← Chapters

အရာအားလုံးက ဒီဗိုလ်ကြီးရဲ့ထိန်းချုပ်မှုအောက်မှာ

Vol. 4 Ch. 207

အရာအားလုံးက ဒီဗိုလ်ကြီးရဲ့ထိန်းချုပ်မှုအောက်မှာ

Vol. 4 Ch. 207

အီလက်ထရာက နိုင်ပြီဆိုတဲ့ပုံစံမျိုးနဲ့ လက်ကိုမြှောက်လိုက်တယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလိုပဲ နောက်ကနေ အန္တရာယ်တစ်ခုခု ဝင်ရောက်လာတာကို သတိထားမိတဲ့အတွက် လှည့်ရှောင်လိုက်တယ်။

ဘုန်း...

ခေါင်းခုနစ်လုံးရှိတဲ့ သဲနဲ့ပြုလုပ်ထားတဲ့ ဟိုက်ဒရာမြွေနဂါးကြီးက အချိန်မီသတိဝင်မလာခဲ့တဲ့ ဘန်နီကိုဝင်ဆောင့်မိသွားတယ်။ ဘန်နီ ချက်ချင်းသွေးအန်ထုတ်လိုက်ရပြီး မြေပြင်ပေါ်ကိုပြန်ကျလာတဲ့ အချိန်မှာတော့ တစ်ကိုယ်လုံးရစရာမရှိတော့ဘူး။ မေးရိုးကျိုးပြီး ပခုံးတစ်ဖက်ကလည်းနိမ့်ကျနေတယ်။ ခါးရိုးထိခိုက်သွားပုံရပြီး ပြန်ထမလာနိုင်တော့ဘူး။

“ကျစ်... လွဲသွားတယ်....”

ပတ်ဝန်းကျင်မှာ ဘန်နီနဲ့ အီလက်ထရာတို့ သတိမထားမိဘဲ ရှိနေခဲ့တဲ့မြူတွေက ခွဲဖြာထွက်သွားပြီး အစစ်အမှန်ပုံရိပ်တွေ ပေါ်လာခဲ့ပါတယ်။ အခန်းအလယ်မှာ ကြိုးနဲ့အချည်ခံထားရတဲ့ သူတွေက ပါစီဗယ်ရဲ့စစ်သားတွေဖြစ်ပြီး အီလက်ထရာတိုက်ခဲ့တဲ့ လူနှစ်ယောက်ကလည်း အတူတူပါပဲ။ တကယ့်ဆယ်ဗီနဲ့မိုနီကာက အခန်းထောင့်တစ်ခုမှာကပ်ပုန်းနေတာဖြစ်ပြီး ဆယ်ဗီဆိုရင် လက်ထဲမှာ ဒုတိယံမိထက်မှာထားတဲ့ အမဲသားပေါင်မုန့်လုံးတွေကို ကိုင်ထားရင်း ပွဲကြည့်လိုက်စားလိုက်လုပ်နေတာ။

“ ဘန်နီ... နင်က မြူပညာရှင်မဟုတ်ဘူးလား။ ဘာကြောင့် မရိပ်မိရတာလဲ။”

အီလက်ထရာက မြေပေါ်လဲကျနေတဲ့ ဘန်နီကို အမှိုက်တစ်စလိုမျိုး ကြည့်လိုက်တယ်။ နောက်တော့ သူ့အကြည့်တွေက တကယ့် ရီတာ ဘယ်လာဝှစ်နဲ့ ကာအယ်ဆီရောက်သွားတယ်။ ပါစီဗယ်ကတော့ သူတို့နောက်ကမြူထုထဲကနေ ထွက်ပေါ်လာခဲ့ပြီး သူနဲ့အတူတူ တခြားတစ်ယောက်လည်းရှိနေပါတယ်။ မီးလျှံကျောင်းတော်က ရိုစယ်လီယာပါ။

“ဒီကိစ္စက ငါနဲ့ဘာမှမဆိုင်ဘူး။ ဒါပေမဲ့ နင်တို့က ငါတို့အရင်က ကူညီပေးထားတာဆိုတော့ ဒီတစ်ခါပြန်ကူညီပေးလိုက်မယ်။”

သူ့မျက်လုံးတွေက သက်တံရောင်မီးတောက်တွေနဲ့လက်နေပြီး အခန်းအနှံမှာဖြန့်ကျက်ထားတဲ့ သလင်းကျောက်တွေက အဲဒီမီးရောင်ကို အရပ်မျက်နှာအနှံထင်ဟပ်နေစေခဲ့တယ်။ အလင်းယိုင်နှုန်းကိုထိန်းချုပ်ထားတာကတော့ ပါစီဗယ်နဲ့ မြူတွေပါပဲ။

“ဘန်နီက တကယ့်ကိုထူးချွန်တဲ့ မြူမှော်အသုံးပြုသူပဲ။ ဒါပေမဲ့ အယ်ဒါရီတာက တကယ့်အကာအရံလွှာအပြင်ဘက်ကိုလည်း အကြားအမြင်ဖန်လုံးနဲ့စောင့်ကြည့်နိုင်စွမ်းရှိတယ်။ ခင်ဗျားတို့ ဒီမြို့ထဲကိုရောက်နေကတည်းက သူတို့သိပြီးသားပဲ။ ခင်ဗျားတို့ ဆိုင်ထဲဝင်လာကတည်းက ဒီဗိုလ်ကြီးရဲ့ထိန်းချုပ်မှုအောက်မှာပဲ။”

ပါစီဗယ်ကြောင့် အီလက်ထရာကဒေါသထွက်သွားတယ်။ သူ့ဆီကနေပြီး မြွေတွန်သံတွေထွက်ပေါ်လာနေပြီး ဒေါသနဲ့ခြေဆောင့်လိုက်ပါတယ်။

“မင်းတို့က ငါအကာအကွယ်လွှာကိုဖျက်ဆီးလိုက်တာနဲ့ သက်တံမီးတောက်ကို ဘန်နီကြည့်မိပြီး မြူစွမ်းအား အသုံးပြုနိုင်စွမ်းကို မေ့သွားအောင်လုပ်ခဲ့တာပေါ့။ ကောင်းလိုက်တဲ့အကြံ။ ဒါပေမဲ့ ဒီလောက်နဲ့မင်းသမီးလေးကို ငါခေါ်သွားမှာကို မင်းတားနိုင်မလား။”

ပါစီဗယ်ကတော့ ထပ်မံရယ်မောလိုက်ပြီး သူ့ကိုယ်သူ ဆေဘာအဖြစ်ကို ပြောင်းလိုက်ပြန်တယ်။ ဆေဘာကို ကိုင်ဆောင်ထားတဲ့သူကတော့ ရိုစယ်လီယာပါ။

“မင်းဒီမြို့ထဲကိုရောက်လာပြီး တိုက်တိုက်ဆိုင်ဆိုင် ဒီဆိုင်မှာ ဝင်ထိုင်ဖို့ဆုံးဖြတ်လိုက်တာ ငါတို့အတွက်ကံကောင်းသွားတယ်။ ဒီတစ်ခေါက်တော့ ဆယ်ဗီကို လုပ်ခဲ့တာတွေအတွက် ဒီအဖွားကြီး ပြန်ပေးဆပ်ရမယ်။”

“အပိုတွေ” အီလက်ထရာက သူ့မြွေတွေကိုထပ်ထုတ်လိုက်ပြီး စတင်တိုက်ခိုက်ပြန်တယ်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ မြွေပေါင်းတစ်ရာကျော်လောက်က အားလုံးဆီကိုဝင်လာကြပြီ။

ရိုစယ်လီယာရဲ့မျက်လုံးတွေက ပိုမိုတောက်ပလာပြီး မြွေတချို့ အလိုလိုနေရင်းသက်တန့်ရောင်မီးတောက်တွေနဲ့ လောင်ကျွမ်း ခံလိုက်ရတယ်။ ပြာမှုန့်တွေတောင် မကျန်ရစ်ခဲ့ဘူး။

“ထာဝရမီးတောက်... ဟစ်စတီရာရဲ့မျက်လုံးတွေကို ဒီအဆင့်ထိ သုံးနိုင်တဲ့သူရှိသေးတာလား။” အီလက်ထရာက အံ့ဩစွာနဲ့ ပြောလိုက်တယ်။ သက်တံမီးတွေက ဆက်လက်တောက်လောင် နေဆဲဖြစ်ပြီးတော့ စားသောက်ဆိုင်ထဲက အရေးပေါ်မီးသတ် ရေပန်းတွေပွင့်လာတာတောင်ငြိမ်းမသွားဘူး။ ရေပေါ်မှာတောင် ဆက်လက်တောက်လောင်နေသေးတယ်။

“ဒါပေမဲ့ ဒီလောက်နဲ့ ငါ့ကိုနိုင်မှာမဟုတ်ဘူး။” အီလက်ထရာက မြွေတွေကိုထပ်တိုးလိုက်တယ်။ မီးတောက်တွေတောင်မှ ထောင်ချီတဲ့မြွေတွေကို အကုန်လုံးပြာချမပစ်နိုင်တော့ဘူး။

“တယ်ရာ ဆိုင်းပီးယပ်....” အနက်ရောင်သတ္တုဒိုင်းတွေက အယ်ဒါရီတာဆီကနေပေါ်ထွက်လာပြီး မြွေတွေကို တားဆီးလိုက်တယ်။

“တယ်ရာဟိုက်ဒရာ....” ဆီနိတ်တာ ကာအယ်ကလည်း သဲဟိုက်ဒရာကို ပြန်ဆင့်ခေါ်လိုက်တယ်။ သူ့ဟိုက်ဒရာက မြွေတွေကိုသတ်ဖြတ်ပြီး လမ်းရှင်းလိုက်တယ်။

“မင်းတို့နှစ်ယောက် တိုက်စစ်ကိုအာရုံစိုက်...” ရီတာက ပြောလိုက်တော့ ရိုစယ်လီယာက ဆေဘာကိုင်ထားရင်းနဲ့ ရှေ့ကိုပြေးတက်တယ်။

“ရှင့်မှာ ယုံကြည်ချက်ဘယ်လောက်ရှိလဲ။” ရိုစယ်လီယာက တီးတိုးပြောလိုက်တော့...

“ဒီအဖွားကြီးက ရှေးအယ်ဒါပေမဲ့ အဆိပ်သုံးတဲ့သူမလို့ သူ့အဆိပ်ကိုမထိအောင်ရှောင်နိုင်ရင် ဒီလောက်ကြောက်စရာ မကောင်းဘူး။ ကျန်တာဆိုလို့ အာရုံခြောက်ပါးလုံးပိုင်းဖြတ်ပြီး တစ်ချက်တည်းသတ်ပစ်ဖို့ပဲ။”

ပါစီဗယ်က ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်တာ။ အရင်က သူရော့ဝဲလ်ကို ဓားနဲ့ထိအောင်တိုက်ခိုက်ဖူးတယ်။ အခုဆိုရင် သူကပိုအစွမ်းထက်လာပြီ။ ဆားဗီးရပ်တုန်းက မျိုးစုံတဲ့ ကောင်းချီးတွေကြောင့် သူအစွမ်းမပြနိုင်ခဲ့ပေမဲ့ အီလက်ထရာမှာ အဗျာဟန်ရဲ့ခန္ဓာကိုယ်ရှိမနေဘူး။

“သေစမ်း....” မြူတွေက နောက်တစ်ခါစုစည်းလာကြပြန်တယ်။ အီလက်ထရာမျက်နှာပျက်သွားတယ်။ ပထမဆုံးအနေနဲ့ သူ့ရဲ့ အထိအတွေ့အာရုံပျောက်သွားပြီး၊ အနံမရ၊ အသံမကြားတော့ဘူး။ နောက်ဆုံးအနေနဲ့ ရိုစယ်လီယာကိုမြင်နိုင်စွမ်းမရှိတော့ဘဲ အဖြူကြီး သက်သက်သာမြင်ရတော့တယ်။ ပြီးတဲ့နောက်တော့ သူ့အတွေးတွေပါ အေးခဲသွားခဲ့ပြီ။

ရွှတ်...

အီလက်ထရာရဲ့ခေါင်းက လည်တိုင်လှလှလေးပေါ်ကနေ တိခနဲပြတ်ကျသွားတယ်။ ခန္ဓာကိုယ်ကြီးက မြေပေါ်ကို ပြုတ်ကျသွားပြီးနောက်မှာ ပြာမှုန်တွေအဖြစ်ကိုပြောင်းလို့ပေါ့။ စက္ကန့်ဝက်နဲ့တင် လောကကြီးပုံမှန်ပြန်ဖြစ်သွားပြီး ရိုစယ်လီယာရဲ့ မျက်လုံးတွေမှာ မီးတောက်တွေရှိမနေတော့ဘူး။ နတ်တစ်ပိုင်းဖြစ်တဲ့ ရိုစယ်လီယာဟာ ပါစီဗယ်ရဲ့စွမ်းအားကို အကြာကြီးသုံးဖို့ မှော်စွမ်းအင်ပမာဏရှိမနေခဲ့ဘူး။

ဟီးဟီးဟီးဟီး....

“သွားပြီ....” ရုတ်တရက် ရယ်သံထွက်လာတဲ့အတွက် ရိုစယ်လီယာရော ကျန်တဲ့သူတွေပါ ထိတ်လန့်ကုန်တယ်။ ရိုစယ်လီယာက နောက်ကိုခုန်ဆုတ်လိုက်ရပြီး မြွေတွေကို ရှောင်လိုက်ရတယ်။ ကြမ်းပြင်ပေါ်ပြုတ်ကျနေတဲ့ အီလက်ထရာရဲ့ဆံပင်တွေကနေ မြွေအဖြစ်ပြောင်းသွားတာ။

ဒါပေမဲ့အီလက်ထရာက သူတို့ကိုဆက်တိုက်ဖို့ အစီအစဥ်မရှိဘူး။ သူ့ခန္ဓာကိုယ်က သုံးပေလုံးပတ်နဲ့ဆယ့်ငါးပေလောက်ရှည်တဲ့ မြွေဖြူကြီးတစ်ကောင်အဖြစ်ကိုပြောင်းသွားပြီ။ အသက်ရှုလိုက်တိုင်း အဆိပ်ငွေ့တွေထွက်ပေါ်နေပေမဲ့ အကြေးခွံတွေက ကျန်းမာပုံမပေါ်တာကြောင့် အားနည်းနေမှန်းသိသာတယ်။

“ဒီတစ်ခါတော့ နင်တို့ကိုအနိုင်ပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ခါကျရင်နင်တို့ကို မရဏမြို့အထိကိုယ်တိုင် ခေါ်သွားပေးမယ်။”

မြွေဖြူကြီးဆီက လူစကားသံထွက်လာပြီး ဘန်နီကိုရစ်ပတ်လိုက်တယ်။ ရိုစယ်လီယာနဲ့ တခြားသူတွေကလူပြန်စုပြီး ခံစစ်ပြင်ထားတာဖြစ်လို့ အီလက်ထရာကိုမတိုက်ခိုက်ရဲကြဘူး။ ခေါင်းဖြတ်တာတောင် မသေနိုင်တဲ့ မိစ္ဆာဆီမှာ ဘာဝှက်ဖဲတွေရှိနေမှန်းမသိနိုင်ဘူး။ ပြီးတော့ ဒီလိုမြွေကြီးအဖြစ်ပြောင်းပြီး အစကတည်း​က သူတို့ကိုတိုက်ခဲ့ရင် သူတို့အားလုံးသေနေလောက်ပြီ။

“ အသုံးမကျတဲ့ကောင်မ၊ သွားကြစို့။”

ဘုန်း

အီလက်ထရာက ဘန်နီကို အပြည့်အဝရစ်ပတ်ပြီးနောက်မှာ ဆိုင်နံရံတစ်ဖက်ကို တိုက်ရိုက်ဖြိုချပြီး ထွက်ပြေးသွားလေရဲ့။

....

နက်ဆန်နဲ့ဒေါ်ရသီက မြို့ပြင်မှာရှိတဲ့ စွန့်ပစ်ရဲတိုက်ကြီးတစ်ခုဆီ ချဥ်းကပ်လာခဲ့ကြတယ်။ နက်ဆန်ရဲ့လက်ထဲမှာတော့ မီးခိုးငွေ့တွေ တလူလူထွက်နေတဲ့ဖယောင်းတိုင်နဲ့ ရွှေခွက်တို့ရှိနေပါတယ်။ ကျောင်းတော်တိုင်းလိုလိုမှာ သူတို့ကိုယ်ပိုင် ခြေရာခံနည်းတွေ ရှိခဲ့ပြီးသားပါ။ ဒါပေမဲ့ရှာမယ့်သူဆီက အရာဝတ္ထုတစ်ခု ကိုယ့်ဆီမှာ ရှိနေဖို့လိုတယ်။ အယ်မာရဲ့မှော်နှင်တံက အသုံးပြူသူအတွက် အသက်သွေးတမျှအရေးပါတာဖြစ်လို့ ကံကောင်းခဲ့တယ် ဆိုရပါမယ်။

“ညအရှင်က နေ့ခင်းပိုင်းဆိုရင် တိုက်ခိုက်နိုင်စွမ်း မရှိသလောက်ပဲ မဟုတ်လား။ ညအထိရောက်အောင်မစောင့်ဘဲ ရန်သူ့နယ်မြေထဲ တိုက်ရိုက်ဝင်တာက အကောင်းဆုံးဖြေရှင်းနည်း ဖြစ်ပါ့မလား။”

ဒေါ်ရသီက နက်ဆန်နဲ့ခပ်ခွာခွာလမ်းလျှောက်ရင်း ပြောလိုက်ပါပြီ။ နက်ဆန်က လမ်းလျှောက်နေရင်းကနေ ခဏရပ်လိုက်တယ်။ ပြီးတဲ့ အခါမှာတော့ အသက်ကို ပြင်းပြင်းရှုထုတ်လိုက်ရင်း...

“အခုက လူတစ်ယောက်ရဲ့အသက်နဲ့ ဆက်စပ်နေတဲ့ကိစ္စတစ်ခုပဲ။ လူသတ်သမားက ညရောက်အောင်မစောင့်တာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ အဲဒီအမျိုးသမီးက ဘဝရဲ့လောကဓံတွေကို တိုက်ပွဲဝင်နေတဲ့ မိခင်လောင်းတစ်ယောက်ဖြစ်နေသေးတယ်။”

အယ်မာက သူတို့ကိုဘာမှပြောပြမထားခဲ့ပေမဲ့ နက်ဆန်က အနည်းအကျဥ်းတော့ ရိပ်မိတယ်။ အဲဒီအမျိုးသမီးဆီက ဝမ်းနည်းမှုကိုသူခံစားမိပါတယ်။ နောက်ဆုံးမှာတော့ သဘာဝလွန် အစိုးရအေဂျင်စီဖြစ်တဲ့ အီးယူအိုစီဟာ နှလုံးသားကင်းမဲ့တဲ့ စက်ယန္တရားတစ်ခုဖြစ်နေဆဲပဲ။

“နားလည်ပါပြီ။ ဒါဆိုရင် ကျွန်မရှေ့ကနေပြီး ကာကွယ်ပေးပါ့မယ်။ စ​က္ကောမရုပ်တစ်ရုပ်ဖြစ်ပြီး ပြန်ကောင်းနိုင်တာမလို့ ရှင့်အတွက် ဒိုင်းအဖြစ်နေပေးပါ့မယ်။”

“.....” နက်ဆန်က ဘာမှပြန်မပြောခဲ့ဘဲ ပြုံးရုံသာပြုံးပြခဲ့တယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက်က ရဲတိုက်ထဲဝင်လိုက်တယ်။

ဘုန်း....

ရုတ်တရက် ရဲတိုက်ရဲ့ဝက်သစ်ခြသားတံခါးကြီးက အလိုလို ပိတ်သွားခဲ့ပြီး အန္တရာယ်အငွေ့အသက်ကို နက်ဆန်ရလိုက်တယ်။ အဲဒီနောက် ဓားနှစ်လက်ကိုဆင့်ခေါ်လိုက်ပြီး ဒေါ်ရသွယ်ကို တွန်းထုတ်လိုက်ပါပြီ။

ထန်း...

သတ္တုချင်းထိခတ်မိသံထွက်ပေါ်လာပြီး ဒေါ်ရသီက နံရံနဲ့ ဝင်တိုက်မိသွားတယ်။ သူနောက်ကိုလှည့်ကြည့်လိုက်တော့ နက်ဆန်ဟာ ပြတင်းပေါက်နေရောင်ကြောင့် မီးခိုးတွေအူထွက်နေတဲ့ ဓားမြှောင်နှစ်လက်ကို ကြက်ခြေပုံစံခတ်ကာ သံတူရွင်းကြီး တစ်ခုကိုတားဆီးထားတယ်ဆိုတာပါပဲ။ သူနဲ့မျက်နှာချင်းဆိုင်မှာ ဆောင်းရာသီဂျာကင်ကြီးကိုဝတ်ထားတဲ့ မျက်နှာမှာနှာခေါင်းစည်းနဲ့ စိတ္တဇလူသတ်သမားရှိတယ်။ အဲဒီလူရဲ့မျက်လုံးတွေ​က ပတ္တမြားရောင်တောက်ပလို့။

အားက သိပ်ပြင်းလွန်းတဲ့အတွက် နက်ဆန်ဒူးတစ်ဖက်ထောက်ထား ရပြီးတော့ ရဲတိုက်ရဲ့ကျောက်သားကြမ်းပြင်က အက်ကွဲသွားပြီ။ ဒေါ်ရသီကတော့ မယုံနိုင်တဲ့မျက်လုံးတွေနဲ့နက်ဆန်ကိုကြည့်ရင်း

“ညအရှင်... ဒီတိုက်ကွက်ကြောင့် ထိခိုက်သွားရင်တောင် ကျွန်မက ပြန်ကောင်းလာနိုင်တယ်လေ။”

“ပြန်ကောင်းလာနိုင်တယ်ဆိုတိုင်း နာကျင်မှုကို မင်းမခံစားရတာမဟုတ်ဘူး။”

ကလန်... နက်ဆန်က သံ​တူရွင်းကို လမ်းကြောင်းလွှဲလိုက်ပြီး ညာခြေကိုမြှောက်ကာ လူသတ်သမားရဲ့ခါးကိုကန်လိုက်တယ်။

ဒုတ်...

သစ်တုံးကြီးတစ်တုံးကို ကန်လိုက်ရသလိုသာခံစားရပြီး တစ်ဖက်က ဘာမှဖြစ်မသွားခဲ့ပါဘူး။ လူသတ်သမားဆီကနေ ရူးသွပ်နေတဲ့ ရယ်မောသံထွက်လာခဲ့တယ်။

“မရဘူး... နင်က အားမသန်ဘူး။” လူသတ်သမားက နောက်ထပ် စတင်တိုက်ခိုက်လိုက်ချိန်မှာတော့ နက်ဆန်က ထိပ်တိုက်ရင်ဆိုင်ဖို့ မစဥ်းစားတော့ဘဲ ရှောင်ရှားလိုက်တယ်။ ဒေါ်ရသီကလည်းပဲ ချက်ချင်းခရစ်စတယ်ဓားနဲ့ဒိုင်းကို ဆင့်ခေါ်လိုက်ပြီး တိုက်ပွဲထဲ ဝင်လာခဲ့ပါပြီ။

“ညအရှင်... ဘေးဖယ်နေတော့...”

ချွမ်း...

ဒေါ်ရသီရဲ့ခရစ်စတယ်ဓားက သံတူရွင်းကို တို့ဖူးလိုမျိုးပိုင်းဖြတ် ပစ်လိုက်တယ်။ ဒါပေမဲ့လူသတ်သမားက အတွေ့အကြုံရင့်ပုံရပြီး ထက်ပိုင်းပြတ်သွားတဲ့တူရွင်းနဲ့ ဒေါ်ရသီရဲ့နှလုံးတည့်တည့်ကို ထိုးချလိုက်တယ်။ ခရစ်စတယ်တွေက ချပ်ဝတ်တစ်ခုလိုမျိုး ဖုံးအုပ်ပေးခဲ့လို့သာ ဘာမှမဖြစ်ခဲ့တာ။

“ဟား... နင့်ကိုဒီလောက်နဲ့ သတ်လို့မရတာပုံမှန်ပါပဲ။” ရုတ်တရက် လူသတ်မားရဲ့မျက်လုံးတွေက ပိုမိုတောက်ပလာပြီး လက်ကို မြှောက်လိုက်တယ်။ ဒေါ်ရသီရဲ့ခန္ဓာကိုယ်က သံလိုက်နဲ့အဆွဲခံရတဲ့ သံမှိုလိုမျိုးမြှောက်တက်သွားပြီး နံရံနဲ့ကိုင်ရိုက်ခံလိုက်ရတယ်။

ခလွမ်း...

ခရစ်စတယ်ချပ်ဝတ်က ပေါက်ကွဲထွက်သွားပြီး ဒေါ်ရသီရဲ့ ခန္ဓာကိုယ်မှာအက်ကြောင်းတွေပေါ်လာတယ်။ နက်ဆန်ကတော့ အအံ့ဩဆုံးပါပဲ။

“ မှော်ပညာပဲ... ဒါပေမဲ့မှော်ပညာလည်းမဟုတ်ဘူး၊ သိုလှောင်ထားတဲ့ စွမ်းအားတစ်ခုကိုသုံးနေသလိုမျိုး။” နောက်တော့ သူ့အကြည့်က ဒေါ်ရသီဆီရောက်သွားတယ်။

“ သူတို့နှစ်ယောက်ရဲ့စွမ်းအင်အရင်းအမြစ်က အတူတူပဲ။” ဖြစ်နိုင်ခြေတစ်ခုကို နက်ဆန်တွေးမိပြီးဖြစ်ပေမဲ့ ရန်သူကတော့ သူ့အတွေးတွေကိုဂရုမစိုက်ခဲ့ဘူး။ နက်ဆန်ကိုအသုံးမဝင်တဲ့ အရာတစ်ခုလိုမျိုး လစ်လျူရှုထားလိုက်ပြီး ဒေါ်ရသီဆီကိုသာ ပြေးဝင်တယ်။ နက်ဆန်လည်း ကြားဖြတ်ဟန့်တားဖို့အတွက် လူသတ်သမားရဲ့ခန္ဓာကိုယ်ကို ဘေးတိုက်ဝင်တိုက်လိုက်တယ်။

ဘုန်း....

နက်ဆန်က အောင်အောင်မြင်မြင်နဲ့ လူသတ်သမားကို အခြေပျက်အောင်လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့လူသတ်သမားက ချက်ချင်းဟန်ချက်ထိန်းလိုက်နိုင်ပြီး နက်ဆန်ကိုကြည့်လိုက်ပါပြီ။

“ကိုယ်နဲ့မဆိုင်တာကို တော်တော်ဝင်ပါချင်တဲ့သူပဲ။ နင့်ကို အရင်သတ်မယ်။”

တစ်ဖက်လူက လက်သီးကိုဆုပ်ပြီး နက်ဆန်ဆီကိုပြေးဝင်တယ်။ ရန်သူကမခေမှန်းသတိထားမိတာကြောင့် နက်ဆန်က ရန်သူ့ ထိုးချက်ကန်ချက်တွေကို စတင်ရှောင်ရှားတယ်။

ဘောင်း...

လူသတ်သမားရဲ့လက်သီးချက်က နံရံကိုထိုးမိသွားပြီး မြို့သိမ်း ကျောက်လွှဲစင်ကြီးတွေနဲ့တောင်မှ ဖြိုချရခက်ခဲတဲ့နံရံရဲ့ ကျောက်တုံးကြီးတွေက အစိပ်စိပ်အမွှာမွှာပြိုလဲသွားခဲ့တယ်။

“ကြောက်စရာကောင်းတဲ့ခွန်အားပဲ....” လောလောဆယ် နက်ဆန်က အမှောင်နတ်ဘုရားခန္ဓာကိုယ်ကိုသုံးဖို့မဖြစ်နိုင်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ရန်သူကတော့ သူ့အထွတ်အထိပ်ပုံစံရဲ့ ခွန်အားကိုယှဥ်နိုင်တဲ့ ခန္ဓာကိုယ်မျိုးရှိနေပါတယ်။

“ယား....” ရုတ်တရက် ဒေါ်ရသီက ခရစ်စတယ်ဓားကို လက်နှစ်ဖက်နဲ့ကိုင်ထားပြီး လူသတ်သမားကိုအပေါ်ကနေ မိုးခုတ်ချလိုက်တယ်။ လူသတ်သမားက ချက်ချင်းပဲတုံ့ပြန်လိုက်လို့ ဓားကခေါင်းကိုမပိုင်းမိပေမဲ့ နှာခေါင်းစည်းကြိုးကိုတော့ ပိုင်းဖြတ်လိုက်နိုင်တယ်။ နောက်တော့ဓားက ကြမ်းပြင်ကိုခုတ်မိပြီး ကြမ်းပြင်လည်းအက်ကွဲသွားခဲ့လေရဲ့။

“ဒီလောက် အချိန်တွေအကြာကြီး ထွက်သွားပြီးခါမှ ဘာလို့လူသတ်သမားအနေနဲ့ ပြန်ပေါ်လာရတာလဲ အစ်မကြီး။”

ဒေါ်ရသီကပြုံးနေဆဲပဲ။ ဒါပေမဲ့ သူ့မျက်လုံးတွေက နှာခေါင်းစည်း ရှိမနေတော့တဲ့ ရန်သူကိုကြည့်လို့။ ရန်သူမှာမျက်နှာရှိနေပေမဲ့ အဲဒီမျက်နှာက ကွာကျနေတယ်။ ကွာကျနေတဲ့မျက်နှာအောက်မှာက ဒေါ်ရသီရဲ့မျက်နှာနဲ့တူညီတဲ့ စက္ကောမအရုပ်တစ်ရုပ်ရဲ့ဆီလီကွန် မျက်နှာမျိုးရှိလို့နေပါတယ်။

All Chapters