စဲက ခေါင်းညိတ်ပြလိုက်၏။သူ စကားပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် နဂါးအစောင့်ဝတ်စုံကိုဝတ်ဆင်ထားသော လူတစ်စုက တိုက်ပွဲကွင်းပြင်၏ဝင်ပေါက်၌ ထွက်ပေါ်လာသည်။
ထိုလူစုသည် တရကြမ်းတိုးဝင်လာသော်လည်း တော်ဝင်စစ်တပ်သည် သူတို့ကို ဟန့်တားခြင်းမရှိချေ။
"အိမ်ရှေ့စံမင်းသား ကြွချီလာပြီ"
ကျယ်လောင်သောအော်ဟစ်သံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ စစ်သားအမြောက်အများ ခြံရံထားသော ရထားလုံးတစ်စီးက ကျောက်တုံးစင်မြင့်၏ရှေ့သို့ ရောက်ရှိလာသည်။
ခမ်းနားထည်ဝါသောဝတ်စုံကို ဝတ်ဆင်ထားကာ သာလွန်ထူးကဲသော အရှိန်အဝါရှိသည့် လူတစ်ယောက်က ရထားလုံးအတွင်းမှ ထွက်လာသည်။ထိုလူသည် တာယွီအင်ပါယာ၏အိမ်ရှေ့စံမင်းသား ကျိုးယွမ်ရန်းပင်။
"အိမ်ရှေ့စံမင်းသားကို ဂါရဝပြုနှုတ်ဆက်ပါတယ်"
ကျန်းရွှမ်စဲနှင့်တခြားစစ်ဆေးရေးမှူးများအားလုံး တပြိုင်နက်တည်းမတ်တတ်ထရပ်ကာ အိမ်ရှေ့စံမင်းသားကို အဓိကထိုင်ခုံနေရာ ပေးလိုက်ကြ၏။
ပတ်ဝန်းကျင်ရှိ ကျောင်းတော်သားများသည် မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။
သူတို့သည် ကြယ်မြစ်ဒေသများမှရောက်လာကာ မြောက်များစွာသောအရာများကို မြင်တွေ့ဖူးသော်လည်း အိမ်ရှေ့စံမင်းသားကို မြင်တွေ့ရသည်မှာ သူတို့အတွက်ပထမဆုံးအကြိမ်ပင်။
ဤကဲ့သို့ တော်ဝင်မိသားစု၏ထိပ်သီးတည်ရှိမှုကြီးတစ်ခုကို မည်သူမည်ဝါမှ မြင်တွေ့ရသည်ဖြစ်စေ ထိုလူသည် မမြင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်ကို ခံစားရပေမည်။
"သူက ကျိုးထျန်းရင်ရဲ့သားလား"
လုယွီက ကျိုးယွမ်ရန်းကို တစ်ချက်ကြည့်ပြီးနောက် အတိတ်မှ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့် တူညီမှုတချို့ရှိနေခြင်းကို သတိပြုမိသွားသည်။
Chapter 2975
"ထုံးတမ်းစဥ်လာတွေလုပ်နေဖို့ မလိုအပ်ဘူး...ဒီတစ်ကြိမ်မှာ ငါက တာယွီအင်ပါယာရဲ့ပါရမီရှင်တွေကို ကြည့်ဖို့လာတာ...မင်းတို့အားလုံးက ငါတို့အင်ပါယာရဲ့အဓိကထောက်တိုင်ပဲ...မင်းတိုအားလုံးက မင်းတိုရဲ့ခွန်အားကုန်ကို ထိန်ချန်ထားခြင်းမရှိဘဲနဲ့ အသုံးပြုစေချင်တယ်"
အိမ်ရှေ့စံမင်းသား၏အသံသည် နူးညံညင်သာပြီး ပြတ်သားကာ လူအများကို နွေဦးလေညှင်းဖြတ်သန်းတိုက်ခတ်သွားသကဲ့သို့ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
ကျောင်းတော်သားတချို့က ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်ကြ၏။
တချို့ကျောင်းတော်သားများကမူ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ဘဲ အလွန်စိတ်လှုပ်ရှားနေကြသည်။ဤသည်က တာယွီအင်ပါယာ၏အနာဂတ်ဧကရာဇ်အလောင်းအလျာပင်။အကယ်၍ အိမ်ရှေ့စံမင်းသားကသာ သူတို့ကို မျက်စေ့ကျသွားပါက အနာဂတ်တွင် သူတို့အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။
ဤသည်က အိမ်ရှေ့စံမင်းသားနှင့်ကျောင်းတော်သားများ၏ ပထမဆုံးဆုံတွေ့ခြင်းဖြစ်သော်လည်း သူ၏စကားက သူတို့အကြားရှိကွာဟချက်ကို ကျဥ်းမြောင်းသွားစေသည်။
ဤသည်က ဧကရာဇ်တစ်ပါး၏နှလုံးသားမှလာသော ကျွမ်းကျင်မှုဖြစ်ကာ နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံ၍ စွမ်းအားများစုစည်းရသော နည်းစနစ်တစ်ခုလည်းဖြစ်သည်။အကယ်၍ တခြားသူများသည် ထိုနည်းစနစ်ကို သင်ယူလိုလျှင်ပင် လွယ်လင့်တကူ တက်မြောက်နိုင်မည်မဟုတ်ချေ။
လုယွီက သူ၏ခေါင်းကို တိတ်တဆိတ်ခါယမ်းလိုက်၏။ဤအိမ်ရှေ့စံမင်းသားသည် ကျိုးထျန်းရင်၏ပုံစံကို အတုခိုးနေသော်လည်း ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ အစစ်အမှန်အခြေခံအုတ်မြစ်ကို ဖမ်းဆုပ်နိုင်ခြင်းမရှိချေ။
ဤသည်က အမိန့်မလိုက်နာသော မည့်သူကိုမဆို ဖိနှိပ်နိုင်သော နည်းစနစ်တစ်ခုပင်။
မည်သူမည်ဝါဖြစ်နေပါစေ အကယ်၍ မြင့်မြတ်သော တာအိုသခင်တစ်ယောက်ဖြစ်နေလျှင်ပင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကို ဦးညွှတ်အရိုအသေပြုရန် လိုအပ်သည်။ဤသည်က ကျိုးထျန်းရင်၏အခြေခံအုတ်မြစ်ပင်။
အကယ်၍ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သာ ဤနေရာတွင်ရှိနေပါက စကားပြောဆို၍ အချိန်ဖြုန်းနေမည်မဟုတ်ချေ။သူသည် တိတ်တဆိတ်စောင့်ကြည့်ရုံမျှသာနေ၍ ဧကရာဇ်သည် ကျောင်းတော်သားများကို ကြည့်နေသည်အား တခြားသူများကို သိရှိစေပေမည်။ဤမျှဖြင့် လုံလောက်ပေ၏။
"မင်းက စာပေစာမေးပွဲမှာ ပထမရတဲ့လုယွီလား....အရမ်းကောင်းတယ်...ငါတို့ရဲ့အင်ပါယာမှာ မင်းလိုပါရမီရှင်လူငယ်မျိုး လိုအပ်နေတယ်"
ရုတ်တရက် အိမ်ရှေ့စံမင်းသား၏အကြည့်က လုယွီထံသို့ ကျရောက်လာသည်။
အိမ်ရှေ့စံမင်းသား၏စူးစိုက်ကြည့်ခြင်းကို ခံရသော်လည်း လုယွီ၏အမူအယာသည် မပြောင်းမလဲ တည်ငြိမ်နေဆဲပင်။သူက လေသံပြတ်ပြတ်ဖြင့် ပြောဆိုသည်။
"အရှင့်သားက ကျွန်တော်ကို ချီးကျူးလွန်းနေပါပြီ"
အကယ်၍ လုယွီ၏နေရာတွင် တခြားတစ်စုံတစ်ယောက်သာ အိမ်ရှေ့စံမင်းသား၏ အာရုံစိုက်ခြင်းခံရပါက သူတို့သည် ချီးကျူးခံရမှုအတွက် အလွန်စိတ်လှုပ်ရှားနေပေမည်။သို့ရာတွင် လုယွီသည် အိမ်ရှေ့စံမင်းသားလာရောက်ရသော ရည်ရွယ်ချက်ကို ကောင်းစွာသိရှိထားပြီးလေပြီ။
သူသည် ရှမိသားစုကို သိမ်းသွင်းချင်နေခဲ့သည်။သူသည် စာပေစာမေးပွဲတွင် ဝင်ရောက်စွက်ဖက်၍ မရခဲ့သောကြောင့် ကိုယ်တိုင်ကိုယ်ကျလာရောက်၍ တိုက်ခိုက်ရေးစာမေးပွဲကို လာရောက်စုံစမ်းစစ်ဆေးခြင်းဖြစ်သည်။
ချူးစွေ့၏လျှို့ဝှက်စာအရ အိမ်ရှေ့စံမင်းသားသည် ဤတော်ဝင်စာမေးပွဲကို အခွင့်ကောင်းယူ၍ ရှမိသားစုကို အတက်နိုင်ဆုံးသိမ်းသွင်းရန် ကြိုးစားနေခြင်းဖြစ်ပေ၏။သူသည် အမှားအယွင်းတစ်ခုကို ပြုလုပ်မည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ရှမိသားစုသည် ငွေကြေးနှင့်အခွင့်အာဏာကင်းမဲ့နေသော မိသားစုမဟုတ်ချေ။အကယ်၍ သူသည် ရှမိသားစုကို သိမ်းသွင်းလိုပါက ရှမိသားစု၏လူငယ်မျိုးဆက်သစ်တစ်ယောက်မှနေ၍ စတင်ရန်လိုအပ်သည်။ထို့ကြောင့် ဤတစ်ကြိမ်တွင် အိမ်ရှေ့စံမင်းသားက လွန်စွာအလေးထားနေခြင်းဖြစ်သည်။
အိမ်ရှေ့စံမင်းသားသည် စာပေစာမေးပွဲ၏အဖြေလွှာများ စစ်ဆေးနေချိန်တွင် ဝင်ရောက်စွက်ဖက်ရုံမျှဖြင့် ပြီးဆုံးသွားပြီဟု မူလက သူ တွေးထင်ထားခဲ့သည်။ဤတိုက်ခိုက်ရေးစာမေးပွဲအတွင်း၌ အိမ်ရှေ့စံမင်းသား ကိုယ်တိုင်ကိုယ်ကျ ရောက်လာမည်ဟု သူ မျှော်လင့်မထားမိချေ။ကြည့်ရသည်မှာ အိမ်ရှေ့စံမင်းသားသည် ရှမိသားစုနှင့်ရင်းနှီးနိုင်ရန်အတွက် မည်သည့်ကိစ္စရပ်ကိုမဆို ပြုလုပ်မည့်ပုံပင်။
လုယွီ၏မျက်လုံးအကြည့်သည် တစတစ အေးစက်တင်းမာနေသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ ထိတ်ထိတ်ပျာပျာ ဖြစ်သွားခြင်းမရှိချေ။သူ၏နည်းလမ်းများသည် ကျိုးယွမ်ရန်းကဲ့သို့ ဂျူနီယာတစ်ယောက် ယှဥ်ပြိုင်နိုင်မည့်အရာမျိုးမဟုတ်ချေ။
"ကောင်းပြီလေ...ငါ ဒီနေရာမှာရှိမနေသလိုမျိုး မင်းတို့ လွတ်လွတ်လပ်လပ်နေကြပါ...အရာအားလုံးကို ပုံမှန်အတိုင်း လုပ်ဆောင်ကြတော့"
အိမ်ရှေ့စံမင်းသားက သူ၏လက်ကိုဝှေ့ယမ်းပြကာ အဓိကထိုင်ခုံနေရာ၌ ထိုင်လိုက်၏။
ကျန်းရွှမ်စဲနှင့်တခြားသူများကလည်း သူတို့၏ထိုင်ခုံနေရာများ၌ ထိုင်လိုက်ကြသည်။ရုတ်ချည်းဆိုသလိုပင် လက်ထောက်အရာရှိတစ်ယောက်က တိုက်ခိုက်ရေးစာမေးပွဲ၏စည်းကမ်းချက်များကို ထုတ်ပြန်ကြေငြာလေသည်။
ကျောင်းတော်သားအများစုသည် ထိုစည်းကမ်းချက်များနှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်။သူတို့သည် စည်းကမ်းချက်များမသိရှိသဖြင့် အမှားအယွင်းများ ပြုလုပ်မိခြင်းကို ရှောင်ရှားနိုင်ရန်အလို့ငှာ ထိုစည်းကမ်းချက်များကို ကြိုတင်၍လေ့လာထားကြ၏။
တိုက်ခိုက်ရေးစာမေးပွဲကို အဆင့်သုံးဆင့်ယှဥ်ပြိုင်ရပေမည်။ထိုအဆင့်သုံးဆင့်ရှိရလဒ်ကိုကြည့်၍ အဆုံးသတ်တွင် တိုက်ခိုက်ရေးစာမေးပွဲ၏အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ကြေငြာပေမည်။
ထိုတိုက်ပွဲသုံးဆင့်အတွင်းတွင် တစ်စုံတစ်ယောက်သည် ဖြတ်ကျော်နိုင်ခြင်းမရှိပါက ချက်ချင်းထုတ်ပယ်ခံရပေမည်။ဤသည်က အလွန်အမင်းကြမ်းတမ်းသည်ဟု ဆိုနိုင်သည်။
တိုက်ပွဲကွင်းပြင်၏နံဘေးပတ်လည်တွင် မြောက်မြားစွာသောမျက်လုံးအကြည့်များက လူတိုင်း၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။
"မင်းတို့အားလုံး စည်းကမ်းချက်တွေကို သိပြီဆိုမှတော့...ပထမအကျော့တိုက်ပွဲကို စတင်ကြစို့"
ကျန်းရွှမ်စဲက သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ တိုက်ပွဲစင်မြင့်တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ယမ်းသွားသည်။
လူတိုင်း အံ့အားသင့်တုန်လှုပ်နေစဥ်မှာပင် သူတို့ရှေ့၌ မြင့်မားသောလှေကားထစ်များ အတန်းလိုက်ထွက်ပေါ်လာကာ တိမ်တိုက်များအကြားသို့ တန်းတန်းမတ်မတ် ထွင်းဖောက်သွားပေ၏။