← Chapters

အခန်း (၃၀၃၆-၃၀၄၀)

Vol. 155 Ch. 3036-3040

အခန်း (၃၀၃၆-၃၀၄၀)

Vol. 155 Ch. 3036-3040

Chapter 3036

လုယွီသည် ယခင်က ချီဘုရင်နှင့် တစ်ကြိမ်တစ်ခါမျှ ထိတွေ့ဆက်ဆံဖူးခြင်းမရှိချေ။သို့ရာတွင် ချီဘုရင်သည် နယ်မြေသခင်အဆင့်သို့ ရောက်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သူ သိရှိထားသည်။

တော်ဝင်မိသားစုဝင်များအကြား၌ ဘုရင်ဘွဲ့ကိုခံယူလိုသူသည် အနည်းဆုံးအနေဖြင့် နယ်မြေသခင်အဆင့်ခွန်အားမျိုး ရှိရပေမည်။

သူတို့အနက်မှ မည်သည့်တစ်ယောက်မဆို တော်ဝင်မိသားစု၏ အဓိကထောက်တိုင်ကြီးတစ်ခုဖြစ်သည်။ထိုလူများရှိနေခြင်းကြောင့် ကျိုးမိသားစုသည် ယခုချိန်ထိ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပေ၏။

ချင်လုရှန်းသည် များစွာသိရှိခြင်းမရှိသော်လည်း နန်ချူးသည် လျှို့ဝှက်နယ်မြေတစ်ခုအတွင်း၌ ချီဘုရင်နှင့်ဆုံတွေ့ခဲ့ရခြင်းဖြစ်နိုင်သည်။

ထိုအချိန်တုန်းက နန်ချူးသည် အလွန်အမင်းအဖိုးတန်ရှားပါးသော မှော်ရတနာတစ်ခုကို ရရှိခဲ့သဖြင့် ချီဘုရင်သည် ထိုအရာအားလိုချင်တပ်မက်ကာ သူမထံမှ လုယူခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် နန်ချူးသည် တောတောင်များအကြားတွင် အမဲလိုက်၍ အသက်မွေးဝမ်းကျောင်းပြုနေရသော သာမာန်သေမျိုးမိန်းကလေးတစ်ယောက် မဟုတ်တော့ချေ။နှစ်ပေါင်းများစွာဖြတ်ကျော်လာပြီးနောက် သူမသည် အတွေ့အကြုံရင့်ကျက်သူတစ်ယောက် ဖြစ်နေလေပြီ။ချီဘုရင်သည် အလွန်အစွမ်းထက်သည့်တိုင် နန်ချူးသည် သူနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ပေ၏။

သို့ရာတွင် နောက်ဆုံး၌ နန်ချူးသည် တစ်ယောက်တည်းသက်သက်ပင်။

သူမသည် ချီဘုရင်၏အိမ်တော်မှ အစွမ်းထက်ကျင့်ကြံသူများ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကိုခံရကာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီးနောက် ချီဘုရင်၏လိုက်လံဖမ်းဆီးခြင်းကို ထပ်မံ၍ခံရတော့သည်။ထို့နောက် သူမသည် ချင်လုရှန်း နွားကျောင်းနေသော မြက်ခင်းပြင်ပေါ်သို့ ပြုတ်ကျခဲ့သည်။တိုက်ဆိုင်စွာဖြင့် ထိုအချိန်တုန်းက ချင်လုရှန်းသည် သူ၏ပျောက်ဆုံးနေသော နွားများကို ရှာဖွေနေခဲ့လေ၏။ထို့ကြောင့် သူသည် မတော်တဆ နန်ချူးနှင့် တွေ့ဆုံခဲ့ရသည်။

ထိုအချိန်တုန်းက နန်ချူးသည် ဒဏ်ရာအပြင်းအထန် ရရှိထားသည်။သူမသည် ဤဘေးကပ်ဆိုးမှ မလွတ်မြောက်နိုင်တော့သည်ကို သိရှိသဖြင့် ချင်လုရှန်းကို သူမ၏တပည့်အဖြစ်သတ်မှတ်ကာ ကျင့်ကြံနည်းစနစ်များကို လက်ဆင့်ကမ်းသင်ကြားပေးပြီး သူ့အား မိုးကောင်းကင်ကြီးတုန်ခါလုမတတ် ကံကြမ္မာကောင်းကြီးကို ပေးအပ်ခဲ့သည်။

ထိုကျင့်ကြံနည်းစနစ်များကို သင်ယူခဲ့ရသော ချင်လုရှန်းသည် အသစ်တဖန်မွေးဖွားလာသူတစ်ယောက်နှင့် တူညီနေပေ၏။လူမသိသူမသိ နွားကျောင်းသားဘဝမှနေ၍ သူသည် လောကတခွင်လုံးကို လှုပ်ခတ်စေသော လူငယ်ပါရမီရှင်တစ်ယောက်အဖြစ်သို့ မြင့်တက်လာခဲ့သည်။

သို့ရာတွင် ထိုကျင့်ကြံနည်းစနစ်များကို ရရှိပြီးနောက် ချင်လုရှန်းသည် ချီဘုရင်၏အိမ်တော်မှလူများ နန်ချူးကို ဖမ်းဆီးသွားသည်အား အဝေးမှစောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

ချင်လုရှန်းသည် ရိုင်းစိုင်းသောလူကြမ်းတစ်ယောက်ဖြစ်သော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ သံယောစဥ်နှင့်သစ္စာစောင့်သိမှုတို့ကို အလွန်တန်ဖိုးထားသူဖြစ်သည်။မည်သူသည် သူ့အပေါ်ကောင်းသည် မည်သူသည် သူ့အပေါ်ဆိုးသည်ကို သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ကောင်းစွာသိရှိထားသည်။

နန်ချူးသည် သူ၏ဘဝမြင့်တက်လာစေရန် အခွင့်အရေးပေးခဲ့သည့်အပြင် သူ၏ဆရာသခင်လည်း ဖြစ်ပေ၏။မည်သည့်ကိစ္စများရှိနေပါစေ သူ နန်ချူးကို ကယ်တင်ရပေမည်။

သို့ရာတွင် သူ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၌ ထင်ပေါ်ကျော်ကြားလာသည့်တိုင် သူနှင့်ချီဘုရင်အကြားရှိ ကွာဟချက်သည် ကြီးမားနေဆဲပင်။

ချီဘုရင်သည် ကျိုးမိသားစု၏ဘုရင်ဘွဲ့ရရှိထားသော လူနည်းစုအနက်မှတစ်ယောက်ဖြစ်သည်။သူသည် အစွမ်းထက်ရုံသာမက သူ့ထံ၌ မရေမတွက်နိုင်သော လက်အောက်ငယ်သားများရှိနေသည်။

အစောင့်အကြပ်များတင်းကြပ်သော ချီဘုရင်၏အိမ်တော်မှ နန်ချူးကိုကယ်တင်ရန်မှာ သူ့အတွက် ကောင်းကင်ဘုံကိုတက်လှမ်းရသည့်အလား လွန်စွာခက်ခဲပေမည်။

ဤသည်ကြောင့် ချင်လုရှန်းသည် သူ့ကိုယ်သူ နာမည်ကျော်ကြားလာစေရန်ရည်ရွယ်၍ တော်ဝင်မြို့တော်အတွင်းရှိ လူငယ်ပါရမီရှင်များကို စိန်ခေါ်ခဲ့ခြင်းပင်။အနာဂတ်တွင် သူသည် အရာရှိအသိုင်းအဝိုင်းတွင် ထင်ပေါ်ကျော်ကြားလာကာ ချီဘုရင်နှင့်ခြေရာခြင်းတိုင်းနိုင်သူတစ်ယောက် ဖြစ်လာရပေမည်။

သူ၏အတွေးသည် စိတ်ကူးယဥ်မှုတစ်ခု သို့မဟုတ် အရူးတစ်ယောက်၏အိမ်မက်ပင်။

အကယ်၍ သူသည် ချီဘုရင်နှင့်ခြေရာခြင်းတိုင်းနိုင်သူတစ်ယောက် ဖြစ်လိုပါက အနည်းဆုံးအနေဖြင့် အတွင်းဝန်အမတ်ကြီးကဲ့သို့ရာထူးမျိုးရှိရပေမည်။သို့ရာတွင် ဖူကျစ်ရွှယ်ကဲ့သို့ နောက်ခံအင်အားကြီးမားသော သူတော်စင်၏တပည့်တစ်ယောက်ပင်လျှင် အတွင်းဝန်အမတ်ကြီးဖြစ်လာရန်အတွက် အနည်းဆုံးအနေဖြင့် သူ့ထံတွင် လုံလောက်သောအရည်အချင်းရှိရန် လိုအပ်ခဲ့သည်။တခြားတစ်ဖက်တွင် ချင်လုရှန်းသည် နောက်ခံအင်အားလည်းမရှိ ပါရမီလည်းရှိမနေချေ။ထို့ကြောင့် သူသည် အတွင်းဝန်အမတ်ကြီးတစ်ယောက်ဖြစ်လာရန် အရည်အချင်းပြည့်မီမည်မဟုတ်ချေ။သူသည် တော်ဝင်စာမေးပွဲ၌ ထိပ်သီးအဆင့်နေရာ၌ ရပ်တည်နိုင်ခဲ့သည့်တိုင် သူသည် အောင်မြင်မှုတစ်စုံတစ်ရာ ရရှိရန်အတွက် လုံလောက်သောအချိန်လိုအပ်နေဆဲပင်။

အဆုံးသတ်၌ ဤချင်လုရှန်းသည် လွန်စွာအတွေ့အကြုံနည်းပါးပေ၏။

"ဒါက ငါလုပ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ...အခုချိန်မှာ ငါက ချီဘုရင်ကို အနိုင်မယူနိုင်သေးပေမယ့် တစ်ရက်ကျရင် ငါက ချီဘုရင်ရဲ့အိမ်တော်ကိုသွားပြီးတော့ ဆရာသခင်ကို ကယ်တင်မယ်"

ချင်လုရှန်း၏မျက်နှာပေါ်တွင် ခေါင်းမာမှုနှင့်အဆင်အခြင်မဲ့မှုအရိပ်အယောင်များ ရောယှက်၍ ထင်ဟပ်နေသည်။

တော်ဝင်မြို့တော်အတွင်း၌ ထင်ပေါ်ကျော်ကြားလာစေရန်အတွက် တခြားပါရမီရှင်များကိုစိန်ခေါ်၍ အနိုင်ယူကာ ဖျက်မြင်းတစ်ကောင်ဖြစ်လာသူ၏ရည်ရွယ်ချက်သည် သူ၏ဆရာသခင်ကိုကယ်တင်ရန်ဟု မည်သူက သိရှိနိုင်မည်နည်း။

Chapter 3037

"ချီဘုရင်...ချီဘုရင်..."

လုယွီ၏မျက်နှာပေါ်တွင် အလွန်တည်ကြည်လေးနက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က ပထမဆုံးအကြိမ် ထင်ဟပ်လာသည်။

ဤတစ်ကြိမ်တွင် ချင်လုရှန်း လိမ်ညာပြောဆိုနေခြင်း မဟုတ်သည်ကို သူ အာရုံခံမိပေ၏။

ချီဘုရင်သည် သူ၏တပည့်ကိုပင် ဖမ်းဆီးဝံ့သလော...

မည်သူက သူ့ကို သတ္တိများ ပေးထားခဲ့သနည်း...

ရုတ်ချည်းဆိုသလိုပင် လုယွီ၏နောက်တွင် ပျံဝဲနေသော အနက်ရောင်နဂါးများ သွေးနီရောင်သို့ ပြောင်းလဲသွားကာ အစွယ်များကိုဖြဲဟ၍ ခြေစွယ်လက်စွယ်များကိုဝှေ့ယမ်းပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြသည်။

ထိုဟိန်းသံများကြောင့် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တုန်ခါသွားသည်။ဤသည်က မရေမတွက်နိုင်သောနတ်ဆိုးများ ငရဲမှတွားသွားတက်လာကာ ဟိန်းဟောက်သံနှင့်တူညီနေကာ လူအများကို ခေါင်းအစခြေအဆုံး အေးစိမ့်သွားစေသည့် ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။

ဖန်းနန်ချူးသည် သူ အနှစ်သက်ဆုံး တပည့်တစ်ယောက်ပင်။သူမသည် အစဥ်အမြဲ ဆရာသခင်နှင့် စီနီယာအကိုအမများ၏ တောင်းဆိုချက်များကိုသာနာခံကာ သူမအတွက် တစ်ကြိမ်တစ်ခါမျှ စဥ်းစားခဲ့ခြင်းမရှိချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ သေဆုံးပြီးနောက် တိုတောင်းသောအချိန်ကာလအတွင်းတွင် သူ၏တပည့်ကို ထိတို့ဝံ့သည့် တစ်စုံတစ်ယောက် ရှိနေလေပြီ။

"အရမ်းကောင်းတယ်...ငါ မှတ်ထားမယ်...မင်း ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ ဘာမှစိုးရိမ်စရာမလိုဘူး...မင်းရဲ့ဒဏ်ရာတွေကိုပဲ ပျောက်ကင်းအောင် ကုသနေစမ်း....ပြီးတော့ မင်း ကောင်းကောင်းကျင့်ကြံရမယ်....မင်းမှာ အရည်အချင်းနည်းနည်းလောက်ရှိတာနဲ့ လူတိုင်းကို အထင်သေးလို့ရပြီလို့ မင်း မထင်နဲ့...တစ်စုံတစ်ယောက်ကို ကယ်တင်ဖို့ကတော့...အခုက မင်းရဲ့အလှည့်မဟုတ်သေးဘူး"

လုယွီ၏မျက်လုံးများက အေးစက်တင်းမာနေသည်။သူသည် သိုလှောင်အိတ်အတွင်းမှ ဆေးလုံးများကို သာမာန်ကာလျှံကာထုတ်ယူကာ ချင်လုရှန်း၏လက်အတွင်းသို့ ပစ်ပေးလိုက်သည်။

ချင်လုရှန်းသည် သူ၏လက်အတွင်းမှ ထွက်ပေါ်နေသည့် ကြီးကျယ်ခမ်းနားသော စိတ်ဝိညာဥ်စွမ်းအားများကို ခံစားမိသည်။ထိုဆေးလုံးများအားလုံးသည် အရည်အသွေးမြင့်မားသော စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် ဆေးလုံးများဖြစ်ပေ၏။

ထိုဆေးလုံးများအနက်မှမည်သည့်တစ်လုံးမဆို တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင်။

သို့ရာတွင် ချင်လုရှန်း ထိတ်လန့်တုန်လှုပ်မှုအရှိဆုံးအချက်မှာ ထိုဆေးလုံးများမဟုတ်ဘဲ လုယွီ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်ထားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒဖြစ်သည်။

သူ၏ခွန်အားကို အလျှင်အမြန်တိုးတက်လာစေရန်အလို့ငှာ ချင်လုရှန်းသည် နယ်မြေခံအုပ်ချုပ်ရေးရုံးတော်၏တာဝန်များကို ကြေးစားအဖြစ်လုပ်ဆောင်ကာ မြောက်မြားစွာသောနတ်ဆိုးကျင့်ကြံသူများနှင့်ဝရမ်းပြေးများကို သတ်ဖြတ်ခဲ့သည်။ဤသည်ကြောင့် သူ့ထံတွင် ယခုကဲ့သို့ တိုက်ပွဲအတွေ့အကြုံများနှင့်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတို့ ရှိနေခြင်းပင်။

ချင်လုရှန်းက သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် သက်တူရွယ်တူများကို အထင်သေးရန်လုံလောက်သည်ဟု မူလက သူ တွေးထင်ခဲ့ပေ၏။သို့ရာတွင် လုယွီကို မြင်တွေ့ပြီးနောက် သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် ပြောပလောက်ဖွယ်မရှိခြင်းကို သူ နားလည်သွားသည်။

လုယွီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အစိုင်အခဲအဖြစ်သို့ ဖြစ်တည်လုနီးပါးပင်။

သူသည် လုယွီ၏ရှေ့၌ မတ်တတ်ရပ်နေသော်လည်း သူ မြေပြင်ပေါ်တွင် မတ်တတ်ရပ်နေရသည်နှင့်မတူညီဘဲ သွေးပင်လယ်ကြီးနှင့်တောင်ပုံရာပုံဖြစ်နေသော အလောင်းများအကြားတွင် ရောက်ရှိနေသည်ဟု ခံစားမိပေ၏။

"သူက ငါ့ကို တကယ့်ကိုပဲ သတ်ဖြတ်နိုင်တယ်"

ချင်လုရှန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ အချိန်တခဏကြာသည်အထိ သူ စကားမပြောနိုင်တော့ချေ။

ဝှစ်...

ညင်သာသော လေပြည်လေညှင်းတစ်ရပ်က ချင်လုရှန်း၏နားနံဘေးသို့ ဖြတ်သန်းတိုက်ခတ်သွားသည်။

"မျက်နှာချေတွေ ရောင်းတယ်နော်...မျက်နှာချေတွေ..."

"ချွမ်းရှုအလုပ်ရုံကနေ အသစ်ထုတ်လုပ်လိုက်တဲ့ ဆံထိုးကို တစ်ချက်ကြည့်သွားကြပါအုံး"

"ရောင်အားအကောင်းဆုံး ကျင့်ကြံနည်းစနစ်တစ်ခုကို စျေးလျှော့ရောင်းပေးမယ်...မင်းတို့ ဒီနေရာကို ဖြတ်သွားတဲ့အချိန်မှာ လက်လွတ်မခံသင့်ဘူး"

ကြက်ခြေခတ်ပန်းပွင့်လမ်းအတွင်းရှိ ဆူညံပွက်နေသောအသံများကို သူ တဖန်ပြန်၍ ကြားလိုက်ရ၏။

ထိုအသံများ သူ၏နားအတွင်းသို့ ဝင်ရောက်လာချိန်တွင် ချင်လုရှန်းက မြေပြင်ပေါ်၌ ပလ္လင်ခွေထိုင်ချလိုက်သည်။သူ၏နဖူးပြင်နှင့်နောက်ကျောပြင်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေသည်။

အစောပိုင်းက သူသည် လုယွီ ဖန်တီးထားသော ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ရောက်ရှိနေခဲ့သည်။အကယ်၍ လုယွီသာ သူ့အားသတ်ဖြတ်လိုပါက သူသည် ဤလောကအတွင်းမှ ပျောက်ကွယ်သွားကာ ထပ်မံ၍တည်ရှိတော့မည်မဟုတ်ချေ။

မိုးကောင်းကင်ယံအတွင်းရှိ နေမင်းကြီးကို တဖန်ထပ်၍ကြည့်ပြီးနောက် ချင်လုရှန်းက သူသည် ဤကမ္ဘာလောကနှင့် ဘဝတသက်စာခန့် ဝေးကွာသွားခဲ့သကဲ့သို့ အမှန်တကယ်ကိုပင် ခံစားမိလေ၏။

"သူက ချီဘုရင်ဆီကနေ ဆရာသခင်ကို ကယ်တင်နိုင်လောက်ပါတယ်"

ချင်လုရှန်းက လေးလံသော သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ၏လက်အတွင်းရှိ စိတ်ဝိညာဥ်ချိတ်ဆက်ခြင်းအဆင့် ဆေးလုံးများကိုကြည့်ကာ သူက တွန့်ဆုတ်ခြင်းမရှိဘဲ ဝါးမြိုလေသည်။

"ငါက အမြန်ဆုံးခွန်အားကြီးမားလာအောင်လုပ်ဖို့ လိုအပ်တယ်...နန်းတွင်းစာမေးပွဲပြီးတဲ့အချိန်ကျရင် ငါ့ကို ရှေ့တန်းစစ်မျက်နှာဆီ ပြောင်းရွှေ့ပေးဖို့ တောင်းဆိုရမယ်...အဲ့ဒီလိုလုပ်မှပဲ ငါ အလျှင်အမြန် တိုးတက်လာလိမ့်မယ်"

ချင်လုရှန်း၏မျက်လုံးများက စူးရှတောက်ပနေသည်။

Chapter 3038

မိုးကောင်းကင်တာအို တည်းခိုခန်း...

လုယွီသည် သူ၏တည်းခိုအိမ်အတွင်းသို့ ပြန်ရောက်ပြီးနောက် စားပွဲရှေ့၌ ပလ္လင်ခွေထိုင်ကာ သူ၏အတွေးများကို စတင်၍ဖြန့်ကျက်လိုက်သည်။

အဆုံးသတ်၌ သူ၏လက်ရှိခွန်အားသည် ချင်လုရှန်းထက် ပို၍သန်မာသော်လည်း ချီဘုရင်၏ရှေ့တွင် များစွာကွဲပြားခြားနားမှုရှိမည်မဟုတ်ချေ။

အတိတ်တွင် ရှောင်အိမ်တော်အတွင်း၌ လုယွီသည် သေဆုံးရလုနီးပါးပင်။သူသည် ယခုလက်ရှိအချိန်၌ ပို၍သန်မာအားကောင်းလာသော်လည်း သူ၏ခွန်အားသည် ချီဘုရင်ကဲ့သို့ အစစ်အမှန်ဘုရင်တစ်ပါးကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ပေ။

ထို့ထက်ပို၍ အရေးကြီးသောအချက်မှာ ချီဘုရင်၏အဆင့်အတန်းပင်။

တော်ဝင်မိသားစု၏ဘုရင်တစ်ပါးဖြစ်သဖြင့် ချီဘုရင်သည် တော်ဝင်နန်းတွင်းတွင် မြင့်မားသောအဆင့်အတန်းရှိပေ၏။လုယွီသည် အရာရှိငယ်အဆင့်သာရှိသည်။အကယ်၍ သူသည် တစ်စုံတစ်ယောက်ကို သွားရောက်၍ရှာဖွေလိုပါက လုံလောက်သောအခွင့်အာဏာရှိရန် လိုအပ်သည်။

"ငါ ချီဘုရင်နဲ့ပတ်သက်ပြီးတော့ အများကြီးမသိသေးဘူး...ချီဘုရင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖေးထျန်ကွမ်းကို စုံစမ်းခိုင်းရမယ်"

လုယွီသည် ဖေးထျန်ကွမ်းထံသို့ လျှို့ဝှက်စာတစ်စောင်ပေးပို့ပြီးနောက် သူ၏ကျင့်ကြံဆင့်ကို ပြန်လည်၍ အာရုံစူးစိုက်လိုက်သည်။

လုယွီ၏ယခုလက်ရှိ ကျင့်ကြံဆင့်နယ်ပယ်ဖြင့် အကယ်၍ သူ ကျင့်ကြံဆင့်ချိုးဖျက်လိုပါက စည်းမျဥ်းများအတိုင်း လိုက်နာလျှင် အနည်းဆုံး နှစ်အနည်းငယ်ခန့်စောင့်ရန် လိုအပ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ဤမျှထိ အချိန်ကြာမြင့်စွာ မစောင့်ဆိုင်းနိုင်ချေ။

လောကကြီးသည် စဥ်ဆက်မပြတ် ပြောင်းလဲနေကာ ရာသီဥတုသည်လည်း တစ်နေ့နှင့်တစ်နေ့ မတူညီတော့ပေ။နောက်တစ်နေ့တွင် မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်မည်ကို မည်သူမျှမသိနိုင်ချေ။တာယွီအင်ပါယာပင်လျှင် နှစ်ပေါင်းရာနှင့်ချီ၍ ကြာမြင့်လာပြီးမှ ပထမဆုံးအကြိမ် စိန်ခေါ်ခြင်းခံရလေပြီ။တာယွီအင်ပါယာသည် အတွင်းအပြင် ခြိမ်းခြောက်မှုပေါင်းများစွာနှင့် ရင်ဆိုင်နေရပေ၏။ဤကဲ့သို့ကိစ္စမျိုး ယခင်က မဖြစ်ပွားခဲ့ဘူးချေ။

ဤသည်က တစ်စုံတစ်ခု ဖရိုဖရဲဖြစ်လာတော့မည့် အတိတ်နိမိတ်ပင်။

ဤဖရိုဖရဲလောကကြီးမှ ရှင်သန်နိုင်ရန်အလို့ငှာ တစ်စုံတစ်ယောက်ထံတွင် လုံလောက်သောခွန်အား ရှိနေရပေမည်။ထိုသို့မဟုတ်ပါက အရာအားလုံးသည် အနှစ်သာရမဲ့သော စကားလုံးများပင်။

လုယွီသည် အချိန်တခဏခန့် တိတ်ဆိတ်ငြိမ်သက်ပြီးနောက် ကျင့်ကြံရာ၌ သူ့ကိုယ်သူ နစ်မြုပ်လိုက်တော့သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် အနီးကပ်ကြည့်ရှုပါက ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအားများသည် နဂါးတစ်ကောင်အလား လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေသည်ကို တွေ့မြင်ရပေမည်။

သူ၏ယခုလက်ရှိ ကျင့်ကြံမှုအရှိန်နှုန်းသည် တခြားသူများထက် ဆယ်ဆ သို့မဟုတ် အဆငါးဆယ်ခန့် ပို၍လျှင်မြန်ပေ၏။

တခြားတစ်နည်းပြောင်းဆိုရလျှင် လုယွီ တစ်ရက်တာကျင့်ကြံခြင်းမှာ တခြားသူများ ရက်ငါးဆယ်ခန့်ကျင့်ကြံခြင်းနှင့် တူညီသည်။

ဤကဲ့သို့ ကျင့်ကြံမှုအရှိန်နှုန်းကို တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။

သို့ရာတွင် အကယ်၍ သူ တာယွီ၏ကံကြမ္မာစွမ်းအားကိုသာ ခံယူရပါက သူ၏ကျင့်ကြံမှုအရှိန်နှုန်း ပို၍လျှင်မြန်လာမည်ကို လုယွီက သိရှိထားသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေကာ လုယွီ စိတ်ဝိညာဥ်စွမ်းအင်များ အဆက်မပြတ် ရှုသွင်းရှုထုတ်လုပ်နေရသည့်အသံကိုသာ ကြားနေရပေ၏။

....

ရက်အနည်းငယ်ကြာပြီးနောက်...တော်ဝင်နန်းတော်ရှေ့၌...

စာပေနှင့်တိုက်ခိုက်ရေး စစ်ဆေးမှုနှစ်ခုစလုံးကို ဖြတ်ကျော်နိုင်ခဲ့သော ကျောင်းတော်သား၁၈၀၀၀ကျော်သည် တော်ဝင်နန်းတော်ရှေ့ရှိကွင်းပြင်တွင် မတ်တတ်ရပ်ကာ စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြသည်။

ယနေ့တွင် ဤနေရာ၌ သူတို့စုဝေးနေရသော အကြောင်းအရင်းမှာ တော်ဝင်နန်းတွင်းအတွင်းရှိ 'ကောင်းကင်နှင့်မြေပြင်ခန်းမ'တွင် သူတို့၏နောက်ဆုံး နန်းတွင်းစာမေးပွဲကို ဖြေဆိုရန်ပင်။

တော်ဝင်စာမေးပွဲတွင် အဆင့်သုံးဆင့်ရှိကာ ပထမဆုံးအဆင့်နှစ်ဆင့်ကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သူများအား 'ဂုဏ်ထူးဆောင်ကျောင်းတော်သား'များဟု ယူဆကာ နန်းတွင်းစာမေးပွဲကို အောင်မြင်မှသာလျှင် 'အဆင့်မြင့်ကျောင်းတော်သား' ဖြစ်လာပေမည်။

နန်းတွင်းစာမေးပွဲနှင့်တခြားစာမေးပွဲများအကြား ကွာခြားချက်မှာ အလွန်ကြီးမားပေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် နန်းတွင်းစာမေးပွဲကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခြင်းမရှိပါက ယခင်က ပြုလုပ်ခဲ့သမျှအရာအားလုံး အလဟဿဖြစ်သွားကာ အရာရှိအဖြစ် ရွေးချယ်ခံရတော့မည်မဟုတ်ချေ။

တာယွီအင်ပါယာ၏အရာရှိရွေးချယ်မှုသည် အလွန်ခက်ခဲကြမ်းတမ်းသည်ဟု ဆိုနိုင်သည်။ထိုနန်းတွင်းစာမေးပွဲ၏ ထိပ်ဆုံးအဆင့်မှ ရပ်တည်နိုင်ရန်မှာ ပို၍ပင်ခက်ခဲသည်။

လက်ရှိနေရာတွင်ရှိနေသော လူများအကြားတွင် လုယွီက ထိပ်ဆုံးမှနေ၍ မတ်တတ်ရပ်နေသည်။

သူ၏နောက်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်များ ရှိနေလေ၏။သူတို့အားလုံးသည် အသစ်စက်စက် ကျောင်းတော်ဝတ်စုံများကို ဝတ်ဆင်ထားသဖြင့် အလွန်မျက်စိဖမ်းစားနိုင်သည်။

တိုက်ခိုက်ရေးစာမေးပွဲကဲ့သို့ပင် နန်းတွင်းစာမေးပွဲမစတင်မီအချိန်တွင် လူများအားလုံး အစီအစဥ်တကျ မတ်တတ်ရပ်နေကြသည်။တော်ဝင်ကျောင်းတော်နှင့် ကျောင်းတော်ငါးကျောင်းမှကျောင်းတော်တပည့်များသည် သူတို့၏သက်ဆိုင်ရာအုပ်စုများနှင့် မတ်တတ်ရပ်နေကြကာ တခြားကျောင်းတော်သားများကမူ တသီးတခြားစီရှိနေသည်။

သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်မှ ဂရုတစိုက်ကြည့်ရှုပါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ စစ်ဆေးမှုနှစ်ခုလုံးကို ဖြတ်ကျော်နိုင်ခဲ့သောလူဦးရေသည် တခြားသူများထက် သာလွန်နေမည်ကို တွေ့မြင်ရပေမည်။တော်ဝင်ကျောင်းတော်မှ တပည့်ဦးရေပင်လျှင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။

Chapter 3039

"ဒီတစ်ကြိမ်တော့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က ပြန်ပြီးမြင့်တက်လာတော့မယ့်ပုံပဲ"

"ဒါက အမှန်ပဲ...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က တော်ဝင်စာမေးပွဲရဲ့ဖျက်မြင်းဖြစ်လာမယ်လို့ ဘယ်သူမှ မျှော်လင့်မထားကြဘူး...စစ်ဆေးမှုနှစ်ခုလုံးမှာ သူတို့ကျောင်းတော်ရဲ့တပည့်တစ်ယောက်တောင် မကျရှုံးခဲ့ဘူး...ဒီလိုခွန်အားမျိုးကို တုန်လှုပ်ချောက်ချားဖို့ကောင်းတယ်လို့ ယူဆလို့ရတယ်"

"ဒါတွေအားလုံးက လုယွီကြောင့်လို့ ငါ ကြားထားတယ်...သူက ကျောင်းတော်တပည့်တွေကို လမ်းညွှန်မှုပေးခဲ့ပြီးတော့ မဟာကွန်ဖြူးရှပ်ပညာရှင်တွေကတောင် သူ့ရဲ့ဟောပြောမှုကို နားထောင်ကြတယ်...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့လူအများစုက သူ့ကို မြင်တာနဲ့ လုရှီလို့ တလေးတစား ခေါ်ဆိုသုံးနှုန်းကြတယ်"

"ဟူး...အဲ့ဒီလူကိုကြည့်ရတာ အသက် အတော်ငယ်သေးပုံပဲ...ဘယ်လိုလုပ်ပြီးတော့ သူ့ဆီမှာ ဒီလိုအရည်အချင်းမျိုး ရှိနေတာလဲ"

လူအများသည် လုယွီကိုကြည့်ကာ တိုင်ပင်ဆွေးနွေးနေကြ၏။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တပည့်တချို့သည် ထိုတိုင်ပင်ဆွေးနွေးနေသံများကိုကြားချိန်တွင် သူတို့၏နောက်ကျောများကို ဖြောင့်တန်းစွာ မတ်မတ်ရပ်လိုက်ကြကာ သူတို့၏မျက်နှာများပေါ်၌ ဂုဏ်ယူဝင့်ကြွားသောအမူအယာမျိုး ထင်ဟပ်နေသည်။

တော်ဝင်စာမေးပွဲတိုင်းတွင် အောက်ဆုံးနေရာ၌ အစဥ်အမြဲ ရပ်တည်ခဲ့ရသော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ဤတစ်ကြိမ်တွင် ရုတ်တရက် မြင့်တက်လာမည်ဟု မည်သူက တွေးထင်မိမည်နည်း။ဤသည်က သူတို့ကျောင်းတော်၏တုန်လှုပ်ချောက်ချားဖွယ်အင်အားကို ထုတ်ဖော်ပြသနိုင်ခြင်းပင်။

"ချင်လုရှန်း ရောက်လာပြီ"

"မြန်မြန် ဘေးကပ်ပေးကြစမ်း"

ထိုအချိန်မှာပင် ရုတ်ရုတ်သဲသဲအသံများက လူအုပ်အကြားမှ ထွက်ပေါ်လာသည်။

ချင်လုရှန်း၏တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်ကြီးသည် လူအများ၏မြင်ကွင်းရှေ့၌ ထွက်ပေါ်လာပေ၏။သူသည် ရှေ့သို့လျှောက်လှမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိလူများသည် သူ့ကိုမြင်တွေ့သည်နှင့် နတ်ဆိုးနတ်ဘုရားတစ်ပါးကို တွေ့လိုက်သည့်အလား နံဘေးသို့ တိမ်းရှောင်လိုက်ကြသည်။

ယခင်က ချင်လုရှန်းသည် နေရာအနှံ့အပြားသို့သွားရောက်၍ စိန်ခေါ်ခဲ့သဖြင့် ရန်သူတချို့ရှိလာစေရန် ဆွဲဆောင်နိုင်ခဲ့သည်။အမှန်အားဖြင့် ဤသည်က သူ နာမည်ကျော်ကြားလာစေရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းပင်။

ယခုလက်ရှိချိန်၌ တော်ဝင်မြို့တော်ရှိလူအများစုသည် ချင်လုရှန်းကို ပါရမီရှင်များအတွက် စမ်းသပ်ကျောက်တုံးဟု ခေါ်ဆိုနေကြသည်။မည်သူသည် အစစ်အမှန်ပါရမီရှင်ဖြစ်သည်နှင့် မည်သူသည် အတုအယောင်ဖြစ်သည်ကို ချင်လုရှန်းနှင့်တိုက်ခိုက်ပြီးနောက် သိရှိနိုင်ပေမည်။

အမှန်အားဖြင့် ချင်လုရှန်း၏ခွန်အားအတိမ်အနက်ကိုမသိရှိဘဲ သူ့အား လှောင်ပြောင်သရော်လိုသောလူများ ရှိခဲ့သည်။တော်ဝင်မြို့တော်အတွင်းတွင် ပါရမီရှင်အမြောက်အများရှိသဖြင့် သူတို့အနက်မှအများစုသည် နေရာငယ်လေးမှလာသော ချင်လုရှန်းကို အထင်အမြင်သေးနေကြကာ တိုက်ခိုက်လိုခြင်းမရှိကြချေ။

ချင်လုရှန်းသည် တွေဝေတုံ့ဆိုင်းခြင်းမရှိပေ။သူ၏နောက်ကွယ်၌ လှောင်ပြောင်သရော်နေသူများကို ရှေ့သို့ထွက်လာပြီး သူနှင့်တိုက်ခိုက်ရန် ပြောဆိုလေ၏။

ရလဒ်အနေဖြင့် ချင်လုရှန်း၏နောက်ကွယ်တွင် လှောင်ပြောင်သရော်နေသည့် လူအရေအတွက် သိသိသာသာ လျော့ကျသွားတော့သည်။

ချင်လုရှန်းသည် ကျားတစ်ကောင်အလား ခြေလှမ်းလှမ်းကာ နဂါးတစ်ကောင်အလား ဝံ့ကြွားစွာလျှောက်လှမ်းနေသည်။သူက ရုတ်တရက် လုယွီ၏နံဘေး၌မတ်တတ်ရပ်ကာ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်၍ အရိုအသေပြုလိုက်သည်။

"လုရှီ..."

လူတိုင်း အံ့အားသင့်တုန်လှုပ်သွားကြ၏။

မည်သို့ ဖြစ်ပျက်သွားသနည်း...

အကယ်၍ လုယွီကို ဆရာသခင်ဟုခေါ်ဆိုသုံးနှုန်းသူမှာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တစ်စုံတစ်ယောက်ဖြစ်နေပါက ပြဿနာမရှိချေ။သို့ရာတွင် ချင်လုရှန်းသည် မည်သည်ကြောင့် လုရှီဟု ခေါ်ဆိုသုံးနှုန်းနေသနည်း။

သတင်းအချက်အလက်စုံလင်သော ကျောင်းတော်သားတချို့က အလျှင်အမြန်ပြောဆိုသည်။

"ချင်လုရှန်းက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က တစ်စုံတစ်ယောက်ကို စိန်ခေါ်ဖို့အတွက် တံလျှပ်ပင်လယ်မျှော်စင်ကိုသွားခဲ့တယ်လို့ ငါ ကြားထားတယ်...အဆုံးသတ်ကျတော့ တံလျှပ်ပင်လယ်မျှော်စင်တစ်ခုလုံး ပျက်စီးသွားခဲ့တယ်...ကြည့်ရတာတော့ အဲ့ဒီကိစ္စက အမှန်ဖြစ်နေပုံပဲ"

"ချင်လုရှန်းရဲ့အပြုအမူကို ကြည့်ကြအုံး...ဒါက သူနဲ့ မတူသလိုပဲ...သူလို ကောင်းကင်နဲ့မြေပြင်ကိုတောင် မကြောက်ရွံဘဲ အော်ငေါက်ဝံ့တဲ့လူတစ်ယောက်က လုယွီရဲ့ရှေ့မှာ ရို့ကျိုးနေတယ်...ကြည့်ရတာတော့ သူ တကယ်ကြီး သင်ခန်းစာရသွားခဲ့ပုံပဲ"

လုယွီက ချင်လုရှန်းကိုတစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

"မင်း ပြန်ကောင်းသွားပြီလား"

ချင်လုရှန်းက ရယ်မောကာ သူ၏လက်မောင်းကို ဝှေ့ယမ်းလိုက်သည်။

"ဒါက မပြောပလောက်တဲ့ ဒဏ်ရာလေးတွေပါ...တကယ်တော့ အဲ့ဒါတွေက အချိန်ခဏလေးအတွင်းမှာ ပြန်ကောင်းသွားခဲ့တယ်...ဒီရက်အနည်းငယ်အတွင်းမှာ ငါ့ရဲ့အားနည်းချက်တွေကို ဖာထေးနိုင်ဖို့အတွက် ငါ ကြိုးကြိုးစားစား စာလေ့လာနေခဲ့တာ...နန်းတွင်းစာမေးပွဲမှာ ငါ့အတွက် အခက်အခဲတစ်စုံတစ်ရာ မရှိနိုင်ဘူးလို့ ငါ ယုံကြည်တယ်"

ချင်လုရှန်း၏အမူအယာကို မြင်တွေ့ချိန်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်များက ရယ်မောလိုက်ကြသည်။

ထိုနေ့တုန်းက ချင်လုရှန်းသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်များကို ရန်စစော်ကားခဲ့လေ၏။သူသည် အရှက်အကြောက်ကင်းမဲ့စွာဖြင့် မောက်မာဝံ့ကြွားနေခဲ့သည်။

သို့ရာတွင် ချင်လုရှန်းသည် လုယွီ၏လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သတိလစ်မေ့မျောခဲ့ရပြီးနောက် သူသည် နှိမ့်ချရိုကျိုးသူတစ်ယောက် ဖြစ်လာသည်။သူသည် လုယွီကို မြင်တွေ့ချိန်၌ အမှားကိုဝန်ခံသည့်အနေဖြင့် သူ၏ခေါင်းကိုငုံကာ လေးစားမှုကိုပြသလေသည်။

သို့သော် ချင်လုရှန်းသည် လုယွီကို ရိုသေလေးစားနေသောအကြောင်းအရင်းမှာ လုယွီသည် သူ၏ဆရာသခင်ကို ကယ်တင်မည်ဟု ကတိပေးထားသောကြောင့်ဖြစ်သည်ဟူသောအချက်ကို မည်သူမျှ တွေးတောမိမည်မဟုတ်ချေ။

ချင်လုရှန်းအတွက် လုယွီသည် သူ၏ကျေးဇူးရှင်ပင်။လုယွီကို ရိုသေလေးစားခြင်းသည် သူ အမှားကျူးလွန်ခြင်းမဟုတ်ချေ။

"ချင်လုရှန်း...ဖြစ်နိုင်တာတော့ လုယွီက မင်းကို ဝယ်လိုက်တာများလား...ဘာလို့ ဒီလောက်ထိ မင်း နှိမ့်ချပြီးနေတက်သွားတာလဲ...ဒါက မင်းနဲ့မတူသလိုပဲ"

ပျင်းတိပျင်းရွဲပြောဆိုလိုက်သံတစ်သံက ချင်လုရှန်း၏နောက်မှ ထွက်ပေါ်လာသည်။

Chapter 3040

ချင်လုရှန်းသည် သွေးဆူသောစရိုက်ရှိသူဖြစ်သဖြင့် သူ့အား နောက်မှနေ၍ တစ်စုံတစ်ယောက်က သရော်တော်တော်ပြောဆိုဝံ့သည်ကိုကြားချိန်တွင် သူက ချက်ချင်းဆိုသလိုပင် နောက်ပြန်လှည့်ကြည့်လိုက်သည်။

ထို့နောက် သူသည် ရှထန်ကန်း၏လှောင်ပြောင်ရယ်မောနေသောမျက်နှာကို မြင်တွေ့လိုက်ရ၏။

"ငါက ဘယ်သူများလဲလို့...ခုကြည့်ကြည့်တော့မှ တော်ဝင်ကျောင်းတော်ရဲ့တပည့်ခေါင်းဆောင်အသစ်ကြီး ဖြစ်နေတာပဲ...ဘာလဲ...မင်းက တပည့်ခေါင်းဆောင်နေရာမှာ ထပ်ပြီးမနေချင်တော့တာလား...မင်း ပြုတ်ကျပြီးတော့ တခြားတစ်ယောက်နဲ့ အစားထိုးစေချင်တာလား"

ချင်လုရှန်းက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်သည်။

တော်ဝင်ကျောင်းတော်မှတပည့်များ၏ မျက်နှာများပေါ်တွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

တော်ဝင်ကျောင်းတော်၏ ယခင်တပည့်ခေါင်းဆောင်သည် တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ချင်လုရှန်းနှင့်တိုက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် သူ၏တာအိုနှလုံးသား ထိခိုက်ပျက်စီးသွားခြင်းကြောင့်ပင်။

ယခုလက်ရှိချိန်၌ ချင်လုရှန်းသည် အတိတ်မှဖြစ်ရပ်များကို ပြန်တူးဆွနေခြင်းမှာ တော်ဝင်ကျောင်းတော်ကို လူပုံအလယ်၌ ပါးဖြတ်ရိုက်ခြင်းနှင့် တူညီပေ၏။

ရှထန်ကန်း၏မျက်နှာပေါ်မှအပြုံး တောင့်တင်းသွားကာ သူက ခက်ထန်တင်းမာစွာ ပြောဆိုသည်။

"မင်းက စာပေကိုအများကြီး မလေ့လာဘူးတာကြောင့် အရမ်းမောက်မာဝံ့ကြွားနေတယ်ဆိုတာ ငါ သိတယ်...မင်းက နေရာငယ်လေးကနေ လာခဲ့မှတော့ အမူအကျင့်ဆိုတာကို ဘယ်လိုလုပ်ပြီးတော့ နားလည်မှာလဲ"

ဤသည်က ချင်လုရှန်း၏အားနည်းချက်ကို အသုံးချ၍ သူ့အား လှောင်ပြောင်သရော်ခြင်းပင်။

ချင်လုရှန်းသည် တိုက်ခိုက်ရေးစာမေးပွဲ၌ တတိယနေရာ ရရှိခဲ့သော်လည်း သူ၏စာပေစာမေးပွဲရလဒ်သည် လုံးလုံးလျားလျားအမှိုက်တစဖြစ်ကာ အောင်မြင်သည်ဆိုရုံမျှသာရှိသည်။

ချင်လုရှန်း စာပေပညာရပ်များတွင် အားနည်းရသောအကြောင်းအရင်းမှာ သူ ထက်ရှလာစေရန်အတွက် အဆက်မပြတ်တိုက်ခိုက်နေရခြင်းကြောင့်ပင်။

နှိုင်းယှဥ်ကြည့်ပါက ရှထန်ကန်းသည် ချမ်းသာကြွယ်ဝသော ထိပ်တန်းမိသားစုကြီးတစ်စု၌ မွေးဖွားလာသူဖြစ်သည်။သူ့အားကာကွယ်ပေးမည့် အစောင့်များနှင့် သင်ကြားပေးမည့် အစွမ်းထက်ကျင့်ကြံသူအမြောက်အများရှိသည်။သူသည် ရှေးဟောင်းစာအုပ်များကို ဆန္ဒရှိသည့်အတိုင်း လှန်လှော၍ဖတ်ရှုနိုင်သည်။အကယ်၍ သူ လေ့ကျင့်လိုပါက တွဲဖက်လေ့ကျင့်ဖော်အဖြစ် ပြုလုပ်ပေးမည့် ကျင့်ကြံသူများလည်း မရှားပါးချေ။သူသည် စိတ်ကိုတည်ငြိမ်အောင်ထား၍ ကျင့်ကြံရန်သာ လိုအပ်ကာ တခြားအခန်းကဏ္ဏများကို အနည်းငယ်မျှပင် စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။

ချင်လုရှန်းက တုံ့ပြန်၍ မေးမြန်းလေ၏။

"တာယွီရဲ့တည်ထောင်သူဘိုးဘေးကလည်း စာအုပ်တွေအများကြီး မဖတ်ဖူးဘူး...ဒါပေမယ့် သူက အလယ်ခေတ်ရဲ့ဖရိုဖရဲကိစ္စတွေကို အဆုံးသတ်နိုင်ခဲ့တယ် မဟုတ်လား...ရှထန်ကန်း...မင်း ဒီလိုစကားမျိုးကို တော်ဝင်နန်းတွင်းထဲမှာ ပြောဝံ့လား"

နံဘေးမှနေ၍ ရယ်မောကာ စောင့်ကြည့်နေကြသူများသည် ချင်လုရှန်း၏ခွန်းတုံ့ပြန်သောစကားကိုကြားချိန်တွင် သူတို့၏ပါးစပ်များကို ချက်ချင်းပိတ်လိုက်ကြသည်။

တာယွီအင်ပါယာ၏တည်ထောင်သူဘိုးဘေးသည် အလယ်ခေတ်အတွင်းရှိ ဂိုဏ်းတစ်ဂိုဏ်းမှ တံခါးစောင့်တပည့်တစ်ယောက်သာဖြစ်သည်။သူသည် ခက်ခဲကြမ်းတမ်းသော ဘဝမျိုးကို ပိုင်ဆိုင်ခဲ့ရသည်။အလယ်ခေတ်အတွင်းရှိ ဖရိုဖရဲအခြေအနေများအကြား၌ သူ့ကဲ့သို့ တစ်စုံတစ်ယောက်သည် စာဖတ်ရန်မဆိုထားနှင့် အသက်ရှင်သန်နိုင်သည်ကပင် လွန်စွာကံကောင်းနေလေပြီ။

နောက်ပိုင်းတွင် သူသည် ဧကရာဇ်ကောင်းဇူဟု နာမည်ကျော်ကြားလာကာ အစွမ်းထက်သောစွမ်းအားကို ပိုင်ဆိုင်ခဲ့သော်လည်း စာပေအမြောက်အများ ဖတ်ရှုခဲ့ရခြင်းမရှိချေ။

သို့ရာတွင် ထိုအချိန်တုန်းက ကောင်းကင်ဘုံနယ်မြေအတွင်း၌ မည်သူကမျှ သူ၏အမိန့်ကို မလိုက်နာဘဲ မနေဝံ့ပေ။ရှေးဟောင်းအချိန်ကာလများအတွင်းမှ အလွန်ကြမ်းတမ်းခက်ထန်သော လူသားဧကရာဇ်ဓားကိုပင် သူ ထိန်းချုပ်နိုင်ခဲ့ကာ တာယွီအင်ပါယာ၏နန်းမွေဆက်ခံမှု အစဥ်အဆက်အတွက် အမွေအနှစ်တစ်ခု ဖြစ်လာခဲ့သည်။

အေးစက်စက်ချွေးများက ရှထန်ကန်း၏နဖူးပေါ်တွင် တစိမ့်စိမ့်ထွက်နေသည်။ချင်လုရှန်းသည် သူ အချိန်မရွေး လှောင်ပြောင်သရော်၍ရသော လူကြမ်းလူရိုင်းတစ်ယောက်ဟု သူ တွေးထင်ထားခဲ့ပေ၏။သို့ရာတွင် ချင်လုရှန်းသည် ဤကဲ့သို့ခွန်းတုံ့ပြန်မည်ဟု သူ မျှော်လင့်မထားမိချေ။

အကယ်၍ သူ ထိုကိစ္စကိုဝန်ခံလိုက်ပါက ဧကရာဇ်ကောင်းဇူကို လှောင်ပြောင်သရော်ကာ မလေးမစားပြုလုပ်သော ရာဇဝတ်မှုကြီးကိုကျူးလွန်သူ ဖြစ်သွားပေမည်။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ ကျင့်ကြံရာတွင် ကျင့်ကြံသူတစ်ယောက်၏စကားလုံးများနှင့်အပြူအမူများအပေါ် ထိန်းချုပ်ကန့်သတ်ထားသည့် စည်းမျဥ်းများစွာမရှိချေ။အကယ်၍ သူတို့သည် ယခုလက်ရှိဧကရာဇ်မင်းအကြောင်းပြောဆိုလျှင်ပင် ပြဿနာမရှိပေ။သို့ရာတွင် ဤနေရာသည် နန်းတွင်းစာမေးပွဲကျင်းပမည့်နေရာဖြစ်သဖြင့် အနီးပတ်ဝန်းကျင်တွင် စစ်ဆေးရေးမှူးများနှင့်အရာရှိများ အမြောက်အများရှိနေသည်။သူတို့အနက်မှအများစုသည် ကျင့်ကြံဆင့်နယ်ပယ်မြင့်မားသော အစွမ်းထက်ကျင့်ကြံသူများဖြစ်သဖြင့် ပတ်ဝန်းကျင်ရှိအရာရာတိုင်းကို မြင်တွေ့ကြားသိနိုင်သည်။မည်သည့်အသံဗလံမျှ သူတို့၏စုံစမ်းထောက်လှမ်းမှုအောက်မှ လွတ်မြောက်ခြင်းမရှိချေ။

အကယ်၍ ဤစကားများသာ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ကြားသွားပါက သူ့အပေါ်တွင် ဆိုးရွားသောထင်မြင်ချက်ရှိသွားမည်မှာ တိကျသေချာလှ၏။

"ပေါက်ကရစကားတွေ...ထားလိုက်တော့...မင်းနဲ့ငြင်းခုံရတာ အရမ်းပျင်းဖို့ကောင်းတယ်"

ရှထန်ကန်းသည် သူ၏အင်္ကျီလက်ကိုခါယမ်း၍ ထွက်ခွာသွားကာ ချင်လုရှန်းနှင့်စကားစစ်ထိုးခြင်း မပြုတော့ချေ။

နက်နဲသိမ်မွေ့ကြယ်တာရာကျောင်းတော်၏ တပည့်ခေါင်းဆောင်ကျန်းပေါင်ရှင်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မော၍ ပြောဆိုသည်။

"ဒါက ကြက်ကိုခိုးယူချင်ပေမယ့် ဆန်ပါဆုံးရှုံးသွားတယ်လို့ ခေါ်တယ်...မင်းက မင်းစိုက်တာကို မင်း ပြန်ရိတ်သိမ်းရတာပဲ"

နံဘေးဘက်မှလူများသည် မအောင့်အည်းနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြသည်။

ရှထန်ကန်းသည် သူ၏ပါးကိုအချက်ပေါင်းများစွာ ရိုက်နှက်ခံရသည့်အလား ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာတပြင်လုံး နီမြန်းသွားသည်။

သူက ကျန်းပေါင်ရှင်းကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်၏။

"ဘာလဲ...ချင်လုရှန်းကို ရှုံးနိမ့်ခဲ့တဲ့ အရှုံးသမားက ဒီလိုစကားမျိုး ပြောထွက်သေးတာလား"

All Chapters