← Chapters

အခန်း (၃၁၀၁-၃၁၀၅)

Vol. 158 Ch. 3101-3105

အခန်း (၃၁၀၁-၃၁၀၅)

Vol. 158 Ch. 3101-3105

Chapter 3101

လင်ကျိုးစီရင်စု၏စစ်သားများသည် ယခင်က ဤကဲ့သို့မြင်ကွင်းမျိုးကို ကြုံတွေ့ဖူးခြင်းမရှိချေ။

သူတို့အား တည်ငြိမ်အောင်ထိန်းသိမ်းထားသည့်အရာမှာ သံမဏိစည်းမျဥ်းနှင့်တူညီသော တာယွီ၏စစ်တပ်လေ့ကျင့်ရေးများပင်။

သို့ရာတွင် မြို့အကာအကွယ်ဝင်္ကပါသည် သူတို့၏နောက်ဆုံး အရံအတားဖြစ်ကြောင်း လူတိုင်းသိရှိထားသည်။အစောပိုင်းက ဖြစ်ရပ်များအရ အကဲဖြတ်ကြည့်လျှင် မြို့အကာအကွယ်ဝင်္ကပါကြီးသာမရှိပါက လင်ကျိုးစီရင်စု၏ခုခံမှုများသည် မြို့ပြင်ရှိပုန်ကန်သူများ၏တိုက်ခိုက်မှုကို ကာကွယ်နိုင်မည်မဟုတ်ချေ။

ဒေါင်...ဒေါင်...ဒေါင်...

အမျိုးအစားစုံလင်သော မှော်မန္တန်များသည် မြို့အကာအကွယ်ဝင်္ကပါကြီး၏အလင်းလွှာပေါ်သို့ အဆက်မပြတ်ကျရောက်နေသည်။

ကြီးမားသောအကာအကွယ်ဝင်္ကပါကြီးနှင့် နှိုင်းယှဥ်ပါက ထိုမှော်မန္တန်များသည် ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။သို့ရာတွင် ထိုမှော်မန္တန်များတွင် တိုက်စားနိုင်သောသက်ရောက်မှုမျိုး ရှိနေလေ၏။ထိုအရာများ၏တစတစ တိုက်စားလာမှုအောက်တွင် မြို့အကာအကွယ်ဝင်္ကပါကြီးသည် ကြာရှည်စွာ ကာကွယ်ပေးနိုင်တော့မည်မဟုတ်ချေ။

"ဒါက လင်ကျိုးစီရင်စုရဲ့အကာအကွယ်ဝင်္ကပါလား...အဲ့ဒီနေရာမှာ လှည့်စားမှုတချို့ရှိနေပေမယ့် စီရင်စုအဆင့် မြို့အကာအကွယ်ဝင်္ကပါဆိုတဲ့အတိုင်းပဲ...အရမ်းအဆင့်နိမ့်တယ်"

နတ်ဆိုးကျင့်ကြံသူများဘက်မှနေ၍ အေးစက်စက် လှောင်ပြောင်သရော်သံတစ်သံ ထွက်ပေါ်လာသည်။

ပုန်ကန်သူစစ်တပ်၏နောက်တွင် ခမ်းနားထည်ဝါပြီးကြီးမားသော ရထားလုံးအနည်းငယ် ထွက်ပေါ်လာသည်။

ထိုရထားလုံးများပေါ်တွင် ပွယောင်းယောင်းဝတ်စုံများကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူတချို့ရှိနေသည်။ထိုကျင့်ကြံသူများ၏နံဘေးပတ်ဝန်းကျင်တွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတအက္ခရာများ မျောလွင့်နေပေ၏။

သူတို့သည် နတ်ဆိုးကျင့်ကြံသူများဘက်မှ ဖိတ်ခေါ်ထားသော ဝင်္ကပါပညာရှင်များပင်။ဝင်္ကပါပညာရပ်လောကအတွင်းတွင် သူတို့သည် နာမည်ကျော်ကြားသော စီနီယာပညာရှင်များဖြစ်သည်။

ထိုလူများသည် မြို့ကိုသိမ်းပိုက်နိုင်ရန်အတွက် အရေးအကြီးဆုံး စစ်ကူများဖြစ်ပေ၏။

မြို့အကာအကွယ်ဝင်္ကပါကြီး ပျက်စီးသွားသည်နှင့် လင်ကျိုးစီရင်စု၏မြို့ရိုးများသည် တိုက်ခိုက်မှုတစ်ခုကိုပင် ခုခံကာကွယ်နိုင်တော့မည်မဟုတ်ချေ။

"ငါတို့ကို အရင်ဆုံးကြိုးစားခွင့်ပြုပါ"

ဝင်္ကပါပညာရှင်တချို့သည် ပုန်ကန်သူစစ်တပ်၏ရှေ့၌ မတ်တတ်ရပ်ကာ သူတို့၏သက်ဆိုင်ရာမှော်ရတနာများကို ထုတ်ယူ၍ လေထုအတွင်း၌ ဝင်္ကပါလမ်းကြောင်းများကို ရေးဆွဲလိုက်ကြ၏။

ထိုဝင်္ကပါလမ်းကြောင်းများသည် မြောက်မြားစွာသောအလင်းတန်းများနှင့်တူညီကာ အတူတကွ စုစည်းသွားပြီး ဝင်္ကပါတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ထိုဝင်္ကပါသည် လေထုအတွင်း၌ မျောလွင့်နေကာ အားကောင်းသောဖိအားအရှိန်အဝါကို ထုတ်လွှတ်နေသည်။

ဝေါင်း...ဝေါင်း...

ကျယ်လောင်ပြီးကြည်လင်ပြတ်သားသော သားရဲဟိန်းသံများက ရုတ်တရက် ဝင်္ကပါအတွင်းမှ မြည်ဟီးလာသည်။

ပုံသဏ္ဍာန်နှင့်အရွယ်အစား ကွဲပြားသော ရက်စက်ကြမ်းကြုတ်သည့် မှော်သားရဲလေးကောင်က ဝင်္ကပါ၏အထက်ရှိ ပါးလွှာသောလေထုအတွင်းမှနေ၍ ထွက်ပေါ်လာပေ၏။ထိုမှော်သားရဲများသည် မိုးပြာနဂါး ကျားဖြူ လိပ်နက်နှင့် ဗာမီလီယန်မီးငှက်တို့ဖြစ်သည်။ဤသည်က သားရဲလေးကောင်ဝင်္ကပါပင်။

ဤဝင်္ကပါကို ကောင်းကင်နှင့်မြေပြင်အကြားမှ စိတ်ဝိညာဥ်စွမ်းအားများဖြင့် ဆက်သွယ်ထားကာ သင်္ကေတလေးခုမှနေ၍ မှော်သားရဲလေးကောင်အဖြစ်ပြောင်းလဲနိုင်ပြီး အလွန်အစွမ်းထက်သည်။

ပုန်ကန်သူစစ်တပ်၏အထက်ကောင်းကင်ယံအတွင်း၌ မှော်သားရဲလေးကောင်ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားများကို ဖြန့်ကျက်ကာ မြို့အကာအကွယ်ဝင်္ကပါကြီးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်သည်။

ဘုန်း...ဘုန်း...ဘန်း...

မြို့အကာအကွယ်ဝင်္ကပါကြီးမှနေ၍ တောက်ပသောအလင်းတန်းများ အဆက်မပြတ်ဖြာထွက်နေကာ သားရဲလေးကောင်ဝင်္ကပါ၏စွမ်းအားများကို ပိတ်ဆို့ဟန့်တားလေ၏။သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောအသံများက မြို့တစ်မြို့လုံးအတွင်း၌ ပဲ့တင်ထပ်နေသည်။

မြို့ရိုးနှင့်နီးကပ်သောနေရာတွင် ရှိနေသောစစ်သားတချို့သည် သူတို့၏နှလုံးများအတွင်းသို့ အားလှိုင်းတစ်ရပ်တိုးဝင်လာခြင်းကို ခံစားမိသည်။မကြာမီမှာပင် ထိုစစ်သားများအနက်မှအများစု၏မျက်နှာများ ဖြူရော်သွားကာ သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာသည်။

မြို့ပြင်မှနေ၍ အကာအကွယ်ဝင်္ကပါကြီးကို တိုက်ခိုက်နေသည်နှင့်အတူ ထိုက်ကျန်းခန်းမဆောင်အတွင်း၌ ဖရိုဖရဲဖြစ်နေလေပြီ။

ထိုက်ကျန်းခန်းမဆောင်မှ ဝင်္ကပါပညာရှင်များအားလုံးသည် မြို့အကာအကွယ်ဝင်္ကပါကြီး၏ရှေ့၌ စုဝေးနေကြသော်လည်း ဝင်္ကပါ၏လုပ်ဆောင်ချက်များကို ထိန်းသိမ်းနိုင်ရုံမျှသာ တောင့်ခံနိုင်တော့သည်။လူအများစု၏နဖူးပြင်များပေါ်တွင် ချွေးများစိုရွှဲနေလေ၏။

ဤကဲ့သို့ကြီးမားသောဝင်္ကပါကြီးကို ထိန်းသိမ်းနိုင်ရန်အတွက် သူတို့၏စိတ်စွမ်းအားနှင့်ရုပ်ပိုင်းဆိုင်ရာစွမ်းအား အမြောက်အများကို အသုံးပြုရသည်။

သို့ရာတွင် ယခုလက်ရှိနေရာတွင်ရှိနေသော မည်သည့်ဝင်္ကပါပညာရှင်မျှ အနားမယူဝံ့ချေ။ဤသည်က လင်ကျိုးစီရင်စု၏နောက်ဆုံးအရံအတားပင်။သူတို့ တစ်ကြိမ်အနားယူလိုက်သည်နှင့် မြို့အတွင်းသို့ နတ်ဆိုးကျင့်ကြံသူများဝင်ရောက်လာနိုင်ပါက သွေးပျက်ဖွယ်အဆုံးသတ်နှင့် ရင်ဆိုင်ကြုံတွေ့ရပေမည်။

"ခန်းမသခင်...စီရင်စုသခင် ပြင်ဆင်ထားတာက ဘယ်လိုဝင်္ကပါမျိုးလဲ...ဒီတိုက်ခိုက်မှုကို ခုခံနိုင်ဖို့ ငါတို့က တစ်ရက်တောင်တောင့်မခံနိုင်မှာကို ငါ စိုးရိမ်မိတယ်"

ဝင်္ကပါပညာရှင်တစ်ယောက်က သူ၏နဖူးပေါ်ရှိချွေးများကိုသုတ်ရင်း ပြောဆိုသည်။

ယခုလက်ရှိချိန်တွင် ဤနေရာတွင်ရှိနေသူတိုင်း စီရင်စုသခင်၏ဝင်္ကပါပညာရပ်အရည်အချင်းသည် ခန်းမသခင်ထက် များစွာပို၍သာလွန်ကြောင်း သိရှိထားကြ၏။

စီရင်စုသခင် လှုပ်ရှားမှုပြုလုပ်သည်နှင့် ဤကဲ့သို့ အန္တရာယ်များသောအခြေအနေကို ဖြတ်ကျော်ကောင်း ဖြတ်ကျော်နိုင်ပေမည်။

ခန်းမသခင်က သူ၏ခေါင်းကိုခါယမ်းလိုက်သည်။

"စီရင်စုသခင် ဘာတွေစီစဥ်ထားတာလဲဆိုတာ ငါ သေချာမသိဘူး...ငါတို့က ငါတို့တာဝန်ယူထားတဲ့အပိုင်းကို ကောင်းကောင်းလုပ်နိုင်ဖို့ပဲလိုတယ်"

Chapter 3102

မြို့ပြင်ရှိ နတ်ဆိုးကျင့်ကြံသူများဘက်မှ ဝင်္ကပါပညာရှင်များသည် နောက်ဆုံး၌ သူတို့၏လှုပ်ရှားမှုများကို စတင်၍ဆောင်ရွက်ကြတော့သည်။

နတ်ဆိုးကျင့်ကြံသူများသည် ထိုဝင်္ကပါပညာရှင်များကို အဖိုးအခများစွာပေး၍ ငှားယမ်းထားခြင်းဖြစ်သည်။ထိုဝင်္ကပါပညာရှင်များအနက်မှ တစ်ယောက်စီတိုင်းသည် ဝင်္ကပါများကိုချိုးဖျက်ရာ၌ သူတို့၏ကိုယ်ပိုင် ပြိုင်ဘက်ကင်းနည်းစနစ်များရှိသည်။

ထိုသူများအနက် သွေးဝိညာဥ်အလံကို ဝင်္ကပါဗဟိုချက်အဖြစ်အသုံးပြုသော ဝင်္ကပါပညာရှင်တစ်ယောက်ရှိသည်။သူသည် မြို့အကာအကွယ်ဝင်္ကပါကြီးထံမှ စိတ်ဝိညာဥ်စွမ်းအားများကို သူ၏ကိုယ်ပိုင်အဖြစ် အသုံးပြုရန်အတွက် လုယက်နိုင်လေ၏။

သွေးဝိညာဥ်အလံကိုဖြန့်လိုက်သည်နှင့် လင်ကျိုးစီရင်စု၏အထက်ကောင်းကင်ယံတခွင်လုံးကို လွှမ်းခြုံသွားသည်။မြို့အတွင်းရှိလူတိုင်းသည် ပြင်ပရှိအလင်းရောင်ကို မမြင်တွေ့ရတော့သဖြင့် သူတို့အားလုံး ထိတ်လန့်ကြောက်ရွံနေကြသည်။

"မြို့အကာအကွယ်ဝင်္ကပါကြီး ကျိုးပျက်တော့မယ်လို့ ငါ ခံစားနေရတယ်"

"ဒါက အဆုံးသတ်သွားပြီ..နတ်ဆိုးကျင့်ကြံသူတွေ မြို့ထဲဝင်လာတာနဲ့ ငါတို့အားလုံး သေရလိမ့်မယ်"

လူတိုင်း၏မျက်နှာများပေါ်တွင် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေသည်။

သူတို့သည် မြို့အကာအကွယ်ဝင်္ကပါ၏မှိန်ဖျော့ဖျော့အလင်းလွှာကိုကြည့်ပြီးနောက် သူတို့၏စိတ်နှလုံးသားများအတွင်း၌ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားတော့သည်။

ချင်ယုသည် မြို့ပြင်ရှိ ပုန်ကန်သူများနှင့်နတ်ဆိုးကျင့်ကြံသူများကို မြင်တွေ့ချိန်တွင် ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခုက သူ၏မျက်နှာပေါ်၌ ထွက်ပေါ်လာသည်။

သူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"ဒူးလေးတွေကို အဆင်သင့်ပြင်ပြီးတော့...မင်းတို့အားလုံး အသင့်အနေအထားပြင်ထားကြစမ်း...တကယ်လို့ သူတို့တွေ မြို့ထဲကိုဝင်လာရင် ငါတို့အားလုံး သေရလိမ့်မယ်...မင်းတို့ မသေချင်ဘူးဆိုရင် သူတို့နောက်ဆုတ်သွားချိန်အထိ တောင့်ခံကြရမယ်"

ထိုစကားလုံးများသည် တခြားအရာများထက်ပို၍ အကျိုးသက်ရောက်မှုရှိပေ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် မသေလိုပါက မြို့အားကာကွယ်စောင့်ကြပ်ရပေမည်။

ပြင်းထန်သောအကြောက်တရားအောက်တွင် လူတချို့၏စိတ်နှလုံးသားများအတွင်း၌ အကြောင်းပြချက်မရှိဘဲ ဒေါသများပွင့်အံ့ထွက်လာသည်။သူတို့သည် မြို့ရိုးများအောက်သို့ခုန်ဆင်း၍ အောက်ရှိပုန်ကန်သူများကို သတ်ဖြတ်ရန် ဆန္ဒပြင်းပြနေကြသည်။

"ဗိုလ်ချုပ်...ကျွန်တော်က သတင်းပို့ဖို့ စီရင်စုရုံးတော်ကိုသွားခဲ့တယ်...ဒါပေမယ့် စီရင်စုသခင်က ရုံးတော်မှာရှိမနေဘူး"

လက်ထောက်တပ်မှူးတစ်ယောက်က အပြေးရောက်လာကာ ချင်ယုထံသို့ လျှို့ဝှက်၍ အသံသတင်းစကား ပေးပို့လေ၏။

ချင်ယုက ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

လုယွီသည် အစီအစဥ်များပြုလုပ်ပြီးဖြစ်ကြောင်း သူ သိရှိထားသော်လည်း မည်သည့်အရာဖြစ်သည်ကို သူ မသိရှိချေ။မြို့အကာအကွယ်ဝင်္ကပါကြီး ပျက်စီးသွားသည်နှင့် မြို့ရိုးပေါ်ရှိစစ်သည်များသည် အချိန်ကြာမြင့်စွာ ခုခံတိုက်ခိုက်နိုင်မည်မဟုတ်ချေ။

မြို့ရိုးပေါ်ရှိ ခုခံကာကွယ်မှုများ မရှိတော့ပါက သူတို့ဘက်တွင် မည်သည့်အစီအစဥ်မျိုးရှိနေပါစေ အဆုံးသတ်၌ အသုံးဝင်တော့မည်မဟုတ်ချေ။

ဟုန်း...ဘုန်း...ဘုန်း...

အဆက်မပြတ်ရိုက်ခတ်ခံရမှုများအောက်တွင် နောက်ဆုံး၌ မြို့အကာအကွယ်ဝင်္ကပါကြီး ပြိုလဲတော့မည့်အရိပ်အယောင်များ ထွက်ပေါ်လာလေပြီ။

မြို့ရိုးပေါ်ရှိ စစ်သားများအားလုံး တစ်ညတာကို ကြောက်ရွံမှုများဖြင့် ဖြတ်ကျော်ခဲ့ရသည်။

အမှန်အားဖြင့် တစ်ဖက်ရန်သူများ၏တိုက်ခိုက်မှုများသည် ကြောက်ခမန်းလိလိ ပြင်းထန်သည့်တိုင် စီရင်စုအဆင့်တွင် အစွမ်းထက်ဆုံးဝင်္ကပါမဖြစ်သည့် မြို့အကာအကွယ်ဝင်္ကပါကြီးဖြစ်သဖြင့် သုံးရက်တိုင်တိုင် အခိုင်အမာ ကာကွယ်ပေးနိုင်ခဲ့သည်။

သုံးရက်ကြာပြီးနောက် သိသာထင်ရှားသော အက်ကွဲကြောင်းကြီးတစ်ခုက မြို့အကာအကွယ်ဝင်္ကပါကြီးပေါ်၌ ထွက်ပေါ်လာသည်။

မြို့အကာအကွယ်ဝင်္ကပါကြီး၏ခုခံကာကွယ်မှု နောက်ဆုံး၌ ကျရှုံးသွားခဲ့ပြီဖြစ်ကြောင်းကို စစ်သားများအားလုံး နားလည်သဘောပေါက်သွားပေ၏။

"ဒီမြို့အကာအကွယ်ဝင်္ကပါက ငါထင်ထားတာထက် ချိုးဖျက်ရတာပိုပြီးလွယ်ကူတာပဲ...ဒါက ထိုးနှက်ချက်တစ်ခုကိုတောင် တောင့်ခံနိုင်တော့မှာမဟုတ်ဘူး"

ပုန်ကန်သူများ၏ဝင်္ကပါအတွင်းမှနေ၍ ရထားလုံးတစ်စီး ပျံဝဲထွက်လာကာ အတွင်းမှနေ၍ သွေးနီရောင်ဝတ်စုံကိုဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက် ထွက်လာသည်။

သူ ထွက်ပေါ်လာသည်နှင့် အဝေးရှိ သွေးဝိညာဥ်အလံမှနေ၍ ရုတ်တရက် ပို၍တောက်ပသောသွေးနီရောင်အလင်းတန်းများ ဖြာထွက်လာကာ ကောင်းကင်ယံတခွင်လုံးအနှံ့ ပြည့်နှက်သွားသည်။မြို့ရိုးအနီး၌ မတ်တတ်ရပ်နေသော စစ်သားများသည် ထူထပ်သိပ်သည်းသောသွေးညှီနံကို ရှုရှိုက်မိလေ၏။

ထိုက်ကျန်းခန်းမသခင်သည် နတ်ဘုရားစိတ်အာရုံဖြင့် မြို့၏နံဘေးပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို အာရုံစူးစိုက်ထားသည်။ထိုအဖိုးအိုကိုမြင်တွေ့ချိန်တွင် သူ၏စိတ်နှလုံးသားတစ်ခုလုံးတုန်ရီသွားကာ ထိတ်လန့်တကြားရေရွတ်လိုက်၏။

"ယဲ့ဝူမင်လား...အဲ့ဒီနတ်ဆိုးအိုကြီးက တကယ်ရောက်လာတာပဲ"

တခြားဝင်္ကပါများသည် ထိုနာမည်ကိုကြားချိန်တွင် တည်ငြိမ်စွာနေနိုင်စွမ်း မရှိကြတော့ချေ။သူတို့၏နတ်ဘုရားစိတ်အာရုံများကို မြို့ပြင်သို့စေလွှတ်၍ ကြည့်လိုက်ကြသည်။

အဖိုးအို၏မျက်နှာကို မြင်တွေ့ချိန်တွင် သူတို့အားလုံး၏မျက်နှာအမူအယာများ ချက်ချင်းပျက်ယွင်းသွားသည်။

သူတို့သည် မူလက တည်ငြိမ်အေးဆေးနေကြသော်လည်း အဖိုးအိုကိုမြင်တွေ့သည်နှင့် သူတို့၏မျက်နှာများပေါ်တွင် တုန်လှုပ်ချောက်ချားခြင်း ကြောက်ရွံခြင်းတို့ဖြင့် ပြည့်နှက်သွားတော့သည်။

ယဲ့ဝူမင်...

သူသည် လင်ကျိုးစီရင်စုတွင်သာမက မိုးကောင်းကင်မီးတောက်ကုန်းမြေတစ်ခုလုံး၌ ထင်ရှားကျော်ကြားသူတစ်ယောက်ပင်။

မူလက သူသည် မိုးကောင်းကင်မီးတောက်ကုန်းမြေ၏ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်ကာ ထိုက်ကျန်းခန်းမဆောင်၏ခေါင်းဆောင်တာဝန်ခံရာထူးတွင် အချိန်အတိုင်းအတာတစ်ခုထိ တာဝန်ထမ်းဆောင်ခဲ့သည်။

သို့ရာတွင် နောက်ဆုံး၌ အကြောင်းအရင်းမည်မည်ရရမရှိဘဲ ယဲ့ဝူမင်သည် နတ်ဆိုးလမ်းကြောင်းအတွင်းသို့ သူ့ကိုယ်သူပစ်သွင်းလိုက်ကာ မိသားစု၁၉စုကို ရက်စက်ကြမ်းကြုတ်စွာဖြင့် ဆက်တိုက်သတ်ဖြတ်ခဲ့သည်။သူသည် အလွန်ကြီးလေးသော ရာဇဝတ်မှုကိုကျူးလွန်ခဲ့သဖြင့် တော်ဝင်တရားစီရင်ရေးနှင့်တော်ဝင်စစ်ခုံရုံးတို့၏ပူးပေါင်းဝရမ်းထုတ်ခြင်းကို ခံခဲ့ရသည်။

Chapter 3103

ထိုလူသည် ထူးဆန်းသောစိတ်နေစိတ်ထားရှိကာ သူ၏ရန်သူများပေါ်တွင်သာမက သူ၏အပေါင်းအဖော်များပေါ်တွင်လည်း ရက်စက်ကြမ်းကြုတ်စွာဆက်ဆံသည်။

ကောလဟာလများအရ ယဲ့ဝူမင်ထံတွင် မူလက တပည့်အနည်းငယ်ရှိခဲ့သည်။သို့ရာတွင် ထိုတပည့်များသည် သူ၏အသုံးချခံရခြင်း သို့မဟုတ် သူ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။အခြေခံအားဖြင့် သူ့ထံတွင် ဆက်ခံသူဟူ၍ တစ်ယောက်မျှမရှိချေ။

အမှန်အားဖြင့် သူသည် တစ်ကိုယ်တည်းနေလိုသူဖြစ်သဖြင့် သူ၏အမွေအနှစ်ကို ဆက်ခံမည့်သူအား မလိုအပ်ပေ။

အတိတ်တွင် ထိုက်ကျန်းခန်းမသခင်သည် ယဲ့ဝူမင်ကို စုံစမ်းစစ်ဆေးရာ၌ ပါဝင်ခဲ့လေ၏။

ယဲ့ဝူမင်၏ယဲ့မိသားစုသည် အင်အားကြီးရန်သူတစ်ယောက်ကို အပြစ်ပြုမိသဖြင့် အမြစ်ပြတ်သုတ်သင်ခြင်းခံရကြောင်း သူ သိရှိထားသည်။

ယဲ့ဝူမင်သည် ယဲ့မိသားစုအတွင်းမှ တစ်ယောက်တည်းသော ထွက်ပြေးလွတ်မြောက်လာသူပင်။သူ၏အမည်ကို 'နာမည်မဲ့(ယဲ့ဝူမင်)'ဟု ပြောင်းလဲခဲ့ခြင်းမှာ သူ၏နဂိုမူလနာမည် ထပ်မံ၍တည်ရှိနေရန် မလိုအပ်ခြင်းကြောင့်ပင်။အသက်ရှင်သန်ခဲ့သည့် တစ်ယောက်တည်းသောသူဖြစ်သဖြင့် သူ့ထံတွင် မိသားစုမရှိ နာမည်လည်းမရှိတော့ချေ။

မိုးကောင်းကင်မီးတောက်ကုန်းမြေ၌ ယဲ့ဝူမင်သည် အုပ်ချုပ်ရေးရုံးတော်မှသတင်းပေးများ၏အကူအညီဖြင့် သူ၏ရန်သူကို နောက်ဆုံး၌ ရှာဖွေတွေ့ရှိခဲ့သည်။ထို့ကြောင့်သူသည် လက်စားချေရန် ဆောင်ရွက်ခဲ့လေ၏။

တာယွီအင်ပါယာအတွင်း၌ မိသားစုတစ်စုလုံးကို အမြစ်ပြတ်သုတ်သင်ခဲ့သည့် ရန်ငြိုးမျိုးနှင့်ပတ်သတ်၍ စည်းမျဥ်းဥပဒေတစ်ခုရှိသည်။ကျင့်ကြံသူများသည် လက်စားချေမှုကို ပြုလုပ်နိုင်သော်လည်း အပြစ်မဲ့သူများကို ထိခိုက်နာကျင်အောင် မပြုလုပ်ရချေ။ထိုအကြောင်းအရင်းကြောင့် ယဲ့ဝူမင်သည် လက်စားချေမှုပြုလုပ်ရာတွင် အုပ်ချုပ်ရေးရုံးတော်တစ်ခုလုံး မသိကျိုးကျွံပြုနေခဲ့သည်။မည်သို့ပင်ဆိုစေကာမူ အငြင်းပွားမှုများနှင့်သတ်ဖြတ်ခြင်းတို့သည် ကျင့်ကြံခြင်းလောကတွင် ကြုံတွေ့နေကျကိစ္စရပ်များပင်။တော်ဝင်နန်းတွင်းမှနေ၍ အရာအားလုံးကို စီမံဆောင်ရွက်နိုင်ခြင်းမရှိချေ။

သို့ရာတွင် ယဲ့ဝူမင်၏မျက်လုံးများသည် သတ်ဖြတ်နေရာမှ အနီရောင်သို့ ပြောင်းလဲသွားလေ၏။

အစပထမ၌ သူသည် သူ့ရန်သူ၏မိသားစုတစ်စုလုံးကို အမြစ်ပြတ်သုတ်သင်ခဲ့သည်။သို့ရာတွင် သူသည် ထိုကိစ္စကိုမလုံလောက်ဟုယူဆကာ ထိုမိသားစု၏အနီးဝန်းကျင်တွင်ရှိသော မိသားစုငယ်များကို သတ်ဖြတ်လိုက်တော့သည်။

ထို့နောက် ယဲ့ဝူမင်သည် ကျင့်ကြံခြင်းမိသားစုတစ်စုဆီသို့ ရောက်သွားလေ၏။သူသည် ထိုအိမ်တော်အတွင်းသို့ ဝင်ရောက်ပြီးနောက် လူတိုင်းကို သတ်ဖြတ်ခဲ့သည်။သူသည် သေလူများ၏စိတ်ဝိညာဥ်များကိုစုစည်းကာ သွေးဝိညာဥ်အလံအတွင်းသို့သိပ်သည်း၍ သူ၏ကိုယ်ပိုင်မှော်ရတနာအဖြစ် ပြောင်းလဲလိုက်သည်။

ထိုကဲ့သို့ သူ၏လုပ်ဆောင်ချက်များသည် အုပ်ချုပ်ရေးရုံးတော်၏ ခွင့်လွှတ်နိုင်သောအတိုင်းအတာကို ကျော်လွန်သွားလေပြီ။

ယဲ့ဝူမင်၏ဝင်္ကပါပညာရှင်ဟူသော အဆင့်အတန်းကြောင့် မိုးကောင်းကင်မီးတောက်ကုန်းမြေ အုပ်ချုပ်ရေးရုံးတော်သည် သူ့အား လာရောက်အဖမ်းခံရန် အချိန်အတိုင်းအတာတစ်ခုထိ ကန့်သတ်ပေးခဲ့သည်။သူတို့သည် အရာအားလုံးကို ပေါ့ပေါ့ပါးပါးဖြေရှင်းရန် ရည်ရွယ်ခဲ့လေ၏။

အပေါ်ယံတွင် ယဲ့ဝူမင်သည် သဘောတူညီခဲ့သော်လည်း အမှန်အားဖြင့် သူသည် ထွက်ပြေးရန်လမ်းကြောင်းကို တိတ်တဆိတ် ကြိုတင်ပြင်ဆင်ထားပြီးလေပြီ။

သူ့အားဖမ်းဆီးမည့်လူများ ရောက်ရှိလာချိန်တွင် ဗလာဟင်းလင်းဖြစ်နေသော အိမ်ကိုသာ မြင်တွေ့ရတော့သည်။

ထိုအချိန်မှစ၍ ယဲ့ဝူမင်သည် ပျောက်ကွယ်သွားသော်လည်း ရံဖန်ရံခါ သူ၏သတင်းအစအနများ ထွက်ပေါ်လာလေ၏။ယဲ့ဝူမင် ထွက်ပေါ်လာသည့်အချိန်တိုင်း မိသားစုတစ်စုလုံးကိုအမြစ်ပြတ်သုတ်သင်ခြင်းကဲ့သို့ ကြီးလေးသောရာဇဝတ်မှုများကို ကျူးလွန်လေ့ရှိသည်။သူ၏နည်းလမ်းများသည် အလွန်ရက်စက်ကြမ်းကြုတ်သဖြင့် သူ သတ်ဖြတ်ခဲ့သောမိသားစုများတွင် အသက်ရှင်ကျန်ရစ်သူဟူ၍ တစ်ယောက်မျှမရှိချေ။

ဤလူသည် နတ်ဆိုးလမ်းကြောင်းအတွင်းသို့ လုံးလုံးလျားလျား ကျရောက်သွားလေပြီ။

"ယဲ့ဝူမင်က တကယ်ကြီးထွက်ပေါ်လာတာပဲ...ဒါက သူ ဒီတစ်ကြိမ်မှာ မြို့တစ်မြို့လုံးကို သတ်ဖြတ်တော့မယ်လို့ ဆိုလိုတာမဟုတ်လား"

ဝင်္ကပါပညာရှင်တစ်ယောက်သည် သူ၏အတွေးများကို ဖွင့်ဟပြောဆိုနေသည့်အလား တုန်ရီနေသောအသံဖြင့် ရေရွတ်လိုက်၏။

ဤသည်က အမှန်ပင်။

ယဲ့ဝူမင် ထွက်ပေါ်လာချိန်တိုင်း မည်သူမျှ အသက်ရှင်ရက် လွတ်မြောက်ခြင်းမရှိချေ။

ဤတစ်ကြိမ်တွင် သူသည် လင်ကျိုးစီရင်စု၏ရှေ့၌ ထွက်ပေါ်လာသဖြင့် မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်တော့မည်ကို ကြိုတင်ခန့်မှန်းနိုင်လေပြီ။လင်ကျိုးစီရင်စုအတွင်း၌ သွေးပင်လယ်ကြီးနှင့်အလောင်းများ တောင်ပုံရာပုံဖြစ်သွားမည်မှာ တိကျသေချာသည်။

ဝင်္ကပါပညာရှင်များအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။သူတို့သည် သူတို့အသက်များအား ကာကွယ်နိုင်သည့် နောက်ဆုံးမှီတွယ်ရာဖြစ်သော မြို့အကာအကွယ်ဝင်္ကပါကြီးကို ထိန်းသိမ်းနိုင်ရန်ကိုသာ အာရုံစိုက်လိုက်ကြတော့သည်။

မြို့ပြင်၌ ယဲ့ဝူမင်သည် သွေးဆာသောအရှိန်အဝါမျိုးကို ထုတ်လွှတ်ထားကာ မြို့တံခါး၏ရှေ့သို့ ရောက်ရှိနေလေ၏။ပတ်ဝန်းကျင်ရှိ နတ်ဆိုးကျင့်ကြံသူများဘက်မှ ဝင်္ကပါပညာရှင်များအားလုံး နံဘေးသို့ကပ်လိုက်ကြကာ သူတို့၏လက်များကိုပူးဆုပ်၍ ဂါရဝပြုလိုက်ကြသည်။

"လင်ကျိုးစီရင်စုရဲ့မြို့အကာအကွယ်ဝင်္ကပါက တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး...ဆရာသခင်ယဲ့က နောက်ဆုံးတိုက်ခိုက်မှုတစ်ခုကိုလုပ်ပြီးတော့ အဆုံးသတ်လိုက်ရုံပဲ"

ထိုစကားကိုပြောဆိုလိုက်သူသည် ရက်စက်ကြမ်းကြုတ်သော အမူအယာရှိသည့် ဝင်္ကပါပညာရှင်အဖွားအိုကြီးတစ်ယောက်ပင်။သူမ၏လက်အတွင်း၌ အလွန်ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် အရိုးခေါင်းတစ်ခုကို ကိုင်ဆောင်ထားသည်။

ယဲ့ဝူမင်က ရယ်မောလေ၏။

"ငါ ထပ်ပြီးမစောင့်နိုင်တော့ဘူး...ငါ မြို့ထဲကိုဝင်ပြီးတော့ သတ်ချင်နေပြီ"

ထိုသို့ပြောဆိုပြီးနောက် သူက နှာခေါင်းကိုတရှုံရှုံလုပ်ကာ မြို့ရိုးကိုစောင့်ကြပ်နေသော စစ်သားများကိုကြည့်၍ ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့် ပြောဆိုသည်။

"ငါ အကြောက်တရားကို အာရုံခံမိတယ်...လင်ကျိုးစီရင်စုထဲမှာ လူတွေအများကြီးရှိနေတာပဲ...ငါ ရက်အနည်းငယ်လောက် သတ်ဖြတ်ဖို့အတွက် လုံလောက်တယ်"

Chapter 3104

ထိုသို့ပြောဆိုပြီးနောက် ယဲ့ဝူမင်က ရုတ်တရက် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ သွေးဝိညာဥ်အလံမှနေ၍ စူးရှရှအော်သံများ ပွင့်အံ့ထွက်လာသည်။

ဤသည်က ထောင်သောင်းချီသောလူများ သူတို့မသေဆုံးမီအချိန်၌ ငိုကြွေးမြည်တမ်းနေသံနှင့်တူညီကာ နားအူလုမတတ်စူးရှပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှ၏။

သွေးဝိညာဥ်အလံမှနေ၍ စိတ်ဝိညာဥ်များ ရုတ်တရက်ထွက်ပေါ်လာကာ သူတို့၏ခန္ဓာကိုယ်များတွင် အလွန်ကြီးမားသော နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

ဤသည်က ယဲ့ဝူမင်၏သတ်ဖြတ်ခြင်းခံရပြီးနောက် သန့်စင်ခြင်းခံရကာ သွေးဝိညာဥ်အလံတွင်းသို့ထည့်သွင်းထားသည့် သေလူများ၏စိတ်ဝိညာဥ်များပင်။

သူတို့သည် ဆိုးဆိုးရွားရွား သေဆုံးခဲ့ရကာ ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းအတွင်းသို့လည်း ဝင်ရောက်နိုင်ခြင်းမရှိချေ။သူတို့သည် သွေးဝိညာဥ်အလံ၏ကျဥ်းမြှောင်းသောလေဟာနယ်အတွင်း၌ အကန့်အသတ်မရှိသော ညှင်းပန်းနှိပ်စက်မှုများကို ထပ်ခါတလဲလဲခံစားနေရသည်။

ယခုချိန်တွင် သူတို့ကို ရုတ်တရက် ထုတ်လွှတ်လိုက်သဖြင့် အချိန်အတော်ကြာစဥ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးနေသော စိတ်ဝိညာဥ်များသည် ယဲ့ဝူမင်၏လက်အတွင်း၌ ရုပ်သေးများအဖြစ်သို့ လုံးလုံးလျားလျား ရောက်ရှိသွားတော့သည်။

"သွားကြစမ်း"

ယဲ့ဝူမင်သည် မြို့အကာအကွယ်ဝင်္ကပါကြီးထံ ဦးတည်၍ လက်ညှိုးညွှန်လိုက်၏။

သွေးနီရောင်မျက်လုံးများရှိသော အငြှိုးကြီးစိတ်ဝိညာဥ်များသည် စူးရှကျယ်လောင်စွာအော်ဟစ်ကာ မြို့အကာအကွယ်ဝင်္ကပါကြီးထံသို့ တဟုန်ထိုး တိုးဝင်သွားကြတော့သည်။

ဘုန်း...ဘုန်း...ဘုန်း...

ရုတ်ချည်းဆိုသလိုပင် မြို့အကာအကွယ်ဝင်္ကပါကြီးတစ်ခုလုံး မရေမတွက်နိုင်သောမိုးသီးများဖြင့် ရိုက်ခတ်ခံရသည့်အလား တဘုန်းဘုန်းအသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

မြို့အကာအကွယ်ဝင်္ကပါပေါ်ရှိ အက်ကွဲကြောင်းများ တဖြည်းဖြည်းကြီးမားကျယ်ပြန့်စပြုလာသည်။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ချင်ယုသည် အခြေအနေမကောင်းသည်ကို နားလည်သဘောပေါက်သွားသဖြင့် တင်းမာခက်ထန်စွာ အော်ဟစ်လိုက်၏။

"အားလုံးပဲ...ရန်သူကိုရင်ဆိုင်ဖို့ ပြင်ဆင်ထားကြစမ်း"

သူ၏အသံထွက်ပေါ်လာသောအချိန်မှာပင် နှိုင်းယှဥ်ပြစရာမရှိသည်အထိ ကျယ်လောင်သော တုန်ခါသံကြီးက ရုတ်တရက် သူ၏နားအတွင်း၌ မြည်ဟီးသွားသည်။ထိုအသံသည် အလွန်အမင်းစူးရှကာ ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိအသံများအားလုံးကို ဖုံးအုပ်သွားလေ၏။

လူတိုင်းသည် သူတို့၏နားများမှတဝီဝီအသံများကြားနေရသည်ကိုသာ ခံစားမိကာ သူတို့၏မျက်လုံးများ ကြောင်စီစီဖြစ်သွားပြီး သူတို့အားလုံး နေရာမှာပင် ကြက်သေသေနေတော့သည်။

သူတို့၏အသိစိတ်များ ပြန်ဝင်လာစဥ်တွင် မြို့အကာအကွယ်ဝင်္ကပါကြီး၏အလင်းလွှာကြီးသည် ကောင်းကင်ကန့်လန့်ကာကို ဆုတ်ဖြဲလိုက်သည့်အလား ကြီးမားသောအက်ကွဲကြောင်းကြီးအဖြစ် ကွဲထွက်သွားသည်ကို မြင်တွေ့လိုက်ရသည်။

အငြိုးကြီးစိတ်ဝိညာဥ်များသည် ရက်စက်ကြမ်းကြုတ်ပြီး အေးစက်သောအမူအယာများဖြင့် ထိုအက်ကွဲကြောင်းအကြားမှ ခေါင်းပြူကြည့်နေကြ၏။

သူတို့၏သွေးနီရောင်မျက်လုံးများဖြင့် လက်ရှိနေရာတွင်ရှိနေသူတိုင်းကို စူးစိုက်၍ကြည့်နေသည်။

ရုတ်ချည်းဆိုသလိုပင် လက်ရှိနေရာတွင်ရှိနေသော စစ်သားများအားလုံး နေရာမှာပင် ကြက်သေသေသွားတော့သည်။

ဤထိတ်လန့်ကြောက်ရွံမှုမျိုးကို စကားလုံးဖြင့်ပင် ဖော်ပြ၍မရချေ။

စစ်သားအများစုသည် ရေခဲလှိုဏ်ဂူကြီးအတွင်းသို့ ကျရောက်သွားသည့်အလား သူတို့၏ခန္ဓာကိုယ်များ အေးစိမ့်လာသည်ကို ခံစားမိလေ၏။အစောပိုင်းက သူတို့ထံတွင်ရှိနေသော သတ္တိအနည်းငယ်သည် ထိုတုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းကို မြင်တွေ့ချိန်တွင် လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။

"သရဲလိုလို တစ္ဆေလိုလိုကောင်တွေက ဘယ်လိုသတ္တိမျိုးနဲ့ ဒီနေရာကိုလာပြီးတော့ ရမ်းကားဝံ့တာလဲ"

ချင်ယုသည် အလျှင်အမြန်တုံ့ပြန်လိုက်ကာ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။ဆေဘာဓားရှည်တစ်လက်က သူ၏လက်အတွင်း၌ ထွက်ပေါ်လာကာ အငြှိုးကြီးစိတ်ဝိညာဥ်များထံဦးတည်၍ ခုတ်ပိုင်းလိုက်တော့သည်။

သူ၏တိုက်ခိုက်မှုအတွင်း၌ လောကီအင်မော်တယ်တစ်ယောက်၏ခွန်အားနှင့် တလိမ့်လိမ့်ထနေသော မှော်စွမ်းအားများပါဝင်ကာ အငြှိုးကြီးစိတ်ဝိညာဥ်များပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားလေ၏။

ဝှစ်...

ထိုအငြှိုးကြီးစိတ်ဝိညာဥ်များထံမှ စူးရှနာကျင်သောအော်သံကြီး ထွက်ပေါ်လာပြီးနောက် အဖြူရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားကာ မြို့ရိုးပေါ်သို့ကျရောက်သွားကြောင်း လူတိုင်း တွေ့မြင်လိုက်ရသည်။

ခရက်...ခရက်...

အက်ကွဲသံများ ထပ်မံ၍ မြည်ဟီးလာသည်။

မြို့အကာအကွယ်ဝင်္ကပါပေါ်ရှိ အက်ကွဲကြောင်းကြီး တဖြည်းဖြည်း ပို၍ကျယ်ပြန့်စပြုလာသည်။မရေမတွက်နိုင်သော သွေးနီရောင်လက်များသည် ပြင်ပမှနေ၍ အက်ကွဲကြောင်း၏အစွန်းကိုဆုပ်ကိုင်ကာ အတင်းအကြပ် ဆုတ်ဖြဲနေကြ၏။

ထိုအငြှိုးကြီးစိတ်ဝိညာဥ်များ၏မျက်နှာများက လူတိုင်း၏အမြင်အာရုံအောက်၌ ထွက်ပေါ်လာသည်။

ထိုမျက်နှာများသည် ရက်စက်ကြမ်းကြုတ်ပြီး ထိုင်းမှိုင်းနေသည်။ဤသည်က သူတို့သည် အကန့်အသတ်မရှိသော ညှင်းပန်းနှိပ်စက်မှုဒဏ်ကို အချိန်ကြာမြင့်စွာ ခံစားခဲ့ရသောကြောင့်ပင်။သူတို့၏မျက်လုံးများအတွင်း၌ သွေးဆာခြင်းများဖြင့်သာ ပြည့်နှက်နေပေ၏။

ဂါး...

စစ်သားတစ်ယောက်သည် သတိလက်လွတ်နေမိသဖြင့် သွေးနီရောင်လက်တစ်စုံ၏ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။

"အား...ငါ့ကိုကယ်ပါအုံး...ငါ့ကိုကယ်ကြပါ...အား..."

ထို့နောက်မှနေ၍ သွေးပျက်ဖွယ်အော်သံများ မြို့ရိုး၏ပြင်ပမှထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

တခြားစစ်သားများသည် သူ့ကိုကယ်တင်လိုသော်လည်း အမှောင်ထုအတွင်းမှနေ၍ လက်ပြတ်တစ်ချောင်း ပြုတ်ကျလာသည်ကို သူတို့အားလုံး တွေ့မြင်မိလေ၏။ထိုလက်၏လက်ချောင်းများအားလုံး ကိုက်ဖြတ်ခြင်းခံထားရပြီး သွေးချင်းချင်းနီနေသောလက်ဝါးပြင်သာ ကျန်ရှိတော့သည်။

အငြှိုးကြီးစိတ်ဝိညာဥ်များသည် အက်ကွဲကြောင်းမှတဆင့် တိုးဝင်လာပြီးနောက် ရုတ်ချည်းဆိုသလိုပင် လင်ကျိုးစီရင်စု၏အထက်ကောင်းကင်ယံတခွင်လုံးကို လွှမ်းခြုံသွားတော့သည်။

"သူတို့အားလုံးကို သတ်စမ်း...ဟား ဟား ဟား"

အငြှိုးကြီးစိတ်ဝိညာဥ်များ၏နောက်မှနေ၍ ယဲ့ဝူမင်၏ကြောက်မက်ဖွယ်ရယ်မောသံကြီးကို ကြားနေရလေ၏။

Chapter 3105

ပြင်းထန်သော အေးစက်စက်လေများက ချက်ချင်းဆိုသလိုပင် လင်ကျိုးစီရင်စုတစ်စုလုံးကို ဖြတ်သန်းတိုက်ခတ်သွားသည်။

လေတိုးသံများ၏အကြားတွင် အငြှိုးကြီးစိတ်ဝိညာဥ်များ၏ စူးရှရှအော်သံများကို ကြားနေရကာ ကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်နေသည်။

"တိုက်ပွဲဝင်ဝင်္ကပါကို တည်ငြိမ်အောင်ထိန်းသိမ်းကြစမ်း...မကြောက်ကြနဲ့...အားလုံးပဲ...မင်းတို့ရဲ့သက်ဆိုင်ရာနေရာတွေကို စောင့်ကြပ်ထားကြ...အဲ့ဒီအငြှိုးကြီးစိတ်ဝိညာဥ်တွေကို တိုးဝင်မလာစေနဲ့"

ချင်ယုက ကျယ်လောင်စွာအော်ဟစ်ကာ သူ၏ဆေဘာဓားကိုမြှောက်၍ ရှေ့သို့ တိုးဝင်လိုက်တော့သည်။

ဤအချိန်အခိုက်အတန့်တွင် လောကီအင်မော်တယ်တစ်ယောက်၏စွမ်းအားကို ပြသနိုင်ခဲ့လေပြီ။

တိုက်ပွဲကွင်းပြင်အတွင်း၌ ချင်ယုထံမှ မှော်စွမ်းအားများ ပွင့်အံ့ထွက်နေသည်။သူ၏ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် အစွမ်းထက်သောမှော်စွမ်းအားများကြောင့် အငြှိုးကြီးစိတ်ဝိညာဥ်တစ်ရာကျော် သေဆုံးသွားလေ၏။ဤသည်ကို တိုက်ပွဲအတွင်း၌ သတ်ဖြတ်ခြင်းလက်နက်တစ်ခုဟုပင် ခေါ်ဆိုနိုင်သည်။

ချင်ယုထံတွင် စွမ်းအားတချို့ရှိနေသော်လည်း တိုက်ပွဲကွင်းပြင်တစ်ခုလုံး၌ သူ၏တည်ရှိမှုသည် အလွန်အမင်း မသိသာမထင်ရှားလှချေ။သူသည် သူ့ရှေ့ရှိ နေရာအနည်းငယ်ကိုသာ ရင်ဆိုင်ဖြေရှင်းနိုင်သည်။မြို့ရိုး၏တခြားအပိုင်းများတွင်မူ နတ်ဆိုးကျင့်ကြံသူများကြောင့် ကျိုးပဲ့စပြုနေလေပြီ။

"လင်ကျိုးစီရင်စုကိုဖျက်ဆီးဖို့ အချိန်ကျပြီ"

ယဲ့ဝူမင်ထံတွင် မောက်မာဝံ့ကြွားသော မျက်နှာအမူအယာရှိသော်လည်း သူ၏မျက်လုံးအတွင်း၌ သွေးဆာသောအလင်းရောင်များဖြင့် ပြည့်နှက်နေသည်။

"လူတိုင်းပဲ...ငါတို့အားလုံး အတူပူးပေါင်းပြီးတော့ ကြွင်းကျန်တဲ့ မြို့အကာအကွယ်ဝင်္ကပါကို ဖျက်ဆီးကြရအောင်...ငါက လင်ကျိုးမြို့ထဲကိုဝင်ပြီး သတ်ဖြတ်ချင်နေပြီ"

ယဲ့ဝူမင်၏စကားကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသော တခြားနတ်ဆိုးကျင့်ကြံသူများက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ကြ၏။

သူတို့ကျင့်ကြံသော နတ်ဆိုးကျင့်ကြံနည်းစနစ်များအတွက် အသုံးချခံများအဖြစ် အငြှိုးကြီးစိတ်ဝိညာဥ်အမြောက်အများရှိရန်လိုအပ်သည်။

မြို့ကိုဖျက်ဆီးရာ၌ ထွက်ပေါ်လာမည့် အငြှိုးကြီးစိတ်ဝိညာဥ်အရေအတွက်သည် ရေတွက်၍မရနိုင်လုနီးပါး လွန်စွာများပြားပေမည်။

ဤအချိန်ကျပါက သူတို့၏ခွန်အားများ အဆများစွာ မြင့်တက်သွားနိုင်သည်။

"ငါက ဒီနှစ်တွေမှာ တခြားဘာကိုမှမတွေးမိခဲ့ပေမယ့် ကူပိုးကောင်တစ်ကောင်ကို ဖန်တီးနိုင်ခဲ့တယ်...ငါ အရင်က ဒီကူပိုးကောင်ရဲ့စွမ်းအားကို အသုံးမချဖူးဘူး...ဒီနေ့တော့ ငါက လင်ကျိုးစီရင်စုကို အသုံးပြုပြီးတော့ ဒါကိုစမ်းသပ်ကြည့်ရမယ်"

အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော အဖွားအိုတစ်ယောက်သည် သူမ၏အင်္ကျီလက်မောင်းကြားမှ သစ်သားသေတ္တာတစ်လုံးကိုထုတ်ယူကာ ဖြည်းညှင်းစွာဖွင့်လိုက်၏။

ထို့နောက် သစ်သားသေတ္တာအတွင်း၌ လဲလျောင်းနေသော အနက်ရောင်ကင်းမြှီးကောင်တစ်ကောင်ကို လူတိုင်း တွေ့မြင်လိုက်ရသည်။ထိုကင်းမြှီးကောက်၏ခန္ဓာကိုယ်တစ်ခုလုံး နက်မှောင်နေကာ သူ၏အမြှီးထိပ်ရှိဆူးမှနေ၍ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေသည်။ထိုအရာကိုကြည့်ရသည်မှာ အလွန်ထူးဆန်းပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပေ၏။

ထို့နောက် အဖွားအိုသည် သူမ၏ပါးစပ်မှနေ၍ အနက်ရောင်အခိုးအငွေ့များကို မှုတ်ထုတ်လိုက်ကာ ကင်းမြှီးကောက်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားစေသည်။

ထိုအနက်ရောင်အခိုးအငွေ့များနှင့် ထိတွေ့မိသည်နှင့် ကင်းမြှီးကောက်သည် သစ်သားသေတ္တာအတွင်းမှ ခုန်ထွက်လာသည်။အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ထိုကင်းမြှီးကောက်သည် ရထားလုံးတစ်စီးစာအရွယ်အစားသို့ ပြောင်းလဲသွားတော့သည်။

ထိုကင်းမြှီးကောက်သည် မြို့အကာအကွယ်ဝင်္ကပါကြီးပေါ်သို့ ခုန်တက်သွားလေ၏။သူ၏အမြှီးဖြင့်ထိုးဖောက်မှုကြောင့် မြို့အကာအကွယ်ဝင်္ကပါကြီးသည် စက္ကူတစ်ချပ်အလား အပေါက်ကြီးတစ်ပေါက် ဖြစ်သွားသည်။ကြီးမားသောအပေါက်ကြီးက အတွင်းသို့ထိုးချင်းပေါက် ထွင်းဖောက်သွားပေ၏။

"မြန်မြန်...အဲ့ဒီနတ်ဆိုးကောင်ကို သတ်ကြစမ်း"

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် စစ်သားများသည် သူတို့၏သက်ဆိုင်ရာမှော်ရတနာများကိုဆင့်ခေါ်ကာ ကင်းမြှီးကောက်ကြီးထံသို့ တိုးဝင်၍တိုက်ခိုက်ကြသည်။

ဝှစ်...

မမျှော်လင့်ဘဲ ထိုကင်းမြှီးကောက်ကြီးသည် အရွယ်အစားကြီးမားရုံသာမက သူ၏လှုပ်ရှားမှုသည် အလွန်လျှင်မြန်ဖျတ်လတ်သည်။သူ့ထံသို့ မှော်လက်နက်များ တိုးဝင်လာသည်ကိုမြင်တွေ့ချိန်၌ သူ၏အမြှီးကိုဝှေ့ယမ်းကာ သူ့ရှေ့ရှိမှော်လက်နက်များအားလုံးကို ကြေမွှပျက်စီးသွားစေသည်။

ထို့နောက် ကင်းမြှီးကောက်သည် ခုန်ပေါက်၍ အက်ကွဲကြောင်းမှတဆင့် တွားသွားကာ အတွင်းသို့ ဝင်လာသည်။သူ၏အမြှီးမှဆူးဖြင့် စစ်သားတစ်ယောက်၏လည်မြိုကိုထွင်းဖောက်ကာ ချိတ်ဆွဲထားလေ၏။

ရွှပ်...

ထိုစစ်သားသည် အချိန်တခဏကြာခန့်သာ ရုန်းကန်နိုင်ပြီးနောက် သူ၏ခန္ဓာကိုယ်အရေပြားတစ်ခုလုံး အစိမ်းရောင်သို့ပြောင်းလဲကာ နေရာမှာပင် သူ၏ခန္ဓာကိုယ် တောင့်တင်းသွားတော့သည်။ကင်းမြှီးကောက်သည် သူ၏အမြှီးဖြင့်ချိတ်ဆွဲထားသော ထိုစစ်သားကို သူ့ပါးစပ်အတွင်းသို့ထည့်ကာ ဝါးမြိုလိုက်သည်။

ဂျွတ်...ဂျွတ်...

အရိုးများကြေမွှပျက်စီးသွားသည့်အသံများက နံဘေးရှိစစ်သားများ၏ နားများအတွင်း၌ ပဲ့တင်ထပ်နေသည်။

မြို့ရိုးပေါ်တွင် မတ်တတ်ရပ်နေသော စစ်သားများသည် သူတို့၏ဦးရေပြားများ ထုံကျင်လာသည်ကိုခံစားရကာ သူတို့က ခုခံကာကွယ်ရုံမျှသာ ပြုလုပ်နိုင်တော့သည်။

စီရင်စုရုံးတော်မှနေ၍ ဂိုဏ်းအင်အားစုများကို နှိမ်နင်းရာ၌ပင် သူတို့၏အားအကောင်းဆုံးအနေအထားကို အမြဲတစေထုတ်ဖော်အသုံးပြုခဲ့ရခြင်းမရှိချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ ပုန်ကန်သူစစ်တပ်၏အင်အားသည် အတိုင်းအတာတစ်ခုထိ မြင့်မားနေလေပြီ။နတ်ဆိုးကျင့်ကြံသူများသည် ပုန်ကန်သူများနှင့်ပူးပေါင်းထားသဖြင့် သူတို့၏အင်အားသည် စီရင်စုရုံးတော်မှ ထိန်းချုပ်နိုင်သောပမာဏထက် များစွာပို၍ကျော်လွန်နေသည်။

"သေချင်နေတာလား"

ချင်ယုသည် ထိုအဆိပ်ပြင်းကင်းမြှီးကောက်ကို မြင်တွေ့ချိန်တွင် သူ၏မျက်လုံးတစ်စုံလုံး နီမြန်းသွားလေ၏။သို့ရာတွင် သူ ထိုကင်းမြှီးကောက်နှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်ခြင်းမရှိချေ။

သူသည် အစွမ်းထက်သော အငြှိုးကြီးစိတ်ဝိညာဥ်တချို့၏ဝိုင်းရံတိုက်ခိုက်ခြင်းကိုခံနေရသဖြင့် ဖောက်ထွက်နိုင်ခြင်းမရှိချေ။

All Chapters