← Chapters

အခန်း (၃၀၈၁-၃၀၈၅)

Vol. 157 Ch. 3081-3085

အခန်း (၃၀၈၁-၃၀၈၅)

Vol. 157 Ch. 3081-3085

Chapter 3081

သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက လုယွီ၏လက်ဝါးအတွင်းတွင် မြင်ရသောနယ်မြေအကျယ်အဝန်းသည် သူ မြို့ရိုးထိပ်၌ရှိနေစဥ်ကခန့် ကျယ်ဝန်းခြင်းမရှိသည်ကို တွေ့မြင်ရပေမည်။

လင်ကျိုးစီရင်စု၏ပတ်ဝန်းကျင်နေရာအများစုကို ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများက လွှမ်းခြုံထားပုံရကာ ထိုနေရာများ၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်ချေ။

"ကြည့်ရတာတော့ နတ်ဆိုးဂိုဏ်းကကောင်တွေက သေဖို့ကို မစောင့်နိုင်ကြတော့ပုံပဲ...သူတို့က ငါ့ရဲ့မြင်ကွင်းကိုတောင် လာပြီးကာဆီးနေကြတယ်...ကောင်းလိုက်တဲ့အစီအစဥ်"

လုယွီ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပသွားသည်။မရေမတွက်နိုင်သော အနာဂတ်ဖြစ်နိုင်ချေများက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။

လျှိုမင်က လုယွီသည် ချမ်ဝမ်ကျွင်းနှင့်ဆိုင်သော ကိစ္စများကို စဥ်းစားနေသည်ဟု ယူဆကာ မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ မပြုလုပ်ချေ။သို့ရာတွင် သူသည် ဓားရိုးကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားကာ အချိန်မရွေးလှုပ်ရှားနိုင်ရန်အတွက် အဆင်သင့်ပြင်ဆင်ထားလေ၏။

တော်ဝင်နန်းတွင်း၏စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော သူသည် ပုန်ကန်သူများနှင့်သစ္စာဖောက်များကို အလွန်ရွံရှာမုန်းတီးသည်။သူသည် သူတို့အား အလျှင်အမြန်ရှင်းထုတ်နိုင်ရန် ဆုတောင်းနေမိသည်။အကယ်၍ လုယွီသာ အစောပိုင်းက သူ့အား မဟန့်တားခဲ့ပါက သူ၏ဓားဖြင့် ချမ်ဝမ်ကျွင်းကို သတ်ဖြတ်ပြီးဖြစ်ပေမည်။

"သွားကြစို့...ငါ့ကို ထိုက်ကျန်းခန်းမဆောင်ဆီ ခေါ်သွားပေးစမ်း"

လုယွီက မတ်တတ်ထရပ်ကာ ပြောဆိုသည်။

လျှိုမင်သည် အနည်းငယ်အံ့အားသင့်သွားကာ သူသည် တစ်စုံတစ်ခုကို လက်ခံရန်ဆန္ဒမရှိပုံဖြင့် ပြောဆိုလေ၏။

"အရှင်....တာဝန်ခံချမ်ကို ဒီတိုင်းပြန်လွှတ်ပေးမလို့လား...သူက သစ္စာဖောက်တစ်ယောက် ဖြစ်နိုင်တယ်...ငါတို့က လူတွေလွှတ်ပြီးတော့ သူ့ကို အရင်ဆုံးဖမ်းဆီးထားတာ ပိုမကောင်းဘူးလား...မဟုတ်ရင် သူက ငါတို့ရဲ့နောက်ကွယ်မှာ လှည့်စားမှုတွေ လုပ်လာနိုင်တယ်"

"သူ လှုပ်ရှားလာတာကို ငါ လိုချင်တာ...မင်းက လူတွေလွှတ်ပြီးတော့ သူ့ကိုစောင့်ကြည့်ထားရမယ်...အခုချိန်က ငါတို့လှုပ်ရှားဖို့ အချိန်မကျသေးဘူး"

လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

အကယ်၍ အတိတ်တွင်ဆိုပါက လျှိုမင်သည် လုယွီ၏အမိန့်ကိုဘေးချိတ်၍ ချမ်ဝမ်ကျွင်းကို တိုက်ရိုက်သတ်ဖြတ်ပစ်ပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏လက်အတွင်းမှ စစ်အင်အားကို လုယွီထံ လွှဲပြောင်းပေးထားရသည်။ကျားတံဆိပ်ပြားမရှိပါက သူသည် အဓိကစစ်ဗိုလ်ချုပ်ဖြစ်နေလျှင်ပင် သူ၏စစ်သည်များကို အမိန့်ပေးကွပ်ကဲနိုင်မည်မဟုတ်ချေ။

လျှိုမင်၏မျက်လုံးများ တောက်ပသွားသည်။လုယွီထံတွင် အစီအစဥ်တစ်ခုရှိနေမည်ဟု သူ ခန့်မှန်းမိသဖြင့် ထပ်မံ၍စကားပြောဆိုခြင်း မပြုတော့ချေ။

လင်ကျိုးစီရင်စု...ထိုက်ကျန်းခန်းမဆောင်...

ဤနေရာသည် စီရင်စုရုံးတော်နှင့်စစ်ရေးထောက်ပံ့ရေးသိုလှောင်ရုံ၏နောက် တတိယအရေးကြီးဆုံး နေရာတစ်ခုပင်။စစ်သားများသည် ဤနေရာကို နေ့ညမပြတ် ကင်းလှည့်၍စောင့်ကြပ်နေကြကာ လုံခြုံရေး အလွန်တင်းကြပ်သည်။

ထိုက်ကျန်းခန်းမဆောင်အတွင်း၌ နတ်ဘုရားမျက်လုံးဝင်္ကပါကြီး၏ဗဟိုချက် တည်ရှိသည်။

မြို့အကာအကွယ်ဝင်္ကပါကြီးသာမက မြို့အတွင်းရှိ အမျိုးမျိုးသောဝင်္ကပါများ၏ဖွဲ့စည်းပုံများသည်လည်း ဤနေရာတွင်ရှိနေလေ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် လင်ကျိုးစီရင်စုကို ဖျက်ဆီးလိုပါက ထိုက်ကျန်းခန်းမဆောင်သည် ပထမဆုံးပစ်မှတ်ပင်။ထို့ကြောင့် ထိုက်ကျန်းခန်းမဆောင်၏အချင်းမိုင်တစ်ရာပတ်လည်တွင် မည်သည့်လူနေအိမ်မျိုးမျှ ရှိမနေဘဲ ထူထပ်သိပ်သည်းသောစစ်စခန်းများကိုသာ နေရာချထားသည်။

ထိုက်ကျန်းခန်းမဆောင်သည် စစ်စခန်းများဝိုင်းရံထားသောအလယ်တွင် တည်ရှိပေ၏။အကယ်၍ တစ်စုံတစ်ခုဖြစ်ပွားပါက ပတ်ဝန်းကျင်ရှိစစ်စခန်းများမှ စစ်သားများ အပြေးရောက်လာကာ အခြေအနေကို ထိန်းသိမ်းပေမည်။

ထိုနေရာသို့ လုယွီ ရောက်သွားစဥ်တွင် သူ အတွင်းသို့ဝင်ခွင့်ရရန်အတွက် မေးမြန်းစစ်ဆေးခြင်းကို သုံးကြိမ်ခန့် ခံယူခဲ့ရသည်။

"စီရင်စုသခင်...မြို့ပြင်မှာ အားကောင်းတဲ့ရန်သူတွေရှိနေတယ်...မင်းက ဒီနေရာကို ဘာလာလုပ်တာလဲ"

ထိုက်ကျန်းခန်းမဆောင်၏ခန်းမသခင်သည် လုယွီကို မြင်တွေ့ချိန်တွင် အနည်းငယ်မျှပင် ယဥ်ကျေးပျူငှာစွာ ဆက်ဆံခြင်းမရှိချေ။

စစ်ဗျူဟာကျသောနေရာတစ်နေရာဖြစ်သဖြင့် ထိုက်ကျန်းခန်းမဆောင်သည် ကုန်းမြေအုပ်ချုပ်ရေးရုံးတော်၏တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင်ရှိသည်။ခန်းမသခင်သည် ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်ရုံသာမက စီရင်စုသခင်နှင့်ရာထူးအဆင့်တူညီသော ပဉ္စမအဆင့်အရာရှိတစ်ယောက်လည်းဖြစ်သည်။

ဝင်္ကပါပညာရှင်များကို ရှာဖွေတွေ့နိုင်ရန် ခက်ခဲသဖြင့် သူတို့၏အဆင့်အတန်းသည် အလွန်မြင့်မားပေ၏။ထို့ပြင် သူတို့သည် ရာထူးအဆင့်တူညီသူများဖြစ်သဖြင့် ထိုက်ကျန်းခန်းမသခင်သည် လုယွီကို မျက်နှာသာပေးရန် အနည်းငယ်မျှပင် မလိုအပ်ချေ။

လုယွီက ပြောဆိုသည်။

"နတ်ဘုရားမျက်လုံးဝင်္ကပါကြီးက အပြင်မှာရှိတဲ့ နတ်ဆိုးဂိုဏ်းတွေရဲ့သက်ရောက်မှုရှိနေတာကို ငါ မြင်နေရတဲ့ မြင်ကွင်းတွေရဲ့ ကြည်လင်ပြတ်သားမှုက အများကြီးလျော့ကျသွားတယ်...ဒါကြောင့် ငါက ဒီနေရာကိုလာပြီးတော့ အခြေအနေကို စစ်ဆေးတာပဲ"

ထိုက်ကျန်းခန်းမသခင်က မျက်မှောင်ကြုတ်လိုက်၏။

"မင်းက ငါတို့ကို မယုံကြည်ဘူးလား...ထိုက်ကျန်းခန်းမဆောင်ထဲမှာရှိနေတဲ့ ဝင်္ကပါပညာရှင်တွေအားလုံးက နှစ်တွေအကြာကြီး ဝင်္ကပါပညာရပ်ကို လေ့လာလိုက်စားထားပြီးတော့ ကျွမ်းကျင်တဲ့သူတွေပဲ...မြို့ပြင်မှာရှိတဲ့ နတ်ဆိုးဂိုဏ်းတွေနဲ့ပုန်ကန်သူတွေက လူကြမ်းလူရိုင်းတစ်သိုက်သက်သက်ပဲ...သူတို့က လှည့်ကွက်ငယ်လေးတွေလောက်ပဲ အသုံးပြုနိုင်တာ...အဆုံးသတ်ကျရင် သူတို့က ဘယ်လိုလုပ်ပြီးတော့ ငါတို့ကို ယှဥ်ပြိုင်နိုင်မှာလဲ...စီရင်စုသခင် မင်းစိတ်အေးအေးထားပြီးတော့ စီရင်စုထဲကကိစ္စတွေကိုသာ ဂရုစိုက်လိုက်ပါ"

ထိုက်ကျန်းခန်းမသခင်က စိတ်မကျေမနပ်ဖြစ်သွားသောလေသံဖြင့် ပြောဆိုသည်။

လုယွီ ဤနေရာသို့ရောက်ရှိလာသည့် အကြောင်းအရင်းမှာ ဤနေရာတွင် လုံလောက်သောအရင်းအမြစ်များ မရှိသဖြင့် မြို့ပြင်တွင်ရှိနေသည့် နတ်ဆိုးဂိုဏ်းမှဝင်္ကပါပညာရှင်များအား ယှဥ်ပြိုင်ခြင်းမပြုနိုင်မည်ကို သူ စိုးရိမ်သောကြောင့်ပင်။

Chapter 3082

ဤအကြောင်းအရင်းကို မောက်မာဝံ့ကြွားသော ခန်းမသခင်ကျန်းက လက်သင့်ခံနိုင်ခြင်းမရှိချေ။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"ငါ နတ်ဘုရားမျက်လုံးဝင်္ကပါကို တစ်ချက်ကြည့်ချင်တယ်...ငါ ကူညီနိုင်တာလည်း ရှိနေနိုင်တယ်"

ထိုက်ကျန်းခန်းမသခင်က လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ သူ၏မျက်လုံးထောင့်၌ အထင်အမြင်သေးသောအရိပ်အယောင်တချို့ ထင်ဟပ်လာသည်။

"မင်း ကလား....စီရင်စုသခင်...ငါ မင်းကို အထင်သေးတာတော့ မဟုတ်ဘူး...မင်း ဒီလိုဝင်္ကပါမျိုးကို နားလည်သဘောပေါက်နိုင်မှာမဟုတ်ဘူး...မင်း ဝင်ပြီးမပတ်သတ်တာ ပိုကောင်းလိမ့်မယ်"

ဝင်္ကပါပညာရှင်တစ်ယောက်၏အဆင့်အတန်းသည် အလွန်မြင့်မားပေ၏။အကယ်၍ တစ်ဖက်လူသည် လောကီအင်မော်တယ်တစ်ယောက် ဖြစ်နေလျှင်ပင် သူက ပို၍အဆင့်အတန်းမြင့်မားသည်ဟု ထိုက်ကျန်းခန်းမသခင်က ယူဆထားသည်။

"ငါက အဲ့ဒါကို ကြည့်ရမှဖြစ်မယ်ဆိုရင်ကော"

လုယွီက ခြေတစ်လှမ်းရှေ့တက်လိုက်သည်။

"ထားလိုက်တော့...မင်းက အရမ်းကိုသိချင်စိတ်ပြင်းပြနေမှတော့ ငါနဲ့အတူလိုက်ခဲ့တော့"

ထိုက်ကျန်းခန်းမသခင်သည် လုယွီနောက်ရှိ လျှိုမင်ကို တစ်ချက်ကြည့်ကာ သဘောတူညီလိုက်တော့သည်။

သူသည် ထိုက်ကျန်းခန်းမဆောင်အတွင်း၌ တစ်ချိန်လုံး နေနေသော်လည်း ပြင်ပတွင် သူ၏သူလျှိုများရှိနေသည်။ထို့ကြောင့် လုယွီ ပြုလုပ်ခဲ့သောအရာများကို သူ ကောင်းစွာသိရှိပေ၏။

လုယွီသည် နတ်ဆိုးကျင့်ကြံသူများ၏ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခဲ့သည်မှာ ကိစ္စကောင်းတစ်ရပ်ပင်။သူသည် နတ်ဆိုးကျင့်ကြံသူများ၏လျှို့ဝှက်ကြံစည်မှုကို ကဖျက်ယဖျက် လုပ်နိုင်ခဲ့သည်။ဤနည်းလမ်းကြောင့် လူတိုင်း၏စိတ်နှလုံးသားများအတွင်းမှ စီရင်စုသခင်၏ပုံရိပ် မြင့်တက်သွားသည်။ထိုက်ကျန်းခန်းမသခင်သည် စိတ်မကြည်မသာဖြစ်နေသော်လည်း ကိစ္စငယ်လေးတစ်ခုအတွက်ဖြင့် သူ လုယွီနှင့် အငြင်းပွားလိုခြင်းမရှိချေ။

သူတို့သည် ထိုက်ကျန်းခန်းမဆောင်၏အတွင်းပိုင်းသို့ ဝင်ခဲ့ကြ၏။

ဤနေရာသည် အလွန်ကျယ်ဝန်းပြီး လုံခြုံရေး ပို၍တင်းကြပ်သည်။ခြေဆယ်လှမ်းခန့်အကွာအဝေးတိုင်းတွင် စစ်သားတစ်ယောက်က စောင့်ကြပ်နေသည်။ဝင်္ကပါပညာရှင်များ၏လက်ထောက်များ သွားလာနေလျှင်ပင် စစ်သားများက နောက်မှနေ၍ ကာကွယ်စောင့်ကြပ်ပေးနေသည်။

ထိုက်ကျန်းခန်းမဆောင်၏နံရံလေးဘက်လုံးတွင် အဆောင်သင်္ကေတများကို ထွင်းထုထားသည်။ထို့ပြင် ရှည်လျားသောပိုးထည်စများပေါ်တွင် ရေးဆွဲထားသော အဆောင်လက်ဖွဲ့များကိုလည်း ထိုက်ကျန်းခန်းမဆောင်၏ အနက်ရှိုင်းဆုံးနေရာရှိ အဆောက်အအုံမြင့်ကြီးတစ်လုံးတွင် ချိတ်ဆွဲထားလေ၏။

ဤသည်က ပတ်ဝန်းကျင်ရှိ ဖုန်းရွှေအသက်စွမ်းအားများကို စုပ်ယူ၍ ထိုက်ကျန်းခန်းမဆောင်အတွင်း၌ စုဝေးစေကာ မဟာဝင်္ကပါကြီး၏စွမ်းအားကို မြှင့်တင်နိုင်ရန်ပင်။

စီရင်စုတိုင်း၏ထိုက်ကျန်းခန်းမဆောင်တိုင်းသည် ဖုန်းရွှေရတနာမြေများပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။

"မင်းတို့နှစ်ယောက် ဂရုစိုက်ပြီးတော့ ခြေလှမ်းလှမ်းကြ...ဒီဝင်္ကပါတွေက အရမ်းရှုပ်ထွေးတယ်...တကယ်လို့ အဲ့ဒီဝင်္ကပါတွေထဲက တစ်ခုခုပျက်စီးသွားရင် ပြန်ပြုပြင်ရတာ အရမ်းခက်ခဲတယ်"

ထိုက်ကျန်းခန်းမသခင်က ရုတ်တရက် ပြောဆိုသည်။

လျှိုမင်က စိတ်မရှည်စပြုလာသည်။

"ငါတို့က ဒီနေရာကို တစ်ချက်ကြည့်ရုံပဲ...မင်းတို့ရဲ့ပစ္စည်းတွေကို ဘာအရှုပ်အထွေးမှ ဖြစ်စေမှာမဟုတ်ဘူး...ဘာမှ စိတ်မပူနဲ့"

ဟမ့်...

ထိုက်ကျန်းခန်းမသခင်က အေးစက်စက်နှာတစ်ချက်မှုတ်ကာ သူတို့နှစ်ယောက်ကို ခန်းမ၏အလယ်ဗဟိုသို့ ခေါ်ဆောင်သွားလေ၏။

ထိုအရာသည် ခမ်းနားထည်ဝါသောအသွင်အပြင်ရှိသည့် မြင့်မားသောအဆောက်အအုံတစ်လုံးပင်။အဆောက်အအုံ၏အလယ်တွင် ကြီးမားသောဝင်္ကပါကြီးတစ်ခုရှိနေသည်။ထိုဝင်္ကပါကြီး၏အလယ်ဗဟိုမှနေ၍ အလင်းတန်းများ လေထုအတွင်းသို့ ထိုးတက်နေကာ လင်ကျိုးစီရင်စု၏အထက်ကောင်းကင်ယံအတွင်း၌ ပျောက်ကွယ်သွားသည်။

ကျယ်ဝန်းသောခန်းမအတွင်း၌ ဝင်္ကပါပညာရှင်ဆယ်ယောက်ကျော်ခန့် ထိုင်နေသည်။သူတို့သည် သူတို့၏လက်များအတွင်းမှ မှော်စွမ်းအားများကိုထိန်းချုပ်ကာ ရံဖန်ရံခါ မှော်မန္တန်များကိုရွတ်ဆို၍ ဝင်္ကပါကြီးအတွင်းသို့ အားဖြည့်ပေးနေလေ၏။

ထိုဝင်္ကပါပညာရှင်များအနက်မှအများစုသည် ဝင်္ကပါကြီးကို ပြုပြင်ထိန်းသိမ်းရန်အတွက် နေရာဒေသအသီးသီးမှနေ၍ တော်ဝင်နန်းတွင်းမှနေ၍ ခေါ်ယူထားခြင်းဖြစ်သည်။

ထိုလူများသည် သတ္တမအဆင့်နှင့်အထက် အရာရှိများဖြစ်ကာ သူတို့ထံတွင် အစစ်အမှန်စွမ်းအားမရှိသော်လည်း တော်ဝင်နန်းတွင်း၏အထူးခွင့်ပြုချက်ဖြင့် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များကို မြှင့်တင်နိုင်ရန် တာယွီ၏ကံကြမ္မာစွမ်းအားကို အသုံးပြုနိုင်သည်။

ထိုဝင်္ကပါပညာရှင်များသည် များသောအားဖြင့် ဝင်္ကပါပညာရပ်ကို သင်ယူလေ့လာခြင်းဖြင့်သာ သူတို့၏အချိန်အများစုကို ကုန်ဆုံးသွားလေ့ရှိသည်။သူတို့သည် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ကို အနည်းငယ်မျှပင် ဂရုမစိုက်ကြချေ။တာယွီကံကြမ္မာစွမ်းအား၏ ကောင်းချီးပေးမှုကြောင့် သူတို့၏ကျင့်ကြံမှုအရှိန်နှုန်းသည် အလွန်လျှင်မြန်ပေ၏။ဤသည်ကြောင့် သူတို့၏အားနည်းချက်ကို ဖာထေးနိုင်ပြီးဖြစ်သည်။

ထို့ပြင် တော်ဝင်နန်းတွင်း၏အရာရှိတစ်ယောက်ဟူသော အဆင့်အတန်းမျိုး သူတို့ကို အကျိုးအမြတ်များပေး၍ ချည်နှောင်ထားသည်။ထိုလူများထံတွင် လုံလောက်သောငွေကြေးများ ရှိနေသည်။ကျင့်ကြံဆင့်နယ်ပယ်မှလွဲ၍ တခြားမည်သည့်အရာကိုမျှ သူတို့သည် စိုးရိမ်ပူပန်ရန်မလိုအပ်ချေ။သူတို့သည် တော်ဝင်နန်းတွင်းမှ တချို့အရာရှိများထက်ပင် ပို၍သစ္စာရှိသည်။အခြေခံအားဖြင့် အင်အားစုတချို့ကသာ ဝင်္ကပါပညာရှင်များကို သိမ်းသွင်းနိုင်သည်။

ခန်းမသခင်သည် အတွင်းသို့ လူနှစ်ယောက်ကိုခေါ်ဆောင်လာသည်အား မြင်တွေ့ချိန်၌ ထိုဝင်္ကပါပညာရှင်များသည် ကူကယ်ရာမဲ့စွာဖြင့် နောက်တစ်ကြိမ် ထပ်မံ၍ကြည့်လိုက်ကြသည်။

သူတို့သည် များသောအားဖြင့် ဤနေရာ၌သာ နေထိုင်ကာ ပြင်ပသို့ ထွက်လေ့မရှိချေ။ထို့ကြောင့် သူတို့သည် လုယွီနှင့်လျှိုမင်ကို မည်သူမည်ဝါများဖြစ်ကြောင်း မသိရှိပေ။

Chapter 3083

"ဒီလူနှစ်ယောက်က စီရင်စုသခင်နဲ့ အစောင့်စစ်ဗိုလ်ချုပ်လျှိုမင်ပဲ"

ထိုက်ကျန်းခန်းမသခင်က အတိုချုပ်၍ မိတ်ဆက်ပေးလေသည်။

ဝင်္ကပါပညာရှင်တချို့သည် အနည်းငယ်အံ့အားသင့်သွားသော်လည်း လုယွီကို တစ်ကြိမ်ခန့်ထပ်မံကြည့်လိုက်ရုံမှတပါး အခြားမရှိချေ။

သူတို့အတွက် စီရင်စုသခင်သည် မည်သူဖြစ်နေပါစေ အစောင့်စစ်ဗိုလ်ချုပ်သည် မည်သူဖြစ်နေပါစေ အရေးမကြီးချေ။သူတို့သည် သူတို့၏သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်ရုံပင်။

ထိုက်ကျန်းခန်းမသခင်က အလင်းတိုင်လုံး၏အောက်ခြေကို လက်ညှိုးညွှန်ပြ၍ ပြောဆိုသည်။

"ဒါက နတ်ဘုရားမျက်လုံးဝင်္ကပါပဲ...ဒီဝင်္ကပါက ကောင်းကင်နဲ့မြေပြင်အကြားမှာရှိတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေနဲ့ ဆက်သွယ်ထားတယ်...ဒါက လင်ကျိုးစီရင်စုရဲ့နယ်မြေတွေကို သိသာထင်ရှားအောင် ပြပေးနိုင်တယ်...ဒီလိုလုပ်ဆောင်ချက်မျိုးရှိတာက ငါတို့အားလုံး နေ့တိုင်းပြုပြင်ထိန်းသိမ်းနေလို့ပဲ....မင်းက စီရင်စုရုံးတော်မှာပဲ အမြဲတမ်းနေနေတော့ ဒီဝင်္ကပါကို ပြုပြင်ထိန်းသိမ်းရတာ ဘယ်လောက်ထိခက်ခဲတယ်ဆိုတာ မင်း သိမှာမဟုတ်ဘူး...ဒီဝင်္ကပါကြီး ပုံမှန်လည်ပတ်နေအောင်လုပ်ဖို့ဆိုတာ မလွယ်ကူဘူး"

သူတို့ စကားပြောဆိုနေစဥ်မှာပင် လက်ထောက်နှစ်ယောက်သည် စိတ်ဝိညာဥ်ကျောက်တုံးသေတ္တာတချို့ကို သယ်ဆောင်လာကာ ဝင်္ကပါကြီး၏နံဘေး၌ နေရာချထားလိုက်၏။

ထိုက်ကျန်းခန်းမသခင်သည် သူ့ရှေ့ရှိ စိတ်ဝိညာဥ်ကျောက်တုံးများကို လက်ညှိုးညွှန်လိုက်သည်။သူက မှော်မန္တန်တချို့ကို တီးတိုးရွတ်ဆိုကာ လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းလေသည်။သူ့ရှေ့ရှိ သေတ္တာများအတွင်းမှ စိတ်ဝိညာဥ်ကျောက်တုံးများ ကြေမွှပျက်စီးသွားပြီး စိတ်ဝိညာဥ်စွမ်းအားထုကြီးအဖြစ်သို့ ပြောင်းလဲကာ ဝင်္ကပါကြီးအတွင်းသို့ စီးဝင်သွားတော့သည်။

ထိုစိတ်ဝိညာဥ်စွမ်းအားများ၏ဖြည့်တင်းပေးမှုကြောင့် နတ်ဘုရားမျက်လုံးဝင်္ကပါကြီး ယခင်ထက်ပို၍ တောက်ပသွားလေ၏။

အလင်းတိုင်လုံး၏အောက်ခြေတွင် လင်ကျိုးစီရင်စု၏ပုံရိပ် အပြည့်အဝ ထွက်ပေါ်လာလေပြီ။အဆောက်အအုံတိုင်းနှင့် လူတချို့၏လှုပ်ရှားမှုများကိုပင် ဝင်္ကပါကြီးပေါ်တွင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသထားသည်။

သို့ရာတွင် လင်ကျိုးစီရင်စု၏ပြင်ပတွင် ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးထုကြီး မျောလွင့်နေကာ နတ်ဘုရားမျက်လုံးဝင်္ကပါကြီး၏စုံစမ်းထောက်လှမ်းမှုကို ပိတ်ဆို့ဟန့်တားထားသည်။

အကယ်၍ ယခင်ကဆိုပါက နတ်ဘုရားမျက်လုံးဝင်္ကပါကြီးသည် လင်ကျိုးစီရင်စု၏နံဘေးပတ်လည် မိုင်တစ်ထောင်ဝန်းကျင်ကို စုံစမ်းထောက်လှမ်းနိုင်သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ အနက်ရောင်မြူခိုးများရှိနေခြင်းကြောင့် လုယွီသည် မြို့ရိုးအနီးရှိနေရာအနည်းစုကိုသာ မြင်တွေ့နိုင်သည်။

ထိုနေရာများတွင် လူများသွားလာလှုပ်ရှားနေကြပြီး အလံများက တလူလူလွင့်နေကာ မြောက်မြားစွာသော ပုန်ကန်သူများနှင့်နတ်ဆိုးကျင့်ကြံသူများက အနက်ရောင်မြူခိုးများအကြား၌ ပုန်းအောင်းနေသည်။

ဤသည်က ခုခံကာကွယ်ရမည့် အစောင့်စစ်သားများအတွက် ဆိုးရွားသော အချက်ပေးသင်္ကေတပင်။

တစ်ဖက်ရန်သူ၏အစီအစဥ်များကို မသိရှိပါက လင်ကျိုးစီရင်စုသည် အရေးနိမ့်သောအနေအထားသို့ အကြွင်းမဲ့ကျရောက်သွားပေမည်။သူတို့သည် မည်သည့်ရှောင်တခင်တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ရန်အတွက် နေ့ရောညပါ သတိထား၍စောင့်ကြည့်ရပေလိမ့်မည်။

လျှိုမင်က တဲ့တိုးဆန်စွာ မေးမြန်းသည်။

"အပြင်မှာရှိတဲ့ အနက်ရောင်မြူခိုးတွေကို ထွင်းဖောက်နိုင်ဖို့ မင်းတို့ အချိန်ဘယ်လောက်ကြာမှာလဲ"

စစ်သားတစ်ယောက်ဖြစ်သော လျှိုမင်သည် တိုက်ပွဲ၏လက်ရှိအခြေအနေနှင့်ပတ်သတ်၍ အလွန်စိုးရိမ်ကြောင့်ကြနေသည်။

ထိုက်ကျန်းခန်းမသခင်က ယုံကြည်ချက်အခိုင်အမာရှိစွာ ပြောဆိုသည်။

"ဘာမှမစိုးရိမ်ပါနဲ့...ငါတို့ လှုပ်ရှားမှုတစ်ခုလုပ်လိုက်တာနဲ့...အပြင်မှာရှိတဲ့ နတ်ဆိုးဂိုဏ်းကကောင်တွေ တစ်ချက်လေးတောင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"

ထိုသို့ပြောဆိုပြီးနောက် ထိုက်ကျန်းခန်းမသခင်က လုယွီနှင့်လျှိုမင်ကိုကြည့်၍ ဆက်လက်ပြောဆိုသည်။

"ငါ ဝင်္ကပါကြီးအတွက် မှော်မန္တန်ရွတ်တဲ့အချိန်မှာ မင်းတို့အားလုံး အပြင်ထွက်နေရမယ်...မင်းတို့ ဒီအနားကို ချဥ်းကပ်ခွင့်မရှိဘူး"

လုယွီက ခေါင်းညိတ်လိုက်၏။

"ဒါဆိုလည်း ဒီနေရာကကိစ္စတွေကို ခန်းမသခင်နဲ့ပဲ ထားခဲ့တော့မယ်"

လုယွီ၏လိမ္မာပါးနပ်မှုကိုကြည့်ပြီး ထိုက်ကျန်းခန်းမသခင်က စိတ်ကျေနပ်မှုရရှိသွားပုံဖြင့် ပြုံးလိုက်သည်။

"မင်းတို့အားလုံး ဘေးကနေပြီး စောင့်ကြည့်နေလို့ရတယ်...ဘာမှမစိုးရိမ်နဲ့...ငါတို့ တိုက်ခိုက်လိုက်တာနဲ့ အပြင်မှာရှိတဲ့လူတွေက ငါတို့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"

ထိုက်ကျန်းခန်းမသခင်သည် ဝင်္ကပါကြီး၏ရှေ့သို့သွား၍ ကျယ်လောင်စွာအော်ဟစ်လေသည်။သူသည် ချက်ချင်းဆိုသလိုပင် လက်စည်းတံဆိပ်တချို့ကိုဖွဲ့စည်းကာ ဝင်္ကပါကြီးထံသို့ ပစ်လွှတ်လိုက်၏။

သူ၏နောက်ရှိ ဝင်္ကပါပညာရှင်များကလည်း သူ၏လှုပ်ရှားမှုအတိုင်းလိုက်ပါ၍ လက်စည်းတံဆိပ်များကိုဖွဲ့စည်း၍ စေလွှက်ကာ ဝင်္ကပါကြီးထံတွင် စုဝေးသွားစေသည်။

ထိုလက်စည်းတံဆိပ်များ ကျရောက်သွားစဥ်တွင် နတ်ဘုရားမျက်လုံးဝင်္ကပါကြီးထံမှနေ၍ ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးသွားသည်။ထိုဝင်္ကပါကြီး၏ကိုယ်ထည်တစ်ခုလုံးမှနေ၍ ပေတစ်သိန်းခန့်မြင့်မားသော ရွှေရောင်အလင်းတန်းကြီး ထွက်ပေါ်လာကာ တိမ်တိုက်များအကြားသို့ တိုးဝင်သွားလေ၏။

ဘုန်း...

နတ်ဘုရားမျက်လုံးဝင်္ကပါကြီးသည် အထူးစွမ်းအားတစ်မျိုး၏ထောက်ပံမှုကို ရရှိလိုက်ပုံပင်။အလင်းတိုင်လုံး၏အထက်ရှိ ကြီးမားသောမျက်စိသူငယ်အိမ်တစ်စုံမှနေ၍ ရွှေရောင်အလင်းတန်းများဖြာထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးထုကြီးကို ထွင်းဖောက်သွားတော့သည်။

လင်ကျိုးစီရင်စု၏နံဘေးပတ်လည်ရှိ အနက်ရောင်မြူခိုးများသည် သဘာဝရန်သူကို တွေ့လိုက်ရသည့်အလား ပြန့်ကျဲသွားတော့သည်။

အနက်ရောင်မြူခိုးထုတချို့သည် ရွှေရောင်အလင်းတန်းများ၏ ဖြတ်သန်းတိုက်ခတ်ခြင်းကို ခံရပြီးနောက် အထက်သို့မြင့်တက်ကာ ပျက်ပြယ်သွားလေ၏။ကျယ်ပြန့်သောနယ်မြေကြီးက ချက်ချင်းဆိုသလိုပင် လူတိုင်း၏အမြင်အာရုံရှေ့၌ ထွက်ပေါ်လာသည်။

အနက်ရောင်မြူခိုးများ ပျက်ပြယ်သွားစဥ်တွင် မူလက အမှောင်ထုအတွင်း၌ပုန်းအောင်းနေသည့် အရာများအားလုံး ထွက်ပေါ်လာလေပြီ။

Chapter 3084

ဤနေရာတွင်ရှိနေသူတိုင်း အမှောင်ထုအတွင်း၌ မည်သည့်အရာများ ပုန်းအောင်းနေသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရ၏။

လင်ကျိုးစီရင်စု၏ပြင်ပတွင် မူလက ကျယ်ပြန့်သောစွန့်ပစ်ကုန်းမြေကြီးရှိသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုစွန့်ပစ်ကုန်းမြေပေါ်တွင် ထူထပ်သိပ်သည်းစွာ နေရာချထားသော စစ်တန်းလျားများရှိနေသည်။

ထိုစစ်တန်းလျားများအတွင်း၌ လူမည်မျှများများရှိနေသည်ကို မသိရှိနိုင်ချေ။တစ်ချက်ကြည့်မိရုံဖြင့်ပင် ထိုစစ်တန်းလျားများသည် အကန့်အသတ်မရှိတည်ရှိနေကာ အဆုံးသတ်ကို မည်သူတစ်ဦးတစ်ယောက်မျှ မတွေ့မြင်နိုင်ပေ။

"ဒါက အနည်းဆုံးလူအင်အားရှစ်သိန်းကျော်လောက်ပါဝင်တဲ့ စစ်တပ်ကြီးတစ်တပ်ပဲ...အဲ့ဒီနေရာမှာ စိတ်ဝိညာဥ်အမြှောက်တွေနဲ့ စစ်ရထားတွေလည်းရှိနေတယ်...သူတို့က လင်ကျိုးစီရင်စုကို တိုက်ခိုက်ဖို့အတွက် ဒီလောက်ထိ တကယ်ကြီး အသုံးပြုခဲ့တာပါလား"

လျှိုမင်သည် သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်၍ ထိတ်လန့်တကြား ပြောဆိုသည်။

မြေပြင်ပေါ်တွင် လူအများသွားလာနေကာ သူတို့၏သံချပ်ကာများကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။

လေထုအတွင်း၌ နတ်ဆိုးသားရဲများ ပျံသန်းနေကာ အဆက်မပြတ်ဟိန်းဟောက်နေကြ၏။

အရေအတွက်အားဖြင့်ပင် လူအများကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုး ပေးစွမ်းနိုင်သည်။

လုယွီက သူ့ရှေ့ရှိ ပုန်ကန်သူစစ်တပ်ကို ကြည့်လိုက်သည်။ဤသည်က ပုန်ကန်သူများ၏အင်အား တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။နောက်ထပ် ပုန်ကန်သူစစ်သားဦးရေနှစ်သိန်းခန့် ထပ်မံ၍ရောက်ရှိလာပေမည်။

သန်းချီသောအားကောင်းသည့် ပုန်ကန်သူစစ်တပ်ကြီးနှင့် မြောက်မြားစွာသော နတ်ဆိုးဂိုဏ်းများ....

တစ်ဖက်ခြမ်းရှိ စစ်တန်းလျားများအကြားတွင် ကြီးမားသော သွေးနီရောင်တောင်ကုန်းနှင့်တူညီသောအရာများရှိနေကာ အသက်ဝင်နေသည့်အလား ပြင်းပြင်းထန်ထန် ခုန်ပေါက်နေသည်။

ထိုအရာများ တစ်ချက်ခုန်လိုက်သည့်အချိန်တိုင်း သွေးအငွေ့အသက်များက ယိုစိမ့်ထွက်လာသည်။

"သွေးနတ်ဆိုးအသိုက်လား...သွေးနတ်ဆိုးဂိုဏ်းက တကယ့်ကိုပဲ ဒီလိုအရာမျိုးကို တည်ဆောက်ဝံ့တယ်...သူတို့က သေချင်နေကြတာပဲ"

လျှိုမင်သည် သူ့ရှေ့ရှိ ခုန်ပေါက်နေသော သွေးနီရောင်တောင်ကုန်းများကို မြင်တွေ့ချိန်တွင် သူက နံရံကို လက်သီးဖြင့်ထိုးနှက်လိုက်ကာ သူ၏မျက်လုံးတစ်စုံလုံး နီမြန်းနေသည်။

သွေးနတ်ဆိုးဂိုဏ်းသည် လင်ကျိုးစီရင်စုအတွင်း၌ ထင်ရာစိုင်းနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။နယ်မြေခံအစောင့်တပ်၏ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော လျှိုမင်သည် သွေးနတ်ဆိုးဂိုဏ်း၏နည်းလမ်းများနှင့် အတော်အသင့် ရင်းနှီးကျွမ်းဝင်သည်။

သွေးနတ်ဆိုးဂိုဏ်းတွင် သူတို့သတ်ဖြတ်မှုများပြုလုပ်ရာတွင် အသုံးပြုသည့် လျှို့ဝှက်နည်းစနစ်တစ်ခုရှိသည်။လုံလောက်သောအလောင်းအရေအတွက်ရသည်အထိ စုပုံထားကာ မြောက်မြားစွာသောအငြှိုးကြီးစိတ်ဝိညာဥ်များကို သွေးနတ်ဆိုးအသိုက်အတွင်းသို့ ထည့်သွင်းရသည်။အချိန်အတော်ကြာ ပြင်ဆင်ပြီးနောက် ထိုအရာအတွင်းမှနေ၍ အလွန်အစွမ်းထက်သော သွေးနတ်ဆိုးတစ်ကောင် မွေးဖွားလာတော့သည်။

ထိုသွေးနတ်ဆိုးများကို ထိန်းချုပ်ထားခြင်းဖြင့် သွေးနတ်ဆိုးဂိုဏ်းသည် မြောက်မြားစွာသောအင်အားစုများကို လွယ်လင့်တကူ ဖျက်ဆီးနိုင်ခဲ့လေ၏။သွေးနတ်ဆိုးဂိုဏ်း၏ဖျက်ဆီးခြင်းကိုခံရသော ဂိုဏ်းအများစုသည် များသောအားဖြင့် သွေးနတ်ဆိုးဂိုဏ်း၏တပည့် တစ်ယောက်တစ်လေကိုပင် သတ်ဖြတ်နိုင်ခြင်းမရှိချေ။

ထိုနည်းလမ်းအရကြည့်လျှင် သွေးနတ်ဆိုးဂိုဏ်းသည် ရုပ်သေးများကိုထိန်းချုပ်သော နတ်ဆိုးနည်းလမ်းတချို့နှင့် တစ်နေရာရာ၌ ဆင်တူနေသည်။သို့ရာတွင် သွေးနတ်ဆိုးဂိုဏ်းသည် ပို၍အစွမ်းထက်ကာ ထိုအရာများကိုသန့်စင်သည့် ကုန်ကျစရိတ်သည်လည်း ပို၍နည်းပါးပေ၏။

ဤနည်းလမ်းသည် အလွန်အမင်း ရက်စက်ယုတ်မာကာ လုံလောက်သည်အထိအစွမ်းထက်သော သွေးနတ်ဆိုးတစ်ကောင်ကို သိပ်သည်းနိုင်ရန်အတွက် အငြှိုးကြီးစိတ်ဝိညာဥ်အမြောက်အများရှိရန် လိုအပ်သည်။ထို့ကြောင့် သွေးနတ်ဆိုးတစ်ကောင်မွေးထုတ်နိုင်ရန် အသုံးပြုသော အလောင်းများသည် သွေးနတ်ဆိုးဂိုဏ်းမှကိုယ်တိုင်သတ်ဖြတ်ထားသော သက်ရှိများဖြစ်သည်။

ထိုသက်ရှိများသည် ဆိုးဆိုးရွားရွား သေဆုံးခဲ့ရသည်။သာမာန်အားဖြင့် သူတို့၏နာကျည်းမုန်းတီးမှုများသည် မိုးထိအောင်မြင့်မားနေလေပြီ။သွေးနတ်ဆိုးဂိုဏ်းမှ သွေးနတ်ဆိုးအဖြစ် သိပ်သည်းခြင်းခံရပြီးနောက် သူတို့၏စိတ်ဝိညာဥ်များသည် ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းအတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိတော့ချေ။သူတို့သည် မျိုးဆက်အစဥ်အဆက် ကြာမြင့်သည်အထိ နှိပ်စက်ညှင်းပန်းမှုကိုခံစားရကာ ရှင်သန်ရန် သို့မဟုတ် သေဆုံးရန်မှာ မဖြစ်နိုင်တော့ပေ။

အတိတ်တွင် သွေးနတ်ဆိုးဂိုဏ်းသည် ဤနည်းလမ်းကိုအသုံးပြုခြင်းကြောင့် မိုးကောင်းကင်မီးတောက်ကုန်းမြေမှနေ၍ အထူးဝရမ်းကို ထုတ်ပြန်ခဲ့လေ၏။ထိုအချိန်တုန်းက သွေးနတ်ဆိုးဂိုဏ်းဝင်အမြောက်အများ သေဆုံးသွားခဲ့သဖြင့် နောက်ဆုံး၌ သွေးနတ်ဆိုးဂိုဏ်းသည် သူတို့၏လုပ်ရပ်များကို များစွာထိန်းချုပ်ကန့်သတ်ခဲ့သည်။

နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် သွေးနတ်ဆိုးဂိုဏ်းသည် ပြန်လည်၍ထွက်ပေါ်လာကာ ဤကဲ့သို့ရက်စက်ယုတ်မာသောနည်းလမ်းမျိုးကို တဖန်ထပ်၍အသုံးပြုမည်ဟု မည်သူက တွေးထင်မိမည်နည်း။

မြောက်မြားစွာသောသက်ရှိများ၏ စူးရှနာကျင်စွာ အော်ဟစ်နေသောအသံများက ထိုသွေးနတ်ဆိုးအသိုက်များအတွင်းတွင် ကိန်းအောင်းနေသည်။

"အသံတိုးတိုးနေကြစမ်း...ဝင်္ကပါချိုးဖျက်နေတာကို မနှောက်ယှက်နဲ့"

ထိုက်ကျန်းခန်းမသခင်သည် စိတ်မရှည်သောမျက်နှာအမူအယာနှင့် လျှိုမင်ကိုကြည့်ကာ အော်ငေါက်လိုက်၏။

လျှိုမင်သည် အလွန်ဒေါသထွက်သွားလေ၏။သူ တစ်စုံတစ်ခုပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် တည်ငြိမ်နေဆဲဖြစ်သော လုယွီကို တစ်ချက်ကြည့်ကာ နောက်သို့ပြန်ဆုတ်လိုက်သည်။

အဝေးရှိ ပုန်ကန်သူစစ်စခန်းအတွင်းမှနေ၍ လင်ကျိုးစီရင်စုကို လွှမ်းခြုံထားသော အနက်ရောင်မြူခိုးများ ပျက်ပြယ်သွားသည်ကို အာရုံခံမိပုံဖြင့် ကျီးကန်းနက်၏အော်သံနှင့်တူညီသော စူးရှကျယ်လောင်သည့်အသံကြီး မြည်ဟီးလာသည်။

"ဘယ်သူများလဲလို့ ငါက သိချင်နေတာ...ခုကြည့်ကြည့်တော့မှ လင်ကျိုးစီရင်စုထဲက အမှိုက်တစ်သိုက်ဖြစ်နေတာပဲ...မင်းတို့အဆင့်လောက်နဲ့ ငါ့ရဲ့ဝင်္ကပါကို ချိုးဖျက်နိုင်မယ်လို့ မင်းတို့ တကယ်ကြီးထင်နေကြတာလား...မင်းတို့က သေလမ်းရှာနေကြတာပဲ"

အလွန်အမင်းမနှစ်မြို့ဖွယ်အသံတစ်သံက ရုတ်တရက် သူတို့ရှေ့ရှိ နတ်ဘုရားမျက်လုံးဝင်္ကပါကြီးထံမှ ထွက်ပေါ်လာသည်။

Chapter 3085

မီးခိုးရောင်ဝတ်စုံဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက်သည် ပုန်ကန်သူစစ်တန်းလျားအတွင်းမှ ပျံသန်း၍ထွက်လာသည်။သူ၏ဆံပင်များကိုဆံထုံးထုံးထားကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖုန်မှုန့်များ ပေကျံနေလေ၏။

သို့ရာတွင် ထို့ထက်ပို၍မျက်စိဖမ်းစားနိုင်ဆုံးအချက်မှာ တာအိုပညာရှင်၏မျက်လုံးတစ်စုံပင်။

သူ၏မျက်လုံးတစ်စုံသည် မင်ကဲ့သို့မည်းနက်နေကာ အဖြူရောင်တစွန်းတစမျှ ရှိမနေချေ။

ထိုတာအိုပညာရှင်၏အဆင့်အတန်းကို မသိရှိနိုင်သော်လည်း တစ်ချက်ကြည့်မိရုံဖြင့်ပင် ထိုလူ့ထံတွင် နတ်ဆိုးဆန်ပြီး ယုတ်မာကောက်ကျစ်သော အငွေ့အသက်များ ပြည့်နှက်နေသည်ကို ခံစားရပေမည်။သူ၏ခန္ဓာကိုယ်မှနေ၍ ထူထပ်သိပ်သည်းသောယင်ချီများ ထွက်ပေါ်နေသဖြင့် သူ့အားကြည့်မိသော မည်သူမဆို သူတို့၏စိတ်နှလုံးသားများအတွင်း၌ အတွင်းနတ်ဆိုးများ မွေးဖွားလာကာ ထူးဆန်းသည့်အရာအမြောက်အများကို တွေးတောမိပေလိမ့်မည်။

ဤလူသည် နတ်ဆိုးကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းသော ကျင့်ကြံသူတစ်ယောက်ပင်။

ထိုတာအိုပညာရှင်ထံမှနေ၍ ရုတ်တရက် ရှည်လျားသောဟိန်းသံကြီး မြည်ဟီးလာကာ သူ၏အင်္ကျီလက်နှစ်ဖက်မှနေ၍ ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများ ထွက်ပေါ်လာသည်။

ထိုအနက်ရောင်မြူခိုးများအကြားမှနေ၍ ပိုးမွှားများ မြွေများနှင့် တခြားအဆိပ်ရှိသတ္တဝါတို့၏ပုံရိပ်များ ထွက်ပေါ်လာကာ လေထုအတွင်းသို့မြောက်တက်သွားပြီး ရုတ်တရက် အစိမ်းရင့်ရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲကာ နတ်ဘုရားမျက်လုံးဝင်္ကပါကြီးထံသို့ တိုးဝင်သွားသည်။

နတ်ဘုရားမျက်လုံးဝင်္ကပါကြီးမှ ထုတ်လွှတ်ထားသော ရွှေရောင်အလင်းတန်းများသည် ထိုအဆိပ်ရှိမြူခိုးများ၏ လွှမ်းခြုံမှုကို တဖန်ပြန်၍ခံရကာ စုံစမ်းထောက်လှမ်းနိုင်ခြင်းမရှိတော့ချေ။

"ဟား ဟား ဟား...နတ်ဆိုးကျင့်ကြံသူလေးတစ်ယောက်ကများ လှည့်ကွက်ငယ်လေးတွေ နည်းနည်းလေး သင်ယူဖူးတာနဲ့ ငါ့ရှေ့မှာလာပြီးတော့ ဟန်ရေးပြနေတယ်...ငါ့ရဲ့အမြင်အရတော့ မင်းရဲ့ သေးငယ်တဲ့အဆိပ်ဝင်္ကပါက ဟာကွက်တွေအပြည့်ပဲ...ဒါက ထိုးနှက်ချက်တစ်ခုကိုတောင် ခုခံနိုင်မှာမဟုတ်ဘူး"

ထိုက်ကျန်းခန်းမသခင်သည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခြင်းမရှိချေ။ထိုအစား သူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

သူသည် မှော်မန္တန်များကို ဆက်လက်ရွတ်ဆို၍ လက်စည်းတံဆိပ်များကို ပြောင်းလဲလိုက်သည်။ထိုလက်စည်းတံဆိပ်များက တစ်ခုပြီးတစ်ခု နတ်ဘုရားမျက်လုံးဝင်္ကပါကြီးထံသို့ ကျရောက်သွားသည်။

နတ်ဘုရားမျက်လုံးဝင်္ကပါကြီးမှအလင်းတန်းများ ကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာ ရွှေရောင်အလင်းတန်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားလေ၏။ထိုရွှေရောင်အလင်းတန်းများသည် အဆိပ်ဝင်္ကပါကြီးနှင့် သာတူညီမျှဖြစ်သွားကာ ချေမွှပျက်စီးနိုင်မည့်ပုံပင်ရှိသည်။

လေထုအတွင်း၌ ပြည့်နှက်နေသော အဆိပ်မြူခိုးများသည် နတ်ဘုရားမျက်လုံးဝင်္ကပါကြီးမှ ရွှေရောင်အလင်းတန်းများနှင့် ထိတွေ့မိချိန်တွင် သဘာဝရန်သူကိုတွေ့လိုက်ရသည့်အလား အရည်ပျော်ကျသွားကာ ပျက်စီးသွားတော့သည်။

မီးခိုးရောင်ဝတ်စုံဝတ်တာအိုပညာရှင်၏မျက်နှာအမူအယာ မသိမသာပျက်ယွင်းသွားကာ သူက နောက်သို့ဆုတ်လိုက်သည်။

ထိုတာအိုပညာရှင် ရှုံးနိမ့်သွားသည်ကို မြင်တွေ့ချိန်၌ ထိုက်ကျန်းခန်းမသခင်၏မျက်နှာပေါ်ရှိ စိတ်ကျေနပ်မှုရရှိသွားသော အမူအယာသည် ပို၍ပီပြင်ထင်ရှားလာပေ၏။

"လူတိုင်းပဲ...သူ့ရဲ့အဆိပ်ဝင်္ကပါကို ချိုးဖျက်နိုင်အောင် ပိုပြီးအင်အားစိုက်ထုတ်ကြစို့"

ထိုက်ကျန်းခန်းမသခင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မော၍ ပြောဆိုသည်။

လက်ရှိနေရာတွင်ရှိနေသော ဝင်္ကပါပညာရှင်များ၏ မျက်နှာများပေါ်တွင် တိုက်ခိုက်လိုစိတ်ပြင်းထန်သော စိတ်အားတက်ကြွမှုများ ထင်ဟပ်နေသည်။

သူတို့၏ရှေ့ရှိရန်သူ၏ဝင်္ကပါကို ဖျက်ဆီးနိုင်ခြင်းသည် ဝင်္ကပါပညာရှင်တိုင်းအတွက် ချီးမွမ်းခံထိုက်သော ကိစ္စတစ်ခုပင်။

ထို့ထက်ပို၍ အရေးကြီးသောအချက်မှာ အကယ်၍ သူတို့သည် တစ်ဖက်ရန်သူ၏ဝင်္ကပါကို ဖျက်ဆီးနိုင်ပါက သူတို့အတွက် တိုက်ပွဲအကျိုးဆောင်ရမှတ် အမြောက်အများရရှိပေမည်။

ထိုကဲ့သို့ တိုက်ပွဲအကျိုးဆောင်မှုများသည် မှတ်တမ်းတင်ထားခြင်း ခံရပေ၏။ပုန်ကန်သူစစ်တပ်ထွက်ခွာသွားသည်နှင့် ထိုတိုက်ပွဲအကျိုးဆောင်ရမှတ်များကို အသုံးပြု၍ သူတို့၏ဝင်္ကပါပညာရပ်အဆင့်ကို မြှင့်တင်နိုင်ပေမည်။

ထိုက်ကျန်းခန်းမသခင်သည် ဤနေရာ၌ လုယွီကို ဝင်ရောက်စွက်ဖက်ခွင့်မပြုခြင်းမှာ ထိုတိုက်ပွဲအကျိုးဆောင်ရမှတ်များကို လုယွီ လုယူသွားမည်အား စိုးရွံသောကြောင့်ပင်။

ဝှစ်...ဝှစ်...ဝှစ်...

သူတို့ရှေ့တွင်ရှိနေသော တိုက်ပွဲအကျိုးဆောင်ရမှတ်များ၏ ဆွဲဆောင်နိုင်မှုကြောင့် ပတ်ဝန်းကျင်ရှိ ဝင်္ကပါပညာရှင်များအားလုံးသည် မှော်မန္တန်များကို ရွတ်ဆို၍ လက်စည်းတံဆိပ်များကို နတ်ဘုရားမျက်လုံးဝင်္ကပါထံ စေလွှတ်လိုက်ကြ၏။

ထိုဝင်္ကပါကြီးသည် နတ်ဘုရားတစ်ပါး၏ကူညီထောက်ပံမှုကို ရရှိသွားသည့်အလား ပို၍တောက်ပသော ရွှေရောင်အလင်းတန်းများ ပွင့်အံ့ထွက်လာသည်။

နတ်ဘုရားမျက်လုံးဝင်္ကပါသည် အထူးနတ်ဘုရားစွမ်းအားကိုသယ်ဆောင်၍ ပုန်ကန်သူစစ်စခန်း၏အနက်ရှိုင်းဆုံးနေရာထံသို့ တိုးဝင်သွားသည်။

လျှိုမင်က စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"ကောင်းတယ်...အဲ့ဒီဝင်္ကပါကို ဖျက်ဆီးနိုင်တာနဲ့ ငါတို့က အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေကို စိတ်ဓာတ်ကျသွားအောင် လုပ်နိုင်လိမ့်မယ်"

လူတိုင်း၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသောအပြုံးမျိုးရှိနေစဥ်တွင် လုယွီ တစ်ယောက်တည်းကသာ မသိမသာမျက်မှောင်ကြုတ်နေသည်။

သူ၏မျက်လုံးအကြည့်သည် နတ်ဘုရားမျက်လုံးဝင်္ကပါထံတွင်သာ စူးစိုက်၍ကျရောက်နေကာ သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလေ၏။

"ခဏနေကြဦး...အလစ်အငိုက်ဖမ်းပြီး တိုက်ခိုက်ခံရမှာကို သတိထားကြ"

သူ၏အသံတွင် မှော်စွမ်းအားများ၏ထောက်ပံမှု ပါဝင်နေသဖြင့် ခေါင်းလောင်းကြီးတစ်လုံး မြည်ဟီးလိုက်သည့်အလား ခန်းမအတွင်း၌ ပဲ့တင်ထပ်သွားသည်။

ဝင်္ကပါပညာရှင်များ၏ လက်စည်းတံဆိပ်ဖွဲ့စည်းနေမှုများ ရပ်တန့်သွားကာ နေရာမှာပင် ကြက်သေသေနေကြပြီး မည်ကဲ့သို့ရင်ဆိုင်ဖြေရှင်းရမည်ကို မသိကြတော့ချေ။

အကယ်၍ တခြားတစ်ယောက်သာ ဤနေရာတွင် စကားပြောဆိုပါက သူတို့ မောင်းထုတ်နိုင်သည်။သို့ရာတွင် လုယွီသည် လင်ကျိုးစီရင်စု၏ အဆင့်မြင့်ဆုံးအရာရှိဖြစ်နေသည်။ထို့ကြောင့် ဝင်္ကပါပညာရှင်များသည် မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည့်စကားမျှ ပြောဆိုခြင်းမရှိချေ။

"မင်းတို့ ဘာလို့ရပ်လိုက်တာလား...မင်းတို့ နားထောင်ရမှာက သူ့ရဲ့စကားလား...ဒါမှမဟုတ် ငါလား"

ထိုက်ကျန်းခန်းမသခင်က ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

All Chapters