မျက်နှာမဲ့တစ္ဆေ (၅)
Vol. 4 Ch. 206
နက်ဆန်နဲ့ဒေါ်ရသီက လမ်းမပေါ်မှာ ရင်ဘောင်တန်းလျှောက်နေ ကြပါတယ်။ ဒေါ်ရသီက အစကနေအဆုံးအထိ မျက်နှာတစ်ချက် ပြောင်းသွားခြင်းမရှိဘဲ ပြုံးနေခဲ့တဲ့အတွက် နက်ဆန်ရဲ့ရင်ထဲမှာ ဘဝင်မကျဖြစ်လာတယ်။ ပြီးတော့ နှစ်ယောက်လုံးက တိတ်ဆိတ်စွာ ခရီးဆက်နေခဲ့ကြတာ တစ်အောင့်လောက်ကြာခဲ့ပြီမဟုတ်လား။
“ကျွန်မကြောင့် စိတ်အနှောင့်အယှက်တစ်ခုခု ဖြစ်သွားတာများလား။”
ဒေါ်ရသီက နက်ဆန်ရဲ့ပုံစံကြောင့် ချက်ချင်းပဲမေးလိုက်တယ်။ နက်ဆန်ကဟုတ်မှန်ကြောင်း ဝန်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြပြီး သူ့စိတ်ထဲမှာ ရှိနေတဲ့အတိုင်းပဲ ပြောပြဖြစ်တယ်။
“မင်းက စက္ကောမရုပ်ဆိုတော့ ခံစားချက်တွေမရှိဘူးမဟုတ်လား။”
လက်ရှိမြေကျောင်းတော်အယ်ဒါရဲ့မြေးဖြစ်တဲ့ အယ်မာ ဘယ်လာဝှစ်အဖမ်းခံရတဲ့ကိစ္စက တကယ့်ကိစ္စကြီးတစ်ခုပါ။ မြေကျောင်းတော်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ စိတ်ပူမနေဘူး ဆိုရင်တောင်မှာ ဒေါသထွက်ခံပြင်းနေသင့်တာ။ ဒါပေမဲ့ ဒေါ်ရသီက ပြုံးနေခဲ့တယ်လေ။
“အဲဒီလိုတော့မဟုတ်ပါဘူး၊ ကျွန်မမှာ ခံစားချက်တွေရှိပါတယ်။ ဒါပေမဲ့ အဲဒီခံစားချက်တွေကို ကျွန်မနားမလည်နိုင်သလို ဘယ်လို အခြေအနေမှာဘယ်လိုခံစားချက်မျိုး ဖြစ်လာတယ်ဆိုတာလည်း ကျွန်မမသိပါဘူး။ ဒါကြောင့် ထုတ်ဖော်ပြသဖိုဆိုရင် ဝေးရောပေါ့။”
နက်ဆန်က ဒီအဖြေကိုကြားတော့ သူ့ဘေးက ချယ်ရီရောင်ဆံပင်နဲ့ မိန်းကလေးကို ကြည့်လိုက်မိတယ်။ သူကသာမန်လူတွေလိုမျိုး လမ်းလျှောက်တဲ့အခါမှာ လက်ကိုလွှဲလျှောက်မနေတာကြောင့် တစ်မျိုးတောင့်တောင့်ကြီးဖြစ်နေတယ်။ ဒါပေမဲ့ သူပြုံးထားတဲ့ အပြုံးကတော့ တကယ့်ထိပ်တန်းမိန်းမလှလေးတစ်ယောက်လိုပဲ။ လမ်းမှာ သူ့ကိုမြင်သမျှလူတိုင်းက သူ့ကိုပြန်ပြုံးပြကြတယ်။ ဒေါ်ရသီကိုယ်တိုင်ကတော့ ဘာကြောင့်ဒီလူတွေ ပြုံးပြနေတာလဲ နားမလည်ခဲ့ပေမဲ့ပေါ့။
“ဒါဆိုရင် ဘာကြောင့်ပြုံးနေခဲ့တာလဲ။” နက်ဆန်က ဒေါ်ရသီ မျက်နှာပေါ်ကအပြုံးကို စိတ်ဝင်စားနေခဲ့တာကြာပြီ။
“အစ်မက ပြုံးခိုင်းထားခဲ့လို့ပါ။”
“အစ်မ...”
“ကျွန်မထက်အရင် ဖန်တီးခံခဲ့ရတဲ့ စက္ကောမရုပ်ကိုပြောတာ။ သူ့နာမည်က အန်နာဘယ်လားတဲ့။ သူက ကျွန်မနဲ့မတူဘဲ ခံစားချက်တွေကို နားလည်နိုင်စွမ်း ရှိခဲ့တယ်လေ။”
နက်ဆန်ရဲ့ပုံစံက ဒေါ်ရသီကို ကြည့်နေရင်းကနေ သတိရှိတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ ခံစားချက်တွေကို နားမလည်ဘူးလို့ ပြောခဲ့တဲ့ ဒေါ်ရသီရဲ့မျက်လုံးတစ်ဖက်ကနေ မျက်စိစအနည်းငယ် ကျဆင်းလာခဲ့လို့ပါ။
‘ဒီမိန်းကလေးမှာလည်း ပြောစရာပုံပြင်တစ်ခုတော့ ရှိနေတဲ့ပုံပဲ။' ဒီလိုတွေးလိုက်ပြီးတဲ့နောက် နက်ဆန်က ဒေါ်ရသီကို အဲဒီကိစ္စနဲ့ ဆက်ပြီးမပြောတော့ဘဲ ဒေါ်ရသီရဲ့လည်ပင်းက ပတ္တာမြားဆွဲသီးကို ကြည့်လိုက်ရင်းပြောလိုက်ပါပြီ။
“မြေကျောင်းတော်ရဲ့အထွတ်အမြတ်ရတနာ ကမ္ဘာအူတိုင်ကျောက် မဟုတ်လား။ အကန့်အသတ်မရှိတဲ့မှော်စွမ်းအင်တွေကို ကမ္ဘာမြေက ဆွဲယူလို့ရနိုင်တဲ့အရာပဲ။ မင်းကို ဆက်ခံသူအဖြစ် အသိအမှတ်ပြုခဲ့တာများလား။”
ကျောင်းတော်တွေမှာ အထွတ်အမြတ်မှော်ရတနာတွေက တစ်ခုတည်းရှိတာမျိုးမဟုတ်ပါဘူး။ လက်ရှိနက်ဆန်သုံးနေတဲ့ တစ္ဆေမီးအိမ်နဲ့အသုံးမပြုနိုင်သေးတဲ့ လမျက်နှာဖုံးတို့ဟာ အထွတ်အမြတ်ရတနာတွေဖြစ်ပြီး ကျောင်းတော်မှာတခြား အထွတ်အမြတ်ရတနာတွေရှိနေသေးတယ်။ ဒါပေမဲ့ဒီလို အရာမျိုးကို အရေအတွက်များများပိုင်ဆိုင်ထားရင်တောင်မှ လူတိုင်းအသုံးပြုနိုင်မှာမဟုတ်ဘဲ အယ်ဒါတွေကိုယ်တိုင်က ယုံကြည်စိတ်ချရတဲ့သူတွေနဲ့ ဆက်ခံသူတွေကိုသာပေးတတ်တယ်။ ဒါပေမဲ့... မြေကျောင်းတော်မှာက ကမ္ဘာအူတိုင်လည်ဆွဲတစ်ခုပဲ ရှိတာဖြစ်လို့ ဒီမိန်းကလေးက ဆက်ခံသူဆိုတဲ့သဘောပဲ။
“ယာယီပါ... သခင်မလေးထွက်သွားပြီးနောက် မြေကျောင်းမှာ မြေခန္ဓာကိုယ်ပိုင်ဆိုင်တဲ့သူတွေ ထွက်ပေါ်မလာသေးဘူး။ ဒါကြောင့် အဖွားက ကျွန်မနဲ့အစ်မကို အဂ္ဂိရတ်ကျောက်တုံးနဲ့ ပေါင်းစပ်ဖန်တီးခဲ့တာ။ သူသေပြီးသွားရင်တောင် မြေကျောင်းတော်ကို ကာကွယ်နိုင်ဖို့ပေါ့။”
နတ်တစ်ပိုင်းတွေက ကျောင်းတော်တွေရဲ့အခြေခံအုတ်မြစ်ပါ။ နတ်တစ်ပိုင်းမရှိတဲ့ကျောင်းတော်က ပျက်စီးခါနီးကျောင်းတော်ပဲ။ အမှောင်ကျောင်းရဲ့ဆီနိတ်တာဟောင်းဖြစ်တဲ့ရော့ဝဲလ်က မြေကျောင်းတော်ကို ရွေးချယ်စရာမရှိဘဲ ရုပ်သေးရုပ်တွေကို အားကိုးရလောက်တဲ့အထိ ဖြစ်စေခဲ့တယ်။
“မင်းက မင်းအစ်မနဲ့ အတော်ရင်းနှီးပုံပဲ။”
ဒေါ်ရသီက ခေါင်းညိတ်လိုက်တယ်။ ပြီးတော့....
“ကျွန်မတို့တွေက ဆက်ခံသူတွေဖြစ်လာဖို့ရည်ရွယ်ထားပေမဲ့ နောက်ဆုံးမှာတော့ လူသားတွေမဟုတ်ခဲ့ဘူးလေ။ အဖွားက ကျွန်မတို့ကို သာမန်လူတွေစိန်ခေါ်ဖို့မဖြစ်နိုင်တဲ့ မစ်ရှင်တွေကို ယူခိုင်းပြီးလေ့ကျင့်စေခဲ့တယ်။ အကြိမ်ကြိမ်ဖျက်ဆီးခံရလိုက် အဂ္ဂိရတ်ကျောက်တုံးကြောင့် ပြန်ကောင်းလာလိုက်ဖြစ်နေခဲ့တာ။ တခြားခံစားချက်တွေကိုကျွန်မသိပေမဲ့ နာကျင်မှုဆိုတာကိုတော့ နားလည်ပါသေးတယ်။”
“နားလည်ပြီ... သူကအမြဲတမ်း မင်းဘေးနားမှာရှိနေခဲ့တာပေါ့။” နက်ဆန်က ဒေါ်ရသီအပြည့်အစုံမဖြေရသေးခင်မှာပဲ သဘောကို နားလည်သွားခဲ့တယ်။ နောက်ပိုင်းတော့ သူတို့ စကားစပြတ်ပြီး အခင်းဖြစ်ခဲ့တဲ့နေရာကိုသာ သွားဖြစ်ခဲ့တယ်။
နက်ဆန်မြင်ဖူးနေကျ အယ်မာရဲ့ဖို့ခ်ကားက ဒီနေရာမှာရှိနေဆဲ ဖြစ်ပြီးတော့ ကားမီးတွေကအရည်ပျော်ကျနေပါတယ်။ လမ်းဘေး ဓာတ်တိုင်က မီးသီးတွေလည်းအတူတူပဲ။
“တကယ်ပဲ ငါထင်ထားတဲ့အတိုင်းဖြစ်နေတာကိုး....” နက်ဆန်က ပြုတ်ကျနေတဲ့ အယ်မာရဲ့မှော်နှင်တံကို ရေနုတ်မြောင်းတစ်ခုထဲက ဆယ်လိုက်ရင်းနဲ့ ပြောလိုက်တယ်။
“သခင်မလေးက ဘယ်လိုအရာနောက်ကို နောက်နေခဲ့တာလဲ။” ဒေါ်ရသီက အသက်မပါတဲ့အပြုံးကို ပြုံးထားရင်းနဲ့မေးလာတယ်။ နက်ဆန်က မှော်နှင်တံမှာရှိနေတဲ့ အညစ်အကြေးတချို့ကို ဖယ်ရှားလိုက်ရင်း...
“ သူကိုယ်တိုင်တောင်မသိဘူး... လှတဲ့သူတွေကိုဖမ်းပြီး အရေခွံချွတ်တတ်တဲ့ စိတ္တဇလူသတ်သမားလိုအရာပဲ။ နေရာတိုင်းက လျှပ်စစ်ပစ္စည်းတွေကျွမ်းကုန်တယ်လို့တော့ သူပြောသလောက်သိရတယ်။”
အယ်မာနဲ့နက်ဆန်က လမ်းမခွဲခင် ဒီအမှုအကြောင်းကို အချိန်အတော်ကြာတဲ့အထိ ဆွေးနွေးဖြစ်ခဲ့ကြပါသေးတယ်။ ဒေါ်ရသီက အတက်အကျမရှိပေမဲ့ အရေးကြီးကိစ္စတစ်ခုကို ပြောသလိုမျိုးလေသံနဲ့ပြောလိုက်ပါပြီ။
“ဒါဆိုရင် သခင်မလေးအတွက် အန္တရာယ်ရှိနေပြီလို့ သတ်မှတ်ရမယ်။ အဲဒီမှော်နှင်တံကိုသုံးပြီး သခင်မလေး ရှိတဲ့နေရာကို ဖော်ထုတ်ပေးပါ။”
ဒေါ်ရသီက နက်ဆန်ကိုခြေရာခံမှော်သုံးဖို့အတွက် အကြံပြုတယ်။ ဒါပေမဲ့နက်ဆန်ရဲ့မျက်လုံးတွေကတော့ အယ်မာရဲ့ကားရပ်ထားတဲ့ အနီးအနားက အိမ်ဟောင်းတစ်ခုဆီကို ရောက်သွားပြီး...
“လောလောဆယ် အဲဒီအိမ်ထဲ ဝင်ကြည့်ကြမလား။ အဲဒီကနေ ထွက်ပေါ်နေတဲ့ သေခြင်းတရားရနံက မနည်းဘူး။”
နက်ဆန်က အမှောင်နတ်ဘုရားမရဲ့သားတော်ပါ။ သေခြင်းက သူနဲ့တိုက်ရိုက်ဆက်စပ်တဲ့နိယာမတစ်ခုမဟုတ်ပေမဲ့ သေခြင်းကို အချိန်မတန်ဘဲဖြစ်ပေါ်စေနိုင်တဲ့ မကောင်းတဲ့အငွေ့အသက်တွေကို အာရုံခံနိုင်စွမ်းမြင့်မားတယ်။
...
ဘုန်း....
ခရစ်စတယ်နဲ့ဖန်တီးထားတဲ့ဓားက ကျောက်သားကြမ်းပြင်ကို ဖျက်ဆီးပစ်လိုက်တယ်။ အဲဒီနောက်အပေါက်ထဲကနေတစ်ဆင့် ဒေါ်ရသီနဲ့နက်ဆန်တို့က မြေအောက်ခန်းထဲကို ဆင်းလာခဲ့တယ်။ ဒေါ်ရသီက...
“လျှို့ဝှက်ခလုတ်ကိုလိုက်ရှာနေတာက အကျိုးသက်ရောက်မှု နည်းတယ်။”
“.....” နက်ဆန်ကတော့ ဒေါ်ရသီနဲ့နေ့တစ်ဝက်လောက်ပဲ နေရသေးတာဖြစ်ပေမဲ့ ဒီမိန်းကလေးရဲ့ဦးနောက်၊ ဒါမှမဟုတ် ပရိုဆက်ဆာက ဘယ်လိုအလုပ်လုပ်လဲသိလာပြီ။ အလွန်အမင်း ကြွက်သားဦးနောက်ဆန်တယ်ဆိုတာပဲ။
ဒါပေမဲ့ အရေမရအဖက်မရတွေ ပြောလေ့မရှိတဲ့ထုံးစံအတိုင်း မြေအောက်ခန်းထဲကိုသာ လှည့်ပတ်ကြည့်လိုက်တယ်။ မှောင်နေတဲ့ အတွက်ကြောင့် တစ္ဆေမီးအိမ်ကို ထွန်းညှိလိုက်တော့ ပြာလဲ့လဲ့ မီးရောင်အောက်မှာ အရာအားလုံးကိုစတင်မြင်လာရပြီး နက်ဆန်က တစ်ခွန်းတည်းပဲ ပြောလိုက်တယ်။
“ရက်စက်တယ်....”
နေရာတိုင်းမှာ ခန္ဓာကိုယ်ကနေ အနွှာယူခံထားရတဲ့မျက်နှာတွေ၊ နှိုက်ထုတ်ပြီးဆေးရည်ထဲထည့်ထားတဲ့မျက်လုံးတွေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေနဲ့ပြည့်နှက်နေတယ်။ ဖလော်မလင်နံကလည်း ပြင်းထန်လွန်းလို့ မူးလဲလုမတတ်ပဲ။
“ဒီနေရာမှာ ဘယ်သူမှရှိမနေဘူးဆိုတော့ ကြည့်ရတာ ငါတို့လာမှာကို ကြိုခန့်မှန်းမိနေပုံပဲ။”
နက်ဆန်က အခုလိုမျိုးပြောလိုက်ရင်း စိတ်ထဲမှာပိုပြီးတော့ မသက်မသာခံစားလာရတယ်။ တရားခံက ဒီနေရာမှာနေခဲ့တာ အကြာကြီးဖြစ်ပုံပဲ။ နေရာအမြဲပြောင်းနေခဲ့ပုံမပေါ်ဘူး။ ဒီမြို့ကို သူ့ပိုင်နက်လိုသဘောထားပြီး လှုပ်ရှားနေခဲ့ပုံရတဲ့အပြင် EUOCနဲ့ ဒေသခံရဲတွေကို ကြောက်စရာမလိုဘူးလို့တွေးလောက်တဲ့အထိ ယုံကြည်ချက်ပြင်းပြပုံပဲ။
“ဒါဆိုရင်လည်း သူကဘာလို့ အခုမှထွက်သွားတာလဲ။ အယ်မာက သာမန်ပေါ့ပေါ့တန်တန်သဘောထားလို့မရအောင် အရေးကြီးတဲ့ လူတစ်ယောက်မှန်းသိနေတာများလား။”
နက်ဆန်က ပြောပြောဆိုဆိုနဲ့တစ်နေရာမှာရပ်လိုက်ပြီး နံရံပေါ်ကို ကြည့်လိုက်တယ်။ ပုံတူပန်းချီကားတစ်ချပ်ရှိနေပြီး ချောမောတဲ့ လူငယ်လေးတစ်ယောက်ရဲ့ပုံပါ။ အခန်းက အလွန်တရာညစ်ပတ် နေခဲ့ပေမဲ့ ပန်းချီကားချပ်ရှိနေတဲ့နေရာကတော့ သန့်ရှင်းနေတယ်။
“သူက ဘယ်သူလဲ...” နက်ဆန်ရဲ့စိတ်ထဲမှာ သိချင်စိတ်တစ်ခု ဖြစ်လာတယ်။ ဒေါ်ရသီကတော့ ရှေ့ကိုတက်သွားပြီး ပန်းချီကားကို ဖြုတ်ချလိုက်တယ်။ ပြီးတဲ့နောက် ပန်းချီကားထဲကလူကိုသေချာ ကြည့်လိုက်ပြီး...
“ဒီရေဂို အဲဘတ်တိုင်း....”
နက်ဆန်လည်း အဲဒီနာမည်ကိုကြားလိုက်ရပြီးနောက်မှာ အံ့ဩသွားတဲ့ပုံစံနဲ့ “ရေကျောင်းတော်က ဒီရေဂိုလား။”
ဒေါ်ရသီက ခေါင်းညိတ်လိုက်ရင်း... “အင်း၊ ကျွန်မသူနဲ့ တစ်ခါတွေ့ဖူးတယ်။”
နက်ဆန်ရဲ့စိတ်ထဲမှာ အလိုမကျမှုတွေနဲ့ပြည့်နှက်သွားတယ်။ ဒီခရီးစဥ်အတွင်း ဒီနာမည်ကိုကြားရတာ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။
...
“အမယ်... ဒီသေခါနီးအဖွားအိုကြီးက အတော်အတင့်ရဲတာပဲ။ လင်ဘိုဘုံရဲ့မင်းသမီးကို ဖမ်းထားရဲတယ်ပေါ့။ ပြီးတော့ အဲဒီ ညဇီးကွက်လေးကို ငါပိုပြီးအထင်သေးသွားပြီ။ နေ့ဖက် ဖြစ်နေတာနဲ့ပဲ သူ့ထက်အားနည်းတဲ့သူကို အနိုင်မယူနိုင်ဘူးလား။ ဒါနဲ့များ မင်းသမီးလေးကို ကာကွယ်ဦးမယ်တဲ့။”
စားသောက်ဆိုင်နဲ့မျက်နှာချင်းဆိုင် ဓာတ်တိုင်ပေါ်မှာတော့ ဂေါ့သစ်ဂါဝန်ဝတ်ထားတဲ့ ညိုချောအလှလေးက ဆောင့်ကြောင့် ထိုင်နေပြီးတော့ ဆိုင်ထဲကိုလှမ်းကြည့်နေပါတယ်။ ပြတင်းပေါက်ကနေတစ်ဆင့် မြေကျောင်းတော် အယ်ဒါရီတာ ကော်ဖီသောက်နေတဲ့မြင်ကွင်းကို မြင်နေရတယ်။ အခန်းအလယ်မှာ နှစ်ယောက်ကျောချင်းကပ်ပြီး ကြိုးနဲ့ချည်၊ ချိန်သီးလိုမျိုးဖြစ်အောင် မျက်နှာကျက်မှာချိတ်ခံထားတဲ့ ဆယ်ဗီနဲ့ မိုနီကာတို့ကိုလည်း အတိုင်းသားမြင်နေရတာပေါ့။
ဖြူရီဖြစ်တဲ့ အီလတ်ထရာက လိုလီပေါ့သကြားလုံးကို ကိုက်ခွဲရင်း ဓာတ်တိုင်ပေါ်ကနေ ခုန်ဆင်းလိုက်တယ်။ ဒီတော့မှအောက်မှာ စောင့်နေခဲ့တဲ့ ဘန်နီလည်းသက်ပြင်းချမိတော့တယ်။ သူ့မှာ မြူစွမ်းအားရှိတယ်ဆိုပေမဲ့ အငြိမ်မနေတဲ့ဖြူရီကို လူတွေမမြင်အောင် ဖုံးကွယ်ရတဲ့အလုပ်က အတော်ခက်တယ်။
“ဘန်နီ... တို့တွေအလုပ်စကြမယ်။ လူသားဘုံရဲ့အားနည်းတဲ့ အကြီးအကဲတွေက ငါနဲ့ယှဥ်ရင် ဘယ်လောက်ကွာခြားတယ် ဆိုတာကြည့်ထားလိုက်။”
အီလက်ထရာက သလင်းကျောက်အကာအရံလွှာကို လက်ညိုးနဲ့ထိရုံနဲ့တင် ဖျက်ဆီးပစ်လိုက်ပြီး တံခါးကိုဖွင့်ကာ ဝင်လိုက်တယ်။ အကာအကွယ်လွှာဖျက်ဆီးခံရပြီးကတည်းက သတိထားမိနေတဲ့ အယ်ဒါရီတာနဲ့ ဆီနိတ်တာကာအယ်တို့က တိုက်ခိုက်ဝင်ဖို့အသင့်ဖြစ်နေပြီးသားပါ။
“ဘယ်သူလဲ၊ မြေကျောင်းတော်ရဲ့ကိစ္စကို ဝင်မရှုပ်နဲ့။”
ကာအယ်က အော်ဟစ်လိုက်ပြီး သဲမြွေနဂါးကြီးကိုဆင့်ခေါ်တယ်။ အယ်ဒါရီတာကတော့ တစ်ဖက်ပြိုင်ဘက်ကို အကဲခတ်နေဆဲပါ။ အီလက်ထရာကတော့ တခြားဘယ်သူ့ကိုမှ မထောက်ထားတဲ့ လေသံနဲ့ တွဲလောင်းချိတ်ခံထားရတဲ့ မိန်းကလေးနှစ်ယောက်ထဲက မိုနီကာကို ညွန်ပြလိုက်တယ်။
“ဟဲ့၊ သေခါနီးအဖွားကြီး။ မင်းသမီးလေးကို လွှတ်ပေးမယ်ဆိုရင် ဒီမြင့်မြတ်တဲ့ ဖြူရီက နင်တို့ကို အသက်ချမ်းသာပေးလိုက်မယ်။”
“ရိုင်းစိုင်းတယ်....” ကာအယ်က အော်ဟစ်လိုက်ပြီး မှော်နှင်တံကို ဝေ့ယမ်းလိုက်တယ်။ မြေကျောင်းတော်က အသန်မာဆုံး ကျောင်းတော်တစ်ခုမဟုတ်ပေမဲ့ အမည်မသိလူတချို့က စောာ်ကားကို ခံမှာမဟုတ်ဘူး။ အထူးသဖြင့်တစ်ဖက်လူက သိပ်ကိုရိုင်းစိုင်းနေခဲ့တယ်မဟုတ်လား။
ဝေါင်း....
တစ်မီတာလုံးပတ်ရှိပြီး ငါးမီတာလောက်ရှည်တဲ့သဲမြေနဂါးက ပိန်ပိန်ပါးပါးသာရှိတဲ့ ဖြူရီအီလက်ထရာဆီတည့်တည့်ပြေးဝင် လာတယ်။ မာန်ကိုဖီအစွယ်တွေကို ဖြဲပြလို့ပေါ့။ အီလက်ထရာက တုန့်ပြန်တဲ့အနေနဲ့ လက်ဝါးတစ်ဖက်ကိုသာ ဆန့်ထုတ်လိုက်တယ်။
အဲဒီနောက်တော့...
“အား.....”
မြွေနဂါးကြီးက သဲမှုန်တွေအဖြစ်ပြန်လည်ပြောင်းလဲသွားပြီး အီလက်ထရာရဲ့အင်္ကျီလက်ထဲကနေထွက်လာတဲ့မြွေ အကိုက်ခံရတဲ့ ဆီနိတ်တာကာအယ်ကတော့ ချက်ချင်းပဲ ပြာမှုန့်တွေအဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။
“နင်က ဘယ်သူလဲ....” အယ်ဒါရီတာကလည်း အနက်ရောင် သတ္တုမြေစိုင်ခဲကြီးတွေကိုဆင့်ခေါ်လိုက်ပြီး တိုက်ခိုက်ဖို့အတွက် အသင့်ပြင်လိုက်တယ်။ ဖြူရီအီလက်ထရာကတော့ ဘဝင်မြင့်စွာ ရယ်မောလိုက်ရင်း...
“ငါ့ရဲ့မြေဆိပ်ကိုမြင်ရုံနဲ့တင် သတိမထားမိဘူးလား၊ အဖွားကြီး။ ဒီဘက်ခေတ်လူသားတွေက ဗဟုသုတလည်းနည်းလိုက်တာ။ ဟောဒီက ဘုရင်မလီလစ်ရဲ့ညာလက်ရုံး၊ အထက်မူးမတ် အီလက်ထရာကို မြင်ရုံနဲ့ မသိဘူးဆိုတော့ကား....”
အီလက်ထရာရဲ့ခရမ်းရောင်နှုတ်ခမ်းတွေက နှစ်လိုဖွယ်ရာ ကော့တက်သွားတယ်။ တစ်ချိန်တည်းမှာပဲ အန္တရာယ်ကြီးမားတဲ့ ဖိအားတစ်ခုက စားသောက်ဆိုင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါပြီ။