အခန်း (၃၀၃၁-၃၀၃၅)
Vol. 155 Ch. 3031-3035
Chapter 3031
ထိုခန်းမသခင်ထံတွင် ရှုပင်ဟုခေါ်သော မြေးတစ်ယောက်ရှိကာ သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ အလယ်အလတ်ဆင့်တပည့်တစ်ယောက်ဖြစ်သည်။သူ၏မိသားစုသည် တော်ဝင်မြို့တော်တွင် အခြေချနေထိုင်သဖြင့် ရှုပင်သည် ဤတစ်ကြိမ်တော်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုခဲ့ခြင်းမရှိသည့်တိုင် သူ့အား စားသောက်ပွဲတက်ရောက်ရန် ဖိတ်ကြားခံခဲ့ရလေ၏။
"လုရှီ....ကျေးဇူးပြုပြီးတော့....အဖိုး...ဒါက လုရှီ...အဖိုးကို ကျွန်တော်ပြောထားတဲ့သူပဲ"
ရှုပင်က လုယွီကို နွေးထွေးစွာ ကြိုဆိုလိုက်သည်။
အဖိုးအိုတစ်ယောက်က အခန်းအတွင်းမှ ထွက်လာသည်။လုယွီကို မြင်တွေ့ချိန်တွင် သူက ကူကယ်ရာမဲ့စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်၏။
"ဆရာသခင်လု"
"အဖိုး...အဖိုးက လုရှီကို သိနေတာလား"
ရှုပင်က အံ့အားသင့်သွားသည်။
အဖိုးအိုသည် အနည်းငယ်စိတ်လှုပ်ရှားနေပုံဖြင့် လုယွီ၏ရှေ့သို့ လျှောက်လှမ်းလာကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
"အရင်က ငါ စာပေနဲ့တိုက်ခိုက်ရေး အဆင့်သတ်မှတ်ချက်ကို မြင်တဲ့အချိန်မှာ....ဒါက တိုက်ဆိုင်မှုတစ်ခုဖြစ်ပြီးတော့ နာမည်တူနေတာပဲလို့ ငါ ထင်ခဲ့မိတယ်...ဒါက ဆရာသခင်လု ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး..တော်ဝင်နန်းတွင်းထဲမှာ ဆရာသခင်လု အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကို ငါ မြင်ခဲ့ရပြီးတဲ့နောက် အချိန်အတော်ကြာတဲ့အထိ ငါ မေ့လို့မရခဲ့ဘူး"
လုယွီသည်လည်း ထိုအဖိုးအိုကို မှတ်မိပေ၏။ယခင်က မီဖေး သတိလစ်မေ့မျောနေစဥ်တွင် ထိုအဖိုးအိုသည် ဆေးပညာရှင်များအဖြစ် ဖိတ်ကြားခံထားရသူများအနက်မှ တစ်ယောက်ဖြစ်သည်။
ဆေးပညာရှင်များသည် မြင့်မားသောအဆင့်အတန်းရှိသော်လည်း အများစုသည် လောကကြီးကို ကူညီနိုင်ရန်အတွက် ဆေးပညာကိုသာ ဆက်လက်လေ့လာလိုက်စားရန် ရွေးချယ်ကြသည်။
ဤသည်က လူတစ်ယောက်၏ တာအိုရှာဖွေခြင်းပင်။ရှေးဟောင်းအချိန်ကာလများအတွင်းတွင် ဆေးပညာသူတော်စင်တချို့ရှိခဲ့သည်။သူတို့သည် ညှိုးနွမ်းခြောက်သွေ့နေသောသစ်ပင်တစ်ပင်ကို ပြန်လည်ရှင်သန်လာအောင် ပြုလုပ်ပေးနိုင်ကာ သက်ရှိများကို ရှင်သန်အောင်ပြုလုပ်နိုင်စွမ်းရှိပြီး ကြယ်သေတစ်ခုကိုပင် တဖန်ပြန်၍မွေးဖွားစေနိုင်သည်။
ဤကဲ့သို့ဆေးပညာရှင်တစ်ယောက်ဖြစ်လာရန်မှာ သာမာန်ထက် အဆရာထောင်ချီ၍ခက်ခဲသော်လည်း ထိုလမ်းကြောင်းကိုလျှောက်လှမ်းနေသောလူများ တစ်ယောက်ပြီးတစ်ယောက်ရှိနေဆဲဖြစ်ကာ အဆုံးသတ်သွားခြင်းမရှိချေ။
ရှုပင်က အံ့အားသင့်တုန်လှုပ်စွာဖြင့် ပြောဆိုသည်။
"အဖိုး...ဒါက အဖိုး ကျွန်တော်ကိုပြောပြခဲ့တဲ့ မီဖေးကို ကယ်တင်ခဲ့တဲ့ဆေးပညာရှင်လား...အိုး....မီဖေးက အဆင့်မြင့်မိန်းမစိုးကိုစေလွှတ်ပြီးတော့ လုရှီကို လက်ဆောင်တွေအများကြီး ပေးအပ်ခိုင်းတာ အံ့အားသင့်စရာမရှိတော့ဘူး"
"စီနီယာက အရမ်းယဥ်ကျေးလွန်းနေပြီ....ကျွန်တော်က မီဖေးရဲ့အခြေအနေကို ခန့်မှန်းနိုင်ခဲ့ရုံပဲရှိတာ...စီနီယာရဲ့ရှေ့မှာ ဆရာသခင်ဆိုတဲ့ဂုဏ်ပုဒ်ကို မခံယူဝံ့ပါဘူး"
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
အဖိုးအိုနှင့် နှုတ်ခွန်းဆက်စကားအနည်းငယ် ဖလှယ်ပြောဆိုပြီးနောက် အဖိုးအိုက ချင်လုရှန်းနှင့်ပတ်သတ်သည့်ကိစ္စကို စတင်၍ပြောဆိုသည်။
"ဒီလူက သူ့ရဲ့ခံနိုင်ရည်စွမ်းအား အကန့်အသတ်ထက်ကျော်လွန်တဲ့ ပြင်းထန်တဲ့အားလှိုင်းနဲ့ ရိုက်နှက်ခံထားရတယ်...အကျိုးသင့်အကြောင်းသင့် ပြောရမယ်ဆိုရင် အခုချိန်မှာ သူက သေသွားသင့်ပြီ...ဒါပေမယ့် သူ့ရဲ့ကျင့်ကြံနည်းစနစ်က အရမ်းထူးခြားတယ်...အချိန်တိုအတွင်းမှာ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ စွမ်းအားတွေကို နှိုးဆွပြီးတော့ အဲ့ဒီတိုက်ခိုက်မှုကို ခုခံနိုင်ခဲ့တယ်"
"ဒါပေမယ့် အဲ့ဒါက သူ့ရဲ့မှော်စွမ်းအားနဲ့ရုပ်ခွန်အားတွေအားလုံးကို ကုန်ဆုံးသွားစေတယ်...အခုလက်ရှိချိန်မှာ သူကို သာမာန်သေမျိုးတစ်ယောက်ကတောင် ရိုက်နှက်နိုင်လိမ့်မယ်....ဒါက ပြဿနာတစ်ခုတော့မဟုတ်ဘူး...သူက အချိန်နည်းနည်းလောက် အနားယူပြီးတာနဲ့ ပြန်ကောင်းသွားလိမ့်မယ်"
ထိုဒဏ်ရာအကြောင်းကိုပြောဆိုနေချိန်တွင် အဖိုးအို၏မျက်နှာပေါ်တွင် အခိုင်အမာယုံကြည်ချက်ရှိသော အမူအယာမျိုး ထင်ဟပ်နေသည်။
လုယွီသည် ထိုအဖိုးအိုသည် အတွေ့အကြုံရင့်ကျက်သူတစ်ယောက်ဖြစ်ကြောင်း ပြောဆိုနိုင်ပေ၏။ထိုအဖိုးအိုပြောဆိုခဲ့သော အခြေအနေသည် အစောပိုင်းက ချင်လုရှန်း ရင်ဆိုင်ခဲ့ရသောကိစ္စနှင့် တူညီနေသည်။
"သူ အခု ဘယ်နေရာမှာလဲ"
လုယွီက မေးမြန်းသည်။
အဖိုးအိုက ဆေးခန်းအတွင်းရှိ အခန်းတစ်ခန်းကို လက်ညှိုးညွှန်ပြလိုက်၏။လုယွီက ထိုအခန်းတံခါးကိုတွန်းဖွင့်ကာ အတွင်းသို့ဝင်လိုက်သည်။
သို့ရာတွင် အခန်းအတွင်း၌ မည်သူမျှရှိမနေချေ။
"ဒါက မဟုတ်သေးဘူး...ငါက ဒီလူကိုအိပ်ယာပေါ်တင်ဖို့တောင် ဆေးပညာအလုပ်သင်တွေကို မခိုင်းခဲ့ရတာ...ဘယ်လိုလုပ်ပြီးတော့ သူက ပျောက်သွားတာလဲ"
အဖိုးအိုက အံ့အားတသင့် ပြောဆိုသည်။
လုယွီက ထိတိထိတ်ပျာပျာဖြစ်သွားခြင်းမရှိချေ။သူသည် အခန်းအတွင်းသို့ အနည်းငယ်ဝေ့ဝိုက်ကြည့်ပြီးနောက် မည်သို့ဖြစ်ပျက်သွားခဲ့သည်ကို အကြမ်းဖျင်းသိရှိသွားလေပြီ။
ချင်လုရှန်းသည် ရိုးရှင်းသောကုသမှုကို ခံယူပြီးဖြစ်သည်။သူသည် ခွန်အားအနည်းငယ် ပြန်လည်ရရှိသွားချိန်တွင် အခွင့်ကောင်းယူ၍ ထွက်ပြေးသွားခြင်းဖြစ်ပေမည်။
"ငါ့ရဲ့လက်ထဲကိုရောက်နေတာတောင်...မင်းက ထွက်ပြေးချင်သေးတာလား"
လုယွီ၏မျက်လုံးအတွင်း၌ ခရမ်းရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
သူ၏အမြင်အာရုံအောက်တွင် အိပ်ယာအောက်မှနေ၍ အဝေးသို့ရောက်ရှိသွားသော ခပ်ဖျော့ဖျော့အရိပ်အယောင်တစ်ခုကို တွေ့မြင်မိသည်။
ဤကဲ့သို့အရိပ်အယောင်မျိုးကို တခြားသူများဖမ်းဆုပ်နိုင်ရန် ခက်ခဲမည်ဖြစ်သော်လည်း လုယွီကမူ အလွန်ရင်းနှီးကျွမ်းဝင်သည်။
အလွန်နက်နဲသိမ်မွေ့သော ကျင့်ကြံနည်းစနစ်ဖြစ်သည့် နဂါးကိုးကောင်အာဏာရှင် ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို လေ့ကျင့်ထားသူ၏ခန္ဓာကိုယ်ကို ငရဲမှတက်လာသူအလား ယင်ချီများက အမြဲတစေရစ်သိုင်းလွှမ်းခြုံထားသည်။သူသည် နေရောင်ခြည်အောက်၌ လမ်းလျှောက်နေလျှင်ပင် သူ၏ခန္ဓာကိုယ်မှနေ၍ အေးစိမ့်သောယင်ချီအရှိန်အဝါများ ထွက်ပေါ်နေပေမည်။
Chapter 3032
တော်ဝင်မြို့တော်၏အရှေ့ခြမ်း..ကြက်ခြေခတ်ပန်းပွင့်လမ်း....
ဤနေရာရှိဆိုင်အများစုသည် မျက်နှာချေများနှင့်အလှပြင်ပစ္စည်းတချို့ကို ရောင်းချသည်။တချို့ဆိုင်များတွင်မူ ပုံပန်းသွင်ပြင်ကို ပြောင်းလဲနိုင်သော အဆင့်နိမ့်မှော်နည်းစနစ်များကို သင်ယူနိုင်သည်။ထို့ကြောင့် ဤနေရာသို့ အမျိုးသမီးကျင့်ကြံသူများ ရံဖန်ရံခါ လာရောက်လေ့ရှိသည်။
တစ်စုံတစ်ယောက်သည် ကြက်ခြေခတ်ပန်းပွင့်လမ်း၏အဝင်ဝတွင် မတ်တတ်ရပ်နေပါက မဝင်ရောက်သေးမီကပင် ရီဝေရစ်မူးစေသောမွှေးရနံ့များကို ရှုရှိုက်မိပေမည်။
ယနေ့တွင် ကြက်ခြေခတ်ပန်းပွင့်လမ်း၌ ပုံမှန်အတိုင်း လူများစည်ကားနေသည်။ပုံပန်းသွင်ပြင်ပြောင်းလဲရာ၌ထူးချွန်သော အမျိုးသမီးကျင့်ကြံသူများသည် နေရာအနှံ့အပြား၌ မတ်တတ်ရပ်နေကြ၏။ရံဖန်ရံခါ သူမတို့ထံမှနေ၍ ညုတုတုရယ်သံများထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိလူများ၏စိတ်အာရုံကို ဆွဲဆောင်နေသည်။
ကြက်ခြေခတ်ပန်းပွင့်လမ်း၏ထောင့်တစ်နေရာ၌ မှောင်မိုက်ပြီးကျဥ်းမြောင်းသော နေရာတစ်နေရာရှိသည်။
ချင်လုရှန်းသည် သူ၏ပင်ပန်းနွမ်းနယ်နေသောခန္ဓာကိုယ်ဖြင့် ဒယိမ်းဒယိုင်လျှောက်လှမ်းလာကာ ဤနေရာသို့အရောက်တွင် မြေပြင်ပေါ်၌ ထိုင်ချလိုက်၏။
သူ၏နဖူးပြင်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေသည်။ဤသည်က တိုတောင်းသောခရီးအကွာအဝေးဖြစ်သော်လည်း သူ၏ခွန်အားကုန် အသုံးပြုခဲ့ရသည်။
"ဒီတစ်ကြိမ်မှာ ငါက သတိလက်လွတ်ဖြစ်သွားမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့တပည့်ခေါင်းဆောင်က အရမ်းအစွမ်းထက်တာပဲ...သူနဲ့ယှဥ်ရင် ရှထန်ကန်းက ဘာကောင်မှမဟုတ်ဘူး"
ချင်လုရှန်းသည် အချိန်တခဏကြာခန့် မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်ပြီးနောက် သူ၏ခွန်အားအနည်းငယ်ကို ပြန်လည်ရရှိသွားသည်။ထို့နောက် သူသည် သိုလှောင်အိတ်ကိုဖွင့်ကာ အတွင်းရှိ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုဆေးလုံးကို သူ၏လက်အတွင်း၌ ကိုင်ပြီးနောက် ချင်လုရှန်းသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိသဖြင့် သူ၏မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားသည်။
ဟူး...
လေပြည်လေညှင်းတစ်ရပ်က သူရှိနေသော လမ်းကြား၏ပြင်ပမှ သစ်ရွက်များကို ဖြတ်သန်းတိုက်ခတ်သွားသည်။
သို့ရာတွင် ပတ်ဝန်းကျင်၌ မည်သည့်အသံဗလံမျှ မကြားရချေ။ပြင်ပတွင် စျေးဝယ်နေကြသည့် အမျိုးသမီးကျင့်ကြံသူများ၏ရယ်မောသံများပင်လျှင် အရိပ်အယောင်ပင်မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားပေ၏။
ပတ်ဝန်းကျင်ရှိအသံများအားလုံး ချက်ချင်းဆိုသလိုပင် ချိပ်ပိတ်ခံလိုက်ရပုံရှိသည်။ဤအချိန်အခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် သူ၏နားအတွင်း၌ မည်သည့်ပဲ့တင်သံကိုမျှ မကြားရတော့ချေ။
ချင်လုရှန်း၏နားရွက်များ အနည်းငယ်လှုပ်ခတ်သွားသည်။သူသည် ခေါင်းမော့၍ သူ၏လက်အတွင်းရှိဆေးလုံးကို ဝါးမြိုရန် ဟန်ပြင်လိုက်၏။
မည်သည့် အခြေအနေမျိုးအတွင်းသို့ ရောက်နေပါစေ ယခုလက်ရှိချိန်၌ အရေးအကြီးဆုံးအချက်မှာ သူ၏ခွန်အားကို အလျှင်အမြန် ပြန်လည်ရရှိရန်ပင်။
သို့ရာတွင် သူ ဆေးလုံးကိုဝါးမြိုတော့မည့်အချိန်မှာပင် အနက်ရောင်အရိပ်တစ်ရိပ်က ရုတ်တရက် ချင်လုရှန်း၏ရှေ့သို့ ရောက်ရှိလာသည်။
ဘန်းခနဲအသံတစ်သံကိုကြားလိုက်ရပြီးနောက် အနက်ရောင်အရိပ်ဖြတ်သန်းသွားခြင်းနှင့်အတူ ချင်လုရှန်း၏လက်အတွင်းရှိဆေးလုံး ပျောက်ကွယ်သွားတော့သည်။
"ဒီဆေးလုံး...မင်း ဒါကို ဘယ်နေရာကနေ ရလာတာလဲ"
ရုတ်ချည်းဆိုသလိုပင် လုယွီ၏အသံက သူ၏နားနံဘေး၌ကပ်၍ ထွက်ပေါ်လာသည်။
ချင်လုရှန်းသည် ဗလာဖြစ်သွားသောသူ၏လက်ဝါးပေါ်ကို တစ်ချက်ကြည့်ကာ အေးစက်စက်ပြုံးလိုက်၏။
"မင်း ငါ့ကို ဒီနေရာထိလိုက်ဖမ်းမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဘာလဲ...မင်းက ငါ့ကို သတ်မလို့လား...ငါက တိုက်ခိုက်ရေးစာမေးပွဲမှာ တတိယရထားပြီးတော့ တော်ဝင်နန်းတွင်းရဲ့အာရုံစိုက်တာကို ခံနေရတဲ့ ပါရမီရှင်တစ်ယောက်နော်...စိန်ခေါ်ပွဲမှာတုန်းက မင်း ငါ့ကို သတ်လိုက်တယ်ဆိုရင် ပြဿနာမရှိဘူး...ဒါပေမယ့် အခုချိန်မှ မင်း ငါ့ကိုသတ်ချင်တယ်ဆိုရင်တော့ အရမ်းနောက်ကျသွားမှာကို ငါ စိုးရိမ်မိတယ်"
"မင်းနောက်က လက်နက်ပုန်းကို ပြန်သိမ်းထားလိုက်စမ်း...အဲ့ဒါက အသုံးဝင်မှာမဟုတ်ဘူး"
လုယွီက သူ၏လက်အတွင်းရှိဆေးလုံးကို တစ်ချက်ကြည့်ကြာ တည်ငြိမ်စွာဖြင့် ဆက်လက်ပြောဆိုသည်။
"မြေအောက်ငရဲမီးတောက်ဆေးလုံး...ဒါက ဒဏ်ရာတွေကို ကုသတဲ့နေရာမှာ အရမ်းကောင်းမွန်တဲ့ ဆေးလုံးတစ်လုံးပဲ...ဒီဆေးလုံးက ပြင်ပဒဏ်ရာတွေကိုတင်မကဘူး စိတ်ဝိညာဥ်မှာရတဲ့ဒဏ်ရာကိုပါ ပျောက်ကင်းစေနိုင်တယ်...မင်း ဒါကို ပြင်ပမှာဝယ်လို့မရဘူး...ငါ မင်းကို ထပ်မေးမယ်...မင်း ဒါကို ဘယ်ကနေ ရလာတာလဲ"
ချင်လုရှန်းသည် မလှုပ်မယှက် ငြိမ်သက်နေဆဲပင်။ထို့နောက် သူက လေသံဖျော့ဖျော့ဖြင့် ပြောဆိုသည်။
"မင်းက ဆေးပညာရှင်တစ်ယောက်ဆိုတာ ငါသိတယ်...ဒါပေမယ့် ဒီဆေးလုံးကို ပြင်ပလောကမှာ ဝယ်လို့မရဘူးဆိုတာ မင်း ဘယ်လိုလုပ်ပြီးတော့ သိနေတာလဲ...ငါ ဒါကို ဘယ်နေရာကနေရလာတာလဲဆိုတာ ဘယ်သူက ဂရုစိုက်နေမှာလဲ"
လုယွီက ချင်လုရှန်းကို စူးစိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"ငါ အခု ပတ်ဝန်းကျင်ကလေဟာနယ်ကို ချိပ်ပိတ်ထားတယ်....ခုဏက ငါ့ရဲ့လက်ဝါးရိုက်ချက်က ဘာကျင့်ကြံနည်းစနစ်ကိုသုံးသွားတာလဲဆိုတာ မင်း သိသင့်တယ်...တကယ်လို့ မင်း မပြောဘူးဆိုရင်တောင်....မင်းရဲ့ပါးစပ်ဟလာအောင်လုပ်နိုင်တဲ့နည်းလမ်းတွေ ငါ့မှာအများကြီးရှိတယ်...ငါ ဒါကို အတင်းအကြပ်ဖိအားပေးရမလား ဒါမှမဟုတ် မင်းကိုယ်တိုင်ထုတ်ပြောမလား ဘယ်ဟာကပိုကောင်းမလဲဆိုတာ မင်း စဥ်းစားကြည့်စမ်း"
အေးစက်စက်ယင်ချီများက ရုတ်တရက် လုယွီ၏နောက်ကျောမှ မြင့်တက်လာသည်။နောက်ဆုံး၌ ထိုယင်ချီများသည် အနက်ရောင်နဂါးပုံရိပ်များအဖြစ် ပြောင်းလဲသွားကာ ချင်လုရှန်းကို စူးစူးဝါးဝါးစိုက်ကြည့်နေလေ၏။
လမ်းကြားတစ်ခုလုံး အေးစက်စက်ယင်ချီများဖြင့် ပြည့်နှက်သွားသည်။ရုတ်ချည်းဆိုသလိုပင် ဤနေရာသည် ပြင်ပလောကနှင့် တသီးတခြားစီဖြစ်သွားကာ ငရဲအတွင်းသို့ ကျရောက်သွားသကဲ့သို့ပင်။
Chapter 3033
လုယွီ၏နောက်ကျောရှိ အနက်ရောင်နဂါးပုံရိပ်ယောင်များကို မြင်တွေ့ချိန်တွင် ချင်လုရှန်း၏မျက်နှာအမူအယာ ချက်ချင်းပျက်ယွင်းသွားသည်။
သူ၏မျက်လုံးအကြည့်သည် အနက်ရောင်နဂါးပုံရိပ်ယောင်များထံတွင်သာ စူးစိုက်၍ကျရောက်နေပြီးနောက် သူက တီးတိုးရေရွတ်လိုက်သည်။
"မဖြစ်နိုင်ဘူး...ဒါက ပျောက်ကွယ်သွားခဲ့တဲ့ ကျင့်ကြံနည်းစနစ်တစ်ခုမဟုတ်လား...မင်းက ဒါကို ဘယ်လိုလုပ်ပြီးတော့ ကျွမ်းကျင်နေတာလဲ"
လုယွီက ချင်လုရှန်းကို ကြည့်လိုက်သည်။
"ဒီနည်းစနစ်က ပျောက်ကွယ်သွားပြီလို့ မင်းကို ဘယ်သူက ပြောတာလဲ"
သူ စကားမှားသွားပြီကို ရိပ်မိသွားသဖြင့် ချင်လုရှန်းက ချက်ချင်းဆိုသလိုပင် သူ၏ပါးစပ်ကို ပိတ်လိုက်သည်။
ထို့နောက် သူက ခေါင်းခါယမ်း၍ ပြောဆိုသည်။
"ငါ ဒီကိစ္စကို ဘယ်တော့မှထုတ်ဖော်မပြောဘူးလို့ အဲ့ဒီပုဂ္ဂိုလ်ကို ကတိပေးထားတယ်...မင်း ငါ့ကို ထပ်မမေးနဲ့...ငါ ပြောပြမှာမဟုတ်ဘူး"
"ဒါဆိုရင် မင်းကို နောက်ကွယ်ကနေ လမ်းညွှန်ပေးနေတဲ့ တစ်စုံတစ်ယောက် ရှိနေတယ်ပေါ့...မင်းက မိသားစုငယ်လေးတစ်စုရဲ့ နွားကျောင်းသားတစ်ယောက်...ဘယ်လိုလုပ်ပြီးတော့ ရုတ်တရက်ကြီး မြင့်တက်လာမှာလဲ...ငါ မျှော်လင့်ထားသလိုပဲ...မင်းရဲ့နောက်မှာ လမ်းညွှန်ပေးနေတဲ့သူ တစ်ယောက် ရှိနေတယ်....တကယ်လို့ ငါ ခန့်မှန်းတာမှန်မယ်ဆိုရင် ဒီကျင့်ကြံနည်းစနစ်ကို အဲ့ဒီလူက မင်းကို သင်ပေးထားတာပဲဖြစ်မယ်...ဒါကြောင့် မင်းက နွားကျောင်းသားဘဝကနေပြီး အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ရွေးချယ်ခံဖြစ်လာတဲ့အထိ မြင့်တက်လာခဲ့တယ်"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်း ဘာတွေပြောနေတာလဲဆိုတာ ငါ မသိဘူး"
ချင်လုရှန်းက အံ့တင်းတင်းကြိတ်ကာ ငြင်းဆန်လိုက်၏။
သို့ရာတွင် လုယွီသည် အလွန်အတွေ့အကြုံရင့်ကျက်သူဖြစ်သဖြင့် ချင်လုရှန်း မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိသည့်တိုင် သူ၏မျက်လုံးထောင့် မသိမသာလှုပ်ခတ်သွားသည်ကို သတိပြုမိသည်။
လုယွီသည် ချင်လုရှန်း၏အနည်းငယ်သောလှုပ်ရှားသွားမှုကိုပင် ဖမ်းဆုပ်မိသည်။သူသည် ထိုကိစ္စနှင့်ပတ်သတ်၍ များစွာခန့်မှန်းထားပြီးဖြစ်သည်။နောက်ဆုံးရလဒ်သည် သူ ခန့်မှန်းထားသည်နှင့် တူညီနေမည်ကို သူ စိုးရိမ်နေမိသည်။
လုယွီက ရုတ်တရက် ချင်လုရှန်း၏လည်ပင်းတွင်ဆွဲထားသော ဆွဲသီးကို သတိပြုမိလေ၏။
ထိုဆွဲသီးကို သံကြိုးဖြင့်ချည်နှောင်ထားကာ ထိုအရာသည် အရိုးခေါင်းပုံစံရှိပြီး အဆင်တန်ဆာတစ်ခုဖြစ်ပုံရသည်။အကြည့်တစ်ချက်ဖြင့်ပင် ထိုဆွဲသီးတွင် အကန့်အသတ်မရှိသော မှော်စွမ်းအားများ ပါဝင်နေသည့်အလား မြောက်မြားစွာသော သရဲတစ္ဆေများ၏ငိုညည်းသံနှင့်အက်ရှရှအသံများကို ကြားနိုင်သည်။
"အဲ့ဒီဆွဲသီးက မင်းရဲ့ဟာ မဖြစ်နိုင်ဘူး...ဟုတ်တယ်မလား"
လုယွီ၏အသံက ခက်ထန်တင်းမာမှုသို့ ပြောင်းလဲသွားသည်။
ထိုသို့ပြောဆိုပြီးနောက် လုယွီက သူ၏လက်ကိုဆန့်တန်းကာ ဝှေ့ယမ်းလိုက်၏။ထိုဆွဲသီးသည် ချက်ချင်းဆိုသလိုပင် ချင်လုရှန်း၏လည်ပင်းမှနေ၍ ပျံဝဲကာ လုယွီ၏လက်အတွင်းသို့ ရောက်ရှိသွားသည်။
ထိုဆွဲသီး သူ၏လက်အတွင်းသို့ ရောက်ရှိလာသည်နှင့် အတွင်းတွင် ကြီးမားသောစွမ်းအားများ သိုဝှက်ထားပုံဖြင့် အေးစက်စက်အငွေ့အသက်များကို ခံစားမိသည်။
"ငါ့ကို ပြန်ပေးစမ်း"
ချင်လုရှန်းသည် သူ၏ဆွဲသီး လုယူခံရသည်ကိုမြင်တွေ့ချိန်တွင် သူက ချက်ချင်းဆိုသလိုပင် ခုန်ထ၍ လုယွီထံသို့ ပြေးဝင်လေသည်။
သူသည် အားနည်းသောအခြေအနေ၌ ရှိနေဆဲပင်။ဤအချိန်အခိုက်အတန့်တွင် မည်သည့်နေရာမျှစွမ်းအားများ သူ ရရှိလာသည်ကို မသိနိုင်ချေ။သူ၏လှုပ်ရှားမှုများသည် အလွန်လျှင်မြန်ပေ၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူက လုယွီ၏ရှေ့သို့ရောက်ရှိသွားကာ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
ချင်လုရှန်း၏အရှိန်နှုန်းသည် အလွန်လျှင်မြန်သည်ဟု ယူဆနိုင်သော်လည်း လုယွီ၏အရှိန်က ပို၍လျှင်မြန်နေသည်။
လုယွီသည် ခွန်အားများစွာ အသုံးပြုခြင်းမရှိဘဲ သူ့ထံတိုးဝင်လာသော ချင်လုရှန်း၏လက်ကို သူ၏လက်ဖြင့် ဖမ်းဆုပ်လိုက်၏။
ဘန်း...
ထို့နောက် လုယွီက သူ၏ခြေထောက်ကိုမြှောက်၍ကန်လိုက်ရာ ချင်လုရှန်း လွင့်ထွက်သွားတော့သည်။
"မင်းက ဥာဏ်ကောင်းတဲ့သူတစ်ယောက်...ငါ့ရဲ့ခွန်အားကို ထိန်းချုပ်ထားတယ်ဆိုတာ မင်း သိမှာပါ...တကယ်လို့ မင်းက နဂါးကိုးကောင်အာဏာရှင် ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို အဆင့်၁၁ထိလေ့ကျင့်ထားတယ်ဆိုရင်တောင်...ငါ့ဆီမှာ မင်းကိုသတ်နိုင်တဲ့အရည်အချင်းမျိုးရှိတယ်"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သော်လည်း သူ၏မျက်လုံးအကြည့်သည် သူ့လက်အတွင်းရှိ ဆွဲသီးထံတွင်သာ အခိုင်အမာကျရောက်နေသည်။
အချိန်ကာလများ အလွန်လျှင်မြန်စွာ ကုန်ဆုံးခဲ့လေပြီ။ဤဘဝတွင် သူသည် ဤဆွဲသီးကို ထပ်မံ၍မြင်တွေ့ရအုံးမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်က အတိတ်ဘဝတွင် သူကိုယ်တိုင်သန့်စင်ခဲ့သော မှော်ရတနာတစ်ခုပင်။
ထို့ပြင် ဤတူညီသောဆွဲသီးမျိုးကို သူ ခုနစ်ခုတိတိ သန့်စင်ခဲ့သည်။
အတိတ်ဘဝတွင် လုယွီ တာအိုသခင်ဖြစ်နေစဥ်၌ တပည့်ခုနစ်ယောက်ရှိကာ သူသည် သူတို့အားလုံးကို အလွန်ဂရုစိုက်၍ သင်ကြားပေးခဲ့လေ၏။
ထိုတပည့်များအနက် လုယွီ၏နဂါးကိုးကောင်အာဏာရှင် ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို ကျင့်ကြံသူဟူ၍ သုံးယောက်သာရှိသည်။
လုယွီ သန့်စင်ထားသောဆွဲသီးသည် တစ်စုံတစ်ယောက်၏အသက်ကို ကယ်တင်နိုင်သော အသက်ကယ်မှော်ရတနာပင်။ထိုအရာအတွင်းတွင် တာအိုသခင်တစ်ယောက်၏စွမ်းအားပြည့်တိုက်ခိုက်မှုတစ်ခု ပါဝင်သည်။ထိုစွမ်းအားများကို တစ်စုံတစ်ယောက်သည် သေရေးရှင်ရေးအခြေအနေမျိုးတွင် ထုတ်လွှတ်နိုင်ကာ ဘေးအန္တရာယ်မှ ကျော်လွှားနိုင်ပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်တွင် လုယွီ၏လက်အတွင်းရှိ ဆွဲသီးပေါ်၌ ခြစ်ရာရှရာများရှိနေသည်။ထိုအရာအတွင်း၌ ချိပ်ပိတ်ထားသော တာအိုသခင်တစ်ယောက်၏စွမ်းအားများသည်လည်း ပျက်ပြယ်သွားလေပြီ။
ဆန့်ကျင့်ဘက်အနေဖြင့် ထိုအရာအတွင်းတွင် လေဟာနယ်နေရာလွတ်ကြီးတစ်ခုသာရှိနေကာ သာမာန်သိုလှောင်အိတ်တစ်လုံးအဖြစ်သာ အသုံးပြုနိုင်သည်။
Chapter 3034
"နန်ချုး...မင်းလား"
လုယွီက မျက်လုံးစုံမှိတ်ပြီးနောက် တစ်ချိန်က သူ၏နောက်သို့လိုက်ခဲ့သည့် ကိုယ်လုံးကိုယ်ပေါက်သေးသွယ်ပြီး ကျစ်လစ်လှပသောပုံရိပ်လေးတစ်ခုကို ပြန်လည်အမှတ်ရမိသည်။
သူသည် ဤဆွဲသီး၏ပိုင်ရှင်ကို မှတ်မိပေ၏။
ဤသည်က လုယွီ၏အတိတ်ဘဝတွင် အငယ်ဆုံးတပည့်မဖြစ်သော ဖန်းနန်ချူးပင်။
အတိတ်ဘဝတွင် သူသည် သူ၏ရန်သူတော်များမှ လိုက်လံဖမ်းဆီးခြင်းကိုခံရကာ တောင်တစ်လုံးပေါ်သို့ ပြုတ်ကျခဲ့သည်။သူ၏အရှိန်အဝါကိုဖုံးကွယ်ကာ သူ၏ဒဏ်ရာများကို တဖြည်းဖြည်းကုသခဲ့ရလေ၏။
ထိုအချိန်တုန်းက လုယွီသည် ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် တောင်ပေါ်သို့ပြုတ်ကျခဲ့သည့်တိုင် အလွန်အန္တရာယ်များသည်။သာမာန်နတ်ဆိုးမှော်သားရဲတစ်ကောင်ပင်လျှင် သူ့အား သတ်ဖြတ်နိုင်ပေမည်။
အထူးသဖြင့် သူ၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများပင်။ထိုဒဏ်ရာများမှထွက်ပေါ်နေသော သွေးညှီနံသည် နတ်ဆိုးမှော်သားရဲများအတွက် သေလုမတတ်ကြီးမားသော ဆွဲဆောင်မှုကြီးဖြစ်သည်။
တောင်ပေါ်သို့ပြုတ်ကျလာသည့်ညတွင် လုယွီထံတွင် ခွန်အားအနည်းငယ်မျှမရှိတော့သဖြင့် သူသည် နတ်ဆိုးသားရဲများ၏အစာအိမ်အတွင်း၌ အစာဖြစ်သွားနိုင်ချေမြင့်မားသည်။
ကံကောင်းထောက်မစွာဖြင့် လုယွီကို ပထမဆုံးတွေ့ရှိသွားသူမှာ နတ်ဆိုးမှော်သားရဲများမဟုတ်ဘဲ တောင်ပေါ်သို့ဆေးပင်များခူးဆွတ်ရန်ရောက်လာသည့် ဖန်းနန်ချူးဖြစ်နေသည်။
ထိုအချိန်တုန်းက ဖန်းနန်ချုးသည် သာမာန်သေမျိုးမိန်းကလေးတစ်ယောက်ပင်။သူမ၏မိဘများသည် စောစီးစွာကွယ်လွန်သွားခဲ့သဖြင့် မကြာသေးမီကမှ ဆုံးပါးသွားသော အဖိုးဖြစ်သူမှ သူမကို စောင့်ရှောက်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဖန်းနန်ချူးသည် ငယ်ရွယ်စဥ်ကတည်းက သူမ၏အဖိုးဖြစ်သူနောက်သို့လိုက်ကာ တောင်ပေါ်သို့ မကြာခဏအမဲလိုက်သွားခဲ့ဖူးသဖြင့် နတ်ဆိုးမှော်သားရဲများ၏အားနည်းချက်များကို သိရှိထားသည်။တစ်ချိန်တည်းမှာပင် သူမသည် တောင်ပေါ်တွင်ရှိသည့် ဆေးပင်များကိုလည်း အမျိုးအစားခွဲခြားနိုင်ခဲ့သည်။သူမသည် ဆေးပင်များနှင့်နတ်ဆိုးမှော်သားရဲသားရေများကိုစုဆောင်းကာ အနီးအနားရှိ မြို့များသို့သွားရောက်၍ ရောင်းချခဲ့လေ၏။သူမသည် အသက်ရှင်သန်နိုင်ရန်အတွက် အလွန်ရဲဝံ့စွာ လှုပ်ရှားရုန်းကန်ခဲ့ရသည်။
ဖန်းနန်ချူးသည် လုယွီကို တောင်ပေါ်ရှိ သစ်ပင်တစ်ပင်ကြီး၏နံဘေး၌ တွေ့ရှိခဲ့သည်။လုယွီ၏ဒဏ်ရာများမှ သွေးထွက်လွန်နေသည်ကို မြင်တွေ့ချိန်၌ သူမသည် အရင်ဦးဆုံး ရိုးရှင်းစွာ ပတ်တီးစည်းပေးခဲ့သည်။ထို့နောက် သူမသည် လုယွီကို အနားယူနိုင်ရန်အတွက် တောင်ပေါ်ရှိသစ်သားအိမ်တစ်လုံးထံသို့ ခေါ်ဆောင်သွားခဲ့လေ၏။
လုယွီ၏ရန်သူများသည် သူ ဤနေရာ၌ကုသနေသည်ဟု မျှော်လင့်ထားမိပုံမရချေ။ဖန်းနန်ချူး၏ဂရုတစိုက်ကုသပေးမှုအောက်တွင် တစ်လခန့်ကြာပြီးနောက် လုယွီ၏အခြေအနေ ကောင်းမွန်လာကာ တဖြည်းဖြည်း သူ၏နဂိုမူလခွန်အားကို ပြန်လည်ရရှိသွားခဲ့သည်။
ဖန်းနန်ချူးသည်လည်း လုယွီကဲ့သို့ သန်မာအားကောင်းသူတစ်ယောက် ဖြစ်လိုခဲ့ပေ၏။
နောက်ပိုင်းတွင် လုယွီသည် ဖန်းနန်ချူးကို ကျင့်ကြံခြင်းလောကအတွင်းသို့ ခေါ်ဆောင်ကာ သူမကို သူ၏တပည့်တစ်ယောက်ဟု လူသူအများရှေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။
ဤသည်က သူ ခေါ်ယူခဲ့သော အငယ်ဆုံးတပည့်ပင်။ထိုအချိန်တုန်းက လုယွီသည် တာအိုသခင်တစ်ယောက်မဟုတ်သေးသော်လည်း ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဟု ဆိုနိုင်သည်။ငယ်ရွယ်သောသေမျိုးမိန်းကလေးတစ်ယောက်ကို တပည့်အဖြစ် ခေါ်ယူခဲ့သည့်အတွက် ကောင်းကင်ဘုံနယ်မြေအတွင်း၌ အတော်အသင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
ဖန်းနန်ချူး၏ပါရမီအရည်အချင်းသည် မြင့်မားခြင်းမရှိချေ။သို့ရာတွင် သူမသည် လုံလဝီရိယအရှိဆုံးသူတစ်ယောက်ပင်။လုယွီထံမှ ကျင့်ကြံမှုအရင်းအမြစ်များကို ရရှိပြီးနောက် အချိန်တိုအတွင်းမှာပင် သူမ၏ကျင့်ကြံမှုသည် အလွန်လျှင်မြန်သောအရှိန်နှုန်းဖြင့် တိုးတက်လာခဲ့ပေ၏။
သို့ရာတွင် လုယွီ မမေ့မလျော့အဖြစ်ဆုံးအရာမှာ ဖန်းနန်ချူး၏အကျင့်စရိုက်ပင်။
တခြားတပည့်များသည် သူနှင့်နီးကပ်စွာ နေနေကြသော်လည်း သူတို့၏နောက်ဆုံးရည်မှန်းချက်ပန်းတိုင်မှာ ကျင့်ကြံနည်းစနစ်များနှင့်မှော်ရတနာများ ရရှိရန်ဖြစ်သည်။ဖန်းနန်ချူးတစ်ယောက်သာလျှင် ရူးသွပ်နေသူတစ်ယောက်အလား ဆရာသခင်ပေးအပ်သောတာဝန်များကိုလုပ်ဆောင်ကာ တစ်ကြိမ်တစ်ခါမျှ တုံ့ပြန်မေးခွန်းထုတ်ခြင်းမရှိချေ။
နဂါးကိုးကောင်အာဏာရှင် ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို လုယွီကိုယ်တိုင် ဖန်တီးခဲ့သည်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုကျင့်ကြံနည်းစနစ်ကို ကျင့်ကြံပါက လုယွီ၏အားနည်းချက်ကို အတိုင်းအတာတစ်ခုထိ ဖမ်းဆုပ်နိုင်သည်နှင့် ညီမျှပေ၏။ထို့ကြောင့် လုယွီထံတွင် တပည့်ခုနစ်ယောက်ရှိသည့်တိုင် ထိုနည်းစနစ်ကို သူသည် တပည့်သုံးယောက်ကိုသာ သင်ကြားပေးခဲ့သည်။
ဖန်းနန်ချူးသည် ထိုတပည့်သုံးယောက်အနက်မှတစ်ယောက်ပင်။
လုယွီသည် သူ၏လက်အတွင်းရှိဆွဲသီးကို ညင်ညင်သာသာပွတ်သပ်ကာ တည်ငြိမ်စွာပြောဆိုသည်။
"သူ အခု ဘယ်နေရာမှာလဲ"
ချင်လုရှန်းသည် လုယွီကို စူးစိုက်ကြည့်နေကာ မည်သည့်စကားမျှ ပြောဆိုခြင်းမရှိချေ။
ချင်လုရှန်း၏တုံ့ပြန်မှုကိုကြည့်ပြီးနောက် လုယွီက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။သူက ဆွဲသီးကို ချင်လုရှန်းထံသို့ ပြန်ပစ်ပြေးကာ ပြောဆိုသည်။
"ထားလိုက်တော့...သူက ဒီဆွဲသီး မင်းကိုပေးထားမှတော့...သူက မင်းကို ယုံကြည်လို့ပဲ...ငါ ဒါကို မင်းဆီကနေ လုမယူတော့ဘူး"
ဝှစ်....
ချင်လုရှန်းသည် ထိုဆွဲသီးကို သူ၏အင်္ကျီလက်မောင်းကြားသို့ အလျှင်အမြန် ပြန်လည်သိမ်းဆည်းလိုက်၏။သူသည် ထိုအရာကို ရတနာတစ်ပါးအလား ဂရုတစိုက် ထိန်းသိမ်းထားလေသည်။
သို့ရာတွင် ချင်လုရှန်းက လုယွီ ဆွဲသီးကိုယူမသွားသည်ကိုမြင်တွေ့ချိန်၌ ကူကယ်ရာမဲ့စွာဖြင့် လုယွီကို တစ်ချက်ပြန်ကြည့်လိုက်သည်။
သူသည် ပါးစပ်ကိုဖွင့်ဟ၍ တစ်စုံတစ်ခုကို ပြောဆိုလိုသော်လည်း ချက်ချင်း ပြန်ပိတ်လိုက်၏။
Chapter 3035
"မင်း တခြားသူမဟုတ်ဘဲနဲ့ ငါ့နဲ့တွေ့တာကို ဝမ်းသာသင့်တယ်...နဂါးကိုးကောင်အာဏာရှင်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်က အစွမ်းထက်တယ်ဆိုပေမယ့် မင်း ကျင့်ကြံတဲ့အချိန်က အရမ်းနောက်ကျနေပြီ...မိသားစုကြီးတွေက ဆင်းသက်လာတဲ့ အစစ်အမှန်မျိုးဆက်သစ်တွေကို ယှဥ်ပြိုင်နိုင်ဖို့အတွက် မင်းက အရမ်းအလှမ်းကွာဟနေတုန်းပဲ...မင်း အဆက်မပြတ်နိုင်ပွဲတွေရနေတဲ့ အကြောင်းအရင်းက မင်းရဲ့တိုက်ပွဲအတွေ့အကြုံကြွယ်ဝမှုကြောင့်ပဲ...မင်းက သူတို့ အံ့အားသင့်နေတာကို အငိုက်ဖမ်းပြီး တိုက်ခိုက်နိုင်ခဲ့တယ်...ဒါပေမယ့် တကယ်လို့ သူတို့က မင်းရဲ့လှုပ်ရှားမှုတွေကို သိသွားတဲ့အချိန်ကျရင် မင်း နောက်တစ်ကြိမ်အနိုင်ရဖို့ ခက်ခဲသွားလိမ့်မယ်"
လုယွီသည် သံပူတုန်းတူဖြင့်ထုနှက်သည့်အလား ချင်လုရှန်း၏အားနည်းချက်များကို ထောက်ပြလိုက်သည်။
လုယွီသည် ဤကဲ့သို့ခွန်အားမျိုး ရရှိခဲ့ခြင်းမှာ သူ၏ အထူးသီးသန့်ကျင့်ကြံနည်းစနစ်ကြောင့်ပင်။သူ၏ကျင့်ကြံမှုအရှိန်နှုန်းသည် တခြားသူများထက် အဆများစွာပို၍ လျှင်မြန်ပေ၏။
သူ တစ်ရက်ကျင့်ကြံခြင်းသည် တခြားသူများဆယ်ရက်ကျင့်ကြံသည်နှင့် ညီမျှသည်။ထို့ပြင် သူ၏အတိတ်ဘဝမှ အတွေ့အကြုံများအရ လုယွီသည် ကျင့်ကြံမှုသွေဖည်ခြင်းများကို ရှောင်တိမ်းနိုင်သဖြင့် ယနေ့ကဲ့သို့အောင်မြင်မှုမျိုး ရရှိလာခြင်းဖြစ်သည်။
ပါရမီရှင်တစ်ယောက်ဖြစ်လာရန်မှာ တစ်ရက်တစ်ညတည်းဖြင့် အောင်မြင်နိုင်သောအရာမျိုး မဟုတ်ချေ။သက်တူရွယ်တူများအကြား၌ ဦးဆောင်နိုင်သော ခွန်အားမျိုးရှိရန်အတွက် သော့ချက်သည် လုံလောက်သောအခြေခံအုတ်မြစ်ရှိရန်ပင်။
လုယွီသည် ထိုအချက်များကို ချင်လုရှန်းထံတွင် မမြင်တွေ့မိချေ။
ချင်လုရှန်းသည် သာမာန်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။တော်ဝင်မြို့တော်အတွင်း၌ သူ လူတွင်ကျယ်လုပ်နိုင်နေသောအကြောင်းအရင်းမှာ သူ ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်ထားသော ကျင့်ကြံနည်းစနစ်၏ထက်ရှမှုကြောင့်ပင်။
မိုးကောင်းကင်ယံကိုပင် ဝါးမြိုလုမတတ် ကြမ်းတမ်းသော တိုက်ခိုက်မှုမျိုးသည် တော်ဝင်မြို့တော်နှင့် အပ်စပ်ခြင်းမရှိချေ။ထို့ကြောင့် ချင်လုရှန်း၏အရိုင်းဆန်သော တိုက်ခိုက်မှုမျိုးနှင့် ရင်ဆိုင်ရချိန်တွင် တော်ဝင်မြို့တော်မှပါရမီရှင်အများစု သတိလက်လွတ်ဖြစ်သွားကြ၏။သို့ရာတွင် အချိန်များကုန်လွန်လာသည်နှင့်အမျှ လူအများစုသည့် သူ့အား ရင်ဆိုင်တိုက်ခိုက်နိုင်မည့်နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပေမည်။
ထိုအချိန်ကျပါက ချင်လုရှန်း၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်မတည်ငြိမ်မှုသည် ပို၍သိသာထင်ရှားလာနိုင်သည်။
ချင်လုရှန်း၏မျက်နှာ မသိမသာ ဖြူရော်သွားသည်။သူသည် ငြင်းဆန်လိုသော်လည်း စကားလုံးများ သူ၏လျှာဖျားသို့ရောက်ရှိလာချိန်တွင် ပြောထွက်နိုင်ရန် လွန်စွာခက်ခဲနေပေ၏။
ဤအချိန်ကာလအတွင်းတွင် သူ တောက်လျှောက်အနိုင်ရလာခဲ့ရသည့် အကြောင်းအရင်းမှာ ချင်လုရှန်းသည် တော်ဝင်ကျောင်းဆောင်၏ ယခင်တပည့်ခေါင်းဆောင်ကို အောင်မြင်စွာအနိုင်ယူခဲ့ကာ သူ၏နာမည်ဂုဏ်သတင်းကို တည်ဆောက်ထားနိုင်ခဲ့ခြင်းကြောင့်ပင်။ဤအကြောင်းအရင်းကြောင့် ပါရမီရှင်အများစုသည် သူ့အား မယှဥ်ပြိုင်ဝံ့တော့လေရာ သူ ပို၍ပို၍ အစွမ်းထက်လာခဲ့သည်။
သို့ရာတွင် တော်ဝင်မြို့တော်အတွင်း၌ ပါရမီရှင်အမြောက်အများရှိနေသည်။ထိုလူအားလုံးကို သူသည် ဤကျင့်ကြံနည်းစနစ်တစ်ခုတည်းဖြင့် မည်သို့ အနိုင်ယူနိုင်မည်နည်း။ဤသည်က မည်သည့်နည်းနှင့်မျှ အောင်မြင်ရန်မဖြစ်နိုင်လုနီးပါး ကိစ္စတစ်ရပ်ပင်။
"မင်း ဒီဆွဲသီးရဲ့ပိုင်ရှင်ကိုသိနေတယ်လို့တော့ ငါ့ကိုမပြောနဲ့"
ချင်လုရှန်း၏မျက်လုံးအတွင်းမှ တောက်ပသောအလင်းရောင်များ ဖြာထွက်နေကာ သူက လုယွီကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။
"ငါ သိတာပေါ့...မင်း ငါ့ကို ပြောစမ်း...သူ အခု ဘယ်လိုနေလဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်၏။ဆိုးရွားသောအတိတ်နိမိတ်မျိုးက သူ၏စိတ်နှလုံးသားအတွင်း၌ ပျံ့နှံ့သွားသည်။
ချင်လုရှန်းသည် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသား ချလိုက်သည့်အလား သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။အချိန်အတော်ကြာပြီးနောက် သူက ပြောဆိုသည်။
"မင်းက သူ့ကိုသိနေမှတော့...ငါနဲ့အတူလိုက်ပြီး သူ့ကိုကယ်တင်ဖို့ ဆန္ဒရှိလား"
အမ်...
လုယွီ၏မျက်ခုံးများ မြင့်တက်သွားကာ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"သူ ဘာဖြစ်နေတာလဲ"
ချင်လုရှန်းက တင်းမာသောလေသံဖြင့် ပြောဆိုသည်။
"ချီဘုရင်က သူ့ကို ခေါ်သွားတယ်...အခုချိန်မှာ သူ ဘယ်လိုနေလဲဆိုတာ ငါ မသိဘူး...ဒါပေမယ့် သူက ချီဘုရင်ရဲ့တော်ဝင်နန်းတော်မှာ ဒုက္ခခံစားနေရမှာတော့ သေချာတယ်"
ချီဘုရင်...
လုယွီသည် ဖေးထျန်ကွမ်း သူ့အားပေးပို့ခဲ့သည့် လျှို့ဝှက်စာကို ပြန်အမှတ်ရသွားသဖြင့် သူ၏စိတ်နှလုံးသားတစ်ခုလုံး လေးလံသွားသည်။
ယခင်က သူလျှိုများမှပေးပို့သော သတင်းအချက်အလက်များတွင် ချီဘုရင်၏လတ်တလောလှုပ်ရှားမှုများအကြောင်းလည်း ပါဝင်သည်။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သည် ချီဘုရင်၏ပိုင်နက်နယ်မြေပင်။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ချိုင်မိသားစုမှလွဲ၍ တခြားမျိုးနွယ်များကို တော်ဝင်မိသားစုဝင်အဖြစ်မှဖြတ်တောက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ထို့ကြောင့် ချီဘုရင်သည် သူ၏ပိုင်နယ်နယ်မြေတစ်စိတ်တဒေသကိုသာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကာ သူ၏အခွင့်အာဏာတချို့ကိုလည်း ပြန်လည်ရုတ်သိမ်းခြင်း ခံရလေ၏။
ချီဘုရင်၏အခွင့်အာဏာသည် ယခင်ကဲ့သို့ ကြီးမားခြင်းမရှိတော့သော်လည်း သူသည် တာယွီအင်ပါယာတွင် ဘုရင်ဘွဲ့ရရှိထားသောလူနည်းစုအနက်မှ တစ်ယောက်ဖြစ်နေဆဲပင်။
ကျိုးမိသားစုအတွင်း၌ ဘုရင်ဘွဲ့ရရှိရန်မှာ တစ်စုံတစ်ယောက်သည် သန့်စင်သောသွေးမျိုးဆက်ရှိရန် လိုအပ်ရုံသာမက ခွန်အားအလုံအလောက်လည်းရှိရပေမည်။
ဥပမာအနေဖြင့် ကျိုးမိသားစုတွင် ဘုရင်ဘွဲ့ရရှိထားသော မင်းသားစုအပြင် ယခင်က ဘုရင်ဘွဲ့ရရှိထားသူများအားလုံးသည် တာအိုသခင်အဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဖြစ်သည်။