အခန်း (၃၁၂၆-၃၁၃၀)
Vol. 160 Ch. 3126-3130
Chapter 3126
ထို့နောက် လက်ထောက်တပ်မှူးဝတ်စုံ ဝတ်ဆင်ထားသူတစ်ယောက်က ပြင်ပမှနေ၍ အတွင်းသို့ဝင်လာသည်။
ထိုလူ၏မျက်နှာပေါ်တွင် အလွန်သိသာထင်ရှားသော အမာရွတ်ကြီးတစ်ခုရှိနေသည်။သူ၏မေးချွန်နေသော မျက်နှာပေါ်တွင် ခိုင်မာပြတ်သားမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေပေ၏။တစ်စုံတစ်ယောက်သည် ထိုလူကို တစ်ချက်ကြည့်မိရုံဖြင့်ပင် စစ်တပ်အတွင်း၌ အချိန်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ပြောဆိုနိုင်ပေမည်။
"ရေသုံးအိုးဖြည့်ထားလိုက်...ငါ အဲ့ဒါတွေကို တစ်နေရာယူသွားရမယ်"
ထိုလူက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ထိုလူသည် ပတ်ဝန်းကျင်ရှိမည်သူကိုမျှ ဂရုမစိုက်သည့်အလား အတွင်းသို့ဇွတ်တိုးဝင်လာခြင်းဖြစ်သော်လည်း သူ လုယွီကို မြင်တွေ့စဥ်တွင် ကြက်သေသေသွားသည်။
လုယွီသည်လည်း အရာရှိဝတ်စုံကို ဝတ်ဆင်ထားပေ၏။
အကယ်၍ အတိတ်တွင်ဆိုပါက စီရင်စုသခင်သည် မည်ကဲ့သို့ပုံပန်းသွင်ပြင်မျိုးရှိသည်ကို လူအများစုက သိရှိမည်မဟုတ်ချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ လင်ကျိုးစီရင်စုသည် အခက်အခဲများနှင့်အနှောက်အယှက်များကို ရင်ဆိုင်ကြုံတွေ့နေရသော အချိန်ကာလဖြစ်သဖြင့် မြို့အတွင်းရှိလူတိုင်းနီးပါး လုယွီ၏မျက်နှာကို မှတ်မိကြသည်။
ဤကဲ့သို့ အချိန်အခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် လုယွီကိုမြင်တွေ့စဥ်၌ သူ၏အဆင့်အတန်းကို မေးမြန်းနေရန်ပင်မလိုအပ်ဘဲ လွယ်လင့်တကူ မှတ်မိနိုင်ပေ၏။
"မင်းက ဘယ်သူလဲ...ဒီနေရာရဲ့ တာဝန်ကျအရာရှိက ဘယ်မှာလဲ"
လုယွီက အေးစက်စက်အကြည့်ဖြင့် ထိုလူကို စူးစိုက်၍ကြည့်လိုက်သည်။
လုယွီ၏အကြည့်အောက်တွင် ထိုလူသည် ရုတ်တရက် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။
"မဟုတ်ဘူး...ဒါက....မင်းက စီရင်စုသခင် မဟုတ်လား...ဘာလို့ ဒီနေရာကို ဘယ်လိုလုပ်ပြီးတော့ ရောက်လာတာလဲ"
ထိုလူက ရုတ်တရက် စကားအထစ်ထစ်အငေါ့ငေါ့နှင့် ပြောဆိုသည်။
လုယွီသည် သူ့ကိုစူးစိုက်ကြည့်၍ အော်ဟစ်လေသည်။
"မင်း ဘယ်သူလဲလို့ ငါ မေးနေတာ"
ထိုလူသည် ထိတ်လန့်ကြောက်ရွံသွားကာ နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်သည်။
သူ၏နံဘေးတွင်ရှိနေသော စစ်သားတစ်ယောက်က အလျှင်အမြန် ရှင်းပြသည်။
"စီရင်စုသခင်...ဒါက ကျွန်တော်တို့ရဲ့ လက်ထောက်တပ်မှူးလျှူပါ"
သို့ရာတွင် လုယွီက ရပ်တန့်ခြင်းမရှိချေ။သူသည် ရှေ့သို့ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းသွားကာ သူ၏ခန္ဓာကိုယ်ပတ်လည်၌ မှော်စွမ်းအားများ မြင့်တက်လာသည်။လောကီအင်မော်တယ်တစ်ယောက်၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါက လူတိုင်းပေါ်သို့ ဆင်းသက်လာပေ၏။
လောကီအင်မော်တယ်တစ်ယောက်သည် တော်ဝင်မြို့တော်၌ အနည်းငယ်မျှပင် အရေးမပါချေ။သို့သော် ဤကဲ့သို့နေရာငယ်တစ်ခုတွင် လောကီအင်မော်တယ်များသည် တိုက်ခိုက်ရေးစွမ်းအား အထွတ်အထိပ်အဆင့်၌ရှိသူများဖြစ်သည်။ဤကဲ့သို့နေရာမျိုးတွင် မည်သူမည်ဝါဖြစ်နေပါစေ သူတို့သည် လောကီအင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရစဥ်တွင် ရှင်းပြ၍မရသော ဖိအားအရှိန်အဝါမျိုးကို ခံစားရသည်။
'လက်ထောက်တပ်မှူးလျှူ'ဆိုသူသည် သူ၏ဦးရေပြားထုံကျင်လာသကဲ့သို့ ခံစားလိုက်ရ၏။သူသည် လုယွီ၏မျက်လုံးအတွင်းမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပို၍ပို၍ပြင်းထန်လာသည်ကို မြင်တွေ့စဥ်တွင် သူက ရုတ်တရက် နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးခဲ့တော့သည်။
သူ ပြင်ပသို့ ထွက်ပြေးခဲ့သော်လည်း တံခါး၏ပြင်ပသို့ ခြေမချရသေးမီမှာပင် ဓားပျံတစ်ချောင်းက သူ၏နောက်သို့ ပျံသန်းလာသည်။
ဝှစ်...
ရုတ်ချည်းဆိုသလိုပင် ထိုဓားပျံသည် သူ၏ခေါင်းကို ဖြတ်ပိုင်းလိုက်လေ၏။
ထိုလူ၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီသွားပြီးနောက် သူသည် အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
သူ၏နံဘေးတွင်ရှိနေသော စစ်သားများအားလုံး ကြက်သေသေသွားသည်။သူတို့သည် ရှေ့ရှိမြင်ကွင်းကို မျက်တောင်မခတ်ဘဲစူးစိုက်၍ ကြည့်နေကြကာ မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိကြတော့ချေ။
စီရင်စုသခင်သည် မည်သည်ကြောင့် သူတို့၏လက်ထောက်တပ်မှူးကို ရုတ်တရက်ကြီး သတ်ဖြတ်လိုက်သနည်း....
မှတ်တမ်းစာရေးသည်လည်း အချိန်တခဏခန့် ကြက်သေသေနေသည်။သို့ရာတွင် သူသည် လုယွီ၏နောက်လိုက်ဖြစ်သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သဖြင့် သေဆုံးသွားသူနှင့်ပတ်သက်၍ ထူးခြားချက်တစ်ခုခုရှိနေမည်ကို ချက်ချင်းသိရှိနားလည်သွားသည်။
သူသည် ရှေ့သို့လျှောက်လှမ်းသွားကာ သူ၏လက်ဖြင့် ထိုလူ၏ခေါင်းကိုဖိနှိပ်လိုက်သည်။ရုတ်တရက် တိုးညှင်းသောစုတ်ပြဲသံတစ်သံနှင့်အတူ သူသည် လူရေခွံမျက်နှာဖုံးတစ်ခုကို ဆွဲခွာနိုင်ခဲ့လေ၏။
ထိုမျက်နှာဖုံး၏အောက်၌ ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော မျက်နှာတစ်ခုရှိနေသည်။
မှတ်တမ်းစာရေးက ထိုလူ၏မျက်ခွံကိုဖြဲကြည့်လိုက်ရာ သွေးနီရောင်ရှိသောမျက်လုံးကို မြင်တွေ့လိုက်ရသည်။ဤလူသည် နတ်ဆိုးကျင့်ကြံနည်းစနစ်များကို အရိုးအသားအတွင်းထိစိမ့်ဝင်အောင် ကျင့်ကြံထားသူဖြစ်သည်မှာ သိသာထင်ရှားလှ၏။
"ဒါက တကယ့်ကို နတ်ဆိုးကျင့်ကြံသူတစ်ယောက်ပဲ...သူက ရေအရင်းအမြစ်ရဲ့အနီးကို ချဥ်းကပ်နိုင်ခဲ့တာလား"
မှတ်တမ်းစာရေးက ထိတ်လန့်တုန်လှုပ်သွားသည်။
တခြားစစ်သားများသည် သူတို့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်သွားကာ သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးလိုက်ကြသည်။
"ဒါက မဟုတ်သေးဘူး...ဘယ်လိုလုပ်ပြီးတော့ လက်ထောက်တပ်မှူးလျှူက နတ်ဆိုးကျင့်ကြံသူဖြစ်နေတာလဲ"
"သူရဲ့ စစ်တပ်လုပ်သက်က ငါ့ရဲ့အသက်ထက်တောင် ကြီးသေးတယ်...တကယ်လို့ သူသာ နတ်ဆိုးကျင့်ကြံသူဆိုရင် သူ့ကိုရှာဖွေဖော်ထုတ်ခံရတာ အချိန်အတော်ကြာနေလောက်ပြီ"
စစ်သားတချို့သည် ညည်းတွားနေကြကာ သက်သေရှိနေသည့်တိုင် သူတို့ရှေ့၌ဖြစ်ပျက်ခဲ့သောအရာများကိုယုံကြည်နိုင်ရန် အလွန်ခက်ခဲနေသည်။
"တစ်ယောက်ယောက်...သူ့ရဲ့အလောင်းကို အဝေးပို့လိုက်စမ်း...ပြီးတော့ လူတွေစေလွှတ်ပြီး ရေအရင်းအမြစ်နေရာကို ချိပ်ပိတ်ရမယ်...ငါ့ရဲ့အမိန့်မရှိဘဲ ဘယ်သူမှ ဒီနေရာကရေတစ်ပေါက်ကိုတောင် ယူခွင့်မရှိဘူး"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းကာ ချက်ချင်းအမိန့်ထုတ်ပြန်လိုက်၏။
အလွန်လျှင်မြန်စွာဖြင့်ပင် လုယွီ၏အမိန့်အောက်တွင် နတ်ဘုရားမျက်လုံးဝင်္ကပါဖြင့် ရေအရင်းအမြစ်နေရာကို စုံစမ်းစစ်ဆေးခဲ့ရာ နတ်ဆိုးကျင့်ကြံသူလေးယောက်ကို ထပ်မံ၍ရှာဖွေတွေ့ရှိခဲ့သည်။
ထိုနတ်ဆိုးကျင့်ကြံသူများသည် အရေအတွက်များပြားခြင်းမရှိသည့်အပြင် စစ်တပ်အတွင်း၌ အဆင့်နိမ့်သူများသာဖြစ်သည်။သူတို့ထံတွင် မည်သည့်မင်္သကာဖွယ်အရိပ်အယောင်မျိုးမျှ ရှိမနေသဖြင့် မည်သူမျှ သူတို့ကို သတိမထားမိချေ။
ယခင်လူများ၏နေရာတွင် နတ်ဆိုးကျင့်ကြံသူများသည် လူရေခွံမျက်နှာဖုံးကိုဝတ်ဆင်၍ အစားထိုးနေရာယူထားကာ သူတို့နှင့်နေ့ရောညပါ အတူရှိနေခဲ့သည်ဟု မည်သူမျှ တွေးထင်မထားမိကြချေ။
Chapter 3127
ရေအရင်းအမြစ်ကို အုပ်ချုပ်ရာ၌ တာဝန်ယူရသော အရာရှိများ ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့သည် လုယွီထံသို့ အလျှင်အမြန်ပြေးလာကာ ခွင့်လွှတ်ပေးရန်အတွက် တောင်းပန်ကြလေ၏။
လုယွီက ချက်ချင်းဆိုသလိုပင် အမိန့်အသစ်တစ်ခုကို ထုတ်ပြန်လိုက်သည်။ဤအချိန်မှစ၍ တစ်စုံတစ်ယောက်သည် ရေကိုရယူလိုပါက နတ်ဆိုးကျင့်ကြံသူများ ရောနှောဝင်ရောက်လာခြင်းမှ ကာကွယ်ဟန့်တားနိုင်ရန် တင်းကြပ်စွာစစ်ဆေးမှုကို ခံယူရပေမည်။
တစ်ချိန်တည်းမှာပင် လုယွီသည် သမားတော်များကို ရေအရင်းအမြစ်နှင့်ဆက်နွယ်နေသော နေရာဟူသမျှကိုစစ်ဆေးရန် အမိန့်ပေးလိုက်၏။အကယ်၍ ထိုအရာများအတွင်း၌ အဆိပ်ရှိနေပါက အသုံးပြုနိုင်မည်မဟုတ်ချေ။
အမိန့်ပေးပြီးနောက် လုယွီသည် ပင်မခန်းမအတွင်းရှိ အဓိကထိုင်ခုံတွင် ထိုင်လိုက်သည်။သူသည် သူ့လက်ညှိုးဖြင့် နဖူးကိုဖိကာ တစ်စုံတစ်ခုကို စဥ်းစားတွေးတောနေသည်။
"အရှင်...ထျန်းဖျင်ခြံဝန်းထဲက ရေအရင်းအမြစ်မှာ ပြဿနာရှိနေတယ်ဆိုတာ အရှင် ဘယ်လိုလုပ်ပြီးသိတာလဲ"
မှတ်တမ်းစာရေးသည် အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ၏စိတ်နှလုံးသားအတွင်းရှိမေးခွန်းကို ထုတ်ဖော်မေးမြန်းလိုက်၏။
လုယွီ ထျန်းဖျင်ခြံဝန်းသို့ သွားခဲ့ခြင်းမှာ ရေအရင်းအမြစ်ကို ကာကွယ်စောင့်ကြပ်နေသည့်အင်အားကို စစ်ဆေးလိုသဖြင့်ဟူသာ သူ မူလက တွေးထင်ခဲ့သည်။လုယွီ ထိုနေရာသို့ရောက်သွားပြီးနောက် ပုန်းအောင်းနေသော နတ်ဆိုးကျင့်ကြံသူများကို အမှန်တကယ်ရှာဖွေဖော်ထုတ်နိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်က တိုက်ဆိုင်မှုသက်သက် မဖြစ်နိုင်ပေ။
သူသည် လုယွီနောက်သို့ တစ်ချိန်လုံးလိုက်ပါနေသူဖြစ်သဖြင့် လုယွီသည် စီရင်စုရုံးတော်မှနေ၍ တခြားနေရာသို့ ထွက်ခွာသွားခြင်းမရှိသည်ကို သူ ကောင်းစွာသိရှိထားသည်။မည်သည်ကြောင့် ထျန်းဖျင်ခြံဝန်း၌ နတ်ဆိုးကျင့်ကြံသူများ ပုန်းအောင်းနေသည်ကို လုယွီ ကြိုတင်၍သိရှိနေသနည်း။
လုယွီက သူ၏မျက်လုံးကိုဖြည်းညှင်းစွာဖွင့်၍ တည်ငြိမ်စွာပြောဆိုသည်။
"ဝူလီစျေးက အရင်တုန်းကစျေးတစ်စျေး မဟုတ်ဘူး...နတ်ဆိုးမှော်သားရဲတွေ ရောင်းဝယ်ဖောက်ကားဖို့ ပြင်ဆင်ထားတဲ့ စုဝေးရပ်တစ်ခုပဲ...နောက်ပိုင်းကျတော့ အဲ့ဒီနေရာမှာ လူတွေအရမ်းများပြားလာတာကြောင့် အရင်စီရင်စုသခင်က စျေးအဖြစ်သတ်မှတ်လိုက်တယ်...အဲ့ဒီစျေးမှာရှိတဲ့လူတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်က နတ်ဆိုးမှော်သားရဲတွေကို ရောင်းဝယ်ဖောက်ကားပြီးတော့ အသက်မွေးဝမ်းကြောင်းပြုကြတယ်"
"ဒါက အမှန်ပဲ...လင်ကျိုးစီရင်စုထဲမှာ နတ်ဆိုးမှော်သားရဲအရောင်းအဝယ် အလုပ်အများဆုံးနေရာက ဝူလီစျေးပဲ"
မှတ်တမ်းစာရေးက ခေါင်းညိတ်လိုက်သည်။
လုယွီက မေးမြန်းသည်။
"တကယ်လို့ မင်းသာ ရောင်းအားအကောင်းဆုံး နတ်ဆိုးသားရဲရောင်းချသူတစ်ယောက်ဆိုရင်...မင်းရဲ့စျေးထဲက ဆိုင်မှာရှိတဲ့ နတ်ဆိုးသားရဲတွေကို အဆိပ်ပါတဲ့အစားအစာ ကျွေးခွင့်ပြုမှာလား"
မှတ်တမ်းစာရေးသည် ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားကိုမျှ မပြောဆိုနိုင်ချေ။
နတ်ဆိုးသားရဲရောင်းဝယ်သူများအတွက် သူတို့၏လက်အတွင်းရှိ နတ်ဆိုးသားရဲများသည် သူတို့၏ချမ်းသာကြွယ်ဝမှုပင်။သူတို့သည် နတ်ဆိုးမှော်သားရဲများသည် သူတို့ကိုယ်သူတို့ စောင့်ရှောက်သည်ထက်ပင် ပို၍ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်လေ၏။
အစာသည် နတ်ဆိုးသားရဲများရှင်သန်ကြီးထွားရန်အတွက် အဓိကအကျဆုံးအရာပင်။ထို့ကြောင့် သူတို့သည် ထိုအရာကို သတိလက်လွတ် ကျွေးမွေးမည်မဟုတ်ချေ။
"အစာမှာပြဿနာမရှိဘူးလို့ အရှင်က ပြောချင်တာလား"
မှတ်တမ်းစာရေးက မေးမြန်းသည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"အဆိပ်ခတ်တယ်ဆိုတာက ရည်ရွယ်ချက်တစ်ခုရှိဖို့ လိုအပ်ပြီးတော့ သက်ရောက်မှုကို တစ်ချက်တည်းနဲ့ အောင်မြင်အောင်လုပ်ရမယ်...မဟုတ်ရင် ရန်သူကို သတိပေးသလိုဖြစ်ပြီးတော့ အဆိပ်ခတ်ခဲ့တဲ့အားသာချက်ကို လက်လွတ်ဆုံးရှုံးရလိမ့်မယ်...တကယ်လို့ ငါတို့က အစာထဲမှာအဆိပ်ခတ်ပြီးတော့ နတ်ဆိုးသားရဲတစ်သိုက်ကိုပဲ သေစေမယ်ဆိုရင်...ဒါက အများကြီးရုန်းရင်းဆန်ခတ်ဖြစ်လာမှာ မဟုတ်ဘူး"
"ဒါကြောင့် ငါက နတ်ဆိုးသားရဲတွေအဆိပ်မိတာ အစာကြောင့်မဟုတ်ဘဲ ရေအရင်းအမြစ်ကြောင့်လို့ သံသယဝင်မိတာပဲ"
မှတ်တမ်းစာရေးသည် ရုတ်တရက် နားလည်သဘောပေါက်သွားလေ၏။
"အံ့အားသင့်စရာမရှိတော့ဘူး...ဒါပေမယ့် အရှင်....ဒါက ထျန်းဖျင်ခြံဝန်းက ဖြစ်တာလို့ ဘယ်လိုလုပ်ပြီးသိတာလဲ"
"ထျန်းဖျင်ခြံဝန်းက ဝူလီစျေးနဲ့အနီးဆုံးနေရာမှာရှိနေတယ်...ရေအရင်းအမြစ်သယ်ဆောင်တဲ့နေရာမှာ စွမ်းအားကိုချွေတာနိုင်ဆုံးနေရာပဲ...စစ်တပ်ထဲမှာအသုံးပြုတဲ့ရေတွေက အသုံးမပြုခင် စစ်ဆေးကြတယ်...ဝူလီစျေးကတော့ ရေအရင်းအမြစ်ရောက်လာတာနဲ့ နတ်ဆိုးမှော်သားရဲတွေအတွက် ချက်ချင်းတန်းပြီး အသုံးပြုလိုက်တယ်...ဒါကြောင့် သူတို့တွေ အဆိပ်မိပြီးသေသွားတာပဲ...အဆိပ်ရဲ့သက်ရောက်မှုက အဲ့ဒီနေရာမှာ စစ်တပ်ထက်ပိုပြီး လျှင်မြန်နေတယ်"
ထိုသို့ ဖြစ်ပျက်သွားသလော....
မှတ်တမ်းစာရေးသည် လုယွီပေါ်ထားရှိသောအမြင် တဖန်ထပ်၍ ပြောင်းလဲသွားလေပြီ။
နတ်ဆိုးသားရဲများ အဆိပ်မိသေဆုံးခဲ့သည့် ကိစ္စငယ်လေးမှသည် နတ်ဆိုးကျင့်ကြံသူများ၏အကြံအစည်ကို ဖော်ထုတ်နိုင်ခဲ့သည်။
ဤကဲ့သို့ ဥာဏ်အမြှော်အမြင်ရှိပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းမြင့်မားမှုသည် အမှန်တကယ်ကို အံ့အားသင့်ဖွယ်ရာပင်။
မှတ်တမ်းစာရေးသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
"ဒါဆိုရင် လူတွေရော အဆိပ်သင့်သွားနိုင်လား"
"အကျိုးဆက်ကို ငါတို့ စောင့်ကြည့်ကြတာပေါ့"
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
အချိန်တစ်နာရီခန့်အကြာတွင် ပြင်ပမှနေ၍ အရာရှိများရောက်လာကာ ရလဒ်ကို သတင်းလာပို့တော့သည်။
လုယွီသည် အချိန်မီဟန့်တားနိုင်ခဲ့သော်လည်း အဆိပ်ရှိရေကို သုံးစွဲပြီးသော လူအမြောက်အများရှိနေဆဲပင်။ယခုချိန်၌ ထိုလူများထံတွင် အဆိပ်သင့်ထားသော ရောဂါလက္ခဏာများ ပြသနေလေပြီ။
စစ်သား ရှစ်ထောင်...မြို့သူမြို့သား နှစ်သိန်းငါးသောင်း...
ဤသည်က တုန်လှုပ်ချောက်ချားဖွယ် အရေအတွက်ပင်။
ငါးလကြာ မြို့ကိုဝိုင်းရံပိတ်ဆို့ခံရမှုအောက်တွင် ယခင်ကတည်းက လင်ကျိုးစီရင်စုအတွင်းရှိလူဦးရေ အမြောက်အများ လျော့ကျသွားပြီဖြစ်သည်။ယခုချိန်တွင် လူအမြောက်အများ အဆိပ်သင့်ခဲ့ရသည်မှာ လင်ကျိုးစီရင်စုအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုပင်။
"အဆိပ်မိထားတဲ့လူတွေ အခု ဘယ်နေရာမှာလဲ"
"အရှင်...သူတို့အားလုံးကို စစ်ရေးပြကွင်းပြင်ထဲမှာယာယီတဲတွေထိုးပြီးတော့ သီးသန့်ထားထားပါတယ်...သမားတော်တွေနဲ့လက်ထောက်တွေအားလုံး သူတို့တွေကိုကုသပေးဖို့အတွက် အဲ့ဒီနေရာကို ပြောင်းရွှေ့သွားကြပြီ"
"ငါတို့လည်း အဲ့ဒီနေရာကို ခုချက်ချင်းသွားကြစို့"
Chapter 3128
ဆေးကုသနေသောကွင်းပြင်သည် လင်ကျိုးမြို့၏အလယ်ဗဟိုတွင် တည်ရှိသည်။
ဤနေရာသည် အလွန်ကျယ်ဝန်းကာ ယခင်က အစောင့်တပ်များ လေ့ကျင့်ရန်အတွက် အသုံးပြုသောနေရာပင်။
ယနေ့တွင် အဆိပ်မိထားသောလူများအားလုံးကို ဤနေရာသို့ ပို့ဆောင်ထားလေ၏။စစ်တပ်ယာယီတဲများကို စစ်ရေးပြကွင်းပြင်၏ပြင်ပတွင် စိုက်ထူထားကာ ကွင်းပြင်အတွင်းရှိလူများအကြား၌ သမားတော်များက ရှေ့နောက် ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေသည်။
လုယွီက တစ်ချက်ကြည့်လိုက်ရာ စစ်ရေးပြကွင်းပြင်ကို စစ်သားတစ်စုက ကာကွယ်စောင့်ကြပ်ထားပြီး လုံခြုံရေး အလွန်အမင်းတင်းကြပ်သည်ကို မြင်တွေ့လိုက်ရသည်။တချို့စစ်သားများသည် အဋ္ဌဂံမှော်ကြေးမုံကဲ့သို့ မှော်ရတနာမျိုးကိုပင်ဆင့်ခေါ်၍ လေထုအတွင်း၌ရှေ့နောက်ပျံဝဲစေကာ ဤနေရာကို စောင့်ကြည့်နေကြ၏။
"အရှင်..."
"စီရင်စုသခင်...."
လုယွီ ရောက်ရှိလာသည်ကို မြင်တွေ့ချိန်တွင် အဆိပ်အနည်းငယ်သာမိထားသူတချို့က မတ်တတ်ထရပ်ရန် ဟန်ပြင်လိုက်ကြသည်။
"မင်းတို့ အခု ဘယ်လိုခံစားရလဲ"
လုယွီက မေးမြန်းသည်။
စစ်သားတစ်ယောက်က သူ၏ခေါင်းကိုခါယမ်းပြလေ၏။
"ကံကောင်းချင်တော့...အရှင်က ကျွန်တော်တို့ကို အချိန်မီသတိပေးနိုင်ခဲ့တယ်...ကျွန်တော်က ရေတစ်ငုံလောက်ပဲ သောက်မိတယ်...ပြီးတော့ ချက်ချင်း ဒီနေရာကို စေလွှတ်ခံရတာပဲ...ကျွန်တော်ရဲ့ခန္ဓာကိုယ် နည်းနည်းအေးနေတာကလွဲလို့ တခြားအများကြီး မခံစားရဘူး"
ထိုစစ်သား၏နံဘေးရှိ သမားတော်တစ်ယောက်က သက်ပြင်းတစ်ချက်ချကာ ပြောဆိုသည်။
"ဒီလူတွေက အဆိပ်သင့်ရေကို နည်းနည်းလေးပဲသောက်မိတဲ့အပြင် အချိန်မီ ဆေးကုသမှုခံယူနိုင်ခဲ့တယ်...ဒါကြောင့် သူတို့ရဲ့ခန္ဓာကိုယ်ထဲကအဆိပ်တွေကို ဖိနှိပ်ထားနိုင်တယ်...ဒါပေမယ့် တချို့လူတွေ အဆိပ်မိထားတာက အရမ်းဆိုးရွားတယ်...ကျွန်တော်တို့ ဒါကို မထိန်းချုပ်နိုင်ဘူး"
လုယွီက မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်၏။
"ဆိုးဆိုးရွားရွား အဆိပ်မိထားတဲ့လူတွေဆီ ငါ့ကို ခေါ်သွားစမ်း"
သမားတော်က လုယွီကို ယာယီတဲ၏အတွင်းပိုင်းသို့ ခေါ်ဆောင်သွားသည်။
ယာယီတဲ၏အတွင်းပိုင်းသို့ ပို၍ဝင်မိလေလေ အပူချိန် ပို၍အေးစက်လာလေလေပင်။လေထုအတွင်း၌ လေအေးများနှင့် ပြည့်နှက်နေသည်။
ဤနေရာရှိလူအများစုသည် သတိလစ်မေ့မျောနေကာ သူတို့၏ခန္ဓာကိုယ်အရေပြားသည် မီးခိုးရောင်သန်းနေပြီး လူသေလောင်းများနှင့် တူညီနေသည်။
လူအုပ်အကြားတွင် လုယွီသည် လင်ကျိုးစီရင်စု၏ဆေးခန်းမသခင်ကို မြင်တွေ့မိလေ၏။
ဆေးခန်းမသခင်၏မျိုးရိုးနာမည်သည် ကျန်းဖြစ်သည်။သူသည် အသက်အိုမင်းခြင်းမရှိသေးသော်လည်း ဆေးပညာအစည်းအရုံး၏ အသိအမှတ်ပြုလက်မှတ်ကို ရရှိထားသော ဆေးပညာရှင်တစ်ယောက်ပင်။
အကယ်၍ သူသည် တော်ဝင်မြို့တော် သို့မဟုတ် တာယွီအင်ပါယာအတွင်းရှိစည်ကားသိုက်မြိုက်သော မြို့ကြီးတစ်မြို့တွင် နေထိုင်ပါက ယခုထက်ပို၍ နာမည်ကျော်ကြားသူတစ်ယောက် ဖြစ်ပေမည်။သို့ရာတွင် ဆေးပညာအစည်းအရုံး၏ အသိအမှတ်ပြုလက်မှတ်ကို ရရှိပြီးနောက် ခန်းမသခင်ကျန်းသည် အလျင်စလိုနောက်ပြန်ဆုတ်၍ သူ၏ဇာတိမြေဖြစ်သော လင်ကျိုးစီရင်စုသို့ ပြန်လာခဲ့သည်။သူသည် ယခုချိန်တွင် လင်ကျိုးဆေးခန်းမ၏ခန်းမသခင်အဖြစ် တာဝန်ယူထားလေ၏။
ဆေးခန်းမသည် သာမာန်ထက်ထူးခြားသော နေရာတစ်နေရာဖြစ်ကာ ဆေးခန်းမသခင်သည် စီရင်စုအုပ်ချုပ်ရေးအဖွဲ့၏ဆေးပညာအကြံပေးတစ်ယောက်ပင်။များသောအားဖြင့် သူသည် လူပိုတစ်ယောက်သာဖြစ်ပေ၏။
သို့ရာတွင် လင်ကျိုးစီရင်စု ဝိုင်းရံခံထားရသည့်အချိန်မှစ၍ ဆေးခန်းမသည် တဖြည်းဖြည်း အလုပ်များစ ပြုလာတော့သည်။
နေ့စဥ်နေ့တိုင်း ဆေးခန်းမမှနေ၍ ဆေးဝါးအမြောက်အများကို ဖြန့်ဝေပေးနေရသည်။စစ်သားများ၏ ကျင့်ကြံခြင်း ကုသခြင်းနှင့်အဆိပ်ဖြေခြင်းများအတွက် ဆေးခန်းမမှဆေးများ အဆက်မပြတ် ထုတ်လုပ်နေရသည်။လွန်ခဲ့သောလအနည်းငယ်အတွင်းတွင် ဆေးခန်းမမှဆေးမီးဖိုတစ်ရာကျော် ပေါက်ကွဲပျက်စီးသွားလေပြီ။
ဆေးခန်းမသခင်သည် ဆေးဖော်စပ်ခြင်းလုပ်ငန်းစဥ် လုပ်ဆောင်နေသည်။သူ၏ရှေ့တွင် မီးတောက်များ တဟုန်းဟုန်းလောင်ကျွမ်းနေသည့် ဆေးမီးဖိုတစ်လုံးရှိပေ၏။
သူ ဆေးဖော်စပ်သည့်နေရာမှ ထွက်ပေါ်နေသော ဆေးရနံ့သည် အနံ့အသက်မကောင်းလှချေ။ဆေးပင်အမြောက်အများကို အတူတကွစုဝေးထားကာ သန့်စင်မှုမအောင်မြင်သောဆေးလုံးများကလည်း သူ၏နံဘေး၌ စုပုံနေသည်။စူးရှပြင်းထန်သောအနံ့များက လေထုအတွင်း၌ ပြည့်နှက်နေပေ၏။
"ခန်းမသခင်...စီရင်စုသခင် ဒီနေရာကိုရောက်နေတယ်"
ပြင်ပရှိစစ်သားတစ်ယောက်က အကြောင်းကြားလိုက်သော်လည်း သူက လုယွီကို ဟန့်တားထားလေသည်။
ဆေးပညာရှင်တစ်ယောက် ဆေးဖော်စပ်နေစဥ်တွင် စိတ်အာရုံအလုံးစုံကို စူးစိုက်ထားရန်လိုအပ်သည်။ဤအချိန်တွင် မည်သည့်နည်းနှင့်မျှ အနှောက်အယှက်ပြု၍မရချေ။
လုယွီသည် နံဘေးပတ်ဝန်းကျင်ရှိဆေးပင်များကို တစ်ချက်ကြည့်ကာ ခန်းမသခင်ကျန်းသည် အဆိပ်ဖြေဆေးဖော်စပ်ရန် ကြိုးစားနေကြောင်း သူ ချက်ချင်း နားလည်သဘောပေါက်သွားသည်။
သူသည် ခန်းမသခင်ကျန်းကို တစ်ချက်ကြည့်လိုက်၏။ခန်းမသခင်ကျန်းသည် အသက်အိုမင်းခြင်း မရှိသေးသော်လည်း သူ၏ခေါင်းပေါ်၌ ဆံပင်ဖြူအရိပ်အယောင်များ ရှိနေလေပြီ။သူသည် အလွန်အကျွံတွေးတောစဥ်းစားနေရသည်မှာ သိသာထင်ရှားလှ၏။
သူ့ရှေ့ရှိ ဆေးမီးဖို၏မီးတောက်များကြားမှနေ၍ ဆေးအငွေ့အသက်များ ထွက်ပေါ်စပြုလာသည်။
လုယွီသည် ခန်းမသခင်ကျန်းကို အနှောက်အယှက်မပြုချေ။သူသည် နံဘေးတစ်နေရာ၌ တိတ်တဆိတ်ထိုင်ကာ ဆေးသန့်စင်ခြင်းကို စောင့်ကြည့်လိုက်သည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းပြီးချိန်ခန့်အကြာတွင် ဆေးမီးဖိုအောက်ခြေရှိမီးတောက်များ တဖြည်းဖြည်း လူးလွန့်လာသည်။ထို့နောက် ဆေးမီးမှနေ၍ အနက်ရောင်အခိုးအငွေ့များ မြင့်တက်လာပေ၏။
ဒေါင်...ဒေါင်...
ဆေးမီးဖိုအဖုံးသည် အတွင်းရှိအခိုးအငွေ့များ၏ သက်ရောက်ခြင်းခံရကာ ဆေးမီးဖိုအစွန်းနှင့် အဆက်မပြတ်ရိုက်ခတ်မိနေပြီး တဒေါင်ဒေါင်အသံများ ထွက်ပေါ်နေသည်။
Chapter 3129
ခန်းမသခင်ကျန်းသည် ဆေးမီးဖို၏အဖုံးကို စူးစိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
ဆေးမီးဖိုအဖုံးမှနေ၍ အနက်ရောင်အခိုးအငွေ့များ မြင့်တက်နေကာ ဆေးမီးဖို၏အထက်၌ စုဝေးသွားသည်။အနက်ရောင်အခိုးအငွေ့များ ပို၍ပို၍ စုဝေးလာခြင်းနှင့်အတူ ထိုအရာများအကြားမှနေ၍ ခပ်ဖျော့ဖျော့ညှော်နံက မျောလွင့်လာသည်။
ဤသည်က ကောင်းမွန်သောသင်္ကေတတစ်ရပ် မဟုတ်ချေ။
ယေဘုယျကျကျပြောဆိုရလျှင် ဆေးသန့်စင်၍ ပြီးဆုံးခါနီးအချိန်တွင် ချိုအီသောမွှေးရနံ့မျိုး ထွက်ပေါ်လာလေ့ရှိသည်။
အကယ်၍ ထိုမွှေးရနံ့မျိုးမဟုတ်လျှင်ပင် ဆေးရနံ့တစ်မျိုးမျိုး သင်းပျံ့နေလေ၏။ယခုကဲ့သို့ ညှော်နံ့မျိုးထွက်ပေါ်လာရခြင်းမှာ ဆေးသန့်စင်ခြင်း ကျရှုံးသွားပြီဟူသော အဓိပ္ပါယ်မျိုးသက်ရောက်သည်။
ခန်းမသခင်ကျန်း၏နဖူးပြင်ပေါ်တွင် အေးစက်စက်ချွေးစေးများဖြင့် စိုရွှဲနေသည်။သူသည် ဤကိစ္စကိုဖြေရှင်းနိုင်ရန် နည်းလမ်းတစ်ခုကို စဥ်းစားနေသည့်အလား သူ၏မျက်ခုံးကို တင်းတင်းကြပ်ကြပ် စုကျုံထားလေ၏။
သူသည် သူ့နံဘေးရှိ ဆေးပင်များအကြားမှ ကျောက်စိမ်းရောင်ဆေးပင်တချို့ကို ထုတ်ယူလိုက်သည်။အချိန်အတော်ကြာ တွေဝေစဥ်းစားနေပြီးနောက် သူသည် ထိုဆေးပင်များကို ဆေးမီးဖိုအတွင်းသို့ မထည့်တော့ချေ။
ဤဆေးမီးဖိုအတွင်းရှိဆေးသန့်စင်မှု ကျရှုံးတော့မည်ကိုကြည့်ပြီး ခန်းမသခင်ကျန်းက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
တစ်ခါတစ်ရံတွင် ဆေးသန့်စင်မှုကျရှုံးခြင်းသည် အလုံးစုံကျရှုံးခြင်းဖြစ်ပြီး မည်သို့မျှပြန်လည်အဖတ်ဆယ်၍မရချေ။ထိုအရာအတွင်းသို့ ဆေးပင်များကို ထပ်မံ၍ ထည့်သွင်းခြင်းသည် ဖြုန်းတီးခြင်းသာ ဖြစ်ပေမည်။
ခန်းမသခင်ကျန်းသည် မည်သို့ဆက်ဖြစ်မည်ကိုသာ စောင့်ဆိုင်းနေရန် ကြံရွယ်လိုက်တော့သည်။
လုယွီသည် နံဘေးတစ်ဖက်မှနေ၍ စောင့်ကြည့်နေခဲ့သည်။ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူသည် ဆေးပင်တချို့ကိုထုတ်ယူကာ ခန်းမသခင်ကျန်း၏လက်အတွင်းသို့ ထည့်ပေးလိုက်၏။
ခန်းမသခင်ကျန်း၏မျက်ခုံး မြင့်တက်သွားကာ မည်ကဲ့သို့ဆက်လုပ်ရမည်ကို သူ နားမလည်တော့ချေ။
အစောပိုင်းက လုယွီ သူ့အားပေးသည်မှာ အထောက်အပံဆေးပင်တစ်ပင်ပင်။ထိုဆေးပင်တွင် မည်သည့်အထူးအာနိသင်မျိုးမျှမရှိချေ။
အကယ်၍ သူသည် ဤဆေးသန့်စင်မှုကို ပြန်လည်အဖတ်ဆယ်လိုလျှင်ပင် ထိုဆေးပင်သည် အသုံးဝင်မည်မဟုတ်ချေ။
"ဒါကို တစ်ချက်ကြိုးစားကြည့်လိုက်ပါ...အဲ့ဒီဆေးပင်က အသုံးဝင်သွားနိုင်တယ်"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
လုယွီ၏ယုံကြည်ချက်အခိုင်အမာရှိမှုသည် ခန်းမသခင်ကျန်းထံသို့ သက်ရောက်သွားပုံရသည်။သူသည် ထိုဆေးပင်အနည်းငယ်ကိုယူကာ ဆေးမီးဖိုအတွင်းသို့ ထည့်လိုက်၏။
ဤသည်က ကြံမိကြံရာလုပ်သော ကိစ္စတစ်ရပ်ပင်။မည်သို့ပင်ဆိုစေကာမူ အထောက်အပံဆေးပင်တစ်ပင်ကို ထည့်လိုက်ရုံသာဖြစ်သဖြင့် သူ အသုံးပြုခဲ့ခြင်းဖြစ်သည်။
ဝုန်း...ဝုန်း...
ဖရိုဖရဲအသံများ ဆေးမီးဖိုအတွင်းမှကြားနေရကာ လေထုအတွင်း၌စုဝေးနေသော အနက်ရောင်အခိုးအငွေ့များ နောက်ဆုံး၌ ပွင့်အံ့ထွက်သွားသည်။တဲတစ်တဲလုံး ညှော်နံများဖြင့် ပြည့်နှက်သွားပေ၏။
ဟူး...
ခန်းမသခင်ကျန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ထို့နောက် သူက လုယွီကိုကြည့်ကာ ပြောဆိုသည်။
"စီရင်စုသခင်ကတော့ ငါ့ကိုကြည့်ပြီး ရယ်ချင်နေမှာပဲ...ငါက ဆေးပညာကို ကောင်းကောင်းမသင်ယူခဲ့ရဘူး...ဒါကြောင့် ဆေးသန့်စင်တဲ့နေရာမှာ ကျရှုံးမှုနှုန်းမြင့်နေတယ်"
"ခန်းမသခင်ကျန်းက နှိမ့်ချတက်တဲ့သူပဲ...မင်းရဲ့ဆေးပညာနည်းစနစ်မှာ မဟာဆရာသခင်တစ်ယောက်ရဲ့ အပြုအမူမျိုးတွေရှိနေတယ်...မင်းက နာမည်ဂုဏ်သတင်းကြီးမားတဲ့ ဆရာသခင်တစ်ယောက်ဆီကနေ သင်ယူလာတာပဲဖြစ်မယ်...ငါတို့လင်ကျိုးစီရင်စုက အစကတည်းက နေရာငယ်လေးတစ်ခုပါ...ခုလိုကျဥ်းထဲကျပ်ထဲအခြေအနေမျိုးမှာ မင်း ရှိနေတာကပဲ ငါ့အတွက် ကြီးမားတဲ့အကူအညီကြီးတစ်ခုဖြစ်နေပြီ"
လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
သူသည် ဟုတ်တိုင်းမှန်ရာကို ပြောဆိုခဲ့ခြင်းပင်။
ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ လုယွီသည် ပြင်ပလောကတွင်ကဲ့သို့ အရာအားလုံးကို ချေမွှဖျက်ဆီးနိုင်သော စွမ်းအားမျိုးမရှိချေ။သူသည် ဤအကျပ်အတည်းအခြေအနေကို ကျော်ဖြတ်နိုင်ရန်အတွက် တခြားသူများ၏ ကူညီထောက်ပံ့မှုများကို မှီခိုရပေမည်။
သူ့ရှေ့ရှိလူများသည် အတုအယောင်သက်သက်ဟူသည်ကို သူ သိရှိသော်လည်း ဟွမ်လျန့်အိမ်မက်ကမ္ဘာ၏အထူးဆန်းဆုံးအချက်မှာ အစစ်အမှန်နှင့်တူညီသော ပုံရိပ်ယောင်ကမ္ဘာဖြစ်နေခြင်းပင်။
ခန်းမသခင်ကျန်းက ရှည်လျားသောသက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"လင်ကျိုးစီရင်စုက ငါ့ရဲ့မွေးရပ်မြေ...ဒီနေရာမှာ ငါ့အတွက် အမှတ်တရတွေအများကြီး ရှိနေတယ်...ဒီနေရာပျက်စီးသွားမှာကို ငါ ဘယ်လိုလုပ်ပြီးတော့ သည်းခံနိုင်မှာလဲ"
ထိုစကားကိုပြောဆိုနေချိန်တွင် ခန်းမသခင်ကျန်း၏ ပင်ပန်းနွမ်းနယ်နေသောမျက်လုံးအတွင်း၌ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသော အရိပ်အယောင်များနှင့် ပြည့်နှက်နေပေ၏။
ဤသည်က ကျင့်ကြံသူတစ်ယောက်၏ရူးသွပ်စွဲလမ်းခြင်းပင်။
သူ၏ဇာတိမြေကို ကာကွယ်နိုင်ရန်အလို့ငှာ သူ တတ်နိုင်သမျှ အရာရာတိုင်းကို လုပ်ဆောင်ပေမည်။
အလယ်ခေတ်အတွင်းရှိ ကျင့်ကြံသူများသည် အထွတ်အထိပ်အဆင့်သို့ရောက်ရှိရန်သာ ကျင့်ကြံနေကြသည်။သူတို့သည် တက်လှမ်းသွားပြီးနောက် သေမျိုးလောကအတွင်းသို့ ပြန်မသွားကြတော့ကာ လောကီအရေးကိစ္စများအကြောင်းကိုလည်း မမေးမြန်းတော့ချေ။
သို့ရာတွင် တစ်စုံတစ်ယောက်သည် လူသားတစ်ယောက် ဖြစ်နေသေးသရွေ့ သူတို့၏သေမျိုးဘဝကို မည်သို့မေ့နိုင်မည်နည်း။
အတိတ်တွင် တာယွီအင်ပါယာကိုတည်ထောင်ခဲ့သော ဧကရာဇ်ကောင်းဇူသည် တစ်ချိန်က ထာဝရအသက်လမ်းကြောင်းကို လျှောက်လှမ်းနေသည်ဟူသော အင်မော်တယ်တချို့ကို မြင်တွေ့ခဲ့ဖူးကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။သူတို့သည် တံခါးပိတ်ကျင့်ကြံခြင်း သို့မဟုတ် ကောင်းကင်နှင့်မြေပြင်အကြားမှ ရတနာများကို လိုက်လံရှာဖွေခြင်းတို့ကို ထာဝရအသက်ရှာဖွေသည့်လမ်းကြောင်းဟု ခေါ်ဆိုခဲ့လေ၏။သို့ရာတွင် သူသည် သူ၏မိဘများသေဆုံးသွားသည်ကိုပင် ဂရုမစိုက်ချေ။သူ၏ကလေးများ အနိုင်ကျင့်အရှက်ခွဲခံရသည်ဟု ကြားရစဥ်တွင်လည်း လျစ်လျှူရှုခဲ့သည်။ဤကဲ့သို့ ကျင့်ကြံသူတစ်ယောက်သည် အကယ်၍ သူသည် အင်မော်တယ်တစ်ယောက်ဖြစ်လာလျှင်ပင် ရိုင်းပျပြီးအကြင်နာတရားကင်းမဲ့သော လူစားမျိုးသာ ဖြစ်လာပေမည်။
Chapter 3130
တာယွီ၏ဥပဒေစည်းမျဥ်းများအရ မိဘဆွေမျိုးများအပေါ် ကောင်းမွန်စွာမဆက်ဆံသူနှင့်သားသမီးအပေါ် ဝတ္တရားမကျေပွန်သူတို့ကို ရာဇဝတ်မှုကြီးလွန်သူများဟုယူဆကာ နတ်ဆိုးကျင့်ကြံသူများကဲ့သို့ ပြစ်ဒဏ်များပေးလေ့ရှိသည်။
အကယ်၍ ထိုလူသည် မြင့်မြတ်သောရွှယ်အင်မော်တယ်တစ်ယောက် ဖြစ်နေလျှင်ပင် သူသည် အစစ်အမှန်ထာဝရအသက်လမ်းကြောင်းပေါ်သို့ ခြေမချနိုင်သေးသရွေ့ သူ့အား သေမျိုးတစ်ယောက်ဟုသာယူဆသည်။မည်သည့်ကိစ္စမျိုးရှိနေပါစေ သူသည် သေမျိုးလောကကို ပစ်ပယ်ထား၍မရချေ။
ဆေးပညာရှင်တစ်ယောက်ဖြစ်သော ခန်းမသခင်ကျန်းသည် အဆင့်အတန်းမြင့်မားသူတစ်ယောက်ဖြစ်သော်လည်း သူ၏ဇာတိမြေကို မေ့ဖျောက်နိုင်ခြင်းမရှိချေ။
"ဒီတစ်သုတ် ဆေးသန့်စင်တာ ကျရှုံးသွားပြီ...ငါ နောက်တစ်သုတ် ထပ်ပြီးသန့်စင်ရမယ်"
ခန်းမသခင်ကျန်းသည် မတ်တတ်ထရပ်ကာ သူ့ရှေ့ရှိ အရှုပ်အထွေးများကို သန့်ရှင်းရေးလုပ်ရန် ဟန်ပြင်လိုက်၏။
လုယွီက သူ့အား ဟန့်တားလေသည်။
"အလျင်လိုစရာ မလိုပါဘူး...ဘာလို့ ဆေးမီးဖိုထဲကဆေးတွေကို အရင်မကြည့်တာလဲ"
ခန်းမသခင်ကျန်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဘာမှကြည့်နေစရာ မလိုတော့ဘူး...အနက်ရောင်မီးခိုးငွေ့တွေက အပြင်ထိတောင် မြင့်တက်သွားပြီ...ဒီဆေးသန့်စင်မှုက ကျရှုံးသွားပြီ...ငါ ကြည့်နေလည်း အသုံးမဝင်တော့ဘူး"
"မင်း တစ်ချက်ကြည့်ရုံလောက်နဲ့ ဘာမှနောက်ကျသွားမှာ မဟုတ်ဘူးလေ"
လုယွီ ခေါင်းမာနေသည်ကိုကြည့်ပြီး ခန်းမသခင်ကျန်းသည် များစွာတွေးတောနေခြင်း မပြုတော့ဘဲ ဆေးမီးဖိုအဖုံးကို ဖွင့်လိုက်၏။
ဆေးမီးဖိုအဖုံးကို ဖယ်ရှားလိုက်စဥ်တွင် အတွင်းမှနေ၍ ညှော်နံ့များထောင်းခနဲ ထွက်ပေါ်လာသည်။ဤသည်က အလွန်အမင်း အနံ့စူးရှပေ၏။
ဤကဲ့သို့ အနံ့မျိုးထွက်ပေါ်လာရခြင်းမှာ ဆေးသန့်စင်မှုကျရှုံးသည်ဟု ညွှန်ပြနေခြင်းပင်။
ခန်းမသခင်ကျန်းသည် ဆေးလုံးများကို အမြဲတစေသန့်စင်နေသူဖြစ်သဖြင့် ဤကဲ့သို့အနံ့မျိုးနှင့် လွန်စွာရင်းနှီးကျွမ်းဝင်သည်။ထို့ကြောင့် သူသည် ကူကယ်ရာမဲ့ဖြစ်သွားကာ ဆေးလုံးများနှင့်ပတ်သတ်၍ ဆိုးရွားသောခံစားချက်မျိုး ရရှိနေသည်။
သူသည် သံညှပ်တစ်စုံကိုထုတ်ယူကာ ဆေးမီးဖိုအတွင်းရှိ အနက်ရောင်ပြာများအကြား၌ ရှာဖွေလိုက်သည်။ရုတ်တရက် သူ၏မျက်ခုံး မြင့်တက်သွားသည်။
သူသည် အနက်ရောင်ပြာများအကြားတွင် ခပ်ဖျော့ဖျော့အလင်းရောင် တောက်ပနေသော ဆေးလုံးတချို့ကို မြင်တွေ့မိလေ၏။
"ဒါက တကယ်ကြီး အောင်မြင်သွားခဲ့တာပဲ"
ခန်းမသခင်ကျန်းသည် ထိုဆေးလုံးများကို အလျင်စလိုထုတ်ယူကာ ထိုအရာများပေါ်တွင်ကပ်နေသော ပြာများကို လေဖြင့်မှုတ်ထုတ်လိုက်သည်။
ထိုဆေးလုံးများ၏မျက်နှာပြင်မှနေ၍ ခပ်ဖျော့ဖျော့အလင်းရောင်များ ဖြာထွက်နေသည်။ထိုအရာများကိုကြည့်ရသည်မှာ သာမာန်ဆန်သော်လည်း အားကောင်းသောအရှိန်အဝါများကို ထုတ်လွှတ်ထားဆဲပင်။
ဤသည်က အစစ်အမှန် ဆေးလုံးများပင်။
ခန်းမသခင်ကျန်း၏မျက်နှာပေါ်၌ အံ့အားသင့်တုန်လှုပ်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဤဆေးလုံးများကို သန့်စင်ခဲ့စဥ်တွင် မူလက ကျရှုံးလုဆဲဆဲအခြေအနေမျိုးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။
သို့ရာတွင် အဆုံးသတ်၌ ထိုဆေးလုံးများ အမှန်တကယ်အောင်မြင်သွားမည်ဟု သူ မျှော်လင့်မထားမိချေ။
ထို့ပြင် သူ့ရှေ့ရှိဆေးလုံးများ၏အရည်အသွေးသည် သူ၏သာမာန်ဆေးပညာစွမ်းရည်ထက် သာလွန်နေသည်။ထိုအရာများသည် ယခင်ထက် အဆင့်တစ်ဆင့် ပိုမြင့်မားသည်မှာ သိသာထင်ရှားလှ၏။
ဖြစ်နိုင်သည်မှာ ထပ်မံ၍ပေါင်းထည့်လိုက်သော အထောက်အပံဆေးပင်ကြောင့် ဖြစ်နေသလော...
ခန်းမသခင်ကျန်းက လုယွီကိုကြည့်၍ မေးမြန်းသည်။
"စီရင်စုသခင်က ဆေးပညာအကြောင်းကို သိနေတာလား"
"ငါ နည်းနည်းပဲသိတာပါ"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ခန်းမသခင်ကျန်း၏မျက်ခုံး မြင့်တက်သွားကာ သူက တည်ကြည်လေးနက်သောအကြည့်ဖြင့် လုယွီကို ထပ်မံ၍ကြည့်လိုက်၏။ထို့နောက် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုသည်။
"စီရင်စုသခင်က ယဥ်ကျေးလွန်းနေပြီ...မင်းက ကျောင်းတော်သားတစ်ယောက်လေ...ငါတို့ထက်ပိုပြီး အသိပညာကြွယ်ဝတာ သာမာန်ကိစ္စပါပဲ...ငါတို့ရင်ဆိုင်နေရတဲ့ အခြေအနေကို မင်း ဂရုစိုက်ပေးနိုင်မယ်လို့ ငါ မျှော်လင့်မိတယ်"
"ဒါက ငါ့ရဲ့တာဝန်ပါ...ဒီတစ်ကြိမ်အဆိပ်နဲ့ ပတ်သတ်ပြီးတော့ ပြောကြစို့"
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်သည်။
ဤသည်မှာ အစောပိုင်းတွင် မည်သည့်ကိစ္စမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။
ခန်းမသခင်ကျန်းသည် အတွေ့အကြုံရင့်ကျက်သူတစ်ယောက်ပင်။လုယွီသည် အထောက်အပံ့ဆေးပင်ကို တိကျမှန်ကန်စွာကောက်ယူ၍ သူ၏ဆေးသန့်စင်မှုကို အောင်မြင်စေခဲ့သည်။ဤကဲ့သို့ ဆေးပညာအရည်အချင်းသည် သူ၏အထက်တွင်ရှိသည်မှာ တိကျသေချာလှ၏။
ထိုသို့ဖြစ်ရခြင်းမှာ လုယွီသည် ထိုက်ကျန်းခန်းမသခင်ကဲ့သို့ မောက်မာဝံ့ကြွားသူမျိုးကိုသာ သူ၏အစွမ်းအစကိုထုတ်ပြ၍ ချိုးနှိမ်ရန်လိုအပ်သည်။ခန်းမသခင်ကျန်းကဲ့သို့ ကျိုးကြောင်းဆီလျော်သော လူတစ်ယောက်အပေါ်၌ သူသည် အစွမ်းအစများစွာ ထုတ်ပြနေရန် မလိုအပ်ချေ။
ခန်းမသခင်ကျန်းက ပြောဆိုသည်။
"တကယ်လို့ အဆိပ်သင့်တာနည်းတဲ့သူဆိုရင် ငါတို့က အဆိပ်ဖြေဆေးကိုသုံးပြီး ဖိနှိပ်ထားလို့ရတယ်...ဒါပေမယ့် အဆိပ်သင့်တာများတဲ့ လူတချို့ကိုတော့ သာမာန်အဆိပ်ဖြေဆေးတွေနဲ့ အဆိပ်ဖြေပေးလို့မရဘူး"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"အဲ့ဒီအဆိပ်က အရမ်းပြင်းထန်လို့လား"
"စီရင်စုသခင်...မင်း တစ်ချက်ကြည့်ရုံနဲ့ သိသွားလိမ့်မယ်"
ခန်းမသခင်ကျန်းသည် ရှည်လျားသောသက်ပြင်းတစ်ချက်ရှိုက်ကာ လုယွီကို တဲအတွင်းသို့ ခေါ်ဆောင်သွားလေသည်။
ဤနေရာတွင် ကုတင်များရှိနေသည်။ထိုကုတင်တစ်လုံးစီပေါ်တွင် လူတစ်ယောက် လဲလျောင်းနေပေ၏။ထိုလူများ၏မျက်နှာများကို အဝတ်ဖြူများနှင့် ဖုံးအုပ်ထားသည်။
ဤနေရာရှိအပူရှိန်သည် ပြင်ပထက် သိသိသာသာ ပို၍အေးစက်သည်။
ခန်းမသခင်ကျန်းသည် ကုတင်တစ်လုံးဘေးသို့ လျှောက်လှမ်းသွားကာ ထိုလူ၏မျက်နှာကိုဖုံးအုပ်ထားသော အဖြူရောင်အဝတ်စကို ဖယ်ရှားလိုက်သည်။
ထိုအရာအောက်၌ ရက်စက်ယုတ်မာသောမျက်နှာတစ်ခု ထွက်ပေါ်လာသည်။