အခန်း (၂၉၈၆-၂၉၉၀)
Vol. 153 Ch. 2986-2990
Chapter 2986
ဝေါင်း...
ကျယ်လောင်သောနဂါးဟိန်းသံတစ်သံက အသူတရာချောက်နက်ကြီးအတွင်းမှ ထွက်ပေါ်လာပုံရသည်။
လုယွီ၏ခန္ဓာကိုယ်မှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သွေးချီလှိုင်းများ ရုတ်တရက်ပွင့်အံ့ထွက်လာသည်။ထိုအရာများသည် သူ၏ခေါင်းထက်တွင် စုဝေးသွားပြီး ကောင်းကင်ယံတိထိုင် မြင့်တက်သွားကာ မြောက်မြားစွာသော သွေးချီနဂါးများအဖြစ် ဖွဲ့စည်းသွားပေ၏။ထိုသွေးချီနဂါးများသည် အစွယ်များကိုဖြဲဟ၍ ခြေစွယ်လက်စွယ်များကိုဝှေ့ယမ်းကာ လုယွီ၏နောက်၌ မျောလွင့်နေပြီး အဆက်မပြတ်ဟိန်းဟောက်နေကြသည်။
ဝေါင်း....ဝေါင်း...
ပတ်ဝန်းကျင်ရှိလူများသည် လုယွီကိုမြင်တွေ့ချိန်တွင် သူတို့အား လက်ချောင်းလေးတစ်ချောင်း လှုပ်ခတ်ရုံဖြင့် ဖိနှိပ်နိုင်စွမ်းရှိသော ရှေးဟောင်းအစွမ်းထက်ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရသကဲ့သို့ ခံစားလိုက်ရသည်။
"ဒါက ဘယ်လိုအရှိန်အဝါမျိုးပါလိမ့်...အရမ်းတုန်လှုပ်ချောက်ချားဖို့ကောင်းတာပဲ"
"ငါက ဒီအရှိန်အဝါကနေပြီးတော့ တော်ဝင်နန်းတွင်းက အမတ်ကြီးတချို့မှာရတဲ့ အရှိန်အဝါမျိုးရနေတယ်...မြင့်မြတ်သူတစ်ယောက်ကများ တော်ဝင်စာမေးပွဲကို ဝင်ပြီးယှဥ်ပြိုင်တာများလား"
စစ်ဆေးရေးမှူးတချို့သည် မတ်တတ်ထရပ်လိုက်ကာ သူတို့၏မျက်နှာအမူအယာများက ပြောင်းလဲနေသည်။
ကျန်းရွှမ်စဲပင်လျှင် အံ့အားသင့်တုန်လှုပ်နေကာ သူသည် လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သွေးချီလှိုင်းများကို စူးစိုက်၍ ကြည့်နေလေ၏။
အချိန်တခဏကြာပြီးနောက် ကျန်းရွှမ်စဲက ဖြည်းညှင်းစွာ ပြောဆိုသည်။
"သွေးချီတွေက အရမ်းအားကောင်းနေပြီးတော့ အစစ်အမှန်နဂါးတွေရဲ့စွမ်းအားမျိုး ရှိနေတယ်...သူ့ရဲ့အရှိန်အဝါအရ အကဲဖြတ်ကြည့်ရရင် သူက သိုင်းပညာသူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ...သူ့ရဲ့နံဘေးပတ်လည်က လေဟာနယ်ကို မင်းတို့မြင်လား...သူထုတ်လွှတ်ထားတဲ့ သွေးချီလှိုင်းရဲ့ သက်ရောက်မှုကို ခံနေရတယ်...တကယ်လို့ ငါတောင်မှ ဒီလိုမျိုးလုပ်ချင်တယ်ဆိုရင် တော်တော်လေး ခက်ခဲလိမ့်မယ်"
သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်ဟု ဆိုလိုက်သလော....
တော်ဝင်စစ်ရေးဌာန၏လက်ထောက်စစ်ဆေးရေးမှူးက တုန်လှုပ်ချောက်ချားသောလေသံဖြင့် မေးမြန်းသည်။
"အရှင်ကျန်း...အရှင့်ရဲ့အရင်ကောက်ချက်ချထားမှုအရဆိုရင် လုယွီက ရှထန်ကန်းထက် ပိုပြီးတော့ သန်မာအားကောင်းတာလား"
ကျန်းရွှမ်စဲက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"အဲ့ဒါတင်မကဘူး...တော်ဝင်နန်းတွင်းမှာရှိတဲ့ မြင့်မြတ်သူအများစုတောင် သူ့ရဲ့ပြိုင်ဘက်မဟုတ်မှာကို ငါ စိုးရိမ်မိတယ်"
"လောကကြီးထဲမှာ ရုပ်ခန္ဓာကိုယ်ကို အဓိကထားပြီးကျင့်ကြံတဲ့ ကျင့်ကြံသူတွေ အများကြီးရှိတယ်...ဒါပေမယ့် အနည်းစုကပဲ အစစ်အမှန်နားလည်သဘောပေါက်မှုကို ရရှိနိုင်တယ်...သူတော်စင်နယ်ပယ်ကိုရောက်တဲ့ ကျင့်ကြံသူဆိုလို့ လူနည်းစုပဲရှိတယ်...ဒီအဆင့်ကိုရောက်နေမှတော့ သူက သက်ရှည်မီးအိမ်ကို ထွန်းညှိဖို့ အစပျိုးနေလောက်ပြီ...သူ့ရဲ့ခန္ဓာကိုယ်ကို မင်းတို့ ကြည့်လိုက်ကြစမ်း...တကယ်လို့ သူ့မှာ သေနိုင်လောက်တဲ့ ဒဏ်ရာမျိုးရတယ်ဆိုရင်တောင် ချက်ချင်း ပြန်ကောင်းသွားလိမ့်မယ်...တကယ်လို့ တစ်ယောက်ယောက်က သူ့ကိုရင်ဆိုင်တိုက်ခိုက်ချင်တယ်ဆိုရင် အရမ်းခက်ခဲမှာကို ငါ စိုးရိမ်မိတယ်"
တော်ဝင်စစ်ရေးဌာနမှလက်ထောက်စစ်ဆေးရေးမှူးက လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။သူသည် ရှေးဟောင်းခေတ်ကာလအကြောင်းကို များစွာမသိရှိသော်လည်း သက်ရှည်မီးအိမ်ကိုမူ သိရှိထားသည်။
ကျင့်ကြံသူတစ်ယောက်၏ရည်မှန်းချက်ပန်းတိုင်သည် မဟာတာအိုဂိတ်တံခါးကို ထိတွေ့နိုင်ရန်ပင်။ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများအတွက်ကမူ သက်ရှည်မီးအိမ်ကိုထွန်းညှိကာ ထာဝရအသက်ကို ရှာဖွေနိုင်ပေမည်။
လက်ရှိနေရာတွင်ရှိနေသော စစ်ဆေးရေးမှူးအများစုသည် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများဖြစ်သော်လည်း မဟာတာအိုဂိတ်တံခါးသည် သူတို့နှင့် အလှမ်းကွာဟနေဆဲပင်။
လုယွီကမူ သက်ရှည်မီးအိမ်၏အစွန်အဖျားကို ထိတွေ့ပြီးလေပြီ။
တော်ဝင်စစ်ရေးဌာန၏လက်ထောက်စစ်ဆေးရေးမှူးက ထိတ်လန့်တုန်လှုပ်သွားသည်။သူသည် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပုံဖြင့် အလျှင်အမြန် ပြောဆိုလိုက်၏။
"တကယ်လို့ အဲ့ဒီလိုလူစားမျိုးကသာ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်မယ်ဆိုရင် သူက နောင်အနာဂတ်မှာ ကြီးမားတဲ့စစ်ရေးအောင်မြင်မှုတွေရမှာ သေချာတယ်...သူက စာပေစာမေးပွဲရဲ့ပထမနေရာကို ရထားမှတော့ နည်းဗျူဟာပိုင်းမှာလည်း ထူးချွန်တယ်ဆိုတာကို သက်သေပြနေတယ်...အရှန်ကျန်း...နောင်တစ်ချိန်ကျရင် သူ့ကို စစ်တပ်ထဲကိုဝင်ဖို့ အရှင်က ပြောပေးပါလား"
ကျန်းရွှမ်စဲက ခေါင်းညိတ်လိုက်၏။
"ငါ ဒီကိစ္စကို စဥ်းစားလိုက်မယ်"
အိမ်ရှေ့စံမင်းသားက အေးစက်စက်နှာတစ်ချက် မှုတ်လိုက်သည်။
"အဲ့ဒီလုယွီက ခုချိန်ထိ ကြေးနီခေါင်းလောင်းကို မတီးခတ်ရသေးဘူး....မင်းတို့က စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချတာ ပိုမကောင်းဘူးလား"
အိမ်ရှေ့စံမင်းသား၏စကားကိုကြားသည်နှင့် စစ်ဆေးရေးမှူးများသည် သူတို့၏ပါးစပ်များကိုပိတ်ကာ စကားထပ်မဆိုတော့ချေ။
လုယွီနှင့်အိမ်ရှေ့စံမင်းသားသည် တစ်ယောက်ကိုတစ်ယောက် စူးစိုက်၍ကြည့်နေကြကာ တစ်ယောက်၏မျက်လုံးအတွင်းမှ သရော်တော်တော်အရိပ်အယောင်များကို ကျန်တစ်ယောက်က တွေ့မြင်နေရသည်။
အိမ်ရှေ့စံမင်းသားက လုယွီသည် သူ့ရှေ့ရှိကြေးနီခေါင်းလောင်းကို အသံမြည်အောင် တီးခတ်နိုင်မည်မဟုတ်ဟု ယုံကြည်ထားပုံပင်။
အိမ်ရှေ့စံမင်းသား၏အကြည့်ကို ခံစားမိသဖြင့် လုယွီက အေးစက်စက်ပြုံးလိုက်သည်။
သူသည် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် တော်ဝင်မိသားစု၏အိမ်ရှေ့စံမင်းသားကို ယှဥ်ပြိုင်နိုင်စွမ်းရှိသည်။အကယ်၍ သူ ဆန္ဒရှိပါက အိမ်ရှေ့စံမင်းသားကို သတ်ဖြတ်နိုင်မည်ဟူသော ခံစားချက်မျိုးပင် လုယွီက ရရှိနေလေ၏။
လုယွီသည် အိမ်ရှေ့စံမင်းသားကိုမဆိုထားနှင့် အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကိုပင် သတ်ဖြတ်နိုင်ခဲ့သူဖြစ်သည်။
သူ၏အရှိန်အဝါများ အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းတစ်ရပ်က သူ၏လက်ဝါးမှထွက်ပေါ်လာကာ ကြေးနီခေါင်းလောင်းပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။
Chapter 2987
ဝုန်း...ဝုန်း...ဝုန်း...
လုယွီ၏ရှေ့ရှိ အလွန်လေးလံသော ကြေးနီခေါင်းလောင်းမှနေ၍ တုန်ခါသံများ ထွက်ပေါ်လာသည်။
အိမ်ရှေ့စံမင်းသား၏တုန်လှုပ်ချောက်ချားနေသော အကြည့်အောက်တွင် ကြေးနီခေါင်းလောင်းတစ်ခုလုံး လေထုအတွင်းသို့ မြောက်တက်သွားကာ ထိုအရာ၏မျက်နှာပြင် ပြင်းပြင်းထန်ထန် တုန်ခါသွားပေ၏။
ဒေါင်...
ကြေးနီခေါင်းလောင်းမှနေ၍ ကျယ်လောင်သော တုန်ခါသံကြီး ထွက်ပေါ်လာသည်။
ထိုအသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ တည်ငြိမ်သောရေမျက်နှာပြင်ပေါ်သို့ သင်္ဘောကြီးတစ်စင်းကျရောက်သွားသည့်အလား ကြီးမားသော အသံလှိုင်းများက မီတာထောင်သောင်းချီ အကွာအဝေးသို့ ရောက်ရှိသွားသည်။
ဤခေါင်းလောင်းသံသည် အလွန်ကျယ်လောင်သဖြင့် တခြားလူများ ခေါင်းလောင်းတီးခတ်နေသောအသံများကို လုံးလုံးလျားလျား ကြေမွှပျက်စီးသွားစေသည်။
ဖူး...
ရုတ်တရက် လုယွီနှင့်အနီးကပ်နေရာတွင်ရှိနေသော ကျောင်းတော်သားတချို့သည် မယှဥ်သာအောင် ပြင်းထန်သော ခေါင်းလောင်းသံကို တောင့်မခံနိုင်ကြသဖြင့် သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လုမတတ်ပင်။
ဒေါင်...ဒေါင်...ဒေါင်...
လူအုပ်ကြီး၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် ကြေးနီခေါင်းလောင်းသည် ဆက်လက်၍မြည်ဟီးနေကာ ထိုအရာသည် တစ်ကြိမ်မြည်ဟီးသည့်အချိန်တိုင်း ပို၍ကျယ်လောင်လာသည်။
ငါးကြိမ် မြည်ဟီးခြင်း
ခြောက်ကြိမ်...
ခုနစ်ကြိမ်...
ခေါင်းလောင်းအဆက်မပြတ် မြည်ဟီးနေခြင်းနှင့်အတူ ပတ်ဝန်းကျင်ရှိအသံများသည် ထိုခေါင်းလောင်းသံ၏ဖိနှိပ်ခြင်းကို ခံထားရပုံဖြင့် မည်သည့်အသံဗလံမျှ ထွက်မလာတော့ချေ။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏ ခေါင်းလောင်းတီးခတ်သံ အရေအတွက်သည် ရှထန်ကန်းထက် ကျော်လွန်သွားလေပြီ။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ရှထန်ကန်းသည် လေထုအတွင်း၌ မျောလွင့်နေသော ကြေးနီခေါင်းလောင်းကို မျက်တောင်မခတ်ဘဲ စူးစိုက်၍ကြည့်နေကာ သူ၏မျက်နှာသည် စက္ကူဖြူတစ်ချပ်ကဲ့သို့ ဖြူရော်နေပေ၏။
သူသည် သူ၏ကိုယ်ပိုင်ခွန်အားကို ကောင်းစွာသိရှိထားသူဖြစ်သည်။သိုင်းပညာသူတော်စင်အဆင့် ရုပ်ခန္ဓာကိုယ်ရှိနေသဖြင့် သူ ဖြန့်ကျက်လိုက်သောခွန်အားသည် သာမာန်လူများ ယှဥ်ပြိုင်နိုင်မည့်အရာမျိုးမဟုတ်ချေ။
ဤသည်ကြောင့် သူသည် ကြေးနီခေါင်းလောင်းကို လေထုအတွင်းသို့ မြောက်တက်စေကာ ကိုးကြိမ်တိုင်တိုင်မြည်ဟီးစေသော အရည်အချင်းမျိုးရှိနေခြင်းပင်။
သို့ရာတွင် လုယွီသည် မည်သည်ကြောင့် ဤကဲ့သို့ခွန်အားမျိုးကို ပိုင်ဆိုင်ထားသနည်း...
ဤသည်က လုံးလုံးလျားလျား ကျိုးကြောင်းမဆီလျော်ချေ။
လူတိုင်း၏တုန်လှုပ်ချောက်ချားနေသောအကြည့်များအောက်တွင် လုယွီရှေ့ရှိ ကြေးနီခေါင်းလောင်းသည် အကြိမ်သုံးဆယ်ကျော် မြည်ဟီးပြီးလေပြီ။
ထို့ပြင် အကြိမ်ပေါင်းများစွာ မြည်ဟီးပြီးသည့်တိုင် ထိုခေါင်းလောင်းသံသည် ပျက်ပြယ်သွားမည့်ပုံမရသေးချေ။ထိုအစား ခေါင်းလောင်းသံတွင် စွမ်းအားများဖြင့် ပြည့်ဝနေဆဲပင်။
ရုတ်တရက် ကြေးနီခေါင်းလောင်းသည် လေထုအတွင်း၌ မျောလွင့်နေဆဲဖြစ်သော်လည်း မည်သည့်အသံမျှ ထွက်မလာတော့ချေ။
သို့ရာတွင် ခေါင်းလောင်း၏မျက်နှာပြင်သည် ပြင်းပြင်းထန်ထန် တုန်ခါနေကာ ရှေ့နောက်ခါယမ်းနေသည်။
"ဘာတွေဖြစ်နေတာလဲ...ဘာလို့ အသံထပ်မထွက်တော့တာလဲ"
"မဟုတ်သေးဘူး...အဲ့ဒီထဲမှာ ပိုပြီးပြင်းထန်တဲ့အားလှိုင်းတစ်ရပ်ရှိနေတာကို ငါ ခံစားမိတယ်"
ကျောင်းတော်သားတချို့သည် အချင်းချင်းတီးတိုးပြောဆိုနေကာ သူတို့၏မျက်လုံးများသည် လေထုအတွင်းရှိ ကြေးနီခေါင်းလောင်းပေါ်တွင်သာ အခိုင်အမာကျရောက်နေသည်။
နောက်ထပ်အချိန်အခိုက်အတန့်အတွင်းမှာပင် အက်ကွဲကြောင်းတစ်ကြောင်းက ကြေးနီခေါင်းလောင်း၏မျက်နှာပြင်ပေါ်၌ ရုတ်တရက် ထွက်ပေါ်လာသည်။
ခရက်...ခရက်...
ဘုန်း...
ထို့နောက် ကြေးနီခေါင်းလောင်း၏မျက်နှာပြင် ရုတ်တရက် ကြေမွှပျက်စီးသွားတော့သည်။
ကြေးနီခေါင်းလောင်း၏အစအနများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံသန်းသွားကာ တစ်ခုစီသည် ဂျင်တစ်သောင်းကျော်လေးလံသဖြင့် ထိုအရာ၏ဖျက်ဆီးနိုင်မှုစွမ်းအားသည် တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
"စုစည်းစမ်း..."
ကျန်းရွှမ်စဲက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။သူ၏လက်ကိုမြှောက်လိုက်ပြီးနောက် ကြည်လင်သောလက်ဝါးပုံရိပ်ယောင်ကြီးတစ်ဖက်က လုယွီ၏နံဘေး၌ထွက်ပေါ်လာကာ ထိုအစအနများအားလုံးကို ဖမ်းဆုပ်လိုက်သည်။
ထိုအပိုင်းအစများအားလုံး ပျောက်ကွယ်သွားချိန်တွင် လုယွီ၏ရှေ့ရှိမြင်ကွင်းကို လူတိုင်းတွေ့မြင်လိုက်ရသည်။
လေထုအတွင်း၌ မျောလွင့်နေသော ကြေးနီခေါင်းလောင်းကြီးသည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးသွားကာ ခေါင်းလောင်းတစ်ခု၏အသွင်အပြင်မျိုး မရှိတော့ချေ။
လက်သီးတစ်ချက်ဖြင့် ကြေးနီခေါင်းလောင်းကို အမှန်တကယ်ကိုပင် ကြေမွှပျက်စီးသွားစေခဲ့သလော....
မှတ်တမ်းတင်နေသည့် စာရေး၏လက်ချောင်းများ တုန်ခါသွားကာ သူ၏လက်အတွင်းမှစာအုပ် အောက်သို့ပြုတ်ကျသွားသည်။
သူတို့သည် ကြေးနီခေါင်းလောင်း၏အလေးချိန်ကို သိရှိထားသောကြောင့် ထိုကဲ့သို့ လေးလံသောအရာဝတ္ထုကြီး မည်သည်ကြောင့် ကြေမွှပျက်စီးသွားရသနည်း....
ဤသည်က မည်ကဲ့သို့စွမ်းအားမျိုး ဖြစ်သနည်း....
ကျန်းရွှမ်စဲသည် ထိုအပိုင်းအစများကို သိမ်းဆည်းပြီးနောက် ထိုအရာများသည် အလွန်လေးလံနေသည်ကို သတိပြုမိသဖြင့် သူက မျက်မှောင်ကြုတ်လိုက်၏။
သို့ရာတွင် သူက ထုတ်ဖော်ပြောဆိုခြင်း မရှိချေ။
"ဒုတိယအဆင့်က အဆုံးသတ်သွားပြီ...လုယွီက ပထမရတယ်...ဒီအချိန်အတွင်းမှာ ခေါင်းလောင်းသံထွက်အောင် မလုပ်နိုင်တဲ့လူတွေအားလုံး ထွက်သွားကြတော့"
ကျန်းရွှမ်စဲက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
ဤအဆင့်၌ကျရှုံးခဲ့သော ကျောင်းတော်သားများသည် တော်ဝင်စစ်တပ်၏ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရတော့သည်။
စင်မြင့်ပေါ်၌ လူတစ်စု ထပ်မံ၍လျော့နည်းသွားလေပြီ။
Chapter 2988
"ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ တပည့်ခေါင်းဆောင် လုယွီ...ကြေးနီခေါင်းလောင်းကို ၃၃ကြိမ် အသံမြည်ဟီးစေပြီးတော့ ကျိုးပဲ့ပျက်စီးသွားစေခဲ့တယ်...သူက ဒုတိယအဆင့်စစ်ဆေးမှုရဲ့ ပထမရသူပဲ"
အရာရှိတစ်ယောက်က လုယွီ၏နာမည်ကိုမှတ်တမ်းတင်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အဆင့်တိုင်းတွင် ပထမရရှိသူများကို ဤအစဥ်အလာအတိုင်း လူသိရှင်ကြား ထုတ်ပြန်ကြေငြာရသည်။တိုက်ခိုက်ရေးစာမေးပွဲသည် စာပေစာမေးပွဲနှင့် ကွဲပြားခြားနားပေ၏။စာပေစာမေးပွဲကဲ့သို့ အဖြေလွှာများကို စစ်ဆေးနေရန်မလိုအပ်ဘဲ ပထမရသူကို တိုက်ရိုက်ထုတ်ပြန်ကြေငြာနိုင်သည်။
စစ်ဆေးမှုရလဒ်ကို ငြင်းဆန်လိုသောမည်သူမဆို ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်တောင်းဆိုနိုင်သည်။ဤနည်းလမ်းဖြင့် လူတိုင်း စောဒကတက်စရာရှိတော့မည်မဟုတ်ချေ။
တိုက်ခိုက်ရေးကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။မည်သူကမျှ သံသယဝင်ဝံ့ခြင်းမရှိချေ။
အကယ်၍ ကောင်းကင်ဘုံတက်လှမ်းခြင်းလှေကားတွင် လုယွီ၏စွမ်းအားကို သံသယဝင်သူတချို့ ရှိနေလျှင်ပင် အစောပိုင်းက လုယွီ ထုတ်ဖော်ပြသခဲ့သောခွန်အားသည် သူတို့၏ပါးစပ်များကို ပိတ်သွားစေသည်။
သူတို့၏ရှေ့ရှိ ကြေးနီခေါင်းလောင်း ကြေမွှပျက်စီးသွားခဲ့သည်ကို သူတို့အားလုံး မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။
ဘုန်း...
ရုတ်တရက် ရှထန်ကန်း၏ခန္ဓာကိုယ်မှ သွေးချီများပွင့်အံ့ထွက်လာကာ ကောင်းကင်ယံထိတိုင် မြင့်တက်သွားသည်။
ပတ်ဝန်းကျင်ရှိ ကျောင်းတော်သားတချို့သည် ရှထန်ကန်း၏အရှိန်အဝါမှ သက်ရောက်ခြင်းကိုခံရသဖြင့် နောက်သို့ဆုတ်လိုက်ကြကာ သူတို့၏မျက်လုံးများအတွင်း၌ တုန်လှုပ်ချောက်ချားခြင်းများဖြင့် ပြည့်နှက်နေသည်။
"လုယွီ...မင်းက ငါ့ရဲ့ပြိုင်ဘက်တစ်ယောက်ဆိုတာ ငါ ဝန်ခံတယ်...ဒါပေမယ့် မင်း တတိယအဆင့်မှာ ကံမကောင်းစေရဘူး"
ရှထန်ကန်းက မောက်မာဝံ့ကြွားသောအမူအယာမျိုးဖြင့် လုယွီကို စူးစိုက်၍ကြည့်လိုက်၏။
သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသောသွေးချီများသည် သူ၏ခေါင်းထက်၌ ရက်စက်ကြမ်းကြုတ်သော ဧရာမဝံပုလွေပုံရိပ်ယောင်ကြီးအဖြစ်ဖွဲ့စည်းသွားသည်။ထိုပုံရိပ်ယောင်ကြီးသည် အစွယ်များကိုဖြဲဟ၍ လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်ကာ ဟိန်းဟောက်နေသည်။
ရှထန်ကန်းသည် သူ၏အရှိန်အဝါကိုအသုံးပြု၍ လုယွီကို ခြိမ်းခြောက်ရန် ကြံရွယ်နေခြင်းပင်။
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။
"မင်းက တော်ဝင်စာမေးပွဲလိုနေရာမျိုးမှာလာပြီး အော်ဟစ်နေရအောင်...ဘာအခွင့်အာဏာမျိုးရှိနေလို့လဲ...ဆူညံလိုက်တာ"
အော်သံနှင့်အတူ သိုင်းပညာသူတော်စင်အထွတ်အထိပ်အဆင့်၏သွေးချီလှိုင်းများက ရှထန်ကန်းထုတ်လွှတ်ထားသော အရှိန်အဝါကို ချေမွှဖျက်ဆီးလိုက်၏။
ဤသည်က အဆင့်အတန်းမြင့်မားသူတစ်ယောက်မှနေ၍ အစေခံတစ်ယောက်ကို ဆူပူကြိမ်းမောင်းလိုက်သကဲ့သို့ပင်။အဆင့်အတန်းကွဲပြားခြားနားမှုကို ဖာထေးနိုင်ရန်မှာ လွန်စွာခက်ခဲသည်။
ထိုအသံသည် တခြားသူများအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည်။လုယွီ၏အသံသည် ရှထန်ကန်း၏နားအတွင်းသို့ ဝင်ရောက်သွားချိန်တွင် ကြီးမားသောခေါင်းလောင်းကြီးတစ်လုံး မြည်ဟီးနေသံနှင့် တူညီနေပေ၏။ဤသည်က နားကွဲထွက်လုမတတ်ပင်။ရှထန်ကန်းသည် သူ၏စိတ် ဗလာဟင်းလင်းဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူသည် ကူကယ်ရာမဲ့စွာဖြင့် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။ထိုအချိန်မှသာ သူသည် ရုတ်တရက် အသိဝင်လာတော့သည်။
သူသည် လုယွီကြောင့် အမှန်တကယ်နောက်ဆုတ်ခဲ့ရပြီး ခုခံတိုက်ခိုက်ရန်ပင် အခွင့်အရေးမရခဲ့ချေ။
ဤခြေတစ်လှမ်းနောက်ဆုတ်လိုက်မှုသည် သူ၏လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါကို များစွာအားပျော့သွားစေသည်။ထို့ကြောင့် သူသည် အဆင်အခြင်မဲ့သော စကားများကို ထပ်မံ၍ မပြောဆိုနိုင်တော့ချေ။
"ငါ ကြားထားသလောက်တော့ ရှထန်ကန်းက ရှမိသားစုရဲ့ပါရမီရှင်ဖြစ်ပြီးတော့ သူက သူ့ရဲ့ကိုယ်ပိုင်စွမ်းအားကို မှီခိုပြီးတော့ တော်ဝင်ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင် ဖြစ်လာခဲ့တာပဲ...ဒါပေမယ့် အခုလက်ရှိ သူ့ရဲ့သွေးချီတွေအရ အကဲဖြတ်ကြည့်ရင် သူက လုယွီရဲ့ပြိုင်ဘက်ဖြစ်ဖို့ အရမ်းအလှမ်းကွာဟနေတယ်"
"ဒီတစ်ကြိမ်မှာတော့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကနေ မြင်းနက်တစ်ကောင် ထွက်ပေါ်လာပြီ...ကြည့်ရတာတော့ ဒီတော်ဝင်စာမေးပွဲ ပြီးဆုံးတာနဲ့ လောကကြီးတခွင်လုံးမှာရှိတဲ့လူတွေအားလုံး လုယွီရဲ့နာမည်ကို သိသွားကြတော့မယ့်ပုံပဲ"
ပတ်ဝန်းကျင်ရှိကျောင်းတော်သားများသည် သူတို့အချင်းချင်း နတ်ဘုရားစိတ်အာရုံဖြင့် တိုင်ပင်ဆွေးနွေးနေကြ၏။သူတို့သည် ရှထန်ကန်းနှင့်လုယွီအကြားမှကွာဟချက်ကို တွေ့မြင်နိုင်ကြသည်။
"နောက်တစ်ဆင့်က တိုက်ခိုက်ရေးစွမ်းအား စစ်ဆေးမှုပဲ...မင်းတို့ရှေ့မှာရှိတဲ့ အခန်းထဲကိုဝင်ပြီးတော့ အထဲမှာရှိတဲ့ပုံရိပ်ယောင်ကို အချိန်နှစ်နာရီအတွင်းမှာ အနိုင်ယူရမယ်...မင်းတို့ နိုင်သွားတာနဲ့ ဒီစစ်ဆေးမှုကို အောင်မြင်ပြီ"
ကျန်းရွှမ်စဲက ကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုသည်။
ထိုအသံ အဆုံးသတ်သွားသည်နှင့် သာမာန်ဆန်သော သစ်သားအိမ်တစ်လုံးစီက ကျောင်းတော်သားတိုင်း၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုသစ်သားအိမ်သည် အလွန်သေးငယ်ပြီး လူတစ်ယောက် ဝင်ဆန့်ရုံသာရှိသည်။သို့ရာတွင် အတွင်း၌ အထူးသီးသန့်လေဟာနယ်ဝင်္ကပါတစ်ခုဖြစ်သဖြင့် ပို၍ကျယ်ဝန်းသောနေရာသို့ ရောက်ရှိသွားသည်ကို တွေ့မြင်ရပေမည်။
လုယွီသည် သစ်သားအိမ်အတွင်းသို့ ဝင်လိုက်သည်နှင့် သူ၏နောက်ရှိတံခါး ချက်ချင်းပိတ်သွားသည်။သူ၏ရှေ့တွင် မီတာတစ်ထောင်ခန့်ကျယ်ဝန်းသော မြေကွက်လပ်ကြီး ရှိနေပေ၏။
လုယွီနှင့် ဆန့်ကျင်ဘက်နေရာရှိ မြေကွက်လပ်ပေါ်၌ လူလတ်ပိုင်းကြီးတစ်ယောက် ထိုင်နေသည်။
ထိုလူလတ်ပိုင်းကြီး၏ပုံရိပ်သည် သရဲတစ္ဆေတစ်ကောင်အလား ဝေဝါးနေလေ၏။
လုယွီသည် သူ့ရှေ့ရှိလူလတ်ပိုင်းကြီးကိုကြည့်ကာ လေးလံသောသက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"အိမ်ရှေ့စံမင်းသားက အရင်အဆင့်နှစ်ဆင့်မှာ လျှို့ဝှက်ကြံစည်မှုတွေ လုပ်ထားခဲ့တယ်...နောက်ဆုံးအဆင့်မှာတော့ ဘာမှလုပ်နိုင်မှာမဟုတ်ဘူးလို့ ငါ တွေးထင်မိတုန်းပဲ"
"ဒီနောက်ဆုံးအဆင့်က အစစ်အမှန်တိုက်ပွဲဆိုပေမယ့် ကျောင်းတော်သားတွေအတွက် အရမ်းခက်ခဲမှာမဟုတ်ဘူး...ဒါက အသိစိတ်မရှိတဲ့စိတ်ဝိညာဥ်တွေနဲ့ စစ်ဆေးတာပဲ"
"ဒီနေရာမှာ အသိစိတ်ရှိတဲ့စိတ်ဝိညာဥ်တစ်ခုနဲ့ တွေ့ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
Chapter 2989
လူလတ်ပိုင်းကြီးသည် လုယွီ၏စကားကို မကြားသကဲ့သို့သာ ပြုမူနေသည်။သူသည် ခေါင်းငုံ၍ မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်နေဆဲပင်။
သို့ရာတွင် လုယွီက ဆက်လက်၍ပြောဆိုသည်။
"ငါ သိချင်မိတယ်...မင်းလို ချင်အင်ပါယာရဲ့ မြင့်မြတ်တဲ့ မဟာဆရာသခင်ယုဝမ်က ကျင့်ကြံခြင်းရဲ့အထွတ်အထိပ်အဆင့်ကို ရောက်နေတာတောင်....ချင်အင်ပါယာပျက်စီးသွားတဲ့အချိန်မှာ ဘာလို့ထွက်မပြေးဘဲနဲ့ အသေခံခဲ့တာလဲ"
လုယွီ၏စကားလုံးများကြောင့် သူ့ရှေ့ရှိလူလတ်ပိုင်းကြီး၏အဆင့်အတန်း ချက်ချင်းထွက်ပေါ်သွားခဲ့သည်။
စာပေစာမေးပွဲမှတဆင့် လုယွီသည် အတိတ်မှအမှန်တရားများ၏ အစိတ်အပိုင်းတချို့ကို သိရှိထားပြီးလေပြီ။
ရှေးဟောင်းခေတ်အတွင်း၌ ချင်အင်ပါယာ ပျက်စီးသွားချိန်တွင် မူလက တံခါးပိတ်ကျင့်ကြံနေခဲ့သော မဟာဆရာသခင်ယုဝမ်သည် ရုတ်တရက် အလံကိုကိုင်မြှောက်ကာ ချန်အင်ပါယာ၏မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများကို တိုက်ခိုက်ခဲ့သည်။
နောက်ပိုင်းတွင် မဟာဆရာသခင်ယုဝမ်သည် အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ကောလဟာလများအရ သူသည် ချန်အင်ပါယာမှ အစွမ်းထက်ကျင့်ကြံသူများ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်ခဲ့ရသည်ဟု ဆိုကြ၏။
သို့ရာတွင် နောက်ပိုင်းတွင် ချင်အင်ပါယာမှ အကြွင်းအကျန်လူတစ်စုသည် ချင်အင်ပါယာမှအဖိုးတန်ရတနာများနှင့်အတူ ကောင်းကင်ဘုံနယ်မြေသို့ ရှောင်တိမ်းလာခဲ့ကြသည်။သူတို့သည် ဝမ်ချန်မြင့်မြတ်နယ်မြေကို တည်ထောင်ခဲ့သည်။ချင်အင်ပါယာမှရတနာများ၏ အထောက်အပံဖြင့် ဝမ်ချန်မြင့်မြတ်နယ်မြေသည် အချိန်တိုအတွင်းမှာပင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထင်ရှားကျော်ကြားသော မြင့်မြတ်နယ်မြေတစ်ခုဖြစ်လာသည်။အလယ်ခေတ်၏အဆုံးသတ်ချိန်အရောက်တွင် ဝမ်ချန်မြင့်မြတ်နယ်မြေ တဖြည်းဖြည်း နိမ့်ကျလာပေ၏။နောက်ပိုင်းတွင် ထိုမြင့်မြတ်နယ်မြေသည် တာယွီတော်ဝင်နန်းတွင်း၏ ဖျက်ဆီးခြင်းကိုခံရကာ ရတနာများအားလုံး တော်ဝင်နန်းတွင်း၏ဘဏ္ဌာတိုက်အတွင်းသို့ ရောက်ရှိသွားတော့သည်။
တော်ဝင်စာမေးပွဲအတွင်း၌ အသုံးပြုခဲ့သော ကောင်းကင်ဘုံတက်လှမ်းခြင်းလှေကားနှင့် ဖူရှီခေါင်းလောင်းတို့သည်ပင် ချင်အင်ပါယာ၏ဘဏ္ဌာတိုက်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့သောရတနာများဖြစ်ပေ၏။
လုယွီသည် သစ်သားအိမ်အတွင်းသို့ ဝင်ရောက်ပြီးနောက် သူ၏ရှေ့ရှိစိတ်ဝိညာဥ်ထံမှလာသော အငွေ့အသက်ကို ချက်ချင်းပင် အာရုံခံမိသည်။
ထို့ပြင် လုယွီသည် သူ့ရှေ့ရှိစိတ်ဝိညာဥ်ကို ကောင်းစွာသိရှိထားသည်။
အတိတ်တွင် ကျိုးထျန်းယင် မင်းသားဘဝ၌ရှိနေစဥ်အချိန်၌ စစ်တပ်ကိုဦးဆောင်၍ ဝမ်ချန်မြင့်မြတ်နယ်မြေကို ဖျက်ဆီးခဲ့သည်။ထိုအချိန်တုန်းက သူ ရင်ဆိုင်ခဲ့ရသည့် အကြီးမားဆုံးအတားအဆီးမှာ မဟာဆရာသခင်ယုဝမ်၏စိတ်ဝိညာဥ်ပင်။
အလယ်ခေတ်အတွင်းမှ အစွမ်းထက်ထိပ်သီးကျင့်ကြံသူတစ်ယောက်၏စိတ်ဝိညာဥ်သည် မသေမျိုးအဆင့်မှော်လက်နက်အပိုင်းအစတွင် တွယ်ကပ်နေကာ ယခုချိန်ထိတိုင် အသက်ရှင်နေဆဲပင်။
ကျိုးထျန်းယင်နှင့် မဟာဆရာသခင်ယုဝမ်တို့အကြားမှတိုက်ပွဲ၏ နောက်ဆုံးရလဒ်ကို မည်သူမျှမသိရှိကြသော်လည်း အဆုံးသတ်တွင် ဝမ်ချန်မြင့်မြတ်နယ်မြေ ပျက်စီးသွားခဲ့သည်။
ထိုတိုက်ပွဲကြောင့် ကျိုးထျန်းယင်၏နာမည်ဂုဏ်သတင်း မြင့်မားလာကာ မင်သားများအကြားတွင် တော်ဝင်နန်းတွင်း၏မျက်စေ့ကျခြင်းခံရသော မင်းသားတစ်ပါးဖြစ်လာပေ၏။
လုယွီထံတွင်ရှိနေသော ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်မှ မှတ်ဥာဏ်များသည် မပြည့်စုံသဖြင့် ထိုကိစ္စများကို သူ အလုံးစုံမသိရှိချေ။သို့ရာတွင် သူ့ရှေ့ရှိ လူလတ်ပိုင်းကြီးကိုမူ သူ သိရှိနေဆဲပင်။
ဤသည်က အလယ်ခေတ်အတွင်းမှ ပြိုင်ဘက်ကင်း အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
ထို့ပြင် ယခုလက်ရှိချိန်သည် တော်ဝင်စာမေးပွဲကျင်းပနေချိန်ဖြစ်သဖြင့် ထိုကဲ့သို့အစွမ်းထက်ကျင့်ကြံသူမျိုး ထွက်ပေါ်လာရန် အကြောင်းမရှိချေ။
အိမ်ရှေ့စံမင်းသားသည် သူ့အား ရင်ဆိုင်ရန်အတွက် အရာအားလုံးကို တွက်ချက်ထားခဲ့သည်။သူသည် စစ်ဆေးမှုအဆင့်တိုင်းအတွက် ပြင်ဆင်ထားပေ၏။
"မင်းက တစ်ချိန်လုံးမလှုပ်မယှက်နေနေခဲ့တယ်...မင်းက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေကို စုဆောင်းပြီးမှ ငါ့ကို ပွဲသိမ်းတိုက်ခိုက်ဖို့ ပြင်ဆင်ထားတာမလား"
လုယွီက မဟာဆရာသခင်ယုဝမ်၏ကြိုတင်ပြင်ဆင်မှုကို ထွင်းဖောက်တွေ့မြင်လေသည်။
သူသည် မြေပြင်ပေါ်၌ပလ္လင်ခွေထိုင်၍ မလှုပ်မယှက်နေနေခြင်းမှာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို သူ၏လက်ဝါးအတွင်း၌ စုစည်းနေခြင်းပင်။
ဤသည်က လုယွီ သတိလက်လွတ်နေမိသော အချိန်အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ မဟာဆရာသခင်ယုဝမ်က တိုက်ခိုက်မှုတစ်ခုတည်းဖြင့် အသေသတ်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
လုယွီ၏စကားကိုကြားချိန်တွင် နောက်ဆုံး၌ ဆရာသခင်ယုဝမ်က ခေါင်းမော့ကာ လုယွီကို ကြည့်လိုက်၏။
မဟာဆရာသခင်ယုဝမ်သည် စိတ်ဝိညာဥ်အခြေအနေမျိုး၌ ရှိနေသော်လည်း သူ၏မျက်လုံးအတွင်း၌ တက်ကြွဖျတ်လတ်မှုများဖြင့် ပြည့်နှက်နေသည်။သူ၏မျက်လုံးအတွင်း၌ လျှို့ဝှက်မှုများ အကွက်ချကြံစည်ထားမှုများ ပုန်းကွယ်နေပေ၏။
"ငါ မင်းကိုသတ်ပြီးရင် အပြင်ထွက်လို့ရပြီ"
မဟာဆရာသခင်ယုဝမ်သည် အေးစက်စက်ပြုံးကာ မည်သည့်အပိုစကားမျှမဆိုဘဲ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
ထိုလက်ဝါးရိုက်ချက်မှနေ၍ အနက်ရောင်လက်ဝါးပုံရိပ်ယောင်ကြီးထွက်ပေါ်လာကာ နံဘေးပတ်လည်မှနေ၍ အနက်ရောင်လေစီးကြောင်းများကို ထုတ်လွှတ်နေသည်။ထိုအရာနှင့်ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် တစ်စုံတစ်ယောက်သည် သူ၏စိတ်ဝိညာဥ် ခန္ဓကိုယ်နှင့်ကင်းကွာသွားသော ခံစားချက်မျိုးကို ခံစားရပေမည်။
ဤသည်က စိတ်ဝိညာဥ်ကို အဓိကထား၍ တိုက်ခိုက်သော မှော်နည်းစနစ်တစ်ခုပင်။ထိုတိုက်ခိုက်မှုသာ အောင်မြင်သွားပါက မဟာဆရာသခင်ယုဝမ်သည် ရုပ်ခန္ဓာကိုယ်ကိုအပိုင်စီးကာ ဤနေရာမှ ထွက်ခွာနိုင်ပေမည်။
"မဟာဆရာသခင်ယုဝမ်...အခုချိန်က မင်းရဲ့ခေတ်ကာလလို့ ထင်နေတုန်းပဲလား...ဒီနေ့ ငါ့ကိုဟန့်တားတဲ့ ဘယ်သူမဆို သေရမယ်...အိမ်ရှေ့စံမင်းသားက မင်းကိုအသုံးပြုပြီးတော့ ငါ့ကိုဟန့်တားချင်တယ်ဆိုရင်တောင် မဖြစ်နိုင်ဘူး"
လုယွီက ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးကာ မဟာဆရာသခင်ယုဝမ်ထံဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
Chapter 2990
ဘုန်း...
လုယွီ၏လက်သီးချက်မှနေ၍ ပေတစ်ထောင်ကျော်ရှည်လျားသော ရွှေရောင်အလင်းတန်းကြီး ထွက်ပေါ်လာကာ အနက်ရောင်လက်ဝါးပုံရိပ်ယောင်ကြီးထံသို့ တိုးဝင်သွားသည်။
ဟုန်း....
ထိုလက်သီးချက်သည် အနက်ရောင်လက်ဝါးပုံရိပ်ယောင်ကြီးနှင့် ဖီလာဆန့်ကျင်ရိုက်ခတ်မိချိန်တွင် ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးသွားသည်။
လုယွီ၏လက်သီးချက်စွမ်းအားတွင် သူ၏အစွမ်းထက်သော သွေးချီများနှင့် ပေါင်းစပ်ထားသဖြင့် ဤကဲ့သို့စိတ်ဝိညာဥ်များအပေါ် သဘာဝအလျောက်ဖိနှိပ်နိုင်စွမ်းရှိသည်။
ရှဲ...ရှဲ...
မဟာဆရာသခင်ယုဝမ်၏လက်သည် ပျက်စီးပြီး အရည်ပျော်ကျသွားကာ အဖြူရောင်မီးခိုးငွေ့များ ထွက်ပေါ်လာသည်။
လုယွီ၏လက်သီးချက်သည် အလွန်အစွမ်းထက်သဖြင့် ထိုလက်သီးချက် ကျရောက်သွားသည်နှင့် မဟာဆရာသခင်ယုဝမ်၏စိတ်ဝိညာဥ် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားတော့သည်။
သို့ရာတွင် မဟာဆရာသခင်ယုဝမ်သည် အဆင်အခြင်မဲ့သော လူစားမျိုးပင်။သူသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားသည့်တိုင် သူ၏မျက်နှာအမူအယာသည် မပြောင်းမလဲ တည်ငြိမ်နေဆဲဖြစ်သည်။သူသည် လုယွီထံဦးတည်၍ လက်ဝါးတစ်ချက် ထပ်မံရိုက်ထုတ်လိုက်၏။
ထိုလက်ဝါးပုံရိပ်ယောင်ကြီး လုယွီအနီးသို့ ချဥ်းကပ်သွားချိန်တွင် အဆများစွာ ပြန့်ကားသွားခဲ့သည်။ထိုအရာသည် ကောင်းကင်နှင့်မြေပြင် ပိတ်ဖုံးလုမတတ်အလွန်ကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ပြောင်းလဲသွားသည်။
သူ၏တိုက်ခိုက်မှုသည် အလွန်အမင်း ပြင်းထန်ပေ၏။သူသည် လုယွီ သူ့အားဖိနှိပ်ရန်အသုံးပြုထားသော သွေးချီများကိုပင် ဂရုမစိုက်ချေ။
ဤသည်က အလယ်ခေတ်မှ ရှေးဟောင်းအစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ ခွန်အားပင်။သူ၏ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်ပြီးမြောက်စေရန်အလို့ငှာ သူ၏စိတ်ဝိညာဥ်ခန္ဓာကိုယ်ကိုပင် ဂရုစိုက်ခြင်းမရှိပေ။
"ကံဆိုးချင်တော့ ငါက မင်းနဲ့ အချိန်ဖြုန်းမနေနိုင်ဘူး"
လုယွီက ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။အကန့်အသတ်မဲ့သောစွမ်းအားများက ချက်ချင်းဆိုသလိုပင် သူ၏ရင်ဘတ်အတွင်းသို့ စီးဝင်သွားသည်။
ဝေါင်း....
တုန်လှုပ်ချောက်ချားဖွယ် နဂါးဟိန်းသံတစ်သံနှင့်အတူ လုယွီ၏ရှေ့မှ အမှောင်ထုကြီးသည် ထိုကြည်လင်ပြတ်သားသော နဂါးဟိန်းသံကြောင့် ပျက်ပြယ်သွားပေ၏။
ထိုနဂါးဟိန်းသံသည် သရဲတစ္ဆေများအားလုံးကို လွင့်ပြယ်သွားစေသော မိုးခြိမ်းသံနှင့်တူညီသည်။
ထိုအသံသည် ကျယ်လောင်ပြီး ကြီးကျယ်ခမ်းနားကာ ကောင်းကင်နှင့်မြေပြင်အကြား၌ ပဲ့တင်ထပ်နေသည်။မဟာဆရာသခင်ယုဝမ်၏စိတ်ဝိညာဥ်သည် ချက်ချင်းဆိုသလိုပင် လွင့်ပြယ်သွားကာ ဝိုးတဝါးပုံရိပ်တစ်ခုသာ ကျန်ရှိတော့သည်။ထိုပုံရိပ်သည် အလွန်ဝေဝါးသွားကာ ကျယ်ပြန့်ပြီး မြင့်မြတ်သောအသံတစ်သံ ထွက်ပေါ်လာပေ၏။
"ငါ ထင်တာတော့...ငါ မင်းကို အရင်က မြင်ဖူးသလိုပဲ"
"မင်းက..."
မဟာဆရာသခင်၏ယုဝမ်၏မျက်လုံးအတွင်း၌ အလင်းရောင်များ တောက်ပနေကာ သူသည် တစ်စုံတစ်ခုကို ပြန်ပြောင်းတွေးတောနေပုံရသည်။
သို့ရာတွင် မျက်စိတစ်မှိတ်စာအချိန်အတွင်းမှာပင် သူ၏စိတ်ဝိညာဥ်သည် လုယွီ၏နဂါးဟိန်းသံဖြင့် အတင်းအကြပ်ဖယ်ရှားခြင်းကို ခံလိုက်ရတော့သည်။
"ငါ ဘယ်သူလဲဆိုတာ မင်းသိဖို့ မလိုအပ်ဘူး...မင်း အသက်ရှင်နေတာ အချိန်အတော်ကြာနေပြီ...အခုက မင်း ထွက်သွားရမယ့်အချိန်ပဲ"
လုယွီက လက်သီးတစ်ချက် ထပ်မံ၍ထိုးနှက်ကာ မဟာဆရာသခင်ယုဝမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်ကို အပြီးတိုင် သုတ်သင်လိုက်ပေ၏။
မဟာဆရာသခင်ယုဝမ် သေဆုံးသွားပြီးနောက် လုယွီ၏နောက်မှတံခါး ချက်ချင်းပွင့်လာသည်။
ကျွီ...ကျွီ...
စင်မြင့်ပေါ်တွင် တံခါးပွင့်သံနှစ်သံက တပြိုင်နက်တည်း ထွက်ပေါ်လာသည်။
လုယွီနှင့်ရှထန်ကန်းတို့သည် သူတို့၏သက်ဆိုင်ရာ သစ်သားအိမ်များအတွင်းမှ ထွက်လာလေ၏။
အမ်...
လုယွီသည် သူနှင့်တစ်ချိန်တည်း ထွက်လာသည်ကို မြင်တွေ့ချိန်၌ ရှထန်ကန်းက မျက်မှောင်ကြုတ်လိုက်သည်။
ဤတိုက်ပွဲတွင် သူသည် သူ၏စွမ်းအားကို အနည်းငယ်မျှပင် ထိန်ချန်ထားခြင်းမရှိချေ။သူ၏အစွမ်းထက်ဆုံး သတ်ဖြတ်ခြင်းလှုပ်ရှားမှုများကိုအသုံးပြု၍ သူ့ရှေ့ရှိပုံရိပ်ယောင်ကို တိုက်ခိုက်ခဲ့သည်။ရှထန်ကန်းက လုယွီသည် သူနှင့်တစ်ချိန်တည်း ထွက်လာနိုင်မည်ဟု မျှော်လင့်မထားမိပေ။
"မင်း ကံကောင်းသွားတာပဲနေမှာ"
ရှထန်ကန်းက မကျေမချမ်း ပြောဆိုလိုက်၏။
ယခင်စစ်ဆေးမှုအဆင့်နှစ်ဆင့်၌ သူသည် ဒုတိယနေရာကိုသာရရှိခဲ့သည်။
အကယ်၍ ဤအဆင့်တွင် သူသည် ဝှက်ဖဲတချို့ကိုသာ ထုတ်ဖော်အသုံးမပြုခဲ့ပါက လုယွီ၏အနိုင်ယူခြင်းကို ထပ်မံ၍ခံယူရပေမည်။
အကယ်၍ နောင်အနာဂတ်တွင် တစ်စုံတစ်ယောက်သည် သူ၏အကြောင်းကို ပြောဆိုပါက လုယွီ ပထမနေရာရရှိသွားသည်ကို ထည့်သွင်းပြောဆိုပေလိမ့်မည်။ဤသို့ဖြစ်လာမည်ကို သူ လက်သင့်ခံနိုင်ခြင်းမရှိချေ။
အချိန်နှစ်နာရီအတွင်းတွင် ကျောင်းတော်သားများသည် တစ်ယောက်ပြီးတစ်ယောက် သစ်သားအိမ်များအတွင်းမှ ထွက်လာကြ၏။
ကျောင်းတော်သားအများစု၏ခန္ဓာကိုယ်များပေါ်၌ ဒဏ်ရာတချို့ရှိနေသည်။သစ်သားအိမ်အတွင်းမှ အချိန်မီထွက်မလာနိုင်ခဲ့သော ကျောင်းတော်သားများ၏ မျက်နှာများပေါ်တွင် စိတ်ဓာတ်ကျဆင်းသော အမူအယာမျိုးထင်ဟပ်နေသည်။
ဤသည်က တိုက်ခိုက်ရေးစာမေးပွဲ၏နောက်ဆုံးအဆင့်ပင်။ဤအဆင့်ကို ဖြတ်ကျော်နိုင်သည်နှင့် သူတို့သည် နန်းတွင်းစာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် အရည်အချင်းပြည့်မီသွားလေပြီ။
ထိုအဆင့်ကိုဖြတ်ကျော်ပြီးသည်နှင့် သူတို့သည် အရာရှိများ ဖြစ်လာပေမည်။သူတို့သည် တာယွီ၏ကံကြမ္မာစွမ်းအားကိုခံယူနိုင်ကာ ထိုအချိန်မှစ၍ သူတို့၏ကျင့်ကြံမှုနယ်ပယ်သည် အဆများစွာ ခုန်ပျံကျော်လွှား၍ မြင့်တက်လာပေမည်။
လုယွီနှင့်တခြားသူများက စောင့်ဆိုင်းနေခဲ့သည်။
အချိန်နှစ်နာရီကြာပြီးနောက် တိုက်ခိုက်ရေးစာမေးပွဲ၏ နောက်ဆုံးအဆင့် အဆုံးသတ်သွားလေပြီ။
ကျောင်းတော်သား ၁၈၉၂၁ယောက် သစ်သားအိမ်များအတွင်းမှ အချိန်မီထွက်လာနိုင်ခဲ့သည်။
တိုက်ခိုက်ရေးစာမေးပွဲပြီးဆုံးချိန်တွင် အလွန်များပြားသောကျောင်းတော်သားများအနက်မှ ကျောင်းတော်သားနှစ်သောင်းနီးနီးသာ ရွေးချယ်ခံရသည်။ဤသည်မှတဆင့် တိုက်ခိုက်ရေးစာမေးပွဲ၏ခက်ခဲမှုအဆင့်ကို သိရှိနိုင်ပေ၏။