← Chapters

အခန်း (၂၉၈၁-၂၉၈၅)

Vol. 152 Ch. 2981-2985

အခန်း (၂၉၈၁-၂၉၈၅)

Vol. 152 Ch. 2981-2985

Chapter 2981

ရှားဟိုကျွင်းက လုယွီ၏စကားကို မကြားသကဲ့သိုသာပြုမူနေကာ သရော်တော်တော် ပြောဆိုသည်။

"မင်းရဲ့လျှို့ဝှက်ချက်ကို ငါ ရှာတွေ့သွားမှာ မင်း ကြောက်နေတာမလား...ငါ မင်းကိုပြောလိုက်မယ်...ဒီနေ့ မင်း ထပ်ပြီးတော့ တခြားသူတွေကိုလှည့်စားဖို မကြိုးစားနဲ့"

ထိုသို့ပြောဆိုပြီးနောက် သူက နောက်ထပ်လှေကားတစ်ထစ်ပေါ်သို့ ခြေချလိုက်၏။

သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် ရှားဟိုကျွင်းထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

ထိုလှေကားထစ်ပေါ်သို့ ခြေချလိုက်သည်နှင့် သူ၏ခြေထောက်ရှိအရိုးများမှနေ၍ အက်ကွဲသံများ ထွက်ပေါ်လာပေ၏။

ရှားဟိုကျွင်းသည် ကြီးမားသောအားလှိုင်းတစ်ရပ်က သူ့အားရိုက်ခတ်သွားသည်ကို ခံစားမိကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး လှေကားပေါ်မှနေ၍ ပြုတ်ကျသွားတော့သည်။

သူ၏လက်ယာဘက်ခြေထောက်မှနေ၍ သွေးများက အဆက်မပြတ် ယိုစီးကျနေသည်။

တစ်စုံတစ်ယောက်မှနေ၍ ဂရုတစိုက်ကြည့်ရှုပါက အစောပိုင်းက လှေကားထစ်ပေါ်သို့ ခြေချခဲ့သော ရှားဟိုကျွင်း၏လက်ယာဘက်ခြေဖဝါးသည် လုံးလုံးလျားလျား ကြေမွှပျက်စီးသွားကာ အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့မြင်ရပေမည်။

ဤသည်က မည်မျှထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဖိအားအရှိန်အဝါမျိုး ဖြစ်သနည်း....

လုံယွင်ရှန်းက အလျှင်အမြန်ပြေးလာကာ ရှားဟိုကျွင်းကို ပွေ့ဖက်လိုက်၏။တစ်ချိန်တည်းမှာပင် သူမက လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်၍ ပြောဆိုသည်။

"အကိုကျွင်းကို ဒုက္ခပေးဖို့ နင် ဘယ်လိုနည်းလမ်းတွေကို အသုံးပြုထားတာလဲ"

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။

"ငါ သူ့ကို ရှေ့ဆက်မတက်ဖို့ သတိပေးခဲ့တယ်လေ...သူ့ဟာသူ ခေါင်းမာပြီးတော့ ဆက်လုပ်ခဲ့တာ...ဒါကလည်း ငါ့ရဲ့အပြစ်ပဲလား"

တခြားသူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အေးစက်စက် ရယ်မောလိုက်ကြ၏။

လုယွီသည် ဤကိစ္စကို ကြိုတင်၍ကြံစည်ထားရန်မှာ မဖြစ်နိုင်ချေ။မည်သို့ပင်ဆိုစေကာမူ ထိုလူနှစ်ယောက်သည် လှေကားထစ်များကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးလိုမည်ဟု မည်သူမျှ မျှော်လင့်ထားမိခြင်းမရှိချေ။

လုယွီ ရင်ဆိုင်ခဲ့ရသော ဖိအားအရှိန်အဝါသည် သာမာန်မဟုတ်သည်မှာ သိသာထင်ရှားလှ၏။ရှားဟိုကျွင်းက သူသည် လုယွီ၏ဟာကွက်ကို ရှာဖွေနိုင်မည်ဟု မူလက တွေးထင်ထားသော်လည်း မမျှော်လင့်ဘဲ သူ ဤကဲ့သို့ဆိုးရွားသောအဆုံးသတ်နှင့် ရင်ဆိုင်ခဲ့ရသည်။

လုံယွင်ရှန်းသည် ကြေကွဲဝမ်းနည်းခြင်းနှင့်မခံမရပ်နိုင်ဖြစ်ခြင်းတို့ကို ရောယှက်၍ခံစားနေရကာ သူမက ဒေါသတကြီး ပြောဆိုသည်။

"သူ့ရှေ့မှာ အန္တရာယ်ရှိနေတယ်ဆိုတာ နင် သိနေမှတော့ ဘာလို့ သူ့ကို ကြိုပြီးသတိမပေးတာလဲ"

လုယွီက တည်ငြိမ်စွာ တုံပြန်ပြောဆိုလေသည်။

"ငါ အဲ့ဒါကို ပြောခဲ့တယ်လေ....သူက ယုံကြည်ခဲ့လို့လား"

ရှားဟိုကျွင်း နောက်ထပ်လှေကားတစ်ထစ်ကိုတက်ရန် ဟန်ပြင်နေစဥ်တွင် လုယွီက ကြိုတင်၍သတိပေးခဲ့သည်။

သို့ရာတွင် ရှားဟိုကျွင်းသည် မည်ကဲ့သို တုံပြန်ခဲ့သနည်း....သူသည် လုယွီ၏သတိပေးချက်ကို မကြားချင်ယောင်ဆောင်နေခဲ့သည်။သူသည် သူဆုံးဖြတ်ချက်ချထားသည့်အတိုင်း ဆက်လက်၍လုပ်ဆောင်ခဲ့ကာ လုယွီ၏သတိပေးချက်ကို အလေးအနက်မထားခဲ့ချေ။

"တစ်ခုခုတော့မှားနေပြီ...ဒီတစ်ကြိမ် စစ်ဆေးမှုရဲ့လှေကားထစ်တွေမှာရှိတဲ့ ဖိအားအရှိန်အဝါက ဘာလို အရမ်းကြီးမြင့်မားနေတာလဲ"

စစ်ရေးဌာနမှလက်ထောက်စစ်ဆေးရေးမှူးတစ်ယောက်သည် ရုတ်တရက် မတ်တတ်ထရပ်ကာ လုယွီ အစောပိုင်းက တက်လှမ်းခဲ့သော လှေကားနေရာသို့ ရောက်ရှိသွားသည်။

သူသည် တော်ဝင်စစ်ရေးဌာနမှအရာရှိတစ်ယောက်ဖြစ်ကာ တာယွီတော်ဝင်စစ်တပ်၏တပ်ခွဲတစ်ခွဲကို အုပ်ချုပ်ရာမှ စစ်ဗိုလ်ချုပ်တစ်ယောက်အဖြစ်သို့ ရာထူးတိုးလာသူဖြစ်သည်။

ထိုမျှသာမက သူသည် သာမာန်ထက်သာလွန်ထူးကဲသောခွန်အားနှင့် ထူးချွန်သောစစ်ရေးအောင်မြင်မှုကို ပိုင်ဆိုင်ထားသော စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပေ၏။သူသည် လှေကားထစ်ပေါ်သို့ ခြေလှမ်းတစ်လှမ်းချင်း တက်လှမ်းသွားကာ အနည်းငယ်မျှပင် ရပ်တန့်ခြင်းမရှိချေ။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူသည် အစောပိုင်းက လုယွီတက်လှမ်းခဲ့သော လှေကားထစ်နေရာသို့ ရောက်ရှိသွားသည်။

တော်ဝင်စစ်ရေးဌာနမှလက်ထောက်စစ်ဆေးရေးမှူးသည် ရှေ့သို့ဆက်လက်၍ တက်လှမ်းရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပေ၏။

သူက ခေါင်းမော့၍ ကျန်းရွှမ်စဲနှင့်အိမ်ရှေ့စံမင်းသားတိုရှိနေသောနေရာသို့ ကြည့်လိုက်သည်။တစ်စုံတစ်ခုကို သတိပြုမိသွားပုံဖြင့် သူက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"လုယွီရဲ့ရလဒ်က အမှန်ပဲ...တိုက်ခိုက်ရေးစာမေးပွဲရဲ့ ပထမအဆင့်စစ်ဆေးမှုမှာ ရှုံးနိမ့်ခဲ့တဲ့သူတွေအားလုံး အခုချက်ချင်းထွက်သွားကြတော့"

ထိုသိုပြောဆိုပြီးသည်နှင့် တော်ဝင်စစ်ရေးဌာနမှလက်ထောက်စစ်ဆေးရေးမှူးသည် သူ၏နေရာ၌ ပြန်ထိုင်လိုက်တော့သည်။

လက်ထောက်စစ်ဆေးရေးမှူးတစ်ယောက်ကိုယ်တိုင် စစ်ဆေးပြီးဖြစ်သဖြင့် ဤတစ်ကြိမ်တွင် လုယွီသည် သူ၏ကိုယ်ပိုင်ခွန်အားကိုသာ မှီခို၍ လှေကားထစ်များကို ဖြတ်ကျော်ခဲ့ခြင်းဖြစ်ပေမည်။

လူအများစုသည် တချို့အသေးစိတ်အချက်အလက်များကို သတိပြုမိပေ၏။

အစောပိုင်းက လက်ထောက်စစ်ဆေးရေးမှူးသည် ထိုလှေကားတစ်ထစ်ကို တက်လှမ်းခဲ့ခြင်းမရှိချေ။

ဤသည်က သူ ဆန္ဒမရှိ၍ ဖြစ်နေသလော သို့မဟုတ် သူ မတတ်နိုင်၍လော.....

အကယ်၍ တော်ဝင်စစ်ရေးဌာနမှလက်ထောက်စစ်ဆေးရေးမှူးတစ်ယောက်ပင်လျှင် ထိုလှေကားထစ်ကို မတက်လှမ်းဝံ့ဟုဆိုပါက ထိုလှေကားထစ်ရှိ ဖိအားအရှိန်အဝါသည် မည်မျှထိ တုန်လှုပ်ချောက်ချားဖွယ် ကောင်းနေသနည်း။

ဤအချိန်အခိုက်အတန့်တွင် မည်သူကမျှ လုယွီကို အထင်မသေးဝံ့တော့ချေ။

ရှထန်ကန်းက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သော်လည်း သူက မည်သည့်စကားမျှမဆိုချေ။

လုံယွင်ရှန်းနှင့်တခြားလူများကမူ အစောင့်စစ်သားများ၏ခေါ်ဆောင်သွားခြင်းကို ခံရကာ အလွန်ဆိုးဆိုးရွားရွားအခြေအနေမျိုးဖြင့် ဤနေရာမှ ထွက်ခွာသွားရတော့သည်။

ရှားဟိုကျွင်းသည် လုယွီကို မေးခွန်းထုတ်ခဲ့သော်လည်း အဆုံးသတ်၌ သူ၏လက်ယာဘက်ခြေထောက် ကြေမွှပျက်စီးခဲ့ရသည်။နောက်တစ်နေ့တွင် သူသည် တော်ဝင်မြိုတော်တစ်ခုလုံး၏ ရယ်စရာပြက်လုံးကြီးဖြစ်လာမည်ကို သူ စိုးရိမ်နေမိသည်။

"နောက်ထပ်....ဒုတိယအဆင့်တိုက်ပွဲကို စတင်မယ်"

ကျန်းရွှမ်စဲက သူ၏လက်ကိုဝှေ့ယမ်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

သူ၏အသံ ကျရောက်လာခြင်းနှင့်အတူ ဆယ်ပေကျော်ခန့်မြင့်မားသည့် ကြီးမားသောခေါင်းလောင်းကြီးတစ်လုံးက လူတိုင်း၏ရှေ့၌ ထွက်ပေါ်လာသည်။

Chapter 2982

ထိုကြေးနီခေါင်းလောင်းသည် လူတိုင်း၏ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်ပေ၏။ထိုခေါင်းလောင်းတစ်ခုလုံးသည် နက်မှောင်နေကာ မျက်နှာပြင်ပေါ်၌ နက်နဲသိမ်မွေ့သော ရှေးဟောင်းသင်္ကေတအက္ခရာများနှင့် ရှေးဟောင်းရုပ်ပုံတချိုကို ထွင်းထုထားသည်။

ထိုရုပ်ပုံများသည် ရှေးဟောင်းခေတ်အချိန်ကာလအတွင်းမှ အင်မော်တယ်တစ်ယောက်သည် ဟောပြောနေရင်းဖြင့် တပည့်များကိုလက်ခံနေသည့်အကြောင်းအရာကို သရုပ်ဖော်ထားပုံရသည်။ထိုအင်မော်တယ်ဟောပြောနေသော စင်မြင့်အောက်တွင် သေမျိုးများက ထိုင်နေပြီး သူ၏ဟောပြောမှုကို နားထောင်နေကြကာ တာအိုကိုအောင်မြင်ပြီးမြောက်ပြီးနောက် တက်လှမ်းသွားကြလေ၏။

ထိုခေါင်းလောင်း ထွက်ပေါ်လာသည်နှင့် ရှေးဆန်သောအရှိန်အဝါတစ်ရပ်က လူတိုင်း၏မျက်နှာပြင်ကို လာရောက်ရိုက်ခတ်သည်။ဤသည်က အတိတ်မှအင်မော်တယ်များ၏အသံကို ကြားနေရသကဲ့သို့ပင်။

"ဖူရှီခေါင်းလောင်း..."

လုယွီက ထိုကြေးနီခေါင်းလောင်းပေါ်မှ စာလုံးများ၏အဓိပ္ပါယ်ကို နားလည်သဘောပေါက်ပေ၏။

ရှေးဟောင်းကောင်းကင်ဘုံတရားရုံးအတွင်း၌ ဖူရှီသည် အမတ်ကြီးချွယ် နက်နဲသိမ်မွေ့မိုးကောင်းကင်တာအိုဘိုးဘေးတို့နှင့် ခြေရာချင်းတိုင်းနိုင်သော မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်ဖြစ်သည်။သူသည် မဟာတာအိုများကို ဆင့်ကဲတိုးပွားအောင် ပြုလုပ်ခဲ့ပြီးနောက် သေမျိုးများကိုသင်ကြားပေးခဲ့သည့် အလွန်ရှေးကျသော အင်မော်တယ်တစ်ယောက်ဖြစ်ပေ၏။သူသည် သေမျိုးလောကအတွင်း၌ ကြီးမားသော နာမည်ဂုဏ်သတင်းရှိသူပင်။

ဤဖူရှီခေါင်းလောင်းသည် ဖူရှီနှင့်တခြားအင်မော်တယ်များ၏ ဘဝတသက်တာလုံးမှ အမျိုးမျိုးသော အောင်မြင်မှုများကိုပုံဖော်၍ သွန်းလုပ်ထားသော ရှေးဟောင်းအင်မော်တယ်မှော်ရတနာတစ်ခုဖြစ်သည်။

ဖူရှီခေါင်းလောင်းထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင်တခွင်လုံး တုန်ခါသွားခဲ့သည်။

ဤသည်က ရှေးဟောင်းခေတ်အချိန်ကာလအတွင်း၌ လောကကြီးတခွင်လုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သော အင်မော်တယ်မှော်ရတနာတစ်ခုဖြစ်ပေ၏။ထိုအရာသည် တစ်ချိန်က လျန်ကျီးတောင်ရှိ သန်းရာချီသောနတ်ဆိုးများကို သတ်ဖြတ်နိုင်ခဲ့သော မှော်ရတနာဖြစ်ကာ ထိုအရာ၏စွမ်းအားသည် အကန့်အသတ်မရှိချေ။

သူ့ရှေ့၌ ထွက်ပေါ်လာသော ဤခေါင်းလောင်းသည် ရှေးဟောင်းမှတ်တမ်းစာအုပ်များအတွင်းမှ ဖူရှီခေါင်းလောင်း၏ပုံသဏ္ဍာန်ကိုတုပ၍ နှောင်းပိုင်းမျိုးဆက်များမှ သွန်းလုပ်ထားခြင်းဖြစ်ပေမည်။

နှစ်ကာလကုန်လွန်လာသည်နှင့်အမျှ ကောင်းကင်ဘုံနယ်မြေအတွင်းရှိ ရှေးဟောင်းဂိုဏ်းများနှင့်အင်အားစုအမြောက်အများ ပျက်စီးခဲ့ရသည်။တချို့ဂိုဏ်းများသည် ရှေးဟောင်းခေတ်ကာလအတွင်းမှ ယခုချိန်ထိတိုင် လက်ဆင့်ကမ်းဆင်းသက်လာခဲ့ကာ အလယ်ခေတ်အတွင်းမှာကဲ့သို့ ဂုဏ်ကျက်သရေမျိုး ရှိနေသေးသော်လည်း နောက်ဆုံးတွင် တော်ဝင်နန်းတွင်း၏သံမဏိစည်းမျဥ်းများအောက်သို့ ရောက်ရှိသွားလေပြီ။

ရှေးဟောင်းအင်မော်တယ်မှော်ရတနာများနှင့် ပတ်သတ်သည့် မြောက်များစွာသော လျှို့ဝှက်ကျမ်းစာများသည် တော်ဝင်နန်းတွင်းသို့ ရောက်ရှိသွားလေ၏။

တော်ဝင်နန်းတွင်း၏နက်ရှိင်းသောနေရာတွင် ရှေးဟောင်းလျှို့ဝှက်မှတ်တမ်းများကို သိမ်းဆည်းထားသော နေရာအမြောက်အများရှိနေသည်။ထိုမှတ်တမ်းများအကြားတွင် ကောင်းကင်ဘုံနယ်မြေအတွင်းရှိ နေရာဒေသအသီးသီးမှ မရေမတွက်နိုင်သော မှော်ရတနာပစ္စည်းများ၏အချက်အလက်များ ပါဝင်ပေ၏။အဖိုးတန်ရှားပါးသော ရှေးဟောင်းမှော်ရတနာများ၏အချက်အလက်များကိုပင် ထိုနေရာ၌ ရှာဖွေတွေ့ရှိနိုင်သည်။

ဥပမာအနေဖြင့် စမ်းသပ်ပွဲတွင်အသုံးပြုခဲ့သော ကောင်းကင်ဘုံတက်လှမ်းခြင်းလှေကားနှင့် ယခု သူ့ရှေ့တွင်ရှိနေသော ဖူရှီခေါင်းလောင်းတို့သည် ရှေးဟောင်းမှတ်တမ်းများအတွင်းမှ အချက်အလက်များကိုအခြေခံ၍ တော်ဝင်နန်းတွင်းမှ တုပသွန်းလုပ်ထားခြင်းဖြစ်သည်။

"မင်းတို့ ဘယ်လိုမျိုးနည်းလမ်းကိုပဲသုံးသုံး....အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာအတွင်းမှာ မင်းတို့ရဲ့ရှေ့မှာရှိတဲ့ခေါင်းလောင်းကို တစ်ကြိမ်အသံထွက်အောင် လုပ်နိုင်တာနဲ့ မင်းတို ဒီအဆင့်ကို အောင်မြင်ပြီ"

ကျန်းရွှမ်စဲက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ ကျောင်းတော်သားများမတ်တတ်ရပ်နေသောနေရာ ရုတ်တရက် ပြန့်ကားသွားသည်။သူတို့တစ်ယောက်ချင်းစီ၏အကြားတွင် ၁၅မီတာစီခန့် ကွာခြားသွားပေ၏။

သူ၏လက်ချောင်းများ လှုပ်ခတ်လိုက်ရုံမျှဖြင့် လေဟာနယ်ပြန့်ကားသွားခဲ့သလော...

ဤသည်က နယ်မြေသခင်နှင့်အထက်အဆင့် ကျင့်ကြံသူများသာ ပြုလုပ်နိုင်သောအရာဖြစ်သည်။

ကျန်းရွှမ်စဲသည် စာပေဆိုင်ရာအရာရှိကြီးတစ်ယောက်ဖြစ်သော်လည်း သူ၏နည်းလမ်းများသည် တော်ဝင်နန်းတွင်းရှိ စစ်ဗိုလ်ချုပ်အမြောက်အများကို ချေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။အမှန်အားဖြင့် အမတ်ကြီးအများစုပင်လျှင် ကျန်းရွှမ်စဲ၏စွမ်းအားကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

ဒုတိယအဆင့်စစ်ဆေးမှုသည် ခွန်အားနှင့် သက်ဆိုင်ပေ၏။

ကျောင်းတော်သားတစ်ယောက်က သူ၏လက်ကိုဆန့်တန်းကာ သူ့ရှေ့ရှိ ကြေးနီခေါင်းလောင်းပေါ်သို့ ဖိနှိပ်လိုက်၏။ထိုနောက် သူသည် ထိုအရာကို အင်အားကုန်ထုရိုက်လိုက်သော်လည်း သူ့ရှေ့ရှိကြေးနီခေါင်းလောင်းသည် အနည်းငယ်မျှပင် ခါယမ်းသွားခြင်းမရှိချေ။

"အမ်...ဒီခေါင်းလောင်းက တကယ့်ကို လေးလံတာပဲ"

ထိုကျောင်းတော်သားက အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။

ယခုလက်ရှိနေရာတွင်ရှိနေသော ကျောင်းတော်သားများသည် သိုင်းသူတော်စင်နယ်ပယ်နှင့်အထက်အဆင့် ကျင့်ကြံသူများဖြစ်ပြီး အများစုမှာ လောကီအင်မော်တယ်နယ်ပယ်၌ရှိနေသည်။

လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်သည် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် တောင်များနှင့်မြစ်များကို ပြိုလဲအောင်ပြုလုပ်နိုင်စွမ်းရှိသည်။သူ၏မှော်စွမ်းအားများကို အချိန်အတော်ကြာသည်အထိ တောင့်ခံနိုင်ပြီး သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားမှာ အတော်အသင့် ကောင်းမွန်ပေ၏။

သို့ရာတွင် ထိုကျောင်းတော်သားသည် ပြင်းထန်စွာထုနှက်ခဲ့သည့်တိုင် ကြေးနီခေါင်းလောင်သည် အသံမြည်ရန်မဆိုထားနှင့် အနည်းငယ်မျှပင် လှုပ်ယမ်းသွားခြင်းမရှိချေ။

ယခင်က ကောင်းကင်ဘုံတက်လှမ်းခြင်းလှေကား၏ အတွေ့အကြုံရှိခဲ့သဖြင့် လူတိုင်းသည် သတိလက်လွတ် မပြုလုပ်ဝံ့ဘဲ သူတို့၏အစွမ်းထက်ဆုံး မှော်မန္တန်များကိုအသုံးပြု၍ ထိုကြေးနီခေါင်းလောင်းကို ရိုက်ခတ်နေကြသည်။

ဤအချိန်အခိုက်အတန့်တွင် တဒေါင်ဒေါင်အသံများ ထွက်ပေါ်လာသည်။

သို့ရာတွင် မှော်မန္တန်အမြောက်အများ ဖူရှိခေါင်းလောင်းပေါ်သို့ ကျရောက်သွားသော်လည်း လူနည်းစုကသာ အသံမြည်အောင် ပြုလုပ်နိုင်သည်။

"ဟား ဟား ဟား...ငါလည်း ကြိုးစားကြည့်မယ်"

ရှထန်ကန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောကာ သူ၏ဝတ်စုံများအကြားမှနေ၍ အစွမ်းထက်သော စွမ်းအားလှိုင်းများ ထွက်ပေါ်နေသည်။

Chapter 2983

ဘုန်း....

ကျယ်လောင်သောတုန်ခါသံတစ်သံက စစ်ဆေးရေးခန်းမတစ်ခုလုံးအနှံ ပဲ့တင်ထပ်ပျံ့နှံသွားသည်။

ရှထန်ကန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ သွေးချီများ ပွင့်အံ့ထွက်လာကာ ကောင်းကင်ယံထိတိုင် မြင့်တက်သွားသည်ကို မြင်တွေ့ချိန်၌ တခြားလူများ၏ မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။

"ကောင်းတယ်....ဒါကမှ ရှမိသားစုရဲ့ပါရမီရှင်ပဲ"

ကျန်းရွှမ်စဲ၏မျက်လုံးများ တောက်ပသွားသည်။

"သူက နတ်ဘုရားအမတ်ကြီးရှရဲ့ခန္ဓာကိုယ်သန့်စင်မှုလလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေတာပဲ...သူက စစ်သူတော်စင်ရဲ့အမွေအနှစ်ကို ဆက်ခံမလို့များလား...အသက်ငယ်ငယ်လေးနဲ့ ခုလိုမျိုး လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အရှိန်အဝါမျိုးရရှိနေတာ တကယ့်ကို သာလွန်ထူးကဲတယ်"

နံဘေးဘက်တွင်ရှိနေသည့် တော်ဝင်စစ်ရေးဌာနမှလက်ထောက်စစ်ဆေးရေးမှူးက ပြောဆိုသည်။

"အရှင်ကျန်း...တောက်ပနေမင်းကျောင်းတော်က ကျောင်းတော်သားတွေရဲ့ သိုင်းပညာနည်းစနစ်တွေကလည်း မဆိုးလှဘူးလို့ ကျွန်တော်ထင်တယ်...လုမိသားစုရဲ့တောက်ပနေမင်းကျောင်းတော်က ခန္ဓာကိုယ်သန့်စင်တာကို အထူးသီးသန့် သင်ကြားပေးတယ်...သူတို့ရဲ့လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အရှိန်အဝါတွေက ရှထန်ကန်းထက် အားမနည်းဘူး"

"မင်း ဒီလိုနည်းလမ်းမျိုးနဲ့ ကြည့်လို့မရဘူး...ရုပ်ခန္ဓာကိုယ်ကျင့်ကြံတဲ့သူတွေက ငါတို့လိုကျင့်ကြံသူတွေနဲ့ ကွဲပြားခြားနားတယ်...ငါ ရှေးဟောင်းစာအုပ်တွေထဲမှာ ရှာဖွေပြီးဖတ်ရှုခဲ့ရသလောက်...ရှေးဟောင်းခေတ်က ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတွေ အကြီးစားအောင်မြင်မှုကို ရသွားတဲ့အချိန်မှာ သူတို့က သိုင်းပညာသူတော်စင်နယ်ပယ်ကို ရောက်ရှိသွားကြတယ်...အဲ့ဒီသိုင်းပညာသူတော်စင်တွေက အင်မော်တယ်တစ်ယောက်နဲ့ ယှဥ်ပြိုင်နိုင်ပြီးတော့ သူတို့က လေဟာနယ်ကိုတောင် လက်ဗလာနဲ့ ဆုတ်ဖြဲနိုင်ကြတယ်...သူတို့က အဆင့်နိမ့်အင်မော်တယ်တွေကို လက်သီးတစ်ချက်နဲ့ အနိုင်ယူနိုင်တဲ့ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတွေပဲ"

"တောက်ပနေမင်းကျောင်းတော်က ကျောင်းတော်သားတွေက ရှထန်ကန်းကို ယှဥ်ပြိုင်နိုင်တယ်လို့ ထင်ရတယ်...ဒါပေမယ့် သွေးချီအရကြည့်မယ်ဆိုရင် သူတို့က နည်းနည်းတော့အားနည်းနေတယ်...တကယ်လို့ ငါ့ရဲ့ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် ရှထန်ကန်းက သိုင်းပညာသူတော်စင်နယ်ပယ်ရဲ့အစွန်အဖျားကို ထိတွေ့ပြီးနေလောက်ပြီ...သူက မှော်စွမ်းအားကို အသုံးမပြုရင်တောင် သူ့ရဲ့လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ တခြားသူတွေကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မယ်...သူနဲ့ကျင့်ကြံဆင့်နယ်ပယ်တူတွေအကြားမှာ အရမ်းနည်းပါးတဲ့လူတချို့ကပဲ သူ့ကိုယှဥ်ပြိုင်နိုင်လိမ့်မယ်"

ကျန်းရွှမ်စဲသည် ရှေးဟောင်းစာအုပ်များအကြောင်း ပြောဆိုနေစဥ်တွင် သူ့ထံ၌ ယုံကြည်ချက်ရှိခြင်းနှင့်တည်ငြိမ်ခြင်းစသော အမူအယာမျိုးရှိနေသည်။

နံဘေးဘက်မှနားထောင်နေသော စစ်ဆေးရေးမှူးများက ခေါင်းညိတ်လိုက်ကြ၏။သူတို့သည် စစ်ဗိုလ်ချုပ်များဖြစ်သော်လည်း ကျန်းရွှမ်စဲကဲ့သို့ သူတော်စင်၏တပည့်တစ်ယောက်ဖြစ်ပြီး အသိပညာဗဟုသုတကြွယ်ဝသောသူကို ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။

ရှေးဟောင်းခေတ်ကာလများမှ မှတ်တမ်းများသည် ကျောင်းတော်များနှင့်စာကြည့်တိုက်များတွင်သာရှိသဖြင့် သူတို့ ဖတ်ရှုရန်အတွက် အခွင့်အရေးမရှိခဲ့ပေ။

အိမ်ရှေ့စံမင်းသားက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"အရှင်ကျန်း...ဒီတစ်ကြိမ်မှာတော့ ရှထန်ကန်းက ပထမနေရာကိုရဖို အရည်အချင်းပြည့်မီတဲ့ပုံပဲ"

ကျန်းရွှမ်စဲက တုံပြန်ပြောဆိုလိုက်၏။

"ဒါက ကျောင်းတော်သားတွေအားလုံး ဖြေဆိုပြီးတဲ့ရလဒ်ပေါ်မှာ မူတည်တယ်...အခုလက်ရှိချိန်မှာတော့ ရှထန်ကန်း ပထမရဖိုအခွင့်အရေးက အမြင့်မားဆုံးပဲ"

စင်မြင့်ပေါ်တွင် ကြေးနီခေါင်းလောင်းကို အသံမြည်အောင် တီးခတ်နိုင်သော လူများ ရှိနေသည်။

"ဟိုက်ယား..."

တုတ်ခိုင်သန်မာသော ကျောင်းတော်သားတစ်ယောက်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှကြွက်သားများ ဖောင်းကြွလာကာ သူ၏ခန္ဓာကိုယ်အထက်ပိုင်းရှိ အဝတ်အစားများအားလုံး စုတ်ပြဲသွားပြီး သန်မာအားကောင်းသောကြွက်သားများ ထွက်ပေါ်လာပေ၏။

သူသည် လက်သီးတစ်ချက်ထိုးနှက်လိုက်ရာ ကြေးနီခေါင်းလောင်းမှနေ၍ ကျယ်လောင်သောမြည်ဟီးသံကြီး ချက်ချင်းထွက်ပေါ်လာသည်။

ဒေါင်....

ထိုအသံသည် ရပ်တန့်မသွားမီ အသက်ရှုချိန်အမြောက်အများ ကြာမြင့်ခဲ့သဖြင့် ထိုကျောင်းတော်သားက စိတ်ကျေနပ်မှုရရှိသွားပုံဖြင့် ပြုံးလိုက်သည်။

ဒေါင်...ဒေါင်...ဒေါင်...

တစ်ကြိမ်ပြီးတစ်ကြိမ် ကျောင်းတော်သားများသည် သူတို့၏ဓားများ လှံရှည်များ ရုပ်သေးရုပ်များ မှော်မန္တန်များစသည်ဖြင့် အမျိုးမျိုးသောနည်းလမ်းများကို အသုံးပြုကာ ကြေးနီခေါင်းလောင်းကို အသံထွက်ပေါ်လာစေရန် ပြုလုပ်ကြသည်။

ဖူရှီခေါင်းလောင်း၏မြည်ဟီးသံက တစ်ကြိမ်ပြီးတစ်ကြိမ် လေထုအတွင်း၌ ထွက်ပေါ်နေသည်။

ကျောင်းတော်သားတချိုသည် ကြေးနီခေါင်းလောင်းကို အသံမြည်အောင် တီးခတ်နိုင်သော်လည်း တစ်စုံတစ်ယောက်၏အရည်အချင်း နက်နဲသိမ်မွေ့မှုရှိမရှိကို ထိုအရာမှတဆင့် တွေ့မြင်နိုင်သည်။

တချို့ကျောင်းတော်သားများသည် ကြေးနီခေါင်းလောင်းကို အသံမြည်အောင် တီးခတ်နိုင်ရုံသာမက အချိန်အတော်ကြာသည်အထိ ခေါင်းလောင်းသံ ပျက်ပြယ်မသွားစေရန် ပြုလုပ်နိုင်ကြလေ၏။

တချို့လူများကမူ ခေါင်းလောင်းကို အသံမြည်ရုံမျှသာ ပြုလုပ်နိုင်ပြီး သူတို့ထံ၌ အပိုအလျှံခွန်အား မကျန်ရှိတော့ချေ။

"သူ တိုက်ခိုက်တော့မယ်"

တော်ဝင်စစ်ရေးဌာန၏ လက်ထောက်စစ်ဆေးရေးမှူးက ရှထန်ကန်းကို တစ်ချိန်လုံး အာရုံစူးစိုက်နေခဲ့သည်။ဤအချိန်အခိုက်အတန့်တွင် သူက ရုတ်တရက် စကားပြောဆိုလိုက်သည်။

ရှထန်ကန်းသည် သူ့၏မှော်စွမ်းအားများကိုစုစည်း၍ အော်ဟစ်ကြုံးဝါးလိုက်ရာ သူ၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်သည်။

ရုတ်ချည်းဆိုသလိုပင် သူ၏လက်ကိုမြှောက်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။ထိုအရာမှနေ၍ ပေတစ်သောင်းကျော်ရှိသော ဗုဒ္ဓအလင်းတန်းကြီး ထွက်ပေါ်လာသည်။သူ၏နောက်တွင် ကြီးမားသော ဗုဒ္ဓပုံရိပ်ယောင်ကြီးတစ်ခု ရှိနေသည်။ထို့နောက် သူ၏လက်ကိုဆန့်တန်းကာ ကြေးနီခေါင်းလောင်းထံဦးတည်၍ လက်ဝါးတစ်ချက်ကို ပြင်းပြင်းထန်ထန် ရိုက်ထုတ်လိုက်သည်။

လေထုအတွင်း၌ ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ ခပ်သဲ့သဲ့ထွက်ပေါ်လာသည်။ရုတ်ချည်းဆိုသလိုပင် ကြီးမားကျယ်ပြန့်ပြီး မြင့်မြတ်သော ယန်စွမ်းအားလှိုင်းများ ဖြာထွက်လာသည်။

ထိုနောက် ရှထန်ကန်း၏လက်ဝါးရိုက်ချက်က ကြေးနီခေါင်းလောင်းပေါ်သို ပြင်းပြင်းထန်ထန် ကျရောက်သွားတော့သည်။

Chapter 2984

ဘုန်း...

ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ အဆုံးသတ်သွားသည်နှင့် တပြိုင်နက်တည်းမှာပင် ရှထန်ကန်း၏လက်ဝါးရိုက်ချက်က ကြေးနီခေါင်းလောင်းပေါ်သို့ ကျရောက်သွားခြင်းပင်။

သူ့ရှေ့ရှိ ကြေးနီခေါင်းလောင်းသည် လေထုအတွင်းသို မြောက်တက်သွားကာ အစွမ်းထက်သောအားလှိုင်းကြောင့် ကောင်းကင်ယံအတွင်း၌ ပျံဝဲနေသည်။

ဒေါင်...

ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသောအသံတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံသွားသည်။

ရှထန်ကန်း၏နံဘေးတွင်ရှိနေသော ကျောင်းတော်သားတချို့၏မျက်နှာအမူအယာများ ဖြူရော်သွားပေ၏။သူတို့သည် မှော်စွမ်းအားများကို ထုတ်ဖော်အသုံးပြု၍ ကြေးနီခေါင်းလောင်း၏မြည်ဟီးသံကို တောင့်ခံနိုင်ရန် သူတို့၏နားများကို ကာကွယ်လိုက်ကြသည်။

ဤသည်က တုပထားရုံသက်သက်ဖြစ်သည့်တိုင် စိတ်ဝိညာဥ်ကို ထိခိုက်နာကျင်စေသည့် သက်ရောက်မှုမျိုးရှိနေလေရာ အစစ်အမှန်ဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။

အကယ်၍ ဤနေရာတွင် အစစ်အမှန်ဖူရှီခေါင်းလောင်းသာဆိုပါက တစ်စုံတစ်ယောက်၏စိတ်ဝိညာဥ်ကို ကြေမွှပျက်စီးစေနိုင်စွမ်းရှိသည်။စိတ်ဝိညာဥ်ကို အထူးပြုကျင့်ကြံသော ကျင့်ကြံသူတချို့ပင်လျှင် ဤအသံကို တောင့်ခံနိုင်မည်မဟုတ်ချေ။

ဒေါင်...ဒေါင်...ဒေါင်..

ကြေးနီခေါင်းလောင်းသည် လေထုအတွင်း၌ မျောလွင့်နေကာ အကြိမ်ပေါင်းများစွာ မြည်ဟီးနေသည်။

နံဘေးဘက်မှမှတ်တမ်းတင်နေသော စာရေး၏မျက်နှာပေါ်၌ အံ့အားသင့်နေသော အမူအယာမျိုးရှိနေသည်။သို့ရာတွင် သူသည် ရှထန်ကန်း၏ ခေါင်းလောင်းသံကို မှတ်တမ်းတင်ထားဆဲပင်။

ကြေးနီခေါင်းလောင်းသည် ကိုးကြိမ်မြည်ဟီးပြီးနောက် ရပ်တန့်သွားပေ၏။

ထို့နောက် လေထုအတွင်း၌ မျောလွင့်နေသော ကြေးနီခေါင်းလောင်း ရုတ်တရက် မြေပြင်ပေါ်သို ပြင်းပြင်းထန်ထန် ကျရောက်လာသည်။ထိုအခြင်းအရာကြောင့် မြေပြင်ပေါ်ရှိ မာကျောသောကျောက်ချပ်များပင်လျှင် ကြေမွှပျက်စီးသွားခဲ့သည်။

ဤသည်က လူတိုင်း စိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ ကျော်လွန်နေသည်။

တခြားသူများကမူ အကယ်၍ သူတို့သည် ကြေးနီခေါင်းလောင်းကို လှုပ်ခတ်စေနိုင်လျှင်ပင် နှစ်ကြိမ်ထက်ပို၍ မြည်ဟီးခြင်းမရှိချေ။

သို့ရာတွင် ရှထန်ကန်း၏လှုပ်ရှားမှုသည် တခြားသူများထက် များစွာပို၍သာလွန်နေသည်။

"ဒါက ရှေးဟောင်းသိုင်းပညာသူတော်စင်တစ်ယောက်ရဲ့စွမ်းအားလား...တကယ့်ကို သာမာန်ထက်သာလွန်ထူးကဲတဲ့ ခွန်အားမျိုးပါလား...ကြည့်ရတာတော့ ရှထန်ကန်းက နတ်ဘုရားအမတ်ကြီးရှရဲ့ ကူညီထောက်ပံမှုကို ရထားတဲ့ပုံရှိတယ်....သူက ဗုဒ္ဓဂိုဏ်းရဲ့နက်နဲသိမ်မွေ့တဲ့ ကျင့်ကြံနည်းစနစ်တွေကိုတောင် အသုံးပြုနိုင်တယ်...သူ့ရဲ့ဒီခွန်အားမျိုးနဲ့ တိုက်ပွဲစစ်မြေပြင်ကိုသာ ရောက်သွားမယ်ဆိုရင်....သူ့ရဲ့လက်သီးတစ်ချက်နဲ့ ရန်သူကျင့်ကြံသူတစ်စုကို သတ်ဖြတ်နိုင်လိမ့်မယ်...ဒါက စိတ်ဝိညာဥ်အမြှောက်တစ်ခုနဲ့တောင် နှိင်းယှဥ်နိုင်တဲ့ သတ်ဖြတ်ခြင်းမှော်လက်နက်လိုမျိုးပဲ...ဒီလိုလူစားမျိုးကို ရှေ့တန်းမှာလေ့ကျင့်ဖိုအတွက်စေလွှတ်တာ ပိုပြီးကောင်းမယ်လို ငါ တော်ဝင်စစ်ရေးဌာနကို အကြံပြုချင်တယ်...သူက ငါတိုတော်ဝင်စစ်တပ်အတွက် ကြီးမားတဲ့အထောက်အပံကြီးတစ်ခုဖြစ်လာမှာ သေချာတယ်"

တော်ဝင်စစ်ရေးဌာန၏လက်ထောက်စစ်ဆေးရေးမှူးက အလျှင်စလို ပြောဆိုသည်။

တခြားစစ်ဆေးရေးမှူးများကလည်း ခေါင်းညိတ်လိုက်ကြ၏။

ရှထန်ကန်း၏ခွန်အားအပေါ် သူတို့ကလည်း သဘောကျနှစ်ခြိုက်နေကြသည်။ဤကဲ့သို့ နက်နဲသိမ်မွေ့သောခွန်အားမျိုးရှိသူသာ ရှေ့တန်းသို့ရောက်ရှိသွားပါက စစ်တပ်အတွင်းတွင် ထူးချွန်သောစစ်ရေးအောင်မြင်မှုများကို ရရှိနိုင်ပေမည်။

ရှထန်ကန်း၏ခွန်အားကို မည်သူကမျှ သံသယမရှိချေ။ဤကဲ့သို့ခွန်အားမျိုးဖြင့် နောက်တစ်ဆင့် စစ်ဆေးမှုသည်လည်း သူ့အတွက် အခက်အခဲရှိမည်မဟုတ်ပေ။ဤတစ်ကြိမ်တော်ဝင်စာမေးပွဲ၏ ထိပ်သီးသုံးယောက်နေရာတွင် ရှထန်ကန်း၏နာမည် ပါဝင်နေနိုင်သည်။

အိမ်ရှေ့စံမင်းသားက ရုတ်တရက် ပြောဆိုလေ၏။

"ရှေ့တန်းမှာ စွမ်းဆောင်ရည်ပြည့်ဝတဲ့လူတွေ အများကြီးရှိနေတယ်...ရှထန်ကန်းရဲ့ခွန်အားက ကောင်းမွန်တယ်ဆိုပေမယ့် သူက အသက်အရမ်းငယ်နေတယ်...တကယ်လို့ သူသာ ရှေ့တန်းမှာ မတော်တဆသေဆုံးသွားမယ်ဆိုရင် ငါတို့အင်ပါယာအတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားလိမ့်မယ်...သူ့ကို တော်ဝင်မြိုတော်မှာ အချိန်အတိုင်းအတာတစ်ခုထိ နေရာပေးထားရင် သူ့ရဲ့အစွမ်းအစကို ငါတို့ မြင်ရလိမ့်မယ်"

သူ၏စကားကိုကြားချိန်တွင် စစ်ဆေးရေးမှူးများအားလုံး သူတို၏ပါးစပ်များကို ပိတ်လိုက်ကြသည်။

သူတို့သည် တော်ဝင်နန်းတွင်း၌ အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သော လူအိုကြီးများဖြစ်သဖြင့် အိမ်ရှေ့စံမင်းသား၏ဆိုလိုရင်းကို ကောင်းစွာ သဘောပေါက်ကြ၏။

ကြည့်ရသည်မှာ အိမ်ရှေ့စံမင်းသားသည် ရှထန်ကန်းကို သိမ်းသွင်းလိုပုံပင်။ထိုကြောင့် ရှထန်ကန်းကို တော်ဝင်မြိုတော်၌ထားကာ သူ၏လူယုံတစ်ယောက်အဖြစ် ထားရှိမည့်ပုံရသည်။

တော်ဝင်မြိုတော်၌ တာဝန်ထမ်းဆောင်ခြင်းသည် တိုက်ပွဲအကျိုးဆောင်ရမှတ်များရရှိရန် မလွယ်ကူချေ။ဤသည်က အတွေ့အကြုံများကိုစုဆောင်းခြင်းဖြင့်သာ ရာထူးတိုးနိုင်သောနေရာဖြစ်သည်။

"အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်က ခဏလောက်နေရင် ကုန်တော့မယ်...ကံဆိုးချင်တော့ ငါ ခုထိ လုယွီလှုပ်ရှားတာကို မမြင်ရသေးဘူး...သူက ပထမအဆင့်မှာ ပထမနေရာကို ရယူနိုင်ခဲ့မှတော့...ဒီအဆင့်က သူ့အတွက် အခက်အခဲမရှိနိုင်လောက်ပါဘူး"

အိမ်ရှေ့စံမင်းသား၏မျက်လုံးအကြည့်က ရုတ်တရက် လုယွီပေါ်သို့ ကျရောက်သွားသည်။

ရှထန်ကန်းကို သူ ဂရုစိုက်နေရာ၌ အကြီးမားဆုံးအတားအဆီးမှာ လုယွီပင်။

ကံဆိုးစွာဖြင့် လုယွီသည် ဤတစ်ကြိမ်တွင် ရှေ့ဆုံးမှဦးဆောင်၍ လှုပ်ရှားခြင်းမပြုချေ။

ကွင်းပြင်အတွင်း၌ လုယွီသည် ကြေးနီခေါင်းလောင်း၏ပြင်ပမျက်နှာပြင်ကို သူ၏လက်ဖြင့်ပွတ်သပ်နေကာ သူ၏မျက်လုံးများက အနည်းငယ်အေးစက်တင်းမာနေသည်။

အိမ်ရှေ့စံမင်းသားသည် သူ၏မြင့်မားသောအဆင့်အတန်းဖြင့် နိမ့်ကျသောကိစ္စများကို ပြုလုပ်မည်မဟုတ်ဟု သူ မူလက တွေးထင်ထားခဲ့သည်။သို့ရာတွင် သူ့ရှေ့ရှိမြင်ကွင်းကြောင့် သူ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။

Chapter 2985

တော်ဝင်စာမေးပွဲအတွင်း၌ အသုံးပြုသော ကြေးနီခေါင်းလောင်းများသည် အရည်အသွေးတူညီစွာဖြင့် တော်ဝင်လက်မှုဌာနမှ သွန်းလုပ်ထားပုံရသည်။သို့ရာတွင် ထိုအရာများအကြားတွင် ကွဲပြားခြားနားမှုတချို ရှိနေပေ၏။

ဥပမာအနေဖြင့် တခြားသူများ၏ ကြေးနီခေါင်းလောင်းများကို လုယွီက နတ်ဘုရားစိတ်အာရုံဖြင့် အာရုံခံကြည့်ရာတွင် သာမာန်စိတ်ဝိညာဥ်မှော်ရတနာတစ်ခု၏အဆင့်သာရှိသည်။ဤသည်က ကျွမ်းကျင်သောလက်မှုပညာရပ်နှင့် သွန်းလုပ်ထားသဖြင့် ကျောက်တုံးကြီးများကဲ့သို့လေးလံနေကာ လှုပ်ခတ်ရန် ခက်ခဲနေပုံသက်သက်ပင်။

ဤစမ်းသပ်မှုသည် ကျောင်းတော်သားများ၏ခွန်အားကို စစ်ဆေးခြင်းဖြစ်သည်။ထိုကြောင့် သူတို့အတွက် အလွန်အမင်းခက်ခဲသော ကိစ္စတစ်ရပ်မဟုတ်ချေ။

သာမာန်စိတ်ဝိညာဥ်မှော်ရတနာအဆင့် ကြေးနီခေါင်းလောင်းတစ်လုံးသည် ဂျင်သုံးသန်းခန့်သာလေးလံသည်။တစ်စုံတစ်ယောက်သည် လောကီအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေသရွေ့ ထိုခေါင်းလောင်းကို လှုပ်ခတ်နိုင်စွမ်းရှိပေမည်။

သို့ရာတွင် လုယွီ၏ရှေ့ရှိ ကြေးနီခေါင်းလောင်းသည် တခြားကျောင်းတော်သားများ၏ကြေးနီခေါင်းလောင်းများနှင့် ကွဲပြားခြားနားနေသည်။

အပေါ်ယံတွင် ထိုအရာသည် သာမာန်ကြေးနီခေါင်းလောင်းတစ်လုံးနှင့် တူညီသော်လည်း အတွင်းပိုင်းဖွဲစည်းတည်ဆောက်ပုံသည် လွန်စွာကွဲပြားခြားနားပေ၏။လုယွီသည် ဤကြေးနီခေါင်းလောင်းအတွင်း၌ အဖိုးတန်ရှားပါးသောသတ္ထုများ ပေါင်းစပ်ထားခြင်းကို ခံစားမိသည်။ဤခေါင်းလောင်းအတွင်း၌ ဝင်္ကပါတစ်ခုကိုပင် ခင်းကျင်းထားလေ၏။

အလေးချိန်အရဆိုပါက သူ့ရှေ့ရှိကြေးနီခေါင်းလောင်းသည် ဂျင်သန်း၈၀ကျော်ခန့် လေးလံသည်။

အကယ်၍ လေထုအတွင်း၌မျောလွင့်နေသော ဤတိုက်ပွဲစင်မြင့်ကို နယ်မြေသခင်တစ်ယောက်မှသာ ခင်းကျင်းထားခြင်းမဟုတ်ပါက ဤမျှထိလေးလံသော အရာဝတ္ထုတစ်ခုကို တောင့်ခံထားနိုင်မည်မဟုတ်ချေ။

"အင်ပါယာတစ်ခုရဲ့ အိမ်ရှေ့စံမင်းသားဖြစ်နေတာတောင်...သူ့ရဲ့လုပ်ရပ်တွေက အရမ်းကောက်ကျစ်ယုတ်မာပြီးတော့ အောက်တန်းကျတယ်...မင်းက မင်းရဲ့အဖေကိုမှီဖို အများကြီးလိုသေးတာပဲ"

လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

အကယ်၍ အိမ်ရှေ့စံမင်းသားသည် ပထမအဆင့်တိုက်ပွဲ၌သာ သူ့အား အကွက်ချကြံစည်ပါက သူ နားလည်ပေးနိုင်သည်။

သို့ရာတွင် အိမ်ရှေ့စံမင်းသားသည် တိုက်ခိုက်ရေးစာမေးပွဲ၏ဒုတိယအဆင့်၌လည်း သူ့အား အခက်တွေ့စေရန် ကြိုတင်စီမံထားခဲ့သည်။

လောကီအင်မော်တယ်တစ်ယောက်မဆိုထားနှင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ဂျင်သန်း၈၀ခန့်လေးလံသောခေါင်းလောင်းကို လှုပ်ခတ်နိုင်ရန် အလွန်အမင်းခက်ခဲပေမည်။

ဤသည်က တော်ဝင်စာမေးပွဲ၏အကန့်အသတ်ထက်ကျော်လွန်နေကာ သူ့အား အခက်တွေ့စေရန် တမင်သက်သက် ကြံစည်ထားခြင်းပင်။

အိမ်ရှေ့စံမင်းသား၏ရည်ရွယ်ချက်သည် အလွန်သိသာထင်ရှားလှ၏။သူသည် လုယွီကို တော်ဝင်စာမေးပွဲအား အောင်မြင်ခြင်းမရှိစေရန် ဟန့်တားလိုခြင်းပင်။ရှထန်ကန်း၏လမ်းတွင် ပိတ်ဆိုနေသော အတားအဆီးများကို ရှင်းထုတ်ပြီးနောက် သူသည် ရှထန်ကန်းအတွက် တော်ဝင်မြိုတော်တွင် နေရာတစ်နေရာ စီစဥ်ပေးနိုင်လိမ့်မည်။

လုယွီအတွက်ကိုမူ အိမ်ရှေ့စံမင်းသားက လုံးလုံးလျားလျား လျစ်လျှုရှုထားသည်။တာယွီအင်ပါယာတစ်ခုလုံးသည် အလွန်ကျယ်ပြန့်ကာ မရေမတွက်နိုင်သော ပါရမီရှင်များရှိနေသဖြင့် လုယွီကဲ့သို့ လူစားမျိုးမှာ ရှားပါးမည်မဟုတ်ချေ။

အမွှေးတိုင်က ဖြည်းညှင်းစွာ လောင်ကျွမ်းနေသည်။

ကြေးနီခေါင်းလောင်းကို မြည်ဟီးအောင် တီးခတ်နိုင်ခဲ့သော ကျောင်းတော်သားများ၏မျက်လုံးအကြည့်များက လုယွီထံတွင် အခိုင်အမာ ကျရောက်နေပေ၏။ပထမအဆင့်စစ်ဆေးမှု၌ ပထမနေရာကိုရယူနိုင်ခဲ့သော ထိုလူငယ်ပါရမီရှင်သည် ဤအဆင့်တွင် မည်ကဲ့သို့လုပ်ဆောင်ချက်မျိုး ပြသနိုင်မည်ကို သူတိုအားလုံး သိလိုကြသည်။

"ဖြစ်နိုင်တာတော့ သူက ကောင်းကင်ဘုံတက်လှမ်းခြင်းလှေကားကို လျှောက်လှမ်းလိုက်တဲ့အချိန်မှာ သူ့ရဲ့ခွန်အားတွေအားလုံး ကုန်ဆုံးသွားတာများလား....ဒါက တော်တော်လေး စိတ်ပျက်စရာပဲ"

ရှထန်ကန်းသည် သူ၏စိတ်နှလုံးသားအတွင်းမှ အထင်အမြင်သေးမှုကို ဖုံးကွယ်မထားနိုင်တော့သဖြင့် သရော်တော်တော် ပြောဆိုလိုက်သည်။

ကြေးနီခေါင်းလောင်းကို ကိုးကြိမ်မြည်ဟီးအောင် တီးခတ်နိုင်ခဲ့သဖြင့် ဤကျောင်းတော်သားများကြားတွင် သူ၏ထူးချွန်သော ပါရမီအရည်အချင်းကို ပြသနိုင်ပြီးဖြစ်သည်။

အောင်မြင်မှုသည် သူ၏လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေလေပြီ။ဤအဆင့်စစ်ဆေးမှုတွင် သူ လုယွီကို အနိုင်ယူနိုင်သည်နှင့် နောက်ဆုံးအဆင့်တစ်ဆင့်သာ ကျန်ရှိပေတော့မည်။

လုယွီက ပြုံးလိုက်၏။သို့ရာတွင် လုယွီသည် ရှထန်ကန်းကို ကြည့်ရှုခြင်းမပြုချေ။ထိုအစား သူသည် မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသော အိမ်ရှေ့စံမင်းသားကိုသာ စူးစိုက်၍ကြည့်လိုက်သည်။

ဒီလှည့်ကွက်လေးတွေလောက်နဲ့ မင်း ငါ့ကို ဖိနှိပ်နိုင်မယ်လို ထင်နေတာလား...

မင်းက ရှမိသားစုကိုသိမ်းသွင်းချင်တာနဲ့ပဲ ရှထန်ကန်းကို တော်ဝင်စာမေးပွဲရဲ့ ပထမနေရာ ပေးချင်နေခဲ့တယ်...ဒါပေမယ့် အဲ့ဒါက ငါလိုချင်တဲ့အရာ ဖြစ်နေမှတော့ တကယ်လို့ မင်းက အိမ်ရှေ့စံမင်းသားဆိုရင်တောင် ငါ့ဆီကနေ လုယူလိုမရစေရဘူး...

"ဟမ့်...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို စိန်ခေါ်ဝံ့တာလဲ"

လုယွီ၏အကြည့်ကိုအာရုံခံမိချိန်တွင် အိမ်ရှေ့စံမင်းသားသည် အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏အစွမ်းထက်သောအရှိန်အဝါကို ဖြန့်ကျက်လိုက်၏။

ထိုအရှိန်အဝါထွက်ပေါ်လာသည်နှင့် ကျောင်းတော်သားအများစုသည် တောင့်ခံနိုင်ခြင်းမရှိဘဲ အလျှင်အမြန် ခေါင်းငုံလိုက်ကြသည်။

ဤသည်က တော်ဝင်နန်းတွင်းတွင် အချိန်အတော်ကြာ မြေတောင်မြှောက်ပေးခြင်းခံထားရသော ဧကရာဇ်လောင်းတစ်ပါး၏အရှိန်အဝါပင်။ထိုအရှိန်အဝါတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သောစွမ်းအားမျိုးရှိနေသဖြင့် ကျောင်းတော်သားအများစုသည် သူတို့၏နှလုံးသားအောက်ခြေမှလာသော အညံခံလိုသည့်စိတ်ဆန္ဒကို တွန်းလှန်၍မရချေ။

"မင်းက မင်းရဲ့အဖေကိုလိုက်မီဖို တော်တော်လေးကို လိုသေးတာပဲ"

အိမ်ရှေ့စံမင်းသား၏အကြည့်အောက်တွင် လုယွီက သူ၏ခွန်အား အကုန်အစင်ကို ထုတ်ဖော်အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

All Chapters