← Chapters

သူ့ဘက်က အရင်ဆုံး မြူဆွယ်တာ

Vol. 4 Ch. 36

သူ့ဘက်က အရင်ဆုံး မြူဆွယ်တာ

Vol. 4 Ch. 36

မွန်းလွဲပိုင်းတွင် အားချန်လေ မင်းလမ်းမုဆိုးဆိုင်သို့ ထပ်သွားလိုက်ပြီး ကျူးဖေးရွှယ့်ချောင် (သွေးဆူမြက်ပင်) သုံးပင်ကို ဝယ်လာခဲ့လိုက်သည်။ ထိုဆေးပင်သည် ပုံမှန်အားဖြင့် သွေးလည်ပတ်မှု ကောင်းစေသည့် ဆေးလုံးများ ဖော်စပ်ရာတွင် အသုံးပြုလေ့ရှိပြီး သွေးလည်ပတ်မှု ကောင်းစေသည့် ဆေးလုံးများသည် အဆင့်နိမ့် ကျင့်ကြံသူများအတွက် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို လျင်မြန်စွာ လှုံ့ဆော်ပေးနိုင်သည့် ဆေးလုံးတစ်မျိုး ဖြစ်လေသည်။

ကျူးဖေးရွှယ့်ချောင်သည် လူ့ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားသည့် ဆေးလုံး၏ဆေးအာနိသင်ကို အလျင်မြန်ဆုံး စိမ့်ဝင်အောင် ပြုလုပ်နိုင်သည့် အာနိသင်ရှိ၏။

ကျူဖေးရွှယ့်ချောင် အပြင် သူမသည် အနံ့မဲ့ အမြစ်တစ်ပိုင်းကိုလည်း ဝယ်ယူခဲ့သည်။ ဒါကလည်း ပန်းပင်တစ်မျိုး၏ အမြစ်တစ်ခုဖြစ်၏။ အရောင်က ညိုညစ်ညစ်အရောင်ရှိပြီး ကလေးငယ်လေး၏ လက်သီးဆုပ်တစ်ခုစာ အရွယ်အစားရှိသည်။ ထိုအရည်အနည်းငယ်ဖြင့် ကျူးဖေးရွှယ့်ချောင် ထူးခြားလှသည့်ရနံ့ကို ပျက်ပြယ်ပေးနိုင်ပြီး ပါဝင်ပစ္စည်းများကို ခွဲခြားမရအောင် ပြုလုပ်နိုင်သော်ငြားလည်း ဆေးအစွမ်းကိုတော့ ထိန်းသိမ်းနိုင်လေသည်။

ဤအထူးပစ္စည်းနှစ်မျိုး၏စျေးကလည်း သိပ်မကြီးလှချေ။ စုစုပေါင်း လျန်၂၀ သာ ကျသင့်လေသည်။ ထို့အပြင် ချက်ချင်းရနိုင်သည့် ပစ္စည်းဖြစ်သဖြင့် စောင့်ဆိုင်းရန် မလိုအပ်ခဲ့ချေ။

ဒီတကြိမ် အရောင်းအဝယ်က ထင်မှတ်ထားသည်ထက် ပိုပြီးချောမွေ့ခဲ့သဖြင့် အားချန်၏ စိတ်အခြေအနေက ကြည်လင်လို့နေ၏။ အနောက်ဘက်ဈေးက ထွက်လာချိန်တွင် အဝင်လမ်းက သကြားမုန့်ပြား ငါးချပ်ကိုလည်း ဝယ်ယူခဲ့သေးသည်။

စျေးဝယ်ပြီးသွားသောအခါ အချိန်စောနေသေးသည်ကို တွေ့ရသဖြင့် ထျန်းကျယ်လမ်းသို့သွားရောက်ကာ ယခင်ကမှာကြားထားသည့် အဝတ်အစားများကို သွားယူမည်ဟု စဉ်းစားလိုက်လေသည်။

ကျိချန်အမေ၏ လက်ဖွဲ့ပစ္စည်းများထဲတွင် ထျန်းကျယ်လမ်းထဲ၌ ဆိုင်တစ်ခန်းပါဝင်ပြီး တခြားသူတစ်ဦးက ငှားရမ်းကာ အထည်ချုပ်ဆိုင် ဖွင့်လှစ်ထား၏။ ထိုအထည်ချုပ်ဆိုင်သည် ဒီနှစ်များအတွင်း ရှန့်ကျင်းတွင် တဖြည်းဖြည်း နာမည်ကြီးလာခဲ့ပြီး ပြီးခဲ့သည့် ရက်အနည်းငယ်က အားချန်သည် အထည်ချုပ်ဆိုင်၏ ဆိုင်ပိုင်ရှင်နှင့် အချင်းချင်းစာချုပ်ကို အသစ်ချုပ်ဆိုသည့်အခါ လမ်းကြုံနေသဖြင့် အဝတ်အစားသစ်တချို့ကိုလည်း မှာခဲ့လိုက်သည်။

ထိုဆိုင်ရှင်က သူမကိုလျှော့ဈေး တော်တော်များများပေးခဲ့ပြီး အားချန်သည်လည်း ငွေသုံးစွဲရန် မနှ‌မြောဘဲ အဝတ်အစားသစ် ၅စုံကို မှာထားခဲ့သည်။

အနောက်ဘက်ဈေးက ထျန်းကျယ်လမ်းရှိ အထည်ချုပ်ဆိုင်သို့ သွားသည့်ခရီးကလည်း သိပ်မဝေးလှသဖြင့် အားချန်ကလည်း လမ်းလျှောက်ကာ သွားလိုက်တော့သည်။

ထျန်းကျယ်လမ်းကို ဖြတ်လျှောက်လာချိန်တွင် သူမသည် ရုတ်တရက် မင်ကျင့်စီး အစောင့်တစ်ဖွဲ့က နဂါးသွေးမြင်းကို စီးနင်းကာ အရှိန်ဖြင့် ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။

ထျန်းကျယ်လမ်းပေါ်ရှိ လမ်းသွားလမ်းလာများမှာ အသီးသီး ရှောင်တိမ်းပေးလိုက်ကြ၏။ အားချန်၏တုံ့ပြန်မှုက အနည်းငယ် ‌နှေးကွေးသော်ငြားလည်း အချိန်မီ လမ်းဘေးသို့ ရှောင်ပေးနိုင်လိုက်သည်။

မထင်မှတ်ဘဲ အဖွဲ့ကို ဦးဆောင်လာသူက သူမအနားသို့ ရောက်လာသောအခါ မြင်းကိုရပ်လိုက်လေသည်။ "မိန်းကလေးကျိ"

အားချန်က မြင်းပေါ်က လူကို မော့ကြည့်လိုက်သည်တွင် သူမနှင့် အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ဖူးသည့် တပ်မှူးကျန်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ကျန်းလူကြီးမင်း နေကောင်းပါရဲ့လား" အားချန်ကသူ့ကိုနှုတ်ဆက်လိုက်ပြီး အနည်းငယ် စူးစမ်းကာဖြင့် မေးမြန်းလိုက်၏။ "ကျန်းလူကြီးမင်းက မြို့ပြင်ကို အမှုကိစ္စနဲ့ သွားမလို့လား"

"ဟုတ်တယ်။ မြို့အပြင်က တောင်ပေါ်မှာ ကျားမိစ္ဆာတစ်ကောင် တွေ့တယ်လို့ လူတစ်ယောက်က အကြောင်းကြားလာလို့ သွားကြည့်မလို့ပါ" ကျန်းခိုင်ကလည်း ပွင့်ပွင့်လင်းလင်း ပြန်ဖြေလာသည်။

အားချန်က အလန့်တကြား ဖြစ်သွားသည့်ဟန်လေး ပြုလုပ်လိုက်ကာ "ဒါဆိုရင် ကျားမိစ္ဆာနဲ့တွေ့တဲ့လူ ဘာမှမဖြစ်ဘူး မဟုတ်လား"

"ဘာမှမဖြစ်ပါဘူး။ အလုပ်မရှိ အကိုင်မရှိ မျိုးရိုးမြင့် မိသားစုတွေထဲက ကောင်လေးတစ်သိုက် တွေ့လိုက်တာတဲ့" ကျန်းခိုင်သည် တစ်ခုခုကို သတိရသွားဟန်ဖြင့် ထပ်ပြီးပြောလာခဲ့သည်။ "ဪ ဟုတ်သားပဲ။ ရွှဲကျောင်းလည်း အဲဒီအုပ်စုထဲမှာ ပါတယ်”

သူတို့၏ လူကြီးမင်းသည် ဒီကျိမိန်းကလေးအတွက်နှင့် ကျင့်ယန်မြို့စားအိမ်တော်နှင့် မျက်နှာပျက်ခဲ့ကြရသဖြင့် သူတို့ကဲ့သို့ လက်အောက်ငယ်သားများ အနေဖြင့် မြို့စားအိမ်တော်ထဲတွင် မည်သူမည်ဝါရှိသည်ကို ရှင်းရှင်းလင်းလင်း စုံစမ်းထားရမည်ဖြစ်ပြီး နောင်တစ်ချိန်တွင်လည်း အသုံးဝင်လာနိုင်သည်။

ထို့ကြောင့် ထိုမျိုးရိုးမြင့် မိသားစုများက ကောင်လေးတစ်သိုက်က ထိတ်လန့်တကြားဖြင့် မင်းကျင့်စီးသို့ လာရောက် တိုင်ကြားသောအခါ သူသည် ရွှဲကျောင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိသွားတော့သည်။

အားချန်ကလည်း ချက်ချင်း သဘောထား ပြောင်းလဲလိုက်တော့၏။ “အိုက်ယား။ ဘာမှ မဖြစ်ဘူးဆိုတော့ တကယ်နှမြောစရာ ကောင်းလိုက်တာ"

ကျန်းခိုင်ကလည်း အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ကာ လက်နှစ်ဖက်ယှက်ပြီး အားချန်ကို နှုတ်ဆက်လိုက်လေသည်။ "မိန်းကလေးကျိ လမ်းမှာ သတိထားသွားပါ။ ကျွန်တော် သွားနှင့်ပါဦးမယ်"

"ဪ ခဏနေပါဦး" အားချန်သည် ထွက်သွားတော့မည့် ကျန်းခိုင်ကို လှမ်းတားလိုက်ပြီး လက်ထဲတွင် ကိုင်ထားသည့် သကြားမုန့်ပြား အိတ်လေးကို လမ်းပေးလိုက်ကာ "ခုနကမှ ဝယ်ထားတဲ့ မုန့်ပါ။ တပ်မှူးကျန်း လမ်းမှာစားဖို့ လက်ဆောင်ပေးလိုက်တာပါ"

ကျန်းခိုင်သည်လည်း အားနာမနေဘဲ ယပ်တောင်ကြီးသဖွယ် ကြီးမားလှသည့် လက်ကြီးဖြင့် ဆီစိမ်စက္ကူအိတ်ကို လှမ်းဆွဲလိုက်လေသည်။ "ဒါဆိုရင် ကျိမိန်းကလေးကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခေါက် အဲဒီကောင်လေးနဲ့ ပြန်တွေ့ရင် မိန်းကလေးကိုယ်စား သူ့ကိုနှစ်ခါလောက် လက်သီးနဲ့ ထိုးပေးလိုက်ပါမယ်"

"ဒါဆိုရင် ဒီလိုပဲ သဘောတူလိုက်ပြီနော်" အားချန်က ပျော်ပျော်ရွှင်ရွှင်ဖြင့် ကျန်းခိုင် မြင်းစီးထွက်သွားသည်ကို မျက်စိတစ်ဆုံး လိုက်ပါကြည့်ရှုနေမိသည်။

အားချန်သည် အထည်ချုပ်ဆိုင် အပြင်ဘက်သို့ လျှောက်လာခဲ့ပြီး တံခါးမှ မဝင်ခင်မှာပင် အတွင်းဘက်မှ ယောက်ျားတစ်ဦး၏ အသံကို ကြားလိုက်ရ၏။ "ခင်ဗျားတို့ ဒီမှာရှိတဲ့ အသင့်ချုပ်ပြီးသား အဝတ်အစားတွေထဲက အစုံလိုက်ထုတ်ပေးပါ"

ဤအထည်ချုပ်ဆိုင်သည် အမျိုးသားဧည့်သည်များနှင့် အမျိုးသမီးဧည့်သည်များ နှစ်ခုစလုံးကို လက်ခံသော်ငြားလည်း အရှေ့ဘက်နှင့် အနောက်ဘက် အခန်းနှစ်ခုခွဲထားသည်။ အတွင်းခန်းသို့ သွားရောက်ပြီး အထည်အလိပ် ရွေးချယ်ခြင်း ကိုယ်တိုင် ကိုယ်အတိုင်းအတာများ ပြုလုပ်နိုင်ပြီး ပစ်မှားခံရခြင်းလည်း မရှိနိုင်ပေ။

အားချန်က ထိုကိစ္စကို စိတ်ထဲတွင် မထားတော့ဘဲ အထဲသို့ လျှောက်ကာ ဝင်လာခဲ့၏။

အတွင်းသို့ ရောက်လာသည့်အခါမှသာ သူမသည် ခန်းမထဲက လူငယ်သခင်လေး တစ်စုက ရပ်နေသည်ကို တွေ့ရှိလိုက်ရ၏။ သူတို့၏ပုံပန်းသဏ္ဍာန်မှာ အလွန်ညစ်ပေစုတ်ပြတ်နေပြီး ကိုယ်ပေါ်က တန်ဖိုးကြီး အထည်အလိပ်ဖြင့် ချုပ်လုပ်ထားသော အဝတ်အစားများမှာလည်း ညစ်ပတ်စုတ်ပြဲနေသဖြင့် တစ်နေရာရာက ထွက်ပြေးလွှတ်မြောက်လာသကဲ့သို့ပင် ဖြစ်နေသည်။

ဒီလောက် တိုက်ဆိုင်စရာလား။ ခုနကမှ ကျန်းခိုင်ဆီက မျိုးရိုးမြင့်မိသားစုက သခင်လေးတချို့ ကျားမိစ္ဆာနဲ့ တွေ့ခဲ့တယ်လို့ ကြားရုံရှိသေးတယ်။ ဒီမှာ သူတို့ကို တွေ့လိုက်ရတာပါလား။

တစ်ချက်‌ ဝေ့ကြည့်လိုက်ရုံဖြင့် အားချန်သည် လူအများကြားတွင် ရပ်နေသည့်ရွှဲကျောင်းကို တွေ့လိုက်ရလေသည်။

တကယ်ပဲ သူတို့ ဖြစ်နေတာပဲ။

သူမက ကြည့်လိုက်သည့်အချိန်တွင် ရွှဲကျောင်း၏ အနည်းငယ် မည်းမှောင်နေသည့် အကြည့်များကလည်း သူမဘက်ကို ကြည့်နေခဲ့၏။

ဒီအချိန်တွင် ဆိုင်ရှင်က လျှောက်လာပြီး ရွှဲကျောင်း၏မြင်ကွင်းကို ကာဆီးထားလိုက်သည်။

"သခင်လေးတို့ ကျေးဇူးပြုပြီးတော့ စောင့်ပေးပါဦး။ ကျွန်တော် အဝတ်အစားသစ်တွေ သွားယူလိုက်ပါမယ်" ယောကျာ်းလေး ဧည့်သည်များကို ဧည့်ခံပေးသည့် ဆိုင်တာဝန်ခံက မျက်နှာပေါ်တွင် အပြုံးအပြည့်ဖြင့် သူတို့ထဲက တချို့ကို အနောက်ဘက်ခန်းသို့ ပို့ဆောင်ပေးလိုက်သေးသည်။

အားချန်ကလည်း သူတို့ကို ဆက်ကြည့်မနေတော့ဘဲ လှည့်ကာ မိန်းကလေး ဧည့်သည်များကို ဧည့်ခံပေးသည့် ဆိုင်တာဝန်ခံကို လှမ်းပြောလိုက်သည်။ "ဆိုင်ရှင် ကျွန်မ အဝတ်အစားအသစ်တွေ လာယူတာပါ"

ထိုအမျိုးသမီး ဆိုင်တာဝန်ခံက အားချန်ကို မှတ်မိသွားပြီး အသံပင် နူးညံ့သွားလေတော့၏။ "ကျိမိန်းကလေးရဲ့ အဝတ်အစားတွေ အားလုံး ချုပ်ပြီးပါပြီ။ မိန်းကလေး အတွင်းခန်းထဲမှ လဲဝတ်ကြည့်လိုက်ပါအုံး။ တကယ်လို့ ကိုယ်နဲ့ မကိုက်တဲ့ နေရာရှိနေရင် ကျွန်မတို့ မိန်းကလေးအတွက် ပြန်ပြင်ပေးပါ့မယ်"

အားချန်ကလည်း ဝမ်းသာအားရဖြင့် သဘောတူလိုက်တော့သည်။

သူမသည် အရှေ့ဘက်ခန်းတွင် အဝတ်အစား၅စုံလုံးကို တစ်စုံပြီး တစ်စုံ လဲဝတ်ကြည့်လိုက်ပြီး တစ်စုံတစ်ရာ လွဲချော်ခြင်းများ မရှိချေ။ ထိုဆိုင်တာဝန်ခံသည် သူမ အဝတ်အစား တစ်စုံလဲဝတ်တိုင်း ဘေးမှ တစ်ခွန်းပြီးတစ်ခွန်း ချီကျူးစကားပြောနေကာ သုံးနှုန်းသည့် စကားလုံးများကလည်း လုံးဝမထပ်ချေ။ အားချန်က "သူများတွေ အောင်မြင်တာ အကြောင်းပြချက် ရှိတာပဲ" ဟုမတွေးဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

အဝတ်အစားများကို လဲလှယ်ပြီးနောက် ဆိုင်ရှင်သည် အဝတ်အစား အသစ်များကို ထုတ်ပိုးပေးပြီး သူမအတွက် မြင်းလှည်းတစီး ငှားပေးရန် လိုအပ်သလားဟု ဂရုတစိုက် မေးမြန်းလာသည်တွင် အားချန်ကလည်း သဘောတူလိုက် လေတော့သည်။

မြင်းလှည်း ရောက်လာချိန်တွင် သူမသည် အတွင်းခန်းမှ ထွက်လာပြီး ရွှဲကျောင်းတို့ကလည်း အဝတ်အစားအသစ်များ လဲဝတ်ကာ ထွက်လာကြသည်ကို တွေ့မြင်လိုက်ရ၏။ သို့သော်ငြား ထိုအုပ်စုထဲတွင် ရွှဲမင်ထန်တစ်ယောက် ထပ်တိုးလာခဲ့သည်။

အားချန်က သူတို့ကို တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီး "ရွှဲမိသားစုက တကယ်ပဲ ကပ်ပါးကောင်တွေလိုပဲ" ဟု စိတ်ထဲက တွေးမိတော့သည်။

ရွှဲမင်ထန်သည်လည်း အားချန်ကို တွေ့လိုက်ရသော်ငြား မည်သည့်တုံ့ပြန်မှုမှ မပြခဲ့ပေ။

သူသည် ရွှဲကျောင်းကို လာကြိုခြင်းဖြစ်ပြီး ရွှဲကျောင်းက ဒီနေရာတွင် အဝတ်အစား ဝင်ရောက်ရွေးချယ်ခဲ့ခြင်းမှာလည်း ဒီဆိုင်သည် ယခင်က အမည်ခံအားဖြင့် သူ့မိခင် ပိုင်ဆိုင်ခဲ့သောကြောင့်ဖြစ်ကာ သူတို့မိသားစု တစ်ခုလုံး၏ အဝတ်အစားများကို ဒီနေရာတွေပင် ချုပ်လုပ်လေ့ရှိသောကြောင့်ပင်။

ရလဒ်အနေဖြင့် သိပ်မကြာခင်မှာပင် ဒီဆိုင်သည် ကျိချန်၏ လက်ထဲသို့ ရောက်ရှိသွားလေတော့သည်။

ရွှဲကျောင်းသည် ဒီကိစ္စအပေါ်တွင် မကျေမနပ်ဖြစ်သည်မှာ သိသာသော်ငြားလည်း ယခင်တစ်ကြိမ် ပိုင်ရှိုးမင်၏ ဆုံးမခြင်းကို ခံခဲ့ရပြီးနောက် သူသည် အနည်းဆုံးတော့ ထိန်းချုပ်တတ်လာပြီး အားချန်ကို မကြားဝံ့မနာသာ စကားများ မဆိုတော့ဘဲ သူမကို တမင်တကာ လျစ်လျူရှုထားလိုက် လေတော့၏။

အားချန်က မြင်းလှည်းဖြင့် ထွက်သွားသည်ကိုသာ ကြည့်နေပြီးနောက် ရွှဲကျောင်းသည် ရွှဲမင်ထန်အနားသို့ လျှောက်သွားလိုက်ကာ အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။ "ဦးလေး အမေက သူ့ကြောင့် နေမကောင်းတာ ရက်တော်တော် ကြာသွားပြီ။ သူ ဒီလိုပဲ ဂုဏ်ယူဝင့်ကြွားနေတာကို ဒီအတိုင်းကြည့် နေတော့မှာလား"

ရွှဲမင်ထန်သည် မျက်လုံးများကို အနည်းငယ် မေးကျဥ်းထားလိုက်၏။ ဤရက်များအတွင်းတွင် သူသည် ကျိချန်ကို စောင့်ကြည့်ခိုင်းထားခဲ့ပြီး သူမနှင့် ပိုင်ရှိုးမင်တို့ လွန်ခဲ့သည့် တလခန့်ကတည်းက အဆက်အသွယ် မရှိတော့သည်ကို တွေ့ရှိခဲ့ရသည်။

ယခင်က ကျိချန်သည် ပိုင်ရှိုးမင်ကို မည်သို့စိတ်လှုပ်ရှား စေခဲ့သည်ကို မသိသော်ငြားလည်း သူတို့၏ ဆက်ဆံရေးမှာ သူ့အစ်မ ထင်ထားသည့်အဆင့်သို့ မရောက်သေးသည်ကတော့ သိသာလေသည်။

ကျိချန်ကိုတော့ သေချာပေါက် ရှင်းလင်းဖြစ်ရမှာပဲ။ သူနဲ့ပိုင်ရှိုးမင်ကြားမှာ ပိုပြီးဆက်ဆံရေး မနက်ရှိုင်းလာခင် လုပ်ရလိမ့်မယ်။

အစကတော့ ရွှဲမင်ထန်သည် တုံ့ဆိုင်းနေခဲ့သော်ငြားလည်း သိပ်မကြာခင်က အလွန်ကောင်းမွန်သည့် အကြောင်းပြချက် တစ်ခုရလာခဲ့သည်။

ကြည့်ရတာ ပတ်ပြေးနေတဲ့ သက်ရှိဖုတ်ကောင်တွေကို ချန်းဖိင်ဖန်းကို ပြန်မောင်းထုတ်ဖို့ နည်းလမ်းတစ်ခု ရှာဖို့လိုလာပြီ။ ဒီလိုမှပဲ မတော်တဆမှု တစ်ခုဖန်တီးရ တာလွယ်မှာ။

အားချန်ကတော့ တစ်စုံတစ်ယောက်က သူမအပေါ် ဤသို့ အငမ်းမရ ချောင်းမြောင်းစောင့်ကြည့်နေသည်ကို မသိခဲ့ချေ။

သူမသည် အိမ်ပြန်ရောက်လာပြီးနောက်တွင် ဝယ်လာသည့် ကျူးဖေးရွှယ့်ချောင်ကို မီးဖိုပေါ်တွင် အခြောက်လှမ်းထားလိုက်ပြီး တခြားဘက်တွင်တော့ ရနံ့မဲ့ အမြစ်ကို ကြိတ်ချေကာ ထွက်လာသည့်အရည်ကို ကျူးဖေးရွှယ့်ချောင်ပေါ်သို့ အကြိမ်ကြိမ် လောင်းချလိုက်သည်။

ဤသို့ဖြင့် တစ်နာရီကျော် ပြုပြင်ပြီးသွားသောအခါ ကျူးဖေးရွှဲ့ထောင်သည် ခြောက်သွေ့သွားပြီး အရွက်ပေါ်တွင်ရှိသည့် သွေးညှီနံ့သည်လည်း လုံးဝပျောက်ကွယ်သွားတော့သည်။

အားချန်သည် ကျူးဖေးရွှယ့်ချောင် ခြောက်သွေ့မှု အနေအထားကို စစ်ဆေးကြည့်လိုက်ပြီးနောက် ကျေကျေနပ်နပ်ဖြင့် ထိုအပင်အခြောက်ကို ယူကာ ကြိတ်ဆုံထဲတွင် ထည့်ပြီး အမှုန့်ကြိတ်လိုက်သည်။

ထိုနောက်တွင်တော့ ဘီဒိုထဲက စိတ်ငြိမ်အမွှေးနံ့သာ ပြုလုပ်ရန်အတွက် အမွှေးနံ့သာအမျိုးမျိုးကို ရွေးချယ်ကာ အမှုန့်ကြိတ်လိုက်ပြီး ရောစပ်လိုက်ပြီးနောက် နောက်ဆုံးတွင်တော့ နဂါးအရိုးအမှုန့်ကို လောင်းထည့်ကာ သမအောင်မွှေလိုက်သည်။

အမှုန့်ပေါင်း အမျိုးအစားများစွာ ရောစပ်လိုက်သောအခါ နှင်းဆီပန်းရနံ့ သင်းသင်းလေးတစ်မျိုး ထွက်ပေါ်လာပြီး အနံက သိပ်မပြင်းထန်လှသော်ငြားလည်း လန်းဆန်းကာ နှစ်လိုဖွယ်ကောင်းနေလေသည်။

ဤအမွှေးနံ့သာ အမှုန့်သည် အမွှေးနံ့သာတံဆိပ်ပုံး ပြုလုပ်ရန် အသင့်တော်ဆုံး ဖြစ်ပြီး အနည်းငယ် ဖြုန်းတီးရာကျသော်ငြားလည်း အာနိသင်ကတော့ အလွန်ကောင်းမွန်မည်မှာ သေချာသည်။ အားချန်က အမွှေးနံ့သာမှုန့်ကို ထုတ်ပိုးလိုက်ပြီး ကျောက်ဝမ်ယွဲ့ သဘတ်ခါ လာယူမည်ကို စောင့်စားနေလိုက်တော့၏။

သဘောတူထားသည့်နေ့သို့ ရောက်လာချိန်တွင် ကျောက်ဝမ်ယွဲ့သည် မွန်းလွဲပိုင်းကျော်မှသာ အားချန်၏ဆိုင်သို့ရောက်ရှိလာခဲ့၏။

သူမသည် အိမ်ကမထွက်ခွာခင် ရွှဲအိမ်တော်က ထိုအဘွားကြီးနှင့် ရန်ဖြစ်ခဲ့ပြီး စိတ်မကြည်မလင် ဖြစ်နေခဲ့၏။ ဆိုင်သို့ ရောက်လာသောအခါ အမွှေးနံ့သာမှုန့်ကို ယူပြီး ချက်ချင်းထွက်ခွာရန် ရည်ရွယ်ခဲ့သော်ငြားလည်း အားချန်က လှမ်းတားထားလိုက်သည်။

"ပြောင်မေ့က အမွှေးနံ့သာတံဆိပ်တုံး လုပ်တတ်လား" အားချန်က မေးလိုက်၏။

ကျောက်ဝမ်ယွဲ့က ခေါင်းငြိမ့်ပြလိုက်ကာ "နည်းနည်းတော့ သင်ဖူးတယ်"

"ဒါဆိုရင်တော့ ကောင်းတာပေါ့" အားချန်က ထုတ်ပိုးထားသည့် အမွှေးနံ့သာမှုန့်ကို သူမဆီသို့ လှမ်းပေးလိုက်ကာ "ဒီအမွှေးနံ့သာမှုန့်တွေက ၅ကြိမ် သုံးလို့ရတယ်။ ညတိုင်း အိပ်ရာမဝင်ခင် ထွန်းအိပ်ရုံပဲ။ ဒါပေမဲ့ ဒီအမွှေးနံ့သာက ရွှဲလူကြီးမင်းရဲ့ ရောဂါလက္ခဏာကို ပစ်မှတ်ထားပြီး ဖော်စပ်ထားတာ။ ပြောင်မေ့က အိပ်မပျော်တာမျိုး မရှိရင် လောလောဆယ်တော့ ရွှဲလူကြီးမင်းနဲ့ အခန်းခွဲအိပ်တာ အကောင်းဆုံးပဲ"

ကျောက်ဝမ်ယွဲ့၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားတော့သည်။

သူမသည် အစကတည်းက ရွှဲမင်ထန်နှင့် တစ်နေရာတည်း မအိပ်ခဲ့ပေ။

ထိုရွှဲအိမ်တော်က အဘွားကြီးက သူမသည် မယားငယ်တစ်ဦးသာ ဖြစ်ပြီး သူမ၏ သားနှင့်အတူ မနေထိုင်နိုင်ဟုဆိုကာ သူမကိုဘေး ခြံဝင်းတစ်ခုသို့ ပြောင်းရွှေ့ခိုင်းခဲ့လေသည်။

ကျောက်ဝမ်ယွဲ့သည် သဘာဝအတိုင်း မကျေမနပ်ဖြစ်ရပြီး ရွှဲအိမ်တော်သို့ ရောက်စက ဤကိစ္စကြောင့် ထိုဘွားကြီးနှင့်လည်း အကြိမ်ကြိမ် ရန်ဖြစ်ခဲ့ရသေးသည်။

သို့သော်ငြား ဤအရာများကိုတော့ အားချန်ကို ပြောပြလို့မဖြစ်ပေ။ သူမသည် အမွှေးနံ့သာမှုန့်ကို လက်ခံပြီးနောက်တွင် ပြင်ဆင်ထားသည့်ငွေကို အားချန်ဆီသို့ လှမ်းပေးလိုက်ပြီး အလျင်အမြန် ထွက်ခွာလာလေတော့သည်။

ကျောက်ဝမ်ယွဲ့သည် အမွှေးနံ့သာမှုန့်ကို ရလာပြီးနောက်တွင် ရွှဲအိမ်တော်သို့ ချက်ချင်းမပြန်ဘဲ ရွှဲအိမ်တော်အနီးက အနည်းငယ် နာမည်ရှိသည့် အမွှေးနံ့သာဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာခဲ့၏။ သူမသည် ဆိုင်ထဲသို့ ဝင်လာပြီးနောက်တွင် ချက်ချင်းပင်ဆိုင်က အလုပ်သမားကို ဆိုင်တာဝန်ခံအား သွားခေါ်ခိုင်းလိုက်သည်။

"မိန်းကလေး အမွှေးနံ့သာအမှုန့် ဝယ်မလို့လား" အမွှေးနံ့သာဆိုင်၏ ဆိုင်တာဝန်ခံက ပျော့ပြောင်းသည့် သဘောထားဖြင့် မေးလာခဲ့၏။

"ရှင်တို့ဆိုင်မှာ အမွှေးနံ့သာမှုန့်ရဲ့ ပါဝင်ပစ္စည်း သင့်တော်မှန်ကန်မှု ရှိ မရှိ စစ်ဆေးပေးသလား" ကျောက်ဝမ်ယွဲ့က မေးလိုက်၏။

ထိုဆိုင်တာဝန်ခံသည် အနည်းငယ် ကြောင်သွားပြီးမှ ခေါင်းငြိမ့်ပြလိုက်လေသည်။ "စစ်ဆေးပေးနိုင်တာပေါ့"

"ဒါဆိုရင် ကျွန်မကို ဒီအမွှေးနံ့သာမှုန့်အိတ်ထဲမှာ ပြဿနာရှိမရှိ ကြည့်ပေးပါဦး"

ရွှဲမင်ထန်၏ အသက်အန္တရာယ်နှင့် ပတ်သက်နေသဖြင့် ကျောက်ဝမ်ယွဲ့သည် အလွန်သတိထားနေလေသည်။ ကျိချန်က ငွေအတွက်ကြောင့်သာ သူမနှင့် ဤအရောင်းအဝယ် ပြုလုပ်ခဲ့သည်ဟု ဆိုသော်ငြားလည်း သူမသည် သတိထားရဦးမည်ဖြစ်ကာ ရွှဲလန်သည်သာ သူမ၏မိသားစုဝင် ဖြစ်သောကြောင့်ပင်။

ဆိုင်တာဝန်ခံကလည်း အမွှေးနံ့သာမှုန့် ထည့်ထားသည့်အိတ်ကို ယူပြီး အနံ့ခံလိုက် နောက်တစ်ခါ အနံ့ခံလိုက်ဖြင့် ပြုလုပ်ပြီးနောက် အမွှေးနံ့သာမှုန့် အနည်းငယ်ကို ထုတ်ယူကာ အမွေးတိုင်မီးဖိုပေါ်တွင် ထည့်ပြီး အနံ့ကို စမ်းသပ်ပြီးမှသာ ပြုံးကာ ကျောက်ဝမ်ယွဲ့ကို ပြောလာသည်။ "မိန်းကလေး စိတ်ပူဖို့မလိုပါဘူး။ ဒါက စိတ်ငြိမ်စေတဲ့ အမွှေးနံ့သာတမျိုးပါပဲ။ ရနံ့က သင်းပျံ့နေပြီး ဖော်စပ်တဲ့သူကလည်း အရသာခံတတ်တဲ့သူပဲ"

"အမွှေးနံ့သာမှုန့်ထဲမှာ ဘာပြဿနာမှ မရှိဘူးလား”

"ပြဿနာ မရှိဘူးလို့တော့ ပြောလို့မရပါဘူး။ ဒီအမွှေးနံ့သာက နည်းနည်း ပြင်းတယ်။ အိပ်မပျော်တဲ့သူတွေအတွက် အာနိသင် အထူးရှိနိုင်တယ်။ သာမန်လူတွေတော့ မသုံးတာ အကောင်းဆုံးပဲ"

ဆိုင်တာဝန်ခံ၏ စကားသည် ကျိချန်ပြောခဲ့သည့်စကားနှင့် တထပ်တည်း ဖြစ်နေသဖြင့် ကျောက်ဝမ်ယွဲ့သည် တစ်ဖက်လူ၏ စကားကို ကြားလိုက်ရသောအခါ နောက်ဆုံးတွင် စိတ်ချသွားလေတော့သည်။

ညနေခင်းဘက်တွင် ရွှဲမင်ထန်သည် သူ့အမေအခန်းမှ ပြန်ရောက်လာသောအခါ အမွှေးနံ့သင်းသင်းလေး တစ်ခုကို ရရှိလိုက်၏။

ကျောက်ဝမ်ယွဲ့က ပါးလွှာသည့်အင်္ကျီကို ဝတ်ဆင်ထားကာ ပြတင်းပေါက်ရှေ့က စားပွဲနားတွင် ထိုင်လျက် အမွှေးနံ့သာ တံဆိပ်တုံးလေးကို ပြုလုပ်နေလေသည်။

ရွှဲမင်ထန်က အနားသို့ လျှောက်သွားကာ ကြည့်လိုက်၏။ "ဒါကဘာလဲ"

ကျောက်ဝမ်ယွဲ့၏ အသံကလည်း ပျော့ပျောင်းနူးညံ့သွားတော့သည်။ "ဒါက ကျွန်မ ရှန့်ကုန်းအတွက် အထူးဝယ်ထားတဲ့ စိတ်ငြိမ်အမွှေးနံ့သာပါ။ ရှင် ဒီရက်ပိုင်း အိပ်မပျော်ဘူးဆိုလို့ ဒီအမွှေးနံ့သာမှုန့်က အာနိသင် အရမ်းကောင်းတယ်လို့ ကြားမိလို့ပါ"

ရွှဲမင်ထန်ကလည်း မငြင်းလိုက်ဘဲ ဒီအတိုင်းသာ ထပ်မေးလိုက်သည်။ "ဒီစိတ်ငြိမ် အမွှေးနံ့သာဆေးကို ဘယ်ကနေ ဝယ်ထားတာလဲ"

ကျောက်ဝမ်ယွဲ့က ချက်ချင်း ပြန်ပြောလိုက်၏။ "ဒီနားက အမွှေးနံ့သာဆိုင်မှာ ဝယ်ထားတာပါ။ အနံ့ကောင်းရဲ့လား"

သူမသည် ယနေ့တွင် ထိုအမွှေးနံ့သာ ဆိုင်ကလည်း အမွှေးနံ့သာမှုန့် နှစ်မျိုးကို အမှန်တကယ် ဝယ်ယူခဲ့သော်ငြား စိတ်ငြိမ်အမွှေးနံ့သာများတော့ မဟုတ်ပေ။

ခင်ပွန်းဖြစ်သူက သူမကို ကျိချန်အကြောင်းတစ်ခါမှ မပြောပြခဲ့သော်ငြားလည်း သူမသည် ရွှဲမိသားစုက ကျိချန်အပေါ်တွင် စိတ်ထဲ၌ မကျေမနပ် ဖြစ်နေမည်ဟု ခန့်မှန်းမိပြီး သူ့ရှေ့တွင် အမွှေးနံ့သာက ကျိချန်ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း မပြောခြင်းက အကောင်းဆုံးဖြစ်မည်ဟု စဉ်းစားမိလိုက်သည်။

ရွှဲမင်ထန်က အနားသို့ကပ်လာကာ အနံ့ခံကြည့်လိုက်ပြီး ဒီအနံ့ကို အမှန်တကယ်ပင် သဘောကျမိသဖြင့် ခေါင်းငြိမ့်လိုက်ကာ "အနံ့က မွှေးနေတာပဲ"

ကျောက်ဝမ်ယွဲ့က အမွှေးနံ့သာ တံဆိပ်တုံးကို ထုတ်လုပ်လိုက်ပြီးနောက် အမွှေးတိုင်ဖြင့် အမွှေးနံ့သာမှုန့်ကို မီးညှိလိုက်ပြီး အမွှေးနံ့သာမီးဖို၏အဖုံးကို ပိတ်ထားလိုက်လေသည်။

စိမ်းပြာရောင် မီးခိုးငွေ့လေးသည် အမွှေးတိုင်မီးဖို့ထဲက တက်လာပြီး မကြာမီ အခန်းတစ်ခုလုံးက နှင်းဆီပန်းရနံ့သင်းသင်းဖြင့် ပြည်နှက်သွားလေတော့သည်။

ကျောက်ဝမ်ယွဲ့ ပြန်သွားပြီးနောက်တွင် ရွှဲမင်ထန်သည် ကုတင်ခေါင်းရင်းတွင် မှီကာ စိတ်ထဲတွင် မကြာသေးခင်က ပြုလုပ်ထားသည့်အစီအစဉ်များကို စဉ်းစားမိလိုက်၏။

ငါ အဲဒီသက်ရှိဖုတ်ကောင်ကို အမြန်ဆုံး ဖမ်းရတော့မယ်။ ဒီအမှုက အရမ်းကြာနေပြီ။ အပေါ်က လူသေမှုမရှိလို့ မတိုက်တွန်းပေမယ့်လည်း ဒီထက်ပိုကြာသွားရင် ယန်လိရူရဲ့စိတ်ထဲမှာ အရည်အချင်း မရှိတဲ့ပုံစံမျိုး ဖြစ်သွားမှာ စိုးရိမ်ရတယ်။

မကြာသေးခင်က သက်ရှိဖုတ်ကောင်ရဲ့ သွားလာလှုပ်ရှားပုံ လမ်းကြောင်းကို ခြေရာခံမိနေပြီ။ ဒါပေမဲ့ သက်ရှိဖုတ်ကောင်ကို ချန်းဖိင်ဖန်းကို မောင်းထုတ်ဖို့ဆိုရင် တစ်ယောက်ယောက်ရဲ့ အကူအညီလိုအပ်တယ်။ ယန်လူကြီးမင်းကို လူတစ်ယောက် လွှတ်ပြီးတော့ ကူညီခိုင်းရင် ကောင်းမလား မသိဘူး။

ပုံမှန်နေ့များတွင် ဒီအမှုအကြောင်း စဉ်းစားပြီးလိုက်သည်နှင့် သူသည် တစ်ညလုံး မအိပ်ခဲ့ရသော်ငြားလည်း ယနေ့တွင်တော့ မျက်ခွံများသည် တဖြည်းဖြည်းလေး လံလာသည်ဟု ခံစားလိုက်ရ၏။

ရွှဲမင်ထန်သည် ကုတင်ပေါ်သို့ ပြန်လှဲချလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်တွင် မကြာမီတွင် အိပ်ပျော်သွားလေတော့သည်။

အမွှေးတိုင်မီးဖို့ထဲက အမွှေးနံ့သာမှုန့်သည် ဖြည်းညင်းစွာ လောင်ကျွမ်းနေပြီး နဂါးရိုးအမှုန့်၏ရနံ့သည် ကျူးဖေးရွှယ့်ချောင် လှုံဆော်မှုအောက်တွင် ရွှဲမင်ထံ၏ ခြေလက်အင်္ဂါလေးခုနှင့် အရိုးအဆစ်များ အတွင်းသို့ တဖြည်းဖြည်းချင်း စိမ့်ဝင်သွားခဲ့သော်ငြားလည်း သူကတော့ တစ်စုံတစ်ရာ သတိမထားမိခဲ့ ချေ။

နောက်တစ်နေ့တွင်တော့ ရွှဲမင်ထန်သည် ကောင်းစွာ အိပ်စက်ခဲ့ရသဖြင့် တစ်ကိုယ်လုံး လန်းဆန်းတက်ကြွလိုနေ၏။

အိပ်ရာက နိုးထလာပြီးနောက် သူသည် စားပွဲပုလေးပေါ်က အမွှေးနံ့သာမီးဖိုကို လှမ်းကြည့်လိုက်သည်တွင် အတွင်းက အမွှေးနံ့သာမှုများ အားလုံး လောင်ကျွမ်းသွားပြီဖြစ်၏။ ဒီအမွှေးနံ့သာမှုန့်က အာနိသင် ဒီလောက်ကောင်းတာ။ ဒီည နောက်တခါထွန်းရင် ကောင်းမလား။ သူသည် မနေနိုင်ဘဲ တွေးလိုက်မိလေသည်။

ရာဇဝတ်မှုဌာနသို့ ရောက်လာချိန်တွင် ရွှံမင်ထန်သည် ယန်လိရူဆီသို့ လူတောင်းရန် သွားခဲ့သော်ငြားလည်း ယန်လူကြီးမင်းက ယနေ့တွင် နားမကျန်းခွင့်ယူသွားသည်ဟု အကြောင်းကြားလာခဲ့၏။ သူ့စိတ်ထဲတွင် အံ့သြပြီး တွေးလိုက်မိတော့သည်။ ယန်လူကြီးမင်းက ဘာဖြစ်လို့ ရုတ်တရက် နေမကောင်းဖြစ်သွားရတာလဲ။

မနေ့ကညခင်း ယန်အိမ်တော်။

ဖန်းယွီ၏ ဈာပနပွဲ ပစ္စည်းသွားပြီးနောက် ကျန်းပေမြို့စားက သူမကို ကာကွယ်ရန် စေလွှတ်ထားသည့် အဘိုးကြီးဝူသည်လည်း ပျောက်ကွယ်သွားလေတော့သည်။

ကျန်းပေမြို့စားထံသို့ အပြစ်ဝန်ခံရန်သွားသည်လား။ သို့မဟုတ် အပြစ်မှ ကြောက်ရွံ့သဖြင့် ထွက်ပြေးတိမ်းရှောင် သွားသည်လားတော့ မသိပေ။

ယန်လိရူကလည်း ဒီကိစ္စကို ဂရုမစိုက်ပေ။ ဖန်းယွီ၏ အမှုသည် သံမဏိကဲ့သို့ ခိုင်မာသည့်အမှုဖြစ်အောင် ပြုလုပ်ထားပြီးဖြစ်သဖြင့် သူ့ယောက္ခထီး ပြန်လည်ရောက်ရှိလာသည့်တိုင် ဘယ်လိုမှ ပျောက်ဆုံးနိုင်မည် မဟုတ်ပေ။

ထို့ပြင် သူ့ ယောက္ခထီးသည် ဖန်းယွီကို ဂရုစိုက်သည်ထက် သူ၏သွေးသားကို ပိုပြီးဂရုစိုက်လေသည်။ ယခုအခါ ဖန်း အမည်ဖြင့် မျိုးရိုးဆက်ခံမည့်သူ ရှိနေပြီဖြစ်သဖြင့် ဖန်းယွီသည် ထိုမျှလောက် အစားထိုး မရနိုင်သူတစ်ဦးမဟုတ်တော့ပေ။

ဒီအိမ်တော်တွင် ဖန်းယွီ၏ အရိပ်အယောင် မရှိတော့သည်မှာ နေထိုင်ရသည်မှာ ပိုပြီးသက်သောင့်သက်သာရှိလာစေတော့၏။

ဒီရက်ပိုင်းများတွင် လူရှေ့တွင် ဝမ်းနည်းကြေကွဲ ဟန်ဆောင်နေရသဖြင့် ယန်လိရူသည် အမှန်တကယ်ပင် အနည်းငယ် ပင်ပန်းနွမ်းနယ်လို့နေသည်။

ညစာမစားမီ သူသည် ကုတင်ပေါ်တွင် နာရီဝက်လောက် အနားယူလိုက်ပြီး နိုးလာချိန်တွင် အခန်းထဲ၌ တိတ်ဆိတ်နေတတ်နေသည်ကို တွေ့လိုက်ရသည်။

"လာကြစမ်း" ယန်လိရူက အော်ခေါ်လိုက်၏။

"သခင်ကြီး ဘာများ အမိန့်ရှိလိုပါသလဲ" အပြင်တွင် စောင့်ဆိုင်းနေသည့် အစေခံမလေးက ချက်ချင်းဆိုသလို ပြန်မေးလာသည်။

"ရူဟွေ့ရော"

"မိန်းကလေး ရူဟွေ့က လွန်ခဲ့တဲ့နာရီဝက်လောက်တုန်းက သခင်ကြီးအတွက် မုန့်လုပ်ပေးဖို့ မီးဖိုဆောင်ကြီးကို သွားလိုက်ပါတယ်။ တွက်ကြည့်ရင် ပြန်ရောက်သင့်ပါပြီ"

ထိုအစေခံမလေးသည်လည်း ထူးဆန်းနေသည်ဟု စဉ်းစားနေမိသည်။ မီးဖိုချောင်ကြီးသည် သခင်ကြီး၏ခြံဝင်းနှင့် သိပ်မဝေးလှဘဲ ပန်းခြံကို ဖြတ်သွားရုံဖြစ်သဖြင့် လမ်းမှားစရာတော့ မရှိချေ။

ယန်လိရူသည် အခန်းထဲတွင် ၁နာရီ၏လေးပုံတစ်ပုံလောက် စောင့်ဆိုင်းနေလိုက်ပြီး ရူဟွေ့ ပြန်မလာသည်ကို မြင်ရသောအခါ ခြံဝင်းထဲမှထွက်ကာ မီးဖိုချောင်ကြီးဘက်သို့ သွားလေတော့သည်။

ယခုအချိန်တွင် ဖန်းယွီမရှိတော့သဖြင့် သူသည် ရူဟွေ့အပေါ် ဂရုစိုက်ဟန်ပြသည့်တိုင် အိမ်တော်တွင် မည်သူကမှ တစ်ခွန်းမှ မပြောဝံ့ကြပေ။

ထိုအချိန်တွင် ကောင်းကင်ကြီးကလည်း လုံးဝမမှောင်သေးပေ။ ယန်လိရူသည် ပန်းခြံကိုဖြတ်သန်းသွားချိန်တွင် တောင်ကုန်း အတုနှစ်ခုနားမှာ ဖြတ်လာချိန်တွင် ရုတ်တရက် အဝတ်အစားချင်း ပွတ်တိုက်သံကို ကြားလိုက်ရသည်။

သူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး လျှောက်နေသည့် ခြေလှမ်းများကို ရပ်တန့်ထားလိုက်၏။

ခြေသံများ တိတ်ဆိတ်သွားသည်တွင် တောင်ကုန်းအတုနောက်က အသံများသည်လည်း ပိုပြီးရှင်းလင်းလာကာ အဝတ်အစား ဆွဲဖြဲခံလိုက်ရသည့်အသံ ထပ်ပေါ်လာပြန်သည်။

ယန်လိရူသည် ဘယ်သူက ဒီလောက်သတ္တိရှိပါလိမ့်ဟု စဉ်းစားနေချိန်မှာပင် ရုတ်တရက်ဆိုသလို ယောက်ျားတစ်ဦး၏ "အား" ဟူသည့်အော်သံကို ကြားလိုက်ရပြီးနောက် စူးရှသည့် အသံတစ်ခုသည် တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တော့၏။

"ကယ်ကြပါအုံး ..."

ထိုအသံ ထွက်ပေါ်လာသည်နှင့် အနီးအနားက အသံကို ကြားလိုက်ရသည့် အစေခံမလေးများနှင့် အစေခံများ အားလုံးသည်လည်း နေရာသို့ အပြေးအလွှား ရောက်ရှိလာကြရာ အရင်ဆုံး တုံ့ပြန်သူကတော့ ယန်လိရူပင် ဖြစ်လေသည်။

ယန်လိရူသည် ခြေလှမ်းကျဲကြီးများ တောင်ကုန်းအတုနောက်သို့ လှည့်ပတ်သွားလိုက်ပြီး လက်မှုပညာရှင်များက တမင်ပြုလုပ်ထားသည့် ဂူထဲတွင် အမျိုးသမီးတစ်ဦး၏ လည်ပင်းကို ညစ်ကာ အတင်းအကျပ်ပြုကျင့်ရန် ကြိုးစားနေသည့် ယန်ချန်ကို တွေ့လိုက်ရတော့သည်။

"ယန်ချန် မင်း ဘာလုပ်နေတာလဲ" ယန်လိရူ၏ မျက်နှာမှာ စိမ်းဖန့်သွားတော့သည်။

ယန်ချန်က လှည့်ကြည့်လာပြီး အဖေဖြစ်သူ ဖြစ်နေသည်ကို တွေ့လိုက်ရချိန်တွင် မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားလေတော့သည်။

သူသည် လည်ပင်းညှစ်ထားသည့် အမျိုးသမီးကို မြန်မြန် လွှတ်ပေးလိုက်ပြီး လှည့်လာတာ အနည်းငယ် တုန်ယင်နေသည့်အသံဖြင့် မေးလိုက်၏။ "အဖေ အဖေ ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ"

ယန်လိရူက ပြန်မဖြေဘဲ အမိန့်ပေးလိုက်သည်။ "ထွက်လာခဲ့"

ယန်ချန်က ထိုနေရာတွင် မလှုပ်မယှက် ရပ်နေပြီး သူ့နောက်တွင်တော့ သူ့ကိုယ်လုံးနှင့် ကွယ်နေပြီး အပေါ်အင်္ကျီ ဆွဲဖြဲခံထားရကာ ဖြူဖွေးနေသည့် ပခုံးသားတစ်ခြမ်းပေါ်နေသော အမျိုးသမီး၏မျက်နှာ ပေါ်ထွက်လာမှသာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။

ထိုသူမှာ ရူဟွေ့ပင်။

ရူဟွေ့၏ အသက်မဲ့နေသည့်မျက်နှာသည် ယန်လိရူကို မြင်လိုက်သောအခါ နောက်ဆုံးတွင်တော့ အလင်းရောင် တခြမ်းဖြတ်ပြေးသွားပြီး တစ်ကိုယ်လုံး တုန်ယင်ကာ ငိုယိုလေတော့၏။ "သခင်ကြီး သခင်ကြီး ကျွန်မကို ကယ်ပါဦး ... သခင်လေးက ... သူက ... ဟင့် ... ဟင့် ..."

ရူဟွေ့သည် ဝမ်းပန်းတနည်း ငိုကြွေးနေပြီး ခန္ဓာကိုယ်သည်လည်း ယိမ်းထိုးကာ မတ်တတ်ပင် မရပ်နိုင်တော့ဘဲ မြေပေါ်တွင်တိုက်ရိုက် ထိုင်ချလိုက်လေတော့သည်။

ယန်လိရူသည် ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သနားကြင်နာမှုနှင့် ဒေါသတို့ ရောယှက်သွားပြီး မျက်နှာတစ်ခုလုံးသည်လည်း ဒေါသကြောင့် အနည်းငယ် ရှုံ့မဲ့သွားလေတော့သည်။

သူက ရက်စက်သည့် အရိပ်အယောင်များ ပါဝင်နေသည့် အကြည့်တစ်ခုဖြင့် ယန်ချန်ကို ကြည့်လိုက်၏။

ယန်ချန်သည်လည်း အဖေဖြစ်သူ၏ ဒေါသကို ခံစားမိလိုက်ပြီး နောက်သို့ဆုတ်ရင်း ဆုတ်ရင်း တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်တော့သည်။ "အဖေ ကျွန်တော် ရှင်းပြတာနားထောင်ပါ။ သူပါ။ သူက ကျွန်တော့်ကို အရင်ဆုံး မြူဆွယ်တာပါ။ ကျွန်တော် တကယ် တမင်လုပ်တာ မဟုတ်ရပါဘူး"

သူသည် ထောင့်တနေရာတွင် ကျုံ့ကျုံ့လေးထိုင်နေသည့် ရူဟွေ့ကို လက်ညှိုးထိုးကာ အပြစ်အားလုံးကို သူမအပေါ် ပုံချရန် ကြိုးစားလေတော့သည်။

ယန်လိရူ ဒေါသထွက်နေခြင်းမှာ မိခင်ဖြစ်သူသေဆုံးပြီး ၇ရက်မပြည့်သေးခင်မှာပင် ဝမ်းနည်းပူဆွေးခြင်းကာလအတွင်း အစေခံမလေးနှင့် ပျော်ပါးနေခြင်းကြောင့်ဟု သူက ထင်မှတ်ခဲ့သော်ငြားလည်း ယန်လိရူ အလေးထားသူမှာ ရူဟွေ့ကိုယ်တိုင် ဖြစ်နေသည်ကိုတော့ မသိခဲ့ချေ။

"မင်းက ဆင်ခြေတွေ ပေးနေသေးတာပဲ !" ယန်လိရူသည် ဒေါသချောင်းချောင်း ထွက်သွားကာ ယန်ချန်ကို ကျောက်ဂူထဲမှ ဆွဲထုတ်လိုက်လေတော့သည်။ ယန်ချန်က စကားမပြောရသေးခင်မှာပင် သူသည် ယန်ချန်၏ ဝမ်းဗိုက်ကို ကန်ကျောက်ပစ်လိုက်တော့၏။

ယန်ချန်မှာ နှစ်မီတာခန့် လွင့်စင်သွားလေသည်။ ယန်လိရူသည် ဒေါသမပြေသေးဘဲ ဘယ်ညာကို ကြည့်လိုက်ကာ မြေပြင်ပေါ်က သစ်သားတုတ်တစ်ချောင်းကို တွေ့လိုက်ရပြီး ထိုတုတ်ကိုလွှဲကာ ယန်ချန်၏ကိုယ်ပေါ်သို့ လွှဲရိုက်လေတော့သည်။

သို့သော်ငြား ယန်ချန်ကတော့ ကိစ္စ၏လေးနက်မှုကို မသိဘဲ အဆက်မပြတ် တောင်းပန်ပြောဆိုနေတော့၏။ "မရိုက်ပါနဲ့တော့။ အဖေ ကျွန်တော် မှားမှန်းသိပါပြီ။ နောက်တစ်ခါ ဘယ်တော့မှ မလုပ်တော့ပါဘူး။ တကယ်ပဲ ဒီအစေခံမလေးက ကျွန်တော့်ကို အရင်ဆုံး မြူဆွယ်လာတာပါ"

ယန်အိမ်တော်ကအသံ ကြားလိုက်ရသည့် အစေခံများ ရောက်ရှိလာချိန်တွင် သူတို့ မြင်တွေ့လိုက်ရသည်မှာ အောက်ပိုင်းတွင် သေးများရွှဲစိုနေသည့် သူတို့၏သခင်လေးနှင့် သွေးစွန်းနေသည့် သစ်သားတုတ်ကို ကိုင်ဆောင်ထားသည့် သခင်ကြီးတို့ပင် ဖြစ်တော့သည်။

ယန်ချန်သည် မြေပြင်ပေါ်တွင် ကွေးကွေးလေး လှည်းလျောင်းကာ ခြေထောက်ကို ဖက်ပြီး အဆက်မပြတ်အော်ဟစ်ပြီး ပြောနေလေ၏။ "ငါ့ခြေထောက် ကျိုးသွားပြီ။ မြန်မြန်သမားတော် သွားခေါ်ကြစမ်း"

အိမ်တော်ထိန်းသည် အနည်းငယ် နောက်ကျမှ ရောက်လာပြီး ဘာဖြစ်သွားသည်ကို မသိရှိရသေးဘဲ သခင်လေးက သခင်ကြီးကို ဒေါသထွက်စေသဖြင့် ခြေထောက်တွင် အရိုက်ခံလိုက်ရသည်ဟုသာ သိလေသည်။

သူသည် ရူဟွေ့က အဝတ်အစားများ ဖရိုဖရဲဖြစ်နေကာ တောင်ကုန်းအတုနောက်မှ ထွက်လာသည်ကို တွေ့လိုက်ရမှသာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မျက်နှာထားမပြောင်းလဲသည့် ယန်လိရူသို့ အကြည့်ရောက်သွားလေတော့သည်။

အိမ်တော်ထိန်းသည် စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်ပြီး သမားတော်သွားခေါ်ရန် လူများကိုစေလွှတ် လိုက်တော့သည်။

ယန်ချန်သည် ညည်းညူပြီး အစေခံနှစ်ယောက်၏ သယ်ထုတ်ခြင်းကို ခံလိုက်ရလေသည်။ ယန်လိရူက ရူဟွေ့ဆီသို့ လျှောက်သွားလိုက်ကာ သူမ၏လက်ကို လမ်းကိုင်တော့မည် ပြင်လိုက်သော်ငြား သူမသည် ရုတ်တရက်ဆိုသလို နောက်သို့ခြေလှမ်း အနည်းငယ်ဆုတ်သွားပြီး ကြောက်ရွံ့နေဟန် တူတော့သည်။

ပတ်ဝန်းကျင်က မထွက်ခွာသွားသေးသည့် အစေခံမလေးများနှင့် အစေခံများ အားလုံးသည် ထူးဆန်းသည့် အကြည့်များဖြင့် ရူဟွေ့ကို ကြည့်နေကြပြီး တချို့အကြည့်များက သနားကြင်နာမှု ပါဝင်နေသော်ငြားလည်း တချို့အကြည့်တွေကတော့ ယန်ချန်ကဲ့သို့ပင် မရိုးသားလှ ပေ။

သူတို့၏စိတ်ထဲတွင် ရူဟွေ့သည် အပြစ်ကင်းစင်သူ ဖြစ်သော်ငြားလည်း ကိစ္စကြီးကျယ်သွားပြီး ရူဟွေ့သည် ယန်ချန်တို့ သားအဖကြားတွင် သွေးခွဲသူ အဓိကတရားခံ ဖြစ်သွားလေတော့သည်။

တစ်ခါတစ်ရံ သူမသည် သခင်ကို မြူဆွယ်သည့် အပုပ်ချစကားကိုပါ ထမ်းပိုးရပေတော့မည်။

အိမ်တော်ထဲတွင် ဤသို့နာမည်ဆိုး ရရှိပြီးနောက် နောက်ပိုင်းတွင် မည်သို့ ရပ်တည်နိုင်ပါမည်နည်း။

ယခင်ကတော့ သခင်ကြီးက ရူဟွေ့ကို မောင်းမအဖြစ် တော်ကောက်မည်ဟု ထင်ခဲ့ကြသော်ငြားလည်း ယခုအချိန်တွင်တော့ သူမ၏ခန္ဓာကိုယ်ကို သခင်လေးက မြင်တွေ့သွားပြီဖြစ်သဖြင့် သခင်ကြီးသည် သူမကို မည်သို့ လိုလားပါတော့မည်နည်း။

ပုံမှန်နေ့များတွင် ရူဟွေ့နှင့် ဆက်ဆံရေးကောင်းကြသည့် အစေခံမလေးများ အားလုံးကလည်း စိတ်မကောင်း ဖြစ်နေကြပြီး ဘယ်သူကမှ ရှေ့သို့တက်လာကာ နှစ်သိမ့်ခြင်း မပြုခဲ့ကြပေ။

ညဘက်တွင်တော့ ယန်အိမ်တော်သည် လုံးဝကိုတိတ်ဆိတ် ငြိမ်သက်နေတော့သည်။

ယန်ချန်၏ ခြေထောက်ကဒဏ်ရာကို သမားတော်က ဆေးလိမ်းပေးပြီးနောက် သစ်သားပြားဖြင့် စီးနှောင်ပေးခဲ့၏။ ခြေထောက်မှာ နာကျင်နေသဖြင့် သူ့မှာ ကောင်းကောင်း အိပ်မပျော်နိုင် ဖြစ်နေရသည်။

ညသန်းခေါင်တွင် သူ၏ အခန်းတံခါးက ကျွီခနဲ အသံတစ်ခု ကြားလိုက်ရပြီး တစ်ယောက်ယောက် ဝင်လာပုံရသည်။

"ဘယ်သူလဲ" ယန်ချန်က အသံကျယ်ကျယ်ဖြင့် လှမ်းမေးလိုက်သည်။

ထိုအမျိုးသမီးက သူ့ကုတင်ဘေးသို့ လျှောက်လာမှသာ တစ်ဖက်လူ၏ မျက်နှာကို မှတ်မိလိုက်တော့သည်။ နေ့ခင်းဘက်က ပန်းခြံထဲတွင် မျက်လုံးများဖြင့် သူ့ကို မြူဆွယ်ခဲ့ပြီး သူ့ကို အဖေဖြစ်သူက ခြေထောက်ကျိုးအောင် ရိုက်ခံရသည်အထိ ပြုလုပ်ခဲ့သော မိန်းမယုတ်ပင်။

"မင်းကိုး" ယန်ချန်က မုန်းတီးစွာဖြင့် ပြောလိုက်၏။ "မိန်းမယုတ် မင်းက လာရဲသေးတာလား"

ရူဟွေ့က မျက်လွှာချကာ ယန်ချန်ကို ကြည့်လိုက်ပြီး "ယန် သခင်လေး ကျွန်မတို့ ပြန်တွေ့ကျပြန်ပြီနော်"

"ဘာ" ယန်ချန်သည် သူမ၏နားမလည်နိုင်လောက်သည့် စကားကို ကြားလိုက်ရချိန်တွင် နည်းနည်းလေး ဇဝေဇဝါ ဖြစ်သွားတော့သည်။ "ပြန်တွေ့ကြပြန်ပြီဆိုတာ ဘာကိုပြောတာလဲ"

"ကျွန်မက ယန်သခင်မကို အရမ်းအားကျတာ။ သူက ယန်သခင်လေးလို သားလိမ္မာလေး တစ်ယောက်ကို မွေးထားနိုင်လို့လေ" ရူဟွေ့က ဖြေးညှင်းစွာ ပြောလာခဲ့သည်။ "ဒါကြောင့် ကျွန်မလည်း တွေးမိတယ်။ တကယ်လို့ ယန်သခင်မသာ မရှိတော့ရင် ယန်သခင်လေးရဲ့ လိမ္မာသိတတ်တဲ့ စိတ်ဓာတ်နဲ့ဆိုရင် သူ့အမေနောက်ကို လိုက်သွားဖို့ အရမ်းကို ဝမ်းသာနေတော့မှာပဲလို့လေ"

ယန်ချန်သည် ထိုအခါကျမှ အခြေအနေမကောင်းသည်ကို သတိထားမိလိုက်ပြီး ပါးစပ်ဟကာ လူခေါ်ရန် ကြံရွယ်လိုက်သော်ငြား လူတစ်ယောက်က သူ့ပါးစပ်ကို လှမ်းပိတ်ထားလိုက်လေသည်။ ထိုလက်သည် အေးစက်သော်ငြားလည်း အလွန်အင်အားကြီးမားသဖြင့် သူ့မှာ ရုန်းကန်ရန် အင်အားမရှိတော့ ချေ။

ရူဟွေ့သည် ယန်ချန်ကို ကြည့်လိုက်ပြီး လက်ညှိုးတစ်ချောင်းကို ထောင်ကာ နှုတ်ခမ်းပေါ်တွင် တင်ထားလိုက်ပြီး

"ရှူး ..."

All Chapters