← Chapters

အခန်း (၃၀၆၁-၃၀၆၅)

Vol. 156 Ch. 3061-3065

အခန်း (၃၀၆၁-၃၀၆၅)

Vol. 156 Ch. 3061-3065

Chapter 3061

အကယ်၍ ဤသတင်းပို့စာလွှာကို နန်းတွင်းသို့ပေးပို့လိုပါက ကြယ်တာရာအိမ်တော်သို့ အရင်ဆုံးပို့ဆောင်ရန်လိုအပ်သည်။

အချက်ပြဝင်္ကပါသည် အလွန်အမင်းကြီးမားသော ဝင်္ကပါတစ်ခုဖြစ်ကာ အဓိကအားဖြင့် သတင်းများပေးပို့ရာတွင် အသုံးပြုသည်။သို့ရာတွင် တာယွီအင်ပါယာသည် အလွန်ကျယ်ဝန်းသဖြင့် သတင်းပို့စာလွှာများကို တခြားသူများ ကြားဖြတ်နှောက်ယှက်ခြင်းမှ ကာကွယ်ဟန့်တားရန်အတွက် နေရာတိုင်းတွင် ခင်းကျင်းနိုင်ခြင်းမရှိချေ။

တော်ဝင်နန်းတွင်းမှနေ၍ ဤအချက်ပြဝင်္ကပါအပါအဝင် အမျိုးမျိုးသောဝင်္ကပါများကို ခင်းကျင်းလိုပါက ဝင်္ကပါပညာရှင်များကိုစေလွှတ်ရန်လိုအပ်သည်။

လင်ကျိုးစီရင်စုကို ဥပမာအနေဖြင့်ထား၍ ကြည့်ကြပါစို့။စီရင်စုအတွင်းရှိ အချက်ပြဝင်္ကပါကို ထိန်းသိမ်းနိုင်ရန်အတွက် နှစ်စဥ်နှစ်တိုင်း အခွန်အခဆယ်ရာခိုင်နှုန်း ပေးဆောင်နေရသဖြင့် ထိုအရာမည်မျှထိအရေးပါသည်ကို သိရှိနိုင်သည်။

သို့ရာတွင် အဆုံးသတ်၌ လင်ကျိုးစီရင်စုအတွင်းရှိ အချက်ပြဝင်္ကပါသည် အုပ်ချုပ်ရေးရုံးတော်နှင့်သာ ဆက်သွယ်နိုင်ပေ၏။

ထိုအရာမှတဆင့် တော်ဝင်နန်းတွင်းသို့ ဆက်သွယ်ရန်မှာ မဖြစ်နိုင်ချေ။

"ဒါက အဆင်ပြေပါတယ်...ငါ စိတ်ဝိညာဥ်ကျောက်တုံးတွေလုံလောက်ဖို့ပဲ လိုအပ်တယ်"

လုယွီ၏မှော်စွမ်းအားများ လှုပ်ခတ်သွားခြင်းနှင့်အတူ သူ၏ရှေ့ရှိ ရာနှင့်ချီသောသေတ္တာများ တပြိုင်နက်တည်းပွင့်သွားသည်။

သေတ္တာတစ်ခုစီတွင် စိတ်ဝိညာဥ်ကျောက်တုံးများဖြင့် ပြည့်နှက်နေသဖြင့် ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအားများက အခန်းအတွင်း၌ ပြည့်နှက်သွားပေ၏။

ထိုအချိန်မှသာ မှတ်တမ်းစာရေးသည် လုယွီ၏ရှေ့ရှိ သေတ္တာများကို သတိပြုမိသွားသည်။

"ဒီနေရာမှာ စိတ်ဝိညာဥ်ကျောက်တုံး သန်းတစ်ရာကျော်လောက် ရှိနေတာပဲ...ဖြစ်နိုင်တာတော့ အရှင်ကိုယ်တိုင် သတင်းစကားပေးပို့မလို့လား...ဒါက အရမ်းအန္တရာယ်များလွန်းတယ်...အရှင်...ဘာလို့ စီရင်စုထဲမှာရှိတဲ့ ဝင်္ကပါပညာရှင်တွေကို မဖိတ်ကြားတာလဲ"

မှတ်တမ်းစာရေးက ခါးသည်းသောလေသံဖြင့် အကြံပြုသည်။

လင်ကျိုးစီရင်စု၏စီရင်စုသခင်သည် ချမ်းသာကြွယ်ဝသောကုန်သည်မိသားစုမှ ဆင်းသက်လာသူဖြစ်သော်လည်း သူ့မိသားစု၏ချမ်းသာကြွယ်ဝမှုသည် အလွန်ဖြုန်းတီးနိုင်သောအရာမျိုးမဟုတ်ချေ။

ထို့ပြင် စီရင်စုသခင်၏ချမ်းသာကြွယ်ဝမှုဖြင့် စိတ်ဝိညာဥ်ကျောက်တုံးသန်းတစ်ရာကျော်ကို သုံးစွဲရန်မှာ လွန်စွာခက်ခဲပေမည်။

"ဝင်္ကပါပညာရှင်လား...ဘာဝင်္ကပါပညာရှင်ကိုမှ ငါ မလိုအပ်ဘူး"

လုယွီက ရုတ်တရက် သူ၏လက်ဖြင့် စုတ်တံကိုကိုင်ကာ လေထုအတွင်း၌ အနက်ရောင်နဂါးတစ်ကောင်၏ပုံစံ ရေးဆွဲလိုက်သည်။ထိုအရာကို မင်ဖြင့်ရေးဆွဲထားသော်လည်း လေထုအတွင်း၌မျောလွင့်နေကာ ပျက်ပြယ်သွားခြင်းမရှိချေ။

မှတ်တမ်းစာရေး၏အံ့အားသင့်နေသောအကြည့်အောက်တွင် ထိုအနက်ရောင်နဂါးသည် ပါးစပ်ကိုဖွင့်ဟကာ လုယွီ၏လက်အတွင်းရှိ သတင်းပို့စာလွှာကို ဝါးမြိုလိုက်၏။

ဘန်း...ဘန်း...ဘန်း...

ရုတ်ချည်းဆိုသလိုပင် အခန်းအတွင်း၌ရှိနေသော စိတ်ဝိညာဥ်ကျောက်တုံးများအားလုံး ကြေမွှပျက်စီးသွားတော့သည်။ထို့နောက်ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအားများက လေထုအတွင်း၌ မျောလွင့်နေကာ တဖြည်းဖြည်း မင်နဂါးကြီး၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။

ဤပေါကြွယ်ဝသော စိတ်ဝိညာဥ်စွမ်းအားများ၏ ကူညီထောက်ပံမှုဖြင့် အနက်ရောင်နဂါးကြီး၏ခန္ဓာကိုယ် ယခင်ထက်ဆယ်ဆခန့် ကြီးမားကျယ်ပြန့်သွားလေ၏။ထိုနဂါးကြီးသည် အစွယ်များကိုဖြဲဟ၍ ခြေစွယ်လက်စွယ်များကိုဝှေ့ယမ်းကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

ဝှစ်ခနဲအသံတစ်သံနှင့်အတူ အနက်ရောင်နဂါးကြီးသည် ပြတင်းပေါက်ကိုဖြတ်သန်း၍ ပျံသန်းသွားသည်။အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ထိုအရာသည် အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။

မှတ်တမ်းစာရေးသည် အချိန်အတော်ကြာသည်အထိ ကြက်သေသေသွားလေ၏။ထို့နောက် သူက တီးတိုးရေရွတ်လိုက်သည်။

"အရှင်...ခုဏ အရှင်ဆွဲလိုက်တာက ဘာကြီးလဲ...ဖြစ်နိုင်တာတော့ အဲ့ဒါက ပန်းချီတာအိုရဲ့ ဒဏ္ဍာရီလာ ရေးဆွဲနည်းစနစ်လား"

လုယွီက ခေါင်းညိတ်ပြကာ တည်ငြိမ်စွာပြောဆိုသည်။

"တကယ်လို့ တော်ဝင်နန်းတွင်းကသာ ဒီကိစ္စတွေကို သိသွားမယ်ဆိုရင် စစ်ကူတွေပို့လိုက်မှာ သေချာပေါက်ပဲ...ငါ မင်းကိုလုပ်ခိုင်းထားတဲ့ကိစ္စတွေ အခုချက်ချင်း သွားပြီးစီစဥ်တော့"

ဤသည်က အမှန်တကယ်ကို ပန်းချီရေးဆွဲခြင်းနည်းစနစ်ပင်။

မှတ်တမ်းစာရေး၏ခန္ဓာကိုယ်သည် ထူးဆန်းအံ့ဖွယ်ဖြစ်ရပ်တစ်ခုကို မြင်တွေ့မိသည့်အလား စိတ်လှုပ်ရှားမှုကြောင့် တုန်ရီသွားသည်။ထို့နောက် သူက အခန်းအတွင်းမှနေ၍ အလျှင်အမြန် ထွက်ခွာသွားတော့သည်။

....

လေဟာနယ်အတွင်း၌ မရေမတွက်နိုင်သော မျက်လုံးအကြည့်များသည် ထိုအနက်ရောင်နဂါးကြီးပေါ်၌ စုဝေးနေကာ အချိန်အတော်ကြာသည်အထိ သူတို့သည် အကြည့်လွှဲသွားခြင်းမရှိချေ။

တခြားသူများ တွေ့မြင်နိုင်မည်မဟုတ်သော်လည်း စာစစ်သူများ၏အမြင်အောက်၌ ထိုမင်နဂါးကြီးသည် ကြယ်မြစ်ကိုဖြတ်သန်း၍ အလွန်လျှင်မြန်စွာ ပျံသန်းသွားသည်ကို တွေ့မြင်ရပေ၏။

ထိုမင်နဂါးကြီး၏အရှိန်သည် အလွန်အမင်း လျှင်မြန်ကာ ကြယ်မြစ်အတွင်း၌ နောက်ချန်ပုံရိပ်ယောင်အဖြစ်သာ ကျန်ရစ်ခဲ့သည်။

"လူတိုင်းပဲ...တကယ်လို့ ငါ ထင်တာမမှားဘူးဆိုရင် အဲ့ဒါက ပန်းချီရေးဆွဲတာ သက်သက်မဟုတ်ဘူး...ဒါက သက်ရှိသတ္တဝါတစ်ကောင် ဖန်တီးတာပဲ...အရင်တုန်းက ဒီနည်းစနစ်ကို စာပေသူတော်စင်ကျန်း အသုံးပြုခဲ့တာ ငါ မြင်တွေ့ဖူးတယ်...ဒါက ကွန်ဖြူးရှပ်ဥပဒေသကို အဆုံးစွန်ဆုံးအဆင့်ထိ ကျင့်ကြံထားမှသာ အသုံးပြုနိုင်တဲ့ နည်းစနစ်ပဲ...ပြီးတော့ ပန်းချီတာအိုမှာ ပါရမီအရည်အချင်း မြင့်မားတဲ့သူတွေပဲ ဒီလိုမျိုးဖန်တီးနိုင်မယ်...မဟုတ်ရင် သူ ဘယ်လောက်ပဲ ပန်းချီတာအိုကို ကျင့်ကြံနေပါစေ အသုံးဝင်မှာမဟုတ်ဘူး"

ထိုစကားကိုပြောဆိုလိုက်သူသည် တော်ဝင်ကျောင်းတော်မှ မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်ပင်။သူသည် မင်နဂါးကြီးကို စူးစိုက်၍ကြည့်ကာ လေးလံသော သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ကောလဟာလများအရ မသေမျိုးအဆင့်နတ်ဘုရားစုတ်တံဟူသော မှော်ရတနာတစ်ခု ရှိခဲ့ဖူးသည်။တစ်စုံတစ်ယောက်သည် ထိုနတ်ဘုရားစုတ်တံကို ပိုင်ဆောင်ထားပါက အသိဥာဏ်ရှိသော သက်ရှိသတ္တဝါများကို ရေးဆွဲနိုင်သဖြင့် အလွန်အမင်း နက်နဲသိမ်မွေ့သောမှော်ရတနာတစ်ခုပင်။

သို့ရာတွင် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ လုယွီ ကိုင်ဆောင်ထားသည်မှာ သာမာန်စုတ်တံတစ်ချောင်းဖြစ်သည်။သူသည် ဤကဲ့သို့ပုံစံမျိုး ထွက်ပေါ်လာအောင် ရေးဆွဲနိုင်ခဲ့သဖြင့် ပန်းချီတာအိုတွင် သာလွန်ထူးကဲသော ပါရမီအရည်အချင်းရှိသည်မှာ သိသာထင်ရှားလှ၏။

Chapter 3062

"သူက မြေကမ္ဘာအင်မော်တယ်တစ်ယောက်လေ...ဘယ်လိုလုပ်ပြီးတော့ ဥပဒေသကို ထိတွေ့နိုင်တာလဲ"

စစ်ဆေးရေးမှူးတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

နန်းတွင်းစာမေးပွဲ၌ စစ်ဆေးရေးမှူးများအဖြစ် တာဝန်ထမ်းဆောင်နေသူများသည် အုပ်ချုပ်ရေးရုံးတော်များမှ အရေးပါသောအရာရှိများပင်။

ထိုအရာရှိများသည် နန်းတွင်းစာမေးပွဲမှနေ၍ သူတို့၏ရုံးတော်များအတွက် သင့်လျော်သော ပါရမီရှင်များကို ရွေးချယ်လေ့ရှိသည်။သူတို့သည် နာမည်စာရင်းတစ်ခုကို ကြိုတင်ပြင်ဆင်၍ ကျောင်းတော်သားများကိုခွဲဝေပေးရန် တော်ဝင်စစ်ရေးဌာနသို့ တောင်းဆိုကြ၏။

စာပေနှင့်တိုက်ခိုက်ရေးစာမေးပွဲတွင် ပထမရခဲ့သူဖြစ်သဖြင့် လုယွီသည် ထိုအရာရှိများအားလုံး၏ အာရုံများစူးစိုက်မိရာ ဗဟိုချက်ဖြစ်နေသည်။

တော်ဝင်ကျောင်းတော်၏မဟာကွန်ဖြူးရှပ်ပညာရှင်က ပြောဆိုသည်။

"အဲ့ဒီကောင်လေးက စာပေသူတော်စင်ယီရဲ့တပည့်လို့ ငါ ကြားထားတယ်...သူက ကွန်ဖြူးရှပ်တာအိုကိုကျင့်ကြံတာ အသင့်တော်ဆုံးပဲ...နန်းတွင်းစာမေးပွဲပြီးတာနဲ့ သူ့ကို တော်ဝင်ကျောင်းတော်ဆီလွှတ်ပြီးတော့ ကျင့်ကြံခိုင်းတာ ပိုမကောင်းဘူးလား...ဒါက နောင်အနာဂတ်မှာ သူ စာပေသူတော်စင်ရဲ့အမွေအနှစ်ကို ဆက်ခံဖို့ ပိုပြီးလွယ်ကူသွားလိမ့်မယ်"

သူ၏စကားလုံးများသည် ချက်ချင်းဆိုသလိုပင် တခြားသူများ၏ဝေဖန်မှုများကို ထွက်ပေါ်လာစေသည်။

"ဒါက မသင့်တော်ဘူး...လုယွီက စာပေနဲ့တိုက်ခိုက်ရေး စစ်ဆေးမှုနှစ်ခုလုံးမှာ ပထမနေရာကိုရထားခဲ့တာ...တကယ်လို့ ငါတို့က သူ့ကို တော်ဝင်ကျောင်းတော်မှာသာ ကျင့်ကြံခွင့်ပြုလိုက်ရင် သူ့ရဲ့အရည်အချင်းကို ဖြုန်းတီးသလိုဖြစ်သွားမယ်...သူက ဖူရှီခေါင်းလောင်းကိုတောင် ကြေမွှပျက်စီးစေခဲ့တဲ့သူတစ်ယောက်...မဟာစစ်ဗိုလ်ချုပ်တွေကလည်း ဒီကိစ္စကို သဘောတူမယ်မထင်ဘူး"

"နန်းတွင်းစာမေးပွဲက ခုမှအစရှိသေးတယ်...ဘာတွေဖြစ်လာမလဲဆိုတာ မသိရသေးဘူး...ဒါပေမယ့် ငါ့ရဲ့အမြင်အရတော့ လုယွီက စစ်တပ်ထဲကိုဝင်တာ ပိုကောင်းလိမ့်မယ်"

တော်ဝင်စစ်တပ်မှစစ်ဗိုလ်ချုပ်တစ်ယောက်က ပြောင်ပြောင်ဘွင်းဘွင်း ပြောဆိုလေ၏။

"သူ့ရဲ့လက်ရှိခွန်အားနဲ့ဆိုရင် ပုန်ကန်သူတွေကိုဖိနှိပ်ဖို့ အင်အားတစ်ရပ်အနေနဲ့ အသုံးပြုနိုင်လိမ့်မယ်...သူက အဲ့ဒီပုန်ကန်သူတွေကို နှိမ်နင်းတဲ့နေရာမှာ ကွန်ဖြူးရှပ်ဥပဒေသကို အသုံးပြုလို့မရမှာ ငါ စိုးရိမ်မိတယ်"

ပတ်ဝန်းကျင်ရှိ တခြားစစ်ဗိုလ်ချုပ်များကလည်း ရယ်မောလိုက်ကြသည်။လုယွီ၏ ယခုလက်ရှိအခြေအနေဖြင့် သူ့ထံတွင် ပုန်ကန်သူများကိုဖိနှိပ်နိုင်သည့် အင်အားမျိုးရှိနေသည်။

လုယွီသည် စားသောက်ဆိုင်အတွင်း၌ ဂိုဏ်းခေါင်းဆောင်နှစ်ယောက်ကို ဖြေရှင်းပြီးနောက် စစ်ဗိုလ်ချုပ်အများစုသည် ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ကြ၏။ဤသည်က နည်းဗျူဟာပညာရှင်များသာ ပြုလုပ်နိုင်သောကိစ္စပင်။သူသည် တခြားသူများ သတိလက်လွတ်ဖြစ်နေပြီး ကြိုတင်ပြင်ဆင်မထားသည့်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"ဒါပေမယ့် လုယွီက ရန်သူရဲ့စဦးလှုပ်ရှားမှုတွေကို ကြိုတင်ခန့်မှန်းနိုင်တယ်ဆိုရင်တောင်...တခြားကျောင်းတော်သားတွေက ထိန်းညှိနေတဲ့ အခြေအနေမှာပဲရှိသေးတယ်...သူက လှုပ်ရှားမှုတချို့ လုပ်ပြီးပြီ...သူ့ရဲ့တုံ့ပြန်မှုတွေက နည်းနည်းစိတ်လောနေသလိုပဲ"

ဗိုလ်ချုပ်အိုကြီးတစ်ယောက်က မျက်မှောင်ကြုတ်၍ သူ၏မုတ်ဆိတ်မွှေးများကိုပွတ်သပ်ကာ ပြောဆိုသည်။

လူငယ်အများစုသည် အနည်းငယ်စိတ်လောတတ်ခြင်းမှာ နားလည်ပေးနိုင်သည့်အချက်ပင်။

သို့ရာတွင် လုယွီသည် ညအချိန်တွင် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းသို့ စတင်ဝင်ရောက်ခဲ့ပြီးနောက် မနက်ပိုင်းတွင် ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကိုသတ်ဖြတ်ကာ နေ့လည်ပိုင်းအချိန်တွင် တော်ဝင်နန်းတွင်းသို့ အကူအညီတောင်းခံပြီးလေပြီ။ဤသည်က သူသည် အချိန်လု၍ ယှဥ်ပြိုင်နေရသော ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နေသည်နှင့်တူညီကာ ယခင်က မည်သူတစ်ဦးတစ်ယောက်မျှ ဤကဲ့သို့မပြုလုပ်ခဲ့ချေ။

ဤလှုပ်ရှားမှုများသည် အတွေ့အကြုံရင့်ကျက်သူများ၏အမြင်တွင် အနည်းငယ်ကမူးရှုးထိုးနိုင်နေကာ မဆင်ခြင်ရာကျနေသည်။

နန်းတွင်းစာမေးပွဲသည် အချိန်တစ်နှစ် ရရှိပေ၏။

"လင်ကျိုးစီရင်စု....ငါ အဲ့ဒါကို ရင်းနှီးကျွမ်းဝင်နေသလိုမျိုး ဘာလို့ခံစားနေရတာလဲ...မှတ်တမ်းရုံးမှာ လင်ကျိုးစီရင်စုနဲ့ပတ်သတ်တဲ့ အချက်အလက်တွေများ ရှိနေလား"

ကျန်းရွှမ်စဲက ရုတ်တရက် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ မေးမြန်းလိုက်သည်။

အရာရှိများအနက်မှတစ်ယောက်က သူ၏လက်ညှိုးဖြင့် သူ့နဖူးပြင်ကို ပြန်လည်ထိတွေ့လေသည်။အချိန်အတော်ကြာ စဥ်းစားတွေးတောပြီးနောက် စာလိပ်တစ်လိပ်က ရုတ်တရက် သူ၏လက်မှ ပျံဝဲထွက်လာသည်။

"ဒါက လွန်ခဲ့တဲ့သုံးဆယ့်ကိုးနှစ်က လင်ကျိုးစီရင်မှုမှာဖြစ်ခဲ့တဲ့ ပုန်ကန်မှုမှတ်တမ်းပဲ"

ထိုအရာရှိက လက်ညှိုးညွှန်လိုက်ရာ စာလိပ်သည် ဖြည်းညှင်းစွာအလိပ်ပြေသွားလေ၏။

စစ်ဆေးရေးမှူးများအားလုံး ထိုစာလိပ်ကိုတစ်ချက်ကြည့်ပြီးနောက် သူတို့က ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြသည်။

"နတ်ဆိုးကျင့်ကြံသူတွေနဲ့ပုန်ကန်သူတွေက ညအမှောင်ကို အခွင့်ကောင်းယူပြီးတော့ လင်ကျိုးစီရင်စုကိုတိုက်ခိုက်ပြီး သတ်ဖြတ်မှုတွေကို သုံးရက်တိုင်တိုင် လုပ်ဆောင်ခဲ့တယ်...သူတို့က လင်ကျိုးစီရင်စုမြို့တစ်မြို့လုံးကို သွေးနဲ့ဆေးကြောခဲ့ကြတယ်"

"စီရင်စုသခင်ကနေ သေမျိုးတွေအထိ ဘယ်သူမှ လင်ကျိုးစီရင်စုကနေ အသက်ရှင်ရက် ထွက်မလာနိုင်ကြဘူး...နှစ်ကူးပွဲတော်နေ့မှာ လင်ကျိုးစီရင်စုက ပုန်ကန်သူတွေရဲ့ ပထမဆုံးဖျက်ဆီးတာကိုခံရတဲ့စီရင်စုပဲ"

အရာရှိများသည် ထိုစာလိပ်အတွင်းရှိ အကြောင်းအရာများကို မြင်တွေ့ချိန်တွင် သူတို့အားလုံး နေရာမှာပင် အမြှစ်တွယ်နေသကဲ့သို့ ကြက်သေသေနေကြသည်။

သူတို့သည် ဧကရာဇ်နှင့်အမတ်ကြီးများအကြား တိုင်ပင်ဆွေးနွေးမှုများကို မသိရှိသည်မှာ အံ့အားသင့်စရာမရှိချေ။နန်းတွင်းညီလာခံကို ယေဘုယျအားဖြင့် နတ်ဘုရားစိတ်အာရုံများဖြင့်သာ ဆက်သွယ်ကျင်းပလေ့ရှိသည်။ထိုအချိန်အခိုက်အတန့်တွင် သူတို့၏စိတ်အတွင်း၌ ရာနှင့်ချီသောအတွေးများ ကူးလူးနေသည်။တစ်ဖက်လူများ၏ပြောစကားများကို မည်သူမျှ နားထောင်၍မရချေ။ထိုတိုင်ပင်ဆွေးနွေးမှုတွင် ပါဝင်ခဲ့သော အမတ်ကြီးများသာ ဤသတင်းပို့မှတ်တမ်းကို သိရှိရန်လိုအပ်သည်။

လင်ကျိုးစီရင်စုပုန်ကန်မှုနှင့် ပတ်သတ်သည့် အကြောင်းအရာများကို အတိတ်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့် အမတ်ကြီးအနည်းစုသာ သိရှိပေလိမ့်မည်။

"ညမှောင်ပြီးတော့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်ခဲ့လဲ"

"အချိန်နှစ်နာရီတောင် မပြည့်ခဲ့ဘူး"

Chapter 3063

အချိန်နှစ်နာရီထက်ပင် လျော့နည်းခဲ့သလော....

စစ်ဆေးရေးမှူးများအကြားမှနေ၍ သက်ပြင်းရှိုက်သံများ ထွက်ပေါ်လာသည်။

အစောပိုင်းက ပြောဆိုခဲ့သော ဗိုလ်ချုပ်အိုကြီးက သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။

"ငါတို့ အရင်က သူ့ကို နားလည်မှုလွဲသွားခဲ့တယ်...အခုကြည့်ရသလောက်တော့ သူက ဒီကိစ္စရဲ့ပြင်းထန်ပုံကို ငါတို့ထက်အရင် ကြိုသိနေပုံပဲ...သူ ဒီလိုမျိုးလုပ်ခဲ့တာ သဘာဝကျတယ်"

တစ်စုံတစ်ယောက်က သံသယဖြစ်နေပုံဖြင့် မေးမြန်းလေ၏။

"သူ့ဆီမှာ သက်ရှိသတ္တဝါကို ရေးဆွဲဖန်တီးနိုင်တဲ့ အရည်အချင်းမျိုး ရှိနေတယ်ဆိုရင်တောင် ဒီအချိန်ကျမှ တော်ဝင်နန်းတွင်းကို သတင်းပို့ဖို့ဆိုတာ အရမ်းနောက်ကျမသွားဘူးလား...ဟွမ်လျန့်အိမ်မက်ကမ္ဘာထဲမှာ တော်ဝင်နန်းတွင်းကနေ စစ်ကူစေလွှတ်နိုင်တာ ရှိမရှိဆိုတာကို ထည့်မပြောနဲ့အုံး...စစ်တပ်တစ်တပ်ချီတက်မယ်ဆိုရင် အနည်းဆုံး အချိန်တစ်လကျော်ကြာမြင့်တယ်...အဲ့ဒီအချိန်ကျရင် လင်ကျိုးစီရင်စုတစ်စုလုံး မီးလောင်ပြင်ကြီးဖြစ်နေလောက်ပြီ"

"လုယွီရဲ့လှုပ်ရှားမှုတွေနောက်မှာ နက်နဲတဲ့အဓိပ္ပါယ်တချို့ ရှိနေနိုင်တယ်...ငါက အဲ့ဒါနဲ့ဆိုင်တဲ့မှတ်တမ်းတွေကို ထပ်လိုချင်တယ်"

ကျန်းရွှမ်စဲက တော်ဝင်မှတ်တမ်းရုံးမှအရာရှိကိုကြည့်၍ ပြောဆိုသည်။

ထိုအရာရှိက ခေါင်းညိတ်ပြကာ သူ၏မျက်လုံးကိုစုံမှိတ်၍ စဥ်းစားတွေးတောလိုက်သည်။မကြာမီမှာပင် မှတ်တမ်းတချို့က သူ့ရှေ့၌ ထပ်မံ၍ထွက်ပေါ်လာသည်။

ထိုမှတ်တမ်းများသည် ကိုင်တွယ်ဖြေရှင်းပြီးနောက် မှတ်တမ်းရုံးတွင် သိမ်းဆည်းထားသောအရာများဖြစ်သည်။

ထိုမှတ်တမ်းတချို့တွင် မိုးကောင်းကင်မီးတောက်ကုန်းမြေ၏အုပ်ချုပ်သူအရှင်နှင့် ဆက်နွယ်သောကိစ္စများ ပါဝင်ပေ၏။

ဤပုန်ကန်မှုအတွင်းတွင် မိုးကောင်းကင်မီးတောက်ကုန်းမြေ၏အုပ်ချုပ်သူအရှင်လည်း ပါဝင်ပတ်သတ်နေသည်။တရားစီရင်ရေးဌာနကြီးသုံးခု၏ စုံစမ်းစစ်ဆေးမှုများအပြီးတွင် အုပ်ချုပ်သူအရှင်ကို သွေးနတ်ဆိုးဂိုဏ်းမှ တိတ်တဆိတ်ထိန်းချုပ်ထားကြောင်း အတည်ပြုနိုင်ခဲ့သည်။အမှန်အားဖြင့် သူသည် သွေးနတ်ဆိုးဂိုဏ်းမှ တိတ်တဆိတ်ထောက်ပံ့ပေးထားသော ရုပ်သေးတစ်ရုပ်ပင်။

ထိုမှတ်တမ်း၏အဆုံးတွင် ဧကရာဇ်မင်းကိုယ်တိုင် အမိန့်ပေးထားသော မှတ်ချက်ပါရှိသည်။

"မြောက်ပိုင်းဒေသကြီးနဂါးအစောင့်အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ...နတ်ဆိုးဂိုဏ်းနဲ့ပတ်သတ်တဲ့ ဘယ်သူ့ကိုမဆို အရင်ဆုံးဖြေရှင်းပြီး နောက်မှသတင်းပို့ရမယ်"

နောက်ထပ်ဆက်ဖြစ်လာသောကိစ္စများသည် တော်ဝင်မှတ်တမ်းရုံးမှသိရှိနိုင်သော အရာမျိုးမဟုတ်တော့ချေ။

ဤသည်က အုပ်ချုပ်သူအရှင်တစ်ယောက်ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သော ပုန်ကန်မှုပင်။ထို့ကြောင့် နဂါးအစောင့်များကိုယ်တိုင် စုံစမ်းစစ်ဆေးရန်လိုအပ်သည်။ထိုကိစ္စ၏အသေးစိတ်အချက်အလက်များကို ဧကရာဇ်မင်းကြီးကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းသဖြင့် တခြားမည်သည့်အရာရှိမဆို သိရှိရန်အကြောင်းမရှိတော့ချေ။

"အဲ့ဒီသွေးနတ်ဆိုးဂိုဏ်းက တကယ့်ကိုအစွမ်းထက်တာပဲ...လင်ကျိုးစီရင်စုက ဒါကို မခုခံနိုင်မှာ ငါ စိုးရိမ်မိတယ်...အဲ့ဒီလုယွီက နန်းတွင်းစာမေးပွဲမှာ ကျရှုံးသွားနိုင်တယ်"

အရာရှိအများစု၏မျက်နှာအမူအယာများ မသိမသာ ပျက်ယွင်းသွားသည်။

လုယွီသည် အလွန်ထူးချွန်ပြောင်မြောက်သူတစ်ယောက်ဟု သူတို့အားလုံးသိနေသော်လည်း သူ ရင်ဆိုင်နေရသော အခြေအနေသည် လွန်စွာခက်ခဲလှ၏။အကယ်၍ သူတို့ကိုယ်တိုင် ထိုနေရာ၌ရှိနေလျှင်ပင် လင်ကျိုးစီရင်စုကို ကယ်တင်နိုင်မည်မဟုတ်ချေ။

မိုးကောင်းကင်မီးတောက်ကုန်းမြေတစ်ခုလုံးကို နတ်ဆိုးကျင့်ကြံသူများက လွှမ်းမိုးထားလေပြီ။လုယွီ၏လင်ကျိုးစီရင်စုသည် အချိန်မရွေးတိမ်းမှောက်သွားနိုင်သော အထီးကျန်လှေငယ်လေးတစ်စီးနှင့်တူညီသည်။

"သနားစရာပဲ...ဟူး...ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်လဲ"

အရာရှိတချို့က သက်ပြင်းရှိုက်လိုက်သည်။သူတို့သည် လုယွီ၏ပါရမီအရည်အချင်းကို အလွန်နှစ်ခြိုက်သဖြင့် သူတို့၏အင်အားစုများအတွင်းသို့သိမ်းသွင်းရန် ကြံစည်နေခဲ့ကြ၏။

အတိတ်တွင် စာပေနှင့်တိုက်ခိုက်ရေးစာမေးပွဲများ၌ ပထမရရှိသူများသည် နန်းတွင်းစာမေးပွဲ၌ တစ်ကြိမ်တစ်ခါမျှ ကျရှုံးခဲ့ခြင်းမရှိချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ နန်းတွင်းစာမေးပွဲ ကျင်းပမှုပုံစံကို ပြောင်းလဲလိုက်ရာ အပြောင်းအလဲများ ပို၍များပြားလာသဖြင့် မည်သည့်ကိစ္စမဆို ဖြစ်ပွားနိုင်သည်။

"ဒါပေမယ့်...တကယ်လို့ အဲ့ဒီမင်နဂါးကြီးက တော်ဝင်နန်းတွင်းကို ပျံသန်းသွားနိုင်မယ်ဆိုရင်....ဒါက သွားလေသူဧကရာဇ်နဲ့ တွေ့ဆုံသွားမှာမဟုတ်ဘူးလား"

ရုတ်တရက် စစ်ဆေးရေးမှူးတစ်ယောက်က ပြောဆိုသည်။

လူတိုင်း၏စိတ်နှလုံးသားများ ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။

ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းတွင် သူတို့အားလုံးသည် ကျောင်းတော်သားအမြောက်အများအပေါ် အာရုံစိုက်နေရသဖြင့် ထိုအချက်ကိုမတွေးမိချေ။

လုယွီရှိနေသော လင်ကျိုးစီရင်စုမှပုန်ကန်မှုသည် လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ကျော်က ဖြစ်ပျက်ခဲ့သောကိစ္စဖြစ်သဖြင့် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် အုပ်စိုးစဥ်ကာလဖြစ်သည်မှာ သိသာထင်ရှားလှ၏။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် ကွယ်လွန်သွားခဲ့သော်လည်း ယခုလက်ရှိနေရာတွင်ရှိနေသော လူအများစု၏စိတ်နှလုံးသားများအတွင်းတွင် မြင့်မြတ်သောဧကရာဇ်မင်းကြီးရှိနေဆဲပင်။

"ဟွမ်လျန့်အိမ်မက်ကမ္ဘာထဲမှာ သွားလေသူဧကရာဇ် ပါဝင်နေလားဆိုတာ ငါ သိချင်မိတယ်"

တစ်စုံတစ်ယောက်သည် ထပ်မံ၍သည်းမခံနိုင်တော့သဖြင့် သူ၏နတ်ဘုရားစိတ်အာရုံကိုအသုံးပြုကာ ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းရှိ တော်ဝင်မြို့တော်ရှိနေသောနေရာသို့ ကြည့်လိုက်သည်။

သို့ရာတွင် ထိုစစ်ဆေးရေးမှူးသည် တစ်ချက်ကြည့်မိရုံဖြင့် သူသည် နာကျင်မှုကြောင့် စူးရှစွာအော်ဟစ်ကာ သူ၏နတ်ဘုရားစိတ်အာရုံသည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းမှတွန်းထုတ်ခြင်း ခံလိုက်ရ၏။

တခြားသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏နတ်ဘုရားစိတ်အာရုံများကို အလျှင်အမြန်ပြန်ရုတ်သိမ်းလိုက်သည်။

"လူတိုင်းပဲ....မင်းတို့ရဲ့နတ်ဘုရားစိတ်အာရုံတွေကို သုံးပြီးတော့ ဟွမ်လျန့်အိမ်မက်ကမ္ဘာရဲ့တော်ဝင်မြို့တော်ကို ထွင်းဖောက်ကြည့်ခွင့်မရှိဘူး"

ကျန်းရွှမ်စဲက အသံကျယ်ကြီးဖြင့်အော်ဟစ်ကာ တော်ဝင်မြို့တော်ရှိနေသောနေရာသို့ဦးတည်၍ ဦးညွှတ်အရိုအသေပြုလေသည်။

Chapter 3064

တခြားသူများသည်လည်း တော်ဝင်မြို့တော်ရှိနေသောနေရာသို့ဦးတည်၍ ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

ဟွမ်လျန့်အိမ်နက်ကမ္ဘာအတွင်းတွင် အရာရာတိုင်းလှည့်ပတ်နေသဖြင့် ရှေးဟောင်းအင်မော်တယ်များကိုပင် လှုံဆော်နိုင်စွမ်းရှိသည်။အကန့်အသတ်မဲ့အိမ်မက်ကမ္ဘာအတွင်းတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည်လည်း ထွက်ပေါ်လာနိုင်သည်။

သို့ရာတွင် တော်ဝင်မြို့တော်၏ပြင်ပတွင် လူတိုင်းကို တားမြစ်ကန့်သတ်ထားသော စွမ်းအားတစ်ရပ် ရှိနေလေ၏။

ဤသည်က ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ရှိနေသော်လည်း သူသည် တခြားသူများ သူ့ကိုမြင်တွေ့သွားစေရန် ဆန္ဒမရှိပုံပင်။

ကျန်းရွှမ်စဲက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"တခြားကျောင်းတော်သားတွေရဲ့ လှုပ်ရှားမှုတွေကို ဆက်ကြည့်ကြစို့...တခြားနေရာတွေကို မကြည့်ကြနဲ့တော့"

"ဟုတ်ကဲ့"

တခြားစစ်ဆေးရေးမှူးများသည် သဘောတူညီလိုက်သော်လည်း သူတို့၏မျက်လုံးအကြည့်များက အိမ်ရှေ့စံမင်းသားထံတွင် ကျရောက်နေသည်။

ပတ်ဝန်းကျင်ရှိလူများ မည်သို့ပြောဆိုနေပါစေ အိမ်ရှေ့စံမင်းသား၏မျက်နှာသည် ရေကဲ့သို့ တည်ငြိမ်နေပေ၏။သူသည် မည်သည့်စကားတစ်ခွန်းကိုမျှ မပြောဆိုသဖြင့် သူ စဥ်းစားတွေးတောနေသောအရာများကို မည်သူမျှမသိနိုင်ချေ။

.....

လင်ကျိုးစီရင်စု...

ဤအချိန်တွင် နှစ်ကူးပွဲတော်သို့ရောက်ရှိတော့မည်ဖြစ်သဖြင့် အိမ်ထောင်စုတိုင်း သူတို့၏မိသားစုခေါင်းဆောင်များကို စောင့်ဆိုင်းနေကြသည်။မီးရှူးမီးပန်းပစ်ဖောက်သံများကိုလည်း လမ်းများပေါ်မှနေ၍ ကြားနေရလေ၏။

လွန်ခဲ့သောရက်အနည်းခန့်က နှင်းများကျထားသဖြင့် ယခုချိန်ထိတိုင် လုံးလုံးလျားလျား အရည်ပျော်သွားခြင်းမရှိသေးချေ။မြေပြင်ပေါ်တွင် ပါးလွှာသောနှင်းလွှာတစ်လွှာ ရှိနေဆဲပင်။

မြို့တံခါး၏တစ်ဖက်တစ်ချက်တွင် အစောင့်စစ်သားတချို့ ကင်းလှည့်နေသည်။

"အကိုလျှူ...ငါ မကြာခင်မှာပဲ ငါ့ရဲ့ကျင့်ကြံဆင့်နယ်ပယ်ကို ချိုးဖျက်နိုင်တော့မယ်လို့ ခံစားနေရတယ်...စိတ်ပျက်ဖို့ကောင်းတာတစ်ခုက ငါ့မှာရွေးချယ်ဖို့ သင့်တော်တဲ့ကျင့်ကြံနည်းစနစ်မရှိဘူး...မင်းမှာ နည်းလမ်းတစ်ခုခုများ ရှိနေမလားလို့ ငါ သိချင်မိတယ်"

"မင်းက ငါ့ကို စောစောမှမပြောတာ...ငါ အဲ့ဒီကိစ္စကို သိတယ်...စီရင်စုရုံးတော်ရဲ့သိုလှောင်ခန်းထဲမှာ ကျင့်ကြံနည်းစနစ်တချို့ရှိနေတယ်...မင်း အဲ့ဒီနေရာကို သွားရှာလို့ရတယ်"

"ဒီလို ကိစ္စကောင်းမျိုး ရှိနေတာလား...တကယ်လို့ ငါ အဲ့ဒါကိုယူလိုက်ရင် နောင်တစ်ချိန်မှာ ကျင့်ကြံနည်းစနစ်စာအုပ်တွေ ကင်းမဲ့သွားနိုင်တယ်လို့ ဆိုလိုတာမဟုတ်လား"

"မင်း ဘာတွေတွေးနေတာလဲ...ငါတို့ လင်ကျိုးစီရင်စုက နေရာပျက်ကြီးတစ်ခု ဖြစ်နေပြီးသားလေ...တော်ဝင်နန်းတွင်းရဲ့ဖျက်ဆီးတာကို ခံရတာကြောင့် ဂိုဏ်းတွေမှာလည်း ဘာမှမကျန်သလောက်ပဲ...ပစ္စည်းကောင်းတွေအားလုံးကို အဲ့ဒီအာဏာရှိလူကြီးမင်းတွေက ယူသွားကြပြီ...သိုလှောင်ရုံထဲမှာ ကျန်ခဲ့တာတွေက သာမာန်ပစ္စည်းတွေပဲ...ဒါပေမယ့် မရှိတာထက်စာရင်တော့ ပိုကောင်းပါတယ်"

မြို့တံခါး၏အရှေ့တွင် လက်ထောက်အရာရှိနှစ်ယောက်က စကားစမြည်ပြောဆိုနေကြ၏။

လင်ကျိုးစီရင်စုသည် အနီးအနားပတ်ဝန်းကျင်တွင် မြို့ကြီးတစ်မြို့ဖြစ်သဖြင့် နေ့စဥ်နေ့တိုင်း မြို့တံခါးထံသို့ လူအမြောက်အများရောက်ရှိလာသည်။သို့ရာတွင် ယနေ့သည် နှစ်ကူးပွဲတော်နေ့ဖြစ်သဖြင့် မြို့တံခါးတွင်ရှင်းလင်းနေကာ ဖြတ်သန်းသွားလာသူဟူ၍ အနည်းငယ်သာရှိသည်။

ထို့ကြောင့် မြို့တံခါးကိုစောင့်ကြပ်နေသော အစောင့်စစ်သားများ အနည်းငယ်အနားယူချိန်ရနေသည်။

မြို့တံခါးများကို စောင့်ကြပ်နေသောစစ်သားများသည် လျော့ရဲပုံရသော်လည်း အမှန်အားဖြင့်မဟုတ်ချေ။အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက ထိုစစ်သားများသည် ရှေ့နောက်ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်ကို တွေ့မြင်ရပေမည်။တစ်ချိန်တည်းမှာပင် သူတို့နံဘေးရှိ ကြေးနီခေါင်းလောင်း၏အနီး၌ အနည်းဆုံး လူနှစ်ယောက်ရှိနေသည်။

အကယ်၍ တစ်စုံတစ်ခုဖြစ်ပွားပါက အစောင့်စစ်သားများသည် ကြေးနီခေါင်းလောင်းကို ချက်ချင်းတီးခတ်ကာ မြို့အတွင်းရှိလူတိုင်းကို သတိပေးပေမည်။

ဤသည်က တော်ဝင်နန်းတွင်းမှထုတ်ဝေသော စစ်ဗျူဟာစာအုပ်တွင်ပါရှိသည့် လိုအပ်သောခင်းကျင်းမှုပင်။ထို့ကြောင့် သူတို့သည် စိတ်အေးလက်အေးနေရသောအချိန်မျိုးတွင်ပင် ထိုအစီအစဥ်အတိုင်းလိုက်နာရန် လိုအပ်သည်။

ဂီး...

ရုတ်တရက် ညအမှောင်အောက်ရှိ အဝေးတစ်နေရာမှ ကောင်းကင်ယံမှနေ၍ နတ်ဆိုးမှော်သားရဲတစ်ကောင်၏နားအူလုမတတ်အသံကြီး ထွက်ပေါ်လာသည်။

သင်္ဘောကြီးတစ်စင်းခန့်အရွယ်အစားရှိသော ကျီးကန်းနက်တစ်ကောင်သည် ကောင်းကင်ယံအတွင်း၌ ပျံသန်းနေရာမှ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ထိုကျီးကန်းနက်ကြီးသည် တောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်ရာ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ပတ်ဝန်းကျင်ရှိသစ်ပင်များကို တုန်ခါသွားစေသည်။

စစ်သားများ၏အကြည့်များသည် ထိုနေရာသို့ရောက်ရှိသွားသော်လည်း မည်သူမျှ ထိတ်ထိတ်ပျာပျာဖြစ်သွားခြင်းမရှိချေ။

"သူ့ရဲ့အရွယ်အစားကို ကြည့်လိုက်အုံး....ဒီသားရဲက အနည်းဆုံးတော့ မဟာနတ်ဆိုးအဆင့်မှာရှိနေတယ်"

"နတ်ဘုရားမျက်လုံးဝင်္ကပါကြီးက မတိုက်ခိုက်ပါလား...သူ့မှာ ဖြတ်သန်းခွင့်အမိန့်ပါနေလို့များလား"

စစ်သားတချို့က တီးတိုးရေရွတ်ကာ ထိုနေရာသို့ လျှောက်လှမ်းသွားကြသည်။

နတ်ဘုရားမျက်လုံးဝင်္ကပါကြီးသည် မြို့၏လေးဘက်လေးတန်လုံးရှိ အရာရာတိုင်းကို စုံစမ်းထောက်လှမ်းနိုင်သည်။အကယ်၍ နတ်ဆိုးမှော်သားရဲတစ်ကောင်သည် ဖြတ်သန်းခွင့်အမိန့်မရှိဘဲ မြို့အနီးသို့ချဥ်းကပ်ဝံ့ပါက နတ်ဘုရားမျက်လုံးဝင်္ကပါကြီး၏ တိုက်ခိုက်ခြင်းကိုခံရကာ သေဆုံးရပေမည်။

ထို့ကြောင့် နတ်ဆိုးသားရဲများသည် ခွင့်ပြုမိန့်မရှိဘဲ မြို့၏အနီးပတ်လည်၌ ပျံသန်းဝံ့ခြင်းမရှိချေ။

ယခုကဲ့သို့ မြို့စွန်၌ နတ်ဆိုးမှော်သားရဲတစ်ကောင် ပြောင်ပြောင်တင်းတင်း ပျံ့သန်းဝံ့ခြင်းသည် မြို့အတွင်းရှိ အင်အားစုတစ်ခုမှ ပစ္စည်းများသယ်ဆောင်ရန်အတွက် မွေးမြူထားသော မှော်သားရဲတစ်ကောင်သာ ဖြစ်ပေမည်။

Chapter 3065

"မင်းက ဘယ်မိသားစုကလဲ...မင်းက နှစ်ကူးပွဲတော်အတွက် ကုန်စည်တွေ လာပို့တာလား"

စစ်သားတစ်ယောက်သည် ဧရာမကျီးကန်းနက်ကြီး၏ကျောပြင်ပေါ်တွင် လေးလံသောကုန်ပစ္စည်းများ တင်ဆောင်လာသည်ကို မြင်တွေ့သဖြင့် ရှေ့သို့သတိလက်လွတ်လျှောက်လှမ်းသွားကာ မေးမြန်းလိုက်၏။

ကျီးကန်းနက်ကြီးထံမှနေ၍ အသံတစ်သံ ထွက်ပေါ်လာသည်။

"ငါတို့က ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းကပဲ...ဒီနေရာကို ကုန်ပစ္စည်းတွေလာပို့တာ...လမ်းမှာ ပြဿနာတချို့ရှိခဲ့တာကြောင့် အချိန်နည်းနည်း နောက်ကျသွားတယ်...ငါတို့ ဒီပစ္စည်းတွေကို ဒီနေ့ပို့မှရမှာမလို့ ကျေးဇူးပြုပြီးတော့ ငါတို့ကို သွားခွင့်ပြုပါ"

ထိုကုန်စည်များကို ဖျင်ကြမ်းအစဖြင့်ရစ်ပတ်ထားကာ ကြိုးများဖြင့်ချည်နှောင်ထားသည်။ထိုအရာများကို ကျီးကန်းနက်ကြီး၏နောက်ကျောပေါ်တွင် တင်ဆောင်ထားလေ၏။

ထိုကုန်စည်များကို တောင်ငယ်တစ်လုံးကဲ့သို့ စုပုံထားသည်။ထိုအရာများအကြား၌ လူများကိုသယ်ဆောင်ရာတွင် အသုံးပြုသော သစ်သားအိမ်ငယ်တစ်လုံးလည်းရှိနေသည်။

"ဒါဆို မင်းတို့က ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းကပေါ့...ငါ့ကို ဖြတ်သန်းခွင့်ပြစမ်း"

ထိုစစ်သားသည် ရုတ်တရက် နားလည်သဘောပေါက်သွားပုံရကာ သူသည် ထိုကိစ္စကို အနည်းငယ်မျှထူးဆန်းသည်ဟု မခံစားရချေ။

ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းသည် လင်ကျိုးစီရင်စုအတွင်း၌ အကြီးမားဆုံး ကုန်သည်အဖွဲ့အစည်းပင်။ထိုကုန်သည်အဖွဲ့အစည်းသည် စီရင်စုအတွင်းရှိ လုပ်ငန်းများ၏တစ်ဝက်ခန့်ကို စီမံအုပ်ချုပ်နေသည်။သူတို့သည် အလွန်ချမ်းသာကြွယ်ဝပြီး အင်အားကောင်းသော ကုန်သည်အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် နေ့စဥ်နေ့တိုင်း လုပ်ငန်းကိစ္စများစွာကို ဆောင်ရွက်နေရလေ၏။

ထိုကုန်သည်အဖွဲ့အစည်းမှနေ၍ နှစ်ကူးပွဲတော်အတွက် ကုန်စည်များလာရောက်ပို့ဆောင်ခြင်းမှာ ထူးဆန်းသည့်ကိစ္စမဟုတ်ချေ။

ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းဟူသော စကားကိုကြားချိန်တွင် လျှူရှောင်ဝေက ရုတ်တရက် ရှေ့သို့လျှောက်လှမ်းလာကာ အော်ဟစ်လိုက်သည်။

"အထဲမှာရှိနေတဲ့လူတိုင်း...အပြင်ကိုထွက်လာပြီးတော့ စစ်ဆေးခံစမ်း"

ထို့နောက် လျှူရှောင်ဝေက တခြားစစ်သားများကိုပါခေါ်၍ ကျီးကန်းနက်ကြီးကိုဝိုင်းရံထားရန် ပြောဆိုလိုက်၏။

စစ်သားများအားလုံးသည် ချက်ချင်းဆိုသလိုပင် သူတို့၏မှော်လက်နက်များကိုဆင့်ခေါ်ကာ လေထုအတွင်း၌ ပျံသန်းလိုက်သည်။စစ်သားများအားလုံးကို တင်းတင်းကြပ်ကြပ် သင်ကြားပေးပြီးဖြစ်သဖြင့် ဤကဲ့သို့အခြေအနေမျိုးအတွက် ကြိုတင်လေ့ကျင့်ထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

ပိန်ပါးပါးအဖိုးအိမ်တစ်ယောက်က ကျီးကန်းနက်ကြီး၏နောက်ကျောပေါ်ရှိ သစ်သားအိမ်အတွင်းမှထွက်လာကာ အပြုံးနှင့်ပြောဆိုသည်။

"အရာရှိတို့...ဒါက ဘာသဘောလဲ...ငါက မြို့ထဲမှာရှိတဲ့ ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းရဲ့အိမ်တော်ထိန်းပါ...ငါက သာမာန်ကုန်စည်တချို့ကိုပဲ သယ်ဆောင်လာတာ...တခြားဘာမှ မပါပါဘူး"

သူက လက်ထောက်တပ်မှူးထံသို့ လျှောက်လှမ်းသွားကာ သူ၏အင်္ကျီလက်ကြားမှ ငွေလက်မှတ်တစ်စောင်ကို ထုတ်ယူ၍ပေးလိုက်၏။

"ဒီနေ့က နှစ်ကူးပွဲတော်နေ့ဖြစ်တာတောင် အရာရှိတို့က ကင်းလှည့်ပြီးစောင့်ကြပ်နေရတုန်းပဲ...ဒါက အရာရှိတို့ ဝိုင်အရက်ဝယ်သောက်ဖို့အတွက်ငွေလေးပါ...ကျေးဇူးပြုပြီးတော့ မငြင်းဆန်ပါနဲ့"

သူတို့၏အကျိုးအမြတ်များ ပိုမိုကောင်းမွန်လာစေရန်အလို့ငှာ ဤကဲ့သို့ကုန်သည်အဖွဲ့အစည်းများသည် တော်ဝင်နန်းတွင်းမှတားမြစ်ထားသော ကုန်စည်တချို့ကို တင်ဆောင်လာလေ့ရှိသည်။

သို့ရာတွင် သူတို့သည် မြို့ကိုစောင့်ကြပ်နေသော စစ်သားတချို့ကို ငွေကြေးအနည်းငယ် ပေးကမ်းလိုက်ရုံဖြင့် အတိတ်တွင် ထိုစစ်သားများက မမြင်ချင်ယောင်ဆောင်သွားကြသည်။

လျှူရှောင်ဝေသည် ထိုငွေလက်မှတ်ကို ကြည့်ရှုခြင်းပင်မပြုဘဲ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ငါ နောက်တစ်ခါ ထပ်မပြောတော့ဘူး...လူတိုင်းပဲ အပြင်ကိုထွက်လာပြီး စစ်ဆေးမှုခံယူစမ်း"

ပိန်ပါးပါးအဖိုးအိုသည် သူ ထုတ်ပေးသော ငွေလက်မှတ်မလုံလောက်ဟု တွေးထင်မိသဖြင့် ပို၍ပမာဏများပြားသော ငွေလက်မှတ်တစ်စောင်ကို ထုတ်ယူလိုက်၏။သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"တပ်မှူး...ကျေးဇူးပြုပြီးတော့ ချွင်းချက်ထားပေးပါ...ငါက စီရင်စုရဲ့တရားသူကြီးမင်းနဲ့ သိကျွမ်းတယ်...မင်းက ငါတို့ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းကို နည်းနည်းတော့မျက်နှာသာပေးသင့်တယ်...ဒါက လူတိုင်းအတွက် အဆင်ပြေတဲ့ကိစ္စပဲ"

ဖြောင်း...

သူ၏စကား အဆုံးမသတ်သေးမီမှာပင် လက်ထောက်တပ်မှူးလျှူက သူ့ကို ပါးဖြတ်ရိုက်လိုက်သည်။

"မင်းက ငါ့ကို တရားသူကြီးမင်းနဲ့ ခြိမ်းခြောက်ဝံ့တာလား...ငါ မင်းတို့အားလုံး အောက်ကိုအမြန်ဆုံးဆင်းလာတာကို မြင်ချင်တယ်...တကယ်လို့ငါ သုံးအထိရေပြီးမှ မင်းတို့ဆင်းမလာဘူးဆိုရင် ငါ လှုပ်ရှားရတဲ့အတွက် ငါ့ကိုအပြစ်မတင်ကြနဲ့"

လက်ထောက်တပ်မှူးလျှူက ခက်ထန်တင်းမာစွာ ပြောဆိုသည်။

"သုံး..."

ထိုသို့ပြောဆိုပြီးနောက် လက်ထောက်တပ်မှူးလျှူက သူ၏လက်သုံးချောင်းကိုထောင်လိုက်၏။

တခြားစစ်သားများသည် လက်ထောက်တပ်မှူး၏အမိန့်ကိုရရှိချိန်တွင် သူတို့၏သက်ဆိုင်ရာ မှော်လက်နက်များကိုထိန်းချုပ်၍ ကျီးကန်းနက်ကြီး၏နောက်ကျောကို ချိန်ရွယ်လိုက်ကြသည်။

ပိန်ပါးပါးအဖိုးအိုသည် သူ၏မျက်နှာပေါ်ရှိ စပ်ဖျင်းဖျင်းနာကျင်မှုကို ခံစားရသဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"သူတို့ကို သတ်လိုက်စမ်း"

ဘန်း...ဘန်း...ဘန်း...

ကျီးကန်းနက်ကြီး၏နောက်ကျောပေါ်ရှိ ကုန်စည်များ ရုတ်တရက် လွင့်ထွက်သွားကာ ထိုအရာများအကြားမှနေ၍ လူရိပ်အမြောက်အများ တိုးထွက်လာသည်။

ထိုကုန်စည်များအကြားတွင် လူဆယ်ယောက်ကျော် ပုန်းအောင်းနေပေ၏။

ထိုလူများ၏လက်များအတွင်းတွင် မှော်လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားကာ သူတို့ရှေ့ရှိ စစ်သားများထံသို့ တရကြမ်းတိုးဝင်တိုက်ခိုက်ကြသည်။

အခြေအနေသည် အလွန်လျှင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ထိုလူများသည် အချိန်အတော်ကြာ ပုန်းအောင်းနေကာ ပြင်ပသို့ထွက်ရမည့်အချိန်ကို စောင့်ဆိုင်းနေကြပုံပင်။

အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက တရကြမ်းတိုးထွက်လာသောလူများ၏မျက်လုံးများအတွင်းတွင် သွေးဆာသောစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည့်အလား သွေးနီရောင်အလင်းတန်းများရှိနေသည်ကို တွေ့မြင်မိပေမည်။

All Chapters