သခင်မကို ဂါရဝပြုပါတယ်။ ကျွန်မနာမည်က ရူဟွေ့ပါ...
Vol. 4 Ch. 33
ဖန်းယွီသည် လက်တလောတွင် အလွန်စိတ်ကြည်လင်လို့နေသည်။ ချန်ဟွေ့၏ သေဆုံးမှုက လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူမ၏ နှလုံးသားပေါ်တွင် ဖိစီးနေသည့် ကျောက်တုံးကြီး တစ်တုံးကို ဖယ်ရှားလိုက် သကဲ့သို့ပင် သူမသည်ဤမျှလောက် ပေါ့ပါးလန်းဆန်းနေသည့် ခံစားချက်ကို တစ်ခါမှ မခံစားခဲ့ရဘူးချေ။
သားဖြစ်သူက သက်ရှိဖုတ်ကောင်ကို မသတ်ခဲ့သည့်အတွက် သက်ရှိဖုတ်ကောင်သည် ထိန်းမနိုင်သိမ်းမရဖြစ်ကာ ရှန့်ကျင်းတွင် ဆူပူသောင်းကျန်းနေသည်ကို သိနေသည့်တိုင် သူမ၏ကြည်လင်နေသည့်စိတ်ကို အနှောင့်အယှက်မဖြစ်ခဲ့ချေ။
ချန်းဖိင်ဖန်းက လူနှစ်ယောက်ကို သတ်ခဲ့ခြင်းသာဖြစ်လေသည်။ နှစ်ယောက်စလုံးကလည်း သာမန်ပြည်သူများဖြစ်ကြသည်။ သေသွားလျှင်လည်း သေသွားသည်ပေါ့။ ဘာစိုးရိမ်စရာရှိပါသနည်း။
သို့သော်ငြားထိုကိစ္စက သူ၏ခင်ပွန်းဖြစ်သူကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။ သားဖြစ်သူကို အပြင်မှဖမ်းခေါ် လာခိုင်းခဲ့ရုံသာမက ကိုယ်တိုင်လည်း ကြိမ်ဒဏ်ဆယ်ချက် ရိုက်နှက်ကာ နောက်ဆုံးတွင်တော့ ဘိုးဘွားခန်းမထဲတွင် ဆယ်ရက်ကြာ အကျယ်ချုပ်ထားခဲ့လေသည်။
ဖန်းယွီသည် သားဖြစ်သူအတွက် သနားသော်ငြားလည်း ဤသို့သောကိစ္စများတွင် ခင်ပွန်းနှင့် ဆန့်ကျင်ဘက် မလုပ်လိုသောကြောင့် သူ အိမ်တွင်မရှိသည့် အချိန်ကို အခွင့်ကောင်းယူကာ သားဖြစ်သူကို တိုးတိုးတိတ်တိတ် သွားကြည့်ရုံသာ တတ်နိုင်လေသည်။
သူမသည် အစေခံမလေးကို ခေါ်ဆောင်ကာ စားသောက်ဖွယ်ရာများ ထည့်ထားသည့် သေတ္တာကိုကိုင်လျက် ဘိုးဘေးခန်းမအပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။ တံခါးကို မဖွင့်ရသေးခင်မှာပင် အပြင်ဘက်က မဖွယ်မရာ အသံများကို ကြားလိုက်ရလေသည်။
သူမ၏မျက်နှာသည် စိမ်းပြာသွားခဲ့ပြီး တံခါးကိုအားနှင့် ဆောင့်ဖွင့်လိုက်သဖြင့် ဘုန်းခနဲ အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
အတွင်းမှ ယောက်ျား၏ နောက်ပြောင်သံနှင့် မိန်းမ၏ အော်ဟစ်သံတို့သည် ရပ်တန့်သွားကြလေသည်။
"ဘယ်ကောင်က အသက်မရှင်ချင်လို့ ဒီကလေးရဲ့ကိစ္စကောင်းကို လာနှောင့်ယှက်ရတာလဲ" အတွင်းခန်းတွင် ပျော်ပါးနေသည့် ယန်ချန်က အော်ဟစ်ကာ ပြောလိုက်၏။
"မင်းအမေပဲ" ခဏအကြာတွင် ယန်ချန်သည် အဝတ်အစား ဖရိုဖရဲဖြင့် တံခါးလာဖွင့်ပြီး မျက်နှာတွင်လည်း မြှောက်ပင့်နေသည့် အပြုံးဖြင့် မေးလာ၏။ "အမေ ဒီကိစ္စကို အဖေ့ကိုတော့ သူမပြောပါနဲ့နော်"
ဖန်းယွီသည် အတွင်းသို့တစ်ချက် လှမ်းကြည့်လိုက်ပြီး ဘိုးဘွားခန်းမထဲသို့ ယန်ချန် ဆွဲခေါ်လာသည့်သူမှာ အပြင်ဘက်မှ တံမြက်စည်းလှဲသည့် အစေခံမလေးတစ်ဦး ဖြစ်နေပြီး ရုပ်ရည်ကလည်း ကြည့်ကောင်းရုံသာ ရှိနေသည်။
သူမသည် သားဖြစ်သူကို စိတ်ပျက်လက်ပျက်ဖြင့် လက်ညှိုးထိုးကာ ပြောလေတော့သည်။ "နင်ဟာလေ တကယ်ကို ဘာအညစ်အကြေးမဆို စားနိုင်တာပဲ"
"ဒါကလည်း ပျင်းလို့ လုပ်စရာမရှိလို့ပါ" သူကတော့ ပေါ့ပျက်ပျက် ပြုံးကာပြောလာသည်။
ယန်ချန်သည် အစကတည်းက အထီးကျန်မှုကို သည်းမခံနိုင်သူဖြစ်ပြီး နေ့စဉ်နှင့်အမျှ စားသောက်ဆိုင်တွင်သာ ကျင်လည်နေသူဖြစ်လေသည်။ ယခုတစ်ကြိမ်တွင် သူ့အဖေကသူ့ကို ၁၀ရက်ကြာ ပိတ်ထားချိန်တွင်တော့ သူသည် မည်သို့ သည်းခံနိုင်ပါမည်နည်း။
"ဒါပေမဲ့ ဘိုးဘွားခန်းမထဲမှာတော့ မဖြစ်သင့်ဘူးလေ"
"အမေ မပြောရင် အဖေကလည်း သိမှာမဟုတ်ပါဘူး။ ပြီးတော့ ယန်မျိုးနွယ် ဘိုးဘွားတွေကို ဘာဖြစ်လို့ ရှိခိုးရမှာလဲ။ အဖေကပဲ နေ့တိုင်း သူတို့ကို ပူဇော်နေတာ ဒီလူတွေအားလုံး ပေါင်းလိုက်ရင်တောင်မှ အဘိုးရဲ့ လက်ချောင်း တစ်ချောင်းလောက်တောင် အစွမ်းမရှိဘူး" ယန်ချန်၏ လေသံမှာ မထီမဲ့မြင်နိုင်လှလေသည်။
ဖန်းယွီက သားဖြစ်သူကို မတည့်မှတ်ဘဲ ချစ်ခင်မြတ်နိုးစွာဖြင့် ပြောလိုက်၏။ "နောက်တစ်ခါ ထပ်မဖြစ်စေနဲ့တော့။ မဟုတ်လို့ မင်းဖေသိသွားရင် ဘယ်သူမှ မင်းကို ကယ်နိုင်မှာမဟုတ်ဘူး"
"သိပါပြီ" ယန်ချန်သည် စိတ်မပါတပါဖြင့် ပြန်ဖြေလိုက်ပြီး အမေဖြစ်သူ၏စကားကို နားထဲသို့ထည့်ပုံပင် မရချေ။
"လာကြစမ်း" ဖန်းယွီက ခေါ်လိုက်၏။
နောက်က အစေခံမလေးသည် ချက်ချင်းဆိုသလို ရှေ့တက်လာကာ "သခင်မ"
"အတွင်းက တစ်ယောက်ကို ရှင်းပစ်လိုက်။ သခင်ကြီး မတွေ့စေနဲ့"
"ဟုတ်ကဲ့" အစေခံမလေးနှစ်ယောက်သည် ဘိုးဘွားခန်းမအတွင်းသို့ ဝင်ရောက်သွားပြီး အဝတ်အစား ဖရိုဖရဲဖြစ်နေသည့် တံမြက်စည်းလှဲ အစေခံမလေးကို ဆွဲထုတ်လာခဲ့ကြ၏။
ထိုအစေခံမလေးက ယန်ချန်ကို မျှော်လင့်တကြီးကြည့်ကာ အော်ဟစ်အသနားခံတော့သည်။ "သခင်လေး။ သခင်လေး ကယ်ပါဦး ..."
ယန်ချန်ကတော့ တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် အကြည့်လွဲထား လိုက်လေသည်။ အချိန်ဖြုန်းစရာ ကစားစရာ တစ်ခုသာပင်။
ဖန်းယွီကတော့ လက်ထဲက အစားအသောက် သေတ္တာကို ယန်ချန်အား လှမ်းပေးလိုက်ပြီး ပြောလိုက်သည်။ "ဒါတွေအားလုံး မင်းကြိုက်တာတွေ ချည်းပဲ။ နည်းနည်းလောက် စားလိုက်အုံး။ ခဏနေ မင်းအဖေ ပြန်လာတဲ့အခါ ကောင်းကောင်းမွန်မွန် ပြောပြီး သူ့ကို တောင်းပန်လိုက်။ မင်းကို စောစောစီးစီး လွှတ်ပေးဖို့ပေါ့"
ပြောရင်းဆိုရင်းဖြင့် ဖန်းယွီသည်လည်း အနည်းငယ် ကူကယ်ရာမဲ့သွားသလို ခံစားရလေသည်။ "နင်ဟာလေ ကိုယ့်ဟာကိုယ် ကလေးလို့သာ ပြောတာ။ သက်ရှိဖုတ်ကောင်ကို သိမ်းထားချင်တယ်ဆိုရင်လည်း သေသေချာချာလေး စောင့်ကြည့်ထားပေါ့။ ဘယ်လိုလုပ်ပြီး ထွက်ပြီးသွားအောင် လုပ်ထားရတာလဲ။ သူ့မျက်နှာက ပျက်စီးသွားတာ မဟုတ်ဘူး။ တကယ်လို့ လူမိသွားရင် တစ်ချက်စစ်လိုက်တာနဲ့ မင်းအဘိုးဆီ တန်းရောက်သွားမှာ"
ထိုသက်ရှိဖုတ်ကောင်သည် အသက်မသေမီက ကျန်းပေမြို့စား အိမ်တော်၏ အစောင့်တစ်ဦးဖြစ်ပြီး အပြင်လူနှင့်ပူးပေါင်းကာ မြို့စားကြီးကို သစ္စာဖောက်ရန် ကြံစည်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ထိုသူသည် အစဆင့်နိမ့်ကျင့်ကြံသူ တစ်ယောက်ဖြစ်သဖြင့် ဖန်းယွီကလည်း ဖခင်ဖြစ်သူကို တိုက်ရိုက် သတ်ပစ်ခိုင်းခြင်းမပြုဘဲ ထိုသူကို သက်ရှိဖုတ်ကောင်အဖြစ် ပြုလုပ်ကာ သူမ၏အမိန့်ကို နာခံခိုင်းထားခဲ့သည်။
ဖန်းယွီသည် သက်ရှိဖုတ်ကောင် ပြုလုပ်နည်းကို သူမ၏မွေးစာဖခင်ထံမှ သင်ယူခဲ့ခြင်းဖြစ်သည်။
ရှန့်ကျင်းသို့ ပြန်မလာခင်တွင် သူမသည် မွေးစားဖခင်နှင့်အတူ နေထိုင်ခဲ့ပြီး မွေးစားဖခင်က ဖုတ်ကောင်များကို နှင်ထုတ်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။
သေခါနီးအချိန်မှသာ မွေးစားဖခင်က သူမကို သူမ၏မွေးမိခင်မှာ သူ့ညီမဖြစ်သည့်အကြောင်းကို ပြောပြခဲ့လေသည်။ ထိုအချိန်က ကျန်းပေမြို့စားကြီးသည် စစ်တပ်ကို ဦးဆောင်ကာ သည်နေရာသို့ ဖြတ်သန်းသွားချိန်တွင် ရွာသားများက သူမ၏မွေးမိခင်ကို တစ်ညတာ ဧည့်ခံရန်ပို့ဆောင်ခဲ့ရာမှ သူမကို ကိုယ်ဝန်လွယ်ခဲ့ရခြင်း ဖြစ်သည်။
ဖန်းယွီသည် သူမ၏ဖခင်က မြို့စားကြီးတစ်ဦး ဖြစ်သည်ကို သိရှိသွားသည်တွင် ဤမွေးစားဖခင်ကို မုန်းတီးသွားလေတော့သည်။ အကယ်၍ သူမကိုသာ စောစောပြောပြ ခဲ့မည်ဆိုလျှင် သူမသည် စောစောကတည်းက ဆွေမျိုးတော်စပ်ရန် သွားခဲ့မည်ဖြစ်ပြီး ဤမျှနှစ်ပေါင်းများစွာ ဒုက္ခခံရမည်မဟုတ်ပေ။
မွေးစားအဖေ ဆုံးပါးသွားပြီး နောက်တွင် သူမသည် အိမ်ရှိ အဖိုးတန်ပစ္စည်းများ အားလုံးကို ရောင်းချခဲ့ပြီး သူနှစ်ပေါင်းများစွာ တန်ဖိုးထား ထိန်းသိမ်းခဲ့သည့် "နတ်ဆိုးမိစ္ဆာစာအုပ်" တစ်အုပ်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ဖန်းယွီသည် စာအုပ်ထဲက နည်းလမ်းကိုအသုံးပြုကာ မွေးစားဖခင်ကို သက်ရှိဖုတ်ကောင်အဖြစ် ပြောင်းလဲခဲ့ပြီး ဝီစီတစ်ခုဖြင့် ထိန်းချုပ်ထားခဲ့သည်။ "မွေးစားဖခင်" ၏ လမ်းတလျှောက်လုံး အစောင့်အရှောက်အဖြစ် အိမ်မှနေ၍ အောင်အောင်မြင်မြင် ထွက်ခွာလာနိုင်ခဲ့သည်။
သို့သော်ငြား လမ်းတဝက်အရောက်တွင် တာအိုရသေ့တစ်ပါးသည် သူမက သက်ရှိဖုတ်ကောင်ကို ထိန်းချုပ်နေသည်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး နောက်ဆုံးတွင်တော့ သူမက အသည်းအသန် တောင်းပန်သဖြင့် ထိုရသေ့ကလည်း သူမကို လွှတ်ပေးခဲ့ခြင်းဖြစ်၏။
ထိုအချိန်က ဖန်းယွီသည် ဘဝအသစ်တွင် နေထိုင်ပါမည်ဟု ပါးစပ်ကအကြိမ်ကြိမ် ပြောဆိုခဲ့သော်ငြားလည်း သက်ရှိဖုတ်ကောင်၏ အကျိုးကျေးဇူးကို မြည်းစမ်းပြီးနောက်တွင် မည်သို့စွန့်လွှတ် နိုင်ပါမည်နည်း။
ဒီနှစ်ပိုင်းအတွင်းတွင် သူမ သဘောမကျသည့် လူများစွာကို ထိုသက်ရှိဖုတ်ကောင်က သူမအတွက် ရှင်းလင်းပေးခဲ့သည်။
ယန်ချန်သည် မတရားပြောဆိုခံလိုက်ရသလို အကြီးအကျယ် ဖြစ်သွားသည့်ပုံစံမျိုးဖြင့် "ဒါကတော့ မတရား စွပ်စွဲခံလိုက်ရတာ။ အမေ ကျွန်တော် အဲဒီအကောင်ကို တောင်ထဲမှာ သွားပုန်းနေဖို့ အမိန့်ပေးပြီးသား။ ဘယ်လိုဖြစ်ပြီး ရုတ်တရက် အမိန့်နာမခံဘဲ မြို့ထဲကို ဝင်လာမှန်း မသိဘူး"
ဖန်းယွီသည် ဖုတ်ကောင်ပြုလုပ်နည်းကို တတ်ကျွမ်းသော်ငြားလည်း စာအုပ်ထဲက နည်းလမ်းအတိုင်းသာ လုပ်ဆောင်တတ်ပြီး ထိုစာအုပ်တွင် မှတ်တမ်းတင်ထားသည့် အရာများထက် ကျော်လွန်သည့် အရာများကိုတော့ လုံးဝနားမလည်ချေ။
သူမသည် နားမလည်သည့်အတွက် ထိုအကြောင်းအရာကိုလည်း မစဉ်းစားတော့ပေ။ "ထားလိုက်ပါတော့။ စိတ်ပူမနေနဲ့။ မင်းအဖေကလည်း အဲဒီသက်ရှိဖုတ်ကောင်ကို ရှင်းပစ်ဖို့ လူလွှတ်ပြီးသွားပြီ"
ယန်ချန်သည် အစကတည်းက စိုးရိမ်ခြင်းမရှိဘဲ ဒီအတိုင်းပြောလိုက်၏။ "အဘိုးမရှိတာတော့ ဆိုးတာပဲ။ မဟုတ်ရင် အဖေက စိတ်ပူနေစရာ မရှိဘူး။ အဘိုးရဲ့စကား တစ်ခွန်းပဲလိုတာ"
အဖေဖြစ်သူကို စဉ်းစားမိသည်တွင် ဖန်းယွီ၏ မျက်ခုံးများမှာ အများကြီး ပျော့ပျောင်းသွား လေတော့သည်။ "နောက်တစ်လ လောက်ဆိုရင် မင်းအဘိုးလည်း ပြန်ရောက်လာပါပြီ"
ကျန်းပေမြို့စားကြီးသည် ငယ်စဉ်ကဒဏ်ရာရခဲ့သဖြင့် သူ့အတွက် သားသမီးရဖို့ရန် ခက်ခဲခဲ့လေသည်။ ဖနိးယွီက ရှန့်ကျင်းသို့ ရောက်လာပြီး ဆွေမျိုးတော်စပ်ကြောင်း အသိအမှတ်ပြုခံရပြီးနောက် သူမသည် မြို့စားအိမ်တော်၏ တစ်ဦးတည်းသော သခင်မလေး ဖြစ်လာတော့သည်။
ကျန်းပေမြို့စားကြီးသည် သူမကို အလွန်ချစ်ခင် မြတ်နိုးလေသည်။ သူမက တော်ဝင်ကျောင်းတော်၏ ကျောင်းအုပ်ကြီး၏ အနာဂတ်သမက်လောင်းကို တမင်လုယူခဲ့သည့်တိုင် အဖေဖြစ်သူကတော့ သူမအတွက် ဖုံးကွယ်ပေးခဲ့ပြီး သူမကို ချော့မော့ဖို့ရန် ချန်ဟွေ့တို့မိသားစုကို ရှန့်ကျင်းမှ နှင်ထုတ်ခဲ့ကာ သူမအတွက် မျက်စိဆံပင်မွေးမစူးဖို့ရန် ဖြေရှင်းပေးခဲ့သည်။
နှစ်ပေါင်းများစွာ ကြာလာပြီး ဖခင်ဖြစ်သူ၏ အကာအကွယ် အောက်တွင် သူမသည် လိုအပ်သမျှ အရာတိုင်းကို ရရှိခဲ့လေသည်။
လွန်ခဲ့သည့်သုံးနှစ်က သူမ၏အဖေကို ရှီးလင်နယ်စပ်ကို စောင့်ကြည့်ဖို့ရန်အတွက် ပို့ခံရပြီး ယခုအချိန်တွင်တော့ သူသည် ရှန့်ကျင်းသို့ ပြန်လာတော့မည်ဖြစ်၏။
ဖန်းယွီသည် အပြင်ဘက်က ကောင်းကင်ကို တစ်ချက်လောက် မော့ကြည့်လိုက်၏။ သူမ၏ယောက်ျား ပြန်လာတော့မည့် အချိန်တန်နေပြီ။
သူမက ယန်ချန်ဘက်သို့ လှည့်ကာပြောလိုက်၏။ "တော်ပြီ။ မင်းဘိုးဘွား ခန်းမထဲမှာ ကောင်းကောင်းနေ။ မင်းအဖေ ပြန်လာတော့မယ်။ အမေ အရင်ပြန်တော့မယ်"
ဖန်းယွီသည် အိမ်တော်ထဲတွင် စောင့်ဆိုင်းလို့နေ၏။ ယန်လိရူကတော့ နေ့တိုင်း ညနေသုံးနာရီတွင် ရုံးဆင်းပြီး ပုံမှန်အားဖြင့် ညနေလေးနာရီခန့်တွင် အိမ်သို့ပြန်လာလေ့ရှိသည်။
သို့သော်ငြား ဒီနေ့တွင်တော့ သူမသည် ညနေသုံးနာရီမှ ည၇နာရီအထိ စောင့်ဆိုင်းခဲ့သော်ငြားလည်း လူကို မတွေ့ရသေးချေ။
ယန်လိရူသည် အိမ်ပြန်လမ်းတွင် လမ်းကြားတစ်ခုကို ဖြတ်သန်းလာချိန် လမ်းထိပ်တွင် လူအများအပြား စုဝေးနေသဖြင့် မြင်းလှည်းက ဖြတ်သန်းဖို့ရန် ခက်ခဲနေတော့၏။
မြင်းလှည်းမောင်းသူက လှည်းပေါ်မှ ဆင်းကြည့်လိုက်ပြီး ပြန်ရောက်လာသည်တွင် သူ့ကို အကျိုးအကြောင်း ပြောပြလိုက်သည်။ "သခင်ကြီးဟိုဘက်မှာ မိန်းကလေးတစ်ယောက်က သူ့ကိုယ်သူ ရောင်းနေပါတယ်။ ရောင်း ဈေးက ငွေ လျန်၂၀ပါ။ စုဝေးနေကြတဲ့ သူတွေကတော့ ဒီအတိုင်းအပျော် ကြည့်နေကြတာပါ။ လူတွေကို မောင်းထုတ်လိုက်ရမလား"
ယန်လိရူသည် ထိုစကားကို ကြားလိုက်ရပြီးနောက်တွင် မျက်မှောင်ကြုတ်လိုက်ကာ "မလိုဘူး။ ငါကိုယ်တို င်ဆင်းပြီးတော့ တစ်ချက်ကြည့်လိုက်မယ်"
ယန်လိရူသည် ထိုအချိန်တွင် ရုံးတော်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူက လှည်းပေါ်က ဆင်းလာသည်နှင့် ချက်ချင်း သူ့ပတ်ဝန်းကျင်က လူများက လမ်းဖယ်ပေးလိုက်ကြ၏။
ယန်လိရူ၏ အဆင့်အတန်းကို မှတ်မိကြသူများရှိကြပြီး သူ့ကိုလည်း "ပြည်သူ့တရားရှင်ယန်" ဟု အော်ခေါ်နေကြသည်။
သူက စိတ်လှုပ်ရှားနေကြသည့် ပြည်သူတချို့ကို ခေါင်းငြိမ့်ပြလိုက်ပြီး လူအုပ်ထဲသို့ လျှောက်ဝင်သွားလိုက်ကာ နောက်ဆုံးတွင်တော့ မြေပေါ်တွင်ဒူးထောက်ပြီး မိမိကိုယ်ကိုမိမိ ရောင်းချနေသည့် အမျိုးသမီးကို တွေ့လိုက်ရ၏။
ထိုအမျိုးသမီးလေးသည် အစပိုင်းတွင် ခေါင်းငုံ့ထားပြီး ဝမ်းနည်းခြင်းဝတ်စုံကို ဝတ်ဆင်ထားလေသည်။
သူကလည်း တချက်ကြည့်လိုက်ရုံဖြင့် အကြောင်းအရင်းကို နားလည်သွားတော့၏။ ဒါကလည်း ထူးထူးခြားခြား ကိစ္စတော့ မဟုတ်ပေ။ ဒီအမျိုးသမီး၏ မိသားစုသည် ဆင်းရဲပြီး ဆွေမျိုးတစ်ဦး သေဆုံးသွားခဲ့တာ ဖြစ်ရမည်။ သူမမှာ မတက်သာတော့ဘဲ ဆွေမျိုးကို မြှုပ်နှံဖို့ရန်အတွက် ငွေလိုသဖြင့် မိမိကိုယ်ကိုမိမိ ရောင်းချရခြင်းဖြစ်မည်။
သို့သော်ငြား လူအများကြီး စုဝေးနေကြသည်ကို ကြည့်လျှင် ထိုအမျိုးသမီးတွင် ထူးခြားသည့် တစ်စုံတစ်ခုတော့ ရှိပေလိမ့်မည်။
ယန်လိရူသည် တစ်ဖက်လူ၏ရှေ့တွင် ရပ်လိုက်ပြီး စကားမပြောရ သေးခင်မှာပင် ဘေးကစပ်စုတက်သည့် အဘွားကြီးတစ်ယောက်က ဝင်ပြောလိုက်၏။ "ကလေးမ ဒါက ပြည်သူ့တရားရှင်ယန် ယန်လူကြီးမင်းပဲ။ မင်းမှာ အခက်အခဲရှိရင် ပြောပြကြည့် လိုက်ပါလား"
ထိုအမျိုးသမီးသည် တဖက်လူ၏စကားကို ကြားလိုက်ရပြီးနောက် ဖြေးညှင်းစွာ ခေါင်းမော့လာသည်တွင် နုပျိုလှပသည့် မျက်နှာလေးတစ်ခု ပေါ်ထွက်လာခဲ့၏။
ထိုမျက်နှာကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် ယန်လိရူ၏ အသက်ရှူသံမှာ အေးခဲသွားပြီး သူ၏မျက်ဝန်းအိမ်များကလည်း ကျုံ့သွားလေတော့သည်။ "အားဟွေ့..."
သူ့အသံသည် အလွန် တိုးညှင်းနေပြီး ပတ်ဝန်းကျင်က ဆူညံနေသဖြင့် ဘယ်သူကမှ မကြားလိုက်ရချေ။
သို့သော်ငြား မကြာမီမှာပင် သူသည် လူမှားနေသည်ကို သဘောပေါက်သွားတော့သည်။ သူမျက်စိရှေ့က အမျိုးသမီးသည် အားဟွေ့ထက် အများကြီးနုပျိုကာ အသက်၂၀ ဝန်းကျင်သာ ရှိပုံရ၏။ သူမ၏မျက်နှာသွင်ပြင်သည် အားဟွေ့နှင့် အလွန်တူညီသော်ငြားလည်း ပိုပြီးကြောက်ရွံ့ အားငယ်နေပုံပေါ်ကာ အားဟွေ့ကဲ့သို့ အေးစက်ခက်ထန်ခြင်း မရှိပေ။
"မင်းနာမည် ဘယ်လိုခေါ်လဲ" ယန်လိရူက ညင်သာစွာမေးလိုက်၏။
"လူကြီးမင်းကို လျှောက်တင်ပါတယ်။ ကျွန်တော်မျိုးမ နာမည်က ချောင်ညန်ပါ"
"ဘာလို့ ဒီနေရာမှာ ကိုယ့်ဟာကို ရောင်းချနေရတာလဲ"
ချောင်ညန်ကလည်း ငိုကြွေးကာဖြင့် ပြန်ဖြေလေသည်။ "ကျွန်တော်မျိုးမက ကလေးဘဝကတည်းက အမေ မရှိတော့ပါဘူး။ အခုအဖေကလည်း မမျှော်လင့်ဘဲ ဆုံးပါးသွားပြီး ၇ရက်ဝမ်းနည်းခြင်း စောင့်ထိန်းလာခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်တော်မျိုးမမှာ အဖေဖြစ်သူကို မြှုပ်နှံပေးဖို့ ပိုက်ဆံမရှိလို့ပါ။ ဒါကြောင့်မို့လို့ ကိုယ့်ဟာကိုယ် ရောင်းချဖို့ စဉ်းစားမိတာပါ"
"ဒီလိုဆိုရင် ငါ မင်းအဖေအတွက် မြှုပ်ပေးမယ် မင်း ပြန်လို့ရပြီ"
ချောင်ညန်သည် ယန်လိရူက သူမအဖေကို ကူညီမြုပ်နှံပေးဖို့ ဆန္ဒရှိသည်ကို ကြားလိုက်ရချိန်တွင် သူမ၏မျက်လုံးများထဲတွင်လည်း ကျေးဇူးတင်စိတ်များ အပြည့်ဖြစ်သွားတော့၏။ "သခင်ကြီးက ကျွန်မအဖေကို မြှုပ်နှံပေးဖို့ လိုလိုလားလား ဆန္ဒရှိခဲ့ပါတယ်။ ချောင်ညန်ရဲ့ ဒီတစ်သက်က လူကြီးမင်းအတွက်ပါပဲ"
ယန်လိရူက ရယ်မောလိုက်ကာ "ဒီလိုလုပ်ဖို့ မလိုပါဘူး။ မင်းပြန်တော့ နောက်ကို ကိုယ့်ဟာကိုယ် အလွယ်တကူ မရောင်းချနဲ့"
ချောင်ညန်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသွားသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာပြီးနောက် သူမက ချက်ချင်းဆိုသလို ပြောလိုက်၏။ "အခု ကျွန်တော်မျိုးမမှာ မိဘနှစ်ပါးစလုံး မရှိတော့လို့ ပြန်စရာအိမ် မရှိတော့ပါဘူး။ လူကြီးမင်းကပဲ ကျေးဇူးပြုပြီးတော့ ကျွန်မကို ခေါ်သွားပေးပါ။ ကျွန်မအရမ်း အလုပ်လုပ်နိုင်ပါတယ်"
ယန်လိရူသည် ထိုအမျိုးသမီး၏ ကူကယ်ရာမဲ့နေသည့် အကြည့်ကို ကြည့်ပြီး သူမ၏တောင်းပန်စကားကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် လှုပ်ရှားသွားလေတော့သည်။
သူနဲ့ အားဟွေ့က တကယ်ကိုဆင်တူကြတာပဲ။ ဒါပေမဲ့ အားဟွေ့ရဲ့ စရိုက်က အရမ်းကိုခက်ထန် မာကျောတယ်။ ဒီနှစ်တွေမှာ ဘဝကမကောင်းပေမယ့် သူ့ကိုဘယ်တော့မှ လာမတောင်းပန်ခဲ့ဘူး။ အခု အားဟွေ့ မရှိတော့တဲ့အချိန်မှာ သူနဲ့ဒီလောက်တူတဲ့ ချောင်ညန်ကို တွေ့ရတာတော့ ရေစက်ပဲဖြစ်ရမယ်။
အချိန်တစ်ခုအထိ နှုတ်ဆိတ်သွားပြီးနောက်တွင် ယန်လိရူက သက်ပြင်းချလိုက်လေသည်။ "ထားလိုက်ပါတော့။ ဒါဆိုရင်လည်း မင်းကို ငါနဲ့အတူ အိမ်တော်ကို ခေါ်သွားပေးမယ်။ အစေခံမလေးတစ်ယောက် လုပ်ပေါ့"
ယန်လိရူက ချောင်ဉာန်ကို အိမ်တော်သို့ ခေါ်ဆောင်ကာ အစေခံအဖြစ် ခန့်အပ်မည်ဟု ကြားလိုက်ကြချိန်တွင် လူအများအပြားမှာ အားကျစိတ်များ ဖြစ်သွားကြလေတော့သည်။
ဒါသည် ပြည်သူ့တရားရှင်ယန် ယန်လူကြီးမင်း၏ အိမ်တော်ဖြစ်ပြီး အိမ်တော်၏စည်းကမ်းက တင်းကျပ်ပြီး ဖြောင့်မတ်မည်မှာ မလွဲပေ။ မိမိကိုယ်ကို ရောင်းချရာတွင် ဤသို့သော ကောင်းမွန်သည့်သခင်ကို တွေ့ရခြင်းကလည်း ဘိုးဘွားများ၏ ကောင်းချီးသာ ဖြစ်လိမ့်မည်။
မဟုတ်လျှင် ချောင်ညန်ကဲ့သို့ ရုပ်ရည်မျိုးဖြင့် အိမ်တွင် တစ်ယောက်တည်း နေထိုင်လျှင် အပြင်လောကက ဝံပုလွေများ၏ အန္တရာယ်ပြုခြင်း ခံရမည်မှာလည်း သေချာပေသည်။
ချောင်ညန်ကလည်း ဆက်တိုက်ဆိုသလို ဦးချကန်တော့ကာ ပြောလိုက်၏။ "လူကြီးမင်းကို ကျေးဇူးတင်ပါတယ်။ လူကြီးမင်းကို ကျေးဇူးတင်ပါတယ်"
ဒီကိစ္စကို ဖြေရှင်း ပြီးသွားသောအခါ ယန်အိမ်တော်၏ လှည်းမောင်းသမားသည်လည်း ဆင်းလာပြီး စုဝေးနေသည့် လူအုပ်ကြီးကို မောင်းထုတ်လိုက်တော့သည်။ ယန်လိရူသည်လည်း လှည့်ကာ မြင်းလှည်းပေါ်သို့ ပြန်တက်သွားလေ၏။
ချောင်ညန်ကလည်း မြင်းလှည်းပေါ်သို့ လိုက်တက်လာခဲ့သည်။ သူမသည် ယန်လိရူ၏ ဘေးတွင်ထိုင်နေပြီး ခေါင်းကိုအမြဲငုံ့ထားကာ လက်နှစ်ဖက်ကလည်း ဝမ်းနည်းခြင်းဝတ်စုံကို ကျစ်ကျစ်ပါအောင် စုပ်ထားပြီး အလွန်ကျုံ့ကျုံ့လေး ဖြစ်နေ၏။
ယန်လိရူက သူမကို ဆက်တိုက်ဆိုသလို စိုက်ကြည့်နေမိပြီး သူမကို "စိတ်ချပါ။ အိမ်တော်ထဲရောက်သွားရင် မင်းက ငါ့ခြံဝင်းမှာပဲ တာဝန်ထမ်းဆောင်ရမှာ"
"လူကြီးမင်းကို ကျေးဇူးတင်ပါတယ်"
"ချောင်ညန် ဆိုတဲ့နာမည်ကိုလည်း ပြောင်းဖို့လိုတယ်"
"အားလုံး လူကြီးမင်းရဲ့ သဘောအတိုင်းပါပဲ"
"ရူဟွေ့ လို့ ပြောင်းလိုက်"
ချောင်ညန်၏ မျက်လုံးထဲတွင် အပြုံးတစ်ခု ပေါ်ထွက်လာကာ "ဒီနာမည်က တကယ်နားထောင်လို့ ကောင်းတာပဲ။ ဒါဆိုရင် ကျွန်တော်မျိုးမက ရူဟွေ့လို့ နောက်ဆိုရင် ခေါ်ပါ့မယ်"
ယန်လိရူသည် နောက်ဆုံးတော့ ကျေနပ်သွားပြီး သူမထံက အကြည့်လွှဲလိုက်လေတော့သည်။
ညနေ၇နာရီခွဲတွင် မြင်းလှည်းသည် နောက်ဆုံးတော့ ယန်အိမ်တော်တံခါး အပြင်ဘက်တွင် ရပ်တန့်သွားတော့၏။
ဖန်းယွီသည် ယန်လိရူကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ သော်ငြားလည်း ပြန်မလာသေးသဖြင့် သူကတော့ တစ်စုံတစ်ခု ဖြစ်နေတာ ဖြစ်ရမည်ဟု ထင်သွားတော့သည်။ အစေခံက သခင်ကြီး ပြန်ရောက်လာပြီဟု အကြောင်းကြားလာချိန်တွင် ချက်ချင်းဆိုသလို တံခါးမကြီးဆီသို့ အပြေးအလွှား သွားလေတော့သည်။
သူမ ရောက်လာသည်နှင့် ရုံးဝတ်စုံကို ဝတ်ဆင်ထားသည့် ယန်လိရူက မြင်းလှည်းပေါ်က ဆင်းလာပြီးနောက် ကိုယ်ကိုလှည့်ကာ မြင်းလှည်းပေါ်က နုနယ်သည့် အမျိုးသမီးငယ်တဦးကို ဆင်ခိုင်းနေသည်ကို တွေ့လိုက်ရ၏။
ထိုအမျိုးသမီးသည် မျက်လွှာချထားကာ သူ့ကို တစ်စုံတစ်ခု ပြောလိုက်သည်တွင် သူမ၏တည်ငြိမ်လှသည့် ခင်ပွန်းသည်ကပင် ပြုံးလိုက်သည်ကို တွေ့လိုက်ရလေသည်။
ထိုနောက်တွင်တော့ ထိုအမျိုးသမီးသည် ခေါင်းမော့ကာ ကြည့်လာခဲ့၏။
ထိုသူ၏ရုပ်ရည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည့်တွင် တစ်ခဏအတွင်းမှာပင် ဖန်းယွီသည် ရေခဲတိုက်ထဲ ကျသွားသလို ခံစားလိုက်ရတော့သည်။
ချန် ဟွေ့ !
နောက်တခဏတွင် သူမသည် သတိပြန်ဝင်လာတော့သည်။ ချန်ဟွေ့ မဖြစ်နိုင်ဘူး။ ချန်ဟွေ့က သူမအရှေ့မှာတင် အသက်ထွက်သွားတာကို မြင်ခဲ့ရတာ။ ချန်ဟွေ့က ဒီလောက်လည်း မငယ်ဘူး။
သို့သော်ငြား ထိုအတွေးများသည် သူမကိုမနှစ်သိမ့်ပေးနိုင်ခဲ့ ချေ။
သူမသည်သူမ၏ ခင်ပွန်းသည်နှင့် ထိုမိန်းမယုတ်တို့ မြတ်စပစ်နေကြသည်ကို မျက်စိရှေ့တွင်ပင် မြင်နေရပြီး မိမိဤနေရာတွင် ရှိနေသည်ကို လုံးဝသတိမထားမိကြပေ။
ချန်ဟွေ့သည် လက်ကိုတင်းနေအောင် ဆုပ်လိုက်ရာ လှပစွာပြုပြင်ထားသည့် လက်သည်းနှစ်ချောင်း ကျိုးသွားသည်ကိုပင် နာကျင်သည်ဟု မခံစားရပေ။
သူမသည် ချန်ဟွေ့ကို ဖယ်ရှားလိုက်လျှင် ယန်လိရူ၏ မျက်လုံးထဲတွင် မိမိတစ်ဦးတည်းသာ ရှိတော့မည်ဟု အမြဲတမ်း ထင်မှတ်ထားခဲ့လေသည်။
သို့သော်ငြား အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားသည်မှာ ချန်ဟွေ့ သေဆုံးသွားသော်ငြားလည်း ယန်လိရူသည် ချန်ဟွေ့နှင့် ဤမျှတူညီသည့် အမျိုးသမီးကို အိမ်တော်သို့ ခေါ်ဆောင်လာခဲ့ခြင်း ကိုပင်။
ဒါက ဘာအဓိပ္ပာယ်လဲ။
ဖန်းယွီသည် စိတ်ထဲတွင် ဒေါသကို အားတင်းပြီး ထိန်းချုပ်ထားကာ မေးလိုက်၏။ "သခင်ကြီး သူက ဘယ်သူလဲ"
ယန်လိရူက စကားမပြောရ သေးခင်မှာပင် ယန်လိရူ၏ နောက်တွင် ရပ်နေသည့်အမျိုးသမီးက ရှေ့သို့တက်လာကာ အရိုအသေပေးလိုက်ပြီး "သခင်မကို ဂါရဝပြုပါတယ်။ ကျွန်တော်မျိုးမရဲ့နာမည်က ရူဟွေ့ပါ"
"ရူဟွေ့ တကယ်ကို နာမည်ကောင်းပဲ" ဖန်းယွီသည် အံကြိတ်ထားကာ တစ်လုံးချင်း ပြောလိုက်၏။ သူမသည် ရူဟွေ့ကို စိုက်ကြည့်လို့နေပြီး သူမ၏မျက်နှာကို တစ်လက်မချင်း ကုတ်ဖဲ့ပစ်ချင်နေပုံ ရလေသည်။
ရူဟွေ့ကတော့ ဘာကိုမှ ထူးထူးခြားခြား သတိမထားမိဘဲ ခေါင်းကို မော့လာကာ ဖန်းယွီကို တောက်ပစွာဖြင့် ပြုံးပြလိုက်လေသည်။
"ဟုတ်ပြီ အိမ်တော်ထိန်း။ ရူဟွေ့ကို ငါ့ရဲ့ခြံဝင်းထဲကို ခေါ်သွားလိုက်။ သူ အခုချိန်ကစပြီး ငါ့ခြံဝင်ထဲမှာ ခစားလိုက်မယ်"
"ဟုတ်ကဲ့" အိမ်တော်ထိန်းသည် သခင်ကြီးကို တချက်ကြည့်လိုက်ပြီး သခင်မကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ရှေ့သို့တက်ကာ အကြောင်းအရင်းကို နားမလည်နိုင်ဖြစ်နေသည့် ရူဟွေ့ကို ခေါ်ဆောင်ကာ ထွက်သွားတော့သည်။
အိမ်တော်ထိန်းနှင့်အတူ လမ်းတလျှောက်လာပြီးနောက် ရူဟွေ့သည် ခေါင်းတချက်လှည့်ကာ ယန်လိရူနှင့် ရန်ဖြစ်နေသည့် ဖန်းယွီကို ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာလေတော့သည်။
ဒါက အစပဲရှိသေးတယ်။
ယန်လိရူက ငါ့စကားကို နားထောင်ပြီး ငါ့ကို ယန်အိမ်တော်ကို ခေါ်လာတဲ့အချိန်ကစပြီး ဒီအိမ်က ဘယ်တော့မှ ငြိမ်းချမ်းမှု ရှိလာတော့မှာ မဟုတ်ဘူး။
ဒါတွေအားလုံးကလည်း သူတို့ခံစားသင့်တဲ့အရာတွေပဲ။
...