အခန်း (၃၁၁၁-၃၁၁၅)
Vol. 159 Ch. 3111-3115
Chapter 3111
ဤသေရေးရှင်ရေးအချိန်ကာလကို ဘေးကင်းလုံခြုံစွာ ဖြတ်ကျော်နိုင်ပြီဟု ယူဆနိုင်သည်။
သို့ရာတွင် လူတိုင်း၏စိတ်နှလုံးသားများပေါ်သို့ လေးလံသောကျောက်တုံးကြီးတစ်တုံး ကျရောက်ပြီးဖြစ်သည်။
အစောပိုင်းက တိုက်ခိုက်မှုခြင်းဖလှယ်ချိန်တွင် လက်ရှိနေရာတွင်ရှိနေသော စစ်သားအများစုသည် ပုန်ကန်သူစစ်သားများနှင့် ရင်ဆိုင်ရချိန်တွင် ထိတ်လန့်ကြောက်ရွံနေကြသည်။
အကယ်၍ လုယွီ ခင်းကျင်းထားသော ဓားဝင်္ကပါကြောင့်သာမဟုတ်ပါက သူတို့သည် ယခုလက်ရှိချိန်၌ ဝိညာဥ်များဘဝသို့ ကူးပြောင်းနေလောက်လေပြီ။သူတို့၏စိတ်ဝိညာဥ်များပင်လျှင် ထွက်ပြေးလွတ်မြောက်နိုင်ရန် မသေချာပေ။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏နာမည်ဂုဏ်သတင်းသည် လင်ကျိုးစီရင်စုအတွင်း၌ တဟုန်ထိုး မြင့်တက်သွားတော့သည်။
သူသည် လင်ကျိုးစီရင်စုကို ကာကွယ်စောင့်ရှောက်ခဲ့သူပင်။
"စီရင်စုသခင်...ငါ့ရဲ့အရည်အချင်း မပြည့်ဝမှုကြောင့် မင်းကို အခက်တွေ့စေခဲ့မိတယ်"
ထိုက်ကျန်းခန်းမသခင်သည် အပြေးရောက်လာကာ သူ၏မျက်နှာပေါ်၌ အပြစ်ရှိသည်ဟုခံစားရသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
မူလက မြို့တစ်မြို့လုံး၏အကာအကွယ်ဝင်္ကပါကြီးကို ထိန်းသိမ်းရသည့် ကြီးလေးသည့်တာဝန်ကို သူ ထမ်းဆောင်ထားရသည်။သို့ရာတွင် မြို့အကာအကွယ်ဝင်္ကပါကြီးသည် သုံးရက်ကြာပြီးနောက် ပျက်စီးသွားမည်ဟု သူ မျှော်လင့်မထားမိချေ။ဤသည်က ထိုက်ကျန်းခန်းမသခင်၏ ယခင်ကမောက်မာဝံ့ကြွားခဲ့မှုများအားလုံးကို ပျက်စီးဆုံးရှုံးသွားစေသည်။
အထူးသဖြင့် သူသည် လုယွီခင်းကျင်းခဲ့သော ဓားဝင်္ကပါကို ထွင်းဖောက်မမြင်နိုင်ခဲ့သောအချိန်မှစ၍ သူ၏အရည်အချင်းမပြည့်ဝသေးကြောင်းကို နားလည်ဘောပေါက်သွားလေ၏။
သူသည် ဤကဲ့သို့ကြီးမားသောဓားဝင်္ကပါမျိုးကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။
ထောင်သောင်းချီသောဓားပျံများက လေထုအတွင်း၌ ပျံဝဲနေကာ လေထုအားထွင်းဖောက်သွားသည့် စူးရှရှအသံများကို ကြားနေရသည်။
ထိုဓားပျံများကြောင့် အင်အားအလွန်များပြားသော ပုန်ကန်သူစစ်တပ်သည် ရှေ့သို့ခြေတစ်လှမ်း မတက်ဝံ့တော့ချေ။
"ငါ ဝင်္ကပါခင်းကျင်းပြီးတဲ့အချိန်ထိ မင်း အကာအကွယ်ဝင်္ကပါကြီးကို တောင့်ခံပြီးထိန်းသိမ်းထားနိုင်တာ အရမ်းကောင်းတယ်...ငါက ဒီနေရာမှာ မြို့အကာအကွယ်ဝင်္ကပါကို ခင်းကျင်းမယ်...မင်းတို့တွေက နတ်ဘုရားမျက်လုံးဝင်္ကပါကြီးကို တတ်နိုင်သမျှအမြန်ဆုံး တည်ဆောက်နိုင်အောင် ကြိုးစားရမယ်...ဒါက နောက်ရက်အနည်းငယ်အတွင်းမှာ အများကြီးအသုံးဝင်လာနိုင်တယ်"
လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။
ထိုက်ကျန်းခန်းမသခင်၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ကောင်းပြီလေ...ငါ အကောင်းဆုံးကြိုးစားမယ်...ငါ နတ်ဘုရားမျက်လုံးဝင်္ကပါကို အသစ်တည်ဆောက်ဖို့အတွက် အချိန်တစ်လလောက်တော့ လိုလိမ့်မယ်"
"တစ်လက အရမ်းနှေးလွန်းတယ်...ငါ မင်းကို အချိန်ဆယ့်ငါးရက်ပဲ ပေးနိုင်မယ်"
လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
ထိုက်ကျန်းခန်းမသခင်သည် လုယွီ၏အရှိန်အဝါကို ထိတ်လန့်တုန်လှုပ်နေသည်မှာ သိသာထင်ရှားလှ၏။
သူသည် အချိန်တခဏကြာခန့် ကြက်သေသေနေပြီးနောက် ကျယ်လောင်စွာပြောဆိုသည်။
"ကောင်းပြီလေ...ငါ ပြန်ရောက်တာနဲ့ လင်ကျိုးစီရင်စုထဲက တံခါးပိတ်ကျင့်ကြံနေတဲ့ ဝင်္ကပါပညာရှင်တွေအားလုံးကို ရှာလိုက်မယ်...ဆယ့်ငါးရက်အတွင်းမှာ ငါက လင်ကျိုးစီရင်စုအတွက် နောက်ထပ်နတ်ဘုရားမျက်လုံးဝင်္ကပါကို တည်ဆောက်ပေးမယ်"
ဤတိုက်ပွဲသည် ပြင်ပရှိပုန်ကန်သူများကိုသာမက အဝေးမှ နတ်ဘုရားစိတ်အာရုံဖြင့် အခြေအနေစောင့်ကြည့်နေကြသော စစ်ဆေးရေးမှူးများကိုလည်း တိတ်ဆိတ်ငြိမ်သက်သွားစေသည်။
"အဲ့ဒီဝင်္ကပါက ဘာလဲဆိုတာ မင်းတို့ပြောနိုင်ကြလား"
စစ်ဆေးရေးမှူးတစ်ယောက်က မေးမြန်းသည်။
တခြားစစ်ဆေးရေးမှူးများအားလုံး ငြိမ်အတိကျသွားလေ၏။
ဓားဝင်္ကပါများသည် ရှားပါးသည်ဆိုသော်လည်း ယခုလက်ရှိနေရာတွင်ရှိနေသော လူအများစုအတွက် ထိုအရာများကိုမြင်တွေ့နိုင်ရန်မှာ မခက်ခဲလှချေ။
သို့ရာတွင် တခြားသူများ၏စိတ်နှလုံးသားများအတွင်းသို့ ဓားစိတ်ဆန္ဒထည့်သွင်းကာ သတ်ဖြတ်နိုင်သော ဝင်္ကပါမျိုးကို သူတို့ မကြားဖူးကြချေ။
ဤဓားစိတ်ဆန္ဒသည် အတွင်းမှနေ၍ ပြင်ပသို့ပွင့်အံ့ထွက်ကာ လူသားခန္ဓာကိုယ်ကို တိုက်ရိုက်ထွင်းဖောက်သွားခဲ့သည်။ဤသည်က ခုခံကာကွယ်ရန်မဖြစ်နိုင်ကာ ပြိုင်ဘက်ကင်းနည်းစနစ်တစ်ခုဟု ဆိုနိုင်သည်။
"အခုလက်ရှိ ဝင်္ကပါပညာရပ်မှာ ဒီလိုနည်းစနစ်မျိုးအကြောင်း ဖော်ပြထားတာမျိုး တစ်ခုမှမရှိဘူး"
တော်ဝင်ကျောင်းတော်၏မဟာကွန်ဖြူးရှပ်ပညာရှင်ဟန်ယုက ယုံကြည်ချက်အခိုင်အမာဖြင့် ပြတ်ပြတ်သားသားပြောဆိုသည်။
ဧကရာဇ်မင်း၏စာပေအတိုင်ပင်ခံတစ်ယောက်ဖြစ်သော ဟန်ယုသည် စာဖတ်ကြေကာ အသိပညာဗဟုသုတကြွယ်ဝသူတစ်ယောက်ပင်။ဧကရာဇ်မင်းထံတွင် ပြဿနာတစ်ခုရှိသည်နှင့် သူတို့သည် အဖြေကို ချက်ချင်းရှာဖွေပေးရလေ၏။
ဤကဲ့သို့အဆင့်အတန်းရှိသည့် မဟာကွန်ဖြူးတစ်ယောက်က လုယွီ၏ဝင်္ကပါပညာရပ်မျိုး ပြင်ပလောကတွင်မရှိဟုဆိုလာသဖြင့် အမှန်တကယ်သာဖြစ်ပေမည်။
"ကိုယ်တိုင်ဖန်တီးခဲ့တဲ့ ဝင်္ကပါလား..မဖြစ်နိုင်ဘူး...သူ့ရဲ့အသက်က ဘယ်လောက်ရှိသေးလို့လဲ...သူ့ဆီမှာ ဝင်္ကပါကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့အရည်အချင်းမျိုး တကယ်ကြီးရှိနေတာလား"
"သူက ဝင်္ကပါပညာရပ်မိသားစုတစ်စုရဲ့အမွေအနှစ်ကို ရထားတာများလား...ဒါကြောင့် သူက တုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့ ဓားဝင်္ကပါမျိုးကို ခင်းကျင်းနိုင်တာပဲဖြစ်မယ်"
စစ်ဆေးရေးမှူးတချို့သည် လုယွီ ဖန်တီးခဲ့သော ဓားဝင်္ကပါနှင့်ပတ်သတ်၍ စတင်၍ တိုင်ပင်ဆွေးနွေးနေကြတော့သည်။
နန်းတွင်းစာမေးပွဲတွင် ပါဝင်သောအကြောင်းအရာများသည် ပျင်းရိငြီးငွေ့ဖွယ်ကောင်းပေ၏။ကျောင်းတော်သားအများစုသည် သာမာန်စီရင်စုမြို့များကိုသာ ရင်ဆိုင်နေရကာ သူတို့အတွက် အကျိုးဆောင်မှုတချို့လုပ်ဆောင်ရန်သာ လိုအပ်သည်။
အခါအားလျော်စွာ တချို့ကျောင်းတော်သားများသည် ပုန်ကန်မှုများနှင့် ရင်ဆိုင်ရသည်။သို့ရာတွင် အများဆုံးအနေဖြင့် အသေးစားပုန်ကန်မှုများပင်။သူတို့သည် စစ်သည်များကို ဦးဆောင်၍ချီတက်လိုက်ရုံဖြင့် တည်ငြိမ်အေးချမ်းသွားတော့သည်။
Chapter 3112
မည်သည့်ကျောင်းတော်သားမျှ လုယွီကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရခြင်းမရှိချေ။
ယနေ့တွင် ပုန်ကန်သူစစ်တပ်သည် မြို့အားတိုက်ခိုက်ခဲ့သည်။ယခုလက်ရှိနေရာတွင်ရှိနေသော စစ်ဆေးရေးမှူးအားလုံးနီးပါး မြို့ကိုခုခံကာကွယ်ရန်မှာမဖြစ်နိုင်ဟု တွေးထင်ထားလေ၏။
နတ်ဆိုးကျင့်ကြံသူများဘက်မှ ဝင်္ကပါပညာရှင်များသည် လင်ကျိုးစီရင်စုအတွင်းရှိထိုက်ကျန်းခန်းမဆောင်မှ ဝင်္ကပါပညာရှင်များထက် များစွာပို၍သန်မာအားကောင်းသည်မှာ သိသာထင်ရှားသည်။မြို့အကာအကွယ်ဝင်္ကပါကြီး ပျက်စီးသွားသည်နှင့် လင်ကျိုးစီရင်စုသည် တဟုန်းဟုန်းလောင်ကျွမ်းနေသော မီးလောင်ပြင်အဖြစ်သို့ ပြောင်းလဲသွားပေမည်။
သို့ရာတွင် လုယွီသည် ခုခံကာကွယ်ရန် စီစဥ်နိုင်ခဲ့သည်။
အထူးသဖြင့် ဤကဲ့သို့ဝင်္ကပါမျိုးကို တော်ဝင်ကျောင်းတော်မှမဟာကွန်ဖြူးရှပ်ပညာရှင်တချို့ မြင်တွေ့ချိန်တွင် အသစ်အဆန်းကဲ့သို့ ခံစားလိုက်ရသည်။သူတို့သည် ယခင်က ဤကဲ့သို့ဝင်္ကပါမျိုးကို မြင်တွေ့ဖူးခြင်းမရှိချေ။
"တကယ်လို့ သူသာ နောင်တစ်ချိန်မှာ စစ်တပ်နဲ့ပူးပေါင်းမယ်ဆိုရင် သူက နတ်ဘုရားဝင်္ကပါအမတ်ကြီးရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်သင့်တယ်...နတ်ဘုရားဝင်္ကပါအမတ်ကြီးက တာယွီအင်ပါယာထိုက်ကျန်းခန်းမဆောင်ရဲ့ အုပ်ချုပ်သူအရှင်ပဲ...သူ့ရဲ့လက်အောက်မှာဆိုရင် လုယွီက ပိုပြီးတောက်ပလာမှာ သေချာတယ်"
တချို့လူများသည် လုယွီကို ကွဲပြားခြားနားသောအမြင်မျိုးဖြင့် ကြည့်လိုက်ကြ၏။
ဤတစ်ကြိမ်တွင် လုယွီသည် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း သူ့အတွက် အခွင့်အရေးကောင်းကြီးပင်။
တခြားကျောင်းတော်သားများသည် မည်ကဲ့သို့အစွမ်းအစများကို ထုတ်ဖော်ပြသနေပါစေ တော်ဝင်နန်းတွင်း၌ နှစ်ပေါင်းများစွာ အမှုထမ်းဆောင်ခဲ့သော အရေးကြီးပုဂ္ဂိုလ်များရှေ့၌ သူတို့၏နည်းလမ်းများသည် ဖော်ပြရန်ပင် မထိုက်တန်ချေ။
သို့ရာတွင် လုယွီကမူ ကွဲပြားခြားနားနေသည်။
သူရင်ဆိုင်နေရသည်မှာ သေရေးရှင်ရေး အခြေအနေမျိုးပင်။
စစ်ဆေးရေးမှူးတချို့သည် မိုးကောင်းကင်မီးတောက်ကုန်းမြေကို ငုံကြည့်လိုက်ကြသည်။ယခုလက်ရှိချိန်၌ လုယွီ ရင်ဆိုင်နေရသောအရာကို သူတို့ကောင်းစွာသိရှိထားသည်။လင်ကျိုးစီရင်စုကို ရန်သူများက ဝိုင်းရံထားသည့်အပြင် စစ်ကူလည်းရှိမနေချေ။
ယခင်စာမေးပွဲနှစ်ခုလုံး၌ ပထမနေရာကိုရရှိခဲ့သူသည် မည်မျှကြာကြာ တောင့်ခံနိုင်မည်နည်း...
အိမ်ရှေ့စံမင်းသားသည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
ကျန်းရွှမ်စဲသည်လည်း မည်သည့်စကားတစ်ခွန်းမျှ မဆိုချေ။
သူတို့နှစ်ယောက်သည် နတ်ဘုရားများ အထက်ကောင်းကင်ယံမှနေ၍ အောက်ရှိသက်ရှိများကို ငုံကြည့်နေသည့်အလား ဟွမ်လျန့်အိမ်မက်ကမ္ဘာကို စူးစိုက်၍ကြည့်နေကြသည်။
.....
ရက်အနည်းငယ်အကြာတွင် ပုန်ကန်သူစစ်တပ်သည် ထပ်မံ၍ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ကာ အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်ခဲ့သည်။
သို့ရာတွင် မြို့ကိုလွှမ်းခြုံထားသော ဓားဝင်္ကပါ၏ကာကွယ်မှုကြောင့် ပုန်ကန်သူစစ်တပ်သည် မြို့ရိုးများထံသို့ ချဥ်းကပ်နိုင်ခြင်းမရှိချေ။သူတို့သည် မြို့ပြင်၌သာ အချိန်အတိုင်းအတာတစ်ခုထိ တဝဲလည်လည်လုပ်နေလေ၏။
ထိုဓားဝင်္ကပါရှိနေခြင်းကြောင့် လင်ကျိုးစီရင်စုတစ်စုလုံး ဘေးကင်းလုံခြုံနေခဲ့သည်။
"အရှင်...သူလျှိုတစ်ယောက်ရဲ့ သတင်းပေးပို့မှုအရ...မြို့အကာအကွယ်ဝင်္ကပါကြီး ပျက်စီးခါနီးအချိန်မှာ ထိုက်ယွမ်ကုန်သည်အဖွဲ့အစည်းရဲ့ တာဝန်ခံချမ်ဝမ်ကျွင်းက မကောင်းတဲ့ရည်ရွယ်နဲ့ မြို့ထဲမှာရှိတဲ့ မြေအောက်အင်အားစုတချို့ကို စုစည်းခဲ့တယ်"
ချင်ယုက သတင်းပို့သည်။
လုယွီက ခေါင်းညိတ်ပြကာ သူသည် တစ်စုံတစ်ခုကို နက်နက်နဲနဲတွေးတောနေသည့်အလား အဓိကထိုင်ခုံ၌ဆက်လက်၍ ထိုင်နေသည်။
ချင်ယုက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလေ၏။
"အဲ့ဒီ မျိုးရိုးနာမည်ချမ်ဆိုတဲ့ကောင်က နတ်ဆိုးကျင့်ကြံသူတွေနဲ့ပူးပေါင်းထားတယ်ဆိုတာ အသိသာကြီးလေ...အဲ့ဒီလူ ဒီလိုမျိုးလုပ်ဝံ့တာက သူ့ရဲ့ရည်ရွယ်ချက်တွေကို အပြည့်အဝ ထုတ်ပြလိုက်တာပဲ...သူ့ကိုအရှင်ထားတာက အနှေးနဲ့အမြန် ဘေးကပ်ဆိုးကြီးဖြစ်လာလိမ့်မယ်...ဘာလို့ သူ့ကို....."
ချင်ယုက ချမ်ဝမ်ကျွင်းကို ရှင်းထုတ်ရန် အကြံပြုလိုက်သည်။
"အခုက အချိန်မကျသေးဘူး"
လုယွီက ခေါင်းခါပြလေသည်။
"အချိန်ကျလာရင်...သူကိုယ်တိုင် ခုန်ထွက်လာလိမ့်မယ်"
"ပြီးတော့...မြို့အကာအကွယ်ဝင်္ကပါကြီးကို ထိန်းသိမ်းဖို့အတွက် စိတ်ဝိညာဥ်ကျောက်တုံး အမြောက်အများလိုအပ်တယ်...ငါက ကျင့်ကြံသူတွေအားလုံးဆီက စိတ်ဝိညာဥ်ကျောက်တုံးတွေကို သိမ်းယူဖို့ ပြင်းထန်တဲ့အမိန့်တစ်ရပ်ကို ထုတ်ပြန်ကြေငြာရမယ်...ဒါတွေက မြို့အကာအကွယ်ဝင်္ကပါကြီးကို ထောက်ပံ့ဖို့အတွက်ပဲ...ဒီနည်းလမ်းနဲ့ပဲ လိုအပ်ချက်ကို ဖြည့်တင်းနိုင်မှာ...မင်း အခုချက်ချင်းသွားပြီး ဆောင်ရွက်တော့"
လုယွီသည် သူ၏စားပွဲပေါ်ရှိ အမိန့်စာလွှာတစ်စောင်ကိုယူကာ ချင်ယု၏လက်အတွင်းသို့ ပစ်ပေးလိုက်၏။
ထိုအမိန့်စာလွှာကို ဂရုတစိုက် ဖတ်ရှုပြီးချိန်တွင် ချင်ယု၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။ထိတ်လန့်တုန်လှုပ်သော အမူအယာမျိုးက သူမ၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
"စိတ်ဝိညာဥ်ကျောက်တုံးတွေကို အင်အားသုံးပြီး သိမ်းယူရမှာလား...ဒါက လူတွေအများကြီး ပိုပြီးပုန်ကန်ကြလိမ့်မယ်...စီရင်စုသခင်...ဒီလိုအခြေအနေမျိုးမှာ မင်း အမှားလုပ်လို့မဖြစ်ဘူး"
ချင်ယုသည် အမိန့်စာရွက်ပေါ်ရှိ အလွန်များပြားသောစိတ်ဝိညာဥ်ကျောက်တုံး ပမာဏကိုကြည့်ပြီး သူ၏စိတ်အတွင်း၌ အလွန်ထိတ်လန့်တုန်လှုပ်နေသည်။
တော်ဝင်နန်းတွင်းမှကောက်ခံသော အခွန်အခသည် ယေဘုယျအားဖြင့် အလွန်ပြေလျော့ပေ၏။တော်ဝင်နန်းတွင်းသည် ကျင့်ကြံခြင်းလောကရှိ အင်အားစုကြီးများနှင့် ကြီးမားသောကုန်သည်အဖွဲ့အစည်းများကိုသာ ပစ်မှတ်ထားသည်။အင်အားစုငယ်များနှင့် သာမာန်လေလွင့်ကျင့်ကြံသူများ ပေးဆောင်ရသည့် အခွန်အခသည် မြင့်မားခြင်းမရှိချေ။
ဤသည်က လူအများစု၏ကောင်းကျိုးအတွက်ပင်။မည်သို့ပင်ဆိုစေကာမူ လူတိုင်းကိုအထက်စီးမှ ဆက်ဆံနိုင်သူဟူ၍ လူနည်းစုသာရှိသည်။ကျင့်ကြံသူအများစုထံတွင် စိတ်ဝိညာဥ်ကျောက်တုံးများရှိသော်လည်း သူတို့သည် ဆေးလုံးများနှင့်မှော်ရတနာများဝယ်ယူရန် လိုအပ်ပေ၏။သူတို့သည် စိတ်ဝိညာဥ်ကျောက်တုံးအမြောက်အများကို သိမ်းဆည်းထားလေ့မရှိချေ။
သို့ရာတွင် ဤတစ်ကြိမ်ထုတ်ပြန်သော လုယွီ၏အမိန့်တွင် သူတို့အား အင်အားသုံး၍ အညံ့ခံခိုင်းရပေမည်။တခြားစကားပြောင်းဆိုရလျှင် မည်သူမည်ဝါဖြစ်နေပါစေ သူတို့ထံတွင်ရှိနေသော စိတ်ဝိညာဥ်ကျောက်တုံးများကို လွှဲပြောင်းပေးအပ်ရပေမည်။
Chapter 3113
"ဘယ်သူကမှ သူတို့ရဲ့စိတ်ဝိညာဥ်ကျောက်တုံးတွေကို စီရင်စုရုံးတော်ဆီ လိုလိုလားလား လွှဲပြောင်းပေးမှာမဟုတ်ဘူး...တကယ်လို့ ငါတို့ ဒီလိုလုပ်လိုက်မယ်ဆိုရင် လင်ကျိုးစီရင်စုတစ်စုလုံး ဖရိုဖရဲဖြစ်သွားလိမ့်မယ်"
ချင်ယု၏အသံက တုန်ရီနေသည်။
ယခုလက်ရှိချိန်တွင် လုယွီသည် ဤဆုံးဖြတ်ချက်ကို အတည်ပြုလိုက်မည်အား သူ အမှန်တကယ်ကိုပင် ထိတ်လန့်ကြောက်ရွံနေသည်။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။
"မင်း အရင်ဆုံး သွားပြီးပြင်ဆင်ထားလိုက်...မင်း ဒီနေ့ ဒီကိစ္စကိုမလုပ်ချင်သေးဘူးဆိုရင်လည်းရတယ်...ငါ့ရဲ့အမိန့်ကိုသာ စောင့်နေတော့"
ချင်ယုသည် စီရင်စုရုံးတော်မှနေ၍ ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအယာဖြင့် ထွက်ခွာခဲ့တော့သည်။
နောက်ရက်အနည်းငယ်အတွင်းတွင် လင်ကျိုးစီရင်စုသည် ပြင်ပရှိပုန်ကန်သူများ၏တိုက်ခိုက်မှုကို ဆက်တိုက်ဆိုသလို ခံခဲ့ရသော်လည်း မြို့အကာအကွယ်ဝင်္ကပါကြီးသည် အနည်းငယ်မျှပင် ထိခိုက်ပျက်စီးသွားခြင်းမရှိချေ။သို့ရာတွင် ဓားဝင်္ကပါကိုထိန်းသိမ်းရန်အတွက် အသုံးပြုရသော စိတ်ဝိညာဥ်ကျောက်တုံးများသည်မူ အလျှင်အမြန် ကုန်ဆုံးနေလေ၏။
လုယွီသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဓားဝင်္ကပါကြီးကို ခင်းကျင်းခဲ့သော်လည်း ထိုအရာအတွက် အသုံးပြုရသော စိတ်ဝိညာဥ်ကျောက်တုံးပမာဏမှာ လွန်စွာများပြားသည်။
အထူးသဖြင့် ပုန်ကန်သူများ မြို့ကိုလာရောက်တိုက်ခိုက်စဥ်တွင် စိတ်ဝိညာဥ်ကျောက်တုံး ကုန်ဆုံးမှုနှုန်းသည် သာမာန်ထက် ငါးဆ ခြောက်ဆခန့် ပို၍မြင့်မားသည်။
ဤကဲ့သို့ စိတ်ဝိညာဥ်ကျောက်တုံးကုန်ဆုံးမှုနှုန်းကို စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များပင် ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။
လင်ကျိုးစီရင်စုကို ချမ်းသာကြွယ်ဝပြီးကြီးမားသော မြို့တစ်မြို့ဟု ယူဆ၍မရချေ။စီရင်စု၏စာရင်းလက်ကျန်ငွေကြေးများကို များသောအားဖြင့် နေ့စဥ်အသုံးစရိတ်များအတွက်သာ အသုံးပြုကြသည်။
ယခုချိန်တွင် လင်ကျိုးစီရင်စုသည် ဝိုင်းရံခံထားရသဖြင့် လင်ကျိုးစီရင်စုတစ်စုလုံး၏စာရင်းလက်ကျန်ငွေများမှ ၇၀ရာခိုင်နှုန်းခန့်သည် စစ်ပွဲစရိတ်များအဖြစ် ကုန်ဆုံးသွားလေပြီ။ထို့ကြောင့် ဓားဝင်္ကပါအတွက် စိတ်ဝိညာဥ်ကျောက်တုံးကုန်ဆုံးမှုကိုမူ လင်ကျိုးစီရင်စု၏ဘဏ္ဍာတိုက်မှ ဖြည့်တင်းမပေးနိုင်တော့ချေ။
ဓားဝင်္ကပါကိုထိန်းသိမ်းနိုင်ရန်အလို့ငှာ လုယွီသည် ထိုက်ဖျင်သိုလှောင်ရုံမှ စိတ်ဝိညာဥ်ကျောက်တုံးများကို အသုံးပြုခဲ့ရသည်။
ထိုက်ဖျင်သိုလှောင်ရုံသည် တော်ဝင်နန်းတွင်းမှစီမံခန့်ခွဲ့ရေးဌာန၏ အုပ်ချုပ်မှုအောက်တွင်ရှိကာ နယ်မြေခံစီရင်စုသခင်သည် ထိုအရာကို အသုံးပြုခွင့်မရှိချေ။
ဤသည်က စီရင်စု၏အနီးအနားတွင် စစ်စခန်းချနေသော စစ်သားများ၏နေ့စဥ်အသုံးစရိတ်ကို ထောက်ပံပေးရန်နှင့် ဘေးကပ်ဆိုးပြီးချိန်၌ အရေးပေါ်ကူညီကယ်ဆယ်ရာ၌ အသုံးပြုရန် အရံထားရှိရသော ငွေကြေးဖြစ်သည်။
ထိုက်ဖျင်သိုလှောင်ရုံအတွင်းမှ စိတ်ဝိညာဥ်ကျောက်တုံးများကို အသုံးပြုနိုင်ရန်မှာ အနိမ့်ဆုံးအနေဖြင့် မိုးကောင်းကင်မီးတောက်ကုန်းမြေ အုပ်ချုပ်သူအရှင်၏ခွင့်ပြုချက် လိုအပ်သည်။
လင်ကျိုးစီရင်စု၏စီရင်စုသခင်ဖြစ်သော လုယွီသည် ထိုက်ဖျင်သိုလှောင်ရုံအတွင်းမှအရာများကို အခွင့်အာဏာမရှိဘဲ အသုံးပြုခဲ့ခြင်းမှာ စည်းမျဥ်းဥပဒေများကို ချိုးဖောက်ပြီးဖြစ်သည်။အကယ်၍ ပြင်ပလောကတွင်သာဆိုပါက သူသည် တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးများ၏ ဖမ်းဆီးခြင်းကို ခံယူရပေလိမ့်မည်။
သို့ရာတွင် ဤနေရာ၌မူ လုယွီသည် ထိုကိစ္စများကို ဂရုမစိုက်ချေ။
ပြင်ပရှိပုန်ကန်သူများ၏အခြေအနေကို ဘေးဖယ်ထားပါက ဤနေရာသည် ဟွမ်လျန့်အိမ်မက်ကမ္ဘာပင်။သူ မည်သည့်အရာများကို ပြုလုပ်နေပါစေ သူ့ထံသို့ အပြစ်ကျရောက်လာမည်မဟုတ်ချေ။
"အရှင်...ထိုက်ဖျင်သိုလှောင်ရုံရဲ့တာဝန်ခံက...သိုလှောင်ရုံရဲ့အခန်းရှစ်ခန်းလုံးမှာရှိတဲ့ စိတ်ဝိညာဥ်ကျောက်တုံးတွေအားလုံး ကုန်သွားပြီလို့ သတင်းပို့ခဲ့တယ်...ဒါက နောက်ထပ်ရက်နည်းနည်းလောက်ပဲ တောင့်ခံနိုင်တော့မှာကို ငါ စိုးရိမ်မိတယ်"
ချင်ယုက အလျင်စလိုပြေးလာကာ ပြောဆိုသည်။
ထိုစိတ်ဝိညာဥ်များ၏ထောက်ပံ့မှုသာမရှိပါက မည်မျှထိ နက်နဲသိမ်မွေ့သော ဓားဝင်္ကပါကြီးကို ခင်းကျင်းထားသည်ဖြစ်စေ ထိုအရာ၏စွမ်းအားကို အပြည့်အဝ ဖြန့်ကျက်နိုင်မည်မဟုတ်ချေ။
လုယွီက အမူအယာကင်းမဲ့သောမျက်နှာနှင့် ပြောဆိုသည်။
"မကြာခင် ရလာလိမ့်မယ်"
လုယွီ၏အစီအစဥ်များကို ချင်ယုသည် အနည်းငယ်မျှပင် နားလည်သဘောပေါက်နိုင်စွမ်း မရှိတော့ချေ။
နှစ်ရက်ကြာပြီးနောက်...
လင်ကျိုးစီရင်စု၏ရှေ့၌ အင်အားများပြားသော ပုန်ကန်သူစစ်တပ်ကြီး ထွက်ပေါ်လာသည်။
ပုန်ကန်သူစစ်တပ်ကြီး ထွက်ပေါ်လာသည်ကိုမြင်ချိန်တွင် လင်ကျိုးစီရင်စုမှစစ်သားများသည် သတိအနေအထားဖြင့် ခုခံကာကွယ်ရန် အဆင်သင့်ပြင်ဆင်လိုက်ကြ၏။
မည်သို့ပင်ဆိုစေကာမူ စီရင်စု၏ပြင်ပ၌ ဓားဝင်္ကပါကြီး၏ကာကွယ်မှုရှိနေသော်လည်း သူတို့သည် သတိမပြတ်ထား၍ ခုခံကာကွယ်ရန်လိုအပ်သည်။
မမျှော်လင့်ဘဲ ပုန်ကန်သူစစ်တပ်ထံမှ စစ်ဗုံသံများ ထွက်ပေါ်လာသည့်တိုင် သူတို့သည် ရှေ့သို့တိုးလာခြင်းမရှိဘဲ ထိုနေရာတွင်သာ စခန်းချနေကြသည်။
ပုန်ကန်သူစစ်တပ်မှနေ၍ လူဆယ်ယောက်ကျော်ကို ရှေ့သို့တွန်းထုတ်လိုက်၏။
ထိုလူဆယ်ယောက်ကျော်ကို သစ်သားတိုင်များပေါ်၌ ကြိုးများဖြင့် ချည်နှောင်ထားသည်။သူတို့၏ခန္ဓာကိုယ်များပေါ်တွင် ကြာပွတ်ဖြင့်ရိုက်နှက်ခံထားရသော အရှိုးရာများရှိနေသည်။သူတို့သည် ဒဏ်ရာအပြင်းအထန်ရရှိထားကာ သေလုမျောပါးအခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။
"လင်ကျိုးစီရင်စုက လူတွေအားလုံး...နားထောင်ကြစမ်း"
ပုန်ကန်သူစစ်တပ်ဘက်မှ ဗိုလ်ချုပ်တစ်ယောက် ရှေ့သို့ထွက်လာကာ အော်ဟစ်လိုက်၏။
ထိုအသံသည် မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်နေကာ ရုတ်ချည်းဆိုသလိုပင် လင်ကျိုးစီရင်စုအတွင်းရှိလူတိုင်း ကြားလိုက်ရသည်။
လူအမြောက်အများသည် သူတို့၏နတ်ဘုရားစိတ်အာရုံများကို မြို့ပြင်သို့ ဖြန့်ကျက်လိုက်ကြသည်။
ဆိုးဆိုးရွားရွား ညှင်းပန်းနှိပ်စက်ခံထားရသည့် လူများကို မြင်တွေ့ချိန်တွင် သူတို့အားလုံးလေအေးတစ်ချက် ရှိုက်သွင်းမိလေ၏။
ထိုလူများသည် ညှင်းပန်းနှိပ်စက်မှုဒဏ်ကို မည်မျှထိများပြားစွာ ခံစားခဲ့ရသည်ကို မည်သူမျှမသိနိုင်ချေ။သူတို့၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာအများစုသည် အတွင်းရှိအရိုးများကိုပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရလေပြီ။
တိုင်များပေါ်၌ ချည်နှောင်ခံထားရသောလူများအနက်မှ တချို့ထံတွင် မျက်လုံးများမရှိတော့ဘဲ အနက်ရောင်ဟောင်းလောင်းပေါက်နှစ်ခုမှနေ၍ သွေးများအဆက်မပြတ်ယိုစီးကျနေသည်။
Chapter 3114
"ဒီလူတွေက ငါတို့ရဲ့စစ်တပ်ထဲကို သူလျှိုလာလုပ်တဲ့သူတွေပဲ...အခု ငါတို့က သူတို့ကို ဖော်ထုတ်နိုင်ခဲ့တယ်"
ပုန်ကန်သူစစ်ဗိုလ်ချုပ်က ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ အော်ဟစ်လိုက်သည်။
"နားထောင်ကြစမ်း...ဒါက ငါတို့ကို ခုခံတားဆီးတာရဲ့ အဆုံးသတ်ရလဒ်ပဲ...ငါတို့စစ်တပ် မြို့ထဲကိုဝင်နိုင်တာနဲ့ အရာအားလုံးကို မင်းတို့ရဲ့သွေးတွေနဲ့ ဆေးကြောမယ်...မင်းတို့ ကိုယ်လက်အင်္ဂါအပြည့်အစုံနဲ့ မသေစေရဘူး"
သူ၏အော်သံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သဖြင့် လင်ကျိုးစီရင်စုအတွင်းရှိလူတိုင်း ရှင်းလင်းပြတ်သားစွာ ကြားရသည်။
စစ်သားများ၏လက်များ တုန်ရီနေကာ သူတို့၏မျက်နှာများ သေလုမတတ် ဖြူရော်နေသည်။
သူတို့သည် ပြင်ပရှိလူများ၏သွေးပျက်ဖွယ်အခြေအနေကို မြင်တွေ့ပြီးလေပြီ။
အကယ်၍ သူတို့သာ ပုန်ကန်သူစစ်တပ်၏လက်အတွင်းသို့ ကျရောက်သွားပါက မည်ကဲ့သို့ရလဒ်မျိုးထွက်ပေါ်လာမည်ကို သူတို့ တွေးတောပင်မကြည့်ဝံ့ချေ။
မြို့အတွင်းရှိလူများထံမှ ထိတ်လန့်ကြောက်ရွံမှုအငွေ့အသက်များကို အာရုံခံမိစဥ်တွင် နတ်ဆိုးကျင့်ကြံသူတချို့သည် ပုန်ကန်သူစစ်တပ်၏နောက်မှနေ၍ ရှေ့သို့လျှောက်လှမ်းလာသည်။
ထိုနတ်ဆိုးကျင့်ကြံသူများ၏မျက်နှာများပေါ်တွင် မနှစ်မြို့ဖွယ်အပြုံးမျိုးရှိနေကာ သူတို့တစ်ယောက်ချင်းစီထံမှနေ၍ တုန်လှုပ်ချောက်ချားဖွယ် သွေးအငွေ့အသက်များ ထွက်ပေါ်နေသည်။
ထိုနတ်ဆိုးကျင့်ကြံသူများအနက်မှတစ်ယောက်က သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။သူ၏အင်္ကျီလက်ကြားမှနေ၍ သံကြိုးတစ်ချောင်းထွက်ပေါ်လာကာ လူတစ်ယောက်၏လည်ပင်းကို ရစ်ပတ်လိုက်သည်။
ထိုလူ၏မျက်နှာသည် အပြည့်အဝနီမြန်းသွားကာ သူသည် အသက်ရှုရန်ပင် အလွန်အမင်းခက်ခဲနေပြီး အစွမ်းကုန်ရုန်းကန်နေရသည်။
"မင်းတို့အားလုံး ဒီလူကို သိကြမှာပါ...သူက မင်းတို့လင်ကျိုးစီရင်စုရဲ့တရားသူကြီးလင်းရှန်ပဲ"
နတ်ဆိုးကျင့်ကြံသူ၏အေးစက်စက်ရယ်မောသံက လင်ကျိုးစီရင်စုအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
လင်ကျိုးစီရင်စုအတွင်းမှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများ၏မျက်စေ့သူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ သူတို့အားလုံး သက်ပြင်းရှိုက်လိုက်ကြ၏။
ဤလူသည် အမှန်တကယ်ကို လင်းရှန်ပင်။
လင်းရှန်သည် လင်ကျိုးစီရင်စုအတွင်းမှ ဒုတိယအရေးအပါဆုံးပုဂ္ဂိုလ်ဖြစ်ကာ စီရင်စုအတွင်းရှိ လူအမြောက်အများနှင့် ထိတွေ့ဆက်ဆံမှုများရှိခဲ့သည်။ထို့ကြောင့် သူ့အားသိရှိသော လူအမြောက်အများရှိနေသည်။
သို့ရာတွင် ယခု လင်းရှန် ထွက်ပေါ်လာချိန်၌ မည်သူကမျှ သူ့ကို မမှတ်မိတော့ချေ။
ဤအချိန်တွင် လင်းရှန်၏ခန္ဓာကိုယ်တစ်ခုလုံး အသွေးအသားတုံးကြီးကဲ့သို့ဖြစ်နေသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေကာ သူသည် လူတစ်ယောက်၏ပုံပန်းသွင်ပြင်မျိုး ဝေဝါးဝါးမျှသာရှိတော့သည်။
အထူးသဖြင့် သူ၏ဒဏ်ရာများ၌ အနက်ရောင်အဆိပ်ရှိပိုးမွှားများက ခေါက်တုံ့ခေါက်ပြန် တွားသွားနေသည်။
ထိုအဆိပ်ရှိပိုးမွှားများ၏ခန္ဓာကိုယ်များပေါ်တွင် အဆိပ်များရှိနေသဖြင့် သူတို့နှင့်ထိတွေ့မိသည့်ဒဏ်ရာတိုင်းမှ ပြင်းထန်သောနာကျင်မှုကို ခံစားရကာ သေရသည်ထက်ပင် ပို၍ဆိုးရွားပေ၏။
ဤကဲ့သို့ညှင်းပန်းနှိပ်စက်မှုမျိုးသည် လူအများစု၏စိတ်နှလုံးသားများအတွင်း၌ အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းပင်။
"မင်းတို့အားလုံး သေရမှာပဲ...ငါတို့ မြို့ကိုဖျက်ဆီးနိုင်တဲ့နေ့က မင်းတို့ သေရမယ့်နေ့ပဲ...ဟား ဟား ဟား"
နတ်ဆိုးကျင့်ကြံသူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
ထိုရယ်မောသံသည် အရပ်မျက်နှာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ မြို့အတွင်းရှိလူများအားလုံး ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီသွားသည်။
"သူတို့အားလုံးကို သတ်လိုက်စမ်း...အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပြီးမှ သတ်လိုက်"
နတ်ဆိုးကျင့်ကြံသူက လင်းရှန်တို့လူစုကိုကြည့်၍ ပြောဆိုလေ၏။
လင်းရှန်သည် သူ၏ပါးစပ်ကိုဖွင့်ကာ အသနားခံတောင်းပန်လိုပုံရသည်။သို့ရာတွင် သူသည် မည်သည့်အသံမျှ မထွက်နိုင်ချေ။သူ့အား ကွပ်မျက်စင်မြင့်ပေါ်သို့ ဆွဲခေါ်သွားခြင်းခံရကာ ရက်စက်ကြမ်းကြုတ်သော ညှင်းပန်းနှိပ်စက်မှုများကို ခံစားရတော့သည်။
လူတစ်ယောက်ကို အရှင်လတ်လတ် ဆုတ်ဖြဲသောမြင်ကွင်းသည် အလွန်ရက်စက်ကြမ်းတမ်းပေ၏။
အထူးဆန်းဆုံးကိစ္စမှာ ထိုညှင်းပန်းနှိပ်စက်ခံနေရသူများထံမှနေ၍ အားပျော့သောအကြောဆွဲသံများသာ ထွက်ပေါ်လာပြီး သူတို့သည် အနည်းငယ်မျှ အသံထွက်၍ အော်နိုင်ခြင်းမရှိချေ။
ဤအချိန်အခိုက်အတန့်တွင် လင်ကျိုးစီရင်စုတစ်စုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
မြောက်မြားစွာသောလူများသည် သူတို့ရှေ့ရှိမြင်ကွင်းကို စူးစိုက်ကြည့်နေကြကာ နေရာမှာပင် ကြက်သေသေနေပြီး မည်ကဲ့သို့လုပ်ဆောင်ရမည်ကို မသိကြတော့ချေ။
ကျင့်ကြံသူများအနက်မှအများစုသည် နတ်ဆိုးကျင့်ကြံသူများ၏ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို သိရှိထားကြသည်။သို့ရာတွင် တော်ဝင်နန်းတွင်းမှစစ်သားများအနေဖြင့် သာမာန်အချိန်မျိုးတွင် နတ်ဆိုးကျင့်ကြံသူများသည် ထိုစစ်သားများကိုမြင်တွေ့သည်နှင့် ရှောင်ကွင်းသွားလေ့ရှိသည်။ထို့ကြောင့် စစ်သားအများစုသည် နတ်ဆိုးကျင့်ကြံသူများ၏နည်းလမ်းများကို မြင်တွေ့နိုင်ရန် အခွင့်အရေးမရှိချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့အားလုံး မြင်တွေ့ရလေပြီ။
လင်းရှန်သည် မူလက လင်ကျိုးစီရင်စု၏အဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်သော်လည်း ယခုလက်ရှိချိန်၌ သူသည် မြို့ပြင်၌ မချိမဆန့်ဝေဒနာကို ခံစားနေရသည်။
အကယ်၍ သူတို့သာ နတ်ဆိုးကျင့်ကြံသူများ၏လက်အတွင်းသို့ ကျရောက်သွားပါက သေသည်ထက်ဆိုးရွားသောဘဝကို ခံစားရပေမည်။
ချင်ယုသည် မြို့ရိုးပေါ်၌မတ်တတ်ရပ်၍ စစ်သားများ၏တုံ့ပြန်မှုကိုကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"မင်းတို့ ဘာတွေကြောက်နေကြတာလဲ...သူတို့အားလုံးကို သတ်ကြစမ်း...အများဆုံးအနေနဲ့ ငါတို့သေသွားရုံပဲရှိတာ...ဘာလို့ကြောက်နေရမှာလဲ"
သို့ရာတွင် သူ၏စကားများသည် အသုံးမဝင်ချေ။
အကယ်၍ သူတို့သည် တိုက်ပွဲအတွင်း၌ သေဆုံးရလျှင်ပင် သူတို့ရှေ့ရှိ ရက်စက်ကြမ်းကြုတ်သော ညှင်းပန်းနှိပ်စက်မှုမြင်ကွင်းကို မြင်တွေ့နေရသလောက် ထိတ်လန့်ကြောက်ရွံမည်မဟုတ်ချေ။
ဓားများဖြင့် အသွေးအသားများကို ဖြတ်တောက်နေသောမြင်ကွင်းကိုကြည့်ပြီး ထိုဓားချက်များသည် သူတို့ထံကျရောက်လာသကဲ့သို့ ခံစားနေရလေ၏။
Chapter 3115
ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းတစ်ခုကို မြင်တွေ့ရချိန်တွင် လူအများစု၏သတ္တိများ ပျောက်ဆုံးသွားသဖြင့် ချင်ယု မည်သို့ပင်ပြောဆိုနေပါစေ အကူအညီမဖြစ်တော့ချေ။
"ငါ ထွက်ပြေးချင်တယ်...တကယ်လို့ ငါ မြို့ထဲမှာဆက်နေရင် ငါ သေရလိမ့်မယ်"
"ငါတို့ အပြင်ကိုထွက်ချင်တယ်...ငါတို့ကို မြို့ထဲမှာလှောင်ပိတ်ထားဖို့ မင်းတို့မှာ အခွင့်အာဏာမျိုးမရှိဘူး"
လင်ကျိုးစီရင်စုအတွင်းမှနေ၍ ကျယ်လောင်သောအော်သံများ ရုတ်တရက်ထွက်ပေါ်လာသည်။သူတို့သည် ပြင်ပရှိမြင်ကွင်းကြောင့် ထိတ်လန့်ကြောက်ရွံနေကြသည်မှာ သိသာထင်ရှားလှ၏။
မည်သူကမျှ နတ်ဆိုးကျင့်ကြံသူများ၏လက်အတွင်းသို့ ကျရောက်လိုခြင်းမရှိချေ။
ပြင်ပရှိမြင်ကွင်းသည် သူတို့၏စိတ်အတွင်း၌ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။မြို့တစ်မြို့လုံး ဖရိုဖရဲ ဖြစ်စပျိုးနေလေပြီ။
လူအမြောက်အများ အတူတကွစုဝေး၍ စီရင်စုရုံးတော်ထံဦးတည်ကာ တဟုန်ထိုးအပြေးသွားကြသည်။
ဤရက်အနည်းငယ်အတွင်းတွင် လင်ကျိုးစီရင်စုတစ်စုလုံး ပုန်ကန်သူစစ်တပ်၏ဝိုင်းရံခြင်းကို ခံထားရသည်။လူအများစု၏စိတ်နှလုံးများအတွင်း၌ ကြီးလေးသောဖိအားကို ခံစားနေရလေ၏။ယခုချိန်၌ ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်မြင်ကွင်းကို ရုတ်တရက် မြင်တွေ့လိုက်ရချိန်တွင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ စုစည်းနေသောဖိအားများ ရုတ်တရက်ပွင့်အံ့ထွက်လာတော့သည်။
ဖရိုဖရဲအခြေအနေသည် ကြီးထွားစ ပြုလာလေပြီ။
လူများ ထပ်မံ၍စုဝေးလာခြင်းနှင့်အတူ အဆုံးသတ်၌ ထောင်သောင်းချီသောလူများသည် စီရင်စုရုံးတော်ရှေ့သို့ ရောက်ရှိလာကာ ကျယ်လောင်စွာ အော်ဟစ်နေကြ၏။
စီရင်စုရုံးတော်မှနေ၍ ထိုလူများကိုဖိနှိပ်ရန် စစ်သားများကို စေလွှတ်လိုက်သည်။သို့ရာတွင် ထောင်သောင်းချီသောစစ်သားများနှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏နဖူးပြင်များပေါ်၌ ချွေးများဖြင့် စိုရွှဲနေတော့သည်။
သူတို့ရှေ့ရှိ ထောင်သောင်းချီသောလူများသည် သာမာန်လူများမဟုတ်ဘဲ ကျင့်ကြံသူများပင်။
ထိုကျင့်ကြံသူများထံတွင် သူတို့၏ကိုယ်ပိုင်ကျင့်ကြံနည်းစနစ်များ ရှိနေသည်။ထိုလူများအကြား၌ ပုန်းအောင်းနေသောနဂါးများနှင့် ဝပ်တွားနေသောကျားများ ရှိနေလေ၏။ထိုလူစုအတွင်း၌ အစွမ်းထက်ကျင့်ကြံသူ မည်မျှထိများများရှိနေသည်ကို သူတို့ မသိနိုင်ချေ။
အကယ်၍ သာမာန်အချိန်မျိုးဆိုပါက ပြဿနာမရှိချေ။စစ်တပ်ကိုစေလွှတ်၍ ထိုလူစုကို တိုက်ရိုက်နှိမ်နင်းနိုင်သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ စီရင်စုစစ်တပ်၏အဓိကအင်အားများသည် မြို့ရိုးများထံသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေရသည်။သူတို့ချည်းသက်သက်နှင့် အလွန်များပြားသောကျင့်ကြံသူများ၏တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ချေ။
"အရှင်...အပြင်မှာ တစ်ခုခုဖြစ်နေပြီ"
မှတ်တမ်းစာရေးတချို့က ထိတ်လန့်တကြားပြေးဝင်လာကာ ပြင်ပ၌ဖြစ်ပွားနေသော ကိစ္စများကို လုယွီထံ သတင်းပို့လိုက်ကြ၏။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"ငါ သိပြီ"
စီရင်စုရုံးတော်၏ပြင်ပတွင် ဆူညံပွက်လောရိုက်နေကာ အော်သံများက နေရာအနှံ့အပြားတွင်ရှိနေသည်။
ရှေ့ဆုံးတွင်မတ်တတ်ရပ်နေသော အဖိုးအိုတစ်ယောက်က အဆုတ်ကွဲလုမတတ် အော်ဟစ်လိုက်သည်။
"စီရင်စုသခင်က အခွင့်အာဏာမရှိဘဲနဲ့ ငါတို့ကို သူနဲ့အတူ သေတွင်းထဲတွန်းပို့နေတယ်...မြို့တံခါးတွေဖွင့်ပေး...ငါတို့ အပြင်ကိုထွက်မယ်"
"ဒါက အမှန်ပဲ...နတ်ဆိုးကျင့်ကြံသူတွေက စီရင်စုရုံးတော်နဲ့ပဲ တိုက်ခိုက်မှာ...ငါတို့လို လေလွင့်ကျင့်ကြံသူတွေနဲ့ ဘာမှမဆိုင်ဘူး"
"ငါတို့ အပြင်ကို ထွက်ကြစို့...ဒီခွေးအရာရှိတွေက ငါတို့ကို အပြင်မထွက်ခိုင်းမှတော့ ငါတို့ကိုယ်တိုင် ဖောက်ထွက်ကြမယ်"
ထိုအဖိုးအို၏အသံတွင် လှည့်ဖျားနိုင်သောစွမ်းအားမျိုးဖြင့် ပြည့်နှက်နေသည်။သူ၏အသံသည် ရာနှင့်ချီသောလူများ၏အသံများ ပဲ့တင်ထပ်နေသကဲ့သို့ပင်။
လူတချို့၏စိတ်များ ယိမ်းယိုင်စပြုလာကာ ထိုအဖိုးအို၏နောက်သို့လိုက်ပါ၍ အော်ဟစ်လိုက်ကြ၏။
လူတိုင်း၏စိတ်နှလုံးသားများအတွင်း၌ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
ပတ်ဝန်းကျင်ရှိလူများ၏ အော်သံများအကြားတွင် သူတို့၏ထိတ်လန့်ကြောက်ရွံမှုများသည် အဆုံးစွန်ဆုံးအဆင့်ထိရောက်ရှိလာကာ အကယ်၍ သူတို့ထွက်မပြေးနိုင်ပါက နောက်ဆုံးရလဒ်သည် ပြင်ပမှလင်းရှန်နှင့်တူညီကာ ဆိုးဆိုးရွားရွား သေဆုံရမည်ဟု သူတို့၏မသိစိတ်မှ ခံစားမိလေသည်။
အဖိုးအိုက တင်းမာခက်ထန်စွာ ပြောဆိုသည်။
"အားလုံးပဲ...ဒီခွေးအရာရှိတွေ ငါတို့ကို ထွက်ခွင့်မပေးရင် ငါတို့ဟာငါတို့ အပြင်ကို...."
ဝှစ်...
သူ၏စကား အဆုံးမသတ်သေးမီမှာပင် အဝေးမှနေ၍ အဖြူရောင်အလင်းတန်းတစ်တန်း ပျံသန်းလာကာ သူ၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားလေ၏။
သတိလက်လွတ်နေမိသော အဖိုးအိုသည် အဖြူရောင်အလင်းတန်း၏ အညှာအတာကင်းမဲ့စွာရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။သူ၏ခေါင်းသည် မြေပြင်နှင့်ရိုက်မိကာ သွေးများယိုစီးကျလာသည်။
"မင်းက ထွက်သွားချင်တာလား"
အေးစက်စက်အသံတစ်သံက အဖိုးအို၏နားအနီး၌ မြည်ဟီးသွားသည်။
အဖိုးအိုသည် ဖိနပ်တစ်စုံကို တွေ့မြင်လိုက်ရ၏။သူက မော့ကြည့်လိုက်ရာ အရာရှိဝတ်စုံဝတ်ဆင်ထားသော လုယွီက အေးစက်စက်အကြည့်ဖြင့် သူ့ကို စူးစိုက်ကြည့်နေသည်ကို တွေ့မြင်မိသည်။
ဤရက်များအတွင်း၌ လုယွီသည် နတ်ဆိုးကျင့်ကြံသူများ၏တိုက်ခိုက်မှုများကို တစ်ကြိမ်ပြီးတစ်ကြိမ် အနိုင်ယူနိုင်ခဲ့သည်။သူ၏နာမည်ဂုဏ်သတင်းသည် လင်ကျိုးစီရင်အတွင်း၌ ပျံ့နှံ့နေလေပြီ။လူအမြောက်အများသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ စီရင်စုသခင်ကို အပြည့်အဝ ရိုသေလေးစားနေကြ၏။
ဤအချိန်အခိုက်အတန့်တွင် မူလက ဆူညံပွက်လောရိုက်နေသောလူအုပ်ကြီး ငြိမ်အတိကျသွားကာ မည်သည့်စကားတစ်ခွန်းမျှ မဆိုကြတော့ချေ။
"ဘယ်သူလဲ...ခုဏက အပြင်ကိုထွက်ချင်တယ်လို့ပြောတာ ဘယ်သူတွေလဲ"
လုယွီက ထပ်မံ၍ အော်ဟစ်လိုက်သည်။
လူများအားလုံး တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့်စကားသံတစ်သံမျှ ထွက်မလာပေ။
"အဖေ.. ဘာဖြစ်တာလဲ"
ရုတ်တရက် လူအုပ်ကြားမှနေ၍ လူလတ်ပိုင်းကြီးတစ်ယောက် ပြေးထွက်လာကာ အဖိုးအိုကို တွဲထူလိုက်၏။
အဖိုးအို၏နဖူးမှနေ၍ သွေးများယိုစီးကျနေသည်။နီစွန်းသောသွေးများသည် သူ၏နဖူးမှတဆင့်မျက်နှာတလျှောက် စီးကျနေသဖြင့် သူ့ကိုကြည့်ရသည်မှာ အလွန်အမင်း ဝမ်းနည်းကြေကွဲဖွယ်ကောင်းပြီး မနှစ်မြို့ဖွယ်ရာပင်။