← Chapters

အခန်း (၃၀၅၁-၃၀၅၅)

Vol. 156 Ch. 3051-3055

အခန်း (၃၀၅၁-၃၀၅၅)

Vol. 156 Ch. 3051-3055

Chapter 3051

လုယွီက သူ၏ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုပြီးချိန်တွင် နှစ်ဖက်ကြားမှ အခြေအနေ လွန်စွာသဟဇာတဖြစ်သွားသည်။

ဤအချိန်အတောအတွင်းတွင် သူတို့သည် ဝိုင်အရက်ခွက်ခြင်းတိုက်၍ သောက်နေကြကာ အလွန်လိုက်လျောညီထွေစွာ ပြောဆိုဆက်ဆံနေကြ၏။

"ဒီနှစ်အနည်းငယ်အတွင်းမှာ...ငါ စီရင်စုသခင်နေရာကို အခိုင်အမာယူထားနိုင်တာ မင်းတို့နှစ်ယောက်ကြောင့်ပဲ...မင်းတို့ရဲ့ကူညီထောက်ပံ့မှုတွေသာမရှိရင် ငါက ဒီနှစ်ကာလတွေကို အဆင်ပြေပြေ ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး"

လုယွီက ချိုသာယဥ်ကျေးစွာ ပြောဆိုသည်။

"အခုလတ်တလောအချိန်မှာ...နတ်ဆိုးအင်အားစုတချို့က လင်ကျိုးစီရင်စုရဲ့ပိုင်နက်နယ်မြေထဲမှာ ထွက်ပေါ်လာတယ်လို့ ငါ ကြားထားတယ်...သူတို့က တစတစ ပိုပိုပြီးအစွမ်းထက်လာတယ်...စီရင်စုရုံးတော်မှာရှိတဲ့ကောင်တွေကလည်း နည်းနည်းလေးမှကို အသုံးမကျဘူး...တကယ်လို့ သူတို့ကို လွှတ်ရင်တောင် ဘာသတင်းမှ ရမှာမဟုတ်ဘူး...တာအိုပညာရှင်ထုံထျန်းက သတင်းစုံစမ်းတဲ့နေရာမှာ ထူးချွန်တဲ့လူလို့ ငါ ကြားထားတယ်...မင်း ငါ့ကိုကူညီပြီး စုံစမ်းပေးနိုင်မလားလို့ ငါ သိချင်မိတယ်"

ဂိုဏ်းခေါင်းဆောင်နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ဓားသခင်ချင်းမူ၏မျက်နှာပေါ်တွင် မည်သည့်အမူအယာမျိုးမျှရှိမနေဘဲ သူက တာအိုပညာရှင်ထုံထျန်းကို ခေါင်းညိတ်ပြလိုက်သည်။

တာအိုပညာရှင်ထုံထျန်းက အပြုံးနှင့်ပြောဆိုသည်။

"ဒါတွေအားလုံးက အပြင်မှာပျံ့နှံ့နေတဲ့ ကောလဟာလတွေပါ...တကယ်က ငါ သိထားသလောက်တော့ အဲ့ဒီနတ်ဆိုးဂိုဏ်းတွေအကြားမှာ မောက်မာရိုင်းစိုင်းဆုံးဖြစ်တဲ့ သွေးနတ်ဆိုးဂိုဏ်းက ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့အတက်အလက်ပဲ...အဲ့ဒီဂိုဏ်းရဲ့နာမည်နဲ့ သူတို့က နေရာအနှံ့မှာ ကြွားလုံးထုတ်ပြီးတော့ လိမ်လည်လှည့်စားနေတယ်...မသိတဲ့သူတွေကတော့ သူတို့ကို ကြောက်နေကြလိမ့်မယ်...သူတို့က ကောလဟာလအမှားတွေကို ဖြန့်ချီပြီးတော့ သွေးနတ်ဆိုးဂိုဏ်းကို အံ့မတုဝံ့အောင် လုပ်နေတာပဲ"

လုယွီက သိချင်စိတ်ပြင်းပြသောအမူအယာမျိုးကို ပြသလိုက်သည်။

"အလယ်ခေတ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ ငါ အရမ်းစိတ်ဝင်စားတယ်...အဲ့ဒီဂိုဏ်းက ဘာလဲဆိုတာတော့ ငါ မသိဘူး...ဒါပေမယ့် လူတွေက အဲ့ဒီဂိုဏ်းကို ခုလိုအဆင့်ထိကြောက်ရွံနေကြတာ တကယ့်ကိုအစွမ်းထက်တဲ့ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့ပုံပဲ"

ထိုသို့ပြောဆိုပြီးနောက် လုယွီက ဂိုဏ်းခေါင်းဆောင်နှစ်ယောက်၏ခွက်များအတွင်းသို့ ဝိုင်အရက်ငှဲ့ပေးလေသည်။သူ၏အပြုအမူများသည် အလွန်ရိုးသားဖြူစင်သူတစ်ယောက်နှင့် တူညီနေပေ၏။

"တကယ်လို့ အဲ့ဒါက ဂိုဏ်းတစ်ဂိုဏ်းသက်သက်ဆိုရင် ပြဿနာမရှိဘူး...အဲ့ဒါက အလယ်ခေတ်ရဲ့ရှေးဟောင်းအလင်းမြင့်မြတ်ဘုရားကျောင်းကနေ ဆင်းသက်လာခဲ့တာပဲ"

တာအိုပညာရှင်ထုံထျန်း၏မျက်နှာပေါ်၌ စိတ်ကျေနပ်မှုရရှိသော အမူအယာမျိုးထင်ဟပ်နေကာ သူက ပြောဆိုသည်။

"အဲ့ဒီအလင်းမြင့်မြတ်ဘုရားကျောင်းက အလယ်ခေတ်အချိန်ကာလအတွင်းမှာ သန်းရာနဲ့ချီတဲ့တပည့်တွေရှိပြီးတော့ အရမ်းကြီးမားတဲ့ဂိုဏ်းကြီးတစ်ဂိုဏ်းပဲ...အဲ့ဒီဂိုဏ်းက အနည်းဆုံး ကျင့်ကြံခြင်းနိုင်ငံဆယ်နိုင်ငံကျော်ကို ထိန်းချုပ်ထားတယ်...အဲ့ဒီဂိုဏ်းရဲ့အင်အားက အရမ်းကြီးမားတာကြောင့် အလယ်ခေတ်ရဲ့တော်ဝင်နန်းတွင်းကိုတောင် ခြိမ်းခြောက်နိုင်ခဲ့တယ်...အခုလက်ရှိ ငါတို့ဂိုဏ်းတွေရဲ့အခြေအနေက အဲ့ဒီမြင့်မြတ်ဘုရားကျောင်းထက် အများကြီးနိမ့်ကျတယ်...ငါတို့က အလင်းမြင့်မြတ်ဘုရားကျောင်းရဲ့ခန်းမတစ်ခုကိုတောင် မယှဥ်ပြိုင်နိုင်မှာကို ငါ စိုးရိမ်မိတယ်"

ဓားသခင်ချင်းမူနှင့်တာအိုပညာရှင်ထုံထျန်းတို့၏ မျက်နှာများပေါ်တွင် လိုလားတောင့်တသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

ကျင့်ကြံခြင်းနိုင်ငံတစ်နိုင်ငံကို ထိန်းချုပ်ကာ ဆန္ဒရှိသကဲ့သို့ ပြုမူဆောင်ရွက်နိုင်ပြီး ထိုနိုင်ငံမှလူများ၏သေရေးရှင်ရေးကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် စွမ်းအားမျိုးကို ဂိုဏ်းမည်မျှများများ လိုချင်တပ်မက်နေသည်အား သူ မသိရှိချေ။

ယခုလက်ရှိ ကျင့်ကြံခြင်းဂိုဏ်းများသည် မွေးမြူခံထားရသော ဝက်များ ခွေးများနှင့်တူညီသည်။သူတို့သည် နှစ်စဥ်နှစ်တိုင်း တော်ဝင်နန်းတွင်းသို့ အခွန်များစွာ ပေးဆောင်ရရုံသာမက သူတို့၏အင်အားကိုလည်း တားမြစ်ကန့်သတ်ခံထားရသည်။သူတို့သည် စည်းမျဥ်းဥပဒေကိုလည်း လိုက်နာရပေ၏။အကယ်၍ သူတို့သည် တော်ဝင်နန်းတွင်းမှချမှတ်ထားသော စည်းမျဥ်းဥပဒေများကို ချိုးဖောက်မိပါက တော်ဝင်စစ်တပ်၏အရေးယူခြင်းကို ခံရပေမည်။

နှစ်စဥ်နှစ်တိုင်း ထောင်သောင်းချီသောဂိုဏ်းများ တော်ဝင်စစ်တပ်၏အမြစ်ပြတ်သုတ်သင်ခြင်းကို ခံနေရသည်။ဂိုဏ်းများမှကျင့်ကြံသူများသည် တော်ဝင်စစ်တပ်နှင့်ရင်ဆိုင်ရချိန်တွင် ထိတ်လန့်တုန်လှုပ်နေကြသည်။သူတို့ထံတွင် ရှေးဟောင်းအချိန်ကာလများကဲ့သို့ သူတို့ ဆန္ဒရှိသည့်အတိုင်း သတ်ဖြတ်နိုင်သောအရည်အချင်းမျိုး မရှိတော့ချေ။

လုယွီသည် အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"ငါ့ရဲ့ မသိနားမလည်မှုအတွက် ခွင့်လွှတ်ပေးပါ...ဒါပေမယ့် အဲ့ဒီအလင်းမြင့်မြတ်ဘုရားကျောင်းဆိုတာကို ငါ တစ်ခါမှ မကြားဖူးဘူး"

"ဒါက သဘာဝကျပါတယ်...အလင်းမြင့်မြတ်ဘုရားကျောင်းက အရမ်းကြီးမားတာကြောင့် အတွင်းရေးပဋိပက္ခတွေရှိလာတယ်...အချိန်တစ်ခုကြာသွားတဲ့အချိန်မှာ အဲ့ဒါက ဂိုဏ်းခွဲတွေအများကြီးအဖြစ်နဲ့ ကွဲထွက်သွားတယ်...သမိုင်းစာအုပ်အများစုမှာ အဲ့ဒီအကြောင်းတွေကို အရိပ်အမြွတ်လောက်ပဲ ဖော်ပြထားတယ်"

တာအိုပညာရှင်ထုံထျန်းက သူ၏မုတ်ဆိတ်မွှေးကိုပွတ်သပ်၍ ဆက်လက်ပြောဆိုသည်။

"အလင်းမြင့်မြတ်ဘုရားကျောင်းက ဖြောင့်မတ်မှန်ကန်မှုတွေကြောင့် နာမည်ကျော်ကြားတယ်...ဒါပေမယ့် တကယ်တမ်းတော့ သူတို့လုပ်ဆောင်နေတာတွေက နတ်ဆိုးဂိုဏ်းတွေနဲ့ ဘာမှမကွာခြားဘူး...အဲ့ဒီအချိန်မှာ အလင်းမြင့်မြတ်ဘုရားကျောင်းက အရမ်းအစွမ်းထက်တယ်....တကယ်လို့ သူတို့ရဲ့အမိန့်ကို မလိုက်နာတဲ့သူရှိနေရင် နတ်ဆိုးကျင့်ကြံသူလို့ သတ်မှတ်ပြီးတော့ အလင်းမြင့်မြတ်ဘုရားကျောင်းရဲ့အမိန့်နဲ့ဝရမ်းထုတ်တယ်...အလင်းမြင့်မြတ်ဘုရားကျောင်းရဲ့အမိန့်ကိုရတာနဲ့ ကျင့်ကြံခြင်းနိုင်ငံတွေအပါအဝင် အင်အားစုတွေအားလုံး လိုက်နာရတယ်...မဟုတ်ရင် သူတို့က အလင်းမြင့်မြတ်ဘုရားကျောင်းရဲ့အပြစ်သားကို ဖုံးကွယ်ပေးထားတယ်ဆိုတဲ့ပြစ်မှုနဲ့ အပြစ်ပေးခံရတော့တာပဲ"

"ဘယ်လိုတောင် အစွမ်းထက်တဲ့ဂိုဏ်းတစ်ဂိုဏ်းလဲ...အဲ့ဒီကျင့်ကြံခြင်းနိုင်ငံတွေက သူတို့ဂိုဏ်းရဲ့လက်အောက်က ရုပ်သေးသက်သက်တွေဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"

လုယွီသည် စားပွဲခုံကိုရိုက်ပုတ်လိုက်ကာ သူ့ကိုကြည့်ရသည်မှာ အလွန်အမင်းဒေါသထွက်နေပုံပင်။

Chapter 3052

တာအိုပညာရှင်ထုံထျန်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"အလင်းမြင့်မြတ်ဘုရားကျောင်းက အစွမ်းထက်တယ်ဆိုပေမယ့် ရှေးဟောင်းအချိန်ကာလကတည်းက ပျောက်ကွယ်သွားပြီ...အခုလက်ရှိချိန်မှာ မောက်မာရိုင်းစိုင်းဆုံးဖြစ်နေတဲ့ သွေးနတ်ဆိုးဂိုဏ်းက အလင်းမြင့်မြတ်ဘုရားကျောင်းရဲ့အတက်အလက်တစ်ခုပဲ...တကယ်လို့ အဲ့ဒီအချိန်တုန်းက အလင်းမြင့်မြတ်ဘုရားကျောင်းရဲ့ အတွင်းသတင်းတွေအရ ပြောရမယ်ဆိုရင် သွေးနတ်ဆိုးဂိုဏ်းက အားအကောင်းဆုံးဂိုဏ်းခွဲမဟုတ်ဘူး...သူတို့ရဲ့နာမည်ဂုဏ်သတင်းက ကြွားလုံးထုတ်နေရုံသက်သက်ပဲ"

လုယွီက စိတ်သက်သာရာရသွားသောအမူအယာမျိုးကို ထုတ်ဖော်ပြသလိုက်သည်။

"ဒါက သတင်းကောင်းပဲ...ငါက သူတို့ ပြဿနာထပ်ရှာမှာကို စိုးရိမ်နေတာ...နတ်ဆိုးဂိုဏ်းတွေအားလုံး ငြိမ်သက်နေတာ ပိုအဆင်ပြေတယ်...တကယ်လို့ သူတို့ကပြဿနာတွေရှာနေမယ်ဆိုရင် ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ ငါ တကယ်မသိဘူး"

လှောင်ပြောင်သရော်သော အရိပ်အယောင်များက တာအိုပညာရှင်ထုံထျန်း၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။

သို့ရာတွင် ထိုအမူအယာသည် မျက်တောင်တစ်ခတ်စာသာ ကြာမြင့်ခဲ့ပြီးနောက် သူ၏နဂိူမူလပုံစံသို့ ပြန်လည်ရောက်ရှိသွားပေ၏။

"စီရင်စုသခင်...ဘာမှမစိုးရိမ်ပါနဲ့...သွေးနတ်ဆိုးဂိုဏ်းက တောတောင်တွေကြားမှာနေတဲ့ လေလွင့်ကျင့်ကြံသူတွေကိုပဲ ပြဿနာရှာဝံ့တာ...ဒီစီရင်စုရဲ့နေရာအနှံ့အပြားမှာ အုပ်ချုပ်ရေးရုံးတွေရှိနေတယ်...ပြီးတော့ နတ်ဘုရားမျက်လုံးဝင်္ကပါကြီးကလည်း ပတ်ဝန်းကျင်ကို တစ်ချိန်လုံး စုံစမ်းထောက်လှမ်းနေတာ...သူတို့ အရမ်းအလွန်အကျွံမလုပ်ဝံ့မှာ သေချာတယ်"

ဓားသခင်ချင်းမူက လုယွီကို နှစ်သိမ့်စကားပြောဆိုသည်။

လုယွီက မျက်မှောင်ကြုတ်ထားဆဲပင်။

"ငါက သွေးနတ်ဆိုးဂိုဏ်းနဲ့ပတ်သတ်ပြီးတော့ အများကြီးမသိဘူး...အဲ့ဒီဂိုဏ်းထဲမှာ အစွမ်းထက်ကျင့်ကြံသူတွေ ဘယ်လောက်များများရှိနေပြီးတော့ သူတို့က ဘယ်လောက်ထိသန်မာအားကောင်းတယ်ဆိုတာလည်း ငါ မသိဘူး"

"သွေးနတ်ဆိုးဂိုဏ်းမှာ သူတို့ရဲ့ဂိုဏ်းချုပ်တစ်ယောက်တည်းကပဲ လောကီအင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်ရှိတယ်....ကျန်တဲ့သူတွေက ကြက်လေး ခွေးလေးတွေအဆင့်ပဲရှိတာ...တကယ်လို့ စီရင်စုသခင်က စိုးရိမ်ပူပန်နေတုန်းပဲဆိုရင်...ငါက ဂိုဏ်းသားတွေကိုစေလွှတ်ပြီးတော့ မင်းအတွက် စုံစမ်းပေးမယ်"

ဓားသခင်ချင်းမူက ပြောဆိုသည်။

"မင်းတို့ကို ကျေးဇူးတင်ပါတယ်...ဟား ဟား ဟား....လာ သောက်ကြစို့"

ဝိုင်အရက်သုံးခွက်စီခန့်သောက်ပြီးချိန်တွင်...

ဓားသခင်ချင်းမူနှင့်တာအိုပညာရှင်ထုံထျန်းတို့ အနည်းငယ်မူးယစ်ရီဝေစ ပြုနေလေပြီ။

ကျင့်ကြံသူများအတွက် သာမာန်ဝိုင်အရက်များသည် သူတို့အပေါ်သက်ရောက်မှုမရှိချေ။သို့ရာတွင် ဤနေရာရှိဝိုင်အရက်ကို အဖိုးတန်ရှားပါးသော ပါဝင်ပစ္စည်းများနှင့် ချက်လုပ်ထားပေ၏။ဤဝိုင်အရက်တွင် စိတ်ဝိညာဥ်စွမ်းအင်များဖြင့် ပြည့်နှက်နေကာ တစ်စုံတစ်ယောက်သည် အနည်းငယ်သောက်သုံးမိရုံဖြင့် မူးယစ်ရီဝေသွားပေမည်။

ထို့ကြောင့် ဤဝိုင်အရက်သည် အလွန်အဖိုးတန်ရှားပါးသဖြင့် အထူးဧည့်သည်တော်များကို တည့်ခင်းဧည့်ခံသည့်အချိန်တွင်သာ အသုံးပြုသည်။

"တကယ်တော့ သွေးနတ်ဆိုးဂိုဏ်းက ပြဿနာမဖန်တီးသရွေ့ ငါက အေးအေးဆေးဆေး ရာထူးတိုးသွားနိုင်တယ်...အခုချိန်ကာလအတောအတွင်းမှာ သွေးနတ်ဆိုးဂိုဏ်းက ပြဿနာလာမရှာဖို့ကိုပဲ ငါ မျှော်လင့်မိတယ်"

လုယွီက ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။

တာအိုပညာရှင်ထုံထျန်းက ပြောဆိုလေ၏။

"စီရင်စုသခင်...ဘာမှစိတ်မပူပါနဲ့...သွေးနတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်က လောကီအင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်ပဲရှိတာ...တကယ်လို့ သူ ပြဿနာရှာဝံ့မယ်ဆိုရင် မင်းရဲ့လက်အောက်မှာရှိတဲ့ အင်အားကိုအသုံးပြုပြီးတော့ သူ့ကို သတ်လို့ရတယ်"

"အဲ့ဒါက အမှန်ပဲလား"

လုယွီ၏အသံက အနည်းငယ် တိုးညှင်းစပြုလာသည်။

"သွေးနတ်ဆိုးဂိုဏ်းရဲ့ဂိုဏ်းချုပ်က မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ရောက်သွားပြီလို့ ငါ ကြားထားတယ်...သူ့ရဲ့လက်အောက်မှာ မဟာအစောင့်အရှောက်ရှစ်ယောက်ရှိနေပြီးတော့ သူတို့တစ်ယောက်ချင်းစီက လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူတွေပဲ...မင်းက အဲ့ဒီမဟာအစောင့်အရှောက်တွေထဲကတစ်ယောက်ဖြစ်နေပြီးတော့ အဲ့ဒီကိစ္စတွေအားလုံးကို ဘာလို့မသိတာလဲ"

"ဟားး ဟား ဟား...မဟာအစောင့်အရှောက်ရှစ်ယောက်ဆိုတာ အပြင်လူတွေခေါ်တဲ့ နာမည်သက်သက်ပဲ...သူတို့တွေအားလုံးက လေလွင့်အင်မော်တယ်နယ်ပယ်ကိုတောင် မရောက်သေးတာမဟုတ်လား"

တာအိုပညာရှင်ထုံထျန်းသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သော်လည်း ရုတ်တရက် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

အစောပိုင်းက လုယွီသည် သူ့အား မဟာအစောင့်အရှောက်ရှစ်ယောက်အနက်မှတစ်ယောက်ဟု ပြောဆိုလိုက်သလော....

ဤသည်က သူ၏စိတ်နှလုံးသားအတွင်းတွင် အချိန်အတော်ကြာ သိုဝှက်ထားသော လျှို့ဝှက်ချက်တစ်ခုပင်။မည်သူနှင့်ရင်ဆိုင်ရပါစေ သူ တစိုးတစိမျှ ပြောဆိုခဲ့ခြင်းမရှိသော်လည်း လုယွီက စကားတစ်ခွန်းတည်းဖြင့် သူ့ကို ဖော်ထုတ်သွားခဲ့သည်။

"မင်း ဝန်ခံလိုက်တာ ကောင်းတယ်...ဒီလိုဆိုမှတော့ မင်းနဲ့ဆိုင်တဲ့လမ်းကို သွားလို့ရပြီ"

လုယွီက လက်ညှိုးညွှန်လိုက်ရာ ကြီးကျယ်ခမ်းနားသော ဓားချီတစ်လှိုင်းက သူ၏ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုဓားချီပေါ်တွင် တောက်ပပြီး အေးစိမ့်သောအရှိန်အဝါမျိုး ရစ်သိုင်းလွှမ်းခြုံနေကာ ချက်ချင်းဆိုသလိုပင် တာအိုပညာရှင်ထုံထျန်း၏နဖူးကို ထွင်းဖောက်သွားသည်။

ဝှစ်...

တာအိုပညာရှင်ထုံထျန်းသည် လုယွီ ရုတ်တရက်ကြီး တိုက်ခိုက်လာမည်ဟု မျှော်လင့်ထားမိပုံမရချေ။သွေးစို့ရာအပေါက်တစ်ခုက သူ၏နဖူးပေါ်၌ ထွက်ပေါ်လာကာ ဒဏ်ရာမှနေ၍ သွေးများယိုစီးကျလာသည်။

"မင်း...."

တာအိုပညာရှင်ထုံထျန်းက လုယွီကို လက်ညှိုးညွှန်လိုက်၏။သူ မသေဆုံးမီအချိန်၌ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအရိပ်အယောင်မျိုး ထင်ဟပ်နေသည်။

အမြဲတစေ သူရဲဘောကြောင်နေသော စီရင်စုသခင်သည် မည်သည့်သတ္တိမျိုးဖြင့် သူ့အပေါ်တွင် လှုပ်ရှားဝံ့သလော....

Chapter 3053

"မကောင်းတော့ဘူး"

တာအိုသခင်ထုံထျန်း သေဆုံးသွားသည်ကိုကြည့်ပြီး ဓားသခင်ချင်းမူ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီနေသည်။ရုတ်ချည်းဆိုသလိုပင် သူ၏ဓားချီဖြင့် လုယွီထံဦးတည်ကာ ဝှေ့ယမ်းလိုက်၏။

သို့ရာတွင် ထိုဓားချီသည် အယောင်ပြသက်သက်ပင်။သူသည် အလွန်လျှင်မြန်သောအ ရှိန်ဖြင့် နောက်သို့ဆုတ်လိုက်သည်။သူသည် ဤနေရာ၌ ဆက်လက်၍ တိုက်ခိုက်ရန်ဆန္ဒမရှိတော့သဖြင့် နောက်သို့ပြန်လှည့်ကာ ထွက်ပြေးခဲ့တော့သည်။

"ဓားသခင်ချင်းမူ...ဒီနေ့ မင်း ဒီနေရာမှာပဲနေရမယ်...ထွက်သွားဖို့ မစဥ်းစားနဲ့"

လုယွီက ကျယ်လောင်စွာအော်ဟစ်ကာ သူ့ရှေ့ရှိဓားချီကို သူ၏လက်သီးတစ်ချက်ဖြင့် ချေဖျက်လိုက်သည်။ထို့နောက် သူ၏လက်ကိုမြှောက်ကာ ဓားသခင်ချင်းမူထံဦးတည်၍ ဖိနှိပ်လိုက်၏။

လုယွီသည် သူ့နောက်သို့လိုက်လံဖမ်းဆီးဝံ့သည်ကို မြင်တွေ့ချိန်၌ ဓားသခင်ချင်းမူက စူးရှကျယ်လောင်စွာ အော်ဟစ်လေသည်။

"ခွေးအရာရှိ...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ကို တိုက်ခိုက်ဝံ့တာလဲ...မင်းက သေလမ်းရှာနေတာပဲ...မိုးကောင်းကင်နတ်ဘုရားသစ်သားဓားချီ...."

ဝှစ်...

ရုတ်ချည်းဆိုသလိုပင် အစိမ်းရောင်လေစီးကြောင်းတစ်ရပ်က ဓားသခင်ချင်းမူ၏အင်္ကျီလက်အတွင်းမှထွက်လာကာ ဓားချီများနှင့်ပေါင်းစည်းပြီး သူ၏နံဘေးပတ်လည်၌ မျောလွင့်နေသည်။

ထိုဓားချီဖြင့် လုယွီကို တန်းတန်းမတ်မတ် ချိန်ရွယ်ထားလေ၏။ဓားချီတစ်လှိုင်းစီတိုင်းသည် လောကကြီးအတွင်းရှိ အရာရာတိုင်းကို ဖျက်ဆီးနိုင်သည့်အလား အလွန်အမင်းထက်ရှသည်။

ဘန်း..ဘန်း...ဘန်း..

ထိုဓားချီသည် အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းသွားကာ ချက်ချင်းဆိုသလိုပင် အခန်းအတွင်းရှိ စားပွဲနှင့်ကုလားထိုင်များ ကြေမွှပျက်စီးသွားတော့သည်။ဤသည်က ဓားသခင်ချင်းမူ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုပင်။အကယ်၍ သူသည် လုယွီကို မသတ်ဖြတ်နိုင်လျှင်ပင် အပြင်းအထန်ဒဏ်ရာရရှိစေမည်ဟု သူ ယုံကြည်ချက်ရှိသည်။

"ငါ မင်းကို ထွက်သွားနိုင်ပြီလို့မပြောသရွေ့ မင်း သွားလို့မရဘူး"

လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။သူ၏လက်ချောင်းများကိုလှုပ်ခတ်၍ စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းကာ သူ့ထံတိုးဝင်လာသော ဓားချီများထံသို့ စေလွှတ်လိုက်သည်။

ဓားချီများနှင့်စည်းတံဆိပ်တို့ ဖီလာဆန့်ကျင်ရိုက်ခတ်မိချိန်တွင် အခန်းတစ်ခန်းလုံး ပေါက်ကွဲသွားပေ၏။ဓားသခင်ချင်းမူသည် ထိုပေါက်ကွဲအားကို ငှားယမ်း၍ မီတာရာနှင့်ချီသောအကွာအဝေးသို့ ချက်ချင်းပျံသန်းသွားကာ စားသောက်ဆိုင်၏အနောက်ဘက်ခြံဝန်းအတွင်းရှိ မြေပြင်ပေါ်သို့ ကျရောက်သွားသည်။

"မင်းက ငါ့ကိုဖမ်းချင်တာလား...မင်း စောင့်နေစမ်း...ငါ ဂိုဏ်းကိုပြန်ရောက်တာနဲ့ မင်း သေရမှာ သေချာတယ်"

ဓားသခင်ချင်းမူက ရက်စက်ကြမ်းကြုတ်သောအမူအယာဖြင့် အော်ဟစ်ကြုံးဝါးလိုက်သည်။

"အဲ့ဒီလိုလား"

လုယွီ၏မျက်နှာသည် နှင်းရိုက်ခံထားရသကဲ့သို့ အေးစက်တင်းမာနေကာ သူက ခက်ထန်တင်းမာစွာ အော်ငေါက်လိုက်၏။

"သူ့ကို ဖမ်းလိုက်ကြစမ်း"

ဝှစ်...ဝှစ်...

ခြုံပုတ်များအကြား၌ အချိန်အတော်ကြာ လဲလျောင်းနေခဲ့သော ချင်ယုနှင့်လျှိုမင်တို့သည် ချက်ချင်းပြေးထွက်လာကာ ဓားသခင်ချင်းမူ၏ရှေ့၌ ပိတ်ဆို့ဟန့်တားလိုက်သည်။

"လင်ကျိုးစီရင်စုရဲ့အစောင့်တပ်က စစ်ဗိုလ်ချုပ်တွေပါလား...မင်းတို့က စစ်စခန်းမှာရှိနေရမှာ မဟုတ်ဘူးလား"

ဓားသခင်ချင်းမူသည် ထိတ်လန့်ကြောက်ရွံနေသဖြင့် သူ၏မျက်နှာတပြင်လုံး ဖြူရော်သွားသည်။

အကယ်၍ သူသည် လုယွီတစ်ယောက်တည်းနှင့် ရင်ဆိုင်ရပါက သူ့အတွက် လွတ်လမ်းရှိနိုင်သည်။သို့ရာတွင် လူသုံးယောက် အတူပူးပေါင်း၍ တိုက်ခိုက်လာပါက သူ့ထံ၌ အတောင်ပံများ ရှိနေလျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်မည်မဟုတ်ချေ။

"ငါ မင်းတို့အားလုံးနဲ့ သေတဲ့အထိတိုက်ခိုက်မယ်...သစ်သားဘုရင်...မြေပြင်ပေါ်ကို ပြန်လာစမ်း"

ယခုကဲ့သို့ ဘေးအန္တရာယ်မျိုး သက်ရောက်လာသည်ကို မြင်တွေ့ချိန်၌ ဓားသခင်ချင်းမူသည် ရူးသွပ်လုနီးပါးအခြေအနေမျိုးသို့ ချက်ချင်းကျရောက်သွားပေ၏။သူသည် သူ၏အသက်စွမ်းအားကို လောင်ကျွမ်း၍ လျှို့ဝှက်နည်းစနစ်တစ်ခုကို ထုတ်ဖော်အသုံးပြုလိုက်သည်။

ထိုလျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီးနောက် သူ၏ခွန်အားများ အလျှင်အမြန် မြင့်တက်လာသော်လည်း သူ၏မှော်စွမ်းအားပမာဏ အမြောက်အများ ကုန်ဆုံးနေသည်။ယေဘုယျကျကျပြောဆိုရလျှင် အကယ်၍ သူ့အတွက် နောက်ဆုံးအချိန်အခိုက်အတန့်မဟုတ်ပါက ဤတားမြစ်နည်းစနစ်ကို သူ ထုတ်ဖော်အသုံးပြုမည်မဟုတ်ချေ။

"မကောင်းတော့ဘူး...သူ့ကို ဟန့်တားကြစို့"

ချင်ယုနှင့်လျှိုမင်တို့၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ ဓားသခင်ချင်းမူကို ဟန့်တားရန်အတွက် ရှေ့သို့ တဟုန်ထိုးပြေးဝင်လိုက်ကြ၏။

တခြားတစ်ဖက်ရှိ လုယွီကမူ အနည်းငယ်မျှပင် ထိတ်ထိတ်ပျာပျာဖြစ်သွားခြင်းမရှိဘဲ သူက တည်ငြိမ်စွာပြောဆိုသည်။

"အဲ့ဒီနေရာကို သွားကြည်ဖို့မလိုဘူး...သူ့ကို ဆက်လုပ်ခွင့်ပြုထားလိုက်...သူ့မှာ အစကတည်းက သက်တမ်းအများကြီးမကျန်တော့ဘူး...တကယ်လို့ သူက အသက်စွမ်းအားတွေကို လောင်ကျွမ်းဖို့ ရွေးချယ်တာက သူ့သေလမ်းကို သူရှာတာပဲ...ငါတို့ ဘာမှလုပ်ဖို့ မလိုအပ်ဘူး"

ထိုစကားကိုကြားချိန်တွင် ချင်ယုနှင့်လျှိုမင်သည် အနည်းငယ်တွေဝေသွားသော်လည်း သူတို့သည် ရှေ့သို့ဆက်သွားရန် ရွေးချယ်လိုက်သည်။

သူတို့၏နံဘေးပတ်ဝန်းကျင်ရှိလေထု ချက်ချင်းဆိုသလိုပင် ထူးဆန်းစပြုလာသည်။ဓားသခင်ချင်းမူသည် ဤကဲ့သို့ဖြစ်လာမည်ဟု မျှော်လင့်ထားမိပုံမရချေ။

"ငါက မင်းတို့နဲ့အတူ ပျက်စီးသွားဖို့ကို ကြောက်နေမှာမဟုတ်ဘူး"

ဓားသခင်ချင်းမူ၏မျက်လုံးအတွင်းတွင် နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေကာ သူက လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်နေသည်။

လုယွီက သရော်တော်တော် ပြောဆိုသည်။

"ဒီအရာရှိက သုံးနှစ်ကလေးတစ်ယောက်လို့ မင်း တကယ်ကြီးထင်နေတာလား...ငါက မင်းတို့ရဲ့နောက်ကြောင်းကို ရှင်းရှင်းလင်းလင်း စုံစမ်းပြီးသွားပြီ...အတိတ်မှာ မင်းက သေအတူရှင်မကွာအတူနေမယ်လို့ ကျိန်ဆိုပြီးတော့ မင်းရဲ့ဆရာသခင် စီနီယာအကိုတွေနဲ့အတူ လျှို့ဝှက်နယ်မြေတစ်ခုထဲကို ဝင်ခဲ့တယ်...ဒါပေမယ့် အန္တရာယ်နဲ့ရင်ဆိုင်တွေ့တဲ့အချိန်မှာ မင်းက ကြောက်လန့်ပြီးတော့ ထွက်ပြေးခဲ့တယ်...အဆုံးကျတော့ မင်းတစ်ယောက်တည်းပဲ အသက်ရှင်ရက်လွတ်မြောက်လာပြီးတော့ မင်းဆရာသခင်ရဲ့အမွေအနှစ်ကို ဆက်ခံနိုင်ခဲ့တယ်...မင်းလို သေမှာကြောက်တဲ့လူတစ်ယောက်က သေမယ့်လမ်းကို ရွေးချယ်မယ်လို့ ငါ မထင်ဘူး"

Chapter 3054

"မင်း..."

ဓားသခင်ချင်းမူသည် သူ၏ဓားရှည်ကိုကိုင်ဆောင်ကာ အချိန်အတော်ကြာခန့် ပေကပ်နေခဲ့သည်။အဆုံးသတ်၌ သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများအားလုံးကို ပြန်ရုတ်သိမ်းလိုက်၏။

လုယွီ ပြောဆိုသွားသကဲ့သို့ပင် သူ့ထံ၌ သက်တမ်းများစွာ မကျန်ရှိတော့ချေ။သူသည် နောက်ဆုံးအချိန်အခိုက်အတန့်မရောက်မီ ဤလျှို့ဝှက်နည်းစနစ်ကို အသုံးပြုရန်မှာ မဖြစ်နိုင်ချေ။

သူ၏သက်တမ်း အနည်းငယ်စီတိုင်းသည် သူ့အတွက် အလွန်အမင်း အဖိုးတန်သည်။သူ၏ဘဝသက်တမ်းကို မြှင့်တင်နိုင်ရန်အလို့ငှာ သူ မည်သည့်အရာကိုမဆိုပြုလုပ်ရန် ဆန္ဒရှိသည်။

"သူက ဓားသခင်ချင်းမူရဲ့အခြေအနေကို စကားလုံးတစ်လုံးတည်းနဲ့ ထုတ်ဖော်နိုင်ခဲ့တာပဲ...ဒီစီရင်စုသခင်က သူ့ရဲ့ခွန်အားကို အမြဲတမ်းဖုံးကွယ်ထားခဲ့ပုံပဲ"

ချင်ယုနှင့်လျှိုမင်တို့သည် သက်ပြင်းရှိုက်လိုက်ကြ၏။လုယွီအပေါ် သူတို့၏အတွေးအမြင်များ ပြောင်းလဲသွားလေပြီ။

ယခင်က သူတို့နှစ်ယောက်သည် စီရင်စုသခင်ကို အကျိုးအမြတ်ကိုသာရှာဖွေပြီး မည်သည့်အရာမျှ မည်မည်ရရမလုပ်သော အသုံးမကျသည့် အရာရှိတစ်ယောက်ဟုသာ တွေးထင်ထားခဲ့ကြသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ စီရင်စုသခင်သည် သူ၏အစွမ်းအစနှင့်ခွန်အားကို တစ်ချိန်လုံးဖုံးကွယ်ထားခဲ့သည့်ပုံ ပေါ်လွင်နေပေ၏။

မနက်စောစောတွင် သူသည် ဂိုဏ်းခေါင်းဆောင်နှစ်ယောက်နှင့် စတင်ဆွေးနွေးချိန်မှစ၍ ယခုချိန်ထိတိုင် ပြတ်ပြတ်သားသားပြုလုပ်၍ အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းနေခြင်းမရှိချေ။

ဤသို့ပြုလုပ်နိုင်ရန် လုံလောက်သောနည်းဗျူဟာရှိရန် လိုအပ်ရုံသာမက သတ္တိလည်းရှိရပေမည်။

ဒေါင်...

ဓားသခင်ချင်းမူသည် သူ၏လက်အတွင်းမှဓားရှည်ကို မြေပြင်ပေါ်သို့လွှက်ချကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"စီရင်စုသခင်...ကျေးဇူးပြုပြီးတော့ ပွင့်ပွင့်လင်းလင်းပြောပါ...ငါက တော်ဝင်နန်းတွင်းရဲ့စည်းမျဥ်းတွေကို လိုက်နာနိုင်ခဲ့တယ်လို့ ငါ ယုံကြည်တယ်...နှစ်တိုင်းပေးဆောင်ရတဲ့ အခွန်အခကိုတောင် ငါ တစ်ခါမှ လျှော့မပေးခဲ့ဘူး...စီရင်စုသခင်က ငါ့ကို ဘာလို့ဒီလိုမျိုးဆက်ဆံတာလဲဆိုတာ ငါ သိချင်တယ်"

ကြေကွဲဝမ်းနည်းသော အရိပ်အယောင်တချို့က သူ၏မျက်နှာပေါ်၌ ဖြတ်ပြေးသွားသည်။

ဤသည်က သစ္စာစောင့်သိသောလူတစ်ယောက်သည် ရုတ်တရက် ကြီးမားသောမတရားမှုဖြင့် စွပ်စွဲခံလိုက်ရသကဲ့သို့ပင်။

လုယွီက တည်ငြိမ်နေဆဲဖြစ်ကာ အေးစက်စက်နှာတစ်ချက် မှုတ်လိုက်၏။

"ဟမ့်...အဲ့ဒီလိုလား...မင်းက တော်ဝင်နန်းတွင်းကို အရမ်းသစ္စာစောင့်သိတယ်ဆိုမှတော့...ဘာလို့ တာအိုပညာရှင်ထုံထျန်းရဲ့တောင်းဆိုမှုကို လက်ခံပြီး မြို့ပြင်ကနတ်ဆိုးဂိုဏ်းတွေအတွက် အလုပ်လုပ်ပေးတဲ့အနေနဲ့ နတ်ဘုရားမျက်လုံးဝင်္ကပါကိုတိုက်ခိုက်ဖို့ သဘောတူခဲ့တာလဲ"

"ဒါက မှားယွင်းတဲ့ စွပ်စွဲချက်တစ်ခုပဲ...ငါ့ရဲ့သစ်သားစိမ်းဓားဂိုဏ်းနဲ့နတ်ဆိုးဂိုဏ်းတွေက မီးနဲ့ရေလို ဆန့်ကျင်ဘက်ပဲ...ငါက ဘာလို့ သူတို့နဲ့ပူးပေါင်းရမှာလဲ"

ဓားသခင်ချင်းမူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လုယွီက သရော်တော်တော် ပြောဆိုသည်။

"ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းရဲ့တာဝန်ခံက ငါ့ကို အကုန်လုံး ပြောပြပြီးပြီ...အဲ့ဒီနေ့တုန်းက မင်းတို့တိုင်ပင်ဆွေးနွေးခဲ့တဲ့ အသေးစိတ်အချက်အလက်တွေကို ငါ မသိဘူးလို့ မင်း ထင်နေတာလား"

ထိုစကားကိုကြားချိန်တွင် ရှက်ရွံမှုကြောင့် ဓားသခင်ချင်းမူ၏မျက်နှာ နီမြန်းသွားသည်။

"အဲ့ဒီလူအိုကြီးက ပါးစပ်ပိတ်နေပြီးတော့ ဘာစကားမှမပြောတာ အံ့အားသင့်စရာမရှိတော့ဘူး...အခုကြည့်ကြည့်တော့မှ သူက မင်းရဲ့လူ ဖြစ်နေတာပဲ...စီရင်စုသခင်က တကယ့်ကို စွမ်းဆောင်နိုင်ပါပေတယ်...မင်းက ငါတို့ကြားမှာတောင် သူလျှိုတစ်ယောက် ထည့်ထားနိုင်တယ်...ငါက မင်းကို တကယ်လေးစားကြည်ညိုမိတယ်"

ဓားသခင်ချင်းမူသည် အရာရာတိုင်းကို လက်လျှော့အရှုံးပေးလိုက်ပုံဖြင့် သူက လေးလံသောသက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"အခု စီရင်စုသခင်က ငါ့ကို ဘာလုပ်ချင်တာလဲ...မင်းက အခြေအနေတွေအားလုံးကို သိပြီးမှတော့ ဒီတစ်ကြိမ်မှာ သွေးနတ်ဆိုးဂိုဏ်းကို ခုခံနိုင်မှာမဟုတ်ဘူးဆိုတာ မင်း သိသင့်တယ်...လင်ကျိုးစီရင်စုတစ်ခုလုံး...မဟုတ်သေးဘူး....မိုးကောင်းကင်မီးတောက်ကုန်းမြေတစ်ခုလုံးမှာရှိတဲ့ ဂိုဏ်းတွေအားလုံးရဲ့တစ်ဝက်ကျော်က သွေးနတ်ဆိုးဂိုဏ်းဆီမှာ သစ္စာခံထားကြတယ်...မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့မဟာစစ်ဗိုလ်ချုပ်တောင် အရှုံးပေးလိုက်ပြီ..မင်း ခုခံနေလို့လည်း အသုံးဝင်မှာမဟုတ်ဘူး"

မဟာစစ်ဗိုလ်ချုပ်သည် အမှန်တကယ်ကိုပင် အရှုံးပေးအညံ့ခံခဲ့သလော....

ချင်ယုနှင့်လျှိုမင်တို့သည် မျက်မှောင်ကြုတ်လိုက်ကြ၏။အရာအားလုံးသည် လုယွီ ခန့်မှန်းထားသကဲ့သို့ ဖြစ်လာသည်။

ဤသည်က သတင်းမှားတစ်ခုဟု သူတို့ယုံကြည်ခဲ့ကြသည်။အကယ်၍ မိုးကောင်းကင်မီးတောက်ကုန်းမြေ၏မဟာစစ်ဗိုလ်ချုပ်သည် သွေးနတ်ဆိုးဂိုဏ်းဝင်တစ်ယောက်ဆိုပါက စစ်ရထားကိုဟန့်တားရန် ကြိုးစားနေသော နှံ့ကောင်တစ်ကောင်နှင့် တူညီနေပေလိမ့်မည်။ဤသည်က အနည်းငယ်မျှပင် အကူအညီဖြစ်လာမည်မဟုတ်ချေ။

"အစတုန်းကတော့ ငါက တော်ဝင်နန်းတွင်းကိုတိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူး...ဒါပေမယ့် တကယ်လို့ ငါက သူတို့နဲ့မပူးပေါင်းဘူးဆိုရင် မြို့ပျက်စီးတာနဲ့ ငါတို့ အရင်ဆုံးသေရမှာပဲ...စီရင်စုသခင် မင်းက ဥာဏ်ကောင်းတဲ့သူတစ်ယောက်ပါ...ဘာလို့ ငါတို့နဲ့ မပူးပေါင်းတာလဲ...ဒါက တော်ဝင်နန်းတွင်းအတွက်နဲ့ အသုံးမဝင်တဲ့သရဲတစ္ဆေဖြစ်သွားရမှာထက် ပိုကောင်းတယ်မဟုတ်လား...ငါကိုယ်တိုင် သွေးနတ်ဆိုးဂိုဏ်းနဲ့ မင်းကို မိတ်ဆက်ပေးမယ်"

ဤအချိန်အခိုက်အတန့်တွင် အခြေအနေသည် ပြောင်းပြန်လှန်လိုက်သကဲ့သို့ဖြစ်သွားကာ အပေါ်စီးသို့ရောက်ရှိသွားသူသည် ဓားသခင်ချင်းမူဖြစ်သွားလေ၏။

"ငါက မင်း တာအိုပညာရှင်ထုံထျန်းကို သတ်လိုက်တဲ့ကိစ္စကိုလည်း သွေးနတ်ဆိုးဂိုဏ်းဆီမှာ ရှင်းပြပေးနိုင်တယ်...ဘယ်လိုပဲဖြစ်ဖြစ် တာအိုပညာရှင်ထုံထျန်းက သွေးနတ်ဆိုးဂိုဏ်းရဲ့ခွေးတစ်ကောင်ပဲလေ...ပြီးတော့ မင်းက တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက်...တကယ်လို့ မင်းက သွေးနတ်ဆိုးဂိုဏ်းဆီမှာ သစ္စာခံမယ်ဆိုရင် တာအိုပညာရှင်ထုံထျန်းသေသွားတာက ဘာမှအရေးပါတဲ့ကိစ္စမဟုတ်ဘူး"

Chapter 3055

"စီရင်စုသခင်...ဘယ်လိုသဘောရလဲ....မင်းနဲ့ ဒီဗိုလ်ချုပ်နှစ်ယောက်လောက်နဲ့တော့ လင်ကျိုးစီ ရင်စုကို ကာကွယ်နိုင်မှာမဟုတ်ဘူး...မင်းကို အမှန်အတိုင်းပြောရရင် သွေးနတ်ဆိုးဂိုဏ်းမှာ အနည်းဆုံး လောကီအင်မော်တယ်ကျင့်ကြံသူ၇၀လောက်ရှိပြီးတော့...ဂိုဏ်းခေါင်းဆောင်က မြေကမ္ဘာအင်မော်တယ်မဟုတ်ဘူး...ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲ"

ဓားသခင်ချင်းမူ၏အသံက အလွန်စူးရှကျယ်လောင်နေသည်။

စစ်ဗိုလ်ချုပ်နှစ်ယောက်ဖြစ်သော ချင်ယုနှင့်လျှိုမင်တို့၏မျက်နှာ သေလုမတတ်ဖြူရော်သွားသည်။

ရွှယ်အင်မော်တယ် အစွမ်းထက်ကျင့်ကြံသူဟုဆိုသလော...

တော်ဝင်နန်းတွင်း၌ ဤအဆင့်ကျင့်ကြံသူတစ်ယောက်သည် မြင့်မြတ်သူဘွဲ့ခံယူရန် လုံလောက်သည်။

လင်ကျိုးစီရင်စုသည် တောင့်တင်းခိုင်မာသော်လည်း အကယ်၍ ရွှယ်အင်မော်တယ်တစ်ယောက်၏တိုက်ခိုက်မှုကို ခုခံလိုပါက အခြေခံအားဖြင့် စိတ်ကူးယဥ်သက်သက်ဟုယူဆနိုင်ကာ အကြွင်းမဲ့မဖြစ်နိုင်သော ကိစ္စတစ်ရပ်ပင်။

ရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို လောကီအင်မော်တယ်တစ်ယောက်သည် မည်သည့်နည်းနှင့်မျှ ခုခံတိုက်ခိုက်နိုင်မည်မဟုတ်ချေ။

သာမာန်အချိန်များတွင် ချင်ယုနှင့်လျှိုမင်တို့သည် မည်မျှထိရဲဝံ့သူများဖြစ်ပါစေ သူတို့သည် အကြွင်းမဲ့ခွန်အားရှေ့တွင် တည်ငြိမ်နိုင်စွမ်းရှိမည်မဟုတ်ပေ။

လင်ကျိုးစီရင်စုအတွင်းရှိ အင်အားအနည်းငယ်ဖြင့် သွေးနတ်ဆိုးဂိုဏ်းမှ နတ်ဆိုးကျင့်ကြံသူများကို ဟန့်တားနိုင်ရန်ပင် လွန်စွာခက်ခဲမည်ဖြစ်ရာ ရွှယ်အင်မော်တယ်တစ်ယောက်၏ခြိမ်းခြောက်မှု ပါဝင်လာပါက ဆိုဖွယ်ရာပင်မရှိချေ။

"အရူး..."

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အရင်ကတော့ မင်းက ဥာဏ်ကောင်းတဲ့သူတစ်ယောက်ဖြစ်မယ်လို့ ငါ ထင်ထားခဲ့တာ...ဒါပေမယ့် မင်းကို ငါက ဖမ်းမိပြီးတာတောင် လက်မလျှော့ဘဲနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...မင်းက သွေးနတ်ဆိုးဂိုဏ်းရဲ့ကိုယ်စား ငါ့ကိုတောင် သိမ်းသွင်းဝံ့တယ်...ရွှယ်အင်မော်တယ်တစ်ယောက်က မင်းရဲ့မိသားစုနဲ့မိတ်ဆွေတွေအားလုံး ခေါင်းဖြတ်ကွပ်မျက်ခံရမယ့် ရာဇဝတ်မှုကြီးကို ကျူးလွန်အောင် လုပ်စေခဲ့တာလား...မင်း ခုချိန်ထိ ဘယ်လိုမျိုးအသက်ရှင်နေတာလဲဆိုတာ ငါ မသိတော့ဘူး...ရူးသွပ်မိုက်မဲတယ်...အရမ်းကို ရူးသွပ်မိုက်မဲတယ်"

"မင်း လုပ်ဝံ့လား...ရွှယ်အင်မော်တယ်နယ်ပယ်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရှိနေတာတောင်....မင်းက ကြက်ဥနဲ့ ကျောက်တောင်ကိုပေါက်ပြီး ဖျက်ဆီးချင်တာလား"

ဓားသခင်ချင်းမူသည် အလွန်ဒေါသထွက်သွားပေ၏။သူ စကားဆက်လက်ပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် လုယွီ၏ဟန့်တားခြင်းကို ခံလိုက်ရသည်။

"သွေးနတ်ဆိုးဂိုဏ်းမှာ လောကီအင်မော်တယ်နယ်ပယ်၇၀ကျော်ရှိတယ်လို့ မင်းပြောခဲ့တယ်...အဲ့ဒီအရေအတွက်နဲ့ ငါ့ရဲ့လင်ကျိုးစီရင်စုကို ဖျက်ဆီးဖို့လုံလောက်တယ်...ဒါပေမယ့် မင်း တွေးမိရဲ့လား...နောင်အနာဂတ်ကျရင် တော်ဝင်နန်းတွင်းကို ဆန့်ကျင်လို့ဖြစ်လာမယ့် အကျိုးဆက်တွေကို မင်း တွေးမိလား...ရွှယ်အင်မော်တယ်တစ်ယောက်က အစွမ်းထက်တယ်ဆိုပေမယ့် မင်း တွေးထားသလိုမျိုး အရမ်းထူးကဲနေတာမဟုတ်ဘူး...ငါတို့အင်ပါယာမှာ ရာနဲ့ချီတဲ့ အမတ်ကြီးတွေရှိတယ်...သူတို့ထဲက ဘယ်တစ်ယောက်မဆို ရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတွေပဲ...အချိန်ကျလာရင် မင်းက သွေးနတ်ဆိုးဂိုဏ်းနဲ့အတူ မြှုပ်နှံ့ခံရလိမ့်မယ်"

လုယွီက အေးစက်စက်လေသံဖြင့်ဆက်လက်ပြောဆိုသည်။

"ငါ မင်းကို ပြောလိုက်မယ်...တကယ်လို့ သွေးနတ်ဆိုးဂိုဏ်းက ငါ့ကိုထိဝံ့မယ်ဆိုရင် ဒါက တော်ဝင်နန်းတွင်းကို ဆန့်ကျင်တာပဲ...အလင်းမြင့်မြတ်ဘုရားကျောင်းရဲ့ အတက်အလက်တစ်ခု မဆိုထားနဲ့...အလင်းမြင့်မြတ်ဘုရားကျောင်း ပြန်လည်ထွက်ပေါ်လာရင်တောင် သူတို့က အရှုံးပေးရမှာပဲ...ငါတို့ တာယွီအင်ပါယာရဲ့တော်ဝင်နန်းတွင်းက လောကကြီးတခွင်လုံးကို ထိန်းချုပ်ထားနိုင်တဲ့ အကြောင်းအရင်းက အင်အားကောင်းလို့ပဲ...ငါက လောကီအင်မော်တယ်တစ်ယောက်ဖြစ်နေတာကို ထည့်မပြောနဲ့...တကယ်လို့ ငါက သေမျိုးတစ်ယောက်ဖြစ်နေရင်တောင် ငါက လင်ကျိုးရဲ့စီရင်စုသခင်ဖြစ်နေသရွေ့ မင်းတို့ ငါ့ကိုသတ်ချင်ရင် တန်ကြေးပြန်ပေးဆပ်ရလိမ့်မယ်...မင်းက ငါ့ကို ခြိမ်းခြောက်ဖို့အတွက် အရည်အချင်းမမီသေးဘူး"

ဘုန်း...

လုယွီ၏လက်အတွင်း၌ အရာရှိစည်းတံဆိပ်ကို ကိုင်ဆောင်ထားသည်။ဤအချိန်အခိုက်အတန့်တွင် အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ်သည် သူ၏ခန္ဓာကိုယ်မှထွက်ပေါ်လာကာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။

ဤသည်က အရာရှိစည်းတံဆိပ်၏ကံကြမ္မာစွမ်းအားများ ကောင်းချီးပေးမှုမှ ဖြစ်တည်လာသော သဘာဝလွန်ပုံရိပ်ပင်။

လုယွီသည် အရာရှိစည်းတံဆိပ်ကို ကိုင်ဆောင်ထားသရွေ့ လင်ကျိုးစီရင်စုတစ်ခုလုံး သူ၏ပိုင်နက်နယ်မြေဖြစ်သည်။လုယွီသည် ဤနယ်မြေအတွင်း၌ အထူးသီးသန့်အခွင့်အာဏာမျိုးရှိပေ၏။

ဓားသခင်ချင်းမူ၏စိတ်နှလုံးသားတစ်ခုလုံး တုန်ရီသွားသည်။သူ၏စိတ်အတွင်း၌ အကယ်၍ သူသည် သွေးနတ်ဆိုးဂိုဏ်း၏အင်အားကို ထုတ်ဖော်ပြောဆိုလိုက်ပါက လုယွီ တုန်လှုပ်ချောက်ချားသွားမည်ဟု တွေးထင်ခဲ့သည်။သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်သည် သူ၏အတွေးနှင့် ဆန့်ကျင်ဘက်ပင်။လုယွီသည် အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံခြင်းမရှိသည့်အပြင် သူ့ကိုပင် ဆူပူကြိမ်းမောင်းနေသည်။

ထို့ကြောင့် သူ၏စိတ်အတွင်းတွင် ဒေါသများမရှိတော့ဘဲ ထိတ်လန့်ကြောက်ရွံခြင်းက အစားထိုးဝင်ရောက်လာပေ၏။

အတိတ်တွင် သူ လင်ကျိုးစီရင်စုကို တိုက်ခိုက်လိုခဲ့ခြင်းမှာ သွေးနတ်ဆိုးဂိုဏ်းမှရရှိသော အကျိုးအမြတ်တချို့ကြောင့်ပင်။

သို့ရာတွင် ဓားသခင်ချင်းမူသည် တော်ဝင်နန်းတွင်းကိုဆန့်ကျင်ခြင်းဖြင့် ဖြစ်လာနိုင်သော အကျိုးဆက်များကို မေ့လျော့ခဲ့မိသည်။

နှစ်စဥ်နှစ်တိုင်း သန်းနှင့်ချီသောစာအုပ်များကို တော်ဝင်နန်းတွင်းတွင် သိမ်းဆည်းထားလေ၏။ထိုစာအုပ်များ၏နဂိုမူလ ပိုင်ရှင်များသည် အလွန်အမင်းကြီးကျယ်ခမ်းနားသော မြင့်မြတ်နယ်မြေများနှင့်ဂိုဏ်းများဖြစ်သည်။

ထိုအင်အားစုများသည် တစ်ချိန်က အလွန်ကျော်ကြားခဲ့သော်လည်း အဆုံးသတ်၌ သူတို့သည် တော်ဝင်နန်းတွင်း၏စည်းမျဥ်းဥပဒေများကို ချိုးဖျက်မိသဖြင့် အညှာအတာကင်းမဲ့စွာ ဖျက်ဆီးခံခဲ့ရသည်။

တော်ဝင်စစ်တပ်နှင့်ရင်ဆိုင်ရချိန်တွင် ထိုအင်အားစုများ၏စွမ်းအားသည် ပုရွက်ဆိတ်များခန့်သာရှိသည်။

All Chapters