အဲဒီသက်ရှိဖုတ်ကောင်က တစ်ခုခုနောက်ကို လိုက်နေတဲ့ပုံပဲ...
Vol. 4 Ch. 35
ဖန်းယွီ၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး သူမသည် ပါးစပ်ဟကာ အသံပြုရန် ကြိုးစားလိုက်သော်ငြားလည်း အလွန် နောက်ကျသွားပြီဖြစ်၏။
ချန်ဟွေ့! ရူဟွေ့က ဘာဖြစ်လို့ ချန်ဟွေ့ ဖြစ်နေတာလဲ။
ဒီမေးခွန်း၏ အဖြေကိုတော့ သူမသည် သေဆုံးသည်အထိ ရရှိမသွားခဲ့ချေ။ ဖန်းယွီသည် သာမန်နေ့လေး တစ်နေ့တွင်ပင် သူမ တစ်ဘဝလုံး စွဲလမ်းခဲ့ရသည့် ခင်ပွန်းသည်၏ လက်ဖြင့် ကိုယ်တိုင်လည်ပင်းညှစ်သတ်ခြင်းကို ခံလိုက်ရလေသည်။ သူမသည် သေသည်အထိ မျက်လုံးမှိတ်နိုင်ခြင်း မရှိခဲ့ချေ။
အခန်းထဲတွင် ယန်လိရူ၏ မောဟိုက်နေသည့် အသက်ရှူသံများဖြင့် ပြည့်နှက်နေ၏။ ရူဟွေ့ကတော့ သူ့နောက်တွင် ရပ်ကာ အသက်ကင်းမဲ့သွားပြီဖြစ်သည့် ဖန်းယွီကို မျက်လွှာချကာ ကြည့်နေမိသည်။ သူမ၏ စိတ်ထဲတွင် လက်စားချေလိုက်ရသဖြင့် ပျော်ရွှင်ကျေနပ်နေသည့် ခံစားချက်မျိုးတော့ ဖြစ်မနေခဲ့ချေ။
သူမ၏ မိသားစုတစ်ခုလုံး မတရား သေဆုံးခဲ့ရပြီး နှစ် ၂၀ ကြာမှ အဓိကတရားခံက သူမ၏ မျက်စိရှေ့တွင် ဆုံးပါးသွားခဲ့သည် ဖြစ်ရာ ထိုအရာများအားလုံးက အလွန် နောက်ကျလွန်းလှသည်ဟု ခံစားလိုက်ရ၏။
သူမ၏ အကြည့်သည် နောက်ဆုံးတွင်တော့ ယန်လိရူ၏ ကျောပြင်ပေါ်သို့ ကျရောက်သွားတော့သည်။ ဖန်းယွီကတော့ သေပြီ။ နောက်တစ်ယောက်ကတော့... သူတို့သားရဲ့ အလှည့်ပဲ။
“သခင်ကြီး နောက်ပြီး ဘာဆက်လုပ်ကြမလဲ”
ယန်လိရူသည် ဖန်းယွီကို လည်ပင်းညှစ်ထားသော ကြိုးကို ဖြေလျှော့လိုက်ပြီး မတ်တပ်ထရပ်ကာ ပြောလာ၏။ “စိတ်မပူနဲ့။ သူ့ကိုယ်ပေါ်က ကျောက်မျက်ရတနာ လက်ဝတ်လက်စားတွေကို အကုန်ဆွဲဖြုတ်လိုက်။ အားနည်းနည်းလေး ထည့်သုံးလိုက်”
ရူဟွေ့သည် ခဏလောက် ကြောင်အသွားပြီးနောက်မှ သူ့အမိန့်အတိုင်း လိုက်နာ ဆောင်ရွက်လိုက်တော့သည်။
သူမသည် ဖန်းယွီ၏ ခေါင်းပေါ်က ပုလဲဆံထိုးများ၊ ကိုယ်ပေါ်က ကျောက်မျက်ရတနာ ဆွဲသီးနှင့် ဆွဲကြိုးများ၊ လက်ကောက်ဝတ်ပေါ်က ကျောက်စိမ်းလက်ကောက် ၂ ကွင်းကိုပါ ဆွဲဖြုတ်လိုက်တော့သည်။
အားကို အလွန်အကျွံသုံးလိုက်သဖြင့် ဖန်းယွီ၏ လည်ပင်းနှင့် နားရွက်တို့တွင် အစင်းရာများ ကျန်ရစ်ခဲ့လေသည်။
သူမက ဖန်းယွီ၏ ကိုယ်ပေါ်က လက်ဝတ်ရတနာများကို ဖြုတ်နေချိန်တွင် ယန်လိရူကတော့ အခန်းထဲတွင် လျှောက်သွားနေပြီး စားပွဲအနီးသို့ ရောက်သွားချိန်တွင် ထောင့်တစ်နေရာကို ရှာကာ စားပွဲကို တွန်းလှဲလိုက်ပြီး အပေါ်က ပန်းအိုးသည် မြေပြင်ပေါ်သို့ ကျသွားကာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။
သူသည် ကုတင် ကန့်လန့်ကာတစ်ခုကို ဆွဲဖြဲလိုက်ပြီး ကုတင်ပေါ်က သေသေသပ်သပ် ခေါက်ထားခြင်းမရှိသည့် စောင်ကို ဆွဲချလိုက်ကာ ခေါင်းအုံးကိုလဲ ကုတင်ခြေရင်းသို့ ပစ်ထည့်လိုက်လေသည်။
အနည်းငယ် ပြောင်းလဲမှု ပြုလုပ်လိုက်ရုံဖြင့် ဒီအခန်းအထဲတွင် တစ်စုံတစ်ယောက်က အငြင်းပွားမှု ဖြစ်ခဲ့သည့်နှယ် ထင်ရသွားတော့သည်။
“သခင်ကြီး ပြီးသွားပါပြီ”
ရူဟွေ့သည် လက်ဝတ်ရတနာများကို ယန်လိရူလက်ထဲသို့ ထည့်ပေးလိုက်၏။ ယန်လိရူက ပစ္စည်းများကို သေသေချာချာ သိမ်းဆည်းလိုက်ပြီး သူမကို ပြောလာလေသည်။ “သွားကြမယ်။ အပြင်ရောက်ရင် ဘာမှ မပြောနဲ့”
ရူဟွေ့က ခေါင်းငြိမ့်ပြလိုက်ပြီး ယန်လိရူနောက်မှ အပြင်သို့ လိုက်ထွက်လာခဲ့၏။
သူတို့ ၂ ယောက်သည် အခန်းထဲက ထွက်လာပြီးနောက်တွင် ယန်လိရူက အခန်းတံခါးကို ဟင်းလင်းဖွင့်ထားကာ ရူဟွေ့ကို ခေါ်ပြီး အရှေ့ဖက်သို့ ဆက်လျှောက်လာခဲ့လိုက်သည်။
ခြံဝန်းထဲတွင်တော့ ဖန်းယွီ၏ လူငယ် ချစ်သူလေးသည် စိတ်မလုံမခြုံဖြင့် ရပ်နေပြီး သူတို့ ထွက်လာမည်ကို စောင့်ဆိုင်းနေပုံ ရလေသည်။
ယန်လိရူကို မြင်သောအခါ သူက လှည့်ပြေးသွားခြင်း မရှိသည့်အပြင် ရှေ့သို့ပင် တိုးလာခဲ့လေ၏။ “လူ... လူကြီးမင်း ကျွန်တော်တို့ သဘောတူထားတာ ...“
ယန်လိရူက သူ့ကို ဖြတ်ပြောလိုက်သည်။ “စိတ်ချပါ။ မင်းကို အရေးယူမှာ မဟုတ်ဘူးလို့ ငါ အစကတဲက ပြောပြီးသားပဲ။ ငါနဲ့ ဖန်းယွီ စကားပြောစရာ နည်းနည်း ရှိသေးတယ်။ မင်း လမ်းထိပ်က လိုင်ဖူစားသောက်ဆိုင်မှာ သွားစောင့်နေ”
“ဟုတ်... ဟုတ်ကဲ့။ ကျွန်တော် အခုပဲ သွားလိုက်ပါမယ်”
“တံခါးဝနားက အစေခံမလေးနဲ့ မြင်းလှည်းသမားတွေ မတွေ့စေနဲ့အုံး” ယန်လိရူ၏ လေသံကတော့ တည်ငြိမ်နေဆဲပင်။
“လုံးဝမတွေ့စေရပါဘူး”
ယန်လိရူ၏ စကားကို လက်ခံရရှိပြီးနောက်တွင် ထိုလူငယ်လေးသည် တော်ဝင်အမိန့်တော်တစ်ခုကို လက်ခံရရှိလိုက်သည့်အလား တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး နောက်သို့ပင် လှည့်မကြည့်တော့ဘဲ အပြင်သို့ ပြေးထွက်သွားလေတော့သည်။
ရူဟွေ့ ယခင်က ခန့်မှန်းထားသည့်အတိုင်းပင်။ ဖန်းယွီ တစ်ပါးသူနှင့် ဖောက်ပြန်သည့်ကိစ္စကို ယန်လိရူသည် အမှန်တကယ် အစောကတဲက သိရှိနေခဲ့ပြီး ဖန်းယွီ၏ ချစ်သူသည်ပင် သူကိုယ်တိုင် ရှာဖွေပေးထားသူ ဖြစ်နိုင်လေသည်။
ယန်လိရူ ဆိုတဲ့ ဒီလူက တကယ်ပဲ ငါ့ကို ဘယ်တော့မှ စိတ်မပျက်ရစေခဲ့ဘူးပဲ။ တခြားသူတွေအပေါ်မှာ ရက်စက်သလို ကိုယ့်ဟာကိုယ် အပေါ်မှာတောင် ပိုပြီးတော့ ရက်စက်သေးတယ်။
“သွားစို့”
သူ့စကားကို ကြားလိုက်ရပြီးနောက်တွင် ရူဟွေ့မှာ အနည်းငယ် စိုးရိမ်စွာဖြင့် နောက်ကို ပြန်လှည့်ကြည့်လိုက်၏။ “ဒီအတိုင်းပဲ ထွက်သွားတော့မှာလား”
ယန်လိရူက သူမ၏ စိုးရိမ်တကြီးဖြစ်နေသည့် ရုပ်ကို မြင်လိုက်ရချိန်တွင် သူမ၏ အေးစက်နေသည့် လက်ကို အသာအယာ ဆွဲကိုင်ထားလိုက်ကာ “စိတ်မပူပါနဲ့။ ဘယ်သူမှ သိမှာ မဟုတ်ဘူး”
သူတို့ ၂ ယောက်သည် ဖန်းယွီ၏ အစေခံမလေးနှင့် မြင်းလှည်းမောင်းသမားကို ရှောင်ရှားကာ ကျိုးကျစ်လမ်းမှ နေ၍ ထွက်ခွာလာခဲ့သည်။ သူတို့ ၂ ယောက်သည် ရှေ့က လမ်းမပေါ်သို့ ရောက်လာချိန်တွင် အိမ်တော်၏ မြင်းလှည်းပေါ်သို့ ရောက်လာ ယန်အိမ်တော်၏ မြင်းလှည်းပေါ်သို့ တက်လိုက်ပြီး မြင်းလှည်းသည်လဲ ယန်အိမ်တော်သို့ ပြန်မသွားဘဲ ယန်အိမ်တော်အနီးရှိ လမ်းကြားတစ်ခုတွင် ဖွင့်ထားသော အဝတ်အထည်ဆိုင်တစ်ခုသို့ ဦးတည်သွားလေသည်။
ထိုဆိုင်သည် အရောင်းအဝယ်မှာ သိပ်မကောင်းလှဘဲ ဆိုင်ရှင်သည် ကောင်တာရှေ့တွင် ငိုက်မျဉ်းနေလေ၏။
ယန်လိရူက အထဲကို လျှောက်သွားလိုက်ပြီး ကောင်တာကို လက်ဖြင့် လှမ်းခေါက်လိုက်သည်တွင် ဆိုင်ရှင်သည် လန့်နိုးသွားတော့သည်။ “ယန်လူကြီးမင်း”
“ယဲ့ညီအစ်ကို ၂ယောက်ကို ငါနဲ့ လာတွေ့ခိုင်းလိုက်”
“ဟုတ်ကဲ့ ကျွန်တော် အခုပဲ သွားခေါ်လိုက်ပါ့မယ်” ဆိုင်ရှင်သည် လျင်လျင်မြန်မြန် သဘောတူလိုက်ပြီး ဆိုင်ကိုပင် မကြည့်တော့ဘဲ ပေါ့ပါးလှသည့် ကိုယ်နေဟန်ထားဖြင့် အနောက်တံခါးမှတစ်ဆင့် ခြံဝန်းအနောက်ဖက်သို့ ဝင်သွားတော့သည်။
မကြာမီမှာပင် ရုပ်အနည်းငယ် ဆင်တူသည့် ညီအစ်ကို ၂ ယောက် ထွက်လာခဲ့၏။ ရူဟွေ့လဲ ရှိနေသည်ကို တွေ့လိုက်ရသည်တွင် သူတို့ ၂ ယောက်စလုံးက သူမကို သတိဖြင့် တစ်ချက်ဝှေ့ကြည့်လိုက်ပြီးနောက် ယန်လိရူကို အရိုအသေပြုလိုက်သည်။ “ယန်လူကြီးမင်း ကျွန်တော်တို့ ညီအစ်ကို လုပ်ဆောင်ပေးရမဲ့ ကိစ္စများ ရှိလို့လား”
ယန်လိရူက ပြောလိုက်၏။ “ကျိုးကျစ်လမ်းအပြင်ဖက်မှာ မြင်းလှည်းတစ်စီး ရပ်ထားတယ်။ မြင်းလှည်းပေါ်မှာ မြင်းလှည်းသမားနဲ့ အစေခံမလေး ရှိတယ်။ ပြီးတော့ လမ်းထိပ်ကလိုင်ဖူစားသောက်ဆိုင်ထဲမှာ နဉ်ချုံးလို့ခေါ်တဲ့ လူငယ်တစ်ယောက်ရှိတယ်။ သူတို့ကို သွားပြီး ထိန်းသိမ်းထားလိုက်” “မြင်းလှည်းမောင်းသမားကို သတ်ပြီး တိတ်တဆိတ် တိုက်ခိုက်သတ်ဖြတ်ခံရတဲ့ ပုံစံမျိုး လုပ်ထားလိုက်။ ပြီးရင် ကျိုးကျစ်လမ်း ဘယ်ဖက်က ဒုတိယအိမ်ထဲမှာ ပစ်ထားလိုက်။ ၂ ရက်ကြာပြီးတဲ့နောက် ညနေ ၃ နာရီလောက်မှ အဲဒီယောက်ျားနဲ့ မိန်းမကို မြင်းလှည်းမောင်းပြီး မြို့ပြင် ထွက်သွားခိုင်းလိုက်။ ဒီလက်ဝတ်ရတနာတွေကိုလဲ သူတို့ရဲ့ ခရီးဆောင်အိတ်ထဲမှာ ထည့်ထားလိုက်”
သူသည် ရူဟွေ့ထံက လက်ခံရရှိထားသည့် လက်ဝတ်ရတနာများကို ညီအစ်ကို ၂ ဦးဆီ ပေးလိုက်လေသည်။ “နားလည်ကြလား”
သူတို့ထဲက တစ်ယောက်က လက်ဝတ်ရတနာများကို လှမ်းယူလိုက်ပြီး တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။ “နားလည်ပါပြီ။ ကျွန်တော်တို့ ညီအစ်ကို ၂ ယောက်စလုံး အခုပဲ သွားလုပ်လိုက်ပါ့မယ်”
သူတို့ ၂ယောက်၏ ပုံရိပ်သည် မကြာမီ ပျောက်ကွယ်သွားလေတော့သည်။ ယန်လိရူက ရူဟွေ့ကို ခေါ်ကာ မြင်းလှည်းထဲသို့ ပြန်လာခဲ့ပြီး ဒီတစ်ကြိမ်တွင်တော့ မြင်းလှည်းသည် ယန်အိမ်တော်ဆီသို့ ဦးတည်မောင်းနှင်သွားလေတော့သည်။
သူတို့ ၂ ယောက် အိမ်တော်မှ ထွက်ခွာသွားပြီး ဒီခရီးစဉ်သည် မည်သူ့ကိုမှ အနှောင့်အယှက် မဖြစ်စေခဲ့သလို အိမ်တော်က သခင်ကြီးကိုလဲ မည်သူကမှ လက်ညှိုးထိုး ဝေဖန်ခြင်း မပြုဝံ့ကြပေ။
ည ၇ နာရီ ထိုးချိန်တွင်တော့ ဖန်းယွီ၏ ခြံဝန်းထဲက အစေခံမလေးတစ်ချိူ့သည် စတင်စိုးရိမ်လာကြတော့သည်။ အရင်က သခင်မ အပြင်ထွက်ရင် ဘယ်တုန်းကမှ ဒီလောက် ညဉ့်နက်တဲ့အထိ အိမ်မပြန်ဘဲ မနေဖူးပါဘူး။ တစ်ခုခုများ ဖြစ်နေလို့လား။
သူတို့သည် ၉ နာရီအထိ စောင့်ဆိုင်းခဲ့ကြ၏။ ညမထွက်ရအမိန့်ပင် ထုတ်ပြန်ပြီး ဖြစ်သော်ငြားလည်း သခင်မကတော့ ပြန်မလာသေးချေ။
ဖန်းယွီကို အမြဲတမ်း ခစားပေးနေသည့် အစေခံမကြီး ဖုန်းရှားသည် နောက်ဆုံးတော့ မခံနိုင်တော့ဘဲ ယန်လိရူ၏ ခြံဝန်းဆီသို့ အလျင်အမြန် သွားလေတော့သည်။
“သခင်ကြီး သခင်မ နေ့လည်တုန်းက အပြင်ထွက်သွားပြီးကတဲက အခုထိ အိမ်တော်ကို ပြန်မရောက်သေးပါဘူး” ဖုန်းရှားသည် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ယန်လိရူ၏ မျက်နှာအမူအရာကိုပင် မော့မကြည့်ရဲတော့ချေ။
ငါက သခင်မကို အနီးကပ် ခစားပေးရတဲ့ အစေခံပဲ။ အစပိုင်းမှာ သခင်မ အပြင်ထွက်တိုင်း ဘာသွားလုပ်တယ် ဆိုတာ မသိခဲ့ဘူးဆိုရင်တောင် အချိန်ကြာလာတာနဲ့အမျှ သူ့ကိုယ်ပေါ်မှာ မရှိသင့်တဲ့ မဖွယ်မရာ အငွေ့အသက်တစ်ချို့ကိုတော့ သတိထားမိတာပေါ့။
ဒီတစ်ကြိမ်တွင် သခင်မသည် ညမထွက်ရအမိန့် ထုတ်ပြန်ပြီးသည့်တိုင် အိမ်သို့ ပြန်လာခဲ့ခြင်း မရှိသည်တွင် သူမသည် သခင်ကြီးကို သွားရောက် အနှောင့်အယှက်ပေးရန် သတ္တိရှိလာလိမ့်မည် မဟုတ်ပေ။
“သခင်မ ဘယ်သွားတယ်ဆိုတာ မင်း သိလား”
“ကျွန်တော်မျိုးမ မသိပါဘူး။ ဒါပေမဲ့ သခင်မက ဖုန်းချွမ်းနဲ့အတူတူ ထွက်သွားတာပါ”
ဖုန်းရှားသည် စကားပြောပြီးနောက်တွင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သော်ငြားလည်း သခင်ကြီးထံက တုံ့ပြန်မှု မရရှိသဖြင့် ခေါင်းကို တိတ်တိတ်လေး မော့ကြည့်လိုက်သောအခါ ယန်လိရူသည် မာထန်နေသည့် မျက်နှာထားဖြင့် တစ်ခုခုကို စဉ်းစားနေသည်ကို တွေ့လိုက်ရ၏။
အတန်ကြာမှ သူ့စကားသံ ထွက်ပေါ်လာခဲ့သည်။ “ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပြနဲ့အုံး။ အထူးသဖြင့် သခင်မခြံဝန်းထဲက အစေခံလေးတွေကိုပေါ့။ သူတို့သာ အပြင်မှာ လျှောက်ပြောရဲရင် ငါကိုယ်တိုင် သူတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး”
“ဟုတ်ကဲ့။ ကျွန်တော်မျိုးမ သူတို့ကို လျှောက်မပြောအောင် သေချာတားမြစ်ထားလိုက်ပါမယ်”
“ပြန်တော့။ တကယ်လို့ တစ်ယောက်ယောက်က မေးလာရင် သခင်မက မြို့အပြင်က လင်အန်းဘုရားကျောင်းမှာ ရက်နည်းနည်းလောက် သွားနေတယ်လို့ ပြောလိုက်”
“ကျွန်တော်မျိုးမ နားလည်ပါပြီ”
အပြန်လမ်းတွင် ဖုန်းရှားသည် ခြံဝန်းထဲသို့ မဝင်ခင်မှာပင် အဘိုးကြီးတစ်ဦး၏ တားမြစ်ခြင်း ခံလိုက်ရ၏။
“ကောင်မလေး မင်းတို့ သခင်မရော” အဘိုးကြီးဝူထိုက မေးလာသည်။
ဖုန်းရှားသည် တည်တည်ငြိမ်ငြိမ်အမူအရာဖြင့် ယန်လိရူမှာကြားလိုက်သည့် စကားကို အဘိုးကြီးအား တစ်ကြိမ်ထပ်မံ ပြောပြလိုက်လေသည်။ “သခင်မက မြို့ပြင်က လင်အန်းဘုရားကျောင်းကို သွားပါတယ်။ ရက်နည်းနည်းလောက် တည်းမယ်လို့ ပြောသွားတယ်”
အဘိုးကြီးဝူက မျက်မှောင်အနည်းငယ် ကျုံ့လိုက်ကာ “အရင်တုန်းက ပြောသံ ဘာလို့ မကြားမိတာလဲ။ မင်းတို့ အစေခံမတွေလဲ လိုက်မသွားဘူးလား”
“သခင်မက ရုတ်တရက် ဆုံးဖြတ်လိုက်တာပါ။ သူက ကျွန်မတို့ သခင်ကြီးကိုပဲ ပြောသွားတာပါ”
“ဪ” ယန်လိရူက ဤကိစ္စကိုသိသည်ဟု ကြားလိုက်ရချိန်တွင် အဘိုးကြီးဝူသည်လဲ ထပ်ပြီး မမေးမြန်းတော့ဘဲ လက်နောက်ပစ်ကာ လမ်းလျှောက်ကာ ထွက်ခွာသွားတော့သည်။
ဖန်းယွီ ပျောက်ဆုံးသွားသည့် ဒုတိယနေ့တွင် အိမ်တော်ထဲ၌ မည်သည့် ထူးခြားမှုမှ မရှိခဲ့ချေ။ ရူဟွေ့နှင့် ဖန်းယွီတို့၏ အစေခံတစ်ချို့ကလွဲလျှင် အားလုံးက သူမသည် အပြင်သို့ ခရီးတစ်ခေါက် ထွက်သွားသည်ဟုသာ ထင်ကြလေသည်။
သို့သော်ငြား မနက်အစောတွင်တော့ မြို့တော်ဝန်သည် ကိုယ်တိုင် ရာဇဝတ်မှုဌာနသို့ ရောက်ရှိလာခဲ့လေသည်။
ယန်လိရူကို တွေ့ရချိန်တွင် ထိုမြို့တော်ဝန်၏ မျက်နှာမှာ အခက်တွေ့နေသည့် အရိပ်အယောင်များ ပေါ်လာပြီး အချိန်တော်တော်ကြာအောင် တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင်တော့ သူ၏ လာရင်းကိစ္စကို ထုတ်ပြောလာတော့၏။ “ယန်လူကြီးမင်း ကျိုးကျစ်လမ်းက ပြည်သူတွေဆီကနေ အမှုတစ်ခု သတင်းပို့လာတာကို လက်ခံရရှိခဲ့ပါတယ်။ အိမ်တစ်အိမ်က ညဖက် တံခါးမပိတ်ဘဲ ထားတာကို တွေ့ခဲ့ရပြီး သူခိုးဝင်သွားတယ်လို့ ဆိုပါတယ်။ ဝင်သွားပြီး မကြာခင်မှာဘဲ အဲဒီသူခိုးက လူသတ်မှုပါ၊ လူသတ်မှုပါလို့ အော်ဟစ်ပြီး တံခါးကနေ ထွက်ပြေးသွားခဲ့တယ်လို့ ပြောပါတယ်”
ယန်လိရူသည် အနည်းငယ် အံ့ဩသွားပုံရ၏။ “သေဆုံးသူက သိပ်မကြာခင်က ဖြစ်ပွားသွားတဲ့ သက်ရှိဖုတ်ကောင်အမှုနဲ့များ ပတ်သက်နေလို့လား”
မြို့တော်ဝန်သည် ပါးစပ်ထဲတွင် ခါးသက်သွားပြီး သတ္တိမွေးကာ ပြောလိုက်တော့သည်။ “အဲဒီ သေဆုံးသွားတဲ့လူက လူကြီးမင်းရဲ့ ဇနီး ဖြစ်ပုံရပါတယ်”
“ဘာ” ယန်လိရူမှာ မှင်သက်အံ့ဩသွားလေသည်။ “ခင်ဗျား ဘာပြောလိုက်တယ်”
မြို့တော်ဝန်က ခေါင်းကို ငုံ့ထားကာ ထိုအချိန်တွင် သူ့မျက်နှာကို မကြည့်ဝံ့ဘဲ လျင်မြန်စွာ ထပ်ပြီး ပြောလိုက်၏။ “အဲဒီ သေဆုံးသူက လူကြီးမင်းရဲ့ ဇနီးပါ”
ယန်လိရူသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ ထပ်မေးလိုက်၏။ “သူ ဘယ်လို ဆုံးသွားတာလဲ”
“လူကြီးမင်းရဲ့ဇနီးက လူတစ်ယောက်နဲ့ အငြင်းပွားမှု ဖြစ်ပွားခဲ့ပုံရပြီး လျှော်ကြိုးနဲ့ လည်ပင်းကို ညှစ်သတ်ခံခဲ့ရတာပါ။ သူ့ကိုယ်ပေါ်က ရွှေငွေရတနာတွေ အားလုံး ပျောက်ဆုံးနေပါတယ်။ အိမ်ထဲကို ဝင်သွားတဲ့ သူခိုးလေးဆီကနေ လူကြီးမင်းရဲ့ လက်ဝတ်ရတနာတွေကို ရှာမတွေ့ခဲ့ပါဘူး။ သူကလဲ ပစ္စည်းတစ်ခုခု ယူခဲ့ပါတယ်လို့ ဝန်မခံပါဘူး”
“အဲဒီအိမ်ပိုင်ရှင်က ဘယ်သူလဲ”
“... အိမ်ပိုင်ရှင်က နဉ်ချုံးလို့ ခေါ်တဲ့ လူတစ်ယောက်ပါ။ ဒီအိမ်က အစတုန်းကတော့ လူကြီးမင်းရဲ့ဇနီးက သူ့ကို လွှဲပြောင်းပေးထားတာပါ။ လူကြီးမင်းဇနီး သေဆုံးပြီးနောက်မှာ ဒီနဉ်ချုံးကလဲ ပျောက်ခြင်းမလှ ပျောက်သွားပါတယ်”
ကျောမှာ ချွေးစီးတွေတောင် ထွက်လာပြီ။ ငါက အမှုစစ်တာ ဒါပထမဦးဆုံး အကြိမ်မှ မဟုတ်တော့တာ။ ဒီအခြေအနေထိ စစ်ဆေးပြီးနေမှတော့ ဘာတွေ မရှင်းလင်းတာ ရှိအုံးမှာလဲ။
ယန်လူကြီးမင်းအိမ်က အဲဒီသခင်မက သူ့ကို သစ္စာဖောက်ခဲ့ရုံမကဘူး။ သူ့ချစ်သူက သတ်တာတောင် ခံလိုက်ရသေးတယ်။
ဒီကိစ္စသာ ပေါက်ကြားသွားခဲ့ရင် ယန်လူကြီးမင်းရဲ့ မျက်နှာ ဘယ်မှာ သွားထားရတော့မှာလဲ။
“စုန့်လူကြီးမင်း ဒီကိစ္စကို ကျွန်တော့်ကို လာအသိပေးတာ ကျေးဇူးတင်ပါတယ်။ ဒီအမှုက...“
မြို့တော်ဝန်ကလဲ အလောတကြီး ပြောလာခဲ့သည်။ “ဒီအမှုကို ရာဇဝတ်မှု ဌာနကိုပဲ လွှဲလိုက်ပါပြီ။ ယန်လူကြီးမင်း စိတ်ချပါ။ ကျွန်တော် ဒီအမှုရဲ့ အတွင်းရေးကို ဘယ်သူ့ကိုမှ မပြောရသေးပါဘူး”
ယန်လိရူသည် မသိမသာ ခေါင်းငြိမ့်ပြလိုက်လေသည်။
ရာဇဝတ်မှုဌာနက ဒီအမှုကို လက်ခံပြီးနောက် ယန်လိရူသည် အမှုကို သူ၏ အရင်းနှီးဆုံး လူယုံလက်ထဲသို့ အပ်လိုက်တော့သည်။
နောက်တစ်နေ့တွင် ထိုလူသည် လူသတ်သမား၏ သဲလွန်စကို ခြေရာခံခဲ့မိပြီး သူတို့က မြင်းလှည်းမောင်းကာ မြို့ပြင်သို့ ထွက်ခွာသွားပြီးနောက် ၂ ယောက်စလုံးသည် နေရာတွင်ပင် သတ်ဖြတ်ခံလိုက်ရလေသည်။
ထိုလူခေါ်ဆောင်သွားသည့် ရာဇဝတ်မှုဌာနက အရာရှိသည် မြင်းလှည်းပေါ်တွင် ယန်သခင်မ၏ လက်ဝတ်ရတနာများကို ရှာဖွေတွေ့ရှိခဲ့ပြီး မြင်းလှည်းထဲက အမျိုးသားမှာ ယန်သခင်မကို သတ်ခဲ့သည့် လူသတ်သမားဖြစ်ကြောင်းကို အတည်ပြု နိုင်ခဲ့၏။
ထို့နောက်တွင်တော့ မြင်းလှည်းထဲက အမျိုးသမီးမှာ ယန်သခင်မ၏ အနီးကပ်အစေခံမလေးဖြစ်ကြောင်း ထပ်မံ သိရှိခဲ့ရကာ ဤလူသတ်မှု၏ အကြောင်းအရင်းကိုလဲ ရှာဖွေ တွေ့ရှိခဲ့ကြလေသည်။
ယန်သခင်မ မွေးမြူထားသည့် ချစ်သူနှင့် သူမ၏ အနီးကပ် အစေခံမလေးတို့သည် အချင်းချင်း သံယောဇဉ်ငြိစွန်းခဲ့ကြပြီး ၂ ယောက်သားက အတူတူ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ကြသော်ငြားလည်း လမ်းစရိတ်မရှိသဖြင့် ယန်သခင်မက သူမ၏ ချစ်သူနှင့် ပျော်ပါးနေစဉ် သူမကို သတ်ဖြတ်ကာ ကိုယ်ပေါ်က တန်ဖိုးကြီး လက်ဝတ်ရတနာများကို ယူဆောင်ပြီး အတူတကွ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်း ဖြစ်လေသည်။
လူသတ်သမားနှင့် အပေါင်းအပါတို့သည်လဲ ဖမ်းဆီးမှုကို ခုခံသောကြောင့် နေရာတွင်ပင် အသတ်ခံလိုက်ရသဖြင့် ဒီအမှုသည် သံသယဖြစ်ဖွယ်ရာ တစ်စုံတစ်ရာမှ မရှိတော့ဘဲ အမှုပိတ်သိမ်းနိုင်မည် ဖြစ်လေသည်။
ယန်အိမ်တော်က လူများသည် ဖန်းယွီအိမ်တော်က ထွက်ခွာသွားသည့် တတိယနေ့ ရာဇဝတ်မှုဌာနက အရာရှိက အိမ်သို့ ရောက်ရှိလာပြီး သူမ၏ အလောင်းကို ယန်အိမ်တော်သို့ ပြန်လည်သယ်ဆောင်လာသည့် အချိန်မှသာ သူတို့၏ သခင်မသည် ဘုရားကျောင်းသို့ သွားခဲ့ခြင်း မဟုတ်ဘဲ အသတ်ခံလိုက်ရကြောင်းကို သိရှိကြရလေတော့သည်။
နောက်ဆုံးတွင် ဘိုးဘေးခန်းမမှ ပြန်လည်လွတ်မြောက်လာသည့် ယန်ချန်သည် မိခင်ဖြစ်သူ အသတ်ခံရသည့် သတင်းကို ကြားလိုက်ရသောအခါ မှင်သက်အံ့ဩသွားလေတော့သည်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကအထိ အကောင်းအတိုင်း ရှိနေသေးတဲ့လူက ဘယ်လိုလုပ်ပြီးတော့ ရုတ်တရက် သေသွားရတာလဲ။
သူသည် မျက်လုံးများ နီရဲကာ ထိုရာဇဝတ်မှုဌာနက အရာရှိ၏ လက်မောင်းကို ဖမ်းဆုပ်ပြီး အော်ဟစ်ကာ ပြောလေတော့သည်။ “တကယ်ပဲ ငါ့အမေက ဘယ်လိုကြောင့် သေသွားရတာလဲ”
ထိုအရာရှိသည် တွန့်ဆုတ်နေပြီး တစ်စုံတစ်ခုကို ထုတ်ပြောဖို့ရန် ငြင်းဆန်လိုက်၏။
ယန်ချန်သည် ဒီကိစ္စထဲတွင် နောက်ကွယ်က လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ဟု ထင်မိသွားပြီး ထိုသူ၏ အင်္ကျီကော်လံကို ဆွဲဆောင့်လိုက်ကာ “မင်း ပြောမှာလား။ မပြောဘူးလား။ ယုံချင်ယုံ မယုံချင်နေ။ ငါ မင်းကို အခု သတ်ပစ်လိုက်လို့ရတယ်!”
ထိုအရာရှိသည် မတတ်သာတော့ဘဲ နောက်ဆုံးတော့ အသံအကျယ်ကြီးဖြင့် အော်ဟစ်ကာ ပြောလိုက်တော့သည်။ “ယန်သခင်မက သူ့ချစ်သူနဲ့ အနီးကပ် အစေခံမလေးတို့ သတ်လိုက်လို့ သေသွားတာပါ”
မူလက ဆူညံနေသည့် ငိုယိုသံများသည် တစ်ခဏချင်း ပျောက်ကွယ်သွားလေတော့သည်။
သတင်းကို ကြားပြီး အပြေးအလွှား ရောက်လာသည့် အဘိုးကြီးဝူ၏ ခြေလှမ်းများသည်လဲ ရပ်တန့်သွားကာ မျက်နှာ အမူအရာမှာ တော်တော်လေးကို အံ့အားသင့်သွားလေသည်။
ငါ့ကို မြို့စားကြီးက ဖန်းယွီကို ကာကွယ်ပေးဖို့ လွှတ်လိုက်တာ မှန်ပေမဲ့ အချိန်တိုင်း အနီးကပ် ကာကွယ်ပေးနေနိုင်တာမှ မဟုတ်တာ။
တစ်ခါတစ်လေ ဖန်းယွီက မလိုအပ်ဘူးလို့ ပြောလာရင် သူကလဲ လိုက်ပါသွားတာမျိုး မရှိခဲ့ဘူး။
ဖန်းယွီက ငါ့ကို မလိုက်ခိုင်းတဲ့ အချိန်တွေမှာ သူ့ချစ်သူနဲ့ သွားတွေ့ဖို့ဆိုတာကို လုံးဝတောင် မစဉ်းစားမိခဲ့ဖူးဘူး။
အဘိုးကြီးဝူ သည် ထိုရာဇဝတ်ဌာနက အရာရှိ၏ တစ်ဖက်သတ်စကားကို မယုံကြည်ဘဲ ရှေ့သို့ တက်လာကာ ဖန်းယွီ၏ ကိုယ်ပေါ်တွင် လွှမ်းခြုံထားသည့် ပိတ်စဖြူကို လှန်ပြီးစစ်ဆေး ကြည့်ရှုလိုက်လေသည်။
ဖန်းယွီ၏ နောက်စေ့တွင် ထိခိုက်ဒဏ်ရာတစ်ချက် တွေ့ခဲ့သော်ငြားလည်း ထိုဒဏ်ရာကြောင့် သေဆုံးခြင်း မဟုတ်ဘဲ လည်ပင်းညှစ်သတ်ခံရကာ သေဆုံးခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူသည် ဖန်းယွီမသေဆုံးမီက ဖြစ်စဉ်ကို အလွယ်တကူ တွေးဆနိုင်လေသည်။ သူမသည် တွန်းလှဲခံလိုက်ရပြီး နောက်စေ့နှင့် ဆောင့်မိခဲ့ပြီးနောက် လူသတ်သမားက လျှော်ကြိုးဖြင့် သူမကို လည်ပင်းညှစ်သတ်ခဲ့ခြင်းဖြစ်၏။
နားရွက်နှင့် လည်ပင်းပေါ်က အစင်းရာများက လက်ဝတ်ရတနာများ ဆွဲဖြုတ်ခံလိုက်ရသဖြင့် ကျန်ရစ်နေခဲ့ခြင်း ဖြစ်ပြီး ထိုလူသတ်သမားသည် လူသတ်ပြီးနောက်တွင် သူမ၏လက်ဝတ်ရတနာများကို လုယူသွားခဲ့ခြင်းဖြစ်မည်။
အဘိုးကြီးသည် မတ်တပ်ထရပ်လိုက်ပြီး နောက်ဆုံးမှ အိမ်တော်ထဲသို့ ဝင်လာသည့် ယန်လိရူကို ကြည့်ကာ စွပ်စွဲနေသည့် လေသံဖြင့် မေးလိုက်တော့သည်။ “ယန်လူကြီးမင်း ကျွန်တော်တို့ သခင်မလေး အသတ်ခံရတယ်။ ဒီလောက်ကြီးမားတဲ့ ကိစ္စကို ဘာဖြစ်လို့ ကျွန်တော့်ကို အသိမပေးတာလဲ”
ယန်လိရူ၏ မျက်နှာထားမှာ ယခင်ကထက် ပိုလို့ပင် ရှုံ့မဲ့သွားလေတော့သည်။ “ခင်များက တစ်နေ့လုံး သခင်မနောက်ကို လိုက်နေတာ။ သူ အိမ်တော်ကနေ ခဏခဏ ထွက်သွားတာ၊ ဘယ်နေရာကို သွားတယ်ဆိုတာကို ဘာဖြစ်လို့ ကျုပ်ကို မပြောပြရတာလဲ”
အဘိုးကြီးဝူမှာ ချက်ချင်းဆိုသလို ဒေါသထွက်သွားလေတော့သည်။ “ကျွန်တော် ဒီကိစ္စကို မသိပါဘူး”
“ဒါဆိုရင် ကျုပ်ကရော သိသင့်လို့လား” ယန်လိရူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်လေသည်။ “သူ ညဖက် အိမ်မပြန်ဘူး။ ကျုပ်က သူ့ရဲ့ ဂုဏ်သိက္ခာအတွက် သူ့ကို အကြောင်းပြချက် ရှာပေးခဲ့တယ်။ နောက်ဆုံးတော့ရော ဘာဖြစ်သွားလဲ။ မနေ့က မြို့တော်ဝန်က အိမ်ကို ရောက်လာတုန်းက ကျုပ်ဘာတွေ တွေးနေခဲ့လဲ ဆိုတာ ခင်များ သိရဲ့လား”
အဘိုးကြီးဝူမှာ နှုတ်ဆိတ်သွားလေတော့သည်။
“ကျုပ်ရဲ့ မျက်နှာကို သူ အိုးမဲသုတ်သွားခဲ့တာလေ” ယန်လိရူသည် မျက်နှာထားတင်းမာလျက် တစ်လုံးချင်းစီ ပြောလိုက်လေသည်။
ထိုအခိုက်အတန့်တွင် အမြဲတမ်း ထောင်လွှားနေတတ်သည့် ယန်ချန်ပင်လျင် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
တော်တော်လေးကြာမှ ယန်လိရူ၏ စိတ်အခြေအနေတို့သည် တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာပြီး ပြောလာ၏။ “ဒီအမှုက သံသယရှိသူ ၂ ယောက်ကို ဖမ်းဆီးပြီး ခုခံလို့ နေရာမှာတင် သတ်ပစ်လိုက်ပြီ။ ဒီအမှုက ပြီးဆုံးသွားပြီ”
စကားဆုံးသွားသည်နှင့် သူသည် ဘေးသို့ လှည့်ကာ လှမ်းခေါ်လိုက်၏။ “အိမ်တော်ထိန်း”
“သခင်ကြီး”
“သခင်မရဲ့ ဈာပနကို စီစဉ်လိုက်”
“ဟုတ်ကဲ့”
ယန်လိရူသည် အဘိုးကြီးဝူကို ထပ်ပြီး ကြည့်လိုက်ကာ “ခင်များမှာ တခြား မေးစရာရှိသေးလား”
ငါက ယန်လိရူက သူ့လက်အောက်ငယ်သားတွေကို သံသယရှိတဲ့ သူ ၂ ယောက်ကို သတ်ခိုင်းတဲ့ အပြုအမူကို မေးခွန်း ထုတ်မလို့ဘဲ ဒါပေမဲ့ ပြန်စဉ်းစားကြည့်လိုက်တော့ သူ့လုပ်ရပ်ကို နားလည်နိုင်နေသလိုပဲ။
တကယ်လို့ သံသယရှိသူတွေက မသေဘဲ ရာဇဝတ်ဌာနရဲ့ အကျဉ်းထောင်ထဲ ရောက်သွားပြီး စစ်ဆေးမေးမြန်းလို့ ထွက်ဆိုချက်တွေ ရလာရင် ကျန်းပေမြို့စားရဲ့ သမီးက တစ်ပါးသူနဲ့ ဖောက်ပြန်ရင်း အသတ်ခံရတဲ့ ကိစ္စက ဖုံးကွယ်ထားလို့ ရတော့မှာ မဟုတ်ဘူး။
အဲဒီအချိန်ကျရင် ယန်လိရူတစ်ယောက်ထဲ မျက်နှာပျက်ရုံမကဘူး။ ငါတို့ရဲ့ မြို့စားကြီးလဲ မျက်နှာပျက်ရတော့မှာ။
အဆုံးတွင်တော့ သူသည် “မရှိတော့ပါဘူး” ဟုသာ ဆိုနိုင်တော့သည်။
ယန်အိမ်တော်၏ ဈာပနအခမ်းအနားကို အကျဉ်းချုံးကျင်းပခဲ့သဖြင့် ပတ်ဝန်းကျင်က ပြည်သူများသည် ဘာဖြစ်ပျက်ခဲ့သည်ကို မသိရှိခဲ့ကြဘဲ ပြည်သူ့တရားရှင်ယန်၏ ဇနီးသည် မကြာသေးခင်က ကံဆိုးမိုးမှောင်ကျကာ လူဆိုးတို့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟုသာ သိရှိကြရတော့သည်။
နောက်တစ်နေ့ ဖန်းယွီ၏ ဈာပနပွဲနေ့တွင် ပြည်သူအများအပြားသည် ပြည်သူ့တရားရှင်ယန်၏ မျက်နှာကို ထောက်ထားကာ လမ်းဘေးတွင် ဆုတောင်းမှုများ ပြုလုပ်ပေးကြပြီး တစ်ခဏအတွင်းတွင် တိတ်ဆိတ်ငြိမ်သက်ကာ ဝမ်းနည်းဖွယ်ရာ အခြေအနေလေး ဖြစ်သွားလေတော့သည်။
အားချန်သည် ယန်သခင်မ၏ ဒုတိယနေ့ ဈာပနအခမ်းအနားနေ့တွင်တော့ လက်ဖက်ရည်ဆိုင်တွင် ပြည်သူ့တရားရှင်ယန်၏ အမှုစစ်ဆေးသည့် ဇာတ်လမ်းများကို နားထောင်နေချိန်၌ ဘေးစားပွဲက လူတစ်ယောက်က ပုံပြောဆရာကို မေးမြန်းလိုက်သည်ကို ကြားလိုက်ရ၏။ “ဆရာကြီးလျို လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ပြည်သူ့တရားရှင်ယန်ရဲ့ ဇနီး အသတ်ခံရတယ်လို့ ကြားမိတယ်။ အဲဒါ အမှန်ပဲလား”
ထိုပုံပြောဆရာက ဖြူဖွေးနေသည့် သူ့မုတ်ဆိတ်မွှေးများကို သပ်လိုက်ကာ “အမှန်ပါပဲ”
ပတ်ဝန်းကျင်သည် ချက်ချင်းဆိုသလို အုန်းအုန်းကျွပ်ကျွပ်ဖြစ်သွားကာ တစ်စုံတစ်ယောက်က အော်ပြောလိုက်လေသည်။ “ဧကန္တ ပြည်သူ့တရားရှင်ယန်က ပြည်သူတွေအတွက် တရားမျှတမှုကို ရှာဖွေပေးရင်း အာဏာရှိသူတွေကို သွားပြီး ထိခိုက်မိလို့ အဲဒီလူတွေက ယန်သခင်မကို တိတ်တဆိတ် လုပ်ကြံလိုက်တာလား မသိဘူးနော်”
“ဒါတော့ ဒီအဘိုးကြီးလဲ မသိပါဘူး။ ဒါပေမဲ့ အားလုံးစိတ်ပူဖို့ မလိုပါဘူး။ ယန်သခင်မ အသတ်ခံရပြီး သိပ်မကြာခင်မှာဘဲ လူသတ်သမားကို ဥပဒေအရ အရေးယူပြီးသွားပါပြီ။ ပြည်သူ့တရားရှင်ယန်က ဘယ်လူဆိုးကိုမှ အလွတ်ပေးမှာ မဟုတ်ပါဘူး”
မြေပဲစေ့လေးကို ခြွေနေသည့် အားချန်၏ လက်မှာ ခဏလောက် တုံ့ဆိုင်းသွားပြီး သူမ၏ နားထဲတွင်လဲ “လူကောင်းတွေက ကံမကောင်းပါလား” ဟူသည့် အသံများဖြင့် ပြည့်နှက်သွားတော့သည်။
သူမသည် မြေပဲခွံကို သေသေချာချာလေး ဖိခွဲလိုက်ပြီး အတွင်းက အနီရောင် မြေပဲစေ့ ၃ စေ့ကို ရွေးထုတ်လိုက်၏။ ထို့နောက်တွင်တော့ အပေါ်က မြေပဲအခွံကို ပွတ်သပ်ကာ ဖယ်ရှားလိုက်ပြီး တစ်စေ့ချင်းစီ ပါးစပ်ထဲသို့ ထည့်ကာ ဖြည်းညှင်းစွာ ဝါးစားလိုက်လေတော့သည်။
မြေပဲလှော်သည် အလွန်မွှေးကြိုင်လှပြီး ကြားလိုက်ရသည့် ဇာတ်လမ်းနှင့် တွဲဖက်လိုက်သောအခါ ပိုလို့ပင် အရသာ ရှိသွားသေးသည်။
ပုံပြောဆရာက ဒုတိယပိုင်း ဇာတ်လမ်းမဆုံးခင်မှာပင် အားချန်သည် ကျသင့်ငွေကို ရှင်းပြီးနောက် လက်ဖက်ရည်ဆိုင်မှ ထွက်ခွာလာခဲ့တော့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ဖုန်းယန်သည် တံခါးသော့တစ်ချောင်းနှင့် မြေဂရံ၊ အိမ်ဂရံတစ်ထပ်ကို လာရောက် ပို့ဆောင်ပေးခဲ့သည်။ ထိုအရာအားလုံးမှာ ကျိချန်၏ မိခင်ချန်ထားခဲ့သည့် လက်ဖွဲ့ပစ္စည်းများ ဖြစ်၏။
သူမသည် ဤရက်များအတွင်းတွင် ထိုလက်ဖွဲ့ပစ္စည်းများကို စုစည်းနေခဲ့ပြီး မြို့ပြင်က လယ်မြေစိုက်ခင်းများသို့ မသွားခဲ့ရသည်ကလွဲလျှင် တခြားသောစိုက်ခင်းများ၊ အိမ်တော်များ အားလုံးသို့ တစ်ခေါက်စီ သွားရောက်ခဲ့ပြီး ဆိုင်ခန်း ငှားရမ်းခဲ့သည့် ဆိုင်ရှင်များနှင့်လဲ ငှားရမ်းခြင်းဆိုင်ရာ စာချုပ်အသစ်ကို ပြန်လည် ချုပ်ဆိုခဲ့လေသည်။
ယနေ့တွင်တော့ သူမသည် အားလပ်ချိန်အနည်းငယ် ရရှိခဲ့သဖြင့် ပြဇာတ်ကောင်းတစ်ပုဒ်ကို နားထောင်လိုက်ရ၏။
ချန်ဟွေ့(ရူဟွေ့)က ယန်အိမ်တော်မှာ နေရတာ အဆင်ပြေနေလောက်တယ်။ သူ ဘယ်တော့မှ ယန်အိမ်တော်ကနေ ထွက်လာမလဲ မသိဘူး။ ပြီးတော့ ဘယ်လို လွတ်မြောက်အောင် လုပ်မှာလဲ မသိဘူး။
ဤအတွေးသည် အားချန်၏ ဦးနှောက်ထဲသို့ ခဏလောက် ဖြတ်ပြေးသွားပြီး သေသေချာချာလေး မစဉ်းစားရသေးခင်မှာပင် သူမ၏ ဆိုင်ခန်းအပြင်ဖက်တွင် အနည်းငယ် ရင်းနှီးသည့် အရိပ်တစ်ခုက ရပ်နေသည်ကို တွေ့လိုက်ရ၏။
အနားသို့ အချိန်မှသာ အားချန်သည် အနည်းငယ် အံ့ဩသွားပြီး တစ်ဖက်လူ၏ နာမည်ကို လှမ်းခေါ်လိုက်တော့သည်။ “ကျောက်ဝမ်ယွဲ့ နင် ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ”
ကျောက်ဝမ်ယွဲ့က လှည့်ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည့် အားချန်ကို မြင်လိုက်ရချိန်တွင် မျက်ဝန်းထဲ၌ မနာလိုမှုတစ်ချက် ဖြတ်ပြေးသွားလေတော့သည်။
ငါက ရွှဲအိမ်တော်မှာ အဲဒီအဘွားကြီး နှိပ်စက်တာကို ခံနေရလို့ တစ်နေ့လုံး ကောင်းကောင်းမနားရဘဲ လူတောင်မှ တော်တော်လေး ပိန်ကျသွားတယ်။ ကျိချန်ကတော့ အရင်ကထက်တောင် ပိုပြီး တောက်ပလာပါလား။
တကယ်လို့သာ ငါ့အိမ်မှာ အပြောင်းအလဲ မဖြစ်ခဲ့ဘူးဆိုရင် ငါက ကျိချန်ထက် ပိုကောင်းတဲ့ ဘဝကိုတောင် ဖြတ်သန်းရအုံးမှာ။
အားချန်သည် သူမ၏ မျက်ဝန်းထဲက စိတ်ခံစားချက်ကို မြင်ဖြစ်အောင် မြင်လိုက်သော်ငြားလည်း စိတ်ထဲတွင် ထားမနေဘဲ တံခါးရှေ့သို့ ရောက်လာချိန်၌ မေးမြန်းလိုက်တော့သည်။ “ပြောင်မေ့က ဒီနေ့ ဘယ်လိုလုပ်ပြီးငါ့ကို လာရှာတာလဲ။ ဘာကိစ္စရှိလို့လဲ”
သူမက မေးရင်းဖြင့် တံခါးသော့ကို ဖွင့်လိုက်၏။
အခန်းတံခါး ပွင့်သွားသည်နှင့် ချက်ချင်း အခန်းထဲက သစ်နံကိုင်းရနံ့ သင်းသင်းတစ်ချက် ထွက်ပေါ်လာပြီး ထိုရနံ့ထဲတွင် အေးမြသည့် အငွေ့အသက်လေးတစ်ချက် ပါဝင်နေလေသည်။ ထိုအရာမှာ သိပ်မကြာသေးခင်က နဂါးလှေပွဲတော်အတွက် အားချန် အထူးပုံဆွဲထားသည့် မကောင်းဆိုးရွားနှင်ထုတ်သည့် အမွှေးနံ့သာလုံး ဖြစ်လေသည်။
အတွင်းဖက်တွင် ပူစီနံ၊ သစ်နံကိုင်၊ တခြားဆေးပင်များကိုသာ အသုံးပြုထားပြီး ဖော်စပ်ထားပြီးနောက် ထွက်လာသည့် ရနံ့သည် အမွှေးနံ့သာမှုန့်များ ထည့်ထားသည့် မကောင်းဆိုးရွားနှင်ထုတ်သည့် အမွှေးအိတ်ထပ်ပင် ပိုလို့ ရနံ့သင်းပျံ့နေသေးသည်။
နဂါးလှေပွဲတော် မတိုင်မီ ရက်အနည်းငယ် အလိုတွင် မကောင်းဆိုးရွားနှင်ထုတ်သည့် အမွှေးနံ့သာလုံးများမှာ အလွန် ရောင်းကောင်းခဲ့ပြီး ဈေးပေါပေါဖြင့် ရောင်းချခဲ့သဖြင့် ငွေအများကြီး မမြတ်သော်ငြားလည်း ဆိုင်ကတော့ နာမည်ရလာခဲ့သည်။
ကျောက်ဝမ်ယွဲ့သည်လဲ ဤရနံ့ကို အလွန် သဘောကျပုံရကာ မေးလာခဲ့သည်။ “ဒါက ဘာအနံ့လဲ”
“ဒါ ငါ ကိုယ်တိုင်ဖော်စပ်ထားတဲ့ အမွှေးနံ့သာလုံးပဲ” အားချန်သည် ကောင်တာပေါ်က အမွှေးအိတ်တစ်ခုကို ယူကာ ကျောက်ဝမ်ယွဲ့ထံသို့ လှမ်းပေးလိုက်၏။
ကျောက်ဝမ်ယွဲ့က သူမ၏ လက်ထဲက အမွှေးအိတ်လေးကို အနည်းငယ် မနှစ်မြို့သလို ကြည့်လိုက်ပြီး အနားသို့ ကပ်ကာ အပေါ်မှနေ၍ အနံ့ကို လှမ်းရှူကြည့်လိုက်သည်။ “ဒါ နင် ကိုယ်တိုင်လုပ်ထားတဲ့ အမွှေးနံ့သာလုံးလား”
“ဟုတ်တယ်” အားချန်က နောက်တစ်ကြိမ် ထပ်ပြီး မေးလိုက်သည်။ “ပြောင်မေ့ ဒီနေ့ ဘာကိစ္စရှိလို့လဲ”
“ဘာကိစ္စမှ မရှိရင် နင့်ဆီကို လာလို့ မရဘူးလား” ကျောက်ဝမ်ယွဲ့၏ အသံသည် အတော်ပင် မရိုမသေ နိုင်လှသည်။ ထို့နောက်တွင်တော့ ချောင်းတစ်ချက်ဟန့်ကာ ပြောလာခဲ့၏။ “တကယ်တော့ ဘာမှ မဟုတ်ပါဘူး။ နင် ဘယ်လိုနေထိုင်နေလဲ ဆိုတာကို လာကြည့်တာ”
ငါက တကယ်တော့ အားချန်နဲ့ စကားလာပြောချင်တာ။ ရွှဲအိမ်တော်မှာ နေရတဲ့ ဘဝက ထင်ထားတာနဲ့ လုံးဝ တခြားစီပဲ။ ရွှဲလန်က ငါ့အပေါ်မှာ အမြဲတမ်းကောင်းပေမဲ့ ရွှဲအဘွားကြီးကတော့ အရမ်းကို အကြောတင်းတာ။ နေရာတကာမှာ ငါ့ကို အခက်တွေ့အောင် လုပ်ရုံတင်မကဘူး။ ငါ့ရဲ့ လက်ဖွဲ့ပစ္စည်းတွေကိုမှ လာပြီး လောဘတက်နေသေးတယ်။
ကျောက်ဝမ်ယွဲ့သည် တစ်နေ့လုံး ထိုအဘွားကြီးနှင့် အငြင်းပွားနေရပြီး ရွှဲလန်သည်လဲ မကြာသေးမီက အလွန် အလုပ်များနေသဖြင့် သူမ၏ ညည်းညူသံများကို နားထောင်ချင်စိတ်မရှိဘဲ သူမကိုသာ အမြဲတမ်း သီးခံခိုင်းနေလေသည်။ သူမသည် စိတ်ထဲတွင် မွန်းကြပ်နေသော်ငြားလည်း မည်သူ့ကို ရင်ဖွင့်ရမည် မသိတော့ချေ။
မိခင်ဖြစ်သူကလဲ မရှိတော့ပေ။ ယခင်က သူငယ်ချင်းကောင်းများသည်လဲ သူမက တစ်ပါးသူ၏ မယားငယ် ဖြစ်သွားသည်ကို သိခဲ့ရပြီးနောက် သူမနှင့် အဆက်သွယ်ဖြတ်တောက်သွားခဲ့ကြသည်။ စဉ်းစားကြည့်လိုက်သောအခါ ကျိချန်တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
အားချန်က ပြုံးကာ သူမ၏ သဘောကို စိတ်ထဲတွင် မထားဘဲ ပြောလိုက်လေသည်။ “ပြောင်မေ့ ထိုင်အုံးလေ”
သူမက ကျောက်ဝမ်ယွဲ့ကို ထိုင်ခိုင်းလိုက်ပြီး ထပ်ပြီး မေးလိုက်၏။ “ပြောင်မေ့က သိပ်မကြာခင်က စိတ်ညစ်စရာ ကိစ္စတွေနဲ့ ကြုံနေရလို့လား”
ကျောက်ဝမ်ယွဲ့၏ မျက်လုံးများသည် လင်းလက်သွားလေတော့သည်။
“ဒါပေမဲ့ အဲဒီကိစ္စက ရွှဲလူကြီးမင်းနဲ့ ပတ်သက်နေလို့လား”
ကျောက်ဝမ်ယွဲ့က ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်တော့၏။ ထို့နောက်တွင်တော့ ရွှဲအဘွားကြီး၏ အကျည်းတန်လှသည့် မျက်နှာအကြောင်းပြောပြပြီး ရွှဲမင်ထန်အကြောင်းကိုလဲ ထပ်မံ ပြောပြလာလေသည်။
“ရှန့်ကုံး(ခင်ပွန်း) က သိပ်မကြာခင်တုန်းက အရမ်းစိတ်တိုတတ်လာတယ်။ ညဖက်ဆိုရင်လဲ ကောင်းကောင်း အိပ်မပျော်ဘူး။ အစေခံမလေး ပြောတာတော့ သူ အေးအေးဆေးဆေး မအိပ်ရတာ ရက်တော်တော်ကြာနေပြီတဲ့”
“ဒီလောက်တောင် အခြေအနေဆိုးနေတာပဲ။ ပြောင်မေ့က ရွှဲလူကြီးမင်းရဲ့ အနီးကပ်ဆုံးလူပဲလေ။ အကြောင်းအရင်းကိုရော သိရလား” အားချန်က စိတ်ဝင်စားသည့် အမူအရာ ပြလိုက်လေသည်။
အားချန်၏ စကားသည် ကျောက်ဝမ်ယွဲ့ကို အလွန် ကျေနပ်သွားစေပြီး သူမကလဲ သိသမျှ အကုန်အစင် ဖွင့်ဟ ပြောပြလေတော့သည်။
“နင် သက်ရှိဖုတ်ကောင် အမှုအကြောင်းကို သိပါတယ်။ အဲဒီအမှုက ရှန့်ကုံး အမြဲတမ်း တာဝန်ယူထားရတာလေ။ ဘယ်လိုဖြစ်မှန်းမသိဘူး။ အဲဒီသက်ရှိဖုတ်ကောင်က အရမ်း ကောက်ကျစ်တာ။ အစတုန်းကတော့ ချန်းဖိင်ဖန်းမှာ ရှိနေရာကနေ အခု ချန်လဲ့ဖန်းကို သွားပုန်းနေတယ်။ အခုထိတောင်မှ ဖမ်းမမိသေးဘူးတဲ့”
အားချန်သည် အနည်းငယ် အံ့ဩသွားလေသည်။ ချန်လဲ့ဖန်းဆိုတာ ယန်အိမ်တော်ရှိတဲ့ ရပ်ကွက်မဟုတ်ဘူးလား။
အဲဒီသက်ရှိဖုတ်ကောင်က အစတုန်းက ချန်းဖိင်ဖန်းမှာ ပေါ်လာတုန်းက အားချန်က စိတ်ထဲမှာတော့ မရှိပါဘူး။ မတော်တဆ ဖြစ်ရပ်တစ်ခုလို့ပဲ ထင်ခဲ့တာ။ အခုကြည့်ရတာတော့ သူက ချန်ဟွေ့(ရူဟွေ့)ကို လိုက်ရှာနေသလိုပဲ။
ချန်ဟွေ့မှာ ဘာထူးခြားတာတွေ ရှိနေလို့လဲ။
သူက ချန်ဟွေ့ကို ကိုက်သတ်ခဲ့တယ်။ သူ့ရဲ့ သွေးသားကို မျိုချခဲ့တယ်...
အားချန်၏ မျက်ခုံးလှလှလေးသည် မသိမသာ မြင့်တက်သွားလေသည်။ ချန်ဟွေ့ရဲ့ သွေးသားထဲမှာ နဂါးရိုးအမှုန့်တွေ ပျော်ဝင်နေတယ်။ အဲဒီသက်ရှိဖုတ်ကောင်က နဂါးရိုးအမှုန့်ကို ပစ်မှတ်ထားပြီး လာတာတော့ မဟုတ်လောက်ပါဘူးနော်။
ဒါပေမဲ့ အဲဒီလိုဆိုရင်လဲ သူက ငါ့ကို ပြစ်မှတ်ထားသင့်တာ မဟုတ်ဘူးလား။
ဒါမှမဟုတ် ... သူ လိုချင်တာက သွေးသားတွေနဲ့ ရောစပ်နေတဲ့ နဂါးရိုးမှုန့် ဖြစ်နိုင်တယ်။ သူ အခု ချန်ဟွေ့ကို တိုက်ခိုက်လို့ မရသေးတာက ချန်ဟွေ့ကိုယ်ပေါ်က အနံ့က ဖုံးကွယ်ထားလို့ ဖြစ်နိုင်တယ်။ အနံ့က အရမ်းဖျော့နေတော့ သူပစ်မှတ်ကို တိတိကျကျ ရှာမတွေ့နိုင်တာ ဖြစ်မယ်။
အားချန်သည် ရုတ်တရက် ပြုံးမိသွားလေသည်။ ဤခန့်မှန်းချက်က သူ့ကို အတွေးသစ်တချို့ ရရှိသွားစေတော့၏။
“နင် ဘာရယ်တာလဲ” ကျောက်ဝမ်ယွဲ့မှာ နားမလည်နိုင်စွာဖြင့် မေးလေတော့သည်။
“ဘာမှ မဟုတ်ပါဘူး” အားချန်က စကားလမ်းကြောင်းပြောင်းလိုက်ကာ “ရွှဲလူကြီးမင်းက ပုံမှန်နေ့တွေမှာ ဖိအား အရမ်းများလို့ တစ်ညလုံး အိပ်မပျော်တာ ဖြစ်ပါလိမ့်မယ်။ ဒါက ဖြေရှင်းရ မခက်ပါဘူး”
“နင့်မှာ နည်းလမ်းရှိလို့လား” ကျောက်ဝမ်ယွဲ့က ချက်ချင်း မေးလိုက်၏။
“ငါက ပြောင်မေ့အတွက် စိတ်ငြိမ်စေတဲ့ အမွှေးနံ့သာမှုန့်တစ်ချို့ ဖော်စပ်ပေးလို့ရတယ်။ ပြောင်မေ့က ညတိုင်း ရွှဲလူကြီးမင်းအတွက် ထွန်းပေးလိုက်ရင် အိပ်ပျော်အောင် အကူအညီဖြစ်မှာပါ”
“နင့်မှာ ဒီလောက် စိတ်ကောင်းရှိလို့လား။ ငါ မှတ်မိသလောက်တော့ နင်နဲ့ ရွှဲအိမ်တော်က အမြဲတမ်း မတည့်ကြပါဘူး” ကျောက်ဝမ်ယွဲ့သည် ရှားရှားပါးပါး လည်သွားလေသည်။
အားချန်၏ အမူအရာကတော့ တည်ငြိမ်နေဆဲဖြစ်ကာ “ငါက ရွှဲအိမ်တော်က လူတွေနဲ့ မတည့်တာ မှန်တယ်။ ဒါပေမဲ့ ငါက ငွေကို ပိုလိုချင်တယ်။ အထူးဖော်စပ်ထားတဲ့ အမွှေးနံ့သာမှုန့်က ဈေးမပေါဘူး။ စရံငွေ ၅ လျန်၊ ပစ္စည်းရတဲ့အခါ နောက်ထပ် ၁၀ လျန် ပေးရမယ်။ အာနိသင်မပြရင် ငွေပြန်အမ်းမယ်။ အမွှေးနံ့သာမှုန့်ကို နင်ကြိုက်တဲ့ သူဆီမှာ သွားစစ်ဆေးခိုင်းလို့ရတယ်။ ဘယ်လိုလဲ”
ကျောက်ဝမ်ယွဲ့သည် အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ သဘောတူလိုက်တော့၏။ ငွေ ၁၅ လျန်သာ ဖြစ်သဖြင့် သူမ အတွက်တော့ ပမာဏ မဖြစ်စလောက်ပင်။
“ကောင်းပြီလေ။ ငါ ဘယ်တော့ အမွှေးနံ့သာမှုန့်လာယူရမှာလဲ”
“သဘက်ခါလာခဲ့”
ဒီနေ့တွင်တော့ အားချန်သည် အမဲလိုက်မုဆိုးဆိုင်ကို တစ်ခေါက်သွားရပေမည်။ အထူး အမွှေးနံ့သာ ၂မျိုးကို သွားဝယ်ရမည်။ မနက်ဖြန် ဆိုလျှင်တော့ ရွှဲမင်ထန်အတွက် အထူးပြင်ဆင်ထားသည့် အမွှေးနံ့သာမှုန့်ကို ဖော်စပ်နိုင်လောက်သည်။
ကျောက်ဝမ်ယွဲ့က ငွေတုံးငယ်လေး တစ်တုံးကို အားချန်ထံသို့ ပစ်ပေးလိုက်ကာ “ဒါဆိုရင်လဲ ကောင်းပြီလေ။ သဘက်ခါ ငါ နင့်ဆီ ထပ်လာခဲ့မယ်”
ကျောက်ဝမ်ယွဲ့က ပြန်တော့မည် ပြင်လိုက်သည်ကို တွေ့လိုက်ရသောအခါ အားချန်ကလဲ သူမကို လှမ်းတားလိုက်ပြီး အမွှေးနံ့သာလုံး ၂ လုံး ထည့်ပေးလိုက်၏။ “ပြောင်မေ့ ကြည့်ရတာ အများကြီး ပိန်သွားတာပဲ။ ညဖက် အိပ်မပျော်လို့ များလား။ ဒီအမွှေးနံ့သာလုံး ၂ လုံးကို ကုတင် ခေါင်းရင်းမှာ ချိတ်ထားလိုက်။ ဒါဆိုရင် ကောင်းကောင်းလေး အိပ်ပျော်သွားလိမ့်မယ်”
ကျောက်ဝမ်ယွဲ့က သူမ၏ အမွှေးနံ့သာလုံးများကို ယူကာ ပြန်သွားလေတော့သည်။
အားချန်က တံခါးနားတွင် ရပ်ကာ ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ပြီး မျက်စိတစ်ဆုံး လိုက်ပို့ပေးလိုက်သည်။ အဲဒီ အမွှေးနံ့သာလုံး ၂ လုံးက အာနိသင်ကောင်းတဲ့ စိတ်ငြိမ်တဲ့ အမွှေးနံ့သာတွေပဲ။ အဲဒါကို သုံးပြီးသွားရင်တော့ သူ ငါ့ရဲ့ အမွှေးနံ့သာဖော်စပ်တဲ့ လက်ရာကို ပိုပြီး ယုံကြည်သွားလောက်ပါတယ်။
...