အခန်း (၂၉၉၁-၂၉၉၅)
Vol. 153 Ch. 2991-2995
Chapter 2991
"အရှင်ကျန်း...ငါတို့ရဲ့အင်ပါယာက အခုလက်ရှိချိန်မှာ ဖရိုဖရဲဖြစ်နေတယ်...ရှေ့တန်းစစ်မျက်နှာစာအတွက် ပါရမီရှင်တွေအများကြီး လိုအပ်တယ်...ဒီတစ်ကြိမ်တော်ဝင်စာမေးပွဲရဲ့ခက်ခဲမှုက တော်တော်လေးမြင့်မားနေမှာကို ငါ စိုးရိမ်မိတယ်"
အိမ်ရှေ့စံမင်းသားက ထိုင်ခုံလက်ရမ်းကို သူ၏လက်ဖြင့် တတောက်တောက်ခေါက်၍ ပြောဆိုသည်။သူ၏မျက်နှာပေါ်တွင် အမူအယာကင်းမဲ့နေကာ သူ မည်သည့်အရာကို စဥ်းစားတွေးတောနေသည်အား မည်သူမျှမသိနိုင်ချေ။
ကျောင်းတော်သားတစ်သောင်းကျော် ရွေးချယ်ခံရသည်မှာ အလွန်များပြားသည်ဟု ထင်ရသော်လည်း အကန့်အသတ်မဲ့ကျယ်ဝန်းသော တာယွီအင်ပါယာတွင် မြစ်တစ်စင်းအတွင်းသို့ကျသွားသော ကျောက်တုံးတစ်တုံးပမာဏသာ ရှိသည်။ဤသည်က လှိုင်းဂယက်ထရုံသာဖြစ်ပြီး အလျှင်အမြန် ပျောက်ကွယ်သွားပေမည်။
ဤတစ်ကြိမ်တွင် တော်ဝင်နန်းတွင်းသည် တော်ဝင်စာမေးပွဲမှနေ၍ လူများပိုမိုရွေးချယ်ရန် ရည်ရွယ်ထားသည်။မည်သို့ပင်ဆိုစေကာမူ ရှေ့တန်းစစ်မျက်နှာစာ၌ တိုက်ပွဲများစိပ်နေကာ အရာရှိအမြောက်အများ သေဆုံးခဲ့ရသည်။ထိုနေရာလပ်များကို ပြန်လည်ဖြည့်ဆည်းပေးရန်အတွက် လူအမြောက်အများ လိုအပ်နေသည်။
ကျန်းရွှမ်စဲက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလေ၏။
"တော်ဝင်စာမေးပွဲရဲ့အဓိကအခန်းကဏ္ဍက နန်းတွင်းအတွက် ပါရမီရှင်တွေ ရွေးထုတ်ပေးဖို့ပဲ...အသုံးဝင်တဲ့ပါရမီရှင်တစ်ယောက်က အသုံးမကျတဲ့ လူဖျင်းလူညံသုံးယောက်ကို အနိုင်ယူဖို့ လုံလောက်တယ်...ဒီအရာရှိက တိုက်ခိုက်ရေးစာမေးပွဲရဲ့နောက်ဆုံးအဆင့်မှာစစ်ဆေးတဲ့ သစ်သားအိမ်ထဲက ခက်ခဲမှုအဆင့်ကို လျှော့ချပေးပြီးပြီ...တကယ်လို့ သူတို့က ဒီခက်ခဲမှုအဆင့်ကိုတောင် မကျော်ဖြတ်နိုင်ဘူးဆိုရင် တော်ဝင်စာမေးပွဲကိုဖြတ်ကျော်ပြီးတော့ အရာရှိတစ်ယောက်ဖြစ်လာဖို့ မစဥ်းစားသင့်ဘူး"
သူ၏အသံသည် နှိမ့်ချခြင်းလည်းမရှိ မောက်မာဝံ့ကြွားခြင်းလည်းမရှိသော်လည်း မေးခွန်းထုတ်ဖွယ်မရှိသော ကြီးကျယ်ခမ်းနားမှုမျိုး ပါဝင်နေသည်။
အိမ်ရှေ့စံမင်းသားနှင့်ရင်ဆိုင်ရသည့်တိုင် သူ၏ဆုံးဖြတ်ချက်ကို ဇဝေဇဝါဖြစ်စေသော မည်သည့်အကြံဥာဏ်မျိုးကိုမျှ လက်မခံချေ။
ထိုစကားကိုကြားချိန်တွင် အိမ်ရှေ့စံမင်းသားက ခေါင်းညိတ်လိုက်၏။သို့ရာတွင် သူ၏မျက်လုံးအကြည့်က လုယွီထံသို့သာ စူးစိုက်၍ကျရောက်နေပြီး သူ၏မျက်လုံးများက ပို၍ပင်ကျဥ်းမြောင်းသွားသည်။
"တစ်ယောက်ယောက် လာပြီးတော့...တတိယအဆင့်ရဲ့ရလဒ်ကို ထုတ်ပြန်ကြေငြာစမ်း"
ကျန်းရွှမ်စဲက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် စာရေးတစ်ယောက်ရောက်လာကာ ကျောင်းတော်သားများ၏ စစ်ဆေးမှုရလဒ်များကို သတင်းပို့လေ၏။
ရုတ်တရက် မှတ်တမ်းကိုင်အရာရှိက ပြောဆိုသည်။
"အရှင်...တော်ဝင်ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင် ရှထန်ကန်းနဲ့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့တပည့်ခေါင်းဆောင်လုယွီတို့က တစ်ချိန်တည်း အပြင်ကိုထွက်လာခဲ့တယ်...ကျွန်တော်တို့ ဘယ်လိုဆုံးဖြတ်ရမလဲ"
စစ်ဆေးမှုအဆင့်တစ်ဆင့်စီတိုင်း၏ ပထမနေရာသည် လူတစ်ယောက်၏အနာဂတ်ကို ကိုယ်စားပြုသည်။
သူတို့ကဲ့သို့အရာရှိငယ်များသည် လုယွီနှင့်ရှထန်ကန်းကို အပြစ်မပြုဝံ့သဖြင့် ကျန်းရွှမ်စဲ၏အမြင်ကို မေးမြန်းရုံသာတက်နိုင်သည်။
ကျန်းရွှမ်စဲက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"ပုံရိပ်ယောင်လျှို့ဝှက်ခန်းထဲမှာရှိတဲ့ သူတို့ရဲ့လုပ်ဆောင်မှုတွေကို ငါ တစ်ချက်ကြည့်လိုက်မယ်"
ဤကဲ့သို့ဖြစ်ရပ်မျိုးသည် အတိတ်ရှိတော်ဝင်စာမေးပွဲတွင်လည်း ဖြစ်ပျက်ခဲ့ဘူးလေ၏။ထိုကဲ့သို့အခြေအနေမျိုးတွင် စစ်ဆေးရေးမှူးခေါင်းဆောင်ကိုယ်တိုင် ဆုံးဖြတ်ချက်ချရန် လိုအပ်သည်။
တော်ဝင်စာမေးပွဲ၏စစ်ဆေးရေးမှူးခေါင်းဆောင်သည် များသောအားဖြင့် ဆဋ္ဌမအဆင့် အမတ်ကြီးများဖြစ်သည်။သူတို့ထံတွင် ကြီးမားသော အခွင့်အာဏာရှိကာ သူတို့၏စကားများသည် လူအများ ယုံကြည်လက်ခံနိုင်ဖွယ်ရာရှိသည်။
သူသည် ရှထန်ကန်းနှင့်လုယွီတို့ထွက်လာသော သစ်သားအိမ်နှစ်လုံးကို လက်ညှိုးညွှန်၍ ဂရုတစိုက် စူးစမ်းလေ့လာလိုက်၏။သို့ရာတွင် သူက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
"လုယွီက ပထမ...ရှထန်ကန်းက ဒုတိယပဲ"
ကျန်းရွှမ်စဲက တည်ငြိမ်စွာ ပြောဆိုသည်။
ထိုစကားကိုကြားချိန်တွင် တော်ဝင်ကျောင်းတော်မှတပည့်များသည် ဒေါသတကြီးဖြင့် မတ်တတ်ထရပ်လိုက်ကြ၏။
သူတို့၏အမြင်အရ ရှထန်ကန်းနှင့်လုယွီသည် ပြင်ပသို့ တစ်ချိန်တည်း ထွက်လာခဲ့သည်။
မည်သည်ကြောင့် လုယွီသည် ပထမနေရာရရှိသွားသနည်း...
ရှထန်ကန်းသည် တပည့်ခေါင်းဆောင်တစ်ယောက်ဖြစ်သဖြင့် သူ ကိုယ်တိုင်ကိုယ်ကျ ရှေ့ထွက်ရန် မလိုအပ်ချေ။သူ၏ကိုယ်စား မေးခွန်းထုတ်ပေးမည့် တော်ဝင်ကျောင်းတော်တပည့် အမြောက်အများရှိနေသည်။
မုဖေးပိုင်က ရှေ့ဆုံးမှဦးဆောင်၍ မေးမြန်းသည်။
"အရှင်ကျန်း...ဒီကိစ္စက ဘက်လိုက်တာမဟုတ်ဘူးလား...သူတို့နှစ်ယောက်က တစ်ချိန်တည်း အပြင်ထွက်လာတာ...ဘာလို့ ကျွန်တော်တို့ရဲ့စီနီယာအကိုက ပထမနေရာကို မရတာလဲ...ပြီးတော့ စီနီယာအကိုရှက ပိုပြီးတည်ငြိမ်တယ်ဆိုတာ အသိသာကြီးလေ...လုယွီကို ကြည့်လိုက်အုံး...သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကဝတ်စုံ နည်းနည်းထိခိုက်ပျက်စီးနေတယ်...အကြောင်းအရင်းကတော့ သူ့ရဲ့ကျင့်ကြံဆင့်အခြေခံ မခိုင်မာလို့ပဲဖြစ်မယ်...သူရဲ့အဆင့်က စီနီယာအကိုရှရဲ့နောက်မှာ ရှိသင့်တယ်"
သူ၏နောက်မှနေ၍ တော်ဝင်ကျောင်းတော်မှ တခြားတပည့်များကလည်း ချက်ချင်းဆိုသလိုပင် အလျှင်စလို မေးခွန်းထုတ်လိုက်ကြ၏။
သူတို့သည် တာယွီအင်ပါယာ၏အဆင့်အတန်းအမြင့်ဆုံးကျောင်းတော်မှ ကျောင်းတော်သားများဖြစ်သည့်အပြင် လက်ရွေးစင်ထိပ်သီးပါရမီရှင်များလည်းဖြစ်သည်။ထိုလူများအားလုံး မေးခွန်းထုတ်နေသဖြင့် ထွက်ပေါ်လာသောအင်အားသည် လျှော့တွက်၍မရချေ။
ကျန်းရွှမ်စဲသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခြင်းမရှိချေ။သူသည် စောဒကတက်နေသော တော်ဝင်ကျောင်းတော်တပည့်များကိုကြည့်၍ အေးစက်စက်လေသံဖြင့် မေးမြန်းသည်။
"မင်းတို့ ဘယ်လိုပြိုင်ဘက်မျိုးနဲ့ရင်ဆိုင်ခဲ့ရလဲ"
"မြေကမ္ဘာအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူ...သူက မြေကမ္ဘာအင်မော်တယ်အလယ်အလတ်အဆင့်နဲ့တောင် နီးကပ်နေပြီ"
မုဖေးပိုင်က ဂုဏ်ယူဝင့်ကြွားသောလေသံဖြင့် ပြောဆိုလိုက်၏။
မြေကမ္ဘာအင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် တော်ဝင်စစ်တပ်၌ စစ်ဗိုလ်ချုပ်ရာထူးအဆင့်မျိုး ရရှိနိုင်သည်။သာမာန်အားဖြင့် သူသည် ထိုသို့သောပြိုင်ဘက်ကို အနိုင်ရရှိသည့်အတွက် ဂုဏ်ယူဝင့်ကြွားနိုင်သည်။
Chapter 2992
ကျန်းရွှမ်စဲက ရှထန်ကန်းကိုကြည့်၍ မေးမြန်းလိုက်သည်။
"သစ်သားအိမ်ထဲမှာ မင်း ဘယ်လိုပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ခဲ့ရလဲ"
ရှထန်ကန်းက ကျက်သရေရှိသောအမူအယာမျိုးဖြင့် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
"ကျွန်တော် ရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်က အတိတ်တုန်းကချင်အင်ပါယာရဲ့ မြောက်ပိုင်းအောင်ပွဲရစစ်သူကြီးပါ...သူက မြေကမ္ဘာအင်မော်တယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်ပြီးတော့ အစွမ်းထက်တဲ့ ပြိုင်ဘက်တစ်ယောက်ဘဲ...မဟုတ်ရင် ကျွန်တော်က ဒီလောက်ထိ အချိန်ကြာမှာမဟုတ်ဘူး"
ရှထန်ကန်း၏နံဘေးရှိ ကျောင်းတော်သားများသည် သူ့ကို အံ့အားသင့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြ၏။
မြေကမ္ဘာအင်မော်တယ်နှောင်းပိုင်းအဆင့်...ထိုအဆင့်ကျင့်ကြံသူသည် စစ်ဗိုလ်ချုပ်များအကြားတွင်ပင် အစွမ်းထက်သောတည်ရှိမှုကြီးတစ်ခုဖြစ်ပေ၏။
အကယ်၍ တခြားကျောင်းတော်သားများသာ ထိုအဆင့်ကျင့်ကြံသူမျိုးနှင့် ရင်ဆိုင်ရပါက အနိုင်ယူနိုင်မည် မယူနိုင်မည်ကို အတပ်မပြောနိုင်ချေ။မမျှော်လင့်ဘဲ ရှထန်ကန်းသည် ထိုပုံရိပ်ယောင်ကို အနိုင်ယူနိုင်သည့်အပြင် အချိန်တိုအတွင်း ထွက်လာနိုင်ခဲ့သည်။
စင်မြင့်ပေါ်ရှိ တခြားစစ်ဆေးရေးမှူးများကလည်း ခေါင်းတဆတ်ဆတ် ညိတ်နေကြ၏။
ဤကဲ့သို့ကျင့်ကြံဆင့်ရှိသော ပြိုင်ဘက်ကို အနိုင်ရရှိခဲ့ခြင်းမှာ အတော်အသင့်ခက်ခဲသည်ဟုဆိုနိုင်သည်။ရှထန်ကန်းသည် ထိုပုံရိပ်ယောင်၏မူရင်းဇစ်မြစ်ကို ထုတ်ဖော်ပြောဆိုနိုင်ခဲ့သည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုအပ်တော့ချေ။ထိုသို့ပြောဆိုနိုင်ရန် သူ့ထံတွင် လုံလောက်သော အသိပညာဗဟုသုတ ရှိနေရပေမည်။
ဤအရာမှတဆင့် ရှထန်ကန်း၏စာပေနှင့်စစ်ရေးပညာအရည်အချင်း ကျွမ်းကျင်မှုကို သက်သေပြပြီးဖြစ်သည်။
"ငါ မင်းကို ဒုတိယနေရာမှာထားတယ်...မင်းရဲ့စိတ်ထဲမှာ မကျေနပ်တာတစ်ခုခုရှိနေလား"
ကျန်းရွှမ်စဲက မေးမြန်းလေ၏။
ရှထန်ကန်းက ပြောဆိုသည်။
"အရှင်က ဒီလိုမျိုး ဆုံးဖြတ်ချက်ချခဲ့မှတော့...ဒီတပည့်မှာ မကျေနပ်တာမျိုး မရှိပါဘူး...ဒါပေမယ့် တခြားကျောင်းတော်တပည့်တွေက သိချင်နေကြတယ်...လုယွီက ဒီလိုရလဒ်မျိုးထွက်လာပြီးတော့ ပထမနေရာကိုရရှိသွားတယ်ဆိုတာ အရှင်ကျန်းက ဘာကိုအခြေခံပြီးတော့ ဆုံးဖြတ်လိုက်တယ်ဆိုတာကိုပါ"
ကျန်းရွှမ်စဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"တကယ်လို့ မင်းက မဟာဆရာသခင်ယုဝမ်ရဲ့တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရမယ်ဆိုရင် အသက်ရှင်နေရင်တောင်မှ ပထမနေရာရဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ဘာ....မဟာဆရာသခင်ယုဝမ်ဟု ဆိုသလော....
ရှထန်ကန်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် လုယွီရှိနေသောနေရာသို့ ကြည့်လိုက်၏။
"မဖြစ်နိုင်ဘူး....ဘယ်လိုလုပ်ပြီးတော့ ဒီတော်ဝင်စာမေးပွဲမှာ သူ့ရဲ့ပြိုင်ဘက်က မဟာဆရာသခင်ယုဝမ် ဖြစ်နေတာလဲ"
အကယ်၍ ချင်အင်ပါယာ၏သမိုင်းကြောင်းကို အတိအကျ လေ့လာသင်ယူထားသူများမရှိလျှင်ပင် လူအများစုသည် အလယ်ခေတ်အတွင်း၌ နာမည်ကျော်ကြားသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအကြောင်းကို သိရှိကြသည်။
ဒဏ္ဍာရီများအရ မဟာဆရာသခင်ယုဝမ်၏ကျင့်ကြံဆင့်နယ်ပယ်သည် မြင့်မြတ်သောမင်းသားများနှင့် နှိုင်းယှဥ်နိုင်ကာ တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားရှိသော နယ်မြေသခင်အဆင့်ကျင့်ကြံသူပင်။
အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ဖြစ်လာမည့် ကျိုးထျန်းယင်သည် ပထမဆုံးတိုက်ပွဲ၌ မဟာဆရာသခင်ယုဝမ်ကို အနိုင်ယူနိုင်ခဲ့သဖြင့် ကောင်းကင်ဘုံနယ်မြေတခွင်လုံး၌ နာမည်ကျော်ကြားလာခဲ့သည်။
ဤကဲ့သို့ပြိုင်ဘက်မျိုးသည် တော်ဝင်စာမေးပွဲ၏စံသတ်မှတ်ချက်ထက် များစွာပို၍ ကျော်လွန်နေပေ၏။အကယ်၍ တော်ဝင်နန်းတွင်းမှ အစွမ်းထက်ကျင့်ကြံသူတချို့ ဝင်ရောက်ယှဥ်ပြိုင်လျှင်ပင် ဤစစ်ဆေးမှုအဆင့်ကို အနိုင်ရရှိရန် လွန်စွာခက်ခဲပေမည်။
စစ်ဆေးရေးမှူးတချို့က မေးမြန်းသည်။
"အရှင်ကျန်း...တကယ်လို့ အဲ့ဒါက မဟာဆရာသခင်ယုဝမ်သာဆိုရင် လုယွီ အသက်ရှင်ရက် ပြန်ထွက်လာနိုင်ဖို့ဆိုတာ အရမ်းခက်ခဲလိမ့်မယ်...ဟုတ်တယ်မလား"
သူတို့သည် သစ်သားအိမ်အတွင်း၌ ဖြစ်ပျက်ခဲ့သောကိစ္စများကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ခြင်းမရှိချေ။ကျန်းရွှမ်စဲကဲ့သို့ နယ်မြေသခင်အဆင့်တစ်ယောက်သာ အချိန်ကိုပြန်လည်ပြောင်းလဲ၍ ကြည့်ရှုနိုင်စွမ်းရှိသည်။
ကျန်းရွှမ်စဲက ပြောဆိုလေ၏။
"မဟာဆရာသခင်ယုဝမ်က အကြွင်းအကျန်စိတ်ဝိညာဥ်အခြေအနေမှာ ရှိနေတာ...သူအသက်ရှင်နေတာ အလယ်ခေတ်ကနေ ခုချိန်ထိပဲ...သူက အရမ်းအားနည်းနေတာကြောင့် အတိတ်က သွားလေသူဧကရာဇ် သူနဲ့တိုက်ခိုက်ခဲ့စဥ်ကလိုမျိုး အထွတ်အထိပ်အခြေအနေမှာ မရှိတော့ဘူး...လုယွီက စိတ်ဝိညာဥ်တိုက်ခိုက်မှုမှော်နည်းစနစ်ကို အသုံးပြုပြီးတော့ မဟာဆရာသခင်ယုဝမ်ရဲ့စိတ်ဝိညာဥ်ကို တိုက်ခိုက်ခဲ့တယ်...ဒါကြောင့် အဲ့ဒီစိတ်ဝိညာဥ် ပျက်ပြယ်သွားခဲ့တာပဲ"
"အဲ့ဒီလိုလား...ဒါပေမယ့် သူက အရမ်းအားနည်းနေတယ်ဆိုရင်တောင်...မဟာဆရာသခင်ယုဝမ်က အတိတ်မှာတုန်းက အရမ်းအစွမ်းထက်ခဲ့တဲ့ တည်ရှိမှုကြီးတစ်ခုပဲ...လုယွီက သူ့ကို အနိုင်ယူနိုင်ခဲ့မှတော့...လုယွီရဲ့ ကျင့်ကြံမှုအခြေခံအုတ်မြစ်က အားနည်းမှာမဟုတ်ဘူး"
နံဘေးဘက်ရှိ စစ်ဆေးရေးမှူးများသည် စစ်ဗိုလ်ချုပ်များဖြစ်ပေ၏။သူတို့သည် တော်ဝင်စာမေးပွဲအတွင်း၌ မျိုးစေ့ကောင်းတချို့ကို မြင်တွေ့ချိန်တွင် စစ်တပ်အတွင်းသို့ သိမ်းသွင်းလိုကြသည်။ထိုသို့ပြုလုပ်မှသာ ရှေ့တန်းစစ်မျက်နှာအတွက် ထူးချွန်သောစစ်ဗိုလ်ချုပ်များကို မွေးထုတ်ပေးနိုင်ပေမည်။
လုယွီနှင့်ရှထန်ကန်းတို့၏အရည်အချင်းသည် အလွန်ကောင်းမွန်သည်။သို့ရာတွင် အိမ်ရှေ့စံမင်းသားသည် ရှထန်ကန်းကို သိမ်းသွင်းရန်ကြံရွယ်နေသဖြင့် သူတို့က လုယွီထံသို့ အာရုံစူးစိုက်လာကြ၏။
တိုက်ခိုက်ရေးစာမေးပွဲ၏စစ်ဆေးမှုအဆင့်များ လွန်စွာခက်ခဲသည်မှာ စစ်ဗိုလ်ချုပ်ဖြစ်ရန်အတွက် အထူးချွန်ဆုံးသူကို ရွေးထုတ်နိုင်ရန်ပင်။အနာဂတ်၌ ထိုလူသည် တော်ဝင်စစ်တပ်အတွင်း၌ အစွမ်းထက်သောတည်ရှိမှုကြီးတစ်ခုဖြစ်လာမည်မှာ တိကျသေချာသည်။
"ကျွန်တော်တို့အားလုံးက ဒီရလဒ်ကို သဘောတူပါတယ်...လုယွီက ပထမနေရာကို ရသင့်တယ်"
တခြားစစ်ဆေးရေးမှူးများကလည်း ဤတစ်ကြိမ် စစ်ဆေးမှုရလဒ်ကို သဘောတူညီလိုက်ကြသည်။
Chapter 2993
တိုက်ခိုက်ရေးစာမေးပွဲ၏ရလဒ်ကို တစ်ရက်အတွင်းမှာပင် ထုတ်ပြန်ကြေငြာခဲ့သည်။
ထိုရလဒ်ကိုကြည့်ရှုရန် လူအမြောက်အများ ကြိုတင်၍ စောင့်ဆိုင်းနေကြ၏။
စာပေစာမေးပွဲနှင့်နှိုင်းယှဥ်ပါက တိုက်ခိုက်ရေးစာမေးပွဲ၏ရလဒ်မှာ ပို၍အရေးပါသည်။တော်ဝင်နန်းတွင်းသည် စည်းမျဥ်းဥပဒေများအပေါ် အာရုံစိုက်သော်လည်း မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် ကျင့်ကြံခြင်းလောကပင်။အရာရာတိုင်းသည် ခွန်အားပေါ်တွင်သာ အခြေခံပေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် တိုက်ခိုက်ရေးစာမေးပွဲတွင် ထိပ်သီးနေရာကိုရရှိပါက ထိုလူ၏အနာဂတ်သည် အကန့်အသတ်ရှိမည်မဟုတ်ချေ။ထိုပါရမီရှင်များနှင့် မိတ်ဆွေဖွဲ့နိုင်ရန်အတွက် လူအမြောက်အများ စောင့်ဆိုင်းနေခြင်းဖြစ်သည်။
"ကြည့်ကြအုံး...အဆင့်သတ်မှတ်ချက်စာရင်း ထွက်ပေါ်လာပြီ"
"ဒီနှစ် တော်ဝင်စာမေးပွဲက ကျားတွေ နဂါးတွေ စုဝေးနေတဲ့နှစ်ပဲ...အဆင့်သတ်မှတ်ချက်စာရင်းမှာ ဘယ်သူတွေပါနေလဲဆိုတာ ငါ သိချင်မိတယ်"
မရေမတွက်နိုင်သောလူများသည် လည်တဆန့်ဆန့်နှင့် စောင့်မျှော်နေကြ၏။
မှတ်တမ်းအရာရှိလေးယောက်က အဆင့်သတ်မှတ်ချက်စာရင်းကို သယ်ဆောင်လာသည်။ထိုစာရင်းစာရွက်ပေါ်တွင် စာပေနှင့်ယဥ်ကျေးမှုဌာန တော်ဝင်စစ်ရေးဌာနနှင့် စစ်တပ်ငါးတပ်၏အုပ်ချုပ်ရေးရုံးတော်တို့မှ စည်းတံဆိပ်များကို ခတ်နှိပ်ထားသည်။ထိုစာရင်းပေါ်ရှိ စာလုံးတစ်လုံးတစ်လေကိုပင် ပြောင်းလဲနိုင်မည်မဟုတ်ဘဲ တော်ဝင်စာမေးပွဲ၏အကြွင်းမဲ့အခွင့်အာဏာကို ကိုယ်စားပြုသည်။
ထိုမှတ်တမ်းကိုင်အရာရှိများ၏နောက်တွင် အစောင့်စစ်သား ဆယ်ယောက်ကျော်ခန့် မတ်တတ်ရပ်နေသည်။သူတို့သည် ဤနေရာသို့ စောင့်ကြပ်ရန်အတွက် ရောက်ရှိနေခြင်းပင်။အကယ်၍ တစ်စုံတစ်ယောက်သည် အဆင့်သတ်မှတ်ချက်စာရင်း ထွက်ပေါ်လာချိန်တွင် ပြဿနာရှာဝံ့ပါက နေရာမှာပင် ချွင်းချက်မရှိ သတ်ဖြတ်ခံရပေမည်။
မကြာမီမှာပင် အဆင့်သတ်မှတ်ချက်စာရင်းကို ဖြည်းညှင်းစွာ ဖြန့်ချလိုက်ရာ ထိုအရာပေါ်၌ နာမည်များကို ထူထပ်သိပ်သည်းစွာ အတန်းလိုက်ရေးသားထားသည်။
"တိုက်ခိုက်ရေးစာမေးပွဲရဲ့ ပထမနေရာကို ရသွားတဲ့သူက...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က လုယွီပဲ"
"အဲ့ဒီနာမည်ကို အရမ်းရင်းနှီးနေသလိုပဲ...စာပေစာမေးပွဲမှာ ပထမရသွားတာကလည်း သူပဲ မဟုတ်လား"
"တော်ဝင်ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင်...ရှမိသားစုရဲ့ပါရမီရှင်တောင် ဒုတိယနေရာပဲရတယ်...ပြီးတော့ တိုက်ခိုက်ရေးစာမေးပွဲရဲ့စစ်ဆေးမှုအဆင့်သုံးဆင့်လုံးမှာ လုယွီက ပထမနေရာကိုရပြီးတော့ တခြားသူတွေအားလုံးကို ဖိနှိပ်ထားနိုင်ခဲ့တယ်"
လူတိုင်း အံ့အားသင့်တုန်လှုပ်နေကြ၏။
တိုက်ခိုက်ရေးစာမေးပွဲ၏ယှဥ်ပြိုင်မှုမှာ အမြဲတစေ လွန်စွာပြင်းထန်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် ပထမအဆင့်တွင် တခြားသူများထက် သာလွန်နေလျှင်ပင် အဆင့်တိုင်း၌ ပထမနေရာရရှိရန်မှာ လွန်စွာခက်ခဲပေမည်။
လုယွီသည် စစ်ဆေးမှုအဆင့်သုံးဆင့်လုံး၌ ပထမနေရာကို ရယူနိုင်ခဲ့သည်။ဤသည်က သူသည် တိုက်ခိုက်ရေးစာမေးပွဲ၏ပထမနေရာနှင့် ထိုက်တန်သည်ဟု ဆိုလိုခြင်းပင်။တခြားသူများမှနေ၍ သူ့အား အမှီလိုက်နိုင်ရန်မှာ မည်သို့မျှမဖြစ်နိုင်ချေ။
"မြန်မြန်...တိုက်ခိုက်ရေး စစ်ဆေးမှုကွင်းပြင်မှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ သွားပြီးစုံစမ်းကြစမ်း"
"ဒီတစ်ကြိမ်တော်ဝင်စာမေးပွဲမှာ...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့တပည့်တွေက အဆင့်ကောင်းကောင်းတွေ ရထားတယ်...ဒါက မျှော်လင့်မထားမိတဲ့ ကိစ္စပဲ...လုယွီက ဘယ်သူလဲဆိုတာ သွားပြီးရှာဖွေကြစမ်း"
ရုတ်ချည်းဆိုသလိုပင် တော်ဝင်မြို့တော်အတွင်းရှိ မရေမတွက်နိုင်သော အင်အားစုများသည် သူတို့၏လူများကိုစေလွှက်၍ လုယွီ၏နောက်ကြောင်းကို စုံစမ်းကြတော့သည်။
ကျောင်းတော်သားတချို့သည် စစ်ဆေးရေးကွင်းပြင်မှ ထွက်လာပြီးနောက် ထိုနေရာ၌ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ထုတ်ဖော်ပြောဆိုလိုက်ကြသည်။ထိုသတင်းစကားများကိုကြားချိန်တွင် လူအမြောက်အများ သက်ပြင်းရှိုက်နေကြ၏။
ကောင်းကင်ဘုံတက်လှမ်းခြင်းလှေကားကို အလျှင်အမြန် တက်လှမ်းနိုင်ခဲ့ခြင်း...
ကြေးနီခေါင်းလောင်းကို လက်သီးထိုးနှက်ချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်ခဲ့ခြင်း...
မဟာဆရာသခင်ယုဝမ်ကို အနိုင်ယူနိုင်ခဲ့ခြင်း...
ထိုကိစ္စရပ်သုံးခုလုံးသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသဖြင့် လူအမြောက်အများသည် အချိန်တခဏကြာသည်အထိ အသိစိတ်များ လွတ်ကင်းသွားကြသည်။
တော်ဝင်စာမေးပွဲတွင် အသက်အရွယ်ကို ကန့်သတ်ထားသည်။ထို့ကြောင့် တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသော ကျောင်းတော်သားအများစုသည် မည်မျှထိ ပါရမီအရည်အချင်းရှိနေပါစေ သူတို့၏အသက်အရွယ်အရ မြင့်မားသောအဆင့်မျိုးသို့ မရောက်ရှိနိုင်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ထိုအကန့်အသတ်ကို ချိုးဖျက်ခဲ့လေပြီ။သူသည် အသက်ကြီးခြင်းမရှိသည့်အပြင် သူ ထုတ်ဖော်ပြသခဲ့သောခွန်အားသည် မြင့်မြတ်သူတစ်ယောက်နှင့် နီးကပ်နေပေ၏။
"လက်ဆောင်တွေ မြန်မြန်ပြင်ဆင်ကြစမ်း...အဲ့ဒီပါရမီရှင်ဆီကို ငါကိုယ်တိုင်သွားပြီး လေးစားမှုပြသရမယ်"
"တခြားသူတွေ လက်ဦးမှုရမသွားစေနဲ့...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က မြင့်တက်လာတော့မယ်...အဆင့်သတ်မှတ်ချက်စာရင်းမှာပါတဲ့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က တပည့်တွေရဲ့နာမည်ကို မင်းတို့အားလုံးတစ်ချက်သွားကြည့်ကြစမ်း...သူတို့အားလုံးအတွက် လက်ဆောင်တွေ ပြင်ဆင်ရမယ်...တစ်ယောက်မှ မကျန်ခဲ့စေနဲ့"
အင်အားစုများသည် စုံစမ်းထောက်လှမ်းရာ၌ ကောင်းမွန်ကြသဖြင့် တော်ဝင်စာမေးပွဲအတွင်းရှိ လုယွီ၏လုပ်ဆောင်ချက်များကို အချိန်တခဏအတွင်းမှာပင် သိရှိသွားကြသည်။လုယွီ၏ထူးချွန်သော စွမ်းဆောင်ရည်ကြောင့် သူသည် တော်ဝင်စာမေးပွဲပြီးဆုံးချိန်တွင် အရေးပါသော ရာထူးနေရာကိုရရှိမည်မှာ တိကျသေချာလှ၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များ၏အရည်အချင်းများ တိုးတက်လာမှုမှာလည်း လုယွီကြောင့် ဖြစ်နေနိုင်သည်။
ထိုကဲ့သို့ပါရမီရှင်များကို လက်ဆောင်များ ကြိုတင်ပေးအပ်၍ မိတ်ဖွဲ့ထားခြင်းဖြင့် သူတို့အတွက် အကျိုးမယုတ်နိုင်ချေ။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏နာမည်သည် တော်ဝင်မြို့တော်ရှိနေရာအနှံ့အပြားသို့ ပျံ့နှံ့သွားသည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင်မူ လူတိုင်း စိတ်လှုပ်ရှားနေကြ၏။တော်ဝင်စာမေးပွဲ၏သမိုင်းစဥ်တလျှောက် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် အောက်ဆုံးအဆင့်တွင်သာ အစဥ်အမြဲရပ်တည်ခဲ့ရသည်။ယခုလက်ရှိချိန်တွင်မူ အခြေအနေသည် ပြောင်းပြန်လှန်လိုက်သကဲ့သို့ ပြောင်းလဲသွားလေပြီ။
Chapter 2994
ပြင်ပလောက၌ ရုတ်ရုတ်သဲသဲဖြစ်နေစဥ်တွင် လုယွီကမူ မိုးကောင်းကင်တာအိုတည်းခိုခန်း၌ ဆက်၍နေရန် ရွေးချယ်ခဲ့သည်။
မသေမျိုးအဆင့်မှော်လက်နက်အပိုင်းအစကို ဝါးမြိုပြီးနောက် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင် နိုးထလာခဲ့သည်။လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် ယခုလက်ရှိချိန်တွင် အသက်ခုနစ်နှစ် ရှစ်နှစ်အရွယ်သို့ ရောက်ရှိနေလေပြီ။
မျောက်၏လွှမ်းမိုးမှုကို ခံရပုံဖြင့် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် မသေမျိုးအဆင့်မှော်လက်နက်တစ်ခု၏ပုံသဏ္ဍာန်မျိုး အနည်းငယ်မျှပင်မရှိချေ။နေ့စဥ်နေ့တိုင်း သူသည် ကျားသားရေကိုယ်ကျပ်ဝတ်စုံကိုဝတ်ဆင်ကာ သူ၏လက်အတွင်း၌ သံတုတ်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။သူသည် ကမ္ဘာငယ်လေးအတွင်းရှိ စိတ်ဝိညာဥ်ဆေးပင်များကို အမြဲတစေ ဝါးမြိုနေကာ နတ်ဆိုးပေါက်စတစ်ကောင် ပြန်လည်မွေးဖွားလာသည်နှင့် တူညီနေပေ၏။
ဘန်း...
ကမ္ဘာငယ်လေးအတွင်း၌ ပြင်းထန်သော တုန်ခါသံကြီး မြည်ဟီးသွားသည်။
"မတိုက်ခိုက်တော့ဘူး....ထပ်ပြီး မတိုက်ခိုက်တော့ဘူး...ဒါက ပျော်စရာမကောင်းဘူး"
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာသည်။သူသည် အလွန်နာကျင်မှုကိုခံစားနေရသည့်အလား သူ၏ခေါင်းကို သူ့လက်ဖြင့်ဆုပ်ကိုင်၍ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
လုယွီက နတ်ဘုရားစိတ်အာရုံဖြင့် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို စူးစိုက်၍ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက အတိတ်မှာတုန်းက တစ္ဆေဧကရာဇ်သန့်စင်ခဲ့တဲ့ ထိပ်တန်းအရည်အသွေးရှိတဲ့မှော်ရတနာတွေထဲကတစ်ခုလေ...အခုချိန်မှာ မင်းက မသေမျိုးအဆင့်မှော်လက်နက်အပိုင်းအစကိုလည်း ဝါးမြိုပြီးပြီ...ဘာလို့ခုထိ သေခြင်းရှင်ခြင်းဥပဒေသကို ထုတ်ဖော်အသုံးမပြုနိုင်သေးတာလဲ"
အကယ်၍ အတိတ်ရှိ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏စွမ်းအားကိုသာ လုယွီ မသိရှိခဲ့ပါက ဤအရာကို မသေမျိုးအဆင့် မှော်လက်နက်တစ်ခုဟု သူ တွေးထင်မိမည်မဟုတ်ချေ။
အတိတ်တွင် သေခြင်းရှင်ခြင်းသံလိုကိအိမ်မြှောင်သည် လောကကြီးတခွင်လုံး၌ နာမည်ကျော်ကြားသော မှော်လက်နက်တစ်ခုဖြစ်သည်။ထိုအရာသည် လူတစ်ယောက်၏သေခြင်းရှင်ခြင်း ကံကြမ္မာအပြောင်းအလဲ သေဆုံးသူကိုအသက်ပြန်သွင်းခြင်းနှင့် လူတစ်ယောက်ကို သေဆုံးသွားစေခြင်းတို့ကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ထို့ကြောင့် နှိုင်းယှဥ်ပြစရာမရှိသည်အထိ နက်နဲသိမ်မွေ့သော မှော်လက်နက်တစ်ခုဟု ဆိုနိုင်သည်။
ယခုလက်ရှိချိန်၌ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် အချိန်တိုအတွင်း ပြန်လည်ကုစားနိုင်သောစွမ်းရည်အပြင် လေဟာနယ်ကို အနည်းငယ်ထိန်းချုပ်နိုင်သည်ကလွဲ၍ များစွာပြောင်းလဲခြင်းမရှိချေ။
ဤသည်က ယခင် သူ မသေမျိုးအဆင့်မှော်လက်နက်အပိုင်းအစကို မဝါးမြိုမီက အခြေအနေနှင့် များစွာကွဲပြားခြားနားသွားခြင်းမရှိပေ။
"ကျွန်တော်က ငယ်သေးတယ်လေ...ကျွန်တော် အတိုင်းအတာတစ်ခုထိ ကြီးပြင်းလာတာနဲ့ ပြန်ကောင်းသွားလိမ့်မယ်"
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်က အပြုံးနှင့်ပြောဆိုသည်။
"ဟမ့်...မင်း အထဲမှာပဲ တံခါးပိတ်ကျင့်ကြံနေတာ ပိုကောင်းလိမ့်မယ်"
လုယွီက သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ပါးပြင်ကို ဆွဲညှစ်ပြီးနောက် သူ့အား ကျင့်ကြံခြင်းမျှော်စင်အတွင်းသို့ ပစ်သွင်းလိုက်တော့သည်။
အသစ်ဖြစ်တည်လာသော လက်နက်စိတ်ဝိညာဥ်သည် အတွေ့အကြုံ ကင်းမဲ့နေပေ၏။
လုယွီသည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်နှင့် တိုက်ခိုက်စဥ်တွင် သူ့ထံမှနေ၍ သေခြင်းရှင်ခြင်းဥပဒေသကို ခံစားမိသည်။
အကန့်အသတ်မရှိသော မဟာတာအိုများအနက် သေခြင်းရှင်ခြင်းမဟာတာအိုသည် ထိပ်သီးမဟာတာအိုများအနက်မှတစ်ခုဖြစ်သည်။သို့ရာတွင် ဤကောင်စုတ်လေးသည် ထိုအရာကိုထုတ်ဖော်အသုံးပြုသည်မှာ ကလေးကစားသည်နှင့်သာတူညီနေသဖြင့် လုယွီက လွယ်လင့်တကူ ချိုးဖျက်နိုင်ခဲ့သည်။
ဤကဲ့သို့ထိပ်တန်းမဟာတာအိုများကို ထုတ်ဖော်အသုံးပြုရန်အတွက် လုံလောက်သောထိန်းချုပ်မှုရှိရန် လိုအပ်သည်။သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ ယခုလက်ရှိအဆင့်ဖြင့် ထိုအဆင့်စွမ်းအားမျိုးကို အသုံးပြုသည်မှာ သေခြင်းရှင်ခြင်းဥပဒေသဟူသော မိုးကောင်းကင်၏လက်ဆောင်ကြီးကို ဖြုန်းတီးခြင်းပင်။
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် အတွေ့အကြုံရရှိရန် လိုအပ်နေသေးပေ၏။သို့ရာတွင် လုယွီ၏ဆေဘာဓားသုံးလက်သည်မူ ပြန်လည်ပြုပြင်ပြီးဖြစ်ကာ တိုက်ခိုက်ရာ၌ အမှန်တကယ်အသုံးပြုနိုင်လေပြီ။
အကယ်၍ လုယွီသည် အစစ်အမှန်ရန်သူတစ်ယောက်နှင့် ဆုံတွေ့ရပါက သူ့ကိုယ်သူကာကွယ်နိုင်ရန်အတွက် မှော်ရတနာများ ရှိနေလေပြီ။
လုယွီသည် မိုးကောင်းကင်တာအိုတည်းခိုခန်း၌ တစ်ရက်လုံး တံခါးပိတ်ကျင့်ကြံနေခဲ့သည်။နောက်တစ်နေ့မနက်တွင် သူသည် တံလျှပ်ပင်လယ်စားသောက်ဆိုင်သို့ ထွက်ခွာခဲ့လေ၏။
ယနေ့သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ကျောင်းတော်သားများစုဝေး၍ ပျော်ပွဲရွှင်ပွဲ ကျင်းပသောနေ့ပင်။
ဤတစ်ကြိမ် တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်သော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ကျောင်းတော်သားအားလုံးနီးပါး အဆင့်သတ်မှတ်ချက်စာရင်းတွင်ပါဝင်ကာ အနိမ့်ဆုံးအဆင့်ရရှိသူပင်လျှင် အဆင့်တစ်သောင်းအောက်တွင်ရှိသည်။
ဤကဲ့သို့ရလဒ်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏သမိုင်းစဥ်တလျှောက်တွင် တစ်ကြိမ်တစ်ခါမျှ မဖြစ်ခဲ့ဘူးသော ဖြစ်ရပ်ပင်။
ထို့ကြောင့် လီစစ်သည် ဤတစ်ကြိမ်ရလဒ်အတွက် စားသောက်ပွဲကျင်းပရန် အကြံပြုခဲ့သည်။
တော်ဝင်စာမေးပွဲကျင်းပနေစဥ်အတောအတွင်း၌ ကျောင်းတော်တပည့်များသည် စားသောက်ပွဲများ ကျင်းပလေ့ရှိသည်။မည်သို့ပင်ဆိုစေကာမူ တော်ဝင်စာမေးပွဲ ပြီးဆုံးသွားသည့်နောက် ကျောင်းတော်သားများ တကွဲတပြားစီ ဖြစ်သွားကြ၏။သူတို့၏ဘဝသက်တမ်းအတွင်း၌ အချင်းချင်း ပြန်လည်ဆုံတွေ့နိုင်ရန်ပင် လွန်စွာခက်ခဲပေမည်။
တိုက်ခိုက်ရေးစာမေးပွဲ၌ အဆင့်ကောင်းကောင်းရရှိထားသူများသည် နောင်အနာဂတ်၌ အောင်မြင်မှုများရရှိမည်ဟု ယူဆနိုင်သည်။နန်းတွင်းစာမေးပွဲတွင် သူတို့၏ရလဒ်မဆိုးရွားသရွေ့ သူတို့သည် အဆင့်မြင့်ကျောင်းတော်သားများဖြစ်လာကာ ကြီးမားသောနာမည်ဂုဏ်သတင်းကို ရရှိပေမည်။
ဤစားသောက်ပွဲ၌ သူတို့သည် အချင်းချင်း ရင်းနှီးအောင်ပြုလုပ်ထားမှသာ နောင်အနာဂတ်အတွက် တည်ငြိမ်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ပေလိမ့်မည်။
လုယွီသည် ဤစားသောက်ပွဲကို ငြင်းဆန်ခြင်းမပြုချေ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ တပည့်ခေါင်းဆောင်ဟူသော အဆင့်အတန်းဖြင့် သူသည် ဤတစ်ကြိမ် စာပေစာမေးပွဲနှင့်တိုက်ခိုက်ရေးစာမေးပွဲတို့တွင် ပထမနေရာကို ရရှိခဲ့သည်။သူသည် လူအများ အဓိကအာရုံစူးစိုက်ခံရသူ ဖြစ်လာပေ၏။လူအများစုသည် သူနှင့်တွေ့ဆုံခွင့်ရရှိရန်အတွက် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များကို တွယ်ကပ်နေကြသည်။သူတို့သည် တော်ဝင်မြို့တော်တစ်ခုလုံးကို လှုပ်ခတ်သွားစေသည့်လူအား တွေ့မြင်လိုကြ၏။
Chapter 2995
တံလျှပ်ပင်လယ်မျှော်စင်...
တော်ဝင်မြို့တော်အတွင်း၌ နာမည်အကျော်ကြားဆုံး အဆင့်မြင့်စားသောက်ဆိုင်ဖြစ်သဖြင့် ဤနေရာကို ကြီးကျယ်ခမ်းနားစွာအလှဆင်ထားကာ မီးရောင်များဖြင့် တောက်ပနေသည်။သာမာန်အားဖြင့် အဆင့်မြင့်အရာရှိတချို့နှင့်မြင့်မြတ်သူများသာ ဤနေရာသို့လာရောက်၍ စားသောက်လေ့ရှိသည်။
"ဒီနေရာမှာပဲ ရပ်လိုက်တော့"
လုယွီက ရထားလုံးမောင်းသူကို ထွက်သွားခွင့်ပြုကာ တံလျှပ်ပင်လယ်မျှော်စင်အတွင်းသို့ တန်းတန်းမတ်မတ်ဝင်လိုက်၏။
သူ တံလျှပ်ပင်လယ်မျှော်စင်အတွင်းသို့ ဝင်လိုက်သည်နှင့် ခပ်ဖျော့ဖျော့မွှေးရနံ့တစ်ခုက သူ၏နှာခေါင်းအတွင်းသို့ ဝင်ရောက်လာသည်။
အရပ်မြင့်မားသောအစေခံတချို့က တံခါးအနီးတွင် မတ်တတ်ရပ်နေကာ သူတို့၏မျက်နှာများပေါ်၌ အပြုံးများရှိနေသည်။
"ဧည့်သည်တော်...ကြိုတင်ချိန်းဆိုမှု လုပ်ပြီးသားလား"
ကြီးကြပ်ရေးမှူးတစ်ယောက် လျှောက်လှမ်းလာကာ အပြုံးနှင့်မေးမြန်းသည်။
လုယွီက ပြောဆိုလေ၏။
"ငါက ကြိုတင်ချိန်းဆိုမှုလုပ်ပြီးသားပါ...ငါက...."
ထိုအချိန်မှာပင် အေးစက်စက်အသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာသည်။
"ဘယ်လိုတောင် ကံဆိုးနေတာလဲ....ငါက ဘာလို့ နင်နဲ့ ဒီနေရာမှာ တွေ့ရတာလဲ"
လုယွီက နောက်သို့လှည့်ကြည့်လိုက်ရာ သူ ရင်းနှီးကျွမ်းဝင်သော လူနှစ်ယောက်ကို မြင်တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်အနက်မှတစ်ယောက်သည် မုန့်ကျူးယွင်ပင်။
ဖူရွှေပွဲတော်၌ လုယွီသည် မုန့်ကျူးယွင်ကို သင်ခန်းစာပေးခဲ့သည်။ထိုအချိန်မှစ၍ သူမသည် ကျန်းမိသားစုအတွင်းမှ ပျောက်ကွယ်သွားကာ ကျန်းအိမ်တော်သို့ မလာတော့ချေ။
လုယွီသည် သူမအား ဤနေရာတွင် တွေ့ရမည်ဟု မျှော်လင့်မထားမိချေ။
ရက်အနည်းငယ်ကြာပြီးနောက် မုန့်ကျူးယွင်၏မျက်နှာပေါ်ရှိဒဏ်ရာများ ပျောက်ကင်းသွားလေပြီ။သို့ရာတွင် သူမသည် လုယွီကို တဖန်ပြန်၍မြင်တွေ့ချိန်တွင် သူမ၏စိတ်နှလုံးသားအတွင်းမှ အရှက်ရခဲ့သောခံစားချက်များ တဖန်ပြန်၍ မြင့်တက်လာသည်။
"ဘာလဲ...နောက်ဆုံးတစ်ကြိမ်တုန်းက ငါ မင်းကို သင်ခန်းစာပေးခဲ့တာ မလုံလောက်သေးဘူးလား"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
လုယွီ၏စကားကိုကြားချိန်တွင် မုန့်ကျူးယွင်က အလွန်ဒေါသထွက်သွားသည်။
"ငါ့ရဲ့ဝမ်းကွဲ နင့်ကိုယုံကြည်အောင် နင်ဘယ်လိုမျိုး လှည့်စားမှုတွေလုပ်ထားတယ်ဆိုတာ ငါ မသိဘူး...ဒါပေမယ့် ငါ့ရဲ့ဝမ်းကွဲက နင့်ကိုကာကွယ်ပေးထားတာနဲ့ပဲ နင် တကယ်ကြီး ဘေးကင်းလုံခြုံပြီလို့ ထင်နေတာလား"
လုယွီက ခေါင်းခါယမ်းကာ ပြောဆိုလိုက်၏။
"ကြည့်ရတာတော့ မင်း ဘာကိုမှ မသိသေးတဲ့ပုံပဲ"
မုန့်ကျုးယွင်သည် သူ့အား ကျန်းဟုန်မှ ကာကွယ်ပေးနေသည်ဟု တွေးထင်ထားခြင်းမှာ ကြီးမားသောအမှားကြီးပင်။
ကျန်းဟုန်သည် ဂုဏ်သိက္ခာမြင့်မားသော ကျန်းမိသားစုခေါင်းဆောင်ဖြစ်သော်လည်း သူသည် လုယွီကိုမြင်တွေ့ချိန်တွင် ဦးညွှတ်၍ လေးလေးစားစား ဆက်ဆံရသည်။
သူသည် တော်ဝင်အုပ်ချုပ်ရေးရုံးတော်၏အုပ်ချုပ်သူအရှင်ကို မြေပြင်ပေါ်၌ ဒူးထောက်စေခြင်းနှင့် ကျန်းမိသားစုခေါင်းဆောင် သူ့အားရိုသေလေးစားနေခြင်းတို့သည် သူ၏နောက်ခံအဆင့်အတန်းကြောင့်မဟုတ်ဘဲ သူ၏အစစ်အမှန်ခွန်အားကြောင့်ပင်။
"လုယွီ...အောက်ဘုံမှာတွေ့ခဲ့တုန်းက မင်း ဒီလောက်ထိ မောက်မာမယ်လို့ ငါ မျှော်လင့်မထားမိဘူး...မင်းက ငါ့သမီးကိုတောင် ရိုက်ဝံ့တယ်...မင်းက သေချင်နေတာလား"
မုန့်ကျူးယွင်၏နံဘေးတွင် မတ်တတ်ရပ်နေသူမှာ သူမ၏ဖခင် မုန့်ရွှမ်ကျိုးပင်။
အတိတ်တွင် အောက်ဘုံအတွင်း၌ မုန့်ရွှမ်ကျိုး၏အခွင့်အာဏာသည် အားကောင်းခြင်းမရှိချေ။သူသည် နယ်မြေတစ်ခု၏အုပ်ချုပ်သူဖြစ်သော်လည်း သူ၏ကိုယ်ပိုင်ခွန်အားအရဖြစ်စေ သူ ထိန်းချုပ်ရသောနယ်မြေအရဖြစ်စေ အားနည်းနေပေ၏။
ထို့ကြောင့် လုယွီ၏စိတ်အတွင်း၌ မုန့်ရွှမ်ကျိုးသည် အဆင့်နိမ့်လူတစ်ယောက်သာဖြစ်သည်။
မုန့်ရွှမ်ကျိုးသည် လုယွီကို မြင်တွေ့လိုက်သော အချိန်အခိုက်အတန့်တွင် အနည်းငယ်မျှပင် စဥ်းစားချင့်ချိန်နိုင်စွမ်းမရှိတော့ချေ။သူက ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ လုယွီထံဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
"ထွက်သွားစမ်း..."
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။သူ၏လက်ကိုမြှောက်လိုက်ရာ မုန့်ရွှမ်ကျိုး နောက်သို့လွင့်ထွက်သွားတော့သည်။
လုယွီ၏လက်ရှိအခြေအနေဖြင့် မုန့်ရွှမ်ကျိုးဆယ်ယောက်ပေါင်း၍ တိုက်ခိုက်လျှင်ပင် သူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
မုန့်ရွှမ်ကျိုး၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။ထိုလက်ဝါးရိုက်ချက်ကြောင့် သူသည် မီတာအနည်းငယ်အကွာအဝေးသို့ လွင့်ထွက်သွားလေ၏။
"လုယွီ...နင်က ငါ့ရဲ့အဖေကို တိုက်ခိုက်ဝံ့တာလား"
မုန့်ကျူးယွင်က စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သို့ရာတွင် သူမသည် လုယွီကို တိုက်ခိုက်ဝံ့ခြင်းမရှိချေ။
မည်သို့ပင်ဆိုစေကာမူ ဖူရွှေပွဲတော်အတွင်းတွင် ဖြစ်ပျက်ခဲ့သောဖြစ်ရပ်မှ လုယွီ၏ပုံရိပ်သည် သူမ၏စိတ်နှလုံးသားအတွင်း၌ နက်ရှိုင်းစွာ စွဲထင်နေလေပြီ။လုယွီကို ထပ်မံ၍မြင်တွေ့ရချိန်၌ မုန့်ကျူးယွင်သည် သူမ၏စိတ်နှလုံးသား တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။သူမသည် လုယွီကိုတိုက်ခိုက်ရန် သတ္တိမရှိချေ။
"နေဦး"
မုန့်ရွှမ်ကျိုးက သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းသိမ်းကာ အံ့တင်းတင်းကြိတ်၍ ဒေါသတကြီးပြောဆိုသည်။
"လုယွီ...မင်းက အောက်ဘုံမှာကတည်းက စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ခဲ့တယ်...ဘယ်လိုသတ္တိမျိုးနဲ့ မင်းက ကောင်းကင်ဘုံနယ်မြေမှာတောင် ရိုင်းပျဝံ့တာလဲ...အခုလက်ရှိ ငါ့ရဲ့အဆင့်အတန်းကို မင်း သိလား...မင်းက ငါ့ကိုတောင် ထိဝံ့မှတော့...ဒီနေ့ မင်းကို ဘယ်သူမှ လာမကယ်နိုင်စေရဘူး"