အခန်း (၃၀၆၆-၃၀၇၀)
Vol. 157 Ch. 3066-3070
Chapter 3066
ထိုလူများ၏မျက်လုံးများကို မြင်တွေ့ချိန်တွင် လက်ထောက်တပ်မှူးကျိုးက အော်ဟစ်လိုက်၏။
"မင်းတို့နတ်ဆိုးကျင့်ကြံသူတွေက မြို့တံခါးရဲ့ရှေ့မှာ ထွက်ပေါ်လာဝံ့တာလား...သေလမ်းရှာနေကြတာပဲ"
ဤကဲ့သို့ သွေးနီရောင်မျက်လုံးမျိုးသည် နတ်ဆိုးကျင့်ကြံနည်းစနစ်များကို အချိန်ကြာမြင့်စွာ ကျင့်ကြံပြီးမှသာ ထွက်ပေါ်လာလေ့ရှိသည်။
နတ်ဆိုးကျင့်ကြံသူတစ်ယောက်၏ခန္ဓာကိုယ်တစ်လုံးသည် သူကျင့်ကြံသော ကျင့်ကြံနည်းစနစ်၏သက်ရောက်ခြင်းကို ခံရလေ၏။သူ၏အကျင့်စရိုက်များ ကြမ်းတမ်းခက်ထန်လာရုံသာမက သူ အသုံးပြုသော မှော်မန္တာန်များသည် အလွန်ကောက်ကျစ်ယုတ်မာပြီး ရက်စက်ကြမ်းတမ်းသည်။
"ငရဲကိုသွားစမ်း"
လျှူရှောင်ဝေ၏လက်အတွင်းမှ မှော်စွမ်းအားများ တလိမ့်လိမ့်ထွက်ပေါ်လာပြီးနောက် သူက လှံရှည်တစ်လက်ကိုဆင့်ခေါ်၍ သူ၏ရှေ့ မလှမ်းမကမ်းနေရာတွင်ရှိနေသော နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို ထိုးစိုက်လိုက်သည်။
လျှူရှောင်ဝေ၏ခွန်အားသည် အတော်အသင့်ကောင်းမွန်ကာ တစ်ဖက်ရန်သူ၏ဟာကွက်ကို တိုက်ရိုက်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
နတ်ဆိုးကျင့်ကြံသူသည် ထိတ်လန့်တုန်လှုပ်သွားကာ သူက မှော်မန္တန်တစ်ပုဒ်ကို အလျင်စလိုရွတ်ဆိုလိုက်၏။သူသည် သွေးမြူခိုးများကိုဆင့်ခေါ်ကာ သူ၏ရှေ့၌စုဝေးသွားစေပြီး ကျစ်လစ်ခိုင်မာသော သွေးနီရောင်ဒိုင်းတစ်ချပ်အဖြစ် ဖွဲ့စည်းသွားစေသည်။
"နတ်ဆိုးကျင့်ကြံသူတစ်ယောက်မှာ ဒီလောက်နိမ့်ပါးတဲ့ အရည်အချင်းမျိုးပဲရှိတာလား...သေစမ်း"
ရက်စက်ကြမ်းကြုတ်သောအမူအယာက လျှူရှောင်ဝေ၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
သူ၏လက်အတွင်းရှိလှံရှည် တုန်ခါသွားကာ အစွမ်းထက်သောအားလှိုင်းတစ်ရပ်ကို ထုတ်လွှတ်လိုက်ပြီးနောက် သူ့ရှေ့ရှိ သွေးနီရောင်ဒိုင်းကို ထိုးစိုက်လိုက်သည်။
ဘုန်း....
ကျယ်လောင်သောအသံတစ်သံ မြည်ဟီးလာခြင်းနှင့်အတူ လှံရှည်၏ထိုးစိုက်ခြင်းခံရမှုကြောင့် သွေးနီရောင်ဒိုင်းကြီး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။
ထို့ပြင် လှံရှည်၏အားလှိုင်းအရှိန်သည် ရပ်တန့်သွားခြင်းမရှိဘဲ ရှေ့သို့ဆက်၍တိုးဝင်သွားကာ သူ့ရှေ့ရှိ နတ်ဆိုးကျင့်ကြံသူကို သတ်ဖြတ်လိုက်၏။
"ကြက်လေး ခွေးလေးတွေတစ်သိုက်ကများ...စီရင်စုရဲ့မြို့တံခါးရှေ့ကိုလာပြီး ထင်ရာစိုင်းဝံ့တယ်...မင်းတို့က သေလမ်းလာရှာကြတာလား"
လျှူရှောင်ဝေ၏မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာသည်။
တာယွီစစ်တပ်ရှိစစ်သားများအားလုံးသည် နေ့စဥ်နေ့တိုင်း ပြင်းထန်စွာလေ့ကျင့်ရသည်။ထိုနတ်ဆိုးကျင့်ကြံသူများနှင့် နှိုင်းယှဥ်ပါက သူတို့သည် ပို၍ကောင်းမွန်သော လေ့ကျင့်နည်းစနစ်များကို ရရှိလေ၏။
အထူးသဖြင့် သူတို့အားလုံး အတူတကွတိုက်ခိုက်စဥ်တွင် ပူးပေါင်းတိုက်ခိုက်မှုကို လေ့ကျင့်ပြီးဖြစ်သဖြင့် သူတို့ထက်ကျင့်ကြံဆင့်ပို၍မြင့်မားသော အစွမ်းထက်ကျင့်ကြံသူတချို့ကိုပင် တိုက်ခိုက်နိုင်စွမ်းရှိသည်။
ဤသည်က တာယွီအင်ပါယာမှနေ၍ ဂိုဏ်းများကို ဖျက်ဆီးနိုင်ခဲ့သော အကြောင်းအရင်းတစ်ခုလည်းဖြစ်သည်။ဂိုဏ်းများသည် အမည်အရသာ ဂိုဏ်းဟုခေါ်ဆိုသော်လည်း အမှန်အားဖြင့် သူတို့၏ဂိုဏ်းဝင်များအချင်းချင်းအကြားတွင်ပင် အကွက်ချကြံစည်မှုများရှိနေသည်။အကယ်၍ သူတို့ အတူတကွတိုက်ခိုက်လျှင်ပင် သူတို့၏ကိုယ်ပိုင်နည်းစနစ်များအရသာ တိုက်ခိုက်ကြသဖြင့် စစ်တပ်ကိုခြိမ်းခြောက်နိုင်သော အရှိန်အဝါမျိုး ထွက်ပေါ်လာခြင်းမရှိချေ။
ထို့ကြောင့် အချိန်အနည်းငယ်အတွင်းမှာပင် ကုန်စည်များအကြား၌ ပုန်းအောင်းလာသော နတ်ဆိုးကျင့်ကြံသူများအားလုံး မြို့တံခါးစောင့်စစ်သားများ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရတော့သည်။
"အဲ့ဒီလိုလား...မင်းတို့ကိုယ်မင်းတို့ ဂုဏ်ယူဝင့်ကြွားနေတာ အရမ်းစောမနေဘူးလား...သူတို့အားလုံးကို တိုက်ခိုက်စမ်း"
မလှမ်းမကမ်းတစ်နေရာရှိ အမှောင်ထုအတွင်းမှနေ၍ ရာနှင့်ချီသော အနက်ရောင်ဝတ်စုံဝတ်လူများထွက်လာကာ မြို့တံခါးထံသို့ဦးတည်၍ တရကြမ်းတိုးဝင်လာကြသည်။
ထိုအနက်ရောင်ဝတ်စုံဝတ်လူများအကြားရှိ ပူးပေါင်းမှုသည် ယခင်လူများထက်ပို၍ စည်းစနစ်ကျသည်။သူတို့သည် ရှေ့သို့တိုးဝင်လာသည့်တိုင် အစီအစဥ်တကျ လှုပ်ရှားနေကြ၏။
သူတို့သည် အမှောင်ထုအတွင်း၌ပုန်းအောင်းကာ အခွင့်ကောင်းကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ယခုလက်ရှိချိန်တွင် မြို့တံခါး၌စောင့်ကြပ်နေသော အစောင့်စစ်သားများ စတင်၍လှုပ်ရှားလာသဖြင့် သူတို့ပုန်းအောင်းနေရန် မလိုအပ်တော့ချေ။
ထိုလူများထွက်လာချိန်ကို မြင်တွေ့ချိန်တွင် လက်ထောက်တပ်မှူးလျှူ၏မျက်စိသူငယ်အိမ် ကျဥ်းမြောင်းသွားသည်။
"မကောင်းတော့ဘူး...အဲ့ဒီလူတွေက အရမ်းအစွမ်းထက်တယ်...သွားကြစို့"
ထိုသို့ပြောဆိုပြီးနောက် လက်ထောက်တပ်မှူးလျှူက သူ၏လူများကိုခေါ်ဆောင်ကာ နောက်သို့ပြန်လှည့်၍ ထွက်ပြေးလေ၏။
သူ၏အမိန့်အောက်ရှိ စစ်သားများအားလုံး၏မျက်နှာများပေါ်တွင် ကြောက်ရွံသောအမူအယာများရှိနေကာ သူတို့သည် ထိတ်ထိတ်ပျာပျာဖြင့် ဆုတ်ခွာပြေးကြသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့သည် အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။
သူတို့၏လှုပ်ရှားမှုကြောင့် တိုးဝင်တိုက်ခိုက်လာသော အနက်ရောင်ဝတ်စုံဝတ်လူများအားလုံး နေရာမှာပင် ကြက်သေသေသွားကြ၏။
အနက်ရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်ဖြစ်သူက အစောပိုင်းက စကားပြောဆိုခဲ့သောအဖိုးအိုကို မေးမြန်းသည်။
"ငါတို့ ရှေ့ဆက်တိုးရမှာလား"
သူတို့၏ယခင်အစီအစဥ်သည် မြို့တံခါး၏ရှေ့၌ ရုတ်ရုတ်သဲသဲပြုလုပ်ကာ မြို့အတွင်းရှိ အစောင့်စစ်သားများအားလုံးကို မြို့တံခါးထံသို့မျှားခေါ်ရန်ဖြစ်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ အစောင့်စစ်သားများအားလုံး လွတ်မြောက်သွားလေပြီ။အကယ်၍ သူတို့သည် ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ်ကို ဖန်တီးလိုပါက လူအင်အားသုံးကာ မြို့တံခါးကိုဖြတ်သန်း၍တိုက်ခိုက်ရပေမည်။
အဖိုးအိုသည် အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် မကြာမီမှာပင် သူ၏မျက်နှာပေါ်၌ မနှစ်မြို့ဖွယ်အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"လင်ကျိုးစီရင်စုရဲ့အစောင့်စစ်သားတွေက သူရဲဘောကြောင်တဲ့သူတွေပဲ...ထပ်ပြီးစောင့်နေစရာ မလိုတော့ဘူး...မြို့ထဲကိုတိုးဝင်ပြီးတော့ ပိုပြီးကြီးမားတဲ့ အုတ်အော်သောင်းနင်းမှုကြီးဖြစ်အောင်လုပ်ကြစမ်း"
Chapter 3067
"မင်းတို့အားလုံး ထွက်လာကြတော့...အတူတူ တိုးဝင်ကြစို့"
အဖိုးအိုက သူ၏နောက်ဘက်သို့ လက်ဝှေ့ယမ်းပြလိုက်သည်။
မမျှော်လင့်ဘဲ ထိုအဖိုးအို၏နောက်ရှိ အမှောင်ထုအတွင်းမှနေ၍ ထောင်နှင့်ချီသော အနက်ရောင်ဝတ်စုံဝတ်လူများ ထွက်လာသည်။
မြို့တံခါးကိုဖြတ်ကျော်ပြီးနောက် အဖိုးအိုသည် ကြေးနီခေါင်းလောင်းကိုတစ်ချက်ကြည့်ကာ လှောင်ပြောင်ရယ်မောလိုက်၏။
"ဘယ်လိုသောက်ချေးစစ်တပ်မျိုးလဲ...သူတို့က အမှိုက်တစ်သိုက်သက်သက်ပဲ...သူတို့ ထွက်ပြေးသွားကြတာ ကြေးနီခေါင်းလောင်းကိုတောင် မတီးခတ်နိုင်ကြဘူး"
မြို့အတွင်းရှိလူများအားလုံးသည် နှစ်ကူးပွဲတော်၏ပျော်ရွှင်မှုအတွင်း၌ နစ်မြုပ်နေကြဆဲပင်။
"မကြာခင်မှာပဲ...နာကျင်မှုဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတာ မင်းတို့အားလုံးသိရမယ်"
သွေးဆာသောရူးသွပ်မှုမျိုးက အဖိုးအို၏မျက်လုံးအတွင်း၌ ထွက်ပေါ်လာသည်။
မြောက်မြားစွာသောလူများသည် အဖိုးအို၏နောက်သို့လိုက်၍ မြို့အတွင်းသို့ တရကြမ်းတိုးဝင်လိုက်ကြသည်။
သူတို့သည် မြို့အတွင်းရှိ လေထုအတွင်း၌ ပျံသန်းနိုင်ခြင်းမရှိချေ။မည်သို့ပင်ဆိုစေကာမူ တာယွီတော်ဝင်နန်းတွင်းသည် စီရင်စုအဆင့်ရှိသောမြို့တိုင်း၏ အထက်လေထုအတွင်းတွင် ပျံသန်းခွင့်တားမြစ်သည့်အမိန့်တော်နှင့် တားမြစ်အမိန့်တော်တို့ကို ခင်းကျင်းထားသည်။
ထိုအမိန့်တော်နှစ်ခုကို ဧကရာဇ်မင်းမှ ကိုယ်တိုင်ရေးသားထားခြင်းဖြစ်ကာ လေထုအတွင်း၌ မျောလွင့်နေသည်။မြို့၏အထက် ကောင်းကင်ယံအတွင်းတွင် မည်သူမျှ ပျံသန်းခွင့်မရှိဘဲ မလိုက်နာသောမည်သူမဆို သတ်ဖြတ်ခြင်းခံရပေမည်။အကယ်၍ သူတို့သည် မြေအောက်သို့ငုပ်လျှိုး၍ ထွက်ပြေးနိုင်လျှင်ပင် သေဆုံးရမည်သာဖြစ်ပေ၏။
"မဟုတ်သေးဘူး...တစ်ခုခုတော့ မှားနေပြီ...စီရင်စုရဲ့အစောင့်စစ်သားတွေက စစ်စခန်းတွေကစစ်သားတွေလောက် မထူးချွန်ဘူးဆိုပေမယ့် သူတို့မှာရှိသင့်တဲ့ အရည်အချင်းတွေတော့ ရှိနေတုန်းပဲ...သူတို့က ထိတ်လန့်တကြား ထွက်ပြေးသွားတယ်ဆိုရင်တောင် ဘာလို့ ကြေးနီခေါင်းလောင်းကို တီးခတ်မသွားတာလဲ"
ရုတ်တရက် အနက်ရောင်ဝတ်စုံဝတ်လူများ၏ခေါင်းဆောင်ဖြစ်သူသည် ပြေးနေရာမှရပ်တန့်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
အဖိုးအို၏မျက်နှာပေါ်တွင် အနည်းငယ်မျှပင် ဂရုစိုက်သောအရိပ်အယောင်မရှိချေ။
"ငါတို့ဘက်က လူအင်အားအရမ်းများတာကိုမြင်ပြီးတော့ သူတို့ ထိတ်လန့်သွားကြတယ်...ဒါကြောင့် သူတို့က ကြေးနီခေါင်းလောင်းကိုတောင် အချိန်မီ မတီးခတ်နိုင်တော့ဘူး...မင်း ဘာကိုစောင့်နေတာလဲ...မင်းရဲ့လူတွေကိုခေါ်ပြီးတော့ ရှေ့ကိုဆက်သွားတော့လေ"
ခေါင်းဆောင်ဖြစ်သူသည် အချိန်အတော်ကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလေ၏။
"မဟုတ်ဘူး...ငါ့ညီအကိုတွေရဲ့အသက်ကို ငါ ရယ်စရာတစ်ခုလိုမျိုး သဘောမထားနိုင်ဘူး...ဒီမြို့နဲ့ပတ်သတ်ပြီးတော့ ထူးဆန်းတာတစ်ခုခုရှိနေပြီ...နောက်ဆုတ်ကြစို့"
ပတ်ဝန်းကျင်ရှိ အနက်ရောင်ဝတ်စုံဝတ်လူများသည် သူတို့ခေါင်းဆောင်၏အမိန့်ကိုကြားချိန်တွင် အနည်းငယ်မျှပင်တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ နောက်သို့ပြန်လှည့်ကာ ဆုတ်ခွာရန်ဟန်ပြင်လိုက်ကြသည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အဖိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းတို့က ငါ့ရဲ့အမိန့်ကို ဆန့်ကျင်ဝံ့တာလား...မင်းတို့ မမေ့ကြနဲ့...အခုချိန်မှာ မင်းတို့က ငါတို့နဲ့ ပူးပေါင်းထားတာ...တကယ်လို့ တော်ဝင်နန်းတွင်းကသာ ဒီကိစ္စတွေကို သိသွားတဲ့အချိန်ကျရင် မင်းတို့က ငါတို့ထက်ဆိုးရွားတဲ့ သေခြင်းမျိုးနဲ့ သေရလိမ့်မယ်"
အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်၏မျက်လုံးအတွင်း၌ ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သူ၏ခွန်အားသည် ထိုအဖိုးအိုထက် များစွာပို၍သာလွန်ပေ၏။သို့ရာတွင် ထိုအဖိုးအိုထံတွင် သာမာန်မဟုတ်သော အဆင့်အတန်းမျိုးရှိနေသဖြင့် အဖိုးအို၏အမိန့်ကို သူ လိုက်နာနေရသည်။
အဖိုးအိုက မောက်မာဝံ့ကြွားသောလေသံဖြင့် ပြောဆိုသည်။
"အခုချက်ချင်း မြို့ထဲကိုဝင်ပြီးတော့ သတ်ဖြတ်မှုတွေ စတင်ကြစမ်း...ပြီးတာနဲ့ မြို့ပြင်ကို အချက်ပေးသင်္ကေတတစ်ခု ပေးပို့ရမယ်...မြို့ပျက်စီးသွားတဲ့ အချိန်ရောက်လာတာနဲ့ အကျိုးဆောင်မှုအကြီးမားဆုံးသူက ငါပဲ...အဲ့ဒီနေရာကို ငါနဲ့ ဘယ်သူမှယှဥ်လုလို့မရဘူး"
အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်သည် ငြင်းဆန်ရန် ပါးစပ်ဟလိုက်သော်လည်း ရုတ်တရက် သူသည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံဖြင့် သူ၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။
"ဘာမှအငြင်းအခုံဖြစ်နေဖို့ မလိုတော့ဘူး...မင်းတို့ထဲကတစ်ယောက်မှ ထွက်သွားဖို့မစဥ်းစားနဲ့"
အေးစက်စက်အသံတစ်သံက ကောင်းကင်ယံအတွင်းမှ ထွက်ပေါ်လာသည်။
အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်နှင့် အဖိုးအိုတို့သည် လျှပ်စီးဖြင့်ရိုက်ခတ်ခံရသကဲ့သို့ အံ့အားသင့်တုန်လှုပ်သွားကြ၏။သူတို့က အသံထွက်ပေါ်လာရာသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
ထိုအသံသည် မြို့ရိုးပေါ်မှ ထွက်ပေါ်လာခြင်းပင်။
လုယွီသည် အရာရှိဝတ်စုံကိုဝတ်ဆင်ထားကာ မြို့ရိုးပေါ်၌ မတ်တတ်ရပ်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။သူသည် မြို့ရိုးပေါ်၌ မတ်တတ်ရပ်နေကာ ကျူးကျော်ဝင်ရောက်လာသည့် ဖိတ်ခေါ်မထားသောဧည့်သည်များကို စူးစိုက်၍ကြည့်နေသည်။
တခြားတစ်ဖက်ခြမ်းတွင် လူတစ်စုက မြို့ရိုးပေါ်၌ ရုတ်တရက် ထွက်ပေါ်လာသည်။သူတို့သည် ဒူးလေးများနှင့်မြှားများကို ကိုင်ဆောင်ကာ အောက်ရှိမြေပြင်သို့ ချိန်ရွယ်ထားကြ၏။
ထိုမြင်ကွင်းကိုမြင်ချိန်တွင် အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင် ရုတ်တရက် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မကောင်းတော့ဘူး...ဒါက ခြုံခိုတိုက်ခိုက်တာပဲ...မြန်မြန် ဖောက်ထွက်ကြစမ်း"
တခြားသူများသည် အခြေအနေမကောင်းသည်ကို မြင်တွေ့သဖြင့် ဆုတ်ခွာပြေးရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် သူတို့နောက်ရှိ မြို့တံခါးမှနေ၍ ကျယ်လောင်သောမြည်ဟီးသံကြီး ထွက်ပေါ်လာသည်။ထို့နောက် သံတံခါးကြီး အောက်သို့ ကျဆင်းလာပေ၏။
ထိုသံတံခါးကြီးပေါ်တွင် တော်ဝင်လက်မှုရေးရာဌာနမှသွန်းလုပ်ထားသော စက်ယန္တရားများပါရှိသည်။ထိုအရာသည် အလွန်ခိုင်ခံမာကြောရုံသာမက သာမာန်မှော်စွမ်းအားများအားလုံးကို ပျက်ပြယ်စေနိုင်စွမ်းရှိသည်။အကယ်၍ ထောင်နှင့်ချီသော ကျင့်ကြံသူများ တပြိုင်နက်တည်းတိုက်ခိုက်လျှင်ပင် ထိုအရာသည် အနည်းငယ်မျှ ထိခိုက်ပျက်စီးသွားမည်မဟုတ်ချေ။
Chapter 3068
ဒေါင်...ဒေါင်...ဒေါင်...
အနက်ရောင်ဝတ်စုံဝတ်လူများ၏မှော်စွမ်းအားများသည် သံတံခါးကြီးပေါ်သို့ ကျရောက်သွားစဥ်တွင် တဒေါင်ဒေါင်အသံများသာ ထွက်ပေါ်လာပြီး မည်သည့်သက်ရောက်မှုမျိုးမျှမရှိချေ။
အနက်ရောင်ဝတ်စုံဝတ်လူများ၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူတို့သည် မြို့အတွင်းသို့ မရောက်ရှိသေးသော်လည်း မြို့ရိုးများနှင့်မြို့တံခါးများအကြားရှိ နေရာတွင်ရှိနေလေ၏။
ယခုချိန်တွင် အရပ်မျက်နှာအဘက်ဘက်ရှိ မြို့တံခါးများကို အပြည့်အဝပိတ်ဆို့ထားလေပြီ။သူတို့သည် လေပေါ်မှပျံသန်း၍မရသည့်အပြင် မြေအောက်သို့ငုပ်လျှိုး၍လည်း ထွက်ပြေး၍မရချေ။
အဖိုးအိုသည် လုယွီ၏အရာရှိဝတ်စုံကို တစ်ချက်ကြည့်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"လင်ကျိုးစီရင်စုသခင်...မင်း ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကို ရောက်နေတာလဲ"
သူ အမှန်တကယ်ကိုပင် နားမလည်နိုင်ချေ။
သူ ကြိုတင်ရထားသောသတင်းအရ လင်ကျိုးစီရင်စု၏ စီရင်စုသခင်သည် နှစ်ကူးပွဲတော်နားရက်တွင် ပျော်ရွှင်စွာအနားယူရန်အတွက် အိမ်တော်သို့ ပြန်ရောက်နေလေပြီ။မည်သည်ကြောင့် စီရင်စုသခင်သည် ဤနေရာ၌ ထွက်ပေါ်လာရသနည်း။
လင်ကျိုးစီရင်စုသည် ခုခံကာကွယ်မှု အလွန်အားနည်းကာ လွယ်လင့်တကူသိမ်းပိုက်နိုင်သော မြို့တစ်မြို့ဖြစ်သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် စီရင်စုရုံးတော်မှခင်းကျင်းထားသော ထောင်ချောက်အတွင်းသို့ ကျရောက်သွားပုံရသည်။
"ငါ ဒီနေရာမှာ ထွက်ပေါ်လာတဲ့အကြောင်းကို....မင်းလို နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို ရှင်းပြဖို့ လိုအပ်လို့လား"
လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေကာ သူက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"မြှားတွေ ပစ်လိုက်တော့"
"ခဏနေပါဦး"
အဖိုးအိုသည် စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် သူသည် ကောင်းကင်ကိုပိတ်ဖုံးလုမတတ် အလွန်များပြားသော မြှားမိုး၏ပစ်ခတ်ခြင်းကို ခံလိုက်ရသည်။
လေဟာနယ်ကို ထွင်းဖောက်သွားသော စူးရှသည့်မြှားသံများက လေထုအတွင်းရှိ နေရာအနှံ့အပြား၌ ကြားနေရသည်။
ထိုမြှားများ၏ထိပ်တွင် မှော်မန္တန်ဖျက်ဆီးခြင်းအဆောင်သင်္ကေတများကို ရေးထွင်းထားသည်။ထို့ကြောင့် မြှားများတွင် မှော်မန္တန်များကိုဖိနှိပ်နိုင်သောစွမ်းအားမျိုး ပါဝင်နေပြီး အထူးသဖြင့် တိုက်ခိုက်မှုစွမ်းအားကို မြှင့်တင်ပေးနိုင်ရာ မြှားများ၏စွမ်းအားကို အဆင့်တစ်ဆင့်ထိ မြင့်တက်သွားစေသည်။
အား...အား...အား...
လေးကြိုးခတ်သံများ အဆက်မပြတ် ကြားနေရခြင်းနှင့်အတူ မြှားမိုးများ ကျရောက်လာသဖြင့် အောက်ရှိဝတ်စုံနက်ဝတ်လူများထံမှနေ၍ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။
ဤနေရာသို့ လူတစ်ထောင်ကျော် ပြေးဝင်လာခြင်းဖြစ်သော်လည်း မြှားမိုးများကျဆင်းပြီးနောက် သူတို့အနက်မှတစ်ဝက်ကျော်သည် သွေးအိုင်အတွင်း၌ လဲနေလေပြီ။
"ငါ့ကိုမသတ်ပါနဲ့...မြန်မြန်လာပြီးတော့ ငါ့ကိုကာကွယ်ပေးကြစမ်း"
ပိန်ပါးပါးအဖိုးအိုသည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံနေသဖြင့် အနက်ရောင်ဝတ်စုံဝတ်လူများ၏နောက်တွင် ပုန်းအောင်းနေလေ၏။
မြောက်မြားစွာသောမြှားများ ကျရောက်လာကာ အဖိုးအို၏ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ်လူများ သေဆုံးသွားသော်လည်း သူ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိချေ။
"တစ်ယောက်ယောက်...ငါ့ကို လေးတစ်လက်ပေးကြစမ်း"
လုယွီက ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။သူသည် သူ့နောက်ရှိ စစ်သားတစ်ယောက်ထံမှ သံမဏိလေးတစ်လက်ကို ယူဆောင်လိုက်၏။
ထို့နောက် သူက မြှားကိုလေးကြိုးဖြင့်တေ့ကာ ပစ်ခတ်လေသည်။
ဝှစ်...
မြှားတစ်စင်းသည် ညကောင်းကင်ယံအတွင်းမှ သက်တန့်တစ်စင်းအလား ပိန်ပါးပါးအဖိုးအို၏နဖူးကို ထွင်းဖောက်သွားသည်။သူ၏မျက်လုံးများသည် ကြောင်စီစီဖြစ်နေလေ၏။ဤကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။နောက်ထပ်အချိန်အခိုက်အတန့်မှာပင် အားလှိုင်းတစ်ရပ်ကြောင့် သူ၏ခေါင်း ပေါက်ကွဲကာ အစိတ်စိတ်အမွှာမွှာလွင့်ထွက်သွားတော့သည်။
သို့ရာတွင် ထိုမြှား၏အားလှိုင်းအရှိန်သည် ကုန်ဆုံးသွားခြင်းမရှိချေ။ထိုအရာသည် အဖိုးအို၏ခေါင်းကို ဖြတ်သန်းသွားပြီးနောက် အနက်ရောင်ဝတ်စုံဝတ် လူအမြောက်အများကို ထွင်းဖောက်သွားကာ နောက်ဆုံးတွင် နံရံ၌စိုက်ဝင်သွားလေ၏။
ထိုမြှားတံ၏အမြှီးသည် နံရံအတွင်းသို့ စိုက်ဝင်နေသည့်တိုင် ပြင်းပြင်းထန်ထန် တုန်ခါနေဆဲပင်။
ဤကဲ့သို့နည်းလမ်းကြောင့် ယခုလက်ရှိနေရာတွင်ရှိနေသော စစ်သားများ၏စိတ်ဓာတ်များ မြင့်တက်သွားသည်။
စစ်သားအများစုသည် လုယွီတိုက်ခိုက်သည်ကို ယခင်က မမြင်တွေ့ဖူးချေ။သို့ရာတွင် သူတို့၏အထက်အရာရှိ ခွန်အားကြီးမားသည်ကိုမြင်တွေ့ချိန်တွင် သူတို့အားလုံး စိတ်အားတက်ကြွသွားကြ၏။
မြှားမိုးများ အကြိမ်ရေအနည်းငယ်ခန့်ကျရောက်ပြီးနောက် လူနည်းစုသာ အသက်ရှင်ကျန်ရစ်တော့သည်။
အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်သည် သူ၏မှော်စွမ်းအားအကာအကွယ်ကို ထပ်မံ၍ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ချေ။သူ၏ခန္ဓာကိုယ်ကို မြှားဆယ်စင်းကျော်က ထွင်းဖောက်သွားကာ သွေးများက အဆက်မပြတ်ယိုစီးကျနေသည်။သူ၏လက်တစ်ဖက်ကျိုးသွားကာ အစွမ်းအစမဲ့စွာတွဲလောင်းကျနေပြီး ကြည့်ရသည်မှာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသည်။
သူ၏ခွန်အားသည် ဤနေရာသို့ရောက်ရှိလာသူများအနက် အားအကောင်းဆုံးဖြစ်သော်လည်း သူ၏အသက်ကိုထိန်းသိမ်းထားနိုင်ရုံမျှသာရှိသည်။
သို့ရာတွင် သူ၏အသက်ကိုနှုတ်ယူနိုင်ရန် မြှားတစ်စင်းသာ လိုအပ်တော့သည်။
လုယွီက အနက်ရောင်ဝတ်ရုံဝတ်ခေါင်းဆောင်ကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်၏။
"လာကြစမ်း...သူ့ကိုဖမ်းပြီးတော့ စီရင်စုရုံးတော်မှာ အချိန်တစ်ခုထိ ထိန်းသိမ်းထားလိုက်ကြစမ်း"
"ဟုတ်ကဲ့ပါ အရှင်"
ရုတ်ချည်းဆိုသလိုပင် စစ်သားများပြေးထွက်သွားကာ အနက်ရောင်ဝတ်စုံဝတ်ခေါင်းဆောင်ကိုဖမ်းဆီး၍ တိုက်ပွဲကွင်းပြင်ကို ရှင်းလင်းလိုက်ကြသည်။
စစ်သားအများစုသည် ဤနေရာ၌ခြုံခိုတိုက်ရန် ပြင်ဆင်ထားခဲ့သော်လည်း အချိန်မီအသိဝင်ကြခြင်းမရှိချေ။
Chapter 3069
ဤသည်က စီရင်စုသခင်၏အမိန့်ကြောင့် သူတို့အားလုံး စောင့်ဆိုင်းနေကြရုံသက်သက်ဖြစ်သော်လည်း မမျှော်လင့်ဘဲ သူတို့သည် သူပုန်များနှင့် အမှန်တကယ်ရင်ဆိုင်တွေ့ရလေ၏။
အစောင့်စစ်သားများအနက်မှအများစုသည် တရကြမ်းတိုးဝင်လာကြသော အနက်ရောင်ဝတ်စုံဝတ်လူများကိုကြည့်ကာ ထိတ်လန့်တုန်လှုပ်နေကြသည်။
နှစ်ကူးပွဲတော်တွင် စီရင်စု၏ခုခံကာကွယ်မှုများ အနည်းငယ်အားပျော့နေသည်။
ဤအချိန်မျိုးတွင် စီရင်စုကို ကျုးကျော်တိုက်ခိုက်လာသူများ ရှိလာမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
အကယ်၍ စီရင်စုသခင်၏ ကြိုတင်နေရာချထားမှုသာမရှိပါက သူတို့အားလုံးကို ပုန်ကန်သူများမှ သတ်ဖြတ်သွားပြီးဖြစ်ပေမည်။
"အရှင်...ကြည့်ရတာတော့ မြို့ကိုဦးတည်ပြီးလာနေတဲ့ ပုန်ကန်သူတချို့ မြို့ပြင်မှာရှိနေသေးပုံပဲ"
ရုတ်တရက် မြို့ရိုးပေါ်ရှိစောင့်ကြည့်မျှော်စင်အတွင်းမှ ကင်းထောက်တစ်ယောက်က သတင်းပို့သည်။
"နတ်ဘုရားမျက်လုံးဝင်္ကပါကို အသက်သွင်းလိုက်တော့"
"ဟုတ်ကဲ့"
ကျယ်လောင်သောပေါက်ကွဲသံတစ်သံနှင့်အတူ လင်ကျိုးစီရင်စုနံဘေးပတ်လည်ရှိ မြောက်မြားစွာသောစောင့်ကြည့်မျှော်စင်များမှနေ၍ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ကောင်းကင်ယံအတွင်းသို့ ထိုးတက်သွားသည်။
ကောင်းကင်ယံအတွင်းရှိ ရွှေရောင်အလင်းတန်းများသည် ပျက်ပြယ်သွားခြင်းမရှိဘဲ တဖြည်းဖြည်း သိပ်သည်းသွားကာ ရွှေရောင်မျက်လုံးကြီးတစ်စုံအဖြစ် ဖွဲ့စည်းသွားလေ၏။
ထိုမျက်လုံးတစ်စုံတွင် စိတ်ခံစားချက်အရိပ်အယောင်များ အနည်းငယ်မျှပင် ရှိမနေချေ။သို့ရာတွင် ထိုမျက်လုံးတစ်စုံ၏နက်ရှိုင်းသောတစ်နေရာ၌ အကန့်အသတ်မရှိသော မဟာတာအိုဥပဒေသများ ကိန်းအောင်းနေပုံရသည်။ထိုအရာသည် လေဟာနယ်ကိုဖြတ်သန်းကာ မုသားများကို ထွင်းဖောက်မြင်နိုင်စွမ်းရှိသည်။
ဘုန်း...
ဤအချိန်အခိုက်အတန့်တွင် လင်ကျိုးစီရင်စု၏အချင်းမိုင်တစ်ရာပတ်လည်တွင် အပြည့်အဝ လင်းလက်တောက်ပနေပုံရသည်။
မြို့ပြင်ရှိနယ်မြေများအတွင်းမှ သစ်ပင်ပန်းမန်များ ပိုးမွှားများ ကျေးငှက်သာရကာများနှင့်ငါးများမှစ၍ အရာအားလုံး လုယွီ၏အမြင်အာရုံအောက်၌ ထွက်ပေါ်လာသည်။မည်သည့်အရာမျှ သူ၏အမြင်အာရုံအောက်မှ မလွတ်မြောက်နိုင်ချေ။
နတ်ဘုရားမျက်လုံး ဝင်္ကပါ....
တော်ဝင်စစ်ရေးဌာနသည် စီရင်စုများ၏ပတ်ဝန်းကျင်အခြေအနေများကို စုံစမ်းထောက်လှမ်းနိုင်ရန်အတွက် စီရင်စုတိုင်းတွင် ဤကဲ့သို့ဝင်္ကပါမျိုးကို ခင်းကျင်းပေးထားသည်။
ဤဝင်္ကပါသာ လက်ဝယ်ရှိနေပါက အရပ်လေးမျက်နှာမှလာသော ရန်သူများကို စုံစမ်းထောက်လှမ်းနိုင်ကာ လွယ်လင့်တကူခုခံကာကွယ်နိုင်ပေမည်။ဤသည်က ကင်းထောက်များသတင်းပို့သည့်ထက် ရန်သူ့အခြေအနေကို အရင်ကြို၍ သိရှိနိုင်သည်။
လုယွီ၏ရှေ့ရှိ အလင်းမျက်နှာပြင်ပေါ်တွင် လင်ကျိုးစီရင်စု၏ပတ်ဝန်းကျင်နယ်မြေများ ချက်ချင်းထွက်ပေါ်လာသည်။လင်ကျိုးစီရင်စု၏လေးဘက်လေးတန်လုံးကို တောင်တန်းများက ဝိုင်းရံထားလေ၏။ဤစီရင်စုသည် မြေနိမ့်ချိုင့်ဝှမ်းတစ်ခုဖြစ်သည်။ပတ်ဝန်းကျင်ရှိ တောင်တန်းကြီးများပေါ်တွင် စီရင်စုမှ အစောင့်စစ်သားများကို နေရာချထားသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုအစောင့်စစ်သားများထံမှနေ၍ မည်သည့်သတင်းပို့မှုမျိုးမျှ ရောက်ရှိမလာဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။
နတ်ဘုရားမျက်လုံးဝင်္ကပါကြီး၏အောက်တွင် အလွန်များပြားသော အနက်ရောင်ဝတ်စုံဝတ်လူများသည် တောင်တန်းကြီးများကိုဖြတ်ကျော်၍ လင်ကျိုးစီရင်စုထံဦးတည်ကာ တရကြမ်းပြေးလာကြသည်ကို တွေ့မြင်ရလေ၏။
ယခု မြင်ရသလောက် အနက်ရောင်ဝတ်စုံဝတ်လူများ၏အရေအတွက်မှာ သိန်းနှင့်ချီ၍ရှိနေသည်။
လင်ကျိုးစီရင်စုတစ်ခုလုံးရှိ အစောင့်စစ်သားအရေအတွက်မှာ တစ်သောင်းခွဲခန့်သာရှိသည်။
နံဘေးတစ်ဖက်တွင်ရှိနေသော စစ်သားတချို့သည် အလင်းကားချပ်ပေါ်ရှိ အနက်ရောင်ဝတ်စုံဝတ်လူများကို မြင်တွေ့ချိန်တွင် သူတို့၏နှလုံးသားများအတွင်းမှ ချမ်းစိမ့်လာသကဲ့သို့ ခံစားလိုက်ရသည်။
အရာအားလုံး အဆုံးသတ်သွားလေပြီ။
လင်ကျိုးစီရင်စုတစ်စုလုံး ပျက်စီးသွားနိုင်ချေရှိပေ၏။
"ငါတို့ ဘာလို့ အရင်က ဘာသတင်းမှမရတာလဲ...အဲ့ဒီရန်သူတွေက ဘယ်နေရာကနေ ရောက်လာတာလဲ"
"ဘာစစ်ကူမှ ရောက်မလာမှာကို ငါ စိုးရိမ်မိတယ်...လင်ကျိုးစီရင်စုက အရင်က တစ်ကြိမ်တစ်ခါမှ တိုက်ခိုက်မခံရဖူးဘူး"
စစ်သားတချို့၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်လာကာ သူတို့အချင်းချင်း စတင်၍တီးတိုးပြောဆိုနေကြသည်။
လုယွီသည် ထိုစကားများကို ကြားသော်လည်း သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားခြင်းမရှိချေ။ထိုအစား သူသည် စစ်သားများအားလုံးကို မြို့ရိုးပေါ်ရှိနေရာလွတ်တိုင်းတွင် စောင့်ကြပ်ရန် အမိန့်ပေးလိုက်၏။
"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...အစောင့်စစ်သားတွေက မြို့ရိုးပေါ်မှာနေရာယူပြီးတော့ မြှားပစ်ဖို့ ပြင်ဆင်ကြစမ်း"
လုယွီက စည်းစနစ်ကျသောအပြုအမူမျိုးဖြင့် အမိန့်ပေးလေသည်။
လုယွီ၏အသံတွင် ယုံကြည်ချက်အခိုင်အမာရှိနေမှုမျိုး ရောယှက်နေသဖြင့် စစ်သားအများစုသည် တဖြည်းဖြည်း သူတို့၏ယုံကြည်ချက်များ ပြန်ရလာကာ သူတို့၏သက်ဆိုင်ရာနေရာများတွင် စတင်၍နေရာယူလိုက်ကြသည်။
အဝေးတစ်နေရာမှနေ၍ ပြင်းထန်သောခြေသံများနှင့် နတ်ဆိုးသားရဲများ၏ဟိန်းဟောက်သံများကို ကြားနေရသည်။
မိုးကုပ်စက်ဝိုင်းအောက်တွင် မရေမတွက်နိုင်သောပုံရိပ်များ ထွက်ပေါ်လာသည်။သူတို့သည် အတူတကွနီးကပ်စွာရှိနေကြကာ စီရင်စုတစ်စုလုံးကို ချေမွှဖျက်ဆီးမည့် အနက်ရောင်တိမ်တိုက်ကြီးနှင့် တူညီနေသည်။
"သတ်ကြစမ်း"
ရေခဲတမျှအေးစက်စက်အသံတစ်သံက အဝေးရှိ လူအုပ်အကြားမှ ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် အနက်ရောင်ဝတ်စုံဝတ်လူများအကြားမှနေ၍ လူတစ်သောင်းခန့်ပြေးထွက်လာကာ မြို့ထံသို့ဦးတည်၍ တိုးဝင်လာကြ၏။
Chapter 3070
ထိုလူများသည် အတူတကွပူးပေါင်းလာကာ သူတို့အကြားတွင် တိကျသောအကွာအဝေးတစ်ခုစီပိုင်းခြား၍ သူတို့၏လက်များအတွင်း၌ မှော်လက်နက်များကို ကိုင်ဆောင်ထားသည်။သူတို့သည် အတူတကွစုဝေးနေကာ ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
"ပစ်ကြ...မြှားတွေပစ်ကြစမ်း"
မြို့ရိုးပေါ်တွင် လက်ထောက်တပ်မှူးတချို့ရှိနေကာ သူတို့၏လူများကို မြှားများစတင်ပစ်ခတ်ရန် အမိန့်ပေးလိုက်ကြ၏။
ဝှစ်...ဝှစ်...ဝှစ်...
မြောက်မြားစွာသောမြှားများသည် လေထုကိုဆုတ်ဖြဲသွားသောအသံများနှင့် အတူယှဥ်တွဲ၍ ရန်သူများထံသို့ တိုးဝင်သွားသည်။ထို့နောက်မှနေ၍ အနက်ရောင်ဝတ်စုံဝတ်လူများအကြားမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။
ရှေ့ဆုံးမှပြေးဝင်လာသော အနက်ရောင်ဝတ်စုံဝတ်လူတချို့သည် မြှားများထိမှန်သွားကာ စူးရှနာကျင်စွာအော်ဟစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားကြ၏။
သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်မှနေ၍ အနီးကပ်ကြည့်ရှုပါက မြှားအများစုသည် ထိုအနက်ရောင်ဝတ်စုံဝတ်လူများ၏လက်များအတွင်း၌ ကိုင်ဆောင်ထားသောမှော်ရတနာများ၏ ပိတ်ဆို့ဟန့်တားခြင်းကိုခံနေရကြောင်း တွေ့မြင်ရပေမည်။
ထိုအနက်ရောင်ဝတ်စုံဝတ်လူများကို ယခင်ကတည်းက သေသေချာချာ လေ့ကျင့်ပေးထားပုံရသည်။သူတို့၏ပူးပေါင်းဆောင်ရွက်မှုသည် အလွန်ကောင်းမွန်ပြီး ကြီးမားသောတိုက်ပွဲဝင်ဝင်္ကပါကြီးအဖြစ်ဖွဲ့စည်းကာ မြို့ရိုးထံသို့ အလွန်လျှင်မြန်သောအရှိန်နှင့် တိုးဝင်လာကြသည်။
မြှားများသည် အလွန်အမင်းထက်ရှသော်လည်း ထိုတိုက်ပွဲဝင်ဝင်္ကပါကြီးနှင့် ရင်ဆိုင်ရချိန်တွင် အနည်းငယ်အားပျော့နေပုံရသည်။အစောပိုင်းက မြှားများဖြင့်ပစ်ခတ်မိသော အနက်ရောင်ဝတ်စုံဝတ်လူတချို့သည် တိုက်ပွဲဝင်ဝင်္ကပါကြီးအတွင်း၌ ရှိမနေသောလူများပင်။သို့ရာတွင် အနက်ရောင်ဝတ်စုံဝတ်လူအများစုသည် တိုက်ပွဲဝင်ဝင်္ကပါကြီးအတွင်း၌ တည်ငြိမ်စွာမတ်တတ်ရပ်နေကြကာ ရှေ့သို့ဆက်လက်၍ ချီတက်လာကြ၏။
"မကောင်းတော့ဘူး...သူတို့က ဒီနေရာကို ရောက်လာတော့မယ်"
"မကြောက်ကြနဲ့...သူတို့ရဲ့အားနည်းချက်ကို ရှာကြစမ်း"
မြို့ရိုးပေါ်ရှိစစ်သားများထံတွင် ထိတ်လန့်ကြောက်ရွံသော မျက်နှာအမူအယာများရှိနေသည်။
ဤသည်မှာ ယခင်က သူတို့ရင်ဆိုင်ခဲ့ရသော အခြေအနေများနှင့် များစွာကွဲပြားခြားနားနေသည်။
အကယ်၍ ဂိုဏ်းများမှလူများသည် တော်ဝင်နန်းတွင်းကိုဆန့်ကျင်၍ တိုက်ခိုက်ဝံ့လျှင်ပင် သူတို့သည် အများဆုံးအနေဖြင့် သူတို့၏ဂိုဏ်းမှထိပ်သီးကျင့်ကြံသူများကို ရှေ့ဆုံးတွင်ထား၍ တိုက်ခိုက်လေ့ရှိသည်။သူတို့နောက်ရှိ သာမာန်ဂိုဏ်းသားများသည် တကွဲတပြားစီပြန့်ကျဲနေကာ ကြုံရာကျပန်း တိုက်ခိုက်ကြလေ၏။
ထို့ကြောင့် ဂိုဏ်းများမှလူများကို ရင်ဆိုင်ရသည်မှာ အလွန်လွယ်ကူသည်။
သို့ရာတွင် သူတို့ရှေ့ရှိအခြေအနေသည် မည်သည့်ဂိုဏ်းမဆို ထုတ်ဖော်ပြသနိုင်သောအရာမျိုးမဟုတ်ချေ။
အကယ်၍ ဂိုဏ်းကြီးတစ်ဂိုဏ်းသည် စတေးခံဂိုဏ်းသားများ မွေးထုတ်လိုလျှင်ပင် သူတို့တွင် လုံလောက်သောအချိန်နှင့်အရင်းအမြစ်များရှိရန် လိုအပ်သည်။မည်သူကမျှ တိုက်ပွဲဝင်ဝင်္ကပါကို လေ့ကျင့်ရန်အတွက် ဂိုဏ်းအတွင်းသို့ လိုလိုလားလားဝင်ရောက်လာမည်မဟုတ်ချေ။ကျင့်ကြံသူတိုင်းအတွက် ဂိုဏ်းများသို့ဝင်ရောက်ရခြင်း၏ရည်ရွယ်ချက်မှာ သူတို့၏ခွန်အားမြင့်တက်လာစေရန်ဖြစ်ပြီး လူတိုင်းသည် သူတို့ကိုယ်တိုင်အတွက်သာတွေးတောကြကာ ဂိုဏ်းအတွက် ထည့်သွင်းစဥ်းစားခြင်းမရှိချေ။
တော်ဝင်နန်းတွင်းကသာ ကောင်းမွန်စွာလေ့ကျင့်ထားသော ကျင့်ကြံသူအမြောက်အများကို မြေတောင်မြှောက်ပေးနိုင်စွမ်းရှိသည်။
အထူးသဖြင့် တိုက်ပွဲဝင်ဝင်္ကပါကြီးသည် မြို့ရိုးပေါ်ရှိ ခုခံကာကွယ်မှုအစီအမံများကို အတော်အသင့် ရင်းနှီးကျွမ်းဝင်နေပုံရသည်။ထိုအနက်ရောင်ဝတ်စုံဝတ်လူများသည် မြို့တံခါးရှေ့၌ခင်းကျင်းထားသော ထောင်ချောက်များကို အလွန်လိမ္မာပါးနပ်စွာ ရှောင်တိမ်းနေကြ၏။
သူတို့သည် တော်ဝင်စစ်တပ်မှစစ်သားများပင်။
လူအများစုသည် ဖွင့်ပြောရန်မလိုသောနားလည်မှုမျိုးဖြင့် လုယွီကို ကြည့်လိုက်ကြသည်။
ဤသည်က သူတို့ ရင်ဆိုင်ခဲ့ဖူးသောအခြေအနေများနှင့် များစွာကွဲပြားခြားနားနေသည်။အကယ်၍ ဂိုဏ်းတစ်ဂိုဏ်းမှလူများဆိုပါက...သူတို့သည် ကိုယ်ပိုင်နည်းလမ်းများကိုအသုံးပြု၍ လွယ်လင့်တကူဖိနှိပ်နိုင်သည်။သို့ရာတွင် အကယ်၍ သူတို့သည် တော်ဝင်စစ်တပ်မှစစ်သားများနှင့် ရင်ဆိုင်ရပါက လင်ကျိုးစီရင်စုအတွင်းတွင်ရှိနေသော စစ်သည်အင်အားဖြင့် သူတို့ အချိန်မည်မျှကြာကြာ တောင့်ခံနိုင်မည်ကို မသိနိုင်ချေ။
"သူတို့တိုက်ခိုက်လိုက်တဲ့ အချိန်အခိုက်အတန့်မှာပဲ သူတို့က တာယွီအင်ပါယာကိုသစ္စာဖောက်တယ်လို့ သတ်မှတ်လို့ရပြီ...သူတို့ရဲ့အရင်အဆင့်အတန်းက ဘာပဲဖြစ်နေနေ အခုချိန်မှာ သူတို့က တာယွီအင်ပါယာကို သစ္စာဖောက်တဲ့ပုန်ကန်သူတွေဆိုတဲ့ အဆင့်အတန်းတစ်ခုပဲရှိတယ်"
လုယွီ၏အသံက မြို့ရိုးကိုဖြတ်သန်း၍ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
"မင်းတို့ရဲ့တိုက်ပွဲအကျိုးဆောင်မှုတွေကို တစ်ယောက်ယောက်က မှတ်တမ်းတင်ထားလိမ့်မယ်...ဒီပုန်ကန်မှုကို...တော်ဝင်နန်းတွင်းကလူတွေ သတိပြုမိမှာပဲ...မင်းတို့ထဲက တစ်ဦးတစ်ယောက်ကမှ လင်ကျိုးစီရင်စုလိုနေရာငယ်လေးမှာပဲ မင်းတို့ရဲ့နာမည်တွေကို ချန်ထားချင်မှာမဟုတ်ဘူးလို့ ငါထင်တယ်...တစ်နေ့ကျရင် မင်းတို့က လက်ထောက်အမတ်ကြီးတွေ အမတ်ကြီးတွေဆိုတဲ့ဘွဲ့မျိုးတွေ ချီးမြှင့်ခံရနိုင်တယ်...မင်းတို့ရဲ့လက်နက်တွေကို ကိုင်ဆွဲပြီးတော့ မင်းတို့ရှေ့ကရန်သူတွေကို ဖျက်ဆီးကြစမ်း"
စစ်သားများအားလုံး၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။
ဤသည်က အမှန်ပင်။အကယ်၍ ပို၍ကောင်းမွန်သော ရွေးချယ်စရာတစ်ခုရှိပါက မည်သည့်စစ်သားကမျှ ဤကဲ့သို့နေရာငယ်မျိုးတွင် တာဝန်ထမ်းဆောင်ရန် ရွေးချယ်မည်မဟုတ်ချေ။
စီရင်စုအတွင်းရှိစစ်သားများသည် မြို့၏အရေးကိစ္စများတွင်သာ တာဝန်ထမ်းဆောင်ရပြီး များသောအားဖြင့် သူတို့သည် သာမာန်ဂိုဏ်းငယ်လေးများကိုသာ နှိမ်နင်းရလေ့ရှိသည်။သူတို့သည် တိုက်ပွဲအကျိုးဆောင်ရမှတ်အမြောက်အများရရှိရန် အခွင့်အရေးမရှိသဖြင့် ရာထူးတိုးနိုင်ရန်မှာ လွန်စွာခဲယဥ်းပေ၏။