← Chapters

အခန်း (၃၀၄၆-၃၀၅၀)

Vol. 156 Ch. 3046-3050

အခန်း (၃၀၄၆-၃၀၅၀)

Vol. 156 Ch. 3046-3050

Chapter 3046

လုယွီ၏မှတ်ဥာဏ်အတွင်း၌ ကြယ်မြစ်အုပ်ချုပ်ရေးရုံးတော် သတင်းရရှိစဥ်တွင် ပုန်ကန်မှုသည် ထိန်းချုပ်နိုင်မှုမှ လွတ်ကင်းသွားလေပြီ။

နောက်ဆုံး၌ ဖရိုဖရဲကိစ္စရပ်များ ငြိမ်သက်သွားစေရန်အတွက် တော်ဝင်နန်းတွင်းမှနေ၍ စစ်တပ်တစ်တပ်ကို စေလွှတ်ခဲ့သည်။

နောက်ပိုင်းတွင် တော်ဝင်နန်းတွင်းမှ တွက်ချက်မှုအရ အသေအပျောက်အများဆုံးနေရာသည် လင်ကျိုးစီရင်စုဖြစ်ကြောင်း ရှာဖွေတွေ့ရှိလိုက်ရ၏။လင်ကျိုးစီရင်စုအတွင်းရှိ လောကီအင်မော်တယ်များမှအစပြုကာ သေမျိုးများထိတိုင် မည်သူတစ်ဦးတစ်ယောက်မျှ ရှင်သန်လွတ်မြောက်ခြင်းမရှိချေ။သူတို့၏စိတ်ဝိညာဥ်များပင်လျှင် မတည်ရှိတော့ပေ။

လင်ကျိုးစီရင်စုသခင်ကို တော်ဝင်နန်းတွင်း၏နောက်လိုက်ခွေးတစ်ကောင်အဖြစ် ဆက်ဆံခြင်းခံရသည်။ပုန်ကန်မှုဖြစ်ပြီး သုံးရက်အကြာတွင် သူ အသတ်ခံရကာ သူ၏သေဆုံးခြင်းသည် အလွန်ဝမ်းနည်းကြေကွဲဖွယ်ရာပင်။

ဤကဲ့သို့အခြေအနေမျိုးသည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။စီရင်စုသခင်တစ်ယောက် အသတ်ခံရသည်မှာ တာယွီတော်ဝင်နန်းတွင်းတစ်ခုလုံး၏ဂုဏ်သိက္ခာကို ထိပါးစော်ကားသည်နှင့် တူညီနေလေရာ ထိုကိစ္စသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ရှေ့မှောက်သို့ ရောက်ရှိသွားတော့သည်။

"သန်းနဲ့ချီတဲ့ နတ်ဆိုးကျင့်ကြံသူတွေနဲ့ပုန်ကန်သူတွေက စီရင်စုကို တိုက်ခိုက်ကြတယ်...မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပဲ သူတို့က လင်ကျိုးစီရင်စုတစ်ခုလုံးကို သိမ်းပိုက်လိုက်ကြတယ်...ပြီးတော့ စီရင်စုပြင်ပမှာရှိတဲ့ နယ်မြေတွေကိုလည်း နတ်ဆိုးကျင့်ကြံသူတွေက ထိန်းချုပ်ထားတယ်...လင်ကျိုးစီရင်စုအတွက် စစ်ကူလည်းမရှိဘူး...ဒါက သေချာပေါက်သေရမယ့် အခြေအနေမျိုးပဲ...နန်းတွင်းစာမေးပွဲ မဆိုထားနဲ့...အခုလက်ရှိ တော်ဝင်နန်းတွင်းက အရာရှိတွေတောင် ဒီအခြေအနေကို ဘယ်လိုဖြတ်ကျော်မှာလဲ"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။

ဤသည်က တိုက်ခိုက်ရေးစာမေးပွဲအတွင်းတွင် မဟာဆရာသခင်ယုဝမ်၏စိတ်ဝိညာဥ် ထွက်ပေါ်လာသည်နှင့် တူညီသည်။ခြေလှမ်းတိုင်းသည် အန္တရာယ်များဖြင့် ပြည့်နှက်နေကာ သူ့အား သေဆုံးခြင်းချောက်ကမ်းပါးသို့ တွန်းပို့နေပေ၏။

အိမ်ရှေ့စံမင်းသားသည် နန်းတွင်းစာမေးပွဲမစတင်မီ သူ့အား နက်နဲသောအဓိပ္ပါယ်ပါသည့်စကားမျိုး ပြောဆိုခဲ့သည်။ဤသည်က လုယွီသည် နန်းတွင်းစာမေးပွဲအတွင်း၌ တန်ပြန်ခံစားရတော့မည်ဟု သူ အတပ်သိနေပုံပင်။

ကျောင်းတော်သားတိုင်း မတူညီသောစီရင်စုများဆီသို့ စေလွှတ်ခြင်းခံရသည်။သို့ရာတွင် လုယွီအား ဤစီရင်စုသို့ပို့ဆောင်ရန် အိမ်ရှေ့စံမင်းသားသည် နောက်ကွယ်မှနေ၍ အကွက်ချစီမံခြင်းမပြုဟု လုယွီ မယုံကြည်ချေ။

"စီရင်စုသခင်....ကျီနာရီကိုတောင်ရောက်နေပြီ...အနားယူသင့်တယ်"

လူတစ်ယောက်က သူ၏လက်မောင်းကြားတွင် စာလိပ်အမြောက်အများကိုပွေ့၍ ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ဘာမှ မစိုးရိမ်ပါနဲ့...ငါ ခုထိ မပင်ပန်းသေးဘူး...စာရွက်စာတမ်းတွေ ဒီကိုယူလာခဲ့တော့"

မကြာမီမှာပင် လုယွီသည် ယခုလက်ရှိအခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်သွားသည်။

ဤအချိန်အခိုက်အတန့်တွင် သူ့ကိုကြည့်ရသည်မှာ လင်ကျိုးစီရင်စု၏စီရင်စုသခင် အမှန်တကယ်ဖြစ်နေပုံပင်။

သူ၏ရှေ့ရှိလူသည် လင်ကျိုးစီရင်စု၏မှတ်တမ်းစာရေးဖြစ်ကာ သူသည် စီရင်စုသခင်၏သစ္စာရှိလူယုံ အနည်းစုအနက်မှ တစ်ယောက်လည်းဖြစ်သည်။

ရုံးတော်ဆိုင်ရာစာရွက်စာတန်းများကို သူ ဖွင့်ဖတ်ကြည့်ချိန်တွင် ငြီးငွေ့ဖွယ်ကောင်းသော ကိစ္စအမြောက်အများ ချက်ချင်းထွက်ပေါ်လာသည်။လင်ကျိုးစီရင်စုတစ်ခုလုံးရှိ လူများ၏အသက်မွေးဝမ်းကြောင်း လုပ်ငန်းများမှစ၍ စစ်ရေးကိစ္စများအထိ စီရင်စုသခင်ကိုယ်တိုင် ဆုံးဖြတ်ချက်ချရန် လိုအပ်သည်။

ဤကဲ့သို့ကိစ္စမျိုးသည် အကယ်၍ သေမျိုးတိုင်းပြည်တစ်ပြည်အတွင်းတွင်ဆိုပါက လူတစ်ယောက်တည်းဖြင့် ဖြေရှင်းနိုင်ရန် လွန်စွာခက်ခဲပေမည်။သို့ရာတွင် လင်ကျိုးစီရင်စုသခင်သည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်သဖြင့် သူ၏စိတ်ဝိညာဥ်သည် အတော်အသင့် အစွမ်းထက်ပေ၏။သူသည် နတ်ဘုရားစိတ်အာရုံဖြင့် ကိစ္စဆယ်ခုခန့်ကို ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲ တပြိုင်နက်တည်း ဖြေရှင်းနိုင်သည်။

"စိတ်ဝိညာဥ်ကြံ့ဓားဂိုဏ်းနဲ့မီးတောက်နတ်ဆိုးဂိုဏ်းက လက်တွဲဖို့ဆုံးဖြတ်ပြီးတော့ ငြိမ်းချမ်းရေးယူလိုက်ကြတယ်...မင်္ဂလာရှိတဲ့ အတိတ်နိမိတ်ကောင်းတစ်ခုက မြောက်ပိုင်းစွန့်ပစ်နယ်မြေမှာ ထွက်ပေါ်လာခဲ့တယ်...ဒါက အရာရှိတွေကို လှည့်စားဖို့အတွက် အာရုံလွှဲတာ ဖြစ်နိုင်တယ်...ဒါက သတင်းကောင်းတစ်ခုလို့ ထင်ရပေမယ့် အမှန်ကတော့ သတင်းဆိုးပဲ"

အကယ်၍ လုယွီသည် နောင်ဖြစ်လာမည့်ကိစ္စများကို ကြိုမသိခဲ့ပါက လင်ကျိုးစီရင်စုသခင်ကဲ့သို့ပင် သူ၏စီရင်စုအတွင်း၌ ငြိမ်းချမ်းသာယာနေသည်ဟု တွေးတောမိပေမည်။

သို့ရာတွင် ယခုချိန်၌ လုယွီသည် ထိုစာရွက်စာတမ်းများကို မြင်တွေ့ပြီးနောက် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ချက်ချင်းခံစားမိသည်။

လင်ကျိုးစီရင်စုသခင် ကြားသိရသမျှ ကိစ္စများအားလုံးသည် လှည့်စားမှုများပင်။ဤသည်ကြောင့် သူသည် ဘေးကပ်ဆိုးကြီးကျရောက်လာမည်ကို အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိခဲ့ချေ။

"ဒီ ရုံးစာရွက်တွေအားလုံးကို သိမ်းလိုက်တော့"

လုယွီက သူ၏မျက်ခုံးနှစ်ခုကြားကို ပွတ်သပ်လိုက်သည်။ဤရုံးစာရွက်စာတမ်းများကို ထပ်မံ၍ သူ ဖတ်ရှုနေရန် မလိုအပ်တော့ချေ။

မှတ်တမ်းစာရေးသည် မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်နေသည်ကို မသိရှိချေ။လုယွီသည် အနည်းငယ်ပင်ပန်းနွမ်းနယ်နေသဖြင့် အနားယူလိုခြင်းဖြစ်မည်ဟုသာ သူ တွေးတောလိုက်၏။

"ပြောရမယ်ဆိုရင်...မနက်ဖြန်က နှစ်ကူးပွဲတော်ပဲ...အုပ်ချုပ်သူသခင်အတွက် ဂုဏ်ပြုလက်ဆောင်တွေက လမ်းတစ်ဝက်မှာရောက်နေပြီ...ကျွန်တော်က ကြယ်မြစ်အုပ်ချုပ်ရေးရုံးတော်ကလူတချို့နဲ့လည်း ဆက်သွယ်ပြီးပြီ...သူတို့က အုပ်ချုပ်သူသခင်ရှေ့မှာ စကားကောင်းနည်းနည်းပြောပေးတာနဲ့ သူက စီရင်စုသခင်ပေါ်မှာ အမြင်ကောင်းရှိသွားလိမ့်မယ်...ဒါက စီရင်စုသခင် ရာထူးတိုးဖို့ကိုရည်ရွယ်ပြီးတော့ လုပ်ခဲ့တာပါ"

မှတ်တမ်းစာရေးက အပြုံးနှင့်ပြောဆိုသည်။

သူသည် စီရင်စုသခင်၏သစ္စာရှိလူယုံတစ်ယောက်ပင်။အကယ်၍ လင်ကျိုးစီရင်စုသခင်သာ ရာထူးတိုးသွားပါက သူသည်လည်း အကျိုးကျေးဇူးရရှိပေမည်။

မမျှော်လင့်ဘဲ ထိုစကားကိုကြားချိန်တွင် လုယွီ၏မျက်နှာအမူအယာ ချက်ချင်းပြောင်းလဲသွားသည်။

"မနက်ဖြန်က နှစ်ကူးပွဲတော်နေ့လား"

Chapter 3047

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်ကို မြင်တွေ့သော်လည်း မှတ်တမ်းစာရေးသည် အံ့အားသင့်သွားပုံမရချေ။

"အရှင်...အရှင်က သုံးလကြာအောင် တံခါးပိတ်ကျင့်ကြံနေပြီးတော့ ပြန်ထွက်လာတာမကြာသေးဘူးလေ...မနက်ဖြန်က နှစ်ကူးပွဲတော်ပဲ"

လင်ကျိုးစီရင်စုသခင်သည် မကြာခဏ တံခါးပိတ်ကျင့်ကြံနေလေ့ရှိသည်။စီရင်စုအတွင်းရှိ အရေးကိစ္စများကို မှတ်တမ်းစာရေးနှင့် သူ၏တခြားသစ္စာရှိလူယုံများက ကိုင်တွယ်ဖြေရှင်းကြသည်။

တော်ဝင်နန်းတွင်းသည် ကြယ်တာရာအိမ်တော်၏ အရာရှိခေါင်းဆောင်အဆင့်အောက်ရှိ တခြားအရာရှိများကို သုံးလထက်ပို၍ တံခါးပိတ်ကျင့်ကြံခွင့်မပြုချေ။လင်ကျိုးစီရင်စုသခင်၏ သုံးလကြာတံခါးပိတ်ကျင့်ကြံမှုသည် အကန့်အသတ်ပင်။

ရှူး...ဖြောင်း...ဖြောင်း...

စီရင်စုရုံးတော်ပြင်ပတွင် မီးရှူးမီးပန်းပစ်ဖောက်နေသောအသံများကို ကြားနေရသည်။

နှစ်ကူးပွဲတော် မစတင်မီကတည်းက လင်ကျိုးစီရင်စုတစ်ခုလုံး သက်ဝင်လှုပ်ရှားနေလေပြီ။မီးအိမ်များနှင့်ရောင်စုံအလံတံခွန်များကို နေရာအနှံ့အပြားတွင် ချိတ်ဆွဲထားကာ ပျော်ရွှင်နေကြသော အငွေ့အသက်များ လွှမ်းခြုံနေသည်။

သို့ရာတွင် လုယွီ၏စိတ်နှလုံးသားတစ်ခုလုံး တခြားသူများနှင့်မတူညီဘဲ ရေခဲလှိုဏ်ဂူအတွင်းသို့ ကျရောက်သွားသကဲ့သို့ ခံစားနေရ၏။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ မှတ်ဥာဏ်များအတွင်းတွင် အုပ်ချုပ်ရေးရုံးတော်၏သတင်းပို့မှုအရ ပုန်ကန်သူစစ်တပ်သည် နှစ်ကူးပွဲတော်၌ လင်ကျိုးစီရင်စုကို တိုက်ခိုက်ခဲ့ခြင်းပင်။

ထိုအချိန်တုန်းက လင်ကျိုးစီရင်စုတစ်ခုလုံး နှစ်ကူးပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေကြသည်။ဘေးကပ်ဆိုးကြီး ချဥ်းကပ်လာသည်ကို မည်သူမျှ သတိမပြုမိချေ။ပုန်ကန်သူစစ်တပ်သည် မည်သည့်အတားအဆီးမျိုးကိုမျှ ကြုံတွေ့ရခြင်းမရှိဘဲ လင်ကျိုးစီရင်စုတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

ဤအချိန်သည် ညသန်းခေါင်ယံသို့ ရောက်ရှိနေပြီဖြစ်ကာ နောက်တစ်နေ့သည် နှစ်ကူးပွဲတော် ကျရောက်သည့်နေ့ပင်။

လုယွီ တန်ပြန်စီစဥ်နိုင်ရန်အတွက် အချိန်များစွာ မကျန်ရှိတော့ချေ။

"ဒီလို ကောက်ကျစ်ယုတ်မာတဲ့ နည်းလမ်းမျိုး...တကယ်လို့ ငါသာ ဘာတွေဖြစ်လာမယ်ဆိုတာကို ကြိုမသိခဲ့ရင်...ငါက နားဝေတိမ်တောင်ဖြစ်ပြီးတော့ သူ့ရဲ့ထောင်ချောက်ထဲကို ကျသွားလိမ့်မယ်...ငါသာ နန်းတွင်းစာမေးပွဲမှာ အစောကြီးရှုံးနိမ့်သွားမယ်ဆိုရင် စာပေနဲ့တိုက်ခိုက်ရေးစာမေးပွဲမှာ ငါရခဲ့တဲ့အဆင့်က အလဟဿဖြစ်သွားရုံတင်မကဘူး...ငါ့ရဲ့ရှေ့အလားအလာပါ ဆုံးရှုံးသွားနိုင်တယ်...ငါက ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးရဲ့ ရယ်စရာပြက်လုံးကြီး ဖြစ်သွားလိမ့်မယ်"

အိမ်ရှေ့စံမင်းသား၏အစီအစဥ်သည် အထင်းသား ထွက်ပေါ်လာလေပြီ။

သူသည် လုယွီကို နန်းတွင်းစာမေးပွဲအောင်မြင်ရန်အတွက် အနည်းငယ်မျှပင် အခွင့်အရေးမပေးချေ။

ပါရမီရှင်အများစုသည် ရှေးဟောင်းသမိုင်းစာအုပ်များကို ဖတ်ဖူးကြသော်လည်း တော်ဝင်နန်းတွင်း၏ရုံးစာရွက်စာတမ်းများနှင့် ပတ်သတ်သည်များကို အနည်းငယ်မျှသာ သိရှိကြ၏။ဤကဲ့သို့ နေရာငယ်လေးတစ်ခုတွင် ကြီးမားသောပုန်ကန်မှုကြီး ဖြစ်ပွားခဲ့သည်ကို မည်သူမျှသိရှိမည်မဟုတ်ချေ။

ထို့ပြင် ဤကဲ့သို့ပုန်ကန်သည့်မှတ်တမ်းများကို တော်ဝင်နန်းတွင်းက ဖုံးကွယ်ထားခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ဤသည်က တော်ဝင်နန်းတွင်း၏လျှို့ဝှက်ချက်တစ်ခုဖြစ်သဖြင့် လူနည်းစုကသာ ထိုကိစ္စကို သိရှိကြသည်။

အိမ်ရှေ့စံမင်းသားသည် ထိုကိစ္စများကို တွက်ချက်ပြီးဖြစ်ပေမည်။ထို့ကြောင့် သူသည် လုယွီကို ပျက်စီးခြင်းလမ်းစသို့ ရောက်ရှိသွားစေရန် လင်ကျိုးစီရင်စုသို့ နေရာချထားခဲ့သည်။

"ကံဆိုးချင်တော့ မင်းက အဆုံးထိ တွက်ကိန်းမှားနေတုန်းပဲ...လင်ကျိုးစီရင်စုထဲမှာ ဖြစ်ခဲ့တဲ့အရာရာတိုင်းကို ငါ ရှင်းရှင်းလင်းလင်း မှတ်မိတယ်...ဒီလောက်နဲ့ မင်း ငါ့ကိုချောင်ပိတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

လုယွီသည် ချက်ချင်းဆုံးဖြတ်ချက်ချကာ ညွှန်ကြားလိုက်၏။

"တစ်ယောက်ယောက်ကိုလွှတ်ပြီးတော့ မြို့ထဲမှာရှိတဲ့ သစ်သားစိမ်းဓားဂိုဏ်းနဲ့ကောင်းကင်ဘုံလမ်းကြောင်းဂိုဏ်းတို့ရဲ့ ဂိုဏ်းချုပ်တွေကို ဖိတ်ကြားခိုင်းလိုက်စမ်း...ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းရဲ့တာဝန်ခံကိုလည်း စားသောက်ပွဲကျင်းပဖို့အတွက် နေ့လယ်ကျရင်လာခဲ့ဖို့ ခေါ်လိုက်...ငါက သူတို့နဲ့တိုင်ပင်ဆွေးနွေးစရာတစ်ခု ရှိနေတယ်"

"အရှင်...ဒီနေ့က နှစ်ကူးပွဲတော်နေ့လေ...နောက်ရက်နည်းနည်းလောက်ကြာမှ သူတို့ကိုဖိတ်ကြားတာ ပိုမကောင်းဘူးလား"

မှတ်တမ်းစာရေးက တွေဝေတုံ့ဆိုင်းနေသည်။

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။

"ငါ အဲ့ဒီလောက်ထိ မစောင့်နိုင်ဘူး...အခုချက်ချင်း ဖိတ်ကြားလွှာတွေရေးပြီး သူတို့ဆီကိုပို့လိုက်တော့...တကယ်လို့ တစ်ယောက်ယောက်က မလာဘဲနေဝံ့မယ်ဆိုရင် အကျိုးဆက်ကိုသိစေရမယ်လို့ သူတို့ကို ပြောလိုက်စမ်း"

လုယွီ၏အလေးအနက်ထားသော မျက်နှာအမူအယာကိုကြည့်ပြီး မှတ်တမ်းစာရေးက ချက်ချင်းသဘောတူညီလိုက်သည်။

"ဒါနဲ့ စကားမစပ်...တစ်ယောက်ယောက်ကို လွှတ်ပြီးတော့ မြို့စောင့်တပ်ကဗိုလ်ချုပ်တချို့ကို ဒီနေရာလာဖို့ ဆင့်ခေါ်လိုက်စမ်း"

"ဟုတ်ကဲ့ပါ အရှင်"

....

မှတ်တမ်းစာရေးထွက်ခွာသွားချိန်တွင် လုယွီသည် လင်ကျိုးစီရင်စု၏မြေပုံကိုရှာဖွေ၍ ဖြန့်ကြည့်လိုက်၏။

ကျင့်ကြံသူတစ်ယောက်၏နတ်ဘုရားစိတ်အာရုံသည် မိုင်တစ်ရာပတ်လည်အထိဖြန့်ကျက်နိုင်ကာ အရာရာတိုင်းကို တွေ့မြင်နိုင်သော်လည်း သူ၏စိတ်ဝိညာဥ်မှစွမ်းအားများ အမြောက်အများကုန်ဆုံးသည်။ထို့ကြောင့် နယ်မြေ၏မြေပြင်အနေအထားကို နားလည်သဘောပေါက်စေရန်အလို့ငှာ မြေပုံတစ်ချပ်သည် လွန်စွာအသုံးဝင်ပေ၏။

မြေပုံပေါ်၌ လင်ကျိုးစီရင်စုတစ်ခုလုံးကို မြင့်မားသောတောင်တန်းများက ဝိုင်းရံထားကာ ပြင်ပတွင် ပြန့်ပြူးသောမြေပြင်ရှိသည်။

လင်ကျိုးစီရင်စုအတွင်းရှိ အုပ်ချုပ်ရေးရုံးနေရာများမှနေ၍ မြေပုံပေါ်တွင် မှိန်ဖျော့ဖျော့အလင်းရောင်များ တောက်ပနေသည်။

ဤအလင်းရောင်များ ထွက်ပေါ်နေရခြင်းမှာ ဤစီရင်စုအတွင်းရှိ အုပ်ချုပ်ရေးရုံးများ ဘေးကင်းလုံခြုံသည်ဟု ညွှန်ပြနေခြင်းပင်။ဤသည်က စီရင်စုသခင်တစ်ယောက်သည် ဘေးအန္တရာယ်ရှိမရှိ စုံစမ်းထောက်လှမ်းနိုင်ရန်အတွက် အကောင်းဆုံးနည်းလမ်းလည်းဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ယေဘုယျအခြေအနေအတိုင်းကြည့်ပါက စီရင်စုတစ်ခုလုံး ဘေးကင်းလုံခြုံနေသည်ကို တွေ့မြင်ရပေမည်။သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် အနီးကပ်ကြည့်ရှုပါက စီရင်စုအတွင်းရှိအုပ်ချုပ်ရေးရုံးများကို ညွှန်ပြသောအလင်းရောင်သည် နောက်ထပ်အချိန်အခိုက်အတန့်အတွင်းတွင် ငြိမ်းသေသွားတော့မည့်အလား မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်ကို သတိပြုမိပေမည်။

Chapter 3048

မနက်စောစော...လင်ကျိုးစီရင်စုရုံးတော်၌...

"စီရင်စုသခင်...ဘာလို့ ညဥ့်နက်ကြီး ငါတို့ကို ခေါ်ရတာလဲ...မင်းလိုအပ်တာတစ်ခုခု ရှိနေလို့လား"

ကြမ်းတမ်းသောအသံတစ်သံ ပြင်ပမှထွက်ပေါ်လာခြင်းနှင့်အတူ လူလတ်ပိုင်းကြီးနှစ်ယောက်က အတွင်းသို့ ဝင်ရောက်လာသည်။

သူတို့နှစ်ယောက်သည် သံချပ်ကာဝတ်စုံများကို ဝတ်ဆင်မထားသော်လည်း စစ်တပ်အတွင်း၌ နှစ်ပေါင်းများစွာကြာအောင် တာဝန်ထမ်းဆောင်ခဲ့သော အရှိန်အဝါမျိုးကို သူတို့၏ခန္ဓာကိုယ်များမှ ဖုံးကွယ်မထားနိုင်ချေ။သူတို့၏မျက်လုံးများအတွင်း၌ တက်ကြွဖျတ်လတ်မှုများဖြင့် ပြည့်နှက်နေပေ၏။

ထိုလူနှစ်ယောက်သည် လင်ကျိုးစီရင်စု၏စစ်ဗိုလ်ချုပ်များပင်။ကြမ်းတမ်းပြီး တုတ်ခိုင်သန်မာသူသည် ချင်ယုဖြစ်ကာ ပိန်ပါးသော်လည်း သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှသောမျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသူမှာ လျှိုမင်ဖြစ်သည်။

လင်ကျိုးစီရင်စုတွင် အစောင့်စစ်သားအရေအတွက်၁၅၀၀၀၀ရှိကာ အဓိကစစ်ဗိုလ်ချုပ်သည် လောကီအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်ပေ၏။

သူတို့သည် မိုးကောင်းကင်မီးတောက်ကုန်းမြေ၏လက်အောက်ခံ စစ်ဗိုလ်ချုပ်များဖြစ်ကာ စီရင်စုသခင်နှင့် ခြေရာခြင်းတိုင်းနိုင်သူများဟု ယူဆနိုင်သည်။ထို့ကြောင့် သူတို့တွေ့ဆုံစဥ်တွင် ယဥ်ကျေးသောစကားများကို အပိုလုပ်၍ ပြောဆိုနေရန် မလိုအပ်ချေ။

"မင်းတို့နှစ်ယောက်လုံး...ထိုင်ကြအုံး"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ ထိုလူနှစ်ယောက်ကို ထိုင်ခွင့်ပြုလိုက်၏။ထို့နောက် သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ငါ့မှာ ရွေးချယ်စရာမရှိတော့တာကြောင့် မင်းတို့နှစ်ယောက်ကို ညဥ့်နက်သန်းခေါင်ကြီးမှာ ခေါ်လိုက်ရတာပဲ...ဒါပေမယ့် ကိစ္စက အရေးပေါ်ဖြစ်နေတယ်...ဒါကြောင့် မင်းတို့ကို ခေါ်မှရမယ်...နတ်ဆိုးဂိုဏ်းတွေနဲ့ပတ်သက်ပြီးတော့ ငါ ရထားတဲ့ သတင်းအချက်အလက်တွေအရ နတ်ဆိုးကျင့်ကြံသူတွေက လင်ကျိုးစီရင်စုကို နှစ်ကူးပွဲတော်ကျင်းပတဲ့အချိန်မှာ တိုက်ခိုက်ကြလိမ့်မယ်...သူတို့က နတ်ဆိုးနတ်ဘုရားကို ယဇ်ပူဇော်ဖို့အတွက် ငါတို့အားလုံးကို သတ်ဖြတ်ဖို့ ရည်ရွယ်ထားတယ်"

ထိုစကားကိုကြားချိန်တွင် ချင်ယုနှင့်လျှိုမင်တို့၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။

"သူတို့ကို ဒီလိုလုပ်ဝံ့တဲ့သတ္တိမျိုး ဘယ်သူကပေးလိုက်တယ်ဆိုတာ ငါ မသိဘူး...ငါတို့က သူတို့ကို မသတ်ဖြတ်သေးတာတောင် သူတို့ကိုယ်တိုင် ငါတို့ဆီကို ကျူးကျော်လာဝံ့တယ်...စီရင်စုသခင်...စိတ်အေးအေးထားပါ...ငါက မြို့တံခါးတွေမှာရှိတဲ့ လုံခြုံရေးကို တိုးမြှင့်ထားလိုက်မယ်...ငါတို့က သူတို့ရဲ့အကြံအစည် အောင်မြင်ခွင့်မပြုနိုင်ဘူး"

ချင်ယုက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

သူသည် မြို့တံခါးများကိုစောင့်ကြပ်ကာ မြို့ကိုကာကွယ်သည့်တာဝန်ကို ဦးဆောင်ရသူဖြစ်သည်။နတ်ဆိုးကျင့်ကြံသူများ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်သည်ကို ကာကွယ်ရန်မှာ သူ၏တာဝန်များအနက်မှတစ်ခုပင်။

"ဗိုလ်ချုပ်ချင်...တကယ်လို့ နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းထဲက မြို့ကိုတိုက်ခိုက်လာမယ်ဆိုရင် မင်း ဘာလုပ်မှာလဲ"

လုယွီက မေးမြန်းသည်။

ချင်ယုက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။

"ပုံမှန်အရတော့ ငါတို့က မြို့ကိုလာတိုက်ခိုက်တဲ့ နတ်ဆိုးကျင့်ကြံသူတွေကို သတ်ဖြတ်ပြီးတော့ စစ်သားတွေလွှတ်ပြီး အဲ့ဒီနတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းလုံးကို အမြစ်ပြတ်သုတ်သင်မယ်"

"တကယ်လို့ နတ်ဆိုးဂိုဏ်းငါးဂိုဏ်းပူးပေါင်းပြီး တိုက်ခိုက်လာရင်ရော..."

"အဲ့ဒီကိစ္စမျိုးရှိလာရင်...ငါက မြို့ထဲမှာရှိတဲ့ စစ်သားတွေအားလုံးကို စုစည်းပြီးတော့ သူတို့အားလုံးကို ချေမှုန်းမယ်...သူတို့ဘက်က လူဘယ်လောက်များများ ပြဿနာမရှိဘူး"

"တကယ်တော့ ဗိုလ်ချုပ်ချင် ဘယ်လောက်ထိရဲဝံ့တယ်ဆိုတာ ငါ သိပြီးသားပါ...ဒါပေမယ့် တကယ်လို့ နတ်ဆိုးဂိုဏ်းငါးဆယ်ကျော်နဲ့ သန်းချီတဲ့ပုန်ကန်သူစစ်သားတွေ တစ်ချိန်တည်းတိုက်ခိုက်လာမယ်ဆို မင်း ဘာလုပ်မှာလဲ"

ချင်ယုနှင့်လျှိုမင်တို့သည် မျက်မှောင်ကြုတ်လိုက်ကြကာ ထပ်မံ၍စကားပြောဆိုခြင်း မရှိတော့ချေ။

လင်ကျိုးစီရင်စုတစ်ခုလုံးတွင် ဂိုဏ်းအရေအတွက် တစ်ရာကျော်သာရှိသည်။အကယ်၍ ဂိုဏ်းငါးဆယ်ခန့်ကသာ တပြိုင်နက်တည်း တိုက်ခိုက်လာပါက စီရင်စုတစ်ခုလုံး ဖရိုဖရဲဖြစ်သွားပေမည်။

"စီရင်စုသခင်...အခုသတင်းကို ဘယ်နေရာကနေ ရထားတာလဲ"

လျှိုမင်က ရုတ်တရက် မေးမြန်းသည်။

လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ သုန်မှုန်နေသော မျက်နှာအမူအယာဖြင့် ပြောဆိုလေ၏။

"ငါ ဒီသတင်း ဘယ်နေရာကရလဲဆိုတာကို ထုတ်မပြောနိုင်ဘူး...ညဥ့်နက်သန်းခေါင်ကြီးမှာ မင်းတို့နှစ်ယောက်ကို ငါ ခေါ်လိုက်ရတဲ့ အကြောင်းအရင်းက မင်းတို့ ကြိုတင်ပြီးပြင်ဆင်ထားနိုင်ဖို့ပဲ"

လုယွီ၏စကားကိုကြားချိန်တွင် သူတို့နှစ်ယောက်သည် ကူကယ်ရာမဲ့စွာဖြင့် စိတ်လှုပ်ရှားစပြုလာသည်။

စစ်ရေးဆိုင်ရာသတင်းအချက်အလက်များကို လိမ်ညာပြောဆိုခြင်းသည် အလွန်ကြီးလေးသော ရာဇဝတ်မှုကြီးပင်။လင်ကျိုးစီရင်စုသခင်ဖြစ်သော လုယွီအနေဖြင့် အဓိပ္ပါယ်မဲ့သောစကားများကို ပြောဆိုမည်မဟုတ်ချေ။သူ ဤမျှထိ အလွန်အာရုံစူးစိုက်နေသည်ကို ကြည့်ခြင်းအားဖြင့် အခြေအနေသည် သေချာပေါက် ကောင်းမွန်မည်မဟုတ်ပေ။

သူတို့သည် နတ်ဆိုးဂိုဏ်းအမြောက်အများ ပူးပေါင်း၍ တိုက်ခိုက်လာလျှင်ပင် ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။သို့ရာတွင် အကယ်၍ အလွန်များပြားသောအင်အားဖြင့် မြို့ကိုတိုက်ခိုက်လာပါက သူတို့ မခုခံနိုင်မည်ကို စိုးရွံနေမိသည်။

"ဒီကိစ္စအတွက်ကတော့...ငါက မဟာစစ်ဗိုလ်ချုပ်ဆီ အရင်ဆုံးသတင်းပို့ပြီးတော့ စစ်ကူတောင်းခံရလိမ့်မယ်"

ချင်ယုက ရုတ်တရက် သူ၏လက်ကိုမြှောက်လိုက်ပြီးနောက် သူ၏လက်အတွင်းမှ အဆောင်လက်ဖွဲ့တစ်ခုကို မီးရှို့လိုက်၏။

ဤသည်က စစ်တပ်အတွင်း၌ အထူးသီးသန့်အကူအညီတောင်းခံရာတွင် အသုံးပြုသော အဆောင်လက်ဖွဲ့ပင်။ထိုအရာကိုမီးညှိပြီးသည်နှင့် အကူအညီတောင်းခံရန်အတွက် သူ၏နတ်ဘုရားစိတ်အာရုံကို မိုင်ထောင်ချီသောအကွာအဝေးထိ စေလွှတ်နိုင်ပေမည်။

သို့ရာတွင် အဆောင်လက်ဖွဲ့ မီးစွဲစပြုလာသော အချိန်မှာပင် လုယွီက ရုတ်တရက် မှော်စွမ်းအားလှိုင်းတစ်လှိုင်းကို ပစ်လွှတ်ကာ မီးတောက်ကိုငြိမ်းသေသွားစေသည်။

"အမ်...စီရင်စုသခင်...ဒါက ဘာသဘောလဲ"

ချင်ယုက ရုတ်တရက် မတ်တတ်ထရပ်ကာ လုယွီကို စူးစူးဝါးဝါး စိုက်ကြည့်လေ၏။

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ သူက တည်ငြိမ်စွာပြောဆိုသည်။

"မဟာစစ်ဗိုလ်ချုပ်ဆီကနေ အကူအညီမတောင်းခံဖို့ ငါ မင်းတို့ကို အကြံပေးချင်တယ်"

"ငါ ခုဏက ပြောခဲ့တဲ့အထဲမှာ နတ်ဆိုးကျင့်ကြံသူတွေနဲ့အတူ သန်းနဲ့ချီတဲ့ပုန်ကန်သူတွေပါတယ်ဆိုတဲ့အချက်ကို မင်းတို့ မေ့သွားပုံပဲ...အဲ့ဒီသန်းနဲ့ချီတဲ့ပုန်ကန်သူတွေ ဘယ်နေရာကထွက်လာတယ်လို့ မင်းတို့ထင်လဲ"

Chapter 3049

"မဟာစစ်ဗိုလ်ချုပ်က ပုန်ကန်မယ့်သူလို့ မင်းဆိုလိုချင်တာလား...ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ"

ချင်ယုက အသံပြတ်ပြတ်နှင့် ပြောဆိုသည်။

ချင်ယုနှင့်နှိုင်းယှဥ်ပါက လျှိုမင်သည် များစွာအေးဆေးတည်ငြိမ်နေကာ သူက တည်ငြိမ်စွာ ပြောဆိုလေ၏။

"စီရင်စုသခင်...အနည်းဆုံးတော့ မင်း ငါတို့ကို ခိုင်လုံတဲ့ သက်သေအထောက်အထားတစ်ခုခု ပြသင့်တယ်မဟုတ်လား"

"သက်သေလား...ငါ မင်းတို့ကို သက်သေထုတ်မပြနိုင်ဘူး...ဒါပေမယ့် တကယ်လို့ ဒီနေ့ မင်းတို့က ငါနဲ့မပူးပေါင်းဘူးဆိုရင် ငါတို့ကိုစောင့်ကြိုနေမယ့် တစ်ခုတည်းသောအရာက သေခြင်းတရားပဲ"

လုယွီက အလေးအနက်ထားသောလေသံဖြင့် ဆက်လက်ပြောဆိုသည်။

"ကိစ္စတွေက အရေးပေါ်ဖြစ်နေတယ်...ဒါကြောင့် ငါ မင်းတို့ကိုရှင်းပြဖို့ အချိန်မရှိဘူး...ငါက မင်းတို့ရဲ့စစ်တပ်အင်အားကို ယာယီငှားရမ်းချင်တယ်...တကယ်လို့ မင်းတို့သဘောတူတယ်ဆိုရင် ဒီငွေလက်မှတ်တွေကိုယူပြီးတော့ တစ်ခုခုလုပ်လို့ရတယ်"

နယ်မြေခံအဆင့်တွင် အုပ်ချုပ်ရေးရုံးတော်၏အုပ်ချုပ်သူအရှင်များကသာ စစ်ရေးနှင့်နိုင်ငံရေးအခွင့်အာဏာကို ထိန်းချုပ်ခွင့်ရှိသည်။

ပဉ္စမအဆင့်အရာရှိငယ်ဖြစ်သော စီရင်စုသခင်တစ်ယောက်သည် တော်ဝင်စစ်တပ်ကို ထိန်းချုပ်ခွင့်မရှိချေ။

"ဒါက စည်းမျဥ်းတွေကိုဆန့်ကျင်ရာ မရောက်ဘူးလား"

ချင်ယုက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

ရွှပ်...

ငွေလက်မှတ်တစ်ရွက်က ချင်ယု၏ရှေ့တွင် ရပ်တန့်သွားသည်။

ထိုငွေလက်မှတ်သည် အင်မော်တယ်ကျောက်တုံးသန်းတစ်ရာတန် ငွေလက်မှတ်ပင်။

ချင်ယု၏အသက်ရှုနှုန်းများ လေးလံစပြုလာကာ သူ၏မျက်လုံးအကြည့်က သူ့ရှေ့ရှိငွေလက်မှတ်ထံသို့ အခိုင်အမာကျရောက်နေသည်။

သူတို့၏လစာအရ ဤအင်မော်တယ်ကျောက်တုံးသန်းတစ်ရာသည် အလွန်များပြားသောပမာဏဟု ဆိုနိုင်ပေ၏။

"တကယ်လို့ ငါ ဒီငွေတွေကိုယူလိုက်မယ်ဆိုရင်...နောင်တစ်ချိန်မှာ တစ်ခုခုဖြစ်လာမှာကို ငါ ကြောက်မိတယ်"

ချင်ယုက လုယွီကို ကြည့်လိုက်ကာ သူ၏မျက်လုံးအတွင်း၌ ဝေခွဲရခက်နေသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"နတ်ဆိုးကျင့်ကြံသူတွေ မြို့ထဲကိုဝင်လာတဲ့အချိန်ကျရင်...မင်းတို့ ပိုပြီးတောင် ဆိုးဆိုးရွားရွား သေရလိမ့်မယ်...ငါက မင်းတို့ထက် သတင်းအချက်အလက်တွေ ပိုသိထားတယ်...တကယ်လို့ ငါက နတ်ဆိုးကျင့်ကြံသူတွေကို ဟန့်တားချင်တယ်ဆိုရင် ငါ့ရဲ့ကိုယ်ပိုင်အင်အားကို အသုံးပြုရမယ်...ငါ့ကို မင်းတို့ရဲ့စစ်တပ်တွေ ဦးဆောင်ခွင့်ပြုတာက နှစ်ဖက်စလုံးအတွက် ပိုပြီးအကျိုးရှိနိုင်တယ်"

လျှိုမင်က ရုတ်တရက် သူ၏လက်ကိုဆန့်တန်းကာ ငွေလက်မှတ်ကို ယူဆောင်လိုက်၏။ထို့နောက် သူက ချင်ယုကို စူးစိုက်၍ကြည့်လိုက်သည်။

"ငါ ဒီငွေလက်မှတ်ကို လိုချင်တယ်...တကယ်လို့ မင်း သဘောမတူဘူးဆိုရင် ငါက အကုန်လုံးကို ယူရလိမ့်မယ်"

ချင်ယုသည် သူ၏ရှေ့၌ရှိနေသော အင်မော်တယ်ကျောက်တုံးသန်းတစ်ရာတန် ငွေလက်မှတ်ကို ထပ်မံ၍ကြည့်လေသည်။အချိန်တခဏကြာခန့် တွေဝေစဥ်းစားပြီးနောက် သူက သက်ပြင်းတစ်ချက် ရှိုက်လိုက်သညိ။

"ထားလိုက်တော့...ငါက စီရင်စုသခင်ကို ဒီတစ်ကြိမ်တော့ ယုံကြည်လိုက်မယ်"

သူတို့နှစ်ယောက်လုံးသည် လုယွီကို စစ်တပ်အင်အားထိန်းချုပ်ခွင့်အားပေးရန် သဘောတူညီလိုက်ကြ၏။

လျှိုမင်က မေးမြန်းသည်။

"စီရင်စုသခင်က...ဘယ်လိုလုပ်ဖို့ စီစဥ်ထားလဲ"

"အဲ့ဒီကိစ္စကို အရမ်းသတိထားပြီးတော့ဆောင်ရွက်ဖို့ လိုအပ်တယ်....မင်းတို့နှစ်ယောက်လုံး နားထောင်ကြ..ငါ့ရဲ့အစီအစဥ်က...."

လုယွီသည် နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ သူတို့နှစ်ယောက်အား သူ၏အစီအစဥ်ကို ပြောပြလေသည်။

စစ်တပ်စွမ်းအားကိုစုစည်းခြင်းသည် သူ့အစီအစဥ်၏ တစ်စိတ်တစ်ပိုင်းသက်သက်ပင်။သူ၏လက်ရှိရုပ်ခန္ဓာကိုယ်ဖြင့် ထောင်သောင်းချီသောရန်သူများကို ဆန့်ကျင်တိုက်ခိုက်ရန်မှာ သူ့အတွက် လွန်စွာခက်ခဲပေမည်။ထို့ကြောင့် သူ၏နံဘေးတွင် လုံလောက်သောစစ်သည်အင်အားရှိနေရန် လိုအပ်သည်။

သို့ရာတွင် သူ၏ရည်မှန်းချက်ပန်းတိုင် အောင်မြင်ပြီးမြောက်ရန်မှာ ဤအဆင့်တစ်ခုတည်းဖြင့် မလုံလောက်ချေ။

....

တော်ဝင်နန်းတော်...ကောင်းကင်နှင့်မြေပြင်ခန်းမ...

စစ်ဆေးရေးမှူးများအားလုံးသည်လည်း တူညီစွာပင် သူတို့၏စိတ်ဝိညာဥ်မှစွမ်းအားများကို ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းသို့စေလွှတ်၍ ဖြေဆိုသူများ၏လှုပ်ရှားမှုများကို စူးစမ်းလေ့လာကြသည်။

ထိုစစ်ဆေးရေးမှူးများသည် အထက်စီးမှနေ၍ စောင့်ကြည့်ရုံသက်သက်ပင်။သူတို့သည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းရှိ မြက်တစ်ပင်ပေါ်တွင်ပင် သက်ရောက်မှုရှိအောင် လုပ်ဆောင်နိုင်စွမ်းမရှိချေ။

"ဒီနှစ် တော်ဝင်စာမေးပွဲကတော့ တကယ့်ကို ပါရမီရှင်တွေနဲ့ ပြည့်နေတာပဲ...သူတို့က ဘယ်လိုကျင့်ကြံရမယ်ဆိုတာကိုပဲသိပြီးတော့ အကောင်းအဆိုးကိုမခွဲခြားတတ်တဲ့သူတွေ မဟုတ်ဘူး...ချင်လုရှန်းကို ကြည့်ကြအုံး...သူက လူကြမ်းလူရိုင်းတစ်ယောက်နဲ့တူပေမယ့် သူက အစကတည်းက အစီအစဥ်ကြိုချထားပြီးတော့ သူ့ရဲ့စီရင်စုရုံးတော်ထဲက အစွမ်းထက်တဲ့လူတချို့ကို ရှင်းထုတ်ဖို့ ပြင်ဆင်ပြီးပြီ"

"ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကလာတဲ့ လီစစ်ကလည်း မဆိုးဘူး...သူက စီရင်စုမြို့တော်ထဲမှာ စည်းမျဥ်းဥပဒေတွေချမှတ်ဖို့တောင် ပြင်ဆင်နေပြီ...တွေးကြည့်ရင် သူက တာအိုလက်တွဲဖော်တွေရဲ့ ပြတ်စဲတာ အမွေဆက်ခံတာတွေနဲ့ပတ်သတ်တဲ့ စည်းမျဥ်းဥပဒေကို ရှင်းလင်းအောင်လုပ်ဖို့ ကြံရွယ်နေတာပဲ"

"ရှထန်ကန်းရဲ့ရည်မှန်းချက်ကလည်း မနိမ့်ဘူး...သူက တာအိုဆွေးနွေးပွဲလုပ်ဖို့ ပြင်ဆင်နေတယ်...တကယ်လို့ သူသာ အောင်မြင်သွားရင် သူက အစွမ်းထက်ကျင့်ကြံသူတွေအများကြီးရဲ့ ကူညီထောက်ပံ့မှုကိုရပြီးတော့ ကြီးမားတဲ့အောင်မြင်မှုကိုရမှာ သေချာတယ်"

လူအများစုသည် ချီးမွမ်းစကားပြောဆိုနေကြသော်လည်း သူတို့၏မျက်လုံးအကြည့်များသည် လုယွီရှိနေသောနေရာသို့ စုံစမ်းထောက်လှမ်းနေကြ၏။

လင်ကျိုးစီရင်စုအတွင်းတွင် လုယွီ လုပ်ဆောင်နေသမျှ အရာအားလုံး သူတို့၏အမြင်အာရုံအတွင်းသို့ ကျရောက်လာသည်။

"အဲ့ဒီလုယွီ ရူးများသွားတာလား...ဒါက နန်းတွင်းစာမေးပွဲဆိုတာ သူ မသိဘူးလား...သူက ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ရဲ့ရှေ့မှာ စစ်တပ်အခွင့်အာဏာကို လုယူဝံ့တာလဲ"

စစ်ဆေးရေးမှူးတစ်ယောက်က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။သူသည် ထပ်မံ၍ရပ်ကြည့်မနေနိုင်တော့သည်မှာ သိသာထင်ရှားလှ၏။

Chapter 3050

တခြားစစ်ဆေးရေးမှူးများသည်လည်း မျက်မှောင်ကြုတ်လိုက်ကြကာ သူတို့သည် လုယွီ၏ ယခုလက်ရှိလုပ်ဆောင်ချက်များကို နားမလည်ကြချေ။

ကျောင်းတော်သားတိုင်းသည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းသို့ ဝင်ရောက်ပြီးနောက် သူတို့၏ရာထူးအဆင့်အတန်းနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုမူဆောင်ရွက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ နန်းတွင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသူများသည် နုံအသူများမဟုတ်ချေ။သူတို့အား ပြင်ပမှနေ၍ စစ်ဆေးရေးမှူးများက စောင့်ကြည့်နေသည်ကို လူတိုင်းသိရှိထားကြသဖြင့် သူတို့၏ပါရမီအရည်အချင်းကို အစွမ်းကုန်ထုတ်ဖော်ပြသရန် ကြိုးစားကြလေ၏။

သို့ရာတွင် လုယွီ၏လုပ်ဆောင်ချက်များမှာ အနည်းငယ်ထူးဆန်းနေသည်။

"သူ့ရဲ့လုပ်ဆောင်ချက်ကို ကြည့်လိုက်ကြအုံး...ငါ့အထင်တော့ သူက နတ်ဆိုးကျင့်ကြံသူတွေ ကျူးကျော်လာမယ်လို့ ဆင်ခြေပေးပြီးတော့ စစ်တပ်အခွင့်အာဏာကို သိမ်းယူတာပဲ...သူက ဒီစစ်တပ်အင်အားနဲ့ ဘာလုပ်မယ်ဆိုတာ ငါ မသိဘူး"

"အမှန်ပဲ...သူက စာပေနဲ့တိုက်ခိုက်ရေးစစ်ဆေးမှုနှစ်ခုစလုံးမှာ ပထမနေရာရထားတာ...သူက တခြားလူတွေထက် သာလွန်နေသင့်တယ်"

စစ်ဆေးရေးမှူးများသည် အချင်းချင်း စကားဖလှယ်နေကြသည်။သွေးဆူလွယ်သော စစ်ဆေးရေးမှူးတချို့မှလွဲ၍ တခြားသူများသည် နံဘေးမှနေ၍ တိတ်တဆိတ်စောင့်ကြည့်ရန်ကိုသာ ရွေးချယ်လိုက်ကြ၏။

မည်သို့ပင်ဆိုစေကာမူ ဟွမ်လျန့်အိမ်မက်ကမ္ဘာသည် အချိန်တစ်နှစ်ကြာမြင့်ပေမည်။ယခုချိန်တွင် အစကဏဦးသာရှိသေးသဖြင့် အစစ်အမှန်အောင်နိုင်သူကို ဆုံးဖြတ်ရန် အချိန်မကျသေးပေ။

...

မနက်ခင်းအချိန်၌...

လင်ကျိုးစီရင်စု...ရှန်းရွှေစားသောက်ဆိုင်

လုယွီသည် သာမာန်ဝတ်စုံတစ်စုံကိုဝတ်ဆင်၍ စီရင်စုရုံးတော်မှထွက်ခွာကာ စားသောက်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။

မှတ်တမ်းစာရေး ကြိုတင်စီစဥ်ထားသဖြင့် ရှမ်းရွှေစားသောက်ဆိုင်တစ်ဆိုင်လုံးကို ကြိုတင်နေရာယူထားပြီးဖြစ်သည်။မှတ်တမ်းစာရေးက စားသောက်ဆိုင်ပြင်ပတွင် စောင့်ဆိုင်းနေသည်။

"အရှင်...ဓားသခင်ချင်းမူနဲ့တာအိုပညာရှင်ထုံထျန်းတို့ ဒီနေရာကိုရောက်နေပြီ...ဒါပေမယ့် ထိုက်ယွမ်ကုန်သွယ်အဖွဲ့အစည်းရဲ့တာဝန်ခံကတော့ သူက ဖျားနာပြီး အိပ်ယာထဲလဲနေတယ်လို့ပြောတယ်...သူက ဒီစားသောက်ပွဲကို တက်ရောက်နိုင်မှာ မဟုတ်ဘူး"

မှတ်တမ်းစာရေးက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်သော်လည်း သူ၏အေးဆေးတည်ငြိမ်မှုကို ထိန်းသိမ်းထားဆဲဖြစ်ကာ သူက တည်ငြိမ်စွာ ပြောဆိုလေ၏။

"ကောင်းပြီလေ...ငါ နားလည်ပြီ"

ရှန်းရွှေစားသောက်ဆိုင်၏ထိပ်ဆုံးထပ်တွင် ခမ်းနားထည်ဝါစွာ အလှဆင်ထားသော သီးသန့်ခန်းတစ်ခန်းရှိကာ ဂိုဏ်းခေါင်းဆောင်နှစ်ယောက် ဤနေရာ၌စောင့်ဆိုင်းနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

"စီရင်စုသခင်ကို ကြိုဆိုပါတယ်"

လုယွီ ဝင်ရောက်လာသည်ကိုမြင်တွေ့ချိန်တွင် ဂိုဏ်းခေါင်းဆောင်နှစ်ယောက်သည် သူတို့၏လက်များကိုပူးဆုပ်ကာ အပြုံးနှင့်ပြောဆိုသည်။

ထိုဂိုဏ်းခေါင်းဆောင်နှစ်ယောက်အနက်မှ တစ်ယောက်သည် ဆံပင်များဖြူဖွေးနေသော အဖိုးအိုတစ်ယောက်ဖြစ်ကာ ပိန်ပါးသောခန္ဓာကိုယ်ရှိသည်။သို့ရာတွင် သူ၏မျက်လုံးအတွင်း၌ စူးရှတောက်ပသော ဓားစိတ်ဆန္ဒတစ်ခုရှိနေသဖြင့် လူအများသည် သူ့အား စေ့စေ့မကြည့်ဝံ့ကြချေ။တခြားတစ်ယောက်သည် သတ်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ပင်။သူသည် တာအိုဝတ်စုံကိုဝတ်ဆင်ထားကာ သူ၏မျက်နှာပေါ်၌ ခပ်ဖျော့ဖျော့အပြုံးတစ်ခုရှိနေသည်။သူကိုကြည့်ရသည့်မှာ နက်နဲသိမ်မွေ့သော အသွင်အပြင်မျိုးရှိပေ၏။

ဤလူနှစ်ယောက်သည် လင်ကျိုးစီရင်စု၏ဂိုဏ်းကြီးနှစ်ခုမှ ဂိုဏ်းခေါင်းဆောင်များပင်။

ဂိုဏ်းများအားလုံးသည် မြင့်မားသောတောင်တန်းများနှင့် ဝေးလံခေါင်သီသောနေရာများတွင် သူတို့၏ဂိုဏ်းများကိုတည်ထောင်ရန် ရွေးချယ်ကြခြင်းမရှိချေ။တချို့ဂိုဏ်းများသည် သူတို့၏အမွေအနှစ်များအပေါ် အမှီပြု၍ မြို့အတွင်း၌အခြေချခြင်းဖြင့် သူတို့သည် ပို၍ကောင်းမွန်သော တပည့်သစ်များကို ခေါ်ယူနိုင်ကာ သူတို့၏အင်အားကို မြှင့်တင်နိုင်ပေမည်။

"ဒီနေ့က နှစ်ကူးပွဲတော်နေ့ပဲ...မင်းတို့ကို ဒီနေရာဆီ ခေါ်လိုက်ရတဲ့အတွက် ငါ တောင်းပန်ပါတယ်"

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

နှုတ်ခွန်းဆက်စကားအနည်းငယ် ပြောဆိုပြီးနောက် ဓားသခင်ချင်းမူက ဝေခွဲရခက်နေသောအသံဖြင့် မေးမြန်းလေ၏။

"စီရင်စုသခင်...ဘာလို့ ကျွန်တော်တို့ကို ဒီနေရာလာဖို့ ခေါ်လိုက်တာလဲ"

သူသာမက တာအိုပညာရှင်ထုံထျန်းသည်လည်း သိချင်စိတ်ပြင်းပြနေပုံဖြင့် သူ၏မျက်တောင် တဖျတ်ဖျတ်ခတ်နေသည်။လုယွီ မည်သည်ကြောင့် ဖိတ်ခေါ်သည်ကို သူ မသိရှိချေ။

"အော်...အဲ့ဒီကိစ္စလား"

လုယွီ၏မျက်နှာပေါ်တွင် သနားကြင်နာတက်သောအပြုံးမျိုး ထင်ဟပ်လာသည်။

"မင်းတို့နှစ်ယောက်လုံး သိတဲ့အတိုင်းပဲ...ငါက စီရင်စုသခင်ရာထူးမှာရှိနေတာ အချိန်အတော်ကြာနေပြီ...ငါ ရာထူးတိုးဖို့ ဘာလို့ဒီလောက်ထိ ခက်ခဲနေတာလဲဆိုတာ ငါ မသိဘူး"

လုယွီသည် ဂိုဏ်းခေါင်းဆောင်နှစ်ယောက်အတွက် ဝိုင်အရက်ကို သူကိုယ်တိုင်ငှဲ့ပေးကာ ဆက်လက်ပြောဆိုသည်။

"ရက်အနည်းငယ်အတွင်းမှာ တော်ဝင်စစ်ရေးဌာနရဲ့တိုက်ပွဲအကျိုးဆောင်ဌာနခွဲကလူတွေ ဒီနေရာကို လှည့်ပတ်စစ်ဆေးကြလိမ့်မယ်...အဲ့ဒီအချိန်ကျရင် မင်းတို့ရဲ့ဂိုဏ်းတွေမှာရှိတဲ့ တပည့်တွေကို ပြဿနာကြီးကြီးမားမားမရှာအောင် ထိန်းချုပ်ထားပေးဖို့ ငါ မင်းတို့ကို တောင်းဆိုချင်တယ်...ငါ မင်းတို့နှစ်ယောက်ကို ကျေးဇူးတင်နေမှာပါ"

ထိုစကား ထွက်ပေါ်လာသည်နှင့် အခန်းအတွင်းရှိနေသည့် မူလက မနှစ်မြို့ဖွယ်ဖြစ်နေသော အငွေ့အသက်များ ရုတ်တရက် ပျက်ပြယ်သွားသည်။စိတ်သက်သာရာရသွားသော အရိပ်အယောင်များက ဓားသခင်ချင်းမူနှင့်တာအိုပညာရှင်ထုံထျန်းတို့၏ မျက်လုံးများအတွင်း၌ ဖြတ်ပြေးသွားသည်။

"အဲ့ဒီလိုလား...စီရင်စုသခင်က ငါတို့ကို အမြဲဂရုစိုက်ပေးခဲ့တဲ့သူပဲ...ငါတို့ကလည်း ပြန်ကူညီရမှာပေါ့"

"ဒါက အမှန်ပဲ...ဘာမှစိတ်မပူနဲ့...ငါက ဂိုဏ်းထဲမှာရှိတဲ့တပည့်တွေအားလုံးကို သေသေချာချာ ကြပ်မတ်ထားမယ်...ဒီအချိန်အတောအတွင်းမှာ သူတို့အားလုံးကို တံခါးပိတ်ကျင့်ကြံခိုင်းပြီးတော့ ဘယ်သူ့ကိုမှ အပြင်ထွက်ခွင့်မပြုဘူး"

သူတို့နှစ်ယောက်လုံးသည် သူတို့၏ရင်ဘတ်များကိုပုတ်ကာ လုယွီကို ကတိပေးလိုက်ကြ၏။

All Chapters