← Chapters

အပိုင်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အပိုင်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အပိုင်း ( 334 )

မျိုးနွယ်စု တစ်သောင်း တားမြစ်နယ်မြေ ၂

“ ဟမ်? “

နတ်နဂါးသားရဲကြီး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ဝှစ် !!

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် နတ်နဂါးသားရဲကြီးသည် အကြိမ်ပေါင်းများစွာ တည်နေရာ ကူးပြောင်းလိုက်ပြီး၊ ဆယ်မိုင်အကွာရှိ နေရာတစ်ခုတွင် ပြန်ပေါ်လာခဲ့သည်။

သို့သော် ဟင်းလင်းပြင် လှုပ်ခါမှုသည် သူ့အရှေ့တွင် မျောလွင့်နေစဲပင် ဖြစ်သည်။

နတ်နဂါးသားရဲကြီးသည် ပြေးလွှားနေခြင်းကို ရပ်တန့်ကာ သူ့အရှေ့ရှိ လေထုကို အေးစက်စွာ စိုက်ကြည့်နေတော့သည်။

သူ၏ တည်နေရာ ကူးပြောင်းခြင်း အမြန်နှုန်းကပင် တစ်ဖက်လူ၏ အမြန်နှုန်းကို အမှီမလိုက်နိုင်ခဲ့ပေ။

၎င်းသည် ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဦးဆုံး အကြိမ်အဖြစ် မြင်တွေ့ဖူးခြင်းဖြစ်သည်။

ပြိုင်ဘက်၏ စွမ်းအားသည် သူတွေးထင်ထားသည်ထပ် ကျော်လွန်နေခဲ့သည်။

“ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး “

ရယ်သံ တိုးတိုးလေးတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ ငွေဦးချို မြစ်နဂါးသည် လေထုထဲတွင် ပေါ်လာခဲ့သည်။

“ ဘုရင်အဆင့် သားရဲကောင်လား? “ နတ်နဂါးသားရဲကြီး၏ မျက်လုံးများ အေးစက်သွားတော့သည်။

ငွေဦးချို မြစ်နဂါးသားရဲကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် အားကောင်းသော အရှိန်အဝါတစ်ခုသည် ဤဧရိယာတစ်ဝိုက်ကို ချက်ချင်း ဖုံးလွှမ်းလာခဲ့သည်။

၎င်းသည် သာမန် စတုတ္ထအဆင့် သားရဲကောင် မဟုတ်ဘဲ အဆင့်နတ်သားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် နတ်သားရဲကောင်ဖြစ်နေခဲ့သည်။

၎င်း၏ အရှိန်အဝါနှင့် ရင်ဆိုင်ရသောအခါတွင် သာမန်သားရဲကောင်များသည် ချက်ချင်း ဒူးထောက်ကျသွားမည်ဖြစ်သည်။

သို့သော် နတ်နဂါးသားရဲကြီးကမူ မလှုပ်မယှက်ဖြင့် တည်တည်ငြိမ်ငြိမ်သာ ဖြစ်နေခဲ့သည်၊ ၎င်းက ၎င်းအပေါ်သို့ မည်သည့်အကျိုးသက်ရောက်မှုမှ မရှိသည့်ပုံပင်။

“ ဟဲဟဲ၊ ဒါက ငါ့ကို တကယ် အံ့ဩသွားစေခဲ့တာပဲ “

ငွေဦးချို မြစ်နဂါးကြီးသည် ၎င်း၏ အရှိန်အဝါကို ရုတ်သိမ်းလိုက်ကာ၊ အသာအယာ ပြုံးပြလာခဲ့သည် “ မင်းလိုမျိုး အရောအနှော သွေးမျိုးဆက်ကို ပိုင်ထားတဲ့ ကောင်က တတိယအဆင့် သားရဲကောင်တွေကို သတ်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “

“ ငါက ခုခံကာကွယ်ရုံလေးတင်ပါ “

နတ်နဂါးသားရဲကြီးသည် ၎င်းကို စိုက်ကြည့်ကာ အေးအေးလူလူ ပြောလိုက်သည် “ အဲ့ဒီထဲက လေးကောင်ကတော့ ခင်ဗျားက ကျုပ်ကို အမဲလိုက်ခိုင်းလိုက်ဖို့ အမိန့်ပေးလိုက်တာလို့ ပြောတာပဲ “

“ အမဲလိုက်ခိုင်းတာလား? “

ငွေဦးချို မြစ်နဂါးကြီးသည် အသာအယာ ပြုံး၍ ခေါင်းငြိမ့်ပြလာခဲ့သည် “ အမိန့်ပေးလိုက်တယ်ဆိုတာကတော့ အမှန်ပဲ။ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ နတ်သားရဲ သွေးမျိုးဆက်ရှိတဲ့ သားရဲကောင်တွေကို စိတ်လိုလက်ရ သတ်ဖို့ မင်းကို ဘယ်သူကခွင့်ပြုပေးလို့လဲ? “

“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူက လူသားတွေနဲ့ ယှဥ်တိုက်ရတဲ့ တိုက်ပွဲကွင်းပြင်ပဲ၊ တကယ်လို့ အထဲမှာ ရှိတဲ့ သားရဲတွေ အကုန်လုံး အသတ်ခံလိုက်ရမယ်ဆိုရင်၊ ငါတို့က လူသားတွေနဲ့ ဘယ်လိုလုပ် ကုန်သွယ်နိုင်တော့မှာလဲ? “

နတ်နဂါးသားရဲကြီးသည် မည်သည့်စကားမှ မပြောဘဲ တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။

သူသည် ထိုကဲ့သို့သော အရာမျိုးကို လုံးဝထည့်သွင်းစဥ်းစားလိမ့်မည် မဟုတ်ပေ၊ သူသည် လူသားတို့နှင့် တိုက်ခိုက်မည့် သားရဲမျိုးနွယ်စုအား မည်သို့မျှ အကူအညီပေးမည် မဟုတ်ပေ။

“ အဲ့ကိစ္စလေးတွေကို ပြောဖို့အတွက်ပဲ ဒီကို ရောက်လာခဲ့တာလား? “ နတ်နဂါးသားရဲကြီးမှ တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

သူသည် ထိုကောင်က စည်းမျဥ်းစည်းကမ်းများကို ပြောပြရန်အတွက်သာ ဤနေရာသို့ ရောက်လာခဲ့ခြင်း မဟုတ်ဘူးဟု ယုံကြည်နေခဲ့သည်။

သူထင်ထားသည့်အတိုင်းပင် ငွေဦးချို မြစ်နဂါးကြီးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ မင်းရဲ့ ထူးခြားတဲ့ စွမ်းအားကြောင့်၊ မင်းက မျိုးနွယ်စု တစ်သောင်း တားမြစ်နယ်မြေထဲကို ဝင်နိုင်ဖို့ အဆင့်မှီတယ်လို့ ငါထင်တယ် “

“ မျိုးနွယ်စု တစ်သောင်း တားမြစ်နယ်မြေလား? “ နတ်နဂါးကြီး၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။

သူသည် ၎င်းက နတ်သားရဲများဖြင့် ပြည့်နှက်နေသည့် သားရဲမျိုးနွယ်စု၏ အစစ်အမှန် စားကျက်မြေဖြစ်သည်ဆိုသည်ကို သိနေခဲ့သည်။

“ ဒါပင်မဲ့ အခုလက်ရှိ အချိန်မှာ မင်းက အရောအနှော သွေးမျိုးဆက်ကိုပဲ ပိုင်ထားသေးတယ် ”

ငွေဦးချို မြစ်နဂါးကြီးမှ ပြောလာခဲ့သည် “ မျိုးနွယ်စု တစ်သောင်း တားမြစ်နယ်မြေထဲမှာ အဲ့လိုမျိုး ရွှေတောင်ပံ သားရဲမျိုးနွယ်စုမျိုး မရှိဘူး “

“ တကယ်လို့ မင်းက အထဲကို ဝင်ချင်တယ်ဆိုရင်၊ နတ်သားရဲ မျိုးနွယ်စုတစ်ခုခုနဲ့ ချိတ်ဆက်နိုင်မှ ဖြစ်မယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါက မင်းကို မျိုးနွယ်စုတစ်သောင်းရဲ့ ရှေ့တန်းစစ်မျက်နှာပြင်ဆီ ပို့ရလိမ့်မယ် “

ထိုအချိန်၌ သူသည် အပြုံးဖြင့် ဆက်ပြောလာခဲ့သည် “ အခုတော့ ငါက မင်းကို ငါ့ရဲ့ ငွေဦးချို မြစ်နဂါးမျိုးနွယ်စုနဲ့ ချိတ်ဆက်နိုင်ဖို့ အခွင့်အရေး ပေးမယ်၊ မင်းက မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထဲကို တိုက်ရိုက် ဝင်နိုင်လိမ့်မယ် “

“ ချိတ်ဆက်မှာလား? “ နတ်နဂါးသားရဲကြီး၏ မျက်လုံးများသည် အေးဆေး တည်ငြိမ်နေစဲပင် ဖြစ်သည်။

သူသည် မိမိကိုယ်မိမိ မည်သည့် မျိုးနွယ်စုနှင့်မျှ မချိတ်ဆက်ချင်ပေ။

ချိတ်ဆက်မည် ဆိုသည့် စကားလုံးသည် အစေခံ (သို့) ကျွန်ဖြစ်လာခြင်းကို ညွှန်းဆိုနေခြင်း ဖြစ်သည်။

ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ၎င်းကို အနည်းငယ်မျှ လက်ခံနိုင်ပေသည်၊ သို့သော် သားရဲမျိုးနွယ်စုအတွက်မူ ၎င်းသည် အမြှောက်စာဖြစ်သွားရလိမ့်မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ထို့အပြင် သူသည် နေ့စဥ်နေ့တိုင်း ကီလိုဂရမ် ၃၀၀တိတိ ကြီးထွားလေ့ရှိပြီး၊ အချိန်သာ ယူမည်ဆိုပါက တဖြည်းဖြည်း သန်မာအားကောင်းလာလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် သူသည် မည်သည့်သားရဲမျိုးနွယ်စုနှင့်မှ မချိတ်ဆက်ချင်ပေ။

“ မချိတ်ဆက်ချင်ဘူးလား? “

ငွေဦးချို မြစ်နဂါးသားရဲကြီးသည် သူ၏ အတွေးများကို သိနေပုံရပြီး၊ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ မင်းရဲ့ အရောအနှော သွေးမျိုးဆက်နဲ့ဆိုရင် တကယ်လို့ မင်းက မျိုးနွယ်စု တစ်ခုခုနဲ့ မချိတ်ဆက်ဘူးဆိုရင်၊ တိုက်ပွဲကွင်းပြင်မှာပဲ တိုက်ခိုက်နေရပြီးတော့ အရိုးဆွေးသွားလိမ့်မယ် “

“ ငါ့ရဲ့ ငွေဦးချို မြစ်နဂါး မျိုးနွယ်စုက အဆင့်မြင့် နတ်သားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ မျိုးနွယ်စုတစ်ခုပဲ၊ တားမြစ်နယ်မြေထဲမှာ‌တောင်မှ နေရာတစ်ခုကို ချုပ်ကိုင်ထားနိုင်တယ် “

ငွေဦးချို မြစ်နဂါးသားရဲ ဂုဏ်ယူဝင့်ကြွားစွာ ပြောလာခဲ့သည် “ ငါ့ရဲ့ မျိုးနွယ်စုနဲ့ ချိတ်ဆက်ခွင့်ရတာက မင်းအတွက် ကောင်းချီးတစ်ခုပဲ၊ အဲ့တာကို မလွဲချော်သွားစေနဲ့ “

“ ကြင်နာတဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာ “ နတ်နဂါးသားရဲကြီးမှ အေးအေးဆေးဆေး ပြန်ပြောလိုက်သည် “ အခုလက်ရှိ အချိန်မှာတော့ ကျွန်တော်က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာပဲ နေချင်ပါသေးတယ် “

ငွေဦးချို မြစ်နဂါးသားရဲ၏ မျက်လုံးများ မှေးကျဥ်းသွားကာ အမူအရာမှာလည်း အေးစက်သွားခဲ့သည်။

ဒီကောင်က ငါဘာပြောပြော၊ နားမထောင်ဘူး၊ တကယ်ကို ခေါင်းမာတာပဲ !!

တတိယအဆင့် သားရဲကောင်လေးတွေကို သတ်နိုင်တာနဲ့ အဆင့်မြင့် နတ်သားရဲတွေကို စိန်ခေါ်နိုင်ပြီလို့ တကယ်ကြီး ထင်နေတာလား?

အဆင့်နိမ့် နတ်သားရဲများနှင့် အဆင့်မြင့် နတ်သားရဲတို့ကြားရှိ ကွာဟချက်သည် ကောင်းကင်နှင့် မြေပြင်ကဲ့သို့ နက်ရှိုင်းလွန်းလှသည်။

နတ်နဂါးသားရဲကြီးက အဆင့်နိမ့် နတ်သားရဲများကို သတ်နိုင်မည်ဆိုလျှင်တောင်မှ ၎င်းက အရောအနှော သွေးမျိုးဆက်ကိုသာ ပိုင်ဆိုင်ထားသည်ဆိုသည့် အချက်မှာ မည်သို့မျှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

“ မင်းက ဒီမှာနေဖို့ ရွေးချယ်လိုက်ပြီဆိုတော့ ငါက ဆက်ပြီးတော့ ဆွဲဆောင်နေတော့မှာ မဟုတ်ဘူး “

ငွေဦးချို မြစ်နဂါးကြီးမှ အေးအေးလူလူ ပြောလာခဲ့သည် “ ဒါပင်မဲ့ စိတ်ရှိတိုင်း ထပ်သတ်မနေနဲ့တော့၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင်၊ ငါက ယဥ်ကျေးနေတော့မှာ မဟုတ်ဘူး “

သူသည် ယခုချက်ချင်း မလှုပ်ရှားခဲ့ပေ၊ နတ်နဂါးသားရဲကြီး၏ စွမ်းအားသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူနယ်မြေ၏ အဓိက ထောက်တိုင်တစ်ခုဖြစ်နေခဲ့သည်။

အရေးအကြီးဆုံးအရာကမူ နတ်နဂါးသားရဲကြီးက မည်မျှပင် ပြဿနာရှာပါစေ၊ သူ့ထံတွင် ၎င်းကို ဖိနှိပ်နိုင်သည့် စွမ်းအားများ ပိုင်ဆိုင်ထားခဲ့သည်။

သူ့အတွက်မူ နတ်နဂါးသားရဲကြီးကို ချေမွရခြင်းသည် ပုရွက်ဆိတ်တစ်ကောင်ကို ချေမွရသကဲ့သို့ အလွန်လွယ်ကူနေလိမ့်မည် ဖြစ်သည်။

၎င်းကို ပြောခဲ့ပြီးသည့်နောက်တွင် ငွေဦးချို မြစ်နဂါးကြီးသည် ချက်ချင်း လှည့်ထွက်သွားခဲ့သည်။

နတ်နဂါးသားရဲကြီးမှာလည်း ဤနေရာတွင် ကြာကြာ ဆက်မနေတော့ဘဲ၊ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်သွားတော့သည်။

၁၀မိနစ်ကြာခဲ့ပြီးသည့်နောက်၌

နတ်နဂါးသားရဲကြီးသည် ချိုင့်ဝှမ်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ထိုအချိန်တွင် သူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေခဲ့သည် “ ကြည့်ရတာတော့ ငါက ခဏလောက် ငြိမ်နေရမဲ့ပုံပဲ “

သူက ငွေဦးချို မြစ်နဂါးကြီး၏ စကားများကို နားမထောင်လိုသော်လည်း၊ သူသည် ယခုလက်ရှိ အချိန်တွင် ၎င်းကို မယှဥ်နိုင်သေးပေ။

အကယ်၍ သူက ၎င်းကို အနိုင်တိုက်နိုင်မည်ဆိုပါက ပုန်းကွယ်နေစရာ လိုတော့မည် မဟုတ်ပေ၊ ထို့ကြောင့် နတ်နဂါးသားရဲကြီးသည် အားမတန်၍ မာန်လျှော့ခဲ့ရလေပြီ။

အမှန်တိုင်း ပြောရမည်ဆိုပါက ငွေဦးချို မြစ်နဂါးသားရဲကြီးနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေလျက်ရှိသည်။

ပထမဦးဆုံးအနေဖြင့် ၎င်းသည် သူ့ကို အမဲလိုက်ရန်အတွက် အမိန့်ပေးခဲ့ပြီး၊ သူ၏စွမ်းအားကို မြင်လိုက်ရသောအခါတွင် သူ၏မျိုးနွယ်စုနှင့် ချည်နှောင်ချင်နေခဲ့သည်။

၎င်းက သွေးနှော သားရဲကောင်များကို အထင်သေးနေသည်မှာ သိသာလွန်းနေခဲ့သည်။

“ အဆင့်၄ အဆင့်မြင့် နတ်သားရဲကောင် ……. “

နတ်နဂါးသားရဲကြီးသည် ကြောက်ရွံ့မှုများ ထင်ဟပ်နေသည့် အမူအရာဖြင့် အသက်ကို ပြင်းရှရှ ရှူသွင်းလိုက်သည်။

သူသည် ထိုကဲ့သို့ စွမ်းအားကြီး ပြိုင်ဘက်မျိုးကို မကိုင်တွယ်နိုင်သေးပေ။

ကံကောင်းထောက်မစွာဖြင့် ယခင်က သူသတ်ခဲ့သည့် တတိယအဆင့် သားရဲကောင်များသည် သူ၏ တစ်လတာ စားနပ်ရိက္ခာကို လုံလောက်သွားစေခဲ့သည်။

“ ဒီတစ်လအတွင်းမှာ ငါက ဘယ်လောက်လောက် တိုးတက်လာနိုင်မလဲ? “

နတ်နဂါးသားရဲကြီးသည် မျှော်လင့်တကြီးဖြင့် ရေရွတ်ပြောဆိုနေတော့သည်။

ဝှစ် !!!

ထို့နောက်တွင် နတ်နဂါးသားရဲကြီးသည် ၎င်း၏ တောင်ပံကို ဝေ့ယမ်းကာ တတိယအဆင့် သားရဲကောင်၏ ဧရာမအလောင်းကြီးကို ထုတ်ယူလိုက်ပြီး၊ စတင်၍ စားသောက်နေတော့သည်။

……………………………………………………………………………………………………………………………………….

အပိုင်း ( 335 )

မျိုးနွယ်စု တစ်သောင်း တားမြစ်နယ်မြေ ၃

လာမည့်ရက်ပိုင်းများတွင် သူသည် သိုသိုသိပ်သိပ်နေ၍ စားရင်းသောက်ရင်းဖြင့် စတုတ္ထအဆင့် စွမ်းအားများ ရရှိသည်အထိ တိုးတက်ပြောင်းလဲနေတော့သည်။

…

အိပ်ခန်းအတွင်း၌

တစ်ညတာ အိပ်စက်အနားယူခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာခဲ့ပြီး၊ ကိုယ်ပွား၏ အတွေ့အကြုံများကို စုပ်ယူချေဖျက်နေတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ သူ၏မျက်နှာပေါ်တွင် ကြောက်လန့်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ကိုယ်ပွားက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “

“ အဆင့်၄ အဆင့်မြင့် သားရဲ၊ မူလကိုယ်ဖြစ်တဲ့ ငါကတောင် အဲ့တာကို ကိုင်တွယ်ဖို့ ယုံကြည်ချက် မရှိဘူး “

ရှုကျိုးသည် ငြင်ငြင်သာသာ အသက်ရှူထုတ်နေတော့သည်။

ယခုလက်ရှိ အချိန်၌ သူသည် ဒုတိယအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသေးစဲဖြစ်သည်၊ ထို့အပြင် သူသည် တတိယအဆင့်သို့ မြန်မြန်ဆန်ဆန် အဆင့်မတက်သေးပေ၊ အဘယ့်ကြောင့်ဆိုသော် သွေးကြောမှတ် လည်ပတ်မှုက သူ၏ခန္ဓာကိုယ်နှင့် အပြည့်အဝ မပေါင်းစည်းသေးသောကြောင့် ဖြစ်သည်။

“ မနေ့က သွေးကြောမှတ်တွေကို ပေါင်းစပ်နိုင်ခဲ့တဲ့ အချိန်တုန်းက ပထမအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့တဲ့ အချိန်တုန်းကလိုမျိုး မခံစားခဲ့ရဘူး “

ရှုကျိုး အတွေးနက်သွားတော့သည် “ လူသားဧကရာဇ် စည်းတံဆိပ်က ပထမအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့လို့ ရခဲ့တာ “

“ ဒုတိယအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့မယ်ဆိုရင် ငါက လူသားဧကရာဇ်ရဲ့ အမွေဆက်ခံမှုကို ထပ်ရနိုင်ဦးမလား? “

ထိုအတွေးနှင့်အတူ သူသည် မနေနိုင်တော့ဘဲ စည်းတံဆိပ်တစ်ခုကို ချက်ချင်း ရေးဆွဲမိသွားရာ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်တစ်ခု ပေါ်ထွက်လာခဲ့သည်။

မကြာခင်မှာပင် ရွှေရောင် စည်းတံဆိပ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ရွှေရောင်အလင်းတန်းသည် စည်းတံဆိပ်ကို ရစ်ခွေထားသည့် နဂါးစွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

“ ငါက အဆင့်၂ အထွတ်အထိပ်ကို ရောက်သွားခဲ့တဲ့ အချိန်တုန်းက ဒီလူသားဧကရာဇ် စည်းတံဆိပ်ရဲ့ စွမ်းအားက ပိုပိုပြီးတော့ အားကောင်းလာတယ် “

ရှုကျိုး၏ မျက်လုံးများထဲတွင် မျှော်လင့်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ အဲ့တာက အဆင့်၃ အထွတ်အထိပ်နဲ့ ယှဥ်နိုင်မှာလားဆိုတာကို ငါသိချင်မိတယ် “

နှောင်းပိုင်း တတိယအဆင့်နှင့် တတိယအဆင့် အထွတ်အထိပ်တို့ကြားရှိ ကွာဟချက်သည် ငါးဆတိတိဖြစ်သည်။

ယခင်က ရှုကျိုးသည် နှောင်းပိုင်းတတိယအဆင့် ပညာရှင်များနှင့် တိုက်ခိုက်ခဲ့ဖူးသည်၊ သို့သော် အကယ်၍ တတိယအဆင့် အထွတ်အထိပ် ပညာရှင်နှင့် ရင်ဆိုင်ရမည်ဆိုပါက၊ ရလဒ်သည် တစ်မျိုးတစ်ဖုံ ပြောင်းလဲနေလိမ့်မည် ဖြစ်သည်။

“ အဆင့်၃ အထွတ်အထိပ်နဲ့ ယှဥ်လိုက်မယ်ဆိုရင် ကွာဟချက်တွေက ရှိနေတုန်းပဲ “ ရှုကျိုးမှ ရေရွတ်ပြောဆိုနေတော့သည် “ အဆင့်၃ အထွတ်အထိပ်နဲ့ တိုက်နိုင်ဖို့ဆိုတာက ငါက အဆင့်၃ကို အရင်တက်မှ ဖြစ်တယ် “

တတိယအဆင့် အထွတ်အထိပ်သည် အလယ်အလတ် သိုင်းပညာရှင်အဆင့်နှင့် အနီးစပ်ဆုံး ဖြစ်ပြီး၊ ၎င်းနှင့် နှောင်းပိုင်း တတိယအဆင့်တို့ကြားရှိ ကွာဟချက်သည် အလွန်တရာ ကြီးမားလွန်းနေခဲ့သည်။

( ရိုးရှင်းသွားအောင် လုပ်ပေးပါမယ်၊ အဆင့်၁ကနေ ၃အထိကို အဆင့်နိမ့် သိုင်းပညာရှင်၊ ၄ကနေ၆ကို အလယ်အလတ် သိုင်းပညာရှင်၊ ၇ကနေ၉ကို အဆင့်မြင့် သိုင်းပညာရှင်လို့ ပြောင်းသုံးပေးသွားပါ့မယ် )

“ ဟမ်? “

ထိုအချိန်၌ ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။

ဇွီ !!

လူသားဧကရာဇ် စည်းတံဆိပ်သည် တစ်စုံတစ်ခုကို အာရုံခံမိနေသကဲ့သို့ အနည်းငယ် လှုပ်ခတ်လာခဲ့သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရွှေရောင် စည်းတံဆိပ်သည် ဦးတည်ချက်တစ်ဘက်သို့ လျင်မြန်စွာ ပြေးသွားတော့သည်။

“ ဘာတွေ ဖြစ်နေတာလဲ? လူသားဧကရာဇ် စည်းတံဆိပ်က တစ်ခုခုကို အာရုံခံမိသွားတာလား? “

ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်၊ သူသည် ချက်ချင်းထရပ်ကာ နောက်မှ လိုက်သွားတော့သည်။

သူသည် ၎င်းကို မည်သို့မျှ မထိန်းချုပ်နိုင်ခဲ့ပေ၊ သူသည် လူသားဧကရာဇ် စည်းတံဆိပ်က ဤကဲ့သို့ ပြုမူတုံ့ပြန်လာသည်ကို ပထမဦးဆုံးအကြိမ်အဖြစ် ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။

လူသားဧကရာဇ် စည်းတံဆိပ်သည် တစ်စုံတစ်ခုကို အာရုံခံမိနေပုံရကာ၊ ဦးတည်ချက်တစ်ဘက်သို့ တည့်တည့်မတ်မတ် ပြေးလွှားနေလျက်ရှိသည်၊ မကြာခင်မှာပင် သူ၏အိပ်ခန်းထဲတွင် လှည့်ပတ်သွားလာနေရင်းဖြင့် မီးခံသေတ္တာတစ်လုံးရှေ့သို့ ရောက်ရှိလာခဲ့သည်။

ရွှေရောင် စည်းတံဆိပ်တစ်ခုသည် မီးခံသေတ္တာရှေ့တွင် ရပ်တန့်သွားခဲ့သည်။

ဗွီ !!

လူသားဧကရာဇ် စည်းတံဆိပ်သည် လေထုထဲတွင် မျောလွင့်နေကာ ၎င်း၏ ဆွေမျိုးတစ်ဦးကို မြင်တွေ့နေရသကဲ့သို့ အနည်းငယ် လှုပ်ခတ်နေခဲ့သည်။

ရှုကျိုးသည် အဆိုပါ မြင်ကွင်းကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

အဆိုပါ မီးခံသေတ္တာသည် သူ၏ပစ္စည်းဖြစ်ပြီး၊ အပိုငွေနှင့် တန်ဖိုးရှိသော အရာတစ်ချို့ကို သိမ်းဆည်းရာ နေရာတစ်ခုဖြစ်သည်။

ဒီထဲမှာ တစ်ခုခုရှိနေတာလားဟ??

ရှုကျိုးသည် သံသယအပြည့်ဖြင့် သော့ကို ရှာဖွေကာ အဆိုပါ မီးခံသေတ္တာကို ဖွင့်လိုက်သည်။

သို့သော် မီးခံသေတ္တာကို ဖွင့်လိုက်သည့် အချိန်တွင် သူသည် တစ်ခဏခန့် ရပ်တန့်သွားခဲ့သည် “ ဒီသေတ္တာကို တစ်ယောက်ယောက်က ဖွင့်ထားတာလား? “

ယခင်က သူသည် သေတ္တာကို လူတစ်ဦးဦးက ဖွင့်ထားမည်ဆိုပါက သိရှိစေရန်အတွက် လျှို့ဝှက် အကန့်တစ်ခု ပြုလုပ်ထားခဲ့သည်။

သို့သော် မီးခံသေတ္တာသော့သည် သူ့ထံတွင်သာ အမြဲလိုလို ရှိနေခဲ့သည်၊ သူ့ထံတွင်သာ ရှိသည်ဟု ပြောပါက ပိုမိုမှန်ကန်နေမည်ဖြစ်သည်၊ ဆိုတော့ ဒီဟာကို ဘယ်သူက ဖွင့်ထားတာလဲ?

ဇွီ !!

မီးခံသေတ္တာကို ဖွင့်လိုက်သည့် အချိန်တွင် မျောလွင့်နေသည့် လူသားဧကရာဇ် စည်းတံဆိပ်သည် တတိယအထပ်ရှိ နေရာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။

ရှုကျိုးမှ ၎င်းကို ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။

“ မဟုတ်ဘူး၊ ဒီမှာက သံဓားတစ်လက် ရှိခဲ့ဖူးတယ် “

ရှုကျိုး၏စိတ်ထဲတွင် မှတ်ဉာဏ်တစ်ခု ပြန်ပေါ်လာခဲ့သည်။

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်သို့ မသွားခင် အချိန်တွင် သူသည် ဤမီးခံသေတ္တာထဲမှ ငွေတစ်ချို့ ယူသွားခဲ့ဖူးသည်။

သူ၏ အမြင်တွင် သံဓားတစ်လက်သည် ဤတတိယအထပ်တွင် ရှိနေခဲ့ဖူးသည်။

၎င်းသည် သူ၏အထက်တန်းကျောင်းသား ဘဝတွင် ဝမ်ယွဲ့ဟွေမှ သူ့ကို လက်ဆောင်ပေးခဲ့သည့် ဓားဖြစ်ပြီး၊ သူသည် ၎င်းကို လမ်းဘေးဈေးသည်တစ်ဦးထံမှ ဝယ်ယူခဲ့သည်ဟု ဆိုခဲ့သည်။

သို့သော် ယခု၌ အဆိုပါ သံဓားပျောက်ဆုံးနေခဲ့လေသည်။

ဗွီ ဗွီ !!!

လူသားဧကရာဇ် စည်းတံဆိပ်မှာလည်း အဆိုပါ ဓား၏ ပျောက်ဆုံးမှုကို သတိပြုမိနေပုံရပြီး၊ ဝမ်းနည်းသွားသည့် ညီးတွားသံတစ်ခုကို ထုတ်လွှင့်လာခဲ့ကာ မှိန်ဖျော့သွားခဲ့သည်။

မကြာခင်မှာပင် ၎င်းသည် ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

“ သံဓား ….. “ ရှုကျိုးမှ ရေရွတ်ပြောဆိုနေတော့သည် “ အဲ့ဒီသံဓားက လူသားဧကရာဇ်နဲ့ ပတ်သက်နေတာလား? “

အကယ်၍ လူသားဧကရာဇ်နှင့် မပတ်သက်ဘူးဆိုလျှင်တောင်မှ လူသားဧကရာဇ် စည်းတံဆိပ်နှင့် ပတ်သက်နေမည် ဖြစ်သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက လူသားဧကရာဇ် စည်းတံဆိပ်သည် ဤမျှ ပြင်းပြင်းထန်ထန် တုံ့ပြန်လာခဲ့မည် မဟုတ်ပေ။

ရှုကျိုးသည် လူသားဧကရာဇ် စည်းတံဆိပ်က ထိုကဲ့သို့ လှုပ်လှုပ်ရွရွ ပြုမူလာသည်ကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးခြင်းဖြစ်သည်။

သူသည် အဆိုပါ သံဓားထဲတွင် လူသားဧကရာဇ် စည်းတံဆိပ်၏ အမွေဆက်ခံမှုကို ဖုံးကွယ်ထားသည်ဟုပင် သံသယဝင်သွားခဲ့သည်။

“ ဆိုတော့ ……. ဒီသံဓားကို ဘယ်သူက ယူသွားတာလဲ? “

ရှုကျိုး၏ အမူအရာ မည်းမှောင်သွားတော့သည်၊ အဆိုပါ မီးခံသေတ္တာသည် သူ၏ ကိုယ်ပိုင်ပစ္စည်းဖြစ်သည်။

အကယ်၍ လူသားဧကရာဇ် စည်းတံဆိပ် ကိစ္စနှင့် မသက်ဆိုင်ဘူးဆိုလျှင်တောင်မှ၊ ထိုကဲ့သို့သော ကိစ္စမျိုးသည် သူ့အား စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။

သူသည် လူသားဧကရာဇ် စည်းတံဆိပ်ကို ရုတ်သိမ်းကာ အိပ်ခန်းထဲမှ ထွက်သွားတော့သည်။

မကြာခင်မှာပင် သူသည် မိဘများကို မေးမြန်းလိုက်ရာ သူတို့က သေတ္တာကို လုံးဝမထိဘူးဆိုသည့် တုံ့ပြန်မှုများကိုသာ ပြန်လည်ရရှိခဲ့သည်။

အခန်းထဲသို့ ပြန်ရောက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုး၏ အမူအရာသည် ပို၍ လေးနက်သွားခဲ့သည်။

သူခိုးဝင်လာတာများလား?

တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်၌ သူသည် ဖုန်းကို ထုတ်ယူကာ နံပတ်တစ်ခုကို နှိပ်လိုက်သည်။

၁၀မိနစ်ကြာခဲ့ပြီးသည့်နောက်၌

ရက်ပေါင်းများစွာ မတွေ့ခဲ့ရသည့် စက်ရုပ်လက်ထောက်မလေး ရှောင်ရှီသည် ရှုကျိုး၏ အရှေ့တွင် ထပ်မံ၍ ပေါ်ပေါက်လာခဲ့သည်။

“ လေးစားရပါသော ရှားမိသားစု၏ Sအဆင့် အဖွဲ့ဝင်ရှင့်၊ ကျွန်မက ရှင့်ရဲ့လက်ထောက်လေး ရှောင်ရှီပါ၊ တစ်ခုခု လိုအပ်လို့လားရှင့်? “ ရှောင်ရှီသည် တလေးတစား နှုတ်ဆက်လာခဲ့သည်။

မမြင်တွေ့ရသည်မှာ နှစ်ဝက်မျှ ကြာနေခဲ့ပြီဖြစ်သော်လည်း သူမသည် သန့်စင်ကာ လန်းဆန်းတက်ကြွပြီး လီရို့ရှီနှင့် အနည်းငယ် ဆင်တူနေစဲပင်ဖြစ်သည်။

ရှုကျိုး အံ့ဩသွားတော့သည် “ Sအဆင့် အဖွဲ့ဝင်လား? “

“ စွမ်းအားကို တွက်ချက်ပြီးတဲ့နောက်မှာ ရှင့်ရဲ့ ထောက်ပံ့ရေးက အမြင့်ဆုံးဖြစ်တဲ့ Sအဆင့်အထိ အဆင့်တက်သွားခဲ့တာပါ “ ရှောင်ရှီမှ ရှင်းပြလာခဲ့သည်။

ရှုကျိုးသည် ၎င်းကို များစွာ တွေးတောမနေတော့ပေ၊ သူ့ထံတွင် ထိုကဲ့သို့သော အရင်းအမြစ်များ ပြတ်လပ်မနေတော့ချေ။

“ အခုအတွက်တော့ ငါက အဲ့တာတွေကို မလိုအပ်သေးဘူး၊ အဲ့တာတွေကို လီရို့ရှီဆီကိုပဲ ပို့လိုက်ပါ “

“ ကောင်းပါပြီရှင် “

ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ အရေးကြီး ကိစ္စကို ပြောလိုက်သည် “ ပြီးခဲ့တဲ့ ခြောက်လအတွင်းက စောင့်ကြည့်မှတ်တမ်းတွေ ရှိတယ်မလား? “

ရှောင်ရှီမှ ပြန်ဖြေလာခဲ့သည် “ ရှိပါတယ်၊ ရှင်က ကွမ်ဟန်တက္ကသိုလ်ကို သွားခဲ့ပြီးတဲ့နောက်မှာ၊ ရှင့်ရဲ့ မိသားစုကို စောင့်ရှောက်ပေးဖို့အတွက် ရှောင်ရှီက အဆင့်၂ ပညာရှင်တစ်ယောက်ကို စီစဥ်ပေးခဲ့ပြီးတော့ စောင့်ကြည့်ရေး ဒရုန်းတစ်ခုကိုလည်း လွှတ်ပေးခဲ့ပါတယ် “

ရှုကျိုးသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ပြကာ မေးမြန်းလိုက်သည် “ ဒီနှစ်ဝက်အတွင်းမှာ တစ်ယောက်ယောက်က ငါ့အိမ်ထဲ ကျူးကျော်လာတာကို တွေ့မိသေးလား? “

“ ဘယ်သူမှ မရှိပါဘူး “

“ ဒါဆိုရင် ငါ့ရဲ့မီးခံသေတ္တာက ဘာလို့ အဖွင့်ခံထားရတာလဲ? “

“ ခဏလောက်စောင့်ပေးပါ၊ ရှောင်ရှီက စစ်ဆေးပေးပါ့မယ် “

ရှောင်ရှီသည် တက်ဘလက်တစ်လုံးကို ထုတ်ယူကာ စစ်ဆေးကြည့်ရှုနေတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူမမှ ထပ်မံ၍ စကားပြောလာခဲ့သည် “ လွန်ခဲ့တဲ့ လဝက်လောက်တုန်းက စောင့်ကြည့်ဗီဒီယိုက ၁၀စက္ကန့်လောက် အနှောင့်အယှက်ခံလိုက်ရတဲ့ မှတ်တမ်းတစ်ခု တွေ့ခဲ့ပါတယ် “

ရှုကျိုး မျက်မှောင်ကြုတ်သွားတော့သည် “ ဘယ်သူလုပ်တာလဲဆိုတာကို ရှာနိုင်လား? “

“ ကျေးဇူးပြုပြီးတော့ ခဏလောက်စောင့်ပေးပါဦး၊ ရှောင်ရှီက အဲ့ဒီကာလအတွင်းက လင်းဂျန်မြို့တစ်ခုလုံးမှာ ရှိတဲ့ စောင့်ကြည့်မှတ်တမ်းတွေကို ဝင်ကြည့်ဖို့အတွက် အမြင့်ဆုံး အာဏာကို သုံးပေးနေပါတယ် “

ထို့အတူ ရှောင်ရှီသည် မျက်လုံးများ မှိတ်သွားခဲ့ပြီး၊ နောက်ထပ် ၁၀မိနစ်အကြာမှ ထပ်မံ၍ စကားပြောလာခဲ့သည် “ ၁၀ရက်နေ့ မနက် ၂နာရီ ၁၅မိနစ်တုန်းက မှုန်ဝါးဝါး ပုံရိပ်တစ်ခုက ဒီထဲကို ဝင်လာခဲ့ပြီး၊ နောက် ၅မိနစ်ကြာတော့ ပြန်ထွက်သွားခဲ့တာကို တွေ့ခဲ့ပါတယ်။ ဝင်လာတဲ့ အချိန်တုန်းက စောင့်ကြည့်ရေး ကွန်ရက်တွေ အဖြတ်ခံလိုက်ရပါတယ် “

ရှုကျိုး၏ အမူအရာသည် အနည်းငယ် မည်းမှောင်သွားခဲ့သည်။

မနက် ၂နာရီတွင် အပြေးအလွှား ရောက်ရှိလာခဲ့ပြီး၊ ၅မိနစ်မျှ နေခဲ့ကာ ပြန်ထွက်သွားခြင်းသည် ဆိုးယုတ်သော ရည်ရွယ်ချက်များ ရှိနေသည်ဆိုသည်ကို မီးမောင်းထိုးပြနေခဲ့သည်။

“ အဲ့လူရဲ့ သရုပ်မှန်ကို ပိုင်းခြားနိုင်လား? “ ဟုရှုကျိုးမှ မေးမြန်းလိုက်သည်။

“ ကျေးဇူးပြုပြီးတော့ ခဏလောက် စောင့်ပေးပါ၊ ရှောင်ရှီက ရှုထောင့်ပေါင်းစုံကနေ တွက်ချက်ပေးနေပါတယ် “

………………………………………………………………………………………………………………………………

အပိုင်း ( 336 )

ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေက အတူတူ အသက်ရှူကြတယ်၊ ခန္ဓာကိုယ်က သဘာဝတရားနဲ့ ပေါင်းစည်းသွားတယ်

“ ဘက်ပေါင်းစုံ တွက်ချက်မှုလုပ်ခဲ့ပြီးတဲ့နောက်မှာ ဒီသံသယရှိသူတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ် “ ရှောင်ရှီမှ ပြောလာခဲ့သည် “ ဒါပင်မဲ့ ပစ်မှတ်က ထင်ထင်ရှားရှား မရှိတဲ့အတွက် တွက်ချက်မှုပေါ်မှာ အခြေခံထားတဲ့ ရလဒ်တွေက တိကျမှု မရှိပါဘူး “

“ ဘက်ပေါင်းစုံ တွက်ချက်မှုလား? အဲ့တာကို ဘယ်လိုဆုံးဖြတ်လိုက်တာလဲ? “ ရှုကျိုး မျက်မှောင်ကြုတ်သွားခဲ့သည်။

ရှောင်ရှီမှ ပြန်ဖြေလာခဲ့သည် “ ရှောင်ရှီက အဲ့ဒီကာလအတွင်းမှာ ရန်ပြည်ထောင်မှာရှိတဲ့ ခရီးသွားမှတ်တမ်းကို ဝင်ကြည့်နိုင်ပါတယ်၊ ပြီးတော့ လင်းဂျန်မြို့ရဲ့ ဝင်လူ၊ ထွက်လူတွေနဲ့ တိုက်စစ်လိုက်ပြီးတော့ ကိုက်ညီတဲ့ လူနည်းနည်းကို တွေ့ခဲ့ရပါတယ် “

“ ဒါပင်မဲ့ ဖက်ဒရယ် လုံခြုံရေးကာကွယ်ပေးမှုကြောင့် အဲ့လူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဝင်ကြည့်လို့မရပါဘူး၊ အကြမ်းဖျင်း အချက်အလက်တွေကိုပဲ ကောက်ချက်ချနိုင်ပါတယ် “

ပြောနေရင်းဖြင့် ရှောင်ရှီသည် တက်ဘလက်တွင် ရှိနေသည့် အချက်အလက်များကို ပြလာခဲ့သည်။

ရှုကျိုးမှ တက်ဘလက်များကို ငေးကြည့်ကာ မျက်လုံးများ အေးခဲတောင့်တင်းသွားတော့သည်။

ရှောင်ရှီ ပြသထားသည့် အချက်အလက်များအပေါ်၌ သံသယရှိသူများစွာ ရှိနေခဲ့သည်၊ သို့သော် စကားလုံးတစ်လုံးသည် သူ၏ စိတ်အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။

“ အရှေ့ပိုင်းပြည်နယ် လျူမိသားစုလား? “

အရှေ့ပိုင်းပြည်နယ် လျူမိသားစု လူတော်တော်များများနှင့် ကိုက်ညီနေခဲ့သည်၊ သို့သော် ရှင်းလင်းပြတ်သားသော အချက်အလက်များ မရှိဘဲ၊ ခရီးသွားမှတ်တမ်းနှင့် ဝေဝါးသော ဗီဒီယိုများသာ ရှိနေခဲ့သည်။

ရှုကျိုး၏ အကြည့်များ လေးနက်သွားတော့သည်။

တစ်ခြားသောလူများ ဖြစ်နေမည်ဆိုပါက သူယုံကြည်လိမ့်မည် မဟုတ်ပေ။

သို့သော် လျူမိသားစု ဖြစ်နေမည်ဆိုပါက သူသတိထားရမည်ဖြစ်သည်။

“ လျူတျန်မုလား? “ ရှုကျိုး အတွေးနက်သွားတော့သည် “ မဟုတ်ဘူး၊ သူက ကျောင်းမှာပဲ တစ်ချိန်လုံးရှိနေတာပါ၊ ဒါဆိုရင် ….. သူ့နောက်ကွယ်က လူတစ်ယောက်ယောက်က လုပ်တာ ဖြစ်နိုင်တယ် “

“ ဒါပင်မဲ့ တကယ်လို့ လျူတျန်မု မဟုတ်ဘူးဆိုရင်၊ လျူဟီနဲ့ ဆိုင်နေလောက်တယ် “

လျူဟီသည် သူရင်ဆိုင်ခဲ့ရသည့် လျူမိသားစု၏ ပထမဦးဆုံး အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ သူသတ်လိုက်သည့် ပထမဦးဆုံးသော လျူမိသားစု အဖွဲ့ဝင်လည်း ဖြစ်သည်။

ထိုဖြစ်ရပ်သည် လျူမိသားစုအတွင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်ဟုပင် ဆိုကြသည်။

ရှုကျိုးသည် လျူဟီ၏အဖေဖြစ်သူ လျူဟိုင်ဖုန်းက လျူဟီအတွက် လက်စားချေလိုသည့်အတွက် လျူမိသားစု၏ စီနီယာ အဖွဲ့ဝင်များကို သွားရှာခဲ့သော်လည်း၊ နေရာမှာပင် မောင်းထုတ်ခံခဲ့ရပြီး၊ မျက်နှာပျက်သွားခဲ့ရသည်ဟု ကြားသိခဲ့ရသည်။

“ ရှောင်ရှီ၊ အဲ့ဒီကာလအတွင်းက လျူဟိုင်ဖုန်းရဲ့ အသေးစိတ် မှတ်တမ်းတွေကို ရှာနိုင်လား? “ ဟုရှုကျိုးမှ မေးမြန်းလိုက်သည်။

ရှောင်ရှီသည် အနည်းငယ် တွေဝေတုံ့ဆိုင်းသွားခဲ့သည် “ အဲ့တာက ရန်ပြည်ထောင် ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါ ပါနေတယ်၊ စည်းမျဥ်းတွေအရ ရှောင်ရှီက အဲ့တာတွေကို ဝင်ကြည့်လို့မရဘူး “

“ Sအဆင့် အဖွဲ့ဝင်ရဲ့ လုံခြုံရေးက မိသားစုရဲ့ အဓိက ဦးစားပေးဖြစ်သင့်တယ် မဟုတ်ဘူးလား? “

ရှုကျိုးမှ လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည် “ အခုလက်ရှိ အချိန်မှာ တစ်ယောက်ယောက်က ငါ့အိမ်ထဲကို ခိုးဝင်လာခဲ့ပြီး၊ ငါ့အသက်က အန္တရာယ်အောက်မှာ ရှိနေတာလေ၊ ငါ့မိဘတွေကလည်း အသက်အန္တရာယ် ဖြစ်နေတယ်၊ သေတောင် သေသွားနိုင်သေးတယ် “

“ ကျေးဇူးပြုပြီးတော့ ခဏစောင့်ပေးပါ၊ ရှောင်ရှီရှာနေပါတယ် “

ရှောင်ရှီ၏ မျက်လုံးများ တောက်ပသွားပြီး၊ စကားထပ်ပြောလာခဲ့သည် “ လျူဟိုင်ဖုန်း၊ လျူမိသားစုရဲ့ မျိုးဆက်ခွဲအဖွဲ့ဝင်၊ အရှေ့ပိုင်းပြည်နယ်ကနေ ၁၀ရက်နေ့ ညသန်းခေါင်က ထွက်သွားပြီးတော့ လင်းဂျန်မြို့ကို မနက် ၁နာရီ ၅၉မိနစ်မှာ ရောက်လာခဲ့ပါတယ် “

“ မနက် ၂နာရီ ၁၀မိနစ်လောက်မှာ လျူဟိုင်ဖုန်းက ဒီအနီးအနားက လမ်းတွေပေါ်မှာ လှည့်ပတ်သွားလာနေတာကို မြင်ခဲ့ရပါတယ်၊ ထောက်လှမ်းရေး လုပ်နေတယ်လို့ ထင်ရပါတယ်၊ လင်းဂျန်မြို့ကနေ မနက် ၂နာရီ ၂၅မိနစ်မှာ ထွက်သွားပါတယ် “

အဆိုပါ အချက်အလက်များသည် ရှားမိသားစု၏ စကိုင်းနက်မှ စုဆောင်းထားခြင်းဖြစ်ပြီး၊ ၎င်းသည် ရန်ပြည်ထောင်၏ တိုင်းသူပြည်သားတိုင်းကို လွှမ်းခြုံထားလုနီးပါးဖြစ်နေခဲ့သည်။

၎င်းကို ကြည့်ရှုရန်အတွက် အဆင့်မြင့် ခွင့်ပြုချက်များကို လိုအပ်သည်၊ ရှုကျိုးမှာ Sအဆင့် အဖွဲ့ဝင်ဖြစ်ပြီး၊ သူ၏အသက်အန္တရာယ် ကျရောက်နေသောကြောင့် ၎င်းကို ဝင်ကြည့်နိုင်ခဲ့ခြင်းဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် ထိုကဲ့သို့သော အချက်အလက်မျိုးကို ဝင်ကြည့်နိုင်လိမ့်မည် မဟုတ်ပေ။

ရှောင်ရှီ၏ တင်ပြကို ကြားလိုက်ရပြီးသည့်နောက်တွင် ရှုကျိုး၏ အမူအရာ အေးစက်သွားတော့သည်။

သူ့အိမ်ထဲကို ဖောက်ဝင်ခဲ့သည့်လူက လျူဟိုင်ဖုန်းဖြစ်နေမည်မှာ သေချာလုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။

အချိန်နှင့် လှုပ်ရှားမှုများသည် ပြီးပြည့်စုံစွာ ကိုက်ညီနေခဲ့သည်။

“ ဒီကောင်က ငါ့အိမ်ကို လာခဲ့တယ်ဆိုတော့၊ ငါ့မိဘတွေကို ထိခိုက်အောင် လုပ်ချင်နေတဲ့ ရည်ရွယ်ချက် ရှိနေလောက်တယ် “ ရှုကျိုးသည် သူ၏ စိတ်ထဲတွင် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တွင်သာ အမြဲလိုလို ရှိနေသည့်အတွက် လျူဟိုင်ဖုန်းသည် မည်သို့မျှ မလှုပ်ရှားနိုင်ခဲ့ပေ၊ သူ၏ လက်စားချေလိုသည့် စိတ်ဆန္ဒအတွက် သူ၏မိဘများကို ပစ်မှတ်ထားခဲ့သည်။

သို့ရာတွင် တစ်ချို့သော အကြောင်းပြချက်များကြောင့် သူသည် ဓားတိုကို အာရုံခံမိသွားပြီး၊ ရုတ်တရက် စိတ်ပြောင်းသွားကာ ၎င်းကိုသာ ခိုးယူ၍ ထွက်သွားခဲ့ပုံရသည်။

ဤတစ်ကြိမ်၌ သူသည် ပစ္စည်းတစ်ခုတည်းကိုသာ ယူသွားခဲ့သည်၊ သို့သော် နောက်တစ်ကြိမ်တွင်မူ မည်သည့်အရာများ ဖြစ်ပျက်လာနိုင်သနည်း??

ရှုကျိုး၏ အမူအရာ အေးစက်သွားခဲ့သည်၊ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အိမ်ထဲမှ ထွက်လာခဲ့သည်။

…

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှန့်ဝမ်ချန်းသည် ရှုကျိုး၏ အိမ်ရှေ့တွင် ပေါ်လာခဲ့သည်။

“ ဘာဖြစ်လို့လဲ? “

သူသည် ရှုကျိုးကို ကြည့်ကာ တစ်စုံတစ်ခု မှားယွင်းနေသည်ဆိုသည်ကို ခံစားမိနေခဲ့သည်။

ရှုကျိုးမှ လေးလေးနက်နက် ပြောလာခဲ့သည် “ လျူမိသားစုက ကျွန်တော့်မိသားစုအ‌ပေါ်မှာ မျက်စိကျနေတယ်လို့ ကျွန်တော် သံသယရှိနေတယ် “

သူသည် အခြေအနေကို အကျဥ်းချုံး၍ ရှင်းပြလိုက်သည်။

၎င်းကို နားထောင်ခဲ့ပြီးသည့်နောက်တွင် ရှန့်ဝမ်ချန်းမှ လေးလေးနက်နက် ပြောလာခဲ့သည် “ ဒါဆိုရင် မင်းရဲ့မိဘတွေကို ကျောင်းဝင်းထဲမှာ နေခွင့်ပေးလိုက်မယ်။ ဒါပင်မဲ့ အဲ့လူက အလွယ်တကူ လက်မလျှော့မှာကို ငါစိုးရိမ်မိတယ်၊ အဲ့လူက လျူဟိုင်ဖုန်းဆိုတာကို မင်းသေချာလား? “

ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည် “ ဆရာဘိုးဘိုး၊ သူ့ကို အမှောက်သိပ်နိုင်လား? “

သူသည် သူ၏လူသတ်လိုသည့် ရည်ရွယ်ချက်ကို မဖုံးကွယ်ထားခဲ့ပေ။

တစ်ဖက်လူသည် သူ့မိဘများ၏ လုံခြုံဘေးကင်းရေးကိုပင် ခြိမ်းခြောက်လာခဲ့ကာ အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေလျက်ရှိသည်။

ထိုလူကို ဖယ်ရှားလိုက်မှသာလျှင် ရှုကျိုးစိတ်သက်သာရာ ရသွားမည်ဖြစ်သည်။

“ လျူမိသားစုကို တိုက်ရိုက်ဆန့်ကျင်ဖို့က မလွယ်ဘူး “ ရှန့်ဝမ်ချန်း မျက်မှောင်ကြုတ်သွားခဲ့သည်။

လျူမိသားစုကဲ့သို့သော မိသားစုကြီးတစ်ခုအတွက် အတွင်းနှောင်ကြိုးများက မနက်ရှိုင်းလှသော်လည်း၊ သူတို့၏ ဘုံအကျိုးစီးပွားကို ထိခိုက်လာမည်ဆိုပါက လုံးဝစည်းလုံးသွားကြမည် ဖြစ်သည်။

လျူဟိုင်ဖုန်းမှာ မျိုးဆက်ခွဲ အဖွဲ့ဝင်တစ်ဦးစာဖြစ်သောကြောင့် သူ့ကို သတ်လိုက်ခြင်းသည် မည်သည့်လှုပ်ခတ်မှုကိုမှ ဖြစ်သွားစေလိမ့်မည် မဟုတ်ပေ။

သို့သော် ဤဖြစ်ရပ်တွင် ရှုကျိုးပါဝင်ပတ်သက်နေလေသည်၊ ရှုကျိုးက ယခုလက်ရှိအချိန်တွင် မုန်တိုင်း၏ ဗဟိုချက်ကဲ့သို့ အင်အားစု တော်တော်များများက အနီးကပ် စောင့်ကြည့်နေကြသည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

အကယ်၍ သူတို့ကသာ လျူဟိုင်ဖုန်းအပေါ်တွင် လှုပ်ရှားလိုက်မည်ဆိုပါက နတ်သိုင်းဌာနမှ လူများက အရှုပ်အထွေးကြီး ဖြစ်သွားအောင် သေချာပေါက် ပြုလုပ်လာလိမ့်မည် ဖြစ်သည်။

ရှုကျိုးအပေါ်တွင် ရှိနေသည့် လျူမိသားစု၏ အဆင့်မြင့် အရာရှိများ၏ သဘောထားများက ရန်လိုခြင်း မရှိသော်လည်း၊ များစွာဖော်ရွေမနေခဲ့ပေ။

ယခုတွင် လျူဟိုင်ဖုန်းကို တိုက်ခိုက်လိုက်မည်ဆိုပါက လျူမိသားစုသည် ပြင်ပရန်သူတစ်ဦးကြောင့် စည်းလုံးသွားကြမည် ဖြစ်သည်။

“ တကယ်လို့ သူက လျူမိသားစုထဲမှာ နေနေမယ်ဆိုရင်တော့ လှုပ်ရှားဖို့ ခက်သွားပြီ “

ရှန့်ဝမ်ချန်းမှ တွေးတောမှန်းဆ၍ ပြောလာခဲ့သည် “ တကယ်လို့ ငါတို့က သူအပြင်ထွက်လာအောင် ဆွဲဆောင်နိုင်ပြီးတော့ တိတ်တဆိတ် ဖြေရှင်းလိုက်မယ်ဆိုရင်တော့ ………. “

လျူဟိုင်ဖုန်းကို လှည့်စားမလို့လား??

ရှုကျိုးမှာလည်း တွေးတောမှန်းဆနေပြီး၊ သူ့ကိုယ်သူ ငါးစာအဖြစ် ထားလိုက်ခြင်းက အကောင်းဆုံးသော ချဥ်းကပ်နည်းဖြစ်သည်ဟု အဆိုပြုလိုက်သည်။

သို့ရာတွင် အကယ်၍ သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးပြုမည်ဆိုပါက အစီအစဥ် ကျရှုံးချိန်တွင် ရှောင်ရှားနိုင်ရန်အတွက် လုံလောက်သောခွန်အား ရှိနေရမည်ဖြစ်သည်။

လျူဟိုင်ဖုန်းသည် နှောင်းပိုင်းစတုတ္ထအဆင့်တွင် ရှိနေပြီး၊ ၎င်းသည် ရှုကျိုးက နှောင်းပိုင်း စတုတ္ထအဆင့်နှင့် ယှဥ်နိုင်သည့် စွမ်းအားမျိုး ရရှိအောင် ပြုလုပ်ရမည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

“ ငါက စတုတ္ထအဆင့်ကို တိုက်ခိုက်နိုင်တဲ့ စွမ်းအားမျိုး ရတဲ့အချိန်အထိ စောင့်နေရမယ် “

ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး၊ ထပ်ဖြည့်ပြောလိုက်သည် “ ဆရာဘိုးဘိုး၊ ကျွန်တော်က အဆင့်၂ အထွတ်အထိပ်ကို ထိုးဖောက်ပြီးပြီ၊ ဒါပင်မဲ့ သွေးကြောမှတ် လည်ပတ်မှုနဲ့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို ဘယ်လို ပေါင်းစပ်ရမလဲဆိုတာကို မသိသေးဘူး “

All Chapters