အပိုင်း (၃၄၀-၃၄၂)
Vol. 23 Ch. 340-342
အပိုင်း ( 340 )
တတိယအဆင့် !! ၂
အဆိုပါ ရွှေရောင်နတ်တံတားက ဆွဲဆောင်မှုအား အလွန်ကောင်းသည်ဟု ပြောရမည်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူကသာ အဆိုပါလမ်းကြောင်းကိုလျှောက်နေသရွေ့ တတိယအဆင့် အထွတ်အထိပ်သို့ အလွယ်တကူ ရောက်ရှိသွားနိုင်သောကြောင့် ဖြစ်သည်။
အကယ်၍ တစ်ခြားသော လူတစ်ဦးဦးသာ ဖြစ်နေခဲ့ပါက တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ဤလမ်းကြောင်းကိုသာ လျှောက်လိုက်မည်ဖြစ်သည်။
သို့သော် …..
ဒီလမ်းကြောင်းက ငါနဲ့ သင့်တော်ပါ့မလား?
တတိယအဆင့်နယ်ပယ်၏ နတ်တံတားသည် ပထမအဆင့်၊ ဒုတိယအဆင့်တို့နှင့် ကွဲပြားနေခဲ့သည်။
တစ်ကြိမ်မျှ ရွေးချယ်ခဲ့ပြီးပါက ပြန်လည်ပြင်ဆင်ပြောင်းလဲ၍ မရတော့ပေ။
အကယ်၍ ပထမအဆင့် ဒုတိဘအဆင့်နယ်ပယ်ကို လမ်းကြောင်းပြောင်းလဲ၍ ထပ်မံင ကျင့်ကြံဦးမည်ဆိုလျှင်တောင်မှ တူညီသော တတိယအဆင့် လမ်းကြောင်းကိုသာ လျှောက်နေရမည်ဖြစ်သည်။
နတ်တံတားသည် အသက်တံတား၊ ပြောင်းလဲခြင်းတံတားဖြစ်သည်။
သေရာပါ ဒဏ်ရာကဲ့သို့ပင် ကျန်ဘဝသက်တမ်းတစ်လျှောက်လုံး မိမိတို့နှင့်အတူ ရှိသွားမည့်အရာ ဖြစ်သည်။
“ ဧကရာဇ်ရဲ့လမ်းကြောင်းက အစွမ်းထက်ပါတယ်၊ ဒါပင်မဲ့ ငါ့အတွက်တော့ အစွမ်းအထက်ဆုံး လမ်းကြောင်း မဟုတ်လောက်ဘူး “
ရှုကျိုး၏ မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်လိုက်သည့် အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည် “ ဧကရာဇ်က သေချာပေါက် အစွမ်းထက်တယ်၊ ဒါပင်မဲ့ ငါ့မှာက ကိုယ်ပွားရှိတယ်၊ စနစ်လည်းရှိတယ်၊ ငါ့ရဲ့ အနာဂတ်အောင်မြင်မှုတွေကို ဧကရာဇ်ကတောင် ယှဥ်နိုင်မှာ မဟုတ်ဘူး “
သူသည် သူ၏ကိုယ်ပိုင်လမ်းကြောင်းကိုသာ ရွေးချယ်ချင်နေခဲ့သည်။
ဧကရာဇ်ကောင်းချီးထဲတွင် ပါဝင်သည့် စကားလုံးများကဲ့သို့ပင် ဧကရာဇ်၏ နတ်တံတားသည် နားလည်ဆင်ခြင်ရန်ဖြစ်ပြီး၊ အကိုးအကားပြုလုပ်ရန်အတွက်သာ ဖြစ်သည်။
“ ဒီဧကရာဇ်ရဲ့ ရွှေရောင်နတ်တံတားကို အကိုးအကား တစ်ခုအဖြစ်ပဲ သုံးရမယ် “
“ ငါလျှောက်မဲ့ လမ်းကြောင်းက တစ်ခြားလူတွေနဲ့ တူမှာ မဟုတ်ဘူး၊ ငါ့ရဲ့ လမ်းကြောင်းက တစ်ခြားလူတွေရဲ့ လမ်းကြောင်းတွေ မပြောနဲ့၊ ဧကရာဇ်ရဲ့ လမ်းကြောင်းနဲ့တောင် မတူစေရဘူး “
ရှုကျိုး၏ အကြည့်များ စူးရှတောက်ပလာခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူသည် မျက်လုံးများကို ထပ်မှိတ်သွားတော့သည်။
“ အဆင့်၃၊ အဆင့်တက်ဖို့ အချိန်ကျပြီ !! “
ရှုကျိုးခန္ဓာကိုယ် အတွင်းရှိ ချီ-သွေးစွမ်းအင်များ ရုတ်တရက် လှုပ်ခတ်လာခဲ့သည်၊ သွေးကြောမှတ်များဆီမှ အဆုံးမဲ့ လျှို့ဝှက်စွမ်းအားများ ဖြာထွက်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်နှင့် ကြာဖူးတို့သည် အတူတကွ တုန်ခါလာခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့နှင့်အတူ ပဲ့တင်ထပ်သွားခဲ့သည်။
“ သိုင်းပညာ အဆင့်၃နယ်ပယ်၊ ကလီစာငါးခုရဲ့ အချုပ်အနှောင်တွေကို ချိုးဖျက်မယ်၊ ပထမဦးဆုံးအဆင့်က သွေးကြောမှတ်တွေနဲ့ ကလီစာငါးခုကို ချိတ်ဆက်ပြီးတော့ နတ်တံတား တည်ဆောက်ရမယ် “
“အခုဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ သွေးကြောမှတ်တွေက အပြည့်အဝ ပေါင်းစည်းသွားပြီဆိုတော့၊ ဒီတစ်ဆင့်ကတော့ တော်တော်လေးကို လွယ်သွားပြီ “
ရှုကျိုးကိုယ်တွင်းရှိ ကြာဖူး တုန်ခါလာခဲ့ပြီး၊ သွေးကြောမှတ် လည်ပတ်မှုထံမှ ကြီးမားသော စွမ်းအင်တစ်ခု ပေါက်ထွက်လာခဲ့ကာ ကလီစာငါးခုရှိရာဘက်သို့ ဦးတည်သွားတော့သည်။
“ ဝုန်းးး !! “
ကလီစာငါးခုနှင့် သွေးကြောမှတ်တို့ကြားရှိ အတားအဆီး လှုပ်ခတ်လာခဲ့သည်။
ဖျောက်၊ ဖျောက် ~~~
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ တိုးညှင်းသော အသံတစ်သံနှင့်အတူ အတားအဆီး ပြိုကွဲသွားပြီး၊ ကလီစာငါးခုနှင့် သွေးကြောမှတ်လည်ပတ်မှုတို့ကြားတွင် လမ်းကြောင်းတစ်ခု ပွင့်ဟလာခဲ့သည်။
ဘုမ်း၊ ဘုမ်း၊ ဘုမ်း ……………
ထိုအချိန်၌ နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်များနှင့် ကျောက်ကပ်တို့၏ ဂိတ်တံခါးအားလုံး ပွင့်ဟလာခဲ့သည်။
ကလီစာငါးခု၏ ပြိုင်ဘက်ကင်း လျှို့ဝှက်စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး၊ ထို့နောက်တွင် သွေးကြောမှတ် လည်ပတ်မှုနှင့် ပေါင်းစည်းသွားကာ ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးဆီသို့ စီးဆင်းသွားတော့သည်။
ရှုကျိုး၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
ဤသည်မှာ ကလီစာငါးခု၏ တံခါးပေါက်အားလုံး တစ်ပြိုင်နက် ပွင့်လာခဲ့သည့် ပထမဦးဆုံးအကြိမ်ဖြစ်သည်။
ယခင်က သူသည် နှလုံးသား တံခါးပေါက်ကိုသာ ဖွင့်လှစ် အသုံးပြုခဲ့ဖူးသည်၊ သို့သော် ယခု၌ ကလီစာငါးခုလုံး၏ တံခါးပေါက်များ တစ်ပြိုင်နက် ပွင့်ဟလာခဲ့လေသည်။
ကလီစာငါးခု၏ အဆုံးမဲ့ လျှို့ဝှက်စွမ်းအားသည် အစွမ်းထက် ချီ-သွေးစွမ်းအားအဖြစ် ပြောင်းလဲသွားကာ၊ ရှုကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် လှည့်ပတ်စီးဆင်းနေတော့သည်။
“ ဝုန်းးးး !!! “
အစွမ်းထက် အရှိန်အဝါတစ်ခုသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာကာ ကောင်းကင်ထက်သို့ ထောင်တက်သွားပြီး၊ တိမ်စိုင်များကိုပင် ထိုးဖောက်သွားခဲ့သည်။
တတိယအဆင့် သိုင်းပညာရှင် !!!
ကောင်းကင်ထက်၌ တိမ်သားတိမ်စိုင်များသည် အဆိုပါ အရှိန်အဝါ၏ လှုပ်ခါခြင်းကိုခံလိုက်ရပြီး၊ လေပြင်းများ တိုက်ခတ်သွားစေကာ၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပြင်ကြားရှိ ကျောက်တုံးများကိုပင် ပြိုကွဲပျက်စီးသွားခဲ့သည်။
သိုင်းပညာရှင်တစ်ဦးက တတိယအဆင့်သို့ အဆင့်တက်သွားသည့် အချိန်တွင် ကောင်းကင်ဘုံ ပြောင်းလဲခြင်း ဖြစ်စဥ်မျိုး ပေါ်လာသည်မှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။
သို့သော် ရှုကျိုး အဆင့်တက်သွားသည့် အချိန်တွင်မူ လေပြင်းများ တိုက်ခတ်လာခဲ့ကာ အရပ်ရှစ်မျက်နှာလုံးကိုပင် လှုပ်ခါသွားစေခဲ့လေသည်။
…
နတ်သိုင်းဌာနအတွင်းပိုင်းတွင်
ဌာနမှူးဖြစ်သူ လျူတုန်ဖင်းသည် အံ့အားသင့်သွားသည့် အမူအရာဖြင့် ကောင်းကင်ထက်သို့ ရုတ်တရက် မော့ကြည့်လာခဲ့သည်။
“ တတိယအဆင့်လား? “
လျူတုန်ဖင်းသည် အသက်ကို ဖြည်းညှင်းစွာ ရှူသွင်းနေပြီး၊ သူ၏ အိုမင်းရင့်ရော်နေပြီဖြစ်သော မျက်နှာပေါ်တွင် ကူရာကယ်ရာမဲ့သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ နှစ်တစ်ရာအတွင်းမှာ တစ်ခါမှ မမြင်ခဲ့ရဖူးတဲ့ တကယ့်ပါရမီရှင်တစ်ယောက်ပဲ၊ နတ်သိုင်းဌာနက ပါရမီရှင်တွေ အကုန်လုံးက သူ့လက်ထဲမှာ ကျရှုံးသွားခဲ့ရတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ သူတို့အမှားမှ မဟုတ်တာ “
“ ဒါပင်မဲ့ ဒီလို ပါရမီရှိတဲ့ လူငယ်လေးက နောင်အနာဂတ်မှာ အမြင့်ပိုင်းအဆင့်တွေကို ထိုးဖောက်နိုင်ဖို့ မျှော်လင့်ချက် တကယ်ရှိတယ် “
“ တကယ်လို့ အဲ့လိုသာဖြစ်လာမယ်ဆိုရင်တော့၊ အဲ့တာက လူသားမျိုးနွယ်စုအတွက် ကောင်းချီးတစ်ခု ဖြစ်လာလိမ့်မယ် “
လျူတုန်ဖင်းသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ရေရွတ်ပြောဆိုနေတော့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ အမြင့်ပိုင်း အဆင့်လမ်းကြောင်းက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားနေလဲဆိုတာကို ငါလည်းသိချင်မိတယ် ….. “
“ ဒါပင်မဲ့ သူတစ်ယောက်တည်းပဲ ဆိုရင်တော့ အခြေအနေကို ပြောင်းလဲဖို့ မလုံလောက်သေးဘူး “
ကျောင်းခုန်းစုန့်မှာလည်း သက်ပြင်းချ၍ စကားဝင်ပြောလာခဲ့သည် “ ကျုပ်တို့က သူအမြင့်ပိုင်း အဆင့်တွေဆီကို ရောက်မဲ့အချိန်ကို စောင့်နေပြီးတော့ တစ်ခြားလူတွေကို သူ့ခြေရာအတိုင်း လိုက်နင်းခိုင်းရဖို့ပဲ ရှိတော့တာပေါ့ “
လျူတုန်ဖင်း မျက်မှောင်ကြုတ်သွားခဲ့သည် “ ငါစိုးရိမ်တာက ရှုကျိုး မြင့်တက်လာတာက တော်တော်ကြီးကို မြန်လွန်းနေတယ်၊ သူက မမျှော်လင့်ထားတဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရလိမ့်မယ်။ သူ့လမ်းကြောင်းကို တစ်ခြားလူတွေက လိုက်မလျှောက်နိုင်မှာကိုပဲ ငါစိုးရိမ်မိတယ် “
ကျောင်းခုန်းစုန့်မှာလည်း ၎င်းကို ကြားကာ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ ဆေးလောကရဲ့ အင်အားစုကြီးတွေကလည်း အဲ့တာကို သတိထားမိလောက်တယ်၊ ပြီးတော့ သူတို့က အဲ့တာကို သုံးပြီးတော့ အစစ်အမှန် သိုင်းပညာဌာနကို မေးခွန်းထုတ်လာနိုင်တယ် “
ကျောင်းခုန်းစုန့်မှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ အဲ့ဒီအချိန်မှာ အစစ်အမှန် သိုင်းပညာဌာနက အချိန်တိုအတွင်း မြင့်တက်လာတဲ့ ရလဒ်ကို လူထုကို ချမပြနိုင်ဘူးဆိုရင်၊ လူတော်တော်များများကို စိတ်ပျက်သွားစေနိုင်တယ် “
လျူတုန်ဖင်းမှာလည်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်၊ သို့သော် သူသည် မကြာခင်မှာပင် စိတ်သက်သာရာရကာ စကားပြောလာခဲ့သည် “ ကိစ္စမရှိပါဘူး၊ အဲ့တာက ငါတို့ကိစ္စ မဟုတ်ဘူးလေ၊ ငါတို့က စောင့်ကြည့်နေရုံပါပဲ “
…
ရှုကျိုးသည် မြေပြင်ပေါ်မှ ထရပ်လာခဲ့ပြီး၊ ရှေ့သို့ ခြေတစ်လှမ်းလာခဲ့ကာ ခြေလှမ်းအနည်းငယ် အတွင်းမှာပင် ကျောင်းဝန်းအပြင်ဘက်ရှိ လူသူကင်းမဲ့သော တောင်တန်းတစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
သူ၏ခန္ဓာကိုယ်တွင်းတွင် ချီ-သွေးစွမ်းအင်များ ပေါက်ထွက်လာခဲ့ပြီး၊ လက်ဝါးချက်တစ်ချက်ကို ပေါ့ပေါ့ပါးပါး ရိုက်ထုတ်လိုက်သည်။
ဘုမ်းးးး !!!
လေထုထဲဥ ၎င်းသည် လျှပ်စီးလက်နေသကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် အရှေ့ဘက် ၁၀မီတာကျော် အကွာရှိ ကျောက်တုံးကြီးတစ်တုံးသည် ဘမ်းဟူသော အသံတစ်သံနှင့်အတူ လေပေါ်သို့ မြောက်တက်လာခဲ့သည်။
ထို့နောက်တွင် ၎င်းသည် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သည်။
များပြားလှသော အပိုင်းအစများသည် ဒုံးကျည်များကဲ့သို့ ကောင်းကင်ထက်မှ ထိုးဆင်းလာခဲ့ကာ အဖြူရောင်မီးခိုးမှိုင်းအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။
“ ဒါက အဆင့်၃လား? “
ရှုကျိုးသည် တလက်လက်တောက်ပနေသည့် မျက်လုံးများဖြင့် အသက်ကို ဖြည်းညှင်းစွာ ရှူသွင်းလိုက်သည် “ တကယ်ကို ကြောက်ဖို့ကောင်းတဲ့ စွမ်းအားပဲ “
သိုင်းပညာရှင်တစ်ဦးက တတိယအဆင့်သို့ ရောက်လာခဲ့သောအခါတွင် သူ၏ချီ-သွေးစွမ်းအားသည် အလွန်သိပ်သည်းသွားကာ အဝေးရှိ အရာဝတ္ထုများကိုပင် လှုပ်ခါနိုင်စွမ်းရှိသွားကြသည်။
အစောပိုင်း အချိန်များအတွင်းက အတိုင်းပင် ရှုကျိုးသည် ၁၀မီတာကျော် အကွာရှိ ကျောက်တုံးကြီးအား လက်ဝါးချက်တစ်ချက်ဖြင့် ချေမွလိုက်သည်မှာ အမှန်ပင် အစွမ်းထက်ကာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
နှောင်းပိုင်း တတိယအဆင့်တွင်မူ ချီ-သွေးသည် စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ အဝေးမှ အရာဝတ္ထုများကို ဆွဲယူခြင်း(သို့) မိမိကိုယ်မိမိ သယ်ဆောင်ရန်အတွက် ဓားပျံကို ထိန်းချုပ်ကာ မသေမျိုးနတ်တစ်ပါးကဲ့သို့ ကောင်းကင်ထက်တွင် ပျံဝဲခြင်း ပြုလုပ်နိုင်လေသည်။
အမှန်တိုင်းပြောရမည်ဆိုပါက ၎င်းတို့အားလုံးသည် စတုတ္ထအဆင့်၏ နတ်စွမ်းရည်များအတွက် ကြိုတင်ပြင်ဆင်နေခြင်းပင်ဖြစ်သည်။
စတုတ္ထအဆင့်နယ်ပယ်၌ လူမရောက်လာသေးသော်လည်း၊ နတ်စွမ်းရည်များက အရင်ဦးဆုံး ရောက်လာနိုင်ပေသည်။
တစ်ခါတွေးလိုက်ရုံဖြင့် ပစ်မလွဲဒုံးကျည်တစ်စင်းကဲ့သို့ မီတာတစ်သောင်း အတွင်းရှိ သင်ညွှန်ပြသည့် နေရာ(သို့) အရာဝတ္ထုကို ချက်ချင်းတိုက်ခိုက်မည် ဖြစ်သည်။
“ အရင်က အခြေအနေနဲ့ ယှဥ်လိုက်မယ်ဆိုရင် ငါက အနည်းဆုံးအနေနဲ့ ဆယ်ဆလောက် ပိုစွမ်းလာပြီ “
………………………………………………………………………………………………………………………..
အပိုင်း ( 341 )
တတိယအဆင့် !! ၃
ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိသည် “ ရိုးရှင်းတဲ့ ဒီလက်ဝါးချက်ရဲ့ စွမ်းအားကတင် အရင်က လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ အင်ပြည့်အားပြည့် တိုက်ကွက်နဲ့ ယှဥ်နေနိုင်ပြီ “
သို့သော် အကယ်၍ သူကသာ သူ၏ယခုလက်ရှိ စွမ်းအားကို အကုန်အစင် အသုံးပြု၍ လူသားဧကရာဇ် စည်းတံဆိပ်ကို ထုတ်လွှတ်လိုက်မည်ဆိုပါက၊ တတိယအဆင့် အထွတ်အထိပ် ပညာရှင်ကပင် သူ၏ပြိုင်ဘက် ဖြစ်နေလိမ့်မည် မဟုတ်ပေ။
“ တကယ်ကို အထင်ကြီးဖို့ ကောင်းတာပဲ !! “
ရှုကျိုးသည် သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ခံစားမိကာ စိတ်ကျေနပ်စွာဖြင့် ပြုံးနေတော့သည်။
“ ဝှစ် !!! “
ထိုအချိန်၌ များပြားသော အလင်းတန်းများ ပျံသန်းရောက်ရှိလာခဲ့သည်။
၎င်းတို့သည် လျူချင်းယွမ်နှင့် တစ်ခြားလူများပင် ဖြစ်သည်။
“ အဆင့်၃ကို ထိုးဖောက်နိုင်ခဲ့တာလား? “ လျူချင်းယွမ်သည် ပြုံးရွှင်စွာ ပြောလာခဲ့သည်၊ သူသည် ဤကျောင်းသားနှင့် ပတ်သက်၍ အလွန်တရာ စိတ်ကျေနပ်နေခဲ့သည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဆရာ “
ရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည် “ ချိုးကျူးနေတာကို ရပ်လိုက်တော့၊ မင်းရဲ့ နတ်တံတားကို ငါကြည့်မယ် “
သူသည် လူသားဧကရာဇ်၏ နတ်တံတားက မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို သိချင်နေခဲ့သည်။
ရှုကျိုးမှ ခေါင်းခါပြလာခဲ့သည် “ ကျွန်တော်က နတ်တံတားကို မဖွဲ့စည်းရသေးဘူး “
“ အဆင့်တက်ဖို့အတွက် ဧကရာဇ်ရဲ့ ရွှေရောင်နတ်တံတားကို ရွေးခဲ့တာ မဟုတ်ဘူးလား? “ ရှန့်ဝမ်ချန်းမှ တအံ့တဩဖြင့် ပြောလာခဲ့သည်။
ရှုကျိုးမှ ခေါင်းခါပြလိုက်သည် “ မဟုတ်ဘူး၊ ကျွန်တော်က ကိုယ့်ဘာသာ အဆင့်တက်လိုက်တာပါ “
“ သွေးကြောမှတ်တွေကို ကျွန်တော်ရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်ပြီးတဲ့နောက်မှာ၊ ဧကရာဇ်ရဲ့ ရွှေနတ်တံတား မရှိဘဲ အဆင့်၃ကို တက်ဖို့ဆိုတာက ပုံမှန်ပါပဲ “
“ ဒါဆိုရင် မင်းရဲ့ အနာဂတ် ကျင့်ကြံရေး လမ်းကြောင်းကို မင်းကိုယ်တိုင် စူးစမ်းလေ့လာမှာလား? “ ရှန့်ဝမ်ချန်းမှ သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကျွန်တော်က ဧကရာဇ်ရဲ့ နတ်တံတားကို အကိုးအကားပြုထားပါတယ်၊ ဒါပင်မဲ့ အဲ့တာကို လုံးဝပုံတူကူးမှာ မဟုတ်ဘူး။ ကိုယ့်လမ်းကြောင်းကို ကိုယ့်ဘာသာဖောက်တာက အကောင်းဆုံးပဲလို့ ကျွန်တော်ယုံကြည်တယ် “
ရှန့်ဝမ်ချန်းနှင့် လျူချင်းယွမ်တို့သည် အကြည့်များ ဖလှယ်လိုက်ကြသည်၊ သူတို့နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် လေးစားမှု အရိပ်အမြွက်များ ဖြစ်တည်နေခဲ့သည်။
“ ရှုကျိုး၊ မင်းလုပ်တာ ကောင်းတယ် “
လျူချင်းယွမ်မှ ချီးမွမ်းလာခဲ့သည် “ ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်တာက အကောင်းဆုံးပဲ၊ တစ်ခြားလူတွေရဲ့ လမ်းကြောင်းကို လျှောက်မယ်ဆိုရင်၊ အကျိုးအမြတ်တွေကို အချိန်တိုအတွင်း ရနိုင်ပင်မဲ့၊ အချိန်အတိုင်းအတာတစ်ခုအထိ ရောက်သွားရင် အကန့်သတ်ခံလိုက်ရလိမ့်မယ်။ ကိုယ့်လမ်းကိုယ်ဖောက်မှ ပြိုင်ဘက်ကင်း အလားအလာတွေကို တည်ဆောက်နိုင်မှာ “
ရှန့်ဝမ်ချန်းမှာလည်း လေးစားမိသွားခဲ့သည် “ ဧကရာဇ်ရဲ့ လမ်းကြောင်းက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ ဒီလိုဆွဲဆောင်မှုမျိုးကို ခုခံနိုင်ခဲ့ပြီးတော့ ကိုယ့်ကိုကိုယ့် ထိန်းသိမ်းနိုင်ခဲ့တာက တကယ်ကို ရှားပါးလွန်းတယ် “
“ တကယ်လို့ ငါဖြစ်နေမယ်ဆိုရင်တောင်မှ အဲ့လိုဆွဲဆောင်မှုမျိုးကို မခုခံနိုင်လောက်ဘူး “
လျူချင်းယွမ်နှင့် ရှန့်ဝမ်ချန်းတို့မှ တစ်လှည့်စီ ချီးကျူးလာခဲ့သောကြောင့် ရှုကျိုးသည် ကောင်းကင်ထက်သို့ မြောက်တက်လုမတတ်ဖြစ်သွားခဲ့သည်။
ရှုကျိုးသည် မနေနိုင်တော့ဘဲ အနည်းငယ် ရှက်သွားခဲ့သည်၊ သူသည် ချောင်းဟန့်၍ ပြောလာခဲ့သည် “ ဆရာ၊ ဆရာဘိုးဘိုး၊ ဒါဆိုရင် ကျွန်တော်ပြန်ပြီနော်။ အခုမှ အဆင့်တက်ထားတာဆိုတော့ ကျွန်တာ်က အဲ့တာကို နည်းနည်းလောက် ခံစားကြည့်ချင်လို့ “
“ အင်း၊ ဆက်လုပ်လေ “
လျူချင်းယွမ်မှ အပြုံးဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည်။
ဝှစ် !!!
ရှုကျိုးသည် လှည့်ထွက်၍ ခြေလှမ်းကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ဆီသို့ ဦးတည်သွားတော့သည်။
သူသည် ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းကို မသုံးလိုက်ပေ။
ထို့အစား သူသည် သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြင့် လေပေါ်သို့ တိုက်ရိုက်ခုန်တက်သွားခြင်း ဖြစ်သည်။
သိုင်းပညာရှင်တစ်ဦးက တတိယအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူတို့၏ ချီ-သွေးစွမ်းအင်များသည် အဆပေါင်းများစွာ သိပ်သည်းသွားပြီး၊ အလွန်တရာ အစွမ်းထက်သွားလေ့ရှိသည်။
သိပ်သည်းသော ချီ-သွေးစွမ်းအင်များသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် လှည့်ပတ်စီးဆင်းနေပြီး၊ ခန္ဓာကိုယ်ကို ဆွဲငင်အားကန့်သတ်ချက်မှ လွတ်မြောက်စေသည့် အားကောင်းသော သံလိုက်စက်ကွင်းတစ်ခု ဖွဲ့စည်းပေးခဲ့လေသည်။
ထို့ကြောင့်သာလျှင် တတိယအဆင့်နယ်ပယ်မှ ပညာရှင်များက လေထဲတွင် ပျံသန်းနိုင်ကြခြင်းဖြစ်သည်။
ရှုကျိုး၏ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လွန်းနေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ထဲသို့ ဝင်သွားခဲ့သည်။
“ အဆင့်၃ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ ခြေလှမ်းသိုင်းတွေ မသုံးထားတာတောင်မှ ငါ့ရဲ့ အမြန်နှုန်းက အရင်ကထပ် သုံးဆလောက်ပိုမြန်လာတယ် “
ရှုကျိုး၏မျက်လုံးများ တောက်ပသွားခဲ့သည် “ တကယ်လို့ ငါက ခြေလှမ်းသိုင်းသုံးလိုက်မယ်ဆိုရင်၊ အဆင့်၄တစ်ပိုင်း ပညာရှင်ကတောင် ငါ့ကို အမှီလိုက်နိုင်မှာ မဟုတ်ဘူး “
ဝှစ် !!!
သူ၏ခြေလှမ်းများသည် လေကဲ့သို့ဖြစ်နေခဲ့ပြီး၊ ကောင်းကင်ထက်တွင် လျှောက်လှမ်းနေခဲ့ကာ၊ သူ၏ပုံရိပ်သည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြားတွင် ပြေးလွှားနေခဲ့သည်။
“ ခံစားလို့ကောင်းတယ် ……… ငါ့ရဲ့ အခုလက်ရှိအဆင့်ကို စမ်းသပ်ဖို့အတွက် လူတစ်ယောက်လောက် လိုချင်လိုက်တာ “
ရှုကျိုးသည် ရုတ်တရက် စိတ်အားထက်သန်သွားခဲ့သည်။
သူသည် လက်ရည်ယှဥ်ရန်အတွက် တစ်စုံတစ်ဦးကို ရှာချင်နေခဲ့သည်။
“ စီနီယာ အစ်ကိုကြီးချင် မရှိတာက နှမြောစရာပဲကွာ၊ အစစ်အမှန် သိုင်းပညာဌာနမှာက အဆင့်၃ ပညာရှင် နည်းနည်းလေးပဲ ရှိတယ် “
ရှုကျိုးသည် ကျောင်းအောက်သို့ လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း၊ သူနှင့် လက်ရည်ယှဥ်မည့်လူကို ချက်ချင်း မရှာနိုင်ခဲ့ပေ။
ရုတ်တရက်ဆိုသလိုပင် ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်၊ သူသည် နတ်သိုင်းဌာနရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
“ ရပြီ “
…
နတ်သိုင်းဌာန၏ စံအိမ်တစ်ခုအတွင်း၌
ဟွမ်ရိချန်းသည် မြေပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံနေလျက်ရှိတယ်။
ရုတ်တရက်ဆိုသလိုပင် သူ၏မျက်လုံးများ လှုပ်ခတ်သွားကာ ပြတင်းပေါက်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
အလင်းတန်းတစ်ခုသည် နတ်သိုင်းဌာနရှိရာဘက်သို့ ဦးတည်လာနေလျက်ရှိသည်။
ဟွမ်ရိချန်းသည် ၎င်းက မည်သူလဲဆိုသည်ကို ချက်ချင်းမှတ်မိသွားသောကြောင့် မနေနိုင်တော့ဘဲ မျက်မှောင်ကြုတ်သွားတော့သည်။
“ သူလား? “
သူသည် ၎င်းက ရှုကျိုးဆိုသည်ကို ကောင်းစွာ မှတ်မိနေခဲ့သည်။
ယခင်က ရှုကျိုးသည် လျူတျန်မုနှင့် လောင်းကစားတစ်ခု လုပ်ခဲ့ကာ အကျိုးပြုအမှတ် ၂သောင်း လိမ်ယူသွားခဲ့သည်။
လျူတျန်မု၏ စီနီယာအစ်ကိုကြီးတစ်ဦး အနေဖြင့် ဟွမ်ရိချန်းမှာလည်း ထိုကိစ္စတွင် ပါဝင်ပတ်သက်နေခဲ့သည်။
ဟွမ်ရိချန်းသည် ရှုကျိုးကို လုံးဝစက်ဆုပ်သွားခဲ့သည်။
ကောင်းကင်ထက်၌ အလင်းတန်းသည် ရှုကျိုးအဖြစ် ပြောင်းလဲသွားပြီး၊ နတ်သိုင်းဌာနထဲသို့ ဝင်လာခဲ့ကာ ဌာနအထက်တွင် ရပ်တန့်သွားခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရယ်မောသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ကျွန်တော်၊ ရှုကျိုးက အဆင့်၃ကို တိုက်တိုက်ဆိုင်ဆိုင်ပဲ ရောက်သွားတယ်၊ နတ်သိုင်းဌာနဘက်မှာ ကျွန်တော်နဲ့ တိုက်ခိုက်မဲ့ စီနီယာတစ်ယောက်ယောက်လောက် ရှိမလား? “
ထိုစကားများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် နတ်သိုင်းဌာနတစ်ခုလုံး လှုပ်ခါသွားခဲ့သည်။
ယခု၌ နတ်သိုင်းဌာနတွင် ပထမအဆင့်နှင့် ဒုတိယအဆင့် ကျောင်းသူကျောင်းသား အနည်းငယ်မျှသာရှိပြီး၊ အများစုသည် တတိယအဆင့် ပညာရှင်များဖြစ်သည်။
ရှုကျိုးက ဤနေရာသို့ လာရောက်စိန်ခေါ်ခြင်းမှာ အသင့်တော်ဆုံး ရွေးချယ်မှုတစ်ခုဖြစ်သည်။
သို့သော် အံ့ဩဖွယ်ကောင်းသည်မှာ မည်သည့်တုံ့ပြန်မှုမှ မပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
“ ဒီလူက အခုဆိုရင် ကျောင်းရဲ့ ရတနာ ဖြစ်နေပြီ၊ ဘယ်သူက သူနဲ့ တိုက်ရဲမှာလဲ? “
“ အမှန်ပဲ၊ တကယ်လို့ တစ်ယောက်ယောက်က သူ့ကို မတော်တဆ ဒဏ်ရာရသွားအောင် လုပ်မိသွားမယ်ဆိုရင်၊ နောက်မှ ရှ့န်ဝမ်ချန်းကြီး ရောက်လာပြီး စာရင်းရှင်းရင် ငါတို့က ဘယ်လိုလုပ်ရတော့မှာလဲ “
နတ်သိုင်းဌာနမှ ကျောင်းသူကျောင်းသားအားလုံး သတိတကြီး ဖြစ်နေလျက်ရှိသည်။
ဤအခြေအနေကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် ဆွံ့အသွားခဲ့သည်။
ငါက နတ်သိုင်းဌာနကို စိန်ခေါ်ဖို့ ရောက်လာခဲ့တာလေ၊ ဘယ်သူကမှ ပြန်မဖြေကြဘူးလား?
ရှုကျိုးသည် မနေနိုင်တော့ဘဲ လျူတျန်မု၏ စံအိမ်ရှိရာဘက်သို့ ငေးကြည့်မိသွားတော့သည်။
အကယ်၍ လျူတျန်မုကသာ ကွမ်ဟန်သို့ မသွားခဲ့ဖူးဆိုပါက သူသည် လက်စားချေရန်အတွက် ထိုလူ့ကို သေချာပေါက် သွားရှာမည်ဖြစ်သည်။
သို့သော် ယခုတွင်ကား သူသည် တစ်ခြားနည်းလမ်းတစ်ခုကို ရှာဖွေရုံသာ တတ်နိုင်တော့လေသည်။
ရှုကျိုးသည် အောက်သို့ ငုံ့ကြည့်ကာ စကားပြောလိုက်သည် “ ကျွန်တော့်ကို နိုင်တဲ့လူရှိရင် အကျိုးပြုအမှတ် ၁သောင်းပေးပါမယ်၊ အဆင့်၃ အထွတ်အထိပ်ဆိုရင်တောင်မှ အဆင်ပြေပါတယ် “
ဝရော !!
နတ်သိုင်းဌာနတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
မောက်မာလွန်းတယ် !!
တကယ်ကို မောက်မာလွန်းတယ်၊ တတိယအဆင့်ကို အခုမှ ရောက်လာပြီးတော့ တတိယအဆင့် အထွတ်အထိပ်ကိုတောင် စိန်ခေါ်ရဲနေတယ်ပေါ့ !!!
ဒုတိယအဆင့်က ပြိုင်ဘက်ကင်း ပါရမီရှင်တွေကတောင် အဲ့လိုမလုပ်ရဲကြဘူး။
ရှုကျိုးက နှောင်းပိုင်း ဒုတိအဆင့်ဖြင့် အလယ်အလတ် တတိယအဆင့် ပညာရှင်နှစ်ဦးကို တိုက်ခိုက်ခဲ့သော်လည်း၊ အလယ်အလတ် တတိယအဆင့်နှင့် နှောင်းပိုင်း တတိယအဆင့်တို့ကြားရှိ ကွာဟချက်မှာ နှစ်ဆဖြစ်ပြီး၊ နှောင်းပိုင်း တတိယအဆင့်နှင့် တတိယအဆင့် အထွတ်အထိပ်တို့ကြားရှိ ကွာဟချက်ကမူ ငါးဆပင်ဖြစ်သည်။
အရေးအကြီးဆုံး အရာမှာ ရှုကျိုးသည် သူ့ကို အနိုင်ယူနိုင်သည့် လူရှိပါက အကျိုးပြုအမှတ် ၁သောင်းပေးမည်ဟု ပြောဆိုနေခြင်းပင် ဖြစ်သည်။
“ ဒီလူက၊ အဆင့်၃ကို တက်နိုင်လို့ ဦးနှောက်ပျောက်သွားတာလား? “
“ သူက အကျိုးပြုအမှတ် နှစ်သောင်းကျော်ပဲ ရထားတာလေ၊ သူက ပိုက်ဆံလာကြဲနေတာလားဟ? “
လူတော်တော်များများသည် စိတ်ထဲတွင် တိတ်တဆိတ် ဝေဖန်ပြစ်တင်နေကြသည်။
သို့သော် လှုပ်ရှားဝံ့သည့် လူတစ်ချို့လည်း ရှိနေခဲ့သည်။
တစ်ချို့သော နှောင်းပိုင်း တတိယအဆင့် ပညာရှင်များသည် ဆွဲဆောင်မှုကို ခံလိုက်ရကာ ကြိုးစားကြည့်လာကြသည်။
ဝုန်းးးး !!
ရုတ်တရက်ဆိုသလိုပင် တတိယအဆင့် အထွတ်အထိပ် အရှိန်အဝါတစ်ခုသည် ရှုကျိုး၏ စကားများကို တုံ့ပြန်လာသကဲ့သို့ ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။
ဝုန်းးးး !!
ဝုန်းးးး !!
ဝုန်းးးး !!
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် တတိယအဆင့် အထွတ်အထိပ် အရှိန်အဝါများ ဆက်တိုက် ပေါ်ထွက်လာခဲ့သည်။
အစစ်အမှန် သိုင်းပညာဌာနကဲ့သို့ မဟုတ်ဘဲ၊ နတ်သိုင်းဌာနတွင် တတိယအဆင့် ပညာရှင် အမြောက်အများ ရှိနေခဲ့ပြီး၊ ပါရမီရှိသော တတိယအဆင့် အထွတ်အထိပ် ပညာရှင်များလည်း အတော်အတန် ရှိနေခဲ့သည်။
အကျိုးပြုအမှတ် ၁သောင်း၏ ဆွဲဆောင်မှုသည် သူတို့ကို လှုပ်ရှားလာစေရန် လုံလောက်နေခဲ့သည်။
ထိုအချိန်၌ နတ်သိုင်းဌာနအတွင်းတွင် တတိယအဆင့် အထွတ်အထိပ် အရှိန်အဝါများ လွတ်လွတ်လပ်လပ် ပျံ့လွင့်နေပြီး၊ ဖိအားတစ်ခု ဖုံးလွှမ်းနေခဲ့သည်။
နှောင်းပိုင်း တတိယအဆင့်မှ ပညာရှင်များသည် ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရပြီး၊ ယှဥ်ပြိုင်လိုသည့်စိတ်များ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
နှောင်းပိုင်း တတိယအဆင့်နှင့် တတိယအဆင့် အထွတ်အထိပ်ဆိုသည်မှာ လမင်းနှင့် ပိုးစုန်းကြူးပမာ ကွာခြားလွန်းနေခဲ့သည်။
လူတော်တော်များများသည် တိတ်တဆိတ် ရယ်မောနေကြတော့သည်။
“ အခုဆိုရင် အဆင့်၃ အထွတ်အထိပ် ပညာရှင်တွေ လှုပ်ရှားလာကြပြီ၊ သူက ဘယ်လို အသိပ်ခံလိုက်ရမလဲဆိုတာကို စောင့်ကြည့်လိုက်ကြတာပေါ့ကွာ “
“ ဟားဟား၊ အဆင့်၃ အထွတ်အထိပ် ပညာရှင်တွေ အများကြီး လှုပ်ရှားလာကြတယ်၊ ဒီကလေးတော့ ပြဿနာတက်ပြီ “
“ သူကိုယ့်သူ ပြဿနာထဲ ဆွဲသွင်းလိုက်တာက၊ မောက်မာမှုရဲ့ တန်ကြေးပဲ “
နတ်သိုင်းဌာနရှိ လူအုပ်ကြီးသည် ပြပွဲတစ်ခုကို စောင့်ကြည့်နေရသကဲ့သို့ ဖြစ်သွားကြသည်၊ နည်းပြဆရာ၊ ဆရာမတစ်ချို့ကပင် သူတို့၏ အိမ်များထဲမှ ထွက်လာခဲ့ကာ စိတ်ဝင်တစား စောင့်ကြည့်လာကြသည်။
သူတို့သည် ရှုကျိုးကို မထိရဲကြပေ၊ သို့သော် ရှုကျိုးက ပြဿနာထဲသို့ သူ့ကိုယ်သူ ဆွဲသွင်းခြင်းအတွက်ကား တစ်ခြားလူများကို အပြစ်တင်၍ မရပေ။
ကောင်းကင်ထက်ရှိ ရှုကျိုးကမူ အဆိုပါ အရှိန်အဝါများကြောင့် မည်သည့်သက်ရောက်မှုကိုမှ မခံစားခဲ့ရဘဲ၊ တည်တည်ငြိမ်ငြိမ်သာ ရှိနေခဲ့သည်။
သူသည် အရှိန်အဝါကို ပထမဦးဆုံး ဖော်ထုတ်ခဲ့သည့် လူတစ်ဦးရှိရာဘက်သို့ ငေးကြည့်နေခဲ့သည်။
နူးညံ့သိမ်မွေ့သော အမူအရာဖြင့် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးမှာလည်း ရှုကျိုးကို ငေးကြည့်နေလျက်ရှိသည်။
ထိုလူသည် ဟွမ်ရိချန်းမှတစ်ပါး တစ်ခြားလူ မဟုတ်ပေ။
“ မင်းက ပထမဦးဆုံးပဲ “
ရှုကျိုးသည် အသာအယာ ပြုံးပြလိုက်ပြီး၊ ချက်ချင်းဆိုသလိုပင် ရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်သည်။
…………………………………………………………………………………………………………………………………..
အပိုင်း ( 342 )
ပြိုင်ဘက်ကင်း
ဟွမ်ရိချန်းသည် လျူတျန်မု၏ စီနီယာအစ်ကိုဖြစ်ပြီး၊ မျိုးဆက်တူ လူတစ်ဦးအဖြစ် ယူဆ၍ရပေသည်၊ သို့သော် နတ်သိုင်းဌာနအပေါ် ထားရှိသည့် သူ၏စိတ်သဘောထားကမူ အလွန်တရာ နက်ရှိုင်းနေခဲ့သည်။
ရှုကျိုးသည် ထိုလူနှင့် အနည်းငယ်မျှ အဆက်အဆံ လုပ်ခဲ့ဖူးသော်လည်း၊ သူ့ဆီမှ ရန်လိုမှုများကို ခံစားနေခဲ့ရသည်။
တစ်ခြားလူများကမူ သူ၏ အကျိုးပြုအမှတ်များကိုသာ လိုချင်နေခြင်းဖြစ်သည်။
သို့သော် ဤဟွမ်ရိချန်းကမူ သူ့ကို အညှိုးအတေးထားနေသည့် ပုံပင်။
ရှုကျိုးမှာလည်း ၎င်းကို နားလည်နေခဲ့သည်၊ သူသည် ထိုလူ့ထံမှ အကျိုးပြုအမှတ် သောင်းနှင့်ချီ၍ လိမ်လည်ခဲ့ဖူးသည်။
“ စီနီယာ၊ မင်းအလှည့်ပါ “
ရှုကျိုးသည် ဟွမ်ရိချန်းကို ပြုံးပြလိုက်သည်။
ဟွမ်းရိချန်းမှာလည်း ပြုံးပြလာခဲ့သည်၊ အေးစက်သော အပြုံးတစ်ခုဖြစ်သည်။
သူသည် လေထုထဲသို့ ဖြည်းညှင်းစွာ တက်လာခဲ့ပြီး၊ အေးစက်စွာ ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းရဲ့စွမ်းရည်က သန်မာပါတယ်၊ ဒါပင်မဲ့ မင်းက အဆင့်၃ကို အခုမှ ရောက်လာခဲ့ပြီးတော့ အဆင့်၃ အထွတ်အထိပ်ကို စိန်ခေါ်ချင်နေတယ်ပေါ့၊ ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ !!! “
ရှုကျိုးမှာလည်း ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည် “ ကျွန်တော်က ပြဿနာရှာနေတာ မဟုတ်ဘူးလေ၊ ကျွန်တော်က ကြင်နာတတ်တယ်ဆိုတာက အားလုံးက သိကြတယ်မဟုတ်လား? “
“ ကျွန်တော်က စီနီယာတွေဆီက အကြံဉာဏ်လာတောင်းတာပါ “
ဟွမ်ရိချန်း၏ အမူအရာပင် ရှုံ့မဲ့လုမတတ်ဖြစ်သွားခဲ့သည်။
ကြင်နာတာလား??
နတ်သိုင်းဌာနရဲ့ ပထမအဆင့်နယ်ပယ်က ထိပ်ဆုံး ပါရမီရှင်ဆယ်ယောက်ကို လုံးဝချေမှုန်းခဲ့ပြီးတော့၊ ဝမ်ချောင်ခုန်းကို သတ်လုနီးပါး ဖြစ်ခဲ့ရပြီး၊ ယန်တျန်ဒုံက လူသားအပိုင်းအစဖြစ်သွားတယ်ဆိုတာက မင်းကြောင့်ဆိုတာကို မသိတဲ့လူက ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှာ ရှိနေလို့လား??
လူသစ်လေးတစ်ဦးအတွက် ထိုကဲ့သို့သော အောင်မြင်မှုများကို ရရှိခြင်းသည် ရက်စက်ကြမ်းကြုတ်ခြင်းပင်ဖြစ်သည်။
သို့ရာတွင် ဤအချိန်၌ ဟွမ်ရိချန်းသည် ထိုကိစ္စများကို ထုတ်မပြောခဲ့ပေ။
သူသည် အေးစက်စွာ နှာမှုတ်လာခဲ့သည် “ ရှုကျိုး၊ မင်းက ငါ့ဆီကနေ အကျိုးပြုအမှတ် ၁သောင်းကျော် လိမ်သွားတယ်၊ ငါက အဲ့ကိစ္စကိုတောင် စာရင်းမရှင်းရသေးဘူး၊ အခုတော့ မင်းက ငါ့ဆီကို တည့်တည့်ကြီး တိုးဝင်လာတယ်ပေါ့ “
“ အရမ်းကောင်းတယ်၊ ဒီနေ့တော့ အဲ့အကြွေးကို ငါကိုယ်တိုင် တောင်းမယ် “
စကားပြောခဲ့ပြီးသည့်နောက်၌ အစွမ်းထက် အရှိန်အဝါတစ်ခုသည် ဟွမ်ရိချန်း၏ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်လာခဲ့သည်။
“ ရှုကျိုး၊ ဒီနေ့မှာတော့ ငါက မင်းနဲ့ အဆင့်၃ အထွတ်အထိပ်ကြားမှာရှိတဲ့ ကွာဟချက်က ဘယ်လောက်တောင် ကြီးလဲဆိုတာကို ပြမယ် “
ဟွမ်ရိချန်းမှ ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့သည်၊ အံ့ဖွယ်ကောင်းသည့် ဓားအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ ကောင်းကင်ယံကို ထိုးဖောက်လာခဲ့သည်။
၎င်းသည် တတိယအဆင့် အထွတ်အထိပ်၏ စွမ်းအားဖြစ်ပြီး၊ ကောင်းကင်ဘုံကိုပင် လှုပ်ခါသွားစေနိုင်သည်။
နှောင်းပိုင်း တတိယအဆင့် သိုင်းပညာရှင်ကပင် သူ၏ဖိနှိပ်မှုကို ချက်ချင်းခံစားလိုက်ရသည်။
ချင်ဖုန်းကမူ သူ၏ထူးခြားလွန်းသော စွမ်းရည်ကြောင့် ချွင်းချက်တစ်ခုဖြစ်သည်၊ သူ၏ တိုက်ခိုက်ရေး စွမ်းရည်သည် ခြောက်လလျှင် တစ်ကြိမ်မျှ အသုံးပြုနိုင်ပေသည်၊ ၎င်းကို အသုံးပြုခဲ့ပြီးသည့်နောက်၌ သူသည် အလွန်အမင်း အားနည်းနေသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားတတ်သည်။
ထိုကဲ့သို့သော နည်းလမ်းဖြင့်သာလျှင် သူသည် သူ၏ အလယ်အလတ် တတိယအဆင့် စွမ်းအားဖြင့် တတိယအဆင့် အထွတ်အထိပ်ပညာရှင်ကို ယှဥ်တိုက်နိုင်လေသည်။
ရှုကျိုးထံတွင် ထိုကဲ့သို့သော စွမ်းရည်မျိုး မရှိဘူးဆိုပါက သူသည် ဓားအလင်းအောက်ရှိ ဝိညာဥ်တစ်ကောင်သာ ဖြစ်သွားမည် ဖြစ်သည်။
“ ကလေးလှည့်ကွက်တွေ “
ရှုကျိုးသည် အသာအယာ ရယ်မောနေတော့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဆေဘာရှည်သည် သူ၏နောက်ကျောမှ ခုန်ထွက်လာခဲ့သည်။
မိုးကြိုးတစ်ခုကဲ့သို့ တောက်ပသော ဆေဘာအလင်းတန်းသည် ကောင်းကင်ယံသို့ ထောင်တက်လာခဲ့ကာ မိုးကောင်းကင်ကိုပင် ဆုတ်ဖြဲသွားခဲ့သည်။
ကောင်းကင်ဘုံ ပြစ်ဒဏ်ကဲ့သို့သော ဆေဘာအလင်းတန်းသည် ဟွမ်ရိချန်း ပစ်လွှတ်လိုက်သော ဓားအရိပ်ဆီသို့ တိုက်ရိုက် တိုးဝင်သွားခဲ့သည်။
အဆိုပါ အလင်းတန်းထဲတွင် ပါဝင်နေသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် ဟွမ်ရိချန်း၏ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေခဲ့သည် “ ဒီစွမ်းအားက အဆင့်၃ကို အခုမှ ရောက်လာတယ်ဆိုတာ ဟုတ်ရဲ့လားဟ? “
ဘုန်းဟူသော အသံနှင့်အတူ ဆေဘာအလင်းတန်းနှင့် ဓားအရိပ်တို့ တိုက်မိသွားကြသည်။
ခရက်၊ ခရက် !!!
ဓားအရိပ်၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာခဲ့ပြီး၊ ပေါ်ကွဲထွက်သွားတော့သည်။
ဆေဘာအလင်းတန်းကမူ ၎င်း၏ အရှိန်အဝါကို မဆုံးရှုံးခဲ့ဘဲ၊ ဟွမ်ရိချန်းကို ချက်ချင်း ခုတ်ပိုင်းလာခဲ့သည်။
“ ဟမ့် !! “
ဟွမ်ရိချန်းသည် အေးစက်စွာ နှာမှုတ်၍ ဓားဖြင့် ခုတ်ပိုင်းကာ ဆေဘာအလင်းတန်းကို ဖြေရှင်းလိုက်သည်။
“ ငါမင်းကို အထင်သေးခဲ့မိတယ်၊ အဆင့်၃ကို အခုမှ ရောက်ထားတဲ့ မင်းရဲ့ ပေါ့ပေါ့ပါးပါး တိုက်ကွက်တစ်ခုက နှောင်းပိုင်း အဆင့်၃ရဲ့ စွမ်းအားကိုတောင် ပိုင်ထားတယ် “
ဟွမ်ရိချန်း၏ အမူအရာ မည်းမှောင်သွားခဲ့သည်၊ သို့သော် မည်သို့မျှ အထိတ်တလန့် မဖြစ်သွားခဲ့ချေ။
“ ဒါပင်မဲ့ သူက အဆင့်၃ကို ရောက်ခါစလေးပဲ ရှိသေးတာက ကံကောင်းတယ်၊ တကယ်လို့ သူက အလယ်လတ် အဆင့်၃ကို ရောက်နေမယ်ဆိုရင်တော့၊ ငါကတောင် သူ့ရဲ့ ပြိုင်ဘက် မဟုတ်မှာကို ကြောက်မိတယ် “
သူသည် စိတ်ထဲတွင် တွေးတောစဥ်းစားကာ ကံကောင်းသည်ဟု ခံစားသွားခဲ့ရသည်။
ဤအချိန်သည် ရှုကျိုး၏ စိတ်ဓာတ်ရေးရာကို ထိုးနှက်ရန် အကောင်းဆုံးသော အချိန်အခါ ဖြစ်သည်။
သူသည် ရှုကျိုးနှင့် နယ်ပယ်တူဖြစ်နေသောကြောင့်၊ အကယ်၍ သူက ရှုကျိုးကို ဒဏ်ရာရသွားအောင် လုပ်လိုက်မည်ဆိုလျှင်တောင်မှ၊ ပြစ်ဒဏ်ခံရလိမ့်မည် မဟုတ်ပေ။
တတိယအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးအနေဖြင့် သူသည် ရှုကျိုးကို ချေမှုန်းရန် လုံလောက်သည့် စွမ်းအားများ ပိုင်ဆိုင်ထားပြီး၊ အကယ်၍ သူကသာ ရှုကျိုး၏ စိတ်ဓာတ်ကို ချိုးဖဲ့နိုင်ခဲ့မည်ဆိုပါက ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်နိုင်မည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါ၌ ရှုကျိုး၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
“ အဆင့်၃ အထွတ်အထိပ်နဲ့ သာမန်အဆင့်၃ ပညာရှင်ကြားထဲမှာ ရှိတဲ့ ကွာခြားချက်က ကန်းချီပဲ “
အနီရောင် ကန်းချီသည် ဟွမ်ရိချန်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာခဲ့ပြီး၊ ချပ်ဝတ်တန်ဆာတစ်ခုအဖြစ် သူ့ကို ဖုံးအုပ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဓားအငွေ့အသက်တစ်ခု ပေါ်ထွက်လာခဲ့သည်၊ ၎င်းသည် အစောပိုင်း အချိန်များအတွင်းက ဓားအရိပ်လောက် ခန့်ညားထည်ဝါမနေခဲ့ပေ၊ ကန်းချီသပ်သပ်ဖြင့် ဖွဲ့တည်ထားသော ဓားတစ်လက်ဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများကို ထုတ်လွှင့်နေခဲ့သည်။
“ သွား !! “
ဟွမ်ရိချန်းမှ ညွှန်ပြလိုက်ရာ အနီရောင် ကန်းချီဓားသည် လေထုကို ဖြိုခွင်းကာ လေးကြိုးမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းကဲ့သို့ ရှုကျိုးထံသို့ ပြေးဝင်လာခဲ့သည်။
ကန်းချီဓားဖြတ်သန်းလာရာ လမ်းတစ်လျှောက်လုံးတွင် ပေါက်ကွဲသံများ ပေါ်ထွက်နေခဲ့ပြီး၊ ဓားအရှိန်အဝါ၏ အရှေ့ဘက်တွင် သမုဒ္ဒရာလှိုင်းလုံးများကဲ့သို့ ထင်သာမြင်သာရှိသည့် တုန်ခါမှု လှိုင်းလုံးများ ဖြစ်ပေါ်နေခဲ့သည်။
အဆိုပါ စွမ်းအားသည် နှောင်းပိုင်း တတိယအဆင့် ပညာရှင်ကိုပင် စိတ်မသက်မသာ ဖြစ်သွားစေမည် ဖြစ်သည်။
သို့ရာ၌ ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ အချိန်ကိုက်ပဲ “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ပုံရိပ် လှုပ်ခတ်သွားပြီး၊ ကန်းချီဓားထံသို့ ရည်ရွယ်ချက်ရှိရှိ ပြေးတက်လာခဲ့သည်။
“ ကောင်းကင် ဖန်ဆင်းခြင်း !!! “
ရှုကျိုးမှ ခုတ်ပိုင်းလိုက်ရာ ကောင်းကင်ထက်တွင် ဖျော့တော့သော အဖြူရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
အဆိုပါ အဖြူရောင် အလင်းတန်းသည် နှင်းဖြူရောင် ဆေဘာအလင်းတန်းအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး၊ ပိုပို၍ ကြီးမားလာခဲ့ကာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ပိုင်းခြားလာခဲ့သည်။
ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ ပဥ္စမအဆင့် အထွတ်အထိပ် !!
ဤရက်များအတွင်း၌ ရှုကျိုးသည် သူ၏နယ်ပယ် တိုးတက်ရေးကိုသာ အာရုံစိုက်နေခဲ့သောကြောင့် သူ၏ဆေဘာနည်းစနစ်ကို လေ့ကျင့်ရန် အချိန်မရခဲ့ပေ၊ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းသည် ယခင်ကနယ်ပယ်တွင်သာ ရှိနေခဲ့သည်။
သို့သော် ဆေဘာသည် တူညီနေစဲဖြစ်ပြီး၊ ဆေဘာကိုင်သည့် လူကသာ မတူတော့ခြင်း ဖြစ်သည်။
ရှုကျိုးမှ တတိယအဆင့်နယ်ပယ်၏ စွမ်းအားဖြင့် ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းကို အသုံးပြုလိုက်ရာ ၎င်း၏ စွမ်းအားသည် ယခင်ကထပ် အဆပေါင်းဒါဇင်နှင့်ချီ၍ ပိုမိုကြောက်စရာကောင်းနေခဲ့သည်။
“ ဘုမ်းးးး !!! “
မျက်စိတစ်မှိတ်အတွင်းမှာပင် အဆိုပါ ဆေဘာသည် ကောင်းကင်တစ်ဝက်နီးပါး ဖုံးလွှမ်းသွားခဲ့ပြီး၊ ကောင်းကင်ယံမှ ခုန်ဆင်းလာသည့် ဥက္ကာပျံကဲ့သို့ ကန်းချီဓားကို ချေမှုန်းလာခဲ့သည်။
“ ဝုန်းးးး !! “
ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြားတွင် ဆေဘာတစ်လက်သာ ကျန်ရှိနေသကဲ့သို့ပင် …
ဆေဘာချီများ ပေါက်ထွက်လာခဲ့သည်။
ခရက် !!
ကန်းချီဓားသည် ချက်ချင်း ပြိုကွဲသွားပြီး၊ ဆေဘာချီသည် ရပ်တန့်၍ မရဘဲ ၎င်း၏ ခုတ်ပိုင်းချက်ကို ဆက်လက်၍ ပြုလုပ်လာခဲ့သည်။
ဟွမ်ရိချန်း၏ အမူအရာ ပြောင်းလဲသွားကာ အရူးအမူး နောက်ဆုတ်သွားခဲ့သည် “ မဖြစ်နိုင်ဘူး !! ငါ့ရဲ့ ကန်းချီက ………. ချက်ချင်း ဖျက်ဆီးခံလိုက်ရတာလား? “
သူနောက်ဆုတ်သွားခဲ့သော်လည်း ဆေဘာချီ၏ အမြန်နှုန်းသည် သူ့ထပ်ပို၍ မြန်ဆန်နေခဲ့သည်။
ကျယ်လာင်သော အသံတစ်သံနှင့်အတူ ဟွမ်ရိချန်းသည် ဆေဘာ အလင်းတန်း၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။
“ ဖူးးးးး “
ဟွမ်ရိချန်းသည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်ရပြီး၊ ကြိုးပြတ်သွားသည့် စွန်တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားကာ ကောင်းကင်ယံကို သွေးများဖြင့် ပက်ဖြန်းသွားခဲ့သည်။