← Chapters

ကျွန်မ ပြန်လာပြီ

Vol. 4 Ch. 37

ကျွန်မ ပြန်လာပြီ

Vol. 4 Ch. 37

ယန်ချန်၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။ ထိုလက်သည် အေးစက်ပြီး သက်ရှိလူတစ်ယောက်၏ အထိအတွေ့နှင့် မတူဘဲ သူသည် တစ်ခဏအတွင်း အလောင်းကို သတိရသွားလေသည်။

သူသည် သက်ရှိဖုတ်ကောင်များကို နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့ရာ ထိုသို့သော အပူချိန်ကို အလွန် ရင်းနှီးနေခဲ့သည်။

“ယန်သခင်လေး။ ရှင် မှန်းမိသွားပြီ မဟုတ်လား”

ရူဟွေ့၏ မျက်နှာသည် ယန်ချန်အနားသို့ တိုးကပ်လာ၏။ သူမ တိုးကပ်လာလေလေ။ ယန်ချန်သည် တုန်ယင်လာလေလေပင်။

ဒီမိန်းမ အသက်မရှူဘူး။ နှလုံးမခုန်ဘူး။

သူ… သူက သက်ရှိဖုတ်ကောင်တစ်ကောင်ပါလား။

ယန်ချန်သည် အသံ မထွက်နိုင်ဘဲ မျက်လုံးများကိုသာ အလိုအလျောက် ပြူးကျယ်ထားမိ၏။

ရူဟွေ့သည် သူ၏ ကြောက်လန့်နေသော ပုံစံကို ကြည့်ရင်း အမူအရာမှာ အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိပေ။

သူမသည် ခပ်တိုးတိုး ဆိုလိုက်သည်။ “ညှဉ်းပန်းနှိပ်စက်တာတွေ ခံပြီး သေရမယ့်သူက ဖန်းယွီ။ ဒါပေမဲ့ ငါက သူ့ကို ကိုယ်တိုင် သတ်လို့မရဘူး။ ဒါကြောင့် မင်းအဖေကိုပဲ သတ်ခိုင်းရတော့တာ”

ယန်ချန်၏ မျက်လုံးများသည် ကျုံ့သွား၏။

“မင်းက ဖန်းယွီရဲ့ သားတစ်ယောက်အနေနဲ့ ငါ့ကို ဒီလိုပုံစံဖြစ်အောင် လုပ်ခဲ့တဲ့ အဓိကတရားခံပဲ။ မင်းကို မင်းအမေကိုယ်စား ခံစားခိုင်းလိုက်တာကိုတော့ မတရားဘူးလို့ မဆိုနိုင်ဘူး”

ယန်ချန်သည် မျက်စိရှေ့က ဤသက်ရှိဖုတ်ကောင်မှာ မည်သူမည်ဝါဖြစ်ကြောင်း နောက်ဆုံးတွင် ခန့်မှန်းမိလိုက်သော်လည်း ထိုချန်ဟွေ့အမည်ရှိ အမျိုးသမီးက သည်လို ပုံစံပြောင်းလဲသွားရသည့် အကြောင်းအရင်းကိုတော့ လုံးဝ နားမလည်တော့ချေ။

တစ်ယောက်ယောက်က သူ့ကို ကူညီခဲ့တာလား။

ဘယ်သူလဲ။ ဘယ်သူက ယန်အိမ်တော်ကို ဒုက္ခပေးချင်နေတာလဲ။

ရူဟွေ့သည် ညာလက်ကို မြှောက်လိုက်သည်တွင် အေးစက်စက် အရောင်ထွက်နေသည့် ဝက်သတ်ဓားတစ်ချောင်း ပေါ်ထွက်လာလေသည်။

သူမက ပြောလိုက်၏။ “ငါ့ဘဝတစ်လျှောက်လုံးရဲ့ နာကျင်မှုတွေက မင်းအမေနဲ့ မင်းအဖေကြောင့် ဖြစ်ခဲ့ရတာ။ သူတို့က ငါ့ကို အမှန်တရားတစ်ခုကို နားလည်စေခဲ့တယ်။ တချို့လူတွေက ဒီလောကမှာ ရှင်သန်နေဖို့ လုံးဝ မထိုက်တန်ဘူး။ ရက်စက်ရမယ့်အချိန်ဆိုရင် လုံးဝ တုံ့ဆိုင်းမနေသင့်ဘူးဆိုတာကိုပေါ့”

ထိုဓားသည် ယန်ချန်၏ ခန္ဓာကိုယ်အောက်ပိုင်းကို တုံ့ဆိုင်းခြင်းမရှိဘဲ ခုတ်ချလိုက်လေသည်။

ဓားက ကျရောက်လာချိန်တွင် ယန်ချန်သည် နာကျင်မှုကြောင့် လည်ပင်းနှင့် မျက်နှာပေါ်မှ သွေးကြောများအားလုံး ထောင်ထတက်လာတော့သည်။

ရူဟွေ့ကတော့ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။ “ဒီတစ်ချက်ကတော့ ဒီအိမ်တော်ထဲမှာ မင်းကြောင့် သေဆုံးသွားခဲ့ရတဲ့ အဲ့ဒီအစေခံမလေးတွေအတွက် လက်စားချေပေးတာလို့ပဲ သဘောထားလိုက်ပါ”

သူမ အိမ်တော်သို့ ဝင်ရောက်လာပြီး မကြာမီမှာပင် ယန်လိရူ၏ ခြံဝင်းမှ အစေခံမလေးသည် သူမကို ယန်ချန်နှင့် ဝေးဝေးနေရန် တိတ်တဆိတ် သတိပေးခဲ့၏။ ယန်ချန်၏ ဘေးတွင် တာဝန်ပေးခံရသည့် အစေခံမလေးများသည် လအနည်းငယ်တစ်ကြိမ် အသစ်လဲလှယ်ရပြီး အကျင့်မကောင်းသောကြောင့် နှင်ထုတ်ခံရသည်ဟု ကြားသိရ၏။

ရူဟွေ့က သွားရောက် စုံစမ်းကြည့်လိုက်တော့ ထိုနှင်ထုတ်ခံရသော အစေခံမလေးများသည် လုံးဝ ရောင်းချခံရခြင်း မရှိဘဲ သူတို့အားလုံး ပျောက်ဆုံးသွားခဲ့ကြခြင်းပင်။

တစ်ခါတစ်ရံ ထိုသနားစရာကောင်းသော မိန်းကလေးများသည် သူမကဲ့သို့ပင် သက်ရှိဖုတ်ကောင်၏ ပါးစပ်ထဲတွင် အသံတိတ် သေဆုံးသွားခဲ့ကြပေမည်။

သို့သော် သူမသည် ကံကောင်းခဲ့ပြီး သေဆုံးပြီးနောက် သင်္ချိုင်းမှ ပြန်လည် ထွက်ပေါ်လာနိုင်ခဲ့သည်။

သူမသည် ဓားတစ်ချက်ပြီးတစ်ချက် ထိုးစိုက်ချလိုက်၏။ ယန်ချန်သည် ဤနှစ်များအတွင်း လူမည်မျှကို သတ်ဖြတ်ခဲ့သည်ကို မသိနိုင်သော်လည်း သူမ ထိုးစိုက်လိုက်သော ဤဓားချက်များသည် သူ၏ အသက်ကြွေးကိုဆပ်ရန် မလုံလောက်လောက်ပေ။

ရူဟွေ့က သူ့ကို ထိန်းချုပ်ထားသော လက်ကို လွှတ်ပေးလိုက်၏။ ယန်ချန်မှာ စကားမပြောနိုင်တော့ဘဲ သူ့ရင်ဘတ်သည် အနည်းငယ်သာ လှုပ်ရှားနေပြီး ခုတင်ပေါ်တွင် သူ့ကိုယ်ပေါ်မှ စီးကျလာသော သွေးများဖြင့် ပြည့်နှက်နေ၏။ သူ နောက်ဆုံးတွင် သေဆုံးရတော့မည်။

ရူဟွေ့၏ စူးရဲလှသည့်အကြည့်အောက်တွင် ယန်ချန်သည် နောက်ဆုံးတွင် အသက်ထွက်သွားလေတော့သည်။

သူမက လက်ထဲမှ ဓားကို သူ၏ နှလုံးသားနေရာသို့ ထိုးစိုက်လိုက်ပြီးနောက် လက်ကို လွှတ်လိုက်တော့သည်။

သည်အချိန်တွင်တော့ ရူဟွေ့၏ မျက်နှာ၊ လက်နှင့် အဝတ်အစားများပေါ်တွင် ယန်ချန်၏ကိုယ်ပေါ်မှ သွေးများဖြင့် စွန်းထင်းနေ၏။ သူမသည် မိမိကိုယ်ကို သန့်ရှင်းရေးမလုပ်ဘဲ လှည့်ကာ အခန်းထဲမှ ထွက်ခွာသွားလေသည်။

ယနေ့ည၏ ညတာကာလသည် လှပလို့နေကာ ကောင်းကင်အပြည့် ကြယ်တာရာများ စီခြယ်ထားပြီး ဝိုင်းစက်စက် လမင်းကြီးသည် မြေပြင်ကို တိတ်ဆိတ်ငြိမ်သက်စွာ ထွန်းလင်းပေးနေ၏။

ရူဟွေ့သည် ပိုးမွှားတို့၏ တကျီကျီသံများကြားတွင် ယန်အိမ်တော်၏ ပန်းခြံဆီသို့ လျှောက်သွားလိုက်လေသည်။

ပန်းခြံထဲတွင် ရေကန်တစ်ခု ရှိလေသည်။ ယန်သခင်မက ကြာပန်းကို နှစ်သက်သည်ဟု ကြားခဲ့ဖူးသည်။ သို့သော် ယခုအခါ ကြာပန်းများ မပွင့်သေးဘဲ ယခုနှစ်၏ ကြာပန်းများကိုတော့ ယန်သခင်မသည် မြင်တွေ့နိုင်တော့မည် မဟုတ်ပေ။

ရူဟွေ့သည် ရေကန်ဘေးတွင် ရပ်လျက် ရင်ဘတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်၏။ စာရွက်ပေါ်တွင် စာကြောင်းအနည်းငယ်ကို တွန့်ကွေးစွာဖြင့် ရေးခြစ်ထားလေသည်။

သူမသည် သွေးများ စွန်းထင်းကာ နီရဲနေသည့်စာရွက်ကို ရေကန်ဘေးတွင် ချထားလိုက်ပြီး ကျောက်တုံးတစ်တုံးဖြင့် ဖိထားလိုက်ပြီးနောက် ရေကန်ဘေးတွင် ထိုင်ကာ ညဉ့်ယံအလယ်တွင် လေညှင်းခံနေလိုက်လေသည်။

ဒီနေရာက ရှုခင်းက တကယ်လှတာပဲ။ ယန်အိမ်တော်ထဲ ဝင်လာပြီးနောက်ပိုင်း တခြားကိစ္စတွေကို အာရုံစိုက်ဖို့ စိတ်မပါခဲ့ဘူး။ အခုတော့ အရာအားလုံးကို စာရင်းရှင်းပြီးသွားပြီ။ နောက်ဆုံးတော့ စိတ်အေးရပါပြီ။

အသက်ရှင်နေပြီး ဒီလိုမြင်ကွင်းလေးကို အမြဲတမ်း ခံစားနိုင်တာက တကယ်ကောင်းတာပဲ။

ငါ သေဆုံးသွားပြီဖြစ်ပေမဲ့ ရှင်သန်နေဖို့ ကြိုးစားရမယ်။ တစ်ယောက်ယောက်က ငါ့ကို စောင့်နေသေးတယ်ဟု သူမ တွေးလိုက်မိ၏။

မိုးလင်းခါနီးအချိန်တွင် ရူဟွေ့သည် ရေကန်ထဲသို့ လျှောက်ဝင်သွား၏။ ရေကန်ထဲကရေသည် သူမ၏ခါးအထိ မြုပ်သွားပြီး သူမသည် မျက်လုံးများကို မှိတ်လိုက်ကာ ရေထဲသို့ နစ်မြုပ်သွားလေသည်။

ယန်လိရူသည် ယမန်နေ့ညက ကောင်းမွန်စွာ အိပ်မပျော်ခဲ့ပေ။ သူသည် အားဟွေ့ကို ထပ်မံ အိပ်မက်မက်ခဲ့ပြီး အားဟွေ့ မသေဆုံးမီက ပုံစံနှင့် ရူဟွေ့၏ မျှော်လင့်ချက်မဲ့စွာ မျက်ရည်ကျနေသော မျက်နှာသည် သူ၏ ဦးနှောက်ထဲတွင် အဆက်မပြတ် ရောယှက်နေခဲ့လေသည်။

အပြင်ဘက်က အစေခံမလေးက သူ့ကို လာချိန်တွင်တော့ ယန်လိရူသည် ချက်ချင်းနီးပါး မျက်လုံး ဖွင့်လိုက်လေသည်။

သူသည် ရုံးတော်ဝတ်စုံကို ဝတ်ဆင်ပြီး တံခါးအပြင်သို့ ထွက်လာခဲ့ပြီးနောက် တံခါးအပြင်ဘက်တွင် စောင့်နေသော အစေခံမလေးနှစ်ဦးထဲတွင် ရူဟွေ့ မပါဝင်သည်ကို မြင်လိုက်ရသောအခါ “ရူဟွေ့ကော” ဟု မေးလိုက်၏။

အစေခံမလေးနှစ်ဦးက အချင်းချင်း ကြည့်လိုက်ကြကာ “ရူဟွေ့က အခန်းထဲမှာ အနားယူနေလောက်ပါပြီ”

ယမန်နေ့က ထိုသို့သောကိစ္စ ဖြစ်ပွားခဲ့ပြီးနောက် သူတို့သာ ရူဟွေ့ဖြစ်ပါက မျက်နှာပြရန် သတ္တိရှိမည် မဟုတ်ပေ။

ယန်လိရူသည် မျက်မှောင်ကြုတ်လိုက်ပြီး အမိန့်ပေးလိုက်၏။ “သူ့ကို ခေါ်လာခဲ့။ ငါ သူ့ကို ပြောစရာစကား ရှိတယ်”

“ဟုတ်ကဲ့”

အစေခံမလေးတစ်ဦးက လူခေါ်ရန် သွားတော့မည်အပြု အိမ်တော်ထိန်းသည် ကပျာကယာ ပြေးဝင်လာသည်ကို တွေ့လိုက်ရ၏။ သူ၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ “သခင်ကြီး။ သခင်လေး ပြဿနာဖြစ်သွားပြီ”

ယန်လိရူက လှည့်ကာ အိမ်တော်ထိန်းကို ကြည့်လိုက်သည်။ “ဘာအမှု ဖြစ်တာလဲ”

အိမ်တော်ထိန်းက တံတွေး မျိုချလိုက်ပြီး “သခင်လေး… သူ မနေ့ညက လူဆိုးတစ်ယောက်ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရပါတယ်”

ခုနက မြင်တွေ့ခဲ့ရသော ခုတင်အပြည့် သွေးများကို စဉ်းစားမိလိုက်သည်နှင့် အိမ်တော်ထိန်း၏ ခြေလက်များသည် တုန်ယင်လာလေသည်။ သူသည် ခုတင်ပေါ်က လူကိုပင် သေသေချာချာကြည့်ရန် သတ္တိမရှိခဲ့သော်လည်း ထိုမျှလောက် သွေးများ စီးကျနေသည်ကို ကြည့်လျှင် လူသည် သေဆုံးသွားပြီမှာ သေချာနေပေသည်။

ယန်လိရူ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး အတန်ကြာမှ ခြံဝင်းအပြင်ဘက်သို့ အမြန်လျှောက်လာခဲ့သည်။

မကြာမီ သူသည် ယန်ချန်၏ ခြံဝင်းသို့ ရောက်ရှိလာခဲ့၏။

အစေခံတချို့သည် ခြံဝင်းအပြင်ဘက်တွင် စောင့်နေကြပြီး ယန်လိရူ ရောက်ရှိလာသည်ကို မြင်သောအခါ ချက်ချင်း လမ်းဖယ်ပေးလိုက်ကြ၏။

ယန်လိရူသည် ယန်ချန်၏ အိပ်ခန်းထဲသို့ ဝင်ရောက်သွားပြီး ခုတင်အနီးသို့ ချဉ်းကပ်သွားလိုက်ပြီး အပေါ်တွင် အလောင်းတစ်လောင်းအဖြစ် ပြောင်းလဲသွားပြီဖြစ်သော သူ၏သားကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။

သူသည် သည်သားကို သိပ်မနှစ်သက်လှပေ။ ယန်ချန်၏ စရိုက်သည် ဖန်းယွီနှင့် ပို၍ တူညီပြီး ကျန်းပေမြို့စားကြီးနှင့် ဖန်းယွီတို့၏ ချစ်ခင်ယုယမှုကြောင့် အကျင့်ပျက်သော သူဌေးသားတစ်ဦး ဖြစ်လာခဲ့သည်။

သို့သော် သူ၏ တည်ရှိမှုမှာ မူလကတည်းက ကျန်းပေမြို့စားကြီးအတွက် မျိုးဆက်ကို ဆက်ခံရန်ဖြစ်ပြီး ယန်လိရူသည် သူ၏ ကြီးပြင်းမှုတွင် လုံးဝနီးပါး ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။

သို့သော် မည်သို့ပင်ဖြစ်စေ ယန်ချန်သည် သူ၏ တစ်ဦးတည်းသော သားသမီး ဖြစ်၏။

ယန်လိရူသည် ကိုယ်တိုင် ရှေ့သို့တက်ကာ ယန်ချန်၏ ကိုယ်ပေါ်မှ ဒဏ်ရာများကို စစ်ဆေးကြည့်ရှုလေသည်။ သူသည် ရာဇဝတ်မှုဌာနတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ရာ အလောင်းစစ်ဆေးနည်းကို မသင်ယူခဲ့ဖူးသော်လည်း အတွေ့အကြုံ အတော်အတန် ရှိနေခဲ့သည်။

သူသည် ယန်ချန်၏ ကြောက်မက်ဖွယ်ကောင်းသော အောက်ပိုင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အကြည့်လွှဲလိုက်ပြီး အိမ်တော်ထိန်းကို လေးနက်သော အသံဖြင့် “...ရူဟွေ့ကို ခေါ်လာခဲ့” ဟု ဆိုလိုက်၏။

အိမ်တော်ထိန်းသည် စိတ်ထဲမှ လန့်သွားသော်လည်း နာခံစွာဖြင့် အပြင်သို့ ထွက်ကာ လူရှာလေတော့သည်။

သူသည် မကြာမီပင် အလျင်အမြန် ပြန်ရောက်လာခဲ့၏။ “သခင်ကြီး…”

ယန်လိရူ၏ မျက်နှာသည် အလွန် ဆိုးရွားနေပြီး အိမ်တော်ထိန်း တစ်ယောက်တည်း ပြန်လာသည်ကို မြင်လိုက်သည်တွင် အေးစက်စက်လေသံဖြင့် မေးတော့သည်။ “လူကော”

အိမ်တော်ထိန်းက သတ္တိမွေးကာ ပြောလိုက်သည်။ “ခုနက အစေခံတစ်ယောက်က ရေကန်ထဲမှာ ရူဟွေ့ရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်”

ယန်လိရူသည် စကားကို သေချာမကြားလိုက်သယောင်။ “ဘာ”

“...ရူဟွေ့က... သူက ရာဇဝတ်မှုကို ကြောက်ရွံ့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာ ဖြစ်နိုင်ပါတယ်” အိမ်တော်ထိန်းသည် စိတ်ထဲတွင် ကြိတ်ပြီး သက်ပြင်းတစ်ချက် ချလိုက်၏။ သူသည် ရူဟွေ့အပေါ်တွင် မကောင်းသောအမြင် မရှိခဲ့သော်လည်း မထင်မှတ်ဘဲ ဤရူဟွေ့မိန်းကလေးမှာ ဤမျှလောက် ရက်စက်ကြမ်းကြုတ်သူ ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

သခင်လေးကို သတ်ရုံသာမက မိမိ၏ အသက်ကိုပါ ပေးဆပ်ခဲ့ပြီး ပြန်ဆုတ်မည့်လမ်းကိုပင် မချန်ထားခဲ့ပေ။

ပြောနေရင်း အိမ်တော်ထိန်းသည် အစေခံက သူ့ကို ပေးလာသည့် သေတမ်းစာကို ပေးအပ်လိုက်၏။

ထိုသေတမ်းစာပေါ်တွင် သွေးများစွာ စွန်းထင်းနေ၏။ ယန်လိရူသည် စာကိုလှမ်းယူပြီး ဖွင့်လိုက်ကြည့်လိုက်၏။ အပေါ်မှ စာလုံးများသည် တွန့်လိမ်ကောက်ကွေးနေအောင် ရေးခြစ်ထားပြီး နုနယ်ကာ မကျွမ်းကျင်လှပေ။ သူ အားလပ်ချိန်များတွင် သူမကို သင်ကြားပေးခဲ့သည့်အတိုင်းပင်။

စာထဲတွင် သူမသည် လူတစ်ယောက်၏ စော်ကားခြင်းကို ခံခဲ့ရပြီး ဤလောကတွင် မျက်နှာပြရန် သတ္တိမရှိတော့ကြောင်း၊ မိမိ ပြုလုပ်ခဲ့သော အရာအတွက် သခင်ကြီးကို မတောင်းပန်နိုင်ကြောင်း၏။၊ သို့သော်ငြား သခင်ကြီးက သူမကို သူမ၏ဖခင်အနားတွင် သင်္ဂြိုဟ်ပေးရန် တောင်းဆိုကြောင်း ရေးသားထားလေသည်။

ယန်လိရူ၏ ခန္ဓာကိုယ်သည် ယိမ်းထိုးသွားပြီး လက်ထဲက စာရွက်ပါးလေးသည် မြေပြင်ပေါ်သို့ ကျဆင်းသွားကာ ရုတ်တရက် သွေးမည်းတစ်လုတ် အန်ထုတ်လိုက်လေသည်။

“သခင်ကြီး” အိမ်တော်ထိန်းသည် အလျင်အမြန် ရှေ့သို့ ပြေးတက်ကာ ရုတ်တရက် မေ့လဲသွားသည့် ယန်လိရူကို ဖမ်းထိန်းလိုက်၏။

ယန်ချန်၏ သေဆုံးမှုကို ယန်အိမ်တော်က ရဲစခန်းသို့ တိုင်ကြားခြင်း မရှိသဖြင့် ရာဇဝတ်မှုဌာနမှ လူများသည် ယန်အိမ်တော်တွင် တစ်ညတည်း ဤမျှလောက် ကြီးမားသော အမှုအခင်း ဖြစ်ပွားခဲ့သည်ကို မသိရှိကြဘဲ လက်ဝဲလက်ထောက်ဝန်ကြီးက နာမကျန်းခွင့် ယူထားသည်ဟုသာ သိရှိကြ၏။

မွန်းလွဲပိုင်းအထိ အိမ်တော်ထိန်းသည် သမားတော်၏ ညွှန်ကြားချက်အတိုင်း ယန်လိရူကို ဆေးနှစ်ခွက် အတင်း တိုက်ကျွေးပြီးမှသာ သူသည် နောက်ဆုံးတွင် သတိလည်လာသည့် အရိပ်အယောင်များ ပြသလာခဲ့သည်။

ယန်လိရူသည် မျက်လုံး ဖွင့်လိုက်ပြီး သူ့ကိုသွေးခုန်နှုန်း စမ်းသပ်ပေးနေသော သမားတော်ဖက်ကို လှည့်ကာ ကွဲအက်နေသည့်အသံဖြင့် မေးလိုက်သည်။ “ငါ ဘယ်လို ဖြစ်သွားတာလဲ”

ထိုသမားတော်က ဆိုလိုက်သည်။ “လူကြီးမင်းက ရုတ်တရက် ဒေါသကြောင့် နှလုံးထိခိုက်သွားတာပါ။ နောက်ကို သေချာ ဂရုစိုက် အနားယူရပါ့မယ်”

သူသည် သွေးခုန်နှုန်း စမ်းသပ်သည့်အခါ အနည်းငယ် ထူးခြားမှုတစ်ချက်ကို ခံစားမိခဲ့၏။ ဤလူကြီးမင်းသည် ရုတ်တရက် ဒေါသကြောင့် နှလုံးထိခိုက်သွားရုံသာမကဘဲ ယန်လူကြီးမင်း၏ ယခုကဲ့သို့သော ရောဂါလက္ခဏာသည် သွေးလှည့်ပတ်မှု မကောင်းခြင်း လုံးဝ မဖြစ်သင့်သော်လည်း သူသည် ဤသို့သော သွေးခုန်နှုန်းကို စမ်းသပ်မိခဲ့လေသည်။

ထို့အပြင် သူ ခုနက ယန်လူကြီးမင်းကို နှိပ်နယ်ပေးသည့်အခါ တစ်ဖက်လူ၏ ကျောပေါ်တွင် အမည်းကွက်များကို တွေ့ရှိခဲ့ပြီး ထိုအမည်းကွက်များသည် သူ ယခင်က အလောင်းပေါ်တွင် မြင်တွေ့ခဲ့ရသည့်အရာနှင့် တူညီနေ၏။

ဤအခြေအနေမှာ အလွန် ထူးဆန်းလှပြီး သူသည်လည်း လျှောက်ပြောရန် သတ္တိမရှိသဖြင့် စဉ်းစားပြီးရင်း စဉ်းစားပြီးမှ ထပ်ဖြည့်ပြောလိုက်၏။ “ကျွန်တော်မျိုးရဲ့ ဆေးပညာက အကန့်အသတ်ရှိပါတယ်။ လူကြီးမင်း အဆင်ပြေရင် တော်ဝင်သမားတော်ကို ထပ်မံ ကြည့်ရှုခိုင်းတာ အကောင်းဆုံးပါပဲ”

“ငါ သိပြီ”

ယန်ချန်၏ ဈာပနကို ယန်အိမ်တော်က အကျဉ်းချုံးသာ ကျင်းပခဲ့၏။

သူ့ကို မြေချသည့်နေ့အထိ လူတချို့သည် တဖြည်းဖြည်း သတင်း ရရှိလာကြသော်လည်း ယန်ချန်သည် မည်သို့ သေဆုံးခဲ့သည်ကိုတော့ မည်သူကမျှ စုံစမ်း၍ မရရှိခဲ့ပေ။

ယန်ချန်၏ သေဆုံးမှုသည် သူ အသက်ရှင်စဉ်က နှိပ်စက်ကလူ ပြုခဲ့သော အမျိုးသမီးများနှင့် ပတ်သက်သည်ဟုသာ ကောလာဟလတချို့ကို ကြားသိရ၏။

ပုံမှန်နေ့များတွင် ယန်ချန်နှင့် နီးစပ်ကြသည့် ထိုလူတချို့သည်လည်း သူသည် မည်သို့သော လူစားမျိုးဖြစ်ကြောင်း သိရှိကြပြီး သည်ကိစ္စကို အံ့ဩစရာဟု မထင်မှတ်ကြတော့ပေ။

ယန်လိရူသည် ရာဇဝတ်မှုဌာန၏ လက်ဝဲလက်ထောက်ဝန်ကြီးဖြစ်ရာ သူသည် မြို့တော်အုပ်ချုပ်ရေမှူးရုံးသို့ တိုင်ကြားခြင်း မရှိသဖြင့် အခြားသူများသည် ယန်အိမ်တော်သို့ အတင်းအကျပ် ဝင်ရောက် စစ်ဆေးခြင်း မပြုနိုင်ဘဲ လူတိုင်းသည် အချိန်အတန်ကြာ ဆွေးနွေးပြောဆိုပြီးနောက် ပြီးဆုံးသွားလေသည်။

လူတိုင်းက ယန်လူကြီးမင်းသည် ကံဆိုးလှပြီး ဇနီးနှင့် သားကို ဆက်တိုက် ဆုံးရှုံးခဲ့ရကာ မျက်စိတစ်မှိတ်အတွင်း မိသားစုတစ်စုလုံးတွင် သူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်ဟုသာ ထင်မှတ်နေကြ၏။

ယန်ချန်ကို သင်္ဂြိုဟ်ပြီးနောက် ယန်လိရူ အိမ်တော်သို့ ပြန်ရောက်သည်နှင့် အိမ်တော်ထိန်းသည် ရှေ့သို့ တိုးလာပြီး သတ္တိမွေးကာ မေးလိုက်၏။ “သခင်ကြီး။ ရူဟွေ့ရဲ့ အလောင်းကို ဘယ်လို စီစဉ်ရမလဲ”

ရူဟွေ့က သခင်လေးကို သတ်ခဲ့တာဆိုတော့ သခင်ကြီးက သူ့ကို အစိတ်စိတ်အမွှာမွှာ ခုတ်ထစ်ပစ်မှာ သေချာတယ်။ ဒါပေမဲ့ သခင်ကြီးက ဒီလို မလုပ်ရုံတင်မကဘူး။ သူ့ကို ကိုယ်တိုင် အလှပြင်ဆင်ပေးပြီး ခေါင်းတလား ဝယ်ပြီး ထည့်ပေးလိုက်သေးတယ်။

အိမ်တော်ထိန်းသည် ယန်လိရူ၏ သဘောကို ခန့်မှန်းမရနိုင်သဖြင့် ကိုယ်တိုင် လာရောက် မေးမြန်းရခြင်းပင်။

ယန်လိရူသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်လေသည်။ “သူက သူရဲ့ အဖေနားမှာ မြှုပ်ချင်တယ်ဆိုတော့ လူလွှတ်ပြီး သူ့ကို သွားမြှုပ်ပေးလိုက်တော့”

“ဟုတ်ကဲ့” အိမ်တော်ထိန်းသည် အမိန့်ရရှိပြီးနောက် ချက်ချင်း အစေခံများကို ခေါ်ကာ ခေါင်းတလားကို ထမ်းပြီး အိမ်တော်ထဲက ထုတ်သွားခိုင်းလိုက်တော့သည်။

ယခင်က ရူဟွေ့၏ ဖခင်ကိုလည်း သူက လူလွှတ်ပြီး သင်္ဂြိုဟ်ပေးခဲ့ခြင်းဖြစ်ရာ သူသည် လူကို မည်သည့်နေရာတွင် မြှုပ်နှံထားသည်ကို ကောင်းစွာ သိရှိနေ၏။

ယန်အိမ်တော်၏ အစေခံများ၏ လှုပ်ရှားမှုမှာ အလွန် လျင်မြန်လှပြီး ရူဟွေ့အဖေ၏ သင်္ချိုင်းဂူကို ရှာဖွေတွေ့ရှိပြီးနောက် ဘေးတွင် တွင်းနက်တစ်ခုကို ထပ်မံ တူးဖော်ကာ ခေါင်းတလားကို တွင်းထဲသို့ ထည့်ပြီး မြေကြီးဖြင့် ဖုံးအုပ်လိုက်ကြလေသည်။

ရူဟွေ့၏ မိသားစုတစ်စုလုံး သေဆုံးသွားပြီး ယခုအခါ သူမလည်း မရှိတော့သဖြင့် နောင်တွင် မည်သူကမျှ လာရောက် ပူဇော်ပသမည် မဟုတ်ဘဲ ကျောက်တိုင် စိုက်ထူရန်လည်း မလိုအပ်တော့ပေ။

အိမ်တော်ထိန်းသည် လူများကို ခေါ်ကာ ထွက်ခွာလာချိန်တွင် နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ အထီးကျန်နေသော သင်္ချိုင်းဂူနှစ်ခုသည် ထိုနေရာတွင် တည်ရှိနေပြီး နောင်တစ်ချိန်တွင် သင်္ချိုင်းရှင်များ အသက်ရှင်စဉ်က မည်သို့သော အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ရသည်ကို မည်သူကမျှ သိရှိတော့မည် မဟုတ်ပေ။

ရက်အနည်းငယ် ကြာပြီးနောက် မြို့ထဲမှ သတင်းသစ်များသည် ဇာတ်လိုက် ပြောင်းလဲသွား၏။ လင်းမြို့မှ လင်းကျန်းကျွင်း၏ တရားဝင်သမီးသည် သူမညီမဖြစ်သူ၏ စေ့စပ်ထားသူကို လုယူခဲ့ပြီး သူတို့နှစ်ဦးသည် မင်းသမီး၏ ပန်းပွဲတော်တွင် ရန်ဖြစ်ခဲ့ကြကာ မြင်ကွင်းမှာ အလွန် အရုပ်ဆိုးအကျည်းတန်လှသည်ဟု ကြားသိရ၏။

ပြည်သူများသည် ထိုစိတ်လှုပ်ရှားဖွယ် အကြောင်းကို ကြားလိုက်ရပြီးနောက်တွင်တော့ ပြည်သူ့တရားရှင်ယန်၏ ဇနီးနှင့် သား သေဆုံးမှု၏ အမှန်တရားကို စုံစမ်းရန် စိတ်ဝင်စားမှု ပျောက်ဆုံးသွားကြလေသည်။

အရာအားလုံး ငြိမ်သက်သွားပြီးနောက် လမင်းကို မိုးတိမ်မည်းများ ဖုံးလွှမ်းနေသော ညတစ်ညတွင် မြို့ပြင်မှ သင်္ချိုင်းတစ်ခု၌ မြေလွှာအောက်မှ တဘုန်းဘုန်း အသံများ ထွက်ပေါ်လာခဲ့၏။

ကံကောင်းသည်မှာ ပတ်ဝန်းကျင်တွင် လူသွားလူလာ မရှိဘဲ သစ်ပင်ပေါ်တွင် နားခိုနေသော ဇီးကွက်များသာ လန့်ဖျပ်ကာ တောင်ပံခတ်၍ ပျံသန်းသွားကြ၏။

အသံအနည်းငယ် ထွက်ပေါ်ပြီးနောက် နောက်ထပ် အသံကျယ်ကြီးတစ်ချက်နှင့်အတူ သင်္ချိုင်းပေါ်မှ မြေကြီးသည် လွင့်စင်သွားပြီး ခေါင်းတလားအဖုံးသည်လည်း လွင့်ထွက်သွားလေသည်။

ခဏအကြာတွင် လက်တစ်ဖက်က ခေါင်းတလားအစွန်းကို ဆွဲထားလိုက်ပြီး ချန်ဟွေ့သည် ခေါင်းတလားထဲမှ ထိုင်လိုက်သည်။

သူမသည် ဘေးဘီကို ကြည့်လိုက်ပြီး ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေသည်ကို တွေ့လိုက်ရ၏။ သူမသည် ခေါင်းတလားထဲမှ ထွက်လာပြီးနောက် ခေါင်းတလားအဖုံးကို ပြန်ပိတ်လိုက်ပြီးနောက် မြေကြီးကို ပြန်လည် ဖုံးအုပ်လိုက်ကာ မကြာမီ သင်္ချိုင်းပုံတစ်ခု ဖြစ်ပေါ်လာလေသည်။

သူမသည် သင်္ချိုင်းပတ်ဝန်းကျင်မှ ခြေရာလက်ရာများကို ရှင်းလင်းပြီးချိန်တွင်တော့ မနက် ၃ချက်တီးတော့မည်။

သူမသည် တောအုပ်ထဲက ထွက်လာခဲ့ပြီး လမ်းကြောင်းကို မှတ်သားလိုက်ကာ ပေါ့ပေါ့ပါးပါး ခြေလှမ်းများဖြင့် ရှန့်ကျင်းဆီသို့ ဦးတည်လာခဲ့လိုက်၏။

ချန်ဟွေ့သည် မြို့တံခါးအပြင်ဘက်သို့ ရောက်လာချိန်တွင် အောက်ဖက်ကရွာများမှ လူများသည် ထမ်းပိုးများ ထမ်းကာ မြို့တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရသည်။

ဤအချိန်အခါတွင် လယ်သမားများသည် အိမ်က လတ်လတ်ဆတ်ဆတ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို ထမ်းကာ မြို့ထဲသို့ လာရောက် ရောင်းချကြပြီး ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခုဟု ဆိုနိုင်ပေသည်။

သူမလည်း တစ်ယောက်တည်း လူအုပ်ထဲတွင် ရောနှောနေသော်လည်း ထူးခြားနေခြင်း မရှိပေ။

မနက် ၅ချက်တီးချိန်တွင် မြို့ထဲမှ ဗုံသံများ ပျံ့လွင့်လာပြီး ညမထွက်ရအမိန့် ပြီးဆုံးကာ မြို့တံခါးများ ပွင့်သွားလေသည်။

အားချန်သည် အိပ်မက်ထဲတွင် ရှိနေဆဲ။ ရုတ်တရက် စည်းချက်ကျကျနှင့် ဇွဲရှိရှိ တံခါးခေါက်သံကို ကြားလိုက်ရ၏။ သူမသည် အိပ်ချင်မူးတူးဖြင့် မျက်လုံး ဖွင့်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်ရာ ကောင်းကင်သည် လုံးဝ မလင်းသေးပေ။

သူမသည် သမ်းဝေလိုက်ပြီး ဆံပင်ရှည်များကို ဖြန့်ကျက်ကာ အပေါ်ဝတ်ရုံတစ်ထည်ကို လွှမ်းခြုံပြီး လေးပင်စွာဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။

အောက်ထပ်မှ တံခါးခေါက်သံသည် အချိန်အတန်ကြာအောင် မြည်နေခဲ့သည်။

“ဘယ်သူလဲ” သူမ၏ အသံထဲတွင် အိပ်ချင်မူးတူးနှင့် အနည်းငယ် ညည်းညူသံ ပါဝင်နေ၏။

“ကျွန်မပါ”

တံခါးအပြင်ဘက်မှ အသံသည် အားချန်ကို ရုတ်တရက် နည်းနည်း နိုးကြားသွားစေတော့၏။ သူမက တံခါးမင်းတုပ်ကို အလျင်အမြန် ဖယ်ရှားကာ တံခါးကို ဖွင့်လိုက်တော့သည်။

နံနက်ခင်း၏ ပထမဆုံးသော နေရောင်ခြည်နှင့်အတူ ချန်ဟွေ့၏ အပြုံးနှင့် ပြည့်နေသော မျက်နှာသည် အားချန်၏ အမြင်အာရုံထဲတွင် ပေါ်ထွက်လာလေသည်။

“အားချန်။ ကျွန်မ ပြန်လာပြီ”

...

All Chapters