အခန်း (၃၀၂၆-၃၀၃၀)
Vol. 155 Ch. 3026-3030
Chapter 3026
ကြီးကျယ်ခမ်းနားသော အနက်ရောင်မှော်စွမ်းအားများက လုယွီ၏လက်အတွင်းမှ ထွက်ပေါ်လာကာ ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ချင်လုရှန်း၏ရှေ့တွင် ဖွဲ့စည်းသွားသည်။
ဤဧရာမမှော်စွမ်းအင်လက်ဝါးပုံရိပ်ယောင်ကြီးသည် ယခင်က လုယွီထုတ်ဖော်အသုံးပြုခဲ့သော မှော်နည်းစနစ်များနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။ထိုအရာတွင် အကန့်အသတ်မရှိသော ရေခဲတမျှအေးစက်သည့် ယင်ချီအရှိန်အဝါများနှင့်ပြည့်နှက်နေကာ လူအများအား ရေခဲလှိုဏ်ဂူကြီးအတွင်းသို့ ကျရောက်သွားသည့် ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
"မကောင်းတော့ဘူး"
ချင်လုရှန်းသည် ထိုလက်ဝါးပုံရိပ်ယောင်ကြီးကို မြင်တွေ့သည်နှင့် သူ၏မျက်နှာအမူအယာ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားပေ၏။
သူ၏တုံပြန်မှုသည်လည်း အလွန်အမင်း လျှင်မြန်သည်။ကောင်းကင်ယံမှ ဧရာမလက်ဝါးပုံရိပ်ယောင်ကြီး သူ့ထံသို့ကျရောက်လုဆဲဆဲအချိန်တွင် ချင်လုရှန်းသည် သူ၏လက်ကိုမြှောက်၍ လက်ဝါးပုံရိပ်ယောင်တစ်ခုအဖြစ်ဖွဲ့စည်းကာ တန်ပြန်တိုက်ခိုက်လိုက်သည်။
ပတ်ဝန်းကျင်တွင် အားကောင်းသောနတ်ဘုရားစိတ်အာရုံကို ပိုင်ဆိုင်ထားသည့် တပည့်တချို့ရှိနေသဖြင့် လုယွီနှင့်ချင်လုရှန်း အသုံးပြုသွားသော မှော်မန္တန်များတွင် တူညီမှုများစွာ ရှိနေသည်ကို သတိပြုမိကြ၏။
ဤသည်က ဆရာနှင့်တပည့် လေ့ကျင့်နေကြသည့်အလားပင်။သူတို့သည် မူရင်းဇစ်မြစ်တူညီသော မှော်မန္တန်များကို ထုတ်ဖော်အသုံးပြုနေကြသဖြင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။
"လုရှီရဲ့ချီတွေက ပိုပြီးသန်မာအားကောင်းတယ်ဆိုတာ ငါ ခံစားမိတယ်"
"ဒါက အရမ်းအစွမ်းထက်တာပဲ...ဒီစွမ်းအားက မိုးကောင်းကင်ကို ဆုတ်ဖြဲနိုင်လောက်တဲ့အထိ အရမ်းပြင်းထန်ပြီးတော့ ဘယ်သူမှ ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး...ဒီလိုအရှိန်အဝါမျိုးကို တော်ဝင်နန်းတွင်းက မြင့်မြတ်သူတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မျိုးမှာပဲ ငါ ခံစားမိတယ်"
နံဘေးပတ်ဝန်းကျင်တွင်ရှိနေသော တပည့်များ၏မျက်လုံးများ ပြူးကျယ်၍ ကြည့်ရှုနေကြကာ သူတို့သည် လှုပ်ရှားမှုတစ်ခုတစ်လေကို လွတ်ထွက်သွားမည်အား စိုးရိမ်နေကြသည်။
အထူးသဖြင့် ယခင်က လုယွီကို သိကျွမ်းခြင်းမရှိခဲ့သည့်လူများပင်။ဤအချိန်အခိုက်အတန့်တွင် သူတို့သည် မွန်းစတားတစ်ကောင်ကို တွေ့မြင်နေရသည့်အလား လုယွီကို စူးစိုက်၍ကြည့်နေကြသည်။
အကယ်၍ သူသည် အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ပါက သူတို့ ဤမျှထိ အံ့အားသင့်နေမည်မဟုတ်ချေ။သို့ရာတွင် လုယွီ၏အသက်သည် အလွန်ငယ်ရွယ်ပေ၏။အမှန်အားဖြင့် သူသည် ယခုလက်ရှိနေရာတွင်ရှိနေသော တပည့်အများစုထက်ပင် ပို၍အသက်ငယ်သည်။
သူသည် ဤကဲ့သို့ငယ်ရွယ်သောအသက်အရွယ်တွင် ယခုကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ခွန်အားမျိုးကို ပိုင်ဆိုင်ထားသလော....
ဤသည်က မည်မျှထိတုန်လှုပ်ဖွယ်ကောင်းသော ပါရမီအရည်အချင်းမျိုးဖြစ်သနည်း...
တစ်ချိန်တည်းမှာပင် ပြင်ပမှနေ၍ စူးစမ်းလေ့လာနေကြသည့် နတ်ဘုရားစိတ်အာရုံများအားလုံး ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။
တော်ဝင်မြို့တော်...ကျန်းအိမ်တော်...
"ဒါက လုယွီရဲ့ခွန်အားလား"
မဟာအကြီးအကဲသည် မျက်လုံးစုံမှိတ်ကာ သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ထိုတုန်လှုပ်ချောက်ချားဖွယ်လက်ဝါးရိုက်ချက်ကို အာရုံခံ၍ကြည့်လိုက်သည်။သူ၏စိတ်နှလုံးသား အချိန်အတော်ကြာသည့်တိုင် တည်ငြိမ်ခြင်းမရှိတော့ချေ။
စာပေသူတော်စင်၏တပည့်တစ်ယောက်ဖြစ်သော လုယွီသည် ဝင်္ကပါပညာရပ်၌ အလွန်ထူးချွန်သောအရည်အချင်းကို ပိုင်ဆိုင်ထားသည်မှာ မထူးဆန်းပေ။သူ ထိုကိစ္စကို လက်သင့်ခံနိုင်သည်။
သို့ရာတွင် အကယ်၍ ဝင်္ကပါပညာရပ်တွင် ပါရမီရှိသူတစ်ယောက်သည် အသက်ငယ်ရွယ်နေသည့်အပြင် စာပေနှင့်တိုက်ခိုက်ရေးပညာရပ်တွင်လည်းကျွမ်းကျင်ပြီး တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားကိုပါ ပိုင်ဆိုင်ထားပါက အခြေအနေ ကွဲပြားခြားနားသွားလေပြီ။
မဟာအကြီးအကဲသည် အကယ်၍ သူ လုယွီနှင့်ရင်ဆိုင်တိုက်ခိုက်ရပါက အလွန်ခက်ခဲသော အခြေအနေမျိုးအတွင်းသို့ ကျရောက်သွားမည်ဟု သူ ခံစားမိသည်။
လုယွီထံတွင် နယ်မြေသခင်တစ်ယောက်၏ခွန်အားမျိုးရှိနေသည်ဟု ကျန်းဟုန်က အစဥ်အမြဲ ပြောဆိုခဲ့လေ၏။လူတိုင်းသည် မူလက ထိုကိစ္စကို ရယ်စရာပြက်လုံးတစ်ခုဟုသာ သဘောထားခဲ့သော်လည်း ယခုလက်ရှိချိန်တွင်မူ ကြည့်ရသည်မှာ သူတို့သည် အမြင်ကျဥ်းသွားခဲ့ပုံပင်။
"ကျန်းဟုန်...ဒီကလေး လုယွီကို ဆွဲထားနိုင်ခဲ့တာက အရမ်းမှန်ကန်တဲ့ရွေးချယ်မှုပဲ...သူနဲ့လုယွီကြားက ဆက်ဆံရေးနဲ့ဆိုရင် သူ ကျန်းမိသားစုမှာ ခြေကုပ်ယူနိုင်မှာသေချာတယ်...လုယွီ နိမ့်ပါးမသွားသရွေ့ သူ့ရဲ့နေရာတည်ငြိမ်သွားပြီ"
စိတ်သက်သာရာရသွားသော အပြုံးတစ်ခုက မဟာအကြီးအကဲ၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
....
နဂါးအစောင့်တပ်...တောင်ပိုင်းနယ်မြေအုပ်ချုပ်ရေးရုံးတော်...
ယန်စွေ့သည် ထိုင်ခုံတစ်လုံးပေါ်၌ ထိုင်နေကာ သူ့ရှေ့ရှိစားပွဲပေါ်၌ စာရွက်များအထပ်လိုက်ရှိနေသည်။နဂါးအစောင့်တပ်များအတွင်းတွင် လျှို့ဝှက်ကိစ္စအမြောက်အများရှိသဖြင့် အများစုကို သူ ကိုယ်တိုင်ကိုယ်ကျကြည့်ရှုရန် လိုအပ်သည်။
ယန်စွေ့၏လက်အတွင်း၌ စုတ်တံတစ်ချောင်းကို ကိုင်ဆောင်ထားသော်လည်း အချိန်အတော်ကြာသည့်တိုင် အောက်သို့ချရေးခြင်းမရှိချေ။သူသည် အဝေးရှိလေဟာနယ်သို့ သူ၏နတ်ဘုရားစိတ်အာရုံကို စေလွှတ်ကာ ကြည့်ရှုနေလေ၏။
အချိန်အတော်ကြာပြီးနောက် ယန်စွေ့၏မျက်လုံးများ တောက်ပသွားကာ သူက တီးတိုးရေရွတ်လိုက်သည်။
"တပ်မှူးက သူ့ကို မြင့်မြင့်မားမားတွေးထားတာ အံ့အားသင့်စရာ မရှိတော့ဘူး...သူ့ကိုကူညီပေးဖို့အတွက်တောင် ငါ့ကို တောင်းဆိုခဲ့တယ်...ဒီလိုမျိုးအရည်အချင်းနဲ့ဆိုရင် တပ်မှူး သူ့ကို အာရုံစိုက်နေရတဲ့အကြောင်းရင်း ရှိကိုရှိရမယ်"
ယန်စွေ့က သူ၏နတ်ဘုရားစိတ်အာရုံကို ပြန်ရုတ်သိမ်းကာ သူ့ရှေ့ရှိ စာရွက်များကိုကြည့်၍ မှတ်ချက်ရေးသားလိုက်၏။
သူ၏အတွေ့အကြုံအရ နောက်ထပ်ဖြစ်လာမည့်ကိစ္စကို သူ စောင့်မကြည့်လျှင်ပင် မည်ကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်ကို သူ သိရှိပြီးဖြစ်သည်။
Chapter 3027
တော်ဝင်မြို့တော်...အရှေ့နန်းတော်
အိမ်ရှေ့စံမင်းသားသည် ရိုးရှင်းသောဝတ်စုံပြောင်တစ်ထည်ကို ဝတ်ဆင်ထားကာ ရေအိုင်တစ်ခု၏နံဘေးတွင်ထိုင်နေပြီး သူ၏လက်အတွင်း၌ ငါးမျှားတံတစ်ချောင်းကို ကိုင်ဆောင်ထားသည်။
ထိုငါးမျှားတံတွင် ကြိုးမပါသည့်အပြင် ငါးစာလည်းရှိမနေချေ။သို့ရာတွင် ရေအတွင်းရှိ ရွှေဝါရောင်ငါးများသည် တစ်စုံတစ်ခု၏ဆွဲဆောင်ခြင်းကိုခံရပုံဖြင့် ငါးမျှားတံ၏နံဘေးပတ်လည်တွင် ရှေ့နောက်ကူးခတ်နေသည်။
ဘန်း...
ရုတ်တရက် တစ်စုံတစ်ခု၏သက်ရောက်မှုကို ခံလိုက်ရသည့်အလား အိမ်ရှေ့စံမင်းသား၏ရှေ့ရှိရေအိုင် ရုတ်တရက်ပေါက်ကွဲသွားကာ ရေများက လေထုအတွင်းသို့ ပန်းထွက်သွားသည်။
ရွှေဝါရောင်ငါးများသည်လည်း သက်ရောက်မှုခံလိုက်ရကာ ပန်းထွက်လာသောရေများနှင့်အတူ လေထုအတွင်းသို့ မြောက်တက်လာသည်။
ရွှေရောင်ငါးများအားလုံး ထိတ်လန့်ကြောက်ရွံသွားကာ တစ်ကောင်ပြီးတစ်ကောင် ဝေးရာသို့ကူးခတ်သွားကြ၏။မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ထိုရွှေရောင်ငါးများသည် အရိပ်အယောင်ပင်မကျန်ရှိဘဲ အိမ်ရှေ့စံမင်းသား၏ရှေ့မှ ပျောက်ကွယ်သွားတော့သည်။
"အရှင့်သား...အဲ့ဒီကောင်လေးက အရမ်းအန္တရာယ်များတယ်...ဒီကျွန်အိုကြီးရဲ့အမြင်အရဆိုရင် ကျွန်တော်တို့ရဲ့အရင်နည်းဗျူဟာကို ပြောင်းလဲပြီးတော့ သူ့ကိုဖိနှိပ်ဖို့အာရုံစိုက်တာ ပိုမကောင်းဘူးလား"
အိမ်ရှေ့စံမင်းသား၏နံဘေးတွင် မိန်းမစိုးအိုကြီးတစ်ယောက်က မတ်တတ်ရပ်နေကာ အက်ရှရှအသံဖြင့် ပြောဆိုသည်။
အိမ်ရှေ့စံမင်းးသည် အချိန်တခဏခန့် စဥ်းစားတွေးတောနေသော်လည်း သူ့အား တိုက်ရိုက်အဖြေပေးခြင်းမရှိချေ။ထိုအစား သူက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ဒီနေ့ ငါ့စိတ်တွေ တည်ငြိမ်မှုမရှိဘူး...ငါပြန်ရောက်တာနဲ့ ကျမ်းစာအစောင်တစ်ရာ ကူးရေးရမယ်"
သူသည် ထိုမေးခွန်းကို တုံ့ပြန်ဖြေဆိုခြင်းမရှိသည့်အပြင် ငြင်းဆန်ခြင်းလည်းမပြုချေ။
ထိုသို့ပြောဆိုပြီးနောက် အိမ်ရှေ့စံမင်းသားက မတ်တတ်ထရပ်ကာ ရေအိုင်နံဘေးမှ ထွက်ခွာသွားတော့သည်။
အိမ်ရှေ့စံမင်းသား၏နောက်ကျောကိုကြည့်ပြီး မိန်းမစိုးအိုကြီးက သူ၏ခေါင်းကိုခါယမ်း၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သို့ရာတွင် သူသည် မည်သည့်စကားကိုမျှ ပြောဆိုခြင်းမပြုချေ။
...
ဘုန်း....
နားအူလုမတတ် ပေါက်ကွဲသံတစ်သံနှင့် အတူယှဥ်တွဲ၍ တံလျှပ်ပင်လယ်မျှော်စင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
မူလက လုယွီရှိနေသောနေရာသည် တံလျှပ်ပင်လယ်မျှော်စင်၏ထိပ်ဆုံးထပ်၌ဖြစ်သည်။သို့ရာတွင် ထိုလက်ဝါးပုံရိပ်ယောင်ကြီး ကျဆင်းသွားချိန်တွင် ကြီးမားသောအက်ကွဲကြောင်းကြီးတစ်ခုက လူတိုင်း၏ရှေ့၌ ထွက်ပေါ်လာသည်။
လူတိုင်းသည် သူတို့၏အရှေ့မှနေ၍ အဖြူရောင်အလင်းတန်းတစ်တန်း ဖြတ်သန်းသွားသည်ကို ခံစားမိလေ၏။ထိုအဖြူရောင်အလင်းတန်း ပျောက်ကွယ်သွားချိန်တွင် လုယွီနှင့်ချင်လုရှန်းအကြားရှိတိုက်ပွဲ အဆုံးသတ်သွားလေပြီ။
ယခုတဖန် ထပ်မံ၍ကြည့်လိုက်ချိန်တွင် သူတို့သည် ချင်လုရှန်းကို မမြင်တွေ့ရတော့ချေ။သူတို့သည် လက်ဝါးပုံစံအပေါက်ကြီးတစ်ခု သူတို့၏ရှေ့၌ ထွက်ပေါ်လာသည်ကိုသာ မြင်တွေ့လိုက်ရသည်။
တပည့်တချို့သည် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ဘဲ ထိုအပေါက်ကြီး၏အောက်သို့ ငုံကြည်လိုက်ကြပြီးနောက် သူတို့က လေအေးတစ်ချက်စီရှိုက်သွင်းလိုက်ကြသည်။
ထိုလက်ဝါးရာအပေါက်ကြီး၏အောက်တွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ရှိနေပေ၏။ထို့နောက် အောက်တွင်ရှိသော ရေမျက်နှာပြင်မှနေ၍ ရေများပန်းထွက်နေသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။
တံလျှပ်ပင်လယ်မျှော်စင်ကို ပင်လယ်ရေမျက်နှာပြင်၏အထက်၌ တည်ဆောက်ထားခြင်းဖြစ်ကာ အထပ်ကိုးထပ်မြင့်မားသည်။
ထိုအက်ကွဲကြောင်းကြီးအောက်ရှိ ပင်လယ်ရေများကို မြင်တွေ့ချိန်တွင် မည်သို့ဖြစ်ပျက်သွားသည်ကို သူတို့အားလုံး သိနားလည်သွားကြ၏။
ဤသည်က လုယွီ၏လက်ဝါးရိုက်ချက်သည် တံလျှပ်ပင်လယ်မျှော်စင်၏အထပ်ကိုးထပ်လုံးကို ထွင်းဖောက်သွားသည်ဟု ဆိုလိုခြင်းပင်။
လူတိုင်းသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် အသက်ပြင်းပြင်းရှိုက်လိုက်ကြသည်။
အကယ်၍ သာမာန်စားသောက်ဆိုင်တစ်ဆိုင်ဆိုပါက ဤကဲ့သို့ထွင်းဖောက်နိုင်ခြင်းကို သူတို့အားလုံး အံ့အားသင့်တုန်လှုပ်နေမည်မဟုတ်ချေ။မည်သို့ပင်ဆိုစေကာမူ မည်သည့်ကျင့်ကြံသူမဆို ခွန်အားအနည်းငယ်ရှိရုံမျှဖြင့် ထိုကဲ့သို့ပြုလုပ်နိုင်စွမ်းရှိသည်။
သို့ရာတွင် တံလျှပ်ပင်လယ်မျှော်စင်ကမူ ကွဲပြားခြားနားပေ၏။
တော်ဝင်မြို့တော်၏ ခမ်းနားထည်ဝါဆုံးစားသောက်ဆိုင်ဖြစ်သော တံလျှပ်ပင်လယ်မျှော်စင်ကို တည်ဆောက်ထားမှုသည် အလွန်ကြီးကျယ်ခမ်းနားသည်။ထိုအဆောက်အအုံကို ဆောက်လုပ်ရာ၌ အသုံးပြုသောပစ္စည်းများသည် နယ်ခြားနတ်ဘုရားသတ္ထုနှင့်တခြားအဖိုးတန်ရှားပါးသောအရာများဖြစ်သည်။
တံလျှပ်ပင်လယ်မျှော်စင်၏အထပ်တိုင်းရှိ လက်ရာမြောက်ပြီး ကြီးကျယ်ခမ်းနားသော ကြမ်းပြင်များ၏မျက်နှာပြင်ပေါ်တွင် အကာအကွယ်ဝင်္ကပါများကို ခင်းကျင်းထားသည်။ကောလဟာလများအရ အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာ၌ ပြင်းထန်စွာတိုက်ခိုက်လျှင်ပင် တံလျှပ်ပင်လယ်မျှော်စင်ကို ထိခိုက်ပျက်စီးနိုင်မှုမရှိဟု ဆိုကြ၏။
သို့ရာတွင် လုယွီသည် လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် တံလျှပ်ပင်လယ်မျှော်စင်၏အထပ်ကိုးထပ်လုံးကို ထွင်းဖောက်သွားစေခဲ့သလော...
ဤသည်က မည်မျှထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားမျိုးဖြစ်သနည်း...
"ချင်လုရှန်း သေများသေသွားတာလား...ဒီလက်ဝါးရိုက်ချက်ကို ရွှယ်အင်မော်တယ်တစ်ယောက်တောင် တောင့်ခံနိုင်မှာမဟုတ်ဘူး"
"ငါ ထင်ထာတော့ သူသေသွားတာ သေချာတယ်...သူက သူ့ရဲ့အကန့်ကိုမသိဘဲနဲ့ လုရှီကိုတောင် စိန်ခေါ်ဝံ့တယ်"
လုယွီထံ၌ ကြီးမားသောခွန်အားရှိသည်ကို မြင်တွေ့ချိန်တွင် ကျောင်းတော်တပည့်များအားလုံး စိတ်သက်သာရာရသွားကြသည်။
လုယွီ၏တိုက်ခိုက်မှုသည် နောက်ဆုံး၌ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ နာမည်ဂုဏ်သတင်းကို ကာကွယ်နိုင်ခဲ့သည်။ထို့ပြင် ကျောင်းတော်၏နာမည်ဂုဏ်သတင်းကို ပို၍ပင်မြှင့်တင်ပေးရာရောက်သည်။
Chapter 3028
ချင်လုရှန်း၏စိန်ခေါ်မှုနှင့် ရင်ဆိုင်ရချိန်တွင် တော်ဝင်ကျောင်းတော်မှပါရမီရှင်များပင်လျှင် တံခါးပိတ်ကျင့်ကြံ၍ ရှောင်တိမ်းရန် ဆုံးဖြတ်ခဲ့သည်။
တခြားတစ်ဖက်တွင် လုယွီသည် ထိုစိန်ခေါ်မှုကို လက်ခံခဲ့ရုံသာမက တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ချင်လုရှန်းကို အနိုင်ယူနိုင်ခဲ့ပေ၏။
ဤတိုက်ပွဲရလဒ်သာ ပျံ့နှံ့သွားပါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ နာမည်ဂုဏ်သတင်း ပို၍မြင့်မားသွားပေမည်။
အမ်...
လုယွီက အက်ကွဲကြောင်းအောက်ရှိ ရေမျက်နှာပြင်ကိုကြည့်ကာ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
"ငါက ခွန်အားကုန်သုံးမထားဘူး...တကယ်လို့ မင်း အသက်ရှင်နေသေးရင်...ထွက်လာခဲ့စမ်း"
ထိုစကားကိုကြားချိန်တွင် ပတ်ဝန်းကျင်၌ရှိနေသောလူတိုင်း ကြက်သေသေသွားသည်။
သူတို့အနက်မှအများစုသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ညည်းတွားနေကြ၏။ဤခွန်အားသည် သူတို့အနက်မှအများစုကို အမှုန်အမွှားများအဖြစ် နောက်ကောက်ချထားနိုင်သော်လည်း လုယွီသည် ဤသည်က သူ၏ခွန်အားကုန်မဟုတ်သေးဟု ပြောဆိုခဲ့သည်။
အကယ်၍ လုယွီသာ သူ၏ခွန်အားအကုန်အစင်ကို ထုတ်ဖော်အသုံးပြုပါက မည်သို့ဖြစ်သွားမည်နည်း....
ဗွမ်း...
ရုတ်တရက် ရေမျက်နှာပြင်ပေါ်မှနေ၍ ရေများပန်းထွက်လာသည်။
ထိုရေများအကြားမှနေ၍ အလွန်ဆိုးဆိုးရွားရွားအခြေအနေသို့ ရောက်ရှိနေသော လူတစ်ယောက် ထွက်ပေါ်လာသည်။ဤသည်က အစောပိုင်းတွင် အလွန်မောက်မာဝံ့ကြွားနေခဲ့သော ချင်လုရှန်းပင်။
ယခုလက်ရှိချိန်တွင် ချင်လုရှန်းထံ၌ ယခင်ကဲ့သို့ မောက်မာဝံ့ကြွားသော အမူအယာမျိုး မရှိတော့ချေ။သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရေများရွှဲနစ်နေသည်။ချင်လုရှန်း၏ဆံပင်သည်လည်း ရေများရွဲရွဲစိုနေသဖြင့် ပြေလျော့ကျနေလေရာ သူ အလွန်အမင်းခက်ခဲသော အခြေအနေမျိုးနှင့် ရင်ဆိုင်ခဲ့ရပုံရှိသည်။
သူ၏နံဘေးတွင် တံလျှပ်ပင်လယ်မျှော်စင်မှလူများရှိနေကာ သူ့ကို ကူညီ၍ တွဲထူပေးရန် ဟန်ပြင်နေကြ၏။သို့ရာတွင် ထိုလူများအားလုံးကို ချင်လုရှန်းက ဒေါသတကြီးဖြင့် တွန်းထုတ်လိုက်သည်။
ကြည့်ရသည်မှာ ချင်လုရှန်း၏ခန္ဓာကိုယ်အတွင်း၌ မည်သည့်ခွန်အားမျှ မကျန်ရှိတော့ပုံပင်။သူသည် ပင်လယ်ရေအတွင်းမှ တွားသွားတက်လာခဲ့သည့်တိုင် သူ၏ခန္ဓာကိုယ်သည် သေမျိုးတစ်ယောက်အလား တဆတ်ဆတ်တုန်ရီနေသည်။
လဖက်ရည်တစ်ခွက်ဖျော်စာခန့် ကြာမြင့်ပြီးနောက် ချင်လုရှန်းက မတ်တတ်ထရပ်ကာ ရက်စက်ကြမ်းကြုတ်သောအပြုံးဖြင့် လုယွီကို စူးစိုက်၍ ကြည့်လိုက်၏။
"မင်း...တိုက်ခိုက်တာကောင်းတယ်"
ချင်လုရှန်းက လုယွီကို လက်မထောင်ပြ၍ ပြောဆိုသည်။
ကျောင်းတော်တပည့်တစ်ယောက်က အေးစက်စက် နှာတစ်ချက်မှုတ်ကာ ပြောဆိုလေသည်။
"မင်း ခုဏက အရမ်းကြီး မောက်မာဝံ့ကြွားနေတာမဟုတ်လား...ဘာလို့ အခုကျတော့ နာခံရို့ကျိုးသွားတာလဲ"
ထိုစကားကိုကြားချိန်တွင် ချင်လုရှန်းက ထိုကျောင်းတော်တပည့်ကို မော့ကြည့်လိုက်သည်။
ဤကဲ့သို့ အလွန်ဆိုးရွားသောအခြေအနေမျိုးသို့ ရောက်ရှိနေသည့်တိုင် ချင်လုရှန်းသည် အကန့်အသတ်မရှိသော သွေးပင်လယ်ကြီးနှင့် တောင်ပုံရာပုံဖြစ်နေသော အလောင်းများကြားမှ ထွက်လာသည့်အလား သူ၏မျက်လုံးတစ်စုံမှနေ၍ အရိုးကွဲမတက်အေးစက်သော ယင်ချီစွမ်းအားများကို ထုတ်လွှတ်နေဆဲပင်။
ထိုကျောင်းတော်တပည့်သည် ချင်လုရှန်း၏အကြည့်နှင့် ရင်ဆိုင်ရချိန်တွင် ရေခဲလှိုဏ်ဂူကြီးအတွင်းသို့ ကျရောက်သွားသည့်အလား အေးစိမ့်မှုကို သူ ခံစားလိုက်ရ၏။သူသည် အချိန်တခဏကြာသည့်အထိ စကားမပြောနိုင်တော့ချေ။
ဤချင်လုရှန်းထံတွင် အမှန်တကယ်ကိုပင် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုးရှိနေသည်။
ရုတ်တရက် ဘုန်းခနဲအသံနှင့်အတူ ချင်လုရှန်းသည် သူ၏ကိုယ်နေဟန်ထားကို ဆက်လက်၍ ထိန်းသိမ်းမထားနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။သူသည် မလှုပ်ရှားနိုင်တော့ဘဲ သတိလစ်မေ့မျောသွားတော့သည်။
ဟူး...
ရှည်လျားသောသက်ပြင်းချသံများက ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသည်။
"ရိုးရိုးသားသား ဝန်ခံရရင်...တကယ်လို့ ငါက သူ့လိုမျိုးပြိုင်ဘက်နဲ့သာ ရင်ဆိုင်ရမယ်ဆိုရင် နောက်ဆုံးအချိန်အခိုက်အတန့်ထိ ငါ သတိလစ်ဟင်းရဲမှာမဟုတ်ဘူး"
ကျောင်းတော်တပည့်တစ်ယောက်က စိတ်ခံစားချက်အပြည့်ဖြင့် ပြောဆိုသည်။
ပတ်ဝန်းကျင်ရှိလူများအားလုံး ခေါင်းညိတ်လိုက်ကြ၏။
ချင်လုရှန်းသည် တစ်ဦးချင်းစိန်ခေါ်ရန် ရောက်လာခဲ့သည်မှာ အလွန်စိတ်ပျက်ဖွယ်ရာပင်။သို့ရာတွင် ထိုလူ၏ တိုက်ခိုက်နိုင်မှုစွမ်းအားမှာ အလွန်မြင့်မားသည်။
အနည်းဆုံးအနေဖြင့် တိုက်ပွဲအပေါ် နားလည်သဘောပေါက်မှုအရဖြစ်စေ အတွေ့အကြုံအရဖြစ်စေ သူသည် ကျောင်းတော်များမှထွက်လာသော တပည့်အများစုထက် များစွာပို၍သာလွန်သည်။
လုယွီက ပြောဆိုသည်။
"ဘယ်ဂျူနီယာညီလေးကများ ကူညီပေးနိုင်မလဲ.. သူ့ရဲ့ဒဏ်ရာတွေကို ကုသပေးဖို့ သူ့ကိုကူညီပြီး ဆေးခန်းကိုပို့ရမယ်"
ရုတ်ချည်းဆိုသလိုပင် ကျောင်းတော်တပည့်တစ်ယောက်က မတ်တတ်ထရပ်လိုက်၏။
"လုရှီ...ကျွန်တော်ရဲ့မိသားစုက ဆေးခန်းတစ်ခန်း ပိုင်ဆိုင်ထားတယ်...ဒီကိစ္စ ကျွန်တော်ကို ဖြေရှင်းခွင့်ပြုပါ"
အလွန်လျှင်မြန်စွာဖြင့် အစောင့်ခုနစ်ယောက် ရှစ်ယောက်ခန့် အပြေးရောက်လာသည်။သူတို့သည် တုတ်ခိုင်သန်မာသော ချင်လုရှန်း၏ခန္ဓာကိုယ်ကြီးကိုမ၍ ဒယိမ်းဒယိုင်ဖြင့် သယ်ဆောင်သွားကြသည်။
လီစစ်က ရုတ်တရက် ပြောဆိုသည်။
"လုရှီက ပြိုင်ဘက်ရန်သူကိုတောင် ဒီလိုမျိုးဆက်ဆံတာ တကယ့်ကို စိတ်သဘောထားကြီးတဲ့သူပဲ...ဒီလူရဲ့ပါးစပ်က ထွက်လာတဲ့စကားတွေက ရိုင်းပျပေမယ့် သူက ရဲရင့်ပြီးတော့ အကွက်ချစီစဥ်တတ်တယ်...ဖြစ်နိုင်တာတော့ လုရှီက သူ့ကို လက်အောက်ခံအနေနဲ့ထားဖို့ ရည်ရွယ်ထားတာလား"
လုယွီက သူ၏ခေါင်းကို ခါယမ်းပြလိုက်၏။
"ငါ အခုထိ ဆုံးဖြတ်ချက်မချရသေးဘူး...ဘယ်လိုပဲဖြစ်ဖြစ် ငါက သူနဲ့ ပထမဆုံးအကြိမ်တွေ့ဖူးတာ....ငါက သူ့ရဲ့စိတ်နေစိတ်ထားနဲ့ပတ်သတ်ပြီးတော့ ရှင်းရှင်းလင်းလင်း မသိသေးဘူး...လူတိုင်းကို ငါ့ရဲ့နောက်လိုက် ဖြစ်ခွင့်မပြုနိုင်ဘူး"
တခြားသူများသည် ထိုစကားကိုကြားချိန်တွင် သူတို့က ကူကယ်ရာမဲ့စွာဖြင့် ကျွတ်စုပ်လိုက်ကြသည်။အကယ်၍ သူတို့ထံတွင် ချင်လုရှန်းကဲ့သို့ နောက်လိုက်မျိုးရှိနေပါက သူတို့ ဆန္ဒရှိသကဲ့သို့ တော်ဝင်မြို့တော်အတွင်းတွင် ထင်ရာစိုင်းနေပေမည်။
ဖြစ်နိုင်သည်မှာ လုယွီကဲ့သို့ ထိပ်သီးပါရမီရှင်တစ်ယောက်၏ နောက်လိုက်ဖြစ်ရန်မှာ လိုအပ်ချက်များ အလွန်များပြားပုံပင်။
Chapter 3029
"အဲ့ဒီကောင်က တကယ့်ကို အချိန်မှားပြီးရောက်လာတာပဲ....သူ့ကြောင့် ငါတို့ရဲ့ ကောင်းမွန်တဲ့စားသောက်ပွဲ ပျက်စီးသွားပြီ...ငါက တံလျှပ်ပင်လယ်မျှော်စင်ရဲ့ ကချေသည်တွေကို သတိရနေတာ...ဒီတစ်ကြိမ်တော့ ငါ သူတို့ရဲ့အကအလှတွေကို ကြည့်ရမယ့်ပုံမပေါ်တော့ဘူး"
လီစစ်က သူ၏ခေါင်းကိုခါယမ်းကာ သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ဟား ဟား ဟား...စီနီယာအကိုလီစစ်က ဒီလောက်ထိ စိတ်ကူးယဥ်ဆန်မယ်လို့ ငါ တွေးမထားမိဘူး"
"နန်းတွင်းစာမေးပွဲ ပြီးသွားတဲ့အချိန်ကျရင် စီနီယာအကိုလီစစ်မှာ အချိန်ကောင်းလေးတွေရှိလာဖို့ ငါ မျှော်လင့်တယ်"
ပတ်ဝန်းကျင်ရှိလူများအားလုံး ရယ်မောလိုက်ကြ၏။လီစစ်၏စကားများသည် စိတ်ရှုပ်ဖွယ်အနေအထားကို အတော်အသင့် လျော့ပါးသွားစေသည်။
ဘုန်း...ဘုန်း...ဘုန်း...
အလျင်စလိုပြေးလာသည့် ခြေလှမ်းသံများက လှေကားမှနေ၍ ထွက်ပေါ်လာသည်။တာဝန်ခံသည် အပြေးအလွှားရောက်ရှိလာကာ သူ၏မျက်နှာပေါ်၌ တုန်လှုပ်ချောက်ချားနေသောအမူအယာမျိုးရှိနေသည်။သူသည် လုယွီကိုမြင်တွေ့ချိန်တွင် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"အမယ်လေး ကံကောင်းလို့....သခင်လေးလု...မင်း အဆင်ပြေလား...မင်းက ငါ့ကိုသေအောင် ခြောက်လှန့်နေတာပဲ"
တာဝန်ခံက ထိတ်လန့်တကြား အော်ဟစ်လေသည်။
သူသည် ချင်လုရှန်းကို မတားဆီးနိုင်သဖြင့် ပြင်ပ၌သာ စောင့်ဆိုင်းနေခဲ့ရသည်။
သို့ရာတွင် ကျယ်လောင်သောဘုန်းခနဲအသံနှင့်အတူ တံလျှပ်ပင်လယ်မျှော်စင်တစ်ခုလုံး ခါယမ်းသွားခဲ့လေ၏။တာဝန်ခံသည် တံလျှပ်ပင်လယ်မျှော်စင်၏ထိပ်ဆုံးထပ်မှစ၍ အောက်ဆုံးထိတိုင် ကြမ်းပြင်များ ပျက်စီးသွားခြင်းကို တွေ့မြင်လိုက်ရသည်။
သူသည် အလွန်တုန်လှုပ်ချောက်ချားသွားသဖြင့် စစ်ဆေးရန် ဤနေရာသို့ အပြေးအလွှားရောက်ရှိလာခြင်းဖြစ်သည်။
သူ့အတွက်မူ လုယွီဖြစ်စေ ချင်လုရှန်းဖြစ်စေ ဤနေရာ၌ တစ်စုံတစ်ခုဖြစ်မသွားစေရန် အရေးကြီးပေ၏။
တစ်ယောက်သည် စစ်ဆေးမှုနှစ်ခု၏ပထမနေရာကို ရရှိထားသူဖြစ်ကာ တခြားတစ်ယောက်သည် တိုက်ခိုက်ရေးစာမေးပွဲ၌ တတိယနေရာကို ရရှိထားသူဖြစ်သည်။သူတို့နှစ်ယောက်လုံးကို ကောင်းကင်ဘုံနယ်မြေတခွင်လုံးမှ အာရုံစူးစိုက်နေကြကာ သူတို့သည် တာယွီအင်ပါယာ၏ အရေးကြီးပုဂ္ဂိုလ်များဖြစ်လာမည့် ကံကြမ္မာမျိုးရှိနေသည်။
အကယ်၍ သူတို့နှစ်ယောက်အနက်မှ မည်သည့်တစ်ယောက်မဆို တံလျှပ်ပင်လယ်မျှော်စင်တွင် သေဆုံးသွားပါက တာဝန်ခံဖြစ်သော သူ၏ဘဝ အဆုံးသတ်သွားပေမည်။သူသည် သူ၏အသက်ကိုပင် မကာကွယ်နိုင်တော့မည်ကို စိုးရိမ်နေမိ၏။
"ဒီနေရာမှာ ရှုပ်ပွနေတာတွေကို ရှင်းလိုက်ပါ...တံလျှပ်ပင်လယ်မျှော်စင်ကို ပြန်ပြုပြင်ဖို့အတွက် လျော်ကြေးကို ငါ ပေးမယ်"
လုယွီက သူ၏လက်ချောင်းများကိုလှုပ်ခတ်လိုက်ရာ ငွေလက်မှတ်တစ်ရွက်က တာဝန်ခံထံသို့ ပျံဝဲသွားသည်။
တာဝန်ခံက အပြုံးနှင့် ပျာပျာသလဲပြောဆိုသည်။
"သခင်လေးလု...မင်းက အရမ်းယဥ်ကျေးလွန်းနေပြီ....ပါရမီရှင်တွေ တစ်ယောက်နဲ့တစ်ယောက် ယှဥ်ပြိုင်တိုက်ခိုက်ကြတာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စပါပဲ...ဒါက ငါတို့ တံလျှပ်ပင်လယ်မျှော်စင်ရဲ့ကြံခိုင်မှု မလုံလောက်တာကြောင့်လည်းပါတယ်....ဒီလိုကိစ္စမျိုးဖြစ်လာတာ ငါတို့ရဲ့အပြစ်ပါ...ဘယ်လိုလုပ်ပြီးတော့ ငါက မင်းရဲ့ငွေကို ယူဝံ့မှာလဲ"
ယခုလက်ရှိချိန်တွင် သူသည် လုယွီနှင့်ချင်လုရှန်း တစ်စုံတစ်ခုဖြစ်မသွားစေရန်ကိုသာ ဆုတောင်းနေရသည်။လုယွီ၏နောက်ရှိ ထိပ်သီးပုဂ္ဂိုလ်များသည် သူ့အား လွယ်လင့်တကူ ချေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။ထို့ကြောင့် တာဝန်ခံသည် လုယွီပေးသော ငွေလက်မှတ်ကို မယူဝံ့ချေ။
ချိုင်လုံရှင်းက စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။
"အဲ့ဒါကို ယူထားလိုက်...ဒီတံလျှပ်ပင်လယ်မျှော်စင်က ကျိုးမိသားစုရဲ့အပိုင်ဆိုတာ ငါ သိထားတယ်...တကယ်လို့ ကျိုးမိသားစုက ဒီကိစ္စကို မကျေနပ်ဘူးဆိုရင်...ငါ့ရဲ့ရေခဲနယ်မြေနန်းတော်ကို အချိန်မရွေးလာရှာလို့ရတယ်လို့ မင်း ပြောလိုက်စမ်း"
"ဟုတ်ကဲ့...ဟုတ်ကဲ့...ဟုတ်ကဲ့ပါ...ကျွန်တော်က ဒီငွေလက်မှတ်ကိုယူပြီး ထွက်သွားပါတော့မယ်"
ချိုင်လိုရှင်း၏စိတ်မရှည်သောလေသံကိုကြားချိန်တွင် တာဝန်ခံသည် ဤနေရာ၌ ဆက်မနေဝံ့တော့သဖြင့် အလျှင်အမြန် ပြန်လည်ထွက်ခွာသွားတော့သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လုယွီက ခေါင်းခါယမ်းလိုက်သည်။
"ကြည့်ရတာတော့ ဒီနေ့တွေ့ဆုံပွဲက အဆုံးသတ်ရတော့မယ့်ပုံပဲ...အားလုံးပဲ နောက်ဆုံးဝိုင်အရက်တစ်ခွက်ကို သောက်လိုက်ရအောင်...မင်းတို့အားလုံး နန်းတွင်းစာမေးပွဲမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ပါစေလို့ ငါ ဆုတောင်းလိုက်တယ်"
"ဟုတ်ကဲ့ပါ လုရှီ"
လူတိုင်းသည် သူတို့၏ခွက်များကိုမြှောက်၍ အတွင်းရှိ ဝိုင်အရက်များကို ကုန်စင်အောင်သောက်လိုက်ကြ၏။
ပတ်ဝန်းကျင်တွင် ရီဝေယစ်မူးစေသော ဝိုင်အရက်နံများဖြင့် ပြည့်နှက်သွားသည်။တံလျှပ်ပင်လယ်မျှော်စင်၏ဝိုင်အရက်သည် ထိပ်တန်းအရည်အသွေးရှိကာ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအရာကို မကြာခဏသောက်သုံးပါက သူ၏ခန္ဓာကိုယ် ကြံခိုင်သန်မာလာမည့်အပြင် ကျင့်ကြံမှုလည်း အနည်းငယ်မြင့်တက်လာပေမည်။
"ကျွန်တော်လည်း ဒါကို သောက်ကြည့်ချင်တယ်"
လုယွီ၏ခါးတွင်ရှိသော သိုလှောင်အိတ် ရုတ်တရက် ပြေလျော့သွားသည်။ထိုအရာအတွင်းမှနေ၍ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင် ခုန်ထွက်လာပေ၏။သူသည် ဝိုင်ခရားတစ်လုံးကိုဆွဲကာ အလျှင်အမြန် နောက်သို့ပြန်ပြေးလေသည်။
လူတိုင်းသည် နူးညံသေးသွယ်သော ခြေထောက်တစ်စုံ ရှေ့နောက်လူးလွန့်သွားသည်ကိုသာ မြင်လိုက်ရသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုအရာသည် သူတို့၏မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားလေပြီ။
လုယွီပင်လျှင် ကြက်သေသေနေလေရာ တခြားသူများသည် ဆိုဖွယ်ရာပင်မရှိချေ။
"ဒါ....ဒါက လက်နက်စိတ်ဝိညာဥ်လား..."
မျက်စိလျှင်သူတချို့သည် အစောပိုင်းက ထွက်လာသောအရာမှာ မည်သည့်အရာဖြစ်သည်ကို ပြောဆိုနိုင်ကြ၏။
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်ထားခြင်းမရှိသော်လည်း သူ၏ထူးခြားသောအရှိန်အဝါသည် လူတိုင်း၏မျက်လုံးများကို တောက်ပသွားစေသည်။
ယေဘုယျကျကျပြောဆိုရလျှင် သာမာန်စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် မှော်ရတနာတိုင်းတွင် လက်နက်စိတ်ဝိညာဥ်ရှိသည်။သို့ရာတွင် ထိုလက်နက်စိတ်ဝိညာဥ်များသည် ထိုမှော်ရတနာများမှနေ၍ သူတို့၏မူလခန္ဓာကိုယ်ဖြင့် ထွက်လာနိုင်သည်မှာ လွန်စွာရှားပါးပေ၏။ထိုလက်နက်စိတ်ဝိညာဥ်များသည် မှော်ရတနာများအတွင်း၌သာ အသက်ရှင်သန်နိုင်သည်။
လက်နက်စိတ်ဝိညာဥ်တစ်ကောင်သည် ဤကဲ့သို့ ပုံပန်းသွင်ပြင်မျိုးဖြင့်ထွက်လာကာ ယခုကဲ့သို့ သက်ဝင်လှုပ်ရှား၍ ပြေးလွှားနေသောကိစ္စရပ်မျိုး ကြုံတွေ့ရသည်မှာ လွန်စွာရှားပါးပေ၏။
Chapter 3030
လုယွီက အပြုံးနှင့် ပြောဆိုသည်။
"ဒါက ငါ မတော်တဆရခဲ့တဲ့ မသေမျိုးအဆင့်မှော်လက်နက်နဲ့ လက်နက်စိတ်ဝိညာဥ်ပဲ"
လူတိုင်း ကြက်သေသေသွားကြ၏။ချိုင်လုံရှင်း၏မျက်လုံးများအတွင်း၌ပင် အံ့အားသင့်တုန်လှုပ်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ရေခဲနယ်မြေနန်းတော်တွင် အဖိုးတန်ရှားပါးသော မှော်ရတနာအမြောက်အများရှိသော်လည်း မသေမျိုးအဆင့်မှော်လက်နက်မှာမူ တစ်ခုသာရှိသည်။
ထိုမသေမျိုးအဆင့်မှော်လက်နက်ကို ရေခဲနယ်မြေ၏ဘုရင်ဖြစ်သူသာ ထိန်းချုပ်ပိုင်ခွင့်ရှိသည်။ချိုင်လုံရှင်းသည် မင်းသားတစ်ပါးဖြစ်သည့်တိုင် ထိုမှော်လက်နက်အနားသို့ ချဥ်းကပ်ခွင့်မရှိချေ။ထိုမသေမျိုးအဆင့်မှော်လက်နက်၏ နံဘေးပတ်ဝန်းကျင်တွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများက တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေသည်။
မသေမျိုးအဆင့်မှော်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားခြင်းမှာ ထိပ်သီးမိသားစုတစ်စုဖြစ်လာရန်အတွက် အရေးကြီးသော အခြေခံအုတ်မြစ်ပင်။
ရှန်လင်းလုံသည် ကျိုးမိသားစုကိုစိန်ခေါ်၍ တာယွီ၏ဧကရီဖြစ်လာရသော အကြောင်းအရင်းမှာ မသေမျိုးအဆင့်မှော်လက်နက်၏စွမ်းအားကြောင့်ပင်။
"ဒါဆိုရင် ကောလဟာလထွက်နေတာက အမှန်ပဲပေါ့...လုရှီက တကယ်ကြီး မသေမျိုးအဆင့်မှော်လက်နက်ကို ပိုင်ဆိုင်ထားတာပဲ"
"ဒါက မသေမျိုးအဆင့်မှော်လက်နက်...တကယ်လို့ လုရှီရဲ့ခွန်အားသာ မမြင့်မားဘူးဆိုရင် သူ လုယက်သတ်ဖြတ်ခံရပြီးတာ အချိန်အတော်ကြာနေလောက်ပြီ"
ကျောင်းတော်တပည့်များက လုယွီကို လေးစားကြည်ညိုသောအကြည့်များဖြင့် ကြည့်နေကြသည်။
ချိုင်လုံရှင်းက ရုတ်တရက် ပြောဆိုသည်။
"လုယွီ...ငါ ရုတ်တရက်ကြီး ကိစ္စတစ်ခုကို မှတ်မိသွားတယ်...မင်း တော်ဝင်မြို့တော်ကို ပထမဆုံးရောက်လာတဲ့ အချိန်တုန်းက ရှောင်မိသားစုနဲ့ အငြင်းပွားခဲ့သေးလား"
လုယွီက တည်ငြိမ်စွာဖြင့် တုံ့ပြန်ပြောဆိုလေ၏။
"ဒါက အမှန်ပဲ...ငါ မသေမျိုးအဆင့်မှော်လက်နက် ရသွားတယ်ဆိုတဲ့သတင်းကို ရှောင်မိသားစုက ဖြန့်လိုက်တာပဲဖြစ်မယ်"
အတိတ်တွင် လုယွီသည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို ရရှိပြီးနောက် သူ့အား ဝိုင်းရံဖမ်းဆီးခြင်းခံရကာ သူ၏အသက် သေဆုံးသွားလုနီးပါးပင်။ကံကောင်းထောက်မစွာဖြင့် ခွေးဝါကြီး အချိန်ကိုက်ထွက်ပေါ်လာခဲ့ကာ လုယွီကို ကယ်တင်ခဲ့သည်။
သို့ရာတွင် သူ ရှောင်အိမ်တော်မှထွက်လာပြီးနောက် မကြာမီမှာပင် သူ မသေမျိုးအဆင့်မှော်လက်နက်ကို ရရှိသွားသည်ဟူသောသတင်းသည် ပြင်ပလောကတွင် ပျံ့နှံ့နေလေပြီ။
ထိုအချိန်တုန်းက လူအမြောက်အများသည် လုယွီ၏နာမည်ကို ကြားသိကြသော်လည်း ရယ်စရာပြက်လုံးတစ်ခုအဖြစ်သာယူဆပြီး အလေးအနက်မထားကြချေ။မည်သို့ပင်ဆိုစေကာမူ ရှောင်မိသားစုသည် တော်ဝင်မြို့တော်ရှိ ထိပ်တန်းမိသားစုကြီးရှစ်စုအနက်မှ တစ်စုပင်။သူတို့၏လက်အတွင်းမှ မှော်ရတနာကို မည်သည့်နေရာမှ ထွက်ပေါ်လာသည်မှန်းမသိရသော လူငယ်တစ်ယောက်က မည်သည့်နည်းဖြင့် လုယူနိုင်မည်နည်း။
ထိုသို့ဆိုသည့်တိုင် လုယွီ၏နောက်သို့ ခြေရာခံ၍ လိုက်လံဖမ်းဆီးခဲ့သည့် စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးရှဖုန်းကဲ့သို့လူများ ရှိခဲ့လေ၏။
အတိတ်တွင် လုယွီသည် နည်းလမ်းတချို့ကိုအသုံးပြု၍ သူ၏နောက်သို့ လိုက်လံဖမ်းဆီးနေသူများကို အာရုံလွှဲထားခဲ့ရသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ထိုသို့ပြုလုပ်ရန် မလိုအပ်တော့ချေ။
ရှေးဟောင်းမြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်ရှိသော လုယွီအနေဖြင့် နယ်မြေသခင်တစ်ယောက်ကိုပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်။သူသည် များစွာကြောက်ရွံထိတ်လန့်နေရန် မလိုတော့ချေ။
လုယွီထံတွင် လုံလောက်သောအင်အားရှိနေခြင်းကြောင့် သူသည် အရာအားလုံးကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်စွမ်းရှိသည်။သူသည် နာမည်အတုအယောင် သို့မဟုတ် ထပ်မံ၍ထွက်ပြေးတိမ်းရှောင်ခြင်းတို့ကိုပြုလုပ်ရန် မလိုအပ်တော့ပေ။
"အဲ့ဒီကိစ္စကို ပြောရမယ်ဆိုရင်...နည်းနည်းတော့ ထူးဆန်းတယ်...အခုလက်တလောမှာ ရှောင်အိမ်တော်တစ်ခုလုံးကို ချိပ်ပိတ်ထားတယ်....အပြင်လူတွေကို အထဲဝင်ခွင့်မပြုဘူး...ပြီးတော့ အိမ်တော်ထဲကလူတွေကိုလည်း အပြင်ထွက်ခွင့်မပြုဘူး...ရေခဲနယ်မြေနန်းတော်ကနေ လူတွေစေလွှတ်ပြီးတော့ အဲ့ဒီနေရာအနီးတဝိုက်ကို စစ်ဆေးခဲ့ပေမယ့်...ဘာမှ ရှာမတွေ့ခဲ့ဘူး"
ချိုင်လုံရှင်းက ရုတ်တရက် သတိပေးလေ၏။
"အော်...အဲ့ဒီလိုလား"
လုယွီက ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားသည်။သူသည် တော်ဝင်စာမေးပွဲဖြေဆိုနေချိန်အတောအတွင်းတွင် ရှောင်မိသားစုဝင်များကို မတွေ့ရသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။
အတိတ်တွင် ရှောင်မိသားစုသည် လုယွီ၏လက်အတွင်းမှ မသေမျိုးအဆင့်မှော်လက်နက်ကို အင်အားစုကြီးများမှ လုယက်ရန်ရည်ရွယ်ချက်ဖြင့် သတင်းဖြန့်ချီခဲ့ခြင်းဖြစ်သည်။သူတို့နှင့်လုယွီအကြားတွင် ရန်ငြိုးရန်စတစ်ခု ရှိထားပြီးလေပြီ။
အမှန်အားဖြင့် လုယွီသည် ထိုကိစ္စကို မေ့လျော့ခြင်းမရှိချေ။
"မင်း အဲ့ဒီကိစ္စကို နည်းနည်းပိုပြီး အာရုံစိုက်သင့်တယ်...ဘယ်လိုပဲဖြစ်ဖြစ် ရှောင်မိသားစုက ထိပ်တန်းမိသားစုကြီးတစ်စုပဲ...သူတို့မိသားစုဝင်တွေထဲမှာ နယ်စားအဆင့်တွေလည်းရှိနေတယ်...တကယ်လို့ သူတို့က မင်းကို အခက်တွေ့အောင်လုပ်မယ်ဆိုရင်...မင်း ငါ့ကို အချိန်မရွေး လာရှာလို့ရတယ်"
ချိုင်လုံရှင်းက ပြောဆိုသည်။
လုယွီက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
"အရှင့်သားရဲ့စိတ်စေတနာကောင်းအတွက် ကျေးဇူးတင်ပါတယ်"
စားသောက်ပွဲ ပြီးဆုံးသွားလေပြီ။
လုယွီသည် ထွက်ခွာလာခဲ့သော်လည်း တည်းခိုဆောင်သို့ မပြန်သေးချေ။ထိုအစား သူက ဆေးခန်းသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
တော်ဝင်မြို့တော်၏အရှေ့ဘက်ခြမ်းတွင် ရှုမိသားစုပိုင်ဆိုင်သော ဆေးခန်းရှိသည်။ထိုဆေးခန်း၏ခန်းမသခင်သည် ဆေးပညာကို ဆယ်စုနှစ်များစွာ လေ့လာလိုက်စားခဲ့ကာ အတွေ့အကြုံရင့်ကျက်သူတစ်ယောက်ဖြစ်သည်။သူသည် ပတ်ဝန်းကျင်အနီးတဝိုက်၌ အနည်းငယ်နာမည်ကျော်ကြားသည်ဟု ယူဆနိုင်ပေ၏။