← Chapters

အခန်း (၃၀၅၆-၃၀၆၀)

Vol. 156 Ch. 3056-3060

အခန်း (၃၀၅၆-၃၀၆၀)

Vol. 156 Ch. 3056-3060

Chapter 3056

နောက်ဆုံးတွင် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်တချို့က ဓားသခင်ချင်းမူ၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။

သို့ရာတွင် သူသည် ခေါင်းမာမာဖြင့် ဆက်လက်ပြောဆိုနေဆဲပင်။

"တကယ်လို့ တော်ဝင်နန်းတွင်းက တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်ဆိုရင်တောင် ငါတို့ ရှောင်ပုန်းနေလို့ရတယ်...ပြီးတော့ ငါတို့ ဒါကိုစီစဥ်ထားတာ အချိန်အတော်ကြာနေပြီ...လုံလောက်တဲ့ ကြိုတင်စီမံမှုတွေလည်း လုပ်ပြီးပြီ...ဒါက ချွတ်ချော်တိမ်းစောင်းမှုမရှိနိုင်တဲ့ အစီအစဥ်တစ်ခုပဲ...ဘာမတော်တဆကိစ္စမျိုးမှ ဖြစ်လာမှာမဟုတ်ဘူး"

"ဘယ်လိုဟာသမျိုးလဲ...တကယ်လို့ မင်း ရှောင်ပုန်းချင်တယ်ဆိုရင်...ဘယ်နေရာမှာ ရှောင်ပုန်းမှာလဲ...မင်းတို့ရဲ့အစီအစဥ်နဲ့ မိုးကောင်းကင်မီးတောက်ကုန်းမြေကို သိမ်းပိုက်နိုင်မယ်လို့ မင်း တကယ်ကြီးထင်နေတယ်လို့တော့ ငါ့ကိုမပြောနဲ့...တော်ဝင်နန်းတွင်းက မရေမတွက်နိုင်တဲ့ နယ်မြေတွေကို ထိန်းချုပ်ထားတယ်...ဘယ်တော်ဝင်စစ်တပ်မဆို မင်းတို့အားလုံးကို ပျက်စီးအောင် ဖျက်ဆီးပစ်နိုင်တယ်..မင်းက တကယ့်ကိုနုံအတာပဲ"

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

ဤတစ်ကြိမ်တွင် ဓားသခင်ချင်းမူသည် ပြန်လည်ချေပပြောဆိုခြင်း မရှိတော့ချေ။

လုယွီ ပြောဆိုသွားသည်များမှာ အမှန်တရားပင်။ဤအချိန်တွင် အလယ်ခေတ်အချိန်ကဲ့သို့ ဖရိုဖရဲဖြစ်နေသောနေရာမျိုး မရှိတော့ပေ။

ကောင်းကင်ဘုံနယ်မြေသည် အလွန်ကျယ်ဝန်းသဖြင့် တော်ဝင်နန်းတွင်းသည် နေရာတိုင်းကိုထိန်းချုပ်နိုင်ခြင်းမရှိချေ။သို့ရာတွင် တာယွီအင်ပါယာအတွင်း၌ နေရာတိုင်းကို စုံစမ်းထောက်လှမ်းနိုင်သော နတ်ဘုရားမျက်လုံးဝင်္ကပါကြီးရှိနေသည်။ထိုဝင်္ကပါကြီးသည် နတ်ဆိုးကျင့်ကြံသူများကို ခွဲခြားသိမြင်နိုင်ရုံသာမက ထွက်ပြေးလွတ်မြောက်သွားသူများ၏ သဲလွန်စများကိုလည်း ခြေရာကောက်ပေးနိုင်စွမ်းရှိသည်။

ဓားသခင်ချင်းမူသည် တာယွီအင်ပါယာမှ ထွက်မသွားနိုင်ပါက နတ်ဘုရားမျက်လုံးဝင်္ကပါကြီး၏ခြေရာခံခြင်းကို ခံရမည်မှာ သေချာပေါက်ပင်။

"ဒါပေမယ့် တကယ်လို့ မင်း အညံမခံဘူးဆိုရင်...မင်းက ငါ့အရင် သေရလိမ့်မယ်"

ဓားသခင်ချင်းမူက အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။

လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။

"ဟမ့်...ရယ်စရာကောင်းလိုက်တာ...တကယ်လို့ ငါ သေသွားရင်တောင် တော်ဝင်နန်းတွင်းက ငါ့ရဲ့မိသားစုကို စောင့်ရှောက်လိမ့်မယ်...တကယ်လို့ ငါက စိတ်ဝိညာဥ်အနေနဲ့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ရင် ငါက ယင်ယန်ခန်းမကိုဝင်ပြီးတော့ ပြန်လည်ဝင်စားနိုင်လိမ့်မယ်...မင်းကတော့ တကယ်လို့ မင်းက ကံကောင်းပြီး အသက်ရှင်နေရင်တောင် အဆုံးသတ်ကျရင် မင်းက ပုန်ကန်သူတစ်ယောက်အဖြစ်နဲ့ လူတွေရဲ့ကျိန်ဆဲတာကို ခံရမှာပဲ...မင်းက စိတ်ပျက်ညှိုးငယ်ပြီးတော့ သေရလိမ့်မယ်"

"ပြီးတော့ နတ်ဆိုးဂိုဏ်းက မင်းကို အကျိုးအမြတ်တွေပေးမယ်လို့ မင်း တကယ်ကြီးထင်နေတာလား...တကယ်လို့ သွေးနတ်ဆိုးဂိုဏ်းသာ မြို့ထဲကိုဝင်လာရင် သူတို့က လုယက်သတ်ဖြတ်ကြမှာ သေချာပေါက်ပဲ...အဲ့ဒီလူတွေရဲ့အကျင့်စရိုက်တွေနဲ့ ပတ်သတ်ပြီးတော့ ငါ အများကြီးပြောဖို့ လိုမယ်မထင်ဘူး...သူတို့က နတ်ဆိုးကျင့်ကြံသူတွေ...မင်းကို ကျင့်ဝတ်စည်းကမ်းအတိုင်းဆက်ဆံမယ်လို့ မင်းထင်နေတာလား...မင်းရဲ့သစ်သားစိမ်းဂိုဏ်းက အရင်ဆုံးလုယက်ခံရမယ့်နေရာ ဖြစ်နေမှာကိုတောင် ငါ စိုးရိမ်မိတယ်"

ဓားသခင်ချင်းမူ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။

"မဟုတ်ဘူး...အဲ့ဒီလို မဖြစ်နိုင်ဘူး...ငါက သူတို့နဲ့ ကြိုတင်သဘောတူပြီးသားလေ"

"ဘယ်သူက မင်းနဲ့ ကြိုတင်သဘောတူထားတာလဲ...သူတို့တွေ မြို့ထဲကိုဝင်လာလို့ ဖရိုဖရဲဖြစ်နေတဲ့အချိန်ကျရင် မင်းကိုသက်သေပြပေးမယ့်သူ ရှိလာမယ်လို့ မင်း တကယ်ကြီးထင်နေတာလား...မင်းက သူတို့ရဲ့နယ်ရုပ်တွေထဲက တစ်ရုပ်သက်သက်ပဲ...သူတို့တွေ မြို့ထဲကိုဝင်လာတဲ့အချိန်ကျရင် မင်းကို စွန့်ပစ်လိုက်လိမ့်မယ်...ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်...တကယ်လို့ မြို့သာပျက်စီးသွားရင် မင်းရဲ့ရလဒ်ကလည်း ငါတို့ထက် ပိုမကောင်းမှာ သေချာပေါက်ပဲ...မင်း ခက်ခက်ခဲခဲ ကြိုးစားတည်ထောင်ထားတဲ့ အရာတွေအားလုံးကလည်း တခြားသူတွေရဲ့လက်ထဲကို ရောက်သွားလိမ့်မယ်"

လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေကာ သူသည် အလွန်တည်ငြိမ်သောလေသံဖြင့် ပြောဆိုနေလေ၏။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေကာ ဓားသခင်ချင်းမူ၏မျက်လုံးအတွင်း၌ ရုန်းကန်နေသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

အချိန်အတော်ကြာပြီးနောက် ဓားသခင်ချင်းမူက ခေါင်းမော့ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ကောင်းပြီလေ...ငါက တကယ်ကိုပဲ မှားယွင်းတဲ့လမ်းကြောင်းကို ရွေးချယ်ခဲ့မိတယ်...တကယ်လို့ သူတို့တွေသာ မြို့ထဲကိုဝင်လာရင် ငါ့ရဲ့ဂိုဏ်းလည်း ဒုက္ခခံစားရမှာကို ငါ စိုးရိမ်မိတယ်"

သူသည် ထိုနတ်ဆိုးဂိုဏ်းများအကြောင်းကို ကောင်းစွာသိရှိထားပေ၏။အကျိုးအမြတ်များရရှိစေရန်အလို့ငှာ သူတို့သည် နည်းလမ်းမျိုးစုံကို အသုံးပြုကြပြီး သူတို့၏မိသားစုဝင်များကိုပင် ဂရုမစိုက်ကြရာ ယာယီသဘောတူညီချက်တစ်ရပ်ဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။

"စီရင်စုသခင်...ငါ့ရဲ့ပြစ်မှုတွေအတွက် ငါ ပြန်ချေဖျက်ပေးဖို့ ဆန္ဒရှိပါတယ်...မင်းရဲ့အစီအစဥ်က ဘယ်လိုလဲဆိုတာ ငါ သိချင်မိတယ်...ငါက မင်းရဲ့အမိန့်ကို နာခံပါ့မယ်"

ဓားသခင်ချင်းမူက ရိုသေလေးစားသောလေသံဖြင့်ပြောဆိုကာ သူ၏မျက်နှာပေါ်တွင် ယခင်ကဲ့သို့ မောက်မာဝံ့ကြွားမှုမျိုးမရှိတော့ချေ။

အစောပိုင်းက လှုပ်ရှားရန်ဟန်ပြင်ခဲ့သော ချင်ယင်နှင့်လျှိုမင်တို့သည် ဓားသခင်ချင်းမူအား လုယွီက စကားလုံးအနည်းငယ်ဖြင့် သိမ်းသွင်းနိုင်သည်ကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်နှာများပေါ်၌ အံ့အားသင့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သူတို့သည် လုယွီကို လျှော့တွက်ခဲ့မိပေ၏။

ဤသည်က လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင်။အကယ်၍ သူတို့သည် သူ့အားဖိနှိပ်လိုပါက အင်အားများစွာ စိုက်ထုတ်ရပေမည်။

"တောင်းပန်ပါတယ်...ငါ မင်းကို မယုံတော့ဘူး"

လုယွီက ခက်ထန်တင်းမာစွာ ပြောဆိုသည်။အဆောင်လက်ဖွဲ့တစ်ခုက သူ၏လက်မှ ပျံဝဲကာ ဓားသခင်ချင်းမူ၏မျက်ခုံးနှစ်ခုကြားသို့ ရောက်ရှိသွားသည်။

ဓားသခင်ချင်းမူ၏ခန္ဓာကိုယ် တုန်ရီသွားကာ သူသည် အကန့်အသတ်မရှိသောနာကျင်မှုကို ခံစားနေရသည့်အလား မျက်မှောင်ကြုတ်လိုက်၏။

Chapter 3057

ဓားသခင်ချင်းမူ၏မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားသည်။

"မင်းက စီရင်စုသခင်အဆင့်ပဲရှိတာလေ...ဒါပေမယ့် မင်းက စိတ်ဝိညာဥ်ကို ထိန်းချုပ်နိုင်တယ်...ဒါက ဘယ်လိုမှော်နည်းစနစ်မျိုးလဲ"

သူ၏စိတ်ဝိညာဥ်ကို သံကြိုးကြီးများနှင့်ရစ်ပတ်ချည်နှောင်ထားသကဲ့သို့ ခံစားမိချိန်တွင် သူ တုန်လှုပ်ချောက်ချားသွားသည်။

ထိုသံကြိုးကြီးများသည် အချိန်မရွေး ပေါက်ကွဲသွားတော့မည့်ပုံရသည်။တစ်ဖက်လူ၏စိတ် လှုပ်ရှားလိုက်သည်နှင့် သူ၏စိတ်ဝိညာဥ် ကြေမွှပျက်စီးသွားပေမည်။

ဤမှော်နည်းစနစ်မျိုးသည် လူတိုင်းကျင့်ကြံနိုင်သည့် အရာမျိုးမဟုတ်ချေ။ထို့ပြင် ဤမှော်မန္တန်ကို အလွန်လျှင်မြန်စွာနှင့် တိတ်တဆိတ်အသုံးပြုခဲ့ကာ သူ မည်သည့်ခုခံတားဆီးမှုမျိုးကိုမျှ မလုပ်နိုင်ဘဲ သူ၏စိတ်ဝိညာဥ်ပေါ်သို့ ကျရောက်လာခြင်းဖြစ်သည်။ဤမှော်နည်းစနစ်သည် အမှန်တကယ်ကိုပင် ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းပေ၏။

ဤသည်က သူသည် လောကီအင်မော်တယ်နယ်ပယ် စီရင်စုသခင်တစ်ယောက်နှင့် ရင်ဆိုင်ရသည်နှင့်မတူညီဘဲ အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သော မွန်းစတားအိုကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ပင်။

ချင်ယုနှင့်လျှိုမင်တို့သည်လည်း အလွန်တုန်လှုပ်ချောက်ချားနေကြသည်။လုယွီ ဤကဲ့သို့နည်းလမ်းမျိုးကို အသုံးပြုမည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

"ကျောင်းတော်သားတစ်ယောက် ဆိုတဲ့အတိုင်းပဲ...သူ့မှာ အရည်အချင်းနည်းနည်းတော့ ရှိသားပဲ"

သူတို့နှစ်ယောက်လုံး၏စိတ်အတွင်း၌ ထိုအတွေးမျိုးရှိနေသည်။

ဤအကြောင်းအရာမှတဆင့် လုယွီသည် တာအိုသခင်ထုံထျန်းကို ချက်ချင်းသတ်ဖြတ်နိုင်ခဲ့သည့်ကိစ္စကို ဖြေရှင်းပြီးဖြစ်လေပြီ။ဤသည်က သူ သတ္တိကောင်းခြင်းကြောင့် ဖြစ်ရုံသာမက သူ့ထံတွင် ထိုသို့ပြုလုပ်နိုင်သည့် ခွန်အားမျိုးလည်း ရှိနေသောကြောင့်ဖြစ်သည်။

"ဟူး....စီရင်စုသခင်...မင်း ငါ့ကိုဘာလုပ်စေချင်တာလဲ...ငါ့ကိုပြောပါ"

ဓားသခင်ချင်းမူက သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ သူ၏မျက်နှာပေါ်မှအပြုံး ပို၍ပီပြင်ထင်ရှားလာသည်။

သူ၏ခန္ဓာကိုယ်အတွင်းတွင် စိတ်ဝိညာဥ်တားမြစ်မန္တန်ရှိနေသဖြင့် သူ ပြုလုပ်သောလှုပ်ရှားမှုတစ်ခုစီတိုင်း လုယွီ၏လက်အတွင်းတွင်ရှိသည်။ယခုလက်ရှိချိန်တွင် လုယွီ၏ စကားတစ်ခွန်း သို့မဟုတ် အတွေးတစ်ချက်နှင့်ပင် သူ သေဆုံးသွားကာ သူ၏ရုပ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်နှစ်ခုလုံး ကြေမွှပျက်စီးသွားနိုင်သည်။

ဤသည်က စိတ်ဝိညာဥ်တားမြစ်မန္တန်၏ တုန်လှုပ်ချောက်ချားဖွယ်အကောင်းဆုံး အစိတ်အပိုင်းပင်။ထိုအရာသည် လူတစ်ယောက်ကို ကျေးကျွန်ပြုခြင်းဖြစ်သည်။ထိုလူသည် သစ္စာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ထိုမှော်မန္တန်ကိုရွတ်ဆိုသူ၏အမိန့်ကို လိုက်နာရပေမည်။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"မင်းနဲ့တာအိုပညာရှင်ထုံထျန်းက အမြဲတမ်းယှဥ်ပြိုင်နေကြတယ်လို့ ငါ ကြားထားတယ်...မင်းတို့ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ အငြင်းပွားမှုတွေရှိနေတယ်...အပြင်လူတွေရဲ့အမြင်မှာ မင်းတို့က အခဲမကျေနိုင်တဲ့ရန်သူတွေပဲ...ဟုတ်တယ်မလား"

ဓားသခင်ချင်းမူက ခေါင်းညိတ်ပြလိုက်၏။

"ဒါက အမှန်ပဲ...ငါတို့ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ ရန်ငြှိုးတွေရှိနေတာ အချိန်အတော်ကြာနေပြီ...လင်ကျိုးစီရင်စုက ကြီးမားကျယ်ပြန့်တယ်ဆိုပေမယ့် မြေအနေအထားကောင်းတဲ့နေရာတွေနဲ့ စိတ်ဝိညာဥ်စွမ်းအားရတနာနယ်မြေအများစုကို တော်ဝင်နန်းတွင်းက သိမ်းပိုက်ထားတယ်...ကျန်တဲ့နေရာတွေအတွက် ငါတို့ဂိုဏ်းတွေ တိုက်ခိုက်နေရတယ်...အစကတည်းက အရင်းအမြစ်တွေအများကြီးမရှိတာကြောင့် လူတိုင်းက အဲ့ဒါတွေကို လက်ဝါးကြီးအုပ်ချင်ကြတယ်...ဒါကြောင့် ငါတို့ကြားမှာ ရန်ငြိုးတွေရှိလာတာ ရှောင်လွှဲလို့မရတဲ့ကိစ္စပဲ"

"ကောင်းပြီလေ...ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်"

လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"တာအိုပညာရှင်ထုံထျန်း သေသွားမှတော့ မင်းက ကောင်းကင်ဘုံလမ်းကြောင်းဂိုဏ်းကို လက်လွှဲယူလိုက်တော့...ဒါပေမယ့် ဒီကိစ္စကို အရမ်းကြီးအလျင်စလို မလုပ်နဲ့...အရင်ဆုံး ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တယ်...အချိန်ကျလာတာနဲ့ ငါ လူလွှတ်ပြီးတော့ မင်းကိုအကြောင်းကြားလိုက်မယ်"

"ဘယ်လို...စီရင်စုသခင်...မင်း တကယ်ပြောနေတာလား"

ဓားသခင်ချင်းမူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။

ယေဘုယျကျကျပြောဆိုရလျှင် အင်အားစုများအကြားမှ အင်အားချိန်ခွင်လျှာကို ထိန်းညှိနိုင်ရန်အလို့ငှာ စီရင်စုသခင်များသည် ဂိုဏ်းတစ်ဂိုဏ်းတည်းကို အင်အားများစွာထိန်းချုပ်ခွင့်မပြုချေ။

ဤသည်က ဂိုဏ်းများ၏အင်အားကြီးထွားလာကာ စီရင်စုရုံးတော်၏အခွင့်အာဏာကို ခြိမ်းခြောက်လာနိုင်မည့်ဘေးမှ ကာကွယ်ဟန့်တားခြင်းပင်။အကယ်၍ ဂိုဏ်းတစ်ဂိုဏ်းသည် အရင်းအမြစ်များအားလုံးကို ထိန်းချုပ်ကာ လက်ဝါးကြီးအုပ်သိမ်းပိုက်ထားပါက အဆုံးသတ်၌ တော်ဝင်နန်းတွင်း၏စုံစမ်းစစ်ဆေးမှုဖြင့် ရင်ဆိုင်ရပေမည်။

ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဖြစ်သဖြင့် ဓားသခင်ချင်းမူသည် ထိုကိစ္စကို ကောင်းစွာသိရှိထားပေ၏။ထို့ကြောင့် အတိတ်တွင် သူသည် တာအိုပညာရှင်ထုံထျန်း၏ဂိုဏ်းထံမှ အကျိုးအမြတ်တချို့ရရှိစေရန် တိုက်ခိုက်ခဲ့သော်လည်း အပြည့်အဝဝါးမြိုခြင်း မပြုခဲ့ချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ စီရင်စုသခင်သည် ကောင်းကင်ဘုံလမ်းကြောင်းဂိုဏ်းကို အပြည့်အဝဝါးမြိုရန် သူ့အား ခွင့်ပြုပေးနေသည်။

ဤသည်က သူ့အား ထိုဂိုဏ်းတစ်ဂိုဏ်းလုံးကို လွှမ်းမိုးချုပ်ကိုင်ခွင့်ပြုခြင်းနှင့် တူညီပေ၏။

"စီရင်စုသခင်..."

ချင်ယုနှင့်လျှိုမင်တို့သည် လုယွီကို အလျှင်အမြန် တားဆီးလိုက်ကြသည်။ဤသည်က စည်းမျဥ်းကို ဆန့်ကျင်သည့်ကိစ္စမျိုး ဖြစ်နေသည်။

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။

"အခုချိန်မှာ လင်ကျိုးစီရင်စုတစ်ခုလုံး ပျက်စီးတော့မယ့်အခြေအနေမျိုးကို ရောက်လုဆဲဆဲဖြစ်နေပြီ...ငါ အဲ့ဒီစည်းမျဥ်းဟောင်းတွေကို ဂရုမစိုက်နိုင်တော့ဘူး...ချင်းမူ...တကယ်လို့ မင်း ငါ့အတွက် သေချာအလုပ်လုပ်ပေးမယ်ဆိုရင် တစ်နှစ်ကြာပြီးတာနဲ့ မင်းရဲ့စိတ်ဝိညာဥ်ကို ချိပ်ပိတ်ထားတဲ့မှော်မန္တန်ကို ငါ ဖယ်ရှားပေးမယ်"

Chapter 3058

ဓားသခင်ချင်းမူ၏မှေးမှိန်နေသောမျက်လုံးများ ရုတ်တရက် တောက်ပသွားကာ သူ၏ခေါင်းကိုမော့၍ လုယွီကိုကြည့်လိုက်၏။

"စီရင်စုသခင်...ဒါ တကယ်ပြောတာလား"

လောကီအင်မော်တယ်နယ်ပယ်ကျွေးကျွန်တစ်ယောက် ရရှိခြင်းမှာ မည်သည့်အင်အားစုအတွက်မဆို တန်ဖိုးရှိသည်။

လုယွီက သူ၏လက်ကိုဝှေ့ယမ်း၍ ကျယ်လောင်စွာပြောဆိုသည်။

"ငါက ငါ့ရဲ့စကားကို စောင့်ထိန်းတဲ့သူ...ဒီစကားတွေကို ငါ့ရဲ့အရာရှိစည်းတံဆိပ်ကို အသုံးပြုပြီးတော့ မှတ်တမ်းတင်ထားမယ်...တကယ်လို့ နောင်တစ်ချိန်မှာ ငါ့ရဲ့ကတိစကားကိုမတည်ခဲ့ဘူးဆိုရင် မင်းက တော်ဝင်စစ်ရေးဌာနကိုသွားပြီးတော့ တိုင်ကြားလို့ရတယ်...ဒါပေမယ့် အခုချိန်မှာတော့ မင်းက ငါ့ရဲ့အမိန့်ကိုပဲနာခံပြီးတော့ ကလန်ကဆန်မလုပ်တာ ပိုကောင်းလိမ့်မယ်"

"ဟုတ်ကဲ့...ဟုတ်ကဲ့...စိတ်အေးအေးထားပါ စီရင်စုသခင်...ငါက အကောင်းဆုံး ကြိုးစားပါ့မယ်"

ဓားသခင်ချင်းမူ၏အပြုအမူများ ချက်ချင်းပြောင်းလဲသွားကာ သူက လုယွီကို အလွန်အမင်းရိုသေလေးစားစွာ ဆက်ဆံနေသည်။

စိတ်ဝိညာဥ်တားမြစ်မန္တန်ဖြင့် ထိန်းချုပ်ခံရသူတစ်ယောက်သည် အခြေခံအားဖြင့် သူ၏ကံကြမ္မာကို သူ ဖန်တီးခွင့်မရှိတော့ချေ။ယခုလက်ရှိချိန်တွင် သူ ပြန်ရှင်သန်နိုင်မည့်အခွင့်အရေးကို ရုတ်တရက် ရရှိခဲ့သဖြင့် သူ အလွန်အံ့အားသင့်သွားခဲ့သည်။

"သွားပြီးပြင်ဆင်တော့...ပြီးတော့ ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းရဲ့တာဝန်ခံကိုလည်း အရာရာတိုင်းက ပုံမှန်ပဲလို့ သတင်းပို့လိုက်...တာအိုပညာရှင်ထုံထျန်း သေသွားတဲ့သတင်းကို အခုထုတ်မပြောနဲ့အုံး...သူက မင်းနဲ့အတူရှိနေတယ်လို့သာပြောလိုက်"

"ဟုတ်ကဲ့ပါ စီရင်စုသခင်"

ဓားသခင်ချင်းမူသည် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်အတွက် အလျင်စလို ထွက်ခွာသွားတော့သည်။ဤသည်က တစ်နေ့တစ်ညတည်းဖြင့် ပြုလုပ်၍ရသောကိစ္စမျိုးမဟုတ်သဖြင့် အချိန်အတော်ကြာယူ၍ ပြင်ဆင်ရန်လိုအပ်သည်။

ဓားသခင်ချင်းမူ ထွက်ခွာသွားသည့်တိုင် ချင်ယုနှင့်လျှိုမင်သည် တုန်လှုပ်နေဆဲပင်။

သူတို့က လုယွီသည် ထိုဂိုဏ်းခေါင်းဆောင်နှစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ရန်အတွက် စားသောက်ပွဲတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ခင်းကျင်းခဲ့သည်ဟု မူလက တွေးထင်ထားကြကာ ဤကဲ့သို့အဆုံးသတ်ရလဒ်မျိုး ထွက်လာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

လူတစ်ယောက်ကို လက်အောက်ခံဖြစ်စေခြင်းသည် သတ်ဖြတ်ခြင်းထက် ပို၍ခက်ခဲပေ၏။

"အရမ်းကောင်းတဲ့နည်းလမ်းပဲ စီရင်စုသခင်....ဓားသခင်ချင်းမူက ဓားရေးကျွမ်းကျင်မှုမှာ နာမည်ကျော်ကြားပြီးတော့ သူ့ရဲ့ခွန်အားက လောကီအင်မော်တယ်တွေကြားမှာ တော်တော်လေးကောင်းတယ်...သူ့ရဲ့အကူအညီကိုသာရရင် နတ်ဆိုးကျင့်ကြံသူတွေရဲ့ကျူးကျော်မှုကို ငါတို့တွန်းလှန်တိုက်ခိုက်တဲ့နေရာမှာ အနိုင်ရနိုင်မယ့်အခွင့်အရေးက အတိုင်းအတာတစ်ခုထိ မြင့်တက်သွားလိမ့်မယ်"

ချင်ယုက ချီးမွမ်းစကား ပြောဆိုသည်။

လုယွီက ခေါင်းခါပြလေသည်။

"တကယ်လို့ ငါတို့က အမှန်တကယ်ခုခံချင်တယ်ဆိုရင်...ငါတို့ရဲ့ကိုယ်ပိုင်အင်အားနဲ့ လုံလောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...ဒီကိစ္စအတွက် ငါ့မှာ ကိုယ်ပိုင်အစီအစဥ်တွေ ရှိပြီးသား...မင်းတို့က ငါ့ရဲ့ အရင်ညွှန်ကြားချက်အတိုင်း ကြိုပြီးပြင်ဆင်ထားကြပါ"

"ငါတို့က မင်းရဲ့အမိန့်ကို လိုက်နာပါ့မယ်"

လုယွီ ထုတ်ဖော်ပြသခဲ့သော နည်းလမ်းများကြောင့် စစ်ဗိုလ်ချုပ်နှစ်ယောက်ကို သိမ်းသွင်းနိုင်ပြီးဖြစ်သည်။ထို့ပြင် သူတို့သည် ဓားသခင်ချင်းမူ၏စကားများမှတဆင့် သွေးနတ်ဆိုးဂိုဏ်း မည်သို့ပြုလုပ်မည်ကို သိရှိထားပြီးလေပြီ။

ဤဘေးကပ်ဆိုးကြီးသည် သူတို့ထံသို့ ကျရောက်လာတော့ပေမည်။သူတို့သည် လေးလံသောဖိအားအရှိန်အဝါတစ်ရပ် သူတို့၏ခေါင်းများထက်သို့ ကျဆင်းလာသည့်အလား သူတို့၏စိတ်နှလုံးသားများ လေးလံနေသည်။

"ဒါက ပထမဆုံးအဆင့်ပဲရှိသေးတယ်"

လုယွီ၏စိတ်အတွင်း၌ အတိတ်မှ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မှတ်ဥာဏ်များဖြင့် ပြည့်နှက်နေသည်။

တော်ဝင်နန်းတွင်း၏စည်းမျဥ်းများအရ ပုန်ကန်မှုတစ်ခုဖြစ်ပွားသည်နှင့် နယ်မြေခံအရာရှိများသည် ထိုကိစ္စကို နှံ့နှံ့စပ်စပ် စုံစမ်းရပေမည်။သူတို့သည် အရာအားလုံးကို တော်ဝင်နန်းတွင်းထံသို့ သတင်းပို့ရလေ၏။ထို့ကြောင့် လုယွီသည် ထိုမှတ်ဥာဏ်များမှတဆင့် ဤနေရာတွင် မည်သည့်ကိစ္စရပ်များ ဖြစ်ပွားခဲ့သည်ကို တိတိကျကျ သိရှိခဲ့ရသည်။

လင်ကျိုးစီရင်စုသည် ယခင်က မည်သည့်သတင်းကိုမျှ ကြိုတင်မရရှိခဲ့သော်လည်း ရှေ့ပြေးနိမိတ်တချို့ ရှိနေခဲ့သည်။လင်ကျိုးစီရင်စု၏အလယ်ဗဟိုတွင် မြို့အတွင်းရှိနေရာတိုင်းကို စုံစမ်းထောက်လှမ်းနေသော နတ်ဘုရားမျက်လုံးဝင်္ကပါကြီးရှိသည်။မြို့အနီးသို့ချဥ်းကပ်လာသော မည်သည့်နတ်ဆိုးကျင့်ကြံသူမဆို နတ်ဘုရားမျက်လုံးဝင်္ကပါကြီး၏ ရှာဖွေဖော်ထုတ်ခြင်းကို ခံရပေမည်။

သို့ရာတွင် ထိုအချိန်တုန်းက နတ်ဆိုးကျင့်ကြံသူများသည် မြို့အတွင်းရှိအင်အားစုများနှင့် ပူးပေါင်းထားကာ အခွင့်ကောင်းယူ၍ တိတ်တဆိတ်တိုက်ခိုက်ခဲ့လေ၏။

နှစ်ကူးပွဲတော်ကျင်းပနေစဥ်တွင် ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းမှလူများသည် မြို့တံခါးများကိုတိုက်ခိုက်ကာ စီရင်စုအတွင်းရှိစစ်သားများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်ထားခဲ့သည်။သစ်သားစိမ်းဂိုဏ်း ကောင်းကင်ဘုံလမ်းကြောင်းဂိုဏ်းနှင့်တခြားဂိုဏ်းငယ်များသည် အတူပူးပေါင်း၍ နတ်ဘုရားမျက်လုံးဝင်္ကပါကို တိုက်ခိုက်ခဲ့သည်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ အတွင်းမှာပင် နတ်ဘုရားမျက်လုံးဝင်္ကပါကိုစောင့်ကြပ်သော စစ်သားများအားလုံး အသတ်ခံရသည်။ထို့နောက် ပုန်ကန်သောဂိုဏ်းများ၏လက်ချက်ဖြင့် နတ်ဘုရားမျက်လုံးဝင်္ကပါကြီး ပျက်စီးသွားတော့သည်။

နတ်ဘုရားမျက်လုံးဝင်္ကပါကြီး ပျက်စီးသွားခြင်းသည် ညအချိန်တွင် မီးအိမ်တစ်လုံးငြိမ်းသေသွားသည်နှင့်တူညီကာ အစောင့်တပ်မှစစ်ဗိုလ်ချုပ်များနှင့်စစ်သားများ ရောက်ရှိလာချိန်တွင် စီရင်စုတစ်ခုလုံး ဖရိုဖရဲဖြစ်နေလေပြီ။သူတို့သည် စစ်တပ်နှင့် ပုန်ကန်သူစစ်တပ်ကို မခွဲခြားနိုင်သဖြင့် အဆုံးသတ်တွင် သူတို့အားလုံး ပုန်ကန်သူစစ်တပ်၏သတ်ဖြတ်ခြင်းကို ခံလိုက်ရတော့သည်။

Chapter 3059

ရှန်းရှီ(ယနေ့ခေတ်အချိန်...၃နာရီခွဲ)...လင်ကျိုးစီရင်စုရုံးတော်...

လုယွီသည် အခန်းအတွင်း၌ထိုင်နေကာ သူ၏လက်နှစ်ဖက်ဖြင့် မှော်မန္တန်များကို အဆက်မပြတ် ထုတ်ဖော်နေသည်။

ဟွမ်လျန့်အိမ်မက်ကမ္ဘာ၏ အံ့အားသင့်ဖွယ်အကောင်းဆုံးအစိတ်အပိုင်းမှာ တစ်စုံတစ်ယောက်ကို သူ အစားထိုးနေရာယူရသူနှင့် အပြည့်အဝပေါင်းစပ်ခွင့်ပြုခြင်းပင်။အသိစိတ်အာရုံမှလွဲ၍ လုယွီ၏ရုပ်ခန္ဓာကိုယ်သည် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော လောကီအင်မော်တယ်တစ်ယောက်၏ ရုပ်ခန္ဓာကိုယ်ဖြင့် အပြည့်အဝ အစားထိုးခြင်း ခံထားရလေ၏။

သာမာန်လောကီအင်မော်တယ်များနှင့် နှိုင်းယှဥ်ပါက လင်ကျိုးစီရင်စုသခင်၏ရုပ်ခန္ဓာကိုယ်သည် အနည်းငယ်ပို၍ သန်မာအားကောင်းသည်ဟု ဆိုနိုင်သည်။သူသည် မှော်စွမ်းအင်ကိုအဓိကထား၍ ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူ၏ရုပ်ခန္ဓာကိုယ်သည် လုံလောက်စွာ သန်မာအားကောင်းပေ၏။ဖြစ်နိုင်သည်မှာ သူသည် ကျောင်းတော်သားတစ်ယောက်ဟူသော အဆင့်အတန်းကို ရရှိထားသောကြောင့် ဤမျှထိသန်မာအားကောင်းခြင်းပင်။

ကျောင်းတော်သားတစ်ယောက်ဟူသော အဆင့်အတန်းမှာ သူသည် နောင်အနာဂတ်တွင် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမည်ဟု ဆိုလိုခြင်းမဟုတ်သော်လည်း သူသည် အသက်အရွယ်အပိုင်းအခြားတစ်ခုတွင် ကောင်းကင်ဘုံနယ်မြေ၌ ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့သည်ကို ညွှန်ပြနေသည်။

လုယွီသည် ယခုလက်ရှိချိန်တွင် ဓားရှည်တစ်လက်ကို ထိန်းချုပ်နေကာ တိတ်တဆိတ် သန့်စင်နေခဲ့သည်။သူသည် ထိုဓားရှည်ကို ရင်းနှီးကျွမ်းဝင်စွာ ထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းပင်။

လုယွီသည် ထိုဓားရှည်ကို လေဟာနယ်တစ်နေရာသို့ ထိုးစိုက်လိုက်သည်။လေဟာနယ်အတွင်း၌ လေထုကိုဖြတ်သန်းသွားသည့် စူးရှကျယ်လောင်သောလေတိုးသံ ထွက်ပေါ်လာသည်။ဤဓားသည် လောကကြီးအတွင်းရှိအရာရာတိုင်းကို ထွင်းဖောက်သွားနိုင်ပုံရကာ အလွန်လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုးရှိသည်။

လင်ကျိုးစီရင်စု၏စီရင်စုသခင်သည် ဓားရေးကျွမ်းကျင်သူတစ်ယောက်ပင်။ထို့ကြောင့် လုယွီသည် အစောပိုင်းက စားသောက်ပွဲတွင် တာအိုပညာရှင်ထုံထျန်းကို သတ်ဖြတ်နိုင်ရန်အတွက် ဓားကိုအသုံးပြုနိုင်ခဲ့သည်။

"သူက တော်တော်လေး အားနည်းတာပဲ"

လုယွီက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

ဤကဲ့သို့ခွန်အားမျိုးသည် လောကီအင်မော်တယ်များအကြားတွင် မဆိုးလှဟုဆိုနိုင်သော်လည်း လုယွီ၏အမြင်တွင်မူ အလွန်အားနည်းနေဆဲပင်။

ကျင့်ကြံဆင့်နယ်ပယ်တူများအကြားတွင် လုယွီသည် လောကီအင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်ဖြင့် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို တိုက်ခိုက်နိုင်သူဖြစ်သည်။သူ့အား လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်၏စွမ်းအားဖြင့် တိုင်းတာ၍မရချေ။

"ဒီရုပ်ခန္ဓာကိုယ်နဲ့ကတော့ ရှေးဟောင်းသိုင်းပညာနည်းစနစ်တွေကို အသုံးပြုဖို့ဆိုတာ မဖြစ်နိုင်ဘူး...မဟုတ်ရင် ငါ အဲ့ဒါတွေကို အသုံးမပြုနိုင်သေးခင်မှာဘဲ ငါ့ရဲ့ခန္ဓာကိုယ် ပေါက်ကွဲသွားလိမ့်မယ်"

လုယွီသည် သူ အောင်မြင်ပြီးမြောက်ထားသော ကျင့်ကြံနည်းစနစ်များကို တိတ်တဆိတ်တွေးတောကာ သူ၏စိတ်အတွင်းမှနေ၍ တွက်ဆနေမိသည်။

အကယ်၍ ဓားသခင်ချင်းမူနှင့်တာအိုသခင်ထုံထျန်းသာ အတူပူးပေါင်း၍ တိုက်ခိုက်လာပါက သူ၏ကိုယ်ပိုင်အတွေ့အကြုံဖြင့် သူတို့နှစ်ယောက်ကို ရင်ဆိုင်နိုင်စွမ်းရှိသည်။သို့ရာတွင် ထို့ထက် လူအင်အားများပြားလာပါက သူ၏လက်ရှိခွန်အားဖြင့် သူ သေဆုံးသွားနိုင်ချေမြင့်မားသည်။

"ဒီဟွမ်လျန့်အိမ်မက်ကမ္ဘာထဲမှာ ဘယ်လိုနည်းနဲ့မှ သေလို့မဖြစ်ဘူး...အခုချိန်မှာ ငါက လုံလောက်အောင် အားမကောင်းမှတော့ တခြားနည်းလမ်းတစ်ခုကို ရှာရမယ်"

လုယွီ၏စိတ် အလျှင်အမြန်လှည့်ပတ်နေပြီးနောက် အစီအစဥ်တစ်ခု ထွက်ပေါ်လာသည်။

ထိုအချိန်မှာပင် တံခါးခေါက်သံတစ်သံကို ကြားလိုက်ရကာ မှတ်တမ်းစာရေးက အတွင်းသို့ ဝင်ရောက်လာလေ၏။

"စီရင်စုသခင်...အရှင်ခန့်မှန်းတာ အမှန်ပဲ...ကျွန်တော်တို့တွေ အနီးအနားမှာရှိတဲ့ စီရင်စုတွေကို အကူအညီတောင်းခံမှုတွေ ပေးပို့တဲ့အချိန်မှာ ကြားဖြတ်နှောက်ယှက်တာခံရတယ်...တစ်ယောက်ယောက်ကိုစေလွှတ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် အဆောင်လက်ဖွဲ့နဲ့အသံပေးပို့တာပဲဖြစ်ဖြစ် အဆုံးသတ်ကျတော့ ဘာတုံ့ပြန်မှုမှ ပြန်ရောက်မလာဘူး"

စိုးရိပ်ပူပန်မှုအရိပ်အယောင်တချို့က မှတ်တမ်းစာရေး၏မျက်နှာပေါ်၌ ထင်ဟပ်နေသည်။

စီရင်စုသခင်၏သစ္စာရှိလူယုံတစ်ယောက်ဖြစ်သော မှတ်တမ်းစာရေးကို လုယွီသည် မည်သည့်အရာမျှ ဖုံးကွယ်ထားခြင်းမရှိချေ။ကြာရှည်မည့်အချိန်ကာလတစ်ခုအတွက် လုယွီသည် ထိုလူ၏အကူအညီကို လိုအပ်ပေ၏။

မည်သို့ပင်ဆိုစေကာမူ လင်ကျိုးစီရင်စုအတွင်းတွင် မှတ်တမ်းစာရေးသည် သူ့ထက်ပို၍ 'အပြင်လူ'များအကြောင်းကို ပို၍သိရှိပေမည်။

"အော်...ငါ သိပြီ"

လုယွီက အံ့အားသင့်သွားပုံမရချေ။

လုယွီ၏တုံ့ပြန်မှုကိုမြင်တွေ့ချိန်တွင် မှတ်တမ်းစာရေးက စိုးရိမ်ပူပန်တကြီးပြောဆိုသည်။

"အရှင်....တချို့စကားတွေက ကျွန်တော်ရဲ့အဆင့်အတန်းနဲ့ မသင့်လျော်ပေမယ့် ကျွန်တော် ပြောမှရမယ်...တကယ်လို့ သွေးနတ်ဆိုးဂိုဏ်းကသာ တကယ်ကြီး တိုက်ခိုက်လာမယ်ဆိုရင် လင်ကျိုးစီရင်စုက မခုခံနိုင်မှာ သေချာပေါက်ပဲ...အရှင်က ဒီနေရာကနေ ထွက်သွားသင့်တယ်...တကယ်လို့ အရှင် ခုချိန်မှာ ထွက်သွားမယ်ဆိုရင် နောင်တစ်ချိန်ကျမှ ပြန်လာပြီးတော့ လက်စားချေဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူး"

"ပါးစပ်ပိတ်ထားစမ်း...နောက်တစ်ချိန်ဆိုတဲ့စကားကို မပြောစမ်းနဲ့...ငါက တော်ဝင်နန်းတွင်းကနေ ခန့်အပ်ထားတဲ့ လင်ကျိုးစီရင်စုရဲ့စီရင်စုသခင်ပဲ.. အခုချိန်မှာ လင်ကျိုးစီရင်စုက အန္တရာယ်ထဲကို ကျရောက်နေမှတော့ တကယ်လို့ ငါ သေရရင်တောင် ငါ နောက်တွန့်နေမှာမဟုတ်ဘူး...အဲ့ဒီစကားကို သေချာမှတ်ထား....တကယ်လို့ မင်းက ခွင့်ပြုချက်မရှိဘဲနဲ့ အဝေးကိုထွက်ပြေးမယ်ဆိုရင်...ငါ မင်းကို အရင်ဆုံးသတ်မယ်"

လုယွီက ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်၏။

မှတ်တမ်းစာရေးက အနည်းငယ် ကူကယ်ရာမဲ့ဖြစ်သွားသည်။

"ဒါပေမယ့် ဘာစစ်ကူမှမရှိဘဲနဲ့...တကယ်လို့ သွေးနတ်ဆိုးဂိုဏ်းသာရောက်လာရင် စီရင်စုတစ်စုလုံး ပျက်စီးပြိုလဲသွားမှာကို ကျွန်တော်စိုးရိမ်မိတယ်"

လုယွီက သရော်တော်တော် ပြောဆိုသည်။

"ဘာစစ်ကူမှမရှိဘူးလို့ မင်းကို ဘယ်သူပြောလဲ"

Chapter 3060

လုယွီက စာရွက်တစ်ရွက်ကိုထုတ်ယူကာ စားပွဲပေါ်၌ ဖြန့်ခင်းလိုက်သည်။

ဤစာရွက်သည် တခြားစာရွက်များနှင့် အလွန်ကွဲပြားခြားနားသည်။ဤစာရွက်တွင် ချောမွေ့သောမျက်နှာပြင် ရှိရုံသာမက ဖယောင်းတိုင်မီး၏ရောင်ပြန်ဟပ်မှုအောက်တွင် ထိုအရာမှနေ၍ ခပ်ဖျော့ဖျော့ခရမ်းရောင်အလင်းတန်းတစ်တန်း ထုတ်လွှတ်နေသည်။

ဤသည်က ခရမ်းရွှေစာရွက်ဖြစ်ကာ စျေးများအတွင်း၌ အင်မော်တယ်ကျောက်တုံးထောင်နှင့်ချီ၍ ပေးဝယ်ရသောပစ္စည်းမျိုးဖြစ်သဖြင့် လွန်စွာအဖိုးတန်ရှားပါးပေ၏။

ယေဘုယျအားဖြင့် ခရမ်းရွှေစာရွက်ကို အလွန်အရေးကြီးသော အကြောင်းကိစ္စမျိုးတွင်သာ အသုံးပြုသည်။ဥပမာအနေဖြင့် ဝင်္ကပါဖွဲ့စည်းပုံတချို့ အဖိုးမဖြတ်နိုင်သောရှေးဟောင်းစာအုပ်များ ကျင့်ကြံနည်းစနစ်များနှင့် အဆောင်လက်ဖွဲ့တချို့ ပြုလုပ်ရာတွင်သုံးစွဲသည်။

အကယ်၍ သာမာန်စာရွက်တစ်ရွက်ဆိုပါက ထိုအရာများ၏စွမ်းအားကို တောင့်ခံနိုင်ရန် လွန်စွာခက်ခဲပေမည်။သာမာန်အားဖြင့် ထိုအရာများရေးဆွဲ၍ မပြီးသေးမီမှာပင် စာရွက်စုတ်ပြဲသွားလေ့ရှိသည်။ဤခရမ်းရွှေစာရွက်သည် ကျန်းမိသားစု၏အရေးကြီးသော အဓိကထုတ်ကုန်တစ်ခုပင်။ထိုအရာသည် ကျန်းမိသားစု ချမ်းသာကြွယ်ဝလာစေရန် ထောက်ပံပေးနေသော အခြေခံအုတ်မြစ်လည်းဖြစ်သည်။

လုယွီ ခရမ်းရွှေစာရွက်ကို ထုတ်ယူလိုက်သည်အား မြင်တွေ့ချိန်တွင် မှတ်တမ်းစာရေးသည် အနည်းငယ်ကြက်သေသေသွားလေ၏။

ထို့နောက် သူက ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် ပျာပျာသလဲပြောဆိုသည်။

"အရှင်...ဒါက ကျန်းမိသားစုရဲ့သခင်လေး လက်ဆောင်ပေးထားတဲ့ဟာ မဟုတ်လား...ခရမ်းရွှေစာရွက်က အရမ်းအဖိုးတန်ပြီးတော့ အပြင်မှာ ဝယ်ချင်တိုင်းဝယ်လို့မရဘူး...အခု အရှင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

စီရင်စုသခင်၏သစ္စာရှိလူယုံတစ်ယောက်ဖြစ်သဖြင့် မှတ်တမ်းစာရေးသည် ခရမ်းရွှေစာရွက်၏အရေးပါပုံကို ကောင်းစွာသိရှိထားပေ၏။

လုယွီသည် ယခုလက်ရှိချိန်တွင် ထိုအရာကို အသုံးပြုလိုခြင်းမှာ သူ မျှော်မှန်းထားသည်ထက် ပို၍ကျော်လွန်နေသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီ ရေးသားလိုက်သော ပထမဆုံးစာကြောင်းကိုမြင်တွေ့ချိန်၌ သူ၏မျက်ခွံများ လှုပ်ခတ်သွားသည်။

လုယွီသည် သူ၏စိတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းကာ စုတ်တံကိုကိုင်၍ ခရမ်းရွှေစာရွက်ပေါ်၌ ပထမဆုံးစာကြောင်းကို ရေးသားလိုက်၏။

"မိုးကောင်းကင်မီးတောက်ကုန်းမြေ လင်ကျိုးစီရင်စုရဲ့ စီရင်စုသခင်ဖြစ်တဲ့...ဒီငယ်သားက အရှင်မင်းကြီးကို သတင်းပို့ပါတယ်....."

ဤအချိန်အခိုက်အတန့်တွင် တာယွီအင်ပါယာကို အုပ်ချုပ်နေသူမှာ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ပင်။

လုယွီသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏စိတ်ဆန္ဒနှင့် ဆက်သွယ်မှုတချို့ရှိနေသဖြင့် စာရွက်ပေါ်ရှိစာလုံးတိုင်း တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။

ဤသည်က ဧကရာဇ်ထံသို့ အကူအညီများစေလွှတ်ပေးရန် သတင်းပို့မည့်စာလွှာပင်။

"အရှင်...အုပ်ချုပ်ရေးရုံးတော်ကို စစ်ကူတွေစေလွှတ်ပေးဖို့ ဘာလို့မတောင်းဆိုတာလဲ...ဒီသတင်းပို့စာလွှာကို ဧကရာဇ်မင်းကြီးဆီရောက်အောင် ဘယ်လိုပို့ရမလဲဆိုတာကို ထည့်မပြောရင်တောင်...ဒါက အမိန့်ပြန်ရဖို့အတွက် တော်ဝင်မြို့တော်မှာ အကြာကြီးစောင့်ဆိုင်းနေရလိမ့်မယ်...လင်ကျိုးစီရင်စုတစ်စုလုံး ပျက်စီးသွားရင်တောင် ဘာအကူအညီမှရောက်လာမှာမဟုတ်ဘူး"

မှတ်တမ်းစာရေးက ကြမ်းပြင်ပေါ်သို့ ခြေဆောင့်နင်း၍ ပြောဆိုသည်။

လုယွီက ခေါင်းခါပြလိုက်၏။

"မိုးကောင်းကင်မီးတောက်ကုန်းမြေကို သွေးနတ်ဆိုးဂိုဏ်းက ဝါးမြိုထားတာ အချိန်အတော်ကြာနေပြီ...ကြယ်တာရာအိမ်တော်နဲ့အုပ်ချုပ်ရေးရုံးတော်ကို ယုံကြည်အားကိုးလို့မရဘူး"

လုယွီ ဖွင့်ဟပြောဆို၍မရသော ကိစ္စတချို့ရှိနေသည်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မှတ်ဥာဏ်များသည် ပြည့်စုံခြင်းမရှိသောကြောင့် သူသည် အုပ်ချုပ်သူအရှင်ကို သိရှိသော်လည်း နောက်ပိုင်းတွင် စုံစမ်းစစ်ဆေးမှုများပြီးဆုံးချိန်၌ မည်ကဲ့သို့ရလဒ်မျိုးထွက်ပေါ်လာသည်ကို သူ မမှတ်မိချေ။

သို့ရာတွင် အဆုံးသတ်၌ အုပ်ချုပ်သူအရှင်သည် ပုန်ကန်ရန်ရည်ရွယ်ချက်ရှိနေခဲ့သဖြင့် သူ၏မိသားစုဝင်များအားလုံးနှင့်အတူ ကွပ်မျက်ခံခဲ့ရသည်။

အုပ်ချုပ်သူအရှင် အပြစ်ကျူးလွန်ခြင်းရှိမရှိအပေါ် လုယွီ အလောင်းအစားမလုပ်ဝံ့ချေ။ဤလင်ကျိုးစီရင်စုသည် အလွန်သေးငယ်သဖြင့် အုပ်ချုပ်သူအရှင်၏ကစားပွဲမှ နယ်ရုပ်တစ်ရုပ်မျှသာဖြစ်နိုင်သည်။

အကယ်၍ သူသည် အုပ်ချုပ်ရေးရုံးတော်ထံ အကူအညီတောင်းခံလိုက်ပါက အဆုံးသတ်တွင် စစ်ကူများ မရရှိရုံသာမက ပုန်ကန်သူများ ပို၍အာရုံစိုက်လာစေရန် ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားပေမည်။

လုယွီသည် ထိုကိစ္စကို ထပ်ခါတလဲလဲ တွေးတောပြီးမှသာ နောက်ဆုံး၌ တော်ဝင်နန်းတွင်းသို့ တိုက်ရိုက်အကူအညီတောင်းခံရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းပင်။

ဤသည်က ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ဖြစ်သဖြင့် လုယွီသည် တော်ဝင်နန်းတွင်းမှ သူ စစ်ကူတောင်းခံ၍ရမရကို အတပ်မပြောနိုင်ချေ။သို့ရာတွင် ဤသည်က သူ့အတွက် လမ်းကြောင်းတစ်ခုသာဖြစ်သည်။အကယ်၍ သူသည် တော်ဝင်နန်းတွင်းမှ စစ်ကူများရောက်ရှိလာချိန်ကို အမှန်တကယ် ထိုင်စောင့်နေပါက သူ၏လင်ကျိုးစီရင်စု ပျက်စီးသွားပေလိမ့်မည်။

လုယွီသည် သတင်းပို့စာလွှာအတွင်း၌ လင်ကျိုးစီရင်စု၏ ယခုလက်ရှိအခြေအနေကို ရေးသားခဲ့သည်။သူ၏ကိုယ်ပိုင်သုံးသပ်ချက်အရ ပုန်ကန်သူများကို နှိမ်နင်းနိုင်ရန်အတွက် အနိမ့်ဆုံးအနေဖြင့် ရွှယ်အင်မော်တယ်တစ်ယောက် တပ်မှူးအဖြစ်ရှိသော စစ်သားများကို ချက်ချင်းစေလွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ထိုသတင်းပို့စာလွှာကိုရေးသားပြီးနောက် လုယွီက သူ၏အရာရှိစည်းတံဆိပ်ကိုထုတ်ကာ ခရမ်းရွှေစာရွက်ပေါ်၌ ခတ်နှိပ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် တုန်လှုပ်ချောက်ချားဖွယ် လေဟာနယ်စွမ်းအားလှိုင်းများက ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသည်။

မှတ်တမ်းစာရေးက ထိတ်လန့်တကြားပြောဆိုသည်။

"အရှင်...ဖြစ်နိုင်တာတော့ ဒီသတင်းပို့စာလွှာကို တော်ဝင်နန်းတွင်းဆီ ပို့မလို့လား...ဒါက အရမ်းဝေးလွန်းတယ်...ကျွန်တော်တို့စီရင်စုက တော်ဝင်မြို့တော်နဲ့ အရမ်းဝေးတဲ့နေရာမှာရှိနေတာ...တကယ်လို့ ကျွန်တော်တို့က အချက်ပြဝင်္ကပါကို အသုံးမပြုဘူးဆိုရင် ဘယ်လိုနည်းနဲ့မှ ဆက်သွယ်လို့ရမှာ မဟုတ်ဘူး"

လင်ကျိုးစီရင်စုအတွင်းရှိ ဝင်္ကပါသည် ကြယ်မြစ်အတွင်းတွင်ရှိနေသည့် အနီးအနားရှိစီရင်စုတချို့နှင့်သာ ဆက်သွယ်နိုင်သည်။

All Chapters