သူတို့နှစ်ယောက်ကို မင်ကျင့်စီးကို ခေါ်သွားလိုက်ကြ ...
Vol. 5 Ch. 41
အားချန်သည် ပိုင်ရှိုးမင်ကို မြင်လိုက်သည့်အခိုက်တွင် ပင့်သက်တချက် လရှိုက်လိုက်ပြီး စိတ်ထဲတွင် ကြိတ်ပြီး စဉ်းစားလိုက်တော့၏။ ဒီလူက ဘယ်လိုလုပ်ပြီး ရောက်လာ ပြန်တာလဲ။
သူမသည် အောက်ထပ်သို့ မြန်မြန်ဆင်းလာသည်တွင် ကြက်ဥဖက်ထုပ်ပန်းကန်ပြားကို ကိုင်ထားသည့် ဟွေ့ညန်သည် ဓားတစ်လက်ဖြင့် ထိန်းချုပ်ခံထားရသည်ကို တွေ့လိုက်ရ၏။
"လူကြီးမင်း ဒါ ဘာလုပ်တာလဲ" အားချန်သည် နားမလည်ချင် ဟန်ဆောင်ကာ မေးလိုက်၏။
"မင်း မသိဘူးလား"
"ကျွန်မက ဘာသိဖို့လိုတာလဲ" အားချန်ကတော့ အပြစ်ကင်းစင်သည့် ရုပ်ကလေးနဲ့ ပြောလိုက်သည်။ "ဟွေ့ညန်က ကျွန်မရဲ့ ထမင်းချက်အသစ်လေ။ ပြဿနာရှိလို့လာ"
"မင်း မသိဘူးဆိုမှတော့ ထားလိုက်ပါတော့" ပိုင်ရှိုးမင်၏ နှစ်လိုဖွယ်ကောင်းလှသည့် မက်မွန်ပွင့်မျက်လုံးများထဲတွင် အပြုံးတစ်စ ရှိနေသော်ငြားလည်း သူ့ပါးစပ်က ထွက်လာသည့် စကားလုံးများကတော့ အင်မတန် ရက်စက်လှသည်။ "ဖုန်းယန် ဒီသက်ရှိဖုတ်ကောင်ရဲ့ ခေါင်းကိုဖြတ်ချလိုက် သူ့ရဲ့ပြစ်မှုကို မှတ်တမ်းတင်ထားလိုက်။ လူယောင်ဆောင်ပြီး မိန်းကလေးကျိချန်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်တယ်လို့"
ဖုန်းယန်က ပြန်မဖြေရသေးခင်မှာပင် အားချန်က သူ့ကို အလောတကြီး ဝင်တားလေတော့သည်။ "ခဏလေး။ ကျွန်မ သိပြီ"
"အခုတော့ သိသွားပြီလား။ သက်ရှိဖုတ်ကောင် တစ်ကောင်ကို လက်ခံထားရဲတယ်။ ကျိချန် မင်းရဲ့သတ္တိက တကယ်မသေးဘူးပဲ"
အားချန်သည် ချက်ချင်းဆိုသလို အားနည်းဟန် ပြသလိုက်ကာ အသံသည်လည်း နူးညံ့သွားလေတော့သည်။ "လူကြီးမင်း ဟွေ့ညန်က အကြောင်းမဲ့ အသတ်ခံလိုက်ရတာပါ။ မသေတဲ့အပြင် သက်ရှိဖုတ်ကောင် ဖြစ်သွားတာ။ ကျွန်မက သူ့ကို သနားလို့ လက်ခံထားတာပါ။ ပြီးတော့ သူက လူတွေကိုလည်း ထိခိုက်အောင် မလုပ်ဖူးပါဘူး။ တခြားသူတွေကိုလည်း အနှောင့်အယှက် မပေးခဲ့ပါဘူး"
"သေသွားတဲ့ သက်ရှိဖုတ်ကောင်တွေကပဲ လူတွေအတွက် အနှောင့်အယှက် မဖြစ်စေတာ"
အားချန်၏မျက်ဝန်းအိမ်သည် ဖျတ်ခနဲနီရဲသွားကာ ခေါင်းမာစွာဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ သူကတော့ လူကို မထိခိုက်ဘူးလေ"
"အဲတာ ငါနဲ့ ဘာဆိုင်လို့လဲ"
အားချန်သည် နှာခေါင်းလေး တစ်ရှုံ့ရှုံ့ဖြင့် ကျယ်လောင်စွာ ဆိုလေတော့သည်။ "တချို့လူတွေကျတော့ မြို့ထဲမှာ မိစ္ဆာတစ်ပိုင်းတွေ မွေးလို့ရတယ်။ ကျွန်မက သက်ရှိဖုတ်ကောင် တစ်ကောင်မွေးတာ ဘာဖြစ်လို့လဲ။ ကျွန်မက မကောင်းမှုဒုစရိုက် လုပ်နေတာမှ မဟုတ်တာ !"
ပိုင်ရှိုးမင်သည် သူမကို ဒေါသထွက်ရလွန်းသဖြင့် ရယ်ချင်စိတ်ပင် ဖြစ်သွားတော့၏။ သို့သော်ငြား သူမကတော့ ယုံကြည်ချက် ရှိနေလေသည်။
"မြို့ထဲမှာ မိစ္ဆာတစ်ပိုင်းတွေ မွေးလို့ရတယ်လို့ မင်းကို ဘယ်သူပြောလို့လဲ"
အားချန်သည် ဖုန်းယန်ကို လှမ်းကြည့်လိုက်၏။ ဘေးသို့ တိုးတိုးတိတ်တိတ် နေရာပြောင်းသွားသည့် ဖုန်းယန်ကလည်း ချက်ချင်းဆိုသလို တောင့်တင်းသွားတော့သည်။ မိမိ၏အထက်လူကြီးထံမှ အေးစက်စက်အကြည့်ကို မြင်တွေ့လိုက်ရသောအခါ သူကလည်း ရဲရဲဝင့်ဝင့် ဝန်ခံလိုက်ရလေတော့သည်။ "ကျွန်တော်မျိုး ပြောခဲ့တာပါ"
"ရှင်တို့လို လူတွေကျတော့ မွေးလို့ရတယ်။ ကျွန်မ ကဘာလို့ မွေးလို့ မရရမှာလဲ။ ကျွန်မက သူတို့ထက် ရုပ်ဆိုးတာမှ မဟုတ်တာ" အားချန်သည် ပြောလေလေ မိမိကိုကိုယ်မမ ကျိုးကြောင်းသင့်သည်ဟု ထင်မြင်လာလေလေပင်။
"သူတို့တွေက အဲဒီ မိစ္ဆာတစ်ပိုင်း အကောင်တွေကို လက်ဝါးတစ်ချက်နဲ့ ရိုက်သတ်နိုင်တယ်။ မင်းကရော" ပိုင်ရှိုးမင်၏အသံသည် တိုးညှင်းကာ ခြိမ်းခြောက်သည့် အငွေ့အသက် ပါရှိလို့နေသည်။
အားချန်ကလည်း သူမ၏မျက်နှာငယ်လေးကို မော့လိုက်ပြီး အရှိန်အဝါကလည်း အနည်းငယ်မျှ မလျော့ဘဲ ပြောလိုက်သည်။ "ဒါဆိုရင် ကျွန်မက မိစ္ဆာတစ်ပိုင်းအကောင်ရဲ့ လက်ဝါးတစ်ချက်တည်းနဲ့ အသတ်ခံရနိုင်တာပဲ။ ဟွေ့ညန်က ကျွန်မကို ကာကွယ်ပေးဖို့ ပိုပြီးတော့တောင် လိုအပ်သေးတယ်။ မဟုတ်ဘူးလား"
ဖုန်းယန်သည် အသံတိတ် ခေါင်းငြိမ့်ပြလိုက်၏။ လေသံကတော့ တော်တော်လေးကို ကျိုးကြောင်းဆီလျော်တာပဲ။
ပိုင်ရှိုးမင်က နှုတ်ဆိတ်သွားသည်ကို တွေ့လိုက်ရသောအခါ အားချန်ကလည်း ဆက်ကြိုးစားလေသည်။ "လူကြီးမင်း ကျွန်မ အရင်က လူကြီးမင်းကို ကြီးမားတဲ့အကူအညီတစ်ခု ပေးခဲ့တဲ့မျက်နှာကို ထောက်ထားပြီး ဟွေ့ညန်ကို ဒီအတိုင်း လွှတ်ပေးလိုက်ပါလားနော်"
"ငါ မှတ်မိသလောက်ကတော့ ငါတို့ရဲ့သဘောတူညီချက် ပြီးဆုံးသွားပြီပဲ"
အားချန်သည် ချက်ချင်းဆိုသလို ရင်နာသွားသည့် ရုပ်ကလေးဖြစ်သွားကာ "သဘောတူညီချက် မရှိတော့ရင်တောင် သံယောဇဉ် ရှိသေးတာပဲ မဟုတ်ဘူးလား။ လူကြီးမင်းက သံယောဇဉ်ကို နည်းနည်းလေးမှ မထောက်ထားတော့ဘူးလား"
"မင်းနဲ့ငါ့ကြားမှာ ဘာသံယောဇဉ်ရှိလို့လဲ"
အားချန်က ခေါင်းကို တစ်ဖက်သို့ လွှဲထားလိုက်ကာ မျက်ရည်များ တစ်ပေါက်ပေါက် ကျဆင်းလာတော့သည်။ ရှိုက်ငိုရင်းက သူမက ပြောလိုက်၏။ "ကျွန်မကတော့ ကျွန်မနဲ့လူကြီးမင်းက တော်တော်လေး ရင်းနီးနေပြီလို့ ထင်ထားတာ။ တကယ်တမ်းကျတော့ ကျွန်မဘက်က တစ်ဖက်သတ် ဖြစ်နေတာကိုး။ လူကြီးမင်းက ကျွန်မနဲ့နည်းနည်းလေးမှ မရင်းနှီးတာပဲ"
ပိုင်ရှိုးမင်သည် ယခုအချိန်တွင်တော့ ငိုယိုနေသည့်သူမကို မြင်ရသောအခါ ခေါင်းကိုက်ချင်လာတော့၏။ သူ့မှာ မတတ်သာတော့ဘဲ ပြောရလေတော့သည်။ "မင်းဟာလေ ငိုယိုတာကလွဲပြီး တခြားမလုပ်တတ်တော့ဘူးလား"
"ကျွန်မ ငိုတာ ဘာဖြစ်လို့လဲ။ ဘာပဲဖြစ်ဖြစ်လေ ကျွန်မတို့က ရင်းနှီးတာမှ မဟုတ်တာ။ ရှင်က ကျွန်မဘယ်လို ငိုမလဲဆိုတာကို လာပြီး ထိန်းချုပ်နေတာလား။ မနေ့တုန်းကလည်း လူတွေက ကျွန်မဆိုင်ကို လာဖျက်ဆီးတုန်းက ဟွေ့ညန်ကပဲ ကျွန်မကို ကယ်တင်ပေးခဲ့တာ။ သူသာ မရှိရင် ရှင်က အသက်ရှိနေတဲ့ ကျွန်မကိုတောင် တွေ့ရမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီနေ့ အသက်ရှင်လည်း မနက်ဖြန် အသက်ရှင်ချင်မှ ရှင်မှာလေ။ ကျွန်မလည်း ငိုချင်သလောက် ငိုထားမှာပဲ !"
အားချန်သည် ပြောရင်းဆိုရင်း ပိုလို့ပင် ဝမ်းနည်းလာကာ သူမ၏မျက်လုံးများကလည်း နီရဲနေပြီး မျက်ရည်များက သူမ၏ပါးပြင်ပေါ်မှတစ်ဆင့် သေးငယ်သည့်မေးစေ့လေးပေါ်သို့ တစ်စက်ချင်း လိမ့်ကျလာလေတော့သည်။
သူမ၏စကားလုံးများကြောင့် ပိုင်ရှိုးမင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ထိုနေ့က နန်းတွင်းသမားတော်ဟွမ် ပြောခဲ့သည့် စကားလုံးကလည်း စိတ်ထဲသို့တဖန် ဝင်ရောက်လာလေသည်။ "သာမန်လူတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် သူက အသက်ရှင်ရဖို့ ရက်တွေ သိပ်မကျန်တော့ဘူး"
"နဂါးမင်းဆီက တောင်းတဲ့ မိုးရေကတောင်မင်းရဲ့ မျက်ရည်လောက် မြန်မြန်ကျလာမှာ မဟုတ်ဘူး"
"ဪ။ နောက်တခါ တစ်ယောက်ယောက်က ကျွန်မဆီကနေ မိုးရေတွေ လာတောင်းရင် သူတို့ကို စျေးတစ်ဝက်နဲ့ ယူပေးလိုက်မယ်" အားချန်သည် ငိုရလွန်းသဖြင့် စကားကလည်း ရှေ့နောက်မညီဖြစ်ကာ သူမ ဘာပြောနေသည့် အကြောင်းအရာကိုပင် မသိတော့ချေ။
သူမကအသည်းအသန် ငိုကျွေးနေပြီး အသက်ပင် မရှူနိုင်တော့သည်ကို တွေ့ရသည်တွင် ပိုင်ရှိုးမင်ကလည်း လေပူတစ်ချက် မှုတ်ထုတ်လိုက်ကာ ရှေ့သို့လျှောက်လာပြီးနောက် သူမ အသက်ရှူနိုင်ရန်အတွက် သူမ၏ကျောပြင်လေးကို နှစ်ချက်လောက် ပွတ်ပေးလိုက်လေသည်။ သူ့အသံကတော့ တင်းမာနေဆဲပင်။ "သူက လူသားမဟုတ်ဘူး"
"သူက တခြားသူတွေထက် အများကြီး ပိုကောင်းတယ်။ သူက ကျွန်မအတွက်လည်း ချက်ပြုတ်ပေးနိုင်သေးတယ်"
"သူသာ ထမင်းထဲမှာ ဖုတ်ကောင်အဆိပ် နည်းနည်းလေး ခပ်ထားလိုက်ရင် မနက်ဖြန် မင်း သေပြီ"
"သေတော့လည်း သေပါစေပေါ့။ ငတ်သေတာထက်တော့ သာပါသေးတယ်"
အခန်းအတွင်းက မင်ကျင့်စီးအစောင့်များသည် အစကတော့ သက်ရှိဖုတ်ကောင်ကို ဓားလှံများဖြင့် ဝိုင်းရံထားပြီး အကြီးအကျယ် သတ်ဖြတ်ရန် အသင့်အနေအထား ရှိနေကြသော်ငြား ရလဒ်မှာ သူတို့၏ ကျန့်ရှီဖူလူကြီးမင်းနှင့် ဆိုင်ပိုင်ရှင်အမျိုးသမီးတို့ စကားများရန်ဖြစ်နေကြသည်ကိုသာ တွေ့လိုက်ရလေသည်။
ဒါပေမဲ့ ဒီရန်ဖြစ်နေတဲ့ အကြောင်းအရာက ကြားလိုက်ရတော့လည်း တစ်ခုခုလွဲနေသလိုပဲ။
ဖုန်းယန်သည် စိတ်ထဲတွင်တော့ ကျွတ် ကျွတ်ဟု နှစ်ချက် စုတ်သပ်မိတော့သည်။ မိန်းကလေးကျိက ငါတို့လူကြီးမင်းကို နိုင်တဲ့နည်းလမ်း ရှိတယ်ဆိုတာ ငါ သိသားပဲ။ တခြားသူသာ ဒီလိုစကားမျိုး ပြောရဲရင် အစောကြီးကတည်းက နံရံနဲ့ တစ်ချက်တည်း ကပ်သွားလောက်ပြီ။
သူ သက်ရှိဖုတ်ကောင် မွေးချင်တယ်လို့ ပြောထွက်လိုက်တဲ့အချိန်မှာ လူကြီးမင်းက ဒေါသမထွက်တာကပဲ သူ တစ်ဝက်လောက် အောင်မြင်သွားခဲ့တာ။
"မင်း သူ့ကို မခွဲရက်တာလား"
"ဟုတ်တယ်" ပိုင်ရှိုးမင်၏ သဘောထားက အနည်းငယ် ပျော့ပြောင်းသွားသယောင် ဖြစ်သွားသည်ကို ခံစားမိလိုက်သည်တွင် အားချန်ကလည်း တရစပ် ခေါင်းငြိမ့်ပြလေတော့သည်။ "ကျွန်မ သူနဲ့အတူတူ နေချင်တယ်"
"ကောင်းပြီလေ" ပိုင်ရှိုးမင်၏ နှုတ်ခမ်းထောင့်သည် မသိမသာ တွဲကျသွားကာ "လာကြ။ သူတို့နှစ်ယောက်စလုံးကို မင်ကျင့်စီးရုံးကို ခေါ်သွားလိုက်ကြ"
"အမ် ?" အားချန်မှာ မှင်သက်သွားလေသည်။
စိတ်လှုပ်ရှားစရာကို စောင့်ကြည့်နေကြသည့် မင်ကျင့်စီး အစောင့်များသည် အမိန့်တော်ကို လက်ခံရရှိပြီးနောက်တွင် အချိန်မဆွဲဝံ့တော့ဘဲ လူတစ်စုက ချန်ဟွေ့ကို ဖမ်းဆီးချုပ်နှောင် ထားလိုက်ပြီး ကျန်နှစ်ယောက်ကတော့ အားချန်ကို ဂရုတစိုက်လေးဖြင့် အိမ်ပြင်သို့ ဖိတ်ခေါ်လိုက်ကြသည်။
"ဘာကြည့်နေတာလဲ" ဖုန်းယန်က လည်ပင်းကိုဆန့်ကာ အပြင်သို့ လှမ်းကြည့်နေသည်ကို တွေ့လိုက်သည်တွင် ပိုင်ရှိုးမင်က သူ့ဘက်ကို လှမ်းကြည့်လာလေသည်။
"မိန်းကလေးကျိက ခုနတုန်းက အရမ်းငိုထားတာလေ။ သူ အပြင်ဘက်မှာ လေပြင်းတွေ တိုက်ပြီးတော့ နေမကောင်း ဖြစ်သွားမှာစိုးလို့ပါ"
"မင်းနဲ့ဆိုင်လို့လား"
"အဲဒါတော့ မဆိုင်ပါဘူး" ဖုန်းယန်သည် စိတ်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်လေသည်။ တကယ်လို့လူကို နေမကောင်း ဖြစ်အောင်လုပ်မိရင် လူကြီးမင်းပဲ နောက်ဆုံးတော့ သမားတော် ပင့်ခေါ်ပေးရဦးမှာနော်။
ပိုင်ရှိုးမင်သည် သူ့ကို ဂရုမစိုက်ဘဲ မျက်နှာထားတင်းတင်းဖြင့် ထွက်လာတော့၏။
ချန်ဟွေ့သည် နဂါးသွေးမြင်းတစ်ကောင်ပေါ်တွင် ချည်နှောင်ခံထားရပြီး အစမှအဆုံးအထိ စကားတစ်ခွန်းမှ မပြောခဲ့ချေ။ မင်ကျင့်စီးဌာနသည် မည်သို့သော နေရာမျိုးဖြစ်သည်ကို အစောကြီးကတည်းက သိထားပြီးသားဖြစ်၏။ ထိုအထဲသို့ ဝင်ရောက်သွားပါက အသက်ရှင်လျက်နှင့် မည်သို့မှ ပြန်ထွက်လာနိုင်မည် မဟုတ်ချေ။
သူမ အတွက်တော့ အရေးမကြီးပေ။ အစကတည်းက သူမသည် သေလူတစ်ယောက် ဖြစ်နေနှင့်ပြီးသားပင်။ သို့သော်ငြား အားချန်သည် သူမအတွက် ဒီလူနှင့် အချိန်အကြာကြီး အနီးကပ်နေခဲ့ပြီး ယခုအချိန်တွင် သူမပါ အဖမ်းခံလိုက်ရသဖြင့် စိတ်ထဲတွင် နေမထိထိုင်မသာအောင် ဖြစ်နေလေတော့သည်။
အားချန်ကတော့ အခြေအနေကို ချက်ချင်းပင် အသားကျသွားပြီး သူမကို ချည်နှောင်ရန်ပင်မလိုဘဲ အလိုက်တသိဖြင့် အဖွဲ့ထဲက အမြင့်ဆုံး နဂါးသွေးမြင်း၏ကျောပေါ်သို့ တက်လိုက်တော့သည်။ ထိုမြင်းသည် ခွာများကို ကန်ကျောက် လိုက်သော်ငြားလည်း သူမကို အောက်သို့ မခါချနိုင်ခဲ့ပေ။
ပိုင်ရှိုးမင်သည် အိမ်အပြင်သို့ ထွက်လာသည်နှင့် မိမိ၏မြင်းကို လုယူသွားသော ကျိချန်ကို တွေ့လိုက်ရတော့၏။ သူမ၏ သေးသွယ်နုနယ်လှသည့် ခန္ဓာကိုယ်လေးသည် မြင်း၏ကျောပေါ်တွင် ထိုင်လျက်နှင့် ယိမ်းထိုးနေလေတော့၏။
နောက်က လိုက်ထွက်လာသည့် ဖုန်းယန်မှာ သူ့အထက်လူကြီးမင်း၏ နောက်သို့ လိုက်ကြည့်လိုက်သည်တွင် ဤမြင်ကွင်းကို တွေ့လိုက်ရပြီး သူ့မှာ မဝင့်မရဲ မေးလေတော့သည်။ "လူကြီးမင်း ကျွန်တော် မိန်းကလေးကျိအတွက် မြင်းတစ်ကောင်လဲ ပေးလိုက်ရမလား"
ပိုင်ရှိုးမင်သည် ဘာတစ်ခွန်းမှ မပြောဘဲ သူ့မြင်းနားသို့ ရောက်သွားကာ လွှားခနဲ မြင်းပေါ်ခုန်တက်လိုက်လေသည်။
မင်ကျင့်စီး အစောင့်များသည် မြန်မြန်ဆန်ဆန် ရောက်လာပြီး မြန်မြန်ဆန်ဆန် ထွက်ခွာသွားခဲ့၏။ ပတ်ဝန်းကျင်ဆိုင်က ပိုင်ရှင်များကတော့ ဖြစ်ပျက်သွားသည့် အကြောင်းအရာကို ဘာမှန်းမသိလိုက်ခင်မှာပင် သူတို့သည်မြင်းများကို ဒုန်းစိုင်းမောင်းနှင်ကာ ထွက်ခွာသွားကြပြီ ဖြစ်သည်။
အားချန်သည် ယခင်က ပိုင်ရှိုးမင်၏မြင်းကို စီးဖူးသော်ငြားလည်း ထိုအချိန်က သူသည် မြင်းကိုဆွဲကာ အရှိန်လေးဖြင့်သွားခဲ့သဖြင့် နဂါးသွေးမြင်း စီးသည့်အခါ ဒီလောက်မြန်လိမ့်မည်ကို မသိထားခဲ့ ချေ။
မကြာခင်မှာပင် ဆံပင်များသည် သူမ၏မျက်နှာတစ်ခုလုံးကို ဖုံးအုပ်သွားလေတော့သည်။
အားချန်သည် သူမ၏ဆံပင်များနှင့် ခဏလောက် တိုက်ခိုက်လိုက်ပြီးနောက် နောက်ဆုံးတွင်တော့ ကူကယ်ရာမဲ့စွာ လက်လျှော့လိုက်လေတော့၏။ သူမက ပိုင်ရှိုးမင်သည် မိမိကို တိတ်တဆိတ် လက်စားချေနေသည်ဟုသာ သံသယ ဝင်နေတော့သည်။
သိပ်မကြာခင်မှာပင် လူတစ်စုသည် မင်ကျင့်စီးသို့ ပြန်ရောက်လာတော့သည်။
ချန်ဟွေ့ကို တိုက်ရိုက်ခေါ် ဆောင်သွားခဲ့သော်ငြားလည်း အားချန်ကိုတော့ ဘယ်သူမှ လာရောက်ပြီး ဂရုစိုက်ပေးခဲ့ခြင်းလည်း မရှိချေ။
သူမသည် ရုံးထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားသည့် ပိုင်ရှိုးမင်ကိုကြည့်ရင်း အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လိုက်ပါလာခဲ့တော့သည်။
ပိုင်ရှိုးမင်သည် အတွင်းဆောင်သို့ ဝင်လာပြီးနောက်တွင် အားချန်ကို တစ်ချက်မှ လှည့်မကြည့်ဘဲ ရုံးစာရွက်စာတန်းများကိုသာ ဖတ်ရှုနေလေ၏။ အားချန်က အရင်ဆုံး သူနှင့်အဝေးဆုံး ထိုင်ခုံတစ်လုံးကို ရှာဖွေကာ ထိုင်ချလိုက်ပြီး ခဏလောက် ထိုင်ချလိုက်ပြီးနောက်တွင် ထိုင်ခုံက အလွန်အေးစက်နေသည်ကို သတိထားမိသဖြင့် ရှေ့ကခုံသို့ ပြောင်းရွှေ့လိုက်ပြန်သည်။
တစ်လုံးပြီးတစ်လုံး စမ်းသပ်ထိုင်ကြည့်ပြီးနောက်တွင် သူမသည် အောင်အောင်မြင်မြင်ဖြင့် ပိုင်ရှိုးမင်၏မျက်စိရှေ့သို့ ပြောင်းရွှေ့နိုင်ခဲ့လေသည်။
"လူကြီးမင်း ကျွန်မ ရေသောက်ချင်တယ်" ခုနက ငိုထားသဖြင့် ရေဓာတ်ခမ်းခြောက်သွားလေရာ အားချန်မှာ ယခုအချိန်တွင်တော့ ရေငတ်နေသည်ဟု ခံစားမိလေသည်။
သို့သော်ငြား ဒီအခန်းထဲတွင် ပိုင်ရှိုးမင်၏ ရှေ့က စာရေးစားပွဲပေါ်တွင်သာ လက်ဖက်ရည်အိုးလေးတစ်လုံး ရှိနေလေသည်။
ပိုင်ရှိုးမင်က မျက်လုံးကိုပင့်ကာ သူမကို တစ်ချက်ကြည့်လိုက်သည်။
"ရေသောက်လို့မရဘူးလား" အားချန်က သနားစဖွယ်လေး မေးလာသည်။
သူမသည် ရေတောင်းသောက်နေခြင်းထက် ပိုင်ရှိုးမင်၏ လက်ရှိဒေါသအဆင့်ကို စမ်းသပ်နေခြင်း ဆိုလျှင် ပိုမှန်ပေမည်။
ပိုင်ရှိုးမင်က လက်ဖက်ရည်အိုးကို ကောက်ကိုင်လိုက်ကာ လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်၏။ အိုးထဲက လက်ဖက်ရည်သည် အေးစက်နေပြီး လာရောက် လဲလှယ်ပေးသူလည်း မရှိချေ။
သူက သူမအတွက် အရင်ဆုံးကိုယ်တိုင် လက်ဖက်ရည် ထည့်ပေးသည်ကို မြင်လိုက်သောအခါ အားချန်လည်း အနည်းငယ် အံ့ဩသွားလေတော့သည်။ မဟုတ်မှလွဲရော သူ အဲလောက်တောင် ဒေါသထွက်နေတာ မဟုတ်ဘူးလား။ ဒါဆိုရင်တော့ ဟွေ့ညန်ရဲ့ ကိစ္စကိုထပ်ပြီး ဆွေးနွေးလို့ ရနိုင်လောက်သေးတယ်။
သူမသည် ထရပ်လိုက်ပြီး စာရေးစားပွဲဆီသို့ လျှောက်လာခဲ့၏။ သူမက လက်ဖက်ရည်ခွက်ကို လှမ်းယူမည် ပြင်လိုက်သော်ငြားလည်း ပိုင်ရှိုးမင်၏ တစ်ချက်တားဆီးခြင်းကို ခံလိုက်ရလေသည်။ သူက လက်ဖက်ရည်ခွက်ကို ကောက်မကာ သူမအား လှမ်းပေးလာခဲ့သည်။
ဒီမလိုအပ်သည့်လုပ်ရပ်က အားချန်ကို အခိုက်အတန့် ကြောင်အမ်းအမ်း ဖြစ်သွားရစေတော့၏။ သူမသည် လက်ဖက်ရည်ခွက်ကို လက်ခံယူပြီးသည်နှင့် ချက်ချင်းပင် ခွက်ကို ပြန်ချထားလိုက်ရလေသည်။ သူမ၏လက်က အပူလောင်သွားခဲ့ခြင်းပင်။
ဒီလူက အတွင်းအားနဲ့ လက်ဖက်ရည်ကို အပူပေးလိုက်တာပဲ။ ဘယ်လိုတောင် အငြိုးကြီးတဲ့သူလဲ !
"မသောက်တော့ဘူးလား" ပိုင်ရှိုးမင်က မေးလာ၏။
"မသောက်တော့ဘူး" အားချန်ကလည်း ပြန်ထိုင်လိုက်ကာ ပိုင်ရှိုးမင်ကို စိုက်ကြည့်နေသော်ငြားလည်း သူမ၏စိတ်ထဲတွင်တော့ မြန်မြန်ဆန်ဆန် စဉ်းစားလို့နေသည်။ အားနည်းချက်ကို ထုတ်ပြတဲ့ ဒီနည်းလမ်းက မကြာခဏဆိုသလို အများကြီး သုံးမိသွားလို့ များလား။ ဒီနေ့အာနိသင်က သိပ်မကောင်းဘူး ထင်တယ်။
ဒါမှမဟုတ်လည်း တခြားအရာတစ်ခုခုနဲ့ သူ့ကို စည်းရုံးကြည့်သင့်သလား။ ဒါပေမဲ့ သူကဘာကို လိုအပ်နေတာလဲ။
သူမသည် ထိုအကြောင်း စဉ်းစားနေစဉ်မှာပင် သူမ တစ်ခါမှ မမြင်ခဲ့ဖူးသည့် တပ်မှူးကြီးတစ်ဦးက ဝင်ရောက်လာကာ ပိုင်ရှိုးမင်၏ နားနားကပ်ပြီး တိုးတိုးလေး ပြောဆိုလိုက်လေသည်။
ပိုင်ရှိုးမင်က ထိုလူပြောလာသည့်စကားကို နားထောင်ပြီး အားချန်ကို မော့ကြည့်လာခဲ့သည်။
ထိုတပ်မှူးကြီး ပြောစကားကို နားထောင်ပြီးနောက် သူက လေသံတိုးတိုးဖြင့် ပြောလာ၏။ "နားလည်ပြီ။ လူတွေကို စာချုပ်တစ်ခု ပြင်ဆင်ခိုင်းထားလိုက်"
"ဟုတ်ကဲ့" ထိုတပ်မှူးကြီးသည် အမိန့်ကို နာခံပြီးနောက် ထွက်ခွာသွားလေ၏။
အားချန်သည် မိမိက သူတို့စကားပြောဆိုနေသည်ကို ခိုးနားထောင်နေခြင်း မဟုတ်ကြောင်း သက်သေပြဖို့ရန်အတွက် ခေါင်းငုံ့ကာ သူမ၏လက်ချောင်းလေးများကို အာရုံတစ်စိုက် ကစားနေချိန်တွင် ပိုင်ရှိုးမင်က လှမ်းမေးလာသည်ကို ကြားလိုက်ရ၏။ "မင်းက အဲဒီသက်ရှိဖုတ်ကောင်ကို မပုပ်မသိုးအောင် လုပ်ပေးခဲ့တာလား"
"ရှင် ဘယ်လိုလုပ်ပြီး သိသွားတာလဲ" အားချန်သည် အံ့သြသွားပြီးနောက် သတိလေးဖြင့် ပြောလိုက်လေသည်။ "ရှင် ဟွေ့ညန်ကို နှိပ်စက်စစ်ဆေးလိုက်တာလား"
“သူက သက်ရှိ ဖုတ်ကောင်ပဲ။ ဘာနာကျင်မှုမှ ခံစားရမှာ မဟုတ်ဘူး"
အားချန်သည် နှုတ်ဆိတ်သွားကာ နေလိုက်ပြီးမှ သူမကိုယ်သူမ စိတ်ထဲတွင် ပြန်စဉ်းစားလိုက်တော့သည်။ ဘယ်သူ သိမှာလဲ။ ရှင်က ဘယ်လိုယုတ်မာတဲ့ နည်းလမ်းကို သုံးခဲ့လဲဆိုတာလေ။
ပိုင်ရှိုးမင်က ထပ်ပြီး ပြောလာလေသည်။ "သူက မင်းကို ဒုက္ခမပေးချင်ဘူး။ မေးသမျှကို အကုန်ဖြေပေးတယ်။ မင်းကရော ငါ့ကို ဘာပြောစရာရှိလဲ"
"ရှိပါတယ်။ ကျွန်မ တကယ်ပဲ သူ့ကို မွေးလို့ မရဘူးလား" အားချန်၏ လေသံလေးက အထူးတလည် ရိုးသားလို့နေတော့သည်။
ပိုင်ရှိုးမင်ကို ခဏလောက် ကြည့်လိုက်ပြီးမှ သူမက အကြည့် လွှဲလိုက်ကာ အလျှော့ပေးလိုက်ရတော့သည်။ "ဟုတ်ပါတယ်။ ကျွန်မ သူ့ကို မပုပ်မသိုးအောင် လုပ်ပေးခဲ့တာပါ။ ကျွန်မ တစ်ယောက်ထဲသိတဲ့ မပုပ်မသိုးအောင် ထိန်းသိမ်းတဲ့ပညာ လူကြီးမင်းကို အလကား သင်ပေးလို့ရပါတယ်"
"ငါက ဒီနည်းလမ်းကို ဘာလုပ်ဖို့လိုရမှာလဲ"
အားချန်ကလည်း ခဏလောက် စဉ်းစားလိုက်ပြီး "အိမ်က ကြက် ဘဲ ငါး အသားတွေကို ကြပ်တိုက်ထားလို့ ရတယ်။ နောက်တစ်နှစ်ကျရင်တောင် လတ်ဆတ်နေဦးမှာ။ ဒီလောက် အံ့သြစရာကောင်းတဲ့ နည်းပညာပဲ။ လူကြီးမင်းက တကယ် မလိုချင်ဘူးလား"
"ရတယ်လေ။ ငါ အဲ့ဒါကို သင်ယူပြီးရင် မင်းကို ကြပ်တိုက်ထားလိုက်မယ်။ မင်းကို နောက်တစ်နှစ်ကျရင်တောင် လတ်ဆတ်နေတဲ့ အလောင်းတစ်ကောင် ဖြစ်နေအောင် လုပ်ပေးမယ်"
"...လူကြီးမင်း ကျွန်မမှာ ပြောစရာ တကယ်ရှိပါတယ်"
အားချန်သည် သူမ၏နှုတ်ခမ်းလေးကို ကွေးထားလိုက်ကာ စိတ်ထဲတွင်တော့ ကျိန်ဆဲနေတော့သည်။ လူကို အလောင်းကောင်နဲ့ ခြိမ်းခြောက်ဖို့များ အဲလောက် ဂရုတစိုက်ရှိနေရတယ်လို့။
ပိုင်ရှိုးမင်က မေးလာသည်။ "ချန်ဟွေ့ ဘယ်လိုသေ သွားတယ်ဆိုတာ သိလား"
"သူ ပြောပြလို့ ကျွန်မ ကြားဖူးတာတော့ လူကြီးမင်း ယန်လိရူရဲ့ ဇနီးနဲ့သားက သက်ရှိဖုတ်ကောင်လုပ်ပြီး ကိုက်သတ်ခံလိုက်ရတာတဲ့" အားချန်က ပြန်ဖြေလိုက်သည်။
"တိုက်ဆိုင်လိုက်တာ ယန်ကတော်နဲ့ သူ့သားကလည်း မကြာသေးခင်ကပဲ သေသွားကြတာ" ပိုင်ရှိုးမင်က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
အားချန်၏မျက်လုံးများက လင်းလက်သွားပြီး "ကျွန်မ အဲဒါကိုတော့ သိတယ်။ ယန်ကတော်ကို သူ့ရဲ့ချစ်ရတဲ့ ကောင်လေးက သတ်လိုက်တာလေ"
သူမ၏အမူအရာသည် ပိုင်ရှိုးမင်သာ စိတ်ဝင်စားပါက အသေးစိတ် ပြောပြနိုင်ကြောင်း ပြသလို့နေ၏။
ပိုင်ရှိုးမင်က သူမ၏တက်ကြွနေမှုကြီးကို လျစ်လျူရှုထားကာ ဆက်ပြောလာခဲ့သည်။ "သူ့သားရဲ့သေဆုံးမှုကရော"
"ဒါတော့ မသိဘူး။ ဒါပေမယ့် လူကြီးမင်းယန်က တစ်ယောက်ယောက်ကိုလည်း မတိုင်ကြားခဲ့ဘူးလေ။ မတော်တဆ သေဆုံးသွားတာဖြစ်မှာပေါ့" အားချန်ကလည်း ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်၏။
"ဒါဆိုရင် ယန်လိရူ ဖုတ်ကောင်အဆိပ်မိတဲ့ ကိစ္စကိုရော ဘယ်လိုပြောမလဲ"
"ဘာ ... လူကြီးမင်းယန်က ဖုတ်ကောင်အဆိပ် မိသွားတာလား" အားချန်၏ အမူအရာသည် အံ့ဩသွားသည့် ရုပ်ကလေး ဖြစ်သွားကာ "သူ့မိန်းမက သူ့အပေါ် မကျေနပ်လို့ လူကြီးမင်းယန်ကို တိတ်တဆိတ် အဆိပ်ခပ်လိုက်တာတော့ မဟုတ်ဘူးမလား"
"မဆိုးဘူး ပြောမယ့်စကားကို ညှိထားကြတာလား" ချန်ဟွေ့ ပြောသည်နှင့် တစ်ထပ်တည်းပင်။
"လူကြီးမင်းကလည်း ဘာတွေပြောနေတာလဲ" အားချန်ကတော့ ရှက်ရွံ့စွာဖြင့် ပြုံးလိုက်၏။
"ကျိချန်" ပိုင်ရှိုးမင်သည် ရုတ်တရက် သူမ၏နာမည်ကို ခေါ်လာလေသည်။
"ရှိပါတယ်" အားချန်ကလည်း ခေါင်းမော့ကာ သူ့ကို ကြည့်လိုက်ပြီး "လူကြီးမင်း ဘာများ ထပ်မေးချင်သေးလို့လဲ။ ကျွန်မ သိသမျှအကုန် ပြောပြပါ့မယ်"
အမှားအမှန်ကိုတော့ အာမ မခံနိုင်ဘူးပေါ့လေ။ သိသမျှအကုန် ဖြေရမယ်လို့ဆိုတိုင်း အမှန်တရား ပြောရမယ်လို့ ဘယ်သူကမှ သတ်မှတ်ထားတာမှ မရှိတာ။
"မင်း သက်ရှိဖုတ်ကောင် မွေးချင်တယ်ဆိုရင် သူသာ မကောင်းမှုတစ်ခုခု လုပ်ခဲ့မယ်ဆိုရင် မင်းသာ သူနဲ့အတူတူ အပြစ်ပေးခံရမှာ"
"ကျွန်မ သိပါတယ်။ လူကြီးမင်းဖုန်းကလည်း ကျွန်မကို ပြောပြခဲ့ဖူးတယ်"
"သူ လုပ်ခဲ့တဲ့ပြဿနာတွေက မင်းလည်းအတူတူ ပါဝင်ပတ်သက်နေလိမ့်မယ်"
အားချန်သည် ရုတ်တရက် သဘောပေါက် သွားလေတော့သည်။ သူမသည် ဝုန်းခနဲ ထရပ်လိုက်တော့၏။ မျက်နှာပေါ်တွင်လည်း ပျော်ရွှင်သွားသည့် အမှုအရာလေးတစ်ခု ဖြစ်သွားကာ သူမ၏လှပလွန်းလှသည့် ဗာဒံစေ့သဏ္ဍာန် မျက်ဝန်းများထဲတွင်လည်း ကြယ်ပွင့်လေးများ ထွက်လာတော့မတတ်ပင်။ "ရှင် ကျွန်မကို ဟွေ့ညန်ကို မွေးခွင့် ပြုလိုက်ပြီလား"
ဒီအချိန်တွင် တံခါးအပြင်ဘက်က လူတစ်ယောက်က သတင်းပို့လာ၏။ "လူကြီးမင်းစာချုပ် ပြင်ဆင်ပြီးပါပြီ။ အဲဒီသက်ရှိဖုတ်ကောင်ကိုလည်း ခေါ်လာခဲ့ပါပြီ"
"ဝင်ခဲ့"
ပိုင်ရှိုးမင်၏ စကားတခွန်းတွင် တံခါးသည် ပွင့်သွားပြီး တပ်မှူးကြီးတစ်ဦးက လက်ထဲတွင် စာရွက်တစ်ရွက်ကို ကိုင်ဆောင်ကာ ချန်ဟွေ့နှင့်အတူ ဝင်ရောက်လာခဲ့၏။
အားချန်သည် ခေါင်းကိုလှည့်ကာ ချန်ဟွေ့ကို ကြည့်လိုက်လေသည်။ သူတို့နှစ်ယောက် ခွဲခွာသွားသည်မှာ တစ်နာရီပင် မပြည့်သေးချေ။ ချန်ဟွေ့၏ ကိုယ်ပေါ်တွင် ဒဏ်ရာတစ်စုံတစ်ရာ မရှိဘဲ မျက်နှာအမူအရာသည်လည်း ပုံမှန်အတိုင်း ဖြစ်နေသည်တွင် သူမမှာ အနည်းငယ် စိတ်အေးသွားတော့၏။
ထိုတပ်မှူးကြီးက စာရွက်ကို ဂရုတစိုက် စားပွဲပေါ်တင်လိုက်ကာ ပိုင်ရှိုးမင်က အားချန်ကို မေးငေါ့ပြလိုက်သည်။ "ဒီကိုလာခဲ့"
အားချန်သည် ပေါ့ပေါ့ပါးပါး လိပ်ပြာငယ်လေး တစ်ကောင်လို သူ့စားပွဲဘေးနားသို့ ပျံသန်းသွားလေတော့သည်။ သူမက နောက်သို့ လှည့်ကာ ချန်ဟွေ့ကိုပင် နှုတ်ဆက်ရန် မမေ့သေးချေ။ "ဟွေ့ညန် မြန်မြန်လာ"
ချန်ဟွေ့သည် ဖြစ်ပျက်သွားသည့် အခြေအနေကို မသိသေးချေ။ ထို့ကြောင့် သူမကလည်း အားချန်၏ စကားအတိုင်းကိုသာ နားထောင်ပြီး ရှေ့သို့တက်လာခဲ့၏။ သို့သော်ငြား သူမသည် ပိုင်ရှိုးမင်ကိုတော့ အလွန်သတိကြီးစွာဖြင့် ကြည့်နေဆဲပင်။
"လက်မှတ်ထိုးလိုက်"
အားချန်က စုတ်တံကို ကောက်ယူပြီး ထိုစာရွက်ပေါ်တွင် "ကျိချန်" ဟူသည့်စကားလုံးကို ချရေးလိုက်ပြီးနောက် စုတ်တံကို ချန်ဟွေ့ဆီသို့ လှမ်းပေးလိုက်သည်။
ချန်ဟွေ့သည် ထိုအခါကျမှ အခြေအနေကို သဘောပေါက်သွားတော့၏။ သူမသည် ဆိုင်ထဲတွင် ရှိနေချိန်တွင် အားချန်က ဒီလူကို ပြောပြခဲ့ဖူးသည်။ တစ်စုံတစ်ဦးက မိစ္ဆာတစ်ပိုင်းကို မွေးမြူနိုင်လျှင် သူမသည်လည်း မိမိကို မွေးမြူလိုသည်ဟူ၍။
ဒါဆိုရင် ဒီလူကြီးမင်းက သဘောတူလိုက်တာလား။
သူမ၏ စုတ်တံကို ကိုင်ထားသည့်လက်မှာ အနည်းငယ် တုန်ယင်သွားပြီး ရေးသားလိုက်သည့် နာမည်ကလည်း ယခင်နေ့ရက်များကဲ့သို့ လှပခြင်း မရှိချေ။ သူတို့နှစ်ယောက်၏ နာမည်သည် ထိုဆောင်ရွက်ပေါ်တွင် တပြိုင်တည်း ပေါ်ထွက်လာသည့်အခါ အားချန်သည်လည်း ဘာမှ မခံစားခဲ့ရသော်ငြား ဟွေ့ညန်၏ နဖူးပေါ်တွင်တော့ အနီရောင် အမှတ်အသားလေးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။
အားချန်က အနီးကပ် ကြည့်ရှုလိုက်မှ ထိုအမှတ်အသားကို ရှေးဟောင်းအက္ခရာဖြင့် ရေးသားထားပြီး "ရှ" ဟူသည့်စကားလုံး ဖြစ်ဟန်တူ၏။ ဒါသည် သူတို့၏ စာချုပ်က သာ့ရှ၏ အသိအမှတ်ပြု ရရှိထားကြောင်း ကိုယ်စားပြုဟန်တူသည်။
ပိုင်ရှိုးမင်က သူတို့နှစ်ယောက် လက်မှတ်ထိုးထားသည့် စာချုပ်ကို သိမ်းဆည်းလိုက်ပြီးမှ ချန်ဟွေ့ကို ပြောလိုက်၏။ "ဒီနေ့ကစပြီး မင်းရဲ့အပြုအမူ အားလုံးကို မင်ကျင့်စီးက စောင့်ကြည့်ထိန်းချုပ် နေလိမ့်မယ်။ တကယ်လို့ ကြီးလေးတဲ့ပြစ်မှု ကျူးလွန်ခဲ့ရင် ကျိချန်က မင်းနဲ့အတူတူ အပြစ်ပေးခံရလိမ့်မယ်"
ချန်ဟွေ့သည် ပြုံးနေသည့် ကျိချန်ကို လှည့်ကြည့်လိုက်လေသည်။ သူမ၏ နှုတ်ခမ်းတောင့်ကလည်း တစ်ချက်လောက် တွန့်ချိုးသွားကာ သူမသည် လေးနက်သည့် လေသံတစ်ခုဖြင့် ပိုင်ရှိုးမင်ကို ပြောလိုက်တော့၏။ "ကျွန်မ ဘာပြစ်မှုမှ ကျူးလွန်မှာ မဟုတ်ဘူး"
အားချန်ကိုလည်း ဒုက္ခရောက်အောင် လုပ်မှာ မဟုတ်ဘူး။
...