အပိုင်း (၃၃၇-၃၃၉)
Vol. 23 Ch. 337-339
အပိုင်း ( 337 )
ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေက အတူတူ အသက်ရှူကြတယ်၊ ခန္ဓာကိုယ်က သဘာဝတရားနဲ့ ပေါင်းစည်းသွားတယ် ၂
“ မင်းက အဆင့်၂ အထွတ်အထိပ်ကို ရောက်သွားပြီလား? “
ရှန့်ဝမ်ချန်းသည် အနည်းငယ် အံ့အောသွားခဲ့သည်။
ဒီကလေးက တကယ်ကို မြန်တာပဲ။
နှစ်ဝက်လေးပဲရှိသေးတယ်၊ ပထမအဆင့်ကနေ ဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်သွားပြီ။
ဒီနှုန်းအတိုင်းဆိုရင်၊ ပထမနှစ်အဆုံးမှာ သူက တတိယအဆင့် အထွတ်အထိပ်ကိုတောင် ရောက်သွားလောက်တယ်။
တကယ်ကို ကြောက်ဖို့ကောင်းတာပဲ !!
“ သွေးကြောမှတ် လည်ပတ်မှုက မင်းရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လို့မရဘူးလို့ ပြောနေတာလား? “
ရှန့်ဝမ်ချန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ကာ ပြောလာခဲ့သည် “ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ငါက လျှို့ဝှက်နည်းစနစ်တစ်ခုကို သုတေသနလုပ်ခဲ့တယ်။ ကျောင်းကို ပြန်ရောက်တဲ့အချိန်ကျရင် အဲ့တာကို ပေးမယ် “
ရှုကျိုး အပျော်လွန်သွားတော့သည် “ ကျေးဇူးတင်ပါတယ်၊ ဆရာဘိုးဘိုး “
“ ဒါပင်မဲ့ ငါ့ရဲ့ နည်းစနစ်အပေါ်မှာပဲ လုံးဝမှီခိုမနေနဲ့ “ ရှန့်ဝမ်ချန်းမှ သတိပေးလာခဲ့သည် “ ခန္ဓာကိုယ်နဲ့ သွေးကြောမှတ်ကို ပေါင်းစပ်ရတာက ငါ့ရဲ့ အယူအဆ သပ်သပ်ပဲ၊ မှန်ချင်မှ မှန်နေမှာ “
“ နည်းပြတွေကတောင် အမှားတွေ လုပ်မိတတ်တယ် “
“ နားလည်ပါပြီ “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သို့သော် သူသည် သွေးကြောမှတ် လည်ပတ်မှုနှင့် ခန္ဓာကိုယ်ကြားတွင် ဆက်နွယ်မှုတစ်ခု ရှိနေသည်ကို သိနေခဲ့သည်။
သွေးကြောမှတ် လည်ပတ်မှုမှ စိတ်ဝိညာဥ်ခန္ဓာကိုယ်ကို တွန်းကန်ငြင်းပယ်ခဲ့ခြင်းသည် အကောင်းဆုံး သက်သေပင် ဖြစ်သည်။
သွေးကြောမှတ်များထံတွင် ၎င်းတို့၏ ကိုယ်ပိုင်အသိစိတ်များရှိကြသည်။
သွေးကြောမှတ် လည်ပတ်မှုကို ခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစပ်နိုင်မှသာလျှင် သူသည် ၎င်းတို့၏ အာနိသင်ကို အမြင့်ဆုံးအဆင့်အထိ ထုတ်သုံးနိုင်လိမ့်မည် ဖြစ်သည်။
သွေးကြောမှတ် လည်ပတ်မှုက စိတ်ဝိညာဥ်ခန္ဓာကိုယ် ပေါင်းစည်းသွားခဲ့သောကြောင့် ရှုကျိုးသည် ၎င်းက သူ၏ခန္ဓာကိုယ်နှင့် ပို၍တရင်းတနှီးဖြစ်လာခဲ့သည်ဟု ခံစားနေခဲ့ရသည်။
၎င်းမှာ စိတ်ဝိညာဥ်ခန္ဓာကိုယ်ထဲတွင် ရှုကျိုး၏ အသက်ဓာတ် အဆီအနှစ် ပါဝင်နေသောကြောင့် ဖြစ်ကောင်းဖြစ်နေနိုင်သည်၊ ထို့ကြောင့် ပေါင်းစပ်ပြီးသည့်နောက်တွင် သွေးကြောမှတ် လည်ပတ်မှုသည် သူ့အား များစွာဆန့်ကျင် ခုခံမနေတော့ပေ။
“ ဘာပဲဖြစ်ဖြစ်ပါလေ၊ ကျောင်းကို ပြန်ရောက်မှ အဖြေရှာတာပေါ့ “
ရှုကျိုးသည် တိတ်တဆိတ် မျှော်လင့်မိနေတော့သည်၊ သူက သူ၏ဆရာအဘိုးဖြစ်သူ၏ နည်းစနစ်ကို အားကိုးကာ ဒုတိယအဆင့်နယ်ပယ်၏ အကန့်အသတ်အား ချိုးဖျက်နိုင်မလားဆိုသည်ကို သိချင်သွားခဲ့သည်။
…
ရှုကျိုးသည် အိမ်ထဲသို့ ပြန်ဝင်ကာ ပစ္စည်းများ ရွှေ့ပြောင်းရန် မိဘများကို အသိပေးလိုက်သည်။
အစပိုင်းတွင် ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့သည် ၎င်းကို နားမလည်ခဲ့ကြပေ။
သို့သော် ရှုကျိုးမှ အခြေအနေကို ရှင်းပြလိုက်ပြီးသည့်နောက်တွင်မူ ထိုစုံတွဲ၏ အမူအရာသည် ချက်ချင်း လေးနက်သွားခဲ့သည်။
“ ကျိုးလေး၊ အမေတို့က ကိစ္စ မရှိပါဘူး၊ ဒါပင်မဲ့ မင်းနဲ့ရို့ရှီတို့ကတော့ သေချာဂရုစိုက်ရမယ် “ လီယန်ဖင်းမှ စိုးရိမ်တကြီးဖြင့် ပြောလာခဲ့သည်။
“ ကျွန်တော် သိပါတယ် “ ရှုကျိုးမှ အာမခံ၍ ပြောကြားလိုက်သည် “ အခု ကျွန်တော်က တော်တော်လေး သန်မာနေပါပြီ၊ ကျွန်တော့်ကို လာထိတဲ့ ဘယ်သူ့ကိုမှ မကြောက်ဘူး၊ ကျွန်တော်က အမေတို့ကိုပဲ စိတ်ပူတာ “
ရှုတျန်ဟိုင်နှင့် လီယန်ဖင်းတို့သည် အကြည့်များ ဖလှယ်လိုက်ကြသည်။
သို့သော် ယမန်နေ့က ရှုကျိုးအပေါ်ထားရှိသည့် ကျန်းခိုင်၏ လေးစားမှုကို ပြန်၍ အမှတ်ရသွားသောအခါတွင် သူတို့သည် စိတ်သက်သာရာရသွားကြသည်။
ရှုတျန်ဟိုင်မှ သက်ပြင်းချကာ ပြုံးပြလာခဲ့သည် “ ဟုတ်ပါတယ်လေ၊ ကောင်လေးက အရွယ်ရောက်နေပါပြီ၊ ငါတို့က စိတ်ပူနေဖို့ မလိုတော့ပါဘူး “
“ ကောင်းပြီ၊ ဒါဆိုရင် မင်းအမေနဲ့ ငါက နောက်ရက်ပိုင်းအတွင်းမှာ ပြောင်းလာကြမယ် “
“ နောက်ရက်ပိုင်း မလုပ်နဲ့ ဒီနှစ်ရက်အတွင်းမှာပဲ လုပ်ပါ၊ မြန်လေကောင်းလေပဲ “
“ ကောင်းပြီ၊ ကောင်းပြီ၊ အခုက နှစ်သစ်ကူးလေ၊ အနည်းဆုံးတော့ အထုပ်အပိုးပြင်ဖို့ အချိန် ပေးရမယ်လေ၊ ဟုတ်မလား? “
၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက်တွင် သူသည် တစ်ချို့သော အရာများကို သတိပေးပြောကြားကာ၊ မကြာခင်မှာပင် သူက ကျောင်းသို့ ပြန်သွားတော့မည် ဖြစ်ကြောင်း အသိပေးကာ လှည့်ထွက်သွားတော့သည်။
သူထွက်သွားသည့်နောက်တွင် ရှန့်ဝမ်ချန်းသည် ဤနေရာကို စောင့်ကြပ်ရန်အတွက် တစ်စုံတစ်ဦးကို စီစဥ်ပေးခဲ့သည်။
လီယန်ဖင်းသည် ရှုကျိုး၏ နောက်ကျောကို ကြည့်ကာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ဒီကလေးက တကယ်ကို မတူတော့ဘူးပဲ။ ကလေးဘဝတုန်းကဆိုရင် သူက အမြဲလိုလို ဖျားနေတတ်တာ၊ ဒါပင်မဲ့ အခုတော့ သူက တကယ့်ယောကျာ်းတစ်ယောက် ဖြစ်လာခဲ့ပြီ “
“ ဒါပေါ့ “
ရှုတျန်ဟိုင်သည် တဟားဟား ရယ်မောကာ ဆေးလိပ်ကို မီးညှိလိုက်သည် “ ရှုမိသားစုရဲ့ ယောကျာ်းတွေက အမြဲတမ်း ဖြောင့်မတ်တည်ကြည်တယ် “
လီယန်ဖင်းသည် မည်သည့်စကားမှ ပြန်မပြောလိုက်ပေ၊ သို့သော် သူမ၏ စိတ်ထဲတွင်မူ အတွေးများဖြင့် ယောင်ယက်ခတ်နေလျက်ရှိသည်။
သူမသည် ရှုကျိုးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေခဲ့ဖူးသည်၊ သို့သော် ယခု၌ ဤအရာကို မြင်လိုက်ရသောအခါတွင်မူ ….. တကယ်လို့ သူက သမီးလေးနဲ့ သူ့ဘဝကို ကုန်ဆုံးမယ်ဆိုရင်လည်း မဆိုးလောက်ပါဘူးလေ ……..
…
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၌
ဆောင်းရာသီ ပိတ်ရက်ဖြစ်သောကြောင့် ကျောင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိသည်၊ သို့သော် ကျောင်းတွင်သာ ကျန်နေခဲ့သည့် ကျောင်းသူကျောင်းသား တော်တော်များများ ရှိနေစဲပင် ဖြစ်သည်။
ဥပမာအားဖြင့် ရှားဟောက်ချန်းဖြစ်ပြီး၊ ရှုကျိုးက သူ့ကို မြင်လိုက်ရသည့် အချိန်တွင် သူသည် လေ့ကျင့်ရေးခန်းမထဲတွင် ရေကုန်ရေခန်း ကြိုးစားအားထုတ်နေစဲပင် ဖြစ်သည်။
“ နှစ်သစ်မှာ အိမ်မပြန်ဘူးလားဟ? “
“ မပြန်ဘူး “
ရှားဟောက်ချန်းသည် စိတ်ပိုင်းဖြတ်ထားမှုများဖြင့် ပြောလာခဲ့သည် “ ငါက အခု၇၀မြောက် သွေးကြောမှတ်ကို ဖွင့်ခဲ့ပြီးပြီ။ ဒီဆောင်းရာသီ အားလပ်ရက်မှာ အဆင့်၁ အထွတ်အထိပ်ကို ရောက်အောင် ကြိုးစားနေတာ “
“ အထင်ကြီးစရာပဲ “
ရှုကျိုးမှ အပြုံးဖြင့် ပြောလာခဲ့သည် “ တစ်ခြားလူသစ်လေးတွေဆိုရင် သွေးကြောမှတ် အခု၅၀ ဒါမှမဟုတ် ၆၀လောက်ပဲ ဖွင့်ထားရသေးတာ၊ မင်းက အခု၇၀တောင် ဖြစ်နေပြီ၊ အဲ့တာက အံ့ဩစရာပဲ “
“ … “
ရှားဟောက်ချန်းသည် သူ့ကို ကြည့်ကာ ရုတ်တရက် ကျိန်ဆဲချင်သွားခဲ့သည်။
မင်းကရော ကျောင်းသားအသစ် မဟုတ်လို့လားဟ?? မင်းဆိုရင် နှောင်းပိုင်း ဒုတိယအဆင့်ကို ရောက်နေပြီလေ၊ မင်းက အချည်းနှီး ချီးကျူးစကားတွေ ပြောနေတာပဲ။
ရှားဟောက်ချန်းသည် သူ့ကို လျစ်လျူရှုထားလိုက်သည်၊ သို့သော် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားကာ စကားပြောလိုက်သည် “ မစ္စတာလျူ ပြန်ရောက်လာပြီ၊ ပြီးတော့ မင်းကို ရှာနေတယ် “
“ ဆရာ ပြန်ရောက်လာပြီလား? “ ရှုကျိုးသည် အနည်းငယ် ပျော်ရွှင်သွားခဲ့သည်။
ရှားဟောက်ချန်းသည် ခေါင်းငြိမ့်၍ ပြုံးပြလာခဲ့သည် “ ဒီတစ်ခါမှာ ဆရာက ကျင့်ကြံရေး အရင်းအမြစ်တွေ ယူလာခဲ့တယ်၊ အခုဆိုရင် အစစ်အမှန် သိုင်းပညာဌာနမှာက အရင်းအမြစ်တွေ အများကြီး ရှိနေပြီ၊ အချိန်အတော်ကြာတဲ့အထိ ကျင့်ကြံရေး အရင်းအမြစ်တွေ ပြတ်လပ်နေတော့မှာ မဟုတ်ဘူး “
“ ကောင်းတယ် “ ရှုကျိုးမှ ပြုံးပြလိုက်ပြီး၊ နောက်ပိုင်းတွင် အစစ်အမှန် သိုင်းပညာဌာနက မြင့်တက်လာတော့မည်လားဆိုသည်ကို တွေးတောမိသွားတော့သည်။
“ ငါကြားတာတော့ မစ္စတာလျူက ဒီတစ်ခါမှာ မရီဒန် ပေါင်းစပ်ရေး ဆေးလုံးတော်တော်များများ ဝယ်ခဲ့တယ်တဲ့၊ အဲ့တာတွေ အကုန်လုံးက အဆင့်၂တွေအတွက်ပဲ “
ရှားဟောက်ချန်းမှ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ မင်းက အဆင့်၂ အထွတ်အထိပ်ကို ရောက်ဖို့ အချိန် သိပ်မယူရလောက်တော့ဘူး “
၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ ငါက အဆင့်၂ အထွတ်အထိပ်ကို ရောက်နေပြီလေ “
“ … “
“ လစ်လိုက်တော့၊ ဒိုးတော့ “
ရှားဟောက်ချန်းမှ ရုတ်တရက် ပြောလာခဲ့သည်။
ရှုကျိုးသည် သူ့ကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားတော့သည်၊ ဘာလို့ ရုတ်တရက်ကြီး ကျိန်ဆဲနေရတာလဲဟ??
“ မင်းကို ထွက်သွားလို့ ငါပြောနေတယ်လေ “ ရှားဟောက်ချန်းမှ အော်ပြောလာခဲ့သည်။
“ ကောင်းပြီလေ၊ သွားပြီ၊ မင်းရဲ့လေ့ကျင့်ရေးကို မနှောင့်ယှက်တော့ဘူး “
ရှုကျိုးသည် အပြုံးဖြင့် ခေါင်းခါကာ ထိုနေရာမှ လှည့်ထွက်သွားတော့သည်။
သူ၏နောက်ကျောကို ကြည့်နေရင်းဖြင့် ရှားဟောက်ချန်း၏ မျက်လုံးများထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်လာခဲ့သည်၊ ထို့နောက်တွင် သူသည် မအောင့်ထားနိုင်တော့ဘဲ ကျိန်ဆဲမိသွားခဲ့သည် “ ချီးပဲကွာ !! ဒီလောက် မြန်မြန်ကြီး တိုးတက်လာနေတော့၊ ဘယ်သူက အမှီလိုက်နိုင်တော့မှာလဲဟ? “
“ ထီးပဲဟေ့ !!!! “
( မသိတဲ့ လူတွေရှိနေမှာစိုးလို့ပါ၊ ဗန်းစကားပါ၊ ဖွားဖက်တော်လို့ ပြောတာပါပဲ )
…
လျူချင်းယွမ်၏ ရုံးခန်းအတွင်း၌
အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လျူချင်းယွမ်သည် သူ့တက်ဘလက်ပေါ်ရှိ ပြိုင်ပွဲသတင်းများကို ကြည့်ကာ တားမရဆီးမရ ပါးစပ်နားရွက်တက်ချိတ်လုမတတ် ပြုံးမိနေတော့သည်။
“ ဒီကလေး၊ ငါသူ့ကို အကဲဖြတ်တာ မမှားခဲ့ဘူးပဲ “
“ ဒါပင်မဲ့ ရက်ပိုင်းလေးအတွင်းမှာပဲ သူက နှောင်းပိုင်း အဆင့်၂ကို ရောက်သွားပြီးတော့၊ အလယ်အလတ် အဆင့်၃ တိုက်ခိုက်ရေး စွမ်းအားကိုတောင် ပိုင်သွားပြီလား? အဲ့တာကြီးက များလွန်းမနေဘူးလား? “
လျူချင်းယွမ်၏ စိတ်ထဲတွင် စိတ်ခံစားချက်များဖြင့် ပြည့်နှက်သွားခဲ့သည်၊ ရှုကျိုး၏ တိုးတက်မှုအမြန်နှုန်းသည် အလွန်မြန်ဆန်လွန်းနေသည့်အတွက် သူ့ကိုပင် စိုးရိမ်စိတ် အနည်းငယ် ဝင်သွားစေခဲ့သည်။
“ သူက နှောင်းပိုင်း အဆင့်၂မှာပဲ ရှိနေတာက ကံကောင်းတယ်၊ ငါဝယ်လာတဲ့ မရီဒန် ပေါင်းစပ်ရေး ဆေးလုံးတွေက အသုံးဝင်နေတုန်းပဲ “
၎င်းကို တွေးတောနေသည့် အချိန်မှာပင် သူသည် ရှုကျိုးက တံခါးခေါက်ကာ လမ်းလျှောက်ဝင်လာသည်ကို မြင်တွေ့သွားခဲ့သည်။
“ ဆရာ၊ ပြန်လာပြီပေါ့ “
သူ့ကို မြင်လိုက်ရသောအခါတွင် လျူချင်းယွမ်သည် ရုတ်တရက် မတ်တပ်ထရပ်မိသွားခဲ့သည်။
“ ရှုကျိုး၊ မင်းက အဆင့်၂ အထွတ်အထိပ်ကို ရောက်သွားပြီလား? “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ဆရာက သိနေတာလား? “
………………………………………………………………………………………………………………………………………
အပိုင်း ( 338 )
ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေက အတူတူ အသက်ရှူကြတယ်၊ ခန္ဓာကိုယ်က သဘာဝတရားနဲ့ ပေါင်းစည်းသွားတယ် ၃
ရှုကျိုးမှာလည်း စိတ်ထဲတွင် အံ့အားသင့်သွားခဲ့သည်၊ နည်းပြဆရာလို့ တကယ်ခေါ်ထိုက်တာပဲ၊ အမြင်အာရုံက တကယ်ကို စူးရှထက်မြက်တယ်။
လျူချင်းယွမ်၏ အမူအရာသည် အနည်းငယ် မှုန်မှိုင်းသွားခဲ့သည်။
ဒီကလေးရဲ့ အဆင့်တက်နှုန်းက အဲ့လောက်ကြီးကို မြန်နေတာလားဟ?
ငါမသွားခင်တုန်းက သူက ပထမအဆင့်မှာပဲ ရှိနေသေးတာလေ။
လပိုင်းလေးပဲ ရှိသေးတာကို သူက ဒုတိယအဆင့် အထွတ်အထိပ်အထိ တန်းရောက်သွားပြီလားဟ?
ဒုံးပျံစီးရင်တောင် ဒီလောက်မြန်နေမှာ မဟုတ်ဘူး။
အဓိကအရာသည် ဤတစ်ကြိမ်၌ သူသည် ရှုကျိုးအတွက် မရီဒန်ပေါင်းစပ်ရေး ဆေးလုံးများစွာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်၊ သို့သော် ယခု၌ ၎င်းတို့သည် …….
“ ပျက်စီးစွားပြီ “ လျူချင်းယွမ်မှ ညီးတွားနေတော့သည်။
ရှုကျိုးသည် တအံ့တဩဖြစ်သွားကာ အလောတကြီး မေးမြန်းလိုက်သည် “ ဆရာ၊ ဘာမှားနေလို့လဲ? ဘာဖြစ်သွားတာလဲဗျ? “
“ ဘာမှ မဟုတ်ပါဘူးကွာ၊ အဆင့်၂နယ်ပယ်ရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေအတွက် ငွေတွေ အများကြီး သုံးထားမိလို့ “
လျူချင်းယွမ်သည် သက်ပြင်းတချချဖြစ်သွားခဲ့သည် “ အခုတော့ အဲ့တာတွေကို သုံးလို့မရတော့ဘူး “
ရှုကျိုးသည် ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်သွားကာ စိတ်ထဲ နွေးထွေးသွားခဲ့သည်၊ သူ၏ဆရာသည် သူ၏ကျင့်ကြံရေးအတွက် အရင်းအမြစ်များစွာ သုံးစွဲခဲ့ပုံရသည်။
“ အစစ်အမှန် သိုင်းပညာဌာနမှာက ကျောင်းသူကျောင်းသားတွေ အများကြီး ရှိပါတယ်၊ သူတို့ကို ပေးလိုက်တာကလည်း အတူတူပါပဲ “ ရှုကျိုးမှ နှစ်သိမ့်ပေးလိုက်သည်။
လျူချင်းယွမ်သည် ထပ်မံ၍ သက်ပြင်းချနေတော့သည်၊ သူသည် ၎င်းတို့ကို တစ်ခြားလူများထံသို့ ပေးရခြင်းက ရှုကျိုးကို ပေးရခြင်းလောက် မထိုက်တန်ဘူးဟု ခံစားနေခဲ့ရသည်။
သို့သော် အခြေအနေများက ဤကဲ့သို့ ဖြစ်လာခဲ့ပြီဖြစ်သောကြောင့် ထိုကဲ့သို့သာ ပြုလုပ်ရတော့မည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် တတိယအဆင့်နယ်ပယ်အတွက်လည်း ကျင့်ကြံရေး အရင်းအမြစ် တော်တော်များများ ဝယ်ယူခဲ့သည်။
ရှုကျိုးက တတိယအဆင့်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံရေး အရင်းအမြစ်များအတွက် တွေးပူနေစရာလိုတော့မည် မဟုတ်ပေ။
“ မင်းက အဆင့်၃ကို ရောက်လာတာနဲ့ ကွမ်ဟန်မှာ မစ်ရှင်တွေ စလုပ်လို့ရပြီ “
လျူချင်းယွမ်မှ တွေးတောစဥ်းစား၍ ပြောလာခဲ့သည် “ ကွမ်ဟန်မှာတော့ ကိစ္စတွေက ယာယီတည်ငြိမ်နေတယ်၊ အထူးသဖြင့် လနတ်ဘုရားရဲ့ကိုယ်ပွား ကျဆုံးသွားတော့ ကမ္ဘာ့ကြယ်ရဲ့ စစ်တပ်ကို ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ပြောရမယ် “
ရှုကျိုး၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည်၊ ကြည့်ရတာတော့ ငါကလည်း အဲ့ကိစ္စမှာ အကျိုးပြုပေးခဲ့တဲ့ပုံပဲ။
လျူချင်းယွမ်မှ ဆက်ပြောလာခဲ့သည် “ အခုလက်ရှိ အချိန်မှာတော့ ကွမ်ဟန်မှာ ရှိတဲ့ တိုက်ပွဲတွေက တော်တော်လေးကို နည်းသွားတယ်၊ အကျိုးကျေးဇူးတွေလည်း တော်တော်လေး ရခဲ့တယ် “
“ ကျောင်းပြန်ဖွင့်တာနဲ့ ကွမ်ဟန်မှာ လေ့ကျင့်ပေးဖို့အတွက် အဆင့်၃နယ်ပယ်က ပါရမီရှင်တွေကို ကျောင်းက ရွေးချယ်လိမ့်မယ်။ အရင်ဦးဆုံးသွားရမဲ့ အသုတ်ကတော့ အကျိုးအမြတ် ကြီးကြီးမားမား ရလိမ့်မယ် “
“ ဒါပင်မဲ့ မင်းကတော့ အချိန်မမှီလောက်ဘူးလို့ထင်တယ် “
ထိုအချိန်တွင် ရှုကျိုးသည် ရုတ်တရက် ချောင်းဟန့်လာခဲ့သည် “ ဆရာ၊ ကျွန်တော်က အချိန်မှီ လုပ်နိုင်မယ်လို့ ထင်တယ် “
လျူချင်းယွမ်သည် သူ့ကို ကြည့်လာခဲ့သည် “ မင်းက အဆင့်၂ အထွတ်အထိပ်ကို ရောက်ခါစပဲ ရှိနေသေးတာ မဟုတ်ဘူးလား? ကွမ်ဟန်မှာ လေ့ကျင့်ဖို့အတွက်ဆိုရင် မင်းက အဆင့်၃အထက်ကို ရောက်နေမှ ဖြစ်မှာ “
“ ကျွန်တော်က အဆင့်၃ကို သိပ်မကြာခင်မှာပဲ ရောက်သွားနိုင်တယ် “
ရှုကျိုးမှ ပြုံးပြလာခဲ့သည် “ ကျွန်တော်က သွေးကြောမှတ် အကုန်လုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီးသွားပြီ။ ကျွန်တော်က အဆင့်၃ကို အချိန်မရွေး တက်လို့ရတယ်၊ သွေးကြောမှတ်တွေနဲ့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က အပြည့်အဝ မပေါင်းစည်းသေးဘူးလို့ ခံစားနေရလို့ပါ၊ အဲ့တာကြောင့် အလောတကြီး အဆင့်မတက်သေးတာ “
“ … “
လျူချင်းယွမ်၏ အကြည့်သည် မွန်းစတားတစ်ကောင်ကို မြင်တွေ့နေရသကဲ့သို့ ဖြစ်သွားခဲ့သည်။
သူက တတိယအဆင့်ကိုတောင် ရောက်လုနီးပါး ဖြစ်နေတာလားဟ?
သူက ……
လူရော ဟုတ်ရဲ့လားဟ?
လူသစ်လေးတစ်ဦးသည် ကျောင်းသို့ ရောက်လာခဲ့ပြီး၊ နှစ်ဝက်မျှအကြာမှာပင် ပထမအဆင့်နယ်ပယ်မှ တတိယအဆင့် နယ်ပယ်သို့ ရောက်သွားသည့် ဖြစ်ရပ်မျိုးသည် တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးပေ။
တစ်ခေတ်တစ်ခါက အစစ်အမှန် သိုင်းပညာရှင်ဌာန၏ အစွမ်းအထက်ဆုံး ပါရမီရှင်တစ်ဦးဖြစ်ခဲ့သည့် လျူချင်းယွမ်ကပင် ဘွဲ့ရသည့် အချိန်တွင် စတုတ္ထအဆင့်ကိုသာ ရောက်ရှိခဲ့သည်။
သို့သော် ရှုကျိုးကမူ ……
“ ကောင်းတယ် “
လျူချင်းယွမ်မှ ပြုံးပြလာခဲ့သည် “ ဆက်လုပ် !! တကယ်လို့ မင်းက ပထမအသုတ်ထဲ မှီအောင် လုပ်နိုင်ခဲ့မယ်ဆိုရင်၊ မင်းအတွက် သေချာပေါက် အကျိုးရှိလိမ့်မယ် “
“ မင်းက ကမ္ဘာ့ကြယ်ရဲ့ ပစ္စည်းတစ်ချို့ကိုတောင် ရနိုင်တယ်၊ အဲ့တာတွေက မင်းရဲ့ အလယ်အလတ်အဆင့် ကျင့်ကြံရေးလမ်းကြောင်းအတွက် ကြီးကြီးမားမား အကျိုးပြုလိမ့်မယ် “
၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှာလည်း အနည်းငယ် မျှော်လင့်မိသွားခဲ့သည်။
စိတ်ဝိညာဥ် ဝါးမြိုခြင်း နည်းစနစ်သည် ကြယ်ပြာဂြိုဟ်ပေါ်မှ လူများအပေါ်တွင် အသုံးပြုရန် မသင့်တော်လှပေ၊ သို့သော် ကွမ်ဟန်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် မည်သည့်အရာကိုမှ တွေးပူနေရန် လိုတော့မည် မဟုတ်ပေ။
…
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် လျူချင်းယွမ်ကို နှုတ်ဆက်ကာ လျှို့ဝှက်နည်းစနစ်ကို ရယူရန်အတွက် ရှန့်ဝမ်ချန်းဘက်သို့ ထွက်လာခဲ့သည်။
ရှန့်ဝမ်ချန်းသည် အကယ်၍ ၎င်းက မအောင်မြင်ဘူးဆိုပါက၊ အချိန်မှီ လက်လျှော့လိုက်ပြီး၊ စွဲလမ်းမနေသင့်ဆိုသည့်အကြောင်းကို ထပ်မံ၍ သတိပေးခဲ့သည်။
“ ဒါက ငါကိုယ်တိုင် တီထွင်ထားခဲ့ဟာပဲ၊ ၁၀၀% မှန်နေမယ်လို့ အာမမခံပေးနိုင်ဘူး “
ရှန့်ဝမ်ချန်းမှ လေးလေးနက်နက် ပြောလာခဲ့သည် “ အဲ့တာကြောင့် အလွန်အကျွံ စိတ်နှစ်မထားနဲ့၊ လမ်းလွဲသွားလိမ့်မယ် “
ရှုကျိုးမှ လေးနက်စွာ ပြန်ဖြေလိုက်သည် “ နားလည်ပါပြီ “
ထို့နောက်၌ သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏စံအိမ်ဆီသို့သာ ပြန်ပြေးသွားတော့သည်။
…
“ လျှို့ဝှက်နည်းစနစ် - သဘာဝနှင့် ပဲ့တင်ထပ်ခြင်း “
စံအိမ်အတွင်း၌ ရှုကျိုးသည် သူ့လက်ရှိ စာအုပ်သေးသေးလေးကို လှန်လောကြည့်ရှုကာ တအံ့တဩဖြစ်သွားခဲ့သည်။
ဤနည်းစနစ်သည် အမှန်ပင် လက်ရာမြောက်လွန်းနေခဲ့သည်။
ရိုးရှင်းစွာ ပြောရမည်ဆိုပါက သိုင်းပညာရှင်တစ်ဦး၏ သွေးကြောမှတ်များသည် သဘာဝ၏ စည်းချက်ညီသော လှုပ်ရှားမှုများနှင့်အတူ ထပ်တူကျပဲ့တင်ထပ်နေရမည်ဖြစ်သည်၊ ထို့နောက်တွင် မိမိကိုယ်မိမိ သဘာဝတရားနှင့် ပေါင်းစည်းကာ သွေးကြောမှတ်များကိုလည်း မိမိ၏ ခန္ဓာကိုယ်နှင့် သွယ်ဝိုက်သောနည်းလမ်းဖြင့် ပေါင်းစပ်စေခြင်း ဖြစ်သည်။
စာတစ်ကြောင်းတည်းဖြင့် အကျဥ်းချုပ် ပြောကြားနိုင်သော်လည်း၊ ပါဝင်ပတ်သက်နေသည့် အချက်အလက်များသည် အတော်လေး လေးနက်နေခဲ့ပြီး၊ စကားလုံးတစ်ခုချင်းစီတိုင်းတွင်လည်း တာအို၏ နက်ရှိုင်းသော အငွေ့အသက်များပါရှိနေခဲ့သည်။
ထိုအချိန်၌ ရှုကျိုးသည် ရှန့်ဝမ်ချန်းအား မလေးစားပဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
“ သဘာဝ တရားရဲ့ စည်းချက်ညီတဲ့ လှုပ်ရှားမှုတွေနဲ့ သွေးကြောမှတ်တွေကို ပဲ့တင်ထပ်စေတယ် ….. “
ရှုကျိုးသည် တင်ပျဥ်ခွေထိုင်ကာ အဆိုပါ နည်းစနစ်ကို စတင်၍ လည်ပတ်လိုက်သည်။
မကြာခင်မှာပင် သူ့ခန္ဓာကိုယ်အတွင်းပိုင်းရှိ သွေးကြောမှတ် လည်ပတ်မှုသည် နှလုံးသားတစ်ခုကဲ့သို့ လှုပ်ခတ်ကာ အနည်းငယ် လင်းလက်တောက်ပလာခဲ့သည်။
၎င်းသည် သွေးကြောမှတ်များနှင့် သဘာဝတရားတို့ အကြားရှိ ကြိမ်နှုန်းကို ချိန်ညှိပေးသည့် လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်သည်။
ရှုကျိုးအတွက် ၎င်းသည် အံ့ဖွယ်ကောင်းလောက်အောင် လွယ်ကူနေခဲ့သည်။
“ တကယ်လို့ တစ်ခြား အဆင့်၂ အထွတ်အထိပ် ပညာရှင်တွေအတွက်ဆိုရင်တော့၊ ခန္ဓာကိုယ်မှာ သွေးကြောမှတ် ၁၀ခုထပ် ပိုရှိနေရင် သဘာဝရဲ့ စည်းချက်နဲ့ ပဲ့တင်ထပ်အောင် လုပ်ဖို့အတွက် တကယ် ခက်နေလိမ့်မယ် “
“ ဒါပင်မဲ့ ငါ့ဆီမှာတော့ သွေးကြောမှတ် တစ်ခုတည်းရှိလို့ အများကြီး ပိုလွယ်နေတယ် “
ရှုကျိုးသည် တွေးတော ဆင်ခြင်နေတော့သည် “ နောက်တစ်ခုက ငါက ငါ့ရဲ့ခန္ဓာကိုယ်ကို ဒီကမ္ဘာကြီးထဲ ပေါင်းစပ်ပေးလိုက်ဖို့ပဲ လိုတယ်၊ အဲ့တာက ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်သွားလိမ့်မယ် “
အဆိုပါအဆင့်သည် အခက်ခဲဆုံးသော အပိုင်းဖြစ်သည်။
ဒုတိယအဆင့် သိုင်းပညာရှင်များအတွက်မူ ကမ္ဘာကြီးကို နားလည်ရန်မှာ အလွန်အလှမ်းဝေးလှသော ကိစ္စတစ်ခုဖြစ်သည်။
စတုတ္ထအဆင့် (သို့) ၎င်းအထက်ပိုင်းနယ်ပယ်မှ ပညာရှင်များကသာလျှင် ကမ္ဘာကြီး၏ နည်းဥပဒေသ(သို့) နိယာမများကို နားလည်နိုင်ကြသည်။
ဒုတိယအဆင့်ကား အလွန်စောလွန်းလှပေသည်။
“ ငါက နတ်စွမ်းရည်မျိုးစေ့ကို သိပ်သည်းနိုင်ခဲ့တာက ကံကောင်းတယ် “
ဝရုန်းးးး !!!
ရှုကျိုး၏ နှလုံးသား တံခါးပေါက်သည် ကျယ်လောင်သော အသံတစ်သံနှင့်အတူ ရုတ်တရက် ပွင့်ဟလာခဲ့သည်။
ပလက်တီနမ်ကဲ့သို့သော မျိုးစေ့သည် တာအိုအငွေ့အသက်များကို ထုတ်လွှင့်၍ မျောလွင့်လာခဲ့သည်။
ဇွီ !!!
နတ်မျိုးစေ့ ပေါ်လာမှုနှင့်အတူ ရှုကျိုးထိုင်ရာ နေရာတွင် ဖော်ပြ၍မရသော စည်းချက်တစ်ခုသည် ရုတ်တရက် ပဲ့တင်ထပ် ဖြစ်ပေါ်လာခဲ့သည်။
ဒုတ် !!
ဒုတ် !!
ဒုတ် !!
၎င်းသည် နှလုံးခုန်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
အဆိုပါ စည်းချက်နှင့်အတူ ရှုကျိုး၏ မျက်လုံးများ မှိတ်သွားခဲ့ကာ သူသည် ကမ္ဘာကြီးနဲ့ ပေါင်းစည်းသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
နှလုံးခုန်သံနှင့် ကမ္ဘာကြီး၏ စည်းချက်တို့သည် တဖြည်းဖြည်း စည်းဝါးကိုက်လာခဲ့သည်။
၅မိနစ်
၁၀မိနစ်
နာရီဝက်
“ ဗွီ !!! “
ရုတ်တရက်ဆိုသလိုပင် အော်မြည်သံတစ်ခု ပေါ်ထွက်လာခဲ့ကာ ရှုကျိုး၏ ခန္ဓာကိုယ် ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားခဲ့သည်။
သွေးကြောမှတ် လည်ပတ်မှုသည် တလက်လက် တောက်ပလာခဲ့ကာ၊ တုန်ရင်နေရင်းဖြင့် ရှုကျိုးနှင့် နောက်ဆုံးသော ပေါင်းစည်းမှုကို ပြုလုပ်လာခဲ့သည်။
တစ်ပြိုင်နက်ဆိုသလိုပင် ကြာဖူးမှာလည်း လှုပ်ခတ်လာခဲ့ကာ၊ ပဲ့တင်ထပ်မှု လှိုင်းလုံးများကို ထုတ်လွှင့်၍ ရှုကျိုး၏ အသွေးအသားများနှင့် ပေါင်းစည်းလာခဲ့သည်။
သွေးကြောမှတ် လည်ပတ်မှုနှင့် ကြာဖူးတို့သည် ရှုကျိုးနှင့် အပြည့်အဝ ပေါင်းစည်းသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှုကျိုး၏ စိတ်ထဲတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားသကဲ့သို့ သိမ်မွေ့ငြိမ်းချမ်းသော ခံစားချက်တစ်ခု ဖြစ်တည်လာခဲ့သည်။
………………………………………………………………………………………………………………………………
အပိုင်း ( 339 )
တတိယအဆင့် !!
ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်နှင့် သွေးကြောမှတ် လည်ပတ်မှုတို့သည် ပဲ့တင်ထပ်ကာ မြွေနှစ်ကောင် မိတ်လိုက်နေသကဲ့သို့ လိမ်ခေါက် ပေါင်းစည်းနေခဲ့သည်။
ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ ညီးတွားမိသွားခဲ့သည်၊ အဆိုပါ ခံစားချက်သည် အမှန်ပင် စိတ်အားတက်ကြွသွားစေခဲ့သည်၊ သူသည် ထိုကဲ့သို့သော အတွေ့အကြုံမျိုးကို မည်သို့မျှ မခံစားခဲ့ဖူးချေ။
သို့ရာတွင် အဆိုပါ ခံစားချက်သည် လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး၊ မြန်ဆန်စွာ ပြန်လည် ထွက်ခွာသွားခဲ့သည်။
မကြာခင်မှာပင် ရှုကျိုးသည် စိတ်ခံစားချက်များ ကင်းမဲ့သည့် အခြေအနေမျိုးသို့ ရောက်ရှိသွားပြီး၊ သူ့ကိုယ်တွင်းရှိ အရာအားလုံး အေးဆေးတည်ငြိမ်သွားခဲ့သည်။
၎င်းသည် သူ၏ခန္ဓာကိုယ်နှင့် သွေးကြောမှတ် လည်ပတ်မှုတို့က အပြည့်အဝ ပေါင်းစည်းသွားပြီဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
“ ဝုန်းးး !! “
အစွမ်းထက် အရှိန်အဝါတစ်ခုသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် တုန်ခါမှုလှိုင်းလုံးများအဖြစ် ပြောင်းလဲသွားကာ အရပ်လေးမျက်နှာဆီသို့ ပျံ့လွင့်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် အားလပ်ရက် ဖြစ်နေခဲ့သောကြောင့် စံအိမ်နယ်မြေတစ်ဝိုက်တွင် လူကျဲပါးနေခဲ့သည်။
ထိုကဲ့သို့ သာ မဟုတ်ဘူးဆိုပါက လူတော်တော်များများသည် အံ့ဩတကြီးဖြင့် “ တစ်ယောက်ယောက်က တတိယအဆင့် အထွတ်အထိပ်ကို အဆင့်တက်သွားတာလားဟ?? “ ဟု ထအော်မိသွားကြမည်ဖြစ်သည်။
ရှုကျိုးထံမှ ပေါ်ထွက်လာသည့် အရှိန်အဝါသည် တတိယအဆင့် အထွတ်အထိပ်နှင့်ပင် ယှဥ်နိုင်နေခဲ့သည်။
“ ဒီလို စွမ်းအားမျိုးက …… “
၎င်းသည် ရှေးဟောင်း သားရဲကြီးတစ်ကောင်က ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် နိုးထလာသည်နှင့် တူညီနေခဲ့ပြီး၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် စွမ်းအားများ အရူးအမူး မြင့်တက်လာခဲ့သည်။
သူသည် အကယ်၍ သူ၏လမ်းတွင် တောင်တစ်လုံးက လာပိတ်နေမည်ဆိုလျှင်တောင်မှ သူက ၎င်းကို ချက်ချင်း ဖယ်ရှားနိုင်လိမ့်မည်ဟုပင် ယုံကြည်မှုရှိနေခဲ့သည်။
“ ဟမ်? “
ရုတ်တရက်ဆိုသလိုပင် ရှုကျိုး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး၊ အပေါ်သို့ မော့ကြည့်လိုက်သည်။
ကောင်းကင်ထက်၌ လေပြင်းများ တိုက်ခတ်ပြီး၊ တိမ်များအုံ့စိုင်းလာကာ ရာသီဥတုအခြေအနေ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
“ ဂျိမ်းးးး !!! “
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ အထက်ကောင်းကင်ယံတွင် ရွှေရောင်တိမ်တိုက်ကြီးတစ်ခု ဖြစ်တည်လာခဲ့ကာ ၎င်းသည် မီတာထောင်နှင့်ချီ၍ ဖုံးလွှမ်းနေခဲ့သည်။
ရွှေအလင်းတိုင်တစ်ခုသည် ကောင်းကင်ထက်မှတစ်ဆင့် ရှုကျိုး၏ စံအိမ် အပေါ်သို့ ဆင်းသက်လာခဲ့သည်။
တစ်ပြိုင်နက်ဆိုသလိုပင် ခန့်ညားထည်ဝါသည့် ရှေးဟောင်းအသံတစ်သံသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် ပဲ့တင်ထပ် ပေါ်ထွက်လာခဲ့သည်။
“ အဆင့်၂ နယ်ပယ်ရဲ့ အကန့်အသတ်၊ ဧကရာဇ်ရဲ့ ကောင်းချီး၊ ရွှေစင်တစ်သောင်း ဆုလဒ်၊ ဧကရာဇ်ရဲ့ ရွှေတံတားက သင်၏ လမ်းကြောင်းကို ထွန်းလင်းစေမည်၊ သင်ဆင်ခြင်သုံးသပ်ဖို့ရာအတွက် နတ်တံတားဆီသို့ သွားရာလမ်းကို အလင်းပြပေးမည် “
ထိုစကားလုံးများနှင့်အတူ ရွှေရောင်နတ်တံတားတစ်ခု၏ ပုံရိပ်သည် ကောင်းကင်ယံတွင် ဖြစ်ပေါ်လာခဲ့သည်။
နတ်တံတား၏ မျက်နှာပြင်ပေါ်၌ လက်သည်းငါးခုပါသည့် ရွှေရောင်နဂါးကြီးတစ်ကောင်ကို ထွင်းထုထားကာ၊ ခန့်ညားထည်ဝါသည့် ရှေးဟောင်းအငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။
၎င်း၏ ဖြစ်တည်မှုကြောင့် တောင်လောင်နေသည့် သူရိန်နေမင်းကပင် အနည်းငယ် မှိန်ဖျော့သွားခဲ့သည်။
“ ဇွီ !! “
ရွှေနတ်တံတား၏ ပုံရိပ်သည် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ အောက်ဘက်ရှိ စံအိမ်ထဲသို့ ခုန်ဆင်းလာခဲ့သည်။
စံအိမ်အတွင်း၌ ရွှေရောင်အလင်းတန်းသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ ရွှေရောင်နတ်တံတားတစ်ခုအဖြစ် ဖွဲ့တည်သွားကာ ကြာဖူးနောက်တွင် ဖြစ်တည်လာခဲ့သည်။
ရှုကျိုးမှ ကြည့်လိုက်ရာ ရွှေရောင်တံတား၏ အခြားတစ်ဖက်တွင် ကလီစာငါးခု၏ တည်နေရာရှိနေသည်ဆိုသည်ကို ဝေဝေဝါးဝါး မြင်တွေ့သွားခဲ့သည်။
“ အဆင့်၃နယ်ပယ်၊ နတ်တံတားကျင့်ကြံရေး၊ နတ်တံတားကို အသုံးပြုပြီးတော့ သွေးကြောမှတ်တွေနဲ့ ကလီစာငါးခုကို ချိတ်ဆက်မယ် “
“ ဒီဧကရာဇ်ရဲ့ နတ်တံတားက ငါ့အတွက် လမ်းခင်းပေးခဲ့ပြီးပြီလား? “
ရှုကျိုး၏ စိတ်နှလုံး တုန်လှုပ်သွားတော့သည်၊ တတိယအဆင့်နယ်ပယ်၏ ကျင့်ကြံရေးတွင် အရေးအကြီးဆုံးအရာမှာ လူတစ်ဦး၏ ကိုယ်ပိုင်နတ်တံတားကို ကျင့်ကြံကာ သွေးကြောမှတ်များနှင့် ကလီစာငါးခုကြားရှိ ချိတ်ဆက်မှုကို ရှာဖွေခြင်းပင် ဖြစ်သည်။
သို့သော် ယခု၌ ဧကရာဇ်သည် ဒုတိယအဆင့် အထွတ်အထိပ်မှာပင် သူ့ကို ကောင်းချီးပေးကာ ရှေ့ဆက်ရမည့် လမ်းကြောင်းကို ကြိုတင်ညွှန်ပြပေးလာခဲ့သည်။
၎င်းနှင့်သာဆိုပါက သူသည် ရွှေနတ်တံတား၏ ညွှန်ပြချက်အတိုင်း လိုက်လုပ်ရန်သာ လိုအပ်ပြီး၊ ၎င်းသည် အလွန်တရာ လွယ်ကူနေလိမ့်မည် ဖြစ်သည်။
“ မဟုတ်ဘူး၊ ဒါက ဧကရာဇ်ရဲ့ လမ်းကြောင်းလေးတစ်ခုပဲ၊ ငါနဲ့ သင့်တော်ချင်မှ သင့်တော်မှာ “
ရှုကျိုးသည် ပျော်ရွှင်မှုများထဲတွင် နစ်မြုပ်မသွားခဲ့ဘဲ၊ တည်တည်ငြိမ်ငြိမ်ဖြင့် တွေးတောစဥ်းစားနေခဲ့သည် “ တကယ်လို့ ငါကသာ ဒီလမ်းအတိုင်းလျှောက်လိုက်မယ်ဆိုရင်၊ ငါက အဆင့်၃နယ်ပယ်ရဲ့ နတ်တံတားကို မြန်မြန်တည်ဆောက်နိုင်လိမ့်မယ်၊ ဒါပင်မဲ့ အဲ့လိုလုပ်လိုက်မယ်ဆိုရင် ငါက ဧကရာဇ်ရဲ့ လမ်းကြောင်းကိုပဲ လျှောက်မိသွားမှာ၊ ငါ့ရဲ့ ကိုယ်ပိုင် လမ်းကြောင်းကို မဟုတ်ဘူး “
သိုင်းပညာရှင်များက တတိယအဆင့် နယ်ပယ်သို့ ရောက်လာသောအခါတွင် ထိုလူအားလုံးသည် မတူညီသော နတ်တံတားကိုသာ ကျင့်ကြံသည်။
အားလုံးအတွက် အသင့်တော်ဆုံးသော လမ်းကြောင်းသည် သူတို့၏ ကိုယ်ပိုင်နတ်တံတားများကို ကျင့်ကြံခြင်းပင် ဖြစ်သည်။
ဧကရာဇ်၏ နတ်တံတားသည် အမှန်ပင် အစွမ်းထက်လွန်းနေခဲ့သည်၊ သို့သော် ၎င်းသည် ရှုကျိုးအတွက် အသင့်တော်ဆုံး လမ်းကြောင်း မဟုတ်ပေ။
သို့သော် ဤဧကရာဇ်၏ လမ်းကြောင်းက အစွမ်းအထက်ဆုံး လမ်းကြောင်းတစ်ခု ဖြစ်နေမည်ဆိုပါက ဤလမ်းကြောင်းကို တိုက်ရိုက်ရွေးချယ်လိုက်ခြင်းကပင် ပိုကောင်းနေလိမ့်မည် ဖြစ်သည်။
…
ထိုစဥ် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တွင် ကျန်ရှိနေသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားအားလုံး အထိတ်တလန့်ဖြစ်သွားကြသည်။
“ ဘာတွေဖြစ်နေတာလဲ? ဧကရာဇ်ကောင်းချီးက ထပ်ရောက်လာပြန်ပြီလား? “
“ အဆင့်၂နယ်ပယ်ရဲ့ အကန့်အသတ်လား? အစစ်အမှန် သိုင်းပညာဌာနဘက်က ထပ်ဖြစ်နေတဲ့ပုံပဲ “
“ ရှုကျိုးပဲ ထပ်ဖြစ်နေတာများလား? “
ထိုအချိန်၌ ကျန်ရှိနေသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသား အကုန်လုံးသည် ကောင်းကင်ထက်သို့ အလိုအလျောက် မော့ကြည့်လာကြကာ အံ့ဩတကြီးဖြစ်သွားကြသည်။
သူတို့သည် ဤကဲ့သို့သော ထူးခြားဖြစ်စဥ်မျိုးကို ယခင်က မြင်တွေ့ခဲ့ပြီးပြီဖြစ်သည်။
နောက်ဆုံးတစ်ကြိမ်က ၎င်းသည် ရှုကျိုးကြောင့် ဖြစ်လာရသည်ဆိုသည်ကို အတည်ပြုခဲ့ပြီးပြီဖြစ်သည်။
သို့သော် ဤတစ်ကြိမ်၌ ကောင်းကင်ဘုံဆိုင်ရာ ထူးခြားဖြစ်စဥ်သည် ယခင်တစ်ကြိမ်ကထပ် ပို၍ခမ်းနားထည်ဝါနေခဲ့ပြီး၊ ရွှေရောင်တိမ်စိုင်များသည် မိုင်သောင်းနှင့်ချီ၍ ဖုံးလွှမ်းကာ ကွမ်ဟန်တစ်မြို့လုံးကိုပင် လွှမ်းခြုံထားခဲ့သည်။
“ ဝှစ် !!! “
ပုံရိပ်များသည် ကောင်းကင်ထက်သို့ ပြေးတက်လာကြသည်၊ ၎င်းသည် ရှန့်ဝမ်ချန်းနှင့် လျူချင်းယွမ်တို့ ဖြစ်သည်။
“ ဒီကောင်လေးက တကယ်ကြီး အောင်မြင်သွားတာလား? “
ရှန့်ဝမ်ချန်း၏ မျက်နှာပေါ်တွင် သံယယများဖြင့် ပြည့်နှက်နေသည့် အမူအရာတစ်ခု တည်ရှိနေခဲ့သည်၊ သူသည် ရှုကျိုးက ကောင်းကင်နှင့်မြေပြင် ပဲ့တင်ထပ်ခြင်း နည်းစနစ်ကို အပြည့်အဝ ကျွမ်းကျင်သွားကာ ၎င်းကို အသုံးပြု၍ ဒုတိယအဆင့်နယ်ပယ်၏ အကန့်အသတ်အား ချိုးဖျက်နိုင်ခဲ့သည်လားဆိုသည်ကို သံသယရှိသွားခဲ့သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ယခုလက်ရှိ မြင်ကွင်းကို မည်ကဲ့သို့ ရှင်းပြနိုင်မည်နည်း?
“ ငါဖန်တီးခဲ့တဲ့ နည်းစနစ်က တကယ်ကြီးကို အကောင်အထည်ပေါ်လာတာများလား? “
ရှန့်ဝမ်ချန်းသည် အံ့ဩတကြီးဖြစ်နေသော အမူအရာဖြင့် မအောင့်ထားနိုင်တော့ဘဲ၊ အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည်။
သူ့ဘေးနားရှိ လျူချင်းယွမ်မှာလည်း မနာလိုအားကျဖြစ်သွားခဲ့သည် “ ဧကရာဇ်ရဲ့ ရွှေရောင်နတ်တံတားလား? ဧကရာဇ်က ရှုကျိုးအတွက် အဆင့်၃လမ်းကြောင်းကို တိုက်ရိုက်ကြီး ညွှန်ပြပေးခဲ့တယ်၊ အဆင့်၃နယ်ပယ်မှာရှိတဲ့ ရှုကျိုးရဲ့ ကျင့်ကြံရေးက ဘာအတားအဆီး၊ ပိတ်ဆို့မှုမှ ရှိမှာ မဟုတ်တော့ဘူး “
ရှန့်ဝမ်ချန်းမှာလည်း ခေါင်းငြိမ့်ပြ၍ ပြောလာခဲ့သည် “ ဒီဧကရာဇ် နတ်တံတားက ဧကရာဇ်လျှောက်ခဲ့တဲ့ လမ်းကြောင်းဖြစ်သင့်တယ်၊ ရှုကျိုးက ဒီလမ်းကြောင်းကို တိုက်ရိုက်လျှောက်ပြီးတော့ အဆင့်၃ အထွတ်အထိပ်အထိ အဆင့်တန်းတက်သွားလို့ရတယ် “
“ အဓိကအချက်ကတော့ ဒီလမ်းကြောင်းက အစွမ်းထက်နေမှာ သေချာတယ်၊ ဘာလို့လဲဆိုတော့ ဧကရာဇ်ရဲ့လမ်းကြောင်း ဖြစ်နေလို့ပဲ “
ထိုအချိန်၌ ရှန့်ဝမ်ချန်းကပင် မနာလို အားကျဖြစ်သွားခဲ့သည်။
သူ တတိယအဆင့်နယ်ပယ်တွင် ရှိနေခဲ့စဥ်အချိန်က သူ့အား မည်သူကမှ မညွှန်ပြပေးခဲ့ပေ။
“ ဇွီ !! “
နောက်ထပ်အလင်းတန်းတစ်ခု ပျံသန်းရောက်ရှိလာခဲ့ပြီး၊ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ ကျောင်းအုပ်၊ ဝုချင်းရှန်အဖြစ် ပြောင်းလဲသွားခဲ့သည်။
“ ဒီနှစ်ဆိုရင် ရှုကျိုးက ဘယ်နှနှစ်ရှိပြီလဲ? “ ဝုချင်းရှန်မှ ရုတ်တရက် မေးမြန်းလာခဲ့သည်။
လျူချင်းယွမ်သည် တစ်စုံတစ်ခုကို အမှတ်ရသွားကာ ပြောလာခဲ့သည် “ ၁၆နှစ်လောက် ဖြစ်သင့်ပါတယ် “
“ ၁၆နှစ် ……. “ ဝုချင်းရှန်၏ မျက်နှာပေါ်တွင် တအံ့တဩဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ တကယ်လို့ အခု သူက အဆင့်၃ကို ရောက်သွားမယ်ဆိုရင်၊ သူက သမိုင်းမှာ အငယ်ဆုံး အဆင့်၃ သိုင်းပညာရှင် ဖြစ်သွားမှာ “
လျူချင်းယွမ်နှင့် ရှန့်ဝမ်ချန်းတို့သည် အကြည့်များ ဖလှယ်လိုက်ကြပြီး၊ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။
သူတို့သည် ရှုကျိုး၏ အသက်ကို အမြဲလိုလို လျစ်လျူရှုမိထားပြီး၊ ယခု ဝုချင်းရှန်၏ သတိပေးမှုကြောင့်သာ နားလည်သွားကြခြင်း ဖြစ်သည်။
အသ်က၁၆နှစ်၊ သာမန်လူများသည် ဤအသက်အရွယ်၌ အထက်တန်းကျောင်းတွင်သာ ရှိနေသေးစဲဖြစ်ပြီး အဆင့်၁သို့ပင် မရောက်ကြသေးပေ။
သို့သော် ရှုကျိုးကမူ တတိယအဆင့် လမ်းကြောင်းပေါ်သို့ပင် ရောက်လုနီးပါးဖြစ်နေခဲ့သည်။
သမိုင်းတွင် မတည်ရှိခဲ့ဖူးသော ဖြစ်ရပ်ထူးတစ်ခုပင် !!!!
…
စံအိမ်အတွင်း၌
ရှုကျိုးထံတွင် တတိယအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားလိုသည့် ရည်ရွယ်ချက်ရှိနေခဲ့သည်။
သူသည် သူ့ကိုယ်တွင်းရှိ ဧကရာဇ်၏ ရွှေရောင်နတ်တံတားကို ကြည့်ကာ သူက ဤလမ်းကြောင်းကို လျှောက်သင့်လားဟု တွေးတောစဥ်းစားနေလျက်ရှိသည်။