← Chapters

သူ့ကို တစ်ယောက်တည်း အဖော်မဲ့ သွားခွင့်ပြုမှာ မဟုတ်ဘူး (၁)

Vol. 4 Ch. 38

သူ့ကို တစ်ယောက်တည်း အဖော်မဲ့ သွားခွင့်ပြုမှာ မဟုတ်ဘူး (၁)

Vol. 4 Ch. 38

"အိမ်ပြန်လာတာကို ကြိုဆိုပါတယ်” အားချန်၏ မျက်နှာထက်တွင်လည်း အပြုံးတစ်ပွင့် ပေါ်လာလေသည်။

သူမသည် ချန်ဟွေ့ အိမ်ထဲဝင်နိုင်ရန် ဘေးသို့ အနည်းငယ် တိမ်းရှောင်ပေးပြီးနောက် တံခါးကို ပိတ်လိုက်၏။ ထို့နောက်မှ မေးလိုက်လေသည်။ "ဟွေ့ညန် လုပ်ချင်တဲ့ကိစ္စ အခု ပြီးသွားပြီလား”

"မပြီးသေးဘူး” ချန်ဟွေ့က ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။ သူမသည် ပင်ပန်းနွမ်းနယ်မှုကို မခံစားနိုင်သော်လည်း ဤနေရာသို့ ပြန်ရောက်လာသည့်အခါတွင်တော့ ကိုယ်ရောစိတ်ပါ အနားရသွားသကဲ့သို့ ခံစားလိုက်ရသည်။

အားချန်က အံ့အားသင့်သွားသည့် အမူအရာလေး ထုတ်ပြလာ၏။

ချန်ဟွေ့က ‌အေးအေးလေသံဖြင့် ပြောလာသည်။ "ဖန်းယွီတို့ သားအမိတော့ သေသွားပြီ။ ဒါပေမဲ့ ယန်လိရူက အသက်ရှင်နေတုန်းပဲ”

အားချန်က မအံ့ဩမိချေ။ ယန်လိရူသည် ရာဇဝတ်မှုဌာန၏ လက်ထောက်ဝန်ကြီးတစ်ဦးဖြစ်ပြီး ရုံးတော်ထဲတွင် အဆင့်၃အရာရှိကြီး ဖြစ်သည်။ အကယ်၍ သူသာ ရုတ်တရက် သေဆုံးသွားပါက သည်ကိစ္စသည် သေချာပေါက် အကြီးအကျယ် ဖြစ်သွားလိမ်မည်။ တစ်စုံတစ်ဦးက လာရောက်စုံစမ်းစစ်ဆေးသည်နှင့် ဟွေ့ညန်သည်လည်း သေချာပေါက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ဟွေ့ညန်သည် ရှောင်လင်းရှီလည်း မဟုတ်ပေ။ သူမက သေဆုံးသွားပြီ ဖြစ်သော်ငြား လူက ဤလားကကြီးထဲတွင် ရှိနေသေးရာ မိမိကိုယ်တိုက်အတွက် အစီအစဉ်များ ပိုချထားမှ ဖြစ်ပေမည်။

သို့သော် ဟွေ့ညန်အပေါ် သူမ၏ နားလည်သဘောပေါက်ထားမှုအရ ဟွေ့ညန်သည် မည်သည့်အရာကိုမျှ မပြုလုပ်ဘဲ ယန်အိမ်တော်မှ သည်အတိုင်း ထွက်ခွာလာမည် မဟုတ်သည်ကို သူမ သိလေသည်။

"ရှင် သူ့ကို ဘာလုပ်ခဲ့လဲ” အားချန်က စိတ်ဝင်တစား မေးလိုက်သည်။

"ကျွန်မရဲ့သွေးကို သူ့ကို တိုက်ခဲ့တယ်”

သူမသည် ယန်လိရူ၏ စားသောက်ဖွယ်ရာများကို ထိတွေ့နိုင်ခွင့်ရသည့် အချိန်မှစ၍ နေ့စဉ် မိမိခန္ဓာကိုယ်ထဲမှ မဖြစ်စလောက် သွေးများကို ညှစ်ထုတ်ကာ ထည့်သွင်းရောနှောခဲ့လေသည်။

သူ့အတွက် နှပ်ပေးသော လက်ဖက်ရည်၊ ပြုလုပ်ပေးသော မုန့်ပဲသွားရည်စာ၊ သူ့ထံ ဆောင်ယူပေးသော စားဖွယ်တိုင်းတွင် သူမ၏ သွေးများ ပါဝင်နေခဲ့၏။

သူမသည် သက်ရှိဖုတ်ကောင် ဖြစ်သဖြင့် သွေးကြောထဲတွင် ဖုတ်ကောင်အဆိပ်က အလိုအလျောက် ပါနေပြီးသားပသ်။ ထိုအဆိပ်သည် ငွေအပ်ဖြင့် မည်သို့ပင် စမ်းသပ်စေကာမူ စမ်းသပ်၍မရသော အဆိပ်ဖြစ်၏။ ယန်လိရူက ဘယ်လောက်ပဲ သတိရှိရှိ သေချာပေါက် အဆိပ်သင့်လိမ့်မည်။

"သူသာ အခု ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရင် သက်ရှိဖုတ်ကောင် ဖြစ်သွားဖို့ အခွင့်အရေး ရှိလောက်တယ်” အားချန်က ပြုံးစစဖြင့် ဆိုလေသည်။

"သူ လုပ်မှာ မဟုတ်ဘူး။ သူက အာဏာနဲ့ ရာထူးကို မက်မောတာ။ ဘယ်လိုလုပ် သေရဲမှာလဲ။ သူလုပ်နိုင်တာက တစ်စချင်း တစ်စချင်း ပုပ်သိုးသွားတဲ့ ကိုယ်ခန္ဓာကို ကိုယ့်မျက်စိနဲ့ကိုယ် ကြည့်နေဖို့ပဲ” ချန်ဟွေ့၏ လေသံသည် တည်ငြိမ်လှသည်။

"အိုက်ယား။ ဒါဆို မြို့ထဲက လူတွေ ရင်ကွဲကြရတော့မှာပဲ။ လူကြီးမင်းယန်က အပြင်မှာ နာမည်ကောင်း သိပ်ရှိတာ”

ယန်လိရူ၏ စာရိတ္တ မည်သို့ပင်ဖြစ်စေ အများအမြင်တွင် သူ၏ ပုံရိပ်သည် အလွန်ကောင်းမွန်လှပြီး သာမန်ပြည်သူတချို့ကိုလည်း အမှန်တကယ် ကူညီခဲ့ဖူးသည်။ သို့မဟုတ်ပါက ဤသို့သော နာမည်ကောင်းသည် ပြန့်နှံ့လာနိုင်မည် မဟုတ်ပေ။

"နာမည်ကောင်း... အဲ့ဒီနာမည်ကောင်းတွေကတော့ သူ့ကို မြှုပ်နှံတဲ့အခါ အဖော်လုပ်ပေးဖို့ ထားလိုက်တော့”

ချန်ဟွေ့သည် အားချန်ထံတွင် နေထိုင်လျက်ရှိသည်။ ယခုတော့ သူမသည် ဆယ်နှစ်ကျော်ကြာပြီးနောက်မှ ပုံစံမျိုး မဟုတ်တော့သဖြင့် ပတ်ဝန်းကျင်မှ လူများအဖို့ သူမကို လမ်းထောင့်ရှိ စားသောက်ဆိုင်၏ ပိုင်ရှင်အမျိုးသမီးအဖြစ် မှတ်မိရန် မလွယ်လှချေ။ ယန်အိမ်တော်မှ လူများ တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သန်းသွားပြီး သူမ၏ မျက်နှာကို မှတ်မိနိုင်သည်ကလွဲလျှင်ပင်။

ဖြစ်နိုင်ခြေ နည်းပါးလှသော်လည်း ချန်ဟွေ့သည် အပြောင်းအလဲ အနည်းငယ်ကို ပြုလုပ်ထားဆဲ။ သူမသည် အားချန်အတွက် မလိုအပ်သော ဒုက္ခများ မဖြစ်စေလိုပေ။

သူမသည် ဆံပင်ကို ထုံးဖွဲ့လိုက်ပြီး ယခင်ကနှင့် အနည်းငယ် ကွဲပြားသော မိတ်ကပ်လိမ်းခြယ်မှုပုံစံကို ပြင်ဆင်လိုက်သည်။ ယခင်မျက်နှာနှင့် နှိုင်းယှဉ်ပါက သုံး၊ လေးချက်ခန့်မျှ ကွာခြားပြောင်းလဲသွားလေသည်။

အားချန်သည် သူမ ပြင်ဆင်နေသည်ကို မျက်တောင်မခတ်တမ်း ကြည့်ရှုနေကာ မျက်ဝန်းများထဲတွင် စိတ်ဝင်စားမှုများ အပြည့်ဖြစ်နေ၏။

ချန်ဟွေ့သည် မိတ်ကပ်ပြင်ဆင်ပြီးသည့်နောက် လှုပ်လှုပ်ရွရွ ဖြစ်နေသည် အားချန်ကို ခုံတန်းလျားပေါ်တွင် ဖိချကာ ထိုင်ခိုင်းလိုက်ပြီး သူမကို မက်မွန်ပန်းပွင့်ပုံစံ မိတ်ကပ်ပြင်ဆင်မှုမျိုး လိမ်းခြယ်ပေးလိုက်သည်။

အားချန်က မှန်ကိုကြည့်လိုက် မိမိမျက်နှာကို ပွတ်သပ်လိုက်ဖြင့် ယနေ့ မိမိကိုယ်မိမိ အလွန်လှပနေသည်ဟု ခံစားနေရလေသည်။

နံနက်စောစောတွင် အားချန်သည် ချန်ဟွေ့ ပြုလုပ်ပေးသော နံနက်စာကို စားသောက်ပြီးနောက် သူမနှင့်အတူ အနီးအနားရှိ လက်သမားတန်းသို့ သွားရောက်ခဲ့ကြသည်။

လောလောဆယ်တွင် သူမသည် အိမ်ပြောင်းရန် အစီအစဉ် မရှိသေး။ ချန်ဟွေ့သည် အိပ်စက်ရန် မလိုအပ်သော်လည်း အနားယူရန် နေရာတစ်ခုတော့ ရှိထားသင့်သည် မဟုတ်ပါလား။

အားချန်နှင့် ချန်ဟွေ့တို့ တိုင်ပင်ဆွေးနွေးကြပြီးနောက် ၎င်းတို့နှစ်ဦးသည် ပထမထပ်တွင် ထားရှိရန် ခုတင်နိမ့်တစ်လုံးကို အရင်ဆုံး ဝယ်ယူပြီး ညဖက် ထိုနေရာတွင် အနားယူနိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့နှစ်ဦးသည် သင့်တော်သည့် အလျားရှိသည့် ခုတင်တစ်လုံးကို ရွေးချယ်လိုက်ကြ၏။ အားချန်က ငွေချေလိုက်ပြီးနောက် ဆိုင်မှ အလုပ်သမားက သူမ၏ လိပ်စာကို မေးမြန်းလိုက်ပြီး နေရာက သိပ်မဝေးသည်ကို သိရသဖြင့် ချက်ချင်းပင် လက်တွန်းလှည်းတစ်စီးကို တွန်းလာပြီး ခုတင်ကို သူမ၏ ဆိုင်သို့ ပို့ဆောင်ပေးလေသည်။

အပြန်လမ်းတွင် အားချန်သည် လူတချို့က ဗုံမောင်းများတီးလျက် လူများကို လမ်းထိပ်သို့ ဆွဲဆောင်နေကြသည်ကို မြင်တွေ့ရသဖြင့် စပ်စုလိုစိတ်ဖြင့် ထိုဘက်သို့ လှမ်းမျှော် ကြည့်ရှုလိုက်သည်။

"ဘာဖြစ်တာလဲ”

သူမသည် ဦးဆောင်နေသည့် ထိုလူကို မှတ်မိလိုက်၏။ ထိုသူသည် ချန်းဖိင်ဖန်း၏ ရပ်ကွက်လူကြီး ဖြစ်သည်။ သာမန်အားဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် လျှောက်သွားနေသူများကိုသာ စီမံခန့်ခွဲတတ်ပြီး အခြားအချိန်များတွင် သာမန်လူများနှင့် ဘာမှမခြားဘဲ ရံဖန်ရံခါ လမ်းမပေါ်တွင် တွေ့မြင်နိုင်လေသည်။

သူမသည်လည်း တစ်ကြိမ်တွင် လူတစ်ဦးက သူ့ကို ရပ်ကွက်လူကြီးဟု ခေါ်ဝေါ်သည်ကို ကြားလိုက်ရမှသာ ထိုသူ၏ ရာထူးကို သိရှိခဲ့ရခြင်း ဖြစ်သည်။

ပစ္စည်းပို့ပေးသော အလုပ်သမားသည် အားချန်က စူးစမ်းနေသည်ကို မြင်လိုက်ရသဖြင့် ပြုံးလျက် ဆိုလေသည်။ "မိန်းကလေး သွားကြည့်လေ။ ကျွန်တော် ဖြည်းဖြည်း သွားလိုက်မယ်။ တကယ်လို့ စောရောက်သွားရင် တံခါးဝမှာ စောင့်နေလိုက်မယ်”

"ကောင်းပြီ” အားချန်သည် ချန်ဟွေ့ကို ဆွဲကာ လမ်းထိပ်သို့သွားကာ လူစုလူဝေးကို သွားရောက် ကြည့်ရှုလေတော့သည်။

လူများ စုရုံးလာကြသည့်အခါ ရပ်ကွက်လူကြီးက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။ "မကြာသေးခင်က ရပ်ကွက်ထဲမှာ သက်ရှိဖုတ်ကောင်တစ်ကောင် လှည့်လည်သွားလာနေတယ်။ ဒီည ရာဇဝတ်မှုဌာနက လူကြီးမင်းတွေက ရပ်ကွက်ထဲမှာ အဲ့ဒီဖုတ်ကောင်ရဲ့ သဲလွန်စကို လိုက်လံစုံစမ်းကြလိမ့်မယ်။ ညမထွက်ရအမိန့် ထုတ်ပြီးတာနဲ့ တစ်အိမ်ချင်းစီ တံခါးတွေ ပြတင်းပေါက်တွေကို သေချာ သော့ခတ်ထားရမယ်။ အမှုစစ်ဆေးတာကို နှောင့်ယှက်မိတာမျိုး မဖြစ်စေနဲ့”

ရပ်ကွက်လူကြီး ပြောပြီးသည့်တိုင် လူအများ၏ တုံ့ပြန်မှုက သိပ်မရှိလှပေ။

ဤသို့သော စကားမျိုးကို ယခင်က အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးပြီး ဖြစ်သော်လည်း ရလဒ်မှာ ထိုသက်ရှိဖုတ်ကောင်ကို ဖမ်းမမိသေးခြင်းပင်။ ကံကောင်းထောက်မစွာ နောက်ပိုင်းတွင် လူသေဆုံးမှုများ ထပ်မံ မရှိခဲ့တော့သဖြင့် လူအများကလည်း သိပ်ပြီး ဂရုမစိုက်ကြတော့ပေ။ ထိုဖုတ်ကောင်သည် မြို့ထဲတွင် တစ်ပတ် လှည့်ပတ်သွားလာပြီးနောက် ယခုအခါ ပြန်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

"အဲ့ဒီ ရာဇဝတ်မှုဌာနက လူကြီးမင်းတွေက အားကိုးလို့ ရောရရဲ့လား။ ဒါ ဘယ်နှခါတောင် ဖမ်းနေပြီလဲ ဘာလို့ ခုထိ မမိသေးတာလဲ” လူအုပ်ထဲမှ တစ်စုံတစ်ဦးက အော်ဟစ်လိုက်သည်။

ရပ်ကွက်လူကြီးက ကမန်းကတန်း ဆိုလိုက်သည်။ "လျှောက်မပြောကြနဲ့။ ဘာပဲဖြစ်ဖြစ် ဒီညတော့ လူတိုင်း အပြင် လုံးဝ မထွက်ကြနဲ့။ တွေ့ကရာလူကိုလည်း တံခါး သွားဖွင့်မပေးကြနဲ့။ သက်ရှိဖုတ်ကောင် အိမ်ထဲ ဝင်လာတာမျိုး ဖြစ်နေဦးမယ်”

"စိတ်ချပါ။ ကျွန်တော်တို့လည်း နောက်ထပ် ရက်အနည်းငယ်လောက် အသက်ဆက်ရှင်ချင်ပါသေးတယ်။ ညနေ ၅ နာရီ ထိုးတာနဲ့ တံခါးပိတ်ပြီး သော့ခတ်လိုက်ပါ့မယ်”

အားချန်သည် ထပ်တလဲလဲ ပြောနေကျ စကားများသာ ဖြစ်သည်ကို မြင်လိုက်ရသဖြင့် စိတ်ဝင်စားမှု ကင်းမဲ့သွားပြီး ခဏလောက် နားထောင်ပြီးနောက် ချန်ဟွေ့နှင့်အတူ အိမ်သို့ ပြန်လာခဲ့ကြသည်။

လမ်းတွင် ချန်ဟွေ့က မေးလာခဲ့၏။ "အဲ့ဒီ သက်ရှိဖုတ်ကောင်ကို ခုထိ မဖမ်းမိသေးဘူးလား”

သူမ မှတ်မိသည်မှာ သူမ ယန်အိမ်တော်သို့ မသွားမီကတည်းက အစိုးရအာဏာပိုင်များသည် ချန်းဖိင်ဖန်းတွင် သက်ရှိဖုတ်ကောင်ကို လိုက်လံရှာဖွေနေခဲ့ကြသည် မဟုတ်ပါလား။

"မမိသေးဘူး။ အဲ့ဒီဖုတ်ကောင်က အရင်တုန်းက ချန်လဲ့ဖန်း ကိုတောင် ရောက်သွားသေးတယ်လို့ ကြားတယ်”

ချန်ဟွေ့သည် တစ်စုံတစ်ခု လွဲနေသည်ကို ချက်ချင်း သတိထားမိသွားတော့သည်။ "ဒါ ဖန်းယွီ မွေးထားတဲ့ သက်ရှိဖုတ်ကောင်တော့ မဟုတ်လောက်ဘူးမလား။ ကျွန်မကို ဦးတည်ပြီး လာတာလား”

သူမသည် ခဏလောက် စဉ်းစားလိုက်ပြီးနောက် တစ်ဖန် မမှန်နိုင်ဟု ခံစားမိပြန်သည်။ ဖန်းယွီ သားအမိ အသက်ရှင်လျက် ရှိနေဦးတောင်မှ သက်ရှိဖုတ်ကောင်ကို မြို့ထဲသို့ လူသတ်ရန် စေလွှတ်သည်အထိ ရူးသွပ်လိမ့်မည် မဟုတ်ပေ။

မမျှော်လင့်ထားသော အဖြစ်အပျက် တစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့သည် ဆိုလျှင်တော့ တစ်မျိုးဖြစ်၏။

"ဖြစ်နိုင်တာက ရှင် အရင်က စားခဲ့တဲ့ အမွှေးနံ့သာလုံးတွေနဲ့ ဆိုင်လောက်တယ်” ချန်ဟွေ့ မျက်မှောင်ကြုတ်နေသည်ကို မြင်တော့ အားချန်က သူမကို နှစ်သိမ့်လိုက်သည်။ "စိုးရိမ်စရာ မလိုပါဘူး။ အရင်တုန်းက ဒီဖုတ်ကောင် ရှင့်ကို ရှာမတွေ့ခဲ့ဘူး။ အခု ရှင့်ကိုယ်ပေါ်က အနံ့က ပိုပြီးတောင် ဖျေည့သွားပြီ။ ဒါကြောင့် သူ ချန်းဖိင်ဖန်းကို ရောက်လာတယ် ဆိုရင်တောင် အသုံးမဝင်ဘူး”

ဟုတ်ပါသည်။ သူမသည်လည်း ကြိုတင်ပြင်ဆင်မှု တစ်စုံတစ်ရာမျှ မပြုလုပ်ထားခြင်း မဟုတ်ပေ။ မည်သို့ဆိုစေ သူမသည် ယခုအခါ နူးညံ့သိမ်မွေ့သော လူသားတစ်ဦးဖြစ်ပြီး သေရမည်ကိုလည်း အလွန် ကြောက်ရွံ့သူ ဖြစ်သည် မဟုတ်ပါလား။

သို့သော် အားချန်သည် ဤကိစ္စတွင် ထူးခြားချက် တစ်စုံတစ်ရာ ရှိနေသည်ဟု ခံစားမိနေဆဲပင်။ ဤမျှ ရက်များစွာ ကြာမြင့်သွားပြီးနောက် ဟွေ့ညန်၏ ခန္ဓာကိုယ်ထဲမှ အနံ့သည် ပိုလို့ပင် ဖျော့သွားသင့်သည်ပင်။ ထိုသက်ရှိဖုတ်ကောင်သည် ယခင်က သူမကို ရှာမတွေ့နိုင်ခဲ့လျှင် ယခု ပိုလို့ပင် မဖြစ်နိုင်တော့ပေ။

အကယ်၍ ဟွေ့ညန်ကို ဦးတည်လာခြင်း မဟုတ်ပါက တစ်စုံတစ်ဦးက ၎င်းကို ချန်းဖိင်ဖန်းတွင် ပေါ်ထွက်လာစေလိုခြင်း ဖြစ်နိုင်လေသည်။

အကြောင်းကတော့ သက်ရှိဖုတ်ကောင်သည် မိမိကိုယ်တိုင်အတွက် အသုံးချနိုင်သော အရာတစ်ခု ဖြစ်သကဲ့သို့ အခြားသူများအတွက်လည်း ထိုသို့ပင် ဖြစ်နိုင်သည် မဟုတ်ပါလား။

ချန်ဟွေ့သည် အားချန်၏ စိတ်ထဲမှ အတွေးများကို မသိရှိဘဲ အနည်းငယ် အားနာသော လေသံဖြင့် ဆိုလေသည်။ " ရှင့်ကို ဒုက္ခပေးမိပြန်ပြီ”

" ဘာဒုက္ခမှ မဟုတ်ပါဘူး” အားချန်၏ လေသံသည် ပေါ့ပါးလျက်ရှိသည်။ "ကျွန်မအတွက်တော့ ဒါက အခွင့်အရေးကောင်းတစ်ခုပဲ”

ချန်ဟွေ့က နားမလည်နိုင်သော အမူအရာ ပြသော်လည်း အားချန်ကတော့ ပြုံးသာပြုံးနေပြီး ဆက်လက် ပြောဆိုခြင်း မပြုတော့။ ထိုသက်ရှိဖုတ်ကောင် လှည့်ပတ် ပြေးလွှားနေရသည့် အကြောင်းရင်း မည်သို့ပင်ဖြစ်စေ မကြာမီ အဖြေ သိရှိရလိမ့်မည် ဖြစ်သည်။

ယခင် ရပ်ကွက်လူကြီးက ဗုံမောင်းတီးကာ ကြေညာနေစဉ်က လူတိုင်းသည် နားထောင်ရန် ပျင်းရိနေကြသော ပုံစံများ ဖြစ်နေကြသော်လည်း ညနေ ၅ နာရီထိုချိန်တွင်တော့ ချန်းဖိင်ဖန်း တစ်ခုလုံးရှိ ဆိုင်များနှင့် နေအိမ်အားလုံးနီးပါးသည် စောစောစီးစီး တံခါးပိတ် သော့ခတ်လိုက်ကြသည်။

သက်ရှိဖုတ်ကောင်များသည် ညအချိန်တွင် ထွက်ပေါ်လာရန် ပိုမို နှစ်သက်ကြသည်။ ဤအချိန်သည် မိုးစင်စင် မချုပ်သေးသဖြင့် ၎င်းသည် ထွက်လာလိမ့်မည် မဟုတ်ပေ။ သို့သော် ရွှဲမင်ထန်သည် သွေးသားငါးစာကို ကြိုတင် ပြင်ဆင်ထားခဲ့သည်။ သက်ရှိဖုတ်ကောင်များသည် သွေးသားကို အလွန်အမင်း နှစ်သက်ကြပြီး အထူးသဖြင့် သက်ရှိလူသားတို့၏ သွေးသားကို ဖြစ်လေသည်။

သက်ရှိဖုတ်ကောင်ကို ဆွဲဆောင်ရန် သူသည် ရာဇဝတ်မှုဌာန၏ အကျဉ်းထောင်ကြီးမှ အကျဉ်းသား တချို့ကို ခေါ်ထုတ်လာရန် အထူးတလည် ခွင့်တောင်းခဲ့ပြီး ၎င်းတို့၏ ကိုယ်ပေါ်တွင် ဓားဒဏ်ရာများ ပြုလုပ်၍ သွေးထွက်အောင် လုပ်ထားလိုက်သည်။

ရာဇဝတ်မှုဌာနမှ လူများသည် ဤသွေးသားငါးစာများကို သက်ရှိဖုတ်ကောင် မကြာသေးမီက ပေါ်ထွက်ခဲ့သော ရပ်ကွက်အသီးသီးသို့ သီးခြားစီ ခေါ်ဆောင်သွားကြသည်။ မကြာမီပင် ယန်အန်းဖန်းဘက်မှ အချက်ပြမြား တစ်စင်း လွှတ်တင်လိုက်လေသည်။

ရွှဲမင်ထန်သည် အနည်းငယ် အံ့အားသင့်သွားသည်။ ရွှဲမိသားစုသည် ယန်အန်းဖန်းတွင် နေထိုင်သည်ဖြစ်ရာ သက်ရှိဖုတ်ကောင်သည် သူ၏ အိမ်အနီးအနားသို့ ရောက်ရှိသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သို့သော် ဤအချက်သည် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရန် အနှောင့်အယှက် မဖြစ်ပေ။ သူ၏ လက်အောက်ငယ်သားများကတော့ သက်ရှိဖုတ်ကောင်ကို ချန်းဖိင်ဖန်းသို့ မဖြစ်မနေ ဆွဲဆောင်ခေါ်ယူရသည့် အကြောင်းအရင်းကို နားမလည်ကြပေ။

အစီအစဉ်အရ ရာဇဝတ်မှုဌာနမှ လူများသည် သွေးသားငါးစာကို ဆောင်ကာ ချန်းဖိင်ဖန်းသို့ တိုက်ရိုက် ဦးတည် သွားကြမည် ဖြစ်သည်။

သက်ရှိဖုတ်ကောင်၏ အရှိန်သည် အလွန်မြန်ဆန်လှသည်။ သို့သော် ရာဇဝတ်မှုဌာန အရာရှိ၏ ကိုယ်ပေါ်တွင် စစ်ထျန်းကျန်း၏ လေပြင်းအဆောင်လက်ဖွဲ့ကို ကပ်ထားသဖြင့် သက်ရှိဖုတ်ကောင်ထက် အနည်းငယ် ပိုမြန်နေလေသည်။ လမ်းတစ်လျှောက်လုံးတွင် အသည်းထိတ်ဖွယ်ရာများ ကြုံတွေ့ခဲ့ရသော်လည်း အန္တရာယ်ကင်းစွာဖြင့် ထိုသက်ရှိဖုတ်ကောင်ကို ချန်းဖိင်ဖန်း အတွင်းသို့ အမှန်တကယ် ဆွဲဆောင်ခေါ်ယူလာနိုင်ခဲ့သည်။

ရွှဲမင်ထန်သည် သူ၏ လက်အောက်ငယ်သားများကို အုပ်စုများ ခွဲ၍ ချန်းဖိင်ဖန်း၏ နေရာအနှံ့အပြားတွင် အစောကြီး ကတည်းက နေရာချထားခဲ့ပြီး ဖြစ်သည်။

သူ့အလှည့်သို့ ရောက်သောအခါတွင်တော့ ဘယ်သူနှင့်မှ အုပ်စုမဖွဲ့ဘဲ တစ်ကိုယ်တည်းသာ နေခဲ့သည်။

လက်အောက်ငယ်သားတချို့က သူ့အတွက် စိတ်မချ ဖြစ်ကြသော်လည်း သူကတော့ ဤအတိုင်းသာ ခေါင်းမာစွာ တောင်းဆိုခဲ့သည်။ နောက်ဆုံးတွင် လက်အောက်ငယ်သားအားလုံးသည် သူ၏ အစီအမံအတိုင်း မိမိတို့၏ သက်ဆိုင်ရာ နေရာများသို့ သွားရောက် စောင့်ဆိုင်းကြရပြီး ရွှဲမင်ထန်ကတော့ အားချန်၏ အိမ်ရှိရာ လမ်းကြားလေးဆီသို့ ရောက်ရှိလာခဲ့သည်။

.

သွေးသားငါးစာကို သယ်ဆောင်လာသော ရာဇဝတ်မှုဌာန အရာရှိသည် ရွှဲမင်ထန်၏ ကြိုတင်ညွှန်ကြားချက်များအတိုင်း သွေးသားငါးစာကို ရွှဲမင်ထန်ဆီသို့ ယူဆောင်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် သက်ရှိဖုတ်ကောင်ကိုလည်း ထိုနေရာသို့ ဆွဲဆောင်လာခဲ့သည်။

"လူကြီးမင်း သတိထားပါ။ အဲ့ဒီဖုတ်ကောင်ရဲ့ အရှိန်က နည်းနည်း ပိုမြန်လာတယ်။ အဆင့်တက်တော့မယ့်ပုံပဲ” ရောက်ရှိလာသော ရာဇဝတ်မှုဌာန အရာရှိက သွေးသားငါးစာကို အောက်သို့ ပစ်ချလိုက်ပြီး ရွှဲမင်ထန်ကို ကပျာကယာ ဆိုလိုက်သည်။

"သိပြီ။ မင်း အရင် သွားတော့” ရွှဲမင်ထန်က လက်ကာပြလိုက်သည်။

ထိုသူသည်လည်း စကားများများ မပြောတော့ပေ။ မိမိ၏ ကျင့်ကြံရေးအဆင်က နိမ့်ပါးသည်ကို သိသဖြင့် ဤနေရာတွင် ဆက်နေပါက ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သည်ကို နားလည်ကာ လျင်မြန်စွာ ထွက်ခွာသွားလေသည်။

သွေးသားငါးစာအဖြစ် အသုံးချခံရသော ရာဇဝတ်မှုဌာန အကျဉ်းသားသည် မြေပြင်ပေါ်တွင် လဲလျောင်းနေရင်း အသက်ရှူသံ တဖြည်းဖြည်း တိုးလျသွားသည်။ လမ်းတစ်လျှောက်လုံး သွေးများ စီးကျခဲ့ရာ လူသည်လည်း ခံနိုင်ရည် ရှိတော့မည် မဟုတ်ပေ။

ရွှဲမင်ထန်သည်ကတော့ သူ့ကို တစ်ချက်မှ လှည့်မကြည့်ဘဲ သက်ရှိဖုတ်ကောင် ပေါ်လာမည်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။

မကြာမီပင် သက်ရှိဖုတ်ကောင်သည် နောက်ဆုံး၌ ရောက်ရှိလာခဲ့လေသည်။

ခန္ဓာကိုယ်က ကုန်းကွနေပြီး ခြေလက်လေးဖက်စလုံး အသုံးပြုကာ ပြေးလွှားနေသော သက်ရှိဖုတ်ကောင်သည် လူ၏ပုံသဏ္ဍာန် ရှိသည်မှလွဲလျှင် အပြုအမူ အများစုမှာ လူသားများနှင့် များစွာ ကွာခြားနေလေပြီ။

အကယ်၍ ရွှဲမင်ထန်သာ အနည်းငယ် ပို၍ အသေးစိတ် ဂရုပြုမိပါက သူနှင့် သွေးသားငါးစာတို့ တစ်ချိန်တည်း ပေါ်လာချိန်တွင် သက်ရှိဖုတ်ကောင် ကြည့်နေသည်မှာ သွေးသားငါးစာ မဟုတ်ကြောင်းကို သတိပြုမိကောင်း ပြုမိပေလိမ့်မည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ဤအချိန်တွင် သူသည် အစီအစဉ် မကြာမီ အောင်မြင်တော့မည်ဟူသော ပီတိတွင် နစ်မြောနေခဲ့ပြီး ထိုအချက်ကို သတိမပြုမိခဲ့ချေ။

သူသည် သွေးသားငါးစာကို ဆွဲယူကာ အားချန်၏ အိမ်တံခါးဝသို့ တည့်တည့် လျှောက်လာခဲ့သည်။ ထို့နောက် သေလုမျောပါး ဖြစ်နေသော အကျဉ်းသားကို ပိတ်ထားသော တံခါးချပ်ပေါ်သို့ ပစ်တင်လိုက်လေသည်။

အားချန်နှင့် ချန်ဟွေ့ နှစ်ဦးစလုံးသည် အပြင်ဘက်မှ အသံကို ကြားလိုက်ရ၏။ တစ်စုံတစ်ခုက တံခါးကို လာရောက် ရိုက်ခတ်သွားသလိုပင်။

သည်အချိန်တွင် ချန်ဟွေ့သည် အကျွမ်းတဝင်ရှိသော ညှီစို့စို့ အနံ့တစ်ခုကို ရလိုက်လေသည်။ သူမ၏ မျက်နှာသွင်ပြင် ပြောင်းလဲသွားပြီး ချက်ချင်း မတ်တပ် ထရပ်လိုက်သည်။

"ဘာဖြစ်တာလဲ” အားချန်က သူမကို လှမ်းကြည့်လိုက်သည်။

"သက်ရှိဖုတ်ကောင် ရောက်လာပြီ။ အပြင်မှာ” ချန်ဟွေ့၏ မျက်နှာသည် တင်းမာနေပြီး တံခါးဝကို စူးစိုက် ကြည့်နေမိသည်။

အကယ်၍ ထိုသက်ရှိဖုတ်ကောင်သာ ဝင်ရောက်လာပါက သူမသည် ပြိုင်ဘက် မဟုတ်သည့်တိုင် အားချန် ထွက်ပြေးလွတ်မြောက်နိုင်ရန် လုံလောက်သော အချိန်အထိ ခဏလောက် ခုခံထားနိုင်လိမ့်မည်။

သူမသည် အားချန်ကို တစ်စုံတစ်ရာ ပြောဆိုရန် လှည့်လိုက်စဉ်မှာပင် အားချန်က ဗီရိုကို လှန်လှောရှာဖွေနေသည်ကို တွေ့လိုက်ရ၏။ ထိုထဲတွင် ခဏလောက် ရှာဖွေပြီးနောက် မြေအိုးငယ်တစ်လုံးကို ပွေ့ယူကာ ထုတ်လာခဲ့လေသည်။

အားချန်က မြေအိုးငယ်ကို ချန်ဟွေ့ဆီ ကမ်းပေးပြီး ဖွင့်ကြည့်ရန် မျက်ရိပ်ပြလိုက်သည်။

ချန်ဟွေ့သည် အိုး၏ အဖုံးကို မတင်လိုက်သည်နှင့် ရုတ်တရက် ချဉ်စုတ်စုတ် နှာခေါင်းစူးစေသော အနံ့တစ်မျိုးက ဦးခေါင်းထိပ်သို့ တန်းတက်လာလေသည်။

သူမ သေဆုံးပြီးနောက်ပိုင်း ဤသို့ ကြောက်မက်ဖွယ်ကောင်းသော အနံ့ကို ပထမဆုံးအကြိမ် ခံစားရခြင်း ဖြစ်သည်။ ပိုပြီး တိကျစွာ ဆိုရလျှင် ၎င်းသည် နှာခေါင်းဖြင့် အနံ့ခံရခြင်း မဟုတ်ဘဲ ခန္ဓာကိုယ်က ခံစားမိခြင်း ဖြစ်လေသည်။

ဤအနံ့ကို လုံးဝ ကာကွယ် ပိတ်ဆို့ထားနိုင်ခြင်း မရှိပေ။

"ဒါ ဘာကြီးလဲ” သူမသည် ရင်ခွင်ထဲမှ မြေအိုးကို လွတ်ကျမတတ် ဖြစ်သွားပြီး အဖုံးကို အလျင်အမြန် ပြန်ပိတ်လိုက်ရသည်။

"ကျွန်မ အထူးဖော်စပ်ထားတဲ့ ဆေးမှုန့်တွေလေ။ ဖုတ်ကောင်တွေ၊ သက်ရှိဖုတ်ကောင်တွေ ပြီးတော့ တောင်တစ္ဆေတွေကို နှင်ထုတ်လို့ရတယ်” အားချန်၏ မျက်နှာသည် အပြစ်ကင်းစင်သော ပုံစံ ဖြစ်နေသည်။ သူမသည်လည်း ဤဆေးမှုန့်အိုးကို အသုံးပြုရမည့် အချိန်တွင် ဟွေ့ညန်က အိမ်ထဲ၌ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သက်ရှိဖုတ်ကောင်တစ်ဦး ဖြစ်သော ချန်ဟွေ့သည် ခဏလောက် တိတ်ဆိတ်သွားသည်။ သူမ၏ ကိုယ်တွေ့ အတည်ပြုချက်အရ ဆေးမှုန့်၏ အာနိသင်သည် အလွန် ကောင်းမွန်လှပေသည်။

"ဘယ်လို သုံးရမှာလဲ။ တံခါးဝမှာ ဖြူးထားရမှာလား”

အနံ့သည် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း ထိုသက်ရှိဖုတ်ကောင် ဝင်ရောက်လာခြင်းကို အမှန်တကယ် တားဆီးနိုင်ကောင်း တားဆီးနိုင်ပေလိမ့်မည်။

"ဟုတ်တယ်”

ချန်ဟွေ့က အားချန် ပြောသည့်အတိုင်း ဆေးမှုန့်များကို တံခါးဝနှင့် ပြတင်းပေါက်များတွင် ဖြူးလိုက်ပြီးနောက် မြေအိုးကို လျင်မြန်စွာ ပြန်ဖုံးအုပ်လိုက်သည်။

အခန်းထဲတွင် ထိုကြောက်မက်ဖွယ် အနံ့သည် တဖြည်းဖြည်း ပျံ့နှံ့လာလေသည်။ ၎င်းသည် သူမကို ထိခိုက်နာကျင်စေနိုင်ခြင်း မရှိသော်လည်း သူမအား ခေါင်းမူး မျက်စိပြာဝေသွားစေသည်အထိ ပြင်းထန်လှသည်။

အားချန်သည် သူမ၏ အခြေအနေ မကောင်းသည်ကို မြင်လိုက်ရပြီး သူမကို ဒုတိယထပ်သို့ ခေါ်ဆောင်သွားတော့သည်။

ထိုဆေးမှုန့်သည် အနီးကပ်မှသာ အနံ့က ပြင်းထန်ပြီး အပေါ်ထပ်သို့ ရောက်လာသောအခါ အနံ့ကို မရသလောက် ဖြစ်သွားရာ ချန်ဟွေ့သည် ချက်ချင်းပင် နေသာထိုင်သာ ရှိသွားသည်ဟု ခံစားလိုက်ရ၏။

အပြင်ဘက်မှ အသံများကတော့ ဆက်လက် ထွက်ပေါ်နေဆဲ။ အားချန်နှင့် ချန်ဟွေ့တို့ အပြန်အလှန် ကြည့်လိုက်ကြပြီး နှစ်ဦးသား ဒုတိယထပ်၏ ပြတင်းပေါက်ဘေးတွင် တစ်နေရာစီ ရပ်လိုက်ကြသည်။ ထို့နောက် အောက်ထပ်မှ အခြေအနေကို အတိအကျ လေ့လာနိုင်ရန် ပြတင်းပေါက်ကို အက်ကွဲကြောင်း သေးသေးလေးတစ်ခုအဖြစ် ဖွင့်ဟလိုက်ကြသည်။

ရွှဲမင်ထန်၏ မျှော်လင့်ထားချက်နှင့် ဆန့်ကျင်စွာပင် ထိုသက်ရှိဖုတ်ကောင်သည် သွေးသားငါးစာဆီသို့ လုံးဝ ပြေးမသွားဘဲ သူ့ထံသို့သာ ပြန်လည် တိုးဝင်လာခဲ့သည်။

သူသည် အရာအားလုံးကို စီစဉ်ထားခဲ့ပြီး သက်ရှိဖုတ်ကောင်က သွေးသားငါးစာကို သွားရောက် စားသုံးလိမ့်မည်။ ထို့နောက် မတော်တဆ တံခါးကို တွန်းဖွင့်မိပြီး ကျိချန်သည်လည်း မမျှော်လင့်ဘဲ ဆိုးဆိုးရွားရွား သေဆုံးသွားလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။

ထို့နောက်တွင်မှ သူသည် လူများကို ခေါ်ပြီး သက်ရှိဖုတ်ကောင်ကို ဝိုင်းဝန်း နှိမ်နင်းပစ်မည်။

သို့သော်ငြားလည်း အဖြစ်အပျက်များသည် သူ၏ အစီအစဉ်အတိုင်း ဖြစ်ပေါ်လာခြင်း မရှိခဲ့ပေ။

သက်ရှိဖုတ်ကောင်သည် ရွှဲမင်ထန်နှင့် ရင်ဆိုင်ရချိန်တွင် ပါးစပ်မှ သွားရည်များသည် မရပ်မနား ကျဆင်းနေပြီး မြေပြင်ကို ချိုင့်ခွက်ငယ်လေးများအဖြစ် တိုက်စားသွားစေသည်။

၎င်းသည် မျက်စိရှေ့မှ လူကို စူးစိုက် ကြည့်နေ၏။ ထိုသူ၏ ခန္ဓာကိုယ်ထဲတွင် ၎င်းကို ဆွဲဆောင်နိုင်သော အနံ့တစ်မျိုး ရှိနေလေသည်။ သူ့ကို စားသုံးလိုက်နိုင်သည်နှင့် ၎င်းသည် အဆင့်တက်နိုင်လိမ့်မည်။

အဆင့်တက်လိုသော ပြင်းပြသည့် ဆန္ဒက သက်ရှိဖုတ်ကောင်ကို ထိန်းချုပ်ထားပြီး ၎င်းသည် ရွှဲမင်ထန်ထံသို့ လုံးဝ တွန့်ဆုတ်ခြင်းမရှိဘဲ ခုန်အုပ်လိုက်လေသည်။

ရွှဲမင်ထန်နှင့် သက်ရှိဖုတ်ကောင်တို့သည် အဆင့်တူညီကြသည်။ သက်ရှိဖုတ်ကောင်က အရိုင်းဆန်သော ခွန်အားကို အားကိုးသော်လည်း သူကတော့ ပိုပြီး အရည်အချင်း ရှိသည်။ တစ်ခဏအတွင်း အနိုင်အရှုံး ခွဲခြားရန် ခက်ခဲနေလေသည်။

အားချန်သည် အိမ်ထဲမှ ကြည့်ရင်း စိတ်မရှည် ဖြစ်လာသည်။ ဒါ ဘယ်အချိန်အထိ တိုက်ခိုက်နေကြမှာလဲ။

သူမသည် ချန်ဟွေ့ကို ဒုတိယထပ်တွင် ထားခဲ့ပြီး မိမိကိုယ်တိုင် အောက်ထပ်သို့ ပြန်ပြေးဆင်းသွားလိုက်သည်။ မကြာမီပင် လက်ဖဝါးအရွယ် အိတ်ငယ် သုံးလုံးကို ကိုင်ဆောင်လျက် ပြန်တက်လာခဲ့သည်။

သူမသည် အိတ်၏ အဝကို ဖြေလိုက်ပြီး ချန်ဟွေ့ထံ တစ်လုံး ကမ်းပေးကာ ရွှဲမင်ထန်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။ "ဒီအိတ်ကို အဲ့ဒီလူပေါ် ပစ်လိုက်”

ချန်ဟွေ့ကလည်း ဘာတစ်ခွန်းမှ မမေးမြန်းဘဲ ပစ္စည်းကို ယူလိုက်ပြီး ဟနေသည့် ပြတင်းပေါက်ကို အနည်းငယ် ပိုဖွင့်လိုက်သည်။ ထို့နောက် အိတ်၏ အဝကို ဆုပ်ကိုင်လျက် ရွှဲမင်ထန်ထံသို့ ပစ်ပေါက်လိုက်သည်။

ပထမတစ်လုံးသည် မထိမှန်ဘဲ သူက ရှောင်တိမ်းသွားသည်။

ထို့နောက် ဒုတိယတစ်လုံး။

သည်အိတ်ကိုတော့ ရွှဲမင်ထန်သည် သက်ရှိဖုတ်ကောင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနေရသဖြင့် အချိန်မီ ရှောင်ရှားနိုင်ခြင်း မရှိဘဲ သူ၏ ကိုယ်ပေါ်သို့ တည့်တည့် ကျရောက်သွားသည်။ ထိုအိတ်၏ အဝသည် ပွင့်သွားပြီး သူ့တစ်ကိုယ်လုံး အမှုန့်များဖြင့် ဖုံးလွှမ်းသွားစေသည်။

ထိုအမှုန့်များတွင် မည်သည့်အနံ့မျှ မရှိပေ။ ၎င်းသည် ရွှဲမင်ထန်ကို သက်ရှိဖုတ်ကောင်ကို ခုခံကာကွယ်နေရင်း အာရုံပျက်ပြားကာ အားချန်၏ အိမ် ဒုတိယထပ်ကို မော့ကြည့်စေရုံသာ ဖြစ်သည်။

သည်အချိန်တွင် သူ၏ စိတ်ထဲတွင် စဉ်းစားလိုက်၏။ အစီအစဉ်ကတော့ ကျရှုံးသွားပြီ။ ဒါပေမဲ့ ကျိချန်ကို ရှင်းပစ်ဖို့ကတော့ လုံးဝ နှောင့်နှေးလို့ မဖြစ်ဘူး။ ဒီလိုအချိန်မျိုးမှာတောင် သူက လှုပ်ရှားမှု သေးသေးမွှားမွှားတွေ လုပ်ရဲသေးတယ်။ တကယ် အသက်မရှင်ချင်တော့ဘူး ထင်တယ်။

ဒီလို ဖြစ်မှတော့ ငါလည်း လူလုပ်တဲ့ မတော်တဆမှုတစ်ခုကို ဖန်တီးရုံပဲ ရှိတော့တာပေါ့။

ထိုသို့ တွေးနေစဉ်မှာပင် သက်ရှိဖုတ်ကောင်၏ လက်သည်းသည် ရုတ်တရက် ရွှဲမင်ထန်၏ ရင်ဘတ်ကို ခြစ်ချသွားလေသည်။ ထိုလက်သည်းချက်ကို သူသည် အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။

ထို့နောက် သက်ရှိဖုတ်ကောင်၏ လှုပ်ရှားမှုများသည် ပိုပိုပြီး လျင်မြန်လာပုံရကာ ၎င်း၏ တိုက်ခိုက်မှုများ သူ့ကိုယ်ပေါ်သို့ ကျရောက်လာသည်ကို ရှောင်တိမ်းရန် ပိုပြီး ခက်ခဲလာသည်ကို သတိထားမိလိုက်၏။

ဒါ အဆင့်တက်တော့ မလို့လား။

သူ သတိမထားမိလိုက်သည်မှာ သက်ရှိဖုတ်ကောင်၏ အရှိန် မြန်လာခြင်း မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်က နှေးကွေး ထိုင်းမှိုင်းသွားခြင်း ဖြစ်နေသည်ကိုပင်။

"သူ ဘယ်လိုဖြစ်သွားတာလဲ” အပေါ်ထပ်က ချန်ဟွေ့သည် အောက်ထပ်က ရွှဲမင်ထန်၏ ပုံမှန်မဟုတ်သော အခြေအနေကို မြင်တွေ့သွားပြီး ဘေးမှ အားချန်ကို မနေနိုင်ဘဲ မေးလိုက်သည်။

ထိုသူ၏ ပြောင်းလဲမှုသည် သူမ ပစ်ချလိုက်သော အမှုန့်အိတ်ကြောင့် စတင်ခဲ့ခြင်းပင်။

အားချန်က အောက်ထပ်တွင် သက်ရှိဖုတ်ကောင်၏ ပစ်ထုတ်ခံလိုက်ရသည့် ရွှဲမင်ထန်ကို ကြည့်ရင်း မျက်နှာထက်တွင် တောက်ပသည့်အပြုံးတစ်ခုနှင့် ပြောလိုက်၏။ "သူ အရင်က ကျူးဖေးရွှယ့်ချောင်မြက်တွေ အများကြီး ရှူသွင်းမိထားတာ။ ခန္ဓာကိုယ်ကို နည်းနည်း သက်ရောက်မှု ရှိနေတယ်”

ချန်ဟွေ့သည် ခေါင်းလှည့်လာပြီး အားချန် ဆက်ပြောမည်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။

"ကျွန်မက စေတနာကောင်းနဲ့ သူ့အတွက် ကျူးဖေးရွှယ့်ချောင်ရဲ့ ဆေးအာနိသင်ကို ဖြေပေးလိုက်တာပါ။ ဒါပေမဲ့ အချိန်တိုအတွင်းမှာတော့ သူ့ခန္ဓာကိုယ်က နည်းနည်းလေး နှေးကွေးသွားလိမ့်မယ်”

သက်ရှိဖုတ်ကောင်နှင့် အသက်နှင့်ရင်း၍ တိုက်ခိုက်နေရသော အချိန်တွင် သေးငယ်သော အမှားအယွင်း တစ်ချက်သည်ပင်လျှင် သူ၏ အသက်ကို နှုတ်ယူသွားနိုင်လေသည်။

အားချန်သည် အရာအားလုံးကို အမှားအယွင်းမရှိ ကြိုတင်တွက်ဆနိုင်သူ မဟုတ်ပေ။ သူမသည် ကြိုတင်ပြင်ဆင်ထားလျှင် ပူပန်စရာ မလို ဟူသော အကျင့်တစ်ခုသာ ရှိသူ ဖြစ်သည်။

အမွှေးနံ့သာ တစ်မျိုး ရှိပြီး ၎င်းကို ဟဲရှန်းအမွှေးနံ့ဟု ခေါ်ဆိုကြသည်။

တစ်ခုချင်းစီ သီးခြား အသုံးပြုသည့်အခါ မသက်မသာ မဖြစ်ချေ။ သို့သော် ပေါင်းစပ် အသုံးပြုလိုက်သည့်အခါတွင်တော့ ပြဿနာသေးသေးလေးတစ်ခု ပေါ်ပေါက်လာတတ်သည်။

သူမသည် အစကတည်းက သည်ပစ္စည်းကို အဆင်ပြေသလို ပြုလုပ်ထားခဲ့ခြင်းသာ ဖြစ်ပြီး မည်သည့်အချိန်တွင် အသုံးပြုရမည်ကို တွေးတောထားခြင်း မရှိခဲ့။ သို့သော် ရွှဲမင်ထန်က သူမ၏ အိမ်တံခါးဝတွင် တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်လာခဲ့သည်ကို မည်သူက တားဆီးနိုင်မည်နည်း။

သူ့ကိုယ်ပေါ်မှာသာ အသုံးမပြုလိုက်ရင် နှမြောစရာကြီး ဖြစ်သွားမှာပေါ့။

သက်ရှိဖုတ်ကောင်၏ လက်သည်းများသည် ရွှဲမင်ထန်၏ ခြေထောက်နှစ်ဖက်ကို ထိုးဖောက်သွားပြီး သူ့မှာ ပြန်ထမလာနိုင်တော့ချေ။ ထို့နောက် ၎င်းသည် သူ့လည်ပင်းကို တပ်မက်စွာ ကိုက်ချလိုက်ရာ တစ်ချက်တည်းဖြင့် သွေးများ ပန်းထွက်လာလေတော့သည်။

ပြင်းထန်သော နာကျင်မှုသည် ထိတ်လန့်တုန်လှုပ်မှုနှင့် ရောနှောလျက် ထိုတစ်ခဏအတွင်း ရွှဲမင်ထန်၏ ဦးနှောက်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ထိုအခါကျမှ သူသည် သေခြင်းတရားအပေါ် ပထမဆုံးအကြိမ် ကြောက်ရွံ့စိတ်များ ခံစားလိုက်ရတော့သည်။

သူ နားမလည်တော့ဘူး။ ဒါက သူ့အတွက် ဘာအခက်အခဲမှ မရှိတဲ့ သာမန်တာဝန်လေး တစ်ခုပဲလေ။ ဘယ်လိုဖြစ်ပြီး ဒီလို အဆုံးသတ်သွားရတာလဲ။

သူ ဘယ်နေရာမှာ လိုသွားတာလဲ။

အသားထက်စာရင် သက်ရှိဖုတ်ကောင်က သူ့သွေးကို ပိုစိတ်ဝင်စားနေပုံပဲ။

ထိုအကောင်သည် ဝမ်းလျားမှောက်ကာ သွေးများစွာကို စုပ်ယူလိုက်လေသည်။ ရွှဲမင်ထန်သည် ခုခံနိုင်စွမ်း လုံးဝ ကုန်ဆုံးသွားခဲ့ပြီး ထိုသက်ရှိဖုတ်ကောင်က သူ့ကို မသတ်ဖြတ်ပါစေရန်သာ မျှော်လင့်နိုင်တော့သည်။

ထိုအကောင်က အမှန်တကယ်ပင် ရွှဲမင်ထန်ကို သတ်ဖြတ်ခြင်း မပြုခဲ့ပေ။ သွေးများကို ဝအောင် စုပ်ယူပြီးသည့်နောက် သက်ရှိဖုတ်ကောင်သည် အဆင့်တက်ရန် အခွင့်အရေးကို နောက်ဆုံးတော့ ခံစားမိသွားခဲ့သည်။ ၎င်းသည် မိမိကိုယ်မိမိ အဆင့်တက်မြှင့်နိုင်ရန် လုံလောက်သော ဘေးကင်းသည့် နေရာတစ်ခုကို ရှာဖွေရမည်။

သက်ရှိဖုတ်ကောင်သည် ရွှဲမင်ထန်ကို မြန်မြန်လွှတ်လိုက်ပြီး လမ်းကြားငယ်တစ်ခုထဲသို့ အလျင်အမြန် တိုးဝင် ပျောက်ကွယ်သွားလေသည်။

"သူ မသေသေးဘူး ထင်တယ်” သက်ရှိဖုတ်ကောင် ထွက်ခွာသွားပြီးနောက် အားချန်က ပြတင်းပေါက်ကို တွန်းဖွင့်ကာ ရွှဲမင်ထန်ကို ခေါင်းပြူပြီး ကြည့်လိုက်သည်။

"ဒါပေမဲ့ သေတော့မယ်” ချန်ဟွေ့က ဖြည့်စွက် ပြောလိုက်သည်။

"ကျွန်မတို့ အောက်ဆင်းရအောင်” အားချန်က နောက်ဆုံး အိတ်တစ်လုံးကို ချန်ဟွေ့၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ "သူသာ ခုခံနိုင်သေးတယ် ဆိုရင် သူ့ကို နောက်တစ်ချက် ထပ်ပေးလိုက်”

"ကောင်းပြီ” ချန်ဟွေ့သည် အိတ်ကို လှမ်းယူလိုက်ပြီး လက်တစ်ဖက်ဖြင့် အားချန်၏ ခါးကို သိုင်းဖက်ကာ သူမကို ဒုတိယထပ်မှ တိုက်ရိုက် ခုန်ချ ခေါ်ဆောင်လာခဲ့သည်။ မြေပြင်သို့ ကျရောက်ပုံသည် အလွန် ပေါ့ပါးလှပြီး မည်သည့် အသံမျှ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။

သူတို့နှစ်ဦးသည် ရွှဲမင်ထန်ထံသို့ လျှောက်သွားလိုက်ကြသည်။

ရွှဲမင်ထန်၏ အသိစိတ်သည် ဝေဝါးစ ပြုလာပြီ ဖြစ်သော်လည်း သူသည် မျက်လုံးကို ရုန်းကန် ဖွင့်ကြည့်လိုက်သေးသည်။ သူသည် မိမိကိုယ်ပေါ်တွင် စမ်းတဝါးဝါး ရှာဖွေနေ၏။ သူသည် အချက်ပြမြားကို ယူဆောင်လာခဲ့သည်။ အချက်ပြမြားကိုသာ ဆွဲဖွင့်လိုက်နိုင်ပါက တစ်စုံတစ်ဦးက သူ့ကို လာရောက် ကယ်တင်လိမ့်မည် ဖြစ်ပြီး သူ အသက်ရှင်နိုင်လိမ့်မည်။

သူသည် ရင်ဘတ်ထဲမှ အချက်ပြမြားကို စမ်းမိသွားပြီး လက်ထဲတွင် ကိုင်ထားလိုက်သည်။ သူ့မျက်နှာပေါ်က အပြုံးသည် ပွင့်ဟ မလာသေးမီမှာပင် လက်တစ်ဖက်က ထိုအချက်ပြမြားကို ဆွဲယူသွားတော့၏။

"လူကြီးမင်းရွှဲ ကျွန်မ ဖော်စပ်ထားတဲ့ အမွှေးနံ့က မွှေးရဲ့လား” အမျိုးသမီးတစ်ဦး၏ နူးညံ့ညင်သာသော အသံသည် ရုတ်တရက် ထွက်ပေါ်လာပြီး အားချန်၏ မျက်နှာသည် ရွှဲမင်ထန်၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့သည်။

အားချန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်းထားလျက် သူ့ကို ခေါင်းစောင်းငဲ့ကာ ကြည့်နေလေသည်။

"မင်း..."

ရွှဲမင်ထန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။ ထိုသက်ရှိဖုတ်ကောင် ရုတ်တရက် အစွမ်းထက်လာခြင်း မဟုတ်ဘဲ သူသည် မသိလိုက် မသိဘာသာ အခြေအနေတွင် ထောင်ချောက်မိသွားခဲ့ခြင်းပင်!

ဒါ သူ ပစ်ချလိုက်တဲ့ အမွှေးနံ့ကြောင့်လား။

"ရာဇဝတ်မှုဌာနက... မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”

အားချန်၏ လေသံသည် အပြစ်ကင်းစင်လှသည်။ "ကျွန်မက သက်ရှိဖုတ်ကောင်ကို တွေ့လိုက်ရလို့ အရမ်းကြောက်ပြီး အမွှေးမှုန့်အိတ်တစ်လုံး ပစ်ချလိုက်မိတာပါ။ ဒါက သာမန် အမွှေးမှုန့်လေးတွေပါ။ ရာဇဝတ်မှုဌာနက လူကြီးမင်းတွေ လာရောက် စစ်ဆေးတဲ့အခါ ကျွန်မ တက်တက်ကြွကြွ ပူးပေါင်း ပါဝင်မှာပါ”

ရွှဲမင်ထန်သည် ပါးစပ်ကို ဟထားသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာနိုင်တော့ပေ။

သူ၏ တစ်ခုတည်းသော အသက်ကယ် ကောက်ရိုးမျှင်သည် ယခုအခါ အားချန်၏ လက်ထဲတွင် ဆုပ်ကိုင်ထားလျက် ရှိသည်။

သူ မသေချင်သေး။ သူ ရာထူး မတက်ရသေး။ သူ လုပ်ရမဲ့ ကိစ္စတွေ အများကြီးကျန်နေသေးပြီး သူ...

"လူကြီးမင်းရွှဲ သေခြင်းတရားရဲ့ ချောက်ကမ်းပါးကို ရောက်နေတဲ့ ခံစားချက်က ကောင်းရဲ့လား” အားချန်၏ အသံသည် တိုးလျစွာ ထွက်ပေါ်လာသည်။

မကောင်းဘူး။ နည်းနည်းလေးမှ မကောင်းဘူး။

"ရှင် ကျိချန်ကို သတ်ခဲ့တုန်းက ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ် ဆိုတာကို တွေးထားခဲ့သင့်တယ်”

သူသည် ဤအကြောင်းကြောင့် မိမိ သေဆုံးရလိမ့်မည်ဟု တွေးတောထားခဲ့ခြင်း မရှိသည်မှာ သေချာလှသည်။ အစ်မကြီးက ကျိချန် ပျောက်ကွယ်သွားစေရန် အလိုရှိသဖြင့် သူသည် မြားတစ်စင်းကို ပေါ့ပေါ့ဆဆ ပစ်လွှတ်လိုက်သည်။ အစကတည်းက ဘာမတော်တဆမှုမှ ဖြစ်မလာဘဲ သူမသည် သေဆုံးသွားခဲ့သင့်သည်သာ။

သို့သော် ကျိချန်နှင့် ရင်ဆိုင်ရသည့် အခါတိုင်းတွင် သူ၏ အစီအစဉ်များသည် အမြဲတမ်း မမျှော်လင့်ထားသော အရာများနှင့်သာ ကြုံတွေ့ရလေသည်။

ယခင်တစ်ကြိမ်ကလည်း ထို့အတူပင်။ ဤတစ်ကြိမ်တွင်လည်း ထို့အတူပင်။

"မကြောက်ပါနဲ့” အားချန်၏ အသံသည် နူးညံ့သိမ်မွေ့လို့နေသည်။ "မကြာခင်မှာပဲ ရှင့်ကို အဖော်ပြုဖို့ လူတွေ အများကြီး ဆင်းလာကြလိမ့်မယ်။ ကျွန်မ သူ့ကို(ကျိချန်) တစ်ယောက်တည်း အဖော်မဲ့ သွားခွင့်ပြုမှာ မဟုတ်ဘူး”

...

All Chapters