← Chapters

အခန်း (၃၁၁၆-၃၁၂၀)

Vol. 159 Ch. 3116-3120

အခန်း (၃၁၁၆-၃၁၂၀)

Vol. 159 Ch. 3116-3120

Chapter 3116

တခြားကျင့်ကြံသူများသည် ထူးဆန်းသောအကြည့်မျိုးဖြင့် လုယွီကို ကြည့်လိုက်ကြ၏။

မည်သို့ပင်ဆိုစေကာမူ လူသူအများ၏ရှေ့တွင် စီရင်စုသခင်၏တိုက်ခိုက်မှုသည် အလွန်ပြင်းထန်သွားသည်မဟုတ်လော...

အဖိုးအိုသည် သတိလစ်မေ့မျောနေပုံရကာ သူ၏မျက်လုံးများကို စုံမှိတ်ထားဆဲပင်။

ထိုအခြင်းအရာကိုကြည့်ပြီး လူလတ်ပိုင်းကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ခွေးအရာရှိ...မင်းရဲ့လက်တစ်ဖက်တည်းနဲ့ လင်ကျိုးစီရင်စုရဲ့ အထက်ကောင်းကင်ယံကို အုပ်မိုးထားလို့ရမယ်လို့ မင်း ထင်နေတာလား...မင်းက ငါ့ရဲ့အဖေကို ရိုက်နှက်ဝံ့မှတော့ ငါ သေတဲ့အထိ မင်းနဲ့တိုက်ခိုက်မယ်"

ထိုသို့ပြောဆိုပြီးနောက် လူလတ်ပိုင်းကြီးက လုယွီထံဦးတည်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။

သူ၏ခန္ဓာကိုယ်ပေါ်တွင် ဝေဝါးဝါးဓမ္မပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ဖိအားအရှိန်အဝါအရဖြစ်စေ ဓမ္မပုံရိပ်ယောင်၏အလင်းစက်ဝန်းအရဖြစ်စေ ထိုလူလတ်ပိုင်းကြီး၏ကျင့်ကြံဆင့်နယ်ပယ်သည် မြင့်မားခြင်းမရှိချေ။

အမှန်အားဖြင့် လုယွီသည် ထိုလူလတ်ပိုင်းကြီးနှင့် အချိန်ဖြုန်းလိုခြင်းမရှိချေ။သူသည် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ ထိုလူလတ်ပိုင်းကြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ထိုလူသည် ပို၍ပင်ဆိုးရွားသော အခြေအနေအတွင်းသို့ ကျရောက်သွားသည်။သူ၏ခေါင်းသည် ချွန်ထက်သောကျောက်တုံးတစ်တုံးနှင့် ရိုက်ခတ်မိလေ၏။သူ၏ခေါင်းတွင် နက်ရှိုင်းသောဒဏ်ရာကြီးတစ်ခု ထွက်ပေါ်လာကာ သွေးများယိုစီးကျနေသည်။

"မင်းတို့နှစ်ယောက်က...ဘယ်လိုသတ္တိမျိုးနဲ့ လင်ကျိုးစီရင်စုထဲကိုလာပြီး ပြဿနာရှာဝံ့တာလဲ...မင်းတို့က သေလမ်းရှာနေကြတာလား"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

လူလတ်ပိုင်းကြီးသည် သူ၏ခေါင်းမှနာကျင်မှုကို တောင့်ခံ့ကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"မင်းက စီရင်စုသခင်ဖြစ်နေတာနဲ့ မင်းကိုယ်မင်း အရမ်းမြင့်မြတ်တဲ့သူလို့ ထင်နေတာလား...မင်းက ငါ့ရဲ့အဖေနဲ့ငါ့ကို ဒဏ်ရာရအောင်လုပ်ဝံ့တယ်...ငါ မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့ အုပ်ချုပ်ရေးရုံးတော်ကို သတင်းပို့ပြီးတဲ့အချိန်ထိ မင်း စောင့်နေစမ်း"

ထိုသို့ပြောဆိုပြီးနောက် လူလတ်ပိုင်းကြီးက ရုတ်တရက် ထပ်မံ၍အော်ဟစ်လိုက်သည်။

"အားလုံးပဲ.. မင်းတို့အားလုံး မြင်ကြတယ်မလား...ဒီခွေးအရာရှိက မင်းတို့ကို နည်းနည်းလေးတောင် အလေးအနက်မထားဘူး...မင်းတို့ရဲ့သေရေးရှင်ရေးက သူ့လက်ထဲမှာရှိနေပြီးတော့ အရာအားလုံးက သူ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတယ်...သူတို့က မင်းတို့ကို အမြှောက်စာအနေနဲ့အသုံးပြုဖို့ ပြင်ဆင်နေတာပဲ...ငါတို့အားလုံး အတူပူးပေါင်းပြီးတော့ ဒီခွေးအရာရှိကိုသတ်ပြီး လင်ကျိုးစီရင်စုကနေ ထွက်ပြေးကြရအောင်"

သူ ထိုစကားများကိုပြောဆိုလိုက်သော အချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး ရုတ်ရုတ်သဲသဲဖြစ်စပြုလာသည်။

လူအများစုသည် မျက်တောင်တဖျတ်ဖျတ်ခတ်နေကာ သူတို့ လှုပ်ရှားမည် မလှုပ်ရှားရမည်ကို တွေဝေစဥ်းစားနေကြသည်။

လုယွီကို ကာကွယ်စောင့်ကြပ်ပေးနေသော အစောင့်စစ်သားများသည် စိတ်လှုပ်ရှားနေကြကာ ထိုကျင့်ကြံသူများသည် လှည့်ဖျားမှုများကိုနားယောင်၍ သူတို့ထံသို့ တိုးဝင်တိုက်ခိုက်လာမည်ကို ထိတ်လန့်ကြောက်ရွံနေကြ၏။

လုယွီသည် ထိုခြိမ်းခြောက်စကားများကို အနည်းငယ်မျှပင် ကြောက်ရွံမည်မဟုတ်ဟု မည်သူက တွေးထင်မိမည်နည်း။သူက လူလတ်ပိုင်းကြီးနှင့်အဖိုးအိုတို့ကိုကြည့်ကာ သူ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။

"ငါက မင်းတို့ရဲ့သရုပ်မှန်ကို မဖော်ထုတ်ခဲ့ဘူး...ဒါပေမယ့် မင်းတို့က ငါ့ကို တစ်ကြိမ်ပြီးတစ်ကြိမ် ရန်စစော်ကားခဲ့တယ်...ငါက မင်းတို့ရဲ့သရုပ်မှန်ကိုမသိဘူးလို့ မင်းတို့ တကယ်ကြီးထင်နေကြတာလား"

ထိုသို့ပြောဆိုပြီးနောက် လုယွီက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ အဖြူရောင်လေလှိုင်းတစ်ရပ်က လူလတ်ပိုင်းကြီး၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားတော့သည်။

လူလတ်ပိုင်းကြီး၏အဝတ်အစား စုတ်ပြဲသွားကာ သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းတွင် သွေးနီရောင်မှော်သင်္ကေတအလွှာတစ်လွှာ ထွက်ပေါ်လာသည်။

"အား...ဒါက ဘာလဲ...မကောင်းတော့ဘူး"

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လူလတ်ပိုင်းကြီး၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။သူသည် သူ့နံဘေးပတ်ဝန်းကျင်ရှိ အဖြူရောင်လေလှိုင်းကို ရိုက်ထုတ်ရန် အားကုန်ကြိုးစားလိုက်၏။သို့ရာတွင် သူ မည်သို့ပင်ပြုလုပ်နေပါစေ ထိုအဖြူရောင်လေလှိုင်းသည် ပျက်ပြယ်သွားခြင်းမရှိချေ။

ရှဲ...ရှဲ..

တရှဲရှဲမြည်သံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ လူလတ်ပိုင်းကြီး၏ပြင်ပပုံပန်းသွင်ပြင် ပေါက်ထွက်သွားကာ သူ၏မူလပုံပန်းသွင်ပြင် ထွက်ပေါ်လာတော့သည်။

သူသည် အမှန်တကယ်အားဖြင့် လူသားအရေခွံကို လွှမ်းခြုံထားခြင်းပင်။

သူ၏အစစ်အမှန်ပုံပန်းသွင်ပြင်သည် ရက်စက်ကြမ်းကြုတ်ပြီး သူ၏မျက်လုံးအကြည့်က ပို၍အေးစက်နေသည်။

သို့ရာတွင် ဆွဲဆောင်မှုအရှိဆုံးအရာမှာ ထိုလူ၏မျက်လုံးအရောင်ပင်။

ထိုမျက်လုံးတစ်စုံသည် သွေးများယိုစီးကျနေသည့်အလား သွေးနီရောင်တောက်ပနေပေ၏။

"ဒီလူက နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပဲ"

နံဘေးဘက်မှလူများသည် အလျင်စလို ရှောင်ဖယ်လိုက်ကြရာ ထိုလူနှစ်ယောက်သာ အထင်းသားကျန်ရှိတော့သည်။

နတ်ဆိုးကျင့်ကြံသူများသည် အစောပိုင်းကပင် မြို့ပြင်၌ ရက်စက်ကြမ်းကြုတ်သောသတ်ဖြတ်မှုများကို ပြုလုပ်ခဲ့သည်။လူအများသည် နတ်ဆိုးကျင့်ကြံသူကို မြင်တွေ့သည်နှင့် တားမြစ်ချက်တစ်ခုကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြသည်။

"သေစမ်း"

နတ်ဆိုးကျင့်ကြံသူသည် သူ၏သရုပ်မှန် ပေါ်ပေါက်သွားသည်ကို မြင်တွေ့ချိန်၌ များစွာဂရုစိုက်မနေချေ။သူက ရုတ်တရက် ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်ကာ လုယွီထံဦးတည်၍ ထိုးစိုက်လိုက်၏။

ဘုန်း...

လုယွီက မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်သည်။ဓားချီတစ်လှိုင်းက လေထုအတွင်းသို့ပျံဝဲသွားကာ ထိုနတ်ဆိုးကျင့်ကြံသူ၏ခေါင်းကို ဖြတ်တောက်သွားသည်။

"သွားကြ...သူ့ကို သတ်ကြစမ်း"

လူအုပ်ကြားမှနေ၍ လူဆယ်ယောက်ကျော်ခန့် တိုးထွက်လာသည်။သူတို့သည် မှော်လက်နက်များကိုကိုင်ဆောင်၍ လုယွီထံဦးတည်ကာ တိုးဝင်လာကြသည်။

သူတို့သည် လူအုပ်အကြား၌ ပုန်းအောင်းနေသော နတ်ဆိုးကျင့်ကြံသူများပင်။

သူတို့၏သရုပ်မှန်များ ထွက်ပေါ်သွားပြီဖြစ်သဖြင့် ဆက်လက်၍ပုန်းအောင်းနေရန် မလိုအပ်တော့ချေ။

Chapter 3117

"အရှင့်ကို ကာကွယ်ကြ"

လုယွီ၏ဘေးရှိ အစောင့်ခေါင်းဆောင်သည် ချက်ချင်းဆိုသလိုပင် သူ၏လူများကိုဦးဆောင်၍ နတ်ဆိုးကျင့်ကြံသူများထံသို့ ပြေးဝင်တိုက်ခိုက်သည်။

ထိုလူများကို စစ်တပ်မှစစ်မှုထမ်းဟောင်းများနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ထို့ကြောင့် သူတို့သည် ထိုနတ်ဆိုးကျင့်ကြံသူများကို လွယ်လင့်တကူ ရင်ဆိုင်ဖြေရှင်းနိုင်ပေ၏။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ မပြည့်မီမှာပင် နတ်ဆိုးကျင့်ကြံသူများအားလုံး ဖမ်းဆီးခံရကာ ကြိုးများဖြင့်တုပ်နှောင်၍ မြေပြင်ပေါ်၌ဒူးထောက်ရက်အနေအထားဖြင့် ထိန်းသိမ်းခံလိုက်ရသည်။

နံဘေးပတ်ဝန်းကျင်တွင် မတ်တတ်ရပ်နေသောကျင့်ကြံသူများအပြင် အဝေးမှနတ်ဘုရားစိတ်အာရုံအမြောက်အများကလည်း ဤနေရာသို့ကျရောက်လာကာ သူတို့ရှေ့ရှိမြင်ကွင်းကို စောင့်ကြည့်နေကြသည်။

"အရှင်...နတ်ဆိုးကျင့်ကြံသူတွေအားလုံးကို ဖမ်းဆီးပြီးပါပြီ....သူတို့ကို ဘာလုပ်လိုက်ရမလဲ"

"သတ်လိုက်"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ စစ်သားများက သူတို့၏ဓားများကိုမြှောက်ပြီး နတ်ဆိုးကျင့်ကြံသူများကို သတ်ဖြတ်လိုက်တော့သည်။

လုယွီက ထိုနတ်ဆိုးကျင့်ကြံသူများ၏အလောင်းများပေါ်သို့ ခြေဖြင့်နင်းကာ ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီး အေးစက်စက်အသံဖြင့်ပြောဆိုသည်။

"မင်းတို့အားလုံး မြင်ပြီလား...မင်းတို့အားလုံး ဒီနေရာကို ရောက်လာရတဲ့အကြောင်းရင်းက နတ်ဆိုးကျင့်ကြံသူတွေရဲ့ လှည့်ဖျားမှုကြောင့်ပဲ...သူတို့က မင်းတို့ကို မြို့ထဲကနေ ဘာလို့ထွက်ပြေးစေချင်နေလဲဆိုတာ မင်းတို့သိလား"

"သွေးနတ်ဆိုးဂိုဏ်းရဲ့နည်းလမ်းတွေအကြောင်းကိုတော့ ငါ မင်းတို့ကို မပြောတော့ဘူး...ငါ မင်းတို့ကို တစ်ခုပဲပြောမယ်...မြို့ပြင်မှာ အနည်းဆုံး သွေးနတ်ဆိုးအသိုက်တစ်သောင်းကျော်ရှိနေတယ်...အဲ့ဒီအရာတွေအတွက် အသွေးအသားတွေလိုအပ်တယ်...တကယ်လို့ မင်းတို့က မြို့ပြင်ကိုထွက်မယ်ဆိုရင် မင်းတို့ရဲ့သေလမ်းကို မင်းတို့ကိုယ်တိုင်ရှာတာပဲ...နတ်ဆိုးကျင့်ကြံသူတွေက လင်ကျိုးစီရင်စုတစ်စုလုံးကို ဝိုင်းရံထားတာ...မင်းတို့ထွက်ပြေးသွားတာကို သူတို့က ကြည့်နေမယ်လို့ မင်းတို့ ထင်နေတာလား"

"လင်ကျိုးစီရင်စုရဲ့တရားသူကြီးလင်းရှန်...သူက ရာထူးကနေစွန့်ခွာပြီးတော့ ပုန်ကန်သူစစ်တပ်နဲ့ပူးပေါင်းခဲ့တယ်...ဒါက ကြီးလေးတဲ့ ရာဇဝတ်မှုကြီးပဲ...သူ့ရဲ့အဆုံးသတ်ရလဒ်ကို မင်းတို့အားလုံး မြင်ကြတယ်မလား...လင်းရှန်ရဲ့ခြေလှမ်းအတိုင်းလိုက်ချင်တဲ့ ဘယ်သူမဆို မြို့ထဲကနေ လွတ်လွတ်လပ်လပ်ထွက်သွားပြီးတော့ ကြိုးစားကြည့်နိုင်တယ်...အဲ့ဒီလူစိတ်ပျောက်နေတဲ့ နတ်ဆိုးကျင့်ကြံသူတွေက မင်းတို့ကို ကောင်းကောင်းဆက်ဆံမလား ဒါမှမဟုတ် ကွပ်မျက်စင်မြင့်ပေါ်ကိုပို့မလားဆိုတာ စောင့်ကြည့်ရတာပေါ့"

ဤှသည်က လုယွီ၏သတိပေးချက်ပင်။

စီရင်စုရုံးတော်ကိုဆန့်ကျင်၍ ပုန်ကန်သူစစ်တပ်နှင့် ပူးပေါင်းဝံ့သော မည်သူမဆို ဤကဲ့သို့အဆုံးသတ်နှင့် ရင်ဆိုင်ရပေမည်။

မြို့မှခိုးထွက်ပြီး နတ်ဆိုးကျင့်ကြံသူများနှင့်ပူးပေါင်းရန် ကြံစည်နေသော လူတချို့သည် ချက်ချင်းဆိုသလိုပင် ထိုအတွေးကို ပြန်ရုတ်သိမ်းလိုက်၏။

တခြားအရာများကို ထည့်သွင်းမစဥ်းစားလျှင်ပင် လင်းရှန်သည် လောလောလတ်လတ်ဥပမာပင်။

လင်းရှန်သည် ပြင်းပြင်းထန်ထန်ညှင်းပန်းနှိပ်စက်ခံရပြီးနောက် အရှင်လတ်လတ်ဆုတ်ဖြဲ၍ သတ်ဖြတ်ခံရသည်။ဤသည်က အမှန်တကယ်ကို ဆိုးရွားသောသေခြင်းပင်။

"မင်းတို့ ရှင်းရှင်းလင်းလင်းသိပြီဆိုရင်...ငါ့ကိုဆက်ပြီး မနှောက်ယှက်ကြနဲ့...ဒီနေ့ကနေစပြီးတော့ အခွင့်အာဏာမရှိဘဲနဲ့ စီရင်စုရုံးတော်ထဲကို ကျူးကျော်ဝင်လာဝံ့တဲ့ ဘယ်သူမဆို ကွပ်မျက်ခံရမယ်"

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ဆက်လက်ပြောဆိုသည်။

"ဒီနေ့ကနေစပြီးတော့ စိတ်ပုံထွင်းနယ်ပယ်နဲ့အထက်ကျင့်ကြံသူတွေအားလုံး စစ်တပ်နဲ့ပူးပေါင်းရမယ်...စိတ်ပုံထွင်းနယ်ပယ်ရဲ့အောက်အဆင့် ကျင့်ကြံသူတွေက တကယ်လို့ ထူးခြားတဲ့အခြေအနေတစ်ခုဖြစ်လာတာနဲ့ ကင်းလှည့်သမားတွေနဲ့ သတင်းပို့ဆက်သားတွေအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရမယ်"

"ဒီနေ့ကနေစပြီးတော့ အိမ်တိုင်းကနေ တပ်သားသစ်ဖြစ်ဖို့ အရည်အချင်းပြည့်မီတဲ့လူတွေအားလုံး စစ်ရေးခန်းမကိုသတင်းပို့ပြီးတော့ တာဝန်ထမ်းဆောင်ရမယ်....တကယ်လို့ မင်းတို့တွေ အသက်ရှင်ချင်တယ်ဆိုရင်...မင်းတို့ရဲ့ခွန်အားတွေ ငါ့ကို မျှဝေပေးရမယ်...တကယ်လို့ မင်းက သေမျိုးတစ်ယောက် ဖြစ်နေရင်တောင် နေ့တိုင်းကင်းလှည့်ရမယ်...ဘယ်သူမှချွင်းချက်မရှိဘူး"

"ပြီးတော့ မင်းတို့ရဲ့တိုက်ပွဲအောင်မြင်မှုတွေအားလုံးကို မှတ်တမ်းတင်ထားမယ်...ပုန်ကန်သူစစ်တပ်ကို နှိမ်နင်းပြီးတဲ့အချိန်ကျရင် နောင်အနာဂတ်မှာ တော်ဝင်နန်းတွင်းက မင်းတို့ကို မမျှတတဲ့ဆက်ဆံမှုမျိုး ပေးမှာမဟုတ်ဘူး"

အကယ်၍ သာမာန်နေ့ရက်အတွင်းတွင် လုယွီ ဤကဲ့သို့အမိန့်မျိုး ထုတ်ပြန်ကြေငြာပါက ဆန့်ကျင်မှုများရှိလာမည်မှာ သေချာပေါက်ပင်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ပတ်ဝန်းကျင်နေရာတဝိုက်လုံး ထူးထူးဆန်းဆန်း တိတ်ဆိတ်ငြိမ်သက်နေသည်။

ကျင့်ကြံသူများအားလုံး နှုတ်ဆိတ်နေပေ၏။

စီရင်စုတစ်စုလုံးကို ဝိုင်းရံခြင်းခံထားရသဖြင့် ကျင့်ကြံသူများအားလုံး အသက်ရှင်သန်လိုစိတ်များ ပြင်းပြနေသည်။

မြို့သာဖျက်ဆီးခံလိုက်ရပါက သူတို့သည် လင်းရှန်ကဲ့သို့ သေဆုံးရမည်ဖြစ်ကာ အလောင်းအပြည့်အစုံပင် ကျန်မည်မဟုတ်ချေ။

အကယ်၍ မြို့ကိုသာခုခံကာကွယ်နိုင်ပါက သူတို့၏တိုက်ပွဲအကျိုးဆောင်ရမှတ်များကို မူတည်၍ တော်ဝင်နန်းတွင်းမှ အကျိုးကျေးဇူးများ ရရှိနိုင်ပေမည်။

တစ်ဖက်တွင် အကြွင်းမဲ့ဘေးကပ်ဆိုးကြီးရှိနေပြီး တခြားတစ်ဖက်တွင် လိုချင်တပ်မက်ဖွယ်အကျိုးအမြတ်ကြီးရှိနေသည်။

ပုန်ကန်သူစစ်တပ် မြို့ကိုဝိုင်းရံပြီးနောက် ရက်အနည်းငယ်အကြာတွင် သေရေးရှင်ရေးအခြေအနေအောက်၌ လင်ကျိုးစီရင်စုကို နောက်ဆုံး၌ ပေါင်းစည်းနိုင်လေပြီ။

စစ်ရေးခန်းမ၏စွမ်းဆောင်ရည်သည် လွန်စွာမြင့်မားပေ၏။

လုယွီ၏စီမံကွပ်ကဲမှုအောက်တွင် နှစ်ရက်အတွင်း၌ လင်ကျိုးစီရင်စုအတွင်းရှိကျင့်ကြံသူများအားလုံး၏စာရင်းဇယားကို ပြုစုနိုင်ခဲ့သည်။

ထိုကျင့်ကြံသူများအကြားတွင် စိတ်ပုံထွင်းနယ်ပယ်၏အထက်ကျင့်ကြံသူ တစ်သိန်းတစ်သောင်း ရှိနေလေ၏။

Chapter 3118

စိတ်ပုံထွင်းနယ်ပယ်သည် တာယွီစစ်တပ်မှတပ်သားသစ်များခေါ်ယူရာ၌ အခြေခံအကျဆုံးသတ်မှတ်အဆင့်ဖြစ်သည်။

ဤှအဆင့်သို့ရောက်ရှိသော ကျင့်ကြံသူများတွင် တိုက်ခိုက်ရေးစွမ်းရည် အတိုင်းအတာတစ်ခုထိရှိကာ မှော်လက်နက်များကို ကျွမ်းကျင်စွာထိန်းချုပ်နိုင်သည်။အကယ်၍ သူတို့ကို စစ်တပ်အတွင်းသို့ ပေါင်းထည့်လိုက်လျှင်ပင် အချင်းချင်း အလျှင်အမြန်လိုက်လျောညီထွေဖြစ်သွားကာ ပူးပေါင်းဆောင်ရွက်နိုင်ပေမည်။

သူတို့သည် လင်ကျိုးမြို့၏တပ်သားသစ်များအနက်မှ အဓိကအင်အားစုပင်။

အကယ်၍ စစ်တပ်၏အင်အား တိုးပွားလာလျှင်ပင် လင်ကျိုးမြို့ဘက်မှအနိုင်ရရန် အခွင့်အရေးနိမ့်ပါးနေဆဲဖြစ်ကြောင်း လူတိုင်း သိရှိထားကြ၏။

သို့ရာတွင် သေရေးရှင်ရေးအခြေအနေသည် သူတို့၏ရှေ့၌ ရောက်ရှိနေလေပြီ။အကယ်၍ မြို့သာဖျက်ဆီးခံရပါက သူတို့သည် အလောင်းအပြည့်အစုံပင်မရှိဘဲ သေဆုံးရပေမည်။

သေခြင်းတရား၏ခြိမ်းခြောက်မှုအောက်တွင် လူတိုင်းထံမှနေ၍ အံ့အားသင့်ဖွယ်ကောင်းသော အလားအလာများ ပွင့်အံ့ထွက်လာသည်။အချိန်တိုအတွင်းတွင် စစ်မှုထမ်းခြင်းကို အစီအစဥ်တကျ လုပ်ဆောင်နိုင်ခဲ့ပြီး စစ်မှုမထမ်းမနေရအမိန့်ကိုပင် အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ခဲ့လေ၏။

ဤကဲ့သို့မြင်ကွင်းမျိုး ထွက်ပေါ်လာသဖြင့် မူလက စိုးရိမ်ပူပန်နေခဲ့သော ချင်ယုကို ဆွံအသွားစေသည်။

"အရှင်...ဒီနေ့လိုအခြေအနေမျိုးဖြစ်လာမယ်လို့ မင်း မျှော်လင့်ထားပြီးသားလား"

ချင်ယုက လုယွီကို မေးမြန်းသည်။

လုယွီက ခေါင်းခါပြလေ၏။

"ငါက အစီအစဥ်ရဲ့အစိတ်အပိုင်းတစ်ပိုင်းကိုပဲ တွက်ချက်နိုင်တာ...အဆုံးသတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ငါ အတိအကျမသိဘူး"

လုယွီ၏စိတ်နှလုံးသားအတွင်း၌ ဤကိစ္စများကိုဖြေရှင်းရန် နည်းဗျူဟာအမြောက်အများရှိသည်။

သို့ရာတွင် ဤတစ်ကြိမ် သူရင်ဆိုင်နေရသောပြိုင်ဘက်သည် အစစ်အမှန်စစ်နည်းဗျူဟာရှင်တစ်ယောက်မဟုတ်သည်မှာ သိသာထင်ရှားလှ၏။

စစ်ဗျူဟာများအရ မြို့ကိုဝိုင်းရံထားခြင်းသည် များသောအားဖြင့် လုံးလုံးလျားလျား ချောင်ပိတ်မထားရချေ။တစ်ဖက်လူကို လွတ်လမ်းတစ်ခုပေးကာ ထိုလူများ၏စိတ်ဆန္ဒများကို ပြိုကွဲစေပါက အလိုအလျောက် ပျက်စီးပြိုကွဲသွားပေမည်။

မြို့ကို လေးဘက်လေးတန်မှ ဝိုင်းရံထားပြီးနောက် သူတို့ထံအရှုံးပေးအညံ့ခံသူများကို သတ်ဖြတ်ခြင်းသည် စစ်နည်းဗျူဟာအရ အမှားကြီးတစ်ခုကိုကျူးလွန်ခြင်းပင်။

နတ်ဆိုးကျင့်ကြံသူများသည် လင်ကျိုးစီရင်စုအတွင်းရှိလူများအားလုံး အစွမ်းကုန်ပြန်လည်တိုက်ခိုက်လာစေရန် အတင်းအကြပ် ဖိအားပေးခဲ့သည့်သဘောမျိုး သက်ရောက်သွားသည်။

တစ်ဖက်ရန်သူများ၏ခေါင်းဆောင်သည် ပုန်ကန်သူစစ်တပ်မဟုတ်ဘဲ နတ်ဆိုးကျင့်ကြံသူများဘက်မှဖြစ်နေသည်မှာ သိသာထင်ရှားလှ၏။

သူ၏ရုန့်ရင်းကြမ်းတမ်းသော အတွေးများ၏သက်ရောက်မှုကြောင့် လင်ကျိုးမြို့ကိုသိမ်းပိုက်ရာ၌ ရင်ဆိုင်ရမည့်အခက်အခဲများ အဆများစွာ ပို၍မြင့်တက်သွားလေပြီ။

"ချင်ယု...နောက်ထပ်ရက်အနည်းငယ်အတွင်းမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဆင်နွှဲရလိမ့်မယ်...ဒီအကြိမ်မှာ သူတို့ဘက်က သွေးနတ်ဆိုးအသိုက်တွေကို ခင်းကျင်းပြီးလောက်ပြီ...အဲ့ဒီသွေးနတ်ဆိုးတွေ မြို့ရိုးတွေကို တိုက်ခိုက်လာမယ့်စွမ်းအားက အားနည်းမှာမဟုတ်ဘူး...မင်း ကြိုတင်ပြင်ဆင်ထားရမယ်"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ ချင်ယုကို သွားခွင့်ပြုလိုက်၏။

ရုတ်ချည်းဆိုသလိုပင် သူက ထိုက်ကျန်းခန်းမသခင်ကိုခေါ်ယူကာ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန် ပြောဆို၍ ညွှန်ကြားချက်တချို့ပေးလိုက်သည်။

လုယွီ၏အစီအစဥ်ကိုကြားချိန်၌ ထိုက်ကျန်းခန်းမသခင်သည် အနည်းငယ်အံ့အားသင့်တုန်လှုပ်သွားသော်လည်း မည်သည့်စကားတစ်ခွန်းမျှမဆိုချေ။

လုယွီ၏အမျိုးမျိုးသော အစီအစဥ်များသည် ယခင်တိုက်ခိုက်ခံရမှုများ ဖြစ်ပွားပြီးနောက် လင်ကျိုးစီရင်စုအတွက် များစွာအကျိုးသက်ရောက်မှုရှိကြောင်း သက်သေပြပြီးဖြစ်သည်။သူသည် လုယွီကို ထွင်းဖောက်၍မမြင်နိုင်သည်ကို ထိုက်ကျန်းခန်းမသခင်က ကောင်းစွာသိရှိထားပေ၏။သူ လုပ်ဆောင်ရန် လိုအပ်သောကိစ္စမှာ လုယွီ သူ့အားညွှန်ကြားသောအရာများပင်။

ထိုက်ကျန်းခန်းမသခင် ထွက်ခွာသွားစဥ်တွင် ခန်းမအတွင်း၌ လုယွီတစ်ယောက်တည်းသာ ကျန်ရှိတော့သည်။

လုယွီက စာရွက်တစ်ရွက်ကို ဖြန့်လိုက်သည်။

ထိုအရာပေါ်၌ ရေးသားထားသည်မှာ အချိန်မှန် နေရာမှန်နှင့် လူမှန်ဟူ၍ပင်။

လုယွီက စုတ်တံကိုအသုံးပြုကာ 'လူမှန်'ဟူသောနေရာကို စက်ဝိုင်းဝိုင်းလိုက်သည်။

"အခုထိ အချိန်မှန် မကျသေးဘူး"

လုယွီက တီးတိုးရေရွတ်ကာ ပြတင်းပေါက်၏ပြင်ပကို ကြည့်လိုက်၏။

ရက်အနည်းငယ်ကြာပြီးနောက် နတ်ဘုရားမျက်လုံးဝင်္ကပါကြီးက လင်ကျိုးစီရင်စု၏အထက်ကောင်းကင်ယံအတွင်း၌ တဖန်ပြန်၍ ထွက်ပေါ်လာသည်။

ထိုဝင်္ကပါကြီးထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် လင်ကျိုးစီရင်စုအတွင်း၌ ခြေကုပ်စခန်းဆောက်၍ ပုန်းအောင်းနေသော နတ်ဆိုးကျင့်ကြံသူများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။အစောင့်တပ်မှနေ၍ စစ်သားများစေလွှတ်၍ ထိုခြေကုပ်စခန်းများကို ဖျက်ဆီးလိုက်၏။

နတ်ဘုရားမျက်လုံးဝင်္ကပါကြီး ရှိနေခြင်းကြောင့် လင်ကျိုးစီရင်စုအတွင်းရှိအခြေအနေများ ချက်ချင်းဆိုသလိုပင် တည်ငြိမ်သွားသည်။

မိုးကောင်းကင်ယံအတွင်း၌ မျောလွင့်နေသော မျက်လုံးတစ်စုံသည် ပြင်ပရန်သူကိုခုခံကာကွယ်ရာ၌ လင်ကျိုးစီရင်စုတစ်စုလုံး၏အရံအတားပင်။ထိုအရာရှိနေပါက စစ်သားများဘက်တွင် ပုန်ကန်သူများဘက်တွင်မရှိနိုင်သည့် အားသာချက်တစ်ခု ရှိနေသည်။

တခြားတစ်ဖက်တွင် နတ်ဆိုးကျင့်ကြံသူများထံ၌ ဝင်္ကပါပညာရှင် မကျန်ရှိတော့သဖြင့် မြို့ကို ပြင်းပြင်းထန်ထန် ဝိုင်းရံတိုက်ခိုက်ရုံသာ လုပ်ဆောင်နိုင်ခဲ့သည်။

ပုန်ကန်သူစစ်တပ်သည် မြို့ရိုးအနီးသို့ ချဥ်းကပ်နိုင်ရန်ပင် တန်ကြေးကြီးစွာ ပေးဆပ်ခဲ့ရသည်။သို့ရာတွင် မြို့ရိုးအနီးသို့ ရောက်ရှိသွားသူများသည် အပြင်းအထန်ဒဏ်ရာရရှိသူများသာ ဖြစ်ပေ၏။

ထိုပြင်းထန်စွာတိုက်ခိုက်မှုသည် ရက်အနည်းငယ်ကြာမြင့်ခဲ့ပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။

ဝင်္ကပါကြီး၏ကာကွယ်မှုရှိနေသော်လည်း လစ်ဟနေသော တချို့နေရာများကို အခွင့်ကောင်းရှာကာ ဖြတ်သန်းသွားခဲ့သော ပုန်ကန်သူတချို့ရှိခဲ့သဖြင့် လင်ကျိုးစီရင်စုဘက်မှလည်း စစ်သားအမြောက်အများ ဆုံးရှုံးခဲ့ရသည်။

Chapter 3119

တတိယလသို့ ရောက်ရှိလာလေပြီ။

ပုန်ကန်သူများ၏ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် လင်ကျိုးစီရင်စုသည် မားမားမတ်မတ်တည်ရှိနေဆဲပင်။

ဤအချိန်အခိုက်အတန့်တွင် လင်ကျိုးစီရင်စုသည် ကြီးမားသောစစ်တပ်မြို့ကြီးဖြစ်နေလေပြီ။စစ်တပ်ဆိုင်ရာစက်ယန္တရားများက လျှင်မြန်စွာလည်ပတ်နေကာ စီရင်စုအတွင်းရှိလူတိုင်းနီးပါး ခုခံကာကွယ်ရာ၌ ပါဝင်တာဝန်ယူထားကြ၏။

မြို့ရိုးပေါ်၌ မတ်တတ်ရပ်ကာ အဝေးသို့ကြည့်လိုက်ပါက ပြင်ပရှိကောင်းကင်ယံသည် သွေးများစိုရွှဲနေသကဲ့သို့ နီမြန်းနေကာ လေလွင့်ဝိညာဥ်များ သရဲတစ္ဆေများ၏မြည်တမ်းသံများနှင့် ပြည့်နှင့်နေသည်ကို တွေ့မြင်ရပေမည်။

ချင်ယုသည် မြို့ရိုးကိုမှီ၍ လဲလျောင်းနေကာ သူသည် အနည်းငယ်ပင်ပန်းနေပုံရပြီး သူ၏မျက်လုံးများ ပေါက်ထွက်လုမတက် နီမြန်းနေသည်။

ဤသည်က တစ်စုံတစ်ယောက်သည် အတွေးလွန်ကဲပြီး အဆုံးစွန်ဆုံးအဆင့်ထိ ပင်ပန်းနွမ်းနယ်သွားချိန်၌ ဖြစ်လေ့ရှိသော အခြေအနေမျိုးပင်။

ယေဘုယျကျကျပြောဆိုရလျှင် လောကီအင်မော်တယ်တစ်ယောက်သည် ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့်မှော်စွမ်းအား အလွန်အမင်း သန်မာအားကောင်းပေ၏။အကယ်၍ သူတို့သည် ဆယ်ရက်တိုင်တိုင် အိပ်စက်အနားယူခြင်းမရှိလျှင်ပင် သူတို့ထံ၌ စွမ်းအားအပြည့်ဖြင့် တက်ကြွဖျတ်လတ်နေပေမည်။

သို့ရာတွင် ချင်ယုသည် နေ့စဥ်နေ့တိုင်း ကိစ္စများစွာကို ကိုင်တွယ်ဖြေရှင်းရသည်။ပုန်ကန်သူစစ်တပ်၏တိုက်ခိုက်မှုများကို အဆက်မပြတ်ခုခံကာကွယ်ပြီးနောက် သူ အလွန်ပင်ပန်းနွမ်းနယ်လာသကဲ့သို့ ခံစားလိုက်ရသည်။

"အရင်ပုံစံအတိုင်းဆိုရင် နောက်ထပ်တစ်နာရီအတွင်းမှာ ရန်သူတွေက နောက်ထပ်တိုက်ခိုက်လာလိမ့်မယ်...ငါ နောက်တစ်ကြိမ်တိုက်ခိုက်မှုကို ခုခံလိုက်မယ်...မင်း သွားအနားယူတော့"

လုယွီက ရုတ်တရက် ချင်ယု၏နံဘေးသို့ လျှောက်လှမ်းလာကာ တည်ငြိမ်စွာပြောဆိုသည်။

ချင်ယု၏ခန္ဓာကိုယ် တုန်ရီသွားကာ သူက ယိုင်တိယိုင်တိုင်ဖြင့် မတ်တတ်ထရပ်လိုက်၏။သူက အံ့အားသင့်နေသော အကြည့်ဖြင့် လုယွီကို ကြည့်လိုက်သည်။

"အရှင်...ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကို ရောက်လာတာလဲ"

အကယ်၍ သာမာန်အတိုင်းဆိုပါက လျှိုမင်သည် သူထံလာရောက်၍ တာဝန်လဲလှယ်ပေလိမ့်မည်။လုယွီ မြို့ရိုးပေါ်၌ ထွက်ပေါ်လာသောအချိန်မှာ လွန်စွာရှားပါးသည်။

လင်ကျိုးစီရင်စုအတွင်း၌ နေ့စဥ်အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရသည်မှာ အလွန်အမင်းရှုပ်ထွေးသည်။လုယွီသည် နေ့စဥ်နေ့တိုင်း ကိစ္စအမြောက်အများကို စီမံခန့်ခွဲရသဖြင့် ပြင်ပသို့ထွက်နိုင်ခြင်းမရှိချေ။

များသောအားဖြင့် ဤအချိန်မျိုးတွင် လုယွီသည် လင်ကျိုးစီရင်စုရုံးတော်အတွင်း၌ ရုံးတော်အလုပ်များကို ကိုင်တွယ်ဖြေရှင်းနေပေမည်။

ဤကဲ့သို့ သေရေးရှင်ရေးအချိန်ကာလအတွင်းတွင် လုယွီသည် လင်ကျိုးစီရင်စုအတွင်းရှိ စစ်သားများ၏စိတ်ဓာတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းပေးနိုင်သည့် တစ်ယောက်တည်းသောသူဖြစ်သည်။မြို့ရိုးကဲ့သို့ အန္တရာယ်များသောနေရာမျိုးတွင် အကယ်၍ အရေးပေါ်ကိစ္စမဟုတ်ပါက လုယွီ ထွက်ပေါ်လာလေ့မရှိချေ။

"လူတိုင်းကို သတိနဲ့နေဖို့ ပြောလိုက်စမ်း...သူတို့ရဲ့ အစစ်အမှန် သတ်ဖြတ်ခြင်းလှုပ်ရှားမှု စတင်တော့မယ်"

လုယွီက ပြောဆိုသည်။

ချင်ယု၏မျက်လုံးများပြူးကျယ်သွားကာ သူသည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သဘောပေါက်သွားသည်။သူက အလျှင်အမြန် အဝေးသို့ မျှော်ကြည့်လိုက်၏။

မြို့ရိုး၏ပြင်ပတွင် ထူထပ်သိပ်သည်းသော သွေးမြူခိုးများဖွဲ့စည်းနေကာ ပုန်ကန်သူစစ်စခန်းအတွင်း၌ နှေးကွေးသောအရှိန်ဖြင့် ပျံ့နှံ့နေသည်။

လင်ကျိုးစီရင်စု၏ နတ်ဘုရားမျက်လုံးဝင်္ကပါမှနေ၍ သွေးမြူခိုးများကို ထွင်းဖောက်နိုင်ရန် ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။သို့ရာတွင် ထိုသွေးမြူခိုးများအကြားတွင် ရှေ့နောက်ခေါက်တုံ့ခေါက်ပြန် ကူးလူးနေသော ဝိုးတဝါးပုံရိပ်များကိုသာ တွေ့မြင်ရပေ၏။

"အားလုံးပဲ မတ်တတ်ရပ်ကြစမ်း...ဝင်္ကပါထဲကိုဝင်ပြီး ရန်သူကိုရင်ဆိုင်ဖို့ ပြင်ဆင်ကြတော့"

ချင်ယု၏ခန္ဓာကိုယ်တုန်ရီသွားကာ ချက်ချင်းဆိုသလိုပင် အော်ဟစ်၍အမိန့်ပေးလိုက်တော့သည်။

မြို့ရိုးပေါ်တွင်ရှိနေသော စစ်သားများအားလုံး အလျှင်အမြန် မတ်တတ်ရပ်လိုက်ကြသည်။သူတို့အနက်မှ တချို့စစ်သားများသည် နှစ်ခြိုက်စွာအိပ်မောကျနေဆဲဖြစ်သဖြင့် သူတို့၏အပေါင်းအဖော်များက နှိုးလိုက်ရလေ၏။

သွေးမြူခိုးများအကြားမှနေ၍ တိုးညှင်းသောဟိန်းသံများက စစ်သားများ၏နားအတွင်းသို့ ဝင်ရောက်လာသည်။

"သွေးမြူခိုးတွေ ချဥ်းကပ်လာပြီ"

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

အဝေး၌ရှိနေသော ထူထပ်သိပ်သည်းသော သွေးမြူခိုးများသည် မြို့ရိုးထံဦးတည်၍ မျောလွင့်လာသည်။

စစ်သားများသည် လေထုအတွင်း၌ရောနှောနေသော သွေးညှီနံကို ရှုရှိုက်မိလေ၏။

ချင်ယုသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လုယွီဘက်သို့လှည့်ကြည့်ကာ မေးမြန်းလေသည်။

"သွေးနတ်ဆိုးတွေလား"

လုယွီက ခေါင်းညိတ်ပြလိုက်သည်။

"အမှန်ပဲ...သွေးနတ်ဆိုးတွေ ဖန်တီးနေတဲ့ အချိန်ပြီးသွားပြီ...ဒီနေ့က သူတို့ရဲ့အသိုက်တွေထဲကနေ သွေးနတ်ဆိုးတွေ ထွက်လာတဲ့နေ့ပဲ"

ချင်ယု၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။သူ၏မျက်နှာပေါ်တွင် သွေးအရိပ်အယောင်မရှိတော့ဘဲ ဖြူရော်နေသည်။

သူ၏အသံ လွင့်ပြယ်သွားသောအချိန်မှာပင် မြို့ရိုး၏ပြင်ပမှနေ၍ နားအူလုမတတ် ဟိန်းဟောက်သံကြီးများက လေထုအတွင်းသို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ဝေါင်း...

ဝေါင်း...

သွေးမြူခိုးများအကြားမှနေ၍ လှုပ်ယမ်းနေသောပုံရိပ်ကြီးများက ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်လာသည်။

ပြင်ပပုံပန်းအရဆိုလျှင် ထိုပုံရိပ်ကြီးများသည် လူသားများနှင့် အတော်အသင့် တူညီပေ၏။သို့ရာတွင် သူတို့၏ခန္ဓာကိုယ်များကို ထူထပ်သိပ်သည်းသော သွေးများနှင့် လွှမ်းခြုံထားသဖြင့် သူတို့၏မူလပုံပန်းသွင်ပြင်ကို အနည်းငယ်မျှပင် မတွေ့မြင်နိုင်ချေ။

လူသားပုံသဏ္ဍာန်ရှိသော သွေးနတ်ဆိုးများသည် အသိစိတ်ကင်းမဲ့နေသော ရုပ်သေးများအလား ယိုင်တိုင်တိုင်ဖြင့် မြို့ရိုးထံသို့ဦးတည်၍ လျှောက်လှမ်းလာကြသည်။

သူတို့ထံတွင် ပါးစပ်ပေါက်များမပါရှိသော်လည်း ထူးဆန်းသောအသံများကို ပြုလုပ်နိုင်သည်။တချို့အသံများသည် နတ်ဆိုးသားရဲများ၏ဒေါသတကြီးဟိန်းဟောက်သံနှင့် တူညီပေ၏။တချို့အသံများသည် မိန်းမတစ်ယောက်၏မြည်တမ်းသံနှင့်တူညီကာ တချို့သည် ကလေးများ၏ငိုကြွေးသံကဲ့သို့ ထွက်ပေါ်နေသည်။

ဤသည်က သွေးနတ်ဆိုးများပင်။

သက်ရှိများကို အမျိုးမျိုးသောနည်းလမ်းများဖြင့် ညှင်းပန်းနှိပ်စက်မှုပြီးနောက် သေဆုံးသွားသော စိတ်ဝိညာဥ်များ၏ဒေါသများနှင့် နာကျည်းမုန်းတီးမှုစွမ်းအားများသည် ထိုသွေးနတ်ဆိုးများထံတွင် တွယ်ကပ်နေပေ၏။

Chapter 3120

လင်ကျိုးစီရင်စု၏ပြင်ပရှိ မြေပြန့်ပေါ်၌ မျက်စေ့ဖြင့်မြင်နိုင်သမျှအကွာအဝေးထိ သွေးနတ်ဆိုးများနှင့် ပြည့်နှက်နေသည်။

နတ်ဆိုးကျင့်ကြံသူများသည် ပုန်ကန်သူစစ်တပ်မှနေ၍ ရှေ့သို့ပျံဝဲထွက်လာသည်။သူတို့၏လက်များအတွင်း၌ မှော်လက်နက်များကို ကိုင်ဆောင်၍ သူတို့၏ပါးစပ်များမှနေ၍ တစ်စုံတစ်ခုကို တီးတိုးရွတ်ဆိုနေကြ၏။

သူတို့၏မှော်မန္တန်များနှင့်ထိန်းချုပ်မှုအောက်တွင် သွေးနတ်ဆိုးများသည် တပြိုင်နက်တည်း ခေါင်းမော့လိုက်ကြကာ ပို၍ပင်ကျယ်လောင်သော ဟိန်းဟောက်သံများက ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ဝုန်း...ဝုန်း...

မြောက်များစွာသော သွေးနတ်ဆိုးများက လင်ကျိုးစီရင်စုထံသို့ဦးတည်၍ ပြေးဝင်လာကြသည်။

ပုန်ကန်သူစစ်သားများနှင့်နှိုင်းယှဥ်ပါက ထိုသွေးနတ်ဆိုးများ၏လှုပ်ရှားမှုသည် ပို၍လျှင်မြန်ပြီး ရူးသွပ်မိုက်မဲသည်။

သူတို့သည် နာကျင်မှုကိုလည်းမသိ ကြောက်ရွံထိတ်လန့်မှုကိုလည်း မသိရှိကြချေ။

ဤအချိန်အခိုက်အတန့်တွင် မြို့ရိုးပေါ်ရှိစစ်သားများသည် မြို့ထံပြေးဝင်လာသော အင်အားကြီးမားသည့် သွေးနတ်ဆိုးစစ်တပ်ကြီးကို မြင်တွေ့လိုက်ရ၏။

"ရန်သူတွေကို ရင်ဆိုင်ဖို့ပြင်ဆင်ကြတော့...မြန်မြန်လုပ်ကြစမ်း"

ချင်ယုသည် သူ၏ဦးရေပြား တင်းကြပ်လာသကဲ့သို့ ခံစားလိုက်ရသည်။သူသည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်သဖြင့် ထိုသွေးနတ်ဆိုးများထံမှ ထွက်ပေါ်နေသည့် အစွမ်းထက်သောအရှိန်အဝါများကို အာရုံခံမိသည်။

လင်ကျိုးစီရင်စု၏မြို့ရိုးပေါ်မှ စစ်သားများအားလုံး တိုက်ပွဲဝင်ဝင်္ကပါကိုဖွဲ့စည်းကာ ရန်သူကိုရင်ဆိုင်ရန် အဆင်သင့်ပြင်ဆင်လိုက်ကြသည်။

သွေးနတ်ဆိုးများ၏ပထမတစ်သုတ်သည် အလွန်လျှင်မြန်စွာဖြင့် မြို့တံခါးအနီးသို့ ချဥ်းကပ်လာလေပြီ။

ဟူး...ဟူး...

လင်ကျိုးစီရင်စု၏နံဘေးပတ်လည်တွင် တစ်ချိန်လုံး လှည့်ပတ်ပျံဝဲနေသည့် ဓားပျံများမှနေ၍ တုန်ခါသံများ စတင်၍ထွက်ပေါ်လာသည်။

သွေးနတ်ဆိုးများထွက်ပေါ်လာသည်ကို အာရုံခံမိပုံဖြင့် ထိုဓားပျံများသည် လေထုအတွင်းသို့ မြောက်တက်သွားကာ သွေးနတ်ဆိုးများထံဦးတည်၍ တန်းတန်းမတ်မတ် တိုးဝင်သွားတော့သည်။

ဝှစ်...ဝှစ်...ဝှစ်...

ဓားပျံများသည် သွေးနတ်ဆိုးများ၏ခန္ဓာကိုယ်များကို ဖြတ်သန်းသွားသည်နှင့် ဆောင်းဦးလေညှင်းမှ သစ်ရွက်ကြွေများကို လှည်းကျင်းသွားသည့်အလား သွေးမြူများပြန့်ကျဲသွားသည်။သွေးနတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် လေထုအတွင်းရှိ သွေးညှီနံများ ပို၍ပို၍ ပြင်းထန်လာသည်။

ဓားဝင်္ကပါကြီးရှိနေခြင်းကြောင့် ခုခံကာကွယ်ရာ၌ ကြီးမားသောအားသာချက်ကြီးရှိနေသည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် စစ်သားများသည် ထူးဆန်းသောမြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။

ခြေထောက်များပြတ်တောက်သွားသော သွေးနတ်ဆိုးများသည် မြေပြင်ပေါ်၌ တွားသွားနေဆဲဖြစ်ကာ တုန်လှုပ်ချောက်ချားဖွယ် သွေးစို့ရာဒဏ်ရာကြီးနှစ်ခုသာ ကျန်ရှိခဲ့သည်။

ခေါင်းပြတ်တောက်သွားသော သွေးနတ်ဆိုးတချို့သည် ဆက်လက်၍ပြေးလွှားနေဆဲပင်။ထို့ပြင် သွေးနတ်ဆိုးများ၏လှုပ်ရှားမှုသည် အလွန်လျှင်မြန်ဖျတ်လတ်သည်။မီတာတစ်ရာကျော်အကွာအဝေး၌ရှိနေသည့်တိုင် သူတို့သည် တစ်ချက်ခုန်ပေါက်လိုက်ရုံဖြင့် မြို့ရိုးနံရံများပေါ်သို့ ရောက်ရှိလာတော့သည်။

"သူတို့ကို တက်လာခွင့်မပြုနဲ့...သတ်စမ်း"

မြို့ရိုးနံရံများပေါ်သို့ တွယ်တက်နေသော သွေးနတ်ဆိုးများကို စစ်သားများက မြှားများဖြင့် ပစ်ခတ်လိုက်၏။

သွေးနတ်ဆိုးများထံသို့ မြှားများ မိုးရွာသွန်းသကဲ့သို့ ကျရောက်သွားသည်။သို့ရာတွင် ထိုမြှားများသည် သွေးနတ်ဆိုးများ၏တိုက်ခိုက်မှုကို အနည်းငယ်လျော့ပါးသွားစေရုံသာရှိသည်။

သွေးနတ်ဆိုးတချို့၏ခန္ဓာကိုယ်များတွင် မြှားများစိုက်ဝင်နေသည့်တိုင် သူတို့သည် ရူးသွပ်စွာဖြင့် မြို့ရိုးများပေါ်သို့ တွယ်တက်နေဆဲပင်။

လင်ကျိုးစီရင်စု၏မြို့ရိုးသည် ၆၅မီတာအမြင့်ရှိပေ၏။

သို့ရာတွင် ထိုမြို့ရိုးအမြင့်သည် သွေးနတ်ဆိုးများကို မည်သည့်နည်းနှင့်မျှ ဟန့်တားနိုင်စွမ်းမရှိချေ။သွေးနတ်ဆိုးတချို့၏လှုပ်ရှားမှုများသည် အလွန်အမင်းလျှင်မြန်သွက်လက်ကာ ရှေ့နောက်ခြေလှမ်းအနည်းငယ် ခုန်ပေါက်လိုက်ရုံဖြင့် မြို့ရိုးပေါ်သို့ ရောက်ရှိလာတော့သည်။

"သတ်..."

စစ်သားများသည် တန်းစီ၍မတ်တတ်ရပ်နေကာ သူတို့၏လှံရှည်များဖြင့် သွေးနတ်ဆိုးများကို ထိုးစိုက်လိုက်၏။

အကယ်၍ ပုန်ကန်သူစစ်သားများသည် ဤကဲ့သို့ သတ်ဖြတ်ခြင်းလှုပ်ရှားမှုမျိုးနှင့် ရင်ဆိုင်ရပါက သူတို့ မည်ကဲ့သို့သေဆုံးသွားရသည်ကို မသိသေးမီမှာပင် သေဆုံးသွားပြီးဖြစ်ပေမည်။

သို့ရာတွင် သွေးနတ်ဆိုးများသည် နာကျင်မှုကို မခံစားရရုံသာမက ကျယ်လောင်စွာ ဟိန်းဟောက်ကာ သူတို့၏ခန္ဓာကိုယ်များ ကြီးမားကျယ်ပြန့်စပြုလာသည်။

သွေးနတ်ဆိုးများနှင့် အနီးကပ်တိုက်ခိုက်နေရသော စစ်သားများ၏မျက်လုံးများ ပြူးကျယ်သွားကာ သူတို့၏မသိစိတ်စေ့ဆော်မှုကြောင့် နောက်ဆုတ်ရန် ဟန်ပြင်လိုက်ကြသည်။ရုတ်ချည်းဆိုသလိုပင် သွေးနတ်ဆိုးတချို့ ပေါက်ကွဲသွားကာ အစွမ်းထက်သောလေလှိုင်းများကို ထုတ်လွှတ်လိုက်၏။

ထိုသွေးနတ်ဆိုးများနှင့် နီးကပ်သောနေရာတွင်ရှိနေသော စစ်သားတချို့သည် ချက်ချင်းဆိုသလိုပင် သက်ရောက်ခြင်းခံရကာ သူတို့ မည်သည့်တုံ့ပြန်မှုမျှ မလုပ်နိုင်သေးမီမှာပင် အငွေ့ပြန်သွားကာ လေထုအတွင်း၌ ပျောက်ကွယ်သွားတော့သည်။

သွေးနတ်ဆိုးတစ်ကောင်သည် စစ်သားဆယ်ယောက်ကျော်ကို သတ်ဖြတ်လိုက်လေပြီ။

ကြွင်းကျန်နေသောစစ်သားများသည် သံချပ်ကာများကြောင့် ကာကွယ်နိုင်ခဲ့သော်လည်း သူတို့၏သွေးချီများ ဗြောင်းဆန်သွားသည်။သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပူပြင်းလောင်ကျွမ်းသောနာကျင်မှုကို ခံစားလိုက်ရသည်။ထိုစစ်သားများအနက်မှတချို့၏အရိုးများ ကျိုးပဲ့သွားပြီး မြေပြင်ပေါ်၌ လဲလျောင်းနေရကာ မလှုပ်ရှားနိုင်တော့ချေ။

ဘန်း...ဘန်း...ဘန်း...

ကျယ်လောင်သောပေါက်ကွဲသံများက ပတ်ဝန်းကျင်နေရာတဝိုက်၌ ဆက်တိုက်ဆိုသလို မြည်ဟီးသွားသည်။သွေးနတ်ဆိုးများသည် မြို့ရိုးပေါ်သို့ ရောက်ရှိပြီးနောက် သူတို့ကိုယ်သူတို့ ဖောက်ကွဲလိုက်သဖြင့် စစ်သားများ၏တိုက်ပွဲဝင်ဝင်္ကပါ ပျက်စီးသွားတော့သည်။

All Chapters