← Chapters

သူသည် ခေါင်း မော့လိုက်ပြီး အားချန်ကို ကြည့်လိုက်၏... (၁)

Vol. 4 Ch. 40

သူသည် ခေါင်း မော့လိုက်ပြီး အားချန်ကို ကြည့်လိုက်၏... (၁)

Vol. 4 Ch. 40

နန်းတွင်းအမတ်များအားလုံး၏ စိတ်ထဲတွင် ရှင်းလင်းစွာ သိလိုက်ကြသည်။ အကယ်၍ ပိုင်ရှိုးမင်က သုံးရက်အတွင်း ထိုသက်ရှိဖုတ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ပါလျှင် ရာဇဝတ်မှုဌာနသည် မကြာမီ ကံဆိုးမိုးမှောင် ကျတော့မည်။

ရုံးဌာနအများအပြားသည် မင်ကျင့်စီး၏ လက်ထဲမှ အာဏာကို ခွဲဝေယူလိုကြရာ ရာဇဝတ်မှုဌာနသည် အစဉ်အမြဲ အမြင့်ဆုံးသို့ ခုန်တက်လေ့ရှိသူ ဖြစ်ပြီး ယခု ကြည့်ရသည်မှာ အဆိုးရွားဆုံး ပြုတ်ကျမည့်သူလည်း ဖြစ်လာပေလိမ့်မည်။

လူတိုင်းက ရာဇဝတ်မှုဌာန၏ ရယ်ဖွယ်ကိစ္စကို ကြည့်ရှုပြီး ညီလာခံ ရုပ်သိမ်းမည့် အချိန်ကိုသာ ငြီးငွေ့စွာ စောင့်ဆိုင်းနေကြစဉ် ဝမ်ကျုံ့က တစ်ဖန် ထုတ်ပြောလာပြန်သည်။

"ကျွန်တော်မျိုး ကျင့်ယန်မြို့စားက အိမ်တော်ကို မအုပ်ချုပ်တတ်တာကို ထပ်ပြီး စွပ်စွဲပြစ်တင်ချင်ပါတယ်။ သူ့အိမ်တော်က အစေခံကို လူမိုက်တွေ ငှားရမ်းခိုင်းပြီး ဆိုင်တွေကို လိုက်ဖျက်ဆီးခိုင်းတာကို မျက်နှာလွှဲခဲပစ် လုပ်ထားလို့ပါပဲ”

ဤသို့မှသာလျှင် မှန်ကန်ပေလိမ့်မည်။ နန်းတွင်းအမတ်များအားလုံးသည် ရုတ်တရက် သက်ပြင်းချမိသွားကြသည်။ စောစောက စွပ်စွဲပြစ်တင်မှုသည် တစ်စုံတစ်ခု လိုအပ်နေသည်ဟု ခံစားနေမိပြီး ဟင်းပွဲတွေက အကုန် မရောက်သေးဘူးကိုး။ ဟု တွေးလိုက်ကြ၏။

ရုတ်တရက် စွပ်စွဲခံလိုက်ရသော ကျင့်ယန်မြို့စား၏ ဦးခေါင်းထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်သွားပြီး သူသည် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ကာ အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ကျွန်တော်မျိုး လက်မခံနိုင်ပါဘူး။ ကျွန်တော်မျိုးရဲ့ ဇနီးက အိမ်တော်ကို အမြဲတမ်း တင်းတင်းကျပ်ကျပ် အုပ်ချုပ်တာပါ။ အစေခံတွေကို အပြင်မှာ ပြဿနာရှာဖို့ ဘယ်တော့မှ မျက်နှာလွှဲခဲပစ် လုပ်မှာ မဟုတ်ပါဘူး။ အမတ်ကြီးဝမ်က ကျွန်တော်မျိုးကို အကြောင်းမဲ့ မစွပ်စွဲသင့်ပါဘူး”

"သြော် ဒီလိုကိုး။ ကျင့်ယန်မြို့စားက ခင်များအိမ်တော်က အစေခံ ဒီလိုအလုပ်မျိုး မလုပ်ဘူးလို့ ယူဆမှတော့ ဒါက မြို့စားကတော်က တိုက်ရိုက်ခိုင်းစေတာပဲ ဖြစ်ရမယ်”

ဝမ်ကျုံ့သည်ကား စုံစမ်းစစ်ဆေးရေးဌာနတွင် မည်သူမှ မထိဝံ့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်နှင့်အညီ စကားဆိုရာတွင် လူ၏ အသက်ရှူပြွန်နေရာကိုသာ တမင်တကာ ထိုးနှက်တတ်လေသည်။

ကျင့်ယန်မြို့စားသည် သူ့စကားကြောင့် ဒေါသထွက်ကာ လူကို ထိုးကြိတ်ချင်စိတ် ပေါက်လာသော်လည်း အရှင်မင်းကြီး ရှိနေသေးသည်ကို ထောက်ထားရသဖြင့် ဒေါသကို အတင်းအကျပ် ချုပ်တည်းထားရသည်။ "အမတ်ကြီးဝမ် စကားဆင်ခြင်ပါ”

"အရှင်မင်းကြီး” ဝမ်ကျုံ့က အသံကျယ်ကျယ်ဖြင့် ဆိုသည်။ "ဖျက်ဆီးခံရတဲ့ဆိုင်က ချန်းဖိင်ဖန်းမှာပါ။ မနေ့ညက ကျင့်ယန်မြို့စားရဲ့ ဇနီးရဲ့မောင်ဖြစ်သူက အဲ့ဒီဆိုင်အပြင်ဘက်မှာပဲ သေဆုံးသွားခဲ့တာပါ။ အဲ့ဒီလူမိုက်တွေက လူအများရှေ့မှာ ဝန်ခံခဲ့တာက မြို့စားအိမ်တော်က အစေခံက သူတို့ကို လာပြီး ဖျက်ဆီးခိုင်းတာတဲ့။ ဘာလို့လဲဆိုတော့ မြို့စားကတော်က ဒီဆိုင် ရှိနေတာက သူ့မောင်ရဲ့ အသက်ကို နှောင့်ယှက်တယ်လို့ ယူဆလို့ပါတဲ့”

"ခင်များ လျှောက်ပြောနေတာ။ ခင်များ တမင်သက်သက် လုပ်ကြံစွပ်စွဲနေတာ”

ဝမ်ကျုံ့သည် ခြေဆောင့် ဒေါသထွက်နေသည့် ကျင့်ယန်မြို့စားကို လုံးဝ ဂရုမစိုက်ဘဲ ဆက်ပြောလိုက်၏။ "ဆိုင် ဖျက်ဆီးခံရတုန်းက ဆိုင်ထဲမှာ ကျွန်တော်မျိုးအပြင် ဝိုင်းကြည့်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ သူတို့အားလုံး သက်သေခံနိုင်ပါတယ်”

"အဲ့ဒါ ဘာဖြစ်လဲ။ အဲ့ဒီလူမိုက်တွေက ကျုပ် ကျင့်ယန်မြို့စားအိမ်တော်ကို လျှောက်ပြီး ပုံချတာလည်း ဖြစ်နိုင်တာပဲ”

ဝမ်ကျုံ့က ခေါင်းလှည့်ကာ ကျင့်ယန်မြို့စားကို တစ်ချက် ကြည့်လိုက်လေသည်။ "ဒီကိစ္စအတွက်တော့ ကျွန်တော်မျိုး ကျင့်ယန်မြို့စားကို တောင်းပန်ရပါမယ်။ ကျင့်ယန်မြို့စားရဲ့ ခွင့်ပြုချက်မရဘဲ ကျွန်တော်မျိုးက ခင်များအိမ်တော်က အစေခံတွေရဲ့ ပုံတူကို ခိုးပြီး ရေးဆွဲခဲ့တယ်။ ပြီးတော့ သူတို့ ပုံတူတွေကို မြို့တော်အုပ်ချုပ်ရေးရုံး အကျဉ်းထောင်ကို ယူသွားပြီး အဲ့ဒီလူမိုက်တွေကို တစ်ယောက်ချင်းစီ လက်ညှိုးထိုးပြ ခိုင်းခဲ့တယ်။ သူတို့အားလုံးက လူတစ်ယောက်တည်းကိုပဲ တညီတညွတ်တည်း ထောက်ပြခဲ့ကြတယ်”

ထိုစကားကို ကြားရချိန်တွင်တော့ ကျင့်ယန်မြို့စား၏ မျက်နှာသည် ပြာနှမ်းသွားပြီး ဝမ်ကျုံ့ကို လက်ညှိုးထိုးထားသော လက်သည်ပင် တုန်ယင်နေလေသည်။ "ဝမ်ကျုံ့ ခင်များ မြို့စားအိမ်တော်ထဲကို ခိုးဝင်ရဲတယ်။ ခင်များ တကယ် မိုးမမြင် မြေမမြင် ဖြစ်နေပြီ”

"ကျွန်တော်မျိုးမှာ အပြစ်ရှိပါတယ်။ အရှင်မင်းကြီး အပြစ်ပေးတော်မူပါ။ ဒါပေမဲ့ ကျွန်တော်မျိုး ကျင့်ယန်မြို့စားအိမ်တော်ထဲ ဝင်ခဲ့တာ မဟုတ်ပါဘူး။ အလွန်ဆုံး ခြံစည်းရိုးပေါ် တွယ်တက်ကြည့်ရုံပါပဲ။ တိတိကျကျ ပြောရရင် ကျွန်တော်မျိုးရဲ့ လက်ပဲ နယ်ကျွံခဲ့တာပါ”

အဖြစ်အပျက်ကို ကြည့်ရှုနေသော အမတ်ကြီးများသည် ခေါင်းများကို ငုံ့ချလိုက်ကြပြီး အပေါ်သို့ ကော့တက်ချင်နေသော နှုတ်ခမ်းထောင့်စွန်းများကို အတင်းအကျပ် ချုပ်တည်းထားကြရလေသည်။ လူကို ဒေါသထွက်အောင် လုပ်တဲ့နေရာမှာတော့ လူကြီးမင်းဝမ်ကိုပဲ အားကိုးရမယ်။ သူ စွပ်စွဲတာသာ ကိုယ်မဟုတ်ဘူးဆိုရင် ဒီပွဲက ကြည့်လို့ ကောင်းနေဦးမှာပဲ။ ဟု စိတ်ထဲတွင် တွေးနေကြ၏။

စကားသည် ဤအခြေအနေသို့ ရောက်လာသည့်အခါ ကျင့်ယန်မြို့စားအဖို့ ဆက်လက် ခုခံချေပရန် မလိုအပ်တော့ပေ။ ဤကိစ္စကို သူသည် အမှန်တကယ် လုံးဝ မသိရှိခဲ့ဘဲ ရွှဲရှီက သူ့နောက်ကွယ်တွင် ပြုလုပ်ခဲ့ခြင်းမှာ သေချာနေသည်။

သို့သော် ကံအကြောင်းမလှစွာဖြင့် ဝမ်ကျုံ့နှင့် တည့်တည့် တိုးမိခဲ့လေသည်။

သို့သော်ငြား နန်းတွင်းညီလာခံတွင် သူသည် သည်ကိစ္စကို ရွှဲရှီအပေါ်သို့ ပုံချလို့ မဖြစ်ပေ။ ထိုသို့ ပြုလုပ်ပါက အရှင်မင်းကြီးသည် သူ့ကို အမျိုးသမီးတစ်ဦးကို ဆင်ခြေအဖြစ် အသုံးပြုသည်ဟု ထင်မြင်သွားပေလိမ့်မည်။

သူသည် လေသံ လေးပင်စွာဖြင့်သာ လျှောက်တင်နိုင်တော့သည်။ "အရှင်မင်းကြီး ကျွန်တော်မျိုး ဒီကိစ္စကို လုံးဝ မသိရှိပါဘူး။ အိမ်တော်က အစေခံက သူ့သဘောနဲ့သူ လုပ်မိသွားတာ ဖြစ်ပါလိမ့်မယ်”

ဝမ်ကျုံ့က ချက်ချင်း ရှေ့ထွက်လာသည်။ "အရှင်မင်းကြီး မြင်တယ်မလား။ ကျွန်တော်မျိုးက ကျင့်ယန်မြို့စား အိမ်တော်ကို မအုပ်ချုပ်တတ်ဘူးလို့ ပြောခဲ့တာ တကယ်ပဲ ဟုတ်နေတာပဲ”

ကျင့်ယန်မြို့စား၏ နဖူးမှ သွေးကြောစိမ်းများသည် ပေါက်ကွဲမတတ် ဖောင်းကြွလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတော့သည်။ ဝမ်ကျုံ့ကို မထိန်းချုပ်နိုင်ဘဲ ထိုးကြိတ်မိမည်ကို စိုးရိမ်နေရ၏။

အရှင်မင်းကြီးသည် အဖြစ်အပျက်ကို အားရအောင် ကြည့်ရှုပြီးနောက်မှ နှုတ်ဖွင့် မိန့်ကြားလေသည်။ "ကျင့်ယန်မြို့စားက အိမ်တော်ကို မအုပ်ချုပ်တတ်တဲ့အတွက် လစာ ၆ လ ဖြတ်တောက်စေ။ သူ့ရဲ့ ဇနီးကတော့ သူ့ရဲ့ ရင်းနှီးတဲ့ ဆွေမျိုးကို ဆုံးရှုံးလိုက်ရလို့ နာကျင်ခံစားနေရတာကို နားလည်ပေးနိုင်တယ်။ ဒါပေမဲ့ နစ်နာသူကို လျန်ငွေ ၁၀၀၀ လျော်ကြေးပေးရမယ်။ နောက်တစ်ခါ ဒီလိုဖြစ်ရင် လုံးဝ ညှာတာမှာ မဟုတ်ဘူး”

ကျင့်ယန်မြို့စားသည် ချက်ချင်း ဒူးထောက်လိုက်သည်။ "အရှင်မင်းကြီးရဲ့ ကြီးမားတဲ့ သနားညှာတာမှုကို ကျေးဇူးတင်လှပါတယ်”

ဝမ်ကျုံ့သည်လည်း လိုက်ပါ လျှောက်တင်သည်။ "အရှင်မင်းကြီးက တကယ်ကို ပညာဉာဏ် ကြီးမားလှပါတယ်”

ညီလာခံ ရုပ်သိမ်းပြီးနောက် မင်ဝမ်သည် လျင်လျင်မြန်မြန် လှမ်းလျှောက်နေသည့် သူ၏ သားတော်နောက်သို့ လိုက်လေသည်။

"ဘာလို့ ဒီလောက် မြန်မြန် လျှောက်နေတာလဲ။ မင်းအဖေ ငါတောင် လိုက်လို့ မမီတော့ဘူး”

ပိုင်ရှိုးမင်၏ မျက်နှာသည် ကူကယ်ရာမဲ့ဟန် ဖြစ်သွားသည်။ အဖေ လိုက်မမီအောင် တမင် မြန်မြန် လျှောက်နေတာပဲလေ။

"သားတော် တာဝန် သွားထမ်းဆောင်ရဦးမယ်”

"သက်ရှိဖုတ်ကောင် တစ်ကောင်တည်းပါ။ စစ်ထျန်းကျန့် ကြီးကြပ်ရေးမှူး လက်ထဲမှာ ယန်ဟော်ပုလင်း တစ်လုံး ရှိတယ်။ အဲ့ဒါက ဖုတ်ကောင် အငွေ့အသက်ကို အာဟာရအဖြစ် သုံးပြီး ဖုတ်ကောင် အငွေ့အသက်နဲ့ တွေ့တာနဲ့ မီးတွေ ပန်းထွက်လာတာ။ တော်တော် ပျော်စရာကောင်းတယ်။ မင်း သွားငှားပြီး နှစ်ရက်လောက် သုံးလိုက်ရင် ရပြီ မဟုတ်လား”

"သားတော် အခုပဲ သွားလိုက်ပါ့မယ်”

ဖြစ်ချင်တော့ သူ့မှာ အခွင့်ကောင်းတွင် တိမ်းရှောင် မသွားနိုင်သေးခင်မှာပင် မင်ဝမ်က သူ၏ လက်စကို ဆွဲကိုင်ထားလိုက်ကာ "ပြောစရာ အရေးကြီးကိစ္စ ရှိသေးတယ်။ ဘာလို့ ပြေးတာလဲ”

"ပြောလေ”

"မင်း အရင်က ရွှဲအိမ်က ကောင်လေးကို မိစ္ဆာတံဆိပ်တော်ကို ခိုးယူတဲ့ အဓိက ကြိုးကိုင်သူလို့ သံသယရှိတယ် ဆို။ ဒီအတိုင်းပဲ သူ့ကို အသေခံလိုက်တာလား”

"သူ့ရဲ့ အထက်လူကို စုံစမ်းလို့ ရပြီးသွားပါပြီ။ သူက အသုံးမဝင်တော့ပါဘူး”

ယခင်က ရွှယ်ကျန်းမြွေကို ဖမ်းဆီးမိစဉ်က မူလတွင် လူရော ပစ္စည်းပါ တစ်ပါတည်း ဖမ်းဆီးနိုင်ခဲ့မည် ဖြစ်သည်။ သို့သော် ပိုင်ရှိုးမင်က ရွှဲမင်ထန်ကို တစ်ကြိမ် အလွှတ်ပေးလိုက်ပြီး သူ့အတွက် ထောင်ချောက်တစ်ခုပါ ထပ်မံ ဆင်ပေးလိုက်ရာ သူသည် အမှန်တကယ်ပင် ထောင်ချောက်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ထိုအချိန်ကာလအတွင်း လက်အောက်ငယ်သားများ ခြေရာပျောက်သွားမည်ကို စိုးရိမ်သဖြင့် ပိုင်ရှိုးမင် ကိုယ်တိုင် ရွှဲမင်ထန်နောက်သို့ လိုက်ခဲ့ပြီး သူက မိမိ၏ အိမ်တော်တွင် ထောင်ချောက်တစ်ခု ပြုလုပ်ထားခဲ့ကာ ယန်လိရူ၏ အိမ်တော်သို့ တိတ်တဆိတ် သွားရောက်ခဲ့သည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့သည်။

သူသည် ယန်အိမ်တော်သို့ ဝင်ရောက်ပြီး မကြာမီ ရွှယ်ကျန်းမြွေ၏ ကိုယ်ပေါ်မှ သစ္စာစာချုပ်သည် တစ်ဖက်သတ် ပြတ်တောက်သွားခဲ့သည်။ မိစ္ဆာတံဆိပ်တော်မှလွဲလျှင် သည်လို ဘယ်အရာကမှ သစ္စာစာချုပ်ကို အတင်းအကျပ် ဖြတ်တောက်နိုင်စွမ်း မရှိပေ။ ဤသက်သေ အထောက်အထားများက လုံလောက်နေခဲ့ပြီ။

"ဒါဆို မင်း မိစ္ဆာတံဆိပ်တော်ကို တွေ့ပြီလား” မင်ဝမ်၏ မျက်ခုံးသည် ပင့်တက်သွား၏။

"ဟုတ်ကဲ့”

"ဒါဆို ဘာလို့ ပြန်မယူခဲ့တာလဲ”

"ကျွန်တော် ထင်တာက အဖေနဲ့ အရှင်မင်းကြီးက မိစ္ဆာတံဆိပ်တော်ကို အခိုးခံရတာကို ဒီအတိုင်း လွှတ်ထားတာက ကျွန်တော့်ကို အဲ့ဒါ ပြန်လိုက်ရှာစေချင်လို့ မဟုတ်ဘူးလို့ ထင်လို့ပါ”

တားမြစ်ဘဏ္ဍာတိုက်ထဲသို့ ဝင်ရောက်ခဲ့သော ပစ္စည်းများသည် အထူးအငွေ့အသက်တစ်ခု သယ်ဆောင်သွားတတ်သည်။ ထို့ကြောင့် မိစ္ဆာတံဆိပ်တော်သည် ဘဏ္ဍာတိုက်မှ ထွက်သွားသည်နှင့် မင်ဝမ်၏ နည်းလမ်းများအရ သဲလွန်စကို ရှာဖွေနိုင်ခဲ့လိမ့်မည်။ သို့သော် သူသည် ထိုသို့ မပြုလုပ်ခဲ့ဘဲ အချိန်အတန်ကြာမှသာ ဤအမှုကို ပိုင်ရှိုးမင်၏ လက်ထဲသို့ လွှဲအပ်ခဲ့ခြင်းပင်။

မင်ဝမ်သည် သူ့ထက် အရပ်မြင့်နေပြီဖြစ်သော မွေးစားသားကို တစ်ချက် ကြည့်လိုက်သည်။ "တကယ်ပဲ ကြီးလာပြီပဲ။ ပိုပြီးလည်း ကလိမ်ကျတတ်လာတယ်”

ပိုင်ရှိုးမင်က နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်သည်။ "အဖေ မြှောက်စားလွန်းနေပါပြီ”

"ဒါဆို မင်း သိလား။ အရှင်မင်းကြီးက မိစ္ဆာတံဆိပ်တော်ကို အပြင်မှာ လွှတ်ထားတာ ဘယ်ငါးကြီးကို ဖမ်းချင်လို့လဲ ဆိုတာ”

"ဒါကတော့ ယန်လိရူလက်ထဲက ပစ္စည်းက နောက်ဆုံး ဘယ်သူ့လက်ထဲ ရောက်သွားမလဲ ဆိုတာကို ကြည့်ရမှာပဲ”

"မင်း ခန့်မှန်းကြည့်လေ” မင်ဝမ်သည် ပိုင်ရှိုးမင်ကို စာမေးပွဲ စစ်နေသကဲ့သို့ ဖြစ်နေသည်။

"ကျွန်တော် ခန့်မှန်းတာတော့ ကျန်းပေမြို့စား ဒါမှမဟုတ် သူ့နောက်ကွယ်က လူပဲ”

ကျန်းပေမြို့စားသည် ယန်လိရူ၏ ယောက္ခမ ဖြစ်သည်။ ယန်လိရူတွင် မိသားစု နောက်ခံ အထောက်အပံ့ မရှိဘဲ အဆင့်သုံး အရာရှိကြီးအထိ ဖြစ်လာနိုင်ခြင်းသည် ကျန်းပေမြို့စားအိမ်တော်၏ ထောက်ပံ့မှုနှင့် ကင်းကွာ၍ မရပေ။

သူနှင့် ကျန်းပေမြို့စားသည် အကျိုးစီးပွား တူညီသော အစုအဖွဲ့ ဖြစ်သည်။ အကယ်၍ သူ့ကို စွန့်စားမှု ပြုလုပ်စေနိုင်သူ တစ်ဦးဦး ရှိသည် ဆိုပါက ထိုသူသည် ကျန်းပေမြို့စားသာလျှင် ဖြစ်ပေလိမ့်မည်။

ဟုတ်ပါသည်။ ကျန်းပေမြို့စားသည်လည်း နောက်ဆုံးပစ်မှတ် မဟုတ်နိုင်သေးဘဲ သံသယရှိသူများကို တစ်ဦးချင်းစီ အဆင့်ဆင့် စစ်ဆေးသွားရမည်။

မင်ဝမ်သည် လက်နောက်ပစ်လျက် ပြုံးလိုက်၏။ "ကျန်းပေမြို့စားက အလွန်ဆုံး ၇ ရက်အတွင်း မြို့တော်ကို တာဝန်လာအစီရင်ခံတော့မှာ။ မင်း သူ့ကို မတွေ့ဖူးသေးဘူး မဟုတ်လား။ သူ မြို့တော်မှာ ရှိတုန်းက မင်းက ယိုးကျိုး ကို ရောက်နေပြီ”

"မတွေ့ဖူးပါဘူး။ ဒါပေမဲ့ ကြားဖူးပါတယ်။ ကျန်းပေမြို့စားက အပြုအမူ ထောင်လွှားတယ်လို့ ကြားတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက သူ့ရဲ့ ကျင့်ကြံမှုက စတုတ္ထအဆင့် အထွတ်အထိပ်ကို ရောက်နေပြီ မဟုတ်လား”

ပိုင်ရှိုးမင်၏ စကားတစ်ခွန်းက အဓိကအချက်ကို ထိမှန်သွားသည်ကို ကြားသောအခါ မင်ဝမ်သည် ပို၍ပင် ကျေနပ်သွားသည်။ "ဟုတ်တယ်။ ပဉ္စမအဆင့်ကို ဝင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ သူ နည်းနည်းလောက် ထောင်လွှားတာကို ခွင့်မပြုသင့်ဘူးလား”

ချက်ချင်းပင် သူ၏ စကားလမ်းကြောင်းက ပြောင်းသွားသည်။ "ဒါပေမဲ့ အရှင်မင်းကြီးက သူ ဒီလို ထောင်လွှားတဲ့ အမှုထမ်းမျိုးကို သဘောမကျဘူး။ ရှန့်ကျင်းမြို့တော်ထဲ ဝင်လာပြီ ဆိုရင် စည်းကမ်းကို လိုက်နာရမယ်”

သူတို့၏ ဦးခေါင်းထက်မှ ပုန်းကွယ်နေသော မဟာအစီအရင်ကြီးကဲ့သို့ပင် တတိယအဆင့်အထက် ကျင့်ကြံသူအားလုံး၏ ကျင့်ကြံစွမ်းအားကို အတင်းအကျပ် ဖိနှိပ်ထားပြီး ကောင်းကင်တွင် ပျံသန်းခြင်း မြေလျှိုးမိုးပျံခြင်းတို့ကို ခွင့်မပြုပေ။ ဤသည်မှာ သာ့ရှ၏ စည်းမျဉ်းဖြစ်ပြီး နဂါးတစ်ကောင်ပင် ဖြစ်လင့်ကစား ရှန့်ကျင်းသို့ ဝင်ရောက်လာပါက အခွေလိုက် နေရပေလိမ့်မည်။

"နားလည်ပါပြီ”

"ကဲ ကဲ အလုပ်သွားလုပ်တော့။ အဖေမင်းကြီး ဝမ်ကျုံ့နဲ့ ကျားထိုး သွားဦးမယ်”

မင်ဝမ် ခြေနှစ်လှမ်းခန့် လျှောက်သွားပြီးမှ ပိုင်ရှိုးမင်က သူ့ကို လှမ်းခေါ်လိုက်သည်။ "အဖေ”

"အင်း ကိစ္စ ရှိသေးလို့လား” မင်ဝမ်က လှည့်မေးလိုက်သည်။

"လူကြီးမင်းဝမ်က လက်သီးပုန်း ခြေပုန်းပညာပဲ တတ်တာပါ။ ကျားထိုးရှုံးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သေချာ ထိန်းချုပ်ပါ။ စားပွဲ လှန်တာတို့ လူကို ထိုးတာတို့ မလုပ်ပါနဲ့”

မင်ဝမ်သည် ချက်ချင်း ဒေါသထွက်သွားသည်။ "သစ္စာဖောက်ကောင်!”.

ပိုင်ရှိုးမင် ဤသို့ မှာကြားခြင်းသည် လုံးဝကို စေတနာကောင်းသက်သက်ကြောင့်သာ ဖြစ်သည်။ မင်ဝမ်သည် ကျားထိုးပညာ မကောင်းသော်လည်း ကျားထိုး အလွန် ဝါသနာပါပြီး ကျားထိုးသည့်အခါ အကျင့်စရိုက်က ဆိုးရွားလှသည်။

လူကြီးမင်း ဝမ်ကျုံ့ကတော့ ကျားထိုးပညာ အလွန် ကောင်းမွန်သော်လည်း လျှာစောင်းထက်လွန်းလှသည်။

ပိုင်ရှိုးမင်သည် ထိုသူနှစ်ဦး ရင်ဆိုင်တွေ့ကြသည်ကို တစ်ကြိမ် မြင်တွေ့ဖူးခွင့် ရခဲ့သည်။ ကျား မထိုးရသေးမီမှာပင် အမတ်ကြီးဝမ်က မင်ဝမ်ကို ဘယ်သူ ကျားခိုးရွှေ့ရင် အဲ့ဒီလူ မြေးတော်မယ် ဟု ကျိန်ဆိုခိုင်းခဲ့သည်။

အချုပ်ဆိုရလျှင် ထိုသူနှစ်ဦး ကျားထိုးသည့် အခါတိုင်း အခြေအနေသည် ရှင်းလင်းရန် အလွန် ခက်ခဲလှပေသည်။

ပိုင်ရှိုးမင်သည် မင်ဝမ်ကို လက်နှစ်ဖက်ယှက်ကာ အရိုအသေ ပေးလိုက်သည်။ "သားတော် သွားခွင့်ပြုပါဦး”

တားသင့်သည်များကို တားခဲ့ပြီးပြီ ဖြစ်ရာ နောက်ပိုင်းတွင် သူနှင့် သက်ဆိုင်တော့မည် မဟုတ်ပေ။

"သြော် ဒါနဲ့ ယန်လိရူ နေမကောင်းတဲ့ကိစ္စ အမှန်လား အမှားလား မသိဘူး။ မင်း သေချာ စောင့်ကြည့်ထားဦး။ သူ ကျန်းပေမြို့စားနဲ့ မတွေ့ရခင် ဘာအဖြစ်ဆိုးမှ မဖြစ်စေနဲ့” ပိုင်ရှိုးမင် အဝေးသို့ ထွက်သွားပြီးမှ မင်ဝမ်၏ အသံက သူ၏ နားထဲတွင် တစ်ဖန် ပေါ်ထွက်လာသည်။

ပိုင်ရှိုးမင်သည် မတတ်သာဘဲ တော်ဝင်သမားတော်ရုံးသို့ လမ်းကြောင်း ပြောင်းခဲ့ရတော့သည်။

အရှင်မင်းကြီးက နန်းတွင်းညီလာခံတွင် တော်ဝင်သမားတော်ကို ယန်အိမ်တော်သို့ စေလွှတ်ကာ ယန်လိရူကို ကုသစေရန် မိန့်ကြားခဲ့သည်။ ထိုသတင်းသည် တော်ဝင်သမားတော်ရုံးသို့ ရောက်ရှိလာသောအခါ ဆေးပညာ အလွန်တော်သည် သမားတော်ကြီးဟွမ်က တာဝန်ကျပြန်သည်။

သမားတော်ကြီးဟွမ်သည် အနည်းငယ် မလိုမလား ဖြစ်နေသေးစဉ်မှာပင် ပိုင်ရှိုးမင် တော်ဝင်သမားတော်ရုံးအတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်စွာဖြင့် ရှေ့တိုး ကြိုဆိုလိုက်သည်။ "လူကြီးမင်းပိုင် နေမကောင်းလို့လား”

"မဟုတ်ပါဘူး။ ကိစ္စတစ်ခု သမားတော်ကြီးဟွမ်ကို အကူအညီတောင်းချင်လို့ပါ”

"အမိန့်ရှိပါ” သမားတော်ကြီးဟွမ်က အလွန် ယဉ်ကျေးလှသည်။

"သမားတော်ကြီးဟွမ်ကို ကျွန်တော့် လက်အောက်ငယ်သား တစ်ယောက်ကို ယန်အိမ်တော်ထဲ အတူ ခေါ်သွားပေးစေချင်ပါတယ်”

"ပြဿနာ မရှိပါဘူး” သမားတော်ကြီးဟွမ်က အကြောင်းရင်းကို မမေးမြန်းဘဲ သဘောတူလိုက်သည်။ သင်တန်းသားတစ်ယောက် ခေါ်သွားရုံပဲ။ ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး။

ယန်လိရူ ညီလာခံမတက်ခဲ့သော်လည်း နန်းတွင်းညီလာခံမှ ကိစ္စများသည် သူ၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

အရှင်မင်းကြီးက တော်ဝင်သမားတော်ကို စေလွှတ်ကာ သူ့ကို ကုသစေမည်ကိုလည်း သူသည် အမှန်ပင် သိရှိပြီး ဖြစ်သည်။

ယန်အိမ်တော် အိမ်တော်ထိန်းသည် တံခါးဝတွင် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးမှ နောက်ဆုံးတွင် တော်ဝင်သမားတော်ရုံး၏ မြင်းလှည်းကို တွေ့မြင်လိုက်ရသည်။

မြင်းလှည်းသည် ယန်အိမ်တော် တံခါးဝတွင် ရပ်တန့်သွားပြီး အရင်ဆုံး တော်ဝင်သမားတော်ဌာန၏ အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသော တော်ဝင်သမားတော် အလုပ်သင်လေးနှစ်ဦး ဆင်းလာခဲ့ပြီး ထို့နောက်တွင်မှ တော်ဝင်သမားတော် နှစ်ဦး ဆင်းသက်လာခဲ့သည်။

သမားတော်ကြီးဟွမ်က ရှေ့က လျှောက်ပြီး သမားတော်ကျန်းကတော့ နောက်မှ လိုက်ပါလာသည်။

အိမ်တော်ထိန်းက ရှေ့သို့တက်လာကာ တလေးတစား အမူအရာဖြင့် လူလေးယောက်ကို အိမ်တော်အတွင်းသို့ လမ်းပြ ခေါ်ဆောင်သွားသည်။

အိပ်ခန်းအတွင်း အိပ်ရာထဲ လဲလျောင်းနေသော ယန်လိရူကို တွေ့မြင်ရသည့်အခါ သမားတော်ကြီးဟွမ်သည် အမှန်တကယ်ပင် အနည်းငယ် အံ့အားသင့်သွားသည်။

ဒီလူကြီးမင်းယန်ရဲ့ မျက်နှာရောင်က သိပ်မကောင်းလှဘူး။ သူသာ မိတ်ကပ်မှုန့် လိမ်းထားတာ မဟုတ်ရင် တကယ် နေမကောင်းတာပဲ ဖြစ်ရမယ်။

သို့သော် သူသည် မည်သည့်စကားမှ မဆိုဘဲ အိပ်ခန်း၏ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ သူက အပြစ်ရှာလိုခြင်း မဟုတ်ဘဲ ဤအခန်းသည် အလွန်အမင်း မှောင်မိုက်နေရုံသာမက အခန်းတွင်းမှ အမွှေးနံ့သာ အနံ့သည်လည်း အလွန် ပြင်းထန်နေသောကြောင့် ဖြစ်သည်။

သမားတော်ကြီးဟွမ်သည် အိမ်တော်ထိန်းကို မနေနိုင်ဘဲ မေးလိုက်သည်။ "နေ့ခင်းကြောင်တောင်ကြီးမှာ ဘာလို့ ပြတင်းပေါက်ရှေ့မှာ ခန်းဆီးတွေ ကာထားရတာလဲ”

အိမ်တော်ထိန်းက အနေခက်သွားဟန်ဖြင့် ပြောလိုက်၏။ "လူကြီးမင်း ကျွန်တော်တို့ သခင်က မကြာသေးခင်က ဘာကြောင့်မှန်း မသိဘူး အလင်းရောင်ကို အရမ်း ကြောက်နေလို့ပါ”

သမားတော်ကြီးဟွမ်သည် စဉ်းစားတွေးတောဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ထို့နောက် ရှေ့သို့တက်ကာ ယန်လိရူကို ပြောလိုက်သည်။ "လူကြီးမင်းယန် ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ အမိန့်တော်အရ ခင်များကို လာရောက် ကုသပေးတာပါ။ ခင်များရဲ့ ညာဘက်လက်ကို ထုတ်ပေးပါ”

ယန်လိရူသည် သူ၏ လက်ကို စောင်အောက်မှ ထုတ်ပေးလိုက်သည်။ သမားတော်ကြီးဟွမ်က သူ၏ အင်္ကျီလက်စကို အပေါ်သို့ အနည်းငယ် ဆွဲတင်လိုက်ချိန်တွင် လက်ကောက်ဝတ် အထက်နားတွင် လက်သည်းခွံအရွယ် အနက်ရောင် အကွက်တစ်ကွက် ဖြစ်ပေါ်နေသည်ကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရ၏။

သူသည် ထိုအချက်ကို စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး ထို့နောက် ယန်လိရူအတွက် သွေးခုန်နှုန်း စမ်းသပ်ပေးလေသည်။

သွေးခုန်နှုန်း စမ်းသပ်ပြီးနောက် သူသည် မည်သည့်စကားမှ မဆိုဘဲ မတ်တပ်ထရပ်ကာ သမားတော်ကျန်းကိုလည်း သွေးခုန်နှုန်း လာရောက် စမ်းသပ်ခိုင်းလိုက်သည်။

နှစ်ဦးစလုံး သွေးခုန်နှုန်း စမ်းသပ်ပြီးနောက် အချင်းချင်း စကားအနည်းငယ် ဖလှယ်ပြီးမှ အိမ်တော်ထိန်းကို ပြောလိုက်လေသည်။ "လူကြီးမင်းယန်ရဲ့ သွေးခုန်နှုန်းအရ ကြည့်ရရင် သူက သွေးလှည့်ပတ်မှု မကောင်းတာ သွေးနဲ့ ချီဓာတ် ပိတ်ဆို့နေတာပါ။ ကြီးကြီးမားမား ရောဂါ မဟုတ်ပါဘူး”

သို့သော် ဤသည်မှာ သွေးခုန်နှုန်းရလာဒ် ဖြစ်လေသည်။

အခြားသော အသွင်အပြင်များအရ ပြောဆိုရန် ခက်ခဲလှပေသည်။

သမားတော်ကြီး နှစ်ဦးစလုံးသည် ယန်လိရူ တစ်ခုခုဖြစ်နေသည်ကို မြင်တွေ့ကြသော်လည်း သူ့အခြေအနေက နေမကောင်း ဖြစ်နေခြင်း မဟုတ်ပေ။

အိမ်တော်ထိန်းသည် သမားတော်ကြီးက ထိုသို့ ပြောလာသည်ကို ကြားလိုက်ချိန်တွင် အနည်းငယ် စိုးရိမ်ပူပန်သွားတော့သည်။ "ဒါပေမဲ့ ကျွန်တော်တို့ သခင်ရဲ့ ကိုယ်ပေါ်မှာ..."

"အိမ်တော်ထိန်း” ယန်လိရူက အိမ်တော်ထိန်း ဆက်လက် ပြောဆိုခြင်း မပြုရန် တားမြစ်လိုက်၏။

ထို့နောက် သမားတော်ကြီး နှစ်ဦးကို ပြောလိုက်သည်။ "သမားတော်ကြီး နှစ်ဦးကို ကျေးဇူးတင်ပါတယ်။ ဆေးစာ ညွှန်ကြားပေးပါ”

သမားတော်ကြီးဟွမ်က ဆေးညွှန်းကို နှုတ်ဖြင့် ရွတ်ဆိုပြရာ ဘေးတွင် စောင့်ဆိုင်းနေသော အလုပ်သင်လေးက ချက်ချင်း ဆေးညွှန်းကို ရေးသားပြီး ယန်အိမ်တော် အိမ်တော်ထိန်း၏ လက်ထဲသို့ ပေးအပ်လိုက်သည်။ ဤတစ်ကြိမ် လာရောက် ကုသခြင်းသည် ဤတွင် ပြီးဆုံးလေသည်။

ယန်အိမ်တော်ထိန်းသည် ယန်လိရူ၏ မှာကြားချက်အရ လေးဦးသားကို အိမ်တော်အပြင်သို့ လိုက်ပို့ပေးခဲ့သော်လည်း သူ၏ သဘောထားသည် သူတို့ကို ကြိုဆိုစဉ်ကကဲ့သို့ နွေးထွေးမှု မရှိတော့သည်မှာ ထင်ရှားလှ၏။ သူတို့သည် ယန်လိရူ၏ ကိုယ်ပေါ်မှ ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်တန်ရာသည်။

မြင်းလှည်းပေါ်သို့ ရောက်သောအခါ ထိုသမားတော်ကျန်းကမှ အရင်ပြောလိုက်၏။ "လူကြီးမင်းယန်ရဲ့ သွေးကြောတွေက သိပ် မမှန်ဘူး”

"မမှန်တာထက်တောင် ပိုသေးတယ်။ သွေးကြောတွေက လှည့်ပတ်မှု မရှိသလောက်ပဲ။ ကျွန်တော် သေခါနီး လူတွေဆီမှာပဲ ဒီလိုအခြေအနေ တွေ့ဖူးတာ” သမားတော်ကြီးဟွမ်က သက်ပြင်းချလိုက်သည်။ ဒီလိုအလုပ်မျိုး လက်ခံရတာ ဘာကောင်းကျိုးမှ မရှိဘူးဆိုတာ သိသားပဲ။

"ဒီကိစ္စကို အထက်ကို တင်ပြဖို့ လိုမလား”

"တင်ပြရမှာပေါ့။ အမှန်အတိုင်း ပြောလိုက်ရုံပဲ။ လူကြီးမင်းယန်ရဲ့ ဒီရောဂါကို ကျုပ်တို့ ကုလို့ မရဘူး”

သမားတော်ကြီး နှစ်ဦးသည် တော်ဝင်သမားတော်ရုံးသို့ ပြန်ရောက်ပြီးနောက် ဌာနမှူးထံ သွားရောက် အစီရင်ခံကြသည်။ သူတို့နောက် လိုက်ပါသွားသော အလုပ်သင်နှစ်ဦးကတော့ မိမိတို့ လမ်းကြောင်းအတိုင်း ထွက်ခွာသွားကြပြီး သူတို့အနက် တစ်ဦးသည် ကိုယ်ပေါ်မှ အဖြူရောင်ဝတ်ရုံကို ချွတ်ပစ်လိုက်ကာ တော်ဝင်သမားတော်ဌာနမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့လေသည်။

မင်ကျင့်စီးသို့ ပြန်ရောက်သောအခါ ထိုသူသည် ပိုင်ရှိုးမင်ထံ သွားရောက် အစီရင်ခံလိုက်သည်။ "လူကြီးမင်း သမားတော်ကြီးနှစ်ဦး ပြောတာက ယန်လိရူရဲ့ သွေးကြောတွေက လှည့်ပတ်မှု မရှိသလောက်ပဲတဲ့ လူသေတစ်ယောက်လိုပဲ။ ယန်အိမ်တော် အိမ်တော်ထိန်းက ပြောတယ် ယန်လိရူက မကြာသေးခင်က အလင်းရောင်ကို အရမ်း ကြောက်နေပြီး အိပ်ခန်းထဲက ပြတင်းပေါက်တွေကို လိုက်ကာတွေနဲ့ အလင်းရောင် ကာထားရတယ်တဲ့။ လက်အောက်ငယ်သားက ယန်လိရူရဲ့ ကိုယ်ပေါ်ကနေ ဖုတ်ကောင်အနံ့ ခပ်ဆင်ဆင်ရတယ်။ ဒါပေမဲ့ အမွှေးနံ့သာတွေနဲ့ ဖုံးထားတယ်။ သူ့လက်ပေါ်မှာ အနက်ရောင် အကွက်တစ်ကွက် ရှိနေတယ်။ အလောင်းကွက်လို့ သံသယဖြစ်မိတယ်။ ဒါကြောင့် ကျွန်တော့်အထင်တော့ သူ ဖုတ်ကောင်အဆိပ် မိနေတာပါ”

ပိုင်ရှိုးမင်သည် ဤလက်အောက်ငယ်သား၏ စကားကို သံသယမရှိပေ။ သူ တော်ဝင်သမားတော်နောက်သို့ လိုက်ပါ စေလွှတ်လိုက်သူသည် သဘာဝအတိုင်း နယ်ပယ်စုံတွင် အနည်းငယ် နားလည်တတ်ကျွမ်းသူ ဖြစ်လေသည်။

"ဖုတ်ကောင်အဆိပ်။ တော်တော် စိတ်ဝင်စားဖို့ ကောင်းသွားပြီ။ ခဏနေရင် ယန်အိမ်တော်ကို အရင် တစ်ပတ် သွားကြည့်မယ်” ပိုင်ရှိုးမင်သည် လက်တစ်ဆစ်စာ ရှည်သော အနက်ရောင် ကြွေပုလင်းတစ်လုံးကို လက်ထဲတွင် ကစားနေသည်။ သူ့ ရှေ့က စားပွဲပေါ်တွင် အနည်းငယ် သေးငယ်သော အဖြူရောင် ကြွေပုလင်း ၅ လုံးသည် တစ်တန်းတည်း စီတန်းလျက် ရှိနေသည်။

ဤအရာများအားလုံးသည် ယန်ဟော်ပုလင်းများ ဖြစ်ကြပြီး အနက်ရောင်သည် အဓိကပုလင်းဖြစ်ကာ အဖြူရောင်များသည် လက်အောက်ခံပုလင်းများ ဖြစ်ကြသည်။

"ရုံးမှာ စောင့်ကြပ်ကျန်နေတဲ့ တပ်မှူးကြီးတွေ အားလုံးကို ခေါ်ခဲ့”

"ဟုတ်ကဲ့” လက်အောက်ငယ်သားသည် အမိန့်ကို နာခံလျက် လူခေါ်ရန် ထွက်သွားသည်။ မကြာမီ တပ်မှူးကြီး ၁၀ဦးသည် အစဉ်လိုက် ဝင်ရောက်လာကြ၏။ ပိုင်ရှိုးမင် အပြင်သို့ စေလွှတ်ထားသော ကျန်းခိုင်မှလွဲ၍ အခြားသူများအားလုံး စုံညီစွာ ရှိနေကြသည်။

သူသည် လူ ၁၀ ဦးထဲမှ ၅ ဦးကို ရွေးချယ်လိုက်ပြီး သူတို့ကို ယန်ဟော်ပုလင်း တစ်လုံးစီ ယူဆောင်စေကာ သက်ရှိဖုတ်ကောင်၏ သဲလွန်စကို သွားရောက် ရှာဖွေခိုင်းလိုက်သည်။ ကျန်လူများကတော့ မင်ကျင့်စီးတွင် စောင့်ကြပ် ကျန်ရစ်ခဲ့ကြပြီး မမျှော်လင့်ထားသည်များ ဖြစ်ပွားပါက ကာကွယ်ရန် ဖြစ်သည်။

အမိန့် ချမှတ်ပြီးနောက် မကြာမီပင် မင်ကျင့်စီး တပ်မှူးကြီးများသည် မိမိတို့၏ လက်အောက်ငယ်သားများကို ခေါ်ဆောင်လျက် ရုံးမှ ထွက်ခွာကာ သက်ရှိဖုတ်ကောင်၏ ခြေရာများကို လိုက်လံ ရှာဖွေကြသည်။

ပိုင်ရှိုးမင်ကတော့ ဖုန်းယန်နှင့် မင်ကျင့်စီး အစောင့်တပ်ဖွဲ့တစ်ဖွဲ့ကို ခေါ်ဆောင်ကာ ရုံးမှ ထွက်ခွာခဲ့သည်။

အချိန်က စောနေသေးသည်။ မင်ကျင့်စီး တစ်ဖွဲ့လုံး ထွက်ခွာလာသည်ကို မြင်တွေ့ရသဖြင့် သာမန်ပြည်သူများသည် ကိစ္စကြီး တစ်စုံတစ်ခု ဖြစ်ပွားမည်ကို စိုးရိမ်ပြီး မိမိတို့ပါ ရောယှက် ထိခိုက်မိမည်ကို ကြောက်ရွံ့ကာ အပြင်ဘက်တွင် မနေရဲကြတော့ချေ။

ပိုင်ရှိုးမင်သည် လူများကို ခေါ်ဆောင်ကာ ယန်အိမ်တော်၏ မလှမ်းမကမ်းသို့ ရောက်ရှိသည်နှင့် မင်ကျင့်စီး၏ အထူးပြုလုပ်ထားသော အချက်ပြမြား ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

နေရာကို ကြည့်လိုက်တော့ သာ့ထုန်ဖန်း တွင် ဖြစ်ဟန်တူသည်။ ထို့နောက် ယုံအန်းဖန်းတွင်လည်း အချက်ပြမြား ထိုးတက်လာပြန်သည်။

"ရာဇဝတ်မှုဌာနက လူတွေ ပြောတာတော့ အဲ့ဒီဖုတ်ကောင်က အဆင့်တက်တော့မယ် ဆိုပဲ။ သူက သက်ရှိဖုတ်ကောင်အသစ်တွေ ဒီလောက်တောင် အများကြီး ဖန်တီးထားခဲ့တာပဲ” ဖုန်းယန်သည် အနည်းငယ် တုန်လှုပ်သွား၏။ ယန်ဟော်ပုလင်းကို သုံးပြီး ဖုတ်ကောင် ရှာတာ မဟုတ်ရင် ဒီကောင်တွေ မြို့ထဲမှာ ပုန်းအောင်းနေကြတော့မှာပဲ။

ပိုင်ရှိုးမင်သည် သူ့ကို ဂရုမစိုက်ဘဲ မိမိလက်ထဲမှ ယန်ဟော်ပုလင်းက အားနည်းသော အနီရောင် မီးတောက်ငယ်တစ်စ ထွက်ပေါ်လာသည်ကို ကြည့်နေသည်။ ထိုမီးတောက်ငယ်သည် ကွေးညွတ်လျက် ယန်အိမ်တော်၏လားရာကို ညွှန်ပြနေလေသည်။

ဖုန်းယန်သည် မီးတောက်ကို မြင်လိုက်ပြီး ပြောလာခဲ့၏။ "အဲ့ဒီ လူကြီးမင်းယန်က သက်ရှိဖုတ်ကောင် ဖြစ်သွားပြီလား မသိဘူး”

"မဖြစ်သေးဘူး။ သူသာ အခု သေသွားရင်တော့ ဖြစ်နိုင်ခြေ ရှိတယ်” ပိုင်ရှိုးမင်က ယန်အိမ်တော်၏လားရာကို တစ်ချက် ကြည့်လိုက်သော်လည်း ဝင်ရောက် ဖမ်းဆီးခြင်း မပြုခဲ့ပေ။

"လူကြီးမင်း ကျွန်တော်တို့ အခု ဘယ်သွားမလဲ”

"မနေ့ညက သက်ရှိဖုတ်ကောင် ချန်းဖိင်ဖန်းမှာ ပေါ်ခဲ့တယ် မဟုတ်လား။ ငါတို့ အဲ့ဒီကို သွားမယ်”

နဂါးသွေးမြင်းသည် ချန်းဖိင်ဖန်းဆီသို့ ဒုန်းဆိုင်း ပြေးသွားလေသည်။ ချန်းဖိင်ဖန်းသို့ ဝင်လာသည်နှင့် ပိုင်ရှိုးမင်၏ လက်ထဲမှ ယန်ဟော်ပုလင်းသည် သုံးလက်မခန့် ရှည်သော အနီရောင် မီးလျှံတစ်ခု ထွက်ပေါ်လာသည်။ ထိုမီးလျှံသည် သူတို့ကို လမ်းတစ်လျှောက်လုံး လမ်းညွှန်ခေါ်ဆောင်သွားပြီး ချန်းဖိင်ဖန်း၏ အစွန်ဆုံးထောင့်တစ်နေရာမှ စွန့်ပစ်ထားသော အိမ်အလွတ်တစ်လုံးဆီသို့ ရောက်ရှိသွားသည်။

ထိုအိမ်သည် စွန့်ပစ်ထားသည်မှာ ကြာပြီဖြစ်ဟန်တူပြီး တံခါးမကြီးပေါ်တွင် အစိုးရ၏ ချိပ်ပိတ်တံဆိပ်တုံးကိုပင် ကပ်ထားသေးသည်။

နေရာ တွေ့ရှိသွားသောအခါ ဖုန်းယန်က စမ်းကြည့်ရန် စိတ်အားထက်သန်လို့နေသည်။ "လူကြီးမင်း ကျွန်တော် သွား..."

ပိုင်ရှိုးမင်က ပြန်မဖြေဘဲ မြင်းပေါ်မှ လွှားခနဲ ခုန်ဆင်းလိုက်သည်။

သူသည် တစ်ကိုယ်တည်း ထိုစွန့်ပစ်ထားသော အိမ်ထဲသို့ ဝင်ရောက်သွားသည်။ မကြာမီပင် အိမ်ထဲမှ သက်ရှိဖုတ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး နောက်တစ်ခဏတွင် ဟိန်းဟောက်သံသည် ပျောက်ကွယ်သွားသည်။

တစ်နာရီ၏ လေးပုံတစ်ပုံအတွင်းမှာပင် ပိုင်ရှိုးမင်က ထွက်လာပြီး ဖုန်းယန်ကို ပြောလိုက်သည်။ "အထဲဝင်ပြီး အလောင်း ရှင်းလိုက်။ ခေါင်းကို သေချာ ထည့်ထား။ မနက်ဖြန် အရှင်မင်းကြီးကို ပြရမယ်”

ဖုန်းယန်၏ မျက်လုံးထောင့်သည် တွန့်ကွေးသွားတော့၏။ အရှင်မင်းကြီးက နံနက်ခင်း ညီလာခံမှာ သက်ရှိဖုတ်ကောင်ရဲ့ ခေါင်းကို တွေ့ချင်မှာ မဟုတ်ဘူး ထင်တယ်ဟု တွေးမိသော်လည်း မည်သို့ပင် ဆိုစေကာမူ ဤသည်မှာ သူတို့၏ လူကြီးမင်း၏အမိန့် ဖြစ်သည် မဟုတ်ပါလား။

မကြာမီ မင်ကျင့်စီး အစောင့်တပ်ဖွဲ့သည် သက်ရှိဖုတ်ကောင်၏ ရုပ်အလောင်းကို သေချာ ထုပ်ပိုးလိုက်ပြီး သက်ရှိဖုတ်ကောင်၏ ဦးခေါင်းကိုတော့ သီးခြား သေတ္တာတစ်လုံးထဲသို့ ထည့်သွင်းလိုက်သည်။

အခြားနေရာများတွင် အချက်ပြမြားများ ထပ်မံ ထိုးတက်လာခြင်း မရှိတော့သဖြင့် မြို့တော်တွင်းမှ သက်ရှိဖုတ်ကောင်များအားလုံး ရှင်းလင်းပြီး ဖြစ်တန်ရာသည်။

ဖုန်းယန် ဤသို့ တွေးတောနေစဉ်မှာပင် သူသည် ခေါင်းလှည့်၍ ပိုင်ရှိုးမင်၏ လက်ထဲမှ ယန်ဟော်ပုလင်းက မီးလျှံတစ်စ ထပ်မံ ပန်းထွက်လာသည်ကို မြင်လိုက်ရသည်။ ဤတစ်ကြိမ် မီးလျှံသည် တစ်လက်မခန့်သာ ရှည်သော်လည်း ချန်းဖိင်ဖန်းတွင် အခြား သက်ရှိဖုတ်ကောင်တစ်ကောင် ရှိနေသေးသည်မှာ အလွန် ထင်ရှားလှသည်။

သူတို့သည် ခြေတစ်လှမ်းမှ မရပ်မနားဘဲ ဒုတိယ သက်ရှိဖုတ်ကောင် ပေါ်ထွက်လာသည့် နေရာသို့ အလျင်အမြန် သွားရောက်ခဲ့ကြ၏။ ထို့နောက် ယန်ဟော်ပုလင်းသည် အကျွမ်းတဝင်ရှိသော တံခါးမကြီးတစ်ခု၏ အပြင်ဘက်သို့ သူတို့ကို ခေါ်ဆောင်လာခဲ့လေသည်။

တံခါးချပ်အသစ် လဲလှယ်ထားသော နှစ်ထပ်အိမ်ငယ်လေးကို ကြည့်ရင်း ဖုန်းယန်သည် သူတို့၏ လူကြီးမင်းကို တစ်ချက် ခိုးကြည့်လိုက်မိလေသည်။ ဝမ်းနည်းစရာမှာ သူသည် သူတို့၏ လူကြီးမင်းက ယခုအချိန်တွင် မည်သို့ ခံစားနေရသည်ကို လုံးဝ မခန့်မှန်းနိုင်ခဲ့ပေ။

လူတစ်စုသည် မြင်းပေါ်က ဆင်းလိုက်ကြပြီး ပိုင်ရှိုးမင်၏ နောက်မှ ဆိုင်အတွင်းသို့ ဝင်ရောက်သွားကြသည်။

ဤဆိုင်သည် မကြာသေးမီကမှ ဖျက်ဆီး ခံထားရသဖြင့် ယာယီအားဖြင့် အပြင်လူ လက်မခံပေ။ ဆိုင်တံခါးသည် ပွင့်နေသော်လည်း အတွင်း၌ လူ အရိပ်အယောင် မမြင်တွေ့ရပေ။

"ဟွေ့ညန် ကျွန်မရဲ့ ကြက်ဥဖက်ထုပ်လေး ရပြီလား”

ပိုင်ရှိုးမင်သည် လှေကားနံဘေးသို့ ရောက်ရှိသည်နှင့် အပေါ်ထပ်မှ အမျိုးသမီးတစ်ဦး၏ နူးညံ့ပျော့ပျောင်းသော အသံကို ကြားလိုက်ရသည်။ တစ်စုံတစ်ဦးကို ချွဲနွဲ့နေသကဲ့သို့ပင်။

"လာပြီ” နောက်ထပ်မကြားဖူးသော အသံတစ်သံ ထွက်ပေါ်လာပြီး နောက်ဖေးခြံဝင်းသို့ သွားရာ ခန်းဆီးစကို တွန်းဖွင့်လိုက်စဉ် ချန်ဟွေ့သည် ပိုင်ရှိုးမင်၏ ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့လေသည်။

သူမသည် အရာရှိဝတ်စုံများကို ဝတ်ဆင်ထားသော မစိမ်းလှသည့် လူအုပ်စုကို မြင်တွေ့သောအခါ မျက်နှာသွင်ပြင်သည် ရုတ်တရက် ပြောင်းလဲသွားပြီး နောက်ဖေးခြံဝင်းထဲ ပြန်ဝင်ရန် ကိုယ်ကိုလှည့်လိုက်တော့သည်။

နောက်တစ်ခဏတွင် ဓားအလင်းတန်းတစ်ချက် လက်ခနဲ ဖြစ်သွားပြီး ဓားတစ်လက်သည် ချန်ဟွေ့၏ ခြေရင်းတွင် စိုက်ဝင်သွားသည်။ သူမ၏ ခန္ဓာကိုယ်သည် ချက်ချင်း တောင့်တင်းသွားပြီး ဆက်လက် လှုပ်ရှားခြင်း မပြုဝံ့တော့ပေ။

"ဟွေ့ညန်” အားချန်သည် အသံကို ကြားလိုက်ရသည်။ သူမသည် အခန်းထဲမှ ထွက်လာပြီး လှေကားထိပ်တွင် ရပ်လျက် လှေကားလက်ရန်းကို ကိုင်ကာ ကိုယ်တစ်ပိုင်းကို ထုတ်ပြီး အောက်သို့ ကြည့်လိုက်သည်တွင် သူမ၏ နားဘေးတွင် ပန်ဆင်ထားသော သလဲပန်းတစ်ပွင့်သည် မတော်တဆ ပြုတ်ကျလာခဲ့သည်။

ပိုင်ရှိုးမင်က လက်ကို မြှောက်လိုက်ရာ ထိုသလဲပန်းပွင့်သည် သူ၏ လက်ဖဝါးထဲသို့ ကျရောက်လာခဲ့သည်။

သူသည် ခေါင်း မော့လိုက်သည်တွင် အားချန်နှင့် အကြည့်ချင်း ဆုံသွားလေတော့သည်။

...

All Chapters