အခန်း (၃၁၄၁-၃၁၄၅)
Vol. 160 Ch. 3141-3145
Chapter 3141
ရုံးတော်အတွင်းသို့ လျှောက်လှမ်းလာသည့် လမ်းတလျှောက်လုံး ဖန်ကျန်း၏ခန္ဓာကိုယ် တုန်ရီနေသည်။
လုယွီက သူ့အားဆက်လက်၍ ဒူးထောက်မနေစေဘဲ ထိုင်ခုံတစ်လုံးပေါ်၌ ထိုင်ခိုင်းလေ၏။
သူ၏နောက်တွင် စာရေးတစ်ယောက်က စာရွက်တစ်ရွက်ကိုဖြန့်ကာ မှတ်တမ်းယူရန်အတွက် အဆင်သင့်ပြင်ဆင်ထားသည်။
"စီရင်စုရုံးတော်ကို ခုည ဝင်ရောက်တိုက်ခိုက်ဖို့ မင်းကို ဘယ်သူက ညွှန်ကြားခဲ့တာလဲ"
လုယွီက ဖန်ကျန်းကို မေးမြန်းသည်။
ဖန်ကျန်းသည် စိတ်ပျက်ညှိုးငယ်နေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သောကြောင့် အမှန်အတိုင်းပြောဆိုလေသည်။
"အဲ့ဒါက ကျွန်တော်ရဲ့လက်အောက်မှာရှိတဲ့ စာရေးတစ်ယောက်ရဲ့ အဆက်အသွယ်နဲ့ပါ...သူက ကြားခံလူပဲ...ကျွန်တော်နဲ့နတ်ဆိုးကျင့်ကြံသူတွေရဲ့ကြားမှာရှိတဲ့ ဆက်သွယ်မှုတွေအားလုံး သူ့အပေါ်မှာမှီခိုရတယ်"
"ကြားခံလူလား...အဲ့ဒီစာရေးရဲ့နာမည်ကဘယ်လိုခေါ်လဲ"
"သူ့ရဲ့နာမည်က လီဖု...သူက ကျွန်တော်ရဲ့ယိုကျွင်းအလုပ်ရုံမှာ အခွန်အခတွေကောက်ခံမှုကို စီမံအုပ်ချုပ်ရတဲ့လူတစ်ယောက်ပဲ"
"သူက နတ်ဆိုးကျင့်ကြံသူတွေရဲ့ကြားခံလူဆိုတာ သိနေမှတော့...မင်း ဘာလို့ တာဝန်ရှိသူတွေဆီ သတင်းမပို့ခဲ့တာလဲ"
"ကျွန်တော်...ကျွန်တော်က သူတို့တွေ လက်တုံ့ပြန်မှာကို ကြောက်နေမိတယ်...ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အစွမ်းထက်တဲ့ကျင့်ကြံသူမဟုတ်ဘူး...တကယ်လို့ သူတို့ကသာ ကျွန်တော်ကို သတ်ချင်တယ်ဆိုရင် သူတို့ရဲ့လက်ကို မှောက်လိုက်ရုံလောက် လွယ်ကူတယ်"
"အမှိုက်ပဲ...တကယ်လို့ မင်းသာ ငါ့ရဲ့စစ်တပ်ထဲကလူဆိုရင် ငါ မင်းကို အရင်ဆုံးခုတ်ပိုင်းပစ်တယ်"
နံဘေးတစ်ဘက်မှ နားထောင်နေသောချင်ယုသည် အလွန်ဒေါသထွက်သွားကာ အော်ငေါက်လိုက်၏။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြကာ ထိုလီဖုဆိုသူကို ဖမ်းဆီးရန် အမိန့်ပေးလိုက်သည်။ထို့နောက် သူက ဖန်ကျန်းကို တဖန်ပြန်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ဟန်ဆောင်မနေစမ်းနဲ့...တကယ်လို့ ဘာအကျိုးအမြတ်မှ မရှိဘူးဆိုရင်...မင်း ဒီနေရာကို လိုလိုလားလား လာပြီးအသေခံမှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"
အကယ်၍ သူတို့သည် စီရင်စုရုံးတော်ကို တိုက်ခိုက်ပါက သူတို့ အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ ဖန်ကျန်းသည် လူသူအများ၏ပစ်မှတ်ဖြစ်လာကာ သေဆုံးရပေမည်။
အေးစက်စက်ချွေးစေးများက ဖန်းကျန်၏နဖူးမှ ယိုစီးကျလာသည်။
"အဲ့ဒီအချိန်တုန်းက ကျွန်တော်က သူတို့လှည့်စားတာကို ခံခဲ့ရတယ်...ဒါကြောင့် ကျွန်တော်က စီရင်စုရုံးတော်ကို တိုက်ခိုက်ချင်ခဲ့တာပဲ"
ထိုသို့ပြောဆိုပြီးနောက် ဖန်ကျန်းက မြေပြင်ပေါ်တွင် ထပ်မံ၍ဒူးထောက်ကာ အသနားခံတောင်းပန်လေ၏။
"အရှင်...ဒီပြစ်မှုတွေအားလုံးအတွက် ကျွန်တော်တစ်ယောက်တည်း တာဝန်ယူချင်ပါတယ်...ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို အဲ့ဒီအခွင့်အရေးပေးပါ"
လုယွီက စကားတုံ့ပြန်ပြောဆိုခြင်းမရှိချေ။ထိုအစား သူသည် နံဘေးဘက်ရှိဓားတစ်ချောင်းကို ဆုပ်ကိုင်ကာ ချင်ယုထံ ပစ်ပေးလိုက်သည်။
"သူ့ရဲ့မိန်းမနဲ့ကလေးတွေကို သွားခေါ်လာခဲ့စမ်း"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ဖန်ကျန်းက ရုတ်တရက် ခေါင်းမော့ကာ လုယွီကိုကြည့်လိုက်ပြီး သူ၏မျက်လုံးများ ပြူးကျယ်နေသည်။သူက ခြေသုံးလှမ်းခန့် ရှေ့သို့တွားသွားကာ လုယွီ၏ရှေ့၌ ဝပ်တွား၍ အသနားခံတောင်းပန်လေ၏။
"အရှင်...တကယ်လို့ တစ်ခုခုလုပ်ချင်ရင် ကျွန်တော်ကိုပဲလုပ်ပါ...ကျွန်တော်ရဲ့မိန်းမနဲ့ကလေးတွေက အပြစ်မရှိပါဘူး"
ဘန်း...
လုယွီက သူ၏ခြေထောက်ကိုမြှောက်၍ ဖန်ကျန်းကို ကန်လိုက်သည်။
ထိုကန်ချက်၏အားသည် အလွန်အမင်းပြင်းထန်သည်။ထိုကန်ချက်ကြောင့် ဖန်ကျန်းသည် နံရံထံလွင့်စင်သွားလေ၏။သူ၏ရင်ဘတ်မွန်းကြပ်လာသည်ကို ခံစားရကာ သူက သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
"မင်းရဲ့မိန်းမနဲ့ကလေးတွေကပဲ လူဖြစ်ပြီးတော့...တခြားသူရဲ့မိန်းမတွေနဲ့ကလေးတွေက လူတွေမဟုတ်လို့လား....မြို့ထဲမှာအသက်ဆုံးရှုံးခဲ့ရတဲ့ စစ်သားတွေကလည်း တခြားလူတွေရဲ့ယောက်ျားတွေနဲ့သားတွေ မဟုတ်ဘူးလား"
လုယွီက အေးစက်စက်လေသံဖြင့် ဆက်လက်ပြောဆိုသည်။
"ချင်ယု...သူ့ရဲ့မိန်းမနဲ့ကလေးတွေရဲ့ခေါင်းကို သွားဖြတ်ခဲ့စမ်း...တကယ်လို့ မင်း သူတို့ကို ရှာမတွေ့ဘူးဆိုရင် နတ်ဘုရားမျက်လုံးဝင်္ကပါကြီးကိုသုံးပြီးတော့ သူတို့ကိုရှာစမ်း"
"ဟုတ်ကဲ့"
ချင်ယုက ဓားရှည်ကိုကိုင်ဆောင်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။
"နေဦး...ခဏနေပါဦး"
ဖန်ကျန်းသည် နောက်ဆုံး၌ အလွန်ထိတ်လန့်တုန်လှုပ်နေသည်။သူက တံခါးထံသို့ အလျှင်အမြန်တွားသွားကာ လုယွီကို ဦးညွှတ်အရိုအသေပြုလေ၏။
"အရှင်...ကျွန်တော် အမှန်အတိုင်း ဝန်ခံပါ့မယ်...ကျွန်တော် အရာအားလုံးကို ပြောပြပါ့မယ်"
သူသည် သူ၏မိန်းမနှင့်သားကို ဖွက်ထားသော်လည်း နတ်ဘုရားမျက်လုံးဝင်္ကပါကြီး၏အောက်၌ လူတချို့ကိုရှာဖွေရန်မှာ အလွန်အမင်းလွယ်ကူသည်။
ဘန်း...ဘန်း...ဘန်း...
ဖန်ကျန်းသည် သူ၏ခေါင်းဖြင့် မြေပြင်ကို အဆက်မပြတ်ဆောင့်လိုက်၏။အချိန်တိုအတွင်းမှာပင် သူ၏နဖူးမှ သွေးများယိုစီးကျလာသည်။
လုယွီသည် မလှုပ်မယှက် တည်ငြိမ်နေဆဲပင်။
ဖန်ကျင်း၏နဖူးမှဒဏ်ရာသည် အလွန်သိသာထင်ရှားလာကာ အရိုးများကိုပင် တွေ့မြင်နေရချိန်အရောက်တွင် လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ခေါင်းမော့စမ်း...ခန်းမရဲ့ကြမ်းပြင်ကို မညစ်ပတ်စေနဲ့"
ထိုသို့ပြောဆိုပြီးနောက် လုယွီက ပင်မထိုင်ခုံ၌ပြန်ထိုင်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုလေ၏။
"ခုချိန်ကနေစပြီးတော့ မင်း ထပ်ပြီးဖုံးကွယ်ဝံ့ရင် ဒါမှမဟုတ် လိမ်ညာဝံ့ရင် မင်းရဲ့မိန်းမနဲ့သားသေရမှာ အနှေးနဲ့အမြန်ပဲ"
ဖန်ကျန်းသည် သူ၏ခေါင်းကိုမော့၍ သူသိသမျှအရာအားလုံးကို ပြောဆိုတော့သည်။
အချိန်နှစ်နာရီခန့်စစ်မေးပြီးနောက် လုယွီသည် သူ အလိုရှိသည့်သတင်းများကို ရရှိသွားလေပြီ။
နောက်တစ်နေ့မနက်တွင် ဖန်ကျန်းကို လမ်းဆုံသို့ပို့ကာ ကွပ်မျက်လိုက်၏။
Chapter 3142
လင်ကျိုးစီရင်စုအတွင်းရှိလူများ စိတ်ဓာတ်ကျဆင်းနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ယို့ကျန်းအလုပ်ရုံ၏ခေါင်းဆောင်ဖြစ်သော ဖန်ကျန်းကို ခေါင်းဖြတ်ကွပ်မျက်မည်ဟု ကြားသိပြီးနောက် မြို့အတွင်းရှိလူများသည် ကွပ်မျက်စင်ထံ အပြေးအလွှားလာရောက်၍ စောင့်ကြည့်ကြတော့သည်။
လူအုပ်ကြီး၏အကြည့်အောက်တွင် ဖန်ကျန်း၏ခေါင်းနှင့်ခန္ဓာကိုယ် တသီးတခြားစီဖြစ်သွားကာ သွေးများက မြေပြင်ပေါ်သို့ ဖြာခနဲကျသွားသည်။
"သူ့ရဲ့အလောင်းက ဆွဲယူသွားခံလိုက်ရတယ်...ကျွန်တော်တို့ သူ့ကိုပြန်တွေ့တဲ့အချိန်မှာ ကျိုးပဲ့နေတဲ့အရိုးတွေနဲ့အသားတချို့ပဲ ကျန်တော့တယ်...အလောင်းအပြည့်အစုံကို ကျွန်တော်တို့ ကျွန်တော်တို့ ရှာမတွေ့ခဲ့ဘူး...သူ့ရဲ့အသားတွေကို တစ်ယောက်ယောက်က စားလိုက်တယ်လို့ ကျွန်တော် ကြားခဲ့တယ်"
ချင်ယုသည် စိုးရိမ်ပူပန်တကြီးအမူအယာဖြင့် လုယွီထံ သတင်းလာပို့လေ၏။
သေမျိုးလောကတွင်ဖြစ်စေ ကျင့်ကြံခြင်းလောကတွင်ဖြစ်စေ လူသားကိုစားသုံးခြင်းသည် တားမြစ်ချက်တစ်ခုဖြစ်ကာ အလွန်အမင်းဆိုးရွားသော အခြေအနေမျိုးအောက်သို့ ကျရောက်နေမှသာ ထိုကိစ္စမျိုး ဖြစ်ပွားလေ့ရှိသည်။
ချင်ယုက လုယွီကို ကြည့်လိုက်သည်။ဤကဲ့သို့အခြေအနေကို လုယွီ မည်ကဲ့သို့ရင်ဆိုင်မည်အား သူ မသိရှိချေ။
ဤကဲ့သို့ ရူးသွပ်ဖွယ်ကိစ္စမျိုး ဖြစ်ပေါ်လာခြင်းမှာ လင်ကျိုးစီရင်စုသည် အဆုံးစွန်ဆုံးအဆင့်ထိ ဖိနှိပ်ခံထားရခြင်းကို ညွှန်ပြနေခြင်းပင်။
မြောက်မြားစွာသောပုန်ကန်သူများ၏ ဝိုင်းရံထားခြင်းကိုခံရကာ မြို့ကို အချိန်မရွေးဖျက်ဆီးခံရနိုင်သည့် ဖိအားသည် လူတိုင်း၏ခေါင်းပေါ်သို့ ကျရောက်နေကာ သူတို့ကို ရူးသွပ်သွားအောင် ဖိအားပေးနေသည်။စိတ်နေသဘောထားကောင်းမွန်သူများပင်လျှင် အချိန်မရွေး ရူးသွပ်သွားလုဆဲဆဲ အခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။
"အခု နယ်ရုပ်တွေ လှုပ်ရှားလို့ရပြီ"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ချင်ယုက ရုတ်တရက် ခေါင်းမော့ကာ သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။
"အရှင်...တကယ်ကြီး ပြောနေတာလား"
"ဒီနေ့ သွားပြီးပြင်ဆင်ထားလိုက်တော့...သူတို့က လူတွေစေလွှတ်ပြီး ရုံးတော်ကို တိုက်ခိုက်ဝံ့မှတော့ ငါတို့က သူတို့ကို အလွတ်မပေးနိုင်ဘူး"
လုယွီက မတ်တတ်ထရပ်လိုက်ကာ သူ၏မျက်လုံးအတွင်းမှ အေးစိမ့်မှုလှိုင်းများ ဖြာထွက်နေသည်။
ညအချိန်...
လင်ကျိုးစီရင်စု....ချမ်အိမ်တော်....
ဤသည်က လင်ကျိုးစီရင်စုအတွင်း၌ ခမ်းနားထည်ဝါဆုံး အိမ်တော်တစ်လုံးပင်။
လင်ကျိုးစီရင်စု၏ချမ်းသာကြွယ်ဝဆုံး လူတစ်ယောက်ဖြစ်သော ချမ်ဝမ်ကျွင်း၏အိမ်တော်သည် ကြီးကျယ်ခမ်းနားပြီး ချမ်းသာကြွယ်ဝမှုနှင့်ခမ်းနားထည်ဝမှု အငွေ့အသက်များရှိနေသည်။
ဤနေရာက အမျိုးမျိုးသော ကျင့်ကြံခြင်းကွင်းပြင်များလည်း ရှိနေပေ၏။ဤနေရာတွင်ကျင့်ကြံသော ချမ်မိသားစုဝင်များ၏ကျင့်ကြံမှုသည် အလွန်အမင်းလျှင်မြန်သည်။
ချမ်မိသားစုသည် လင်ကျိုးစီရင်စု၏ စည်ကားသိုက်မြိုက်ဆုံးနှင့်ချမ်းသာကြွယ်ဝဆုံးကုန်းမြေပေါ်တွင် တည်ရှိကာ မူလက လင်ကျိုးစီရင်စုရုံးတော်၏နေရာဖြစ်သည်။သို့ရာတွင် ချမ်ဝမ်ကျွင်း၏လွှမ်းမိုးမှုအောက်တွင် လင်ကျိုးစီရင်စု၏စီရင်စုသခင်သည် အမှန်တကယ်ကိုပင် ရုံးတော်အား တခြားနေရာသို့ ပြောင်းရွှေ့စေခဲ့သည်။သူသည် ထိုနေရာကို ချမ်အိမ်တော်၏နေရာအဖြစ် ပေးအပ်ခဲ့လေ၏။
ချမ်အိမ်တော်သည် လမ်းဆုံလမ်းခွနေရာ၌တည်ရှိကာ စျေးကြီးတစ်စျေးစာမျှ ကြီးမားကျယ်ပြန့်သည်။ဤသည်က သာမာန်အိမ်တော်များ ရှိရမည့်အရွယ်အစားထက် သာလွန်နေသော်လည်း ချမ်ဝမ်ကျွင်းသည် သူ၏ချမ်းသာကြွယ်ဝမှုဖြင့် အရာအားလုံးကိုစီစဥ်ခဲ့သဖြင့် စီရင်စုရုံးတော်မှလူများအားလုံး မမြင်ချင်ယောင်ဆောင်နေခဲ့သည်။
ယခုလက်ရှိချိန်တွင် ချမ်အိမ်တော်အတွင်း၌ မြောက်မြားစွာသောပုံရိပ်များ ရွေ့လျားနေသည်။
ချမ်အိမ်တော်၏အနောက်ဘက်ခြံဝန်းအတွင်းတွင် လှုပ်ရှားမှုများဖြင့် ဆူညံပွက်လောရိုက်နေကာ လူတစ်ရာကျော်ခန့် ဤနေရာ၌စုဝေးနေပြီး သူတို့၏လက်များအတွင်း၌ မှော်ရတနာများကိုင်ဆောင်ထားသည်။သူတို့၏မျက်လုံးအကြည့်များသည် စူးရှရှတောက်ပနေပေ၏။
သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်ဝတ်ရုံများဖြင့် လွှမ်းခြုံထားသဖြင့် ပြင်ပမှကြည့်ပါက သူတို့၏မျက်နှာများကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မည်မဟုတ်ချေ။
ချမ်ဝမ်ကျွင်းသည် သူ့ရှေ့ရှိ ကြီးကျယ်ခမ်းနားသောအိမ်တော်ကို တစ်ချက်ကြည့်ကာ ရှည်လျားသောသက်ပြင်းတစ်ချက် ရှိုက်လေသည်။ထို့နောက် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။
"အိမ်တော်သခင်...အဖိုးတန်ပစ္စည်းမှန်သမျှကို ကျွန်တော်တို့ ထုတ်ပိုးပြီးပါပြီ....အဖိုးတန်ပစ္စည်းတွေအားလုံးကို မှောင်ခိုစျေးကနေတဆင့် တိတ်တဆိတ် ပြောင်းရွှေ့ထားပြီးပြီ....ကျွန်တော်တို့ လင်ကျိုးစီရင်စုကနေ ထွက်ခွာနိုင်တာနဲ့ ကျွန်တော်တို့ရဲ့အခုလက်ရှိ ချမ်းသာကြွယ်ဝမှုအတိုင်း ထိန်းသိမ်းနိုင်လိမ့်မယ်"
အိမ်တော်ထိန်းက ချမ်ဝမ်ကျွင်း၏နံဘေးသို့ လျှောက်လှမ်းသွားကာ ပြောဆိုသည်။
"ဟူး....ဒီအချိန်ကျမှ ငါ တစ်ချိန်လုံး စီးပွားရေးတိုက်ပွဲတွေဆင်နွှဲပြီးမှ လွှမ်းမိုးအုပ်ချုပ်နိုင်ခဲ့တဲ့ ငါ့ရဲ့ဇာတိမြေကိုစွန့်ခွာရမယ်လို့ ငါ ထင်မထားမိဘူး"
ချမ်ဝမ်ကျွင်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
သူ့ရှေ့ရှိ ကြီးကျယ်ခမ်းနားသောအိမ်တော်ကြီးကို သူ၏အပတ်တကုတ်ကြိုးစားခဲ့မှုများ စုစည်း၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ဤအချိန်ကျမှ စွန့်လွှတ်ရမည်ဟု သူ မျှော်လင့်မထားမိချေ။
အိမ်တော်ထိန်းက နံဘေးမှနေ၍ အကြံပေးစကား ပြောဆိုလေ၏။
"အိမ်တော်စုသခင်....လင်ကျိုးစီရင်စုက အနှေးနဲ့အမြန် ပျက်စီးသွားမှာပဲ...ကျွန်တော်တို့ အောင်အောင်မြင်မြင် ထွက်ပြေးနိုင်တာနဲ့...သွေးနတ်ဆိုးဂိုဏ်းရဲ့ကူညီထောက်ပံ့မှုနဲ့ဆိုရင် ကျွန်တော်တို့က မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့ နံပါတ်တစ်ကုန်သည်အဖွဲ့အစည်းဖြစ်လာမှာပဲ...အဲ့ဒီအချိန်ကျရင် မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့အင်အားစုတွေအားလုံး ကျွန်တော်တို့ကို ဘယ်လိုဆက်ဆံမလဲဆိုတာ စောင့်ကြည့်ကြရအောင်"
"လင်ကျိုးစီရင်စုသခင်လား...ဟီး ဟီး...သူ့ကို အချိန်ခဏလောက်တော့ မောက်မာခွင့်ပြုထားလိုက်ပါ...သူက သွေးနတ်ဆိုးဂိုဏ်းရဲ့လက်ထဲမှာသေရမှာ အနှေးနဲ့အမြန်ပဲ"
Chapter 3143
အိမ်တော်ထိန်း၏စကားကိုကြားချိန်တွင် ချမ်ဝမ်ကျွင်း၏မျက်နှာပေါ်တွင် အနည်းငယ်စိတ်သက်သာရာရသွားသော အမူအယာမျိုး ထင်ဟပ်လာသည်။
"ဒါက အမှန်ပဲ...ငါ့ရဲ့ဘဝမှာ မရေမတွက်နိုင်တဲ့မုန်တိုင်းတွေနဲ့ တွေ့ကြုံပြီးပြီ...ဘယ်လိုလုပ်ပြီးတော့ စီရင်စုသခင်လေးတစ်ယောက်က ငါ့ကိုလှိုင်းထန်အောင် လုပ်နိုင်မှာလဲ"
ချမ်ဝမ်ကျွင်းက ရုတ်တရက် ဒေါသတကြီးပြောဆိုသည်။
"အရင်ကတည်းက အဲ့ဒီစီရင်စုသခင်ဆိုတဲ့ကောင် သေသွားသင့်တာ...သူက အရမ်းသတိကြီးပြီးတော့ ခြုံခိုတိုက်ခိုက်ဖို့ ကြိုပြီးစီစဥ်ထားမယ်လို့ ဘယ်သူက တွေးမိမှာလဲ...တကယ်လို့ အဲ့ဒီလိုသာမဟုတ်ရင် ငါတို့က အခုလိုဆိုးဆိုးရွားရွား အခြေအနေမျိုးနဲ့ ဘာလို့ထွက်ပြေးရမှာလဲ"
အိမ်တော်ထိန်းက ပြုံးလိုက်ကာ တောင်းပန်တိုးလျှိုးသောလေသံဖြင့် ပြောဆိုလေ၏။
"လျှို့ဝှက်ကြံစည်မှုဆိုတာ လူပေါ်မှာလည်းမူတည်တယ်...ကံကြမ္မာပေါ်မှာလည်း မူတည်တယ်...စီရင်စုသခင်က ကံနည်းနည်းကောင်းသွားရုံပါ...ဘယ်လိုပဲဖြစ်ဖြစ် သူက အနှေးနဲ့အမြန် သေရမှာပဲ...တကယ်လို့ သူ အခုချိန်မှာ သေသွားရင် သူ့ကို ပေါ့ပေါ့ပါးပါး အလွတ်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်"
"ဒါက အမှန်ပဲ...သွေးနတ်ဆိုးဂိုဏ်း မြို့ထဲကိုဝင်လာတာနဲ့ သူက ဆိုးဆိုးရွားရွားသေရမှာ သေချာတယ်"
ထိုအကြောင်းကို တွေးတောမိချိန်တွင် သူသည် လုယွီ၏သွေးပျက်ဖွယ်အခြေအနေကို မြင်တွေ့နေရသည့်အလား သူ၏မျက်နှာပေါ်၌ လက်စားချေလိုသောအမူအယာမျိုး ထင်ဟပ်လာသည်။
စီရင်စုရုံးတော်မှနေ၍ သူ ဆိုးဆိုးရွားရွား အခြေအနေမျိုးနှင့် ပြန်လာခဲ့ရကာ လုယွီ၏အရှိန်အဝါဖြင့် ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည်။ကြွက်တစ်ကောင်မှ ကြောင်တစ်ကောင်ကို မြင်တွေ့ရသည့်အလား သူ ထွက်ပြေးခဲ့ရ၏။ဤသည်က ချမ်ဝမ်ကျွင်းကို ဆိုးဆိုးရွားရွား အရှက်ခွဲခံရသကဲ့သို့ ခံစားရစေသည်။
ဤသည်က သူ၏အတွင်းစိတ်နတ်ဆိုးပင် ဖြစ်စပြုလာသည်။
ညဥ့်နက်ချိန်ရောက်တိုင်း ချမ်ဝမ်ကျွင်းသည် မျက်လုံးစုံမှိတ်လိုက်တိုင်း သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသော လုယွီ၏မျက်လုံးတစ်စုံကို ပြန်လည်မြင်ယောင်နေမိသည်။
ဤမျက်လုံးတစ်စုံသည် သူ့အား စူးစိုက်ကြည့်နေပုံရကာ သူ့ကို အိပ်၍မပျော်ဖြစ်စေသည်။
ဤသည်ကြောင့် သူသည် လုယွီကိုလုပ်ကြံရန် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ခြင်းပင်။
အကယ်၍ လုယွီသာ သက်ရှိထင်ရှားရှိနေပါက သူ၏ဘဝသက်တမ်းတလျှောက်တွင် ဤကိစ္စကို မေ့နိုင်မည်မဟုတ်ချေ။ဤသည်က အတွင်းစိတ်နတ်ဆိုးပင်။ထိုအရာကို ငွေကြေး သို့မဟုတ် သဘာဝမှော်ရတနာများဖြင့် ကုစား၍မရချေ။
သူသည် လုယွီကို ရှင်းထုတ်ရပေမည်။
"အိမ်တော်သခင် အချိန်ကျပြီ...ဒီနေ့ မြို့ကိုစောင့်ကြပ်တဲ့ လက်ထောက်တပ်မှူးကျန်းကို ကျွန်တော်တို့ လာဘ်ထိုးပြီးပြီ...စတေးခံလူတွေရဲ့အကာအကွယ်နဲ့ဆိုရင် ကျွန်တော်တို့ ဘာအန္တရာယ်မှရှိမှာမဟုတ်ဘူး"
အိမ်တော်ထိန်းက ပြုံးလိုက်၏။
ဤတစ်ကြိမ် မြို့အတွင်းမှ သူတို့၏ထွက်ခွာမှုသည် မချွတ်ချော်နိုင်လုနီးပါးပင်။
လင်ကျိုးစီရင်စုသည် ကြီးမားကျယ်ပြန့်သဖြင့် မြို့ရိုးများတွင် အစောင့်စစ်သားများဖြင့် ပြည့်နှက်နေသည့်တိုင် ခုခံကာကွယ်မှုအားပျော့သောနေရာများ ရှိနေဆဲပင်။
လင်ကျိုးစီရင်စုတွင် တင်းကြပ်သောစည်းမျဥ်းများရှိနေသော်လည်း မြို့အတွင်းရှိကုန်စျေးနှုန်းများမှာ မိုးထိလုမတက် မြင့်မားနေလေပြီ။ဤအချိန်တွင် စိတ်ဝိညာဥ်ကျောက်တုံးများသည် အရေးကြီးသောအခန်းကဏ္ဏသို့ ရောက်ရှိလာပေ၏။
ပြင်ပအကူအညီများနှင့်ကာကွယ်မှုများ ရှိနေသဖြင့် သူတို့ မြို့တွင်းမှထွက်ခွာမည့်ခရီးစဥ်သည် ချွတ်ချော်မှုမရှိနိုင်ချေ။
ချမ်ဝမ်ကျွင်းသည် ခေါင်းညိတ်ပြကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဖန်းမင် ဘယ်မှာလဲ"
ချမ်ဖန်းမင်သည် ချမ်ဝမ်ကျွင်း၏ တစ်ဦးတည်းသောသားပင်။
ဖန်းမင်သည် ချမ်ဝမ်ကျွင်း၏တစ်ဦးတည်းသောသားဖြစ်သဖြင့် သူသည် သူ၏သားကို အလွန်အမင်းချစ်မြတ်နိုးသည်။ယခုချိန်တွင် ထွက်ပြေးလုဆဲဆဲ အချိန်အခိုက်အတန့်သို့ ရောက်ရှိနေသဖြင့် သူ၏သားကိုပါ အတူခေါ်ဆောင်သွားရပေမည်။
"ကျွန်တော်က သခင်လေးကိုခေါ်ဖို့ လူတစ်ယောက် လွှတ်ပြီးပြီ...ဒါပေမယ့်...."
အိမ်တော်ထိန်း၏စကား အဆုံးမသတ်သေးမီမှာပင် သူ၏နောက်မှ အာလေးလျှာလေးအသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
"အဖေ...ဘာတွေ ဖြစ်နေတာလဲ...ညဥ့်နက်ချိန်ကြီးမှာ ဒီလောက်လူတွေအများကြီးခေါ်ထားတာ အဖေမှာ လုပ်စရာတစ်ခုခု ရှိနေလို့လား"
ချမ်ဖန်းမင်သည် လှပချောမောသော အစေခံမလေးတစ်ယောက်ကို ပွေ့ဖက်၍ လျှောက်လှမ်းလာကာ သူ၏အဝတ်အစားများ ကြေမွှနေသည်။သူ၏မျက်နှာပေါ်တွင် သိသာထင်ရှားသော နှုတ်ခမ်းဆိုးဆေးရာတစ်ရာ ရှိနေပေ၏။
"ခွေးမသား...ဒီနေ့ ဘာပြဿနာမှမရှာနဲ့လို့ ငါ မင်းကို ကြိုပြောမထားဘူးလား"
ချမ်ဝမ်ကျွင်းက ဒေါသတကြီး အော်ငေါက်လိုက်သည်။
ချမ်ဝမ်ကျွင်းသည် သူ၏သားကို အလွန်ချစ်မြတ်နိုးသဖြင့် အလိုလိုက်ခဲ့ရာ ချမ်ဖန်းမင်သည် လင်ကျိုးမြို့အတွင်း၌ နာမည်ကျော်ကြားသော လူပေါ်ကြော့တစ်ယောက် ဖြစ်လာခဲ့သည်။
သူသည် အနည်းငယ်မျှပင် ကျင့်ကြံခြင်းမပြုဘဲ သူ၏အချိန်အများစုကို သောက်စားပျော်ပါးခြင်းဖြင့်သာ ကုန်ဆုံးလေ့ရှိသည်။သူသည် အလုပ်ကိုလည်း သင့်တင့်လျောက်ပတ်စွာ လုပ်ဆောင်ခြင်းမပြုချေ။
အကယ်၍ ချမ်ဝမ်ကျွင်းသာ ငွေကုန်ကြေးကျအမြောက်အများခံ၍ ချမ်ဖန်းမင်၏ခန္ဓာကိုယ်ဖွဲ့စည်းပုံကို တိုးတက်အောင် မြှင့်တင်ပေးမထားပါက သူသည် သူ၏ယခုလက်ရှိ ကျင့်ကြံဆင့်နယ်ပယ်ဖြစ်သော လုံချီနယ်ပယ်သို့ပင် ရောက်ရှိမည်မဟုတ်ချေ။
ချမ်ဝမ်ကျွင်းသည် ချမ်ဖန်းမင်ကို မြင်တွေ့သည့်အချိန်တိုင်း သူ၏စိတ်နှလုံးသားတစ်ခုလုံး ဒေါသများကြောင့် ပူပြင်းလောင်ကျွမ်းနေသည်။သို့ရာတွင် သူ ချမ်ဖန်းမင်ကို သင်ခန်းစာပေးမည်ဟု ရည်ရွယ်လိုက်သည့်အချိန်တိုင်း သူ၏စိတ်နှလုံးသား ပျော့ပြောင်းနူးညံသွားသည်။
ချမ်ဖန်းမင်၏မိခင်သည် အလွန်စောစွာ ကွယ်လွန်သွားခဲ့သည်။ဤသည်က ချမ်ဝမ်ကျွင်း၏စိတ်နှလုံးသားအတွင်းတွင် အမြဲတစေ နောင်တရနေခဲ့သောကိစ္စပင်။သူ၏သားကို မြင်တွေ့သည့်အချိန်တိုင်း သူ ရိုက်နှက်၍ ဆူပူကြိမ်းမောင်းကာဆုံးမလိုသော်လည်း သူ၏ပါးစပ်ကို မည်သည့်နည်းနှင့်မျှ ဖွင့်ဟ၍မရချေ။
Chapter 3144
"အဖေ...ကျွန်တော်နဲ့ပတ်သတ်ပြီးတော့ ဘာမှစိတ်မပူပါနဲ့...တကယ်လို့ ဘာမှအထွေအထူးကိစ္စမရှိတော့ရင်...ကျွန်တော် အရင် ပြန်အနားယူတော့မယ်"
ချမ်ဖန်းမင်က စိတ်မရှည်သောလေသံဖြင့် ပြောဆိုကာ နောက်သို့ချာခနဲလှည့်ထွက်လိုက်၏။
ချမ်ဝမ်ကျွင်းသည် သားဖြစ်သူအား အနည်းငယ်မျှပင် မှီခိုအားထား၍ မရကြောင်း သိရှိထားပြီးလေပြီ။ထို့ကြောင့် စီရင်စုသခင်ကို လုပ်ကြံသတ်ဖြတ်မည့် ကိစ္စအားဖြစ်စေ ယနေ့ထွက်ပြေးမည့်ကိစ္စအားဖြစ်စေ သူ ချမ်ဖန်းမင်ကို အရိပ်အမြွက်မျှပင် ထုတ်ဖော်ပြောဆိုထားခြင်းမရှိချေ။
"အရင်ဆုံး အသုံးမဝင်တဲ့စကားတွေ မပြောနဲ့တော့...မင်း ငါနဲ့လိုက်ခဲ့စမ်း"
ချမ်ဝမ်ကျွင်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"အဖေ...ကျွန်တော် မလိုက်ချင်ဘူး...အရင်ရက်တွေကတည်းက ကျွန်တော်ရဲ့စိတ်ကို ချုပ်တီးထားရတာ...အဖေက ကျွန်တော်ကို အပြင်ထွက်ခွင့်မပြုဘူး...အခု မှောင်တောင်မှောင်နေပြီ...အဖေက ကျွန်တော်ကိုခေါ်ပြီး ဘာလုပ်မလို့လဲ"
ချမ်ဖန်းမင်က ချက်ချင်းဆိုသလို စိတ်မကြည်မသာဖြစ်သွားသည်။
ဤအချိန်သည် ချမ်သခင်လေးဖြစ်သော သူ၏အနားယူချိန်ပင်။မည်သည်ကြောင့် သူ ထွက်ခွာသွားရန် ဆန္ဒရှိမည်နည်း။
"ခွေးမသား...ငါနဲ့လိုက်ခဲ့စမ်း"
ထိုစကားအဆုံးသတ်သွားသောအချိန်မှာပင် ချမ်ဝမ်ကျွင်း၏လက်ဝါးအတွင်းမှ အားလှိုင်းတစ်ရပ် ရုတ်တရက်ထွက်ပေါ်လာကာ ချမ်ဖန်းမင်၏နံဘေးရှိ အစေခံမလေးပေါ်သို့ကျရောက်သွားကာ သူမအား လက်ဝါးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေသည်။
ဗြန်း....
သွေးများက ချမ်ဖန်းမင်၏ခန္ဓာကိုယ်ကို ဖြန်းပက်လိုက်သည့်အလား စင်သွားသည်။
ချမ်ဖန်းမင်သည် မူလကတည်းက လူပေါ်ကြော့သခင်လေးတစ်ယောက်ပင်။မည်သည်ကြောင့် ဤကဲ့သို့မြင်ကွင်းမျိုးကို ယခင်က မြင်တွေ့ဖူးမည်နည်း။သူသည် ချက်ချင်းဆိုသလို နေရာမှာပင် ကြက်သေသေသွားလေ၏။
"အဖေ......"
ချမ်ဖန်းမင်၏နှုတ်ခမ်းများ တုန်ရီနေသည်။
ချမ်ဝမ်ကျွင်းက အလေးအနက်ထားသောလေသံနှင့် ပြောဆိုသည်။
"ပေါက်ကရစကားတွေ ထပ်မပြောနဲ့..ငါနဲ့အတူလိုက်ခဲ့စမ်း"
သူသည် လင်ကျိုးစီရင်စုတွင် ချမ်းသာကြွယ်ဝဆုံးလူတစ်ယောက်ဖြစ်သဖြင့် သူ့ထံတွင် ကိုယ်ပိုင်ဂုဏ်သိက္ခာရှိသည်။ချမ်ဖန်းမင်ကဲ့သို့ လူပေါ်ကြော့သခင်လေးတစ်ယောက်ကို သူ ခြိမ်းခြောက်ရန်မှာ လိုအပ်သည်ထက်ပိုသည်။
ချမ်ဖန်းမင်သည် သူ၏ပါးစပ်ကိုပိတ်ထားရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်၏။
သူ၏ဖခင် ယခင်က သူ့အား ဤကဲ့သို့ဆက်ဆံသည်ကို သူ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးချေ။
ချမ်ဖန်းမင်သည် လူပေါ်ကြော့တစ်ယောက်ဖြစ်သော်လည်း သူသည် အရူးတစ်ယောက်မဟုတ်ချေ။ဤအချိန်အခိုက်အတန့်တွင် သူ အသိဝင်လာကာ အိမ်တော်ထိန်းနှင့်စတေးခံကျင့်ကြံသူများကို ကြည့်ပြီးနောက် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူ ခန့်မှန်းမိလေသည်။
"ဖြစ်နိုင်တာတော့ စီရင်စုသခင်က...."
ချမ်ဖန်းမင် တစ်စုံတစ်ခုပြောဆိုရန် ဟန်ပြင်လိုက်စဥ်မှာပင် ချန်ဝမ်ကျွင်းက သူ့ကို ကြားဖြတ်ဟန့်တားလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း...ငါ့နောက်ကို လိုက်ခဲ့...တကယ်လို့ မင်း မသေချင်ဘူးဆိုရင် ဒီနေ့ မင်း ကောင်းကောင်းမွန်မွန်နေတာ ပိုကောင်းလိမ့်မယ်"
ချမ်ဝမ်ကျွင်းက တင်းမာခက်ထန်သောလေသံဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။
ချမ်ဖန်းမင်သည် နာခံရို့ကျိုးသောအမူအယာဖြင့် ချမ်ဝမ်ကျွင်း၏နောက်၌ မတ်တတ်ရပ်လိုက်သည်။
"အချိန်ကျပြီလား"
ချမ်ဝမ်ကျွင်းက နံဘေးရှိ အိမ်တော်ထိန်းကိုတစ်ချက်ကြည့်၍ မေးမြန်းသည်။
အိမ်တော်ထိန်းက ခေါင်းညိတ်ပြကာ ပြောဆိုသည်။
"အချိန်ကျပြီ...အပြင်မှာရှိတဲ့ အစောင့်စစ်သားတွေကိုလည်း လာဘ်ထိုးပြီးပြီ...သူတို့က ဒီအိမ်တော်အနီးတဝိုက်မှာ ကင်းလှည့်နေမှာ မဟုတ်ဘူး"
"ကောင်းပြီလေ...သွားကြစို့"
လူတစ်စုသည် ညအချိန်တွင် ညဇီးကွက်များအလား တိတ်ဆိတ်ငြိမ်သက်စွာ လှုပ်ရှားနေကြ၏။
အစေခံတစ်ယောက် အသတ်ခံရမှုမှာမူ ချမ်အိမ်တော်အတွင်း၌ သူမတို့၏တည်ရှိမှုသည် မြက်ပင်များနှင့်တူညီသည်။သူမတို့အား စကားအရာသွင်း၍ပြောရန်ပင် မထိုက်တန်ချေ။
အစေခံမလေး၏အလောင်း တစ်ချက်တုန်ခါသွားကာ တဖြည်းဖြည်း နံဘေးဘက်သို့လိမ့်သွားသည်။
သို့ရာတွင် သူမ၏အလောင်း လိမ့်သွားလုဆဲဆဲအခြေအနေတွင် တစ်စုံတစ်ယောက်က ရုတ်တရက် သူမကို နောက်မှနေ၍ ထောက်ကန်ပေးထားလေ၏။
"ဒီလောက်တောင်လှတဲ့မျက်နှာလေး...မင်းတို့ကဘာလို့ ဒီလိုမျိုးလုပ်ရတာလဲ"
လူအိုကြီးတစ်ယောက်၏အသံက ချမ်ဝမ်ကျွင်း၏နောက်မှ ထွက်ပေါ်လာသည်။
"ဘယ်သူလဲ"
စတေးခံကျင့်ကြံသူများအားလုံး သတိအနေအထားဖြင့်နေကာ ချမ်ဝမ်ကျွင်းကို ဝိုင်းရံ၍ ကာကွယ်လိုက်သည်။
ချမ်ဝမ်ကျွင်းကမူ အလျင်စလို နောက်သို့ပြန်လှည့်ကာ သူ၏နောက်သို့ ကြည့်လိုက်၏။
အမှောင်ထုအတွင်းမှနေ၍ လူအိုကြီးတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။ထိုလူ၏လက်အတွင်း၌ ဓားတစ်လက်ကိုင်ဆောင်ထားကာ ဓားသွားတွင် သွေးများစွန်းထင်းနေသည်။
ထိုသူသည် ဓားသခင်ချင်းမူမှတပါး တခြားသူမဟုတ်ချေ။
"ဒါက မင်းလား...ချင်းမူ...မင်းက စီရင်စုရုံးတော်ရဲ့နောက်လိုက်ခွေးဖြစ်နေတာတောင်...ငါ့ရှေ့မှာ ထွက်ပေါ်လာဝံ့သေးတာလား"
ချမ်ဝမ်ကျွင်းသည် ဓားသခင်ချင်းမူကို မြင်တွေ့ချိန်တွင် ဒေါသတကြီး အော်ငေါက်လိုက်သည်။
မူလအစီအစဥ်အရ လုယွီအား သတ်ဖြတ်ရန်အတွက် သူသည် ဓားသခင်ချင်းမူ တာအိုပညာရှင်ထုံထျန်းတို့နှင့် ပူးပေါင်းထားပြီးဖြစ်သည်။
သို့ရာတွင် ဓားသခင်ချင်းမူသည် ဘက်ပြောင်းသွားကာ စီရင်စုရုံးတော်နှင့်ပူးပေါင်းသွားမည်ဟု သူ မျှော်လင့်မထားမိချေ။
တာအိုပညာရှင်ထုံထျန်းသည် လုယွီ၏လက်အတွင်း၌ သေဆုံးသွားရသည်ကို ချမ်ဝမ်ကျွင်း မသိရှိချေ။ဓားသခင်ချင်းမူသည် လက်ဦးမှုယူ၍ တာအိုသခင်ထုံထျန်းကို သတ်ဖြတ်လိုက်သည်ဟုသာ သူ တွေးထင်နေခဲ့သည်။
ယခုလက်ရှိချိန်၌ သူ၏ရန်သူသည် သူ့ရှေ့၌ ထွက်ပေါ်လာသည်ကိုကြည့်ပြီး ချမ်ဝမ်ကျွင်း၏မျက်လုံးများ မီးဝင်းဝင်းတောက်နေသည်။
Chapter 3145
"ချမ်ဝမ်ကျွင်း...ငါ မင်းနဲ့စကားပြောပြီးတော့ အချိန်မဖြုန်းနိုင်ဘူး...မင်းက လူတွေအများကြီးကိုသတ်ခဲ့ပြီးတော့ ကြီးလေးတဲ့ရာဇဝတ်မှုကြီးကို ကျူးလွန်ခဲ့တယ်...စီရင်စုသခင်ရဲ့အမိန့်အရ ငါ မင်းကိုဖမ်းဖို့ လာခဲ့တာပဲ...မင်း ငြိမ်ငြိမ်သက်သက်နေပြီးတော့ အဖမ်းခံဖို့စောင့်နေစမ်း"
ဓားသခင်ချင်းမူသည် ဖမ်းဝရမ်းတစ်စောင်ကိုထုတ်ယူကာ တစ်ချက်ကြည့်ပြီးနောက် ချမ်ဝမ်ကျွင်း၏ရှေ့သို့ ပစ်ချလိုက်၏။
ထိုဝရမ်းတွင် ချမ်ဝမ်ကျွင်းနှင့်ဆက်စပ်နေသည့် ပြစ်မှုများဖြင့် ပြည့်နှက်နေသည်။
ချမ်ဝမ်ကျွင်းသည် လင်ကျိုးစီရင်စုအတွင်း၌ အချမ်းသာဆုံးလူတစ်ယောက် ဖြစ်လာစေရန်အလို့ငှာ သူသည် သွေးစွန်းသောကိစ္စများစွာကို လျှို့ဝှက်၍ လုပ်ဆောင်ခဲ့သည်။ညစ်ညမ်းသောကိစ္စတချို့ကို အမှောင်ထုအတွင်းမှနေ၍ ကိုင်တွယ်ဖြေရှင်းရန်အတွက် ချမ်မိသားစုသည် စတေးခံကျင့်ကြံသူအမြောက်အများကို မြေတောင်မြှောက်ထားလေ၏။
ချန်ဝမ်ကျွင်းသည် မြေပြင်ပေါ်ရှိဖမ်းဝရမ်းကို စောင်းငဲ့ကြည့်ခြင်းပင်မပြုချေ။သူက သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။
"ချင်းမူ...မင်းက စီရင်စုသခင်နဲ့ပူးပေါင်းလိုက်တာနဲ့ မင်းကိုယ်မင်း အရမ်းကြီးကျယ်မြင့်မြတ်နေပြီလို့ ထင်နေတာလား...မင်းရဲ့လက်တွေက ငါ့ထက်ပိုပြီးတော့ သန့်ရှင်းနေတာ မဟုတ်ဘူးနော်"
သူတို့နှစ်ယောက်လုံးသည် လင်ကျိုးစီရင်စုအတွင်း၌ သြဇာအာဏာရှိသောလူများပင်။သူတို့သည် တခြားသူများနှင့် ပြောင်ပြောင်တင်းတင်း တစ်မျိုး လျှို့ဝှက်၍တစ်ဖုံ တိုက်ခိုက်ခဲ့သဖြင့် သူတို့၏လက်များတွင် မရေမတွက်နိုင်သောသွေးများ စွန်းထင်းနေသည်။
ဓားသခင်ချင်းမူက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုလိုက်၏။
"ငါက ဘယ်လိုလုပ်ပြီးတော့ မင်းနဲ့တူမှာလဲ"
ထိုသို့ပြောဆိုပြီးနောက် သူသည် အစေခံမလေး၏အလောင်းကို နံဘေးတစ်ဖက်သို့ပစ်ချကာ မိုးကောင်းကင်ယံထံဦးတည်၍ လက်ညှိုးညွှန်လိုက်သည်။သူ၏လက်မှ အစိမ်းရောင်ဓားချီတစ်လှိုင်း ထွက်ပေါ်လာကာ လေဟာနယ်အတွင်းသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။
"မြန်မြန်...သူ့ကိုဟန့်တားကြစမ်း"
ချမ်ဝမ်ကျွင်းသည် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ စတေးခံကျင့်ကြံသူများ၏နောက်သို့ဝင်၍ ပုန်းအောင်းလိုက်သည်။
ဓားသခင်ချင်းမူသည် လောကီအင်မော်တယ်တစ်ယောက် ဖြစ်ရုံသာမက လောကီအင်မော်တယ်များအကြားတွင် အလွန်အားကောင်းသော ကျင့်ကြံသူလည်းဖြစ်သည်။
ဤကဲ့သို့ခွန်အားမျိုးကို မိုးကောင်းကင်မီးတောက်ကုန်းမြေတစ်ခုလုံးမှာပင် ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားရှိသူဟု ယူဆနိုင်သည်။
ဝှစ်...ဝှစ်...ဝှစ်...
သူ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် ထူထပ်သိပ်သည်းသော ဓားချီများက မိုးရွာသွန်းသည့်အလား ကောင်းကင်ယံမှကျရောက်လာပေ၏။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ချမ်မိသားစုမှစတေးခံကျင့်ကြံသူများသည် သူတို့၏မှော်လက်နက်များကိုဆင့်ခေါ်၍ ချမ်ဝမ်ကျွင်း၏ရှေ့၌ ကြီးမားသောအကာအကွယ်နံရံကြီးအဖြစ် ဖွဲ့စည်းလိုက်သည်။
ထောင်နှင့်ချီသောဓားချီများက ထိုအကာအကွယ်နံရံကြီးကို ထွင်းဖောက်သွားသည်။ထိုမှော်လက်နက်များသည် ဓားသခင်ချင်းမူ၏တိုက်ခိုက်မှုကို ခုခံနိုင်ခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု ကြေမွှပျက်စီးသွားလေ၏။
"သစ်သားစိမ်းဓား...ရှေးဟောင်းခေတ်ကို ထွင်းဖောက်ခြင်း"
ဓားသခင်ချင်းမူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ရုတ်တရက် ပို၍အစွမ်းထက်သောဓားချီနှစ်လှိုင်းက သူ၏အင်္ကျီလက်အတွင်းမှ ထွက်ပေါ်လာကာ သူ၏ရှေ့၌ ကြီးမားသောဓားချီတစ်လှိုင်းအဖြစ် ဖွဲ့စည်းသွားသည်။ဓားသခင်ချင်းမူက ထိုဓားချီကို စတေးခံကျင့်ကြံသူများ၏အကာအကွယ်နံရံကြီးထံ ချိန်ရွယ်လိုက်၏။
ဝှစ်...
ကျယ်လောင်သောလေခွင်းသံနှင့်အတူ ထိုဓားချီ ပျံဝဲလာသည်။ပေါက်ကွဲသံကြီးတစ်သံ မြည်ဟီးသွားကာ အကာအကွယ်နံရံကြီး၌ ကြီးမားသောအပေါက်ကြီးတစ်ခု ပွင့်ထွက်သွားတော့သည်။
အား...
အကာအကွယ်နံရံကြီးနောက်ရှိ စတေးခံကျင့်ကြံသူများအားလုံး စူးရှနာကျင်စွာ အော်ဟစ်လိုက်ကြသည်။
သူတို့အနက်မှ တချို့လူများသည် အစွမ်းထက်သောဓားချီ၏ဖြတ်တောက်သွားခြင်းကိုခံရကာ သူတို့၏ခန္ဓာကိုယ်များ သွေးသံတရဲရဲဖြစ်သွားလေ၏။
"သွားကြစို့"
ချမ်ဝမ်ကျွင်းသည် အခြေအနေမကောင်းသည်ကို မြင်တွေ့သဖြင့် သူ၏သားနှင့်သစ္စာရှိလူယုံတချို့ကိုခေါ်ဆောင်ကာ ပြင်ပသို့ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
သို့ရာတွင် သူ အနောက်ဘက်ခြံဝန်း၏ပြင်ပသို့ ထွက်လိုက်စဥ်မှာပင် ပြင်းထန်သောသွေးညှီနံကို ရရှိလေသည်။
မြေပြင်ပေါ်၌ ချမ်မိသားစုဝင်အစောင့်များအားလုံး ဖရိုဖရဲလဲကျနေသည်။သူတို့အားလုံးကို ဓားဖြင့်ခုတ်ပိုင်းခြင်း ခံထားရလေ၏။
အစောင့်များအပြင် ချမ်မိသားစုဝင်အစေခံများသည်လည်း သွေးပျက်ဖွယ်အနေအထားဖြင့် မြေပြင်ပေါ်၌ လဲကျနေကြသည်။သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင်ကျန်ရစ်ခြင်းမရှိချေ။
ချမ်ဝမ်ကျွင်းသည် သူ၏တူဝမ်းကွဲတစ်ယောက်ခန္ဓာကိုယ်ကို ဓားရှည်တစ်လက်ဖောက်ဝင်နေကာ နံရံ၌သံဖြင့်ရိုက်ထားခံရသကဲ့သို့ ရှိနေသည်ကိုပင် မြင်တွေ့လိုက်ရသည်။
အရှေ့ဘက်ခြံဝန်းအတွင်း၌ သစ်သားစိမ်းဓားဂိုဏ်း၏ဝတ်စုံကို ဝတ်ဆင်ထားသော လူအမြောက်အများရှိနေကာ ချမ်ဝမ်ကျွင်းတို့လူစုကို စူးစူးဝါးဝါး စိုက်ကြည့်နေကြ၏။
ပတ်ဝန်းကျင်နေရာအနှံ့အပြားတွင် သစ်သားစိမ်းဓားဂိုဏ်းမှလူများ ရှိနေသည်။
သစ်သားစိမ်းဓားဂိုဏ်းမှလူများ၏မျက်လုံးများသည် လောဘအရိပ်အယောင်များဖြင့် တောက်ပနေကာ သူတို့က ချမ်ဝမ်ကျွင်းကို စူးစိုက်၍ကြည့်နေကြသည်။
ဤသည်က ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်အုပ်သည် ဆူဖြိုးသောသိုးတစ်ကောင်ကို စူးစိုက်ကြည့်နေသကဲ့သို့ပင်။
မည်သို့ပင်ဆိုစေကာမူ ချမ်ဝမ်ကျွင်းသည် မုန်တိုင်းကြီးများကို ရင်ဆိုင်ဖြတ်ကျော်ခဲ့သော လူတစ်ယောက်ဖြစ်သည်။သူ့ရှေ့ရှိမြင်ကွင်းကိုမြင်တွေ့စဥ်တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို ချက်ချင်းဆိုသလိုပင် သူ နားလည်သဘောပေါက်သွားလေ၏။
"ချင်းမူ...ခွေးမသား"
ချမ်ဝမ်ကျွင်းက နောက်သို့ပြန်လှည့်ကြည့်ကာ အဆုတ်ကွဲလုမတက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သို့ရာတွင် ဓားသခင်ချင်းမူသည် ချမ်ဝမ်ကျွင်းကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။သူက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။
"ချမ်ဝမ်ကျွင်း...မင်းက ကြီးလေးတဲ့ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်...မင်းက ဖမ်းဆီးမှုကိုတောင် ခုခံဝံ့သေးတာလား...ဒီနေ့ မင်း ဒီနေရာကနေ အသက်ရှင်ရက် ထွက်မသွားနိုင်စေရဘူး"