← Chapters

အခန်း (၃၀၀၆-၃၀၁၀)

Vol. 154 Ch. 3006-3010

အခန်း (၃၀၀၆-၃၀၁၀)

Vol. 154 Ch. 3006-3010

Chapter 3006

"လုရှီကို ကြိုဆိုပါတယ်"

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များ၏ အော်သံများက ပထမထပ်၏ပင်မခန်းမတစ်ခုလုံးကို ပြည့်နှက်သွားကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံး တုန်ခါသွားသည်။

လုယွီကို မမြင်တွေ့ဖူးသည့် တော်ဝင်မြို့တော်မှလူတချို့သည်လည်း အလွန်စိတ်လှုပ်ရှားနေကြ၏။

ယခုလက်ရှိချိန်တွင် လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ ဒဏ္ဍာရီတစ်ခုပင်။မဟာကွန်ဖြူးရှပ်ပညာရှင်အများစု၏ နာမည်ဂုဏ်သတင်းပင်လျှင် လုယွီနှင့်ယှဥ်ပြိုင်၍မရချေ။

"နင်...ဘယ်လိုလုပ်ပြီး နင် ဖြစ်နေတာလဲ"

မုန့်ကျူးယွင်က အံ့အားသင့်နေသောမျက်နှာအမူအယာဖြင့် လုယွီကို ကြည့်လိုက်သည်။

သူမသည် တံလျှပ်ပင်လယ်မျှော်စင်သို့လာခဲ့စဥ်၌ ယခုနှစ်တော်ဝင်စာမေးပွဲတွင် ပထမနေရာရရှိသွားသူမှာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်ခေါင်းဆောင်ဖြစ်ကြောင်း ကြားသိခဲ့ရသည်။

သို့ရာတွင် သူမသည် ထိုကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုမရှိချေ။မည်သို့ပင်ဆိုစေကာမူ တော်ဝင်စာမေးပွဲဟူသည်မှာ သူမနှင့်အလှမ်းကွာဟပေ၏။

မုန့်ကျူးယွင်သည် တော်ဝင်ကျောင်းတော်၏တပည့်တစ်ယောက်ဖြစ်သော်လည်း ကျောင်းတော်တပည့်တိုင်းသည် တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် အရည်အချင်းပြည့်မီသည်မဟုတ်ချေ။

အကယ်၍ တစ်စုံတစ်ယောက်သည် တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်လိုပါက အနည်းဆုံးအနေဖြင့် အလယ်အလတ်အဆင့်တပည့်တစ်ယောက် ဖြစ်ရပေမည်။

မုန့်ကျူးယွင်သည် စာပေသူတော်စင်ယီဟန်၏ နာမည်ခံတပည့်တစ်ယောက်ဖြစ်သော်လည်း ပါရမီရှင်များဖြင့် ပြည့်နှက်နေသည့် တော်ဝင်ကျောင်းတော်အတွင်း၌ သူမသည် အရေးမပါလှချေ။သူမ တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန်အတွက် အချိန်ယူ၍ ကျင့်ကြံရပေမည်။

ထို့ကြောင့် မုန့်ကျူးယွင်သည် ထိုကိစ္စနှင့်ပတ်သတ်၍ အသေးစိတ်ကျကျ စုံစမ်းမေးမြန်းခြင်း မပြုတော့ချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များ ထွက်လာသည်ကို မြင်တွေ့ချိန်တွင် သူမ အံ့အားသင့်တုန်လှုပ်သွားသည်။

မုန့်ကျူးယွင်၏စိတ်နှလုံးသားအတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေသော ဆိုးရွားသောခံစားချက်က အားကောင်းသည်ထက် ပို၍အားကောင်းလာသည်။

"လုရှီ...ငါက မဟာကွန်ဖြူးရှပ်ပညာရှင်ချန်းကျင်းရဲ့တပည့်ပါ...လုရှီရဲ့ခွန်အားက သာလွန်ထူးကဲပြီးတော့ စာပေရော တိုက်ခိုက်ရေးမှာပါ ထူးချွန်တယ်လို့ သူ့ဆီကနေ ငါ ကြားထားတာ အချိန်အတော်ကြာနေပြီ...အခုက ငါ မျှော်လင့်ထားသလိုပဲ လုရှီက ရထားတဲ့နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်တယ်...စာပေနဲ့တိုက်ခိုက်ရေး စာမေးပွဲနှစ်ခုလုံးမှာ ပထမနေရာတွေရခဲ့တာက ငါတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွက် ဂုဏ်တက်စရာပဲ...ငါက လုရှီအတွက် ဝမ်းသာဂုဏ်ယူမိတယ်"

"စာပေနဲ့တိုက်ခိုက်ရေးစာမေးပွဲနှစ်ခုလုံးမှာ ပထမနေရာကို ရခဲ့တဲ့အတွက် လုရှီကို ဂုဏ်ပြုပါတယ်"

ကျောင်းတော်တပည့်အမြောက်အများ ရှေ့သို့တိုးလာကာ ပျော်ရွှင်နေကြသော အမူအယာများဖြင့် လုယွီကို ချီးမွမ်းစကား ပြောဆိုနေကြ၏။

နံဘေးဘက်၌ မတ်တတ်ရပ်နေသော မုန့်ကျူးယွင်တို့လူစုသည် ကြက်သေသေနေကြကာ သူတို့၏ဦးရေပြားများ ထုံကျင်လာသကဲ့သို့ ခံစားနေရသည်။

တော်ဝင်စာမေးပွဲ၏သမိုင်းစဥ်တလျှောက်တွင် ပထမနေရာကိုရရှိသွားသူများသည် နောင်တစ်ချိန်၌ အရေးကြီးပုဂ္ဂိုလ်များ ဖြစ်လာကြသည်။ထို့ပြင် ပထမနေရာကို ရရှိသွားပြီဖြစ်သောကြောင့် သူတို့၏ပါရမီအရည်အချင်းကို ပြသပြီးဖြစ်သည်။

ဤသည်က တော်ဝင်စာမေးပွဲ၏ပထမနေရာပင်။

ကောင်းကင်ဘုံနယ်မြေတခွင်လုံးတွင် တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်သော လူငယ်ပါရမီရှင်အမြောက်အများရှိသည်။သို့ရာတွင် သူတို့အနက်မှ လူနည်းစုကသာ ထိပ်ဆုံးအဆင့်နေရာများကို ရရှိကြသည်။တော်ဝင်စာမေးပွဲ၏ပထမနေရာကို ရရှိရန် မည်မျှထိခက်ခဲသည်မှာ ဆိုဖွယ်ရာပင်မရှိချေ။

"ကျန်းမိသားစုခေါင်းဆောင်က စီနီယာလုအတွက် ဂုဏ်ပြုလက်ဆောင် လာရောက်ပေးအပ်ပါတယ်...တော်ဝင်စာမေးပွဲမှာ ပထမနေရာကိုရခဲ့တဲ့အတွက် စီနီယာလုကို ဂုဏ်ပြုပါတယ်"

တံခါး၏ပြင်ပမှနေ၍ ကျယ်လောင်သောအသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

တံခါးမကြီးမှနေ၍ လူတစ်စုဝင်ရောက်လာကာ ထိပ်ဆုံးမှဦးဆောင်လာသူသည် ကျန်းဟုန်ဖြစ်ပေ၏။

ကျန်းဟုန်၏နောက်တွင် အစေခံတစ်စုလိုက်ပါလာကာ သူတို့သည် အဖိုးတန်ရှားပါးသော ရတနာများထည့်ထားသည့် လေးလံသော ရတနာသေတ္တာကြီးများကို သယ်ဆောင်လာကြသည်။

ထိုပစ္စည်းများကို သိုလှောင်အိတ်အတွင်း၌ ထည့်သွင်း၍ရသော်လည်း တမင်သက်သက် သယ်ဆောင်လာခြင်းဖြစ်သည်။အကြောင်းအရင်းမှာ သူတို့၏လက်ဆောင်ပစ္စည်းများ မည်မျှထိတန်ဖိုးကြီးသည်ကို ပြင်ပ၌ထုတ်ပြလိုခြင်းကြောင့်ပင်။

ကျန်းဟုန်သည် အတွင်းသို့ဝင်ရောက်လာပြီးနောက် မုန့်ကျုးယွင်လည်းရှိနေသည်ကို မြင်တွေ့ချိန်တွင် သူက မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် မကြာမီမှာပင် သူ၏မျက်လုံးအကြည့်က လုယွီထံသို့ ကျရောက်သွားသည်။

"စီနီယာလုကို ဂုဏ်ပြုပါတယ်...ငါ ရောက်လာတာ နောက်ကျသွားလားမသိဘူး...ဒါပေမယ့် ကျေးဇူးပြုပြီးတော့ ဒီနည်းပါးတဲ့လက်ဆောင်လေးတွေကို လက်ခံပေးပါ"

ကျန်းဟုန်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ဂါရဝပြုကာ အပြုံးနှင့်ပြောဆိုသည်။

"ဒါက ကျန်းမိသားစုခေါင်းဆောင်လား...ဖြစ်နိုင််တာတော့ ဒါက စာပေသူတော်စင်ရဲ့မိသားစုဖြစ်တဲ့ ကျန်းမိသားစုမဟုတ်လား"

"ဟူး...မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတာပဲ...အဆင့်သတ်မှတ်ချက်စာရင်းနှစ်ခုလုံးမှာ ပထမရထားတဲ့သူ့ကို...ထိပ်သီးမိသားစုခေါင်းဆောင်တစ်ယောက်ကတောင် ကိုယ်တိုင်ကိုယ်ကျလာပြီးတော့ ဂုဏ်ပြုတယ်"

နံဘေးဘက်မှအစောင့်များသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အံ့အားသင့်တုန်လှုပ်သွားကြ၏။

သူတို့သည် ထိပ်သီးပုဂ္ဂိုလ်အမြောက်အများကို မြင်တွေ့ဖူးသော်လည်း ထိပ်တန်းမိသားစုရှစ်စု၏မိသားစုခေါင်းဆောင်များသည် လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုကြီးများဖြစ်သည်။ထိုမိသားစုခေါင်းဆောင်များအနက်မှတစ်ယောက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ဂုဏ်ပြုသည်ကို ကြည့်ခြင်းအားဖြင့် လုယွီ၏အဆင့်အတန်းကို သက်သေပြပြီးဖြစ်ပေ၏။

"စီနီယာလု ကြည့်ရအောင် အဲ့ဒါတွေကို ဖွင့်လိုက်ကြစမ်း"

ကျန်းဟုန်က နောက်သို့ပြန်လှည့်၍ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

သူ၏နောက်မှ အစေခံများသည် သူတို့၏လက်အတွင်းရှိ လေးလံသောသေတ္တာများကို အလျှင်အမြန် ဖွင့်လိုက်ကြသည်။ရုတ်ချည်းဆိုသလိုပင် ရတနာများ၏တောက်ပသောအလင်းရောင်က လူများအားလုံး၏ရှေ့သို့ ဖြာကျလာသည်။

Chapter 3007

သေတ္တာများအတွင်း၌ အမျိုးအစားစုံလင်သော ရတနာများဖြင့် ပြည့်နှက်နေသည်။

ထိုရတနာများတွင် ဆေးလုံးများသာမက မှော်လက်နက်သန့်စင်ရန်ပါဝင်ပစ္စည်းများ ဆေးလုံးသန့်စင်ရန်ဆေးဖက်ဝင်ပစ္စည်းများ တောက်ပသောဝင်္ကပါဖွဲ့စည်းပုံများ လည်းပါဝင်ကာ ပြင်ပလောကတွင် ရှာဖွေတွေ့နိုင်ရန်ခက်ခဲသည့် အဖိုးတန်ရှားပါးသောအရာများဖြစ်သည်။

"ဒါက ကောင်းကင်ဘုံနတ်ဘုရားသစ်သီးမဟုတ်လား...ကောလဟာလတွေအရတော့ ဒါက နှစ်သုံးရာမှတစ်ကြိမ် အသီးတစ်သီးပဲသီးတာ...အခုက တကယ်ကြီး ဒီအတိုင်း ပေးလိုက်တာလား"

"ငါက ရှေးဟောင်းစာအုပ်တချို့ကိုလည်း မြင်မိတယ်...အဲ့ဒီစာအုပ်တွေက ကျန်းမိသားစုကနေ ပြင်ပကိုဖြန့်ချီခွင့်မပေးတဲ့ လျှို့ဝှက်နည်းစနစ်တွေပဲ...သူတို့က ဒါတွေကိုတောင် လုရှီကို လက်ဆောင်ပေးနေတယ်"

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်အများစုသည် အတွေ့အကြုံရင့်ကျက်ပြီး အသိပညာဗဟုသုတကြွယ်ဝသူများဖြစ်သဖြင့် သေတ္တာအတွင်းရှိ ရတနာများသည် မည်မျှထိအဖိုးတန်ရှားပါးသော ရတနာများဖြစ်သည်ကို အကြည့်တစ်ချက်ဖြင့်ပင် တွေ့မြင်နိုင်စွမ်းရှိသည်။

ကျန်းမိသားစုသည် လုယွီကို မျက်နှာလုပ်ရန်အတွက် ဤမျှထိများပြားသော အဖိုးတန်ရတနာများကို လိုလိုလားလား အသုံးပြုခဲ့သည်။ဤသည်က သူတို့အားလုံး မျှော်လင့်မထားမိသောကိစ္စပင်။

မုန့်ကျူးယွင်သည် နေရာမှာပင် အမြစ်တွယ်နေသကဲ့သို့ မတ်တတ်ရပ်နေလေ၏။

ထိုအချိန်တုန်းက ကျန်းဟုန်သည် လုယွီကို စီနီယာဟု ခေါ်ဆိုခြင်းမှာ ရယ်စရာပြက်လုံးတစ်ခုဟု သူမ တွေးထင်ခဲ့သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ကျန်းမိသားစုကို မှီခိုနေခြင်းမဟုတ်ကြောင်း သူမ သိရှိသွားလေပြီ။

ဆန့်ကျင်ဘက်အနေဖြင့် ကျန်းဟုန်သည် လုယွီ စိတ်ကျေနပ်မှုရရှိစေရန် အစွမ်းကုန်ကြိုးစားနေခြင်းဖြစ်သည်။

"အရင်တုန်းက ငါတို့ကျန်းမိသားစုနဲ့စီနီယာလုအကြားမှာ နားလည်မှုလွဲမှားတာတစ်ခုရှိခဲ့တယ်...ဒါက မိသားစုခေါင်းဆောင်ဖြစ်တဲ့ ငါ့ရဲ့တာဝန်ပေါ့ဆမှုကြောင့်ပါ...ငါတို့က အဲ့ဒီပြစ်မှုကိုကျူးလွန်တဲ့လူတိုင်းကို အပြစ်ပေးပြီးပါပြီ...စီနီယာလုက ကျေးဇူးပြုပြီးတော့ ငါတို့ကို ခွင့်လွှတ်ပေးပါ"

ကျန်းဟုန်က ရိုသေလေးစားသောအမူအယာဖြင့် ကျောက်စိမ်းသေတ္တာတစ်လုံးကို လုယွီထံ လက်ကမ်းပေးလေ၏။

ထိုသေတ္တာအတွင်း၌ သန္တာကျောက်နှင့်တူသော နဂါးဦးချိုနှစ်ချောင်းရှိနေသည်။ထိုဦးချိုများ၏မျက်နှာပြင်မှနေ၍ ရောင်စုံအလင်းတန်းများ ဖြာထွက်နေသည်။

နံဘေးမှလူတချို့သည် ထိုအရာအားကြည့်လိုက်ကြရာ သူတို့၏မျက်လုံးများ စူးရှနာကျင်လာသည်ကို ခံစားမိသဖြင့် သူတို့က အလျင်စလိုမျက်လုံးမှိတ်လိုက်ကြသည်။

"ဒါကိုကြည့်ရတာ အရောင်အသွေးစုံလင်တယ်...ဒါတွေက နဂါးဧကရာဇ်တစ်ယောက်ရဲ့ဦးချိုတွေများလား...ဒဏ္ဍာရီတွေအရတော့ နဂါးဧကရာဇ်တစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ နဂါးအမြူတေနဲ့နဂါးဦးချိုက အဖိုးအတန်ဆုံးပဲ...နဂါးဦးချိုတွေမှာ နဂါးဧကရာဇ်တစ်ယောက် ဘဝတသက်တာလုံးစုဆောင်းခဲ့တဲ့ ထက်ရှတဲ့အရှိန်အဝါတွေ ပါနေပြီးတော့...ကျင့်ကြံသူတွေရဲ့စိတ်စွမ်းအား ထက်ရှလာအောင် ကျင့်ကြံဖို့အသုံးပြုကြတယ်...ဒါက ဝင်္ကပါပညာရှင်တွေနဲ့ဆေးပညာရှင်တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပဲ"

ကိစ္စများစွာကို ကြုံတွေ့ဖူးသော ကျောင်းတော်တပည့်တချို့သည် ထိုနဂါးဦးချိုများ၏မူရင်းဇစ်မြစ်ကို ထုတ်ဖော်ပြောဆိုနိုင်လေ၏။

တခြားလူများသည် ထိုအရာများကို မြင်တွေ့ချိန်တွင် အပူလှိုင်းများတလိပ်လိပ်တက်လာသကဲ့သို့ ခံစားနေရသည်။နဂါးဧကရာဇ်တစ်ယောက်၏နဂါးဦးချိုများသည် တန်ဖိုးမဖြတ်နိုင်သော ရတနာပင်။

အတိတ်တွင် နဂါးဘုရင်တစ်ယောက်၏ဦးချို ထွက်ပေါ်လာလျှင်ပင် ထိုအရာကိုရရှိရန်အတွက် ဝင်္ကပါပညာရှင်အမြောက်အများ တိုက်ခိုက်နေခဲ့ကြသည်။ထို့ကြောင့် အဆင့်ပို၍မြင့်မားသော နဂါးဧကရာဇ်၏ဦးချိုဆိုပါက ဆိုဖွယ်ရာပင်မရှိချေ။

ကျန်းမိသားစုသည် လွန်စွာရက်ရောလွန်းပေ၏။

လုယွီ၏အကြည့်သည် တည်ငြိမ်နေကာ ကျန်းဟုန်၏လက်အတွင်းရှိ ကျောက်စိမ်းသေတ္တာကိုတစ်ချက်ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

"အင်း...အဲ့ဒီကိစ္စ ပြေလည်သွားပြီလို့ မင်း ယူဆနိုင်တယ်"

ထိုစကားကိုကြားချိန်တွင် ကျန်းဟုန်က စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

လုယွီသည် လက်ဆောင်များကိုလက်ခံလိုက်ခြင်းကြောင့် ယခင်က ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ဂရုမစိုက်တော့ဟု ဆိုလိုခြင်းဖြစ်သည်။

"ဝေ့မိသားစုရဲ့အကြီးဆုံးသခင်မလေးက သခင်လေးလုကို ဂုဏ်ပြုလက်ဆောင်အဖြစ် စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့်ဓား၉၉လက် ပေးအပ်ပါတယ်"

"ကျန့်မိသားစုက အလယ်ခေတ်အတွင်းကရှေးဟောင်းပန်းချီကားတစ်ချပ်ကို ဂုဏ်ပြုလက်ဆောင်အဖြစ် သခင်လေးလုကို ပေးအပ်ပါတယ်..."

"လုမိသားစုက...."

တံခါးမကြီး၏ရှေ့မှနေ၍ ဂုဏ်ပြုလက်ဆောင်လာရောက်ပေးအပ်သော သံတမန်များ၏အသံက အဆက်မပြတ်ထွက်ပေါ်နေသည်။အိမ်တော်ထိန်းတချို့သည် အပြုံးမျက်နှာများဖြင့် လုယွီထံလာရောက်၍ ဂုဏ်ပြုစကားပြောဆိုကြသည်။သူတို့၏နောက်တွင် ဂုဏ်ပြုလက်ဆောင်များကို သယ်ဆောင်လာသော အစေခံများရှိနေသည်။

လုယွီသည် တော်ဝင်မြို့တော်အတွင်း၌ အိမ်တော်ရှိမနေချေ။ထိုလူများသည် ယနေ့တွင် လုယွီ ဤနေရာသို့ရောက်ရှိလာမည်ကို သတင်းရထားကြသဖြင့် လက်ဆောင်များပြင်ဆင်ကာ သူ့ထံသို့ ပေးအပ်ခြင်းဖြစ်သည်။

ရှမိသားစုနှင့်ရှောင်မိသားစုမှလွဲ၍ ကျန်ရှိသည့် တခြားထိပ်တန်းမိသားစုများအားလုံး လုယွီထံသို့ ဂုဏ်ပြုလက်ဆောင် ပေးပို့ကြသည်။

ထိုလက်ဆောင်ပစ္စည်းတိုင်းသည် ပြင်ပလောကတွင် ရှာဖွေတွေ့နိုင်ရန်ခက်ခဲသည့် အဖိုးတန်ရှားပါးသော ရတနာပစ္စည်းများဖြစ်သည်။

ထို့ထက်ပို၍အရေးကြီးသောအချက်မှာ ဤသည်က တော်ဝင်မြို့တော်၏ထိပ်တန်းမိသားစုကြီးများပင်။

ထိုအရာမှတဆင့် လုယွီသည် တော်ဝင်မြို့တော်ရှိ အထက်တန်းလွှာအသိုင်းအဝိုင်း၏အသိအမှတ်ပြုခြင်းကို ရရှိသွားပြီဟူသော အဓိပ္ပါယ်မျိုးသက်ရောက်ပေ၏။သူတို့သည် လက်ဦးမှုရယူ၍ လုယွီကို သိမ်းသွင်းလိုကြသည်။

လူတိုင်း အံ့အားသင့်တုန်လှုပ်နေစဥ်မှာပင် ပန်းထိုးဝတ်စုံဝတ်ဆင်ထားသည့် အရပ်မြင့်မားပြီး သန်မာထွားကျိုင်းသော နဂါးအစောင့်တစ်စုက ရုတ်တရက် တံခါးဝတွင် ထွက်ပေါ်လာသည်။

ထိုနဂါးအစောင့်များဝတ်ဆင်ထားသည့် ပန်းထိုးဝတ်စုံများပေါ်တွင် ငါးပျံသင်္ကေတများကို ပန်းထိုးထားသည်။သူတို့သည် ကျိုးယွမ်ရုံကို ကာကွယ်စောင့်ရှောက်ပေးနေသော နဂါးအစောင့်များထက် ပို၍အဆင့်မြင့်သည်မှာ သိသာထင်ရှားလှ၏။

Chapter 3008

ထိုလူများသည် အဆင့်မြင့်နဂါးအစောင့်များပင်။

နဂါးအစောင့်များသည် လူရွေးချယ်ရာ၌ အလွန်စည်းကမ်းတင်းကြပ်ရုံသာမက အတွင်းပိုင်းရာထူးအဆင့်များတွင်လည်း အလွန်အမင်းတင်းကြပ်သည်။

ကြေးအဆင့်နဂါးအစောင့်မှနေ၍ အဆင့်တက်စေရန်အလို့ငှာ တစ်စုံတစ်ယောက်သည် လုံလောက်သောအကျိုးဆောင်ရမှတ်ရရှိရန်လိုအပ်ရုံသာမက ခွန်အားသည်လည်း အရေးကြီးသောတစိတ်ဒေသအဖြစ်ပါဝင်သည်။

အဆင့်မြင့်နဂါးအစောင့်တစ်ယောက်စီတိုင်းသည် ရာနှင့်ချီသောတိုက်ပွဲများကို ရင်ဆိုင်ခဲ့ပြီးသူများဖြစ်ကာ သူတို့၏ခွန်အားသည် နယ်စားတစ်ယောက်၏နံဘေးတွင် စောင့်ကြပ်ရသော သာမာန်နဂါးအစောင့်များထက် များစွာပို၍သာလွန်သည်။

ထိုအဆင့်မြင့်နဂါးအစောင့်များ ထွက်ပေါ်လာချိန်တွင် ပထမထပ်ရှိ ခန်းမတစ်ခုလုံး ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားလေ၏။

"ဟား ဟား ဟား...ညီလေးလုယွီ...မင်းက တော်ဝင်စာမေးပွဲမှာ ပထမနေရာရထားတယ်လို့ ငါ ကြားထားတယ်...ဒါကြောင့် ငါကိုယ်တိုင် မင်းဆီလာပြီးတော့ ဂုဏ်ပြုစကားလာပြောတာပဲ"

အူလှိုက်သည်းလှိုက်ရယ်မောသံတစ်သံက တံခါး၏ပြင်ပမှ ထွက်ပေါ်လာသည်။

ထိုအသံသည် ဓားများနှင့်လှံများ ထိခတ်သွားသည့်အသံအလား ခန်းမအတွင်း၌ ပျံ့နှံ့သွားသည်။ထိုအသံသည် အလွန်ကျယ်လောင်သဖြင့် လူအများ၏နားများကိုပင် နာကျင်စေသည်။

ကျိုးယွမ်ရုံ၏နောက်သို့ လိုက်ပါလာသော နဂါးအစောင့်များသည် ထိုအသံကိုကြားချိန်တွင် ချက်ချင်းမတ်တတ်ထရပ်ကာ ရိုသေလေးစားစွာ အရိုအသေပြုလိုက်ကြ၏။

ဤလူသည် နဂါးအစောင့်များ၏ တောင်ပိုင်းဒေသအုပ်ချုပ်သူအရှင် ယန်စွေ့ပင်။

သူသည် နဂါးအစောင့်များအနက် အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်ကာ တော်ဝင်နန်းတွင်းရှိ မြောက်များစွာသောအရာရှိများနှင့်မြင့်မြတ်သူများ အလွန်ကြောက်ရွံရသောသူဖြစ်သည်။

ကျိုးယွမ်ရုံသည် ယန်စွေ့ကိုမြင်တွေ့ချိန်တွင် သူသည် မြေပြင်ပေါ်၌ ဒူးထောက်လိုက်လုနီးပါးပင်။သူသည် မျိုးကွဲမှော်သားရဲတစ်ကောင်နှင့်လူသားတစ်ယောက်အကြားမှ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို မြင်တွေ့လိုက်ရသည့်အလား သူ၏ခြေထောက်များ အဆက်မပြတ်တုန်ရီနေသည်။

နဂါးအစောင့်များသည် ကြီးမားသောအခွင့်အာဏာကို ကိုင်ဆောင်ထားသည်။တော်ဝင်နန်းတွင်း၏အရာရှိများသာမက တော်ဝင်မိသားစုဝင်များသည်လည်း သူတို့၏စောင့်ကြည့်မှုအောက်တွင်ရှိသည်။

နှစ်စဥ်နှစ်တိုင်း အကြောင်းပြချက်အမျိုးမျိုးဖြင့် နန်းတွင်း၏သံမဏိစည်းမျဥ်းကိုချိုးဖောက်သော တော်ဝင်မိသားစုဝင်များရှိသည်။သူတို့သည် တော်ဝင်အကျဥ်းထောင်အတွင်းသို့ နဂါးအစောင့်များ၏ခေါ်ဆောင်သွားခြင်းကိုခံရကာ သေသည်ထက်ဆိုးရွားသောဘဝဖြင့် အသက်ရှင်သန်နေထိုင်ကြရသည်။

ပထမတန်းစားအဆင့်မင်းသားတစ်ယောက်မဟုတ်ပါက မည်သူမည်ဝါဖြစ်နေပါစေ နဂါးအစောင့်များနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီနေကြပေမည်။

"အရှင်ယန် ဒီနေရာကိုရောက်လာတာ သူ့ကို ဂုဏ်ပြုဖို့အတွက်လား"

ကျိုးယွမ်ရုံသည် သူ၏လည်မြိုခြောက်ကပ်နေသကဲ့သို့ ခံစားနေရ၏။

နဂါးအစောင့်များ၏မျက်လုံးများအတွင်း၌ သူတို့သည် အရေးမပါလှချေ။

ထို့ပြင် ယခုလက်ရှိဧကရီသည် ကျိုးမိသားစုဝင်မဟုတ်ချေ။ကျိုးမိသားစု၏အခွင့်အာဏာများ ပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထို့ကြောင့် သူ ယန်စွေ့ကို ပို၍ပင်ထိတ်လန့်ကြောက်ရွံရသည်။

ယန်စွေ့က ကျိုးယွမ်ရုံကိုတစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"ဒါက ပင်းရှင်းမင်းသားမလား...ငါ မင်းကို လာရှာတာမဟုတ်ဘူး"

ထိုသို့ပြောဆိုပြီးနောက် ယန်စွေ့က လုယွီထံသို့ဦးတည်၍ လျှောက်လှမ်းသွားလေသည်။ထို့နောက် သူက ကျယ်လောင်စွာအော်ဟစ်ရယ်မော၍ ပြောဆိုသည်။

"ညီလေးလု...နောက်ဆုံးတစ်ကြိမ်တုန်းက ငါ မင်းကို ကျေးဇူးတင်ရမယ်...ဒါကြောင့် ငါ မင်းကိုကူညီပြီးတော့ အများကြီး အကျိုးဆောင်ပေးထားတယ်...အဲ့ဒီအိုမင်းနေတဲ့ကောင်တွေက ရှုရာသားတော်ကို ကာကွယ်ပေးထားမယ်လို့ ငါ မျှော်လင့်မထားမိဘူး...အခု ငါတို့က အဲ့ဒီကောင်တွေအားလုံးကို သတ်ပြီးပြီ...မင်း ဘာမှမစိုးရိမ်နဲ့...အဲ့ဒီ တိုက်ပွဲအကျိုးဆောင်ရမှတ်တွေအားလုံးက မင်းအတွက်ပဲ"

ယန်စွေ့က အလွန်ရင်းနှီးကျွမ်းဝင်သော အပြုအမူဖြင့် လုယွီ၏ပခုံးကို ပုတ်လိုက်၏။

ဒုန်း...

ပင်းရှင်းမင်းသား၏နောက်သို့လိုက်ပါလာသည့် နဂါးအစောင့်များအနက်မှ တစ်ယောက်၏လက်အတွင်းရှိဓားရှည် မြေပြင်ပေါ်သို့ ရုတ်တရက်လွတ်ကျသွားသည်။

သူတို့သည် စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်အတွင်း၌ နစ်မြောနေသည့်အလား နေရာမှာပင် ကြက်သေသေနေကြသည်။

ယန်စွေ့သည် မည်သူဖြစ်သနည်း...

သူသည် နဂါးအစောင့်များ၏ခေါင်းဆောင်တပ်မှူးနောက် ဒုတိယနေရာတွင်ရှိသူပင်။

သူသည် ဧကရာဇ်၏အစွမ်းထက်ဆုံး သိမ်းငှက်ခွေးဖြစ်ကာ သူ၏လက်တွင် အမြောက်အများ စွန်းထင်းနေသည်။မရေမတွက်နိုင်သော အဆင့်မြင့်အရာရှိများ သူ၏လက်အတွင်း၌ သေဆုံးခဲ့ရ၏။

ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော လူစားမျိုးသည် လုယွီကို ညီလေးလုဟု ခေါ်ဆိုလိုက်သလော....

ထို့ပြင် ယန်စွေ့၏အပြုအမူအရ အကဲဖြတ်ကြည့်ပါက သူသည် လုယွီကို သူ၏လူတစ်ယောက်ဟု သဘောထားနေသည်မှာ သိသာထင်ရှားသည်။သူသည် တိုက်ပွဲအကျိုးဆောင်ရမှတ်များကိုပင် လုယွီအတွက် ယူဆောင်ပေးထားခဲ့သည်။

ယန်စွေ့၏အကြောင်းကို ကောင်းစွာသိသော နဂါးအစောင့်များပင်လျှင် သူတို့၏အောက်မေးရိုးများ ပြုတ်ကျလုမတက် အံ့အားသင့်တုန်လှုပ်နေကြရာ တခြားသူများသည် ဆိုဖွယ်ရာပင်မရှိချေ။

အစောပိုင်းက လုယွီကို တိုက်ခိုက်ခဲ့သော နဂါးအစောင့်များသည် ရုတ်တရက် ကမ္ဘာလောကကြီးတစ်ခုလုံး မှောင်မည်းသွားကာ မိုးကောင်းကင်ယံကြီးချာချာလည်သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၏။

အကယ်၍ ယခုလက်ရှိချိန်တွင် လုယွီသာ စိတ်ဆိုးဒေါသထွက်သွားပါက ထိုအကျိုးဆက်ကို သူတို့ တောင့်ခံနိုင်မည်မဟုတ်ချေ။

"ရှုရာသားတော်ကို ဖမ်းဆီးမိခဲ့တဲ့ တိုက်ပွဲအကျိုးဆောင်ရမှတ် တစ်ခုတည်းကိုပဲ ငါ လိုချင်တယ်...ကျန်တာတွေကတော့ အရှင်ယန်ရဲ့စွမ်းဆောင်မှုကြောင့်ပါ....ငါက အဲ့ဒါတွေကို လုမယူဝံ့ပါဘူး"

Chapter 3009

ယန်စွေ့က ရယ်မောပြီး ပြောဆိုသည်။

"ငါက ဒီဆုံးဖြတ်ချက်ကိုချခဲ့တာမဟုတ်ဘူး...တော်ဝင်စစ်ရေးဌာနရဲ့အမတ်ကြီးက မင်းကိုကူညီခဲ့တာပဲ...တကယ်လို့ တော်ဝင်မြို့တော်ထဲကို ခိုးဝင်နေတဲ့ ရှုရာသားတော်ကိုသာ မင်း ရှာမတွေ့ခဲ့ဘူးဆိုရင်...ဒီလိုမျိုး ငါးအကြီးကြီးကို ငါတို့ ဖမ်းမိမှာမဟုတ်ဘူး...မင်းက အများဆုံး အကျိုးဆောင်ခဲ့တဲ့သူပဲ...ဒီတစ်ကြိမ်တော့ မင်း အားနာမနေနဲ့တော့"

လုယွီက အနည်းငယ် အံ့အားသင့်သွားသည်။

ယန်စွေ့သည် ကိုယ်တိုင်ကိုယ်ကျ တော်ဝင်စစ်ရေးဌာနမှအမတ်ကြီးနှင့်တွေ့ဆုံကာ သူ့အတွက် အကျိုးဆောင်ပေးခဲ့ကြောင်း သက်သေပြနေသည်။

နဂါးအစောင့်များသည် တခြားစစ်သားများနှင့်မတူညီဘဲ သူတို့၏တိုက်ပွဲအကျိုးဆောင်မှုများကို တော်ဝင်စစ်ရေးဌာနတွင် မှတ်တမ်းတင်ခြင်းခံရလေ့မရှိချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုအကျိုးဆောင်ရမှတ်များအားလုံး သူ ရရှိစေရန် နောက်ကွယ်မှနေ၍ ယန်စွေ့လှုပ်ရှားခဲ့ခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။

သို့ရာတွင် လုယွီ အံ့အားသင့်နေသောအချက်မှာ ယန်စွေ့၏အပြောင်းအလဲ အနည်းငယ်မြန်ဆန်နေသောကြောင့်ပင်။

နောက်ဆုံးတစ်ကြိမ် တော်ဝင်မြို့တော်တွင် တွေ့ဆုံခဲ့စဥ်၌ လုယွီသည် တော်ဝင်စစ်ရေးဌာန၌ စစ်ဆေးမေးမြန်းခြင်းခံနေရသည်။ယန်စွေ့သည် လုယွီကို နဂါးအစောင့်တပ်မှူးထံတွင် သစ္စာခံရန် ပြောဆိုခဲ့သော်လည်း သူ ငြင်းဆန်ခဲ့သည်။ထိုအချိန်မှစ၍ သူတို့နှစ်ယောက်အကြားတွင် မည်သည့်ပတ်သတ်ဆက်နွယ်မှုမျိုးမျှ မရှိတော့ချေ။

'မင်းတို့က ငါ့ကို သိမ်းသွင်းချင်နေတာလား...ဒါက နည်းနည်းတော့လွန်သွားပြီ'

လုယွီသည် စဥ်းစားတွေးတောနေသော်လည်း သူ၏မျက်နှာသည် တည်ငြိမ်နေဆဲဖြစ်ကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။

"အရှင်ယန်ကို ကျေးဇူးတင်ပါတယ်"

"ဟား ဟား ဟား...ငါ့ကို အရှင်ယန်လို့ခေါ်နေတာက သူစိမ်းဆန်ရာမကျဘူးလား...ငါက မင်းထက် နှစ်အနည်းငယ်လောက်ပဲ အသက်ပိုကြီးတာ...ဒီချိန်ကနေစပြီးတော့ ငါ့ကို အကိုကြီးယန်လို့ မင်း ခေါ်နိုင်တယ်...နောင်အနာဂတ်မှာ...တကယ်လို့ မင်း တော်ဝင်မြို့တော်ထဲမှာ မျက်လုံးကန်းပြီး မင်းကိုရန်စတဲ့ကောင်တွေရှိနေရင် ငါ့ရဲ့နာမည်ကိုသာ ထုတ်ပြောလိုက်"

ယန်စွေ့၏အူလှိုက်သည်းလှိုက်ရယ်မောပြောဆိုနေသံကြောင့် ကျိုးယွမ်ရုံနှင့်တခြားသူများသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျလုနီးပါးပင်။

ဤသည်က ယန်စွေ့မဟုတ်လော...သူသည် မည်သည့်အချိန်ကစ၍ လူတစ်ယောက်ကို ဤကဲ့သို့ ပြောဆိုဆက်ဆံခြင်းမျိုး ရှိသွားခဲ့သနည်း....

'ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ...တကယ်လို့ စာရင်းနှစ်ခုလုံးမှာ ပထမနေရာရတဲ့သူက ရှားပါးတယ်ဆိုရင်တောင် အရင်ကလည်း ထွက်ပေါ်ခဲ့ဖူးတာပဲလေ...နဂါးအစောင့်တွေက အဆင့်အတန်း မြင့်မားတယ်...သူ့ကို သိမ်းသွင်းစရာမလိုအပ်ဘူး'

ကျိုးယွမ်ရုံက သူ၏စိတ်အတွင်းမှနေ၍ ညည်းတွားလိုက်သည်။

မုန့်ကျူးယွင်နှင့်တခြားသူများသည် ယန်စွေ့၏နောက်ခံကို မသိရှိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ ကောင်းစွာသိရှိထားသည်။

သူ တော်ဝင်မိသားစုစည်းဝေးပွဲ၌ရှိနေစဥ်တွင် ယန်စွေ့သည် လူတစ်စုကိုခေါ်ဆောင်လာကာ စည်းဝေးပွဲအတွင်းမှ နယ်စားတစ်ယောက်ကိုဆွဲထုတ်၍ သံတုတ်နှင့် အကြိမ်ပေါင်းရာနှင့်ချီကာ ရိုက်နှက်ခဲ့သည်။

ထိုနယ်စားသည် နာကျင်မှုကြောင့် အော်ဟစ်ကာ မည်မျှထိခြိမ်းခြောက်စကားများ ပြောဆိုနေပါစေ ယန်စွေ့၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။ရိုက်ချက်တစ်ရာပြီးဆုံးသွားချိန်တွင် ထိုနယ်စားသည် သွေးအိုင်အတွင်း၌ ခွေလဲကျနေလေပြီ။

လူသတ်လျှင်ပင် မျက်တောင်တစ်ချက်မခတ်သော ယန်စွေ့ကဲ့သို့လူစားမျိုးသည် လုယွီကို အကိုကြီးယန်ဟု ခေါ်ဝေါ်သုံးနှုန်းခွင့်ပြုနေသည်။

အကယ်၍ လုယွီထံတွင် နောက်ခံအင်အားတစ်ခုခု ရှိနေလျှင်ပင် တော်ဝင်မြို့တော်အတွင်း၌ ယန်စွေ့ ရန်စစော်ကားခြင်းမပြုဝံ့သူဟူ၍ လူနည်းစုသာရှိသည်။

"ငါက ဘယ်လိုတည်ရှိမှုကြီးကို ရန်စခဲ့မိတာပါလိမ့်"

ကျိုးယွင်ရုံက စိတ်အတွင်းမှနေ၍ ညည်းညူလိုက်၏။

ထိုအချိန်မှာပင် ကျယ်လောင်သောအသံတစ်သံက တံခါး၏ပြင်ပမှ ထပ်မံ၍ထွက်ပေါ်လာသည်။

"တော်ဝင်ကိုယ်လုပ်တော်မီက ကျောင်းတော်သားလု တော်ဝင်စာမေးပွဲရဲ့ ပထမနေရာကိုရတဲ့အတွက် အဖိုးတန်နဂါးကျောက်စိမ်းတစ်တုံးနဲ့ နန်းတွင်းရတနာတချို့ကို ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးပို့ပါတယ်"

တော်ဝင်ကိုယ်လုပ်တော်မီ....

ဤအချိန်အခိုက်အတန့်တွင် လူတိုင်း၏မျက်လုံးအကြည့်များက တံခါး၏ပြင်ပသို့ ရောက်ရှိသွားသည်။

ဤသည်က သာမာန်ထက်ထူးခြားနေပေ၏။

အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၌ ဧကရီမိဖုရားခေါင်ကြီးမရှိသည့်အပြင် မိဖုရားဟူ၍လည်း မရှိခဲ့ချေ။ထို့ကြောင့် မောင်းမဆောင်၏အခွင့်အာဏာများအားလုံး ကိုယ်လုပ်တော်များ၏လက်အတွင်း၌သာရှိသည်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် ကြွေလွင့်သွားချိန်တွင် မီဖေးသည် နန်းမွေဆက်ခံရန် အနီးစပ်ဆုံးသူဖြစ်ခဲ့သည်။သူမသည် နတ်ဘုရားစာရင်းဝင် နတ်ဘုရားမတစ်ပါးဖြစ်ရုံသာမက ကျိုးမိသားစုမှ မင်းသားအများစု၏ ကူညီထောက်ပံမှုကိုလည်း သူမ ရရှိထားပေ၏။

အကယ်၍ အဆုံးသတ်တွင် လူသားဧကရာဇ်ဓားကိုရရှိသွားသူမှာ သူမ မဟုတ်ခဲ့ဟူသောကိစ္စသာ မရှိပါက ယခုလက်ရှိချိန်တွင် ပလ္လင်ပေါ်၌ ထိုင်နေသူမှာ မီဖေးသာ ဖြစ်ပေလိမ့်မည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် မီဖေးသည် တော်ဝင်နန်းတွင်းတွင်သာမက တာယွီအင်ပါယာတစ်ခုလုံး၌ပင် သူမသည် အတော်အသင့်ကြီးမားသောအင်အားကို ပိုင်ဆိုင်ထားသည်။

သူမ၏သစ္စာရှိလူယုံအဖြစ် မင်းသားများနှင့်အမတ်ကြီးအမြောက်အများရှိနေသည်။ရှန်လင်းလုံသည် ဧကရီဖြစ်နေသည့်တိုင် မီဖေးထံတွင် နန်းတွင်းတစ်ခုလုံး၏အခြေအနေကို ပြောင်းလဲနိုင်သော အင်အားမျိုးရှိနေပေ၏။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသော နတ်ဘုရားမတစ်ပါးဖြစ်သည့် မီဖေးကို လူအများစုသည် နာမည်ကြားဖူးရုံသာရှိပြီး အစစ်အမှန်ဘဝတွင် မြင်တွေ့ဖူးသည်မှာ လွန်စွာရှားပါးသည်။

Chapter 3010

အနီရောင်ဝတ်စုံဝတ်မိန်းမစိုးတစ်ယောက်က အတွင်းသို့ဝင်ရောက်လာကာ သူ၏မျက်နှာက ပြုံးရွှင်နေသည်။

ထိုအနီရောင်ဝတ်စုံဝတ်မိန်းမစိုး၏နောက်တွင် အဖိုးတန်ရှားပါးသော လက်ဆောင်ပစ္စည်းများကို သယ်ဆောင်လာသော အစိမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးတစ်စုရှိနေသည်။

ထိုအစိမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးများ သယ်ဆောင်လာသည့် လူအရပ်အမြင့်၏တစ်ဝက်ခန့်ရှိသော နဂါးပုံစံကျောက်စိမ်းတစ်တုံးကို မြင်တွေ့ချိန်၌ ခန်းမအတွင်းရှိလူများအားလုံး နှလုံးခုန်မြန်သွားကြ၏။

ထိုကျောက်စိမ်းတုံးတစ်တုံးလုံး အဖြူရောင်ရှိပြီး အပြစ်အနာကင်းမဲ့နေကာ ထိုအရာ၏မျက်နှာပြင်ပေါ်တွင် ခပ်ဖျော့ဖျော့အလင်းရောင်များ တောက်ပနေသည်။

ထိုအရာ၏ပုံပန်းသွင်ပြင်သည် ကောင်းကင်ယံမှတိမ်တိုက်များအကြားသို့ ပျံသန်းနေသည့် နဂါးတစ်ကောင်နှင့်တူညီသည်။ထိုနဂါးသည် ပါးစပ်ကိုဖွင့်ဟ၍ ပုလဲများကိုထွေးထုတ်နေပြီး ထိုအရာ၏မျက်လုံးသည် လျှပ်စီးလှိုင်းများတောက်ပနေသည့်အလားပင်။ထိုရုပ်ထုတွင် မြင့်မြတ်ပြီး တည်ကြည်လေးနက်သော အသွင်အပြင်မျိုးရှိပေ၏။

လူအများသည် ထိုကျောက်စိမ်းရုပ်ထုကို ကြည့်လိုက်ချိန်တွင် သူတို့၏စိတ်နှလုံးသားများ တည်ငြိမ်အေးချမ်းလာမှုကို ခံစားလိုက်ရသည်။ဤသည်က သူတို့သည် ဥာဏ်အလင်းပွင့်သောအခြေအနေမျိုးသို့ ရောက်ရှိသွားသကဲ့သို့ပင်။အတိတ်တွင် သူတို့အတွက် အခက်တွေ့စေခဲ့သော ပြဿနာတချို့သည်လည်း ယခုလက်ရှိချိန်တွင် ဖြေရှင်းပြီးဖြစ်လေသည်။

"ဒါက တာအိုလေ့လာဆင်ခြင်ခြင်းနတ်ဘုရားရတနာ မဟုတ်လား...ကောလဟာလတွေအရတော့ ကျင့်ကြံသူတစ်ယောက်က ဒီတာအိုလေ့လာဆင်ခြင်ခြင်းနတ်ဘုရားရတနာကို ဘေးနားမှာထားပြီး ကျင့်ကြံမယ်ဆိုရင် ဥာဏ်အလင်းပွင့်အခြေအနေမျိုးကိုဝင်ရောက်ဖို့ အရမ်းလွယ်ကူတယ်...ပြီးတော့ သူက တစ်ဝက်လောက် အင်အားစိုက်ထုတ်ရုံနဲ့ သူ့ရဲ့ကျင့်ကြံမှုနှစ်ဆပိုပြီး လျှင်မြန်လာလိမ့်မယ်"

"တကယ်လို့ ဒီရတနာမျိုး ပြင်ပကဂိုဏ်းတွေဆီမှာသာရှိနေမယ်ဆိုရင်...ဂိုဏ်းရဲ့အထွတ်အမြတ်ရတနာအဖြစ် သဘောထားကြလိမ့်မယ်"

"အတိတ်မှာ တော်ဝင်နန်းတွင်းက မရေမတွက်နိုင်တဲ့အင်အားစုတွေကို အမြစ်ပြတ်သုတ်သင်ခဲ့တယ်...ဒါကြောင့် တော်ဝင်နန်းတွင်းမှာ မှော်ရတနာတွေ အရမ်းပေါကြွယ်ဝတယ်...ဒီလိုရတနာမျိုးကို လက်ဆောင်အနေနဲ့ လက်လွတ်စပါယ်ပေးပစ်တာမျိုးက တော်ဝင်နန်းတွင်းကလူတွေပဲလုပ်နိုင်တဲ့ ကိစ္စတစ်ခုပဲ"

နဂါးပုံစံကျောက်စိမ်းကို မြင်တွေ့စဥ်တွင် ခန်းမအတွင်းရှိ လူအများစု၏မျက်လုံးများ နီမြန်းသွားသည်။

တချို့လူများသည် သူတို့၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်တွင် တစ်ဆို့နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။အကယ်၍ သူတို့သည် ဤကဲ့သို့မှော်ရတနာမျိုးကိုသာရရှိပါက ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ သူတို့၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်ကိုချိုးဖျက်ကာ ပို၍မြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ပေမည်။

"ဆရာသခင်လု...နောက်ဆုံးအကြိမ် တော်ဝင်နန်းဆောင်မှာ ခွဲခွာပြီးကတည်းက...ဆရာသခင်လုရဲ့အကြောင်းကို အရှင်မက မကြာခဏပြောနေခဲ့တယ်...ဆရာသခင်လု တော်ဝင်စာမေးပွဲရဲ့ပထမနေရာကိုရတယ်ဆိုတဲ့ သတင်းကိုကြားတာနဲ့ အရှင်မက ဒီအစေခံအိုကြီးကိုလွှတ်ပြီးတော့ လက်ဆောင်တွေ ပို့ခိုင်းတော့တာပဲ...အခု ငါ ကြည့်ရသလောက်တော့ ဆရာသခင်လုက ငယ်ရွယ်ပြီးတော့ ထူးချွန်တယ်...ဆရာသခင်လုရဲ့အနာဂတ်အောင်မြင်မှုက အကန့်အသတ်ရှိမှာမဟုတ်ဘူး"

အနီရောင်ဝတ်စုံဝတ်မိန်းမစိုးက အပြုံးနှင့်ပြောဆိုသည်။

တခြားသူများသည် အာရုံစူးစိုက်၍ နားထောင်နေကြကာ မည်သည့်စကားအစအနကိုမျှ အလွတ်မပေးချေ။

တာယွီတော်ဝင်နန်းတွင်း၏တူညီဝတ်စုံသည် အဆင့်တစ်မှ အဆင့်လေးအရာရှိများအတွက် အနီရောင်ဖြစ်သည်။ကြွင်းကျန်သောလူများမှာမူ အစိမ်းရောင်ကို ဝတ်ဆင်ရသည်။ဤသည်က မိန်းမစိုးများအားလုံးအတွက် သတ်မှတ်ထားသောကိစ္စပင်။သူတို့၏အဆင့် ပို၍မြင့်မားလေလေ သူတို့ဝတ်ဆင်ထားသောဝတ်စုံ၏ ခုခံကာကွယ်နိုင်မှု ပို၍မြင့်မားလေလေဖြစ်ပေ၏။ထိုဝတ်စုံများ၏အတွင်းပိုင်းဖွဲ့စည်းတည်ဆောက်ပုံမှာ လွန်စွာရှုပ်ထွေးသည်။အဆင့်သုံးနှင့်အထက်အရာရှိများ၏ ဝတ်စုံများသည် ရေနှင့်မီးကို ခံနိုင်ရည်ရှိသည်ဟု ဆိုကြသည်။ထိုဝတ်စုံသည် အဆိပ်အမျိုးအစားပေါင်းတစ်သောင်းခန့်ကို ခံနိုင်ရည်ရှိသည့်အပြင် မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်စွမ်းရှိသည်။

အနီရောင်အရာရှိဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် ဤမိန်းမစိုးသည် မီဖေး၏နံဘေးရှိ သစ္စာရှိလူယုံတစ်ယောက် ဖြစ်ပေမည်။

ဤကဲ့သို့လူယုံတစ်ယောက်ကို စေလွှတ်လိုက်သဖြင့် မီဖေးသည် လုယွီကို အလွန်အလေးထားနေကြောင်း သိသာထင်ရှားလှ၏။

လုယွီက ပြောဆိုသည်။

"မီဖေးက အရမ်းသနားကြင်နာတတ်တာပဲ...ကုန်းကုန်းကပဲ ငါ့ရဲ့ကိုယ်စား မီဖေးကို ကျေးဇူးတင်ကြောင်းပြောပေးပါ"

အနီရောင်ဝတ်စုံဝတ်မိန်းမစိုးက အပြုံးနှင့် တုံ့ပြန်ပြောဆိုလေသည်။

"မင်းက အရှင်မရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ကယ်တင်ရှင်ပါ...ကျေးဇူးတင်စကားပြောနေတာက သူစိမ်းဆန်ရာမကျဘူးလား...ဒါတွေက ဂုဏ်ပြုလက်ဆောင်ငယ်လေးသက်သက်လို့ ပြောဖို့ ငါ့ကို အရှင်မက သီးသန့်ညွှန်ကြားလိုက်တယ်...တကယ်လို့ ဆရာသခင်လုမှာ အခက်အခဲတစ်ခုခုရှိရင် သူ့ကို အချိန်မရွေးလာရှာလို့ရတယ်လို့ အရှင်မက ပြောခိုင်းလိုက်တယ်"

လုယွီသည် အမှန်တကယ်ကိုပင် မီဖေး၏ကယ်တင်ရှင် ဖြစ်နေသလော...

ကျိုးယွမ်ရုံသာမက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်များပင်လျှင် အံ့အားသင့်တုန်လှုပ်မှုကြောင့် သူတို့၏မျက်လုံးများ ပြူးကျယ်နေကြသည်။

ဤတစ်ကြိမ်တွင် မီဖေး ကျိန်စာမိခဲ့သည်ဟူသောအကြောင်းကို သူတို့အားလုံး မသိရှိကြချေ။အကယ်၍ လုယွီသာ အချိန်မီလှုပ်ရှားနိုင်ခဲ့ခြင်းမရှိပါက မီဖေး သေဆုံးသွားနိုင်သည်။

လုယွီသည် မီဖေး၏ကယ်တင်ရှင်ဟူသောစကားမှာ ချဲ့ကားပြောဆိုခြင်းမဟုတ်ချေ။

အနီရောင်ဝတ်စုံဝတ်မိန်းမစိုးက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောဆိုသည်။

"အခုလက်ရှိချိန်မှာ ဆရာသခင်လုရဲ့ဂုဏ်သတင်းက အရမ်းတောက်ပနေတယ်...ဒါကြောင့် ဆရာသခင်လုကို ဂုဏ်ပြုလက်ဆောင်ပေးဖို့ လူတွေအများကြီး ရောက်လာလိမ့်မယ်...ဒီအစေခံအိုကြီးက ထပ်ပြီးမနှောက်ယှက်တော့ဘူး...အရှင်မဆီ ပြန်သတင်းပို့ဖို့ နန်းတွင်းကိုပြန်ပါတော့မယ်"

ထိုမိန်းမစိုးများ ပြန်လည်ထွက်ခွာသွားချိန်တွင် ခန်းမတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူအများစုသည် အံ့အားသင့်တုန်လှုပ်နေကြကာ အချိန်အတော်ကြာသည်အထိ အသိပြန်ဝင်လာကြခြင်းမရှိချေ။

မီဖေး ယန်စွေ့နှင့် ထိပ်တန်းမိသားစုကြီးများအနက် မည်သည့်အင်အားစုမဆို လျှော့တွက်၍မရချေ။

လုယွီ၏နောက်ခံအဆင့်အတန်းသည် မည်မျှထိနက်ရှိုင်းနေသနည်း...

All Chapters