အခန်း (၃၁၃၆-၃၁၄၀)
Vol. 160 Ch. 3136-3140
Chapter 3136
"လင်ကျိုးစီရင်စုသခင်...မင်း သတ္တိရှိတယ်ဆိုရင် ထွက်လာခဲ့စမ်း"
နတ်ဆိုးကျင့်ကြံသူက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူသည် နုံအသူတစ်ယောက်မဟုတ်ချေ။ဤမြင်ကွင်းကို မြင်တွေ့မိသောမည်သူမဆို မည်ကဲ့သို့ဖြစ်ပျက်သွားသည်ကို ခန့်မှန်းမိပေမည်။
လုယွီသည် ဤကိစ္စအတွက် ကြိုတင်ပြင်ဆင်ထားပြီးလေပြီ။
သူတို့၏ ရှောင်တခင်ဝင်ရောက်တိုက်ခိုက်မှုသည် ကျရှုံးသွားရုံသာမက တခြားသူ၏ဝိုင်းရံမှုအောက်သို့ သူတို့ ကျရောက်သွားခဲ့သည်။
"သတ်"
ဝှစ်...ဝှစ်...ဝှစ်...
စစ်သားများသည် သူတို့၏လက်များအတွင်းမှ အေးစက်စက်အလင်းရောင် တောက်ပနေသောမြှားများကို တပြိုင်နက်တည်း ပစ်လွှတ်လိုက်ကာ ယင်အလောင်းကောင်များ၏ခန္ဓာကိုယ်များကို ထွင်းဖောက်သွားသည်။
ယင်အလောင်းကောင်များ၏ခန္ဓာကိုယ်အရေပြားသည် အလွန်မာကျောကြမ်းတမ်းကာ သာမာန်မှော်လက်နက်များနှင့် ထွင်းဖောက်နိုင်ခြင်းမရှိချေ။ထို့ပြင် သူတို့သည် အပြင်းအထန်ဒဏ်ရာရရှိထားသည့်တိုင် သာမာန်အတိုင်းလှုပ်ရှားသွားလာနိုင်သည်။
သို့ရာတွင် ယင်အလောင်းကောင်များ၏ခန္ဓာကိုယ်များပေါ်သို့ မြှားများကျရောက်လာချိန်တွင် နတ်ဆိုးကျင့်ကြံသူသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားပေ၏။
မြှားများထွင်းဖောက်သွားသော ဒဏ်ရာများမှနေ၍ ထူထပ်သိပ်သည်းသော အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာကာ လေထုအတွင်းသို့ မြင့်တက်သွားသည်။
အလွန်အမင်းအစွမ်းထက်သော ယင်အလောင်းကောင်များသည် မြှားများထိမှန်ခံရပြီးနောက် မိန်းမောတွေဝေသွားကြ၏။
ဝှစ်..
မြှားတစ်စင်းသည် နတ်ဆိုးကျင့်ကြံသူ၏နားနံဘေးမှ ဖြတ်သန်းသွားသဖြင့် သူသည် မှော်လက်နက်ကိုဆင့်ခေါ်ကာ အလျှင်အမြန် ပိတ်ဆို့ဟန့်တားလိုက်သည်။
သူသည် ကံကောင်းစွာဖြင့် ထိုမြှားကိုရှောင်တိမ်းနိုင်ခဲ့သော်လည်း သူ၏နံဘေးပတ်ဝန်းကျင်ရှိ ယင်အလောင်းကောင်များသည် ကံကောင်းခြင်းမရှိချေ။သူတို့၏ခေါင်းများအတွင်းသို့ မြှားများထွင်းဖောက်သွားကာ သူတို့၏ခန္ဓာကိုယ်များ ယိမ်းယိုင်သွားပြီး မြေပြင်ပေါ်သို့လဲကျသွားတော့သည်။
"ထကြစမ်း...ခုချက်ချင်း မတ်တတ်ထရပ်ကြစမ်း...အမှိုက်ကောင်တွေ"
နတ်ဆိုးကျင့်ကြံသူသည် သူ၏အင်္ကျီလက်ကြားမှ ခေါင်းလောင်းတစ်လုံးကို ထုတ်ယူလိုက်၏။
ထိုခေါင်းလောင်း၏ထိပ်သည် 'တောင်'ဟူသောစာလုံးနှင့်တူညီကာ ညင်သာစွာလှုပ်ယမ်းလိုက်ရုံဖြင့် စိတ်ဝိညာဥ်ကိုမွန်းကြပ်စေသောအသံမျိုး မြည်ဟီးလာသည်။
ခေါင်းလောင်းသံမြည်ဟီးနေခြင်းကို ကြားနေရသော်လည်း ယင်အလောင်းကောင်များသည် သူတို့ပေါ်တွင် သက်ရောက်မှုအနည်းငယ်မျှပင်မရှိသည့်အလား လှုပ်ရှားခြင်းမရှိချေ။
ဤသည်က ယင်အလောင်းကောင်များ လုံးလုံးလျားလျား သေဆုံးသွားသောအခြေအနေမျိုးနှင့်တူညီသည်။
နတ်ဆိုးကျင့်ကြံသူသည် သူ၏လက်ကိုဆန့်တန်းကာ ယင်အလောင်းကောင်များ၏ခေါင်းများတွင် စိုက်ဝင်နေသောမြှားများကိုဆွဲထုတ်ရန် ကြံရွယ်လိုက်၏။
သို့ရာတွင် သူ၏လက်ဖြင့် မြှားကိုထိတွေ့မိသည့်အချိန်တွင် သူ၏လက်ဖဝါး ရုတ်တရက်နာကျင်သွားသည်။သူ၏လက်ကိုဖြန့်ကြည့်လိုက်ရာ သူ၏လက်ဝါးသည် မီးလောင်ကျွမ်းသွားသည့်အလား ပေါက်ပြဲသွားသည်ကို မြင်တွေ့လိုက်ရသည်။
"ဒီမြှားတွေပေါ်မှာ မှော်မန္တန်ရေးထွင်းထားတာပဲ"
နတ်ဆိုးကျင့်ကြံသူသည် မြှားထိပ်တွင်ရှိနေသော ထူထပ်သိပ်သည်းသည့် မှော်မန္တန်သင်္ကေတများကိုမြင်တွေ့ချိန်တွင် အလွန်တုန်လှုပ်ချောက်ချားသွားသည်။
ထိုမှော်မန္တန်သင်္ကေတများမှနေ၍ မြင့်မြတ်သောအရှိန်အဝါမျိုးထွက်ပေါ်နေကာ တာအိုကျမ်းစာတစ်ပုဒ်ဖြစ်ပုံရသည်။သူ့ကဲ့သို့ နတ်ဆိုးကျင့်ကြံသူများအတွက် တာအိုကျမ်းစာများသည် အလွန်အမင်းဖိနှိပ်ချုပ်ကိုင်နိုင်သည့်စွမ်းအားမျိုးရှိပေ၏။
"မကောင်းတော့ဘူး...ငါ ဒီနေရာမှာ တကယ်ကြီး သေသွားနိုင်တယ်"
နတ်ဆိုးကျင့်ကြံသူ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။သူသည် များစွာဂရုစိုက်မနေတော့ဘဲ သူ၏အင်္ကျီလက်ကြားမှ အနက်ရောင်စက်လုံးတစ်လုံးကိုထုတ်ယူကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ထူထပ်သိပ်သည်းသော အနက်ရောင်အခိုးအငွေ့များက နတ်ဆိုးကျင့်ကြံသူ၏နံဘေးပတ်လည်မှ ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။သူ၏တည်ရှိနေမှုကို အပြင်မှကြည့်ပါက အနည်းငယ်မျှပင် မမြင်တွေ့နိုင်တော့ချေ။
ပတ်ဝန်းကျင်ရှိ အသက်ရှင်သန်နေဆဲဖြစ်သော ယင်အလောင်းကောင်များသည် သူ၏အမိန့်ကို လက်ခံရရှိခဲ့သည်။သူတို့သည် ဖရိုဖရဲဖြစ်နေစဥ်အတွင်း ဖောက်ထွက်နိုင်ရန်ရည်ရွယ်၍ အရပ်မျက်နှာအဘက်ဘက်မှ စတင်၍တိုက်ခိုက်လိုက်ကြ၏။
"မင်းက ထွက်သွားချင်သေးတာလား...သူ့ကို ပစ်ကြစမ်း"
ချင်ယုသည် ထိုနတ်ဆိုးကျင့်ကြံသူကို သတိထား၍ စောင့်ကြည့်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သာမာန်အားဖြင့် ထိုနတ်ဆိုးကျင့်ကြံသူများသည် မြို့ရိုးကို တစ်ချိန်လုံးတိုက်ခိုက်နေကြသည်။အစောင့်စစ်သားအမြောက်အများ ထိုနတ်ဆိုးကျင့်ကြံသူများ၏လက်အတွင်း၌ သေဆုံးခဲ့ရသည်။
ဤအချိန်အခိုက်အတန့်တွင် ချင်ယုသည် မြို့အတွင်းသို့ခိုးဝင်လာသော နတ်ဆိုးကျင့်ကြံသူကို တွေ့မြင်နေရသဖြင့် သူ အလွတ်ပေးမည်မဟုတ်ချေ။
ကောင်းကင်ယံအတွင်း၌မျောလွင့်နေသော နတ်ဘုရားမျက်လုံးဝင်္ကပါမှနေ၍ ရုတ်တရက် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ စီရင်စုရုံးတော်၏အရှေ့ဘက်ခြံဝန်းအတွင်းသို့ ကျဆင်းလာသည်။
မူလက သူတို့ကိုဝိုင်းရံနေသော ပတ်ဝန်းကျင်ရှိ အနက်ရောင်အခိုးအငွေ့များသည် ရွှေရောင်အလင်းတန်းများကြောင့် ပျက်ပြယ်သွားသဖြင့် နတ်ဆိုးကျင့်ကြံသူသည် ပုန်းအောင်းရန် နေရာမရှိတော့ချေ။
"ငါ မင်းတို့အားလုံးနဲ့ သေတဲ့အထိတိုက်ခိုက်မယ်"
နတ်ဆိုးကျင့်ကြံသူသည် သူ၏လမ်းကြောင်းများအားလုံး ပိတ်ဆို့ဟန့်တားခံထားရသည်ကို မြင်တွေ့စဥ်တွင် သူ၏မျက်လုံးများ ရဲရဲတောက်နီမြန်းသွားသည်။သူသည် သူ၏အင်္ကျီလက်ကြားမှနေ၍ အဆိပ်ပြင်းပိုးမွှားတစ်စုကိုထုတ်ယူကာ ပြင်ပသို့ ပစ်လွှတ်လိုက်၏။
ထိုအဆိပ်ပြင်းပိုးမွှားများသည် ပြင်ပသို့ရောက်ရှိသွားပြီးနောက် ပတ်ဝန်းကျင်ရှိ စစ်သားများထံသို့ ခုန်ဝင်သွားသည်။
Chapter 3137
ယင်အလောင်းကောင်များနှင့်ရင်ဆိုင်ရာတွင် စစ်သားအမြောက်အများ စုစည်း၍တိုက်ခိုက်သည်မှာ အတိုင်းအတာတစ်ခုထိ သက်ရောက်မှုရှိသည်။
သို့ရာတွင် အဆိပ်ရှိပိုးမွှားများနှင့် ရင်ဆိုင်ရချိန်တွင် စစ်သည်အင်အားများပြားမှုသည် ကောင်းမွန်သောသက်ရောက်မှုမျိုး မရှိတော့ချေ။
အထူးသဖြင့် စစ်သားအများစုသည် စုဝေးနေကာ အဆိပ်ရှိပိုးမွှားများက နေရာအနှံ့အပြား၌ရှိနေသည်။ထိုအဆိပ်ပိုးမွှားများ ရှိနေသောနေရာကိုရှာဖွေရန် လွန်စွာခက်ခဲပေ၏။
ထိုအဆိပ်ပြင်းပိုးမွှားများ ရှေ့သို့တိုးဝင်လာစဥ်တွင် ခန်းမ၏အတွင်း၌ထိုင်နေသောလုယွီ၏မျက်လုံးအကြည့်က အရှေ့ဘက်ခြံဝန်းအတွင်းသို့ ကျရောက်သွားသည်။
ရုတ်ချည်းဆိုသလိုပင် သူ၏စုတ်တံကိုမြှောက်ကာ လေဟာနယ်အတွင်း၌ စာလုံးတစ်လုံးကို ရေးသားလိုက်သည်။
ဓား..
ထိုမင်သည် လွင့်ပြယ်သွားခြင်းမရှိဘဲ လေထုအတွင်း၌မျောလွင့်ကာ အစွမ်းထက်သောအရှိန်အဝါတစ်ရပ်ကို ထုတ်လွှက်နေသည်။
'ဓား'ဟူသောစာလုံးတွင် ကောင်းကင်နှင့်မြေပြင်၏ကံကြမ္မာပါဝင်နေပုံရကာ ထိုစာလုံးသည် တဖြည်းဖြည်းပြောင်းလဲသွားပေ၏။အဆုံးသတ်၌ ထိုအရာသည် ဓားပျံတစ်လက်အဖြစ်သို့ ပြောင်းလဲသွားကာ ခန်းမအတွင်းမှ တိုးထွက်သွားတော့သည်။
ထိုဓားပျံ၏အရှိန်သည် အလွန်လျှင်မြန်သဖြင့် လုယွီ၏နံဘေးတွင်ရှိနေသော မှတ်တမ်းစာရေးပင်လျှင် ရှင်းရှင်းလင်းလင်း မမြင်တွေ့လိုက်ရပေ။
လူတိုင်းသည် စာလုံးတစ်လုံးမှနေ၍ ဓားပျံအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်တွေ့မိသော်လည်း မည်သည့်နေရာသို့ တိုးထွက်သွားသည်ကို သူတို့ မသိရှိချေ။
ရုတ်ချည်းဆိုသလိုပင် မင်ဖြင့်ဖွဲ့စည်းထားသောဓားပျံသည် အရှေ့ဘက်ခြံဝန်းအတွင်းရှိ အဆိပ်ရှိပိုးမွှားများထံ တိုးဝင်သွားသည်။
"ဒါက လက်ရေးတာအို....စုတ်တံနဲ့ရေးဆွဲပြီး ထင်ရှားသောပုံရိပ်ဖြစ်စေခြင်းမလား"
ကောင်းကင်ယံရှိမြင့်မားသောနေရာမှ စောင့်ကြည့်နေသော စစ်ဆေးရေးမှူးတစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်သည်။
ဤနည်းစနစ်သည် သာမာန်ကျင့်ကြံနည်းစနစ်များနှင့် ကွဲပြားခြားနားပေ၏။လက်ရေးလှပညာရပ်နှင့် မကြာခဏထိတွေ့မှုရှိကာ လက်ရေးလှတာအို၏အမျိုးမျိုးသော နည်းစနစ်များကို နားလည်သဘောပေါက်ထားမှသာ လက်ရေးလှတာအိုကို ဤမျှအဆင့်ထိ ထုတ်ဖော်အသုံးပြုနိုင်ပေမည်။
ယခုချိန်၌ စိတ်လှုပ်ရှားနေမှုအရှိဆုံးသူများမှာ တော်ဝင်ကျောင်းတော်မှ မဟာကွန်ဖြူးရှပ်ပညာရှင်များပင်။
လုယွီသည် လင်ကျိုးစီရင်စုကို တာဝန်ယူအုပ်ချုပ်ခဲ့စဥ်မှစ၍ ယခုလက်ရှိချိန်ထိတိုင် လုယွီအသုံးပြုခဲ့သော နည်းစနစ်များသည် စစ်ရေးဆိုင်ရာပညာရပ်များပင်။
ဤသည်ကြောင့် စစ်တပ်ဆိုင်ရာအရာရှိများသည် လုယွီကို ဆွဲခေါ်နိုင်ရန် အစွမ်းကုန်ကြိုးစားနေကြခြင်းဖြစ်သည်။အကယ်၍ လုယွီသည် နန်းတွင်းစာမေးပွဲကို ရှုံးနိမ့်သွားလျှင်ပင် အကယ်၍ သူ စစ်တပ်အတွင်းသို့ဝင်ရောက်ပါက အရာရှိရာထူးရရှိရန်ပင် သူတို့က အာမခံထားသည်။
လုယွီသည် ပါရမီရှင်တစ်ယောက်ဟု သူတို့အားလုံး သိရှိထားကြ၏။သူ၏ပါရမီအရည်အချင်းကို ခွန်အားပေါ်မှီခို၍သာမက အုပ်ချုပ်ရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည့်အချိန်တွင်လည်း တွေ့မြင်နိုင်သည်။ဤကဲ့သို့အတွေ့အကြုံများကြောင့် တခြားသူများမှ တန်ဖိုးထားနေခြင်းဖြစ်သည်။
တာယွီအင်ပါယာ၏အရာရှိရွေးချယ်မှုသည် တစ်စုံတစ်ယောက်၏ခွန်အားပေါ်တွင်သာမက အုပ်ချုပ်ရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည့်အပေါ်တွင်လည်း မူတည်သည်။မည်သည့်အရာကိုမျှမသိသော လောကီအင်မော်တယ်တစ်ယောက်သည် အုပ်ချုပ်ရေးကိစ္စများကိုင်တွယ်ဖြေရှင်းရာတွင် ကျွမ်းကျင်သည့် သေမျိုးတစ်ယောက်ခန့် အသုံးဝင်မည်မဟုတ်ချေ။
"သူက တော်ဝင်ကျောင်းတော်မှာ ဟောပြောသူတစ်ယောက်ဖြစ်နိုင်တဲ့ အရည်အချင်းမျိုးရှိတယ်...သူက တော်ဝင်စာကြည့်ဆောင်မှာ တော်ဝင်မိသားစုဝင်လူငယ်တွေကိုတောင် စာပေသင်ကြားပေးနိုင်လိမ့်မယ်...တကယ်လို့ သူက နန်းတွင်းစာမေးပွဲကို ကျရှုံးခဲ့ရင်တောင် ငါ ကိုယ်တိုင်ကိုယ်ကျ သူ့ကိုထောက်ခံပေးမယ်...သူ့လိုပါရမီရှင်တစ်ယောက်ကို ငါက ဒီအတိုင်း တိမ်မြုပ်သွားခွင့် ပြုမှာမဟုတ်ဘူး"
မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်က ပြောဆိုသည်။
အမှန်အားဖြင့် တာယွီအင်ပါယာတွင် စာပေအရာရှိများနှင့်စစ်ရေးအရာရှိများကို တိတိကျကျ ခွဲခြားထားခြင်းမရှိချေ။
စာပေနှင့်ယဥ်ကျေးမှုဌာနကို စီမံအုပ်ချုပ်ရသည့် ကျန်းရွှမ်စဲသည် စာပေအရာရှိတစ်ယောက်ဖြစ်သော်လည်း သူသည် နယ်မြေသခင်အဆင့် တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားပေ၏။တချို့မဟာစစ်ဗိုလ်များနှင့်မြင့်မြတ်သူများပင်လျှင် သူ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
စာပေနှင့်စစ်ရေးအကြား အငြင်းပွားနေသည်မှာ အဓိကအားဖြင့် ကွန်ဖြူးရှပ်ပညာရှင်များနှင့်စစ်ဗျူဟာပညာရှင်များသာဖြစ်သည်။
ထိုအင်အားစုနှစ်စုစလုံးသည် ရှေးဟောင်းအချိန်ကာလအတွင်းမှ ဆင်းသက်လာခြင်းဖြစ်ပေ၏။မည်သည့်အချိန်ကာလဖြစ်နေပါစေ...ထိုအင်အားစုနှစ်စုသည် ပြောင်ပြောင်တင်းတင်းဖြစ်စေ နောက်ကွယ်မှဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်တိုက်ခိုက်နေကြသည်။သူတို့အလိုရှိသည်မှာ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏စွမ်းအားပင်။အကယ်၍ တစ်ဖက်မှနေ၍ ထိုအရာကို ထိန်းချုပ်သွားနိုင်ပါက ပို၍အင်အားကောင်းသော အင်အားစုကြီးဖြစ်သွားပေမည်။
အလယ်ခေတ်အတွင်း၌ တချို့တော်ဝင်မင်းဆက်များသည် သူတို့၏အပြည့်စုံဆုံးရှေ့အလားအလာအဖြစ် ကွန်ဖြူးရှပ်ပညာရှင်များကို အသုံးပြုခဲ့သော်လည်း အဆုံးသတ်၌ ထိုမင်းဆက်များအားလုံး စစ်ဗျူဟာပညာရှင်များ၏ဖြုတ်ချခြင်းကိုခံရသည်။တချို့မင်းဆက်များသည် စစ်ဗျူဟာပညာရှင်များကို သူတို့၏အပြည့်စုံဆုံးရှေ့အလားအလာအဖြစ် အသုံးပြုခဲ့လေ၏။ထိုမင်းဆက်များသည် အချိန်တစ်ခုထိ ခိုင်မာအားကောင်းခဲ့သော်လည်း အဆုံးသတ်၌ မြို့ငယ်များအဖြစ် တကွဲတပြားစီဖြစ်သွားခဲ့ရသည်။
တာယွီအင်ပါယာကို စတင်တည်ထောင်စဥ်တွင် စာပေနှင့်စစ်ရေးအရာရှိများကို ပိုင်းခြားထားသည့် နည်းဗျူဟာကိုအသုံးပြု၍ တစ်ဖက်နှင့်တစ်ဖက် စစ်ဆေးစောင့်ကြည့်နေစေခဲ့သည်။ယခုလက်ရှိအခြေအနေသည် ဟန်ချက်ညီသော်လည်း ကွန်ဖြူးရှပ်ပညာရှင်များနှင့်စစ်ဗျူဟာပညာရှင်များအကြား အငြင်းပွားမှုများသည် ရပ်တန့်သွားခြင်းမရှိချေ။
Chapter 3138
ဘုန်း...
မင်ဓားပျံဖြတ်သန်းသွားခြင်းနှင့်အတူ မူလက မြေပြင်ပေါ်တွင်ခင်းထားသော ကြမ်းခင်းကျောက်ပြားများ ထက်ရှသောဓားချီကြောင့် လေထုအတွင်းသို့ မြောက်တက်သွားသည်။
ဘုန်း...ဘုန်း...ဘုန်း...
ထိုဓားချီဖြတ်သန်းသွားရာလမ်းတလျှောက်ရှိ ကြမ်းခင်းကျောက်ပြားများအားလုံး ဓားချီ၏ဖြတ်ပိုင်းခြင်းကိုခံရကာ အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထို့နောက် လူတိုင်းသည် မယုံကြည်နိုင်ဖွယ်မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။
နက်ရှိုင်းသောအက်ကွဲကြောင်းများက မြေပြင်ပေါ်၌ ချက်ချင်းထွက်ပေါ်လာသည်။ထိုဓားချီသည် မိုးကောင်းကင်ယံမှဆင်းသက်လာသည့် နတ်ဘုရားအပြစ်ဒဏ်တစ်ခုအလား စစ်သားများနှင့်နတ်ဆိုးကျင့်ကြံသူအကြားရှိမြေပြင်ကို ကွဲထွက်သွားစေသည်။
အစောပိုင်းက စစ်သားများထံခုန်ဝင်နေသည့် အဆိပ်ရှိပိုးမွှားများသည်လည်း ထိုဓားချီ၏ဖျက်ဆီးခြင်းကိုခံရကာ သွေးမြူများအဖြစ် ပြောင်းလဲသွားတော့သည်။
စစ်သားများအားလုံး ကြက်သေသေသွားကြ၏။
သူတို့သည် အနက်ရောင်အရိပ်တစ်ခု ဖြတ်သန်းသွားသည်ကိုသာ မြင်တွေ့လိုက်ရပြီးနောက် မြေပြင်ပေါ်ရှိကျောက်ပြားများ မြောက်တက်သွားကာ မြေပြင်ကွဲထွက်သွားခြင်းကိုသာ မြင်တွေ့လိုက်ရသည်။
အဆိပ်ရှိပိုးမွှားများကိုသတ်ဖြတ်ပြီးနောက် မင်ဓားသည် နံရံနှင့်ရိုက်ခတ်မိသွားကာ မင်ရည်များက နံရံပေါ်တွင် စွန်းထင်းသွားတော့သည်။
နတ်ဆိုးကျင့်ကြံသူသည် ရူးသွပ်သွားလုနီးပါးပင်။
ထိုအဆိပ်ရှိပိုးမွှားများသည် သူ့ကိုယ်တိုင် မွေးမြူပြီး အကြီးအကျယ်အင်အားစိုက်ထုတ်ကာ ဂရုတစိုက်မြေတောင်မြှောက်ထားခြင်းဖြစ်သည်။
ထိုအရာများသည် လူတစ်ယောက်တစ်လေကိုမျှ ဒဏ်ရာရရှိအောင် မလုပ်နိုင်သေးမီမှာပင် သေဆုံးသွားမည်ဟု သူ မျှော်လင့်မထားမိချေ။
ရုတ်တရက် နတ်ဆိုးကျင့်ကြံသူသည် လုယွီ ခန်းမအတွင်းမှထွက်လာသည်ကို မြင်တွေ့လိုက်သဖြင့် တင်းမာခက်ထန်စွာ အော်ဟစ်လိုက်၏။
"ငါ မင်းနဲ့ သေတဲ့အထိ တိုက်ခိုက်မယ်"
ထိုသို့ပြောဆိုပြီးနောက် နတ်ဆိုးကျင့်ကြံသူသည် သူ၏အင်္ကျီလက်ကြားမှ မှော်ရတနာတစ်ခုကိုထုတ်ယူကာ လုယွီထံဦးတည်၍ ပစ်လွှတ်လိုက်သည်။
ထိုမှော်ရတနာသည် လေထုအတွင်းသို့ ကျရောက်လာသည်နှင့် သွေးနီရောင်အလင်းတန်းတစ်တန်း ဖျတ်ခနဲလက်သွားသည်။
"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ရိုင်းပျဝံ့တာလဲ...သေစမ်း"
ချင်ယု၏လက်အတွင်း၌ ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားကာ သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။သူသည် ရုတ်တရက် သူ၏စိတ်ဆန္ဒကိုဖြန့်ကျက်လိုက်ရာ လောကီအင်မော်တယ်တစ်ယောက်၏စွမ်းအား ပွင့်အံ့ထွက်လာပြီး ဓားတစ်ချက်ကို ပြင်းပြင်းထန်ထန် ထုတ်လွှတ်လိုက်သည်။
ဝုန်း....
ချင်ယုသည် လောကီအင်မော်တယ်တစ်ယောက်၏စွမ်းအားကို အားကုန်ဖြန့်ကျက်လိုက်သည့် အချိန်အခိုက်အတန့်တွင် လေထုအတွင်း၌ ပျံဝဲနေသော နတ်ဆိုးကျင့်ကြံသူ၏မှော်ရတနာကို အလယ်မှနေ၍ ဖြတ်တောက်လိုက်၏။
ဓားတစ်ချက်ဖြင့် တောင်တန်းများနှင့်မြစ်များကို ဖြတ်တောက်နိုင်သည်။
အစောင့်စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော ချင်ယုထံတွင် သာမာန်မဟုတ်သောခွန်အားမျိုးရှိနေသည်။လုယွီ၏ကူညီထောက်ပံ့မှုမရှိလျှင်ပင် သူ၏ခွန်အားသည် သာမာန်လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများ တောင့်ခံနိုင်မည့်အရာမျိုးမဟုတ်ချေ။
နတ်ဆိုးမှော်ရတနာသည် စွမ်းအားကုန်ဖြန့်ကျက်ခြင်း မပြုနိုင်သေးမီမှာပင် ချင်ယု၏ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။
သူ၏မှော်ရတနာပျက်စီးသွားသည်ကိုကြည့်ပြီး နတ်ဆိုးကျင့်ကြံသူသည် မည်သည့်တွေဝေတုံ့ဆိုင်းမှုမျိုးမျှမရှိဘဲ နောက်သို့ပြန်လှည့်ကာ ထွက်ပြေးခဲ့တော့သည်။
ယင်အလောင်းကောင်များ၏ ကူညီထောက်ပံ့မှုမရှိပါက သူသည် မည်သည့်နည်းနှင့်မျှ ချင်ယု၏ပြိုင်ဘက်မဖြစ်နိုင်သည်ကို သူ ကောင်းစွာသိရှိထားသည်။
"ချင်ယု...သူ့ကိုဖမ်းလိုက်စမ်း"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ချင်ယုက ခေါင်းညိတ်ပြပြီးနောက် တဟုန်ထိုးပြေးသွားကာ နတ်ဆိုးကျင့်ကြံသူကို မြေပြင်ပေါ်သို့ဖိနှိပ်လိုက်၏။သူသည် အဆောင်လက်ဖွဲ့တစ်ခုကိုထုတ်ယူကာ နတ်ဆိုးကျင့်ကြံသူ၏ခန္ဓာကိုယ်ကို ချိပ်ပိတ်လိုက်တော့သည်။
နတ်ဆိုးကျင့်ကြံသူသည် မြေပြင်ပေါ်၌ ချုပ်ကိုင်ခံထားရသည်။သူ၏ခြေလက်များကို လှုပ်ရှားနိုင်ခြင်းမရှိဘဲ သူ၏မျက်ဆံကိုသာ ဝေ့ဝိုက်၍ လှုပ်ရှားနိုင်တော့သည်။သူက လုယွီကိုကြည့်၍ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။
ပတ်ဝန်းကျင်ရှိယင်အလောင်းကောင်များသည်လည်း စစ်သားများ၏ရှင်းလင်းခြင်းကို ခံလိုက်ရတော့သည်။
ထိုယင်အလောင်းကောင်များသည် သန်မာတောင့်တင်းပြီး ရင်ဆိုင်ရန်ခက်ခဲသော်လည်း ကောင်းမွန်စွာပြင်ဆင်ထားသော စစ်တပ်၏ရှေ့တွင် ထိုယင်အလောင်းကောင်များသည် လွန်စွာအားပျော့သည်။သူတို့သည် စစ်တပ်၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
မကြာမီမှာပင် နတ်ဆိုးကျင့်ကြံသူနှင့်ဖန်ကျန်းတို့ကို စစ်သားများကဖမ်းဆီး၍ လုယွီ၏ရှေ့သို့ ခေါ်ဆောင်လာသည်။
နတ်ဆိုးကျင့်ကြံသူနှင့်နှိုင်းယှဥ်ပါက ဖန်ကျန်းသည် ခေါင်းငိုက်စိုက်ကျနေကာ မည်သည့်စကားတစ်ခွန်းမျှ မဆိုနိုင်တော့ချေ။
"မင်းက နတ်ဆိုးကျင့်ကြံသူ မဟုတ်ဘူး...ငါ့ကိုပြောစမ်း...မင်း ဘာလို့ သူတို့ကို စီရင်စုရုံးတော်ဆီခေါ်လာတာလဲ"
လုယွီက ဖန်ကျန်းကိုကြည့်၍ ပြောဆိုသည်။
ဖန်ကျန်းသည် နတ်ဆိုးကျင့်ကြံသူမဟုတ်ဟု လုယွီ ပြောဆိုသောစကားကိုကြားချိန်တွင် စစ်သားအမြောက်အများ၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။
မည်သည့်ကိစ္စမျိုး ဖြစ်နေပါစေ သစ္စာဖောက်များသည် ရန်သူများထက် ပို၍ရွံရှာစက်ဆုပ်ဖွယ်ကောင်းပေ၏။
အကယ်၍ လုယွီသာ ဤနေရာတွင်ရှိမနေပါက ဖန်ကျန်း၏အဆုံးသတ်ရလဒ်သည် ကောင်းမွန်မည်မဟုတ်ချေ။
"အရှင်...ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို သတ်လိုက်ပါ...ဒါတွေအားလုံးက ကျွန်တော်ရဲ့အပြစ်ပါ"
ဖန်ကျန်းသည် လုယွီကို အဆက်မပြတ် ဦးညွှတ်အရိုအသေပြုနေကာ သူ၏အသံတွင် တောင်းပန်တိုးလျှိုးသော အရိပ်အယောင်မျိုးနှင့် ပြည့်နှက်နေသည်။
Chapter 3139
"တကယ်လို့ မင်းသေချင်တယ်ဆိုရင်လည်း ဘာမှစိတ်ပူမနေနဲ့"
လုယွီက ဖန်ကျန်း၏ပခုံးကိုတစ်ချက်ပုတ်လိုက်ကာ သူ့အား ထပ်မံ၍မကြည့်တော့ချေ။သူ၏အကြည့်က နတ်ဆိုးကျင့်ကြံသူထံသို့ ကျရောက်သွားသည်။
နတ်ဆိုးကျင့်ကြံသူသည် သူ၏ခေါင်းကိုမော့၍ လုယွီကိုစူးစိုက်ကြည့်ကာ သူ၏မျက်နှာပေါ်၌ နတ်ဆိုးအငွေ့အသက်များနှင့်ပြည့်နှက်နေသည့် ရက်စက်ကြမ်းကြုတ်သောအပြုံး ထင်ဟပ်လာသည်။
သို့ရာတွင် သူသည် မည်သည့်စကားတစ်ခွန်းမျှ မပြောဆိုနိုင်ချေ။နတ်ဆိုးကျင့်ကြံသူ၏ခန္ဓာကိုယ်ပေါ်တွင်ကပ်ထားသော အဆောင်လက်ဖွဲ့မှ အလင်းရောင်များ အဆက်မပြတ်တဖျတ်ဖျတ်လက်နေကာ သူ့အား မလှုပ်ရှားနိုင်အောင် ချိပ်ပိတ်ထားသည်။
"အရှင်...ကျွန်တော် သူ့ကို သတ်လိုက်ရမလား"
ချင်ယုက နံဘေးမှနေ၍ အော်ဟစ်ပြောဆိုလေ၏။
လူအများစုသည် နတ်ဆိုးကျင့်ကြံသူများကို အရိုးထိနက်သည်အထိ မုန်းတီးနေကြကာ သူတို့အား တတ်နိုင်သမျှ အမြန်ဆုံးရှင်းထုတ်လိုကြသည်။
အထူးသဖြင့် ယခုဖမ်းဆီးခံထားရသော နတ်ဆိုးကျင့်ကြံသူကိုပင်။သူသည် မောက်မာရိုင်းစိုင်းပြီး စီရင်စုရုံးတော်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာဝံ့သည်။ဤသည်က သူတို့ကို ပမာမခန့်လုပ်ခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။
"နတ်ဆိုးကျင့်ကြံသူတွေ အကြောက်ဆုံးက ဘာလို့ မင်းတို့ထင်လဲ"
လုယွီက ရုတ်တရက် သူ၏နံဘေးပတ်ဝန်းကျင်မှလူများကို မေးမြန်းလိုက်သည်။
စစ်သားများရသည် ကြက်သေသေသွားကြကာ လုယွီ မည်သည်ကြောင့် ဤကဲ့သို့မေးခွန်းမျိုးမေးမြန်းသည်ကို နားလည်သဘောပေါက်ခြင်းမရှိချေ။
"သူတို့က...သေရမှာကို ကြောက်တာလား"
ချင်ယုက ပြောဆိုသည်။
လုယွီက ခေါင်းခါပြလေ၏။
"လူတိုင်းက သေရမှာကိုကြောက်ကြတယ်...ဒါပေမယ့် ငါ ယုံကြည်ထားတာတစ်ခုက တကယ်လို့ သူတို့သာ သာမာန်လူတွေဆိုရင်...နတ်ဆိုးကျင့်ကြံနည်းစနစ်တွေကိုကျင့်ကြံဖို့ ဘယ်တော့မှရွေးချယ်မှာမဟုတ်ဘူး...နတ်ဆိုးလမ်းကြောင်းရဲ့ကျင့်ကြံနည်းစနစ်တွေက တန်ပြန်ဒဏ်တွေ ခံစားရတယ်ဆိုတာ လူတိုင်းသိထားကြတယ်...ပြောရမယ်ဆိုရင် အဲ့ဒီနတ်ဆိုးကျင့်ကြံနည်းစနစ်တွေကို ကျင့်ကြံတဲ့လူတွေက ချီသွေဖည်ခြင်းကို မကြာခဏခံစားရတယ်....ဒါပေမယ့် ဘာလို့ နတ်ဆိုးကျင့်ကြံနည်းစနစ်တွေကို ကျင့်ကြံချင်တဲ့လူတွေ အများကြီးရှိနေတယ်ဆိုတာ မင်းတို့ သိကြလား"
"ဘာလို့လဲဆိုတော့ နတ်ဆိုးကျင့်ကြံနည်းစနစ်တွေကို ကျင့်ကြံတာက သူတို့ကို အချိန်တိုအတွင်းမှာ သန်မာအားကောင်းစေလို့ပဲ...အရင်တုန်းက ပါရမီအရည်အချင်းမရှိတဲ့လူတွေက ဒီအကြောင်းအရင်းကြောင့် အစွမ်းထက်ကျင့်ကြံသူတွေဖြစ်လာတယ်...ဒါကြောင့် လူတွေက နတ်ဆိုးကျင့်ကြံခြင်းလမ်းကြောင်းထဲကို ပိုပြီးဝေးကွာအောင် လျှောက်လှမ်းကြတော့တယ်"
လုယွီက နတ်ဆိုးကျင့်ကြံသူ၏ခေါင်းကို သူ့လက်ဖြင့်ပုတ်ကာ ပြောဆိုသည်။
"သူက လေလွင့်အင်မော်တယ်တစ်ယောက်ပဲ...ငါ့ကိုပြောကြစမ်း...တကယ်လို့ သူသာ ရုတ်တရက်ကြီး သေမျိုးတစ်ယောက်ဖြစ်သွားရင် ဘာနဲ့တူသွားနိုင်လဲ"
နတ်ဆိုးကျင့်ကြံသူ၏မျက်နှာအမူအယာ တောင့်တင်းသွားသည်။
ကျင့်ကြံသူတစ်ယောက်အတွက် သူ အသက်ရှင်သန်နေစဥ်တွင် သူ၏ကျင့်ကြံဆင့်ကို ဖျက်ဆီးခံရခြင်းထက် ပို၍နာကျင်စေသောအရာ မရှိချေ။
အထူးသဖြင့် အဓိကအဆင့်ကြီးတစ်ဆင့်သို့ ခြေလှမ်းချနိုင်တော့မည်ဖြစ်သော တစ်စုံတစ်ယောက်အတွက် ဤကဲ့သို့အခြေအနေမျိုးသည် သေရသည်ထက်ပင် ပို၍ဆိုးရွားပေ၏။
လုယွီသည် ထိုကျင့်ကြံသူကို အနည်းငယ်မျှပင် အချိန်မပေးချေ။သူ၏လက်အတွင်း၌ ဓားချီတစ်လှိုင်း ထွက်ပေါ်လာကာ ထိုနတ်ဆိုးကျင့်ကြံသူ၏ခန္ဓာကိုယ်အတွင်းသို့ ထိုးစိုက်လိုက်သည်။
ထိုနတ်ဆိုးကျင့်ကြံသူက အားကုန်ရုန်းကန်လေသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါနေသည်မှာ နှလုံးသားကိုထွင်းဖောက်ခံလိုက်ရသော ပုရွက်ဆိတ်တစ်ကောင်အလားပင်။သူသည် အလွန်အမင်းနာကျင်မှုကို ခံစားနေရပေ၏။
သူ၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထနေသော မှော်စွမ်းအားများသည် တသမတ်တည်း လျော့ကျသွားသည်။
လေလွင့်အင်မော်တယ်...သိုင်းသူတော်စင်နယ်ပယ်...စိတ်ပုံထွင်းနယ်ပယ်...
သူ၏ကျင့်ကြံဆင့်နယ်ပယ် တစ်ဆင့်လျောကျသွားသည့်အချိန်တိုင်း နတ်ဆိုးကျင့်ကြံသူ၏မျက်နှာပေါ်ရှိ အရေးအကြောင်းများ ပို၍ပီပြင်ထင်ရှားလာသည်။
မူလက သူသည် လူငယ်တစ်ယောက်၏ပုံပန်းသွင်ပြင်မျိုးရှိသော်လည်း အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူ၏မျက်နှာပေါ်တွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေကာ သူ၏မျက်လုံးများ မှုံဝါးသွားပြီး သူ့ကိုကြည့်ရသည်မှာ အလွန်အမင်း အိုမင်းသွားပုံရသည်။
သူ၏ကျင့်ကြံဆင့်နယ်ပယ် ဖျက်ဆီးခံလိုက်ရလေပြီ။
ကျင့်ကြံသူတစ်ယောက်၏ဘဝသက်တမ်းသည် သာမာန်သေမျိုးတစ်ယောက်ထက် များစွာပို၍ ရှည်ကြာသည်။သို့ရာတွင် ကျင့်ကြံဆင့်နယ်ပယ်ကို ဆုံးရှုံးသွားပြီးနောက် ထိုကျင့်ကြံသူ၏ဘဝသက်တမ်းသည် ယခင်ကဲ့သို့ရှည်ကြာခြင်း မရှိတော့ချေ။ယခုလက်ရှိချိန်တွင် နတ်ဆိုးကျင့်ကြံသူသည် ဘဝသက်တမ်းနေဝင်ချိန်ရောက်နေကာ သေဆုံးခါနီးဆဲဆဲဖြစ်သော အဖိုးအိုတစ်ယောက်နှင့် တူညီနေသည်။
"အဆောင်လက်ဖွဲ့ကို ပြန်ရုတ်သိမ်းလိုက်တော့...သူ့ကို ထပ်ပြီးဖိနှိပ်ထားဖို့ မလိုတော့ဘူး"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ချင်ယုက ပြုံးလိုက်ကာ နတ်ဆိုးကျင့်ကြံသူ၏နောက်ကျောရှိ အဆောင်လက်ဖွဲ့ကို ဆွဲခွာလိုက်၏။မမျှော်လင့်ဘဲ ထိုနတ်ဆိုးကျင့်ကြံသူသည် မြေပြင်ပေါ်သို့လဲကျသွားကာ မတ်တတ်ထရပ်ရန်ပင် ခွန်အားမရှိတော့ချေ။
သူ့ထံတွင် ကျင့်ကြံဆင့်နယ်ပယ်ရှိနေစဥ်၌ ထိုလူ၏အစစ်အမှန်အသက်ကို မည်သူမျှ ပြောဆိုနိုင်ခြင်းမရှိချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ ဤနတ်ဆိုးကျင့်ကြံသူထံတွင် ယခင်ကဲ့သို့ လူငယ်အသွင်အပြင်မျိုးမရှိတော့ချေ။
ယခုလက်ရှိနေရာတွင်ရှိနေသူများအနက် သာမာန်အကျဆုံးကျင့်ကြံသူတစ်ယောက်ပင်လျှင် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။သူတို့အတွက် ထိုနတ်ဆိုးကျင့်ကြံသူကို ရင်ဆိုင်ဖြေရှင်းရန်မှာ အလွန်အမင်း လွယ်ကူပေမည်။
"သူ့ကို ဆွဲမပြီးတော့...နှိပ်စက်ညှင်းပန်းဖို့အတွက် အရည်အချင်းအရှိဆုံး ပါးကွက်သားခေါင်းဆောင်ကို ဆင့်ခေါ်လိုက်စမ်း"
လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။
Chapter 3140
မကြာမီမှာပင် ပါးကွက်သားခေါင်းဆောင် ရောက်ရှိလာသည်။
"မင်းက ပါးကွက်သားခေါင်းဆောင်လား"
လုယွီက ပါးကွက်သားခေါင်းဆောင်ကို တစ်ချက်ကြည့်လိုက်သည်။
ပါးကွက်သားခေါင်းဆောင်က ခေါင်းညိတ်ပြကာ အပြုံးနှင့်ပြောဆိုသည်။
"ကျွန်တော်က လင်ကျိုးစီရင်စုကိုရောက်လာတဲ့ ပထမဆုံးနေ့ကတည်းက အကျဥ်းထောင်မှာ တာဝန်ထမ်းဆောင်ခဲ့တာ...စီရင်စုသခင် ဘာမှမစိုးရိမ်ပါနဲ့...ကျွန်တော်သုံးမယ့်နည်းလမ်းတွေကို အာမခံနိုင်တယ်"
လုယွီက မြေပြင်ပေါ်တွင် ခွေခေါက်လဲကျနေသော နတ်ဆိုးကျင့်ကြံသူကို လက်ညှိုးညွှန်၍ ပြောဆိုလိုက်၏။
"သူပဲ...ဒါက အရမ်းနောက်ကျသွားပြီ"
"သူလား"
ပါးကွက်သားခေါင်းဆောင်က နတ်ဆိုးကျင့်ကြံသူကိုဖမ်းဆုပ်၍ မေးမြန်းသည်။
"အရှင်....ဒီလူရဲ့ခန္ဓာကိုယ်က တော်တော်လေးအားနည်းနေပြီ...ကျွန်တော် တစ်ချက်လှုပ်ရှားလိုက်တာနဲ့ သူ အသက်ထွက်သွားမှာကို ကျွန်တော်စိုးရိမ်မိတယ်"
"တကယ်လို့ မင်း မလုပ်နိုင်ရင်...ငါ တခြားသူတစ်ယောက်ကို ခေါ်လိုက်မယ်"
ပါးကွက်သားခေါင်းဆောင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"အရှင်....ဘာမှမစိုးရိမ်ပါနဲ့....သူက အခုချိန်မှာ ကျွန်တော်လက်ထဲ ရောက်နေပြီ...ဒါပေမယ့် ကျွန်တော် သူ့ကို တစ်ခုခုတိုက်ကျွေးရလိမ့်မယ်...မဟုတ်ရင် သူက နှိပ်စက်ညှင်းပန်းမှု မစရသေးခင်မှာပဲ သေဆုံးသွားနိုင်တယ်"
ထို့နောက် ပါးကွက်သားခေါင်းဆောင်သည် သူ လိုအပ်သောပစ္စည်းများကို ယူဆောင်ရန်အတွက် အပြေးပြန်သွားတော့သည်။
ဤဖြစ်စဥ်အတောအတွင်းတွင် လုယွီသည် ဖန်ကျန်းအား စကားတစ်ခွန်းမျှမဆိုချေ။သို့ရာတွင် ဖန်ကျန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီစပြုလာသည်။
မကြာမီမှာပင် နှိပ်စက်ညှင်းပန်းသော ပစ္စည်းများကို သယ်ဆောင်လာလေပြီ။
ကွဲပြားခြားနားသောဓားပုံစံအမျိုးမျိုးကို နတ်ဆိုးကျင့်ကြံသူ၏ဘေးတွင် နေရာချထားသည်။ဓားတစ်ချောင်းစီပေါ်တွင် သွေးကွက်များ စွန်းထင်းနေလေ၏။ထိုဓားများသည် မည်မျှထိ သွေးများစွန်းထင်းခဲ့သည်ကို မည်သူမျှမသိနိုင်ချေ။
ပါးကွက်သားခေါင်းဆောင်က အနက်ရောင်ဆေးတစ်လုံးကို နတ်ဆိုးကျင့်ကြံသူအားတိုက်ကျွေးကာ အပြုံးနှင့်ပြောဆိုသည်။
"ဘာမှမစိုးရိမ်နဲ့...ဒီဆေးလုံးက မင်းကို အချိန်အတိုင်းအတာတစ်ခုထိ အသက်ရှင်နေအောင် ထိန်းသိမ်းပေးနိုင်လိမ့်မယ်...မင်းကို ဒီအတိုင်း သေခွင့်မပြုနိုင်ဘူး...ပြီးတော့ မင်းရဲ့အာရုံခံနိုင်မှုက အရင်ထက်ဆယ်ဆ ပိုပြီးအားကောင်းလာလိမ့်မယ်....ဒီနာကျင်မှုတွေကို မင်း ဖြည်းဖြည်းချင်း ကြုံတွေ့ရမှာပါ"
ထိုသို့ပြောဆိုပြီးနောက် ပါးကွက်သားခေါင်းဆောင်က နတ်ဆိုးကျင့်ကြံသူ၏ပါးစပ်ကို ချိပ်ပိတ်လိုက်သည်။
"မင်း ဘာလို့ချိပ်ပိတ်တာလဲ"
လုယွီက မေးမြန်းသည်။
ပါးကွက်သားခေါင်းဆောင်က ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ အခက်တွေ့နေဟန်ဖြင့် ပြောဆိုလေ၏။
"အရှင်...ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက စီရင်စုရုံးတော်လေ...အဲ့ဒီလူရဲ့အသံ ထွက်လာတဲ့အချိန်မှာ ပတ်ဝန်းကျင်ကလူတွေ စိတ်အနှောက်အယှက်ဖြစ်မှာကို ကျွန်တော်စိုးရိမ်မိတယ်"
"မင်း သူ့ရဲ့ပါးစပ်ကို ချိပ်ပိတ်စရာမလိုဘူး...ဒီနေရာမှာရှိနေတဲ့လူတွေထဲမှာ နတ်ဆိုးကျင့်ကြံသူရဲ့အော်သံကို မကြားချင်တဲ့သူ တစ်ယောက်မှရှိမှာမဟုတ်ဘူးလို့ ငါထင်တယ်...ဟုတ်တယ်မလား"
လုယွီက ပြောဆိုသည်။
တခြားစစ်သားများအားလုံး ရယ်မောလိုက်ကြသည်။နတ်ဆိုးကျင့်ကြံသူ၏အဆုံးသတ်ကို ကြည့်ရှုရန်အတွက် ပတ်ဝန်းကျင်၌ လူအမြောက်အများ ဝိုင်းရံနေသည်။
ယခုလက်ရှိ လုယွီ လုပ်ဆောင်လိုက်သောကိစ္စသည် သူတို့ အလိုရှိနေသောအရာ အတိအကျပင်။
အကယ်၍ သူတို့သာ နတ်ဆိုးကျင့်ကြံသူများ၏လက်အတွင်းသို့ ကျရောက်သွားပါက သူတို့အား လွယ်လင့်တကူ သေခွင့်ပြုမည်လော...မည်သည့်နည်းနှင့်မျှ ထိုနတ်ဆိုးကျင့်ကြံသူများသည် သူတို့အား ရိုးရှင်းစွာ သေခွင့်ပြုမည်မဟုတ်ချေ။
အား....
မကြာမီမှာပင် နတ်ဆိုးကျင့်ကြံသူက အားအင်ချည့်နဲ့စွာဖြင့် နာနာကျင်ကျင် အော်ဟစ်လိုက်သည်။
ဤသည်က တစ်စုံတစ်ယောက်သည် အဆုံးစွန်ဆုံးအဆင့်ထိ စိတ်ဓာတ်ကျဆင်းပြီးနာကျင်နေသော အချိန်မျိုးတွင်မှ ကြားရနိုင်သော အသံမျိုးပင်။
သွေးများက မြေပြင်ပေါ်တွင်အိုင်ထွန်းနေသော်လည်း လက်ရှိနေရာတွင်ရှိနေသော မည်သူကမျှ ဂရုမစိုက်ကြချေ။သူတို့သည် ရှေ့ရှိ နတ်ဆိုးကျင့်ကြံသူအား ညှင်းပန်းနေသောမြင်ကွင်းကိုသာ စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။
လုယွီသည် ပတ်ဝန်းကျင်မှလူများနှင့်ပတ်သတ်၍ ဂရုစိုက်ခြင်းမရှိချေ။
ကျင့်ကြံသူများသည်လည်း လူသားများဖြစ်ပေ၏။
မြို့ကိုဝိုင်းရံထားသည့် အင်အားကြီးမားသောရန်သူများကို အချိန်အတော်ကြာ ခုခံကာကွယ်နေရသဖြင့် သူတို့အားလုံး၏စိတ်ဓာတ်များ အနည်းငယ်ကျဆင်းစ ပြုနေကြသည်။
ဤအချိန်တွင် သူတို့အတွက် ပြပွဲကောင်းတစ်ခု ပြုလုပ်ပေးရန် လိုအပ်သည်။
စူးရှနာကျင်စွာ အော်ဟစ်နေသံများက ဖန်ကျန်း၏နားအတွင်းသို့ တိုးဝင်လာသည်။
ဖန်ကျန်း၏ခန္ဓာကိုယ် တုန်ရီနေလေ၏။အကယ်၍ သူသာ လုယွီ၏အမိန့်ကို နားမထောင်ပါက နောက်တစ်လှည့်သည် သူ၏အလှည့်ဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။
"ကျွန်တော် ပြောပြမယ်...အရှင် သိချင်တဲ့ကိစ္စအားလုံး ကျွန်တော် ပြောပြပါ့မယ်"
ဖန်ကျန်းသည် မြေပြင်ပေါ်၌ဒူးထောက်ကာ လုယွီကို အဆက်မပြတ်အရိုအသေပြုလိုက်၏။
လုယွီက အေးစက်စက်အကြည့်ဖြင့် ဖန်ကျန်းကိုကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။
"ညှင်းပန်းနှိပ်စက်မှုလုပ်ဖို့ ဓားတွေအများကြီးကျန်သေးတယ်...အလျင်လိုစရာမလိုပါဘူး...မင်း ဒီနေရာကနေ အေးအေးဆေးဆေး ကြည့်နေလိုက်အုံး"
အား...အား.........
ပတ်ဝန်းကျင်တွင် စူးရှနာကျင်စွာအော်ဟစ်နေသံများကို ဆက်လက်၍ကြားနေရသည်။
ပြင်းထန်သောဖိအားအရှိန်အဝါက ဖန်ကျန်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည်။
ဓားများဖြင့်အချက်ရေတစ်ထောင် ဖြတ်တောက်ခံရပြီးနောက် နတ်ဆိုးကျင့်ကြံသူ၏ခန္ဓာကိုယ် ဆိုးဆိုးရွားရွား ပုံပျက်ပန်းပျက်ဖြစ်နေလေပြီ။
ပါးကွက်သားခေါင်းဆောင်သည် သူ၏နဖူးပြင်ပေါ်ရှိ ချွေးများကိုသုတ်ကာ လုယွီအား ရိုသေလေးစားစွာ ပြောဆိုသည်။
"အရှင်...သူ သေသွားပြီ"
လုယွီက ခေါင်းညိတ်ပြကာ ဖန်ကျန်း၏ပခုံးကို ပုတ်လိုက်၏။
"ရုံးတော်ထဲကိုလိုက်ခဲ့ပြီးတော့ မင်း သိထားသမျှ အရာရာတိုင်း ငါ့ကိုပြောပြစမ်း"