သုံးရက်အတွင်း မြင်ချင်တယ်... (၁)
Vol. 4 Ch. 39
အားချန်သည် ဘေးတွင် ရပ်ကာ ရွှဲမင်ထန် အသက်ထွက်သွားသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုနေခဲ့ပြီး နောက်ဆုံးတော့ ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်ကာ ထိုအချက်ပြမြားကို သူ့လက်နံဘေးတွင် ချထားပေးလိုက်လေသည်။
အသက်ရှင်သန်ဖို့ မျှော်လင့်ချက်တော့ သူ့ကို ပေးခဲ့တာပဲ။ ဒါပေမဲ့ သူက သေသွားမှတော့ တခြားသူတွေကို အပြစ်တင်လို့ မရတော့ဘူးပေါ့။
ချန်ဟွေ့သည် သူမ ခုနက ပစ်ပေါက်လိုက်သော အိတ်ငယ်နှစ်လုံးကို ရှာဖွေခဲ့ပြီးနောက် အားချန်ကို ခေါ်ဆောင်ကာ ဒုတိယထပ် ပြတင်းပေါက်ဆီသို့ ခုန်တက်သွားလေသည်။
ပြတင်းပေါက်ကို ပိတ်လိုက်ပြီးနောက် မကြာခင်မှာပင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာခဲ့ပြီး ရာဇဝတ်မှုဌာနမှ လူများ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ကြသည်။
အားချန်သည် လူတစ်ယောက်က အော်ဟစ်လိုက်သည်ကို ကြားလိုက်ရ၏။ "ရွှဲလူကြီးမင်းကို သက်ရှိဖုတ်ကောင် တိုက်ခိုက်သွားတယ်”
ထို့နောက်တွင်လည်း လူအများအပြားက ရွှဲလူကြီးမင်းကို ဆက်တိုက် အော်ဟစ်ခေါ်ဝေါ်နေကြသော်လည်း ကံဆိုးချင်တော့ သူတို့၏ ရွှဲလူကြီးမင်းသည် မည်သည့်အရာကိုမျှ ကြားနိုင်စွမ်း မရှိတော့ပေ။
ထိုရာဇဝတ်မှုဌာနမှ အရာရှိအဖွဲ့သည် အပြင်ဘက်တွင် အချိန်အတော်ကြာအောင် အလုပ်ရှုပ်နေခဲ့ကြပြီးနောက် နောက်ဆုံးတွင် ရွှဲမင်ထန်သည် သက်ရှိဖုတ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံရကာ သေဆုံးခြင်းဖြစ်သည်ဟု ကောက်ချက်ချလိုက်ပြီး ရုပ်အလောင်းကို သယ်ကာ ထွက်ခွာသွားကြရလေသည်။
အားချန်သည်လည်း ပြတင်းပေါက်ဘေးတွင် မှီလျက် အချိန်အတော်ကြာအောင် နားစွင့်နေခဲ့ပြီး ထိုလူအုပ် နောက်ဆုံးတွင် ထွက်ခွာသွားသည့်အခါ သူမသည် ခြေထောက်များပင် ညောင်းညာကိုက်ခဲလာခဲ့လေသည်။
ဒါပေမဲ့ ကျိချန်ကို သတ်ခဲ့တဲ့လူတစ်ယောက်တော့ သေသွားပြီ။ ဒီညတော့ ငါ ကောင်းကောင်း အိပ်ပျော်နိုင်လောက်တယ်။
ညဉ့်ယံသည် တဖြည်းဖြည်း နက်ရှိုင်းလာခဲ့သည်။ အားချန်သည် အိပ်စက်ခြင်းဆီသို့ လွင့်မျောသွားခဲ့ပြီဖြစ်ပြီး အောက်ထပ်မှ ချန်ဟွေ့သည်လည်း ထူထဲသော မွေ့ယာခင်းထားသည့် ခုတင်နိမ့်ပေါ်တွင် လဲလျောင်းကာ မိမိ၏ အသိစိတ်ကို အမှောင်ထုထဲသို့ နစ်မြုပ်ထားလိုက်တော့သည်။
သူတို့နှစ်ဦးအတွက် အလွန် သာယာသော ညတစ်ည ဖြစ်သော်ငြား ရွှဲမိသားစုအတွက်တော့ အိပ်မက်ဆိုးတစ်ခုပမာ ဖြစ်ခဲ့လေသည်။
ရွှဲမိသားစုသည် ရွှဲမင်ထန်ကို ညတစ်ဝက်တိုင်အောင် စောင့်ဆိုင်းနေခဲ့သော်လည်း သူသည် ပြန်မလာခဲ့ချေ။
ညဉ့်နက်သန်းခေါင်သို့ ရောက်လာချိန်တွင် နောက်ဆုံးတော့ တစ်စုံတစ်ဦးက အိမ်တံခါးကို လာခေါက်လေသည်။ တံခါး ဖွင့်လိုက်သည့်အခါတွင်တော့ ရာဇဝတ်မှုဌာန၏ ဝတ်စုံများကို ဝတ်ဆင်ထားသော မစိမ်းကားလှသည့် အရာရှိတချို့ကိုသာ တွေ့လိုက်ရသည်။
ဦးဆောင်လာသူက ရှေ့သို့တက်လာပြီး အိမ်တံခါးစောင့်ကို ပြောလာခဲ့သည်။ "ကျွန်တော်တို့က ရွှဲလူကြီးမင်းမင်ထန်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေပါ။ ခင်များတို့ရဲ့ သခင်နဲ့ တွေ့ဖို့ ကိစ္စရှိလို့ပါ”
တံခါးစောင့်သည် နှောင့်နှေးခြင်း မပြုဝံ့ဘဲ အလျင်အမြန် သွားရောက် သတင်းပို့လေသည်။
မကြာမီပင် ရွှဲအိမ်တော်တစ်ခုလုံးမှ သခင်များသည် နိုးထလာခဲ့ကြ၏။
ရွှဲမိသားစု၏ လူဦးရေသည် မများလှပေ။ အိမ်တော်တွင်းမှ တကယ့်သခင်များမှာ ရွှဲမင်ထန်၏ မိဘနှစ်ပါးသာ ဖြစ်ပြီး အိမ်တော်၏ သခင်မသည် အိမ်တော်သို့ ဝင်ရောက်လာခြင်း မရှိသေးပေ။ ကျောက်ဝမ်ယွဲ့ ဟူသည့် မယားငယ်သည် သခင်တစ်ပိုင်းဟု အနိုင်နိုင် သတ်မှတ်နိုင်လေသည်။
လူသုံးဦးသည် ဧည့်ခန်းမဆောင်တွင် စုံစုံလင်လင် ရောက်ရှိနေကြပြီး ထိုဦးဆောင်လာသော ရာဇဝတ်မှုဌာန အရာရှိက လေသံ လေးပင်စွာဖြင့် ဆိုလိုက်သည်။ "စိတ်ထိန်းကြပါခင်ဗျာ။ ရွှဲလူကြီးမင်းက ဒီည သက်ရှိဖုတ်ကောင်ရဲ့ တိုက်ခိုက်တာကို ခံလိုက်ရပြီး ကံမကောင်းစွာနဲ့ပဲ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားပါပြီ”
"ရှင် ဘာပြောလိုက်တယ်။ ကျွန်မသား။ ကျွန်မသား ဘာဖြစ်သွားတယ်လို့” ရွှဲအဘွားကြီးသည် ထိုသူ့စကားကို ရှင်းလင်းစွာ မကြားလိုက်ရသကဲ့သို့ ဖြစ်သွားသော်လည်း သူ့အသံက ရုတ်တရက် စူးရှသွားလေသည်။
"ရွှဲလူကြီးမင်းက တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတာပါ။ ရုပ်အလောင်းကို ရာဇဝတ်မှုဌာနရုံးကို ပို့ဆောင်ထားပြီးပါပြီ။ ခန္ဓာကိုယ်ကို စစ်ဆေးပြီးတာနဲ့ ရွှဲအိမ်တော်ကို ပြန်ပို့ပေးပါ့မယ်”
ထိုရာဇဝတ်မှုဌာန အရာရှိ စကားဆုံးသည်နှင့် ရွှဲအဘွားကြီးသည် တစ်ဖက်သို့ လဲကျသွားလေသည်။ ရွှဲအဘိုးအိုသည်လည်း မျက်လုံးများ ကြောင်တောင်တောင် ဖြစ်သွားပြီး ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေမိသည်။ "ဘယ်လို ဖြစ်နိုင်မှာလဲ။ ငါ့သား ဘယ်လိုလုပ်ပြီး သေနိုင်မှာလဲ”
သူတို့သည် မည်သို့ပင် တွေးတောနေပါစေ နေ့ခင်းတုန်းကအထိ ကောင်းမွန်စွာ သက်ရှိထင်ရှား ရှိနေသေးသော လူတစ်ယောက်သည် ညဘက်သို့ ရောက်သောအခါ ရုပ်အလောင်းတစ်ခုအဖြစ် အဘယ်ကြောင့် ပြောင်းလဲသွားရသည်ကို နားမလည်နိုင်ကြတော့ပေ။
ထိုရာဇဝတ်မှုဌာန အရာရှိသည် ရှိနေသော ရွှဲမိသားစု သခင် သုံးဦးအနက် ကျောက်ဝမ်ယွဲ့ တစ်ဦးတည်းသာလျှင် တည်ငြိမ်နေသေးပုံ ရသည်ကို မြင်တွေ့ရသဖြင့် သူမကို ပြောလိုက်၏။ "သခင်မ ကျွန်တော်တို့ ရုံးကို ပြန်ပြီး တာဝန်အကြောင်းကြားရဦးမှာမို့ အရင် သွားခွင့်ပြုပါဦး”
"အိမ်တော်ထိန်း လူကြီးမင်းတို့ကို လိုက်ပို့လိုက်ပါ” ကျောက်ဝမ်ယွဲ့က တံခါးအပြင်ဘက်မှ အိမ်တော်ထိန်းကို ငေးငိုင်နေသည့်အသံဖြင့် ပြောလိုက်သည်။
အိမ်တော်ထိန်းက လူများကို လိုက်ပို့ပေးပြီး ပြန်သွားသောအခါ ကျောက်ဝမ်ယွဲ့သည် မိမိနောက်မှ ထိုင်ခုံကို စမ်းတဝါးဝါး ရှာဖွေလျက် ဖြည်းညင်းစွာ ထိုင်ချလိုက်၏။
ငါ့ရဲ့ ရွှဲလန်။ ငါ့အမေကိုတောင် အပြစ်လုပ်ပြီးမှ ပေါင်းဖက်ခဲ့ရတဲ့ ယောက်ျားက ဒီလောက် လွယ်လွယ်ကူကူ သေသွားပြီလား။
သူသည် သူမကို ပြောခဲ့ဖူးသော စကားများအတိုင်း သူမကို တရားဝင်ဇနီးမယားအဖြစ် မြှောက်တင်ပေးခြင်း မရှိသေးသလို သူမ မျှော်လင့်ထားသကဲ့သို့လည်း အောင်မြင်မှုလမ်းကြောင်းပေါ်သို့ တက်လှမ်းနိုင်ခြင်း မရှိသေးဘဲ သူသည် သာမန်သက်ရှိဖုတ်ကောင်တစ်ကောင်၏ လက်ထဲတွင် သည်အတိုင်း သေဆုံးသွားခဲ့လေပြီ။
ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင် အစတုန်းက ငါ ဘာလို့ အမေ့ကို ဆန့်ကျင်ခဲ့မိပါလိမ့်။
ကျောက်ဝမ်ယွဲ့သည် ကြောင်ငေးစွာ ထိုင်နေမိလေသည်။ ရွှဲအဘွားကြီး သတိပြန်လည်လာပြီး ငိုယိုအော်ဟစ်လျက် သူမထံ ပြေးဝင်လာချိန်အထိပင်။ ထို့နောက် သူမ၏ မျက်နှာကို ကုတ်ခြစ်ရင်း မရပ်မနား ဆဲဆိုနေလေသည်။ "ဂြိုဟ်ဆိုးမ။ နင့်ကြောင့် ငါ့သား မင်ထန် သေရတာ။ နင်က နင့်မိသားစုတစ်စုလုံးကို ဒုက္ခပေးရတာ အားမရသေးလို့ အခု ငါ့ရွှဲမိသားစုကိုပါ လာပြီး ဒုက္ခပေးနေတာ။ ငါ နင့်ကို သတ်ပစ်မယ်”
ကျောက်ဝမ်ယွဲ့သည် ပါးနှစ်ချက် အရိုက်ခံရပြီးနောက်တွင် ဆက်သည်းခံမနေတော့ဘဲ ရွှဲအဘွားကြီးကို ပါးနှစ်ချက် ပြန်ရိုက်ချလိုက်ပြီး နှစ်ဦးသား မည်သူကမျှ နောက်ဆုတ်မပေးဘဲ တစ်ယောက်နှင့်တစ်ယောက် ရုန်းရင်းဆန်ခတ် တိုက်ခိုက်ကြတော့သည်။ ရွှဲအဘိုးကြီးကတော့ ဘေးတွင် ငိုယိုအော်ဟစ်နေလျက် နောက်ခံတီးလုံးကဲ့သို့ပင်။
အိမ်တော်ထိန်းသည် ရာဇဝတ်မှုဌာနမှ လူများကို လိုက်ပို့ပြီး ပြန်လာသည်နှင့် သည်မြင်ကွင်းကို တွေ့လိုက်ရသဖြင့် ချက်ချင်း မျက်စိထဲ မိုက်ခနဲ ဖြစ်သွားတော့၏။
သူ့ခမျာ အချက်ပေါင်းများစွာ အရိုက်ခံရပြီးနောက်မှ နောက်ဆုံးတွင် သခင်မနှစ်ဦးကို ဖြန်ဖြေတားဆီးနိုင်ခဲ့သည်။ ရွှဲအဘွားကြီးသည် သူမ၏ သမီးကြီးကို တစ်ဖန် သတိရသွားပြီး အိမ်တော်ထိန်းကို ကျင့်ယန်မြို့စားအိမ်တော်သို့ ချက်ချင်း သွားရောက်ကာ သမီးကြီးကို ပြန်ခေါ်လာရန် အတင်းအကျပ် ခိုင်းစေလေတော့သည်။
အိမ်တော်ထိန်းက ကူကယ်ရာမဲ့စွာ သတိပေးလိုက်ရသည်။ "သခင်မကြီး အခု ညမထွက်ရအမိန့် ထုတ်ထားတုန်းပါ”
"ညမထွက်ရအမိန့်က ဘာဖြစ်လဲ။ ငါ့သားက အလကားသက်သက် အသေခံရမှာလား”
အိမ်တော်ထိန်း၏ မျက်နှာသည် ကူကယ်ရာမဲ့သော အသွင် ဖြစ်နေသော်လည်း ဆက်လက်ပြီး နားချရလေသည်။ အကြိမ်ကြိမ် ပြောဆိုပြီးနောက် နောက်ဆုံးမှ ဖျောင်းဖြနိုင်ခဲ့တော့သည်။
တစ်ညလုံး ရွှဲမိသားစုဝင် တစ်ဦးတစ်ယောက်မျှ မျက်စိ မမှိတ်နိုင်ခဲ့ကြပေ။ မနက်လင်းရောင်ထွက်လာပြီး ညမထွက်ရအမိန့် ပြီးဆုံးကြောင်း ဗုံသံ ထွက်ပေါ်လာသည်နှင့် အိမ်တော်ထိန်းသည် မြင်းလှည်းကို အလျင်အမြန် မောင်းနှင်လျက် ကျင့်ယန်မြို့စားအိမ်တော်သို့ ထွက်ခွာလာခဲ့တော့သည်။
သည်အချိန်တွင် ကျင့်ယန်မြို့စားသည် နံနက်စောစော ညီလာခံတက်ရန် ထရပြီး ရွှဲရှီသည်လည်း သူနှင့်အတူ လိုက်ထလာခဲ့သည်။
ရွှဲအိမ်တော်မှ အိမ်တော်ထိန်းက တွေ့ဆုံခွင့် တောင်းနေကြောင်း အစေခံ၏ သတင်းပို့ချက်ကို ကြားသိရသောအခါ သူမသည် အနည်းငယ် ထူးဆန်းသွားပြီး အိမ်တော်ထိန်းကို အတွင်းသို့ ခေါ်ဆောင်လာဖို့ ပြောလိုက်၏။
ရွှဲအိမ်တော် အိမ်တော်ထိန်းသည် ရွှဲရှီကို မြင်သည်နှင့် ချက်ချင်း ဒူးထောက် အရိုအသေပေးလိုက်ပြီး ကိစ္စအကြောင်းအရင်းကို တိုက်ရိုက် ရှင်းလင်းတင်ပြလေတော့သည်။ "မြို့စားကတော် မနေ့ညက ရာဇဝတ်မှုဌာနက လူတွေ လာပါတယ်။ သူတို့ ပြောတာက... သခင်လေး... သခင်လေး တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားပြီတဲ့”
လက်ထဲတွင် လက်ဖက်ရည်ပူတစ်ခွက်ကို ကိုင်ဆောင်ထားသော ရွှဲရှီ၏ လက်သည် တစ်ချက် တုန်ယင်သွားပြီး လက်ဖက်ရည်ခွက်သည် မြေပြင်ပေါ်သို့ ကျကာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။ လက်ဖက်ရည်ရေများသည် ရွှဲရှီ၏ စကတ်ပေါ်သို့ ဖိတ်စင်သွားသော်လည်း သူမသည် သတိမထားမိခဲ့ပေ။
"ရှင် ဘာပြောလိုက်တယ်”
အိမ်တော်ထိန်းက ထပ်ပြောလိုက်၏။ "သခင်လေး မရှိတော့ပါဘူး”
"ဒါ... မဖြစ်နိုင်ဘူး” ရွှဲရှီသည် ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။ "ကျွန်မမောင်က ထူးချွန်တဲ့သူ။ ဒီအရွယ်လေးနဲ့ ဒုတိယအဆင့် ကျင့်ကြံသူတောင် ဖြစ်နေပြီ။ ဘယ်လိုလုပ် အလွယ်တကူ အသတ်ခံရနိုင်မှာလဲ”
"မနေ့ညက အိမ်တော်ကို လာခဲ့တဲ့ ရာဇဝတ်မှုဌာနက လူကြီးမင်း ပြောတာတော့ သခင်လေးက သက်ရှိဖုတ်ကောင်ကို ဖမ်းဆီးရင်း တိုက်ခိုက်ခံလိုက်ရတာတဲ့။ အသေးစိတ် အခြေအနေကိုတော့ သူတို့ မပြောသွားပါဘူး”
သည်အချိန်တွင် အရာရှိဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီးဖြစ်သော ကျင့်ယန်မြို့စားသည် ထွက်လာခဲ့လေသည်။ ရွှဲရှီ၏ မျက်နှာသည် ဖြူဖျော့နေပြီး ရွှဲအိမ်တော် အိမ်တော်ထိန်းနှင့် စကားပြောနေစဉ် အသံက စူးရှနေသဖြင့် ကိစ္စကြီး တစ်စုံတစ်ခု ဖြစ်ပွားခဲ့ဟန်တူသည်ဟု ယူဆကာ မေးမြန်းလိုက်၏။ "ဘာဖြစ်တာလဲ”
"မြို့စားမင်း” ရွှဲရှီသည် ကိုယ်ကိုလှည့်ကာ ကျင့်ယန်မြို့စား၏ ရင်ခွင်ထဲသို့ ပြေးဝင်ပြီး ရင်ကွဲနာကျမတတ် ငိုကြွေးလေတော့သည်။ "အိမ်တော်ထိန်းက ပြောတယ်။ မင်ထန်... မင်ထန် သေပြီတဲ့။ မင်ထန်က အမြဲတမ်း သတိကြီးကြီး ထားတတ်တာ။ ဘယ်လိုလုပ် ရုတ်တရက် အဖြစ်ဆိုး ကြုံရမှာလဲ။ သူ့ကို တစ်ယောက်ယောက်က လုပ်ကြံတာပဲ ဖြစ်ရမယ်”
ကျင့်ယန်မြို့စားသည် သည်သတင်းကို ကြားပြီးနောက် တစ်ချက် ကြက်သေသေသွား၏။ ထို့နောက် ရွှဲရှီ၏ ကျောပြင်ကို ညင်သာစွာ ပုတ်လျက် နှစ်သိမ့်လိုက်သည်။ "မငိုပါနဲ့။ ငါ အခုပဲ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်”
ကျင့်ယန်မြို့စားသည် သူ့ကိုယ်ရံတော်ကို သတင်းစုံစမ်းရန် စေလွှတ်လိုက်သော်လည်း သူသည် ယနေ့ ညီလာခံတက်ရဦးမည် ဖြစ်သဖြင့် ရွှဲရှီကို နှစ်သိမ့်ပေးပြီးနောက် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
ရွှဲရှီတစ်ယောက်သာ အိမ်တော်တွင် စုံစမ်းစစ်ဆေးမှု ရလဒ်ကို စောင့်ဆိုင်းရင်း ကျန်ရစ်ခဲ့သည်။
မကြာမီပင် စေလွှတ်လိုက်သော ကိုယ်ရံတော်သည် ပြန်လည် ရောက်ရှိလာခဲ့ပြီး မနေ့ညက ထိုရာဇဝတ်မှုဌာန အရာရှိများ မပြောပြခဲ့သော အသေးစိတ် အချက်အလက်များကို သယ်ဆောင်လာခဲ့သည်။
"သခင်မ မနေ့ညက ရွှဲလူကြီးမင်းနဲ့ ရာဇဝတ်မှုဌာနက လူတွေ ချန်းဖိင်ဖန်းမှာ သက်ရှိဖုတ်ကောင်ကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။ သူတစ်ယောက်တည်း အဲ့ဒီဖုတ်ကောင်နဲ့ ရင်ဆိုင်တွေ့ခဲ့တာပါ။ အသေးစိတ် အခြေအနေကိုတော့ ရာဇဝတ်မှုဌာနက လူတွေ မမြင်လိုက်ရပါဘူး။ သူတို့ သိတာက သူတို့ ရောက်သွားတဲ့အချိန်မှာ ရွှဲလူကြီးမင်း သေနေပြီ ဆိုတာပါပဲ။ အချက်ပြမြားက သူ့လက်နား မလှမ်းမကမ်းမှာ ရှိနေပြီး အသုံးမပြုလိုက်ရခင်မှာပဲ အသက်ထွက်သွားခဲ့ပုံ ရပါတယ်”
ရွှဲရှီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေသည်။ "ဘာလို့ ကျွန်မမောင် တစ်ယောက်တည်း ကျန်ခဲ့ရတာလဲ။ ရာဇဝတ်မှုဌာနမှာ သူ့ကို တမင်သက်သက် ဖယ်ကျဉ်တဲ့လူ ရှိနေလို့လား”
ကိုယ်ရံတော်က ခေါင်းခါပြလျက် ဆို၏။ "အဲ့ဒီလို မဟုတ်ပါဘူး။ ရွှဲလူကြီးမင်းက ဒီတစ်ခေါက် စစ်ဆင်ရေးရဲ့ တာဝန်ခံပါ။ သူကိုယ်တိုင်က တစ်ယောက်တည်း လှုပ်ရှားဖို့ ခေါင်းမာခဲ့တာပါ”
"မင်ထန်က ဘယ်တုန်းကမှ ဒီလောက် မဆင်မခြင် လုပ်တတ်တဲ့လူ မဟုတ်ဘူး။ သူ ဘာလို့ တစ်ယောက်တည်း သွားရတာလဲ” ရွှဲရှီက တိုးညင်းစွာ ရေရွတ်လိုက်သည်။ "ချန်းဖိင်ဖန်း... ချန်းဖိင်ဖန်း..."
ရုတ်တရက် သူမ၏ စိတ်ထဲတွင် အတွေးတစ်ချက် လင်းလက်သွားပြီး အလျင်အမြန် မေးလိုက်သည်။ "မင်ထန် အဖြစ်ဆိုးကြုံတဲ့နေရာက ကျိချန်ရဲ့ နေအိမ်နဲ့ ဘယ်လောက်ဝေးလဲ”
"ရွှဲလူကြီးမင်း အဖြစ်ဆိုးကြုံတဲ့နေရာက အဲ့ဒီအိမ်ရဲ့ တံခါးဝရှေ့မှာတင်ပါပဲ”
ရွှဲရှီ၏ မျက်နှာသည် ချက်ချင်းပင် ရှုံ့မဲ့သွားပြီး သူမ၏ လက်ဖဝါးဖြင့် စားပွဲကို အားကုန် ရိုက်ချလိုက်ရာ လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်သည် စားပွဲ၏ ထောင့်စွန်းနှင့် ပြင်းထန်စွာ ရိုက်ခတ်မိပြီး ဂျွတ်ခနဲ အသံ ထွက်ပေါ်လာသည်။ "ကျွန်မ သိသားပဲ။ ကျိချန်က မင်ထန်ကို သတ်တာပဲ ဖြစ်ရမယ်။ ဘယ်လိုလုပ် ဒီလောက် တိုက်ဆိုင်နိုင်မှာလဲ။ မင်ထန်က ဘာလို့ သူ့အိမ်တံခါးဝရှေ့မှာမှ သေရတာလဲ”
ထိုကိုယ်ရံတော်သည် ရွှဲရှီက နည်းနည်းတော့ ကျိုးကြောင်းမဲ့လေခြင်းဟု ထင်မိလေသည်။ သူသည် ယခင်က ကျိချန်ကို တွေ့ဖူးသည်။ ကြက်ကလေး တစ်ကောင်ကိုပင် နိုင်အောင် မသတ်နိုင်သော မိန်းကလေးတစ်ဦးက သက်ရှိဖုတ်ကောင်၏ ရှေ့မှောက်တွင် ဒုတိယအဆင့် ကျင့်ကြံသူဖြစ်သော ရွှဲမင်ထန်ကို သတ်ဖြတ်ရန် မည်သို့ သတ္တိ ရှိနိုင်မည်နည်း။
သို့သော် ယခုအခါ ရွှဲရှီသည် ကျင့်ယန်မြို့စားအိမ်တော်၏ အိမ်တော်သခင်မ ဖြစ်နေသဖြင့် သူသည် ယဉ်ယဉ်ကျေးကျေးဖြင့်သာ ဆိုနိုင်လေသည်။ "ဒီကိစ္စမှာ သက်သေအထောက်အထား မရှိပါဘူး။ သခင်မသာ မဆင်မခြင် လက်ဦးမှု ယူလိုက်ရင် အဲ့ဒီ ပိုင်လူကြီးမင်းကို စိတ်ဆိုးအောင် လုပ်မိသွားမှာ စိုးရပါတယ်”
"ဒါဆို ငါ့မောင်က အလကား သေသွားရုံပဲလား” ရွှဲရှီသည် အမုန်းတရားများဖြင့် အံကြိတ်လိုက်သည်။
ကိုယ်ရံတော်သည် သူမက ထူးထူးဆန်းဆန်း တစ်စုံတစ်ခု ပြုလုပ်မည်ကို စိုးရိမ်သဖြင့် အကြံပြုလိုက်တော့သည်။ "သခင်မအနေနဲ့ မြို့စားမင်း ပြန်လာတာကို စောင့်ပြီး ဒီကိစ္စကို မြို့စားမင်းကို အရင် အသိပေးပြီးမှ ဆုံးဖြတ်တာက ပိုကောင်းမလား”
ရွှဲရှီသည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်နှာသည် နောက်ဆုံးတွင် တည်ငြိမ်သွားဟန် ရှိသည်။ "ကောင်းပြီလေ။ ရှင် အရင် သွားတော့”
သူမသည် ကိုယ်ရံတော်ကို ထွက်သွားခိုင်းလိုက်သော်လည်း စိတ်ထဲမှ ဒေါသမီးသည်ကား ငြိမ်းသက်သွားခြင်း မရှိသေးပေ။
အမှန်တကယ်တော့ သူမ၏ မောင်သည် ကျိချန်၏ အိမ်တံခါးဝတွင် တစ်ကိုယ်တည်း ပေါ်ထွက်လာခြင်းသည် စိတ်ထဲတွင် ကြံစည်မှု တစ်စုံတစ်ရာ ရှိနေသည်မှာ သေချာကြောင်း သူမ၏ စိတ်ထဲတွင် ရှင်းလင်းစွာ သိရှိနေသည်။ သို့သော် အဘယ်ကြောင့် အမှားအယွင်း ဖြစ်ပွားပြီး ဘေးဒုက္ခနှင့် ကြုံတွေ့သွားရသည်ကိုသာ မသိရှိခြင်း ဖြစ်သည်။
ထိုသို့ ဖြစ်သည့်တိုင် သည်ကိစ္စသည် လုံးဝ ကျိချန်၏ အမှားသာ ဖြစ်သည်။
သူမသာ ထပ်ခါထပ်ခါ စိန်ခေါ်ခြင်း မရှိခဲ့ပါက မင်ထန်သည် အဘယ်ကြောင့် သူမကို ပစ်မှတ်ထားမည်နည်း။ သူသည် အဘယ်ကြောင့် တစ်ယောက်တည်း ကျန်ရစ်ပြီး အသက်ဆုံးရှုံးရမည်နည်း။
အခုချက်ချင်း ကျိချန်ကို မင်ထန်အတွက် အသက်အစားပေးခိုင်းလို့ မရရင်တောင် သူ့ကို ဒီအတိုင်း ကောင်းကောင်းနေခွင့် မရစေရဘူး။
ရွှဲရှီသည် မျက်နှာထား တင်းတင်းဖြင့် အနီးကပ် အစေခံ နှစ်ဦးကို ခေါ်လိုက်ပြီး သူတို့ကို စကားအနည်းငယ် မှာကြားလိုက်ပြီးနောက် ထိုသူနှစ်ဦးသည် လျင်မြန်စွာ ထွက်ခွာသွားကြသည်။
ရွှဲမိသားစုနှင့် ကျင့်ယန်မြို့စားအိမ်တော်တို့၏ တုံ့ပြန်မှုများသည် အားချန်၏ စိတ်ဝင်စားမှု နယ်ပယ်ထဲတွင် မရှိခဲ့ပေ။ နံနက်စောစော အိပ်ရာက နိုးလာချိန်တွင် မနေ့ညက သက်ရှိဖုတ်ကောင်နှင့် ရွှဲမင်ထန်တို့ တိုက်ခိုက်ခဲ့သော ခြေရာလက်ရာများသည် လုံးဝ မြင်တွေ့ရခြင်း မရှိတော့ပေ။
ဘေးဘယ်ညာမှ ဆိုင်များသည် နေရောင်ခြည်ကို ကြိုဆိုလျက် တံခါး ဖွင့်နေကြပြီး ဆိုင်ပိုင်ရှင်များသည် အားချန်ကို ပြုံးရွှင်စွာ နှုတ်ဆက်နေကြသည်။ မနေ့ညက လူတစ်ဦး သူတို့၏ ဆိုင်တံခါးဝရှေ့တွင် သေဆုံးသွားခဲ့သည်ကို လုံးဝ သိရှိကြခြင်း မရှိပေ။
တစ်ခုတည်းသော ကျန်ရှိနေသည့် ခြေရာလက်ရာမှာ အားချန်၏ အိမ်တံခါးချပ် ဖြစ်သည်။
မနေ့ညက ရွှဲမင်ထန်သည် လူသေတစ်ဦးကို သူမ၏ အိမ်တံခါးပေါ်သို့ ပစ်ပေါက်ခဲ့သည်။ ရုပ်အလောင်းကို ရာဇဝတ်မှုဌာနမှ လူများ ရှင်းလင်း ယူဆောင်သွားကြပြီ ဖြစ်သော်လည်း သွေးစွန်းရာ တစ်ခု ကျန်ရစ်နေခဲ့၏။
အားချန်က သည်သွေးစွန်းရာကို ကံဆိုးခြင်းဟု မှတ်ယူလေသည်။ သို့နှင့် ချန်ဟွေ့က ငွေစ အနည်းငယ် ယူကာ လက်သမားတန်းသို့ သွားရောက်ကာ တံခါးချပ်အသစ် ပြုလုပ်ရန် မှာကြားလေသည်။
ချန်ဟွေ့ ထွက်ခွာသွားပြီးနောက် အားချန်သည် ဆိုင်ထဲမှ အမွှေးမှုန့်များနှင့် အမွှေးနံ့သာများကို စီစဉ်ပြီး ရှင်းလင်းနေရင်းက စိတ်ထဲတွင် စဉ်းစားလိုက်၏။ မကြာသေးခင်က ရာသီဥတုက ပိုပိုပြီး ပူလာတယ်။ ခြင်နဲ့ ပိုးမွှားတွေလည်း စပြီး များလာပြီ။ ငါ့ရဲ့ ကျောက်စိမ်းမှုန့် ရောထားတဲ့ အမွှေးလုံးတွေကို နည်းနည်း ပိုလုပ်ထားမှ ဖြစ်မယ်။
စိတ်ထဲတွင် သည်ကိစ္စကို တွေးတောနေစဉ်မှာပင် ဆိုင်အပြင်ဘက်မှ လူတစ်ဦး ဝင်ရောက်လာခဲ့၏။
.
လာသူသည် အသက် သုံးဆယ်ကျော် အမျိုးသားတစ်ယောက် ဖြစ်လေသည်။ ထိုသူသည် အပြာရောင် လက်အရှည် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အပြင်မှ အဖြူရောင် ဝတ်ရုံရှည်ကို ထပ်ဝတ်ထားရာ ကျင့်ကြံသူ ပုံစံမျိုး အနည်းငယ် ပေါက်နေလေသည်။
သူ့ဝတ်စားဆင်ယင်ပုံနှင့် ကိုယ်နေဟန်ထားကို ကြည့်လျှင် ချန်းဖိင်ဖန်းတွင် ပေါ်ထွက်လာတတ်သော လူစားမျိုးနှင့် မတူညီလှပေ။
"ဧည့်သည်တော် ဘာများ ဝယ်ယူချင်လို့ပါလဲ” အားချန်က မေးမြန်းလိုက်၏။
ထိုသူသည် ကောင်တာရှေ့သို့ လျှောက်လှမ်းလာပြီး နှုတ်ဖွင့် မေးလိုက်သည်။ "ဒီမှာ ကြွက်နှင်တဲ့ အစွမ်း အရမ်းကောင်းတဲ့ အမွှေးလုံးတစ်မျိုး ရောင်းတယ်လို့ ကြားတယ်။ အဲ့ဒါ ဟုတ်ပါသလား”
"ဟုတ်ပါတယ်ရှင့်” အားချန်က နောက်သို့လှည့်၍ အမွှေးလုံးတစ်လုံးကို ယူကာ ထိုသူ့ထံ ကမ်းပေးလိုက်သည်။
ထိုသူသည် အမွှေးလုံးကို ညှပ်ယူကာ အနံ့ခံကြည့်ပြီး အနီးကပ် သေချာစွာ တစ်လှည့် ကြည့်ရှုနေပြန်သည်။ အမွှေးလုံး၏ ပါဝင်ပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာလိုဟန် ရှိလေသည်။
"အမွှေးလုံးတစ်လုံးကို ၂၀ ဝမ်ပါ။ အာနိသင်က တစ်လ ခံပါတယ်”
ထိုသူသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ သူသည် အမွှေးလုံးထဲတွင် သာမန် အမွှေးမှုန့် ပါဝင်ပစ္စည်း တချို့ကိုသာ ခွဲခြား သိရှိနိုင်ပြီး စကားအတိုင်း ကြွက်နှင်နိုင်သော အာနိသင် ရှိသင့်သည် မဟုတ်ပေ။
သို့သော် သူ့ကို သည်အမွှေးလုံးကို ညွှန်းပေးလိုက်သူက အခိုင်အမာ ပြောဆိုခဲ့ပြီး သူ့မိတ်ဆွေဟောင်းသည်လည်း လိမ်ညာပြောဆိုတတ်သူတစ်ယောက် မဟုတ်ရာ ဖြစ်နိုင်တာက ဒီအမွှေးလုံးမှာ တကယ်ပဲ ထူးခြားတဲ့ အစွမ်း ရှိနေသည်များလား။
ဝမ်ကျုံ့သည် အင်္ကျီလက်အိတ်ထဲက ၂၀ ဝမ်ကို ထုတ်ယူ ငွေချေလိုက်ကာ အိမ်ပြန်ပြီး စမ်းသပ်ကြည့်ရမည်ဟု စိတ်ကူးထားလိုက်သည်။
သူသည် မကြာသေးမီက တက်ကြွလှသည့် ကြောင်ကလေးတစ်ကောင်ကို မွေးမြူထားခဲ့သည်။ ပြီးခဲ့သည့် နှစ်ရက်ခန့်က ထိုကြောင်ကလေးသည် အိမ်မှ ဝဖြိုးနေသော ကြွက်ကြီးကို တွေ့ကာ လန့်သွားခဲ့ပြီး နေ့စဉ် တုန်တုန်ယင်ယင် ဖြစ်လျက် အစာပင် မစားရဲတော့ပေ။ မတတ်သာသည့်အဆုံး သူသည် ကြွက်သတ်နိုင်မည့် နည်းလမ်းများကို နေရာအနှံ့ လိုက်လံ ရှာဖွေရတော့သည်။
အားချန်သည် ငွေကို လှမ်းယူမည် အပြုတွင် လူတစ်စုသည် တုတ်များကို ကိုင်ဆောင်လျက် ဒေါသတကြီးဖြင့် လမ်းတစ်ဖက်မှ လျှောက်လှမ်းလာကာ သူမ၏ ဆိုင်ဆီသို့ တည့်တည့် ဝင်လာသည်ကို တွေ့လိုက်ရ၏။
သူမက တုံ့ပြန်ချိန် မရလိုက်ခင်မှာပင် ထိုလူများသည် ဆိုင်ထဲသို့ ပြေးဝင်လာကြပြီး စကားတစ်ခွန်းမှ မဆိုဘဲ ဆိုင်တစ်ခုလုံးကို ရိုက်ချိုး ဖျက်ဆီးတော့မည့်အလား နေရာအနှံ့ လိုက်လံ ရိုက်နှက် ဖျက်ဆီးကြလေသည်။
ထိုလူအုပ်ထဲမှ ဦးဆောင်သူသည် အားချန်၏ ချောမောလှပသော ရုပ်ရည်ကို မြင်တွေ့သောအခါ ငွေပေးသောသူက ဆိုင်ထဲမှ လူကို မထိခိုက်ရန် ပြောဆိုခဲ့သော်လည်း သည်အချိန်တွင် သူသည် နားထဲ မဝင်နိုင်တော့ဘဲ လက်လှမ်းကာ သူမကို လှမ်းဆွဲရန် ကြိုးစားလေတော့သည်။
ဝမ်ကျုံ့သည် ဝင်ရောက် တားဆီးမည်ပြင်လိုက်ချိန်မှာပင် အပြင်ဘက်က အမျိုးသမီးတစ်ယောက်၏ ဒေါသတကြီး အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။ "နေ့ခင်းကြောင်တောင်ကြီးမှာ မင်းတို့မှာ တရားဥပဒေရော ရှိသေးရဲ့လား”
အသံမဆုံးခင်မှာပင် ပစ္စည်းတစ်ခုသည် အတွင်းသို့ ပျံသန်းဝင်ရောက်လာပြီး အားချန်ကို လက်လှမ်းရန် ကြိုးစားနေသူ၏နောက်စေ့ကို တည့်တည့် ထိမှန်သွားတော့သည်။
ထိုသူက ခေါင်းအလှည့်တွင် ဖိနပ်တစ်ဖက်သည် သူ့ခေါင်းပေါ်မှ ပြုတ်ကျလာခဲ့သည်။
တိုက်ခိုက်နိုင်စွမ်းသည် အလွန် နည်းပါးလှသော်လည်း ဂုဏ်သိက္ခာကို စော်ကားမှုကတော့ ပြင်းထန်လွန်းလှသည်။
လူတချို့က တံခါးဝတွင် ရပ်နေသော ထိုအမျိုးသမီးကို တပြိုင်နက်တည်း ကြည့်လိုက်ကြသည်တွင် အားချန်သည်လည်း မှတ်ဉာဏ်ထဲမှ ထိုသူနှင့် ကိုက်ညီသော ပုံရိပ်ကို ရှာဖွေတွေ့ရှိသွားတော့သည်။
သည်မိန်းကလေးသည် အန်းရှီးစစ်သူကြီး လင်းချန်၏ တရားဝင် သမီးဦး လင်းစွေ့ ဖြစ်ဟန်တူသည်။ ကျိချန်သည် သူမနှင့် အကျွမ်းတဝင် မရှိလှဘဲ မှတ်ဉာဏ်ထဲတွင် သည်လိုလူတစ်ယောက် ရှိခဲ့ဖူးသည်ဟုသာ တည်ရှိနေခြင်းပင်။
တစ်စုံတစ်ယောက်က ဦးဆောင်ပြီး ထွက်ပေါ်လာသည်ကို မြင်တွေ့ရသောကြောင့် ဖြစ်နိုင်သည်။ အဖြစ်အပျက်ကို စောင့်ကြည့်နေသော လမ်းသွားလမ်းလာများ၊ ပတ်ဝန်းကျင်မှ ဆိုင်ပိုင်ရှင်များနှင့် အလုပ်သမားများသည် အားချန်၏ ဆိုင်တံခါးဝတွင် စုရုံးလာကြပြီး တရားရုံးသို့ သွားရောက် သတင်းပို့ပြီး ဖြစ်ကြောင်း၊ သူတို့ကို ချက်ချင်း ရပ်တန့်ရန်နှင့် လက်ထဲမှ လက်နက်များကို ချထားရန် အသံပေါင်းစုံဖြင့် ပြောဆိုကြတော့သည်။
ထိုလူများကတော့ မရပ်တန့်လိုက်ကြပေ။ ဖိနပ်ဖြင့် အပေါက်ခံရသော ထိုလူကသာ အားချန်ကို လက်ညှိုးထိုးပြီး ပြောတော့သည်။ "ဒီမိန်းမက ယုတ်မာတယ်။ အဆိပ်ပါတဲ့ အမွှေးမှုန့်တွေ ရောင်းနေတာ။ ငါ့ညီမတစ်ကိုယ်လုံး အဖုတွေ ထွက်အောင် လုပ်ပစ်လိုက်တယ်လေ။ ငါ သူ့ဆိုင်ကို ဖျက်ဆီးတာ သူနဲ့ ထိုက်တန်လို့ပဲ”
ထိုအခိုက်တွင် ဝိုင်းကြည့်နေသူများသည် ထိုသူ ပြောဆိုသည်မှာ အမှန် ဟုတ်မဟုတ် မဝေခွဲနိုင် ဖြစ်သွားကြပြီး လင်းစွေ့၏ "ဟက်" ခနဲ ရယ်မောလိုက်သံကို ကြားလိုက်ရသည်။ "ရှင်က သူ အဆိပ်ပါတဲ့ အမွှေးမှုန့် ရောင်းတယ်ဆို ဘာလို့ တရားရုံးကို သွားမတိုင်တာလဲ။ ရှင့်စကားသာ မှန်ရင် အဲ့ဒီအခါကျ သူ တင်ပါးကို အရိုက်ခံရမှာ။ အဲ့ဒါက ပိုတောင် ကျေနပ်စရာ ကောင်းဦးမယ် မဟုတ်ဘူးလား”
ဘေးမှ လူတစ်ယောက်ကလည်း ချက်ချင်း ထောက်ခံလိုက်သည်။ "ဟုတ်တယ်။ ဘာလို့ တရားရုံး မသွားဘဲ လူအများကြီး ခေါ်ပြီး ဆိုင်ကို လာဖျက်ဆီးရတာလဲ”
"ဒါက အခွင့်ကောင်းယူပြီး လက်စားပြန်ချေတာ သိသာနေတာပဲ။ ဒါ ဆိုင်ရှင်မလေးကျိနဲ့ ရန်ညှိုး ရှိနေတာ မဟုတ်လား”
လင်းစွေ့သည် ထိုသူ စကား မပြောနိုင်တော့သည်ကို မြင်လျှင် လှောင်ပြောင်သရော်လိုက်သည်။ "လူကို အပုပ်ချတဲ့ အလုပ်လေးတောင် ကောင်းကောင်း မလုပ်တတ်ဘဲနဲ့ ပိုက်ဆံယူပြီး သူများဆိုင်ကို လာဖျက်ဆီးရဲသေးတယ်။ ကျွန်မသာ ရှင်တို့ဆိုရင် အစောကြီးကတည်းက ခေါင်းနဲ့တိုက်ပြီး သေလိုက်ပြီ။ ရှင် ဒီလောက်တောင် ငတုံးငအ ဖြစ်နေတာ ဘယ်လို မျက်နှာနဲ့ လူကြားထဲ သွားလာနေရဲတာလဲ”
လင်းစွေ့၏ စကားအနည်းငယ်ကြောင့် ထိုသူသည် ရှက်ရမ်းရမ်းကာ ဒေါသထွက်သွားပြီး ဆဲဆို ကြိမ်းမောင်းလေတော့သည်။ "စကားများလိုက်တဲ့ကောင်မ။ နင်က ဘာမှသိတာ မဟုတ်ဘူး”
တစ်ချိန်တည်းမှာပင် အားချန်ကို ဖမ်းဆီးရန် လက်လှမ်းလိုက်၏။
သည်တစ်ကြိမ်တွင် အားချန်ကို မထိမိသေးမီမှာပင် တံခါးချပ်တစ်ခုသည် အပြင်ဘက်မှ ပျံသန်းဝင်ရောက်လာပြီး ထိုသူ့ကိုယ်ပေါ်သို့ တည့်တည့် ထိမှန်ကာ သူသည် ကောင်တာထဲသို့ လွှင့်သွားလေတော့သည်။
သည်လှုပ်ရှားမှုကြောင့် ဆိုင်ထဲမှ လူအားလုံး ရပ်တန့်သွားကြ၏။
ချန်ဟွေ့သည် ဆိုင်အပြင်ဘက်မှ ဝင်ရောက်လာပြီး ထွက်ပြေးရန် ကြိုးစားနေသူတစ်ယောက်ကို လက်တကမ်း ဆွဲယူလိုက်ကာ ထိုသူ့ခြေကျင်းဝတ်ကို တစ်ချက်တည်း ကန်ချိုးထားလိုက်သည်။ သူမ၏ဆုံးဖြတ်ချက် ပြတ်သားပုံကြောင်း ဝမ်ကျုံ့၏မျက်ခုံးများမှာ မြင့်တက်သွားတော့သည်။
"ဟွေ့ညန်” အားချန်က သူမ ဘေးသို့ အလျင်အမြန် ပြေးသွားလိုက်၏။
"ရှင် ထိခိုက်မိသေးလား”
"မထိခိုက်ပါဘူး” ချန်ဟွေ့သည် အရင်ဆုံး အားချန် ဘေးကင်းကြောင်း သေချာအောင် စစ်ဆေးလိုက်ပြီး ဘေးမှ ဝမ်ကျုံ့ကို တစ်ချက် ကြည့်လိုက်သည်။ သူသည် လူဆိုးတစ်ယောက်နှင့် မတူညီကြောင်း တွေ့မှ ဆိုင်ထဲမှ အခြားလူများကို ကြည့်လိုက်လေသည်။
ချန်ဟွေ့သည် သူမ၏ တံခါးချပ်ဖြင့် ကောင်တာထဲသို့ ရိုက်ထည့်လိုက်သော ထိုသူထံသို့ လျှောက်သွားပြီး သူ့ကို ဆွဲထုတ်လိုက်သည်။ "မင်းတို့ကို ဘယ်သူ လွှတ်လိုက်တာလဲ”
ထိုသူသည် အတော်ပင် ခေါင်းမာလှပြီး အမှန်အတိုင်း ပြောဆိုရန် ငြင်းဆန်နေဆဲ ဖြစ်သည်။ "ဘယ်သူမှ လွှတ်မခိုင်းဘူး။ ကျွန်တော်တို့က တရားမျှတမှု ရဖို့ လာတောင်းဆိုတာ”
ချန်ဟွေ့သည် သူ့လက်မောင်းတစ်ဖက်ကို တိုက်ရိုက် ဆွဲချွတ်လိုက်ရာ ထိုသူသည် နာကျင်မှုကြောင့် နဖူးမှ ချွေးသီးချွေးပေါက်များ တဒီးဒီး ကျလာပြီး လည်ပင်းကြောများ ထောင်သည်အထိ အော်ဟစ်လေသည်။ "လူသတ်နေပြီ ကယ်ကြပါဦး—"
သည်အချိန်တွင် ဝမ်ကျုံ့သည် နောက်ဆုံးတော့ ရှေ့သို့ တိုးလာပြီး ချန်ဟွေ့ကို ပြောလိုက်၏။ "ဒီကဖူးရန် ကျွန်တော့်ကို စမ်းကြည့်ခွင့် ပေးနိုင်မလား”
ချန်ဟွေ့သည် ခဏလောက် တွန့်ဆုတ်သွားပြီး လက်ကို လွှတ်ကာ ထိုလူကို လွှတ်ပေးလိုက်သည်။
ဝမ်ကျုံ့က ရှေ့သို့ လျှောက်သွားပြီး ကိုယ်ကို ညွှတ်လျက် ထိုသူ့နားနားကပ်ပြီး တစ်စုံတစ်ရာ ပြောလိုက်ရာ ထိုလူသည် ချက်ချင်းပင် ဆန်ခါတိုက်သကဲ့သို့ တုန်ယင်လာပြီး စကားများကို တစ်လုံးမကျန် ဖွင့်ဟ ပြောဆိုလေတော့သည်။ "ကျင့်ယန်မြို့စားအိမ်တော်က အစေခံက ကျွန်တော်တို့ကို ဆိုင်လာဖျက်ဆီးခိုင်းတာပါ”
"အကြောင်းရင်းကရော”
"မြို့စားကတော်ရဲ့ မောင်က မနေ့ညက တံခါးအပြင်မှာ သက်ရှိဖုတ်ကောင် ကိုက်သတ်တာ ခံလိုက်ရတယ်လို့ ကြားတယ်။ မြို့စားကတော်က ဒီဆိုင်ပိုင်ရှင်ကို အငြိုးထားပြီး ဆိုင်ပိုင်ရှင်က သူ့မောင်ကို နှောင့်ယှက်လိုက်လို့ သူ့မောင် သေရတာလို့ ထင်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ကို သူ့ကို သင်ခန်းစာပေးခိုင်းတာပါ”
ဝမ်ကျုံ့၏ မျက်နှာသည် အနည်းငယ် အေးစက်သွားသည်။ "ကျင့်ယန်မြို့စားအိမ်တော်က လူတွေလား”
ချန်ဟွေ့ အချိန်မီ ပြန်ရောက်လာခဲ့သောကြောင့် အားချန်၏ ဆိုင်သည် ရိုက်နှက် ဖျက်ဆီးခံရသော်လည်း လူသည် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိပေ။
မကြာမီပင် မြို့တော်အုပ်ချုပ်ရေးရုံးက အမှုထမ်းများ ရောက်ရှိလာခဲ့ပြီး ပြဿနာရှာသူအားလုံးကို ဖမ်းဆီး ခေါ်ဆောင်သွားသည်။ နစ်နာသူဖြစ်သော အားချန်သည်လည်း မြို့တော်အုပ်ချုပ်ရေးရုံးသို့ တစ်ခေါက် လိုက်ပါသွားရပြီး ဝမ်ကျုံ့သည်လည်း သက်သေအဖြစ် ဆန္ဒအလျောက် လိုက်ပါသွားခဲ့သည်။
တံခါးဝသို့ ရောက်သောအခါ အားချန်သည် လင်းစွေ့ကို ကျေးဇူးတင်စကား ပြောချိန်ရတော့သည်။ "ခုနက ဝင်ကူညီပေးတာ ကျေးဇူးတင်ပါတယ် လင်းမိန်းကလေး”
လင်းစွေ့သည် အားချန်ကို တစ်ချက် စွေကြည့်လိုက်ပြီး "အသုံးမကျတဲ့ဟာ”
ထို့နောက် ခေါင်းလှည့်ကာ ထွက်ခွာသွားလေသည်။
အားချန်သည် ပါးစပ် ဟကာ ရှင့်ဖိနပ် ကျွန်မဆိုင်ထဲမှာ ကျန်ခဲ့သေးတယ် ဟု ပြောလိုသော်လည်း လင်းစွေ့သည် သူမကို စကားပြောခွင့် ပေးခဲ့ခြင်း မရှိပေ။
မြို့တော်ဝန်သည် အမှုကိစ္စများကို ဆောင်ရွက်ရာတွင် အတော်ပင် ထိရောက်မှု ရှိလှသည်။ အမှု၏ အဖြစ်မှန်ကို ရှင်းလင်းစွာ မေးမြန်းပြီးနောက် ထိုလူတချို့ကို ထောင်ဒဏ် တစ်လ ချမှတ်လိုက်ပြီး ဆိုင်ကို ပြန်လည် ပြုပြင်ရန်အတွက် အားချန်ကို ငွေ ၂၀၀ လျန် ပေးလျော်ရန် အမိန့်ချမှတ်လိုက်သည်။
သူတို့ ယခင်က ပြောဆိုခဲ့သော ကျင့်ယန်မြို့စားအိမ်တော်မှ အစေခံက သူတို့ကို ဆိုင်ဖျက်ဆီးရန် လာရောက်စေခိုင်းသည့် ကိစ္စကတော့ သက်သေအထောက်အထား မရှိသောကြောင့် သည်မျှနှင့်သာ ပြီးဆုံးသွားရလေသည်။
ထိုလူမိုက်များသည် ကျင့်ယန်မြို့စားအိမ်တော်မှ အစေခံ၏ လက်ထဲက ငွေလျန် ၁၀၀ ရရှိခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း မိမိတို့ကိုယ်တိုင်က ငွေ ၁၀၀ လျန် ပြန်လည် စိုက်ထုတ်ရမည် ဖြစ်သဖြင့် ချက်ချင်းပင် စိတ်ဓာတ်ကျသွားကြတော့၏။
သို့သော် ငွေ မပေးပါက တစ်လ ထောင်ဒဏ်သည် တစ်နှစ် ဖြစ်သွားနိုင်ရာ သူတို့သည် ငွေ ၂၀၀ လျန် ပြည့်မီအောင် အစွမ်းကုန် ကြိုးစား စုဆောင်းကြရလေသည်။
အားချန်သည် အစကတော့ ကျင့်ယန်မြို့စားအိမ်တော်ကို ရင်ဆိုင်ရန် အစိုးရအရာရှိများ၏ အကူအညီကို ရရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ လျော်ကြေးငွေကို လက်ခံရရှိပြီးနောက် မိမိသဘောအလျောက် လာရောက် ကူညီပေးသော ဝမ်ကျုံ့ကို ကျေးဇူးတင်စကား ပြောခဲ့ပြီးနောက် ပြန်လာခဲ့လိုက်တော့သည်။
သူမ ပြန်သွားပြီးနောက်မှ မြို့တော်ဝန်သည် ခုံရုံးပေါ်မှ ဆင်းလာပြီး ဝမ်ကျုံ့ကို လေးလေးနက်နက် အရိုအသေ ပေးလိုက်လေသည်။ "ကျွန်တော်မျိုးက ဝမ်လူကြီးမင်းကို ဂါရဝပြုပါတယ်”
ဝမ်ကျုံ့က "အင်း" ဟု တစ်ချက်သာ ဆိုပြီး မြို့တော်ဝန်နှင့် စကားများများ မပြောဘဲ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
လက်ဝဲလက်ထောက်စုံစမ်းစစ်ဆေးရေးမှူး၏ အလျင်စလို ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း မြို့တော်ဝန်သည် ချွေးများကို သုတ်လိုက်မိတော့၏။ မနက်ဖြန် နံနက်ခင်း နန်းတွင်းညီလာခံတွင် တစ်စုံတစ်ယောက်ကတော့ ကံဆိုးပေတော့မည်။
ဒုတိယနေ့ နံနက်စောစော နန်းတွင်းညီလာခံတွင် အစဉ်အမြဲ သိုသိုသိပ်သိပ်လေး နေတတ်သော လက်ဝဲလက်ထောက်စုံစမ်းစစ်ဆေးရေးမှူး ဝမ်ကျုံ့သည် ရုတ်တရက် ရှေ့ထွက်လာခဲ့သည်။
နဂါးပလ္လင်ထက်တွင် ထိုင်နေသည့် မင်းကြီးသာမက ညီလာခံအတွင်းမှ ငိုက်မျဉ်းနေသော အမတ်များနှင့် မှူးမတ် ထက်ဝက်ခန့်သည် တစ်ချက် တုန်လှုပ်သွားကြ၏။
သည် ဝမ်လူကြီးမင်းသည် စုံစမ်းစစ်ဆေးရေးဌာနတွင် အတော်ပင် ထူးခြားစွာ ရပ်တည်နေသူတစ်ယောက် ဖြစ်ပြီး အခြားသူများကို မျက်စိမှိတ် လိုက်နာတတ်ခြင်း မရှိပေ။ သူသည် နောက်ခံအင်အားကြီးမားသော နန်းတွင်းအမတ်များနှင့် မှူးမတ်များကိုသာ စွပ်စွဲပြစ်တင်ရန် နှစ်သက်ပြီး တစ်ကြိမ် စွပ်စွဲလိုက်တိုင်း မှန်ကန်နေတတ်သဖြင့် ယနေ့ထက်တိုင် သူ့စွမ်းဆောင်ရည်ကို စုံစမ်းစစ်ဆေးရေးဌာနတွင် မည်သူမှ မယှဉ်နိုင်သေးချေ။
ထိုအထဲတွင်မှ အရှင်မင်းကြီးက သူ့ကို အလွန် ယုံကြည် အားထားတော်မူသဖြင့် မည်သူကမှလဲ သူ့ကို ဘာမှ လုပ်နိုင်ခြင်း မရှိပေ။
ဝမ်ကျုံ့က အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ကျွန်တော်မျိုး ရာဇဝတ်မှုဌာန လက်ဝဲလက်ထောက်ဝန်ကြီး ယန်လိရူကို စွပ်စွဲပြစ်တင်လိုပါတယ်”
မင်းကြီးသည် ကိုယ်ကို မတ်မတ် ထိုင်လိုက်သည်။ "ဆိုစေ”
"လွန်ခဲ့တဲ့လက သက်ရှိဖုတ်ကောင်တစ်ကောင် မြို့တော်ထဲမှာ ဆူပူသောင်းကျန်းခဲ့ပြီး အရှင်မင်းကြီးက ရာဇဝတ်မှုဌာန လက်ဝဲလက်ထောက်ဝန်ကြီး ယန်လိရူကို ဒီအမှုကို အပြည့်အဝ တာဝန်ယူစေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုး သိရသလောက် အဲ့ဒီသက်ရှိဖုတ်ကောင်ကို ယနေ့ထက်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ ဒါ့အပြင် မနေ့က ချန်းဖိင်ဖန်းမှာ ရာဇဝတ်မှုဌာန လက်ထောက်အရာရှိတစ်ယောက်ကို သတ်ဖြတ်သွားခဲ့ပါတယ်။ ရာဇဝတ်မှုဌာနက ဒီကိစ္စကို အထက်ကို တင်ပြခြင်း မရှိတဲ့အပြင် အရှင်မင်းကြီးကိုပါ ဖုံးကွယ်ထားဖို့ ကြိုးစားခဲ့ပါတယ်။ ဒီစိတ်ထားက သေဒဏ်ထိုက်ပါတယ်”
"အသုံးမကျတဲ့ လိုက်ကောင်တွေ။ သက်ရှိဖုတ်ကောင် တစ်ကောင်တောင် မဖမ်းနိုင်ဘဲ ကျန်းက မင်းတို့ကို အိမ်ဂေဟာကို ကာကွယ်ပြီး နိုင်ငံတော်ကို စောင့်ရှောက်ဖို့ ဘယ်လို မျှော်လင့်လို့ ရတော့မလဲ” မင်းကြီးက ဒေါသတကြီး မိန့်ကြားလိုက်သည်။ "ယန်လိရူ ဘယ်မှာလဲ”
ရာဇဝတ်မှုဌာန ဝန်ကြီးချုပ်က ရဲရဲဝံ့ဝံ့ ရှေ့တစ်လှမ်း တိုးလိုက်သည်။ "အရှင်မင်းကြီးကို တင်ပြပါတယ်။ ယန်လိရူက လဝက်ကြာ ခွင့်ယူထားပြီး ဒီနေ့ ညီလာခံ မတက်ပါဘူး”
"နေမကောင်းဘူး ဆိုရင်လည်း တော်ဝင်သမားတော်ကို သွားကြည့်ခိုင်းလိုက်။ ကျန်း တော်တော်လေး သိချင်စိတ် ဖြစ်သွားပြီ။ ဘယ်လိုလုပ် ဒီလောက် တိုက်တိုက်ဆိုင်ဆိုင် သူက ဒီအချိန်ကျမှ နေမကောင်း ဖြစ်ရတာလဲ”
အရှင်မင်းကြီးသည် ရာဇဝတ်မှုဌာနအပေါ် မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှားလှသည်။ ရာဇဝတ်မှုဌာန ဝန်ကြီးချုပ်သည် ယန်လိရူအတွက် ဆက်လက် ခုခံကာကွယ် မပေးဝံ့တော့ပေ။ မင်းကြီးက ရာဇဝတ်မှုဌာနအပေါ် မကျေနပ်မှုအားလုံးကို သူ့ခေါင်းပေါ်သို့ ပုံချမည်ကို စိုးရိမ်နေမိသည်။
မင်းကြီး၏ စူးရှသော မျက်ဝန်းများသည် အောက်မှ အမတ်များကို ဝေ့ဝဲ ကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် "ပိုင်ရှိုးမင်” ဟု နှုတ်ဖွင့် မိန့်ကြားလိုက်သည်။
"ကျွန်တော်မျိုး ရှိပါတယ်” ပိုင်ရှိုးမင်သည် တန်းစီနေရာမှ ထွက်လာပြီး တလေးတစား ပြောလိုက်၏။
"သုံးရက်အတွင်း ကျန်း အဲ့ဒီသက်ရှိဖုတ်ကောင်ရဲ့ ခေါင်းကို တွေ့ချင်တယ်”
" အမိန့်တော်အတိုင်းပါ”
...