အခန်း (၃၀၁၁-၃၀၁၅)
Vol. 154 Ch. 3011-3015
Chapter 3011
"ညီလေးလု...မင်းကိုကြည့်ရတာ ဒီနေရာမှာ နည်းနည်းပြဿနာတချို့ရှိနေတယ်လို့ ငါထင်တယ်...ငါ ကူညီပြီး ဖြေရှင်းပေးရမလား"
ယန်စွေ့က ရုတ်တရက် အပြုံးနှင့်ပြောဆိုသည်။
သူသည် ရယ်ပြုံးကာ တခြားမည်သည့်အရာကိုမျှ မပြောဆိုသော်လည်း တခြားသူများကို ထိတ်လန့်ကြောက်ရွံသွားစေသည်။
ပင်ရှင်းမင်းသားကျိုးယွမ်ရုံက တုန်ရီနေသောလေသံဖြင့် ပြောဆိုလေ၏။
"အရှင်ယန်...ဒါတွေအားလုံးက နားလည်မှုလွဲမှားတာပါ...ငါ ဘာမှမလုပ်ဘူး"
သူသည် ထိုကိစ္စကို ဝန်မခံလိုသော်လည်း သူ့ထံ၌ မျှော်လင့်ချက်မရှိချေ။
အကယ်၍ လုယွီကသာ ယန်စွေ့ကို အမှန်တကယ်တိုင်တန်းလိုက်ပါက သူသည် နယ်စားတစ်ယောက်ဖြစ်နေလျှင်ပင် ဤတစ်ကြိမ်တွင် လွတ်မြောက်နိုင်မည်မဟုတ်ချေ။
ယန်စွေ့က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။
"ဟမ့်...သာမာန်အချိန်တွေမှာ မင်း တော်ဝင်မြို့တော်ထဲ ဟန်ရေးပြနေတာက ဘာမှမဖြစ်ဘူး...ဒါပေမယ့် တကယ်လို့ မင်းက ငါ့ရဲ့ညီလေးလုကို ရန်စစော်ကားဝံ့တယ်ဆိုရင်တော့ ငါ မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး"
ထိုအေးစက်စက်နှာမှုတ်သံတွင် ကျိုးယွမ်ရုံထံဦးတည်နေသည့် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပါဝင်နေပုံပင်။
ကျိုးယွမ်ရုံ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ သူသည် သစ်သားရုပ်ထုတစ်ခုအလား နေရာမှာပင် ကြက်သေသေနေသည်။
သူသည် ရုတ်တရက် လုယွီရှေ့သို့ အလျှင်အမြန်ပြေး၍ဒူးထောက်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"လုယွီ...ငါ မှားသွားတယ်...ငါက တခြားသူတွေလှည့်စားတာကို နားယောင်ပြီးတော့ မင်းကို ရိုင်းရိုင်းပျပျ ပြောဆိုခဲ့မိတယ်...မင်းက သဘောထားကြီးတဲ့သူပါ...ကျေးဇူးပြုပြီးတော့ ငါ့ကို ကယ်တင်ပေးပါအုံး"
ကျိုးယွမ်ရုံသည် သူ၏အဆင့်အတန်းကိုပင် ဂရုမစိုက်တော့ချေ။သူသည် လုယွီ၏ရှေ့သို့ အပြေးသွားကာ အသံကုန်ဟစ်၍ ပြောဆိုလေသည်။
အကယ်၍ သူသာ ယန်စွေ့၏လက်အတွင်းသို့ကျရောက်သွားပါက သေသည်ထက်ဆိုးရွားသော ဘဝမျိုးကို ရင်ဆိုင်ရပေမည်။
လုယွီက ကျိုးယွမ်ရုံကို အေးစက်စက်အကြည့်ဖြင့်ကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။
"မင်းနဲ့ငါ တစ်ယောက်နဲ့တစ်ယောက်မသိကြဘူး...မင်းက တခြားသူတစ်ယောက်ရဲ့စကားကို နားယောင်ပြီးတော့ ငါ့ကို ဒူးထောက်ပြီးတောင်းပန်ခိုင်းတယ်...တကယ်လို့ ငါ့မှာသာ ခုလိုမျိုး နောက်ခံအဆင့်အတန်း"
ကျိုးယွမ်ရုံသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံနေပေ၏။သူသည် ချက်ချင်းဆိုသလိုပင် သူ့ပါးသူ အချက်ပေါင်းများစွာပြန်ရိုက်ကာ အဆက်မပြတ် တောင်းပန်နေတော့သည်။
"ထားလိုက်တော့...အခုချက်ချင်း ထွက်သွားစမ်း...ဒီနေ့ကနေစပြီးတော့ ငါ့ရှေ့မှာ မင်းထပ်ပြီး ပေါ်မလာစေနဲ့"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြကာ ကျိုးယွမ်ရုံကို အပြစ်ပေးခြင်းမပြုတော့ချေ။
တော်ဝင်မြို့တော်အတွင်းတွင်နေထိုင်သော တော်ဝင်မိသားစုဝင် သခင်လေးတချို့သည် သူတို့၏အခွင့်အာဏာကိုအသုံးပြု၍ တခြားသူများကို အနိုင်ကျင့်လေ့ရှိသည်။သူတို့သည် တစ်ကြိမ် သံပြားကြီးကိုဆောင့်ကန်မိသည်နှင့် သူတို့၏စိတ်ဓာတ်များ ပျက်ပြားသွားလေ့ရှိသည်။
လုယွီ၏စကားကိုကြားချိန်တွင် ကျိုးယွမ်ရုံသည် ငရဲ၏အစွန်အဖျားကိုရောက်ရှိသွားရာမှ အသက်ပြန်ရှင်လာသူကဲ့သို့ ခံစားလိုက်ရ၏။
သူက အလျင်စလိုမတ်တတ်ထရပ်ကာ အထစ်ထစ်အငေါ့ငေါ့ ပြောဆိုသည်။
"ဘာမှမစိုးရိမ်ပါနဲ့...ငါ ဘယ်တော့မှ မင်းကို ထပ်ပြီးမဆန့်ကျင်တော့ဘူး...နောင်တစ်ချိန်ကျရင် မင်းကို ထပ်ပြီးစော်ကားမယ့်အစား ငါ့ကိုယ်ငါ သတ်သေလိုက်မယ်...ငါ အခု ထွက်သွားမယ်...အခုချက်ချင်း ထွက်သွားတော့မယ်"
ထို့နောက် ကျိုးယွမ်ရုံက မုန့်ရွှမ်ကျိုးဘက်သို့လှည့်ကြည့်ကာ အော်ဟစ်လိုက်သည်။
"ငါက မင်းရဲ့သမီးနဲ့ လက်မထပ်နိုင်တော့ဘူး...ငါ ပြန်ရောက်တာနဲ့ စေ့စပ်ထားတဲ့ကိစ္စကို ဖျက်သိမ်းမယ်...မင်းနဲ့မင်းရဲ့သမီးနှစ်ယောက်လုံး မင်းတို့လိုချင်တာရှိရင် တခြားသူဆီကိုသွားရှာကြ...ငါ့ဆီကို မလာကြနဲ့"
ကျိုးယွမ်ရုံ၏အပြုအမူကို မြင်တွေ့ချိန်တွင် ခန်းမအတွင်းရှိ လူအများစု၏မျက်နှာများပေါ်၌ အထင်အမြင်သေးသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
"မင်းက တော်ဝင်မိသားစုကို အရှက်ရစေတဲ့ကောင်ပဲ...ထွက်သွားစမ်း"
ချိုင်လုံရှင်းက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်၏။လေပြင်းတစ်ချက်ဝှေ့ယမ်းတိုက်ခတ်သွားမှုနှင့်အတူ ကျိုးယွမ်ရုံသည် ပြင်ပရှိလမ်းပေါ်သို့ လွင့်ထွက်သွားတော့သည်။
ကျိုးယွမ်ရုံ ထွက်ခွာသွားပြီးနောက် ခန်းမအတွင်း၌ ကျန်ရှိနေသော မုန့်ရွှမ်ကျိုးနှင့်မုန့်ကျူးယွင်တို့သည် သူတို့၏ကျောရိုးများတလျှောက် အေးစိမ့်လာခြင်းကို ခံစားလိုက်ရသည်။
ကျိုးယွမ်ရုံသည် သူတို့၏အကြီးမားဆုံး မှီခိုရာကြီးပင်။သို့ရာတွင် ဤကဲ့သို့အဆုံးသတ်ရမည်ဟု သူတို့နှစ်ယောက်လုံး မျှော်လင့်မထားမိချေ။
"ငါ့ရဲ့ကျန်းမိသားစုက မုန့်မိသားစုနဲ့ဆက်ဆံရေးတွေ အကုန်ဖြတ်တောက်မယ်လို့ ငါ ထုတ်ပြန်ကြေငြာမယ်...နောင်အနာဂတ်မှာ ကျန်းမိသားစုက မင်းတို့ရဲ့မိသားစုနဲ့ ဘာစီးပွားရေးမှ တွဲလုပ်တော့မှာမဟုတ်ဘူး"
ကျန်းဟုန်က ပြောဆိုသည်။
"ဒါက မြို့တော်ရဲ့အရှေ့ဘက်ခြမ်းမှာ မင်နဲ့စုတ်တံအရောင်းအဝယ်လုပ်ငန်းလုပ်နေတဲ့ မုန့်မိသားစု မဟုတ်လား...မင်းတို့သိထားဖို့က မင်းတို့မိသားစုဆီကနေ ဘာကုန်စည်ကိုမှ မဝယ်ဖို့ ငါက ငါ့မိသားစုဆီကို သေချာမှာကြားမယ်"
"တကယ်တော့ ငါတို့မိသားစုက မုန့်မိသားစုနဲ့ လုပ်ငန်းချင်းအဆက်အစပ်ရှိတယ်...ငါ အရင်က မသိခဲ့ဘူး...မင်းတို့ကောင်တွေက အရမ်းမောက်မာဝံ့ကြွားပြီးတော့ လုရှီကိုတောင် ရန်စစော်ကားဝံ့တယ်...စောင့်ကြည့်နေစမ်း...နောင်အနာဂတ်မှာ မင်းတို့မုန့်မိသားစု ဘာစီးပွားရေးလုပ်ငန်းမှ မလုပ်နိုင်စေရဘူး"
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်တချို့၏မိသားစုများသည် တော်ဝင်မြို့တော်အတွင်း၌ စီးပွားရေးလုပ်ငန်းများ ရှိနေလေ၏။
မုန့်မိသားစုသည် လုယွီကို ရန်စစော်ကားဝံ့သည်အား သူတို့ကြားချိန်တွင် ချက်ချင်းဆိုသလိုပင် မုန့်မိသားစုနှင့် အဆက်အသွယ်ဖြတ်တောက်မည်ဟု ထုတ်ပြန်ကြေငြာလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် မုန့်မိသားစုသည် ယခုလက်ရှိနေရာတွင် ရှိနေသူတိုင်းနှင့် တသီးတခြားစီဖြစ်သွားတော့သည်။
Chapter 3012
ထိုစကားများကိုကြားချိန်တွင် မုန့်ကျူးယွင်၏မျက်နှာ ဖြူရော်သွားသည်။
မုန့်မိသားစုသည် တော်ဝင်မြို့တော်၌ ခြေကုပ်ယူနိုင်ခဲ့ခြင်းမှာ မင်နှင့်စုတ်တံ လုပ်ငန်းကြောင့်ပင်။
အတိတ်တွင် မုန့်မိသားစုသည် ကျန်းမိသားစုနှင့် ဆက်ဆံရေးကောင်းတစ်ခုရှိခဲ့သည်။စာပေသူတော်စင်မိသားစု၏နာမည်ဂုဏ်သတင်းဖြင့် မုန့်မိသားစုသည်လည်း စီးပွားရေးလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်ခဲ့ပေ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ ကျန်းမိသားစုသည် မုန့်မိသားစုနှင့်ဆက်ဆံရေးကို ဖြတ်တောက်ရုံသာမက တခြားမိသားစုများကလည်း သူတို့နှင့်ပတ်သတ်သော စီးပွားရေးလုပ်ငန်းများကို ပြန်ရုတ်သိမ်းခဲ့သည်။
အကယ်၍ မုန့်မိသားစုထံတွင် ထိုစီးပွားရေးလုပ်ငန်းများ၏ ကူညီထောက်ပံမှုမရရှိပါက မိသားစုငယ်တစ်စုအဖြစ်သို့ လျောကျသွားမည့်အပြင် တော်ဝင်မြို့တော်၌ ခြေကုပ်ယူနိုင်ရန် လွန်စွာခက်ခဲသွားပေမည်။
ပတ်ဝန်းကျင်ရှိ လှောင်ပြောင်သရော်ခြင်းနှင့်အထင်အမြင်သေးခြင်းတို့ ရောယှက်နေသော မျက်လုံးအကြည့်များကို ရင်ဆိုင်ရချိန်တွင် မုန့်ကျူးယွင်က သူမ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ကာ အမျိုးအမည်မသိသော မီးတောက်တစ်ခုက သူမ၏စိတ်နှလုံးသားအတွင်း၌ မြင့်တက်လာသည်။
"ဒါတွေအားလုံးက နင့်ရဲ့အောင်မြင်မှုတွေလို့ ငါ မယုံကြည်ဘူး...ငါက နင့်ထက်ပိုပြီး သန်မာအားကောင်းတယ်...ငါကပဲ လောကကြီးတခွင်လုံးကလူတွေ အာရုံစိုက်တာခံရတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်သင့်တယ်"
မုန့်ကျူးယွင်က စူးရှကျယ်လောင်စွာအော်ဟစ်ကာ သူမ၏မျက်နှာပေါ်၌ ရူးသွပ်မိုက်မဲမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် သူမ၏ဂုဏ်ယူဝင့်ကြွားမှုများအားလုံး အခိုးအငွေ့ကဲ့သို့ ပျောက်ကွယ်သွားလေပြီ။
သူမသည် ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်အနည်းငယ်ကို ရရှိခဲ့စဥ်ကတည်းက သူမ၏ကျင့်ကြံမှုလမ်းကြောင်း တဟုန်ထိုးမြင့်တက်လာခဲ့သည်။သူမသည် အလွန်မြင့်မားသောအရှိန်နှုန်းဖြင့် ကျင့်ကြံနိုင်ခဲ့ကာ မည်သူကမျှ သူမကို ယှဥ်ပြိုင်နိုင်ခဲ့ခြင်းမရှိချေ။
သို့ရာတွင် သူမ ဂုဏ်ယူဝင့်ကြွားနေသော အရာများအားလုံးသည် လုယွီက သူမကို ပေးအပ်ထားခြင်းဖြစ်ကြောင်း မုန့်ကျူးယွင်က သိရှိလိုက်ရ၏။
သူမ မှီခိုအားထားနေသော အရာရာတိုင်းသည် သူမ၏အပိုင် မဟုတ်ခဲ့ချေ။
မုန့်ကျူးယွင်၏ဂုဏ်ယူဝင့်ကြွားနေမှုများအားလုံး ပျောက်ကွယ်သွားလေပြီ။ဤသည်က သူမ လက်သင့်ခံနိုင်သော ကိစ္စတစ်ရပ်မဟုတ်ချေ။
လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေသည်။သူက မုန့်ရွှမ်ကျိုးကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။
"ကောင်းကင်ဘုံနယ်မြေမှာ ကျင့်ကြံရတာ မလွယ်ကူဘူး...အမြဲတမ်း သတိထားနေရတယ်...မင်းရဲ့သမီးကို ဂရုစိုက်လိုက်ပါ...ငါ သူ့ကို အကြိမ်ပေါင်းများစွာ ခွင့်လွှတ်ခဲ့ပြီးပြီ"
လုယွီသည် ထိုသားအဖကို အပိုစကားများ ထပ်မံ၍ပြောဆိုလိုခြင်း မရှိတော့ချေ။
မုန့်ကျူးယွင် ပြောဆိုသွားသကဲ့သို့ပင် သူတို့နှစ်ယောက်ကြားမှ အဆင့်အတန်းသည် မိုးနှင့်မြေတမျှ ကွာခြားပေ၏။
တံလျှပ်ပင်လယ်မျှော်စင်၏တာဝန်ခံက အော်ဟစ်လိုက်သည်။
"လာကြစမ်း...ဒီလူနှစ်ယောက်ကို မောင်းထုတ်လိုက်ကြစမ်း"
အစောပိုင်းက ကျိုးယွမ်ရုံသည် မုန့်ကျူးယွင်နှင့်စေ့စပ်ထားမှုကို ဖျက်သိမ်းမည်ဟု ပြောဆိုသွားခဲ့သည်။
ထို့ပြင် လုယွီ၏အဆင့်အတန်းနှင့်ဆိုပါက သူ့အား ပင်ရှင်းမင်းသား ပြန်လည်၍ကလဲ့စားချေမည်ကို သူ ကြောက်ရွံနေရန် မလိုအပ်ချေ။
ပတ်ဝန်းကျင်ရှိအစောင့်များသည် ရှေ့သို့တိုးလာကာ မုန့်သားအဖနှစ်ယောက်ကို ဆွဲထုတ်လိုက်ကြ၏။
မုန့်ကျူးယွင်သည် ဆွဲထုတ်ခံရခြင်းကြောင့် သူမ၏ခန္ဓာကိုယ် ယိမ်းယိုင်သွားသည်။ရုတ်တရက် ကြေကွဲဝမ်းနည်းသောခံစားချက်မျိုးက သူမ၏စိတ်နှလုံးသားအတွင်းမှ မြင့်တက်လာသည်။
"တကယ်လို့ အဲ့ဒီအချိန်တုန်းက ငါသာ သူ့ကို ချောက်နက်ကြီးထဲ တွန်းမချခဲ့ဘူးဆိုရင်...တကယ်လို့ ငါသာ ချောက်နက်ထဲဆင်းပြီး သူ့ကိုရှာခဲ့မိမယ်ဆိုရင်...ရလဒ်က ပြောင်းလဲသွားနိုင်လား"
နောင်တရသောခံစားချက်မျိုးက မုန့်ကျူးယွင်၏စိတ်အတွင်း၌ ထွက်ပေါ်လာပေ၏။
ယခုလက်ရှိချိန်တွင် သူမ၏မုန့်မိသားစုသည် ပျက်စီးခြင်းလမ်းကြောင်းပေါ်သို့ ရောက်ရှိနေလေပြီ။ထိုသို့ဖြစ်ရခြင်းမှာ သူမကြောင့်ပင်။
......
"ဒီနေ့က မင်းတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့တွေ့ဆုံပွဲပဲ...ဒါကြောင့် ငါ ဒီနေရာမှာဆက်နေပြီး မနှောက်ယှက်တော့ဘူး...ညီလေးလု....နောင်တစ်ချိန် မင်းမှာ ကိစ္စတစ်ခုခုရှိနေမယ်ဆိုရင် တောင်ပိုင်းနယ်မြေရဲ့နဂါးအစောင့်ရုံးတော်မှာ ငါ့ကို အချိန်မရွေး လာရှာနိုင်တယ်"
ယန်စွေ့က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
ကျန်းဟုန်ကလည်း မတ်တတ်ထရပ်၍ ထွက်ခွာသွားတော့သည်။သူသည် လက်ဆောင်များကို သူ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ပြီးဖြစ်သဖြင့် ဤနေရာ၌ဆက်နေရန် မလိုအပ်တော့ချေ။
လုယွီ၏အမူအယာသည် တည်ငြိမ်နေဆဲဖြစ်ကာ ထိုလူနှစ်ယောက်ကို ပြင်ပသို့ ပို့ဆောင်လိုက်၏။အစမှအဆုံးသည့်တိုင် သူသည် ထိုလူနှစ်ယောက်ကို သူ့နှင့်အဆင့်တူညီသူများကဲ့သို့ ပြုမူဆက်ဆံခဲ့ကာ နှိမ့်ချခြင်းလည်းမရှိ မောက်မာဝံ့ကြွားခြင်းလည်းမရှိချေ။
ဤကဲ့သို့အမူအယာမျိုးကို လူအများစုက မြင်တွေ့ခဲ့ကြသဖြင့် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ လုယွီကို ချီးမွမ်းနေကြသည်။
ကျန်းဟုန်သည် ကျန်းမိသားစုခေါင်းဆောင်ဖြစ်ကာ ယန်စွေ့သည် နဂါးအစောင့်တပ်မှအဆင့်မြင့်အရာရှိတစ်ယောက်ပင်။ထိုလူနှစ်ယောက်ကို တော်ဝင်မြို့တော်အတွင်းမှ ထိပ်သီးတည်ရှိမှုကြီးများဟု ယူဆနိုင်သည်။
သူတို့နှင့်သက်တူရွယ်တူ လူများပင်လျှင် သူတို့အား ထိတ်လန့်ကြောက်ရွံနေကြ၏။ထိုလူများသည် တစ်ဖက်လူများဒေါသထွက်မည်ကို စိုးရိမ်သဖြင့် သူတို့၏စကားလုံးများနှင့်အပြုအမူများကို ဂရုစိုက်၍ ထိန်းချုပ်နေကြရသည်။
သို့ရာတွင် လုယွီထံ၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်မျိုး အနည်းငယ်မျှပင်ရှိမနေချေ။သူသည် ထိုလူနှစ်ယောက်ကို သူနှင့်အဆင့်တူလူများကဲ့သို့ ပြောဆိုဆက်ဆံနေသည်။
ဤသည်က ခွန်အားမှသယ်ဆောင်လာသော ယုံကြည်မှုပင်။လုယွီသည် မြေကမ္ဘာအင်မော်တယ်အလယ်အလတ်အဆင့်သာ ရှိသေးသော်လည်း သူသည် နယ်မြေသခင်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်နိုင်ပေ၏။
ထိုခွန်အားဖြင့်ဆိုပါက သူသည် မည်သည့်နောက်ခံအင်အားရှိသူမျိုးကိုမျှ ထိတ်လန့်ကြောက်ရွံနေမည်မဟုတ်ချေ။
Chapter 3013
တံလျှပ်ပင်လယ်မျှော်စင်...ထိပ်ဆုံးထပ်၌...
ဤနေရာကို ချိုင်လုံရှင်းက ကြိုတင်မှာယူထားခြင်းဖြစ်သည်။ရေခဲနယ်မြေ၏မင်းသားဖြစ်သော သူ အနေဖြင့် အသုံးပြုရန် ငွေကြေးအလွန်ပေါများသည်။
ဤနေရာသည် အလွန်ကျယ်ဝန်းကာ ရာနှင့်ချီသောလူများ ဝင်ဆန့်ပေ၏။ဤနေရာတွင် ထိုင်နေသူများအားလုံးမှာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များဖြစ်သည်။ဤသည်က ကျောင်းတော်၏တွေ့ဆုံပွဲဖြစ်သဖြင့် အပြင်လူများကို ဝင်ရောက်ခွင့်မပြုချေ။
"ပထမဆုံးခွက်ကို...ငါက လုရှီကို ဂုဏ်ပြုချင်တယ်....ငါက မင်းတို့အားလုံးထက် နှစ်အနည်းငယ်လောက် အသက်ကြီးပေမယ့်...ငါ ဒီတော်ဝင်စာမေးပွဲမှာ ခုလိုအဆင့်မျိုးရခဲ့တာက လုရှီရဲ့လမ်းညွှန်ပေးမှုကြောင့်ပဲ...ဒီတစ်ခွက်က လုရှီအတွက်ပါ"
လီစစ်က မတ်တတ်ထရပ်ကာ သူ၏ဝိုင်ခွက်ကို မြှောက်လိုက်၏။ထို့နောက် သူက လုယွီကို ဦးညွှတ်အရိုအသေပြုကာ ဝိုင်ခွက်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။
ဤသည်က လက်ရှိနေရာတွင်ရှိနေသော တပည့်အများစု လုယွီကို မြင်တွေ့ဖူးသော ပထမဆုံးအကြိမ်ပင်။ဤှအချိန်အခိုက်အတန့်တွင် သူတို့သည် လုယွီကို ယခင်နှင့်မတူညီသော အကြည့်များဖြင့် ကြည့်နေကြသည်။
သူတို့သည် ယခင်က လုယွီ၏နာမည်ကို ကြားဖူးကြသော်လည်း သူ၏နာမည်ကိုသာသိရှိပြီး သူ၏အဆင့်အတန်းကို မသိရှိကြချေ။
သို့ရာတွင် တော်ဝင်မြို့တော်အတွင်းမှ ထိပ်သီးတည်ရှိမှုကြီးနှစ်ယောက် ထွက်ပေါ်လာခြင်းကြောင့် လူတိုင်း၏စိတ်နှလုံးသားများအတွင်းမှ သံသယများကို ဖယ်ရှားပြီးဖြစ်သည်။
ယခုလက်ရှိချိန်တွင် တော်ဝင်နန်းတွင်း၏တော်ဝင်စာမေးပွဲသည် အနည်းငယ် အခွင့်အာဏာကြီးမားပေ၏။တစ်စုံတစ်ယောက်သည် ထိပ်သီးအဆင့်တစ်ဆယ်အတွင်းသို့ ဝင်ရောက်သည်နှင့် နောင်အနာဂတ်တွင် အစွမ်းထက်တည်ရှိမှုကြီးတစ်ခု ဖြစ်လာမည်ဟု ယူဆနိုင်သည်။
လုယွီသည် စာပေနှင့်တိုက်ခိုက်ရေး စာမေးပွဲနှစ်ခုလုံးတွင် ပထမနေရာရရှိခဲ့ခြင်းကြောင့် ဆိုဖွယ်ရာပင်မရှိချေ။ဤကိစ္စမျိုးသည် ယခင်က ဖြစ်ပျက်ခဲ့ဖူးသော်လည်း ဖီးနစ်ငှက်မွှေးနှင့်ချီလင်ဦးချိုကဲ့သို့ လွန်စွာရှားပါးသည်။ဤသည်က အလွန်အမင်း ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတစ်ရပ်ပင်။
တော်ဝင်စာမေးပွဲကျင်းပသည့်အကြိမ်တိုင်း စာပေနှင့်တိုက်ခိုက်ရေးတွင် ထိပ်သီးအဆင့်ရရှိသူများသည် ချွင်းချက်မရှိဘဲ ကောင်းကင်ဘုံနယ်မြေကို လှုပ်ခတ်နိုင်စွမ်းရှိသော အစွမ်းထက်တည်ရှိမှုကြီးများ ဖြစ်လာကြ၏။
လုယွီသည် မီဖေးနှင့်ယန်စွေ့တို့နှင့် ဆက်ဆံရေးကောင်းများ ရှိနေသည်ဟူသောအချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုအပ်တော့ချေ။သူသည် အဆက်အသွယ်အရဖြစ်စေ ခွန်အားအရဖြစ်စေ တခြားကျောင်းတော်တပည့်များထက် များစွာပို၍သာလွန်သည်။
"စီနီယာအကိုလီစစ်က အရမ်းယဥ်ကျေးလွန်းနေပြီ...ဒီတော်ဝင်စာမေးပွဲရဲ့ရလဒ်က မင်းရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ ကြိုးစားခဲ့မှုကြောင့်ပါ"
လုယွီက ပြောဆိုသည်။
တော်ဝင်စာမေးပွဲတွင် လီစစ်သည် စာပေစစ်ဆေးမှု၌ အဆင့်၁၁နှင့် တိုက်ခိုက်ရေးစစ်ဆေးမှု၌ အဆင့်၁၉တို့ကို ရရှိခဲ့ရာ သူ့ကို ထိပ်သီးပါရမီရှင်တစ်ယောက်ဟု ယူဆနိုင်သည်။
တာယွီအင်ပါယာအတွင်း၌ ပါရမီရှင်များသည် ပင်လယ်သမုဒ္ဒရာကဲ့သို့ ကြီးမားကျယ်ပြန့်လေရာ ဤရလဒ်ကို အလွန်ထူးချွန်သည်ဟု သတ်မှတ်နိုင်ပေ၏။
ထို့နောက် လူအမြောက်အများ စကားစမြည်ပြောဆိုနေခြင်းနှင့်အတူ ဝမ်းသာပျော်ရွှင်စွာ ပြောဆိုနေကြသော စကားသံများက ခန်းမအတွင်း၌ ပြည့်နှက်နေသည်။
"လုယွီ...မင်းက ဘယ်လိုလုပ်ပြီးတော့ မီဖေးနဲ့သိနေတာလဲ"
ချိုင်လုံရှင်းက ရုတ်တရက် မေးမြန်းသည်။
မီဖေးသည် သူမ၏နန်းဆောင်အတွင်း၌သာ အစဥ်အမြဲနေထိုင်သဖြင့် အပြင်လူများ သူမကို မြင်တွေ့ရသည်မှာ လွန်စွာရှားပါးပေ၏။သူမနှင့် အပြင်လူများ ထိတွေ့ဆက်ဆံနိုင်ရန်မှာ လွန်စွာခဲယဥ်းသည်။
လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ မည်မျှပင်နာမည်ကျော်ကြားနေပါစေ အဆုံးသတ်၌ သူသည် ကျောင်းတော်သားတစ်ယောက်သာဖြစ်သည်။သူနှင့်မီဖေး သိကျွမ်းနေသောကိစ္စမှာ အမှန်တကယ်ကိုပင် အံ့အားသင့်ဖွယ်ကောင်းလှ၏။
"ငါ အောက်ဘုံမှာနေတုန်းက...အခု ဟုန်ဖန်းမင်းသမီးလို့ခေါ်တဲ့ မိန်းကလေးနဲ့သိကျွမ်းခဲ့တယ်...."
လုယွီက ထိုကိစ္စကို အတိုချုပ်၍ ရှင်းပြလိုက်သည်။
တခြားသူများသည် ထိုစကားများကိုကြားချိန်တွင် သူတို့၏မျက်နှာများပေါ်၌ စိတ်ခံစားချက်များရောထွေးနေသော အမူအယာမျိုး ထင်ဟပ်လာသည်။
ဤသည်က အခွင့်အရေးကောင်းကြီးတစ်ခုပင်။ဤကဲ့သို့ သြဇာအာဏာကြီးမားသော တော်ဝင်ကိုယ်လုပ်တော်တစ်ယောက်နှင့် သိကျွမ်းနေသူ၏ အနာဂတ်အောင်မြင်မှုသည် အကန့်အသတ်ရှိမည်မဟုတ်ချေ။
သို့ရာတွင် ဤသည်က အကြောင်းအရင်းတစ်ချက်သာဖြစ်ပြီး လုယွီကိုယ်တိုင်ကပင် အရည်အချင်းရှိနေ၍သာ ယခုကဲ့သို့ ဆက်ဆံခံရခြင်းဖြစ်သည်။
အကယ်၍ လုယွီထံတွင် ထူးချွန်သောဆေးပညာစွမ်းရည် ရှိမနေပါက အကယ်၍ သူသည် မီဖေးနှင့် တွေ့ဆုံခွင့်ရသည့်တိုင် အဆုံးသတ်၌ သူသည် သူမနှင့် သိကျွမ်းခွင့်ရမည်မဟုတ်ချေ။
တချို့ကံကြမ္မာကောင်းကြီးများသည် တိုက်ဆိုင်မှုကြောင့် ရရှိလာသည်ဟု ဆိုနိုင်သော်လည်း ထိုကံကြမ္မာကောင်းကြီးကို ဖမ်းဆုပ်နိုင်ရန်အလို့ငှာ တစ်စုံတစ်ယောက်တွင် လုံလောက်သောအစွမ်းအစရှိရန် လိုအပ်သည်။
"ကျန်းမိသားစုက ဝေ့မိသားစုနဲ့ ဝင်္ကပါပညာရပ်ချင်း ယှဥ်ပြိုင်ခဲ့ချိန်မှာ...လုရှီက ကျန်းမိသားစုဘက်ကနေ ကူညီခဲ့တယ်လို့ ငါ ကြားထားတယ်...ဒါကြောင့် သူတို့က အကန့်အသတ်မဲ့ကြယ်မြစ်ထိန်းချုပ်ခွင့်ကို ရသွားခဲ့တယ်...ဖြစ်နိုင်တာတော့ ဒါတွေအားလုံးက လုရှီ ကူညီပေးခဲ့တာများလား"
တစ်စုံတစ်ယောက်က စူးစမ်းလိုဟန်ဖြင့် မေးမြန်းသည်။
လုယွီက ခေါင်းညိတ်ပြလိုက်၏။
"ဒါက အမှန်ပဲ...ငါ လုပ်ခဲ့တာ"
ပတ်ဝန်းကျင်ရှိလူများအားလုံး လေအေးတစ်ချက်စီ ရှိုက်သွင်းလိုက်ကြသည်။
လုယွီ၏ဆေးပညာစွမ်းရည်သည် တုန်လှုပ်ချောက်ချားဖွယ်အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဟုဆိုနိုင်သည်။ထို့ပြင် ယခုလက်ရှိချိန်၌ လုယွီက သူသည် မဟာဝင်္ကပါပညာရှင်တစ်ယောက်ဟု ပြောဆိုလိုက်သလော။
"ငါ ရုတ်တရက်ကြီး သေချင်စိတ်ပေါက်လာတယ်"
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်တစ်ယောက်သည် ရုတ်တရက် သူ၏ခေါင်းကို သူ့လက်ဖြင့်ကိုင်ကာ နာကျင်ကြေကွဲနေဟန်ဖြင့် ညည်းတွားလိုက်၏။
Chapter 3014
လူတစ်ယောက်သည် မည်မျှပင် ပါရမီအရည်အချင်းရှိနေပါစေ သူ၏စွမ်းအားသည် အကန့်အသတ်ရှိသဖြင့် ပညာရပ်နယ်ပယ်အများစုတွင် အောင်မြင်မှုကြီးကြီးမားမားရရှိရန်မှာ လွန်စွာခက်ခဲသည်။
တချို့လူများသည် သူတို့၏ဆံပင်များ မီးခိုးရောင်သို့ ပြောင်းလဲချိန်မှသာ ဆေးပညာတာအိုတွင် အောင်မြင်မှုတချို့ရရှိကြသည်။
ထိုနည်းလမ်းဖြင့် အကယ်၍ သူတို့သည် ပညာရပ်နယ်ပယ်တစ်ခုတွင် အောင်မြင်မှုတချို့ရရှိပါက ထူးချွန်သူများဟု ယူဆနိုင်ပေ၏။သူတို့ကို မဟာဆရာသခင်များအဖြစ် သတ်မှတ်ခံရကာ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ လေးစားရသောဧည့်သည်တော်များအဖြစ် ဆက်ဆံခြင်း ခံရပေမည်။
လုယွီကမူ သူ့ထံတွင် သာလွန်ထူးကဲသောခွန်အားမျိုး ရှိနေရုံသာမက ဆေးပညာနှင့်ဝင်္ကပါပညာရပ်တွင်လည်း ထူးချွန်သူဖြစ်သည်။
ထို့ထက်ပို၍ အရေးကြီးသောအချက်မှာ လုယွီ၏အသက်အရွယ် ငယ်ရွယ်နေမှုပင်။
လုယွီသည် တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် အရည်အချင်းပြည့်မီသည်ကို ကြည့်ခြင်းအားဖြင့် သူ၏အသက် သုံးဆယ်မကျော်သေးသည်ကို သက်သေပြနေပေ၏။
ယခုကဲ့သို့ အသက်အရွယ်မျိုးဖြင့် ဤကဲ့သို့အောင်မြင်မှုများ ရရှိနေခြင်းကို မွန်းစတားဆန်သည်ဟု ယူဆနိုင်သည်။
"အရင်တုန်းကတော့...ငါနဲ့လုရှီအကြားမှာ ခွန်အားအရာပဲ ကွာခြားတယ်လို့ ငါ ထင်ခဲ့မိတာ...ဒါပေမယ့် အခုကြည့်ရသလောက်တော့ ငါ အမြင်ကျဥ်းသွားခဲ့ပုံပဲ"
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်တစ်ယောက်က သူ့ကိုယ်သူ လှောင်ပြောင်သရော်လိုက်သည်။
တခြားသူများသည်လည်း စိတ်ခံစားချက်များနှင့် သက်ပြင်းရှိုက်လိုက်ကြသည်။လုယွီ ထုတ်ဖော်ပြသခဲ့သော အရည်အချင်းများသည် တခြားသူများကို အမှုန်အမွှားများအဖြစ် ချန်ထားနိုင်ပေ၏။
ချိုင်လုံရှင်းက ရုတ်တရက် အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"လုယွီ...မင်းက လုံလောက်တဲ့ ပါရမီအရည်အချင်းကို ထုတ်ပြပြီးပြီ....မင်းက တော်ဝင်နန်းတွင်းစာမေးပွဲရဲ့ပစ်မှတ် ဖြစ်လာနိုင်တယ်...မင်း ဂရုစိုက်သင့်တယ်"
သူ၏စကားလုံးများသည် လူတိုင်း၏သိချင်စိတ်ကို မြင့်တက်သွားစေသည်။
တာယွီအင်ပါယာ၏နန်းတွင်းစာမေးပွဲကို သမားရိုးကျပုံစံမျိုးဖြင့် ကျင်းပလေ့မရှိချေ။တစ်ခါတစ်ရံတွင် နန်းတွင်းစာမေးပွဲ၌ စာပေပညာရပ်ကို ဖြေဆိုရကာ တစ်ခါတစ်ရံ၌ တိုက်ခိုက်ရေးစာမေးပွဲကိုဖြေဆိုရသည်။နန်းတွင်းစာမေးပွဲ၏ကျင်းပမှုပုံစံသည် တစ်ကြိမ်နှင့်တစ်ကြိမ် မတူညီပေ။
ဤနေရာ၌ရှိနေသော တပည့်အများစုသည် တော်ဝင်စာမေးပွဲကို ဖြတ်ကျော်ပြီးဖြစ်သဖြင့် နန်းတွင်းစာမေးပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ရန် အရည်အချင်းပြည့်မီကြ၏။ထို့ကြောင့် သူတို့သည် ချိုင်လုံရှင်း၏စကားများကို အာရုံစူးစိုက်နေကြသည်မှာ သဘာဝကျသောကိစ္စပင်။
လုယွီက သူ၏ဝိုင်ခွက်ကိုအောက်သို့ချကာ ပြောဆိုသည်။
"ငါ အဲ့ဒီကိစ္စကို အသေးစိတ်ကျကျ သိချင်တယ်"
"အရင်က နန်းတွင်းစာမေးပွဲတွေမှာဆိုရင် ဧကရာဇ်ကိုယ်တိုင် ရွေးချယ်ခံတွေကို စစ်ဆေးတယ်...ဒါပေမယ့် အခုအခြေအနေက အရင်နဲ့မတူတော့ဘူး...ဧကရီအရှင်မက ရှေ့တန်းကိုချီတက်သွားတာကြောင့် နန်းတွင်းစာမေးပွဲမှာ လာရောက်စစ်ဆေးနိုင်မှာမဟုတ်ဘူး...ဒီတစ်ကြိမ် နန်းတွင်းစာမေးပွဲရဲ့ကြီးကြပ်သူက အိမ်ရှေ့စံမင်းသား ဖြစ်လိမ့်မယ်"
ထိုစကားကိုကြားချိန်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော် တပည့်အများစု၏စိတ်နှလုံးသားများအတွင်း၌ နာကျည်းသောခံစားချက်များ ရုတ်တရက်ထွက်ပေါ်လာပေ၏။
သူတို့သည် ယခင်က တိုက်ခိုက်ရေးစာမေးပွဲကို ဖြေဆိုနေစဥ်တွင် ထူးဆန်းသောပြောင်းလဲမှုများရှိနေကြောင်း သတိပြုခဲ့မိသည်။
မည်သည်ကြောင့် လုယွီ ယှဥ်ပြိုင်နေသော ကောင်းကင်ဘုံတက်လှမ်းခြင်းလှေကား၏ ဖိအားအရှိန်အဝါ ရုတ်တရက် မြင့်တက်သွားရသနည်း။
တော်ဝင်စစ်ရေးဌာနမှလက်ထောက်စစ်ဆေးရေးမှူးပင်လျှင် တက်လှမ်းဝံ့ခြင်းမရှိချေ။မည်သည်ကြောင့် လုယွီရင်ဆိုင်ရသော ပြိုင်ဖက်သည် တခြားသူများနှင့်ကွဲပြားခြားနားနေကာ မဟာဆရာသခင်ယုဝမ် ဖြစ်နေရသနည်း။
အကယ်၍ ဤကဲ့သို့အခြေအနေမျိုးသာ ယခင်တော်ဝင်စာမေးပွဲများတွင် ဖြစ်ပွားခဲ့ပါက စစ်ဆေးရေးမှူးခေါင်းဆောင်သည် ဒေါသတကြီးဖြင့် ထိုကိစ္စကို ထုတ်ပြန်ကြေငြာပေမည်။သို့ရာတွင် စစ်ဆေးရေးမှူးခေါင်းဆောင်ကျန်းရွှမ်စဲသည် တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်စကားတစ်ခွန်းမျှမဆိုချေ။
ယခုလက်ရှိနေရာတွင်ရှိနေသော လူအများစုသည် နုံအသူများမဟုတ်သဖြင့် ထိုကိစ္စ၏နောက်ကွယ်တွင်ရှိသော အကြောင်းပြချက်ကို ခန့်မှန်းနိုင်ခဲ့ကြသည်။
ဤကိစ္စများ၏နောက်ကွယ်တွင် အိမ်ရှေ့စံမင်းသား အကွက်ချစီမံနေခြင်းဖြစ်ပေမည်။ထို့ကြောင့် ကျန်းရွှမ်စဲသည် အိမ်ရှေ့စံမင်းသား၏အဆင့်အတန်းကြောင့် မည်သည့်စကားကိုမျှ မပြောဆိုဝံ့ခြင်းဖြစ်ပေလိမ့်မည်။
"ဒါက အိမ်ရှေ့စံမင်းသားပဲ...ဘာလို့ သူက ဒီလိုယုတ်မာကောက်ကျစ်တဲ့ အကြံအစည်မျိုးကို လုပ်ရတာလဲ"
"ရှုး...အသံတိုးတိုးပြောစမ်း...လုရှီကို အခက်မတွေ့စေနဲ့"
ပတ်ဝန်းကျင်ရှိ ကျောင်းတော်တပည့်များသည် တိတ်တဆိတ်တိုင်ပင်ဆွေးနွေးနေကြသော်လည်း မည်သူကမျှ ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။သူတို့အားလုံးသည် နတ်ဘုရားစိတ်အာရုံများကိုသာ အသုံးပြု၍ အချင်းချင်းပြောဆိုနေကြ၏။
"ဒါက ပြဿနာမရှိဘူး...သူ ဘာပဲလုပ်လုပ် ငါ့ကိုဟန့်တားနိုင်မှာ မဟုတ်ဘူး"
လုယွီက သူ၏ဝိုင်ခွက်ကို ကုန်စင်အောင်သောက်လိုက်သည်။သူ၏မျက်နှာပေါ်တွင် မည်သည့်စိုးရိမ်ပူပန်မှုအရိပ်အယောင်မျိုးမျှ ရှိမနေချေ။
အိမ်ရှေ့စံမင်းသားသည် မြင့်မားသောအဆင့်အတန်းရှိသော်လည်း လုယွီ၏အမြင်အရ သူသည် ဒဏ္ဍာရီလာထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကို စိန်ခေါ်ရန်ကြိုးစားနေသော ဂျူနီယာမျိုးဆက်တစ်ယောက်ပင်။သူ၏နည်းလမ်းများသည် နိမ့်ကျပြီး ရယ်ရွှင်ဖွယ်ကောင်းပေ၏။
Chapter 3015
လုယွီ၏အရှိန်အဝါသည် ချက်ချင်းဆိုသလိုပင် တခြားလူများအပေါ် သက်ရောက်သွားခဲ့သည်။
"ဒါက အမှန်ပဲ...လုရှီတောင် မကြောက်မှတော့ ဘာလို့ ငါတို့က ကြောက်နေရမှာလဲ"
"ဒီတစ်ကြိမ်မှာ လုရှီက စစ်ဆေးမှုနှစ်ခုလုံးရဲ့ ပထမနေရာကိုရခဲ့တော့ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးရဲ့ အာရုံစိုက်တာကို ခံနေရတယ်...အိမ်ရှေ့စံမင်းသားက လုရှီကိုဆန့်ကျင်ပြီးတော့ လှုပ်ရှားဝံ့မယ်လို့ ငါ မယုံကြည်ဘူး"
ကျောင်းတော်တပည့်တချို့က သူတို့၏လက်ဖြင့် စားပွဲခုံကိုရိုက်ပုတ်ကာ စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်လိုက်ကြ၏။
ချိုင်လုံရှင်းက ပြောဆိုသည်။
"မင်း နန်းတွင်းစာမေးပွဲ မဖြတ်ကျော်နိုင်မှာကို ငါ မစိုးရိမ်ဘူး...ငါ စိုးရိမ်နေတာက မင်းက အိမ်ရှေ့စံမင်းသားကို အပြစ်ပြုထားတာကြောင့် ရှေ့တန်းစစ်မျက်နှာစာကို စေလွှတ်ခံရမှာကိုပဲ"
လီစစ်က မျက်မှောင်ကြုတ်လိုက်သည်။
"လုရှီက စာပေနဲ့တိုက်ခိုက်ရေး စစ်ဆေးမှုနှစ်ခုလုံးမှာ ပထမနေရာကိုရရှိထားတယ်...တကယ်လို့ သူက ဌာနခွဲအရာရှိအနေနဲ့ ခန့်အပ်ခံရမယ်ဆိုရင်တောင် သူက ဗဟိုအချက်အချာကျတဲ့နေရာမှာပဲ တာဝန်ကျရမှာမဟုတ်လား"
တော်ဝင်စာမေးပွဲ၏သမိုင်းစဥ်တလျှောက်တွင် ထိပ်သီးဆယ်ယောက်သည် အစဥ်အမြဲ တော်ဝင်မြို့တော်တွင်သာ တာဝန်ထမ်းဆောင်ရလေ့ရှိသည်။
သူတို့အကြားတွင် ထိပ်သီးသုံးယောက်သည် "စစ်ရေးထူးချွန်သူ"ဟူသောဘွဲ့ကို အပ်နှင်းခံရကာ စစ်ရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိလေ၏။
တစ်စုံတစ်ယောက်သည် တော်ဝင်မြို့တော်အတွင်း၌ တာဝန်ကျပါက သူတို့၏အရာရှိလမ်းကြောင်းသည် ချောမွေ့နေမည်ဖြစ်ရုံသာမက တာယွီ၏ကံကြမ္မာစွမ်းအားကိုလည်း အဆများစွာ ပို၍ရရှိနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ တော်ဝင်မြို့တော်သည် အကန့်အသတ်မရှိသော ကံကြမ္မာစွမ်းအားများ စုဝေးနေသောနေရာဖြစ်သည်။ဤနေရာ၌နေထိုင်ခြင်းဖြင့် ရရှိသောကံကြမ္မာစွမ်းအားကို တခြားနေရာများမှ ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။
ချိုင်လုံရှင်းက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"အိမ်ရှေ့စံမင်းသားက တစ်စုံတစ်ယောက်ကို တော်ဝင်မြို့တော်မှာ ထားချင်နေတယ်...သူက လုယွီကို တော်ဝင်မြို့တော်မှာ နေခွင့်ပြုမှာမဟုတ်ဘူး...လုယွီရဲ့ခွန်အားက သူ့ရဲ့နံဘေးမှာရှိတဲ့ သစ္စာရှိလူယုံတွေထက် အများကြီးသာလွန်နေတယ်...လုယွီ တော်ဝင်မြို့တော်မှာ တစ်ရက်နေတာနဲ့ သူ့ရဲ့သစ္စာရှိလူယုံတွေအတွက် အခွင့်အရေးက မြင့်မားမှာမဟုတ်ဘူး..သူ့ရဲ့အကြံအစည်အောင်မြင်ဖို့အတွက် သူက လုယွီကို ရအောင်ရှင်းထုတ်လိမ့်မယ်"
ကျောင်းတော်တပည့်တစ်ယောက်က ဇဝေဇဝါဖြစ်နေပုံဖြင့် မေးမြန်းသည်။
"အရှင့်သား...တကယ်လို့ လုရှီက အဝေးကိုစေလွှတ်ခံရရင်တောင်...သူ့ရဲ့ခွန်အားနဲ့ဆိုရင် တိုက်ပွဲအကျိုးဆောင်ရမှတ်တွေ အလွယ်တကူရနိုင်မယ်လို့ ငါ ယုံကြည်တယ်...လုရှီက တော်ဝင်မြို့တော်မှာ ဆက်နေရမယ်ဆိုရင် အိမ်ရှေ့စံမင်းသားရဲ့ တားမြစ်ကန့်သတ်တာကိုခံရမယ်...လုရှီက တော်ဝင်မြို့တော်ရဲ့အဝေးမှာနေပြီးတော့ တိုက်ပွဲအကျိုးဆောင်ရမှတ်တွေစုဆောင်းတာ ပိုမကောင်းဘူးလား"
"တကယ်လို့ အတိတ်တုန်းကသာဆိုရင် ဒါက ဆိုးရွားတဲ့ကိစ္စမဟုတ်ဘူး"
ချိုင်လုံရှင်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ငါ အခုစိုးရိမ်နေတာက သူတို့က လုယွီကို နယ်စပ်ကိုလွှတ်ပြီးတော့ ထန်အင်ပါယာနဲ့ ရင်ဆိုင်ခိုင်းမှာကိုပဲ"
လူတိုင်း၏စိတ်နှလုံးသားများ လေးလံသွားသည်။
ယခုလက်ရှိချိန်၌ တော်ဝင်မြို့တော်အတွင်းတွင် ထန်အင်ပါယာသည် တားမြစ်ချက်တစ်ခုကဲ့သို့ဖြစ်နေကာ မည်သူမျှ လွယ်လင့်တကူ ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။
ထန်အင်ပါယာနှင့်ပတ်သတ်သည့် ကိစ္စများကို ကျင့်ကြံသူများသည် အရာရှိရုံးတော်များမှသာ သိရှိရကာ ရှေ့တန်းစစ်မျက်နှာစာ၏အခြေအနေမှန်ကိုမူ သူတို့အားလုံး မသိရှိနိုင်ချေ။
သို့ရာတွင် တော်ဝင်မိသားစု၏အဆင့်မြင့်မင်းသားတစ်ပါးဖြစ်သော ချိုင်လုံရှင်းအနေဖြင့် နေရာအနှံ့အပြားမှသတင်းများကို ရရှိနိုင်သည်ဖြစ်ရာ သူတို့အားလုံးထက်ပို၍ သတင်းအချက်အလက်များ ရရှိထားပေမည်။
"ထန်အင်ပါယာက ကောလဟာလတွေအတိုင်းပဲ အရမ်းကြောက်ဖို့ကောင်းနေပြီလား"
တစ်စုံတစ်ယောက်က တုန်ရီနေသောအသံဖြင့် မေးမြန်းလေ၏။
ချိုင်လုံရှင်းက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"သာမာန်ရန်သူတွေကို ရင်ဆိုင်ဖို့အတွက်နဲ့ ဧကရီအရှင်မကိုယ်တိုင် နန်းတွင်းကထွက်သွားမယ်လို့ မင်းတို့ယုံလား...လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက နတ်ဘုရားအမတ်ကြီးရှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ နတ်ဘုရားဆေဘာအမတ်ကြီး သေဆုံးသွားခဲ့တယ်ဆိုတဲ့သတင်းကို ငါ ရခဲ့တယ်...အခုချိန်မှာ တောင်ပိုင်းနယ်စားသန်းထုံက သူ့ရဲ့ဘွဲ့ကို နတ်ဘုရားအဆောင်လက်ဖွဲ့အမတ်ကြီးလို့ ပြောင်းလဲပြီးတော့ နတ်ဘုရားဆေဘာအမတ်ကြီးရဲ့နေရာမှာ တာဝန်အစားဝင်ယူထားတယ်...အဲ့ဒီသတင်းက ရက်နည်းနည်းလောက်ကြာရင် ပျံ့နှံ့သွားလိမ့်မယ်"
ပတ်ဝန်းကျင်မှနေ၍ လေအေးများရှိုက်သွင်းလိုက်သောအသံများ ထွက်ပေါ်လာသည်။
"အဲ့ဒါက နတ်ဘုရားအမတ်ကြီးရှစ်ယောက်ထဲက နတ်ဘုရားဆေဘာအမတ်ကြီး မဟုတ်လား...သူက တော်ဝင်နန်းတွင်းရဲ့အစွမ်းထက်ဆုံး အမတ်ကြီးတွေထဲက တစ်ယောက်လေ...သူတောင်မှ အသတ်ခံရတာလား...ဒါက မယုံကြည်နိုင်စရာပဲ"
"အရင်ဆုံး တော်ဝင်စစ်ရေးဌာနရဲ့အမတ်ကြီးသိုက်ဖုန်း...အခု နတ်ဘုရားဆေဘာအမတ်ကြီး...အခုနှစ်တော်ဝင်စာမေးပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်တဲ့ လူဦးရေက သာမာန်ထက်ပိုပြီး လျော့နည်းနေတာ အံ့အားသင့်စရာမရှိတော့ဘူး..သူတို့ထဲက အများစုက ထန်အင်ပါယာကိုပူးပေါင်းသွားတာ ဖြစ်နိုင်တယ်...ဒါက အသေးစားပုန်ကန်မှုတစ်ခုလို့ပဲ ငါ ထင်ထားခဲ့တာ...ခုလောက်အဆင့်ထိရောက်လာမယ်လို့ ငါ ထင်မထားမိဘူး"
ယခုလက်ရှိနေရာတွင်ရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်နေကြ၏။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ ဤကဲ့သို့ကိစ္စရပ်မျိုး မဖြစ်ပွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ကျင့်ကြံသူအများစုသည် တာယွီအင်ပါယာ၏အုပ်ချုပ်မှုအောက်တွင် တည်ငြိမ်စွာ ကျင့်ကြံနေခဲ့ကြသည်။အလယ်ခေတ်တွင်ကဲ့သို့ ရတနာများကိုလုယက်၍ သတ်ဖြတ်သော ဖရိုဖရဲကိစ္စမျိုး ထပ်မံ၍ဖြစ်ပေါ်မလာတော့ချေ။
ဤသည်က လောကတခွင်လုံးကို တုန်ခါသွားစေလုနီးပါး ကိစ္စရပ်ကြီးပင်။အကယ်၍ ထန်အင်ပါယာကသာ နယ်မြေများကို အမှန်တကယ် သိမ်းပိုက်စိုးမိုးလာပါက သူတို့ကဲ့သို့ မျိုးဆက်သစ်ကျင့်ကြံသူများသည် မည်ကဲ့သို့ပြုလုပ်ရမည်ကို သိရှိတော့မည်မဟုတ်ချေ။