အခန်း (၃၁၀၆-၃၁၁၀)
Vol. 159 Ch. 3106-3110
Chapter 3106
စီရင်စုအဆင့်ရှိသော မြို့တစ်မြို့တွင် များသောအားဖြင့် အစောင့်စစ်ဗိုလ်ချုပ်တစ်ယောက်သာရှိသည်။
လင်ကျိုးစီရင်စုအတွင်း၌ အစောင့်စစ်ဗိုလ်ချုပ်နှစ်ယောက်ရှိနေရာ သတ်မှတ်ချက်ထက် ကျော်လွန်နေလေပြီ။
အမှန်အားဖြင့် ချင်ယုသည်သာ လင်ကျိုးစီရင်စု၏အစောင့်စစ်ဗိုလ်ချုပ်ဖြစ်ပြီး လျှိုမင်သည် ဤနေရာ၌ယာယီလာရောက်၍ လေ့ကျင့်သူဖြစ်ကာ နှစ်ကုန်၌ သူ ထွက်ခွာသွားရပေမည်။
အမှန်အားဖြင့် ဤသည်က မမျှော်လင့်ထားသောအခြေအနေများ ဖြစ်လာခြင်းပင်။
ချင်ယုသည် ပင်မမြို့တံခါးကို ကာကွယ်နေစဥ်တွင် လျှိုမင်သည် အနောက်ဘက်မြို့တံခါးကို ကာကွယ်စောင့်ကြပ်နေလေ၏။
အနောက်ဘက်မြို့တံခါးရှိ တိုက်ခိုက်မှုများသည် ပင်မမြို့တံခါးခန့်ပြင်းထန်မှုမရှိသော်လည်း သူတို့ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုသည် အလွန်ဆိုးရွားသည်။
အထူးသဖြင့် အနောက်ဘက်မြို့တံခါးမှရင်ဆိုင်နေရသော နတ်ဆိုးကျင့်ကြံသူများသည် ပုန်းအောင်းရာ၌ အလွန်ထူးချွန်သည်။များသောအားဖြင့် သူတို့၏ပုံရိပ်များကို သဲသဲကွဲကွဲ မမြင်ရသေးမီမှာပင် သူတို့သည် မြို့ရိုးထံသို့ ပြေးဝင်လာကြလေပြီ။
ဤနေရာ၌ လျှိုမင်သည် အလွန်ခက်ခဲစွာ ခုခံကာကွယ်နေရသည်။အကယ်၍ သူ သတိလက်လွတ်နေမိပါက သူ၏ခုခံကာကွယ်မှုများအားလုံး ကျိုးပျက်သွားနိုင်သည်။သို့ရာတွင် သူသည် သတ္တိမွေး၍ ရှေ့သို့တရကြမ်း တိုးဝင်တိုက်ခိုက်လေ၏။
သူတို့နှစ်ယောက်လုံးသည် စိတ်အတွင်းမှနေ၍ အချိန်ကို တွက်ဆနေကြသည်။
လုယွီ သူတို့ကိုပေးအပ်ထားသော နောက်ဆုံးအမိန့်မှာ ယနေ့ထိ ခုခံကာကွယ်ထားရန်ပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ နေမင်းကြီးမြင့်တက်နေပြီဖြစ်သည့်တိုင် သူတို့သည် မည်သည့်အချိန်ထိ တောင့်ခံနိုင်မည်ကို မတွေးတောနိုင်ကြတော့ချေ။
သူတို့သည် တောင့်ခံထားချင်သော်လည်း သူတို့ရှေ့ရှိ နတ်ဆိုးဝင်္ကပါပညာရှင်များသည် ဆက်လက်၍ ဤအတိုင်း အချိန်ဖြုန်းလိုပုံမရချေ။
နတ်ဆိုးဝင်္ကပါပညာရှင်များသည် သူတို့၏အပြီးသတ်လှုပ်ရှားမှုများကို ဆောင်ရွက်ကာ မြို့အကာအကွယ်ဝင်္ကပါကြီးပေါ်ရှိ အက်ကွဲကြောင်းကြီးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။
ယဲ့ဝူမင်က ရုတ်တရက် ရက်စက်ကြမ်းကြုတ်သောအပြုံးနှင့် ပြောဆိုသည်။
"ဘာလို့ ဒီလောက်ထိ အခက်တွေ့နေကြတာလဲ...ငါကိုယ်တိုင် လုပ်မယ်"
သူက ရုတ်တရက် သံမဏိဆူးချွန်တစ်ခုကို ထုတ်ယူလိုက်၏။ထိုသံမဏိဆူးချွန်ပေါ်တွင် ထူထပ်သိပ်သည်းသော သင်္ကေတများကို ရေးထွင်းထားကာ ထိုအရာ၏မျက်နှာပြင်ပေါ်တွင် မှော်စွမ်းအားအရှိန်အဝါများ စီးဆင်းနေသည်။
"ဝင်္ကပါချိုးဖျက်ခြင်းဆူးချွန်လား...ဒါက အဆုံးသတ်သွားပြီ"
ထိုသံမဏိဆူးချွန်ကို မြင်တွေ့ချိန်တွင် လင်ကျိုးစီရင်စုအတွင်း၌ရှိနေသော ထိုက်ကျန်းခန်းမသခင်က ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။သူ၏မျက်နှာပေါ်တွင် စိတ်ဓာတ်ကျဆင်းသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေ၏။
သူ မတုံ့ပြန်နိုင်သေးမီမှာပင် ယဲ့ဝူမင်သည် ချက်ချင်းဆိုသလိုပင် မှော်မန္တန်တစ်ပုဒ်ကိုရွတ်ဆို၍ ဝင်္ကပါချိုးဖျက်ခြင်းဆူးချွန်ကိုထိန်းချုပ်ကာ မြို့အကာအကွယ်ဝင်္ကပါကြီးထံဦးတည်၍ ထွင်းဖောက်လိုက်သည်။
ခရက်...ခရက်...ခရက်...
ဤအချိန်အခိုက်အတန့်တွင် လင်ကျိုးစီရင်စုအတွင်းရှိလူတိုင်းသည် မိုးကောင်းကင်ယံအတွင်းမှ ထွက်ပေါ်လာသော အက်ကွဲသံများကို ကြားလိုက်ရသည်။
ဤသည်က တောင့်တင်းခိုင်မာသောမြို့ရိုးကို ပြင်ပမှနေ၍ ထွင်းဖောက်လိုက်သကဲ့သို့ပင်။လူတိုင်းသည် တပြိုင်နက်တည်း မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြ၏။
လင်ကျိုးစီရင်စု၏အထက်ကောင်းကင်ယံကို လွှမ်းခြုံထားသော အလင်းလွှာကြီး ကြေမွှသွားလေပြီ။
တိုက်ပွဲသံများနှင့် မြောက်မားစွာသောနတ်ဆိုးကျင့်ကြံသူများထံမှ စူးရှရှအော်ဟစ်ရယ်မောသံများကို မြို့ရိုး၏ပြင်ပမှကြားနေရရာ လူတိုင်း၏စိတ်နှလုံးသားများ တုန်ရီသွားသည်။
ဖူး...ဖူး...ဖူး...
မြို့အကာအကွယ်ဝင်္ကပါကြီး ပျက်စီးသွားစဥ်တွင် ထိုက်ကျန်းခန်းမဆောင်အတွင်းမှနေ၍ ဝင်္ကပါကိုထိန်းချုပ်နေသော ဝင်္ကပါပညာရှင်များအားလုံး မြေပြင်ပေါ်သို့လဲကျသွားကာ သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာသည်။
ထိုက်ကျန်းခန်းမဆောင်ကို စောင့်ကြပ်နေသော အစောင့်စစ်သားများသည် နေရာမှာပင် ကြက်သေသေနေကြကာ မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိကြတော့ချေ။
ထိုက်ကျန်းခန်းမသခင်သည် သူ့မျက်လုံးရှေ့ရှိ လောကကြီးတစ်ခုလုံး ချာချာလည်နေသကဲ့သို့ ခံစားလိုက်ရသည်။စိတ်ဝိညာဥ်မှစွမ်းအားများကို အသုံးပြုရခြင်းကြောင့် သူတို့သည် ဝင်္ကပါကြီးအတွင်း၌ သူတို့ကိုယ်သူတို့ လုံးလုံးလျားလျား နစ်မြုပ်ထားခဲ့သည်။ထို့ကြောင့် မြို့အကာအကွယ်ဝင်္ကပါကြီး ပျက်စီးသွားစဥ်တွင် သူတို့သည် ကြီးမားသောဖိအားဒဏ်ကို ခံစားရလေ၏။
သူ၏မူးဝေနေသောမျက်လုံးကို အားယူဖွင့်ကာ ထိုက်ကျန်းခန်းမသခင်၏အကြည့်သည် မြို့ရိုး၏ပြင်ပသို့ ကျရောက်သွားသည်။
သူ၏အမြင်အာရုံအတွင်း၌ နတ်ဆိုးကျင့်ကြံသူများ ကျူးကျော်ဝင်ရောက်လာလေပြီ။
အရာအားလုံး အဆုံးသတ်သွားလေပြီ။
ဤသည်က သူ၏ ပထမဆုံးအတွေးပင်။
ထိုလူများကိုသာ ဝင်ခွင့်ပြုလိုက်ပါက လင်ကျိုးစီရင်စုတစ်စုလုံးသည် ခုခံကာကွယ်မှုမရှိသော ဘဏ္ဍာတိုက်တစ်ခုနှင့် တူညီသွားပေမည်။ထိုလူများသည် လက်ဗလာနှင့်ပြန်သွားမည့်လူများ မဟုတ်ချေ။
ထို့ပြင် နတ်ဆိုးဝင်္ကပါပညာရှင်များသည် လင်ကျိုးစီရင်စုအတွင်း၌ သိုဝှက်ထားသည့် တန်ဖိုးအရှိဆုံးအရာများကို သတိပြုမိကြပေမည်။
သူတို့သည် ထိုက်ကျန်းခန်းမဆောင်သို့ ချက်ချင်းရောက်ရှိလာနိုင်သည်။
သူ ယဲ့ဝူမင်နှင့်ရင်ဆိုင်ရတော့မည်ကို တွေးတောမိစဥ်တွင် ထိုက်ကျန်းခန်းမသခင်၏ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရီသွားတော့သည်။
သို့သော် နောက်ထပ်အချိန်အခိုက်အတန့်တွင် လင်ကျိုးစီရင်စုမြို့ရိုးပေါ်ရှိ စောင့်ကြည့်မျှော်စင်၏ခေါင်မိုးပေါ်တွင် လူတစ်ယောက်ရှိနေကာ ကျူးကျော်ဝင်ရောက်လာသော နတ်ဆိုးဝင်္ကပါပညာရှင်များကို ငုံကြည့်နေသည်အား တစ်စုံတစ်ယောက်က တွေ့မြင်သွားသည်။
ထိုလူသည် လုယွီပင်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် စီရင်စုသခင်တစ်ယောက်၏အရာရှိဝတ်စုံကို ဝတ်ဆင်ထားလေ၏။သူသည် စောင့်ကြည့်မျှော်စင်၏ခေါင်မိုးပေါ်၌ ခါးမတ်မတ်ထား၍ထိုင်နေကာ တရကြမ်းပြေးဝင်လာသော နတ်ဆိုးဝင်္ကပါပညာရှင်များကို စူးစိုက်ကြည့်နေသည်။
Chapter 3107
"မြိုရိုးက နယ်နမိတ်စည်းပဲ...အတွင်းကို ကျူးကျော်ဝင်ရောက်လာတဲ့ ဘယ်သူမဆို သေရမယ်"
လုယွီ၏အသံသည် မြို့ရိုး၏အထက်ကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်သွားသည်။
စစ်သားများအားလုံးသည် ထိုအသံကိုကြားချိန်တွင် မသိစိတ်မှနေ၍ သူတို့၏ခေါင်းများကို အသံထွက်ပေါ်လာရာနေရာသို့ မော့ကြည့်လိုက်ကြရာ လုယွီ၏ပုံရိပ်ကို တွေ့မြင်လိုက်ရ၏။
လုယွီသည် လင်ကျိုးစီရင်စု၏စီရင်စုသခင်ဖြစ်ကာ စီရင်စုအတွင်း၌ အဆင့်မြင့်ဆုံးအရာရှိလည်းဖြစ်သည်။သူ ထွက်ပေါ်လာခြင်းသည် စိတ်တည်ငြိမ်ခြင်းဆေးလုံးတစ်လုံးနှင့် ကွဲပြားခြားနားခြင်းမရှိဘဲ စစ်သားများ၏စိတ်နှလုံးသားများ အေးဆေးတည်ငြိမ်သွားတော့သည်။
"ဒါပေမယ့်...သူ ထွက်ပေါ်လာရင်တောင် ဘာလုပ်လို့ ရတော့မှာလဲ"
ထိုက်ကျန်းခန်းမသခင်၏စိတ်နှလုံးသားအတွင်း၌ မျှော်လင့်ချက်အလင်းရောင် အနည်းငယ်တောက်ပလာသော်လည်း မကြာမီမှာပင် ပြန်၍ငြိမ်းသေသွားလေ၏။
အရေအတွက်အရဖြစ်စေ ကျင့်ကြံဆင့်နယ်ပယ်အရဖြစ်စေ နတ်ဆိုးကျင့်ကြံသူများသည် လုယွီထက် အဆများစွာ ပို၍သာလွန်နေသည်။
ထို့ပြင် ခွေးမသားအိုကြီးယဲ့ဝူမင်သည် လောကီအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုလက်ရှိချိန်တွင် သူ၏ကျင့်ကြံမှု မည်မျှထိသန်မာအားကောင်းနေသည်ကို မည်သူမျှမသိနိုင်ချေ။
ချင်ယု လျှိုမင်နှင့် မြို့အတွင်းရှိလူတိုင်း လုယွီကို မြင်တွေ့ကြသည်။
"မင်းတို့က တော်ဝင်နန်းတွင်းကိုတောင် ပြောင်ပြောင်တင်းတင်း ပုန်ကန်ဝံ့တာလား...မင်းတို့က 'သေခြင်း'ဆိုတဲ့စာလုံးကို ဘယ်လိုရေးသားရလဲဆိုတာ မတွေးမိတဲ့ပုံပဲ"
ထိုအချိန်မှာပင် ဓားသခင်ချင်းမူက ရုတ်တရက် ရှေ့သို့ခုန်ထွက်လာကာ အော်ဟစ်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် ဓားသခင်ချင်းမူ ရှေ့ထွက်လာမည်ဟု မည်သူမျှ မျှော်လင့်မထားမိကြချေ။သစ်သားစိမ်းဓားဂိုဏ်းမှလူများပင်လျှင် ကြက်သေသေနေကြသည်။
ယခုလက်ရှိအနေအထားအရ လင်ကျိုးစီရင်စုသည် အလွန်ကြီးမားသောအန္တရာယ်အတွင်းသို့ ကျရောက်နေခြင်းကို လူတိုင်း သိရှိထားသည်။သစ်သားစိမ်းဓားဂိုဏ်းသည် ပြင်ပကျင့်ကြံခြင်းလောကမှ ဂိုဏ်းတစ်ဂိုဏ်းပင်။ယခုလက်ရှိချိန်တွင် သူတို့အတွက် အကောင်းဆုံးရွေးချယ်မှုမှာ နံဘေးဘက်မှနေ၍ စောင့်ကြည့်နေရန်သာဖြစ်သည်။ဓားသခင်ချင်းမူကဲ့သို့လူစားမျိုး လူသူအများရှေ့သို့ ထွက်လာခြင်းမှာ....သူသည် မီးပုံအတွင်းသို့ မိုက်ရူးရဲဆန်စွာ ခုန်ဆင်းခြင်းပင်။
သစ်သားစိမ်းဓားဂိုဏ်းရှိလူများအားလုံး စိုးရိမ်ပူပန်မှုများနှင့် ထိတ်ထိတ်ပျာပျာ ဖြစ်နေကြ၏။ဓားသခင်ချင်းမူ မည်သည့်အရာကို တွေးတောနေသည်အား သူတို့ မသိရှိချေ။
"အရူး.."
သရော်တော်တော်အသံတစ်သံက ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်း၏ နက်ရှိုင်းသောနေရာမှ ထွက်ပေါ်လာသည်။
မည်သူကမျှ ဓားသခင်ချင်းမူကို အထင်မသေးဝံ့ကြချေ။သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် ဓားသခင်ချင်းမူ မည်သည့်အရာအား တွေးတောနေသည်ကို သူတို့အားလုံး မသိရှိပေ။
ဓားသခင်ချင်းမူသည် ပူပန်သောကဒဏ်ကို ပြင်းထန်စွာ ခံစားနေရလေ၏။
သူ့ထံတွင် စိတ်ဝိဉာဥ်ချည်နှောင်ခြင်းသံကြိုးရှိနေသည်။အကယ်၍ လုယွီ သေဆုံးသွားပါက သူသည်လည်း သေဆုံးရမည်မှာ သေချာပေါက်ပင်။
ယခုလက်ရှိ အနေအထားမျိုးတွင် နတ်ဆိုးကျင့်ကြံသူများသာ အလုံးအရင်း ပြေးဝင်တိုက်ခိုက်ပါက လုယွီ နေရာမှာပင် သေဆုံးသွားနိုင်သည်။
ထိုအချိန်ကျပါက စိတ်ဝိညာဥ်ချည်နှောင်ခြင်းသံကြိုးဖြင့် ထိန်းချုပ်ခံထားရသော သူ ဓားသခင်ချင်းမူသည်လည်း လိုက်ပါသေဆုံးရပေမည်။သူ့ထံတွင် ရွေးချယ်စရာမရှိတော့သဖြင့် လုယွီကို ကာကွယ်ပေးရန်အတွက် တိုက်ပွဲအတွင်းသို့ ခုန်ဝင်လိုက်ရတော့သည်။
"ပုရွက်ဆိတ်တစ်ကောင်ကများ...ဘာလဲ...မင်းက သူနဲ့အဖော်လိုက်ပြီး သေချင်နေတာလား"
ယဲ့ဝူမင်သည် ဓားသခင်ချင်းမူကို စောင်းငဲ့၍ကြည့်ကာ အေးစက်စက်အပြုံးတစ်ခုက သူ၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
သူတို့နှစ်ယောက်လုံးသည် လောကီအင်မော်တယ်များဖြစ်သော်လည်း သူတို့နှစ်ယောက်ကြားတွင် ကြီးမားသောကွာဟချက်ကြီး ရှိနေသည်။
ဤယဲ့ဝူမင်သည် အလယ်အလတ်အဆင့် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ပင်။
ထို့ပြင် ယဲ့ဝူမင်သည် ဝင်္ကပါပညာရှင်တစ်ယောက်လည်း ဖြစ်ပေ၏။သူ ထွက်ပေါ်လာစဥ်တွင် သူ့ထံမှနေ၍ ဝင်္ကပါဖွဲ့စည်းပုံများ၏အရှိန်အဝါများ ထွက်ပေါ်နေသည်။လူအများစုသည် သူ့အားမြင်တွေ့သည်နှင့် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ်ကို ခံစားမိသည်။
ဓားသခင်ချင်းမူ၏မျက်နှာအမူအယာ အနည်းငယ် ပျက်ယွင်းသွားသည်။သို့ရာတွင် လုယွီကို ကာကွယ်နိုင်ရန်အလို့ငှာ သူ ယဲ့ဝူမင်နှင့် ရင်ဆိုင်ရပေမည်။
လုယွီသည် ယဲ့ဝူမင်၏နောက်ရှိ နတ်ဆိုးဝင်္ကပါပညာရှင်များကိုကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။
"မင်းတို့ကောင်တွေက ငါ့ရဲ့စကားကို စိတ်ထဲတောင် မထည့်ကြဘူးပဲ"
"ဟီး ဟီး...ငါ ခုထိ နားမလည်နိုင်သေးဘူး...သေးငယ်တဲ့လင်ကျိုးစီရင်စုရဲ့ စီရင်စုသခင်မှာ ဒီလောက်ထိသန်မာအားကောင်းတဲ့ စိတ်ဆန္ဒရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
အဆိပ်ပြင်းကင်းမြှီးကောက်၏ပိုင်ရှင် အဖွားအိုသည် လုယွီကို တစ်ချက်ကြည့်ကာ သရော်တော်တော်လေသံဖြင့် ပြောဆိုလေ၏။
"ဒီစီရင်စုသခင်ကို ဖမ်းဆီးထားကြစမ်း...ငါ အဆိပ်လူသား သန့်စင်ဖို့အတွက် ရုပ်သေးတစ်ရုပ် လိုအပ်နေတယ်...သူက မဆိုးဘူး...သူ့ရဲ့အရိုးမာပုံမျိုးနဲ့ ငါ့ရှေ့မှာဒူးထောက်ပြီးတော့ အသနားခံတောင်းပန်တာကို ငါ ကြည့်ချင်တယ်"
"ဒါဆိုရင် မင်းတို့က ထွက်မသွားဘူးလို့ ဆိုလိုချင်တာပေါ့လေ"
လုယွီက ယခုလက်ရှိနေရာတွင်ရှိနေသော နတ်ဆိုးဝင်္ကပါပညာရှင်များကို ဝေ့ဝိုက်၍ကြည့်ကာ သူ၏မျက်လုံးအတွင်း၌ အေးစက်တင်းမာမှုများဖြင့် ပြည့်နှက်နေသည်။
ယဲ့ဝူမင်က သရော်တော်တော် ပြောဆိုသည်။
"မင်းက ငါတို့ကို ဘာလုပ်နိုင်မှာမလို့လဲ"
လုယွီက ခေါင်းညိတ်လိုက်၏။
"မင်းတို့အားလုံးက ထွက်မသွားဘူးဆိုမှတော့...တစ်ယောက်မှ ဒီနေရာကနေထွက်သွားဖို့ မစဥ်းစားနဲ့တော့"
Chapter 3108
ထိုသို့ပြောဆိုပြီးနောက် လုယွီက ရုတ်တရက် သူ၏လက်ယာဘက်လက်ကို ဆန့်တန်းကာ လေဟာနယ်အတွင်းသို့ ဆွဲဆုပ်လိုက်၏။
ဘုန်း...
တစ်ချိန်တည်းမှာပင် ကြီးမားကျယ်ပြန့်သော ပမာဏရှိသည့် စိတ်ဝိညာဥ်စွမ်းအားများက လင်ကျိုးစီရင်စု၏မြို့ရိုးလေးခုမှ ပွင့်အံ့ထွက်လာကာ တိမ်တိုက်များအကြားသို့ တိုးဝင်သွားသည်။
ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအားများအားလုံးသည် ရှည်လျားသောစိတ်ဝိဉာဥ်ဓားပျံများအဖြစ်သို့ ပြောင်းလဲသွားကာ အရပ်မျက်နှာအဘက်ဘက်သို့ မျောလွင့်သွား၍ မြို့တစ်မြို့လုံးကို ဝိုင်းရံထားလေ၏။
လေထုအတွင်း၌ ထောင်သောင်းချီသောဓားပျံများက ရွေ့လျားနေသောတိမ်တိုက်များအလား မျောလွင့်နေသည်။ထိုဓားပျံများသည် ပုံရိပ်ယောင်များဖြစ်သော်လည်း အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။
"ဓားဝင်္ကပါလား"
လက်ရှိနေရာတွင်ရှိသော နတ်ဆိုးဝင်္ကပါပညာရှင်များအားလုံး အနည်းငယ် အံ့အားသင့်တုန်လှုပ်သွားသည်။
သူတို့သည် မြောက်မြားစွာသော ဝင်္ကပါပုံစံများကို သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ မှတ်သားထားပြီးဖြစ်သည်။သူတို့သည် ထိုဝင်္ကပါများ၏အရိပ်အယောင်ကို အကြည့်တစ်ချက်ဖြင့်ပင် တွေ့မြင်နိုင်စွမ်းရှိသည်။
ဓားဝင်္ကပါများသည် ဝင်္ကပါများအားလုံးအနက် ထိန်းချုပ်ရန် အခက်ခဲဆုံးပင်။ဓားများသည် မူလကတည်းက ထက်ရှသောလက်နက်များဖြစ်သဖြင့် ထိုအရာများအကြားတွင် အချင်းချင်းဖီလာဆန့်ကျင်မှုများရှိသည်။ဓားဝင်္ကပါကို ဖွဲ့စည်းရန်အတွက် အနည်းဆုံးအနေဖြင့် လူအနည်းငယ်ပူးပေါင်းဆောင်ရွက်မှသာ လက်ခံနိုင်ဖွယ်အဆင့်ရှိသော ဝင်္ကပါမျိုးကို ခင်းကျင်းနိုင်ပေမည်။
ယဲ့ဝူမင်၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ သူ၏နံဘေးပတ်ဝန်းကျင်ရှိ ဓားဝင်္ကပါကို ကြည့်လိုက်၏။သူက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဒီဝင်္ကပါက မင်းတို့လင်ကျိုးစီရင်စုရဲ့ ထိုက်ကျန်းခန်းမသခင် ခင်းကျင်းထားတာ မဖြစ်နိုင်ဘူး"
ယဲ့ဝူမင်သည် ထိုက်ကျန်းခန်းမသခင်၏ဝင်္ကပါပညာအဆင့်ကို သိရှိထားပြီးဖြစ်သည်။
သူပင်လျှင် ဤကဲ့သို့ကြီးမားသောဓားဝင်္ကပါကြီးကို အချိန်တိုအတွင်း၌ ခင်းကျင်းနိုင်မည်မဟုတ်ချေ။
"ဒီဝင်္ကပါက ငါ ခင်းကျင်းထားတာပဲ"
လုယွီ၏မျက်လုံးအတွင်း၌ အမူအယာကင်းမဲ့နေကာ သူက ယဲ့ဝူမင်ကိုကြည့်လိုက်၏။
"တကယ်တော့ မင်းတို့ ဒီနေရာကို ဝင်မလာသင့်ဘူး...မင်းတို့ အရင်ကနောက်ဆုတ်ခဲ့မယ်ဆိုရင် အသက်ရှင်နိုင်မယ့် အခွင့်အရေး ရှိနေနိုင်တယ်ယ်"
ယဲ့ဝူမင်က ပြုံးလိုက်သည်။တခြားနတ်ဆိုးဝင်္ကပါပညာရှင်များကလည်း ရယ်မောလိုက်ကြသည်။
သူတို့အားလုံးသည် ဝင်္ကပါပညာရပ်လောက၌ အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သူများဖြစ်သည်။မည်သည်ကြောင့် သူတို့သည် လုယွီ၏စကားအနည်းငယ်ဖြင့် ထိတ်လန့်ကြောက်ရွံသွားမည်နည်း။
ထို့ပြင် သူတို့အားလုံး၏ဝင်္ကပါကိုဖျက်ဆီးနိုင်ရန်အတွက် ဤဝင်္ကပါတွင် မည်သည့်အဆင့်မျိုးရှိနိုင်မည်နည်း...
လုယွီသည် အဆင့်မြင့်ဝင်္ကပါမျိုးကို ခင်းကျင်းနိုင်မည်ဟု မည်သူမျှ ယုံကြည်ခြင်းမရှိချေ။
"လျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဆောင်မနေစမ်းနဲ့...သူက လှည့်စားမှုနည်းနည်းလောက်နဲ့ ငါတို့ကြောက်သွားအောင် ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာများလား...ရယ်ဖို့ကောင်းလိုက်တာ"
အဖွားအို၏မျက်နှာပေါ်တွင် သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။သူမသည် သူမ၏ဝင်္ကပါကိုဖြန့်ကျက်၍ လုယွီအားသတ်ဖြတ်ရန် ဟန်ပြင်လိုက်၏။
"ဟမ့်...မင်းတို့က သေချင်နေတာလား"
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ကာ လေထုအတွင်းသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
အကန့်အသတ်မရှိသောဓားမိုးများ မိုးကောင်းကင်ယံမှ ကျဆင်းလာကာ ရုတ်ချည်းဆိုသလိုပင် အဖွားအို၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားတော့သည်။
ဝှစ်...ဝှစ်...ဝှစ်...
ရုတ်ချည်းဆိုသလိုပင် ဓားပျံများဖြတ်သန်းသွားပြီးနောက် အဖွားအို၏ခန္ဓာကိုယ်သည် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အရာအားလုံးသည် မျက်စိတစ်မှိတ်စာအချိန်အတွင်း၌ ဖြစ်ပျက်သွားလေ၏။
ထိုအချိန်ကျမှသာ ယဲ့ဝူမင်နှင့်တခြားနတ်ဆိုးဝင်္ကပါပညာရှင်များ အသိဝင်လာကြသော်လည်း သူတို့ နောက်ကျသွားလေပြီ။
လေထုအတွင်း...မြေပြင်ပေါ်...
ကြီးကျယ်ခမ်းနားသောဓားချီများက နေရာအနှံ့အပြား၌ရှိနေကာ ဓားပျံများက တိမ်တိုက်များအကြား၌မျောလွင့်နေပြီး လူအများသည် ထိုအရာများကို စေ့စေ့ကြည့်ရန်ပင် လွန်စွာခက်ခဲသည်။
ယဲ့ဝူမင်၏စိတ်နှလုံးသားတစ်ခုလုံး လေးလံသွားသည်။သူ၏အတွေးများ မှားယွင်းခဲ့သည်ကို သူ နားလည်သဘောပေါက်သွားလေပြီ။
သူသည် လုယွီနှင့်ဓားဝင်္ကပါကို လျှော့တွက်ခဲ့မိသည်။
"ငါက သွေးသခင်...ငါက ကိုးကောင်းကင်ရဲ့အုပ်ချုပ်သူပဲ"
ယဲ့ဝူမင်သည် ရုတ်တရက် သွေးဝိညာဥ်အလံကို ရိုက်ပုတ်ကာ ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်၏။
သူ၏နံဘေးရှိ သွေးဝိညာဥ်အလံမှ တောက်ပသောအလင်းရောင်များဖြာထွက်လာပြီးနောက် အငြှိုးကြီးစိတ်ဝိညာဥ်များ၏စူးရှကျယ်လောင်သောအော်သံများဖြင့် ရောစပ်သွားကာ သွေးနီရောင်အလင်းတန်းများအဖြစ် မိုးကောင်းကင်ယံအတွင်းသို့ ထိုးတက်သွားသည်။
ဤသည်က ယဲ့ဝူမင်ကို နှစ်ပေါင်းများစွာကြာအောင် နာမည်ကျော်ကြားစေခဲ့သော အကြောင်းအရင်းလည်းဖြစ်သည်။
ထိုဝင်္ကပါထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိမိုးကောင်းကင်ကို ထူထပ်သိပ်သည်းသော သွေးရောင်အလင်းလွှာတစ်လွှာက ချက်ချင်းလွှမ်းခြုံသွားလေ၏။
ပတ်ဝန်းကျင်ရှိသက်ရှိအများစုသည် လူသားများဖြစ်စေ နတ်ဆိုးသားရဲများဖြစ်စေ သူတို့၏စိတ်ဝိညာဥ်များကို သူတို့မထိန်းချုပ်နိုင်တော့ဟု ခံစားရကာ သူတို့အားလုံး ယဲ့ဝူမင်၏လက်ထံဦးတည်၍ ရွေ့လျားနေကြသည်။
သွေးဝိညာဥ်အလံကို အပြည့်အဝဖြန့်ကျက်လိုက်စဥ်တွင် ယဲ့ဝူမင် အသုံးပြုနိုင်သောစွမ်းအားအဖြစ် ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်များကို ဝါးမြိုနိုင်သည်။
လက်ရှိနေရာတွင်ရှိနေသော လူအများစုသည် ဤကဲ့သို့အဆင့်မြင့်မှော်လက်နက်တစ်ခု၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်စွမ်းမရှိချေ။
"မင်းက သေသင့်တယ်"
လုယွီက ယဲ့ဝူမင်ကို စူးစိုက်၍ကြည့်လိုက်၏။
Chapter 3109
လုယွီသည် ဤကဲ့သို့ နတ်ဆိုးနည်းလမ်းမျိုးကို အမြောက်အများ မြင်တွေ့ဖူးပြီးဖြစ်သည်။
အဆင့်မြင့်မှော်ရတနာ သို့မဟုတ် မှော်လက်နက်တစ်ခုကို သန့်စင်နိုင်ရန်အလို့ငှာ ထိုနတ်ဆိုးကျင့်ကြံသူများသည် သူတို့၏အသိစိတ်များအားလုံး ပျောက်ကွယ်နေကြလေပြီ။
ယဲ့ဝူမင်က ပြုံးလိုက်သည်။
"မင်းက အရမ်းထူးခြားတဲ့သူပဲ...ဒီနေ့ ငါ မင်းကို နောက်ဆုံးမှ သေခွင့်ပြုမယ်"
ထို့နောက် သူသည် သွေးနီရောင်မျက်လုံးများဖြင့် လင်ကျိုးစီရင်စုတစ်မြို့လုံးကိုကြည့်ကာ ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။
"ဒါပေမယ့် တခြားသူတွေကတော့ ကံကောင်းမှာမဟုတ်ဘူး...မင်းတို့က လင်ကျိုးစီရင်စုကို ကာကွယ်နိုင်ဖို့ အကောင်းဆုံးကြိုးစားနေတာကို ကြည့်ပြီးတော့...ငါက မြို့တစ်မြို့လုံးမှာရှိတဲ့လူတွေအားလုံးကို သတ်မယ်...ဘယ်သူတစ်ဦးတစ်ယောက်မှ အသက်ရှင်ရက် မကျန်စေရဘူး"
သူ၏အသံ ပျက်ပြယ်သွားသောအချိန်မှာပင် လုယွီ၏အေးစက်စက်အသံက ထပ်မံ၍ ထွက်ပေါ်လာသည်။
"ဒီလိုဆိုမှတော့...မင်း အခုချက်ချင်း ငရဲကိုသွားလို့ရပြီ"
ဓားစိတ်ဆန္ဒအမျှင်တန်းတစ်ခုက ရုတ်တရက် ယဲ့ဝူမင်၏မျက်ခုံးနှစ်ခုကြား၌ ဖျတ်ခနဲလက်သွားသည်။
"မင်းရဲ့ဝင်္ကပါက...."
ယဲ့ဝူမင်က တီးတိုးရေရွတ်လိုက်၏။သူ၏မျက်လုံးများမှအမြင်အာရုံ ပျောက်ဆုံးသွားကာ ရုတ်တရက် သူ၏နဖူးမှ သွေးများယိုစီးကျလာသည်။
ဘန်း...ဘန်း...ဘန်း...
ရုတ်ချည်းဆိုသလိုပင် ဓားစိတ်ဆန္ဒများ ပွင့်အံ့ထွက်လာကာ သူ၏ခေါင်း အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။
ယဲ့ဝူမင်၏နံဘေးရှိ နတ်ဆိုးဝင်္ကပါရှင်တချို့သည်လည်း ယိုင်တိုင်တိုင်ဖြစ်နေကြ၏။ဓားစိတ်ဆန္ဒတစ်ရပ်သည် သူတို့၏ခန္ဓာကိုယ်များအတွင်းမှ ပွင့်အံ့ထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
သူတို့၏နှလုံးသားများအတွင်း၌ ထိုဓားစိတ်ဆန္ဒရှိနေခြင်းကြောင့် သူတို့ ကြည့်လိုက်သော မည်သည့်နေရာတွင်မဆို ထက်ရှသောဓားများသာ ရှိနေသည်။
ယဲ့ဝူမင်ဖြစ်စေ တခြားနတ်ဆိုးဝင်္ကပါပညာရှင်များဖြစ်စေ လုယွီခင်းကျင်းထားသော ဓားဝင်္ကပါကြီးကို မြင်တွေ့စဥ်တွင် ထိုဓားပျံများသည် ပြင်ပမှနေ၍ သူတို့ကို ပစ်မှတ်ထား၍တိုက်ခိုက်မည်ဟု သူတို့၏မသိစိတ်မှနေ၍ တွေးထင်ခဲ့ကြသည်။
သို့ရာတွင် အဆုံးသတ်၌ သူတို့အားလုံး၏အတွေးများ မှားယွင်းနေလေပြီ။
လုယွီသည် သူတို့အားစူးစိုက်ကြည့်နေစဥ်တွင် ဓားစိတ်ဆန္ဒတစ်ရပ်ကို သူတို့၏ခန္ဓာကိုယ်များအတွင်း၌ ချန်ထားပြီးဖြစ်သည်။
ထိုဓားစိတ်ဆန္ဒကို အသက်သွင်းလိုက်သည်နှင့် ထိုလူများအားလုံးသည် ထက်ရှသောဓားချီများ၏ သတ်ဖြတ်ခြင်းခံရကာ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားပေမည်။
ဤနည်းလမ်းသည် အလွန်အမင်း မိုးကောင်းကင်ကိုဖီဆန်နေသော အရာပင်။သို့ရာတွင် လုယွီသည် လုံလောက်သောပြင်ဆင်မှုများကို ကြိုတင်ပြုလုပ်ရကာ ဝင်္ကပါဆိုင်ရာပစ္စည်းအမြောက်အများကို ဤနေရာ၌ ခင်းကျင်းခဲ့ရလေ၏။
သူသည် ဓားချီများဖြန့်ကျက်တိုက်ခိုက်သည့်နည်းလမ်းကို အသုံးမပြုခဲ့ခြင်းမှာ သုံးစွဲရသည့်ပမာဏ ပို၍များပြားသောကြောင့်ပင်။
သို့ရာတွင် ဤတိုက်ခိုက်မှုဖြင့်ပင် လုံလောက်သည်။
လုယွီ၏ရည်မှန်းချက်ပန်းတိုင်သည် ကြွင်းကျန်နေသောဝင်္ကပါပညာရှင်များကို ဤနေရာသို့မျှားခေါ်ကာ တစ်ချက်တည်းဖြင့် ဖမ်းဆီးနိုင်ရန်ဖြစ်သည်။
နတ်ဆိုးကျင့်ကြံသူများဘက်တွင် မည်သည့်ဝင်္ကပါပညာရှင်မျှ ထပ်မံ၍ရှိတော့မည်မဟုတ်ချေ။
ခိုင်မာတောင့်တင်းသော လင်ကျိုးစီရင်စု၏ခုခံကာကွယ်မှုနှင့် ရင်ဆိုင်ရချိန်တွင် နတ်ဆိုးကျင့်ကြံသူများဘက်တွင် အစွယ်ကျိုးသွားသောကျားများအလား သူတို့၏ခြိမ်းခြောက်နိုင်မှုအရှိန်အဟုန်များ အကြီးအကျယ်လျော့ကျသွားသည်။
"လင်ကျိုးစီရင်စုအနီးကို ချဥ်းကပ်လာတဲ့ ဘယ်သူ့ကိုမဆို ခေါင်းဖြတ်သတ်ပစ်စမ်း"
လုယွီ၏အသံသည် လင်ကျိုးစီရင်စုတစ်စုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားလေ၏။လူတိုင်းသည် လုယွီ၏ရှေ့ရှိ သွေးသံတရဲရဲအသားပုံကြီးကိုကြည့်ပြီး သူတို့၏မျက်လုံးများ ကြောင်စီစီဖြစ်သွားသည်။သူတို့သည် စကားပင် မပြောနိုင်တော့ချေ။
သေဆုံးသွားသောလူများသည် သာမာန်လူများမဟုတ်ဘဲ နယ်မြေတစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေခဲ့သော ဝင်္ကပါပညာရှင်များဖြစ်သည်။
အထူးသဖြင့် ယဲ့ဝူမင်သည် တော်ဝင်စစ်ရေးဌာနနှင့်တော်ဝင်စစ်ခုံရုံးတို့မှ မြောက်မြားစွာသော အစွမ်းထက်ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သူပင်။သူသည် မိုးကောင်းကင်ကုန်းမြေတစ်ခုလုံး၌ အန္တရာယ်အပေးနိုင်ဆုံးလူတစ်ယောက် ဖြစ်ပေ၏။
သူသည် ဤကဲ့သို့နည်းဖြင့် သေဆုံးသွားခဲ့သလော...
အကယ်၍ သူတို့၏မျက်လုံးများဖြင့် သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်းသာမဟုတ်ပါက ဤရလဒ်ကို မည်သူကမျှ လက်ခံယုံကြည်နိုင်မည်မဟုတ်ချေ။
အမှန်အားဖြင့် သူတို့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့်တိုင် သူတို့ရှေ့ရှိမြင်ကွင်းသည် အလွန်အမင်း အိမ်မက်ဆန်နေသည်။
လုယွီ မည်ကဲ့သို့ ပြုလုပ်ခဲ့သနည်း...
သူသည် နတ်ဆိုးဝင်္ကပါပညာရှင်များနှင့် မြေကမ္ဘာအင်မော်တယ် အလယ်အလတ်အဆင့်ကျင့်ကြံသူဖြစ်သော ယဲ့ဝူမင်ကို သတ်ဖြတ်ခဲ့သည်။ယဲ့ဝူမင်သည် ရန်စစကားပြောဆိုပြီးနောက် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထောင်နှင့်ချီသောဓားများ သူ၏နှလုံးကိုထိုးစိုက်သွားသည့်အလား ဆိုးဆိုးရွားရွားသေဆုံးခဲ့ရသည်။
လုယွီ၏နံဘေးတွင် မတ်တတ်ရပ်နေသော ချင်ယုသည် နက်နဲသောခံစားချက်မျိုးကို ရရှိလိုက်သည်။
သူသည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း ယဲ့ဝူမင်နှင့်ရင်ဆိုင်ရချိန်တွင် ခုခံကာကွယ်နိုင်ရန်ပင် ယုံကြည်ချက်မရှိချေ။
ထို့ပြင် သူ တစ်ယောက်တည်းဖြင့် ဝင်္ကပါပညာရှင်တစ်ယောက်ကိုပင် ခက်ခက်ခဲခဲ ရင်ဆိုင်ရမည်ဖြစ်ကာ ဝင်္ကပါပညာရှင်များ၏ပူးပေါင်းတိုက်ခိုက်မှုဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။
Chapter 3110
ဤသည်က လင်ကျိုးစီရင်စု၏အဆုံးသတ်ဟု ချင်ယုက တွေးတောခဲ့သည်။
သို့ရာတွင် လုယွီ ထွက်ပေါ်လာမှုနှင့်အတူ အခြေအနေသည် ပြောင်းပြန်လှန်လိုက်သကဲ့သို့ ဖြစ်သွားလေ၏။
"သူ ဖုံးကွယ်ထားတာတွေ ဘယ်လောက်များများ ရှိနေတာလဲ"
ချင်ယု၏စိတ်အတွင်း၌ ရုတ်တရက် ထိုအတွေးမျိုး ထွက်ပေါ်လာသည်။
ဟွမ့်လျန့်အိမ်မက်ကမ္ဘာအတွင်းတွင် လုယွီသည် အစစ်အမှန်လင်ကျိုးစီရင်စုသခင်၏နေရာ၌ အစားထိုး၍ တာဝန်ယူနေရသည်။
မူလလင်ကျိုးစီရင်စုသခင်သည်လည်း ကျောင်းတော်သားတစ်ယောက်ဖြစ်သဖြင့် အရည်အချင်းတချို့ရှိမည်ဖြစ်သော်လည်း သူသည် အလွန်အစွမ်းထက်သူတစ်ယောက် မဟုတ်နိုင်ချေ။
လုယွီကမူ ဝင်္ကပါခင်းကျင်းရာတွင် နက်နဲသိမ်မွေ့သော အရည်အချင်းရှိရုံသာမက ဝင်္ကပါပုံစံအမျိုးမျိုးကိုလည်း ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ထို့ပြင် သူ၏နည်းလမ်းများကို ကြည့်ခြင်းအားဖြင့် သူသည် ယခုထိတိုင် ခွန်အားကုန်ထုတ်ဖော်အသုံးပြုခဲ့ပုံ မရှိချေ။
ခွန်အားကိုဖုံးကွယ်ထားသော လူတစ်ယောက်သည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။
စိတ်လှုပ်ရှားနေသော စစ်သားများနှင့်နှိုင်းယှဥ်ပါက ဓားသခင်ချင်းမူ၏နောက်ကျောတပြင်လုံး ချွေးများဖြင့် ရွှဲနစ်နေသည်။
အကယ်၍ အစောပိုင်းကသာ သူရှေ့မထွက်ခဲ့ပါက သူ မည်ကဲ့သို့အဆုံးသတ်မျိုးရင်ဆိုင်ရမည်ကို သူမသိရှိချေ။
သူ မည်ကဲ့သို့သေဆုံးသွားရသည်ကိုပင် သူ သိနိုင်မည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ သူ၏စိတ်ဝိညာဥ် ကြေမွှပျက်စီးသွားစေရန်အတွက် လုယွီ၏အတွေးတစ်ချက်သာလိုအပ်သည်။
"အရှင် အဆင်ပြေလား...ကောင်းလိုက်တဲ့တိုက်ခိုက်မှုပဲ"
ဓားသခင်ချင်းမူသည် လုယွီကို ကြည့်ကာ ချီးမွမ်းစကားပြောဆိုလိုက်၏။
သို့ရာတွင် လုယွီသည် ဓားသခင်ချင်းမူကို အနည်းငယ်မျှပင် အာရုံစူးစိုက်ခြင်းမရှိချေ။
သူသည် မြို့ရိုး၏နံဘေးသို့ လျှောက်လှမ်းသွားကာ မြို့အကာအကွယ်ဝင်္ကပါထံသို့ ပြေးဝင်လာသော ပုန်ကန်သူစစ်သားများကိုကြည့်လိုက်သည်။ထို့နောက် သူက စကားလုံးတစ်လုံးသာ ပြောဆိုလေသည်။
"သတ်..."
အသွေးအသားများကို ဓားချီများထွင်းဖောက်သွားသည့်အသံများက လုယွီ၏နားအတွင်း၌ အဆက်မပြတ် မြည်ဟီးနေသည်။
သူ့ရှေ့ရှိ ပုန်ကန်သူစစ်သားများသည် ကောက်ပင်များကို ဓားဖြင့်လှီးဖြတ်ခံရသည့်အလား အတုံးအရုန်း လဲကျသွားလေ၏။
ကြီးမားသောစစ်လက်နက်များပင်လျှင် ထက်ရှသောဓားချီများကြောင့် အပိုင်းပိုင်းအစစပြတ်တောက်ကာ နေရာအနှံ့အပြားသို့ လွင့်စင်သွားတော့သည်။
မြို့ကိုတိုက်ခိုက်နေသော ပုန်ကန်သူစစ်သားများသည် ထောင်သောင်းချီနေသော်လည်း ထိုဓားချီများဖြင့်တစ်ကြိမ်တိုက်ခိုက်ခံရတိုင်း ပုန်ကန်သူစစ်သားသုံးထောင်ခန့် သွေးအိုင်အတွင်းသို့ လဲကျသွားသည်။
ပုန်ကန်သူစစ်တပ်ဘက်မှနေ၍ စူးရှသောတံပိုးခရာသံတစ်သံ ထွက်ပေါ်လာသည်။
ပုန်ကန်သူစစ်တပ်ကြီး နောက်ဆုတ်သွားလေပြီ။
ပုန်ကန်သူစစ်တပ်ကြီး နောက်ဆုတ်သွားသည်ကိုကြည့်ပြီး မြို့ရိုးပေါ်ရှိစစ်သားများသည် ဘေးကပ်ဆိုးကြီးအတွင်းမှ အသက်ရှင်ကျန်ရစ်သကဲ့သို့ ခံစားလိုက်ရ၏။
သူတို့သည် လုယွီကို ရိုသေလေးစားစွာ ကြည့်လိုက်ကြသည်။
ယခင်က လုယွီသည် သူတို့အတွက် အထက်အရာရှိတစ်ယောက်သာဖြစ်သော်လည်း ယခုလက်ရှိချိန်၌ သူသည် အလွန်လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်နှင့် တူညီနေသည်။
သာမာန်အားဖြင့် အရာရှိတစ်ယောက်၏အရည်အချင်းသည် အမှန်တကယ် အသုံးဝင်ပေ၏။သို့ရာတွင် ဤကဲ့သို့တိုက်ပွဲအချိန်ကာလတွင် မြောက်မြားစွာသော ပုန်ကန်သူစစ်သားများက သူတို့ကို ဝိုင်းရံထားသည်။အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်သည် သူတို့ရှေ့၌ မားမားမတ်မတ်ရပ်တည်၍ ကြံကြံခံပေးထားသည်ထက် ပို၍တည်ငြိမ်စေသောအရာမရှိချေ။
"အရှင်က.. တစ်ယောက်တည်းနဲ့ သူတို့အားလုံးကို သတ်လိုက်တာလား"
ချင်ယုက လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။
လောကီအင်မော်တယ်တစ်ယောက်သည် အလွန်အစွမ်းထက်သော်လည်း တစ်ဖက်ရန်သူများ၏တိုက်ပွဲဝင်ဝင်္ကပါကြီးနှင့် ရင်ဆိုင်ရချိန်၌ သူ၏စွမ်းအားသည် အလွန်အမင်း အကန့်အသတ်ရှိသည်။
ချင်ယုသည် ဓားချက်တစ်ချက်တည်းဖြင့် ပုန်ကန်သူစစ်သားတစ်ရာကျော်ကိုသာ အများဆုံးသတ်ဖြတ်နိုင်သည်။သို့ရာတွင် သူ နောက်ထပ်ဓားတစ်ချက် ထုတ်လွှတ်လိုက်ချိန်တွင် တိုက်ပွဲဝင်ဝင်္ကပါကြီး၏ကြားဖြတ်ဟန့်တားခြင်းကိုခံရကာ ထိုအချိန်မှစ၍ သူသည် တိုက်ပွဲအတွင်း၌ ချောင်ပိတ်မိသွားလေ၏။
လောကီအင်မော်တယ်တစ်ယောက်၏အသုံးဝင်မှုသည် ဤကဲ့သို့ကြီးမားသောတိုက်ပွဲမျိုး၌ မသိသာလှချေ။
သို့ရာတွင် ဝင်္ကပါပညာရှင်များကမူ တိုက်ပွဲအတွင်းတွင် သူတို့၏အရည်အချင်းများကို ကောင်းမွန်စွာ ထုတ်ဖော်အသုံးပြုနိုင်သူများဖြစ်သည်။
ချင်ယုသည် ကိစ္စများစွာကို ကြုံတွေ့ဖူးသော်လည်း ထောင်နှင့်ချီသောစစ်သားများကို တစ်ကြိမ်တည်းဖြင့် သတ်ဖြတ်နိုင်သော ဝင်္ကပါပညာရှင်ကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။
ဤသည်က မယုံကြည်နိုင်ဖွယ် ကိစ္စတစ်ရပ်ပင်။
"ချင်ယု...ဒီနေရာက အရာအားလုံးကို ရှင်းလင်းသိမ်းဆည်းပြီးတော့ ဒဏ်ရာရတဲ့သူတွေကို ဆေးကုသမှုခံယူခိုင်းလိုက်...ပြီးတော့ လူတချို့စေလွှတ်ပြီးတော့ နယ်မြေတစ်ခုလုံးကို ကင်းလှည့်ခိုင်းစမ်း...တကယ်လို့ ပြဿနာရှိမယ့်အရိပ်အယောင်မျိုးတစ်ခုတွေ့တာနဲ့ ငါ့ဆီကို ချက်ချင်း သတင်းပို့ရမယ်"
လုယွီက ညွှန်ကြားလိုက်၏။
"ဟုတ်ကဲ့ပါ အရှင်"
ချင်ယုက ပွင့်ပွင့်လင်းလင်းရှိပြီး အားမာန်ပါသောအမူအယာဖြင့် ပြောဆိုသည်။
သူသည် လုယွီ၏အရည်အချင်းကို လုံးလုံးလျားလျား လက်ခံယုံကြည်သွားလေပြီ။
"ချင်းမူ...မင်းရဲ့ဂိုဏ်းက လူတွေကိုခေါ်ပြီးတော့ မြို့ထဲကအခြေအနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းရမယ်"
"ဟုတ်ကဲ့"
ဤကဲ့သို့အစွမ်းထက်ပုဂ္ဂိုလ်များ၏အုပ်ချုပ်မှုအောက်တွင်ရှိနေသဖြင့် လင်ကျိုးစီရင်စုတစ်စုလုံး တဖြည်းဖြည်း အေးဆေးတည်ငြိမ်သွားတော့သည်။