အပိုင်း (၃၄၂-၃၄၅)
Vol. 23 Ch. 343-345
အပိုင်း ( 343 )
ပြိုင်ဘက်ကင်း ၂
တတိယအဆင့် အထွတ်အထိပ်၏ အရှိန်အဝါသည် လျင်မြန်စွာ လွင့်ပျယ်သွားခဲ့သည်။
“ အဆင့်၃ အထွတ်အထိပ်က ထင်သလောက်လည်း မဟုတ်ပါဘူး “
ရှုကျိုးလက်ထဲရှိ ဆေဘာရှည်သည် မပြီးပြတ်သေးသည့် ဆန္ဒတစ်ခု ရှိနေသကဲ့သို့ ဟိန်းဟောက်တုန်ခါနေခဲ့သည်။
“ အဲ့တာက …….”
နတ်သိုင်းဌာနတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ဟွမ်ရိချန်းက ဤမျှ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားပေ၊ အလွန်တရာ မြန်ဆန်လွန်းနေခဲ့သည်။
သူသည် နှစ်ကွက်အတွင်းမှာပင် ရှုကျိုးကို ရှုံးနိမ့်သွားကာ မည်သို့မျှ မခုခံနိုင်ခဲ့ပေ။
“ ငါ …….. “
မြေပြင်ပေါ်ရှိ ဟွမ်ရိချန်း၏ အမူအရာမှာလည်း အလွန်တရာ ဆိုးရွားနေခဲ့သည်၊ သူသည် အားလုံးထပ်ပို၍ မယုံကြည်နိုင်ဖြစ်နေလျက်ရှိသည်။
ရှုကျိုး၏ အစွမ်းသည် သူထင်ထားသည့် အတိုင်းအတာထပ် ကျော်လွန်နေခဲ့သည်။
“ ဝှစ် !! “
ထိုအချိန်တွင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် ကောင်းကင်ထက်သို့ ပျံသန်းလာခဲ့သည်။
“ ဟွမ်ရိချန်း၊ မင်းက အဆင့်၃ အထွတ်အထိပ် ပညာရှင်တွေကို အရှက်ရစေတယ် “
အနက်ဝတ်လူငယ်မှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည်၊ ထို့နောက်တွင် သူသည် ရှုကျိုးကို မထီမဲ့မြင့်ပြုနေသည့်ဟန်ဖြင့် ကြည့်လာခဲ့သည် “ ငါမင်းကို စိန်ခေါ်တယ် “
သူ၏ခန္ဓာကိုယ်ထဲမှ အစွမ်းထက် အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့သည်၊ ၎င်းမှာ တတိယအဆင့် အထွတ်အထိပ်ပင် ဖြစ်သည်၊ သို့သော် သူ၏အငွေ့အသက်သည် ဟွမ်ရိချန်းထပ် များစွာသာလွန် အားကောင်းနေခဲ့သည်။
တတိယအဆင့် အထွတ်အထိပ် ပညာရှင်များကြားမှာပင် ကွာခြားချက်များ ရှိနေခဲ့သည်။
အဆိုပါ ကွာဟချက်သည် ဒုတိယအဆင့် အထွတ်အထိပ် ပညာရှင်များကြားရှိ ကွာဟချက်ထပ်ပင် သိသာထင်ရှားနေခဲ့သည်။
“ အဲ့တာက လျူပေ့ဟိုင်ပဲ !! တတိယအဆင့် ပါရမီရှင်တွေကြားက ထိပ်တန်း ပါရမီရှင် ”
“ ဌာနနှစ်ခုပြိုင်ပွဲတုန်းက သူက လူနှစ်ယောက်ကို ဆက်တိုက်နိုင်ခဲ့ပြီးတော့၊ တတိယအဆင့်နယ်ပယ်ရဲ့ ထိပ်ဆုံးသုံးယောက်စာရင်းထဲ ဝင်နိုင်ခဲ့တယ် “
“ လျူပေ့ဟိုင် ဝင်ပါလာပြီဆိုတော့ ဒီရှုကျိုးကတော့ ဒီနေရာမှာပဲ ရပ်လိုက်ရတော့မယ် “
“ … “
ဆွေးနွေးပြောဆိုမှုများကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏ မျက်လုံးများ အနည်းငယ် မှေးကျဥ်းသွားခဲ့သည် “ လျူမိသားစုက လူလား? “
သူသည် လျူမိသားစုမှ လူများနှင့် ပတ်သက်၍ မကြာသေးခင်ကမှ မကျေမနပ်ဖြစ်နေခဲ့သည်။
လျူဟိုင်ဖုန်း၏ ဖြစ်ရပ်သည် သူ၏စိတ်ထဲတွင် စိုးမိုးနေစဲဖြစ်ကာ၊ သူ့အား စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။
လျူပေ့ဟိုင်သည် ရှုကျိုးကို ကြည့်ကာ အေးအေးလူလူ ပြောလာခဲ့သည် “ မင်း အဆင့်၃ကို အခုမှ ရောက်လာခဲ့တာ၊ တကယ်လို့ ငါက မင်းကို နိုင်သွားမယ်ဆိုရင်တောင်မှ၊ မျှတတဲ့ အောင်ပွဲဖြစ်နေမှာ မဟုတ်ဘူး၊ ငါက အဲ့ဒီ အကျိုးအပြုအမှတ် ၁သောင်းကို မယူဘူး “
သူ၏ မျက်နှာပေါ်တွင် အထင်တသေးဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်နေလျက်ရှိသည်၊ သူ့အတွက်ကား ဤတိုက်ပွဲသည် အဖတ်ပြန်ဆယ်ခြင်းသာ ဖြစ်သည်။
ရှုကျိုးသည် ပေါ့ပေါ့ပါးပါး ရယ်မောနေတော့သည် “ ဒါဆိုရင်လည်း မင်းဆီမှာ ငါ့ကို အနိုင်ယူနိုင်တဲ့ စွမ်အားမျိုး ရှိပါ့မလား? “
“ မောက်မာတယ် “
လျူပေ့ဟိုင်သည် အေးစက်စွာ နှာမှုတ်လာခဲ့သည်၊ သို့သော် သူ၏မျက်နှာပေါ်တွင် မည်သည့်ဒေါသအရိပ်အယောင်မှ ရှိမနေခဲ့ပေ၊ သူသည် အေးအေးဆေးဆေး စကားပြောလာခဲ့သည် “ ရှုကျိုး၊ ငါက မင်းကို သုံးကွက်အတွင်းမှာ အနိုင်ယူပြမယ် “
စကားပြောခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ပုံရိပ်သည် သူရပ်နေသည့် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ဘုမ်းးး !!
ကြောက်ဖွယ်ကောင်းသည့် ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတစ်ခုလုံး လှုပ်ခါသွားခဲ့သည်။
အားလုံးသည် လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းလှသည့် ပုံရိပ်တစ်ခုက ရှုကျိုးဆီသို့ တိုးဝင်သွားကာ တောင်ပသော လှံအလင်းတန်းတစ်ခု လင်းလက်လာခဲ့ပြီး၊ ရှုကျိုးဆီသို့ ပြင်းထန်စွာ တိုးဝင်သွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။
“ ဝုန်းးး !! “
သို့သော် လှံရှည်ရောက်မလာခင် အချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသည့် ဟိန်းဟောက်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ရှုကျိုး၏ မျက်လုံးများမှာ လေးနက်တည်ငြိမ်နေခဲ့သည်။
“ အဆင့်၃နယ်ပယ်ရဲ့ ထိပ်ဆုံး သုံးယောက်လား? အဲ့လိုအခေါ်ခံရဖို့ တကယ်ထိုက်တန်တာပဲ၊ ဒီတစ်ကွက်က ငါ့ရဲ့ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းထပ်တောင် နည်းနည်းလေး ပိုစွမ်းနေတယ် “
“ ဒါပင်မဲ့ ငါက ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း တစ်ခုတည်းကို သုံးတဲ့ လူမဟုတ်ဘူး “
ရှုကျိုးသည် အေးအေးလူလူ မတ်တပ်ဆက်ရပ်နေကာ၊ သူ၏လက်များဖြင့် စည်းတံဆိပ်များကို လျင်မြန်စွာ ရေးဆွဲလိုက်ရာ၊ လျှို့ဝှက်ဆန်းကြယ်သော လှိုင်းလုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
လေထုထဲတွင် ရွှေရောင် စည်းတံဆိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
ဒေါင် ဒေါင် ဒေါင် ……..
လူသားဧကရာဇ် စည်းတံဆိပ်သည် ကောင်းကင်ထက်သို့ ထိုးတက်လာခဲ့ပြီး၊ ဗုံတီးသံကဲ့သို့သော အသံလှိုင်းလုံးများ ပေါ်ထွက်လာခဲ့ပြီး၊ တုန်ခါမှုလှိုင်းလုံးတစ်ခု ပေါ်ထွက်လာသည့် အချိန်တိုင်းတွင် ဟင်းလင်းပြင်သည် တစ်ခဏခန့် ရပ်တန့်သွားပုံရသည်။
အဆိုပါ စည်းတံဆိပ်က အပြည့်အဝ ပြန့်ကားလာသည့် အချိန်တွင် ပြိုင်ဘက်ကင်း လှိုင်းလုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားရခဲ့သည်၊ ၎င်းသည် အရာအားလုံးကို ဖိနှိပ်နိုင်ပုံရသည့် အရှိန်အဝါ တစ်ခုကဲ့သို့ ခံစားနေခဲ့ရသည်။
“ သွား !! “
ရှုကျိုးမှ လေသံတိုးတိုးလေးဖြင့် အော်လိုက်ရာ၊ လူသားဧကရာဇ် စည်းတံဆိပ်သည် တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး၊ ရှေ့သို့ ပြေးဝင်သွားတော့သည်။
ဘုမ်းးးး !!
ချက်ချင်းဆိုသလိုပင် လျူပေ့ဟိုင်၏ လှံထိပ် ကျိုးပဲ့ပျက်စီးသွားကာ၊ အက်ကြောင်းများသည် လှံရိုးဆီသို့ပင် ပျံ့နှံ့ရောက်ရှိလာခဲ့သည်။
“ ဖိနှိပ်စမ်း !!! “
ရှုကျိုးမှ သူ၏လက်ဖဝါးကို အရှေ့သို့ ဆန့်ထုတ်၍ ဆုပ်ခဲလိုက်ရာ၊ လူစားဧကရာဇ် စည်းတံဆိပ်၏ ရွှေရောင်အလင်းတန်းသည် အနည်းငယ် ပိုမိုအားကောင်းလာပုံရကာ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဟုန်ဖြင့် အောက်သို့ ခုန်ဆင်းလာခဲ့သည်။
အဆိုပါ တိုက်ကွက်သည် လျူပေ့ဟိုင် လက်ထဲရှိ လှံရှည်ကို လုံးဝဖျက်စီးသွားခဲ့သည်။
“ အမှန်ပဲ၊ အဆင့်၃ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ၊ လူသားဧကရာဇ် စည်းတံဆိပ်ရဲ့ အစွမ်းက မထင်မှတ်ထားတဲ့ အမြင့်တစ်နေရာအထိ ရောက်သွားတာပဲ ……. “
ရှုကျိုးသည် အသာအယာ ပြုံး၍ ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ သူ၏ ဟင်းလင်းပြင် စွမ်းရည်ကို ထုတ်ဖော်ပြသလိုက်ပြီး၊ လျူပေ့ဟိုင်ရှေ့သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။
လျူပေ့ဟိုင်၏ မျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်၊ သူသည် သူက ရှုကျိုးလက်ထဲတွင် တစ်ကွက်ပင် တောင့်မခံနိုင်ဘူးဆိုသည်ကို မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
သူသည် လျင်မြန်စွာ နောက်ဆုတ်သွားပြီး၊ အသက်ရှူချိန်ရရန်နှင့် ရလဒ်ကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းလိုက်သည်။
သို့သော် ရှုကျိုး၏ အမြန်နှုန်းသည် သူ့ထပ် ပိုမိုမြန်ဆန်နေခဲ့သည်၊ တည်နေရာ ကူးပြောင်းခြင်းနှင့် ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းတို့ကို ပေါင်းစပ် အသုံးပြုနေခဲ့သည်၊ လျူပေ့ဟိုင် လှမ်းနေခဲ့သည့် ခြေလှမ်းတိုင်းသည် ရှုကျိုးတွက်ချက်ထားသည့် လမ်းကြောင်းအတွင်းသို့သာ ရောက်ရှိသွားခဲ့သည်။
“ ပြီးပြီ “
ရှုကျိုးလက်ထဲတွင် ဆေဘာအလင်းတန်း ပေါ်လာခဲ့ပြီး၊ သွေးကြောမှတ်တို့၏ လျှို့ဝှက်စွမ်းအားများက ၎င်းနှင့် အဖော်ပြု လိုက်ပါသွားပြီး၊ ပိုမိုအားကောင်းသည့် ဓားအလင်းတန်းအဖြစ် ပေါက်ထွက်လာခဲ့ကာ လျူပေ့ဟိုင်ကို ချက်ချင်း ထိုးဖောက်သွားခဲ့သည်။
လျူပေ့ဟိုင်သည် ဆေဘာအလင်းတန်း၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး၊ မြေပြင်ပေါ်သို့ တိတ်ဆိတ်ငြိမ်သက်စွာ လဲပြိုကျဆင်းသွားခဲ့သည်။
သူ၏အခြေအနေသည် ဟွမ်ရိချမ်းထပ်ပင် ပို၍သနားဖွယ်ကောင်းနေခဲ့သည်၊ သူသည် ရှုကျိုး၏ တိုက်ကွက်တစ်ခုကိုပင် တောင့်မခံနိုင်ဘဲ၊ အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။
အမှန်တိုင်း ပြောရမည်ဆိုပါက ရှုကျိုးသည် သနားညှာတာမှုပြသခဲ့သည်၊ နောက်ဆုံး တိုက်ခိုက်မှုသည် လူသားဧကရာဇ်စည်းတံဆိပ်ကို အသုံးပြုခဲ့ခြင်း မဟုတ်ပေ၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက လျူပေ့ဟိုင်သည် နေရာမှာပင် သေဆုံးသွားရမည် ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်ခဲ့သော်လည်း လျူပေ့ဟိုင်သည် ဆေဘာအလင်းတန်းကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားစဲဖြစ်ပြီး၊ သူ၏ကိုယ်တွင်းအဂ်ါများကပင် ချက်ချင်း ပြိုကွဲပျက်စီးသွားခဲ့ကာ၊ သူသည် အပြည့်အဝ ပြန်လည်သက်သာကောင်းမွန်လာရန်အတွက် နှစ်ဝက်ထပ်ပို၍ အချိန်ယူရတော့မည် ဖြစ်သည်။
…
နတ်သိုင်းဌာနတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
နည်းပြ ဆရာ၊ ဆရာမများကပင် အံ့ဩတကြီး ဖြစ်သွားကြသည်။
“ လျူပေ့ဟိုင်က တစ်ကွက်တည်းနဲ့ အမှောက်သိပ်ခံလိုက်ရတာလားဟ? “
“ ရှုကျိုးက အဆင့်၃ကို ရောက်ခါစပဲရှိသေးတယ်ဆိုတာ ဟုတ်ရဲ့လားဟ? “
တတိယအဆင့်သို့ ရောက်ခါစ ပညာရှင်တစ်ဦးသည် နတ်သိုင်းဌာန၏ ထိပ်တန်း ပါရမီရှင် ဖြစ်သည့် တတိယအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးကို ချက်ချင်း အနိုင်ပိုင်းသွားခဲ့သည်။
ထိုစကားကို ကြားလိုက်ရမည်ဆိုပါက မည်သူက ယုံကြည်ကြမည်နည်း?
ဌာနနှစ်ခု၏ တတိယအဆင့်နယ်ပယ် ပြိုင်ပွဲမှာပင် ထိုကဲ့သို့ ပြတ်သားသော ရလဒ်မျိုး မဖြစ်ပွားခဲ့ချေ။
ကျောင်းသူကျောင်းသား တော်တော်များများ အလွန်တရာ အံ့ဩတုန်လှုပ်သွားကြသည်၊ အထူးသဖြင့် နှောင်းပိုင်း တတိယအဆင့်မှ ပါရမီရှင်များဖြစ်ပြီး၊ သူတို့သည် အံ့ဩခြင်းနှင့် စိတ်သက်သာရာရခြင်းတို့ကို တစ်ပြိုင်နက်ခံစားသွားကြရသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် စောစောစိန်မခေါ်မိခဲ့ပေ၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူတို့မှာလည်း သနားဖွယ်ကောင်းသည့် အခြေအနေသို့သာ ရောက်ရှိသွားကြမည် ဖြစ်သည်။
တစ်ခြားသော တတိယအဆင့် အထွတ်အထိပ် ပညာရှင်တို့၏ မျက်နှာများပေါ်တွင်လည်း ကြောက်လန့်မှု အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည်။
“ ဒီလူ၊ သူ့ရဲ့ စွမ်းအားက အဆင့်၄ တစ်ပိုင်းနဲ့တောင် ယှဥ်နေနိုင်ပြီ မဟုတ်ဘူးလား? “
“ တကယ်လို့ အဆင့်၄ တစ်ပိုင်း မဟုတ်ဘူးဆိုရင်တောင်မှ၊ သူက အဆင့်၄အောက်မှာ ပြိုင်ဘက်မရှိတော့မှာကို ငါကြောက်မိတယ် “
“ ဒါက အစစ်အမှန် သိုင်းပညာဌာနရဲ့ တကယ့်စွမ်းအားလား? ……. တကယ်ကို ကြောက်ဖို့ကောင်းတယ် ………. ”
…
ကောင်းကင်ထက်ရှိ ရှုကျိုးသည် လူသားဧကရာဇ် စည်းတံဆိပ်ကို ရုတ်သိမ်းလိုက်ကာ စိတ်ကျေနပ်စွာဖြင့် ပြုံးနေတော့သည်။
နတ်သိုင်းဌာနမှ လူများကမူ ကြီးမားသည့် အဆိုပါ စည်းတံဆိပ်ကြီး၏ ဇစ်မြစ်ကို များများစားစား တွေးတောမနေဘဲ၊ အစစ်အမှန် သိုင်းပညာဌာနမှ ဖန်တီးထားသည့် လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သည်ဟုသာ မှတ်ယူနေလျက်ရှိသည်။
………………………………………………………………………………………………………………………………………
အပိုင်း ( 344 )
ပြိုင်ဘက်ကင်း ၃
သို့ရာတွင် ရှုကျိုးကမူ ဤလူသားဧကရာဇ် စည်းတံဆိပ်က အစစ်အမှန် သိုင်းပညာဌာန၏ လျှို့ဝှက် နည်းစနစ်များထပ်ပင် ပို၍တန်ဖိုးကြီးကာ အရေးကြီးသည်ဆိုသည်ကို ကောင်းစွာသိနေခဲ့သည်။
သူသည် အဆိုပါ စည်းတံဆိပ်၏ စွမ်းအားနှင့် ပတ်သက်၍ အလွန်စိတ်ကျေနပ်နေခဲ့သည်။
“ အဆင့်၃နယ်ပယ်မှာတောင် ဒီလိုစွမ်းအားမျိုး ရှိနေတယ်။ ငါက အဆင့်၄၊ အဆင့်၅ ဒါမှမဟုတ် ပိုမြင့်တဲ့ အဆင့်တွေကို ရောက်သွားမယ်ဆိုရင်၊ အဲ့တာရဲ့ စွမ်အားက ပိုပြီးတော့ ကြောက်ဖို့ကောင်းလာမှာပဲ “
ဤတိုက်ပွဲ ပြီးဆုံးသွားသည့်နောက်တွင် ရှုကျိုးသည် သူ၏ကိုယ်ပိုင်ခွန်အားကို နားလည်သွားခဲ့သည်။
သူသည် စတုတ္ထအဆင့်အောက်တွင် ပြိုင်ဘက်ကင်းသွားပြီဟုပင် သတ်မှတ်၍ရလေသည်။
စတုတ္ထအဆင့် အထက်မှ လူများအတွက်ကား ……..
အမှန်တကယ် တိုက်ခိုက်ကြည့်မှ အဖြေပေါ်လာမည် ဖြစ်သည်။
ထိုအတွေးနှင့်အတူ ရှုကျိုးသည် ဤနေရာတွင် ဆက်မနေချင်တော့ဘဲ ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ လမ်းညွှန်ပေးတဲ့အတွက် စီနီယာတွေကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်၊ ရှုကျိုး သွားပါတော့မယ် “
ထို့နောက်တွင် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လှည့်ထွက်သွားတော့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် နတ်သိုင်းဌာနမှလူများသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများ ချနေကြတော့သည်။
ဘုရားသခင်ရဲ့ ကျေးဇူးတော်က တကယ်ကို ကြီးမားပါတယ် !!!
ဒီကောင်က နောက်ဆုံးတစ်ခေါက်တုန်းကလိုမျိုး လူတိုင်းကို စိန်မခေါ်တော့ဘူး၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် နတ်သိုင်းဌာနက ထပ်ပြီးတော့ အရှက်ကွဲသွားရမှာ။
အမှန်တိုင်းပြောရမည်ဆိုပါက ဌာနနှစ်ခု၏ ပြိုင်ပွဲ ပြီးဆုံးသွားသည့်နောက်တွင် နတ်သိုင်းဌာနနှင့် အစစ်အမှန် သိုင်းပညာဌာနနှစ်ခုကြားရှိ ပဋိပက္ခများသည် ယခင်ကလောက် ပြင်းထန်မနေတော့ပေ။
ရှုကျိုးသည် သူ့ခွန်အားကို စမ်းသပ်အတည်ပြုလိုသည့် အတွက်ကြောင့်သာ ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ မည်သူ့ကိုမှ အရှက်ခွဲလိုစိတ် မရှိပေ။
အပြင်းအထန် ဒဏ်ရာရရှိသွားသည့် ဟွမ်ရိချန်းနှင့် လျူပေ့ဟိုင်တို့အတွက်ကမူ ကိုယ်ရေးကိုယ်တာ ရန်ငြှိုးများကြောင့်သာ ဖြစ်သည်။
…
အစစ်အမှန် သိုင်းပညာဌာနဘက်တွင်ကား
ရှုကျိုးသည် စံအိမ်သို့ အလောတကြီး ပြန်မသွားခဲ့ပေ။
ထိုအချိန်၌ သူသည် ဌာနနောက်ဘက်ရှိ မဏ္ဍပ်တစ်ခုတွင် မတ်တပ်ရပ်ကာ အတွေးနက်နေလျက်ရှိသည်။
“ သိုင်းပညာ တက္ကသိုလ်တွေက နောက်နှစ်လလောက်မှ ပြန်ဖွင့်ကြမှာ၊ အဲ့ဒီအချိန်ကျမှ ကွမ်ဟန်ကို သွားဖို့ ကျောင်းက စီစဥ်ပေးမှာ “
“ အခု ငါက အဆင့်၃ကို ရောက်နေပြီဆိုတော့ သတ်မှတ်ချက်နဲ့ ကိုက်နေပြီ။ ဒါပင်မဲ့ လုံခြုံဘေးကင်းရေးအတွက် ငါ့ခွန်အားကို ဒီထပ်ပိုမြင့်အောင် လုပ်ထားမှ ဖြစ်မယ် ……… “
“ တကယ်လို့ ငါကသာ အဆင့်၄လောက်ရှိတဲ့ စွမ်းအားမျိုး ရနိုင်မယ်ဆိုရင်၊ ကွမ်ဟန်ခရီးစဥ်က လုံးဝလုံခြုံသွားပြီ “
ယခုလက်ရှိ အချိန်၌ ရှုကျိုးသည် တတိယအဆင့် အထွတ်အထိပ်၏ စွမ်းအားမျိုး ပိုင်ဆိုင်ထားခဲ့ပြီဖြစ်သည်။
သို့သော် စတုတ္ထအဆင့်နှင့် နီးကပ်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ရန် အတွက်မှာ ……….
နောက်ထပ် အတားအဆီးတစ်ခုဖြစ်ပြီး၊ ရှုကျိုးသည် သူက အတော်လေး အားနည်းနေစဲဟုပင် ထင်နေခဲ့သည်။
စတုတ္ထအဆင့်နှင့် နီးကပ်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ရန် အလို့ငှာ သူသည် သူ၏နယ်ပယ်ကို အလယ်အလတ် တတိယအဆင့်အထိ ရောက်ရှိအောင် မြှင့်တင်ခြင်း (သို့) တိုက်ခိုက်ရေး နည်းစနစ်များကို အဆင့်တက်အောင် ကြိုးပမ်းခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။
“ ငါ့ရဲ့ နယ်ပယ်အတွက်ကတော့ ငါအဆင့်တက်တာက တော်တော်ကြီးကို မြန်နေတယ်၊ ခိုင်မာသွားအောင် လုပ်ဖို့အတွက် အချိန်တစ်ချို့ပေးရမယ်။ အဲ့တာကြောင့် တိုက်ခိုက်ရေး နည်းစနစ်တွေကိုပဲ အဆင့်တက်အောင်လုပ်တာပေါ့ကွာ “
ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းသည်၊ သူနှောင်းပိုင်း ဒုတိယအဆင့်တွင် ရှိနေခဲ့သည့် အချိန်တွင် ၎င်းသည် ပဥ္စမအဆင့် အထွတ်အထိပ်တွင် ရှိနေခဲ့သည်။
ယခုတွင် သူက တတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သော်လည်း၊ ၎င်းမှာ ပဥ္စမအဆင့်တွင်သာ ရှိနေစဲပင်ဖြစ်သည်။
အကယ်၍ သူကသာ ၎င်းကို ဆဌမအဆင့်(သို့) သတ္တမအဆင့်သို့ ရောက်ရှိသွားအောင် လေ့ကျင့်နိုင်ခဲ့မည်ဆိုပါက၊ ၎င်းသည် သူ၏စွမ်းအားကို သိသိသာသာ မြင့်တက်သွားစေလိမ့်မည် ဖြစ်သည်။
လူသားဧကရာဇ် စည်းတံဆိပ်မှာ အမှန်ပင် အစွမ်းထက်လွန်းနေခဲ့သော်လည်း၊ စွမ်းအင်စားသုံးမှု ကြီးမားနေခဲ့သည်၊ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းကမူ ပို၍ကိုင်တွယ်ရ လွယ်ကူနေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရသောအခါတွင် ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းက ပို၍အသုံးတည့်နေလိမ့်မည် ဖြစ်သည်။
“ ပြီးတော့ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းကလည်း စတုတ္ထအဆင့် အထွတ်အထိပ်မှာပဲ ရှိနေသေးတယ် “
၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ ရယ်မောမိသွားခဲ့သည်။
တစ်ခြားလူများက ၎င်းကို နဝမအဆင့်သို့ ရောက်ရှိသည်အထိ လေ့ကျင့်ကြသည်မှာ လေပေါ်တွင် လမ်းလျှောက်နိုင်ရန်အတွက် ဖြစ်သည်။
သို့သော် သူကမူ နဝမအဆင့်သို့ ရောက်ရှိအောင် မလေ့ကျင့်ရသေးသော်လည်း၊ သူ၏နယ်ပယ်မှာ တတိယအဆင့် ဖြစ်သွားခဲ့ပြီဖြစ်သောကြောင့် မည်သည့်နည်းစနစ်ကိုမှ အသုံးမပြုဘဲ လေပေါ်တွင် ပျံသန်းနေနိုင်ပြီဖြစ်သည်။
သူ၏နယ်ပယ်တိုးတက်မှုသည် သူ၏ တိုက်ခိုက်ရေး နည်းစနစ်များ တိုးတက်မှုထပ် ပိုမိုမြန်ဆန်နေခဲ့သည်။
“ ကျောင်းပြန်မဖွင့်ခင် အချိန်မှာ အဆင့်တွေ အများကြီး တက်အောင် လုပ်ရင်းနဲ့ ငါ့ရဲ့ ခြေလှမ်းသိုင်းရဲ့ တိုးတက်မှုကိုလည်း အရှိန်မြှင့်ရမယ် “
၎င်းကို တွေးတောစီစဥ်နေသည့် အချိန်တွင် ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားခဲ့သည်။
“ ပြီးတော့ နတ်မျိုးစေ့လည်း ရှိသေးတယ်၊ အဲ့တာနဲ့ ပေါင်းစပ်ဖို့အတွက် သင့်တော်မဲ့ စိတ်ဝိညာဥ်တွေ ရွေးရဦးမယ် “
သူ၏ နတ်စွမ်းရည်မျိုးစေ့သည် အညှောင့်ပေါက်သည့် အဆင့်တွင်သာ ရှိနေခဲ့ပြီး၊ အစစ်အမှန် နတ်စွမ်းရည်တစ်ခုအဖြစ် ကြီးထွားလာစေရန်အတွက် မြေဩဇာကျွေးကာ ပြုစုပျိုးထောင်ရဦးမည် ဖြစ်သည်။
အဆိုပါ မြေဩဇာများသည် နတ်စိတ်ဝိညာဥ်များသာဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ကျောင်း၏ ဝန်ဆောင်မှု ခန်းမတွင် ထိုကဲ့သို့သော ပစ္စည်းများ ရောင်းချပေးနေခဲ့သည်။
…
ဝန်ဆောင်မှု ခန်းမအတွင်း၌
ကောင်တာ၌ တူညီသော ဆရာတစ်ဦးကသာ တာဝန်ကျနေစဲပင်ဖြစ်သည်၊ သူသည် ရှုကျိုး၏ အသိမိတ်ဆွေဟောင်း ဝူဟွေ့ပင် ဖြစ်သည်။
“ ရှုကျိုး၊ မတွေ့တာ ကြာပြီပဲ “
ရှုကျိုးကို မြင်လိုက်ရသောအခါတွင် ဝူဟွေ့သည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
သူက ရှုကျိုးကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့သည့် အချိန်တွင် ထိုကောင်လေးသည် ပထမအဆင့်သို့ ရောက်ခါစသာ ရှိသေးသည်။
သူက နှစ်ဝက်အတွင်းမှာပင် တတိယအဆင့်သို့ ရောက်သွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း?
ရှုကျိုးသည် ခေါင်းငြိမ့်ကာ ပြုံးပြလာခဲ့သည် “ မစ္စတာဝူ၊ စိတ်ဝိညာဥ်ပစ္စည်းလေးတွေများ ရှိလား? “
“ ရှိတယ် …. ခဏစောင့် “
ဝူဟွေ့၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့သည် “ မင်းက စိတ်ဝိညာဥ်ပစ္စည်းတွေကို ဘာလုပ်မလို့လဲ? “
ရှုကျိုးမှ ပြန်ဖြေလိုက်သည် “ ကျွန်တော်က နတ်စွမ်းရည် မျိုးစေ့ သန့်စင်ချင်လို့ပါ “
“ လျှောက်ပြောနေပြန်ပြီ၊ မင်းက အဲ့တာနဲ့ အဝေးကြီး လိုနေသေးတယ်။ နတ်စွမ်းရည် သန့်စင်တယ်ဆိုတာက အဆင့်၄ကို ရောက်မှ လုပ်လို့ရတာ “
ဝူဟွေ့သည် အနည်းငယ် စိတ်ညစ်သွားခဲ့သည်၊ သူသည် ပဥ္စမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း၊ စစ်မှန်သည့် နတ်စွမ်းရည်မျိုးစေ့ကို မသိပ်သည်းနိုင်သေးပေ။
ထို့ကြောင့်ပင် ကျောင်းရှိ ဆရာ၊ ဆရာမ တော်တော်များများသည် သူ့ကို လှောင်ပြောင်ရယ်မောခဲ့ကြသည်။
ခုမှ တတိယအဆင့်ကို ရောက်တဲ့ ကောင်လေးက နတ်စွမ်းရည်မျိုးစေ့ သန့်စင်ချင်နေတာလား?
ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာပဲ။
နတ်စွမ်းရည် မျိုးစေ့ဆိုတာ ဒီအဆင့်မှာ မင်းကိုင်တွယ်နိုင်တဲ့ အရာမို့လို့လားဟ?
သို့သော် ဝူဟွေ့၏ စကားများကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် ခေါင်းခါပြ၍ ပြောလာခဲ့သည် “ ဆရာ၊ ကျွန်တော်က နတ်စွမ်းရည်မျိုးစေ့ကို စုစည်းပြီးပြီ၊ စိတ်ဝိညာဥ်ပစ္စည်းတွေနဲ့ ပေါင်းစပ်ဖို့ပဲ လိုတော့တာပါ “
“ မင်းဘာပြောလိုက်တယ်?? “
ဝူဟွေ့မှင်သက်သွားတော့သည်။
ငါနားကြားမှားသွားတာလား?
ရှုကျိုးက နတ်စွမ်းရည်မျိုးစေ့ကို စုစည်းပြီးသွားပြီလား?
အဲ့တာက …… တကယ်ကြီးလား?
“ ရှုကျိုး၊ အဲ့တာက မင်းနောက်ပြောင်ရမဲ့ အရာမဟုတ်ဘူး “ ဝူဟွေ့မှ လေးလေးနက်နက် ပြောလာခဲ့သည် “ လူတစ်ယောက်က အစောပိုင်း အဆင့်၃မှာတင် နတ်စွမ်းရည် မျိုးစေ့ စုစည်းနိုင်ခဲ့တယ်ဆိုတာကို ငါတစ်ခါမှ မကြားဖူးခဲ့ဘူး “
အစောပိုင်း တတိယအဆင့်ပင် မဆိုထားနှင့်၊ စတုတ္ထအဆင့် အထွတ်အထိပ်ရှိ လူတော်တော်များများကပင် နတ်စွမ်းရည် မျိုးစေ့ကို မစုစည်းနိုင်ကြပေ။
ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်သည့် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်တွင်မူ လူအများစုသည် စတုတ္ထအဆင့်မှာပင် နတ်စွမ်းရည်မျိုးစေ့ကို စုစည်းနိုင်ကြသည်၊ သို့သော် ကျရှုံးသည့် လူတော်တော်များများလည်း ရှိနေသေးသည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် စိတ်ညစ်သွားကာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် သူ၏နှလုံးတံခါးပေါက်ကို ဖွင့်ကာ ပလက်တီနမ် မျိုးစေ့တစ်ခုကို ဖော်ထုတ်ပြသလိုက်သည်။
“ အဲ့တာက ……. “
ဝူဟွေ့၏ မျက်လုံးများသည် အံ့ဩတကြီးဖြင့် ပြူးကျယ်သွားခဲ့သည်။
သူသည် မိနစ်ဝက်တိတိ မှင်သက်သွားခဲ့ပြီး၊ ရှုကျိုး ချောင်းဟန့်လာခဲ့သည့် အချိန်မှပင် သတိပြန်ဝင်လာခဲ့သည်။
“ အဟမ်း၊ ကောင်းပြီလေ၊ ငါနားလည်ပြီ၊ အဲ့တာကို သိမ်းထားလိုက်တော့ “ ဝူဟွေ့သည် တလေးတနက် ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက တကယ်ထူးချွန်တာပဲကွ …… ဒါပင်မဲ့ မာနမကြီးနဲ့၊ ဂုဏ်မမောက်နဲ့။ မှတ်ထား၊ ဒီလောကကြီးမှာ တစ်တောင်ထပ်မြင့်တဲ့ တစ်ခြားတောင်တစ်ခုက အမြဲရှိတယ် “
“ ဆရာ၊ ကျွန်တော် နားလည်ပါတယ် “
ရှုကျိုးသည် စိတ်ပါဝင်စားစွာ နားထောင်ပေးနေခဲ့ပြီး၊ သူသည် ဤလောကကြီးထဲတွင် သူ့ထပ် ပိုစွမ်းသည့် တစ်ခြားလူများ သေချာပေါက် ရှိနေသည်ဟု ယုံကြည်နေခဲ့သည်။
သို့သော် ဝူဟွေ့က အပေါ်ယံတွင် တလေးတနက် ဖြစ်နေခဲ့သော်လည်း စိတ်ထဲတွင် အလွန်အံ့ဩတုန်လှုပ်နေသည်ဆိုသည်ကို သူမသိပေ။
အမှန်တိုင်း ပြောရမည်ဆိုပါက သူသည် ရှုကျိုးကဲ့သို့သော ပါရမီရှင်တစ်ဦးကို လုံးဝမမြင်ခဲ့ဖူးချေ။
တတိယအဆင့် နယ်ပယ်မှာပင် နတ်စွမ်းရည်မျိုးစေ့ စုစည်းနိုင်ခြင်း ………
၎င်းသည် ဂင်းနစ်စံချိန်ပင် တင်လောက်ပေသည်။
ကိုယ့်ကိုကိုယ် စိတ်တည်ငြိမ်သွားစေလိုက်ပြီးသည့်နောက်တွင် ဝူဟွေ့မှာ စကားဆက်ပြောလာခဲ့သည် “ မင်းက ဘယ်လို စိတ်ဝိညာဥ်ပစ္စည်းမျိုးနဲ့ ပေါင်းစပ်မလဲဆိုတာကို စဥ်းစားပြီးသွားပြီလား? “
ရှုကျိုးသည် တစ်ခဏခန့် တွေးတောစဥ်းစားလိုက်ပြီးမှ ခေါင်းငြိမ့်၍ ပြောလာခဲ့သည် “ ကျွန်တော်က မီးတာအို နတ်စွမ်းရည်နဲ့ ပေါင်းစပ်ချင်တာပါ “
“ မီးတာအိုလား? “
ဝူဟွေ့မှ ခေါင်းငြိမ့်ပြလာခဲ့သည်၊ နတ်စွမ်းရည် အမျိုးအစား ရွေးချယ်ခြင်းသည် အလွန်တရာ ပေါများလှသော ဖြစ်ရပ်တစ်ခုဖြစ်သည်။
သို့ရာ၌ ရှုကျိုးထံတွင် ထိုကဲ့သို့ ရွေးချယ်လိုက်ရသည့်အတွက် ကိုယ်ပိုင်အကြောင်းတရားများ ရှိနေမည် ဖြစ်သည်။
………………………………………………………………………………………………………………………………………….
အပိုင်း ( 345 )
နှစ်လတာကြာခဲ့ပြီးသည့်နောက်
တစ်ခြားသော နတ်စွမ်းရည်များထပ် မီးတာအို နတ်စွမ်းရည်ကို ရွေးချယ်လိုက်ရခြင်းသည် နက်နဲသော သဘောတရားများ တည်ရှိနေခဲ့သည်။
လူသားခန္ဓာကိုယ်၏ ကိုယ်တွင်း အဂ်ါငါးခုသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပြင်တို့၏ ဓာတ်ကြီးငါးပါးနှင့် ဆက်စပ်နေခဲ့သည်။
နှလုံးသားမှာ မီးကို အစိုးရသည်၊ သရက်ရွက်မှာ မြေကို အစိုးရသည်၊ အဆုတ်များမှာ သတ္တုကို အစိုးရသည်၊ ကျောက်ကပ်များမှာ ရေကို အစိုးရပြီး၊ အသည်းကမူ သစ်သားကို အစိုးရသည်။
နှလုံးသား တံခါးပေါက်သည် မီး၏လျှို့ဝှက်စွမ်းအားနှင့် ကိုက်ညီနေခဲ့သည်။
နှလုံးသား တံခါးပေါက်တွင် နတ်စွမ်းရည် မျိုးစေ့တစ်ခု ဖွဲ့တည်လာခြင်းသည် မီးတာအို နတ်စွမ်းရည်ကို ပြုစုပျိုးထောင်ရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။
အကယ်၍ မီးတာအိုတစ်ခုတည်းသာ ဖြစ်နေမည်ဆိုပါက အကျိုးသက်ရောက်မှုက သိသာနေလိမ့်မည် မဟုတ်ပေ။
သို့သော် အကယ်၍ ကိုယ်တွင်း အဂ်ါငါးခုစလုံး၏ နတ်စွမ်းရည် မျိုးစေ့အကုန်လုံးကို စုစည်းနိုင်မည်ဆိုပါက၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပြင်တို့၏ ဓာတ်ကြီးငါးပါးနှင့် ကိုက်ညီနေသည့် နတ်စွမ်းရည်မျိုးစေ့ငါးခုသည် အံ့ဖွယ်ကောင်းသည်အထိ ကြီးထွားရင့်သန်လာကြမည်ဖြစ်သည်။
သို့သော် သာမန်လူများသည် ထိုကဲ့သို့ ပြုလုပ်ရန်ပင် မဆိုထားနှင့်၊ ထိုအကြောင်းကိုပင် မတွေးဝံ့ကြပေ။
နတ်စွမ်းရည် မျိုးစေ့တစ်ခု ဖွဲ့တည်ခြင်းကပင် လူအများစုအတွက် အလွန်တရာ ခက်ခဲသော ကိစ္စတစ်ခု ဖြစ်နေခဲ့သောကြောင့် ငါးခုသာဆိုပါက ပြောနေရန်ပင် မလိုတော့ချေ။
“ တကယ်တော့ မင်းရဲ့ပါရမီနဲ့ဆိုရင် မင်းက ရှားပါးပြီး ပိုအစွမ်းထက်တဲ့ ထူးခြားတဲ့ နတ်စွမ်းရည်တစ်ခုကို ရွေးသင့်တယ် “
ဝူဟွေ့သည် ရှုကျိုးကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ဥပမာအနေနဲ့ ဟင်းလင်းပြင် နတ်စွမ်းရည်၊ အလင်းနတ်စွမ်းရည်၊ ဝါးမြိုခြင်း နတ်စွမ်းရည် ……….. “
“ နှလုံးတံခါးပေါက်က မီးတာအိုနဲ့ ဆက်စပ်ပင်မဲ့၊ မင်းကသာ ဓာတ်ကြီးငါးပါး နတ်စွမ်းရည်ကို မဖွဲ့စည်းသရွေ့၊ အဲ့တာရဲ့ စွမ်းအားက အကန့်အသတ်နဲ့ ရှိနေလိမ့်မယ်။ ငါပြောခဲ့တဲ့ဟာတွေကတော့ ကြောက်ဖို့ကောင်းတဲ့ အလားအလာတွေရှိတယ် “
ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး၊ ၎င်းကို မငြင်းပယ်လိုက်ပေ။
ဝူဟွေ့ပြောခဲ့သည့် အရာများ၊ အထူးသဖြင့် ဟင်းလင်းပြင် နတ်စွမ်းရည်သည် သူ့အတွက် အမှန်တကယ်ပင် လွန်စွာသင့်တော်နေခဲ့သည်။
ဟင်းလင်းပြင်စွမ်းရည်သည် တစ်ခြားသော စွမ်းရည်များကဲ့သို့ နာမည်မလှသော်လည်း၊ ၎င်း၏ စွမ်းအားကမူ လွန်စွာကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
ရှုကျိုးသည် ဟင်းလင်းပြင် စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့ပြီးသားဖြစ်သည်၊ အကယ်၍ သူကသာ ၎င်းကို ပိုမိုကျွမ်းကျင်ပိုင်နိုင်သွားမည်ဆိုပါက၊ သူသည် အဆင့်မြင့် ဟင်းလင်းပြင် ပို့ဆောင်ရေး၊ ဟင်းလင်းပြင် ဖြတ်တောက်ခြင်း (သို့) ဟင်းလင်းပြင် ဖောက်ခွဲခြင်းတို့ကိုပင် ပြုလုပ်နိုင်မည် ဖြစ်သည်။
ဟင်းလင်းပြင် စွမ်းရည်နှင့် ရင်ဆိုင်ရသောအခါတွင် အဆင့်မြင့် ပညာရှင်များကပင် ၎င်းကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ရှုကျိုးသည် သူ၏မူလကနဦး ရွေးချယ်မှုကိုသာ ဖက်တွယ်နေစဲဖြစ်သည် “ ဆရာ၊ ကျွန်တော်က မီးတာအို စိတ်ဝိညာဥ်ပစ္စည်းကို ရွေးပါတယ် “
၎င်းကို မြင်လိုက်ရသောအခါတွင် ဝူဟွေ့သည် များများစားစား ထပ်ပြောမနေတော့ဘဲ ရှုကျိုးဆီသို့ တက်ဘလက်တစ်လုံးကိုသာ လွှဲပြောင်းပေးအပ်လာခဲ့သည်။
မကြာခင်မှာပင် ရှုကျိုးသည် စိတ်ဝိညာဥ်ပစ္စည်း တစ်ခုကို ရွေးချယ်လိုက်သည် “ မီးဝိညာဥ် သန္တာကျောက် “
( နောက်မှာ တိကျတဲ့ နာမည်တွေ ပါရင် စိတ်ဝိညာဥ်မှာ စိတ်ဆိုတဲ့ စကားလုံးကို ဖျောက်သွားပါမယ်၊ ဥပမာ မီးဝိညာဥ်ဓား၊ မီးတာအို စိတ်ဝိညာဥ် ပစ္စည်း )
“ မီးဝိညာဥ် သန္တာကျောက်က ရေအောက်မီးတောင်တွေနားမှာ ပေါက်ဖွားပြီးတော့ မီးနဲ့ဆက်စပ်တဲ့ စွမ်းအင်နဲ့ အဆက်မပြတ် အာဟာရဖြည့်တင်းခံရပြီးတော့ မီးတာအို စိတ်ဝိညာဥ်ပစ္စည်းအဖြစ် ဖွဲ့စည်းသွားတယ်၊ အဲ့တာက နတ်စွမ်းရည် မျိုးစေ့ကို ပေါင်းစပ်တဲ့နေရာမှာ အသုံးတည့်တယ် “
ဝူဟွေ့မှ ပြောလာခဲ့သည် “ ဒီပစ္စည်းရဲ့ မီးစွမ်းအင် ပါဝင်မှုနှုန်းက တော်တော်လေးကို မြင့်တယ်၊ မင်းအတွက် တစ်ခုကတင် လုံလောက်နေပါပြီ၊ တစ်ခုကို အကျိုးပြုအမှတ် တစ်ထောင်ပေးရမယ် “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလာခဲ့ကာ၊ တန်ဖိုးကို ပေးချေ၍ လှည့်ထွက်သွားတော့သည်။
ဝူဟွေ့သည် သူ၏နောက်ကျောကို ကြည့်ကာ ရေရွတ်ပြောဆိုနေတော့သည် “ ဒီကလေးက မီးတာအို စိတ်ဝိညာဥ်ပစ္စည်းနဲ့ ပေါင်းစပ်ဖို့ စွဲလမ်းနေတယ်ဆိုတော့ သူက ဓာတ်ကြီးငါးပါး မျိုးစေ့ အကုန်လုံးကို စုစည်းဖို့ ကြံနေတာတော့ မဟုတ်ဘူးမလား? “
ထိုအတွေးသည် သူ၏ခေါင်းထဲသို့ ဖျတ်ခနဲရောက်ရှိလာခဲ့ခြင်းဖြစ်သည်၊ သို့သော် သူသည် ခေါင်းတခါခါ ဖြစ်သွားခဲ့သည်။
နတ်စွမ်းရည် မျိုးစေ့ငါးခုကို စုစည်းခြင်းဆိုသည်မှာ မဖြစ်နိုင်သော အရာတစ်ခုဖြစ်သည်။
ထိုကဲ့သို့သော ဖြစ်ရပ်များသည် ဒဏ္ဍာရီလာ ပုံပြင်များအတွင်း၌သာ မြင်တွေ့ခဲ့ရပြီး၊ တကယ့်လက်တွေ့ဘဝတွင် အမှန်တကယ် မဖြစ်ပွားခဲ့ဖူးချေ၊ နဝမအဆင့် အထွတ်အထိပ်ရှိ ပုဂ္ဂိုလ်ကြီးများကပင် နတ်စွမ်းရည်မျိုးစေ့ငါးခု မဖွဲ့စည်းနိုင်ကြပေ။
ရှုကျိုးက အလွန်တရာ ထူးချွန်နေခဲ့သော်လည်း ထိုကဲ့သို့သော အဆင့်မျိုးအထိ ရောက်ရှိလိမ့်မည် မဟုတ်ပေ။
…
ရှုကျိုးကမူ ဝူဟွေ့၏ အတွေးများကို သတိမပြုမိချေ။
အကယ်၍ သူသာ သိသွားမည်ဆိုပါက သူကိုယ်တိုင်ကပင် အံ့အားသင့်သွားပြီး၊ ဝူဟွေ့က သူ့ကို အမှန်တကယ် နားလည်သည်ဟု ကြေညာလိုက်မည် ဖြစ်သည်။
သူသည် ထိုကဲ့သို့ ပြုလုပ်ရန် အမှန်တကယ် ကြံရွယ်နေခြင်းဖြစ်သည်။
“ မျိုးစေ့ငါးခုကို စုစည်းတာက နည်းနည်းတော့ ခက်တယ်၊ ဒါပင်မဲ့ ငါက အဆင့်၃မှာပဲ ရှိနေသေးတယ်၊ ကြိုးစားကြည့်ဖို့တန်ပါတယ် “
စံအိမ်အတွင်း၌ ရှုကျိုးသည် အတွေးယာဥ်ကြောထဲတွင် ပိတ်မိနေလျက်ရှိသည်။
လူအများစုသည် စတုတ္ထအဆင့်သို့ ရောက်ရှိသည့် အချိန်မှသာလျှင် နတ်စွမ်းရည် မျိုးစေ့များကို ဖွဲ့စည်းနိုင်ကြသည်။
ဆဌမအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင်၊ ကိုယ်တွင်းအဂ်ါငါးခု၏ ကျင့်ကြံရေးက ပြီးပြည့်စုံသွားပြီဖြစ်ကာ၊ နောက်ထပ် ဖွဲ့စည်းရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ၊ ဆိုလိုရင်းမှာ လူအများစုအတွက် နယ်ပယ်တစ်ခုစာမျှသာ အချိန်ရသည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
သို့သော် ရှုကျိုးကမူ လုံးဝကွဲပြားနေခဲ့သည်။
အံ့ဖွယ်ကောင်းလောက်အောင်ပင် သူသည် အစောပိုင်း တတိယအဆင့်မှာပင် နတ်စွမ်းရည်မျိုးစေ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။
ဆဌမအဆင့်သို့ မရောက်မှီ အဓိက နယ်ပယ်ကြီးသုံးခု ကျန်ရှိနေသေးပြီး၊ တစ်ခြားလူများထပ် အောင်မြင်နိုင်သည့် အခွင့်အလမ်း ပိုမိုများပြားနေခဲ့သည်။
“ ဒဏ္ဍာရီတွေအရ လူတစ်ယောက်က ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ဓာတ်စင်ငါးပါးကို တစ်ခုတည်းအဖြစ် စုစည်းနိုင်ခဲ့မယ်ဆိုရင်၊ အဲ့တာက ယင်ယန်ရဲ့ စွမ်းအားကြီး တစ်ခုကို မွေးထုတ်ပေးပြီးတော့၊ ယင်နဲ့ယန်ကို ဟန်ချက်ညီသွားစေပြီး၊ အရာအားလုံးရဲ့ သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်ခွင့်ရနိုင်တယ်တဲ့ “
ကောင်းကင်နှင့် ကမ္ဘာမြေတို့၏ ဓာတ်ကြီးငါးပါးသည် ယင်နှင့် ယန်စွမ်းအင်နှစ်မျိုးထံမှ ဆင်းသက်လာသည်ဟု ရှေးဟောင်းစာအုပ်များထဲတွင် မှတ်တမ်းတင်ထားခဲ့သည်။
ယင်နှင့် ယန်တို့၏ စွမ်းအင်နှစ်ခုသည် တာအို၏ အရင်းအမြစ်ဆီမှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ “ တာအိုသည် တစ်ခုကို မွေးဖွားပေးကာ၊ တစ်ခုသည် နှစ်ခုကို မွေးဖွားပေးသည် “ဟုဆိုကြသည်။
အဆိုပါ တာအိုသည် စကြာဝဠာ၏ အဆုံးစွန်ဆုံးသော နည်းဥပဒေသတစ်ခုဖြစ်ပြီး၊ ၎င်းသည် ကျန်ရှိနေသည့် စည်းမျဥ်းနိယာမ အကုန်လုံးကို အုပ်စိုးနိုင်ပေသည်။
ယင်နှင့် ယန်တို့၏ စွမ်းအင်နှစ်ခုသည် တာအိုလက်အောက်ရှိ အားအကြီးဆုံး စွမ်းအားဖြစ်ပြီး၊ အရာအားလုံး၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း သံသရာ စက်ဝန်းများကိုပင် လွှမ်းမိုးချုပ်ကိုင်နိုင်ပေသည်။
၎င်းတို့က ဒဏ္ဍာရီလာ ပုံပြင်များသာ ဖြစ်သော်လည်း၊ ၎င်းသည် ရှုကျိုး၏ ယခင်ဘဝက ယုံကြည်မှု တစ်ချို့နှင့် တိုက်ဆိုင်စွာ တူညီနေခဲ့သည်။
ကမ္ဘာနှစ်ခု၊ တူညီသော ယုံကြည်ချက်များ၊ ရှုကျိုးသည် ထိုအရာတွင် တန်ဖိုးတစ်ခုခု ရှိနေလိမ့်မည်ဟု ယုံကြည်နေလျက်ရှိသည်။
“ အဲ့တာတွေက ငါ့အတွက် တော်တော်ကြီးကို ဝေးနေပါသေးတယ်၊ အခုအတွက်ကတော့ ဒီနတ်စွမ်းရည် မျိုးစေ့ကိစ္စကိုပဲ အရင်ရှင်းလိုက်ကြတာပေါ့ “
“ အချိန်ဖြုန်းမနေဘဲ စလိုက်ကြတာပေါ့ကွာ “
ရှုကျိုးမှ သေတ္တာတစ်လုံးကို ဖွင့်လိုက်ရာ၊ အထဲတွင် အနီရောင် သမ်းနေသည့် အညိုရောင် သစ်သားတုံးတစ်ခု ရှိနေကာ ဖျော့တော့သော ယမ်းရနံ့တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
၎င်းသည် မီးတာအို စိတ်ဝိညာဥ်ပစ္စည်း - မီးဝိညာဥ် သန္တာကျောက်ဖြစ်သည်။
“ ဟူးးးး “
ရှုကျိုး၏ ချီ-သွေးစွမ်းအင်များသည် သစ်သားတုံးထဲသို့ စီးဝင်သွားရာ၊ မီးဝိညာဥ် သန္တာကျောက်၏ မျက်နှာပြင်သည် ရုတ်တရက် တောက်ပလာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဒုတ်ဟူသော အသံတစ်သံသည် သစ်သားတုံးဆီမှ ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းသည် နှလုံးခုန်သံနှင့် တူညီနေခဲ့သည်။
၎င်းသည် ကမ္ဘာ့ကြယ် သလင်းကျောက်ကဲ့သို့ သဘာဝတရား၏ အံ့ဖွယ်တစ်ခုဖြစ်ပြီး၊ အသက်ရှိနေပုံရသည်။
သို့ရာတွင် ကမ္ဘာ့ကြယ် သလင်းကျောက်သည် ကမ္ဘာ့ကြယ်မှ ပစ္စည်းဖြစ်ပြီး၊ ဤမီးဝိညာဥ် သန္တာကျောက်ကမူ ကြယ်ပြာဂြိုဟ်၏ မူရင်း စိတ်ဝိညာဥ်ပစ္စည်းတစ်ခု ဖြစ်သည်။
“ စုပ်ယူစမ်း !!! “
ရှုကျိုးမှ လက်နှစ်ဖက်စလုံးဖြင့် ဖမ်းဆုပ်လိုက်ရာ၊ မီးဝိညာဥ် သန္တာကျောက်သည် လေပေါ်သို့ ရုတ်တရက် ပျံတက်လာခဲ့သည်။
ယခင်က သူသည် အဆက်အစပ်ရှိသော လျှို့ဝှက်နည်းစနစ်တစ်ခုကို လေ့လာထားခဲ့ပြီဖြစ်ကာ၊ မီးဝိညာဥ် သန္တာကျောက်နှင့် နတ်စွမ်းရည် မျိုးစေ့ကို ပေါင်းစည်းခဲ့ဖူးသည်။
ယခု၌ ရှုကျိုးမှ သူ၏လက်များဖြင့် စည်းတံဆိပ်များကို ရေးဆွဲလိုက်ရာ၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် နှလုံးသား တံခါးပေါက် ပွင့်လာခဲ့ကာ ပလက်တီနမ်ကဲ့သို့သော နတ်စွမ်းရည် မျိုးစေ့တစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ပေါင်းစည်း !! “
နတ်စွမ်းရည်မျိုးစေ့သည် မီးဝိညာဥ် သန္တာကျောက်နားသို့ ချဥ်းကပ်လာခဲ့ပြီး၊ ထို့နောက်တွင် မီးဝိညာဥ် သန္တာကျောက်၏ အောက်ခြေကို တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။
ရွှပ် !!!
နတ်စွမ်းရည် မျိုးစေ့သည် မီးဝိညာဥ် သန္တာကျောက်ကို စတင်၍ စုပ်ယူနေတော့သည်။
အဆိုပါ နည်းလမ်းသည် အရိုးရှင်းဆုံးနှင့် အရက်စက်ဆုံး ဖြစ်သည်၊ နတ်စွမ်းရည်မျိုးစေ့၏ စုပ်ယူမှုအောက်တွင် မီးဝိညာဥ် သန္တာကျောက်သည် တဖြည်းဖြည်း ကျုံ့သေးသွားခဲ့သည်။
၅မိနစ်
၁၀မိနစ်
နာရီဝက် ……..
မီးဝိညာဥ် သန္တာကျောက် လုံးဝပျောက်ကွယ်သွားခဲ့ကာ၊ နတ်စွမ်းရည် မျိုးစေ့၏ စုပ်ယူမှုအောက်တွင် တစ်မှုန်တစ်လေမှပင် မကျန်တော့ပေ။
ထိုစဥ် နတ်စွမ်းရည် မျိုးစေ့သည် ပိုမိုကြည်လင် တောက်ပြောင်လာခဲ့ကာ၊ မျက်နှာပြင်ပေါ်တွင် နတ်သလင်းကျောက်ကဲ့သို့ အလင်းလွှာတစ်ခု ဖြစ်တည်လာခဲ့သည်။