အခန်း (၃၀၈၆-၃၀၉၀)
Vol. 158 Ch. 3086-3090
Chapter 3086
ထိုက်ကျန်းခန်းမသခင်သည် အလွန်ဒေါသထွက်နေကာ သူ၏ဒေါသသည် မိုးထိလုမတတ် မြင့်မားနေလေပြီ။
ထိုက်ကျန်းခန်းမဆောင်အတွင်း၌ သူ၏စကားသည် အမိန့်ဖြစ်ပြီး မည်သူကမျှ သူ၏ဆုံးဖြတ်ချက်ကို မေးခွန်းပြန်မထုတ်ဝံ့ချေ။
သူ၏တစ်ဖက်ရန်သူဖြစ်သော မီးခိုးရောင်ဝတ်စုံဝတ်တာအိုပညာရှင်သည် နတ်ဆိုးကျင့်ကြံသူများအကြား၌ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်မှာ သိသာထင်ရှားလှ၏။အကယ်၍ သူသည် တစ်ဖက်ဝင်္ကပါကို ချိုးဖျက်ကာ ထိုနတ်ဆိုးကျင့်ကြံသူကို ဒဏ်ရာရအောင်ပြုလုပ်နိုင်ပါက အလွန်များပြားသော တိုက်ပွဲအကျိုးဆောင်ရမှတ်များ ရရှိနိုင်သည်။သူသည် ထိုတိုက်ပွဲအကျိုးဆောင်ရမှတ်များကို အမှီပြု၍ နောင်အနာဂတ်တွင် ပို၍မြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်ပေမည်။
သို့ရာတွင် လုယွီသည် နံဘေးတစ်ဖက်မှ စောင့်ကြည့်နေရုံသက်သက်ဆိုပါက ပြဿနာမရှိချေ။လုယွီသည် သူတို့အား အမှန်တကယ် ဟန့်တားဝံ့မည်ဟု သူ မျှော်လင့်မထားမိပေ။
ဤသည်က သူ့ရှေ့၌ မဆင်မခြင် မောက်မာရိုင်းပျခြင်းပင်။
"တကယ်လို့ မင်း ဝင်္ကပါပညာရပ်အကြောင်းကို နားမလည်ဘူးဆိုရင်လည်း နံဘေးကနေပြီးတော့ ပေါက်ကရစကားတွေ မပြောစမ်းနဲ့...တကယ်လို့ မင်း ထပ်ပြီးတော့ ပေါက်ကရစကားတွေ ထပ်ပြောဝံ့မယ်ဆိုရင်...ငါ မင်းကို မောင်းထုတ်ရလိမ့်မယ်"
ထိုက်ကျန်းခန်းမသခင်က လုယွီကို အနည်းငယ်မျှပင် မျက်နှာသာမပေးချေ။
ထိုက်ကျန်းခန်းမသခင်သည် အရာရှိရာထူးအဆင့်၌ လုယွီနှင့်တူညီသည်ဟူသောအချက်ကို ဘေးဖယ်ထားလျှင်ပင် ဝင်္ကပါပညာရပ်၌ သူ၏အဆင့်အတန်းသည် လုယွီထက် ပို၍မြင့်မားသည်။
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်းက မင်းရဲ့စိတ်ဆန္ဒအတိုင်း ခေါင်းမာနေတာနဲ့ နတ်ဘုရားမျက်လုံးဝင်္ကပါကြီးကို ထိခိုက်အောင်လုပ်မိမှာကို ငါ စိုးရိမ်မိတယ်"
"မင်းက ဝင်္ကပါတွေအကြောင်းကို သိတာလား...ဒါမှမဟုတ် ငါက သိတာလား...မင်း ဘာပေါက်ကရစကားတွေ ပြောနေတာလဲ...တစ်ဖက်က နတ်ဆိုးကျင့်ကြံသူ သွေးအန်နေတာကို မင်း မမြင်ဘူးလား...သူ ထပ်ပြီးတောင့်မခံနိုင်တော့ဘူးဆိုတာ အသိသာကြီးလေ...ငါတို့က ဆက်ပြီးတိုက်ခိုက်တာနဲ့ သူ့ရဲ့နှလုံးထိခိုက်ပြီး သူသေဆုံးသွားလိမ့်မယ်"
ထိုက်ကျန်းခန်းမသခင်က အေးစက်တင်းမာစွာ ဆက်လက်ပြောဆိုသည်။
"လူတိုင်းပဲ...ငါ့ရဲ့အမိန့်ကို နားထောင်ကြစမ်း...ဝင်္ကပါကို ဆက်ထိန်းချုပ်ပြီးတော့ အဲ့ဒီနတ်ဆိုးကျင့်ကြံသူကို သတ်ရမယ်"
သူသည် စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။မည်သည့်ကိစ္စမျိုးဖြစ်နေပါစေ သူ ထိုနတ်ဆိုးကျင့်ကြံသူကို သတ်ဖြတ်ရပေမည်။
အကယ်၍ သူသည် ထိုနတ်ဆိုးကျင့်ကြံသူကို မသတ်ဖြတ်နိုင်လျှင်ပင် အပြင်းအထန်ဒဏ်ရာရရှိကာ မလှုပ်ရှားနိုင်အောင် ပြုလုပ်ရပေမည်။ဤနည်းလမ်းဖြင့် ထိုက်ကျန်းခန်းမဆောင်၏စွမ်းအားကို သူ ပြသနိုင်ပေမည်။
"အဆိပ်မြူခိုးတွေကြားမှာ ဝင်္ကပါပညာရှင်အယောက်၇၀ပုန်းအောင်းနေတာကို မင်း မမြင်ဘူးလို့တော့ ငါ့ကိုမပြောနဲ့...ပြီးတော့ သူတို့က ကြိုတင်ပြင်ဆင်ထားတယ်ဆိုတာ အသိသာကြီးလေ"
လုယွီသည် များစွာရှင်းပြလိုခြင်းမရှိသဖြင့် ထွက်ပေါ်လာနိုင်သည့် အန္တရာယ်ကို တဲ့တိုးပြောဆိုလိုက်၏။
ခန်းမသခင်အပါအဝင် ထိုက်ကျန်းခန်းမဆောင်မှဝင်္ကပါပညာရှင်များအားလုံးသည် အန္တရာယ်ရှိသည့်နေရာကို ရှင်းရှင်းလင်းလင်း မမြင်တွေ့ကြချေ။
မီးခိုးရောင်ဝတ်စုံဝတ်တာအိုပညာရှင်၏ ဝင်္ကပါပညာအရည်အချင်းသည် ထိုက်ကျန်းခန်းမသခင်ထက် များစွာပို၍သန်မာအားကောင်းသည်။
ဤသည်ကို သူ၏ပထမဆုံးတိုက်ခိုက်မှုမှတဆင့် တွေ့မြင်နိုင်ပေ၏။
ထိုက်ကျန်းခန်းမသခင်သည် ဝင်္ကပါအတွင်းသို့ စွမ်းအားများစွာ ဖြည့်တင်းခဲ့သည်။ဤသည်က ဝင်္ကပါ၏စွမ်းအားကို ယာယီမြှင့်တင်ပေးနိုင်သော်လည်း နတ်ဆိုးကျင့်ကြံသူကို ဤမျှအဆင့်ထိ နောက်ဆုတ်သွားရန်မှာမူ လွန်စွာအလှမ်းကွာဟသည်။
နတ်ဆိုးကျင့်ကြံသူသည် ခြေတစ်လှမ်းရှေ့တိုးရန်အတွက် နောက်ဆုတ်သွားခြင်းပင်။သူသည် ခန်းမသခင်တို့လူစု ဝင်္ကပါကြီးထံသို့ ခွန်အားအကုန်အစင်ဖြည့်တီးစေရန် ဖိအားပေးကာ အဆုံးသတ်ချိန်ရမှ ဖျက်ဆီးပေလိမ့်မည်။
လုယွီ၏စကားကိုကြားချိန်တွင် ထိုက်ကျန်းခန်းမသခင်က ပြုံးလိုက်၏။
"စီရင်စုသခင်...မင်းက အရမ်းသတိထားလွန်းရာကျနေမှာကို ငါ စိုးရိမ်မိတယ်...ဝင်္ကပါပညာရှင်တွေ ဘယ်လောက်ထိ အဖိုးတန်ရှားပါးတယ်ဆိုတာ မင်း မသိဘူး...ငါတို့လိုလူတွေကပဲ လင်ကျိုးစီရင်စုတစ်စုလုံးမှာ ဝင်္ကပါပညာရှင်ဆိုတဲ့နာမည်ကို ခံထိုက်တယ်...အပြင်က လူတွေက နတ်ဆိုးကျင့်ကြံသူတွေသက်သက်ပဲ...သူတို့မှာ အစစ်အမှန်ဝင်္ကပါပညာရှင် ဆယ်ယောက်ထက်ပိုမရှိနိုင်ဘူး...ဝင်္ကပါပညာရှင်အယောက်၇၀လား...မင်း သူတို့ကို အရမ်းအထင်ကြီးလွန်းနေပြီ"
လုယွီသည် ကျိုးကြောင်းမဆီလျော်သော မှတ်ချက်စကားများကိုပြောဆိုကာ မရှိသည့်အရာကိုအရှိလုပ်နေသည်ဟု ထိုက်ကျန်းခန်းမသခင်က ယူဆထားသည်။
ဤသည်ကြောင့် ထိုက်ကျန်းခန်းမသခင်သည် လုယွီ၏စကားများကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
"ဆက်ပြီးတိုက်ခိုက်ကြစမ်း"
ခန်းမသခင်ကျန်းက မှော်မန္တန်များကို ဆက်လက်၍ ရွတ်ဆိုလိုက်၏။သူနှင့်တခြားဝင်္ကပါပညာရှင်များ၏ မှော်မန္တန်ရွတ်ဆိုသံများက ခန်းမအတွင်း၌ ပဲ့တင်ထပ်နေသည်။
လုယွီသည် ဆက်လက်၍တင်းခံနေခြင်းမရှိသည်ကို မြင်တွေ့ချိန်၌ လျှိုမင်က လေသံနှိမ့်၍ မေးမြန်းလေသည်။
"အရှင်...နတ်ဆိုးကျင့်ကြံသူတွေရဲ့ ခြုံခိုတိုက်ခိုက်မှုက တကယ်ကြီးရှိနေတာလား"
"ဒါက အဆင်ပြေပါတယ်...သူတို့ ခြုံခိုတိုက်ခိုက်ရင် ပိုကောင်းတယ်...ငါက သူတို့နဲ့ကစားပေးရမှာပေါ့"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
လုယွီ၏စကားကိုကြားချိန်တွင် နတ်ဆိုးကျင့်ကြံသူများသည် အမှန်တကယ်ကိုပင် ခြုံခိုတိုက်ခိုက်ရန်ကြံစည်နေကြောင်း လျှိုမင်က သိရှိသွားလေ၏။
အကယ်၍ ယခင်ကဆိုလျှင် လျှိုမင်သည် စီရင်စုသခင်နှင့်ပတ်သတ်၍ ဇဝေဇဝါဖြစ်နေမည်မှာ သေချာပေါက်ပင်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ့ရှေ့ရှိစီရင်စုသခင်ထံတွင် ရန်သူ၏အစီအစဥ်ကို ကြိုတင်သိမြင်နိုင်သည့် အရည်အချင်းမျိုး ရှိနေပုံရသည်။တစ်ဖက်ရန်သူများ မည်သို့လှုပ်ရှားနေပါစေ စီရင်စုသခင်သည် အလွန်စောစီးစွာ ထွင်းဖောက်သိမြင်နိုင်လေ၏။
Chapter 3087
"သူက ဝင်္ကပါတွေအကြောင်းကိုတောင် သိနေတာလား...မဖြစ်နိုင်ဘူး...တကယ်လို့ သူ အဲ့ဒီလောက်တောင် ထူးချွန်နေရင် လင်ကျိုးစီရင်စုရဲ့စီရင်စုသခင်အဖြစ်နဲ့ ဘယ်လိုလုပ်ပြီး ခန့်အပ်ခံရမှာလဲ"
လျှိုမင်သည် လင်ကျိုးစီရင်စုသခင်၏နောက်ကြောင်းနှင့်ပတ်သတ်၍ ရှင်းရှင်းလင်းလင်း သိရှိထားသည်။
လင်ကျိူးစီရင်စုသခင်သည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်အကြာက ကျောင်းတော်သားတစ်ယောက်ဖြစ်ကာ ယခုချိန်ထိတိုင် စီရင်စုသခင်ရာထူး၌ ရှိနေဆဲပင်။
သူနှင့် တစ်နှစ်တည်းအောင်မြင်ခဲ့သော ကျောင်းတော်သားများသည် ရာထူးအဆင့်များ တိုးမြင့်သွားကြလေပြီ။အကယ်၍ သူတို့သည် အဆင့်မြင့်ရာထူးနေရာများသို့ မရောက်ရှိသေးလျှင်ပင် အဆင့်နိမ့်သောစီရင်စုသခင်မျိုး မဟုတ်ကြတော့ချေ။
အကယ်၍ လုယွီသာ အရာရာတိုင်းကို နားလည်သဘောပေါက်နေပါက သူ၏အရည်အချင်းသည် အနည်းငယ်တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေမည်။
လင်ကျိုးကဲ့သို့စီရင်စုငယ်တစ်ခု၏ စီရင်စုသခင်ဖြစ်နေခြင်းမှာ သူ၏အရည်အချင်းကို ဖြုန်းတီးခြင်းပင်။
ဤအချိန်အခိုက်အတန့်တွင် ထိုက်ကျန်းခန်းမသခင်သည် အဆိပ်ဝင်္ကပါကြီးကိုပျက်ပြယ်သွားစေရန် နတ်ဘုရားမျက်လုံးဝင်္ကပါကြီးကို ထိန်းချုပ်ပြီးဖြစ်သည်။
မျှော်လင့်ထားသကဲ့သို့ပင် မီးခိုးရောင်ဝတ်စုံဝတ်တာအိုပညာရှင်သည် တစ်စုံတစ်ခု၏သက်ရောက်မှုကို ခံလိုက်ရပုံဖြင့် သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာရရှိသွားကာ အဆိပ်ဝင်္ကပါကြီး အလွန်လျှင်မြန်စွာ အားပျော့သွားလေ၏။
အခြေအနေသည် ချက်ချင်း ပြောင်းပြန်ဖြစ်သွားသည်။အနက်ရောင်မြူခိုးများသည် နတ်ဘုရားမျက်လုံးဝင်္ကပါကြီး၏သက်ရောက်မှုကို ခံလိုက်ရပုံဖြင့် တဖြည်းဖြည်း ယခင်ကပိတ်ဆို့ဖုံးကွယ်ထားသောနေရာများ ထွက်ပေါ်လာသည်။
လူအားလုံး၏အကြည့်များအောက်တွင် တောင်တန်းပေါ်၌ ထူထပ်သိပ်သည်းစွာနေရာချထားသော သွေးနတ်ဆိုးအသိုက်များ ထွက်ပေါ်လာပေ၏။ထူထပ်သိပ်သည်းသော သွေးညှီနံများသည် လေထုအတွင်း၌ ပြည့်နှက်နေကာ စူးရှရှအော်သံများနှင့်ငိုကြွေးမြည်တမ်းသံများကို သွေးနတ်ဆိုးအသိုက်များမှ ရံဖန်ရံခါ ကြားနေရသည်။
"သူတို့က သွေးနတ်ဆိုးအသိုက်တွေကို တောင်တန်းပေါ်မှာ နေရာချထားတာလား"
လျှိုမင်သည် ထိုအရာကိုသတိပြုမိသွားသဖြင့် သူ၏အင်္ကျီလက်ကြားမှ မြေပုံတစ်ချပ်ကိုထုတ်ယူကာ ထိုနေရာကို အမှတ်အသားပြုလိုက်သည်။
ဤသည်က အလွန်အမင်းအရေးကြီးသော တိုက်ပွဲသတင်းပင်။ယခုလက်ရှိချိန်၌ စီရင်စု၏ပြင်ပကို ပုန်ကန်သူများက ဝိုင်းရံထားသဖြင့် ကင်းထောက်များ အပြင်ထွက်၍မရချေ။ထို့ပြင် နတ်ဘုရားစိတ်အာရုံများဖြင့် စုံစမ်းထောက်လှမ်းခြင်းကိုလည်း ပိတ်ဆို့ဟန့်တားခြင်းခံထားရသည်။အကယ်၍ သူတို့သည် ပြင်ပမှအခြေအနေကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါက ခုခံကာကွယ်ရမည့်စစ်သည်များအတွက် လွန်စွာအကျိုးကျေးဇူးရရှိပေမည်။
လုယွီက သူ၏ခေါင်းကိုခါယမ်း၍ ပြောဆိုသည်။
"ဒါကိုမှတ်ထားဖို့ မလိုအပ်ဘူး...ဒါက အစစ်အမှန်မြင်ကွင်းမဟုတ်ဘူး...ပုံရိပ်ယောင်ဝင်္ကပါသက်သက်ပဲ"
စုတ်တံကိုကိုင်ဆောင်ထားသော လျှိုမင်၏လက် ရုတ်တရက် တုန်ရီသွားသည်။သူက လုယွီကို မယုံကြည်နိုင်သောအကြည့်ဖြင့် ကြည့်လိုက်၏။
"ဒါက ပုံရိပ်ယောင်ဝင်္ကပါလား...ငါ အဲ့လိုမမြင်ဘူး"
သူ့ရှေ့ရှိမြင်ကွင်းသည် သွေးညှီနံများအရဖြစ်စေ သွေးနတ်ဆိုးအသိုက်များမှထွက်ပေါ်နေသော အသံများအရဖြစ်စေ အစစ်အမှန်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။
ဤစကားများကို ထိုက်ကျန်းခန်းမသခင်လည်း ကြားသွားခဲ့သည်။
သို့ရာတွင် ဤသည်က ကိစ္စကြီးတစ်ရပ်ဟု သူ တွေးထင်ခြင်းမရှိချေ။ထိုအစား သူသည် တိုက်ပွဲအကျိုးဆောင်ရမှတ်များ အမြောက်အများရရှိပါက စီရင်စုသခင်ရာထူးအား ခြိမ်းခြောက်လာမည်ကို လုယွီက စိုးရိမ်နေသည်ဟုသာ သူ တွေးထင်ထားလေ၏။
"နတ်ဆိုးကျင့်ကြံသူ...မင်းရဲ့သေခြင်းကို လက်ခံလိုက်စမ်း"
ထိုက်ကျန်းခန်းမသခင်သည် နတ်ဘုရားမျက်လုံးဝင်္ကပါကြီး၏ ရွှေရောင်အလင်းတန်းများကိုထိန်းချုပ်လိုက်ရာ ပုန်ကန်သူစစ်စခန်း၏အထက်ကောင်းကင်ယံအတွင်းသို့ ဖြာကျသွားသည်။
စစ်စခန်းအတွင်း၌ တခြားတဲများထက် ပို၍ကြီးမားသော တဲတစ်လုံးရှိနေသည်။ထိုတဲ၏ရှေ့၌ အလံတစ်ခုကို စိုက်ထူထားသည်။ထိုနေရာသည် ပုန်ကန်သူစစ်ဗိုလ်ချုပ် နေထိုင်သောနေရာ ဖြစ်ပေလိမ့်မည်။
မီးခိုးရောင်ဝတ်စုံဝတ်တာအိုပညာရှင်သည် ထိုတဲအတွင်းသို့ ထွက်ပြေးသွားလေ၏။
ထိုအခြင်းအရာကို မြင်တွေ့ချိန်တွင် ထိုက်ကျန်းခန်းမသခင်က အပျော်လွန်သွားသည်။
"မင်းက မင်းကိုယ်မင်း သေတွင်းထဲတွန်းပို့နေတာပဲ...ငါ အချိန်ကုန်သက်သာတာပေါ့...မင်းတို့အားလုံးကို တစ်ချီတည်းနဲ့ အကုန်သေအောင် သတ်နိုင်တော့မယ်"
သူ၏ထိန်းချုပ်မှုအောက်တွင် နတ်ဘုရားမျက်လုံးဝင်္ကပါကြီးမှ ရွှေရောင်အလင်းတန်းများ ပို၍တောက်ပလာကာ သူ့ရှေ့ရှိတဲကို ပွင့်ထွက်သွားစေရန် ဆုတ်ဖြဲလိုက်၏။
ဝုန်း...
ထိုတဲသည် ချက်ချင်းကြေမွှပျက်စီးသွားတော့သည်။
သို့ရာတွင် တဲအတွင်းမှထွက်ပေါ်လာသောအရာများသည် ပုန်ကန်သူစစ်တပ်နှင့်နတ်ဆိုးကျင့်ကြံသူများမဟုတ်ဘဲ ထူထပ်သိပ်သည်းသော အနက်ရောင်အဆိပ်မြူခိုးထုကြီးဖြစ်နေသည်။
ထိုအဆိပ်မြူခိုးများသည် နတ်ဘုရားမျက်လုံးဝင်္ကပါကြီးမှ ရွှေရောင်အလင်းတန်းများနှင့် ရောနှောသွားသည်။ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်အတွင်း၌ မျောလွင့်နေသော နတ်ဘုရားမျက်လုံးဝင်္ကပါကြီးကို ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများက လွှမ်းခြုံသွားလေ၏။
"ဒါက...."
ထိုက်ကျန်းခန်းမသခင်သည် အံ့အားသင့်တုန်လှုပ်သွားကာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
မမျှော်လင့်ဘဲ နတ်ဘုရားမျက်လုံးဝင်္ကပါကြီးသည် ညစ်ညမ်းသွားပုံရသည်။မူလက မြင့်မြတ်သော ရွှေရောင်အလင်းတန်းများကို အနက်ရောင်မြူခိုးများက လွှမ်းခြုံထားပေ၏။
နတ်ဘုရားမျက်လုံးဝင်္ကပါကြီးသည် လင်ကျိုးစီရင်စုတစ်စုလုံးကို တွေ့မြင်နိုင်သောအရာပင်။
ယခုလက်ရှိချိန်တွင် ထိုက်ကျန်းခန်းမသခင်သည် နတ်ဘုရားမျက်လုံးဝင်္ကပါကြီးကို အသုံးပြု၍ တိုက်ခိုက်ခဲ့သော်လည်း မမျှော်လင့်ဘဲ တစ်ဖက်ရန်သူများ၏တန်ပြန်တိုက်ခိုက်ခြင်းကို သူ ခံယူခဲ့ရသည်။
Chapter 3088
နတ်ဘုရားဝင်္ကပါမှနေ၍ အနက်ရောင်မြူခိုးများ မြင့်တက်နေသည်။
ထိုအနက်ရောင်မြူခိုးများသည် နောက်ဆုံး၌ ဧရာမကျီးကန်းနက်ကြီးတစ်ကောင်အသွင် ပြောင်းလဲသွားကာ သူ၏အစွယ်ကိုဝှေ့ယမ်း၍ ခြေစွယ်လက်စွယ်များကိုဝှေ့ယမ်းကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"ငတုံးတစ်သိုက်ပဲ...ဒီနှိမ့်ချတက်တဲ့ တာအိုပညာရှင်က မင်းတို့လင်ကျိုးစီရင်စုရဲ့နတ်ဘုရားမျက်လုံးဝင်္ကပါကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်မယ်"
ကျီးကန်းနက်၏အသံ လွင့်ပါးသွားချိန်တွင် နတ်ဘုရားမျက်လုံးဝင်္ကပါ၏အောက်ခြေရှိ အဆောင်လက်ဖွဲ့များ တစ်ခုပြီးတစ်ခု ကြေမွှပျက်စီးသွားတော့သည်။
ဘန်း...ဘန်း...ဘန်း...
ပြင်းထန်သော ကြေမွှပျက်စီးသံများက လူတိုင်း၏နားအတွင်း၌ ပဲ့တင်ထပ်နေသည်။
လက်ရှိနေရာတွင်ရှိနေသော ဝင်္ကပါပညာရှင်အများစုသည် စူးရှနာကျင်စွာအော်ဟစ်ကာ ဝင်္ကပါကိုထိန်းချုပ်နေသော အခြေအနေမှ အတင်းအကြပ်မောင်းထုတ်ခြင်း ခံလိုက်ရသည်။ထိုဝင်္ကပါပညာရှင်များ၏ပါးစပ်ထောင့်များမှ သွေးများယိုစီးကျလာကာ သူတို့၏ဒဏ်ရာများသည် အတော်အသင့် ပြင်းထန်ပေ၏။
ထိုက်ကျန်းခန်းမသခင်၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။သူသည် တန်ပြန်ရိုက်ခတ်မှုဒဏ်ကို ခံစားလိုက်ရသည်မှာ သိသာထင်ရှားနေပြီး သူသည် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ရသည်။
သူ ထိုခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ခြင်းနှင့်အတူ သူ၏မောက်မာဝံ့ကြွားသောအမူအယာ ချက်ချင်းလျော့ကျသွားကာ ယခင်ကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါမျိုးမရှိတော့ချေ။
"စက်ဆုပ်ဖို့ကောင်းတဲ့လူရမ်းကားတွေ...မင်းတို့က ငါ့ကို အကွက်ချပြီး ကြံစည်ဝံ့တာလား"
ထိုက်ကျန်းခန်းမသခင်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။
သူသည် နတ်ဘုရားမျက်လုံးဝင်္ကပါကြီးကို ထိန်းချုပ်နိုင်မှု သူ၏လက်အတွင်းမှ တဖြည်းဖြည်း ချော်ထွက်သွားသည်ကို ခံစားမိပြီးဖြစ်သည်။
ရန်သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် သူ့အား ရှေ့သို့တိုးလာစေရန် မျှားခေါ်ကာ ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ သူ့အား ခြုံခိုတိုက်ခိုက်ကာ နတ်ဘုရားမျက်လုံးဝင်္ကပါကြီးအား ထိန်းချုပ်မှုကို ခိုးယူသွားခြင်းဖြစ်ပေ၏။
ဝင်္ကပါဖွဲ့စည်းပုံများ၏တိုက်ပွဲသည် ချက်ချင်းဆိုသလိုပင် အကန့်အသတ်မရှိ ပြောင်းလဲသွားတော့သည်။ထိုက်ကျန်းခန်းမသခင်သည် တစ်ကြိမ်နောက်ဆုတ်ပြီးနောက် ထပ်ခါတလဲလဲ ရှုံးနိမ့်နေခဲ့သည်။သူ တန်ပြန်တိုက်ခိုက်ရန် အနည်းငယ်မျှပင် အခွင့်အရေးမရချေ။
"မဖြစ်နိုင်ဘူး...ငါ့ရဲ့ဝင်္ကပါပညာနည်းစနစ်တွေက မင်းတို့ထက် ပိုပြီးသာလွန်တာ သေချာတယ်...မင်းတို့ ငါ့ရဲ့ဝင်္ကပါကို ယူဆောင်သွားနိုင်မယ်လို့ ငါ မယုံကြည်ဘူး"
ထိုက်ကျန်းခန်းမသခင်သည် လက်လျှော့အရှုံးပေးရန် ဆန္ဒမရှိချေ။သူသည် လက်စည်းတံဆိပ်များကို အလျှင်အမြန်ဖွဲ့စည်း၍ ပိန်းပိတ်အောင်မှောင်မည်းနေသော ဝင်္ကပါကြီးထံသို့ စေလွှတ်လိုက်၏။
ဝှစ်...ဝှစ်...
လက်စည်းတံဆိပ်များ တစ်ခုပြီးတစ်ခု ဝင်္ကပါကြီးအတွင်းသို့ ကျရောက်သွားသည်။သို့ရာတွင် ကျယ်ပြန့်သောသမုဒ္ဒရာကြီးအတွင်းသို့ ကျရောက်သွားသည့် ကျောက်စရစ်ခဲများနှင့် တူညီနေသည်။ဤသည်က လှိုင်းတစ်လှိုင်းလှုပ်ခတ်သွားရုံသာ ဖန်တီးနိုင်ပြီး အနည်းငယ်မျှပင် သက်ရောက်မှုမရှိချေ။
"မင်းရဲ့ဝင်္ကပါပညာအရည်အချင်းက ငါ့ထက်ပိုပြီး သာတယ်တဲ့လား...ဟီး ဟီး...ဒီလိုယုံကြည်ချက်မျိုး မင်းကို ဘယ်သူက ပေးလိုက်တာလဲ...ထွက်သွားစမ်း"
ကျီးကန်းနက်သည် ဝင်္ကပါ၏အလယ်၌ရပ်တန့်ကာ ရုတ်တရက် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ဝင်္ကပါနှင့်အနီးကပ်နေသူတချို့သည် သူတို့၏နားများကို အလျှင်အမြန် ဖုံးအုပ်လိုက်ကြသည်။နားအူလူမတတ် စူးရှရှအသံကြီးသည် သူတို့၏ကိုယ်နေဟန်ထားများကို ပျက်ပြားစေရုံသာမက သူတို့၏စိတ်ကိုလည်း သက်ရောက်စေသည်။
ထိုက်ကျန်းခန်းမသခင်သည် ထိုအသံလှိုင်းများ၏သက်ရောက်မှုကို ပထမဆုံး ခံယူခဲ့ရသည်။
ရုတ်ချည်းဆိုသလိုပင် ထိုက်ကျန်းခန်းမသခင်၏စိတ် ဖရိုဖရဲဖြစ်သွားသည်။အတွင်းစိတ်နတ်ဆိုးများက နေရာအနှံ့အပြား၌ထွက်ပေါ်လာကာ ရူးကြောင်ကြောင်အတွေးမျိုးစုံက သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာပေ၏။
ထိုက်ကျန်းခန်းမသခင်သည် ကူကယ်ရာမဲ့စွာဖြင့် ထပ်မံ၍ နောက်ဆုတ်လိုက်ရသည်။ဤတစ်ကြိမ်တွင် ထိုနတ်ဆိုးကျင့်ကြံသူနှင့် ယှဥ်ပြိုင်တိုက်ခိုက်ရန် စွမ်းရည်မျိုးကို သူ လုံးလုံးလျားလျား ဆုံးရှုံးသွားလေပြီ။
"မင်း အရမ်း မောက်မာရိုင်းစိုင်းမနေစမ်းနဲ့...နတ်ဘုရားမျက်လုံးဝင်္ကပါကြီး ပျက်စီးသွားတာနဲ့ အုပ်ချုပ်ရေးရုံးတော်က သိသွားလိမ့်မယ်...အဲ့ဒီသတင်းက အမြန်ဆုံးနည်းနဲ့ ပျံ့နှံ့သွားမှာပဲ...တော်ဝင်နန်းတွင်းက စစ်ကူတွေရောက်လာတဲ့အချိန်ကျရင် မင်းတို့လိုခွေးကောင်တစ်သိုက်က ကြာကြာအသက်ရှင်နိုင်မှာမဟုတ်ဘူး"
ထိုက်ကျန်းခန်းမသခင်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
မမျှော်လင့်ဘဲ ကျီးကန်းနက်သည် အနည်းငယ်မျှပင် ကြောက်ရွံသွားပုံမရချေ။သူက အူလှိုက်သည်းလှိုက်အော်ဟစ်ရယ်မောကာ ပြောဆိုသည်။
"ဟား ဟား ဟား...မင်း ငါ့ကို လှည့်စားမနေနဲ့...အခုချိန်မှာ တော်ဝင်နန်းတွင်းက စစ်ကူတွေ ဘယ်နည်းနဲ့မှ ရောက်မလာနိုင်ဘူး...အုပ်ချုပ်ရေးရုံးတော်ကတော့...ဟီး ဟီး...တကယ်လို့ သူတို့ရဲ့ဝင်္ကပါပညာရှင်တွေ ဝိုင်းရံပြီးတိုက်ခိုက်ရင်တောင် ငါတို့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"
လက်ရှိနေရာတွင်ရှိနေသော ဝင်္ကပါပညာရှင်များသည် ကျီးကန်းနက်၏နောက်တွင် ဆယ်နှင့်ချီသော လူရိပ်များရှိနေကြောင်း တွေ့မြင်လိုက်ရသည်။
ထိုလူများသည် ဝင်္ကပါကိုထိန်းချုပ်နေသဖြင့် ဝင်္ကပါပညာရှင်များဖြစ်သည်မှာ သိသာထင်ရှားလှ၏။
တစ်ဖက်ရန်သူများ၏အင်အားကို မြင်တွေ့ချိန်တွင် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ကြက်သေသေသွားသည်။
ထိုဝင်္ကပါပညာရှင်များကို ရေတွက်ကြည့်ပါက အယောက်၇၀ အတိအကျရှိနေသည်။
ဤမျှထိများပြားသော ဝင်္ကပါပညာရှင်အရေအတွက်မှာ အုပ်ချုပ်ရေးရုံးတော်၌ပင် ရှိနိုင်မည်မဟုတ်ချေ။
သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် လုယွီဘက်သို့ အကြည့်ရောက်သွားကြ၏။
လုယွီသည် အနက်ရောင်မြူခိုးများအကြား၌ ဝင်္ကပါပညာရှင်အယောက်၇၀ ပုန်းအောင်းနေကြောင်း ယခင်က သူတို့ကို သတိပေးပြီးဖြစ်သည်။
သို့ရာတွင် သူတို့သည် လုယွီ၏စကားကို အလေးအနက်မထားခဲ့ကြချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ယခင်ကတည်းက သဲလွန်စကိုရှာတွေ့ပြီးပုံရသည်။
Chapter 3089
ဤသည်က တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ချေ။
ဤအတွေးမျိုးက ယခုလက်ရှိနေရာတွင်ရှိနေသော ဝင်္ကပါပညာရှင်များ၏စိတ်အတွင်း၌ ဖြတ်ပြေးသွားသည်။
သူတို့ ယုံကြည်လက်ခံလိုခြင်းမရှိလျှင်ပင် လုယွီသည် တစ်ဖက်ရန်သူ၏ဝင်္ကပါနည်းစနစ်ကို အကြည့်တစ်ချက်နှင့် တွေ့မြင်နိုင်ကာ ပုန်းအောင်းနေသောဝင်္ကပါပညာရှင်များ၏အရေအတွက်ကို အတိအကျပြောနိုင်ခဲ့သည်။
သူတို့သည် ထိုက်ကျန်းခန်းမဆောင်အတွင်း၌ ဝင်္ကပါပညာရပ်ကို နှစ်ပေါင်းများစွာကြာအောင် လေ့ကျင့်ပြီးမှသာ ယနေ့ကဲ့သို့အောင်မြင်မှုမျိုး ရရှိခဲ့ခြင်းဖြစ်သည်။သို့ရာတွင် လုယွီသည် မည်ကဲ့သို့လူစားမျိုးဖြစ်သနည်း။သူသည် စီရင်စုသခင်တစ်ယောက် အဆင့်သာရှိသည်။သာမာန်အားဖြင့် သူသည် နေ့စဥ်နေ့တိုင်း အုပ်ချုပ်ရေးကိစ္စများကို စီမံဖြေရှင်းနေရလေရာ မည်သည့်နည်းဖြင့် သူ့ထံတွင် ဝင်္ကပါပညာရပ်ကိုလေ့ကျင့်ရန် အချိန်ရှိနေနိုင်မည်နည်း။
"ဟီး ဟီး...မင်းတို့ကောင်တွေ နတ်ဘုရားမျက်လုံးဝင်္ကပါကို ထပ်ပြီးအသုံးပြုလို့မရတော့ဘူး...ဒါက ငါတို့ရဲ့အပိုင်ဖြစ်သွားပြီ"
ထိုအချိန်မှာပင် ဝင်္ကပါထံမှနေ၍ မီးခိုးရောင်ဝတ်စုံဝတ်တာအိုပညာရှင်၏ အေးစက်စက်ရယ်မောသံကြီး ထွက်ပေါ်လာသည်။
ထိုရယ်မောသံကိုကြားချိန်တွင် ဝင်္ကပါပညာရှင်များသည် ရုတ်တရက် အိမ်မက်မှလန့်နိုးလာသူများကဲ့သို့ အသိဝင်လာကြ၏။
ယခုလက်ရှိချိန်တွင် နတ်ဘုရားမျက်လုံးဝင်္ကပါကြီးသည် နတ်ဆိုးကျင့်ကြံသူများ၏လက်အတွင်းသို့ ကျရောက်သွားလေပြီ။
အခြေအနေ ချက်ချင်းပြောင်းလဲသွားသည်။မူလက လင်ကျိုးစီရင်စု၏ခုခံကာကွယ်မှုအပိုင်းတွင် အရေးသာမှုတချို့ ရှိနေဆဲပင်။သို့ရာတွင် နတ်ဘုရားမျက်လုံးဝင်္ကပါကြီးကို ဆုံးရှုံးလိုက်ရပါက ထိုအရေးသာမှု ချက်ချင်းပျောက်ကွယ်သွားပေမည်။
တခြားတစ်ဖက်တွင် လင်ကျိုးစီရင်စု၏ စစ်သည်များနေရာချထားပုံကိုဖြစ်စေ အတွင်းပိုင်းအခြေအနေများကိုဖြစ်စေ မြို့ပြင်ရှိ နတ်ဆိုးကျင့်ကြံသူများမှ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပေလိမ့်မည်။
"ခန်းမသခင်...သတင်းဆိုးပဲ...အပြင်ကိုကြည့်လိုက်အုံး"
လက်ထောက်တစ်ယောက်က ထိတ်လန့်ကြောက်ရွံနေသောအမူအယာဖြင့် ခန်းမအတွင်းသို့ ပြေးဝင်လာသည်။
လက်ရှိနေရာတွင်ရှိနေသူတိုင်း ပြင်ပသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြ၏။
လင်ကျိုးစီရင်စု၏အထက်၌ မျောလွင့်နေသော တောက်ပသည့် နတ်ဘုရားမျက်လုံးဝင်္ကပါကြီးသည် ရုတ်တရက် သွေးနီရောင်အကြောမျှင်များ ယှက်ဖြာနေသည့် သွေးနီရောင်မျက်လုံးတစ်စုံအဖြစ် ပြောင်းလဲသွားသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။
ထိုမျက်လုံးတစ်စုံတွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေကာ သွေးအခိုးအငွေ့များက ယိုစိမ့်ထွက်နေသည်။
ထိုမျက်လုံးတစ်စုံကိုမြင်တွေ့ချိန်တွင် လူတိုင်း တုန်လှုပ်ချောက်ချား သွားကြ၏။
တစ်ဖက်ရန်သူများသည် အချိန်အတော်ကြာယူ၍ ကြိုတင်ပြင်ဆင်ခဲ့သည်မှာ သိသာထင်ရှားသည်။သူတို့သည် နတ်ဘုရားမျက်လုံးဝင်္ကပါ၏ထိန်းချုပ်ခွင့်ကို ခိုးယူခဲ့သည်မှာ အစောပိုင်းကမှဖြစ်သော်လည်း ဝင်္ကပါကို ဤအဆင့်ထိရောက်အောင် ပြုပြင်မွမ်းမံနိုင်ခဲ့သည်။
ဤပြုပြင်မွမ်းမံထားသော မျက်လုံးတစ်စုံဖြင့် ဝင်္ကပါကြီးကိုအသုံးချ၍ နတ်ဆိုးကျင့်ကြံသူများသည် မြို့အတွင်းရှိလူများ၏ လှုပ်ရှားမှုများအားလုံးကို အတိုင်းအတာတစ်ခုထိ ဖိအားပေးနိုင်ပေမည်။
ထိုအချိန်ကျပါက လင်ကျိုးစီရင်စုအတွင်းရှိ လူများအတွက် သေကြေပျက်စီးခြင်းများ ဆိုက်ရောက်လာနိုင်သည်။
"ကောင်းကင်ပေါ်မှာ ဘာတွေဖြစ်နေတာလဲ...ဖြစ်နိုင်တာတော့ မြို့ရဲ့အကာအကွယ်ဝင်္ကပါကို နတ်ဆိုးကျင့်ကြံသူတွေက ချိုးဖျက်သွားနိုင်တာများလား"
"တာယွီအင်ပါယာရဲ့အလံတွေကိုတော့ မြို့ရိုးပေါ်မှာ လွှင့်ထူထားတုံးပဲ...ဒါပေမယ့် နတ်ဘုရားမျက်လုံးဝင်္ကပါကိုတော့ နတ်ဆိုးကျင့်ကြံသူတွေ သိမ်းပိုက်သွားတာ ဖြစ်နိုင်တယ်"
"အဲ့ဒီမျက်လုံးကို မကြည့်ကြနဲ့...ခုဏက ငါ တစ်ချက်ကြည့်မိရုံနဲ့ ငါ့ရဲ့စိတ်ထဲမှာ အတွင်းစိတ်နတ်ဆိုးတွေနဲ့ ပြည့်သွားတယ်...ငါ့ရဲ့တာအိုနှလုံးသားကို ထိန်းသိမ်းဖို့တောင် ကျရှုံးသွားလုနီးပါးပဲ...ဘယ်လို နတ်ဆိုးနည်းစနစ်မျိုးပါလိမ့်"
ဤအချိန်အခိုက်အတန့်တွင် လင်ကျိုးစီရင်စုတစ်စုလုံး ထိတ်လန့်ကြောက်ရွံနေသော အခြေအနေမျိုးသို့ ကျရောက်သွားသည်။
မူလက တော်ဝင်နန်းတွင်းကို ထောက်ပံပေးနေသောသူများသည် ချက်ချင်းဆိုသလိုပင် မြို့ပြင်ရှိနတ်ဆိုးကျင့်ကြံသူများ၏စွမ်းအားကို ခံစားမိလေ၏။သူတို့၏စိတ်နှလုံးသားအတွင်း၌ အကြောက်တရားများ ပေါက်ဖွားလာသည်။နတ်ဆိုးကျင့်ကြံသူများ၏ဘက်တွင် ရှိနေပြီးသူများကမူ ပျော်ရွှင်နေကြသည်။ဤသည်က မြို့၏ခုခံကာကွယ်မှု ပျက်စီးသွားရန် အချိန်အနည်းငယ်သာ လိုအပ်တော့သကဲ့သို့ပင်။
သစ်သားစိမ်းဓားဂိုဏ်း...
ဂိုဏ်း၏စည်းဝေးခန်းမအတွင်းတွင် အကြီးအကဲများအားလုံးစုဝေးကာ အနာဂတ်အတွက် အရေးကြီးကိစ္စများကို တိုင်ပင်ဆွေးနွေးနေကြသည်။
ပြင်ပရှိ စိုးရိမ်ပူပန်နေမှုများနှင့် နှိုင်းယှဥ်ပါက သစ်သားစိမ်းဓားဂိုဏ်းသည် လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဖြစ်နေပေ၏။ဂိုဏ်းတစ်ဂိုဏ်းလုံးမှလူများထံတွင် အားရပျော်ရွှင်နေသောစိတ်ခံစားချက်မျိုး ရှိနေသည်။
သစ်သားစိမ်းဓားဂိုဏ်းနှင့် အစဥ်အမြဲဆန့်ကျင်တိုက်ခိုက်နေသော ကောင်းကင်ဘုံလမ်းကြောင်းဂိုဏ်း နောက်ဆုံး၌ ပျက်စီးသွားလေပြီ။
ကောင်းကင်ဘုံလမ်းကြောင်းဂိုဏ်း၏ချမ်းသာကြွယ်ဝမှုများမှ ရှစ်ဆယ်ရာခိုင်နှုန်းကို လင်ကျိုးစီရင်စုရုံးတော်သို့ လွှဲပြောင်းပေးခဲ့ရသည်။သို့ရာတွင် ကောင်းကင်ဘုံလမ်းကြောင်းဂိုဏ်း ပျက်စီးသွားခြင်းနှင့်အတူ သစ်သားစိမ်းဓားဂိုဏ်းသည် လင်ကျိုးစီရင်စုတစ်စုလုံးကို လွှမ်းမိုးအုပ်ချုပ်နိုင်လေပြီ။
လင်ကျိုးစီရင်စုတစ်စုလုံးတွင် သစ်သားစိမ်းဓားဂိုဏ်းကို ယှဥ်ပြိုင်နိုင်သောအင်အားစုဟူ၍ မရှိတော့ချေ။
ထို့ပြင် ကောင်းကင်ဘုံလမ်းကြောင်းဂိုဏ်း၏ အရင်းအမြစ်များကို အပြည့်အဝချေဖျက်ပြီးချိန်၌ သစ်သားစိမ်းဓားဂိုဏ်းတွင် အစွမ်းထက်ကျင့်ကြံသူများ ပို၍မွေးထုတ်ပေးနိုင်မည်ဖြစ်ကာ ဂိုဏ်း၏စုပေါင်းအင်အား အကြီးအကျယ် မြင့်တက်လာပေမည်။
"ဂိုဏ်းခေါင်းဆောင်...ကျွန်တော်တို့က ကောင်းကင်ဘုံလမ်းကြောင်းဂိုဏ်းရဲ့လူတွေကို ခွဲထားပြီးပြီ...အဓိကဂိုဏ်းဝင်တချို့က အချင်းချင်းအချေအတေဖြစ်မှာကို ကာကွယ်တဲ့အနေနဲ့ သူတို့ရဲ့ခန်းမတွေကနေ နှုတ်ထွက်သွားကြတယ်..တာအိုပညာရှင်ထုံထျန်း သေသွားတာကြောင့် အဲ့ဒီလူတွေက ဘယ်အင်အားစုကြီးတွေရဲ့ကာကွယ်မှုအောက်မှာမှ မရှိတော့ဘူး...အချိန်ကျလာရင် သူတို့က ကျွန်တော်တို့ဂိုဏ်းနဲ့ပူးပေါင်းဖို့ကို တောင်းပန်လာကြလိမ့်မယ်"
Chapter 3090
ထိုစကားကို ပြောဆိုလိုက်သူမှာ သစ်သားစိမ်းဓားဂိုဏ်း၏ခန်းမသခင်တစ်ယောက်ပင်။
သူ၏စကားကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး စိတ်ကျေနပ်စွာ ပြုံးလိုက်ကြ၏။
ပြိုင်ဘက်ဟောင်းကြီး ပျက်စီးသွားပြီဖြစ်သဖြင့် ယခုလက်ရှိချိန်တွင် လင်ကျိုးစီရင်စုတစ်စုလုံးကို သစ်သားစိမ်းဓားဂိုဏ်းမှ လွှမ်းမိုးချုပ်ကိုင်နိုင်ပေတော့မည်။လူတိုင်းသည် သူတို့၏စိတ်နှလုံးသားအတွင်း၌ဆွဲထားသော ကျောက်တုံးကြီးတစ်တုံး ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
ခန်းမတစ်ခုလုံး ပျော်ရွှင်မှုအငွေ့အသက်များဖြင့် ပြည့်နှက်နေစဥ်တွင် ရုတ်တရက် ပြင်ပ၌ ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးသွားသည်။
စည်းဝေးတိုင်ပင်နေကြသည်မှာ တစ်ဝက်တစ်ပျက်အခြေအနေသို့ ရောက်ရှိနေသည့် ခန်းမအတွင်းတွင်ရှိနေသူတိုင်း ပြတင်းပေါက်၏ပြင်ပသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြသည်။သူတို့သည် လေထု၏မြင့်မားသောနေရာ၌ ချိတ်ဆွဲထားသော ထူးဆန်းသည့် သွေးနီရောင်မျက်လုံးကြီးကို တွေ့မြင်မိလေ၏။
ရုတ်ချည်းဆိုသလိုပင် လူတိုင်း၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။အစောပိုင်းက ခန်းမအတွင်းရှိ ပျော်ရွှင်နေသောအငွေ့အသက်များ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
လေထုအတွင်းတွင် နတ်ဆိုးမျက်လုံး ရှိနေသလော...
ဤကဲ့သို့ သဘာဝလွန်ပုံရိပ်မျိုးထွက်ပေါ်လာခြင်း၏ အဓိပ္ပါယ်မှာ တစ်ခုတည်းသာရှိသည်။နတ်ဆိုးကျင့်ကြံသူများသည် လင်ကျိုးစီရင်စု၏နတ်ဘုရားမျက်လုံးဝင်္ကပါကို သိမ်းပိုက်လိုက်လေပြီ။
နတ်ဘုရားမျက်လုံးဝင်္ကပါသာ မရှိပါက လင်ကျိုးစီရင်စု၏အုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့လုံး ညအချိန်တွင် ရှေ့သို့စမ်းတဝါးဝါးသွားနေရသော မျက်မမြင်တစ်ယောက်ကဲ့သို့ ဖြစ်သွားပေမည်။သူတို့သည် ပစ်မှတ်များကို အထူးသီးသန့်ထား၍ တိုက်ခိုက်နိုင်တော့မည် မဟုတ်ရုံသာမက သူတို့၏လှုပ်ရှားမှုများကိုလည်း နတ်ဆိုးကျင့်ကြံသူများမှ သတိပြုမိသွားပေမည်။
"မကောင်းတော့ဘူး...ဖြစ်နိုင်တာတော့ နတ်ဆိုးဂိုဏ်းကလူတွေ မြို့ထဲကိုဝင်လာတာများလား"
"လင်ကျိုးစီရင်စုက အန္တရာယ်ထဲကိုကျနေပြီ...စီရင်စုကလူတွေက တစ်ကြိမ်ခုခံနိုင်ပေမယ့် အဆက်မပြတ်တိုက်ခိုက်လာတာကို မဟန့်တားနိုင်လောက်ဘူး"
ခန်းမသခင်တစ်ယောက်က ရုတ်တရက် ပြောဆိုသည်။
"ဂိုဏ်းခေါင်းဆောင်...ကျွန်တော်တို့က သွေးနတ်ဆိုးဂိုဏ်းရဲ့လက်အောက်မှာ ဘာလို့မခိုလှုံတာလဲ...လင်ကျိုးစီရင်စုက သေရေးရှင်ရေး အကျပ်အတည်းကြားကို ကျနေပြီ...တကယ်လို့ ကျွန်တော်တို့က တော်ဝင်နန်းတွင်းရဲ့နောက်ကို ဆက်လိုက်နေမယ်ဆိုရင် ကိုယ့်သေတွင်းကို ကိုယ်တူးသလိုဖြစ်နေမယ်"
ထိုခန်းမသခင်သည် သစ်သားစိမ်းဓားဂိုဏ်းအတွင်း၌ အတိုင်းအတာတစ်ခုထိ အခွင့်အာဏာရှိသူဖြစ်သည်။သူသည် သစ်သားစိမ်းဓားဂိုဏ်းခေါင်းဆောင်၏နောက် အာဏာအရှိဆုံးသူပင်။
ထိုကဲ့သို့လူစားမျိုးကသာ တခြားသူများ မပြောဆိုဝံ့သောစကားမျိုးကို ပင်မခန်းမအတွင်း၌ ပြောဝံ့ပေမည်။
မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းနာမည်မှအစပြု၍ သစ်သားစိမ်းဓားဂိုဏ်းတစ်ဂိုဏ်းလုံးကို ဓားသခင်ချင်းမူတစ်ယောက်တည်းဖြင့် ဖန်တီးခဲ့ခြင်းဖြစ်ပေ၏။အခြေခံအားဖြင့် အဓိကကိစ္စကြီးဟူသမျှကို ဓားသခင်ချင်းမူကိုယ်တိုင်သာ ဆုံးဖြတ်ချက်ချသည်။အလွန်နည်းပါးသောလူတချို့ကသာ သူ၏ဆုံးဖြတ်ချက်ကို ရှေ့ထွက်၍ငြင်းဆန်ဝံ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သေရေးရှင်ရေးအချိန်အခိုက်အတန့်သို့ ရောက်ရှိနေသဖြင့် လူတိုင်း၏စိတ်နှလုံးသားအတွင်း၌ အတွေးကိုယ်စီရှိနေကြသည်။
ပင်မခန်းမတစ်ခုလုံး ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားသည်။သူတို့သည် မည်သည့်စကားကိုမျှပြောဆိုခြင်းမရှိသော်လည်း ဓားသခင်ချင်းမူကိုကြည့်ကာ ဂိုဏ်းခေါင်းဆောင်၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြ၏။
အေးစက်စက်အလင်းတန်းတစ်တန်းက ဓားသခင်ချင်းမူ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။သူက အေးစက်စက်နှာတစ်ချက် မှုတ်လိုက်ပြီးနောက် အစိမ်းရောင်ဓားချီတစ်လှိုင်းက သူ၏လက်ချောင်းထိပ်မှ ထွက်ပေါ်လာသည်။
ဝှစ်...
ထိုဓားချီသည် ပျံသန်းသွားကာ ရုတ်ချည်းဆိုသလိုပင် ခန်းမသခင်၏ရှေ့ရှိ ကြမ်းပြင်ပေါ်သို့ကျရောက်သွားကာ နက်ရှိုင်းသောအပေါက်ကြီးတစ်ပေါက် ဖြစ်သွားသည်။
ထိုအပေါက်ကြီးမှနေ၍ အစိမ်းရောင်အခိုးအငွေ့များထွက်လာသဖြင့် ခန်းမသခင်၏နဖူးပြင်တစ်ခုလုံး ချွေးများဖြင့်စိုရွှဲသွားလေ၏။
အကယ်၍ ထိုဓားချီသာ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပါက သူ သေဆုံးသွားရမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
"ငတုံးတစ်သိုက်ပဲ...တခြားသူတွေ မသိရင်တောင်...မင်းတို့ကတော့ သွေးနတ်ဆိုးဂိုဏ်းရဲ့နည်းလမ်းတွေကို သိသင့်တယ်မဟုတ်လား...တကယ်လို့ မြို့တံခါးသာပျက်စီးသွားရင် ငါတို့ရဲ့ဂိုဏ်း ဖျက်ဆီးခံရမယ့်အချိန်ပဲ...သွေးနတ်ဆိုးဂိုဏ်းကလူတွေမှာ အခြေခံကိုယ်ကျင့်တရားပျောက်ဆုံးနေတာ အချိန်အတော်ကြာနေပြီ...တကယ်လို့ ငါတို့ကသာ သူတို့နဲ့ပူးပေါင်းမယ်ဆိုရင် အရိုးတောင်မကျန်ဘဲသေရမှာ အနှေးနဲ့အမြန်ပဲ"
ဓားသခင်ချင်းမူ၏အသံက အေးစက်တင်းမာနေသည်။သူသည် ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"တကယ်လို့ တစ်ယောက်ယောက်က တော်ဝင်နန်းတွင်းကိုဆန့်ကျင့်တဲ့စကားမျိုး ထပ်ပြောဝံ့မယ်ဆိုရင်...ငါက အဲ့ဒီလူကို ချေမွှဖျက်ဆီးပစ်မယ်"
ယခုလက်ရှိနေရာတွင် ရှိနေသူတိုင်းသည် သူတို့၏စိတ်များအတွင်း၌ တုန်ရီသွားကာ ဓားသခင်ချင်းမူသည် တော်ဝင်နန်းတွင်းနှင့်ပူးပေါင်းရန် အမှန်တကယ်ကိုပင်ပြင်ဆင်နေကြောင်း သူတို့အားလုံး သိရှိနားလည်သွားတော့သည်။
ဓားသခင်ချင်းမူ၏လုပ်ဆောင်ချက်များအရ ယခုလက်ရှိချိန်တွင် သူ တော်ဝင်နန်းတွင်း၏လက်အောက်ခံ ဖြစ်သွားသည်ကို လူတိုင်း အတပ်ပြောနိုင်ပေ၏။
အမှန်အားဖြင့် ဓားသခင်ချင်းမူသည် တော်ဝင်နန်းတွင်းနှင့် မပူးပေါင်းချင်ဆုံးလူတစ်ယောက်ပင်။
သူ့ကဲ့သို့ဂိုဏ်းခေါင်းဆောင်တစ်ယောက်သည် တော်ဝင်နန်းတွင်း၏မျက်လုံးအတွင်း၌ ဆူးညှောင့်တစ်ခုဖြစ်သည်။သူတို့သည် သူ့အား တတ်နိုင်သမျှအမြန်ဆုံး ရှင်းထုတ်လိုကြသည်။
ပတ်ဝန်းကျင်ရှိလူများ၏ သံသယအကြည့်များအောက်တွင် ဓားသခင်ချင်းမူက ခေါင်းခါယမ်းကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
သူ့ထံတွင် စိတ်ဝိညာဥ်တားမြစ်မန္တန် ရှိနေစဥ်ကတည်းက သူနှင့်လုယွီသည် တစ်လှေတည်းစီးနေသော နှံကောင်များဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားပြီးလေပြီ။
အကယ်၍ သွေးနတ်ဆိုးဂိုဏ်းကသာ မြို့ကိုဖျက်ဆီးသွားနိုင်ပါက လုယွီ သေဆုံးရမည်ဖြစ်ကာ သူသည်လည်း စိတ်ဝိညာဥ်တားမြစ်မန္တန်၏သက်ရောက်ခြင်းကို ခံရပေမည်။အဆုံးသတ်၌ သူသည် မည်သည့်နည်းနှင့်မျှ အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။