အခန်း (၃၀၉၆-၃၁၀၀)
Vol. 158 Ch. 3096-3100
Chapter 3096
"လျှိုမင်...မင်းရဲ့လူတွေကိုခေါ်ပြီးတော့ စီရင်စုမြို့ထဲက ရုတ်ရုတ်သဲသဲဖြစ်နေတာတွေကို ချက်ချင်းနှိမ်နင်းစမ်း...ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ အခွင့်ကောင်းယူပြီး ပြဿနာရှာဝံ့တဲ့ကောင်တွေအားလုံးကို သတ်ပစ်စမ်း"
လုယွီ၏အသံသည် အလွန်တည်ငြိမ်နေကာ သူ၏အောင်မြင်မှုအပေါ် သူ အနည်းငယ်မျှပင် ဂုဏ်ယူဝံ့ကြွားမှုရှိမနေချေ။
"ဟုတ်ကဲ့"
လျှိုမင်သည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထိုက်ကျန်းခန်းမဆောင်မှ ထွက်ခွာခဲ့တော့သည်။
သူသည် လုယွီနှင့်ရာထူးအဆင့်တူညီသူဖြစ်သော်လည်း ယခုလက်ရှိချိန်တွင် သူသည် လုယွီ၏အမိန့်ကို တက်တက်ကြွကြွ နားထောင်နေသည်။
ဘေးကပ်ဆိုးကြီး ဆိုက်ရောက်နေလေပြီ။အရာအားလုံး အစီအစဥ်တကျဖြစ်စေရန်အတွက် တစ်စုံတစ်ယောက်မှ အမိန့်ပေး၍အုပ်ချုပ်နေရန် လိုအပ်သည်။ထို့ပြင် လုယွီသည် လျှိုမင် ယုံကြည်လက်ခံနိုင်သော ခွန်အားမျိုးကို ပြသပြီးဖြစ်သည်။အကျိုးအပြစ်ကို တွက်ဆပြီးနောက် လျှိုမင်သည် လုယွီ၏အမိန့်ကိုနာခံရန် ရွေးချယ်လိုက်တော့၏။
လျှိုမင်ထွက်ခွာသွားပြီးနောက် ယခုလက်ရှိနေရာတွင်ရှိနေသော ဝင်္ကပါပညာရှင်များသည် ထိတ်လန့်တုန်လှုပ်နေရာမှ ပြန်လည်ကောင်းမွန်လာကြသည်။
ထိုက်ကျန်းခန်းမသခင်က စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"စီရင်စုသခင်က အရမ်းလျှို့ဝှက်တတ်တဲ့သူတစ်ယောက်ဖြစ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ငါ အရင်က မျက်စေ့ကန်းခဲ့ပုံရတယ်...စီရင်စုသခင်ရဲ့တည်ရှိနေမှုနဲ့ မြို့ရဲ့အကာအကွယ်ဝင်္ကပါကြီးနဲ့ဆိုရင် ငါတို့လင်ကျိုးစီရင်စုက ခုခံကာကွယ်နိုင်မှာပဲ"
လုယွီက ခေါင်းခါလိုက်၏။
"မြို့ရဲ့အကာအကွယ်ဝင်္ကပါကြီးက ကြာကြာတောင့်မခံနိုင်တော့မှာကို ငါ စိုးရိမ်မိတယ်"
ဘာ....
ထိုက်ကျန်းခန်းမသခင် အံ့အားသင့်တုန်လှုပ်သွားသည်။
"စီရင်စုသခင်...မြို့ရဲ့အကာအကွယ်ဝင်္ကပါက အရမ်းအစွမ်းထက်တယ်...ဒါက အချိန်အတိုင်းအတာတစ်ခုထိတော့ တောင့်ခံနိုင်သင့်တယ် မဟုတ်လား"
"သာမာန်တိုက်ခိုက်မှုမျိုးတွေဆိုရင် ဒါက ခုခံကာကွယ်နိုင်လိမ့်မယ်...ဒါပေမယ့် အပြင်မှာရှိတဲ့ နတ်ဆိုးကျင့်ကြံသူတွေနဲ့ပုန်ကန်သူတွေက သာမာန်အင်အားစုမျိုးမဟုတ်ဘူး"
လုယွီက ရှည်လျားသောသက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
ပြင်ပရှိ နတ်ဆိုးကျင့်ကြံသူများနှင့်ပုန်ကန်သူများ မည်မျှထိအစွမ်းထက်သည်ကို သူ ကောင်းစွာသိရှိပေ၏။
ထိုလူများသည် ပြောင်ပြောင်တင်းတင်းပုန်ကန်၍ လင်ကျိုးစီရင်စုကို တိုက်ခိုက်ဝံ့ခြင်းမှာ တခြားစီရင်စုများကို ခြိမ်းခြောက်နိုင်သော နာမည်ဂုဏ်သတင်းမျိုး ရရှိရန်ပင်။
ဤသည်ကြောင့် လင်ကျိုးစီရင်စုကိုတိုက်ခိုက်သော ပုန်ကန်သူဦးရေသည် ကြောက်ခမန်းလိလိ များပြားနေခြင်းပင်။
မြို့အကာအကွယ်ဝင်္ကပါကြီးသည်လည်း ကြာရှည်တောင့်ခံနိုင်မည်မဟုတ်ချေ။
စီရင်စုသခင်ထံတွင်ပင် ဤကဲ့သို့အတွေးမျိုးရှိနေသည်ကို ကြားသိချိန်၌ တခြားဝင်္ကပါပညာရှင်များ၏ မျက်နှာအမူအယာများ ချက်ချင်းပျက်ယွင်းသွားသည်။
"မင်းတို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေကို ပြင်ဆင်ထားဖို့ကိုပဲ ငါ ပြောချင်တယ်...ငါ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ မင်းတို့အားလုံးက ငါ့ရဲ့အမိန့်ကို တသွေမတိမ်း လိုက်နာရမယ်"
လုယွီသည် ရုတ်တရက် အကြောင်းအရာပြောင်းလဲလိုက်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
လုယွီ၏စကားကိုကြားချိန်တွင် ယခုလက်ရှိနေရာတွင်ရှိနေသော ဝင်္ကပါပညာရှင်များ၏စိတ်နှလုံးသားများ လေးလံသွားသည်။
ထိုက်ကျန်းခန်းမသခင်က ပြောဆိုလေ၏။
"ငါတို့အားလုံးက စီရင်စုသခင်ရဲ့အမိန့်ကိုနာခံရမှာ ဖြစ်သင်တဲ့ကိစ္စပါပဲ"
"ဒါဆို ကောင်းတယ်...ငါက ပစ္စည်းတချို့လိုအပ်တယ်...မင်းတို့က ဒါတွေကို ကြိုပြီးပြင်ဆင်ထားရမယ်...ပြီးတော့ ငါ မြို့ရိုးပေါ်မှာ အစီအစဥ်တွေလုပ်ဖို့အတွက် လူတချို့လိုအပ်တယ်"
လုယွီသည် ကြိုတင်ပြင်ဆင်ထားသော စာရွက်တစ်ရွက်ကို ထိုက်ကျန်းခန်းမသခင်ထံသို့ လက်ကမ်းပေးလိုက်သည်။
ထိုက်ကျန်းခန်းမသခင်က ထိုစာရွက်ကိုဖြန့်ကြည့်လိုက်ရာ အတွင်း၌ ဝင်္ကပါဆိုင်ရာပစ္စည်းအမျိုးအမည်များကို ရေးသားထားသည်ကို တွေ့မြင်လိုက်ရပြီး တချို့ပစ္စည်းများမှာ အလွန်အဖိုးတန်ရှားပါးသည်။တစ်ချိန်တည်းမှာပင် စာရွက်၏ထိပ်၌ လင်ကျိုးစီရင်စု၏မြေပုံကို ရေးဆွဲထားလေ၏။ထိုမြေပုံပေါ်၌ သက်ဆိုင်ရာအဆောင်သင်္ကေတများနှင့် အတူယှဥ်တွဲ၍ အမှတ်အသားအမြောက်အများရှိနေသည်။
ထိုပစ္စည်းများသည် ထိုက်ကျန်းခန်းမဆောင်အတွက် ရယူနိုင်ရန် ခက်ခဲသော်လည်း ထိုအရာများကို ရယူနိုင်သောနည်းလမ်းမရှိဟု ဆိုလိုခြင်းမဟုတ်ချေ။
ထိုက်ကျန်းခန်းမသခင် စိတ်အဝင်စားဆုံးအချက်မှာ မြေပုံပေါ်ရှိ အမှတ်အသားများပင်။
အကယ်၍ လုယွီသည် ဝင်္ကပါပညာရပ်ကို နားလည်သဘောပေါက်ထားသူဖြစ်ကြောင်း ယခင်က သူ မသိရှိခဲ့ပါက ဤအမှတ်အသားများသည် ပေါက်ပန်းလေးဆယ်လျှောက်ခြစ်ထားခြင်းဟု သူ သေချာပေါက်တွေးထင်မိပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုက်ကျန်းခန်းမသခင်သည် မြို့ရိုးပေါ်တွင် လုယွီပြုလုပ်မည့် အစီအစဥ်နှင့်ပတ်သတ်၍ အလွန်သိချင်စိတ်ပြင်းပြနေသည်။
"ထားလိုက်တော့...ငါက အရမ်းနုံအတဲ့သူ တစ်ယောက်ပဲ...ဒါက အရမ်းအစွမ်းထက်တဲ့ ဝင်္ကပါတစ်ခုဖြစ်မယ်...ဒါပေမယ့် ဒါကဘာလဲဆိုတာ ငါ မပြောနိုင်ဘူး...စီရင်စုသခင်...ကျေးဇူးပြုပြီးတော့ ငါ့ကို ဥာဏ်အလင်းဖွင့်ပေးပါ"
ထိုက်ကျန်းခန်းမသခင်က လမ်းညွှန်မှု တောင်းခံလေသည်။
လုယွီက တိုက်ရိုက်အဖြေပေးခြင်းမရှိချေ။ထိုအစား သူက တည်ငြိမ်စွာ ပြောဆိုသည်။
"အချိန်ကျလာရင် မင်း သိရလိမ့်မယ်"
.....
နောက်တစ်နေ့၌....
လုယွီသည် စီရင်စုရုံးတော်အတွင်း၌ထိုင်နေကာ နတ်ဆိုးကျင့်ကြံသူများ မြို့ကိုတိုက်ခိုက်နေသည့်သတင်းကို ထုတ်ပြန်ကြေငြာလိုက်သည်။
ထိုထုတ်ပြန်ကြေငြာချက်အတွင်း၌ လုယွီသည် ပြင်ပရှိပုန်ကန်သူစစ်သားများသည် တော်ဝင်နန်းတွင်းနှင့် သက်ဆိုင်သည့်သူများမဟုတ်တော့ကြောင်း ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် လင်ကျိုးစီရင်စုအတွင်းရှိကျင့်ကြံသူများကို စစ်တပ်နှင့်ပူးပေါင်းရန်ဆင့်ခေါ်၍ လစာများပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလိုက်၏။
Chapter 3097
လင်ကျိုစီရင်စုမှနေ၍ တပ်သားသစ်များ ခေါ်ယူနေသည်...
ဤသတင်းသည် လင်ကျိုးစီရင်စုတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသော်လည်း ရုတ်ရုတ်သဲသဲများစွာဖြစ်မသွားချေ။
ခွဲခြားသိမြင်နိုင်သော အမြင်အာရုံရှိသည့်မည်သူမဆို မြို့ပြင်ပရှိနတ်ဆိုးကျင့်ကြံသူများ၏အင်အားစုသည် လင်ကျိုးအုပ်ချုပ်ရေးအဖွဲ့မှ ထိန်းချုပ်နိုင်သည်ထက်ကျော်လွန်နေကြောင်း တွေ့မြင်နိုင်ကြသည်။
မည်သို့ပင်ဆိုစေကာမူ အကယ်၍သာမာန်ပုန်ကန်မှုတစ်ခုဆိုပါက တော်ဝင်နန်းတွင်း၏စရိုက်သဘာဝအရ မြို့အတွင်းမှထွက်၍ ထိုပုန်ကန်သူများကို နှိမ်နင်းပြီးသည်မှာ အချိန်အတော် ကြာမြင့်နေလောက်လေပြီ။
ထိုကြေငြာချက်ထုတ်ပြန်ပြီးနောက် လာရောက်၍စာရင်းပေးသွင်းသူမှာ လွန်စွာနည်းပါးသည်။ထိုလူများအနက်မှအများစုသည် ချို့တဲ့နွမ်းပါးသော လေလွင့်ကျင့်ကြံသူများဖြစ်ပေ၏။
ထိုလေလွင့်ကျင့်ကြံသူများသည် အသက်ကြီးခြင်း သို့မဟုတ် ပါရမီနိမ့်ပါးခြင်းတို့ကြောင့် မည်သည့်ဂိုဏ်းကမျှ ခေါ်ယူခြင်းမရှိသူများဖြစ်သည်။တာယွီစစ်တပ်ကိုဝင်ရောက်နိုင်ရန် လိုအပ်ချက်များမှာ သာမာန်အားဖြင့် အလွန်မြင့်မားသည်။သူတို့သည် စစ်တပ်အတွင်းသို့ ဝင်ရောက်လိုလျှင်ပင် အလွန်အမင်းခက်ခဲသည်။
ကံကောင်းထောက်မစွာဖြင့် တပ်သားသစ်ခေါ်ယူသည့်အမိန့်ကို ထုတ်ပြန်ကြေငြာလိုက်ရာ ကျင့်ကြံဆင့်နယ်ပယ်နှင့်အရည်အချင်းနိမ့်ပါးသော လေလွင့်ကျင့်ကြံသူများအတွက် စစ်တပ်အတွင်းသို့ဝင်ရောက်နိုင်မည့် အဖိုးတန်ရှားပါးသော အခွင့်အရေးကြီးရရှိသွားတော့သည်။
ပထမဆုံးရက်တွင် လင်ကျိုးစီရင်စုအတွင်း၌ စစ်တပ်သို့လာရောက်ပူးပေါင်းသော တပ်သားသစ်သုံးထောင်ကျော်ရှိသည်။
ထိုလူသုံးယောက်၏စုပေါင်းစွမ်းအားသည် မြင့်မားခြင်းမရှိရုံသာမက စည်းစနစ်တကျလေ့ကျင့်ထားခြင်းလည်းမရှိကြောင်း လျှိုမင်က လုယွီကို သတင်းပို့လေသည်။စစ်ပွဲစတင်သည်နှင့် သူတို့သည် ထွက်ပြေးသွားနိုင်ချေမြင့်မားသဖြင့် သူတို့အား ကြီးကြီးမားမားကိစ္စတစ်ခုခု တာဝန်ယူခိုင်းရန်မှာ လွန်စွာခက်ခဲပေမည်။
လုယွီက ပြောဆိုသည်။
"အဲ့ဒီလူတွေကို တပ်ခွဲတစ်ခုအနေနဲ့ထားပြီးတော့ အစီအစဥ်တကျ မြို့ကိုကင်းလှည့်ခိုင်းလိုက်...နောက်ထပ်အသစ်ထပ်ရလာမယ့်လူတွေကိုတော့ စာရင်းအင်းနဲ့သယ်ယူပို့ဆောင်ရေးတွေမှာ တာဝန်ပေးရမယ်...လက်ရွေးစင်စစ်သားတွေအကုန်လုံးကို မြို့ရိုးပေါ်ကိုပြောင်းရွှေ့ခိုင်းပြီးတော့ နေရာချထားရမယ်"
သူ့ထံတွင် တခြားရွေးချယ်စရာမရှိတော့ချေ။
အိမ်ရှေ့စံမင်းသားမှ သူ့အတွက်စီစဥ်ပေးထားသော ကစားပွဲသည် မျှော်လင့်ချက်မရှိသောလမ်းဆုံးတစ်ခုပင်။
လမ်းဆုံးဟုပြောဆိုရခြင်းမှာ သူသည် လုယွီလွတ်လမ်းရရန် နည်းလမ်းတစ်ခုမျှ ချန်မထားသောကြောင့်ဖြစ်သည်။သူသည် လုယွီကို မြှုပ်နှံ့စရာမြေမရှိဘဲ သေဆုံးသွားစေရန် ကြံစည်ထားပေ၏။
နန်းတွင်းစာမေးပွဲသည် အချိန်တစ်နှစ်တင်းတင်း ကြာမြင့်ပေမည်။
သို့ရာတွင် သုံးရက်အချိန်အတွင်းမှာပင် လုယွီသည် သေစေနိုင်သောဖိအားအောက်သို့ ကျရောက်နေလေပြီ။
ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ သေဆုံးခြင်းသည် လုယွီအပေါ် အနည်းငယ်မျှပင် သက်ရောက်မှုရှိစေမည်မဟုတ်ချေ။ဤသည်က သူ အိမ်မက်ဆိုးတစ်ခုမှ နိုးထလာသည်နှင့် တူညီပေမည်။အများဆုံးအနေဖြင့် သူ ရင်တလှပ်လှပ်တုန်သွားရုံထက်မပိုချေ။
သို့ရာတွင် ထိုအချိန်ကျပါက လုယွီသည် နန်းတွင်းစာမေးပွဲကို ပထမဆုံးရှုံးနိမ့်သွားသူ ဖြစ်သွားပေမည်။နောင်တစ်ချိန်၌ သူ မည်မျှပင် အောင်မြင်မှုများရရှိနေပါစေ ထိုအရာသည် သူ၏ဘဝအတွက် အမည်းစက်ကြီးအဖြစ် စွန်းထင်းနေမည်ဖြစ်ကာ သူ၏တာအိုနှလုံးသားကိုပင် သက်ရောက်မှုရှိလာနိုင်သည်။
တပ်သားသစ်များခေါ်ယူခြင်းသည် ခက်ခဲသောကိစ္စတစ်ရပ်ဖြစ်သော်လည်း စစ်သားများပေါ်သို့ ကျရောက်နေသောဖိအား အနည်းငယ်လျော့နည်းသွားသည်။
"တပ်သားသစ်တချို့မှာ မသန့်စင်တဲ့ရည်ရွယ်ချက်တွေ ရှိနေပုံရတယ်...အဲ့ဒီလူတွေက မြို့ထဲမှာ ပြဿနာတွေဖန်တီးမှာကို ငါ စိုးရိမ်မိတယ်"
ချင်ယုက စိုးရိမ်ပူပန်စွာ ပြောဆိုသည်။
တာယွီ၏စစ်တပ်သို့ အမှန်တကယ်ပူးပေါင်းနိုင်ရန်အလို့ငှာ တပ်သားသစ်များကို အနည်းဆုံးနှစ်ဝက်ခန့် လေ့ကျင့်ပေးရန်လိုအပ်ကာ အခြေခံပူးပေါင်းမှုများကို ကျွမ်းကျင်မှသာ မူရင်းစစ်တပ်နှင့် ရောနှောနိုင်ပေမည်။
အလယ်ခေတ်အတွင်းမှ ကျင့်ကြံသူအများစုသည် လွတ်လပ်စွာနေထိုင်ပြီး အနှောင်အဖွဲ့ကင်းရန်ကို အာရုံစူးစိုက်ကြသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ ခေတ်ကာလ ပြောင်းလဲသွားလေပြီ။လွတ်လပ်ပြီးအနှောင်အဖွဲ့ကင်းသော ကျင့်ကြံသူများသည် အထွတ်အထိပ်ထိသန်မာအားကောင်းသူများ သို့မဟုတ် အနာဂတ်မရှိသောလေလွင့်ကျင့်ကြံသူများသာဖြစ်ပေ၏။
နှစ်ဝက်ခန့်အချိန်ကာလသည် ထိုကျင့်ကြံသူများအားလုံး၏စိတ်နှလုံးသားကို တာယွီတော်ဝင်စစ်တပ်နှင့်ချည်နှောင်ပေါင်းစည်းရန် လုံလောက်သည်။
လုယွီက အချိန်တခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"အခုချိန်မှာ ငါတို့က အဲ့ဒီကိစ္စတွေကို ဂရုစိုက်နေလို့မရဘူး...ငါတို့ကို သံသယဝင်နေတဲ့လူတွေကို ငါတို့ မလိုအပ်ဘူး...ငါတို့က တပ်သားသစ်တွေ ဆက်ပြီးခေါ်ယူရမယ်...ဒါပေမယ့် သူတို့ကို တစ်နေရာတည်းမှာ တာဝန်ပေးလို့မရဘူး...ဒါ့ပြင် ယုံကြည်ရတဲ့ငယ်သားတချို့ကို စေလွှတ်ပြီးတော့ အဲ့ဒီလူတွေရဲ့လှုပ်ရှားမှုတွေကို တစ်ချိန်လုံး စောင့်ကြည့်ခိုင်းရမယ်...အရေးကြီးတဲ့နေရာတချို့မှာ ငါတို့ဘက်က ယုံကြည်ရတဲ့လက်အောက်ငယ်သားတွေကိုပဲ နေရာချထားရမယ်"
ချင်ယုသည် လုယွီ၏ဆိုလိုရင်းကို ချက်ချင်းနားလည်သဘောပေါက်သွားကာ သွားရောက်၍ဆောင်ရွက်လေ၏။
အချိန်ငါးရက်ကုန်လွန်သွားသည့်တိုင် မြို့ပြင်ရှိ ပုန်ကန်သူစစ်တပ်ဘက်မှနေ၍ မည်သည့်လှုပ်ရှားမှုမျိုးမျှ မရှိချေ။
ထိုငါးရက်ကိုအခွင့်ကောင်းယူ၍ လုယွီသည် တပ်သားသစ်တစ်သိန်းကျော်ကို ခေါ်ယူနိုင်ခဲ့သည်။တပ်သားသစ်များခေါ်ယူသည့် အရည်အချင်းကိုလည်း အလွန်အမင်း လျှော့ချထားခဲ့သည်။
ထိုလူများသည် မြို့ကိုခုခံကာကွယ်ရာ၌ ဝင်ရောက်တိုက်ခိုက်နိုင်မည်မဟုတ်သော်လည်း ကင်းလှည့်ရန်နှင့်ဆက်သားအဖြစ်အသုံးပြုရန် လုံလောက်သည်ထက်ပိုသည်။
လင်ကျိုးစီရင်စုအတွင်းတွင် ကင်းလှည့်နေသောစစ်သားများကို နေရာအနှံ့အပြား၌ မြင်တွေ့နေရသည်။
ဤရက်များအတွင်းတွင် မြေပြင်ပေါ်သို့ စစ်ဖိနပ်ဆောင့်နင်းသံများသည် လမ်းများပေါ်၌ ပဲ့တင်ထပ်ပျံ့နှံ့နေပေ၏။
Chapter 3098
လင်ကျိုးစီရင်စုသည် စစ်တပ်မြို့တစ်မြို့ ဖြစ်စပြုလာလေပြီ။
ဤနန်းတွင်းစာမေးပွဲတွင် အသက်ရှင်သန်နိုင်ရန်အလို့ငှာ လုယွီသည် ကိစ္စများစွာကို အစီအစဥ်ချ၍ လုပ်ဆောင်ရန်လိုအပ်သည်။
စစ်သားများ အဆက်မပြတ်ကင်းလှည့်နေခြင်းကြောင့် လင်ကျိုးစီရင်စုတစ်စုလုံး များစွာပို၍တိတ်ဆိတ်ငြိမ်သက်သွားသည်။အင်အားစုကြီးများအားလုံး တိတ်ဆိတ်ငြိမ်သက်နေကာ နံဘေးဘက်မှသာစောင့်ကြည့်ရန် ရွေးချယ်ခဲ့ကြသည်။
သို့ရာတွင် အမှန်အားဖြင့် အတွင်းကြိတ်၍ လှိုင်းထန်စပြုနေလေပြီ။
လင်ကျိုးစီရင်စု...လင်းအိမ်တော်
ဤအိမ်တော်သည် လင်ကျိုးစီရင်စု၏တောင်ပိုင်းတွင်ရှိကာ စျေးအနီးတွင်တည်ရှိသည်။အိမ်တော်တစ်ခုလုံးကို ကြီးကျယ်ခမ်းနားစွာ အလှဆင်ထားကာ အတွင်းရှိရှုခင်းများသည် ပို၍ပင် စိတ်ကြည်လင်လန်းဆန်းစေပြီး ခမ်းနားထည်ဝါသည်။
ဤအိမ်တော်၏အရှင်သခင်သည် လင်းရှန်ဖြစ်ကာ သူသည် လင်ကျိုးစီရင်စု၏တရားသူကြီးပင်။
စီရင်စုသခင် တံခါးပိတ်ကျင့်ကြံနေစဥ်တွင် လင်းရှန်သည် စီရင်စုသခင်အဖြစ် ယာယီတာဝန်ယူခဲ့သဖြင့် သူ့အား သိန်းနှင့်ချီသောလူများ၏အထက်တွင်ရှိသူဟူ ယူဆနိုင်သည်။
ဤနေ့တွင် လင်းရှန်သည် သာမာန်နှင့်မတူညီဘဲ လျှို့ဝှက်ကြံစည်မှုတစ်ခုကို ပြုလုပ်ရန်အတွက် သူ၏သစ္စာရှိလူယုံများကိုလျှို့ဝှက်ခန်းအတွင်း၌ စုဝေးစေခဲ့သည်။
လင်းရှန်သည် လုယွီနှင့် စကားအချေအတင်ဖြစ်ခဲ့မှုကြောင့် သူသည် စီရင်စုရုံးတော်သို့ အလုပ်လုပ်ရန် ထပ်မံ၍သွားရောက်ခြင်းမရှိတော့ချေ။
သို့ရာတွင် လင်းရှန်သည် လင်ကျိုးစီရင်စုအတွင်း၌ အချိန်အတော်ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သဖြင့် သူ လုယွီနှင့်အငြင်းပွားခဲ့သည့်တိုင် သူ့ထံ၌ သစ္စာရှိလူယုံအမြောက်အများ ရှိနေဆဲပင်။သူ၏သြဇာအာဏာကို လင်ကျိုးစီရင်စု၏ထောင့်တစ်နေရာတိုင်းအထိ ဖြန့်ကျက်ထားနိုင်ခဲ့သည်။
လင်းအိမ်တော်၏လျှို့ဝှက်ခန်းအတွင်း၌ လူဆယ်ယောက်ကျော်စုဝေးနေကာ ထိုလူများအားလုံးသည် လင်းရှန် ယုံကြည်အားထားမှုအရှိဆုံးလူများဖြစ်ပေ၏။
"အရင်ရက်အနည်းလောက်တုန်းက လင်ကျိုးစီရင်စုသခင် ထုတ်ပြန်လိုက်တဲ့ တပ်သားသစ်ခေါ်ယူတဲ့အမိန့်ကို မင်းတို့ ကြားပြီးပြီလား"
လင်းရှန်က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
သူ၏သစ္စာရှိလူယုံများအားလုံး ခေါင်းညိတ်လိုက်ကြသည်။တပ်သားသစ်ခေါ်ယူသည့် ကြေငြာချက်ကို နေရာအနှံ့အပြားတွင် ထုတ်ပြန်ထားသဖြင့် လင်ကျိုးစီရင်စုအတွင်းမှ လူတိုင်းနီးပါး ထိုအကြောင်းကို သိရှိထားသည်။
"စီရင်စုသခင်က ဒီကိစ္စမှာ သူ့ရဲ့အရည်အချင်းကို ပြသသွားတယ်...သူက လင်ကျိုးစီရင်စုရဲ့ဘဏ္ဍာတိုက်ကိုအသုံးပြုပြီးတော့ အနည်းဆုံးတပ်သားသစ်တစ်သိန်းလောက်ကို ခေါ်ယူသွားနိုင်ခဲ့တယ်"
သစ္စာရှိလူယုံတစ်ယောက်က ပြောဆိုသည်။
လင်းရှန်၏သစ္စာရှိလူယုံများထံတွင် လင်ကျိုးစီရင်စုအတွင်းရှိနေရာအနှံ့အပြားမှ သတင်းပေးများရှိနေသဖြင့် သူတို့သည် လေတိုက်ခတ်၍ မြက်ပင်များလှုပ်ယမ်းသည်ကအစ သိရှိနိုင်ပေ၏။
တခြားသစ္စာရှိလူယုံတစ်ယောက်က ပြောဆိုသည်။
"ဒါဆို စီရင်စုသခင်က ကျဥ်းထဲကျပ်ထဲရောက်နေပုံပဲ...သူက အရေအတွက်အားသာချက်နဲ့ နတ်ဆိုးကျင့်ကြံသူတွေကိုတိုက်ခိုက်ဖို့ စီစဥ်နေတာများလား...တကယ်လို့ သူက လင်ကျိုးစီရင်စုမှာရှိတဲ့ လူတွေအားလုံးကို ခေါ်ထုတ်နိုင်ရင်တောင် ရန်သူတွေရဲ့တိုက်ခိုက်မှုကို ခုခံနိုင်မှာမဟုတ်ဘူး"
"စီရင်စုသခင်ရဲ့နည်းလမ်းတွေက အရမ်းရိုးစင်းလွန်းတယ်...လင်ကျိုးစီရင်စုက ရန်သူတွေရဲ့လက်ထဲကိုကျသွားမှာ အနှေးနဲ့အမြန်ပဲ"
သစ္စာရှိလူယုံတစ်စုက သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြသည်။လင်းရှန်နှင့်စီရင်စုသခင်သည် ယခင်က အငြင်းပွားခဲ့သည်ကို သူတို့အားလုံး သိရှိထားပြီးလေပြီ။ယခုလက်ရှိချိန်တွင် သူတို့သည် လင်းရှန်အတွက် စကားပြောဆိုပေးနေသည့်အနေဖြင့် လုယွီကို အသည်းအသန်နှိမ့်ချပြောဆိုနေကြခြင်းဖြစ်သည်။
လင်းရှန်က အချိန်တခဏကြာခန့် တွေဝေစဥ်းစားနေသည်။
"တကယ်လို့ လင်ကျိုးစီရင်စုသာ ပျက်စီးသွားမယ်ဆိုရင်...ငါတို့ ဘာလုပ်သင့်လဲ"
ဤအချိန်အခိုက်အတန့်တွင် မည်သူမျှ စကားတစ်ခွန်း မဆိုနိုင်တော့ချေ။
လင်းရှန်နှင့်စီရင်စုသခင်သည် ပြင်းပြင်းထန်ထန် အငြင်းပွားခဲ့သော်လည်း အကယ်၍ မြို့တံခါးများသာ ကျိုးပျက်သွားပါက လင်းရှန်သည်လည်း ဘေးဒုက္ခများခံစားရပေမည်။
သွေးနတ်ဆိုးဂိုဏ်း၏အမူအကျင့်အရ သူတို့သည် စီရင်စုရုံးတော်၌အလုပ်လုပ်ကိုင်နေသရွေ့ စီရင်စုသခင်နှင့်အငြင်းပွားခဲ့သည်ကို ဂရုစိုက်နေမည်မဟုတ်ဘဲ သူတို့အားလုံးကို သတ်ဖြတ်ပေလိမ့်မည်။
ထိုအချိန်ကျပါက လင်းရှန်၏နောက်လိုက်ဖြစ်သော သူတို့သည်လည်း အဆုံးသတ်ကောင်းမွန်မည်မဟုတ်ချေ။
"ဒါဆို...အခု ငါတို့ အညံ့ခံလိုက်ကြမလား...အခုချိန်မှာ မြို့တစ်မြို့လုံးကို ချိပ်ပိတ်ထားတယ်...ငါတို့သာ ပထမဆုံးအညံ့ခံတဲ့သူတွေဖြစ်ရင် တစ်ဖက်လူတွေက ငါတို့ကို ကောင်းကောင်းဆက်ဆံမှာ သေချာတယ်"
သစ္စာရှိလူယုံတစ်ယောက်က အကြံပေးလေ၏။
ယခုလက်ရှိနေရာတွင်ရှိနေသော လူတိုင်း၏မျက်လုံးအကြည့်များက လင်းရှန်ထံတွင်သာ စူးစိုက်၍ကျရောက်နေသည်။
သူတို့ မည်ကဲ့သို့ဆက်လုပ်ရမည်ကို လင်းရှန်မှနေ၍ ဆုံးဖြတ်ပေးရန်လိုအပ်သည်။
လင်းရှန်သည် အေးဆေးတည်ငြိမ်နေဆဲပင်။
အကယ်၍ အတိတ်တွင်ဆိုပါက တစ်စုံတစ်ယောက်သည် သူ့ရှေ့၌ တော်ဝင်နန်းတွင်းကိုပုန်ကန်မည့်စကားမျိုး ပြောဆိုဝံ့ပါက သူ ဆူပူကြိမ်းမောင်းပေလိမ့်မည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လင်းရှန်သည် သူ၏အသက်ရှင်သန်ရေးနှင့် အနာဂတ်အတွက် စဥ်းစားချင့်ချိန်နေရသည်။
"အညံ့ခံဖို့ဆိုတာ မဖြစ်နိုင်တာတော့မဟုတ်ဘူး...မြို့ပြင်မှာ စစ်ကူတစ်ခုခုများရှိနေသေးလားဆိုတာ ငါ မသိသေးလို့ စဥ်းစားနေတာပဲ"
လင်းရှန်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
သစ္စာရှိလူယုံများသည် လင်းရှန်၏စကားကိုကြားချိန်တွင် စိတ်သက်သာရာရသွားပုံဖြင့် သူတို့၏စိတ်အတွင်းမှနေ၍ သက်ပြင်းရှိုက်လိုက်ကြ၏။
ဤကိစ္စ အောင်မြင်သွားပြီဟု ယူဆနိုင်သည်။
မြို့ပြင်ရှိပုန်ကန်သူများနှင့် ဆက်သွယ်ရန်မှာ သူတို့အတွက် အလွန်လွယ်ကူသည်။သူတို့ထံတွင် သတင်းပေးအမြောက်အများရှိသဖြင့် လင်ကျိုးစီရင်စုအတွင်း၌ ပုန်းအောင်းနေသော နတ်ဆိုးကျင့်ကြံသူများနှင့် ဆက်သွယ်နိုင်ရန် နည်းလမ်းများစွာရှိသည်။
Chapter 3099
အသက်အန္တရာယ်ကို ခြိမ်းခြောက်လာမှုအောက်တွင် အရာအားလုံးကို ချင့်ချိန်တွက်ဆ၍ ကိုင်တွယ်ရပေမည်။
လင်းရှန်သည် သူ၏သစ္စာရှိလူယုံများနှင့် နေ့လည်ခင်းတစ်ပိုင်းလုံး တိုင်ပင်ဆွေးနွေးနေခဲ့သည်။ညသန်းခေါင်အချိန်တွင် သူသည် မြို့အတွင်းရှိ နတ်ဆိုးကျင့်ကြံသူများနှင့် ဆက်သွယ်ပြီးလေပြီ။
အရာအားလုံးသည် အစီအစဥ်အရ ဖြစ်ပွားနေဆဲပင်။
သို့ရာတွင် သူ၏သစ္စာရှိလူယုံများအနက်မှတစ်ယောက်သည် အိမ်သို့ပြန်ရောက်သည်နှင့် သူ၏ပစ္စည်းများကိုသိမ်းဆည်းကာ လင်ကျိုးစီရင်စုရုံးတော်သို့ သွားမည်ဟု လင်းရှန် မျှော်လင့်ထားမိမည်မဟုတ်ချေ။
ဤသည်က လင်းရှန်၏နံဘေးတွင် လုယွီထားရှိသော လျှို့ဝှက်နယ်ရုပ်တစ်ရုပ်ပင်။
ဘေးကပ်ဆိုးကြီးနှင့်ရင်ဆိုင်ရချိန်တွင် လင်ကျိုးစီရင်စုသည် မပျက်စီးနိုင်သောသံမဏိအပိုင်းအစတစ်ခုမဟုတ်ချေ။လင်းရှန်၏စိတ်ဆန္ဒသည် ခိုင်မာမှုမရှိကြောင်း လုယွီက သိရှိထားပြီးလေပြီ။သူသည် လင်းရှန်နှင့် အငြင်းပွားခဲ့သော အချိန်အခိုက်အတန့်မှစတင်၍ သူသည် ကြိုတင်၍အစီအစဥ်များ ပြုလုပ်ထားပြီးဖြစ်သည်။
ထိုသူလျှို၏စကားများကို နားထောင်ပြီးနောက် လုယွီက ခေါင်းညိတ်ပြကာ လင်းရှန် မြို့ပြင်သို့ထွက်ခွာသွားပါက လိုက်မသွားဘဲ အကြောင်းတစ်ခုရှာ၍နေခဲ့ရန် ပြောဆိုလိုက်သည်။
သူလျှိုသည် ထိုအမိန့်ကိုလက်ခံပြီးနောက် ထွက်ခွာသွားတော့သည်။
အမှန်အားဖြင့် လုယွီသည် ထိုကိစ္စများကိုလုပ်ဆောင်ရန်ပင် မလိုအပ်ချေ။
လင်းရှန်သည် အကွက်ချစီမံရာ၌ ထူးချွန်သူတစ်ယောက်ဖြစ်ကာ သူ၏နံဘေးပတ်ဝန်းကျင်ရှိလူများကိုပင် သူ ယုံကြည်ခြင်းမရှိချေ။
ထို့ကြောင့် သူသည် မြို့အတွင်းမှထွက်ခွာသွားစဥ်တွင် သူ၏မိသားစုဝင်များကိုသာ ခေါ်ဆောင်သွားခဲ့သည်။
လင်ကျိုးစီရင်စု၏ ခုခံကာကွယ်မှုသည် အလွန်အမင်း ခိုင်မာတောင့်တင်းပေ၏။သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ လင်းရှန်သည် လင်ကျိုးစီရင်စု၏ အဆင့်မြင့်အရာရှိတစ်ယောက်ပင်။မြို့တံခါးရှေ့ရှိ အစောင့်စစ်ဗိုလ်ချုပ်တချို့သည် လင်းရှန်ကိုမြင်တွေ့ချိန်တွင် သူနှင့်ရန်သူမဖြစ်လိုသဖြင့် သွားခွင့်ပြုလိုက်ကြသည်။
ထိုကိစ္စကို ရှာဖွေဖော်ထုတ်နိုင်ချိန်တွင် လင်းရှန်သည် လင်ကျိုးစီရင်စုမှထွက်ပြေးသွားသည်မှာ အချိန်တစ်နာရီခန့် ကြာမြင့်နေလေပြီ။
ချင်ယုသည် ထိုသတင်းကိုကြားချိန်တွင် တာဝန်ကျစစ်ဗိုလ်ချုပ်များကို ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းကာ လုယွီကို အပြေးအလွှား လာရောက်ရှာဖွေလေ၏။
"ဒါက ငါ့ရဲ့တာဝန်လစ်ဟင်းမှုကြောင့်ပါ...ငါ့ရဲ့လူတွေက မြို့တံခါးတွေကို သေချာမစောင့်ရှောက်ဘဲနဲ့ လင်းရှန်ကို ထွက်ပြေးခွင့်ပြုလိုက်တယ်"
ချင်ယုက ခေါင်းငုံကာ သူ၏အမှားကို ဝန်ခံပြောဆိုသည်။
ဤတစ်ကြိမ်တွင် အကယ်၍ လင်ကျိုးစီရင်စု၏ခုခံကာကွယ်မှုအပိုင်း၌ လစ်ဟင်းမှုတစ်စုံတစ်ရာဖြစ်သွားပါက မြို့အတွက် ဘေးကပ်ဆိုးကြီး ဆိုက်ရောက်လာနိုင်ကြောင်း လူတိုင်း သိရှိထားကြသည်။
လင်ကျိုးစီရင်စု ပျက်စီးသွားမည့်ကိစ္စကို သူ လက်သင့်မခံနိုင်ချေ။
လုယွီသည် သူ့အား ဤကဲ့သို့အရေးကြီးသော ကိစ္စတစ်ခုကို တာဝန်ပေးထားသော်လည်း လင်းရှန်သည် ထွက်ပြေးလွတ်မြောက်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။ဤသည်က လင်ကျိုးစီရင်စုအတွက် စိတ်ဓာတ်ကျဆင်းစရာကိစ္စ ဖြစ်သွားနိုင်သည်။
စိတ်ဓာတ်အင်အား သန်မာမှုမရှိပါက မြို့၏ခုခံကာကွယ်မှုများ မည်မျှထိခိုင်မာတောင့်တင်းနေပါစေ လွယ်လင့်တကူ ကျိုးပျက်သွားပေမည်။
"အလျင်လိုစရာမလိုဘူး...မင်းရဲ့လည်ပင်းစိုစွတ်သွားအောင် လဖက်ရည်တစ်ငုံလောက် သောက်လိုက်ပါအုံး"
လုယွီထံတွင် စိတ်လှုပ်ရှားခြင်းလည်းမရှိ နှေးကွေးလေးလံခြင်းလည်းရှိမနေချေ။သူသည် လက်အောက်ငယ်သားတစ်ယောက်အား ချင်ယုအတွက် လဖက်ရည်ငှဲ့ပေးရန် ပြောဆိုလိုက်၏။
ကြည့်ရသည်မှာ လုယွီ၏တည်ငြိမ်အေးဆေးမှုသည် ချင်ယုအပေါ်တွင်လည်း သက်ရောက်ထားပုံရသည်။သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေခြင်းမရှိတော့ဘဲ လဖက်ရည်ခွက်ကိုကောက်ယူကာ တစ်ငုံငုံလိုက်သည်။ဤအချိန်အခိုက်အတန့်တွင် လဖက်ရည်၏သင်းပျံသောမွှေးရနံ့က သူ၏ခံတွင်းအတွင်း၌ ပြည့်နှက်သွားသည်။သူမ၏စိတ်နှလုံးသားတစ်ခုလုံး အနည်းငယ် တည်ငြိမ်အေးဆေးသွားပေ၏။
လုယွီ ဤမျှထိအေးဆေးတည်ငြိမ်နေသည်မှာ အကြောင်းအရင်းတစ်ခုခု ရှိ၍ဖြစ်ကြောင်း ချင်ယုက သိရှိထားသဖြင့် သူက လုယွီကို ကြည့်လိုက်သည်။
လုယွီက ပြောဆိုသည်။
"သူထွက်သွားတာ ကောင်းတဲ့ကိစ္စပဲ...နောက်ထပ်အစီအစဥ်တွေလုပ်ဖို့ ငါ နောက်ဆံတင်းနေစရာ မလိုတော့ဘူး...မင်းက မြို့ကိုဆက်ပြီးစောင့်ကြပ်ထားရုံပဲ...ရက်အနည်းငယ်အတွင်းမှာ တစ်ဖက်ရန်သူတွေ လှုပ်ရှားလာလိမ့်မယ်...မင်း သေချာဂရုစိုက်ရမယ်"
ချင်ယုက တုံ့ပြန်ပြောဆိုလေ၏။
"ကောင်းပြီလေ...ငါ မင်းကို ယုံကြည်တယ်"
စီရင်စုရုံးတော်အတွင်းမှ ချင်ယုထွက်ခွာသွားစဥ်တွင် ထိုသတင်းသည် တောမီးပမာ ပျံ့နှံ့သွားတော့သည်။
မူလက တရားသူကြီးဖြစ်သော လင်းရှန်သည် မြို့ကိုစွန့်ခွာကာ ထွက်ပြေး၍ နတ်ဆိုးကျင့်ကြံသူများနှင့် ပူးပေါင်းသွားလေပြီ။
ဤသတင်းသည် ရေမြှုပ်ဗုံးတစ်လုံးနှင့် ကွဲပြားခြားနားခြင်းမရှိဘဲ လင်ကျိုးစီရင်စုအတွင်း၌ ကြီးမားသော အုတ်အော်သောင်းနင်းနိုင်မှုကြီး ဖြစ်ပွားစေခဲ့သည်။
လူအများစုသည် မြို့ပြင်မှဝိုင်းရံထားသော နတ်ဆိုးကျင့်ကြံသူများကို အလွန်အမင်း ကြောက်ရွံနေကြ၏။ထိုသတင်းကိုကြားချိန်တွင် သူတို့အားလုံးသည် မြို့အတွင်းမှထွက်ပြေးရန် ကြံစည်ကြတော့သည်။
သို့ရာတွင် သူတို့သည် မြို့တံခါးထံသို့ အပြေးအလွှားရောက်ရှိသွားချိန်တွင် အနက်ရောင်သံချပ်ကာဝတ်စစ်သားများက မြို့တံခါးကို တင်းတင်းကြပ်ကြပ်စောင့်ကြပ်နေကြောင်း သူတို့အားလုံး တွေ့မြင်မိလေ၏။
ချင်ယုသည် ဤနေရာ၌ သာမာန်အချိန်ထက် သုံးဆပို၍များပြားသော စစ်သားများကို ကာကွယ်စောင့်ကြပ်စေခဲ့သည်။
မြို့တံခါးအနီးသို့ ချဥ်းကပ်ဝံ့သော မည်သူမဆို ချက်ချင်းမောင်းထုတ်ခံရပေမည်။သုံးကြိမ်သတိပေးပြီးသည့်တိုင် အကယ်၍ တစ်စုံတစ်ယောက်သည် ထွက်ခွာသွားခြင်းမရှိပါက ချွင်းချွက်မရှိ သတ်ဖြတ်ခံရပေမည်။
အစောပိုင်းတွင် ကျင့်ကြံသူများသည် သူတို့ထံတွင်ရှိနေသော လူအင်အားများပြားမှုကိုမှီခို၍ မြို့အတွင်းမှထွက်ခွာနိုင်ရန်အတွက် မြို့တံခါးကို ရူးရူးမူးမူး တိုက်ခိုက်ခဲ့ကြသည်။
ချင်ယုသည် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ ထိုကျင့်ကြံသူများကိုဦးဆောင်လာသော ကျင့်ကြံသူတချို့ကို ကြည့်လိုက်၏။ထို့နောက် သူသည် ထိုလူများကိုဆွဲထုတ်၍ သတ်ဖြတ်လိုက်ရာ သူ့ရှေ့ရှိ ရုတ်ရုတ်သဲသဲဖြစ်နေမှုများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
Chapter 3100
ချင်ယုသည် ရုတ်ရုတ်သဲသဲဖြစ်မှုကို နှိမ်နင်းနိုင်ခဲ့သော်လည်း သူ၏စိတ်အတွင်း၌ ပျော်ရွှင်မှုရှိမနေချေ။
ဤတစ်ကြိမ်ရုတ်ရုတ်သဲသဲဖြစ်မှုကို သူ ဖိအားသုံးမှသာ တည်ငြိမ်အောင်ပြုလုပ်နိုင်ခဲ့ကြောင်း ကောင်းစွာသိရှိထားသည်။သို့ရာတွင် အချိန်များကုန်လွန်လာသည်နှင့်အမျှ လူအများ၏စိတ်နှလုံးသားများအတွင်းမှထိန်းချုပ်နိုင်စွမ်း ကင်းမဲ့လာမှုကို အကြွင်းမဲ့ရှောင်လွှဲနိုင်မည်မဟုတ်ချေ။
"စီရင်စုသခင်မှာ နည်းလမ်းတစ်ခုရှိနေပါစေလို့ ငါ မျှော်လင့်မိတယ်...မဟုတ်ရင်...."
အကယ်၍ မြို့အတွင်းရှိကျင့်ကြံသူများအားလုံးသာ ထကြွသောင်းကျမ်းလာပါက တုန်လှုပ်ချောက်ချားဖွယ် ကိစ္စတစ်ရပ်ဖြစ်လာမည်ကို ချင်ယုက ကောင်းစွာသိရှိထားပေ၏။
မြို့တံခါးများ၌ ဖြစ်ပျက်ခဲ့သော သတင်းများသည် ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်း၏တာဝန်ခံ ချမ်ဝမ်ကျွင်း၏နားအတွင်းသို့ ရောက်ရှိသွားတော့သည်။
ချမ်ဝမ်ကျွင်းသည် စီရင်စုရုံးတော်အတွင်း၌ လုယွီကို ထိတ်လန့်ကြောက်ရွံခဲ့ရသဖြင့် သူသည် တံခါးပိတ်ကျင့်ကြံနေခဲ့ကာ လူအများရှေ့သို့ ထွက်ပေါ်လာခြင်းမရှိတော့ချေ။
သူ၏လက်အောက်ငယ်သားများထံမှ သတင်းပို့မှုများကို ကြားပြီးနောက် ချမ်ဝမ်ကျွင်းသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။သူသည် စီရင်စုရုံးတော်ရှိနေသောနေရာထံသို့ တစ်ချက်ကြည့်လိုက်ကာ သူ၏မျက်လုံးအတွင်း၌ သရော်တော်တော်အရိပ်အယောင်များ ထင်ဟပ်နေသည်။
"စောင့်ကြည့်နေစမ်း...မြို့ ပျက်စီးတာနဲ့ မင်း သေရမယ့်နေ့ပဲ"
ချမ်ဝမ်ကျွင်းက သရော်တော်တော် ပြောဆိုသည်။
ဤသို့ဖြင့် ဆယ်ရက်မြောက်နေ့သို့ ရောက်ရှိလာလေပြီ။
မြို့ပြင်ရှိနတ်ဆိုးကျင့်ကြံသူများသည် နောက်ဆုံး၌ တိုက်ခိုက်မှုကို စတင်ခဲ့တော့သည်။
လင်ကျိုးမြို့ပြင်၏ပတ်ဝန်းကျင်နေရာတဝိုက်လုံး ပုန်ကန်သူစစ်သားများနှင့် ပြည့်နှက်နေသည်။အကာအကွယ်ဝင်္ကပါများနှင့်စက်ယန္တရားများ၏ ကာကွယ်မှုအောက်တွင် သူတို့သည် လင်ကျိုးစီရင်စုထံဦးတည်၍ အလျှင်အမြန် ချီတက်လာကြ၏။
မြို့ရိုးများပေါ်တွင် လင်ကျိုးစီရင်စုဘက်မှနေ၍ အနည်းငယ်မှပင် လက်လျှော့အရှုံးပေးမည့်အရိပ်အယောင်မရှိဘဲ စိတ်ဝိညာဥ်အမြှောက်များကို တန်ပြန်၍အသုံးပြုလိုက်သည်။
ဘန်း...ဘန်း...ဘန်း...
စိတ်ဝိညာဥ်အမြှောက်များမှ အလင်းတန်းများဖြတ်သန်းသွားသည့်အကြိမ်တိုင်း ပုန်ကန်သူစစ်သားများဘက်မှ အသက်များဆုံးရှုံးသွားရသည်။
သို့ရာတွင် ပုန်ကန်သူအရေအတွက်သည် အလွန်များပြားသဖြင့် ဆုံးရှုံးမှုတချို့ရှိသည့်တိုင် သူတို့၏ချီတက်လာမှုသည် ရပ်တန့်ခြင်းမရှိချေ။
အချိန်တစ်နာရီခန့်အကြာတွင် အဝေးရှိပုန်ကန်သူစစ်တပ်ကြီးသည် မြို့ရိုးထံသို့ တရကြမ်းပြေးဝင်လာကြလေပြီ။
မြို့အတွင်းရှိစစ်သားများသည် ပုန်ကန်သူစစ်သားများ၏မျက်နှာများကိုပင် ရှင်းရှင်းလင်းလင်း တွေ့မြင်နေရသည်။
ထိုပုန်ကန်သူများသည် နတ်ဆိုးကျင့်ကြံနည်းစနစ်များ၏သက်ရောက်မှုကို ခံထားရပုံရသည်။သူတို့အနက်မှအများစု၏ မျက်လုံးများအတွင်းမှနေ၍ ထူးဆန်းသောအနီရောင်အလင်းတန်းများ ဖြာထွက်နေသည်။တချို့လူများ၏မျက်လုံးများသည် သွေးများဖြင့်ပြည့်နှက်နေသကဲ့သို့ သွေးနီရောင်သန်းနေကာ ကြည့်ရသည်မှာ အလွန်အမင်းရက်စက်ကြမ်းကြုတ်ပုံရပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။
ပုန်ကန်သူများအားလုံးသည် သူတို့၏စိတ်ကိုထိန်းချုပ်နိုင်မှု အပြည့်အဝဆုံးရှုံးနေကာ မြို့ရိုးထံဦးတည်၍ အရူးအမူး ပြေးဝင်လာကြသည်။
ဘုန်း...
မိုးကောင်းကင်ယံအတွင်း၌ အမိန့်တော်တစ်ခု၏ပုံရိပ်က ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုအမိန့်တော်ပေါ်တွင် 'တားမြစ်လေဟာနယ်နယ်မြေ' ဟူသော စာလုံးများကို ရေးသားထားသည်။
ဤအမိန့်တော်လွှမ်းခြုံထားသော နေရာအတွင်းတွင် မိုးကောင်းကင်ယံအတွင်းမှဖြစ်စေ မြေအောက်မှဖြစ်စေ ဖြတ်သန်းသွားလာခွင့်မရှိချေ။
ဤသည်က စီရင်စုတိုင်းအတွက် တားမြစ်ကန့်သတ်ထားသော အမိန့်တော်ပင်။
ထိုအမိန့်တော်ရှိနေခြင်းကြောင့် ပုန်ကန်သူစစ်တပ်သည် မြို့အတွင်းသို့ကျူးကျော်ဝင်ရောက်လိုပါက ခိုင်မာတောင့်တင်းသောမြို့ရိုးများကို ဖြတ်ကျော်ရပေမည်။သူတို့သည် တခြားနည်းလမ်းများကို အသုံးပြုနိုင်မည်မဟုတ်ချေ။
"တင်းတင်းကြပ်ကြပ် စောင့်ကြပ်ကြစမ်း...ရန်သူကို အခွင့်အရေးမပေးနဲ့"
ချင်ယုနှင့်လျှိုမင်တို့သည် မြို့ရိုးများပေါ်သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ တိုက်ပွဲကို စီမံကွပ်ကဲနေသည်။သူတို့နှစ်ယောက်လုံးသည် ကြီးမားသောဖိအားကို ခံစားနေရလေ၏။
တခြားတစ်ဖက်ရှိ ပုန်ကန်သူစစ်တပ်တွင် လူအင်အား အလွန်များပြားနေသည်။
ထို့ထက်ပို၍ တုန်လှုပ်ချောက်ချားဖွယ်အကောင်းဆုံးအချက်မှာ နတ်ဆိုးကျင့်ကြံနည်းစနစ်များ၏ လွှမ်းမိုးမှုအောက်တွင် ထိုပုန်ကန်သူများသည် သေခြင်းတရား၏ကြောက်မက်ဖွယ်ကောင်းပုံကို မသိကြတော့ချေ။သူတို့သည် ရုပ်သေးများအလား မြို့ရိုးများထံသို့ တဟုန်ထိုးပြေးဝင်လာကြသည်။
သူတို့သည် မြို့ရိုးများနှင့်စတင်၍ ထိတွေ့မိချိန်တွင် မြို့ရိုးများပေါ်၌ အက်ကွဲကြောင်းများ ထွက်ပေါ်စပြုလာသည်။
မြို့ရိုးများပျက်စီးသွားတော့မည့် အခြေအနေကိုကြည့်ပြီး ချင်ယုက ရုတ်တရက် အော်ဟစ်လိုက်၏။
"မြို့အကာအကွယ်ဝင်္ကပါကြီးကို အသက်သွင်းလိုက်တော့"
သူ၏အော်သံနှင့်အတူ မြို့အတွင်းရှိအရပ်မျက်နှာအဘက်ဘက်မှနေ၍ မြောက်များစွာသော အလင်းတန်းများ ထွက်ပေါ်လာကာ မိုးကောင်းကင်ယံအတွင်းသို့ ထွင်းဖောက်သွားသည်။
မြို့ရိုးများပေါ်တွင် ရွှေရောင်အလင်းလွှာတစ်လွှာ တဖြည်းဖြည်း ဖွဲ့စည်းသွားကာ မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားသည်။
မြို့ရိုးများပေါ်သို့ လှေကားများဖြင့်တက်နေသော ပုန်ကန်သူစစ်သားများသည် ရုတ်တရက်ထွက်ပေါ်လာသော ရွှေရောင်အလင်းလွှာကြီးနှင့် ထိတွေ့မိတော့သည်။သူတို့သည် တားမြစ်ချက်တစ်ခုနှင့် ထိတွေ့မိသည့်အလား သူတို့၏ခန္ဓာကိုယ်များ တွန့်လိမ်သွားကာ အောက်သို့ပြုတ်ကျသွားလေ၏။
ဘုန်း...ဘုန်း...ဘုန်း...
မြို့ရိုးကို တိုက်ခိုက်နေသည့်လက်နက်များသည် မြို့အကာအကွယ်ဝင်္ကပါကြီးနှင့် ထိတွေ့မိချိန်တွင် ပျက်စီးသွားကာ အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
မြို့အကာအကွယ်ဝင်္ကပါကြီး၏ကာကွယ်မှုနှင့်အတူ မြို့ရိုးပေါ်ရှိစစ်သားများသည် သူတို့အတွက် အနားယူချိန်ခဏတာရရှိသွားသဖြင့် စိတ်သက်သာရာရသွားကြကာ သက်ပြင်းရှိုက်လိုက်ကြသည်။